အပိုင်း (၃) ဇာတ်သိမ်း
“ဂျိန်း”
မိုးခြိမ်းသံကိုကြားလိုက်ရသဖြင့် ဦးမောင်က ဆတ်ခနဲကောက်ထလိုက်သည်။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ခုနစ်နာရီထိုးတော့မည်ဖြစ်သည်။ သူ့ဘေးနားတွင်တော့ သမီးလေး နီနီက အိပ်ပျော်နေဆဲဖြစ်သည်။ သမီးလေးကို စောင်ခြုံပေးလိုက်ပြီး အိပ်ရာပေါ်မှဆင်းလိုက်သည်။ အပြင်ကိုထွက်လိုက်တော့ မို့မို့က မီးဖိုချောင်တွင် အလုပ်ရှုပ်နေလေသည်။
“အကိုကြီးနိုးပြီလား၊ ဘာစားမလဲ”
ဦးမောင်က တစ်ချက်စဉ်းစားလိုက်ပြီး
“မိုးအေးအေးနဲ့ဆိုတော့ ငရုတ်ကောင်းများများနဲ့ မုန့်ဟင်းခါးပူပူလေးစားလိုက်ရရင် သိပ်ကောင်းမှာပဲဟေ့”
မို့မို့က ပြုံးလိုက်ပြီး ပိုက်ဆံအိတ်ကလေးကိုယူလိုက်ကာ
“ဒါဆို ကျွန်မသွားဝယ်ပေးမယ်အကိုကြီး၊ အကိုကြီး ဒီမှာခဏစောင့်နေလိုက်ပေါ့”
မို့မို့က ထီးတစ်ချောင်းကိုယူကာ အပြင်သို့ထွက်သွားလေသည်။ ဦးမောင်က ကော်ဖီတစ်ခွက်ကိုဖျော်ရင်း ပြတင်းပေါက်မှ အပြင်သို့တစ်ချက်ကြည့်လိုက်သည်။ ညကရွာထားသည့်မိုးမှာ ယခုအထိ မတိတ်ချင်သေးပေ၊ ကောင်းကင်တွင်လည်း တိမ်ညိုတိမ်လိပ်တွေက မှောင်မည်းနေပြီး အုံ့ဆိုင်းနေသည်။ မိုးကလည် းတဖွဲဖွဲနှင့် ရွာသွန်းနေလေသည်။ ဦးမောင်က ကော်ဖီပူပူကို တစ်ငုံသောက်လိုက်တော့မှ နွေးထွေးသွားတော့သည်။ ထို့နောက် ဧည့်ခန်းသို့လျှောက်လာပြီး ဆက်တီခုံတွင်ထိုင်လိုက်ကာ တီဗွီကိုဖွင့်ကြည့်လိုက်သည်။ သတင်းဌာနတစ်ခုမှ သတင်းကြေငြာနေလေသည်။
“ဝင်္ကပါမြို့မှာ အင်ပိုင်ယာဇော်ဇော်လို့ လူသိများတဲ့ သူဌေးကြီး ဦးဇော်ဇော်ဟာ မနေ့က ညနေက အသတ်ခံခဲ့ရတယ်လို့ဆိုပါတယ်၊ ရဲတွေကတော့ ညတွင်းချင်းမှာပဲ အသတ်ခံရသူကို ဖမ်းမိထားပြီလို့ ဆိုကြပါတယ်၊ အသေးစိတ်အချက်အလက်တွေကိုတော့ ရဲဌာနက မထုတ်ပြန်သေးပါဘူးရှင်”
ထိုစဉ် ဆက်တီစားပွဲတွင် တင်ထားသည့်ဖုန်းမှာထမြည်လာခဲ့ရာ ဦးမောင်က ဖုန်းကိုင်လိုက်လေသည်။
“ဦးမောင်၊ စခန်းမှာ ထွန်းမောင်တော့ ပွဲဆူနေပြီ”
“မင်းတို့ကြည့်ပြီး ထိန်းထားလိုက်ပေါ့ကွာ”
“ထွန်းမောင်က သူ့ကိုအပြစ်မရှိဘဲဖမ်းတယ်ဆိုပြီးတော့ ဆူညံနေပါတယ်၊ အဲဒါ . . .”
ဦးမောင်က သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ၊ ငါလာခဲ့မယ်”
ဦးမောင်က အိပ်ခန်းထဲသို့ပြန်ဝင်လိုက်ပြီး အဝတ်အစားများကို အမြန်လဲလှယ်လိုက်သည်။ သေနတ်ကိုလွယ်လိုက်ပြီး အပေါ်မှမိုးကာသားဖြင့်ချုပ်လုပ်ထားသည့် ဂျာကင်တစ်ခုကို ဝတ်ဆင်လိုက်သည်။
“ဖေဖေ ဘယ်သွားမလို့လဲ”
ဦးမောင်လှည့်ကြည့်တော့ သမီးကလေး နီနီက နိုးနေပြီဖြစ်သည်။
“ဖေဖေအရေးကြီးလို့ သွားရမယ်သမီးလေး”
“လူဆိုးတွေကိုဖမ်းဖို့မဟုတ်လား”
ဦးမောင်က ခေါင်းညိတ်လိုက်ပြီး နီနီ၏ နဖူးကိုနမ်းလိုက်လေသည်။
“ဖေဖေပြန်လာခဲ့မယ်၊ ဒီညတော့ သမီးနဲ့အတူတူ ပုံဆွဲကြမယ်၊ ဟုတ်ပြီလား”
ထို့နောက် ဦးမောင်က အိမ်ထဲမှပြေးထွက်လာခဲ့သည်။ အိမ်ရှေ့တွင်ရပ်ထားသည့် သူမောင်းနေကျ ကားအိုကြီးကို စက်နှိုးလိုက်ကာ ရဲစခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။ မကြာခင် မို့မို့က အိမ်သို့ပြန်လာရာ အိမ်ရှေ့တွင် ကားမရှိတော့သဖြင့် ထူးဆန်းသွားသည်။ အိမ်တံခါးကိုအမြန်ပြေးဖွင့်လိုက်ရာ အိမ်ရှေ့ဧည့်ခန်းတွင် သမီးလေးနီနီက တီဗွီထိုင်ကြည့်နေလေသည်။
“ဟောတော်၊ နင့်အဖေ ဘယ်ရောက်သွားပြီလဲ”
“လူဆိုးဖမ်းဖို့ ထွက်သွားပြီမေမေ”
မို့မို့က သက်ပြင်းချလိုက်သည်။ ထိုအခါ နီနီက မို့မို့ကိုင်ထားသည့် ဘူးတွေကိုကြည့်လိုက်သည်။
“ဟာ၊ မုန့်ဟင်းခါးတွေ ဝယ်လာတာလားမေမေ”
“အေး၊ ဟုတ်တယ်သမီး၊ လာပါ၊ အမေတို့အတူတူစားရအောင်”
မို့မို့က မီးဖိုခန်းထဲသို့ဝင်ရင်း သက်ပြင်းချလိုက်မိတော့သည်။
(၁၀)
ဝင်္ကပါမြို့ မြောက်ပိုင်းခရိုင် ရဲစခန်း။
ရဲစခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် စခန်းမှူးက ဦးမောင်အနားတွင်လာရပ်သည်။
“ရဲမှူးရောက်နေတယ်”
သို့နှင့် ရုံးခန်းတစ်ခုအတွင်းသို့ ဝင်လာခဲ့ကြသည်။ စခန်းမှူးက ရဲမှူးကို အလေးပြုလိုက်သည်။ ရဲမှူးက ဦးမောင်ကိုကြည့်ရင်း
“မင်းလိုက်နေတဲ့ အခုလူသတ်မှုအကြောင်း ငါ့ကို ရှင်းမပြချင်ဘူးလား”
“တောင်းပန်ပါတယ်ရဲမှူး၊ ကျုပ်ရှင်းပြချင်ပေမယ့် ခင်ဗျားတို့မလိုက်နိုင်မှာ စိုးလို့ပါ”
ရဲမှူးက မျက်လုံးများပြူးကျယ်သွားသည်။ ဒေါသထွက်သွားပုံလဲရသည်။
“မင်းဟာ အဖွဲ့အစည်းနဲ့လုပ်နေရတယ်ဆိုတာကို မမေ့ပါနဲ့ ဦးမောင်”
ဦးမောင်က ရယ်မောလိုက်သည်။
“အဖွဲ့အစည်းနဲ့ဟုတ်လား၊ ကျုပ်မှာ ဘာအဖွဲ့အစည်းရှိလို့လဲ၊ ကာကွယ်ရေးဝန်ကြီးက စုံထောက်အဖွဲ့ဆိုပြီး ဖွဲ့ပေးဖို့များရှိလို့လား”
ရဲမှူး ပိုပြီးဒေါသထွက်သွားသည်။
“မင်းငါ့ကို ရွဲ့မပြောနဲ့”
“ကောင်းပြီလေ၊ ကျုပ်ဒါဆိုရင် ဒဲ့ပဲပြောမယ်၊ ကျုပ်ကိုခင်ဗျားတို့ရဲ့ ရဲတပ်ဖွဲ့ထဲ မသွင်းချင်လို့ စုံထောက်ဆိုတဲ့ ရာထူးတစ်ခုကို စီစဉ်ပြီး ကျုပ်ကိုဘေးထုတ်ထားတာမဟုတ်လားဗျ”
ရဲမှူးမျက်နှာပျက်သွားသည်။ ဦးမောင်ကဆက်လက်ပြီး
“လုပ်ထုံးလုပ်နည်းအရဆိုရင် ကျုပ်က အဖွဲ့အစည်းမရှိဘူး၊ ဒီမြို့မှာ စုံထောက်ဆိုလို့ ကျုပ်တစ်ယောက်ပဲရှိတယ်မဟုတ်လား၊ ကျုပ်က ဘယ်သူနဲ့လက်တွဲပြီးတော့ လုပ်နေရမှာလဲ”
“မ၊ မဟုတ်ပါဘူးကွာ ငါပြောချင်တာက”
“ဘာမှမပြောနဲ့ရဲမှူး၊ ကျုပ်က ခင်ဗျားတို့လက်အောက်ကဖြစ်လို့ ကျုပ်အလုပ်တွေကို ဘယ်သူ့ကိုမှ အစီရင်ခံပြနေစရာမလိုဘူးမဟုတ်လား၊ ဒီတော့ခင်ဗျားတို့ လုပ်ပေးရမှာက တစ်ခုပဲ၊ ကျုပ်က ဖမ်းဆိုတဲ့လူကိုဖမ်း၊ ထောင်ချဆိုတဲ့လူကို ထောင်ချလိုက်ရုံပဲ၊ ဒါပဲလေ”
ရဲမှူးက ခေါင်းညိတ်လိုက်သည်။
“ကျုပ်က ခင်ဗျားတို့အတွက် ခေါင်းစားပေးနေတာ၊ ခင်ဗျားတို့ဖာသာ အေးအေးဆေးဆေး နေစမ်းပါဗျ”
ထို့နောက် ဦးမောင်က အခန်းအတွင်းမှထွက်လာခဲ့လေသည်။ စခန်းမှူးကတော့ ရဲမှူးကို အလေးပြုပြီး ဦးမောင်အနောက်သို့ လိုက်လာခဲ့သည်။
“ခင်ဗျားရဲ့အထက်အရာရှိ မဟုတ်ပေမယ့်လည်း နည်းနည်းတော့ လေးစားရမှာပေါ့ ဦးမောင်ရာ”
ဦးမောင်က စခန်းမှူးဘက်သို့လှည့်လိုက်သည်။
“ဒါဆို အဲဒီရဲမှူးဆိုတဲ့လူကို ငါကအလေးပြုနေရမှာလားကွ၊ လောင်းကစားဒိုင်၊ အနှိပ်ခန်းနဲ့ နိုက်ကလပ်တွေပိုင်တဲ့ ရဲမှူးကို ငါက အလေးပြုနေရမှာလား”
ဦးမောင် ရန်တွေ့လိုက်သဖြင့် စခန်းမှူးထိတ်လန့်သွားသည်။
“ဒီလိုတော့မဟုတ်ဘူးလေ၊ ကျုပ်ပြောချင်တာက အလုပ်သဘောအရ ရိုသေမှုလေး ရှိရင်ကောင်းမယ်လို့ပြောချင်တာပါ”
“ငါလည်း ဒီအလုပ်ကို မလုပ်ချင်ဘူးကွာ၊ မင်းတို့ပဲ အားအားရှိ ငါ့ကိုဖုန်းဆက်ပြီးခေါ်နေကြတာ မဟုတ်လား”
စခန်းမှူးဘာမှမပြောနိုင်တော့သည်မို့ ဦးမောင်က အချုပ်ခန်းအတွင်းသို့ဆင်းလာခဲ့သည်။
“ငါ့ကိုဖုန်းပေး၊ ငါရှေ့နေကိုခေါ်မယ်၊ ငါမတရားအဖမ်းခံရတာကို မကျေနပ်ဘူး”
အချုပ်ခန်းပင်မရောက်သေးပေ အခန်းအတွင်းမှ အော်ဟစ်ဆူညံသံများကိုကြားလိုက်ရသည်။ ဦးမောင်က အချုပ်ခန်းသံတိုင်များအနီးသို့ရောက်လာခဲ့သည်။
“တော်လောက်ပြီထွန်းမောင်၊ ဆူဆူညံညံမလုပ်နဲ့”
ထွန်းမောင်က သူ့ကို အံ့သြစွာနှင့်ကြည့်လိုက်ပြီး
“ခင်ဗျားပဲ၊ ခင်ဗျားကျုပ်ကို အပြစ်မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား၊ ကျုပ်ကိုထုတ်ပေးစမ်းပါ”
“နားထောင်စမ်းထွန်းမောင်၊ မင်းကိုဒီထဲမှာ ဖမ်းချုပ်ထားရတယ်ဆိုတာ မင်းအသက်မသေအောင်လို့ပဲ”
ထွန်းမောင်မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘယ်လို၊ ကျုပ်မသေအောင်လို့ဟုတ်လား၊ ကျုပ်ကို ဘယ်သူက သတ်မှာလဲ”
“အခုအထိတော့ ငါမပြောနိုင်သေးဘူး၊ ဒါပေမယ့် မင်းဒီထဲမှာနေတာ အန္တရာယ်အကင်းဆုံးပဲ၊ မင်းအခုလိုနေရတာကို အမှန်တရားပေါ်ပေါက်ဖို့အတွက် ဝိုင်းဝန်းကူညီပေးနေရတယ်လို့ သဘောထားပေးပါ၊ နောက်ပြီး မင်းအပေါ် ဦးဇော်ဇော်က ကျေးဇူးရှိတယ်မဟုတ်လား”
ထွန်းမောင်ငြိမ်ကျသွားသည်။
“ဒါပေမယ့် ဒီအထဲမှာ ဝင်နေမှဖြစ်မှာလားဗျာ”
“ငါလောလောဆယ်တွေးနိုင်တဲ့ အလုံခြုံဆုံးနေရာကတော့ ဟောဒီ ရဲတစ်ထောင်လောက်ရှိတဲ့ ရဲစခန်းရဲ့ အချုပ်ခန်းထဲက အလုံခြုံဆုံးပဲကွာ”
ထွန်းမောင် ခေါင်းညိတ်လိုက်သည်။ ဦးမောင်က တစ်ဖက်သို့လှည့်ထွက်သွားလေရာ ရဲတပ်သားများနှင့် စခန်းမှူးက ဦးမောင်ကိုကြည့်နေကြလေသည်။
“ဒီလူကြီးက ထူးဆန်းတဲ့လူကြီးပဲနော်”
ရဲတပ်သားတစ်ဦးက မှတ်ချက်ပြုလေသည်။ စခန်းမှူးက ခေါင်းညိတ်ပြီး
“သိပ်ထူးဆန်းတာပေါ့ကွာ၊ ဒီလူကြီးက အမှန်တရားပေါ်ဖို့အတွက်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဖော်ထုတ်မယ့်လူကြီးကွ၊ ဒါကြောင့်လဲ သူ့ကိုရဲဌာနက လက်မခံတာ”
“ဘယ်လိုပြောလိုက်တယ်၊ လက်မခံဘူး၊ ဟုတ်လား”
ရဲတပ်သားက ထူးဆန်းနေလေသည်။
“သူသာ ရဲတပ်ဖွဲ့ထဲရောက်လာခဲ့မယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့အကြီးအကဲတွေ၊ ဝန်ကြီးတွေ၊ နိုင်ငံရေးသမားတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ဖော်ထုတ်ခံရနိုင်တယ်မဟုတ်လား၊ ဒါကြောင့် သူ့ကိုရဲတပ်ဖွဲ့ထဲမှာ နေရာမပေးဘဲနဲ့ စုံထောက်ဆိုတဲ့ရာထူးတစ်ခုကို သူ့အတွက် လုပ်ထားပေးတာ”
စခန်းမှူးပြောလိုက်တော့မှ ရဲတပ်သားက ရှင်းလင်းသွားသည်။
“စုံထောက်ရဲ့တာဝန်က အမှုလိုက်ဖို့ပဲ၊ ကျန်တဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေအားလုံးကို ပိတ်ပင်ထားတာ၊ စုံထောက်တစ်ယောက်က လူတစ်ယောက်ကို ဖမ်းဆီးခွင့်တောင်မရှိဘူးလေ၊ ဒါကြောင့်မို့ ငါတို့က သူဖမ်းဆိုတဲ့လူကို ဖမ်းပေးရတာပေါ့ကွာ၊ တစ်နည်းအားဖြင့်ပြောရင် သူ့ကိုလုပ်ပိုင်ခွင့်တွေ မပေးဘဲနဲ့ ချုပ်ကိုင်ထားတာပေါ့”
ဦးမောင်က ရဲစခန်းထဲတွင် ရဲတပ်ဖွဲ့များနှင့် စကားပြောနေလေသည်။
“ငါ ဧကရီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုချင်တယ်”
ထိုအခါ ရဲမေတစ်ဦးက ဖိုင်တွဲတစ်ခုကိုပေးလိုက်သည်။ ဦးမောင်က ဖိုင်တွဲများကိုလှန်လှောကြည့်လိုက်သည်။
“အားလုံးပုံမှန်ပဲ၊ ကျောင်းတက်တယ်၊ စာရင်းကိုင်ပညာနဲ့ဘွဲ့ရတယ်၊ နောက်တော့ တခြားလုပ်ငန်းတွေမှာလိုက်လုပ်တယ်၊ လွန်ခဲ့တဲ့ ငါးနှစ်က ဦးဇော်ဇော်နဲ့လက်ထပ်လိုက်တယ်၊ သားသမီးမထွန်းကားဘူး”
ဦးမောင်က အသံထွက်ပြီးရွတ်ဖတ်လိုက်သည်။
“နောက်ပြီးတော့ အင်ပိုင်ယာလုပ်ငန်းစုရဲ့ အချက်အလက်တွေကိုလဲ သိချင်တယ်”
ရဲမေက ဖိုင်တွဲတစ်ခုထပ်ပေးပြန်သည်။ ဒီတစ်ခါတော့ ရဲမေကပင်
“အင်ပိုင်ယာလုပ်ငန်းစုက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အရှုံးပေါ်နေခဲ့တယ်၊ လုပ်ငန်းကြီးမို့လို့ ဟန်မပျက်ရပ်တည်နေနိုင်တယ်၊ ဒါပေမယ့် ဒီလမှာတော့ အခြေအနေတွေက အတော်ဆိုးရွားခဲ့တယ်၊ ဒါကြောင့်ပဲ ဦးဇော်ဇော်က စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာရော မဖြစ်နိုင်ဘူးလား”
ရဲမေ၏ အမေးကို ဦးမောင်ဘာမှပြန်မဖြေပေ။
“ငါ့ကို ဦးဇော်ဇော်အနီးမှာရှိတဲ့ ဝန်ထမ်းတွေ၊ သူ့ရဲ့အိမ်က အလုပ်သမားတွေရဲ့ အချက်အလက်တွေအားလုံး စုဆောင်းပေးပါ”
ထိုရဲမေကပင် ဖိုင်တွဲအထပ်လိုက်ကြီးကို ဦးမောင်အားလှမ်းပေးလိုက်ပြန်သည်။ ဦးမောင်က စားပွဲတစ်လုံးတွင် ထိုဖိုင်တွဲများကိုချလိုက်ပြီး စားပွဲပေါ်တွင်ဖြန့်ကာစီလိုက်သည်။ ထို့နောက် အမှုသွား၊ အမှုလာကို စဉ်းစားနေလေသည်။ နောက်တော့ သူမလိုအပ်ဘူးထင်သည့် ဖိုင်တွဲများကို စုပုံလိုက်သည်။ ရဲတပ်သားများက ဦးမောင်လုပ်ကိုင်နေသည်ကို ငေးကြည့်နေကြသည်။ နောက်ဆုံး ခုံပေါ်တွင် ဖိုင်တွဲလေးခုသာကျန်နေခဲ့သည်။
“ဧကရီ၊ ဦးဝင်းမောင်၊ ထွန်းမောင်၊ ကျော်စွာ”
ဦးမောင်က ဖိုင်တွဲများကိုကြည့်လျှက် ပြုံးလိုက်လေသည်။ ရဲမေက အနားသို့ကပ်လာပြီး
“ကျန်တဲ့သူတွေကတော့ ဟုတ်ပါပြီ၊ ဒီကျော်စွာဆိုတဲ့သူက ဘယ်သူလဲ”
“သူက ဦးဇော်ဇော်အိမ်က ကားဒရိုင်ဘာပဲ”
“သူနဲ့ဘာဆိုင်လို့လဲ”
“အရမ်းဆိုင်တာပေါ့ကွာ၊ ကဲ ၊ အခုပဲ ဧကရီနဲ့ ကျော်စွာကို ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်လာခဲ့ကြပါ၊ ငါကတော့ ဦးဝင်းမောင်ဆီကိုသွားမယ်၊ ငါ့အတွက် ဦးဝင်းမောင်ကိုဖမ်းဆီးဖို့ ဝရမ်းတစ်စောင်ထုတ်ပေးကြ”
ထိုအခါ စခန်းမှူးက
“ဦးမောင်၊ ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ ခင်ဗျားမှာ ဖမ်းဆီးခွင့်မရှိဘူး”
“ကောင်းပြီလေ၊ ဒါဆိုရင် သူ့ကိုဖမ်းဖို့ လူနှစ်ယောက်လောက် ကျုပ်နဲ့အတူတူလိုက်ခဲ့ပေးပါ”
(၁၁)
“ဆရာ့ကို စုံထောက်တစ်ယောက်က တွေ့ချင်တယ်လို့ပြောပါတယ်”
ဦးဝင်းမောင်က ခေါင်းညိတ်ပြလိုက်ရာ အတွင်းရေးမှူးမလေးနှင့် အတူ ဦးမောင်က အခန်းထဲသို့ဝင်ရောက်လာလေသည်။ ဦးဝင်းမောင်က တစ်ချက်ညည်းတွားလိုက်ပြီး
“ခင်ဗျားဒီအမှုမပြီးမချင်း ကျုပ်ရုံးခန်းကို ဝင်ထွက်နေအုံးမှာလား”
ဦးမောင်က ပြုံးရင်း
“အမှန်တရားပေါ်ပေါက်ဖို့အတွက် ပူးပေါင်းပေးတယ်လို့ပဲ ယူဆပေးပါ ဦးဝင်းမောင်”
ဦးဝင်းမောင်က ဆေးပြင်းလိပ်တစ်လိပ်ကိုထုတ်ကာ ဖွာရှိုက်လိုက်သည်။
“ကောင်းပြီလေ၊ ကျုပ်ဘာကူညီပေးရမလဲ”
“ကျုပ် ခင်ဗျားဆီက အကြောင်းအရာတစ်ခုကိုသိချင်တယ်”
ထို့နောက် ဦးမောင်က အတွင်းရေးမှူးမလေးကို လှည့်ကြည့်လိုက်ရာ ဦးဝင်းမောင်က သဘောပေါက်သွားပြီး အတွင်းရေးမှူးမလေးကို ခေါင်းညိတ်ပြလိုက်သည်။ အတွင်းရေးမှူးမလေးက အခန်းအပြင်သို့ ပြန်ထွက်သွားသည်။
“ကျုပ် ခင်ဗျားနဲ့ ဧကရီရဲ့ ပတ်သတ်မှုကိုသိချင်တယ်”
ဦးဝင်းမောင်မျက်လုံးပြူးသွားသည်။
“ဧကရီက ကျုပ်သူငယ်ချင်းရဲ့မိန်းမလေ၊ ကျုပ်တို့က ဘာပတ်သတ်ရမှာလဲ”
“ဦးဝင်းမောင်၊ ခင်ဗျားကျုပ်ကိုဖုံးကွယ်ထားလို့မရဘူးနော်”
“ကောင်းပြီလေ၊ ခင်ဗျားသိချင်တယ်ဆိုရင်လည်းပြောပြရတာပေါ့၊ ဒါပေမယ့် ဒီကိစ္စတွေက အရမ်းအရေးကြီးတဲ့ကိစ္စတွေဗျ၊ ခင်ဗျားသာ တစ်ယောက်ယောက်ကိုပြန်ပြောပြလိုက်ရင် ကျုပ်ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်ရတယ်”
“ရပါတယ် ဦးဝင်းမောင်၊ ကျုပ်က နှုတ်ဖွာတဲ့လူမဟုတ်ပါဘူး”
ဦးဝင်းမောင်က ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဧကရီက ကျုပ်လုပ်ငန်းမှာ အလုပ်ဝင်လုပ်တယ်၊ အဲဒီတုန်းက ကျုပ်လုပ်ငန်းကလည်း ထူထောင်ခါစဆိုတော့ အခုလောက်မကြီးပွားသေးဘူးပေါ့ဗျာ၊ တစ်ရက်တော့ စာရင်းစစ်တွေက စာရင်းစစ်ရင်း ငွေတွေကွာဟနေတာကိုတွေ့လိုက်ရတယ်၊ သေချာစစ်ဆေးကြည့်လိုက်တော့ ဧကရီက အဲဒီငွေတွေကို အလွဲသုံးစားလုပ်ထားတယ်”
“အဲဒါနဲ့ ဘာဆက်ဖြစ်သေးလဲ”
“ကျုပ်က ဧကရီကို ငွေတွေပြန်လျော်ခိုင်းတယ်၊ ဒါပေမယ့် သူ့မှာလည်း ငွေတွေမရှိဘူး၊ ငွေတွေက သုံးလို့ကုန်သွားပြီတဲ့၊ ဒါနဲ့ ကျုပ်လည်း သူ့ကိုတရားစွဲပြီး ထောင်ချဖို့လုပ်တယ်၊ တစ်ညမှာတော့ ကျုပ်အလုပ်ခန်းထဲမှာ အလုပ်များနေတဲ့အချိန် ဧကရီက ရောက်လာတယ်”
“ဒါနဲ့ပဲ ခင်ဗျားတို့ ပတ်သက်သွားကြတယ်ပေါ့”
“ကျုပ်မှာ မိန်းမသုံးယောက်ရှိပေမယ့် တစ်ယောက်မှ ဧကရီကိုမမီဘူးဆိုရင် ခင်ဗျားလက်ခံမလားစုံထောက်ကြီး”
ဦးမောင်က ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ သူနဲ့ကျုပ်လည်း ဆက်ဖြစ်ကြတယ်၊ သူ့အကြွေးတွေကို ကျုပ်က လျော်ပေးမယ်လို့ ကတိပေးလိုက်တယ်၊ ဒါပေမယ့် ကျုပ်သူနဲ့ အကြိမ်ပေါင်းများစွာ မှားယွင်းခဲ့ကြတယ်၊ ကျုပ်လည်းဝန်ခံပါတယ်၊ ကျုပ်သူ့အကြွေးတွေကို အကြောင်းပြပြီးတော့ သူနဲ့အမြဲတမ်း နေထိုင်ခဲ့တယ်”
ဦးဝင်းမောင်က ဆေးပြင်းလိပ်ကြီးကို ပြာခွက်ထဲသို့ ထိုးထည့်လိုက်ပြီး ဆေးလိပ်ငွေ့များကို မှုတ်ထုတ်နေသည်။
“ဒါပေမယ့် အဲဒီအချိန်မှာ မမျှော်လင့်တာ တစ်ခုဖြစ်လာတယ်၊ အဲဒါကတော့ ကျုပ်သူငယ်ချင်း ဇော်ဇော်က ဧကရီကို ကြွေသွားတာပဲ၊ သူက ဧကရီကို အရူးအမူးဖြစ်နေတော့ ဧကရီက ကျုပ်ဆီမှာ အကြွေးတင်နေတာ၊ ခင်ဗျားဆပ်ပေးရင် ကျုပ်သူ့အကြွေးတွေကို ချေပေးမယ်လို့ ပြောလိုက်တယ်”
“ဒါနဲ့ ခင်ဗျားသူ့ဆီကနေ ငွေတွေတောင်းလိုက်တာပေါ့”
“မဟုတ်ဘူး၊ ကျုပ်က အင်ပိုင်ယာလုပ်ငန်းက စီးပွားရေးလုပ်ငန်းတစ်ချို့ကိုတောင်းလိုက်တာ၊ ဇော်ဇော်ကလည်း ကြည်ကြည်ဖြူဖြူနဲ့ ကျုပ်ကိုပေးပါတယ်၊ အဲဒီအချိန်တုန်းကသာ ဇော်ဇော်က ဈေးကွက်ဝယ်လက်တစ်ချို့ကို မပေးခဲ့ဘူးဆိုရင် ကျုပ်လုပ်ငန်းကလည်း အောင်မြင်နိုင်မှာမဟုတ်ဘူးဗျ”
“ဆက်ပြောပါအုံး”
“နောက်တော့ ဇော်ဇော်နဲ့ ဧကရီနဲ့ လက်ထပ်သွားကြတယ်၊ အဲဒီနောက်ပိုင်းတော့ ဧကရီနဲ့ကျုပ်နဲ့ မပတ်သက်ဖြစ်ကြတော့ဘူး၊ ဒီလိုနဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်မှာ စာတွေရောက်လာခဲ့တာပဲ”
“ဘာစာတွေလဲ”
ဦးဝင်းမောင်က သော့တံတစ်ခုကိုထုတ်ယူလိုက်ပြီး ပန်းချီကားတစ်ချပ်အနီးသို့သွားလိုက်သည်။ ထို့နောက် ပန်းချီကားချပ်ကို ဖြုတ်ချလိုက်သည့်အခါ အနောက်ဘက်တွင် မီးခံသေတ္တာကလေးတစ်လုံးရှိနေသည်ကိုတွေ့လိုက်ရသည်။ သူ့လက်ထဲမှသော့ဖြင့် မီးခံသေတ္တာကိုဖွင့်ယူပြီး စာများကိုထုတ်ယူကာ ဦးမောင်ကိုပေးလိုက်သည်။
စာများက ခြိမ်းခြောက်ရေးသားထားသည့် စာများဖြစ်သည်။
“အမှန်တရားက တစ်ရက်တော့ ဘယ်နည်းနဲ့မဆို ပေါ်လာလိမ့်မယ်”
စာတစ်ကြောင်းတည်းရေးထားသည့် စာရွက်ကို တွေ့လိုက်သဖြင့် ဦးမောင်က မျက်ခုံးပင့်လိုက်မိသည်။ ထိုစာတန်းမှာ ဦးဇော်ဇော်သေဆုံးချိန်တွင် တွေ့ခဲ့ရသည့် စာကြောင်းတစ်ခုဖြစ်သည်။ နောက်စာစောင်များတွင်တော့ ဦးဝင်းမောင်နှင့် ဧကရီတို့၏ လိင်ဆက်ဆံနေသည့် ဓါတ်ပုံများပါဝင်နေလေသည်။ ဦးဝင်းမောင်က
“ဒီဓါတ်ပုံတွေက အရင်တုန်းက ကျုပ်နဲ့ဧကရီနဲ့ဖြစ်ခဲ့တဲ့အချိန်က ဓါတ်ပုံတွေပဲ၊ အဲဒီတုန်းက သူနဲ့ဇော်ဇော်နဲ့ မညားကြသေးဘူးပေါ့၊ ဒါပေမယ့် ဒီဓါတ်ပုံတွေမှာ ရက်စွဲမပါဘူးလေ”
“ခင်ဗျားကို ငွေညှစ်ခဲ့တဲ့ပုံပဲ”
“ကျုပ်ဆီက သန်းတစ်ရာ တောင်းတယ်”
“ခင်ဗျားပေးလိုက်သလား”
ဦးဝင်းမောင်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်ပေးလိုက်ရတာပေါ့၊ သူက ပိုက်ဆံမပေးရင် ဒီဓါတ်ပုံတွေကို ဇော်ဇော်ကိုပြမယ်လို့ဆိုတာကိုး၊ ခင်ဗျား စဉ်းစားကြည့် စုံထောက်ကြီးရာ၊ သူ့သူငယ်ချင်းဖြစ်တဲ့သူက သူ့မိန်းမနဲ့အိပ်နေတဲ့ပုံတွေကိုတွေ့ရင် ဇော်ဇော်ဘယ်ခံစားနိုင်ပါ့မလဲ၊ နောက်ပြီးတော့ အဲဒီအချိန်က ဇော်ဇော်နဲ့ကျုပ်နဲ့ စီးပွားရေးအမြင်ချင်းမတူလို့ ကတောက်ကဆဖြစ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်တင်းမာနေတဲ့အချိန်မဟုတ်လား”
“သန်းတစ်ရာဆိုတာ နည်းတဲ့ငွေပမာဏမဟုတ်ပေမယ့် ကျုပ်ရဲ့ ဂုဏ်သိက္ခာ၊ နောက်ပြီး ဇော်ဇော်ရဲ့ ဂုဏ်သိက္ခာ၊ ကျုပ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ ဒါတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ ဒီငွေလောက်တော့ ကျုပ်အဆုံးရှုံးခံနိုင်တယ်လို့ တွေးမိပြီးပေးလိုက်တာပဲ”
ဦးမောင်က ပြုံးလိုက်သည်။
“ခင်ဗျားက တကယ်တော်တဲ့သူငယ်ချင်းကောင်းပါပဲဗျာ၊ ကဲ၊ ကျုပ်သိချင်တာ သိရပြီမို့ သွားခွင့်ပြုပါအုံး”
ဦးမောင်ကလှည့်ထွက်လိုက်သည်။
“ဒါနဲ့ မနေ့က ညစာစားပွဲကို ဧကရီတက်သေးတယ်မဟုတ်လား”
“တက်ပါသေးတယ်၊ နောက်တော့မှ အိမ်ကဖုန်းလာလို့ ဇော်ဇော်သေတယ်ဆိုတော့မှ အပြေးပြန်သွားခဲ့တာ”
“ကောင်းပါပြီ၊ ဦးဝင်းမောင်၊ စိတ်တော့မရှိပါနဲ့ ခင်ဗျားကို လူသတ်မှုအတွက် သံသယရှိသူအနေနဲ့ ဖမ်းဆီးလိုက်ပါတယ်၊ ဟောဒါကတော့ ခင်ဗျားအတွက်ထုတ်ထားတဲ့ ဖမ်းဝရမ်းပါ”
ဦးမောင်က ဦးဝင်းမောင်၏ စားပွဲပေါ်သို့ ဝရမ်းစာရွက်ကိုထုတ်ပြလိုက်သည်။ ဦးဝင်းမောင်မှာ အလွန်ထူးဆန်းနေလေသည်။
“ကျုပ်၊ ကျုပ်နဲ့ဘာဆိုင်လို့လဲ”
“ဒါကတော့ အကုန်လုံးစုံမှ ရှင်းကြတာပေါ့ဗျာ၊ ကျုပ်နဲ့အတူတူလိုက်ခဲ့ပေးပါ”
“ကဲ၊ လာကြဟေ့”
အခန်းတံခါးပွင့်သွားပြီး ရဲနှစ်ယောက်ဝင်လာသည်။ ဦးဝင်းမောင်က အသာတကြည်ပင်လိုက်လာခဲ့သဖြင့် သူ့ကိုတွဲပြီး ဖမ်းဆီးလာခဲ့လိုက်သည်။
(၁၂)
ရဲစခန်းရောက်တော့ အချုပ်ခန်းအတွင်းတွင် လူစုံနေပြီဖြစ်သည်။ ဦးမောင်က သူတို့လေးယောက်စလုံးကို စစ်ဆေးသည့်အခန်းအတွင်းသို့ထည့်လိုက်ပြီး သူလည်းလိုက်ဝင်ခဲ့သည်။ စခန်းမှူးနှင့် အခြားလူများကတော့ အခန်းအပြင်မှ နားထောင်နေကြလေသည်။
“လုပ်စမ်းပါ စုံထောက်ကြီးရဲ့၊ ရှင့်ကျွန်မတို့အားလုံးမှာ ဘာအပြစ်ရှိလို့ ဖမ်းလိုက်တယ်ဆိုတာသာပြောတော့၊ ရှင်မပြောနိုင်ရင်တော့ ကျွန်မတို့က ရှင့်ကို မတရားဖမ်းဆီးမှုအတွက် တရားစွဲမယ်”
ဦးမောင်က ထိုသူများ၏ အရှေ့ရှိ ခုံတွင်ထိုင်ချလိုက်သည်။
“ကောင်းပြီလေ၊ ပြောရရင်တော့ နည်းနည်းပေရှည်မယ်ပေါ့၊ ဒါတွေအားလုံးရဲ့ အစက မင်းပဲ ဧကရီ”
ဦးမောင်က ဧကရီကို လက်ညှိုးထိုးလိုက်သဖြင့် ဧကရီမျက်လုံးပြူးသွားသည်။
“ဘာဆိုင်လို့လဲ ရှင့်မှာ ဘာသက်သေမှ မရှိဘဲနဲ့ ကျွန်မကိုလာမစွပ်စွဲနဲ့”
“သက်သေတွေက မကြာခင်ရောက်လာပါလိမ့်မယ်၊ အခု သက်သေတွေကို ရှာဖွေဝရမ်းနဲ့ ရှာဖွေနေပါပြီ”
ထွန်းမောင်က အံ့သြနေလေသည်။
“ဒါဆိုရင်လည်း ပြောစမ်းပါအုံးဗျာ”
“ကျုပ်တိုတိုပဲပြောမယ်၊ ဧကရီက ငယ်ငယ်ကတည်းကလှချင်တယ်၊ အသုံးအဖြုန်းကြီးတယ်၊ ဒါနဲ့ ကျောင်းတက်ရင်းနဲ့ ဟောဒီက ကျော်စွာနဲ့ ချစ်သူတွေဖြစ်ကြတယ်”
ကျော်စွာဆိုသူက ရယ်မောလိုက်သည်။
“ခင်ဗျားစကားက အဓိပ္ပါယ်မရှိဘူးဗျာ၊ ကိုယ်လိုရာဆွဲတွေးတာပဲ”
“အဓိပ္ပါယ်ရှိပါတယ်၊ ကျော်စွာကလည်း စာရင်းကိုင်ပညာနဲ့ ဘွဲ့ရတဲ့သူပဲ၊ နောက်ပြီးတော့ ဧကရီကလည်း စာရင်းကိုင်ပညာနဲ့ဘွဲ့ရခဲ့တယ်၊ တက်တဲ့နှစ်နဲ့ ဘွဲ့ရတဲ့အမှတ်စဉ်လည်း တူတူပဲ၊ အခုရဲတွေက တက္ကသိုလ်ကိုဆက်သွယ်ပြီးတော့ အတည်ပြုနေကြတယ် မကြာခင်တော့ အကုန်လုံးသိရမှာပါ”
“ခင်ဗျားရူးနေတာပဲ၊ ကျောင်းအတူတူတက်ခဲ့တာနဲ့ ကျုပ်က လူသတ်သမားဖြစ်ရောလားဗျ၊ ခင်ဗျားက စာရင်းကိုင်နဲ့ဘွဲ့ရတဲ့လူတွေတိုင်းကို လိုက်ပြီးစွပ်စွဲနေတာ အဓိပ္ပါယ်မရှိဘူး”
ဦးမောင်က ကျော်စွာ၏ စကားကိုကြားတော့ ပြုံးလိုက်မိသည်။
“ကျုပ်အတွက်ကတော့ စာရင်းကိုင်ပညာနဲ့ဘွဲ့ရတဲ့လူက ဘာလို့ ကားဒရိုင်ဘာဝင်လုပ်နေသလဲဆိုတာက ပိုပြီးအဓိပ္ပါယ်မရှိသလိုပဲ”
ကျော်စွာပါးစပ်ပိတ်သွားသည်။ ဦးမောင်က ဆက်လက်ပြီး
“ဖြစ်ချင်တော့ ကျော်စွာကလည်း ပိုက်ဆံမရှိဘူး၊ ဒါနဲ့ ဧကရီကို သူလုပ်နေတဲ့ ဦးဝင်းမောင်တို့ လုပ်ငန်းမှာ အလုပ်သွင်းပေးလိုက်တယ်၊ ဧကရီက အဲဒီမှာလုပ်နေရင်း ကျော်စွာလို မျက်နှာမွဲ၊ ပိုက်ဆံမရှိတဲ့လူတစ်ယောက်ကို သူအထင်မကြီးတော့ဘူးလေ၊ ဒီတော့ သူက သူဌေးကတော်ကြီးဖြစ်ချင်တယ်၊ ချမ်းသာတဲ့သူတွေနဲ့ တွဲသွားတွဲလာလုပ်ချင်တယ်၊ အဲဒါကြောင့် အကောင်းစားမိတ်ကပ်တွေ၊ အကောင်းစားအလှကုန်တွေ သုံးစွဲတယ်၊ ဧကရီဆီမှာ ပိုက်ဆံမရှိတော့ ဦးဝင်းမောင်လုပ်ငန်းက ငွေတွေကို စာရင်းလိမ်ပြီး ခိုးသုံးတယ်”
ဧကရီမျက်နှာပျက်သွားသည်။ ကျော်စွာလည်း ဒေါသထွက်နေပုံရသည်။
“ဖြစ်ချင်တော့ ဧကရီက သူဌေးသားတစ်ယောက်နဲ့မချိတ်မိခင်မှာ ဦးဝင်းမောင်က ဧကရီစာရင်းလိမ်တာကိုတွေ့သွားတယ်၊ ငွေမလျော်နိုင်ရင် ထောင်ချမယ်လို့ပြောတယ်၊ ဧကရီမှာ ငွေမရှိဘူး၊ သူသုံးချင်တာ သုံးလိုက်လို့ကုန်ပြီ၊ အဲဒါနဲ့ ဧကရီက ဦးဝင်းမောင်ကြီးကို မြှူဆွယ်တယ်”
“ကျုပ်အထင် ဒီအချိန်ှမှာ ကျော်စွာသိသွားလိမ့်မယ်၊ ကျော်စွာနဲ့ ဧကရီစကားများပြီးတော့ ကျော်စွာ သုံးနှစ်လောက်ပျောက်သွားတယ်၊ ဧကရီက အဲဒီအချိန်မှာ ဦးဝင်းမောင်ကြီးကို ထောင်ချောက်တစ်ခုဆင်ခဲ့တယ်၊ အဲဒါကတော့ သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို ရိုက်ထားခဲ့တာပဲ”
ဦးဝင်းမောင် မျက်လုံးပြူးသွားသည်။
“ဒါဆိုရင် ကျုပ်ဆီကို ခြိမ်းခြောက်စာတွေ ပို့နေတာက၊ သူပေါ့၊ ဧကရီပေါ့”
ဧကရီက သရုပ်ဆောင်ကောင်းသူပီပီ မတုန်မလှုပ်နဲ့ထိုင်နေလေသည်။
“အမှန်ပေါ့ဗျာ၊ သူက တစ်ချိန်မှာ ခင်ဗျားဆီကနေ ငွေညှစ်ဖို့ကြိုးစားချင်လို့ပဲ၊ ခုနက စကားဆက်ရရင် ဧကရီက ကျော်စွာနဲ့ပြတ်သွားပြီးတော့ ဦးဝင်းမောင်ရဲ့ အမြှောင်မယားဖြစ်မလားဆိုပြီး တွေးနေမိသေးတယ်၊ ဒါပေမယ့် ဦးဝင်းမောင်က လူလည်ပဲဗျာ၊ ဧကရီကို ကြိုးရှည်ရှည်နဲ့လှန်ထားတယ်ပေါ့၊ ဒီအချိန်မှာပဲ မမျှော်လင့်တာဖြစ်လာတယ်၊ အဲဒါကတော့ ဧကရီကို ဦးဇော်ဇော်က ချစ်မိသွားတာပဲ”
“ဒီအဖြစ်မှာ ခင်ဗျားတို့နှစ်ယောက်စလုံး အမြတ်ထွက်သွားတယ်၊ ဧကရီက ဦးဝင်းမောင်ဆီကနေပြီး တကယ့်သူဌေး ဦးဇော်ဇော်ရဲ့ မိန်းမဖြစ်ခဲ့သလို၊ ဦးဝင်းမောင်ကလဲ ဦးဇော်ဇော်ဆီကနေ ဈေးကွက်တွေ ရခဲ့တယ်မဟုတ်လား”
ထိုတော့မှ မတုန်မလှုပ်နေသည့် ဧကရီက အံ့အားသင့်သွားလေသည်။
“ရှင်တကယ်ပဲလား ဦးဝင်းမောင်၊ ဧကရီရဲ့ အကြွေးတွေကို အကိုကြီးက ဆပ်ပေးခဲ့တာမဟုတ်ဘူးလား”
ဦးဝင်းမောင်က ခေါင်းခါလိုက်သည်။
“ငါက ပိုက်ဆံအစားသူ့ဆီကနေ ဈေးကွက်တွေ တောင်းခဲ့တာ၊ သူငါ့ကို ဈေးကွက်တွေခွဲပေးခဲ့လို့ ငါ့လုပ်ငန်းအောင်မြင်လာခဲ့တာပဲ”
ဧကရီ မျက်ရည်များဝဲလာခဲ့သည်။
“ကျုပ်ပြောတာမဆုံးသေးဘူးနော်၊ ဒီလိုနဲ့ သုံးနှစ်လောက်နေတော့ ဦးဇော်ဇော်မှာ ဒူလာရောဂါဖြစ်လာတယ်၊ သူမသေခင်အထိ ဒူလာဆေးတွေကို သောက်နေရတယ်လို့ ဆရာဝန်ကထွက်ဆိုထားပြီးသား၊ ဒီတော့ ဧကရီက ဆန္ဒမပြည့်ဘူးူဖြစ်လာတယ်၊ အဲဒီအချိန်မှာ ကျော်စွာကို ပြန်ချဉ်းကပ်ခဲ့တယ်”
“ကျော်စွာက ကားဒရိုင်ဘာအဖြစ်နဲ့ ဦးဇော်ဇော်တို့အိမ်မှာ အလုပ်ဝင်ခဲ့တယ်၊ ခင်ဗျားတို့ သူမသိအောင် ငြိစွန်းခဲ့ကြတယ်၊ ဒါပေမယ့် တကယ့်အဖြစ်အပျက်တွေက လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ စတင်လာတယ်၊ အသုံးအဖြူန်းကြီးတဲ့ ဧကရီက အကြွေးတွေတက်လာခဲ့တယ်၊ သူဝတ်တဲ့ စိန်တွေ၊ လက်ဝတ်ရတနာတွေ၊ ဒီဇိုင်နာတွေချုပ်တဲ့ အဝတ်အစားတွေ၊ အသုံအဆောင်ကောင်းတွေက တကယ်တော့ သူတတ်နိုင်လို့ဝယ်ခဲ့တာမဟုတ်ဘူး၊ သူက ဦးဇော်ဇော်ရဲ့ မိန်းမဖြစ်နေလို့ ဒီလုပ်ငန်းရှင်တွေက သူ့ကိုအကြွေးနဲ့ ရောင်းချပေးခဲ့တာ၊ ဒီတော့ ဧကရီမှာဒါတွေကိုဆပ်ဖို့ ငွေလိုလာခဲ့ပြီလေ၊ ဦးဇော်ဇော်ရဲ့ လုပ်ငန်းတွေကလဲ သိတဲ့အတိုင်းပဲ သိပ်မကောင်းဘူးဆိုတော့ ဦးဇော်ဇော်ဆီကနေ ငွေတွေတောင်းလို့မရခဲ့ဘူး”
“အဲဒီမှာ မင်းဘက်ကို မြှားဦးလှည့်လာတာပဲ ထွန်းမောင်”
ထွန်းမောင်က ကြောင်စီစီနဲ့ကြည့်နေသည်။
“ကျုပ်က ဘယ်လိုပါလာရတာလဲ”
“ဧကရီက မင်းနဲ့ဖောက်ပြန်ဖို့ကို အစကတည်းက ကြံရွယ်ထားပြီးသားပဲကွ၊ ဒါနဲ့ မင်းတို့နှစ်ယောက် မှားခဲ့တယ်ဆိုပါတော့”
“နေပါအုံး၊ ကျုပ်နဲ့ဖောက်ပြန်လို့ သူ့မှာ ဘာအကျိုးရှိသွားလို့လဲ”
ထွန်းမောင်က ဘာမှနားမလည်နိုင်ပေ။
“အကျိုးရှိတာပေါ့ကွာ၊ ဘာလို့လဲဆိုတော့ သူတောင့်တနေတဲ့အရာကို မင်းဆီကနေရတယ်၊ နောက်ပြီးတော့ သူ့ယောက်ျားကိုလည်း သူငွေညှစ်လို့ရတယ်လေ”
ဦးမောင်က ဧကရီကိုရယ်ကျဲကျဲဖြင့်ကြည့်ပြီးပြောလိုက်ရာ ကျော်စွာက ဒေါသထွက်ကာ မတ်တပ်ရပ်လိုက်သည်။
“ခင်ဗျားအဲဒါတွေဆက်မပြောနဲ့တော့နော်”
ဦးမောင်က အေးအေးဆေးဆေးပင်
“ငါမင်းခံစားချက်ကိုနားလည်ပါတယ်ကျော်စွာရာ၊ မင်းက ဧကရီကို တခြားသူနဲ့ဖြစ်နေတာကို မမြင်ဝံ့ဘူးမဟုတ်လား၊ ဒါကြောင့် မင်းနဲ့ငါနဲ့ ဂိုထောင်မှာတွေ့တော့ မင်းကသူ့ကို အပျက်မလို့ ပြောခဲ့တာပေါ့”
ကျော်စွာမျက်လုံးပြူးသွားသည်။
“ခင်၊ ခင်ဗျား ကျုပ်ကိုသိနေတယ်၊ ဟုတ်လား”
“ငါက စုံထောက်ပါကွ၊ မင်းနဲ့စကားပြောတဲ့အခါ မင်းရဲ့လေသံက တုန်ယင်နေတယ်၊ ဧကရီအကြောင်းပြောတဲ့အခါ ဒေါသထွက်နေတာရယ်၊ ပိုဆိုးတာကတော့ အမှုမှန်ပေါ်ဖို့ ကူညီတယ်ဆိုပြီးပြောကတည်းက မင်းကိုငါက သိထားလိုက်ပြီးသားကွ၊ မင်းက ဧကရီနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေရမယ်ဆိုတာလေ”
ထွန်းမောင်က အလွန်သိချင်နေလေသည်။
“တော်ကြပါအုံး၊ အဲဒါတွေနောက်မှပြောပါ၊ အခုကျန်တာဆက်ပြောစမ်းပါ”
“ငါမေးမယ်ထွန်းမောင်၊ မင်းဆွဲခဲ့တဲ့ ဧကရီရဲ့ ဝတ်လစ်စားလစ်ပုံကို လူဘယ်နှယောက်မြင်ခဲ့ဖူးသလဲ”
ထွန်းမောင်စဉ်းစားသွားသည်။
“နှစ်ယောက်၊ သူရယ်၊ ကျုပ်ရယ်”
“အဲဒါရှင်းနေတာပဲလေ၊ ဧကရီက မင်းနဲ့သူဖြစ်နေတာတွေကို မှတ်တမ်းတင်ထားမယ်၊ နောက်ပြီးတော့ မင်းဆွဲခဲ့တဲ့ပုံကို ဓါတ်ပုံဖြစ်ဖြစ်ရိုက်ယူထားမယ်လေ၊ ဒါတွေကို သူ့ယောက်ျားကို တစ်ယောက်ယောက်က ခြိမ်းခြောက်တဲ့ပုံစံနဲ့ စာတွေပို့ပြီးတော့ ငွေညှစ်ခဲ့တာပဲ၊ မင်းဘယ်လောက်ရလိုက်သလဲ ဧကရီ”
“ကျွန်မက ဘာလို့ရှင့်ကိုပြောပြရမှာလဲ”
ဦးမောင်ခေါင်းညိတ်လိုက်သည်။
“အခုမပြောလည်း နောက်ရဲတွေစစ်ရင် ပြောရမှာပါ၊ ဆက်ပြောရရင် ဧကရီရဲ့အကြွေးတွေက ဒီလောက်နဲ့မကျေသေးတော့ လွန်ခဲ့တဲ့ ခြောက်လလောက်မှာ ဦးဝင်းမောင်ဆီကို အရင်က ပုံဟောင်းတွေပို့ပြီးတော့ ငွေထပ်ညှစ်တာပေါ့”
ဦးဝင်းမောင် ဒေါသအလွန်ထွက်နေသည်။
“ဧကရီ၊ တကယ်ပဲ မင်းလုပ်ခဲ့တာလား”
ဧကရီက ဘာမှမပြောပေ။ ဦးမောင်ကဆက်လက်ပြီး
“ငွေညှစ်လို့ရမှန်းသိတော့ နောက်ဆုံးတစ်ခေါက် သူ့ယောက်ျားကို သူပြန်ငွေညှစ်တယ်၊ ဒီတစ်ခါတော့ ဦးဇော်ဇော်က စီးပွားရေးကျနေတာမို့ ငွေလုံး၀ မပေးနိုင်တော့ဘူး၊ ဒီတော့ ခြိမ်းခြောက်တဲ့အနေနဲ့ သူ့ရဲ့ဝတ်လစ်စားလစ်ပုံကို တခြားပန်းချီဆရာတစ်ယောက်ဆီကို အပ်ပြီးတော့ ထွန်းမောင်ဆွဲပါတယ်လို့ လုပ်ရတော့တာပေါ့”
ထွန်းမောင်က လက်ဖျောက်တီးလိုက်သည်။
“ဟုတ်ပြီ၊ ကျုပ်မပြောဘူးလား၊ စုတ်ချက်တွေ မတူပါဘူးလို့”
“ဒါပေမယ့် ဧကရီ နားမလည်တာတစ်ခုရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ အချစ်ဆိုတဲ့အရာကိုပဲ”
အားလုံးက ဧကရီမျက်နှာကိုကြည့်လိုက်သည်။
“ဦးဇော်ဇော်က ဧကရီကို အရမ်းချစ်ရှာတယ်၊ ဒါနဲ့ ဇာတ်လမ်းတစ်ခုကိုဆင်လိုက်တယ်၊ သူဆင်လိုက်တဲ့ ဇာတ်လမ်းက သူ့မိန်းမ ဧကရီပျော်ရွှင်ဖို့အတွက်ပဲ၊ ဦးဇော်ဇော်က လွန်ခဲ့တဲ့တစ်လလောက်က အာမခံကုမ္မဏီတွေဆီမှာ အသက်အာမခံတွေလုပ်ထားခဲ့တယ်၊ ပြီးတော့ သူအသေခံဖို့ဆုံးဖြတ်လိုက်တယ်၊ အသက်အာမခံထားရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုရင် အာမခံတွေအကုန်ဆုံးသွားတတ်တယ်၊ ဒါကြောင့်မို့လို့ သူများက သတ်မှရမယ်”
“ဒါနဲ့ပဲ ညစာစားပွဲရှိတဲ့ညရောက်တော့ သူမလိုက်တော့ဘူး၊ ဧကရီကို သူ့ကိုယ်စားသွားခိုင်းတယ်၊ အဲဒီမှာ သူနဲ့သိတဲ့ ထွန်းမောင်ကို ခေါ်လိုက်တယ်၊ သူဖြစ်စေချင်တာကတော့ ထွန်းမောင်က သူ့ကိုသတ်စေချင်တာပေါ့၊ သူတို့ဖောက်ပြန်တာကို သိသွားတဲ့အခါမှာ ထွန်းမောင်က ဦးဇော်ဇော်ကို သတ်လိုက်တာမျိုးဖြစ်စေချင်တာ၊ ဒီအတွက်လည်း သူကစီစဉ်ထားပြီးသားပါ၊ ထွန်းမောင်က သူ့ကိုသတ်ပြီးတော့ မြင်းမိုရ်ဟိုတယ်မှာ သွားရှောင်နေမယ်၊ ပြီးတော့ သူလည်း အာမခံငွေတွေရမယ်၊ ဒီတော့ ထွန်းမောင်နဲ့ ဧကရီတို့ အချင်းချင်းပေါင်းဖက်ပါစေဆိုတဲ့ သဘောနဲ့ ဦးဇော်ဇော်က လုပ်ပေးခဲ့တာ”
“ဒါပေမယ့် ထွန်းမောင်က အနုပညာသမား၊ သူက ဦးဇော်ဇော်ကို မသတ်ဝံ့ခဲ့ဘူး၊ ဒါနဲ့ အခန်းထဲက ပြေးထွက်သွားတယ်၊ ဦးဇော်ဇော်က မသေလို့မရဘူး၊ ဒါနဲ့ပဲ ဧကရီက အဆုံးသတ်ပေးလိုက်ရတယ်မဟုတ်လား”
ဧကရီမျက်လုံးတွေပြူးသွားသည်။
“ဒီကိစ္စတွေကို ဦးဇော်ဇော်က သူ့သူငယ်ချင်း ဦးဝင်းမောင်ကို ဖွင့်ပြောခဲ့လိမ့်မယ်၊ ကျုပ်စုံစမ်းလိုက်တော့ ဒီပွဲကိုစီစဉ်တာကလည်း ခင်ဗျားပဲ၊ ပွဲတက်တဲ့သူတွေကလည်း ခင်ဗျားနဲ့မကင်းရာ မကင်းကြောင်းတွေပဲ၊ တကယ်တော့ ဧကရီက အဲဒီပွဲကိုမတက်ခဲ့ဘူး၊ ခင်ဗျားတို့အားလုံးပေါင်းပြီးတော့ စည်းဝါးကိုက်ပြီး လိမ်လည်ထားကြတာမဟုတ်လား၊ ကျုပ်ပိုပြီး သံသယဝင်သွားတာက ခင်ဗျားတို့ ညစာစားပွဲလုပ်တဲ့ ဟိုတယ်အခန်းထဲမှာ စီစီတီဗွီကင်မရာတွေ ရှိမနေတာပဲ”
ဦးမောင်က စားပွဲခုံကို ပုတ်လိုက်သည်။
“ဒီတော့ ဝန်ခံတဲ့လူက အပြစ်ဒဏ်လျော့ပေါ့ခံရမယ်၊ ကဲ ထွန်းမောင်၊ မင်းက ဘာမှမဆိုင်ဘူးဆိုတော့ မင်းသွားလို့ရပြီ”
ထွန်းမောင်ထွက်သွားတော့မှ ဦးဝင်းမောင်ကလည်း ခေါင်းညိတ်သည်။
“ငါဝန်ခံပါတယ်၊ လွန်ခဲ့တဲ့ သုံးလေးလလောက်တုန်းက ငါ့သူငယ်ချင်းဇော်ဇော်က ငါ့ကိုတိုင်ပင်တယ်၊ ငါဒီလိုမလုပ်ချင်ခဲ့ဘူး၊ ငါသူ့ကို အကြိမ်ကြိမ်ငြင်းဆန်မိခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးတစ်ခေါက်တော့မှ ငါသူ့ကိုလုပ်ပေးမယ်လို့ ဆုံးဖြတ်ခဲ့လိုက်တယ်၊ ဒါနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ညစာစားတဲ့ပွဲကို ဖန်တီးခဲ့တယ်၊ အဲဒီပွဲမှာတက်တဲ့သူတွေအားလုံးကို ဧကရီလည်း ပွဲတက်တယ်ဆိုတဲ့ ပုံစံမျိုး ပြောခဲ့တယ်၊ ဒီလိုပြောရတာကလည်း ဇော်ဇော်က သူ့မိန်းမကို ရဲတွေ သံသယဖြစ်မှာစိုးလို့ အလီဘိုင်(ပြစ်မှုကျူးလွန်ခဲ့သည့်နေရာတွင် ရှိမနေခဲ့သည့် သက်သေပြချက်) ပြချင်လို့ပဲ”
ဦးမောင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီဦးဝင်းမောင်၊ ခင်ဗျားရဲ့လုပ်ရပ်က ကြီးလေးတဲ့ ပြစ်ဒဏ်မဟုတ်ဘူးဆိုတော့ ခင်ဗျားလဲသွားလို့ရပါပြီ”
ဦးဝင်းမောင်က ဧကရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲမှထွက်သွားလေသည်၊ နောက်ဆုံးတော့ အခန်းထဲတွင် ဧကရီနှင့် ကျော်စွာသာ ကျန်နေခဲ့သည်။ ကျော်စွာက ပေကပ်ကပ်လုပ်နေသည်။
“ကျော်စွာ၊ မင်းဝန်ခံလိုက်လို့ရတယ်နော်၊ မင်းကလည်း ဘာပြစ်မှုကြီးကြီးမားမားမှ ကျူးလွန်ထားတာမဟုတ်ဘူး”
ကျော်စွာက နှုတ်ဆိတ်နေလေသည်။
“ကျွန်မဝန်ခံပါတယ်”
ဧကရီက ထပြောလေသည်။
“ကျွန်မက ရှင်ဒီအမှုကိုလိုက်မယ်ဆိုတာကိုသိနေခဲ့တယ် ဦးမောင်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ပုံစံဖြစ်အောင်လို့ လုပ်ခဲ့တာပဲ၊ ဒါပေမယ့် ရှင်ကြည့်လိုက်တဲ့အခါမှာ လူသတ်မှုဆိုတာကို သိနေမယ်မဟုတ်လား”
“မင်းပါးစပ်ပိတ်ထားစမ်း ဧကရီ”
ကျော်စွာက ထပြောသည်။ ဦးမောင်လည်း မတ်တပ်ရပ်လိုက်ပြီး ကျော်စွာ၏ပုခုံးကိုဆုပ်ကိုင်ထားလိုက်သည်။
“မင်းရဲ့ခံစားချက်ကို နားလည်ပါတယ် ကျော်စွာ၊ မင်းက ဧကရီကို သံသယဖြစ်မှာစိုးလို့ ငါ့ကိုတမင် ထွန်းမောင်ဘက်အာရုံရောက်သွားအောင်လို့ လမ်းလွှဲပေးခဲ့တယ်မဟုတ်လား”
ကျော်စွာက ဦးမောင်ကို အသေအချာကြည့်လိုက်သည်။ ထို့နောက် ဦးမောင်၏ အကျီချိုင်းအောက်ကိုလှမ်းကြည့်နေလေသည်။ ဦးမောင်က သိသွားပြီး မျက်လုံးများပြူးကျယ်သွားသည်။
“မလုပ်နဲ့ ကျော်စွာ”
သို့သော် သူနောက်ကျသွားခဲ့ပြီ၊ ကျော်စွာက သူ့ချိုင်းကြားမှ သေနတ်ကိုအလျှင်အမြန်ဆွဲထုတ်လိုက်ပြီး သူ့ရင်ဝကို ဆောင့်တွန်းလိုက်ရာ ဦးမောင်လည်း အနောက်သို့ ယိုင်လဲကျသွားသည်။ ကျော်စွာက သေနတ်ဖြင့် ဧကရီ၏ ခေါင်းကိုချိန်လိုက်ပြီး သေနတ်မောင်းခလုပ်ကို နှိပ်ချလိုက်လေသည်။
“ဒိုင်း”
ကျယ်လောင်သည့် သေနတ်သံထွက်ပေါ်လာပြီး ထိုင်ခုံတွင် ထိုင်နေသည့် ဧကရီမှာ အနောက်သို့ ပက်လက်လန် လဲကျသွားလေသည်။ ကျော်စွာက ခြောက်လုံးပြူးသေနတ်ကို သူ့မေးစေ့သို့ သူထိုးချိန်လိုက်ပြီးနောက် သေနတ်မောင်းခလုပ်ကို နှိပ်ချလိုက်ပြန်သည်။ ဦးမောင်က ကျော်စွာ၏ ခြေထောက်ကို အသာလှမ်းဆွဲလိုက်သည်။
“ဒိုင်း”
သေနတ်သံနောက်တစ်ချက်ထွက်လာခဲ့ပြီး ကျော်စွာလဲကျသွားသည်။ ရဲတပ်သားများက အခန်းအတွင်းသို့ ပြေးဝင်လာကြသည်။ ကျော်စွာမှာ သူ့ခေါင်းကိုသူပြန်မပစ်မိဘဲ ကျည်ဆန်က အခန်းခေါင်မိုးမျက်နှာကျက်တွင် ဖောက်ဝင်သွားလေသည်။ ရဲတပ်သားများက ကျော်စွာကို ဖမ်းချုပ်ထားကြသည်။ ကျော်စွာက ရယ်မောနေလေသည်၊ ထို့နောက် ငိုကြွေးပြန်သည်။
“ကျုပ်သတ်တာ၊ သူတို့ကို ကျုပ်သတ်တာ၊ ဟုတ်ပြီလား၊ ကျုပ်ကိုဖမ်းကြပါ၊ ဧကရီမှာအပြစ်မရှိဘူး၊ ဧကရီ ထောင်ထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေရမှာကို ကျုပ်မမြင်ချင်ဘူး၊ အီး၊ ဟီး”
ရဲတပ်သားများက ကျော်စွာကို ဆွဲထုတ်သွားကြသည်။ ဧကရီကတော့ ကြမ်းပြင်တွင် ပက်လက်လန်လဲကျနေပြီး သွေးတွေအိုင်ထွန်းနေလေသည်။ ဦးမောင်လည်း သက်ပြင်းချလိုက်ပြီး ဧကရီ၏ မျက်လုံးများကိုမှိတ်ပေးလိုက်သည်။
“မင်းက အချစ်ဆိုတဲ့အရာကို အထင်သေးခဲ့တာပဲဧကရီ”
ဧကရီအား ကျော်စွာက အလွန်ချစ်ခဲ့သည်။ ထို့ကြောင့် ဧကရီသား သတ်လိုက်ခြင်းဖြစ်သည်။ ဧကရီမသေပါက ထောင်ကျမည်၊ ထောင်အတွင်း ဆင်းဆင်းရဲရဲနေထိုင်ရမည်၊ ထိုမျှသာမက မိမိလင်ယောက်ျားကို ခြိမ်းခြောက်ငွေညှစ်သောသတင်းများ၊ မိမိလင်ယောက်ျားကို သတ်ဖြတ်သည့် သတင်းများမှာလည်း ပြန့်နှံ့သွားပြီး တစ်သက်လုံး လူရာဝင်နိုင်တော့မည်မဟုတ်ပေ၊ ထို့ကြောင့် ကျော်စွာက ဧကရီအစား အားလုံးကို ဝန်ခံခဲ့သည်။ ကျော်စွာလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျသွားလေသည်။
ဦးဇော်ဇော်လည်း ဧကရီကို တကယ်ချစ်ခဲ့သည်။ ဖောက်ပြန်နေသည့်သူနှင့်ပင် အတူတူနေထိုင်နိုင်ရန်အတွက် စီစဉ်ပေးခဲ့သလို၊ ငွေကြေးများ ရရန်အတွက်ပါ စီစဉ်ပေးခဲ့သည်။ အာမခံကုမ္မဏီများမှ ရသည့် ငွေကြေးများပင် အတော်များပြားလေသည်။
အခုတော့ အင်ပိုင်ယာဆိုသည့်လုပ်ငန်းစုကြီးလဲမရှိတော့ပေ၊ ဦးဝင်းမောင်၏ ကြယ်တံခွန်လုပ်ငန်းစုက ဝါးမြိုသွားခဲ့ပြီဖြစ်သည်။
(၁၃)
ထိုနေ့က မိုးတွေရွာနေသေးသည်။ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့်လူများက သုဿန်အတွင်းတွင် ပြည့်နှက်နေသည်။ သူဌေးသူကြွယ်များ မြှုပ်နှံသော သုဿန်ဖြစ်သဖြင့် အလွန်ခမ်းနားလှသည်။ ဘေးချင်းကပ်လျှက် အုတ်ဂူအနက်ကြီးနှစ်လုံးရှိသည်။ ထိုအုတ်ဂူအနက်ကြီးထဲတွင်တော့ ဦးဇော်ဇော်နှင့် ဧကရီတို့နှစ်ယောက်၏ ရုပ်အလောင်းများက ထာဝရငြိမ်သက်စွာ အိပ်စက်နေကြလေသည်။ ဈာပနအခမ်းအနားပြီးသွားသဖြင့် လူအများပြန်သွားကြသည်။ ဦးမောင်က အုတ်ဂူနှစ်လုံးအနားသို့ တိုးကပ်ခဲ့သည်။ အုတ်ဂူနှစ်လုံး၏ အရှေ့တွင် မှန်ပေါင်သွင်းထားသည့် ပန်းချီကားချပ်များရှိသည်။ ပန်းချီကားတစ်ခုမှတော့ ဧကရီက ဂါဝန်ကိုဝတ်ဆင်ထားသည့် ပုံတစ်ပုံဖြစ်ပြီး နောက်ပန်းချီကားတစ်ချပ်မှာတော့ ဦးဇော်ဇော်၏ ကိုယ်တစ်ပိုင်းပုံစံတူ ပန်းချီကားဖြစ်သည်။
ပန်းချီကားရေးဆွဲထားသူ၏ လက်မှတ်ကို ပန်းချီကားအောက်ခြေထောင့်တွင် အတိုင်းသားတွေ့ရသည်။ လတ်မှတ်ကတော့ ထွန်းဟု ရေးသားထားခြင်းဖြစ်သည်။
“ဖေဖေ”
သူ့လက်ကိုဆွဲခံရလိုက်တော့မှ ဦးမောင်အသိပြန်ဝင်သွားသည်။
“လူတွေပြန်ကုန်ပြီး သမီးတို့လည်းပြန်တော့မယ်လေ”
ဦးမောင်က ခေါင်းညိတ်လိုက်ပြီး သမီးဖြစ်သူ၏ လက်ကိုဆွဲကာ သုဿန်အတွင်းမှပြန်ထွက်လာခဲ့သည်။
“အိမ်ပြန်ရောက်ရင် ဖေဖေနဲ့သမီးနဲ့ အတူတူပုံဆွဲကြမယ်နော်”
“ဒါပေါ့သမီးရယ်၊ ဒါနဲ့ သမီးက ဘာပုံဆွဲမှာလည်း”
“ဖေဖေသေနတ်ကိုင်ထားပြီးတော့ လူဆိုးတွေကို သေနတ်နဲ့ပစ်နေတဲ့ပုံပေါ့”
သူတို့နှစ်ဦး သုဿန်အပြင်သို့ရောက်သည့်အခါ ကားပေါ်သို့တက်လိုက်ကြသည်။
“ဂျိန်း”
မိုးခြိမ်းသံကြီးကို ကျယ်လောင်စွာကြားလိုက်ရလေသည်။ သူတို့ကားကလေးမှာလည်း သုဿန်မှ မောင်းနှင်ထွက်ခဲ့ကြလေတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်