တင်လှိုင်နှင့်ဆုံတွေ့ခဲ့သူများ
(၁)
“ဘာကိုသေချာတာတုန်းဗျ”
“ကျွန်တော်တွေ့ခဲ့တာ ဆရာပြောတဲ့ တင်လှိုင်ပဲဖြစ်ရမယ်”
“ခေါင်းပြတ်လား”
“ပြတ်တာမှဆရာရယ် လည်ပင်းကြီးမှာ အရိုးဖြူဖြူကြီးက ငေါငေါကြီးထွက်နေတာ”
“ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ”
“ကိုလင်းလို့ပဲခေါ်ပါဆရာရယ်”
ကိုလင်းက သာမန်ကုမ္မဏီဝန်ထမ်းတစ်ဦးပင်ဖြစ်သည်။ အချိန်ကာလာအားဖြင့် ၂၀၁၇ ခုနှစ်ခန့်ကဖြစ်သည်။ မိုးတွင်းဘက်ကြီးလဲဖြစ်၊ အင်္ဂလိပ်ပရီးမီးယားလိခ် ဘောလုံးပွဲစဉ်တွေကလဲ အလွန်ခေတ်ကောင်းနေသည့်အချိန်ဖြစ်သည်။ ကိုလင်းမှာ ဘောလုံးပွဲအလွန်ဝါသနာပါလေရာ ဘောလုံးရာသီဆိုလျှင်တော့ ကိုလင်းတို့ ညအိပ်ရေးပျက်ရသည်က များသည်။ ပွဲကောင်းတွေသာမက ဘောလုံးဝါသနာရှင်မို့ လာသမျှပွဲ မလွတ်တမ်းကြည့်သည်။ သို့သော် အိမ်တွင်ကြည့်ရသည်ကိုအားမရပေ။ ထို့ကြောင့် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် အတူတူကြည့်ဖြစ်ကြလေသည်။ ဘောလုံးပွဲက ညည့်နက်မှလာသည်မို့ ညဘက်ခိုးဖွင့်သည့် ဘီယာဆိုင်နှင့်ဆိုလျှင်တော့ ကိုလင်းတို့နှင့် အံကိုက်ပင်ဖြစ်သည်။
ကိုလင်းက အင်းစိန်မြို့သစ်တွင်နေသည်။ မြို့သစ်မှနေ၍ သူငယ်ချင်းများရှိရာ ခဝဲခြံသို့ စက်ဘီးဖြင့် ဆေးဝါးစက်ရုံလမ်းအတိုင်းဖြတ်မောင်းလိုက်လျှင် သိပ်ပြီးမနင်းရ။ ထိုညက မှတ်မှတ်ရရ မိုးတွေရွာနေသည်။ ကိုလင်းလဲ မိုးကာဝတ်လိုက်ပြီး ထုံးစံအတိုင်း ဘီယာဆိုင်သို့ချီတက်ခဲ့သည်။ ညက သိပ်မနက်သေးပေ။ ဘီယာဆိုင်ထိုင်ရင်း ဘောလုံးပွဲကြည့်ကြသည်။
“သားကြီး ဝီစကီချမယ်ကွာ”
“ဖြစ်ပါ့မလား ငါ့ကောင်တွေရ ငါက စက်ဘီးနင်းပြီးပြန်ရဦးမှာ”
“ရေချိန်မထိအောင် အသာလေးသောက်ပေါ့ကွာ၊ နောက်ပြီး ဒီကောင်က အမူးယဉ်ပါတယ် ငြိမ့်ငြိမ့်လေးကွ”
“အေး ချကွာ”
စကားပြောလိုက် အမြည်းစားလိုက်၊ ဘောပွဲကြည့်လိုက်နှင့် ဟန်ကျနေတော့သည်။ ထိုညတော့ ဘောပွဲကစောပြီးသည်။ ည ၁၁ နာရီကျော်တွင် ပြီးသွားပြီဖြစ်ရာ ထုံးစံအတိုင်း စက်ဘီးနင်းပြန်ဖို့လုပ်တော့သည်။ လူက မူးနေသည်ဆိုသော်လည်း သိပ်တော့ မမူးပေ။ ခပ်ထွေထွေလေးဖြစ်သည်။ ပတ်ဝန်းကျင်နှင့် အရာအားလုံးကို သဲသဲကွဲကွဲမြင်နေရသည်။ ဆိုင်မှ ထပ်ဝယ်လာသည့် ဝီစကီပုလင်းပြားကလေးကို ခါးကြားထိုးလိုက်ပြီးနောက် မိုးကာကိုခြုံဝတ်လိုက်တော့သည်။ သူငယ်ချင်းများက ခဝဲခြံတွင်လည်းကောင်း၊ အချို့က ကြို့ကုန်းတွင်လည်းကောင်းနေကြရာ အလျိုလျိုနှုတ်ဆက်ပြီးလာခဲ့တော့သည်။
ခဝဲခြံရပ်ကွက်ထဲမှ မဖြတ်တော့ဘဲ ဆက်နင်းလာပြီးနောက် ဆေးဝါးစက်ရုံလမ်းသို့ရောက်သည့်အခါ ချိုးဝင်လိုက်တော့သည်။ ထိုလမ်းက လူရှင်းသည်။ လမ်းလဲကောင်းသဖြင့် ကိုလင်းအမြန်နင်း၍ အဆင်ပြေလေသည်။ မိုးတဖွဲဖွဲကျလာသည်။ လမ်းပေါ်တွင် လူမရှိသည့်တိုင် လမ်းမီးတိုင်တွေက ထိန်လင်းနေလေသည်။ ကိုလင်းက စက်ဘီးကိုလူရှင်းလျှင် အမြန်နင်းတက်သည်မို့ အမြန်နင်းလိုကတော့သည်။ တစ်လမ်းလုံးအကောင်း၊ ပြသနာက ရထားလမ်းကူးနားတွင် စတော့သည်။ ရထားလမ်းကိုကျော်ဖြတ်သည့်အခါတွင် စက်ဘီးကို အရှိန်လျှော့လိုက်ရတော့သည်။
ရထားလမ်းကူးပြီးသည့်အခါတွင် စက်ဘီးကို အရှိန်တင်ပြီးခြေထောက်ကို ခပ်သွက်သွက်နင်းလိုက်သည်။ ထိုစဉ် စက်ဘီးတစ်ခုလုံးတုန်ခါသွားတော့သည်။ တစ်သက်လုံးစက်ဘီးစီးလာသည့် ကိုလင်းက စက်ဘီးကိုအသာကလေးနိုင်သော်လည်း ယခုအခါတွင် စက်ဘီးက မှောက်တော့မလိုဖြစ်သွားပြီး လက်ကိုင်မှာလဲ ဘယ်ညာလူးလွန့်သွားတော့သည်။
“ငါများ မူးနေပြီလား”
ထိုသို့တွေးရင်း စက်ဘီးကို အားစိုက်နင်းလိုက်တော့သည်။ သို့သော်လည်း စက်ဘီးက မရွေ့၊ အတင်းခြေကန်ပြီးနင်းတာတောင်မှ ဖြေးဖြေးကလေးရွေ့နေလေသည်။ လမ်းမှာလဲ လူမပြောနှင့် ကားတောင်အတော်ပြတ်နေသည်။ မီးတွေကတော့ ထိန်လင်းနေဆဲဖြစ်သည်။ ထိုစဉ် ကိုလင်းကျောတစ်ခုလုံးချမ်းတက်လာကာ ကြက်သီးတွေထနေပြီး ခေါင်းမွှေးတွေမှာ ထောင်တက်နေသည်ဟုထင်ရအောင်ဖြစ်လာတော့သည်။ နောက်တော့ ကိုလင်း မဝံ့မရဲနှင့် လှည့်ကြည့်မိလိုက်တော့သည်။
သူ့စက်ဘီး ကယ်ရီယာတွင် ပုဆိုးအနီကွက်နှင့် ရှပ်အကျီအကွက်ဝတ်ဆင်ထားသည့်လူတစ်ယောက် ထိုင်နေလေသည်။ သို့သော် ထိုလူက ခေါင်းမပါပေ။ လည်ပင်းတွင် အရိုးချောင်းကြီးကို ဖြူဖြူကြီးတွေ့ရကာ အသားစများ၊ လေပြွန်ကြီးက အထင်းသားမြင်နေရလေသည်။
ကိုလင်း ဒုတိယအကြိမ်လှည့်မကြည့်ရဲတော့။ စက်ဘီးကိုအသာကုန်းနင်းသော်လည်း ရွေ့သည်ဆိုရုံကလေးသာ ရွေ့နေလေသည်။ ကိုလင်း ဘာလုပ်ရမှန်းမသိတော့။ နောက်တော့ ခေါင်းထဲကို အကြံတစ်ခုဝင်လာလေသည်။ ဘုရားစာရွတ်ဖို့ပင်ဖြစ်သည်။ ကိုလင်းလဲ ရသမျှ ဘုရားစာ စဉ်းစားလိုက်တော့ သမ္ဗုဒေကို စဉ်းစားမိလိုက်ပြီး သမ္ဗုဒေဂါထာကိုသာ ရွတ်နေမိသည်။ စိတ်ကလဲ အလွန်ကြောက်နေသဖြင့် သတိကြီးကြီးထားပြီး ဘုရားစာစားလုံးများ မကျော်အောင် ရွတ်နေရလေသည်။
သုံးခေါက်ခန့်ရွတ်ပြီးတော့ စက်ဘီးကပေ့ါသွားသည်။ ကိုလင်းလဲ အနောက်သို့လှည့်မကြည့်တော့ဘဲ မတ်တပ်ရပ်ပြီး အားကုန်နင်းချရတော့သည်။ စက်ဘီးက တာလွှတ်လိုက်သလို တစ်ရှိန်ထိုးပြေးထွက်သွားတော့သည်။ ကိုလင်းလဲ အိမ်ကို ဘယ်လိုပြန်ရေက်မှန်းမသိ ပြန်ရောက်လာခဲ့သည်။ အိမ်ရောက်သည့်အခါ အိမ်ထဲဝင်လိုက်တော့ ခါးတွင်ထိုးထားသည့် ဝီစကီအရက်ပုလင်းမရှိတော့ချေ။
“ဆရာဝတ္ထုဖတ်လိုက်တော့ ခေါင်းလဲပြတ်တယ်၊ အရက်လဲ ပျောက်တယ်ဆိုတော့ ကျွန်တော့်အထင် အဲဒါတင်လှိုင်ပဲဖြစ်ရမယ်ဆရာ”
“ဖြစ်နိုင်တာပေါ့ဗျာ၊ ခေါင်းပြတ်တင်လှိုင်က အရက်ကြိုက်တယ်မဟုတ်လား”
“ဒါဆို ကျွန်တော့်ကို သူများပြောပြဖူးတဲ့ခေါင်းပြတ်ကြီးကလဲ တင်လှိုင်ပဲနေမယ်ဆရာ”
(၂)
ညီအစ်ကိုနှစ်ယောက် မိုးချုပ်သဖြင့်လမ်းလျှောက်လာကြသည်။ သူတို့နှစ်ယောက်က အလုပ်ကြမ်းသမားများဖြစ်သည်။ ယခုလဲ ရွှေပြည်သာတွင်အလုပ်သွားဆင်းပြီးနောက် တစ်ခွက်တစ်ဖလားကစ်ကြရာမှ မိုးချုပ်နောက်ကျခဲ့သည်။ အခုတော့ လိုင်းကားက အင်းစိန်ပန်းခြံ ဂုံးတံတားအောက်သာရောက်တော့သည်။
“ဘာဖြစ်လဲကွာ တို့တစ်တွေ လမ်းလျှောက်ကြတာပေါ့”
အင်းစိန်ပန်းခြံနှင့် ကြို့ကုန်းမှာ အတန်ငယ်လှမ်းသော်လည်း ကားမှတ်တိုင်တစ်မှတ်တိုင်လောက်သာဖြစ်သဖြင့် ယောက်ျားခြေနှင့်ဆို ဆယ်မိနစ်ခန့်ပင်ကြာမည်ထင်သည်။ သူတို့ညီအစ်ကိုက ဗဟိုလမ်းမအောက်ဘက်တွင် အိမ်ငှားနေထိုင်သည်ဖြစ်ရာ ဗဟိုလမ်းအတိုင်း လမ်းလျှောက်လာကြသည်။ အင်းစိန်ဘူတာမှာ မှောင်မိုက်နေပြီး လမ်းပေါ်တွင် ခွေးလေခွေးလွင့်များအိပ်စက်နေကြသည်။ သူတို့နှစ်ယောက်က သရဲမကြောက်တတ်သည်မို့ လူပြတ်ပြီး မှောင်မိုက်လှသော ဘူတာလမ်းအတိုင်းလျှောက်လာခဲ့သည်။ ထို့နောက် အင်းစိန်မြန်မာ့စီးပွားရေးဘဏ်နှင့် ကညန ရုံးရှေ့မှဖြတ်လာကြပြန်သည်။ ခပ်ထွေထွေနှင့်ညီအစ်ကိုနှစ်ယောက် စကားပြောရင်း လျှောက်လာကြရာ တဖြည်းဖြည်း ကြို့ကုန်းပန်းဈေးကို ကျော်လာခဲ့တော့သည်။
“အူ ဝူ ဝူး ဝူး”
လမ်းမပေါ်မှ ခွေးများက ထိုးပြီးအူတော့သည်။ အသံရှည်ကြီးများနှင့်အူနေသည်ဖြစ်ရာ ညီအစ်ကိုနှစ်ယောက်မှာ အတန်ငယ်ကြောက်စိတ်ဝင်သွားသေးသည်။ ထို့နောက် ခွေးများကို ခဲလုံးကောက်ပြီးလှမ်းပစ်လိုက်ကာ ဆဲဆိုလိုက်တော့သည်။ တစ်ချက်တစ်ချက် ကားတစ်စီးတစ်လေက သူတို့ဘေးမှ ဖြတ်သန်းသွားလေသည်။ ပန်းဈေးကျော်တော့ ရထားလမ်းနားရောက်လာတော့သည်။ ထိုနားတွင် ဘူတာလဲရှိသည်။ ထိုအခိုက် ကားလမ်းမကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။ ပတ်ဝန်းကျင်မှာလဲ ရုတ်တရက် အပ်ကျသံပင်ကြားရလောက်အောင်ကို တိတ်ဆိတ်သွားလေသည်။ သူတို့နှစ်ယောက် လျှောက်နေသည့် ခြေသံများသာ ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေတော့သည်။ ထိုအခိုက် အသံကြီးတစ်သံကို ကြားလိုက်ရသည်။
“ရှပ် . . ရှပ် . . ကျွတ် . . . ကျပ်”
ရေစိုနေသည့် ဂျပန်ဖိနပ်ခေါ် ရာဘာဖိနပ်ကို တရွတ်တိုက်လျှောက်နေသဖြင့် ထွက်ပေါ်လာသောအသံများဖြစ်သည်။ ထိုအခါ အကိုဖြစ်သူက ညီကိုပြောလိုက်သည်။
“ဟေ့ မင်းဖိနပ်က မြည်နေတာလား”
သူ့ညီကလဲခေါင်းခါလိုက်သည်။
“မဟုတ်ဘူး ကျွန်တော့်ဖိနပ်က အသံမမြည်ဘူး”
ညီအစ်ကိုနှစ်ယောက်ရပ်လိုက်သော်လည်း ဖိနပ်သံက သူတို့နားတွင် ကြားနေရသည်။ အကောင်အထည်ကိုတော့မတွေ့ရ။
“အကို သ . . သရဲများလားမသိဘူး”
“အောင်မာ ဟေ့ကောင်သရဲ ငါက မင်းတို့ခြောက်တိုင်းကြောက်ရမှာလားကွ၊ မကျေနပ်ရင် အသံမပေးနဲ့ ထွက်လာခဲ့”
ထိုသို့ အကိုဖြစ်သူက အော်ပြောလိုက်သည့်အခါ ဖိနပ်သံမှာ ပျောက်ခြင်းမလှ ပျောက်သွားလေသည်။
“တွေ့လား သရဲကတောင် ငါတို့ကိုကြောက်ရမှာ ဟား ဟား”
အော်ဟစ်လိုက်ပြီး ဆက်လျှောက်လာခဲ့သည်။ ညီဖြစ်သူမှာ သရဲကို ကြောက်သလိုဖြစ်သော်လည်း အကိုဖြစ်သူရှိနေသည့်အတွက်ကြောင့်လဲ အားရှိသွားသည်။ ဆက်လျှောက်လာရင်း ရထားလမ်းကူးနားရောက်လာသည်။ ထိုအခါတွင် အကိုဖြစ်သူက ဆေးလိပ်သောက်ချင်လာသဖြင့် ဆေးပေါ့လိပ်ကို အကျီအိတ်ကပ်ထဲမှထုတ်လိုက်ပြီးနောက် မီးခြစ်ခြစ်ကာ မီးညှိရင်း လမ်းဆက်လျှောက်လာလေသည်။ ထိုအခါ သူတို့နှင့် မျက်နှာခြင်းဆိုင်တွင် လူတစ်ယောက် ခေါင်းငုံ့ပြီးလမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်။
ဆံပင်က ဘုတ်သိုးသိုးနှင့် ရှပ်အကျီအကွက်ကို ရင်ဘတ်ဖွင့်ဝတ်ထားပြီး ရှပ်အကျီလက်ရှည်ကို လက်ဖျံနားလောက်အထိ မသေမသပ်ခေါက်ထားသည်။ ပုဆိုးကလဲ အကွက်စိပ်ဖြစ်ပြီး ဟောင်းနွမ်းလွမ်းသဖြင့် အရောင်တွေတောင် လွင့်နေပြီဖြစ်သည်။ ထိုသူက ရာဘာဖိနပ်အဟောင်းကို ဝတ်ဆင်ထားပြီး လမ်းကို တရှပ်ရှပ်နှင့်လျှောက်လာလေသည်။ သူတို့အနားအရောက်တွင် ရပ်လိုက်လေသည်။
“အကိုတို့ မီးခြစ်ပါလား”
“အေးပါတယ်”
အကိုဖြစ်သူက ခပ်ပြတ်ပြတ်ပင်ပြောလိုက်တော့သည်။
“ဒါဆိုလဲ မီးတစ်တို့လောက်တို့ပေးပါဗျာ၊ ကျုပ်မှာမီးခြစ်မပါလို့”
ပတ်ဝန်းကျင်က အမှောင်ကျနေသဖြင့် ထိုလူမျက်နှာကို သေချာမမြင်ရ။ ထိုလူက သူ့လက်ထဲတွင် ဆေးပေါ့လိပ်တုတ်တုတ်ကြီး တစ်ခုကိုကိုင်ထားသည်။ ဆေးပေါ့လိပ်ကို သတင်းစာစက္ကူဖြင့်လိပ်ထားခြင်းဖြစ်သည်။ အကိုဖြစ်သူလဲ အိတ်ကပ်ထဲက မီးခြစ်ကို ခြစ်လိုက်သည်။ ထိုအခါ ထိုလူ၏ မျက်နှာကို မီးခြစ်မီးရောင်အောက်တွင် လင်းကနဲမြင်လိုက်ရတော့သည်။ မျက်နှာကြီးက ပဲကြီးရေစိမ်ထားသလို ရှုံ့တွနေလေသည်။ အရေပြားတွေက အလိပ်အလိပ်တွေဖြစ်နေသည်။ ပါးစပ်ကြီးက ဖြဲပြနေပြီး အစွယ်တစ်ချောင်းကိုလဲ လက်ကနဲမြင်လိုက်ရတော့သည်။
“အကို . . အကို သ . . သရဲ”
ထိုလူက ပြုံးလိုက်ရာ အစွယ်များကို အထင်းသားမြင်လိုက်ရတော့သည်။
“ဘာလဲ ခင်ဗျားတို့က မကြောက်ဘူးဆို”
ညီဖြစ်သူက ဒူးတုန်နေသော်လည်း အကိုဖြစ်သူက အေးအေးဆေးဆေးပင် ပါးစပ်ထဲတွင် တပ်ထားသော ဆေးလိပ်ကို ထွေးထုတ်လိုက်သည်။
“မကြောက်ဘူးကွာ မင်းနဲ့ငါချကြတာပေါ့၊ ငါ့ညီ ရော့ ငါ့လွယ်အိတ်နဲ့ ထမင်းချိုင့်ယူထား”
ညီဖြစ်သူကို ပစ္စည်းများပေးပြီးသည်နှင့် သရဲကြီးကို ဝင်လုံးလေတော့သည်။ သို့သော် သရဲကြီးက ဆောင့်တွန်းလိုက်ရာ အနောက်သို့လွင့်ထွက်သွားတော့သည်။ အကိုဖြစ်သူလဲ ဒေါသအထွပ်အထိပ်ရောက်သွားတော့သည်။
“ငါ . . . ဒီသရဲ နာပြီသာမှတ်”
ထိုသို့ပြောရင်း ထပ်ပြေးဝင်သွားတော့သည်။ သရဲ၏ အကျီရင်ဘတ်ကိုဆွဲကာ မျက်နှာကို ဘယ်ပြန်ညာပြန်ထိုးတော့သည်။ တစ်ချက်ထိုးအပြီးတွင် ထိုသရဲ၏ ခေါင်းကြီးမှာ အိကနဲပြတ်သွားပြီးနောက် ကားလမ်းမပေါ်သို့ ကျသွားကာ လိမ့်သွားတော့သည်။ အကိုဖြစ်သူလဲ ထိုတော့မှ ကြောက်စိတ်နည်းနည်းဝင်သွားတော့သည်။ ခေါင်းကြီးက မြေပေါ်ကြပြီး ဘေးစောင်းကြီးဖြစ်သွားလေသည်။
“ဟေ့လူ ကျုပ်ကိုခေါင်းပြန်တပ်ပေး”
ထိုသို့ပြောကာ အော်ဟစ်နေလေသည်။ အကိုဖြစ်သူလဲ ထိုတော့မှ ကြောက်စိတ်ဝင်ပြီး ကိုယ်လုံးကြီးကို တွန်းထုတ်လိုက်တော့သည်။ ကိုယ်လုံးကြီးက နောက်သို့ သုံးလေးလှမ်းဆုတ်သွားလေသည်။
“မကြောက်ဘူးဆိုဗျ . . လာပါဗျ၊ ထိုးကြရအောင်”
အကိုဖြစ်သူက ပုဆိုးကိုပြင်ဝတ်လိုက်ပြီးနောက် တစ်ချိုးတည်းလှည့်ပြေးတော့သည်။ ညီဖြစ်သူလဲ အဖော်ခေါ်စရာမလိုအောင်ကို လွယ်အိတ်နှစ်လုံးလွယ်ပြီး အရှေ့မှ ဦးအောင်ပြေးတော့သည်။ သူတို့အနောက်မှ ခေါင်းပြတ်ကိုယ်လုံးကြီးက ပြေးလိုက်လာလေသည်။ ခေါင်းကြီးကလဲ ကြောက်စရာကောင်းသည့် အသံကြီးဖြင့် အော်ဟစ်နေတော့သည်။
ပြေးသာပြေးနေရသည် သူတို့ခြေလှမ်းတွေက ခဲဆွဲထားသလို အလွန်ကို နှေးကွေးနေတော့သည်။ အနောက်သို့လှည့်ကြည့်လိုက်တော့လဲ ခေါင်းမပါသည့် ကိုယ်လုံးကြီးက သူတို့အနီးတွင် ကပ်လိုက်လာလေရာ အရှိန်မြှင့်ပြေးရတော့သည်။ ခြေဦးတည့်ရာပြေးရင်း ကြို့ကုန်းလမ်းဆုံဘက်သို့ တက်ပြေးကြသည်။ အင်းစိန်လမ်းမပေါ်ရောက်တော့မှ ညလုံးပေါက်ဖွင့်သည့် လက်ဖက်ရည်ဆိုင်တစ်ခုအရှေ့အရောက်တွင် ညီအစ်ကိုနှစ်ယောက် လေးဖက်ထောက်လိုက်ကြတော့သည်။ လူတွေက အလွန်ပင်ပန်းနေပြီး အသက်တောင် မနည်းလုရှုနေရသည်။ အမောတော်တော်ဆို့နေပြီး ဖိနပ်တွေလဲမပါတော့၊ ညီဖြစ်သူမှာ ပုဆိုးပင်မပါ၊ ဘောင်းဘီတိုသာကျန်တော့သည်။ လက်ထဲက စတီးချိုင့်တွေလဲ ဘယ်ရောက်ကုန်ပြီမှန်းမသိတော့။ လေးဖက်ထောက်အနေအထားကနေ မနည်းထယူရသည်။
လက်ဖက်ရည်ဆိုင်မှလူများထွက်လာပြီး သူတို့ကိုမေးကြတော့သည်။ သူတို့လက်တွေတုန်ယင်နေပြီး စကားတွေတောင် အယောင်ယောင်အမှားမှားတွေပြောနေကြတော့သည်။ အိမ်လဲမပြန်ဝံ့တော့သဖြင့် လက်ဖက်ရည်ဆိုင်တွင်သာ ခေါ်ထားရပြီး မနက်လင်းမှ ပြန်သွားကြတော့သည်။
“ဒါဆို အဲ့ဒီခေါင်းပြတ်က ကျွန်တော်တွေ့ခဲ့တဲ့ ခေါင်းပြတ်နဲ့ တူတူပဲပေါ့၊ ကျွန်တော်လဲ အဲ့လိုပဲထင်နေတာ၊ ဆရာရေးထားတဲ့ ဝတ္ထုလေး တစ်ယောက်က ရှဲလ်ထားတာတွေ့တော့မှ တင်လှိုင်ြ့ဖစ်မယ်လို့ ကျွန်တော်ထင်လိုက်တာ”
“ဖြစ်နိုင်ပါတယ်၊ တင်လှိုင်က အဲဒီနား အနီးတဝိုက်မှာ ကျင်လည်နေတုန်းပဲဆိုတော့ သူပဲဖြစ်မှာပါ”
“ကျွန်တော်ဆို ကြောက်လိုက်တာဆရာရယ်၊ နောက်ပိုင်း ခြောက်လလောက် အဲဒီလမ်းကနေ နေ့လည်ဘက်တောင် မသွားရဲတော့သလောက်ပဲ”
“သူက အရက်ကြိုက်တယ်၊ တစ်ချို့တွေကိုဆို အိပ်မက်ပေးတယ်၊ ခြောက်တယ် လှန့်တယ်၊ အဲဒီမီးရထားလမ်းနားမှာ မကြာခဏဆိုသလို အရက်ကို ပုလင်းနဲ့ချထားတာဖြစ်ဖြစ်၊ သစ်ပင်တစ်ပင်ပင်မှာ ကြွတ်ကြွတ်အိတ်နဲ့ချိတ်ပေးထားတာဖြစ်ဖြစ် တွေ့ရတတ်တာ တင်လှိုင်ကိုကျွေးတာဖြစ်မှာပါ”
ထို့နောက် သူနှင့်ကျွန်တော် ရောက်တတ်ရာရာတွေ လျှောက်ပြောရင်း သူလဲ နှုတ်ဆက်သွားတော့သည်။
ထိုနေရာတွင် အကြောင်းဆုံ၍ဖြစ်စေ၊ အကြောင်းမဆုံ၍ဖြစ်စေ ရှပ်အကျီနှင့် နွမ်းပါးပါးလူတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုလူက အရက်နံ့လဲ နံစော်နေပါက ထိုသူသည် ခေါင်းမပြတ်ပြရင်တောင်မှ တင်လှိုင်မှ တင်လှိုင်အစစ်ဖြစ်မည်ဆိုသည်ကတော့ ငြင်းပယ်၍မရနိုင်ပါ။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်