အခန်း(၁)
ထိန်ကုန်းကျေးရွာလေးသည်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စုလေးတွင်ပါဝင်သည်။ ပဲခူးရိုးမတောင်ခြေရွာလေးတစ်ရွာလဲဖြစ်သည်။ ရွာလေးမှာ ဘုဒလက်ကျေးရွာမှနေ၍ ဆိုင်ကယ်လမ်းဖြင့် ဆက်သွားရသည်။ ရွာလေးမှာ ခေါင်သည်ဟု ပြော၍ရသည်။ အိမ်ခြေ ၁၀၀ ခန့်သာရှိပြီး လူဦးရေ ၅၀၀ ခန့်နေထိုင်ကြသည်။ ရွာသူရွာသားအများစုမှာ တောနှင့်ဆိုင်သည့် သစ်ထုတ်၊ မီးသွေးဖုတ်၊ ဝါးခုတ်၊ မျှစ်ချိုး စသည့်လုပ်ငန်းများလုပ်ကိုင်ကြသည်။ လူငယ်အများစုမှာတော့ တိုင်းတစ်ပါးတွင် အလုပ်လုပ်ကိုင်ကြသည်က များသည်။
ကိုဖိုးအေး ဟုပြောလိုက်လျှင် ရွာလေးတွင် ကလေးကအစ ခွေးအဆုံးသိကြသည်။ ထိုသို့ပြောလိုက်သောကြောင့် ကိုဖိုးအေးမှာ လူဆိုးကြီးတစ်ယောက်မဟုတ်ပေ။ ကိုဖိုးအေးမှာ မုဆိုးတစ်ယောက်ဖြစ်သည်။ မုဆိုးဆိုသော်လည်း နှယ်နှယ်ရရတော့မဟုတ် မုဆိုးမျိုးဆက် လေးဆက်တိုင်ရှိသည့် မျိုးဆက်ဖြစ်သည်။ ထိုရွာလေးတွင် ဘိုးစဉ်ဘောင်စက် နေထိုင်ကြလေသည်။ ဘိုးစဉ်ဘောင်စက် မုဆိုးအလုပ်ဖြင့် အသက်မွေးကြလေသည်။
ကိုဖိုးအေးမှာ မျက်နှာလေးထောင့်စပ်စပ် နှာခေါင်းတိုတို အရပ်ပုပု ဂင်တိုတိုနှင့်ဖြစ်သည်။ သူသည် ရုပ်ဆိုးသော်လည်း သူ့မိန်းမ ရွှေတုတ်မှာ အလွန်လှပသည်ဟု မပြောနိုင်သော်လည်း သာမန်ကြည့်ကောင်းသူများထက် ပိုမိုချောမောလှပသည်။ လုံးကြီးပေါက်လှ ဆံပင်ကောင်းကောင်းနှင့် အသားခပ်လတ်လတ်ဖြင့်ဖြစ်သည်။ အကြောင်းမှာ ကိုဖိုးအေး ငယ်စဉ်က မရွှေတုတ်၏ ဖခင်ကို တောအတွင်းအသက်ဘေးမှ ကယ်တင်ခဲ့ဖူးပြီး မရွှေတုတ်ကို လူကြီးတွေထံတွင် တောင်းခဲ့သောကြောင့် ဖြစ်သည်။ ကိုဖိုးအေးထံတွင် သံချောင်းဟုခေါ်သည့် သားတစ်ယောက်ရှိသည်။ သူသည် အသက်၁၅နှစ်ခန့်ရှိပြီဖြစ်သည်။ သူ့အားကျောင်းထားသော်လည်း ပါရမီမပါသဖြင့် သုံးတန်းဖြင့်ပင်ကျောင်းထွက်လိုက်ပြီး ဖခင်ကြီးနှင့် တောတက်လေ့ရှိသည်။
“မိန်းမရေ ရိက္ခာထုတ်ပြင်ကွာ မနက်ဖြန်မနက် တောတက်ရအောင်” ကိုဖိုးအေးက မရွှေတုတ်ကိုပြောလိုက်သည်။
“တော်သလင်းလ မိုးကသည်းပါတယ်ရှင် မတက်ပါနဲ့လား” မရွှေတုတ်က ပြန်ပြောသည်။
“ဒီမိန်းမကွာ ဒီလို မိုးတစ်ပိုင်း နေတစ်ပိုင်းဆို တောကောင်တွေမြူးတယ်လေ” ကိုဖိုးအေးက ဆက်ပြောပြီး ဆေးလိပ်ကြမ်းကြီးကို ဖွာလိုက်လေသည်။
မရွှေတုတ်ကတော့ ဘာမှမပြောတော့ပဲ အိမ်နောက်ဖေးသို့ ဝင်ခဲ့သည်။ ဆာလာအိတ်ကလေး တစ်လုံးထဲကို ဆန်နှင့် အသားခြောက်များထည့်လိုက်လေသည်။ စိမ်းစားငါးပိကို ကြွတ်ကြွတ်အိတ်ဖြင့် သေချာထည့်လိုက်လေသည်။ ဆားနှင့် အချိုမှုန့်၊ ငရုတ်ကောင်းများကို အသင့်ထည့်ထားသော ဘူးလေးများဖြင့် ဆာလာအိတ်ထဲသို့ ရောထည့်လိုက်လေသည်။
“အဖေ ကျွန်တော်လဲလိုက်မယ်” သားဖြစ်သူသံချောင်းက အိမ်ပေါ်တက်လာရင်းပြောလေသည်။
“ပြီးရောလေ မရွှေတုတ်ရေ ကြားတယ်မလား။ မင်းသားဖို့ပါ ရိက္ခာပိုထည့်ပါဟေ့” ဟုပြောလိုက်လေသည်။
မနက်ဖြန်တောတက်မည်မို့ ကိုဖိုးအေးက သူ့လက်စွဲတော် တူမီးကြီးကို သ နေသည်။ ယမ်းမှုန့်များနှင့် ကျည်ဆံများကို သေချာစစ်ကြည့်နေလေသည်။ သူ့သားသံချောင်းကတော့ မြှားတံများကို ချွန်နေလေသည်။ ပင်နယ်ဆလင်ပုလင်းကလေးနှင့် ထည့်ထားသော ဖားပြုတ်ဆိပ်ကို မြှားတံထိပ်တွင် သေချာသုတ်လိမ်းလေသည်။ ထို့နောက် အဆိပ်လိမ်းထားသော မြှားတံများအား မီးဖြင့်ကင်နေလေသည်။ ကိုဖိုးအေးသည် မိမိသားအား မုဆိုးဖြစ်ရန် ရည်ရွယ်ထားသော်လဲ မရွှေတုတ်ကတော့ သိပ်သဘောမတွေ့လှပေ။ နိုင်ငံခြားဖြစ်ဖြစ်သွားပြီး အလုပ်လုပ်စေချင်သည်။ သို့သော် သူ့ယောက်ျားဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် ငြိမ်နေသည်။ သူတို့သည် မုဆိုးမျိုးရိုးမဟုတ်ပါလား။
မနက်မိုးလင်း အာရုဏ်မတက်ခင် ကိုဖိုးအေးနှင့် သူ့သားသံချောင်းတို့ အိမ်မှဆိုင်ကယ်ဖြင့်ထွက်ခဲ့ကြသည်။ လင်းကြက်ပင်မတွန်သေးပေ။ တောတက်သည်ဆိုသည်မှာကလဲ စောစောထမှ နေမပူခင်တောထဲရောက်သည်။ အမဲလိုက်ရသည်မှာ ယခင်ကလောက် မလွယ်ကူလှတော့။ တောနက်နက်ထဲသွားမှသာ အမဲကောင်းရလေသည်။ ယခုသွားမည့်ခရီးမှာလဲ ပဲခူးရိုးမတောင်မကြီးပေါ်တက်ရမည်ဖြစ်သည်။ အချိန်သုံးရက်ခန့်ကြာမည်ဖြစ်သည်။ တစ်ရက်ခရီးဖြင့် တောင်မကြီးပေါ်တက်ကြမည်။ ထို့နောက် တစ်ညနားကာ နောက်နေ့တွင်မှ တောလည်ကြမည်ဖြစ်သည်။ တောစပ်သို့ရောက်သောအခါ နေပင်မထွက်သေး။ တောစပ်တစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ သစ်ခက်မျာဖြင့်ဖွက်လိုက်လေသည်။ ဆိုင်ကယ်ကို ဖွက်သာဖွက်ရသည် ဆိုင်ကယ်မှာ စုတ်ပြတ်၍ စီးရရုံသာရှိသဖြင့် မည်သူမျှ ခိုးချင်မည်မဟုတ်ပေ။ ထို့နောက်တောထဲဝင်လာခဲ့ကြသည်။
တောထဲရောက်သော် တောအဝင် ကညင်ပင်ကြီးတွင် သားအဖနှစ်ယောက်ရပ်လိုက်ကြသည်။ ထိုကညင်ပင်ကြီးတွင် နတ်ကွန်းအသေးစားလေးရှိသည်။ မရွှေတုတ် ညကတည်းက စီစဉ်ပေးလိုက်သော ထမင်းနှင့် အမဲသားခြောက်၊ ကုလားပဲပြုတ်များနှင့် ငပိထောင်းများကို အနည်းငယ်စီယူ၍ နတ်ကွန်းပေါ်တင်လိုက်လေသည်။ ထို့နောက်ပါးစပ်မှ ပွစိပွစိဖြင့် ထုံးစံအတိုင်းရေရွတ် ဆုတောင်းနေသည်။ ထို့နောက် အသင့်ယူလာသည့် ပလတ်စတစ် ကြွတ်ကြွတ်ကြိုး အနီရောင်ဖြင့် ကညင်ပင်ကြီးကို တစ်ပတ်ပတ်ပြီး ချည်လိုက်လေသည်။ ထိုဓလေ့မှာ သူတို့ဒေသ တောတက်သူတိုင်းပြုလုပ်ကြသော ဓလေ့ဖြစ်သည်။ ယုတ်ဆွအစုံး တောထဲ မျှစ်ရှာ၊ မှိုချိုးသူများပါ ထိုကဲ့သို့ပြုလုပ်ကြသည်။ ထို့ကြောင့် ကညင်ပင်ကြီး ပင်စည်တွင် ပလတ်စတစ်ကြိုးများပြည့်နေကာ ကြိုးဟောင်းများမှာ တဖွားဖွားဖြစ်နေလေသည်။
ကိုဖိုးအေးတို့သားအဖအဖို့ ဒီတောမှာ ထမင်းစားရေသောက် တရေးနိုးထသွားတောင် လမ်းမမှားနိုင်သည့်တောဖြစ်သည်။ သားအဖနှစ်ယောက် သီချင်းကလေးတစ်အေးအေးဖြင့် တက်ခဲ့ကြသည်။ သံချောင်းက လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်က မနက်(၉) နာရီဖြစ်နေပြီ၊ သူတို့ မနက်စာ စားကြသည်။ မရွှေတုတ်ထည့်ပေးလိုက်သည့် ထမင်းထုတ်များကို ဖွင့်စားလိုက်ကြသည်။
“သားရေ တို့ထမင်းစားပြီး နေမဝင်ခင် တောင်မကြောပေါ်က လင့်ပေါ်အရောက်သွားရအောင်ဟေ့” ကိုဖိုးအေးက ပြောလိုက်သည်။
သူတို့သားအဖနှစ်ယောက် ထမင်းကို ကပျာကယာစားလိုက်ပြီးနောက် တောထဲဆက်တက်ခဲ့ကြလေသည်။ ယခုတောမှာ လူသူအရောက်အပေါက်များသည့်တော ဖြစ်သော်လည်း အများစုမှာ မနက်မိုးလင်းမှ တောထဲဝင်ကြသဖြင့် သူတို့နှင့် အခြားသူများ သိပ်မဆုံပါ။
တောလမ်းတစ်လျှောက် ယုန်ကလေးများ၊ တောကြောင်များ၊ မျောက်များကိုတွေ့ရသည်။ သားဖြစ်သူ သံချောင်းက လက်တပြင်ပြင်ဖြစ်နေသော်လည်း ကိုဖိုးအေးက ဟန့်တားလိုက်သည်။
“ငါ့သားရဲ့ အဖေတို့က တောကောင်ကြီးပစ်မှာ အကောင်သေးလေးတွေ သွားပစ်ရင် တောကောင်ကြီးမရဘဲနေတတ်တယ်”
နေ့ခင်းနေပူသဖြင့် တောတိုးရသည်မှာ မသက်သာ။ ခဏတစ်ဖြုတ်နားကြသည်။ ကိုဖိုးအေးက လက်စွဲတော်တူမီးသေနတ်ကြီးကို ထုတ်၍ စစ်ဆေးနေသည်။ တူမီးဆိုသည်မှာလဲ အထာရှိသည်။ စက်ဖြင့်ထုတ်လုပ်ထားသော သေနတ်များမဟုတ်သည့်အတွက် ပစ်မှတ်ကို ချိန်သီးဖြင့်ချိန်လင့်ကစား မထိတတ်ပေ။ ထို့အပြင် ယမ်းများကလဲ လက်လုပ်ယမ်းများဖြစ်သဖြင့် ပေါက်ကွဲအားသိပ်မကောင်းသည့်အတွက် အဝေးသိပ်မပြေးပေ။ ကျည်ဆံမှာလဲ ခဲသီးကြီးဖြစ်သဖြင့် အလေးချိန်စီးသောကြောင့် လေတိုက်လျှင် လမ်းကြောင်းအနည်းငယ်လွဲတတ်သည်။ ထို့ကြောင့်လေလမ်းကြောင်းရယ်၊ ကိုယ်ပစ်မည့်အကွာအဝေးရယ်၊ ကိုယ်ပစ်မည့် သားကောင်ရယ်၊ သေနတ်ရဲ့ အထာရယ်ကို သေချာသိမှ ချက်ကောင်းကို တစ်ချက်ထဲဖြင့် ထိအောင်ပစ်နိုင်လေသည်။ ကျည်ဆံထည့်ရသည်မှာ လဲ အချိန်ကြာသဖြင့် တစ်ချက်ထဲမသေလျှင် ထိုသားကောင်လွတ်သွားသည်ကများသည်။ ကိုဖိုးအေးကတော့ အေးအေးလူလူပင်။ သူ့တူမီးမှာ သူ့ထက်အသက်ကြီးသည်။ သူငယ်စဉ်ကတည်းက ဖခင်က ထိုတူမီးဖြင့် သင်ကြားပေးခဲ့သဖြင့် တစ်ချက်တစ်ကောင်လဲအောင် ပစ်နိုင်ပေသည်။
သူ့သားသံချောင်းကတော့ သေနတ်မကျွမ်းပေ။ သင်ပေးရအောင်ကလဲ တူမီးက ဒီတစ်လက်ထဲရှိသည်။ တူမီးသေနတ်မှာ အလွန်ရွေးရခက်လေသည်။ ရွေးပြီး ဝယ်ပြီးလျှင်လဲ ထိုသေနတ်အကြောင်းသိအောင် အချိန်အတော်ကြာလေ့ကျင့်မှရသည်။ တော်သေးသည်က သားငယ် သံချောင်းသည် မြားပစ်အတတ်ကို အလွန်ကျွမ်းကျင်သောကြောင့်ဖြစ်သည်။ ဗဟုသုတအဖြစ်ဖော်ပြပေးချင်ပါသည်။ လေးတွင် သုံးမျိုးရှိသည်။ လောက်စာလုံးများ ခဲလုံးများ ထည့်ပစ်ရသော လောက်လေးတစ်မျိုးရှိသည်။ လောက်လေးခွများသည် လောက်လေး ဖြစ်ပါသည်။ နောက်ပြီး မြားတံအရှည်ကို ထည့်ပစ်ရသော လေးကိုင်းထားသည့် လွင်းလေး ဆိုသည့် လေးကတစ်မျိုး၊ လေးကို သစ်သားချောင်းဖြင့် ဒူးခံထားပြီး မြားတံအတို ထည့်ပစ်ရသည့် ဒူးလေးတစ်မျိုး သုံးမျိုးရှိသည်။
လောက်လေး၏ အားသာချက်မှာ လောက်စာလုံး ကျောက်ခဲများ လေထဲသွားလာရန် အလွန်မြန်သဖြင့် ငှက်များ၊ ကြက်များ၊ ရစ်များ၊ ယုန်ငယ်နှင့် တောကောင်ငယ်လေးများကို ပစ်ခတ်ရာတွင် အထူးအသုံးတည့်သည်။ လွင်းလေးမှာ မြားသွားချိန်အနည်းငယ်ကြာမြင့်သော်လဲ ကျွမ်းကျင်လျှင်မြန်စွာပစ်နိုင်သဖြင့် ယုန်ကြီးများ၊ သမင်၊ ဒရယ်လေးများကို ပစ်ခတ်ရာတွင် အလွန်အသုံးကျလေသည်။ ဒူးလေးမှာတော့ မြားတံလျှင်မြန်ပြီး ဖောက်ထွင်းအားအလွန်ကောင်းသဖြင့် ပြောင်များ၊ ဆတ်များနှင့် အရေထူသော သားကောင်ကြီးများကို ပစ်ခတ်ရာတွင် အသုံးဝင်လေသည်။
သံချောင်းမှာ ထိုလေးသုံးမျိုးလုံးကို အရေကျိုသောက်ထားသလို ပစ်ခတ်နိုင်သူဖြစ်သည်။ သူသည် လောက်လေးကို ခါးကြားထိုးထားသည်။ လွင်းလေးကို ပုခုံးတစ်ဖက်တွင် လျှိုလွယ်ထားပြီး ဒူးလေးကို ကျောကုန်းတွင် လွယ်ထားသည်။ မြားကျည်တောက်ကို လည်း ကျောကုန်းတွင်လွယ်ထားသည်။ မြားကျည်တောက်အတွင်းတွင် ဖော့အမာသားကို ခံထားပြီး ထိုဖော့တွင် မြားများကို စိုက်ထားသဖြင့် ဇောက်ထိုးလုပ်သည့်တိုင် မြားများမှာ ထွက်မကျပေ။
ညနေ စောင်းတော့ လင့်စင်နားသူတို့ရောက်လာခဲ့သည်။ လင့်စင်မှာ သူတို့ဆောက်လုပ်ထားတာဖြစ်ပြီး တောသရက်ပင်ကြီးတစ်ပင်။ ခွဆုံတွင် ဆောက်ထားခြင်းဖြစ်သည်။ တောအတွင်း သစ်ထုတ်သူများ၊ လွှဆွဲသူများက ပျက်စီးသွားသော သစ်အပိုင်းအစများအား လေးလံသဖြင့် ပြန်မသယ်ကြဘဲ ထားခဲ့ကြတာများသည်။ ကိုဖိုးအေးတို့က ထိုသစ်များကို အသုံးပြုကာ သစ်ပင်ထက်တွင် လင့်စင် အခိုင်အမာထိုးထားသည်။ ထိုနေရာသည် တောနက်ပြိး လူသူအရောက်အပေါက်နည်းသဖြင့် လင့်စင်နှင့် အိပ်မှ အဆင်ပြေလေသည်။ ထိုလင့်စင်အနားတွင် စမ်းချောင်းကလေးတစ်ချောင်းရှိသဖြင့် ရေရရန်အဆင်ပြေလှသည်။
သံချောင်းသည် လျှင်မြန်စွာပင် မီးဖိုလိုက်သည်။ စမ်းချောင်းကလေးမှ ရေများခပ်လိုက်သည်။ ပါလာသော ဒန်အိုးဖြင့် ထမင်းအိုးတည်လိုက်သည်။ ကိုဖိုးအေးက ဟန်းကောချိုင့်အစုတ်တစ်လုံးဖြင့် ရေနွေးတည်လိုက်သည်။ အသားခြောက်များကို မီးကင်ပြီး အချိုရည်ဗူးဖြင့်ယူလာသော ဆီအနည်းငယ်ဖြင့် ဆမ်းလိုက်သည်။ ငပိထောင်းနှင့် တောထဲမှ ခူးလာသည့် အရွက်များကို ရေနွေးဖျောလိုက်သော် မကြာမီတွင် ထမင်းဝိုင်းမှာ စုံလင်သွားလေသည်။
အခန်း(၂)
“သားရေ ထမင်းစားပြီး မီးငြိမ်းခဲ့အဖေတို့ လင့်ပေါ်တက်ရအောင်” ကိုဖိုးအေးက ပြောလိုက်သည်။
ခဏအကြာတွင် မီးပုံမှ မီးများကို ငြိမ်းသတ်ပြီးနောက် လင့်စင်ပေါ်တက်ခဲ့သည်။ တောသရက်ပင်ကြီးသည် အရွက်များကြိုးတိုးကြဲတဲဖြစ်နေသည်။ လင့်စင်ပေါ်တွင် သရက်ပင်နှင့် တွဲချည်ထားသော ကြွပ်ကြွပ်အိတ်ထုတ်ကြီးကို ဖြေလိုက်သည်။ ထို့နောက်အထဲမှ ခြင်ထောင်ကို ထုတ်ယူလိုက်သည်။ ညနေစောင်းနေပြီမို့ ခြင်ကောင်ကြီးများက ဝဲပျံနေသည်။ သူတို့သည် လင့်စင်ကိုလာနေကြဖြစ်သဖြင့် အချို့ပစ္စည်းများကို လင့်စင်တွင် ထားခဲ့ကြသည်။ လင့်စင်ပေါ်တွင် ခြင်ထောင်ထောင်ပြီးသော် သားအဖနှစ်ယောက်ခြင်ထောင်ထဲ ဝင်ထိုင်နေလေသည်။ ကိုဖိုးအေးကတော့ သူ့ တူမီးသေနတ်ကြီးကို ကျည်ထိုးရန် ပြင်ဆင်နေလေသည်။
တူမီးကို ကျည်ထိုးရသည်မှာ လွယ်သည့်အလုပ်တော့မဟုတ်ပေ။ ပထမဦးစွာ ယမ်းကို သင့်တော်အောင်ထည့်ရလေသည်။ ယမ်းကို မှန်းပြီးထည့်ရခြင်းဖြစ်သည်။ ယမ်းထည့်နည်းသော် ကျည်မထွက်၊ ကျည်မပြေးတတ်။ ယမ်းထည့်များသော် သေနတ်ပြောင်းကွဲတတ်သည်။ ထို့နောက် ကျည်ဆံ ခဲသီးကို ပြောင်းဝမှ ထည့်လိုက်ရသည်။ ခဲသီးကိုထည့်ပြီး ပြောင်းဝအောက်တွင် တပ်ဆင်ထားသည့် ယမ်းထောင်းတံကို ထုတ်ကာ ခဲသီးထည့်ထားသော ပြောင်းဝမှနေ၍ ခဲသီးကို ထောင်းရသည်။ ခဲသီးနှင့် ယမ်းများအကြား လေမခံအောင် ထောင်းရသည်။ ထောင်းသည့်အခါတွင်လဲ တအား အားထည့်ပြီးထောင်းလျှင် ယမ်းများပေါက်ကွဲတတ်သည်။ အားလျော့ပြီးထောင်းလျှင် ယမ်းနှင့် ခဲသီးကြားလေခိုတတ်ပြီး ကျည်ဆံ မထွက်တတ်ပေ။ ထွက်လျှင်လဲ အားနည်းသွားသည်။ ကိုဖိုးအေးကတော့ သူ့လက်မှန်းနှင့်သူ ချိန်သားကျနေပြီးသားကျည်ထိုးခြင်းကို အလွယ်တကူပင် ပြုလုပ်လိုက်လေသည်။
နေသည် အပြည့်မဝင်သေးပေ။ အိပ်တန်းတက်ငှက်များ အုပ်စုဖွဲ့ပျံသန်းနေကြသည်။ တောထဲတွင် တောကောင်မျိုးစုံ ငှက်မျိုးစုံ အော်သံများဆူညံနေသည်။ သို့သော် ကိုဖိုးအေးတို့ သားအဖနှစ်ယောက်မှာ ပင်ပန်းလာသည်မို့ နှစ်ခြိုက်စွာ အိပ်စက်လိုက်ကြသည်။ ထိုညနေစောင်းအချိန်သည် မုဆိုးများအတွက် အိပ်ချိန်ဖြစ်ပြီး ညဖက်ပိုင်းတွင်ပြန်နိုးထလာကာ သားကောင်စောင့်ကာ သတိဝိရိယနှင့်နေကြရသည်။
“ဝူး . . . ဝေါ . . .ဝုန်း””
အသံကြီးများကြားလိုက်၍ သံချောင်းလန့်နိုးသွားသည်။ သူနိုးသွားသောအခါ သူ့အဖေ ကိုဖိုးအေးက သေနတ်ကြီးကိုင်ပြိး အသင့်အနေအထားနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ကောင်းကင်တွင် မိုးသားများမှောင်မည်းနေသည်။
“အဖေ ဆင်အုပ်တွေလား” သံချောင်းကမေးလိုက်သည်။
ကိုဖိုးအေးက ဘာမှမပြောဘဲ ခေါင်းခါပြလိုက်သည်။ သံချောင်းက လတ်ပတ်နာရီအား ဓါတ်မီးဖြင့် အုပ်ပြီးထိုးကြည့်လိုက်သည်။ ည ၉ နာရီကျော်နေပြီ။
“အဖေ မိုးတွေရွာတော့မလို့ ပြေးလာတဲ့အသံတွေလား”
ကိုဖိုးအေးက ဘာမှမပြောတော့ပဲ ပတ်ဝန်းကျင်ကိုကြည့်နေသည်။ ပတ်ဝန်းကျင်ကို ကြည့်နေသည်ဆိုသော်လည်း ဓါတ်မီးထိုး၍ ကြည့်နေခြင်းမဟုတ် မီးအမှောင်ချထားခြင်းဖြစ်သည်။
“သားရေ တောခြောက်တာထင်တယ်၊ မျက်လုံးကိုဖွင့်ထား၊ အော်လဲမအော်နဲ့ ဘာမှလဲမပြောနဲ့”
ကိုဖိုးအေးက မှာလိုက်ပြီးသော် သားအဖနှစ်ယောက် ခြင်ထောင်ထဲတွင် လက်ချင်းကျစ်နေအောင် တွဲထားသည်။ မကြာခင် အော်သံကြီးမှာနီးလာလေသည်။
လူမျက်နှာပုံစံ မီးလုံးကြီးများသည် တဖြည်းဖြည်းနီးကပ်လာလေသည်။ မီးလုံးကြီးများ အလုံး၁၀၀ ခန့်ရှိမည်။ ထိုမီးလုံးကြီးများသည် သူတို့ခေါင်းပေါ်မှ ဖြတ်သွားကြသည်။ ဖြတ်သွားကြစဉ် အလွန်ပြင်းထန်သော လေများက တိုက်လေသည်။ သရက်ပင်ကြီးမှာ လဲကျတော့မလိုဖြစ်နေသည်။ ခြင်ထောင်ကြီးတစ်ခုလုံး အပေါ်ကို လန်တက်နေလေသည်။
“သား . . . ဘယ်မှမသွားနဲ့ ဘာမှလဲမလုပ်နဲ့ ဒီတိုင်းထိုင်နေ မကြောက်နဲ့ ဟုတ်ပြီလား”
ကိုဖိုးအေးက ပြောရင်း သား၏ လက်နှစ်ဖက်စလုံးကို ချုပ်ကိုင်ထားသည်။ သံချောင်းမှာ အတွေ့အကြုံမရှိသူမို့ ကြောက်နေသည်။ သရက်ပင်ကြီးမှာ ဝါးနှီးပြားလေးပမာ မြေကြီးနှင့် နီးသွားလိုက် ဝေးသွားလိုက်ဖြင့် လှုပ်ယမ်းနေလေသည်။ ၁၅ မိနစ်ခန့်ကြာသောအခါ ထိုအရာများအားလုံးပျောက်ကွယ်သွားသည်။ ကောင်းကင်တွင် ကြယ်များကို မြင်နေရပြီး ပုစဉ်းရင်ကွဲအော်သံများ ပိုးကောင်လေးများ၏ အော်သံများကို ပြန်ကြားရလေသည်။ သံချောင်းတစ်ကိုယ်လုံး ဇောချွေးပြန်နေသည်။
“အဖေ တောက ဘာလို့ခြောက်ရတာလဲဟင်” သံချောင်းကမေးလိုက်သည်။
“ဒီလိုသားရဲ့ တောဆိုတာ လူတွေမရောက်တဲ့ဒေသ ဒါကြောင့်မို့ ထူးဆန်းတဲ့အရာတွေအားလုံး တောတွေထဲမှာဖြစ်ပျက်နေတယ်။ ဒါတွေကို စုပေါင်းပြီးတော့ တောချောက်တယ်လို့ အလွယ်ခေါ်လိုက်တာပဲ။ ခုနက မြင်လိုက်တဲ့အရာတွေက စုန်းတွေ၊ ကဝေတွေဖြစ်နိုင်တယ်။ ဒီလိုဖြစ်တဲ့အခါမှာ မတုန့်ပြန်ရဘူး။ ဒီအတိုင်းနေရတယ်။ တုန့်ပြန်တဲ့အခါမှ သူတို့က မြင်နိုင်တယ်။ အဲဒီအချိန်မှာ မဟုတ်တာတွေ မတွေးရဘူး။ စိတ်ကို အာရုံစုထားနိုင်ရင် အကောင်းဆုံးပေါ့သား”
သံချောင်းက အတွေ့အကြုံမရှိသူမို့ ကြောက်နေမိတာအမှန်။ သားအဖနှစ်ယောက် အမှောင်ထဲ ငုတ်တုတ်ထိုင်နေကြသည်။ သံချောင်းသည် ယခင်က ထိုနေရာသို့ ရောက်ဖူးသော်လည်း ယခုလိုတော့ တစ်ခါမှ မကြုံဖူးပါ။
ထိုညသည် အလွန်ရှည်လျားသော ညတစ်ညဖြစ်သည်ဟု စိတ်ကထင်နေသည်။ ခဏအကြာသန်းခေါင်ယံ အရောက်ရှေ့တွင် မီးရောင်များလက်လက်လက်လက် ဖြင့်ပေါ်လာသည်။ သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် ငြိမ်နေလိုက်ကြသည်။ မကြာမီ လှည်းသုံးစီးနှင့် လူဆယ့်ငါးယောက်ခန့် ပေါ်လာလေသည်။ သူတို့သည် တဖြည်းဖြည်းနှင့် သရက်ပင်နားသို့ မောင်းလာကြသည်။ သံချောင်းလဲ ထိုမှသာ သက်ပြင်းချနိုင်သည်။ တစ်ခါတစ်ရံ သစ်တိုက်သည့်လူများ တောအတွင်း အစုလိုက် တောတက်လေ့ရှီကြသည် မဟုတ်ပါလား။
“သားရေ ဘာမှ အသံမပြုနဲ့နော် သူတို့က လူတွေမဟုတ်ဘူး” ကိုဖိုးအေးကပြောလိုက်သည်။ သံချောင်း နားမရှင်းဘူးဖြစ်သွားသည်။
“အဖေကလဲ သစ်ထုတ်လာတဲ့ လူစုထင်တာဘဲ” သံချောင်းက အထွန့်တက်လိုက်သည်။
“သား မင်းကြည့်လိုက် လာတဲ့သူတွေက ဓါတ်မီးတစ်လက်တောင် မပါဘဲ၊ မီးတုတ်တွေကိုင်ထားကြတယ်မဟုတ်လား၊ နောက်ပြီး ဒီနားကို မင်းနဲ့အဖေတောင် ခြေကျင်ခက်ခက်ခဲခဲ တက်လာရတာမဟုတ်လား။ ဘယ်နားမှာ လှည်းလမ်းရှိလို့လဲ၊ ငါ့သား အသာငြိမ်နေပြီး ဆက်ကြည့်နေ”
သူတို့နှစ်ယောက် လင့်စင်ပေါ်တွင် ဝပ်နေလိုက်ပြီး အသံတိတ်ကြည့်နေကြသည်။
လှည်းများမှာ တဖြည်းဖြည်းနီးလာလေသည်။ နီးလာတော့မှ သံချောင်းကြောက်သွားသည်။ လှည်းကို ဆွဲလာသည်မှာ နွားအစစ်တွေမဟုတ်ဘဲ ရွှံ့ဖြင့်လုပ်ထားသည့် နွားရုပ်ကြီးတွေဖြစ်နေသည်။ နွားရုပ်ကြီးတွေက အလွန်ကြီးပြီး ခြေထောက်များမလှုပ်ပဲ ရှုပ်တိုက်သွားနေသည်။ လှည်းများတွင် ပါလာသည့် လူများမှာလဲ တောက်ပြောင်သော နန်းဝတ်နန်းစားများဝတ်ဆင်ထားသည်။ သို့သော် သူတို့ခေါင်းကြီးများမှာ ကတုံးကြီးများဖြစ်ကြပြီး နားရွက်များလဲမပါ၊ မျက်စီ၊ နား၊ နှာခေါင်း၊ ပါးစပ်များလဲ မပါပေ။ မျက်နှာပြောင်ကြီးများဖြစ်ကြသည်။ ခေါင်းများမှာ ပူဖောင်းကြီးများနှင့်တူနေလေသည်။
နောက်ဆုံးလှည်းတွင်တော့ လူဝကြီးတစ်ဦးစီးလာပြီး ထိုလူဝကြီးမှာ ပုဆိုးခါးတောင်းကျိုက်နှင့်ဖြစ်ပြီး မျက်နှာအလယ်တည့်တည့်တွင် မျက်လုံးကြီးတစ်လုံးသာ ပါသည်။ ထိုလှည်းတန်းကြီးမှာ သူတို့သစ်ပင်အောက်မှ ဖြတ်ကာ တရွှေ့ရွှေ့ အမှောင်ထဲ သို့ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။ သံချောင်းက လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၃ နာရီကျော်နေပြီဖြစ်သည်။ မိုးသားများတရွေ့ရွေ့တက်လာကြသည်။ ထို့နောက် မိုးရွာလေသည်။ သံချောင်းလဲ သူတို့ခြင်ထောင်အပေါ်သို့ တာလပတ်စကြီးကို အုပ်ပြီး သားအဖနှစ်ယောက် မိုးလုံသည့်နေရာတွင် စုထိုင်နေကြလေသည်။ သူတို့ နှစ်ယောက်လုံး အိပ်မပျော်ပါ။
မကြာခင် အရှေ့အရပ်မှ ရောင်နီများလင်းလာလေသည်။ ပဲခူးရိုးမတောင်ဘက်ကြီးကို ကျောပေးထားသဖြင့် အရှေ့မှလာသော ရောင်နီများသည် တောင်ကြောကြီးတစ်လျှောက် လင်းလက်နေသည်။ မိုးကတိတ်သွားပြီဖြစ်သည်။ သူတို့လဲ ခြင်ထောင်ပေါ်ရှီ တာလပတ်များကို သိမ်းပြီး သစ်ကိုင်းတစ်ခုပေါ်တင်ခဲ့သည်။ ခြင်ထောင်ကြီးကိုကား ထောင်ထားခဲ့သည်။ နေ့လည်နေပူသည်ရှိသော် ခြောက်သွားစေရန်ဖြစ်သည်။ ထို့နောက် လင့်စင်ပေါ်မှ ဆင်းလိုက်ကြသည်။ ထိုစဉ် ကိုဖိုးအေးက သေနတ်ကို မိုးပေါ်ထောင်၍ ဖောက်လိုက်သည်။
“ဒိုင်း”
သေနတ်သံ တစ်ချက်က တောင်ကြောကြီးများအကြားတွင် ပံ့တင်ထပ်သွားလေသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ညက ထည့်ထားသည့် ကျည်ဆံကို ရှင်းလိုက်ခြင်းဖြစ်သည်။ သံချောင်းက လျှင်မြန်စွာ ချောင်းရေများခပ်ပြီး ရေနွေးတည်သည်။ မျက်နှာသစ်လိုက်သည်။ ထို့နောက် သူတို့ယူလာသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ကို သောက်လိုက်ကြသည်။ ပြီးနောက် ကိုဖိုးအေးက ကျည်ဆံပြန်ထည့်လေသည်။
“အဖေ့ ကျည်လုံးကြီးက အကြီးကြီးပါလား” သံချောင်းက ရေနွေးသောက်ရင်းပြောလိုက်သည်။
“ဟုတ်တယ် ဒီနေ့သားကောင်ကြီးပစ်မယ်လေ ဒါကြောင့်ကျည်လုံးကြီးထည့်နေတာ”
ကိုဖိုးအေးက ဘာမှမပြောတော့ဘဲ ကျည်ကိုသာ အာရုံစိုက်ပြီးထည့်နေသည်။ တူမီးကျည်ဆံတွင် သုံးမျိုးခန့်ရှီသည်။ ကျည်လုံးကြီးဆိုသည်မှာ တူမီးပြောင်းနှင့် အပြည့်ပြုလုပ်ထားသည့် ခဲသီးကြီးဖြစ်သည်။ ပြင်းအားကောင်းသော်လဲ ကိုက်၂၀ ခန့်သာရောက်သည်။ ပုံမှန်ကျည်လုံးများမှာ တူမီးပြောင်းဝထက် အနည်းငယ်သေးပြီးပြုလုပ်ထားသော ခဲသီးများဖြစ်သည်။ ကိုက် ၄၀-၅၀ ခန့်ပစ်နိုင်လေသည်။ ငှက်ပစ်ကျည်များ ကျည်ဆံအသေးများမှာ ကျည်လုံးခဲသီးလေးများ လေးငါးလုံးခန့် တစ်ပြိုင်ထဲ ထည့်ပစ်ရခြင်းဖြစ်သည်။ ခဲလုံးကြီးမှာ ပြင်းအားအလွန်ပြင်းပြီး သားကောင်ကြီးများ ခြေများလက်များပြတ်ထွက်နိုင်လေသည်။ ခေါင်းထိလျှင် ခေါင်းကြီးဖွာထွက် သွားနိုင်သည်အထိအားပြင်းလေသည်။
“ဒို့တွေလျှိုဘက်ဆင်းကြမယ် အဲဒီမှာ ဒီလိုအချိန်ဆို မှိုကျင်းတွေပေါတယ်”
ကိုဖိုးအေး က သံချောင်းအားပြောလိုက်လေသည်။ သံချောင်းမှာတောကျွမ်းသော်လည်း တောနှင့်ပက်သက်သော ပညာမှာ နည်းပါးသေးသည်။ မကြာမီ သူတို့ နှစ်ဦးလျှိုဘက်ကို ဆင်းခဲ့သည်။ မိုးက စင်စင်မလင်းသေး။
လျှို ကိုအပေါ်စီးတောင်ကြောမှ ကြည့်သော အခါ ဖြူဖြူဖွေးဖွေး မှိုများကိုတွေ့ရသည်။ ထိုနေရာတွင် စိမ့်စမ်း များရှိကာ ဝါးရုံတောများလဲ ရှိသဖြင့် မှို၊ မြစ် ပေါ်သည်။ မှိုတို့ မျှစ်တို့ ပေါ်သည့်နေရာသို့ တောတိရစ္ဆာန်များလာရောက်စားလေ့ရှိသည်။ ကိုဖိုးအေးက တစ်နေရာအရောက် လက်ကာပြလိုက်သည်။ သားကောင်တွေ့နေသည့် သဘောဖြစ်သည်။ သံချောင်းလဲ သူ့ဖခင်ပြသည့်နေရာကို ပြုးပြဲကြည့်လိုက်သည်။ ကျောကုန်းအမွှေးထူထူနှင့် တောဝက်များ မှိုများကို စားနေကြခြင်းဖြစ်သည်။
ကိုဖိုးအေးသည် လက်ညှိုးကို တံတွေးဆွတ်လိုက်ပြီး လေလာရာကိုသိရန် ထောင်ကြည့်လိုက်သည်။ ထို့နောက် သူတို့သားအဖသည် လေတင်ဘက်မှနေ၍ အသာလေးလျှိုထဲကို ဆင်းလိုက်ကြသည်။ တောဝက်ဆိုသည်မှာ အလွန်နားပါးသည်။ တောတိုးသံ ခြေသံများကို အဝေးမှပင်ကြားတတ်သည်။ အနံ့စိမ်းများ လူနံ့များကိုလဲခံနိုင်သည်။ ကိုဖိုးအေးတို့မှာ တောဝက်များနှင့် ဝေးရာလေတင်ဘက်မှ တောတိုးကြပြီး နောက်မှ တောဝက်များရှိရာသို့ တဖြည်းဖြည်း အနီးကပ်ကြသည်။
တောဝက်အုပ်ဟုဆိုသော်လဲ အထီးကိုမတွေ့ ဝက်မကြီးနှင့် ဝက်ကလေးများဖြစ်သည်။ ဝက်ကလေးများသည် ပြေးလွှားဆော့ကစား အော်ဟစ်နေကြသဖြင့် ဆူညံ့နေသည်။ ဝက်မကြီးမှာတော့ အချိန် ၂၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ကိုဖိုးအေးက သေနတ်ကို အသာပြင်လိုက်သည်။ သံချောင်းသည် ဒူးလေးကို ခြေကန်တင်ပြီးနောက် အဆိပ်လူးမြားတစ်ချောင်းကို ထည့်လိုက်သည်။ ကိုဖိုးအေးက အရင်ပစ်မည်ဖြစ်ပြီး သံချောင်းကတော့ ဖခင်မထိမှန်ခဲ့သည်ရှိသော် အကူပစ်ခတ်ရန်ဖြစ်သည်။ သူတို့ သားအဖသည် ကြိုတင်တိုင်ပင်စရာမလိုဘဲ လုပ်စရာရှိသည်များကို လုပ်ကြသည်။ ကိုဖိုးအေးက ဝက်မကြီးရဲ့ ခေါင်းပိုင်းကို မြင်သာသည့်နေရာ ကျောက်တုံးကြားတွင် မုဆိုးထိုင်ထိုင်၍ သေနတ်ကို ချိန်လိုက်ပြီး သံချောင်းကတော့ ကိုဖိုးအေးနှင့် ခပ်လှမ်းလှမ်း ဝက်မကြီး၏ ကိုယ်လုံးကို မြင်သာသည့်နေရာတွင် နေရာယူလိုက်သည်။
ကိုဖိုးအေးသည် ဝက်မကြီး၏ လည်ပင်းကို သေချာချိန်ရလေသည်။ ကျည်ဆံကြီးဖြင့် ခေါင်းကိုထိလျှင် ခေါင်းပျက်စီးသွားနိုင်သည်။ အဓိက ဈေးကောင်းရသည့် ဦးနှောက်ပျက်စီးသွားနိုင်သည်။ နှလုံးနေရာကို ချိန်ပါက ကလီစာများပျက်စီးသွားနိုင်သည်။ ထို့ကြောင့် လည်ပင်းကိုချိန်ရသည်။ လည်ပင်းကို ချိန်ရသည်မှာ တော်ရုံလက်မှန်းတည့်သူ မချိန်နိုင်ပါ။ တူမီးသေနတ်မှာ ကျည်ဆံတစ်တောင့်သာ ထည့်ရသဖြင့် တစ်ချက်ဆို ဆိုသလောက် ထိနိုင်မှရလေသည်။ ပစ်ခါနီးတွင် သံချောင်းကိုလှည့်ကြည့်လိုက်လေသည်။ သံချောင်းက ခေါင်းအသာညိတ်ပြသည်။ ထို့နောက် ကိုဖိုးအေးက သေနတ်ခလုပ်ကို ညင်သာစွာ ဆွဲလိုက်လေသည်။
“ဒိုင်း”
ကျယ်လောင်သော သေနတ်ပစ်သံကြီးသည် လျှိုထဲတွင် မည်ဟီးသွားသည်။ ဝက်မကြီးသည် မှိုများကို စားနေရင်း လည်ချောင်းကြီးတစ်ခုလုံး ပွင့်ထွက်သွားသည်။ သွေးများမှ ဒလဟော လည်ချောင်းမှ ပန်းထွက်နေပြီး မှိုများမှာ အနီရောင်ဖြစ်ကုန်ကြသည်။ ဝက်မကြီးမှာ ချက်ခြင်းမသေနိုင်သေး။ အရှေ့ဖက်သို့ သွေးရူးသွေးတန်းဖြင့် ပြေးရန်ကြိုးစားနေသည်။ ထိုစဉ် သံချောင်းမှာ ဒူုးလေးဖြင့် ဝက်မကြီး၏ နောက်ခြေပေါင်အရင်းသို့ ပစ်လွှတ်လိုက်လေသည်။ သံချောင်းမှာ လေးပစ်အတတ်တွင် တစ်ဖက်ကမ်းခတ်သူဖြစ်ရာ ပစ်မှတ်ကို တိတိကျကျ စိုက်လေသည်။ ဝက်မကြီးမှာ ကြောက်အားလန့်အားနှင့် အားကုန်လျှိုထဲသို့ ပြေးလေသည်။ သို့သော်အဆိပ်လူးမြားသည် ပေါင်ရင်းကို စိုက်ထားသဖြင့် မြန်မြန်ဆန်ဆန်ပြေးနိုင်မည်မဟုတ်ပါ။
အကြောင်းသင့်သဖြင့် အဆိပ်လူးမြားအကြောင်း ရှင်းပြချင်ပါသည်။ မုဆိုးများသုံးသော အဆိပ်များသည် သားကောင်အား အဆိပ်ပြန့်နှံ့ပြီးသေစေနိုင်သည့် အဆိပ်မျိုးမသုံးရပါ။ ထိုသို့အဆိပ်မျိုးအသုံးပြုပါက သားကောင်၏ ကလီစာများ၊ အသားများသည် အဆိပ်သင့်သွားစေနိုင်သောကြောင့်ဖြစ်သည်။ ကင်းဆိပ်၊ မြွေဆိပ်များသည် ထိုကဲ့သို့ အဆိပ်များဖြစ်ကြသည်။ မုဆိုးများအသုံးများသော အဆိပ်များမှာ သားကောင်၏ အာရုံကြောများကို လျှင်မြန်စွာသက်ရောက်စေပြီး အာရုံကြောများ ကျင်သွားခြင်း၊ အကြောကပ်သွားခြင်းများဖြစ်စေသည့် အဆိပ်မျိုးအသုံးပြုကြသည်။ ထိုကဲ့သို့ အဆိပ်များသည် သားကောင်အား ထုံကျင်သွားစေပြီး မပြေးနိုင်အောင်ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိပ်မှာ စက္ကန့်ပိုင်းအတွင်းအစွမ်းပြနိုင်ကာ အဆိပ်ပြယ်တာလည်း မြန်သည်။ အဆိပ်ပြယ်သွားလျှင် ထိုအသား၊ ကလီစာများအား စားသုံး၍ အန္တရာယ်မဖြစ်စေနိုင်တော့ပါ။
ဝက်မကြီးပြေးဆင်းသွားရာ လျှိုစောက်ထဲသို့ သူတို့နှစ်ဦးပြေးလိုက်ခဲ့ကြသည်။ ဝက်ကလေးများမှာ အော်ဟစ်ကာ ခြေဦးတည့်ရာ ပြေးကြသည်။ ကိုဖိုးအေးတို့လဲ ဝက်မကြီး၏ သွေးများနောက်မှ လိုက်ခဲ့ကြလေသည်။ ခဏကြာသော် ဝက်မကြီးမှာ တောင်ပို့ကြီးတစ်လုံးအနားတွင် ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်။ သံချောင်းက အသင့်ပါလားသော ဓါးမြောင်ဖြင့် လက်ပြင်အုံအသွင်းထိုးသွင်းကာ ဝက်မကြီးကို လက်စတုံးပစ်လိုက်သည်။
အခန်း (၃)
“အဖေ ဟို ဟိုမှာ”
သံချောင်းညွှန်ပြလိုက်သော နေရာကို ကိုဖိုးအေးက ကြည့်လိုက်သည်။ ဝက်မကြီးသေဆုံးနေသည့် တောင်ပို့ကြီးအပေါ်တွင် နီရဲပြီး ထူးဆန်းသော အသွင်ရှိသော မှိုတစ်လုံးကို တွေ့ရသောကြောင့်ဖြစ်သည်။ မှိုကြီးမှာ အနီရောင်ရှိပြီး ရေဘဝဲကဲ့သို့ လက်တံများလဲရှိသည်။ လက်တံလေးခုရှိသည်။
“အေးကွ မှိုတော့မှိုပဲ ဒါပေမယ့် ငါလဲ မမြင်ဖူးဘူး”
ကိုဖိုးအေးက ပြောဆိုလိုက်သည်။
“အဖေ ဒီဝက်မကြီးကို ဘယ်လိုသယ်မလဲ”
သံချောင်းက ပြောလေသည်။ ကိုဖိုးအေးက အတန်ငယ်စဉ်းစားလိုက်သည်။
“တို့ ထမ်းသွားရင် ရွာကိုရောက်ဖို့ကြာလိမ့်မယ်၊ ဖျက်ပြီးမှ သယ်မယ်”
ဟုပြောလိုက်သည်။ သံချောင်းလဲ ခေါင်းညိတ်ကာ အနီးရှိဝါးရုံတောသို့ ပြေးသွားလိုက်လေသည်။
ဝါးခုတ်ဓါးဖြင့် တောင့်တင်းသော ဝါးများကို ခုတ်ရသည်။ ထို့နောက်ဝါးကိုအကြမ်းဖျာပြီး တောင်းပုံစံ အကြမ်းရက်လုပ်ရသည်။ သံချောင်းမှာ အတွေ့အကြုံရှိသူမို့ ၁၅ မိနစ်ခန့်သာလုပ်ရသည်။ ကိုဖိုးအေးကတော့ သားလှီးဓါးတစ်ချောင်းဖြင့် ဝက်ကို ဖျက်နေလေသည်။ ဝက်၏ နားရွက်ဖျားများ၊ အမြီးနှင့် ခွာများကို ဖြတ်ထုတ်ပြီး ဖက်သန့်သန့်တွင်ထည့်ကာ တောင်ပို့ပေါ်တင်လိုက်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ တောပိုင်၊ တောင်ပိုင်များအား ပ သခြင်းဖြစ်ပြီး ပြန်သယ်သွားမည့်လမ်းတစ်လျှောက် အန္တရာယ်မကျရောက်အောင် ရှေးအစဉ်အဆက်လုပ်ခဲ့သည့် နည်းလမ်းဖြစ်သည်။
ဝက်ခေါင်းကြီးကို ဖြတ်လိုက်ပြီး တောင်ပို့အောက်ခြေတွင် ထားလိုက်သည်။ အမဲဖျက်ပြီးနောက် ဝက်ခေါင်းကို မသယ်ကြပါ။ လေးလံလွန်းသောကြောင့်ဖြစ်သည်။ ဝက်ခေါင်းအတွင်းမှ ဦးနှောက်များ၊ မျက်လုံးများ၊ လျာများကို ဖြတ်ထုတ်ပြီးမှ အကြွင်းအကျန်များအား မြေမြှုပ်ပစ်ရသည်။ ယခုလဲ ကိုဖိုးအေးတစ်ယောက် ဝက်ခေါင်းကို မကိုင်သေးဘဲ ခေါင်းဖြတ်လိုက်ပြီး တောင်ပို့ခြေရင်းတွင် ပုံထားလိုက်သည်။ ထို့နောက် အသားများ၊ ကလီစာများ၊ အူများကို သတ်သတ်ခွဲထုတ်ကာ ဖျက်ပြီးနောက် သံချောင်းပြုလုပ်ထားသည့်ခြင်းတောင်းထဲတွင် ဖက်ခင်းပြီး ထည့်ရသည်။
တစ်နာရီခန့် အမဲဖျက်ပြီးသော် ခြင်းတောင်းနှစ်တောင်းအပြည့် အသားများရလေသည်။ သံချောင်းက ဝါးဖြင့် ထမ်းပိုးသဖွယ်လုပ်ပြီး ထမ်းမည်ဖြစ်သည်။ ကိုဖိုးအေးက ဝက်ခေါင်းကြီးကို ကိုင်ရန်သတိရ၍ ဝက်ခေါင်းကို ယူလိုက်သည်။ ဦးနှောက်ကို ဖောက်ရန် ပြုလုပ်လိုက်သည်။ ထိုအခါ ဝက်ကြီးမှာ ခေါင်းတွင် တစ်လက်မ ပတ်လည်ခန့် အပေါက်ကြီးပေါက်နေပြီး ဦးနှောက်များ မရှိတော့ပါ။ ကိုဖိုးအေး ထူးဆန်းသွားသည်။ သို့သော် သူ့သား သံချောင်းဦးနှောက်ဖောက်သွားလားဟု ထင်သွားသည်။ ထို့နောက် မျက်လုံးများ၊ လျှာများ၊ နားရွက်များကို ဖြတ်တောက်ပြီး ကျန်ခဲ့သည့် အရိုးအရင်းများနှင့် အတူ မြေကျင်းလေးတူးကာ မြှုပ်ပြစ်ခဲ့လေသည်။
“အဖေ ဟိုဟာကြီး ခူးသွားရင် မကောင်းဘူးလား” သံချောင်းက မှိုပွင့်ကြီးကိုပြသည်။
“အေး တို့တွေကတော့ မသိပေမယ့် ဆေးဆရာချမ်းတို့၊ လက်ပံကုန်း ဆရာတော်တို့တော့ သိလောက်တယ်၊ ဆေးဖက်တွေ ဘာတွေများဝင်မလားမသိဘူး၊ တို့တွေ ယူသွားကြရအောင်”
ကိုဖိုးအေးကပြောလိုက်သည်။ ထို့နောက်မှိုပွင့်ကြီးကို ဆွဲနှုတ်လိုက်သည်။ ယောက်ျားသားအားဖြင့် ဆွဲတာတောင်မှ မှိုက မရ။ ဒါနဲ့ ဓါးကို ထုတ်ပြီး လှီးဖြတ်လိုက်သည်။
“ဟာ အဖေ သွေး . .သွေးတွေ””
သံချောင်းက အော်လိုက်လေသည်။ မှိုကြီးအောက်ခြေမှ နီနီအရည်များ တသွင်သွင်စီးကျလာလေသည်။
“လခွမ်း မှိုက သွေးထွက်မလား၊ မှိုက ကျတဲ့အရည်တွေ ဖြစ်မှာပေါ့”
ဟုပြောဆိုကာ မှိုပွင့်ကြီးကို ဝက်သားတောင်းပေါ်တင်လိုက်သည်။ သားဖြစ်သူ သံချောင်းက လျှင်မြန်စွာဖြင့် ထိုတောင်းကြီးများကို ထမ်းသွားလေသည်။ သံချောင်းမှာ အသက်ငယ်ရွယ်သောလဲ ဗလတောင့်သည်။ အသားများမှာ ကျစ်လစ်နေပြီး အသားအရေက မည်းတူးနေသည်။ သူတို့နှစ်ယောက် လင့်စင်ကို ခြေကုန်သုတ်၍ ပြန်လာခဲ့ကြသည်။ မနက် ၁၀ နာရီ ထိုးနေပြီ။
လင့်စင်ရောက်သော် သံချောင်းက ထမင်းချက်သည်။ ကိုဖိုးအေးက ဝက်သားများကို ကင်သည်။ အခေါက်များကို ကင်သည်။ ထို့နောက်သူတို့ လင့်စင်တွင် ထားခဲ့သည့် ပစ္စည်းများကို ကြွတ်ကြွတ်အိပ်များဖြင့်ထည့်ကာ စနစ်တကျ လင့်စင်ပေါ်တွင် ကြိုးဖြင့်ချည်ကာ ထားခဲ့သည်။ ထမင်းစားသောက်ပြီးသော် ကိုဖိုးအေးက သေနတ်ကို ကျည်ထပ်ထိုးလေသည်။ ဒီတစ်ခါတော့ ပုံမှန် ကျည်အလတ်သာ ထည့်သည်။ သူတို့ အသားတောင်းနှင့်ပြန်တဲ့လမ်းတွင် အချို့သားကောင်များက အသားလုယူတတ်ကြပေသည်။ ဒါ့ကြောင့် ကျည်ထည့်ရခြင်းဖြစ်သည်။
ကိုဖိုးအေးက အရှေ့မှ သေနတ်ထမ်း၍ ဆေးလိပ်ခဲပြီးလျှောက်သည်။ သူ့နောက်မှ သံချောင်းက တောင်းကြီးနှစ်တောင်းကို ထမ်းပြီး သားအဖနှစ်ယောက် ရွာဘက်သို့ အမြန်လျှောက်ခဲ့ကြသည်။ နေ့လည်ပင် ရောက်နေပြီ ရွာကိုရောက်ရန် အမြန်သွားဖို့လိုသည်။ နို့မဟုတ်လျှင် တောထဲနောက်တစ်ရက် ထပ်အိပ်နေရဦးမည်ဖြစ်သည်။ အသားတောင်းများကို ဖက်များဖြင့် အစိုဓါတ်ပေး၍ လုံအောင် ထမ်းလာသဖြင့် အသားများမှာ မပျက်စီးပါ။
“အဖေ ဝက်မကြီးက တော်တော်ကြီးတာပဲ၊ ဖျက်ပြီးတာတောင် အလေးကြီးကျန်တယ်၊ အကောင်လိုက်ထမ်းလို့ကတော့ ရွာကို သုံးရက်လောက်ကြာမယ်ထင်တယ်”
သံချောင်းကပြောလိုက်သည်။
“သားမထမ်းနိုင်ရင် အဖေတစ်လှည့်ထမ်းမယ်လေ”
ကိုဖိုးအေးက လမ်းလျှောက်ရင်း ပြောလိုက်သည်။
“ရပါတယ်အဖေ ဒီလောက်ကတော့ အေးဆေးပါ”
သံချောင်းကပြောလေသည်။ အိမ်အပြန်ခရီးမို့ ခြေထောက်တွေက တက်ကြွနေသည်။ လမ်းတွင် သားကောင်လေးတွေတွေ့သော်လည်း မပစ်တော့ပါ။ သားအဖနှစ်ယောက် သီချင်းလေး တညည်းညည်းဖြင့် တောတိုးကြလေသည်။
“ဝီ . . .ဝီ . . .ဝီ”
အော်သံကြီးများကောင်းကင်တွင်ကြားလိုက်ရသည်။ မကြာလိုက်ပါ အနက်ရောင်အကောင်ကြီးများသည် အလုံးအထွေးလိုက် ပျံသန်းလာကာ သူတို့သားအဖနှစ်ယောက်၏ ခေါင်းပေါ်တွင် ပျံဝဲနေကြသည်။
“အဖေ ပျားတူ(ပဒူ) ကောင်တွေလားအဖေ””
သံချောင်းက အော်ဟစ်လိုက်သည်။ ကိုဖိုးအေးက သေချာစူးစိုက်ကြည့်လိုက်သည်။
“တော ယင်ကောင်ကြီးတွေကွ တို့ဆီက အညှီနံ့ရလို့ လာတယ်ထင်တယ်”
ကိုဖိုးအေးသည် မီးခြစ်ခြစ်လိုက်သည်။ ထို့နောက် သစ်ကိုင်းခြောက်များ၊ သစ်ရွက်အစိုများကို ရှာပြီး မီးမွှေးလိုက်သည်။ သားအဖနှစ်ယောက် တောင်းကြိးကို ချပြီး ထိုင်ချလိုက်သည်။ ယင်ကောင်ကြီးများမှာ တစ်လက်မ၊ တစ်လက်မခွဲခန့်ရှိပြီး ပုရစ်ကြီးများအရွယ်ခန့်ရှိသည်။ သူတို့အပေါ်တွင် အကောင်သောင်းချီ ပျံဝဲနေရာ ကောင်းကင်မှာ အမှောင်ကျနေသည်။ ယင်ကောင်ကြီးများသည် သူတို့၏ မျက်နှာများ၊ ပုခုံးများသို့ ဝင်တိုက်ကြသော်အခါ လက်သီးနှင့် ထိုးသကဲ့သို့ နာကျင်လှပေသည်။
ကိုဖိုးအေးကတော့ သစ်ရွက်အစိုများဖြင့် မီးမွှေးထားသဖြင့် မီးခိုးများအူနေသည်။ ယင်ကောင်များသည် မီးပုံအနားသို့ မကပ်ရဲပဲ။ သူတို့သားအဖကို ပတ်ခြာလည် လှည့်ပြီး ပျံသန်းနေကြသည်။ နာရီဝက်ခန့်ကြာသည်အထိ ယင်ကောင်များမှာ ဝဲပျံနေသည်။ သံချောင်းက စိတ်မရှည်သဖြင့် မိးလောင်နေသော ထင်းစကြီးတစ်ချောင်းဖြင့် ယင်ကောင်များကို လိုက်ရိုက်လေသည်။ သို့သော်မထိပေ။ ကိုဖိုးအေးက စဉ်းစားနေသည်။
“တို့တွေ ထွက်ပြေးကြမှဖြစ်မယ်။ မီးခိုးမှိုင်းနဲ့ တက်နိုင်သလောက်လမ်းရှင်းပြီးရင် တို့တွေ ပြေးကြမယ်”
ကိုဖိုးအေးက ပြောလိုက်သည်။ ထင်းစိုကြီးတစ်ချောင်းကို မီးရှို့ပြီး ကိုဖိုးအေးက ယင်ကောင်များထဲ ဝှေ့ယမ်းလိုက်သည်။ ယင်ကောင်များသည် ထိုနေရာမှ ရှဲသွားလေသည်။ ထို့နောက် သားအဖနှစ်ယောက် ခြေကုန်သုတ်ပြေးကြသည်။ သံချောင်းမှာ တောင်းကြိးနှစ်တောင်းကို ထမ်းထားပြီး ပြေးလေသည်။ ယင်ကောင်များမှာ သူတို့နောက်မှ တဝီဝီဖြင့် လိုက်ကြသည်။
အတန်ကြာပြေးမိသောအခါ တောင်ကျချောင်းကလေးအနီး ညောင်မုတ်ဆိတ်ပင်ကြီးဆီသို့ ရောက်ခဲ့ကြသည်။ ယင်ကောင်များမှာ တဖြေးဖြေး ဝေး၍ ကျန်ခဲ့လေသည်။ ကိုဖိုးအေးတို့လဲ ညောင်ပင်ရိပ်တွင်ထိုင်လိုက်ကြသည်။ ယခုမှ သက်ပြင်းချနိုင်သည်။ တောင်ကျချောင်းကလေးမှာ ရေသိပ်မရှိတော့ ခြေမျက်စိသာသာကလေးသာ ရှိတော့သည်။ သံချောင်းက ရေသန့်ဗူးအခွံတစ်ခုဖြင့် ရေခပ်ပြီး ခြေလက်ဆေးကြောနေသည်။ ဇောနှင့်ပြေးခဲ့သည်မို့ သူတို့ ခန္ဓာကိုယ်တွင် သစ်ကိုင်းရှရာများ၊ မြက်ပင် ပေါင်းပင်ရှရာများဖြင့် သွေးများပင်ထွက်နေသည်။ ခြေထောက်များတွင်လဲ ငုတ်စူး သစ်စများစူးနေသည်။
ကိုဖိုးအေးကတော့ ညောင်ရိပ်တွင်ထိုင်ရင်း အမောဖြေနေသည်။ ထိုညောင်ပင်ကြီးမှာ သက်တမ်းတော်တော်ရှည်နေပြီဖြစ်သည်။ အကိုင်းများတွင် ညောင်မုတ်ဆိတ်များဖားလျား ကျနေသည်။ အပင်ခြေတွင်လဲ ညောင်မြစ်များက မြေပေါ်တွင် ကြွတက်၍ ရှုပ်ယှက်ခတ်နေသည်။ သံချောင်းက ရေဆေးပြီး နောက် ညောင်ပင်ရိပ်တွင် အတူလာထိုင်သည်။ ထို့နောက် ပါလာသော ရေဘူးကို ဖွင့်သောက်လိုက်သည်။ တောင်းကြီးနစ်တောင်းကိုလဲ အနားတွင်ချထားလေသည်။ ကိုဖိုးအေးက ခြေထောက်တွင် စူးနေသော ဝါးစလေးအား နှုတ်နေစဉ် အမှတ်မထင် မြေကြီးှဆီသို့ ကြည့်လိုက်မိသည်။
“အောင်မယ်လေး မြွေတွေဟ”
ကိုဖိုးအေးသူ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ကြောက်လန့်သွားသည်။ အကြောင်းမှာ ညောင်မြစ်များသည် မြွေများဖြစ်နေလေသည်။ မြွေများသည် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်လုံးထွေးလျက် မြေကြီးနှင့် အပြည့်မြွေပင်လယ်ကြီးဖြစ်နေလေသည်။ သူတို့နှစ်ယောက် ကြောက်လန့်စွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့ အပေါ်ကို မော့ကြည့်မိလိုက်ကြသည်။ ညောင်ပင် အကိုင်းများပေါ်တွင် မြွေများပြည့်နှက်နေပြီး ညောင်မုတ်ဆိတ်များတွင် မြွေများတွဲလောင်းကျနေသည်။ သူတို့သားအဖနှစ်ဦးသည် မြွေပတ်လည် ဝိုင်းရံလျက်ရှိနေကြသည်။
“သားရေ တောင်းတွေသယ် အဖေတို့ စမ်းချောင်းလေးထဲ ဆင်းပြေးကြမယ်”
ကိုဖိုးအေးကပြောလိုက်သည်။ ဟုတ်သည်။ ကုန်းမြွေအများစုသည် ရေမြွေများကဲ့သို့ ရေထဲတွင် အသွားမကျင်လည်ပါ။ သူတို့လဲ မြွေများကို အမြန်တက်နင်းပြီး ချောင်းရေထဲ ခုန်ချလိုက်ကြသည်။ ထို့နောက် ချောင်းရိုးလေးအတိုင်း စုန်ဆင်းပြေးလာကြသည်။ မြွေများသည် သူတို့နောက်ကို လိုက်မလိုက်တော့ လှည့်မကြည့်သဖြင့် မသိတော့။ အတန်ငယ်ကြာမှ ကိုဖိုးအေးက လှည့်ကြည့်လိုက်သည်။ ညောင်ပင်ကြီးသည် အတော်ပင်ဝေးကျန်ခဲ့ပြီဖြစ်သည်။
“ဖျောင်း . . ဖျောင်း . . .ဝရုန်း””
အသံတွေ ဆူညံစွာကြားလိုက်ရသည်။ ကိုဖိုးအေး ဒီအသံကိုတော့ သူမှတ်မိသည်။
“”တောင်ကျရေတွေ ကျလာတဲ့အသံပဲ”
သူတို့သည် ချောင်းရိုးလေးအတိုင်း အနောက်သို့လှည့်ကြည့်လိုက်ကြသည်။ တောင်ကျရေများသည် တဝေါဝေါနှင့် ကမ်းပါးရှိ သစ်ပင် ဝါးပင်များကို တိုက်စားးပြီးကျလာလေသည်။
“သားရေ တို့တွေ ကံဆိုးပြီ”
ကိုဖိုးအေးက အော်ဟစ်လိုက်သည်။ သူတို့ ချောင်းရိုးလေးအတိုင်း စုန်ဆင်းလာသည့်နေရာတွင် ကမ်းပါးများမှာ ရေတိုက်စားမှုကြောင့် လူနှစ်ရပ်ခန့်မြင့်လေသည်။ မတတ်နိုင်။ သူတို့သားအဖနှစ်ယောက် ချောင်းရိုးအတိုင်း ခြေကုန်ပြေး၍ စုန်ဆင်းလာကြသည်။
“သားရေ ကမ်းပါး နိမ့်တာတွေ့ရင် ခုန်တက်ကြရအောင်”
ကိုဖိုးအေးက ပြေးလဲပြေး ကမ်းပါးနိမ့်တဲ့နေရာကို ရှာနေသည်။ သို့သော် ကမ်းပါးများမှာ ပိုမြင့်သွားပြီး ချောင်းမှာ ပိုကျဉ်းလာလေသည်။ အနောက်တွင်လဲ တောင်ကျရေများက တဝေါဝေါ အသံပေးကာ ဆက်လိုက်လာနေသည်။ နေ့လည် ၂ နာရီခန့် နေကျစ်ကျစ်တောက် ပူလောင်နေသည့်အချိန်တွင် တောင်ကျရေများကျလာ၍ ထွက်ပြေးနေရခြင်းမှာ ထူးတော့ထူးဆန်းနေသည်။
“သားရေ ဟိုရှေ့မှာ”
ကိုဖိုးအေးက ဝမ်းသာစွာ အော်လိုက်သည်။ သူတို့ ကံကောင်း၍လားမပြောတတ်။ တစ်နေရာတွင် မြေပြိုနေသော ကမ်းပါးလေးရှိပြီး အမြင့်မှာ လေးပေ သာသာရှိလေသည်။ သူတို့သည် ထိုကမ်းပါးလေးသို့ ခြေကုန်သုတ်ပြေးကြသည်။ ပြေးနေရင်း ရေများမှာ ဒူးအထိရောက်လာသည်။ သူတို့ဆက်ပြေးရင်း ရေများမှာ တဖြည်းဖြည်းတက်လာလေရာ ပေါင်အထိပင်ဖြစ်နေပြီ။ ကိုဖိုးအေးမှာ ကမ်းပါးအပေါ်ခုန်တက်လိုက်သည်။ ထို့နောက်သူ့သားအား လက်ကမ်းပေးလိုက်ပြီး အသားခြင်းတောင်းများကို ယူလိုက်သည်။ သံချောင်းကလဲ လျှင်မြန်စွာ ခုန်တက်လိုက်သည်။ ထို့နောက်သူတို့သည် ထိုထက်မြင့်သည့်နေရာ တောင်ဂမူကလေးတစ်ခုပေါ်သို့ တက်ပြီး နောက်ပြန်လှည့်ကြည့်ကြသည်။ တောင်ကျရေများသည် သစ်များ ဝါးပင်များဖြင့် တိုက်စားရင်း စီးနေကြသည်။ ထိုရေစီးအားထဲ လူပါသွားမည်ဆိုပါက စိစိညက်ညက်ကြေသွားနိုင်ပေသည်။
“ထူးတော့ ထူးနေပြီ”
ကိုဖိုးအေးက ရေရွတ်လိုက်သည်။ အခုပဲကြည့်လေ နေကဝင်တော့မည်။ သူတို့မှာ ဘယ်လောက်သွားသွား ထိုတောင်ကျချောင်းနားမှာပဲ ဝေ့လည်လည်ဖြစ်နေသည်။ ကိုဖိုးအေးမှာ ထိုင်ချလိုက်သည်။ သံချောင်းကလဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ဗိုက်ကလဲ တကြုတ်ကြုတ်ဆာနေသည်။ ကိုဖိုးအေးမှာ မိုးပေါ်ကိုကြည့်ပြီး စဉ်းစားနေသည်။ အခြားတော့မဟုတ်ပါ သူ့ဖခင်သင်ပေးလိုက်သည့် အကြောင်းများကို ပြန်စဉ်းစားနေခြင်းဖြစ်ပါသည်။
“ဟုတ်ပြီ ဒို့မှာ နည်းလမ်းရပြီ”
ကိုဖိုးအေးက ပြောလိုက်သည်။ သံချောင်းမှာ သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။
“တို့ တောစပ် ကညင်ပင်ကြီးမှာ ပလတ်စတစ်ကြိုး ချည်ထားခဲ့တယ်မဟုတ်လား”
သံချောင်းက ခေါင်းညိတ်ပြသည်။
“တောစောင့်နတ်အပေါင်း၊ ကညင်ပင်စောင့်နတ်ကြီးခင်ဗျား၊ ကျွန်တော်တို့ တောထဲမှာလမ်းပျောက်နေပါပြီ၊ ကျွန်တော်တို့ကို ကြိုးနှင့်ချည်ပြီး ပြန်ခေါ်တော်မူပါ၊ လမ်းပြပေးတော်မူပါ”
ကိုဖိုးအေးက လက်အုပ်ချီပြီး တိုင်တည်လိုက်သည်။
“ဒါ ဒီတောရဲ့ ဓလေ့ပဲ ငါ့သားရဲ့၊ ဘယ်လောက်တောထဲ လမ်းပျောက်ပျောက် ကညင်ပင်ကြီးမှာ ကြိုးချည်ခဲ့ပြီး တိုင်တည်လိုက်ရင် သူ့အလိုလို တောတိုးရင်းနဲ့ ကညင်ပင်ကြီးဆီ ပြန်ရောက်သွားတယ်ဆိုတဲ့ အယူအဆရှိတယ်”
ကိုဖိုးအေးက ပြောလေသည်။ သားအဖနှစ်ယေက် အားတက်လာကာ ဆက်လက်တောတိုးခဲ့ကြသည်။
မိုးစုန်းစုန်းချုပ်နေပြီ။ တောထဲမှာမို့ ပိုမှောင်လွန်းလှသည်။ ကိုဖိုးအေးက လက်နှိပ်ဓါတ်မီးဖြင့် ဦးဆောင်ပြီး တောတိုးနေသည်။
“အဖေရေ ဒီတောင်းကြီးက တဖြည်းဖြည်းလေးလေးလာတယ်”
သံချောင်းကပြောလိုက်သည်။ ကိုဖိုးအေးက ရပ်နားလိုက်သည်။ သံချောင်းက တစ်နေ့လုံ းဒီတောင်းကြီးတွေ ထမ်းပြီး ပြေးလွှားရတာ သူလည်းပင်ပန်းနေပြီပေါ့။
“ဒါဆို သားနားလိုက်လေ အဖေတစ်လှည့်ထမ်းမယ်”
ကိုဖိုးအေးက ထမ်းရင်း တောဆက်တိုးသည်။ သံချောင်းမှာ အလွန်မောပန်းနေသည်။ သံချောင်းဆိုပြီး အလွန်အကြမ်းခံသူဖြစ်သော်လည်း သူလဲ လူဖြစ်သဖြင့် အလွန်မောပန်းနေလေပြီ။ အပြန်လမ်းတွင် တောငှက်ပျောပင်ကြီးတစ်ပင်တွင် ငှက်ပျောသီးတွေသီးနေသည်ကိုတွေ့သဖြင့် ငှက်ပျော်သီး မမှည့်တမှည့်များကို သားအဖနှစ်ယောက် အားရပါးရစားကြသည်။
ည၇နာရီကျော်နေပြီ၊ ကိုဖိုးအေးလဲ တဖြည်းဖြည်းတောင်းကြီးနှစ်လုံး၏ အလေးချိန်မှာလေးလာလေသည်။ သူတို့တောတိုးရင်း ဓါတ်မီးရောင်တွင် ကညင်ပင်ကြီးကို လှမ်းမြင်လိုက်ရလေသည်။ ကညင်ပင်ကြီး၏ ပင်စည်တွင် ပလတ်စတစ်ကြိုးအနီများချည်ထားသဖြင့် အလွယ်တကူမှတ်မိနေလေသည်။ မကြာမီတွင် သားအဖ နှစ်ယောက်စလုံး ကညင်ပင်ကြီးအောက်တွင် ထိုင်ချလိုက်ကြသည်။ တောင်းကြီးကိုလဲ ချထားလိုက်ကြသည်။
“သား ဒီမှာ ခဏနေဦး အဖေ ဆိုင်ကယ်သွားယူလိုက်ဦးမယ်”
သံချောင်းမှာ စကားပင်မပြောနိုင်တော့ အလွန်မောဟိုက်နေလေသည်။ ကိုဖိုးအေးလဲ သေနတ်ကိုလွယ်လိုက်ပြီး ဆိုင်ကယ်ထားရာ ချုံဆီသို့သွားလိုက်သည်။ ဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး ကညင်ပင်ကြီးဆီ မောင်းလာခဲ့လိုက်သည်။ ထိုစဉ်က ကညင်ပင်အောက်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သွေးပျက်မတတ်ဖြစ်သွားသည်။
ကညင်ပင်အောက်တွင် သံချောင်းကထိုင်နေပြီး သံချောင်း၏ခေါင်းပေါ်တွင် မှိုနီကြီးက ရေဘဝဲကြီးတစ်ကောင်လို ဖုံးအုပ်ထားသည်။ လက်တံကြီးများက သံချောင်း၏ မျက်နှာများပေါ်ရစ်ပတ်နေပြီး မှိုအလယ်ရိုးတိုင်ကြီးက သံချောင်း၏ငယ်ထိပ်တွင် တင်နေသည်။ သံချောင်းမှာကား နတ်ပူးသလို တဆတ်ဆတ်တုန်နေလေသည်။
“သား သံချောင်း”
ကိုဖိုးအေးက အစွမ်းကုန်အော်ဟစ်လိုက်သည်။
“အဖေ . . .ကျ နော် . .အရမ်း . .နာ”
သံချောင်းစကားတွေက မပီတော့ ဗလုံးဗထွေးဖြစ်နေသည်။ မှိုကြီးမှာ သံချောင်းငယ်ထိပ်ကို ဖောက်ကာ ဦးနှောက်များကို စုပ်ယူနေခြင်းဖြစ်သည်။ ကိုဖိုးအေး ဘာလုပ်ရမှန်းမသိလဲ ရပ်ကြည့်ပြီး ကြက်သေသေနေလေသည်။ သံချောင်း၏ ပြူးနေသော မျက်စိများမှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး မျက်လုံးပေါက်ကြီးများမှာ ဟောင်းလောင်းပေါက်ကြီးဖြစ်သွားသည်။ မကြာမီ သံချောင်းပါးစပ်ကြီး ဟ လာကာ လျှာကြီးမှာ အပြင်သို့ထွက်လာလေသည်။ သံချောင်းလက်ချောင်းများ၊ ခြေချောင်းများမှာလဲ ကောက်ကွေးနေလေသည်။
ကိုယ့်သားသမီး ကိုယ့်ရှေ့တွင် သေဆုံးသည်ကို မြင်နေသော မိဘမှာ သွေးမပျက်ဘဲ မနေနိုင်ပါ။ ကိုဖိုးအေးက သွေးပျက်ပြီး ကြက်သေသေနေသည်။ ထိုအချိန်တွင် သံချောင်းသည် မတ်တပ်ထရပ်လိုက်သည်။ သံချောင်းကိုယ်လုံးကြီးမှာ ကြိုးပျော့နေသော ရုပ်သေးရုပ်ကြီးပမာ ဒယိမ်းဒယိုင်ဖြင့် ကိုဖိုးအေးဆီလျှောက်လာနေလေသည်။ ထို့နောက် လက်ချောင်းများကွေးကောက်နေသည့် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်ပြီး ကိုဖိုးအေးကို ဖက်ရန်ပြုလုပ်ရင်း လမ်းလျှောက်လာလေသည်။
“အဖေ သားကိုကယ်ပါဦး၊ အဖေ သားကိုချစ်တယ်မဟုတ်လား”
ဟု သံချောင်းက ပြောဆိုရင်း တစ်လှမ်းချင်း ကိုဖိုးအေးဆီလျှောက်လာလေသည်။ ကိုဖိုးအေး မည်သို့လုပ်ရမည်မသိ။ ကြက်သေသေနေရာမှ သတိတစ်ချက်ပြန်ကပ်လာသည်။ ထို့နောက်လွယ်ထားသော တူမီးသေနတ်ကို ဖြုတ်ပြီး သံချောင်း၏ ဦးခေါင်းတည့်တည့်ဆီ ထိုးချိန်လိုက်လေသည်။
“အဖေ သားကို မသတ်ပါနဲ့။ အဖေ သားကို မပစ်ပါနဲ့”
ဟု ပြောဆိုရင်း သံချောင်းက တစ်လှမ်းချင်းလျှောက်လာရာမှ ပြေးလာရင်း လက်တစ်ကမ်းအရောက်တွင် ကိုဖိုးအေးကို ခုန်အုပ်လိုက်လေသည်။
“ဒိုင်း”
သေနတ်သံတစ်ချက်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သံချောင်းမှာ သေနတ်အားကြောင့် အနောက်သို့လွင့်ထွက်သွားသည်။ သံချောင်းခေါင်းကြီးမှာလဲ ဖွာလန်ထွက်သွားသည်။ သံချောင်းသည်လွင့်ထွက်သွားရာမှ ပြန်ကောက်ထလိုက်သည်။ ထို့နောက်ဒယိမ်းဒယိုင်ဖြင့် အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။
တောဝက်ကြီးဦးနှောက်ဖောက်စားခံရခြင်း၊ တောအတွင်းခြောက်လှန့်မှုမျိုးစုံ ဖြစ်ပွားရခြင်းမှာ ထိုနတ်ဆိုးမှိုကြီးကြောင့်ဖြစ်သည်ဆိုသည်ကို ကိုဖိုးအေးသိမည်မဟုတ်ပါ။
နိဂုံး
“ကိုဖိုးအေးတို့ အဖြစ်ဟာ တော်တော်သနားစရာလဲကောင်း ကြောက်စရာလဲကောင်းတဲ့အဖြစ်ပဲ”
ဆရာတော် ဦးကုမာရက ပြောလေသည်။ ဆေးဆရာဦးချမ်းက လက်ပံကုန်းရွာသို့ အာဂန္တုအဖြစ်ရောက်နေသော ဆရာတော် ဦးကုမာရ အား ကိုဖိုးအေးတို့ အဖြစ်အပျက်များကို ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။
“တင်ပါ့ဘုရား၊ တပည့်တော်တို့ရွာက ခေါင်လဲခေါင်တယ်ဆိုတော့ ကိုဖိုးအေးက လူသတ်မှုနဲ့ ထောင်မကျပါဘူးဘုရား၊ ကိုဖိုးအေးတို့ လင်မယားလဲ အဲဒီကတည်းက ကွဲသွားပြီး သူတို့လဲ ရွာကနေ ကိုယ်စီကိုယ်စီ ထွက်သွားကြပါတယ်ဘုရား”
ဦးချမ်းက ဆရာတော့်အား လျှောက်လိုက်သည်။
“အေးကွဲ့ သူတို့က အသိအမြင်ဗဟုသုတလည်းအားနည်း၊ ဘာသာတရားလဲမကိုင်းရှိုင်းဆိုတော့ ဒီလိုအဖြစ်မျိုးကြုံရတာပဲ။ အမှန်က သူတို့တွေ့ခဲ့တဲ့ မှိုဟာ နတ်ဆိုးမှိုလို့ခေါ်တယ်။ အလွန်ဆိုးရွားတဲ့ သဘာဝမှိုတစ်မျိုးပေါ့။ အဲဒီမှိုတွေက ရှားပါးပြီးတော့ တွေ့ရခဲတယ်။ သူ့ကို ကဏ္ဍိရ လို့ခေါ်တဲ့ နတ်ဆိုးစောင့်တယ်”
“အရှင်ဘုရားပြောလို့သာ တပည့်တော်တော့ ကြားဖူးတော့တယ်။ အရှင်ဘုရား အရင်ကရော ဒီလိုမှိုမျိုးတွေ့ဖူးလို့လားဘုရား” ဦးချမ်းက လျှောက်သည်။
“အင်း အထက်အညာဘက်မှာ ဒီနတ်ဆိုးမှိုကို စားမိလို့ ရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အဖြစ် ဖြစ်ခဲ့ဖူးတယ်၊ ဦးဇင်းကိုယ်တိုင်တွေ့ကြုံတာတော့မဟုတ်ဘူးပေါ့။ ဦးဇင်းရဲ့ သူငယ်ချင်းကိုယ်တော် တစ်ပါးရဲ့ အတွေ့အကြုံပေါ့လေ”
“တင်ပါ့ဘုရား။ တပည့်တော်လဲ အချိန်ရရင် အဲ့ဒီဇတ်ကြောင်းလေးလဲ ကြားချင်ပါတယ်ဘုရား၊ အခုတော့ ပေပင်ကုန်းဘက်က လူနာရှိလို့ တပည့်တော် သွားရဦးမယ်ဘုရား” ဦးချမ်းကပြောရင်း ဆရာတော်အား ဝတ်ပြုလေသည်။
“အေး အေး သာဓုကွယ် သာဓု သာဓု”
ဆေးဆရာဦးချမ်းလဲ ကျောင်းပေါ်မှ ပြန်ဆင်းသွားသည်။ ဆရာတော် ဦးကုမာရကတော့ ကိုဖိုးအေးနှင့် သံချောင်းတို့အဖြစ်ကို ပြန်လည်စဉ်းစားတွေးတောနေလေသည်။ နွေအကူးမို့ လေရူးတစ်ချက်ဝှေ့လိုက်သဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်း သစ်ရွက်ကလေးများ လေနဲ့အတူပျံတက်သွားကြလေသည်။
ပြီးပါပြီ
ကြိုးစားပါဦးမည်။
အဂ္ဂဇော်