အပိုင်း (၂)
(၆)
လမင်းကြီးက ထိန်ထိန်သာနေလေသည်။ ငခမ်းတစ်ယောက် ညသန်းခေါင်ရောက်မည့်အချိန်ကိုစောင့်နေလေသည်။ ညအချိန်ဖြစ်သော်လည်း ငခမ်းမှာလင်းနို့စိတ်များကြွနေသည်မို့ နိုးကြားပြီးတက်ကြွနေသည်။ အနီးအနားတွင် လူသူမရှိဘဲ မြက်ခင်းပြင်ကြီးသာရှိသဖြင့် ထိုမြက်များအတွင်းနေထိုင်ကြသည့် ပိုးကောင်လေးများအော်သံမှလွဲ၍ အခြားအသံမရှိဘဲ တိတ်ဆိတ်နေလေသည်။ နွားအကောင်ငါးဆယ်မှာတော့ မြက်များစားလို့ ဝနေပုံရသည်။ အချို့နွားများမှာ မြေတွင်ငြိမ်သက်ကာ အိပ်ပျော်နေလေသည်။
ထိုစဉ် ခပ်လှမ်းလှမ်းရှိ လူနေထိုင်သည့်အိမ်စုကလေးများမှ သန်းခေါင်ယံကြက်အော်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။ အလားတူ နန်းတွင်းဗဟိုရ်စည်မှ စည်တီးခတ်သံကိုကြားလိုက်ရသည့်အတွက် သန်းခေါင်အချိန်ကျရောက်ပြီမှန်း ငခမ်းသိလိုက်ပြီး သစ်ပင်အောက်မှထလာခဲ့သည်။ သူ့ကိုယ်ပေါ်တွင် ချည်နှောင်တပ်ဆင်ထားသည့် ဝါးဆစ်ဘူးများကိုဖြုတ်ကာ မြက်ရုပ်တွင်တပ်ဆင်ပေးလိုက်ပြီး ထိုမြက်ရုပ်ကို သူစီးသည့်မြင်းအပေါ်တွင် တင်လိုက်ကာ ကြိုးတစ်ချောင်းဖြင့်ပြုတ်မကျစေရန် ချည်နှောင်လိုက်သည်။ ထို့နောက် အရိပ်အခြေကြည့်ကာ မြက်ခင်းပြင်ထဲသို့သွားလိုက်သည်။
အေးမြသည့်လရောင်ကိုကြည့်ရင်း သူတစ်ချက်အော်ဟစ်လိုက်သည်။
“ငါလင်းနို့တစ်ကောင်ဖြစ်ပြီ၊ ငါလင်းနို့ကြီးဖြစ်ပြီ”
သူ့စိတ်ထဲမှရေရွတ်နေပြီး မကြာခင်မှာပင် သူ့တစ်ကိုယ်လုံးတုန်ယင်လာပြီး အန်ချင်သလိုဖြစ်လာခဲ့သည်။ ကျောရိုးမကြီးမှာ တဖြည်းဖြည်းရှည်ထွက်လာပြီး နားရွက်များလည်းချွန်ထွက်လာသည်။ ပါးရိုးမှာ သေးသွယ်သွားပြီး ပါးစပ်မှာလည်း အရှေ့သို့စူထွက်လာကာ နှုတ်သီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ တစ်ကိုယ်လုံးတွင် အမွှေးကြမ်းကြီးများထွက်လာပြီးသည့်နောက် ခြေထောက်များမှာလည်း ပိုမိုကြီးလာခဲ့သည်။ အတောင်ပံကြီးနှစ်ခုက ဝုန်းခနဲလက်ပြင်ရိုးမှနေ၍ တိုးထွက်လာသည့်အခါ သူဝတ်ဆင်ထားသည့် အဝတ်အထည်များအကုန်လုံးပြဲထွက်သွားလေသည်။ တစ်ခဏအတွင်းမှာပင် ငခမ်းက မူရင်းလူရုပ်ပျောက်သွားပြီး လင်းနို့ကြီးတစ်ကောင်ဖြစ်သွားသည်။
“စွီး”
ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် မိုးပေါ်သို့ခုန်ပျံတက်လိုက်လေသည်။ သူ့အောက်မြေပြင်တွင်တော့ ငြိမ်သက်နေသည့် အမရပူရမင်းနေပြည်တော်ကြီးရှိနေသည်။ ငခမ်းလည်း မြို့ရိုးတံခါးအနီးမှ အနီးကပ်ပျံသန်းလိုက်သည့်အခါ ရဲမက်များက တုန်းမောင်းများကိုခေါက်၍ အချက်ပေးလိုက်ကြသည်။ မြို့ရိုးပေါ်တွင် မီးတုတ်အလင်းရောင်များ ပေါ်ထွက်လာခဲ့ရာ ငခမ်းလည်း မြို့အတွင်းသို့ ပျံသန်းခဲ့သည်။
အသံအကျယ်ကြီးအော်ပြီး လူနေရပ်ကွက်များပေါ်မှဖြတ်ပျံသွားရာ မြို့သူမြို့သားများမှာ အသံပင်မထွက်ရဲလောက်အောင်ကိုတိတ်ဆိတ်နေကြသည်။ လမ်းပေါ်မှခွေးများက ငခမ်းအားထိုးဟောင်ကြလေသည်။ သို့သော် ငခမ်းက အနီးရောက်လာသည်နှင့် ထိုခွေးများမှာ အမြှီးကုပ်ပြီး ကြုံရာအိမ်အောက်သို့ဝင်လျက် ပုန်းကွယ်သွားကြလေသည်။ ငခမ်းကတော့ စုလစ်မွန်းချွန် ပြဿဒ်များဖြင့် ဝင့်ကြွားစွာတည်ရှိနေသည့် နန်းမြို့တော်ဘက်သို့ ပျံသန်းလာခဲ့သည်။
နန်းမြို့ရိုးပေါ်တွင် လင်းနို့ကြီးက သုံးပတ်ခန့်လှည့်ပတ်ပျံသန်းလိုက်သည်ကို စည်သူတို့မြင်တွေ့လိုက်ရသည်။ ပျံလွှားနှင့်စည်သူလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။ လင်းနို့ကြီးက နန်းဆောင်များအပေါ်မှဖြတ်ပျံရင်း နန်းဆောင်ခေါင်မိုးများကို ခြေထောက်ဖြင့် ဆွဲလှန်ကြရာ နန်းတွင်းတွင် ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ ကြိုတင်တိုင်ပင်ထားသည့်အတိုင်း စည်သူက ခါးကြားမှ မီးရှုးမီးပန်းတစ်ခုကိုထုတ်လိုက်ပြီးနောက် စနက်တံကိုမီးရှို့လိုက်ရာ အနီရောင်မီးလုံးကြီးက မိုးပေါ်သို့ထောင်တက်သွားသည်။
“ရွှီး၊ ဝုန်း”
မီးပန်းပေါက်ကွဲသွားသည့်အခါ အသံအကျယ်ကြီးမြည်သွားပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်သွားလေသည်။ စည်သူနှင့် ပျံလွှားက မီးတုတ်များကိုထွန်းညှိလိုက်ပြီး မြင်းပေါ်မှဝှေ့ယမ်းပြသည်။
“လင်းနို့ဆိုးကြီး၊ မင်းသတ္တိရှိရင် ငါတို့အနောက်ကိုလိုက်ခဲ့စမ်းကွ”
လင်းနို့ကြီးက စည်သူတို့ဆီ ပျံလာခဲ့ရာ စည်သူတို့က မြင်းကိုဒုန်းစိုင်းနှင်လျက် နန်းမြို့တော်အတွင်းမှထွက်ပြေးခဲ့ကြသည်။ လင်းနို့ကြီးကလည်း စည်သူတို့အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။ လမ်းသွားရာတစ်လျှောက် လမ်းဘေးရှိ အိမ်များ၊ အဆောက်အဦးများကို ငခမ်းက အတောင်ပံနှင့်တစ်မျိုး၊ ခြေထောက်နှင့်ပွတ်တိုက်၍တစ်ဖုံ ဖျက်ဆီးကာ စည်သူတို့အနောက်သို့ လိုက်ပါလာခဲ့သည်။
“တံခါးမှူးတွေ၊ တံခါးမြန်မြန်ဖွင့်”
စည်သူအော်သံကို တံခါးမှူးများကြားလိုက်ရပြီး သူတို့နောက်တွင် အလွန်ကြီးမားသည့် လင်းနို့ကြီးတစ်ကောင်ပျံသန်းလာသည်ကို မြင်လိုက်ရသည်မို့ မြို့တံခါးအား အမြန်ဖွင့်ကြလေသည်။ မြင်းတစ်ကိုယ်ထွက်စာ အပေါက်ရသွားသည့်အခါ စည်သူက အရှေ့မှထွက်သွားပြီး ပျံလွှားကတော့ အနောက်မှထွက်လိုက်လာသည်။ လင်းနို့ကြီးကလည်း မိုးပေါ်ပျံမတက်တော့ဘဲ ကိုယ်လုံးကို တစောင်းပြုလုပ်ကာ မြို့တံခါးပေါက်မှ တိုးထွက်လေရာ တံခါးစောင့်၊ တံခါးမှူးများမှာ လင်းနို့ကြီးကိုအနီးကပ်မြင်လိုက်ရသဖြင့် အလွန်အံ့သြတုန်လှုပ်နေကြသည်။
“လာပြီဟေ့၊ လင်းနို့ကြီးလာပြီ”
မြို့တံခါးပေါ်မှ ရဲမက်များက ထိတ်လန့်စွာအော်ဟစ်လိုက်လေသည်။ မုန်တိုင်းက မတ်တပ်ရပ်လိုက်ပြီး တစ်လံခန့်ရှည်သည့် မြားတံကြီးကို ယူလိုက်ကာ မြားတံထိပ်မှာ သံဖြင့်ပြုလုပ်ထားသည့် အသွားကို မီးပုံထဲသို့ထည့်လိုက်လေသည်။ ရဲမက်များက မုန်တိုင်းအား ထူးဆန်းစွာကြည့်နေလေသည်။
“ခင်ဗျားလေးကြီးကိုင်ထားပြီးတော့ ဒီကောင်ကြီးကို မပစ်ဘူးလား”
မုန်တိုင်းက မဲ့လိုက်ပြီး
“ဒီအတိုင်းပစ်လို့ အဲဒီအကောင်က သေမယ်တဲ့လား၊ နန်းတွင်းက လေးသည်ကျော်တပ်တောင်မှာ တစ်တပ်လုံးဝိုင်းပစ်တာတောင် ဒီအကောင်ကြီးဘာမှမဖြစ်ဘူးမဟုတ်လား”
ရဲမက်များခေါင်းညိတ်ကြသည်။
“ဟုတ်တော့ဟုတ်တယ်ဗျ”
စည်သူတို့မှာ မြင်းများစီးလျှက် ငခမ်းရှိသည့် မြက်ခင်းပြင်ဆီသို့ ပြေးဝင်သွားကြသည်။ ငခမ်းကလည်း ဇာတ်တိုက်ထားသည့်အတိုင်း အနောက်မှထပ်ကြပ်မကွာလိုက်လာခဲ့သည်။ မြက်ခင်းပြင်ကြီးဆီသို့ရောက်သည့်အခါ စည်သူတို့ကိုကျော်လွန်သွားပြီး မြက်ရုပ်ကြီးကို ခြေထောက်ဖြင့်ကုပ်ချီလိုက်လေသည်။ ထို့နောက် မြို့ရိုးအနီးသို့ပျံသန်းလာခဲ့သည်။
မုန်တိုင်းက မီးပုံထဲမှ သူ့မြားတံကြီးကိုဆွဲထုတ်လိုက်သည်။ မြားတံထိပ်မှာ မီးကြာကြာအပူပေးထားသဖြင့် နီရဲနေလေသည်။
“ဟို၊ ဟိုမှာ လူတစ်ယောက်ကိုချီလာပြီ”
ရဲမက်များက ဝိုင်းအော်ကြသည့်အခါ မုန်တိုင်းက သူ့လေးကြီးတွင်မြားကိုတပ်လိုက်ပြီး လေးကြိုးကိုညှို့နေအောင်ဆွဲထားလိုက်သည်။
“လာစမ်းပါလင်းနို့ကြီးရဲ့၊ အနားကိုတိုးခဲ့စမ်းပါ”
ငခမ်းလည်း မုန်တိုင်းရှိနေသည့် မြို့ရိုးအနီးသို့ တိုးကပ်ကာပျံသန်းလာခဲ့သည်။ ထိုအချိန်တွင် မုန်တိုင်းက သူ့မြားတံကို ပစ်လွှတ်လိုက်လေသည်။ မီးပူနေသည့် မြားတံက ငခမ်းခြေထောက်နှင့်ကုပ်ချီထားသည့် မြက်လူရုပ်တွင်ရှိနေသည့် ဝါးဆစ်ဘူးကလေးတစ်ခုကိုထိမှန်သွားလေသည်။ ဝါးဆစ်ဘူးကလေးထဲတွင် ယမ်းများသိပ်ထားသည်မို့ ဝုန်းခနဲပေါက်ကွဲသွားလေသည်။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
“စွီး”
ယမ်းထည့်ထားသည့် ဝါးဆစ်ဘူးကလေးများမှာ တစ်လုံးပြီးတစ်လုံး တဝုန်းဝုန်းနှင့်ပေါက်ကွဲနေလေသည်။ မြို့ရိုးပေါ်မှ ရဲမက်များက လက်သီးလက်မောင်းတန်းကာ အော်ဟစ်အားပေးကြလေသည်။
“သေစမ်းကွာ”
“ကောင်းတယ်ဟေ့၊ လင်းနို့ကြီးတော့ ထိသွားပြီကွ”
အမှန်တကယ်လည်း ယမ်းပေါက်ကွဲသည့်အရှိန်ကြောင့် ငခမ်းတောင်ပံများစုတ်ပြတ်ထွက်ကုန်လေသည်။ မကြာမီတွင် လောင်စာဆီများမှာ မီးထတောက်တော့သည်။ ကွင်းပြင်မှ စည်သူနှင့် ပျံလွှားတို့က ပြုံးလျှက်ကြည့်နေကြသည်။ လောင်စာဆီများနှင့် မီးတောက်များမှာ ငခမ်းကိုယ်အားလောင်မြိုက်နေလေသည်။ ငခမ်းပျံသန်းလိုက်တိုင်း မီးခိုးတန်းကြီးက သူ့အနောက်တွင်လိုက်ပါနေခဲ့သည်။ ငခမ်းက နာကျင်ယောင်ဆောင်ပြီး အော်ဟစ်ကာ မြို့အပေါ်တွင်ဝဲပျံပြနေလိုက်သည်။ မီးလောင်နေသည့်လင်းနို့ကြီးကို မြို့သူမြို့သားများက ထွက်ကြည့်ကြလေသည်။
မြို့ကိုနှစ်ပတ် ပတ်ပြီးသောအခါ ငခမ်းက မီးလောင်လက်စနှင့်ပင် ပျံသန်းသွားပြီးနောက် ဧရာဝတီမြစ်ထဲသို့ တစ်ဟုန်ထိုး ထိုးဆင်းလိုက်လေသည်။ ရဲမက်များအားလုံးက အံ့သြမှင်တက်စွာဖြင့် ကြည့်နေချိန်တွင် စည်သူနှင့်ပျံလွှားက မြို့တံခါးအနီးသို့ကပ်လာကာ လက်သီးလက်မောင်းတန်းပြီး ဟစ်ကြွေးလိုက်သည်။
“ဟေး၊ လင်းနို့သွမ်းကြီး သေသွားပြီကွ”
ထိုတော့မှ ရဲမက်များကလည်း အော်ဟစ်လိုက်ကြသည်။
“လင်းနို့သွမ်းကြီးသေသွားပြီဟေ့”
ညသန်းခေါင်အချိန်တွင် နေပြည်တော်တစ်ခွင်တွင် လူအများက စုရုံးကာ အော်ဟစ်နေကြသည်။ မြို့ကို အနှောင့်အယှက်ပေးနေသည့် လင်းနို့ဆိုးကြီးသေဆုံးသွားသဖြင့် ပျော်ရွှင်နေကြခြင်းဖြစ်သည်။ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေသည်ကို နန်းတွင်းမှ အတိုင်းသားကြားနေရသည်။
“ဟဲ့၊ ဘာဖြစ်တာလဲဟဲ့၊ မြို့ကဆူညံနေပါလား”
ထိုအခါ မင်းကြီး၏ ကိုယ်ရံတော်များက နန်းဆောင်အတွင်းသို့ပြေးဝင်လာကြသည်။
“မှန်ပါ၊ ကျွန်တော်မျိုးတို့ စုံစမ်းသိရသလောက်တော့ လင်းနို့သွမ်းကြီးသေဆုံးပြီး မြစ်ထဲကိုကျသွားတယ်လို့ သိရကြောင်းပါ”
မင်းတုန်းမင်းကြီးပျော်ရွှင်သွားသည်။
“ဟုတ်ရဲ့လားမောင်မင်းများရဲ့၊ ဒီသတင်းမှန်သလားဆိုတာ အမြန်အတည်ပြုစမ်းကွဲ့”
ညတွင်းချင်းပင် အတွင်းဝန်မင်းကြီးက အဆောင်အယောင်အပြည့်ဖြင့် မြေနန်းဆောင်ကြီးထံသို့ အခစားဝင်ခဲ့သည်။
“မှန်လှပါမင်းကြီး၊ ကျွန်တော်မျိုးတို့ရဲ့ မိစ္ဆာဖမ်းတပ်တွေက လင်းနို့သွမ်းကြီးကို နှိမ်နင်းသုတ်သင်ပြီးခဲ့ကြောင်းပါ လင်းနို့သွမ်းကြီးက တစ်ကိုယ်လုံးမီးလောင်ပြီးတော့ နောက်ဆုံးမြစ်ထဲသို့ကျကာ သေဆုံးသွားပြီဖြစ်ကြောင်းပါ”
မင်းတုန်းမင်းကြီးက အလွန်အားရတော်မူလေသည်။
“ကောင်းပြီ၊ ဒါဆိုရင် မောင်မင်းတို့ရဲ့ မိစ္ဆာဖမ်းတပ်သားတွေကို ရှေ့တော်မှောက်ကို အခုသွင်းစေ”
နန်းတွင်းမှ တစ်ချက်လွှတ်အမိန့်ကြောင့် စည်သူ၊ ပျံလွှားနှင့် မုန်တိုင်းတို့က မြင်းများစီးလျှက် နန်းတော်ဆီသို့လာခဲ့ကြသည်။ နန်းတော်အဝသို့ရောက်သည့်အခါ ပျံချီက မြင်းတစ်စီးနှင့် သူတို့ကိုစောင့်မျှော်နေလေသည်။
“ဟား၊ ဟား အလွန်ရဲရင့်တဲ့ မိစ္ဆာဖမ်းတဲ့လူတွေပါလား၊ ဘုရင်မင်းမြတ်က အခေါ်ထောက်တယ်ထင်ပါ့”
စည်သူက ပျံချီကိုတစ်ချက်ကြည့်လိုက်ပြီး မြင်းကိုဆက်မောင်းနှင်လာခဲ့သည်။ သူတို့ပျံချီကိုကျော်သွားတော့မှ ပျံချီက
“အိမ်း၊ သွားကြပေအုံးတော့၊ ဒီမနက်ခင်း နေထွက်တော့မည့်အချိန်မှာတော့ မင်းတို့တွေ ပျော်ပွဲဆင်ထားကြအုံးပေါ့ကွာ၊ ဟား၊ ဟား”
နန်းတော်ဝသို့ရောက်သည့်အခါ ဘုရင့်လူများက သူတို့ကိုကြိုဆိုပြီး ရေမိုးချိုးပေးကြသည်။ ပန်းပေါင်းနံသာဆီများနှင့် တစ်ကိုယ်လုံးကို လိမ်းကျံပေးပြီးနောက် တန်ဖိုးကြီးသည့် ပိုးသားအကျီများ၊ ပိုးပုဆိုးများကို ဆင်မြန်းပေးကာ ဘုရင့်ရှေ့တော်သို့ သွင်းလေသည်။ အချိန်ကား အာရုံပင်ကောင်းကောင်းမတက်သေးပေ။
“မောင်မင်းတို့တွေရဲ့ဆောင်ရွက်မှုကို ငါကိုယ်တော်မြတ်အားရပေတယ်၊ မောင်မင်းတို့တာဝန်ကျေခဲ့တယ်ဆိုတော့ ငါကိုယ်တော်မြတ်ရဲ့စကားလည်း တည်ရမှာပေါ့ကွယ်”
မင်းတုန်းမင်းကြီးက စည်သူတို့ကိုကြည့်လိုက်သည်။
“အလို၊ ဒါနဲ့ မင်းတို့သုံးယောက်ပဲရှိတာလား၊ နောက်တစ်ယောက်ရော ဘယ်ရောက်သွားသလဲ”
စည်သူက လက်အုပ်ချီလိုက်ပြီး
“မှန်လှပါ၊ ကျွန်တော်မျိုးတို့ရဲ့ ရဲဘော်ရဲဘက် ငခမ်းဟာ သူ့ကိုယ်မှာ လောင်စာတွေ၊ ယမ်းတွေ တပ်ဆင်ပြီး လင်းနို့ကြီးကို အသေခံကာ ဖောက်ခွဲလိုက်သဖြင့် တိုက်ပွဲမှာကျဆုံးသွားကြောင်းပါ မင်းကြီး”
မင်းတုန်းမင်းကြီးက တစ်ချက်တွေဝေသွားပြီး ခေါင်းညိတ်လိုက်လေသည်။
“တိုက်ပွဲတိုင်းမှာ ရဲရင့်သူသာ အောင်နိုင်တာပဲမဟုတ်လားမောင်မင်းတို့၊ မောင်မင်းတို့ကို ရွှေစလွယ်၊ ရွှေနားဋောင်းတွေ ဆုချမည့်အပြင် တစ်ဦးကိုရွာလေးရွာစီ အပိုင်စားပေးသနားတော်မူမယ်ဗျာ၊ လင်းနို့ကြီးကို နှိမ်နင်းခဲ့တဲ့ မောင်မင်းတို့ကို ကျော်အောင်ဘွဲ့ ချီးမြှင့်မယ်”
“ကျေးဇူးကြီးမြတ်လှကြောင်းပါမင်းကြီး”
မင်းတုန်းမင်းက အတွင်းဝန်မင်းကြီးဘက်သို့လှည့်လိုက်ပြီး
“မောင်မင်းရဲ့လူတွေတော်တာ၊ မောင်မင်းရဲ့ကွပ်ကဲမှု ကောင်းမွန်လို့ပါပဲ၊ ကဲ မင်းလှကျော်ခေါင် မင်းကိုတော့ မင်းတပ်ဘွဲ့ချီးမြှင့်ပြီး ထီးအနီတစ်လက်ချီးမြှင့်တော်မူမယ်၊ နဂိုစားမြဲရှိတဲ့ နယ်တွေကိုလည်း စားစေ၊ နောက်ထပ်လည်း နယ်ကိုးနယ်ကို အပိုင်စားပေးတော်မူမယ်”
အတွင်းဝန်မင်းကြီးလည်း အလွန်ပျော်ရွှင်သွားလေသည်။
“မှန်လှပါ မင်းကြီးဘုရား”
“ကဲ၊ ကဲ၊ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ဖြစ်တာမို့ ဒီနေ့ကစပြီး နောက်သုံးရက်တိုင်တိုင် နေပြည်တော်တစ်ဝှန်း ပျော်ပွဲရွှင်ပွဲများကျင်းပစေ၊ မကောင်းမှုအလုပ်များကို ဆိုင်းငံထားစေ မောင်မင်းများ”
စည်သူတို့လည်း ပြန်လာခဲ့ကြသည်။ သူတို့ပြန်လာသည့်အခါ အတွင်းဝန်မင်း၏ တပ်များက သူတို့ကိုခြံရံလာခဲ့သည်။ အနက်ရောင်ခံတပ်သို့ရောက်သည့်အခါ စည်သူတို့ကိုရဲမက်များက ဝန်းရံကာ လှံများဖြင့်ချိန်ရွယ်လိုက်ကြလေသည်။ မြို့ရိုးပေါ်မှ ရဲမက်များကလည်း သေနတ်များဖြင့်ထိုးချိန်ထားကြသည်။ စည်သူတို့အလွန်အံ့သြသွားသည်။
“အတွင်းဝန်မင်းကြီး ဒါကဘယ်လိုဖြစ်တာလဲ”
အတွင်းဝန်မင်းကြီးက ဆင်ပေါ်မှဆင်းလာပြီး စည်သူတို့အနီးသို့လျှောက်လာခဲ့သည်။
“ကဲ ရဲမက်တွေ ဒီငမိုက်သားသုံးကောင်ကို ဖမ်းချုပ်လိုက်ကြစမ်း”
ရဲမက်တွေက များပြားလွန်းသည်မို့ သူတို့လည်း ခုခံမနေတော့ဘဲ မြင်းပေါ်မှဆင်းလိုက်ကြသည်။ ရဲမက်များက သူတို့ကိုလက်ပြန်ကြိုးတုပ်လိုက်ကြသည်။
“ဘာကြောင့်လည်း၊ ဘာအကြောင်းရှိလို့ပါလဲ ဝန်မင်းကြီး”
အတွင်းဝန်မင်းကြီးက မျက်မှောင်ကြုတ်လိုက်ပြီး
“မင်းတို့ကိုယ်တိုင်အသိဆုံးဖြစ်မှာပေါ့စည်သူရာ၊ မင်းတို့က ငါ့ကိုလိမ်လည်ရုံမက၊ အခုမင်းကြီးကိုပါ လိမ်လည်ခဲ့ပြီမဟုတ်လား”
စည်သူတို့မျက်နှာပျက်သွားသည်။ ပျံချီက အရှေ့သို့တိုးလာပြီး
“ကဲ စည်သူ၊ မင်းကိုယ်တိုင်ဝန်ခံလိုက်စမ်းပါ”
“ငါက ဘာကိုဝန်ခံရမှာလဲ ပျံချီ”
“ငခမ်းက လင်းနို့မဟုတ်လား”
“မဟုတ်ဘူး”
ပျံချီက စည်သူ၏မျက်နှာကိုလက်သီးနှင့်ထိုးချလိုက်သည်။ လက်သီးချက်က ပြင်းလွန်းသဖြင့် စည်သူနှာခေါင်းရိုးကျိုးသွားရသည်။
“ပြောစမ်းပါ၊ မင်းတို့ဝန်ခံလိုက်စမ်းပါ၊ ငခမ်းက မိစ္ဆာ တစ်ကောင်ဆိုတာ ငါအသေအချာစုံစမ်းပြီးပြီကွ”
ထို့နောက် ပျံချီက အတွင်းဝန်မင်းကြီးဘက်သို့လှည့်လိုက်ပြီး
“ငခမ်းတစ်ယောက် လူရှင်းရင် သူ့ညာဘက်လက်ကိုဖြန့်ပြီး တီးတိုးရေရွတ်နေလေ့ရှိတာကို ကျွန်တော်မျိုး သတိထားမိတာကြာပါပြီ”
ထို့နောက် ပျံချီက ဂျင်းဖြူအပြားကလေးကို ပြသလိုက်သည်။
“ဟောဒီလို ဂျင်းဖြူကလေးက လင်းနို့တွေသိပ်ကြောက်တဲ့ အရာတစ်ခုပါ ဝန်မင်းကြီး၊ ငခမ်းကို မနေ့က ညနေက ကျွန်တော်မျိုးကိုယ်တိုင်စမ်းသပ်ခဲ့ပြီးပါပြီ၊ ငခမ်းက ဒီဂျင်းဖြူကလေးကြောင့် အလွန်နာကျင်ခံစားနေရတာကို သိခဲ့ရပါတယ်”
ထို့နောက် ပျံချီက ရဲမက်တစ်ယောက်ကို လက်ညှိုးထိုးလိုက်ရာ ရဲမက်က ကလေးငယ်လေးတစ်ယောက်ကို ဖမ်းဆွဲခေါ်လာလေသည်။
“သူက ညောင်ပင်ရိပ်မှာ အလုပ်လုပ်တဲ့ ကောင်လေးပါ၊ ညောင်ပင်ရိပ်လူသတ်ပွဲမတိုင်ခင်ကအဖြစ်တွေအကုန်လုံးကို သူမြင်လိုက်ပါတယ်”
မောင်လုံးက အရှေ့သို့ထွက်လာပြီး သူမြင်တွေ့သမျှကိုပြောပြလိုက်သည်။ ထို့နောက် ပျံချီက
“မောင်လုံးရေ၊ မင်းသူတို့ကိုအသေအချာကြည့်လိုက်စမ်း၊ အဲဒီသုံးယောက်ထဲက မင်းမြင်ခဲ့တာ ဘယ်သူလဲဟေ့”
မောင်လုံးက မုန်တိုင်းကို အသေအချာကြည့်လိုက်ပြီး လက်ညှိုးထိုးပြလိုက်သည်။
“သူ၊ သူပါပဲခင်ဗျ၊ ကျုပ်တို့ဆိုင်ကို သူနဲ့အတူ ဗလတောင့်တောင့်နဲ့လူတစ်ယောက်ရယ်၊ မိန်းကလေးတစ်ယောက်ရယ် ဝင်လာခဲ့တာပါခင်ဗျ”
ပျံချီက ပြုံးလိုက်ပြီး
“ကဲ၊ မင်းဘာငြင်းချင်သေးလဲ စည်သူ”
စည်သူက ခေါင်းငိုက်စိုက်ချလိုက်သည်။
“ကျုပ်ဝန်ခံပါတယ်၊ ဒီကိစ္စက တကယ်ပါ”
အတွင်းဝန်မင်းကြီးမျက်လုံးပြူးသွားသည်။
“စည်သူ မင်းတကယ်ပြောနေတာလား”
“တကယ်ပါအတွင်းဝန်မင်းကြီး၊ ကျုပ် ဝန်ခံပါတယ်”
“မင်းတို့သုံးယောက်က အလွန်အတင့်ရဲပါလားကွ၊ ငါတို့ကိုလိမ်ညာတဲ့အပြင် မင်းကြီးကိုပါ လိမ်ညာပြီးတော့ ဆုတော်၊ လာဘ်တော်တွေရအောင်လို့ လိမ်ညာခဲ့တယ်၊ မင်းတို့ရဲ့အပြစ်တွေက မသေးလှဘူး”
“ပေးသမျှအပြစ်တွေကို ခံယူပါ့မယ်အတွင်းဝန်မင်းကြီး ဒါပေမယ့် ကျုပ်တစ်ခုတောင်းဆိုစရာရှိပါတယ်၊ ဒီကိစ္စတွေဟာ ကျုပ်တစ်ယောက်တည်းရဲ့အကြံနဲ့ပြုလုပ်ခဲ့တာသာ ဖြစ်ပါတယ် ဝန်မင်းကြီး၊ ဒါကြောင့်မို့ မုန်တိုင်းနဲ့ ပျံလွှားကို ချမ်းသာပေးသင့်ပါတယ်”
“တော်စမ်း၊ တိတ်စမ်း”
အတွင်းဝန်မင်းကြီး၏ အသံက ခံတပ်အတွင်းတွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“မင်းတို့လို အသားထဲကလောက်ထွက်ပြီး သစ္စာဖောက်တဲ့ ကောင်တွေကို ငါကဆက်ထားရမှာလား၊ မင်းတို့လိုမြွေပွေးတွေကို ငါက ခါးပိုက်ပိုက်ထားရမှာလားကွ”
အတွင်းဝန်မင်းကြီးက စည်သူတို့ကိုအသေအချာကြည့်လိုက်သည်။
“ကဲ ရဲမက်တို့ ဒီသုံးကောင်ကို အပြင်ကိုဆွဲထုတ်ပြီး နေကွယ်တာနဲ့ သတ်စေ”
ရဲမက်များက စည်သူတို့ကိုဆွဲခေါ်ထုတ်သွားကြသည်။ သုဿန်သို့သွားသည့်လမ်းတွင် စည်သူက ရဲမက်များကိုကြည့်ပြီး
“မင်းတို့ မင်းကြီးအမိန့်ရှိတာကို မသိဘူးလားကွ၊ မကောင်းမှုဒုစရိုက်တွေကို သုံးရက်လောက်ရှောင်ကြဉ်ရမယ်ဆိုတာ မင်းတို့မသိဘူးလား”
ရဲမက်ခေါင်းဆောင်က စည်သူကိုပါးချထည့်လိုက်သည်။
“မင်းအပိုမပြောနဲ့၊ မင်းတို့လို မကောင်းတဲ့ဒုစရိုက်ကောင်တွေကို သတ်ရတာက ကောင်းမှုတစ်ခုပဲကွ၊ မင်းတို့ကို သုဿန်ဆီရောက်အောင်တောင် မခေါ်သွားတော့ဘူးကွာ၊ ဟေ့ရဲမက်တွေ ကိုင်းတောထဲကို ဆွဲသွင်းလိုက်ကြစမ်း”
ထို့နောက် ရဲမက်များက စည်သူတို့ကိုယ်တွင် ဝတ်ဆင်ထားသည့် အဝတ်အစားများကိုဆွဲချွတ်လိုက်ကြသည်။ စည်သူတို့မှာ ကိုယ်လုံးတီးဖြင့် မိမွေးတိုင်း ဖမွေးတိုင်းဖြစ်သွားကြသည်။
“ကဲ၊ ငါတို့လိုချင်တာယူပြီးပြီဆိုတော့ ဒီကောင်တွေကို သတ်လိုက်ကြတော့ဟေ့”
ရဲမက်ခေါင်းဆောင်က အမိန့်ပေးလိုက်သည့်အခါ ရဲမက်ခြောက်ယောက်က လှံများကိုအသင့်ကိုင်ကာ စည်သူတို့ကို ဝိုင်းထိုးရန်ပြင်ဆင်လိုက်သည်။ ထိုစဉ်မှာပင် ကိုင်းတောများအတွင်း လှုပ်ရှားသံကိုကြားလိုက်ရသည်။
“ဘာ၊ ဘာဖြစ်တာလဲ”
ရဲမက်များကြည့်နေစဉ်မှာပင် ကိုင်းတောအတွင်းမှ လူတစ်ဦးထွက်ပေါ်လာလေသည်။ ထိုလူက ရဲမက်တစ်ယောက်ကို တွန်းထုတ်လိုက်ပြီး နောက်ထပ်ရဲမက်တစ်ယောက်၏ ခေါင်းကိုကိုင်ကာ တစ်ပတ်လည်အောင်လှည့်ထည့်လိုက်လေသည်။ ထိုလူက တစ်ကိုယ်လုံးမည်းနက်နေပြီး ဆံပင်များမှာလည်း ဖွာလန်ကျဲထွက်နေသည်။ ကျန်သည့်ရဲမက်လေးဦးက ထိုလူအား လှံများဖြင့်ဝိုင်းထိုးလိုက်ကြသည်။ လှံလေးစင်းက ထိုလူ၏ ဗိုက်ကိုထုတ်ချင်းပေါက်ဝင်သွားလေသည်။ သို့သော် ထိုလူက နာကျင်ပုံမရပေ၊ အံ့သြနေသည့်ရဲမက်လေးယောက်၏ ဦးခေါင်းကို ညာဘက်လက်ဖြင့်ရိုက်ထည့်လိုက်ရာ ထိုရဲမက်လေးယောက်စလုံး လွင့်ပျံထွက်သွားကြလေသည်။ နောက်ဆုံးရဲမက် ခေါင်းဆောင်တစ်ယောက်သာကျန်ခဲ့သည်။ ထိုလူက ရဲမက်ခေါင်းဆောင်ကို အသေအချာစိုက်ကြည့်လိုက်သည်။
“မ၊ မသတ်ပါနဲ့၊ ကျုပ်ကိုမသတ်ပါနဲ့၊ ကျုပ်မှာရှိတာတွေ အကုန်ပေးပါ့မယ်”
ထိုလူက ရဲမက်ခေါင်းဆောင်အနီးသို့တိုးကပ်သွားလိုက်ပြီး ရဲမက်ခေါင်းဆောင်၏ ပုခုံးကိုလက်နှစ်ဖက်နှင့်ချုပ်ကိုင်လိုက်ကာ ရဲမက်ခေါင်းဆောင်၏ လည်ပင်းအား ကိုက်ထည့်လိုက်သည်။ ရဲမက်ခေါင်းဆောင်မှာ တွန့်လိမ်ကာ အကြောဆွဲနေပြီး မကြာခင် တစ်ကိုယ်လုံးဖြူဖပ်သွားကာ ပျော့ခွေကျသွားတော့သည်။ ထိုလူက ရဲမက်ခေါင်းဆောင်အလောင်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး သူ့ဝမ်းဗိုက်တွင် စိုက်ဝင်နေသည့် လှံများကို တစ်ချောင်းချင်း ဆွဲနှုတ်နေလေသည်။ ထိုသူအား စည်သူက ကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်နေမိသည်။
“ကျုပ်တို့ကိုကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်နောင်ကြီး၊ နောင်ကြီးဘယ်သူဘယ်ဝါဆိုတာ ကျုပ်တို့သိခွင့်ရှိမလား”
ထိုလူက သူတို့ဘက်သို့လှည့်လိုက်သည်။
“ခင်ဗျားကျုပ်ကိုမေ့သွားပြီလားဗျ စည်သူရ”
အသံကိုကြားလိုက်သည့်အခါ စည်သူမျက်လုံးပြူးသွားသည်။
“ဟင်၊ ငခမ်း၊ မင်းက ငခမ်းလား”
ထိုလူမှာ တစ်ကိုယ်လုံးမီးလောင်ထားပြီး မဲနက်နေကာ အသားစိုင်များမှာ ပဲ့ကျနေလေသည်။ သို့သော် မကြာခင်တွင် အသားများက တဖြည်းဖြည်းပြန်ဆက်သွားပြီး လူပုံစံပြန်ပေါ်လာလေသည်။
“ငခမ်း၊ မင်းဘယ်လိုဖြစ်တာလဲ”
“လူသွေးသောက်လိုက်တော့ ကျုပ်စွမ်းအားတွေပြန်ပြည့်လာတယ်ပဲဆိုကြပါစို့”
ကိုင်းတောထဲတွင် သူတို့လေးယောက် ပြန်ဆုံတွေ့ကြသည်။ သို့သော် လေးယောက်စလုံးတွင် အဝတ်အစားမပါပေ။
“ဒါနဲ့ မင်းဘာလို့ပြန်လာတာလဲ၊ ငါမင်းကိုထွက်သွားခိုင်းလိုက်ပြီလေ”
“ကျုပ်လည်း အစကတော့ထွက်သွားမလို့ပဲဗျ၊ ဒါပေမယ့် ခင်ဗျားတို့ကို နှုတ်ဆက်ချင်လို့ပြန်လာတာ”
မုန်တိုင်းက သက်ပြင်းချလိုက်သည်။
“တော်သေးတာပေါ့ငခမ်းရာ၊ မင်းပြန်လာပေလို့ပေါ့၊ မင်းသာ စည်သူပြောသလို တစ်ချိုးတည်းထွက်သွားရင် ငါတို့အခုလောက်ဆိုရင် သေနေလောက်ပြီကွ”
စည်သူက သေဆုံးသွားသည့် ရဲမက်ခေါင်းဆောင်၏ အဝတ်အစားများကိုချွတ်ယူကာ ဝတ်ဆင်လိုက်သည်။ ကျန်သူများလည်း ထိုနည်းလည်းကောင်းအတိုင်း အဝတ်အစားများ ဝတ်ဆင်လိုက်ကြသည်။
“ငါတို့အဖြစ်က မနက်နေထွက်တော့ဘုရင် ညနေ နေဝင်တော့ လူသေကောင်ဆိုတဲ့ စကားအတိုင်းဖြစ်နေပါရောလား”
ပျံလွှားက ညည်းညူသည်။
“ဟုတ်ပါရဲ့၊ မနက်ကတော့ ဘုရင်မင်းမြတ်က ရွာတွေအစားပေး၊ ဆုတွေပေးနဲ့ အခုကျတော့ ငခမ်းသာမကယ်ရင် ငါတို့ ကိုင်းတောထဲမှာ လူမသိသူမသိ သေသွားကြရမှာကွ”
မုန်တိုင်းက ပျံလွှားပြောသည်ကိုထောက်ခံလိုက်သည်။
“ဒါပေါ့ကွ၊ မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုသလိုပေါ့၊ တို့မင်းမှုထမ်းတွေဆိုတာက ဘုရင်မင်းတွေ၊ အထက်လူကြီးတွေက အလိုရှိရင်သာ ခိုင်းကောင်းတာကွ၊ သူတို့အတွက်မလိုတော့ဘူးဆိုရင်တော့ အချိန်မရွေးသတ်ပစ်ဖို့ ဝန်လေးတာမဟုတ်ဘူးမလား”
“ကဲ၊ ဒါဆိုကျုပ်တို့ဘာဆက်လုပ်မလဲ”
“ငါတို့လမ်းခွဲကြရုံပေါ့ကွာ”
မုန်တိုင်းက ခေါင်းညိတ်သည်။
“ကောင်းပါတယ်၊ အမှန်အတိုင်းပြောရရင် ခင်ဗျားတို့မိစ္ဆာဖမ်းတဲ့သူတွေနဲ့ ကျုပ်နဲ့မကိုက်ဘူးဗျ၊ ကျုပ်မလုပ်ချင်တော့ဘူး၊ ဒီတော့ ကျုပ်ဟာကျုပ် တောထဲပြန်ပြီးတော့ လူမသိသူမသိ မုဆိုးပဲလုပ်ပြီး နေတော့မယ်ဗျာ”
ပျံလွှားကလည်း
“ကျုပ်လည်းမနေချင်တော့ပါဘူးဗျာ၊ အိမ်ပြန်ပြီး အဘွားညိုကိုခေါ်ပြီးတော့ ကျုပ်တို့နှစ်ယောက် အောက်အကြေဘက်ကိုဆင်းတော့မယ်လို့ ဆုံးဖြတ်ထားတယ်”
စည်သူက ခေါင်းညိတ်လျှက်
“ကောင်းတာပေါ့ကွာ၊ ငါလည်း အိမ်ပြန်ပြီးတော့ ငါ့မိသားစုကိုခေါ်ပြီး မြို့တံခါးမပိတ်ခင် မြို့ကနေထွက်ပြေးတော့မယ်ဟေ့၊ အင်္ဂလိပ်တွေပိုင်တဲ့ အောက်မြန်မာပြည်ကိုဆင်းပြေးရင် မင်းမှုထမ်းတွေ လိုက်ဝံ့မှာမဟုတ်ပါဘူးကွာ၊ ဒါနဲ့ ငခမ်း၊ မင်းရော”
“ကျုပ်ကတော့ ရွာကိုပြန်မယ်ဗျာ၊ ကျုပ်ချစ်သူက ဝါကျွတ်ရင် အိမ်ထောင်ပြုတော့မယ်လို့ ပြောတယ်မဟုတ်လား၊ ရှေ့လဆိုရင် ဝါကျွတ်ပြီဆိုတော့ အဲဒီမတိုင်ခင် ကျုပ်ရွာကိုပြန်မှဖြစ်မယ်”
စည်သူက ငခမ်းပုခုံးကိုပုတ်လိုက်ပြီး
“အေးပေါ့ကွာ၊ မင်းတို့ချစ်သူတွေ အတူတူပေါင်းရပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်”
သူတို့လေးယောက်သား လက်တွေကိုပေါင်းကာထပ်လိုက်ကြသည်။
“အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်ကွာ၊ ငါတို့ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”
“ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့ဗျာ”
“ကဲ အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်”
“ငါတို့ ဒီအတိုင်းစုဝေးနေရင်မကောင်းဘူးကွ၊ ဒါကြောင့်မို့လို့ ကိုင်းတောကို အရပ်လေးမျက်နှာအတိုင်း လူခွဲသွားကြမယ်ဟေ့”
မုန်တိုင်းက အရင်ဆုံးထွက်သွားသည်။ ကိုင်းတောကြီး၏ အရှေ့ဘက်သို့ထွက်သွားကာ မကြာခင် လူနေလမ်းများအတိုင်း ထွက်လာခဲ့သည်။ မြို့တံခါးမပိတ်သေးသည်မို့ မြို့ပြင်သို့ အလွယ်တကူပင်ထွက်ခဲ့တော့သည်။
ပျံလွှားက စည်သူတို့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပြီး ကိုင်းတောကြီး၏ အနောက်ဘက်အရပ်သို့ တိုးဝင်သွားလေတော့သည်။ ငခမ်းက စည်သူအနားသို့ကပ်လိုက်ပြီး
“ဒါနဲ့ ပျံလွှားက အဲဒီအဘွားညိုကို ဘာလို့ကျွေးမွေးထားရတာလဲ”
စည်သူက သက်ပြင်းချလိုက်သည်။
“သူ့ပစ္စပ္ပုန်မှာရော၊ အနာဂါတ်မှာပါ ပျော်စရာတွေမရှိတော့ဘူးလေ၊ ဒါကြောင့်မို့ သူက အဘွားညိုရဲ့အကူအညီနဲ့ အမြဲတမ်း အတိတ်ကိုပြန်သွားပြီးတော့ သူ့ချစ်သူနဲ့ပြန်တွေ့နေတာပေါ့ကွာ”
ပျံလွှားအကြောင်းကြားလိုက်သည့်အခါ ငခမ်းလည်း သက်ပြင်းချလိုက်မိသည်။ ပျံလွှားက သူ့အိမ်ကလေးသို့ပြန်သွားကာ စုဆောင်းထားသမျှ ရွှေငွေတို့ကို ယူငင်ပြီး မြင်းလှည်းတစ်စီးငှား၍ မြို့ပြင်သို့ထွက်ခဲ့သည်။ ညနေ နေစောင်းသည့်အချိန်တွင်တော့ အောက်ပြည်သို့ဆင်းမည့် လှေသင်္ဘောကြီးတစ်ခုပေါ်သို့ ရောက်ရှိခဲ့ကြပြီဖြစ်သည်။
“ကဲ ငခမ်း၊ ငါတို့နှစ်ယောက် နှုတ်ဆက်ဖို့အချိန်ကျပြီ၊ မြို့တံခါးမပိတ်ခင် ငါတို့သွားမှရမယ်ကွ။
ငခမ်းနှင့်စည်သူတို့ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်လိုက်ကြသည်။
“မင်းကိုမြင်တိုင်း စစတွေ့ခဲ့တုန်းက အချိန်ကို ငါပြန်သတိရမိတယ်ငခမ်း”
“ဟုတ်ပါ့ဗျာ၊ ခင်ဗျားသာကျပ်ပြင်ကိုရောက်မလာရင် ကျုပ်အဲဒီကတည်းက သေနေခဲ့ပါပြီ”
ငခမ်းက မြောက်အရပ်သို့သွားရမည်ဖြစ်ပြီး စည်သူက တောင်အရပ်သို့သွားရမည်ဖြစ်သည်။ သူတို့နှစ်ဦးကျောခိုင်းပြီး လျှောက်လာခဲ့ကြသည်။ ငခမ်းရင်တွင်တော့ ပြောမပြတတ်သည့် ခံစားချက်ကြီးတစ်ခု ခံစားနေရသည်။ ရင်ထဲတွင် တစ်ဆို့ဆို့ကြီးဖြစ်နေပြီး ငိုချင်သလိုလို ရယ်ချင်သလိုလိုကြီးဖြစ်ပေါ်လာနေသည်။ ထို့ကြောင့် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ အနောက်သို့သမင်လည်ပြန်တစ်ချက်လှည့်ကြည့်လိုက်သည်။ သူနှင့်ခပ်လှမ်းလှမ်းကိုင်းတောထဲသို့ တိုးဝင်သွားသည့် စည်သူ၏နောက်ကျောကိုမြင်လိုက်ရသည်။ သူကလှည့်ကြည့်သော်လည်း စည်သူက စိတ်ပြတ်သားသည်ထင်သည်။ သူ့ကိုလှည့်တောင်မကြည့်တော့ပေ။
“သွားတော့ စည်သူရေ”
ငခမ်းထိုသို့ရေရွတ်လိုက်ချိန်တွင် စည်သူမှာတော့ ကိုင်းတောအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်သည်။
(၇)
လေညှင်းကလေးက ခပ်ပြင်းပြင်းတိုက်ခတ်နေသည်။ ရှမ်းတောင်တန်းကြီးပေါ်တွင်တော့ ဆောင်းက အဝင်စောသည်ထင်သည်။ အေးမြသည့် လေနုအေးများကြောင့် ရှဲန်ဆိုင် ဆံနွယ်လေးများ ဝေ့ယမ်းနေလေသည်။
နန်းရှဲန်ဆိုင်က သူတို့ရွာထိပ်ရှိ ညောင်ပင်ကြီးအောက်တွင်ထိုင်နေကာ ရွာအဝင်လမ်းတစ်လျှောက်ကို ငေးမောကြည့်နေလေသည်။ ရှဲန်ဆိုင်၏ နံဘေးတွင်တော့ ညီမဖြစ်သူနှင့် ခယ်မဖြစ်သူတစ်ဦးက အတူတူထိုင်နေကြလေသည်။
“ရှဲန်ဆိုင်ရေ၊ မိုးချုပ်တော့မယ် ပြန်ကြစို့ကွာ”
မကြာမီ သူကြွယ်ကြီးတစ်ဦးနှင့် လက်ထပ်တော့မည်မို့ ဆွေမျိုးများက ရှဲန်ဆိုင်ထွက်ပြေးသွားမည်ကို စိုးရိမ်နေကြသဖြင့် အမြဲအရိပ်တကြည့်ကြည့်နှင့် လိုက်ပါနေတတ်သည်။
မကြာမီ ရွာအဝင်လမ်းကလေးအတိုင်း ဝန်တင်လားကလေးနှင့် မြည်းဆွဲသည့် လှည်းကလေးတစ်စီး တစ်ရွေ့ရွေ့နှင့်မောင်းနှင်လာလေသည်။ ရှဲန်ဆိုင်က ထိုလှည်းကလေးကို အသေအချာကြည့်နေလိုက်သည်။
“ဟင်၊ ဘိုထီး၊ ဘိုထီးပြန်လာပြီ”
ရှဲန်ဆိုင်၏ ညီမကလေးက ဝမ်းသာအားရဖြင့် ထအော်ဟစ်လေသည်။ ဘိုထီး၏လှည်းကလေးမှာ မကြာခင်သူတို့အနီးသို့ ရောက်လာခဲ့လေသည်။ ဘိုထီးမှာ ရှဲန်ဆိုင်ကို တွေ့သည့်အခါ ထိတ်လန့်အံ့သြသွားလေသည်။ ဘိုထီးက တစ်ခုခုကိုပြောမည်ကြံရွယ်လိုက်ပြီးတော့မှ ရှဲန်ဆိုင်နံဘေးတွင်ရှိသည့် မိန်းကလေးနှစ်ဦးကိုတွေ့လိုက်သည်။
“ဘိုထီး၊ ဒီတစ်ခေါက် နေပြည်တော်သွားတာ ဘာတွေပါခဲ့သလဲ”
“ဟာ၊ ပါတာကမှ အစုံပဲဟာ၊ နင်တို့မိန်းကလေးတွေအကြိုက်၊ မျက်နှာချေတွေ၊ အမွှေးနံ့သာတွေ၊ ပုလဲတွေ၊ ယောက်သွားခွံတွေ ပါလာခဲ့တယ်၊ နောက်ပြီး အဝတ်အထည်အဆင်ဆန်းတွေလဲ ပါလာခဲ့တာပေါ့ဟ”
မိန်းကလေးနှစ်ဦးမှာ ပျော်မြူးသွားသည်။ ဘိုထီးက လှည်းပေါ်မှဆင်းလိုက်ပြီး
“နင်တို့နှစ်ယောက် ငါ့လှည်းနဲ့ လားကလေးနှစ်ကောင်ကို ငါ့အိမ်ကိုမောင်းပို့ပေးစမ်းပါဟာ၊ နင်တို့ကို ငါ ပုဝါတစ်ပိုင်းဆီ လက်ဆောင်ပေးပါ့မယ်ဟ”
မိန်းကလေးနှစ်ယောက်မှာ ပျော်မြူးသွားကာ ဘိုထီး၏ လှည်းကလေးနှင့် လားကလေးများကို ဆွဲသွားကြလေသည်။ ဘိုထီးက ရှဲန်ဆိုင်နံဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှဲန်ဆိုင်က အလွန်မျှော်လင့်နေသည့် အကြည့်ဖြင့် ဘိုထီးကိုကြည့်လိုက်သည်။
“ဘိုထီး၊ ကွမ်ခမ်းသတင်း . . .”
ဘိုထီးက ရှဲန်ဆိုင်ကို လက်ကာပြလိုက်သည်။
“ငါလဲ အဲဒါပြောချင်လို့ ဟိုနှစ်ယောက်ကို နှင်ထုတ်လိုက်တာပဲဟ”
ရှဲန်ဆိုင်မျက်လုံးကလေးများ ပြူးသွားလေသည်။
“ဒါဆို အကိုကွမ်ခမ်း၊ အကိုကွမ်ခမ်း ဘယ်ရောက်နေသလဲဟင်ဘိုထီး”
“ငါပြောရင် နင်အရမ်းဝမ်းသာမသွားနဲ့နော်၊ တစ်ယောက်ယောက်များမြင်သွားရင် နင့်အတွက်စိတ်လေးရတယ်”
ရှဲန်ဆိုင်က ခေါင်းကိုခပ်သွက်သွက်ညိတ်လိုက်သည်။
“ပြောပါအုံး ဘိုထီးရယ်”
“ကွမ်ခမ်းက နေပြည်တော်မှာ ရဲမက်ဖြစ်နေတယ်ဟ၊ သူ့ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပါပဲ၊ သူက နင်သူ့ကို စိတ်ဆိုးနေတယ်ထင်လို့ မလာဖြစ်တာတဲ့၊ ဒါနဲ့ ငါလည်း နင့်ရဲ့အကြောင်းကိုပြောပြလိုက်တော့ သူကရွာကိုပြန်လာမယ်တဲ့၊ အစကတော့ ငါနဲ့အတူတူလိုက်လာမလို့ပဲ၊ အခြေအနေမပေးတာကြောင့်မို့လို့ ငါတစ်ယောက်တည်း ပြန်လာခဲ့ရတယ်ရှဲန်ဆိုင်၊ ငါထင်တာကတော့ သူဝါမကျွတ်ခင် ပြန်လာလိမ့်မယ်”
ရှဲန်ဆိုင်ရင်ထဲတွင် ပြောမပြတတ်လောက်အောင် ပျော်ရွှင်သွားလေသည်။
“အကိုကွမ်ခမ်း အကိုမသေဘူးဆိုတာ သိရတာနဲ့တင် ရှဲန်ဆိုင် မျှော်လင့်ချက်တွေရှိနေပါပြီအကိုရယ်”
“နင်ဝမ်းသာနေမယ်ဆိုတာ ငါသိပါတယ်ရှဲန်ဆိုင်၊ ဒါပေမယ့် နင်ဝမ်းသာတာ လူမသိစေနဲ့၊ အခုတောင် နင့်အိမ်မှာ နင့်အကိုတွေ၊ မောင်တွေက စောင့်ကြပ်နေတာမဟုတ်လား၊ ဒီအကြောင်းသိသွားတာနဲ့ ဝါမကျွတ်ခင် နင်ဟိုလူကြီးရဲ့အိမ်ကို ရောက်သွားလိမ့်မယ်ဟ”
ရှဲန်ဆိုင် ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်လိုက်တာ ဘိုထီးရယ်”
“ရပါတယ်ဟာ အချင်းချင်းတွေပဲ၊ ကဲ ငါလည်းခရီးပန်းလာပြီ နားလိုက်အုံးမယ်ဟေ့”
ဘိုထီးထသွားသည့်အခါ ရှဲန်ဆိုင်က အလွန်ပျော်ရွှင်နေပြီး မျက်ရည်များပင်ကျဆင်းလာလေသည်။ နေဝင်ပြီးနောက် အမှောင်ရိပ်သန်းနေသည့် ကောင်းကင်ကြီးကိုကြည့်ပြီး ရှဲန်ဆိုင်ရေရွတ်လိုက်မိသည်။
“အကိုကွမ်ခမ်း၊ အကိုအမြန်လာခဲ့ပါ၊ ရှဲန်ဆိုင် အကို့ကိုစောင့်နေမယ်”
ပြီးပါပြီ၊
နတ်မိစ္ဆာဖမ်း ဆရာခမ်း အတွဲ(၁) ပြီးပါပြီ။
အတွဲ(၂) မစတင်ခင်မှာ စာဖတ်သူများ ဇတ်ရည်လည်သွားစေရန်အတွက် စည်သူ၏ ဘဝဇာတ်ဆုံးနှင့် လုံဒီ၏ စွန့်စားခန်းများ ဝတ္ထုကို အရင်တင်ဆက်ပေးသွားပါမည်။