အပိုင်း (၅) ဇာတ်သိမ်းပိုင်း
လရောင်မှိန်ပြပြအောက်တွင် လင်းနို့ကြီးတစ်ကောင်ပျံဆင်းလာလေသည်။ စည်သူတို့ကို ဝန်းရံထားသည့် မြင်းစီးသမားများကို လင်းနို့ကြီးက အရှိန်ဖြင့်ဝင်တိုက်သည်။ မြင်းများကို အတောင်ပံများဖြင့်ရိုတ်ခတ်လိုက်သည့်အခါ မြင်းများမှာလန့်ပြီး ခြေဦးတည့်ရာထွက်ပြေးကာ မြင်းတပ်ပျက်လေတော့သည်။ မြင်းတပ်ခေါင်းဆောင်က စည်သူထံသို့ မြင်းကိုမောင်းနှင်လာပြီး လက်မှလည်း လှံကိုအသင့်ကိုင်ဆောင်လာလေသည်။ ထိုအချိန်တွင်ပင် မြင်းတပ်ခေါင်းဆောင်၏ မြင်းကို လင်းနို့ကြီးက ခြေထောက်နှစ်ဖက်နှင့် ကုပ်ချီပြီး မိုးပေါ်သို့ဆွဲတင်လိုက်ကာ မိုးပေါ်သို့ရောက်မှ ခပ်လှမ်းလှမ်းသို့ပစ်ချလိုက်လေသည်။ ထို့နောက် လင်းနို့ကြီးက မိုးပေါ်မှခုန်ဆင်းကာ စည်သူအရှေ့တွင်ရပ်တန့်လိုက်သည်။
“စည်သူ၊ ကျုပ်ခင်ဗျားကိုရှာနေတာကြာခဲ့ပြီ”
လင်းနို့ကြီးက မြေပြင်ပေါ်သို့ရောက်ပြီး မကြာခင်မှာပင် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။ ထိုသူကတော့ ငခမ်းပင်ဖြစ်သည်။ စည်သူက မျက်လုံးပြူးကြီးနှင့် ငခမ်းကိုကြည့်နေလိုက်သည်။ ငခမ်းက ပြေးကာ စည်သူအားပွေ့ဖက်လိုက်သည်။
“ကျုပ်မြို့ကနေထွက်ဖို့ နောက်ကျသွားတော့ မြို့ထဲမှာပဲ တစ်ညနေလိုက်ရတယ်၊ အဲဒီအချိန်မှာ မီးလောင်မှုတစ်ခုဖြစ်တာနဲ့ ကျုပ်လည်းသွားကြည့်တော့ ခင်ဗျားရဲ့အိမ်ဖြစ်နေတယ်၊ အဲဒီမှာ ခင်ဗျားတစ်ခုခုဖြစ်နေပြီဆိုတာ ကျုပ်သိလိုက်တာပဲ၊ ခင်ဗျားကိုကျုပ် ဟောဒီနေပြည်တော်တစ်ခွင် လိုက်ရှာနေခဲ့တာစည်သူ”
“နေရာအစုံနှံနေပေမယ့် ခင်ဗျားထောင်ထဲရောက်နေမယ်လို့တော့ ကျုပ်ထင်မထားဘူးလေ”
စည်သူက ပြုံးလျှက် ခေါင်းညိတ်နေလေသည်။ ငခမ်းက အလွန်အံ့သြနေသည်။
“တစ်ခုခုပြောပါအုံးစည်သူရ၊ ခင်ဗျားက ဘာလို့စကားမပြောတာလဲ”
စည်သူက သူ့ပါးစပ်ကို ဟလိုက်ပြီး လျှာငုတ်တိုကလေးကိုပြလိုက်သည်။ ငခမ်းအလွန်အံ့သြသွားလေသည်။
“တောက်၊ ခင်ဗျားကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ”
စည်သူက ဘေးဘီကိုကြည့်လိုက်ပြီးနောက် သူတို့သွားသင့်ပြီဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြလိုက်သည်။ သို့နှင့် ငခမ်းနှင့် စည်သူတို့ထွက်ပြေးလိုက်ကြသည်။ ထိုအခါ မြေပေါ်တွင် ဓါးတစ်လက်ကျနေသည်ကိုတွေ့လိုက်ရသည်။ စည်သူက လိုလိုမယ်မယ်ထိုဓါးကို ကောက်ယူလိုက်ပြီးနောက် အနီးရှိတောတန်းကလေးအတွင်းသို့ သူတို့အတူတူထွက်ပြေးလာခဲ့ကြလေသည်။
“အကျဉ်းသားတွေ လွှတ်သွားတယ်ဟေ့၊ လိုက်ကြ”
မကြာမီ သူတို့တောတန်းကလေးအနီးရှိ လမ်းမှ ရဲမက်များပြေးလွှားနေသံများကိုကြားရသည်။ တောတန်းကလေးထဲမှ ထွက်ခဲ့သည့်အခါ လယ်ကွင်းပြင်တစ်ခုကိုတွေ့ရပြီး လယ်စောင့်တဲအပျက်ကလေးကိုလည်း တွေ့လိုက်ရလေသည်။ သူတို့အတူတူ တဲအရှေ့တွင် ထိုင်လိုက်ကြသည်။
“ခင်ဗျားကို ဘယ်သူလုပ်တာလဲ စည်သူ”
စည်သူက တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး တဲရှေ့ရှိ မြေသားပျော့ပျော့တွင် ရေးခြစ်လိုက်လေသည်။
“ပျံချီ၊ ဟုတ်သလား”
စည်သူက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျုပ်တို့ပျံချီဆီကို သွားကြရအောင်ဗျာ”
စည်သူက ငခမ်းရင်ဘတ်ကိုတွန်းလိုက်သည်။ ထို့နောက် မြေပြင်တွင် တုတ်ချောင်းကလေးဖြင့် ရေးခြစ်လိုက်ပြန်သည်။
“မင်းမသွားနဲ့ငခမ်း၊ ငါကိုယ်တိုင်သွားမယ်”
“ဒီကောင့်ကို ငါကိုယ်တိုင်သတ်မယ်”
“ဖြစ်ပါ့မလားစည်သူရ”
စည်သူက ခေါင်းညိတ်လိုက်သည်။
“မင်းနဲ့ငါနဲ့ အခုဆိုကျေပြီငခမ်းရာ၊ ငါ့ကိစ္စတွေထဲ မင်းဝင်မပါနဲ့တော့၊ မင်းပြန်သင့်ပြီငခမ်း”
ငခမ်းက စည်သူကိုပွေ့ဖက်ပြီး နှုတ်ဆက်လိုက်သည်။
“မင်းပြန်တဲ့အခါ အတောင်ပံတွေ သုံးမနေနဲ့အုံး”
ငခမ်းက ခေါင်းညိတ်လိုက်သည့်အခါ စည်သူက ထိုင်နေရာမှ ထလိုက်သည်။ ငခမ်းကတော့ တဲထဲတွင် ထိုင်လျက်သားကျန်နေခဲ့သည်။
(၁၂)
စည်သူက တောတန်းကလေးကိုဖြတ်ကျော်လာခဲ့သည့်အခါ ရွာငယ်ကလေးတစ်ရွာကိုတွေ့မြင်လိုက်သည်။ မြို့ထဲသို့ဝင်ရန်လည်းမဖြစ်နိုင်ပေ၊ မြို့တံခါးပိတ်ချိန်ဖြစ်နေသည်ကတစ်ကြောင်း၊ နောက်ပြီး ရဲမက်များက အကျဉ်းသားများထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေနေသည်က တစ်ကြောင်းမို့ဖြစ်သည်။
ရွာငယ်ကလေးဆီသို့ အပြေးလာခဲ့သည်။ ရွာငယ်ကလေးက ညအမှောင်တွင် တိတ်ဆိတ်နေလေသည်။ စည်သူက ရွာငယ်ကလေးဆီပြေးလွှားနေသည့်အချိန်တွင် အနောက်မှ မြင်းခွာသံများနှင့် မီးရောင်များကိုကြားလိုက်ရသဖြင့် ပြေးဖို့နေရာရှာမိသည်။ ထိုအခါ သူ့အနီးတွင် သုဿန်မြေတစ်ခုရှိနေလေသည်။ စည်သူလည်း ထိုသုဿန်ကလေးထဲသို့ အမြန်ခုန်ဝင်လိုက်ပြီး မြေပုံမို့မို့တစ်ခုအနားတွင် ကပ်လျှက် လှဲအိပ်လိုက်လေသည်။ မကြာမီ မြင်းများက သုဿန်အနီးတွင် ရပ်တန့်သွားသည်။ သုဿန်အတွင်းသို့ ရဲမက်တစ်ချို့က ငေးမောကြည့်လိုက်ပြီးနောက် ရွာဘက်သို့ ဆက်လက်ထွက်သွားလေရာ စည်သူမှာ ထိုတော့မှ သက်ပြင်းချနိုင်သည်။ သုဿန်တစ်ခုလုံး မြေပုံများနှင့် မှတ်တိုင်များက အစီအရီရှိနေကြလေသည်။
“သုဿန်ကိုရှာပြီးသွားပြီဆိုတော့ သူတို့ထပ်လာရှာမှာ မဟုတ်လောက်တော့ဘူး၊ ငါတော့ ဒီညကို ဒီမြေပုံတွေကြားမှာပဲ ပုန်းရင်းဖြတ်သန်းရမှာပဲ၊ မနက်ရောက်တော့မှ မြို့ထဲကိုဝင်ရတော့မယ်”
စည်သူက တွေးလိုက်ပြီး မြေပုံများကြားတွင်သာ ဝပ်နေလိုက်သည်။ ထိုစဉ် လေတစ်ချက်အဝေ့တွင် အပုပ်နံ့ကြီးက ထောင်းခနဲထလာလေသည်။ ထို့နောက် သုဿန်အတွင်းသို့ အနီရောင်အလုံးကလေးများက ရောက်လာကြသည်။ သစ်ပင်များက အုပ်ဆိုင်းနေသဖြင့် သုဿန်အတွင်းတွင် မှောင်အတိကျနေခဲ့သည်။ မကြာခင် ကုတ်ခြစ်သံများ၊ ကိုက်ဖဲ့သံများကို ထပ်ကြားရပြန်သည်။ စည်သူလည်း ဓါးကိုအသင့်ပြင်ထားလိုက်ပြီး အခြေအနေကိုစောင့်ကြည့်နေမိသည်။
ခြေသံလိုလို လှမ်းလျှောက်သံများက တဖြည်းဖြည်းနီးကပ်လာလေသည်။ စည်သူက ဓါးကို ဓါးအိမ်အတွင်းမှ အသာဆွဲထုတ်လိုက်သည်။ အနီရောင်အလုံးကလေးများက သူ့အနီးသို့နီးကပ်လာလေသည်။ လရောင်အောက်သို့ရောက်တော့မှ တောခွေးများဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“ဝူး၊ ဝူး၊ ဝါး”
စည်သူက အော်ဟစ်လိုက်သည့်အခါ တောခွေးအုပ်က အော်ဟစ်လျှက်ထွက်ပြေးသွားလေသည်။ တောခွေးအုပ်များက သုဿန်အတွင်း မြှုပ်နှံထားသည့် လူသေကောင်များကို လာရောက်တူးဖော်ကာ စားသောက်ကြခြင်းဖြစ်မည်ထင်သည်။ စည်သူလည်း ထိုတော့မှ သက်ပြင်းချလိုက်မိသည်။
“သုံးဆယ့်တစ်ဘုံသားတွေအားလုံး အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်လော့၊ သာဓု၊ သာဓု၊ သာဓု”
သူနှင့် မလှမ်းမကမ်းမှ အသံတစ်သံကိုကြားလိုက်ရသည်။ စည်သူက အသေအချာကြည့်လိုက်ရာ သုဿန်အလယ်လောက်တွင် ပျက်စီးယိုယွင်းနေသည့် ဇရပ်ကလေးတစ်ဆောင်ကိုတွေ့လိုက်ရသည်။
“ဇရပ်ပေါ်မှာ လူရှိနေတာလား”
ဓါးကိုအသင့်ပြင်ပြီး စည်သူက ဇရပ်ဆီသို့လှမ်းလာခဲ့သည်။ ဇရပ်ပေါ်တွင် ကြမ်းခင်းများကို ခပ်ကျဲကျဲခင်းထားလေသည်။ သူ့ကိုနောက်ပြန်ပေးပြီး ထိုင်နေသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။ တိမ်မှောင်တွေက လကိုအုပ်ဆိုင်းနေသဖြင့် အလင်းရောင်မမြင်ရပေ။ စည်သူလည်း ဇရပ်ပေါ်သို့ တက်လာခဲ့လိုက်သည်။ ထို့နောက် ထိုလူက လည်ပင်းကို ဓါးဖြင့်ထောက်လိုက်သည်။
ထိုစဉ် တိမ်စိုင်များက ရွေ့လျားသွားကြသဖြင့် လရောင်က ထပ်မံပေါ်ထွက်လာပြန်သည်။ ထိုတော့မှ သူဓါးနှင့်ရွယ်ထားသည့်သူသည် ခေါင်းတုံးပြောင်ပြောင်နှင့် ဦးဇင်းတစ်ပါးဖြစ်နေကြောင်းကိုသိလိုက်ရသည်။ ဦးဇင်းက လှုပ်ပင်မလှုပ်ပေ။
“ဒကာကြီးသတ်မယ်ဆိုရင်လည်း သတ်လိုက်ပါ၊ တကယ်လို့ ဦးဇင်းမှာ ဒကာကြီးသတ်လို့ သေရမယ့် ဝိပါက်ကြမ္မာပါလာခဲ့မယ်ဆိုရင် ဦးဇင်းသေဖို့အသင့်ရှိပါတယ်”
စည်သူလည်း ဓါးကိုပြန်ချလိုက်ပြီး ဓါးအိမ်အတွင်းသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ဇရပ်ပေါ်တွင်ထိုင်ချလိုက်သည်။ ဦးဇင်းက သူ့ဘက်သို့လှည့်လိုက်ပြီး ဆီမီးထွန်းရန်အတွက် မီးခတ်နေလေသည်။ မီးရောင်အောက်တွင် စည်သူ့မျက်နှာကြီးက ကြောက်ဖို့ကောင်းနေလေသည်။
“ခုနက အော်သံကြားလိုက်တော့ ဒကာကြီးကို နာနာဘာဝတစ်ကောင်လို့ထင်ပြီး ဦးဇင်းက အမျှပေးလိုက်တာပါကွယ်”
စည်သူက လက်အုပ်ချီလိုက်သည်။
“ဒီလောက်မိုးချုပ်နေပြီဒကာကြီး၊ ဒီသုဿန်ကို ဘာလာလုပ်တာလဲ”
စည်သူက ဘာမှမပြောဘဲ သူ့ပါးစပ်ကို လက်ညှိုးထိုးပြလိုက်ကာ တဝုဝုနှင့် အသံပြုလိုက်သည်။ ဦးဇင်းက သူ့ကိုကြည့်ပြီးတော့ ခေါင်းတဆတ်ဆတ်ညိတ်သည်။
“ဒကာကြီးက လျှာဖြတ်ခံထားရတာကိုး၊ အင်းလေ၊ ဘယ်လောက်များဆိုးရွားလိုက်တဲ့ ဝဋ်ကြွေးတွေ ပါလာလို့ပါလိမ့်”
ဦးဇင်းက စည်သူကိုအကဲခတ်ပြီးကြည့်လိုက်သည်။
“လက်ထဲမှာလည်း ဓါးကြီးကိုင်လို့ပါလား၊ ဘယ်သူတွေကို သွားပြီးတော့ သတ်အုံးမလို့လဲ”
စည်သူက ဘာမှပြန်မဖြေဘဲ ငြိမ်နေလေသည်။
“သတ်ဖြတ်တယ်ဆိုတာ မကောင်းမှုတစ်ခုပဲဒကာကြီး၊ မကောင်းမှုအကုသိုလ်ဆိုတာ စက်ဝိုင်းများလိုပဲ၊ ကိုယ်ပြုတဲ့အဖြစ်အတိုင်း တစ်ချိန်ကျရင် ပြန်ပြီးတော့ ခံရတတ်တယ်ဒကာကြီး”
စည်သူက ဦးဇင်း၏ စကားများကို နားထောင်ရင်း သူ့ဘဝတစ်လျှောက်လုံး သတ်ဖြတ်ခဲ့သည့်လူများ၏ မျက်နှာများ၊ ငါးအိမ်စုတွင် သတ်ဖြတ်ခဲ့ပုံများကို ပြန်လည်မြင်ယောင်နေမိသည်။ တစ်ဖန် သူ့မိသားစုကို ပျံချီတို့အဖွဲ့က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပုံများကိုလည်း ထင်ထင်ရှားရှားကြီးမြင်ယောင်နေမိသည်။
“လုပ်တဲ့အမှုအတိုင်း ပြန်ဖြစ်တယ်ဆိုတာကို ဝဋ်လည်တယ်လို့ ခေါ်ကြတာပေါ့လေ၊ တို့ဘာသာမှာက စကားတစ်ခုရှိတယ်မဟုတ်လား ပြူသူအသစ်၊ ဖြစ်သူအဟောင်းတဲ့”
ဦးဇင်း၏ စကားများက စည်သူ၏နားအတွင်းဝယ် ပဲ့တင်ထပ်သကဲ့သို့ရှိနေသည်။
“ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုပါလား”
“ဒကာကြီးနားလည်အောင်ပြောရရင် ဒကာကြီးအခုဖြစ်နေရတဲ့ ဒုက္ခတွေဆိုတာ တစ်ချိန်က ဒကာကြီး ပြုလုပ်ခဲ့မိတဲ့ အကုသိုလ်တွေရဲ့ အကျိုးပေးတွေပေါ့၊ စက်ဝိုင်းတစ်ပတ်လည်သလိုပေါ့ ဒကာကြီးရယ်”
“စက်ဝိုင်းတစ်ပတ်လည်တာ၊ ဟုတ်လား၊ မှန်လိုက်တာ၊ ဒါဆိုရင် အခုငါဖြစ်နေတာတွေက တစ်ချိန်က ငါလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ပြီးပေးဆပ်နေရတာများလား”
စည်သူက တွေးတောနေမိသည်။ ဦးဇင်းကပင်ဆက်လက်ပြီး
“ဝဋ်ဆိုတဲ့အရာကို မကြောက်တတ်တဲ့သူတွေကျတော့ အသစ်အသစ်သော အကုသိုလ်တွေကို ဆက်ပြီးပြုနေမိတယ်၊ ဒီလိုနဲ့ သူကအသစ်ပြုလိုက်၊ သူပြုခဲ့တဲ့ အကုသိုလ်အသစ်တွေက တစ်ချိန်ကျရင် အဟောင်းပြန်ဖြစ်သွားပြီး သူ့ကိုပြန်ပြီး ဒုက္ခပေးလိုက်နဲ့ ဒီလိုနဲ့ လောကီသားတွေဟာ သံသရာဝဲဂယက်ကနေ ရုန်းမထွက်နိုင်ကြဘူးပေါ့”
စည်သူက တွေတွေကြီးကြည့်နေလိုက်ပြီး လက်အုပ်ချီလိုက်ကာ ဦးဇင်းကို တစ်ကြိမ်ကန်တော့လိုက်သည်။
“သံသရာကို မကြောက်တတ်တဲ့လူက သူများကို အနိုင်ရလိုက်တာကို သူတို့နိုင်တယ်လို့ ထင်တတ်ကြတယ်ကွဲ့၊ ဒါပေမယ့် အဲဒါသူတို့တကယ်နိုင်တာမဟုတ်ပါဘူး၊ သူတို့ရှုံးတာပဲကွဲ့၊ ဒီအချိန်မှာ သူတို့ရဲ့အောင်နိုင်ခြင်းဟာ ကံကြမ္မာရဟတ် တစ်ပတ်လည်တဲ့အခါမှာ သူတို့ရဲ့အရှုံးပြန်ဖြစ်သွားမယ်ဆိုတာ သူတို့မသိကြလို့ပါ”
စည်သူက နောက်တစ်ကြိမ် ဦးချကန်တော့လိုက်သည်။
“မိမိကိုယ်ကို အောင်နိုင်ခြင်းကသာ စစ်မှန်တဲ့ တကယ့်အောင်နိုင်ခြင်းပဲ၊ ဒေါသထွက်လာတယ်ဆိုရင် အဲဒီဒေါသကိုနိုင်အောင်လုပ်ရမယ်၊ လောဘတက်လာတယ်ဆိုရင် အဲဒီလောဘကို နိုင်အောင်လုပ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး ကိုယ့်ကိုယ်ကိုယ်အောင်နိုင်မှသာ မြင့်မြတ်တဲ့ တကယ့်အောင်နိုင်ခြင်းလို့ တို့ရဲ့မြတ်စွာဘုရားက ဟောကြားထားတယ်ကွဲ့”
နောက်ဆုံးအနေနှင့် စည်သူက ဦးသုံးကြိမ်ပြည့်အောင်ချလိုက်တော့သည်။
“အေးကွယ်၊ ဦးဇင်းက သုဿန်တွေမှာ ဓူတင်အကျင့်ကို လိုက်လံကျင့်ကြံနေတဲ့ ဘုန်းကြီးတစ်ပါးပဲဒကာကြီး၊ ဒကာကြီးဗိုက်ဆာတယ်ဆိုရင် ဟောဒီမှာ ငှက်ပျောသီးတွေ ဦးဇင်းစွန့်ပါ့မယ်၊ ဟောဟိုဇရပ်တိုင်မှာတော့ ရေအိုးရှိတယ်၊ ဒကာကြီးကို ဦးဇင်းအနေနဲ့ပေးနိုင်တာ ဒါပဲရှိတယ်ဒကာကြီး၊ ဒကာကြီး မကျေနပ်လို့ ဦးဇင်းကိုသတ်သွားမယ်ဆိုလည်း ဦးဇင်းကိုသတ်သွားနိုင်ပါတယ်၊ ဦးဇင်း ကိုယ့်အလုပ်ကိုင်ပြန်လုပ်တော့မယ်”
ဦးဇင်းက တစ်ဘက်သို့လှည့်လိုက်ပြီးနောက် ငြိမ်သက်စွာပြန်လည်ထိုင်နေလိုက်သည်။ စည်သူလည်း မောပန်းလာပြီဖြစ်သဖြင့် ဇရပ်ထောင့်တွင်တင်ထားသည့် ရေအိုးထဲမှရေကို ရေမှုတ်တစ်ခုနှင့် ခပ်သောက်လိုက်သည်။ ရေမှာ အေးပြီးချိုမြိန်လှလေသည်။ ထို့နောက် ဦးဇင်းစွန့်သည့် ငှက်ပျောသီးတွေကို စားသောက်လိုက်လေသည်။
ရွာအတွင်းမှ မီးရောင်များထိန်လင်းနေသည်ကိုမြင်တွေ့ရသည်။ ရဲမက်များက ရွာသားများအားနှိုးဆော်ကာ ထောင်ဖောက်သည့် အကျဉ်းသားများအား လိုက်လံရှာဖွေနေခြင်းဖြစ်မည်။ မကြာခင် မီးရောင်များမှာ သူတို့သုဿန်နှင့် နီးကပ်လာသဖြင့် စည်သူလည်း ဦးဇင်းကို ဦးချလိုက်ပြီး ဇရပ်ပေါ်မှ ပြေးဆင်းခဲ့တော့သည်။
(၁၃)
မိုးလင်းပြီဖြစ်သည်။ စည်သူက သူဖုန်းစားတစ်ယောက်အသွင် ယောင်ဆောင်ပြီး ခမောက်အစုတ်ကြီးဆောင်းကာ မြို့ထဲသို့ဝင်ခဲ့သည်။ မြို့တံခါးအကြီးမှ မဝင်ဘဲ မြို့တံခါးပေါက်အသေးကလေးမှသာ ဖြတ်သန်းဝင်ရောက်လိုက်သည်။ ရဲမက်များက မြို့တံခါးတွင် လူအများကိုရှာဖွေနေကြသော်လည်း သူ့ကိုမှတ်မိပုံတော့မပေါ်ပေ။
စည်ကားလှသည့် ဈေးကြီးကိုဖြတ်သန်းခဲ့ပြီးနောက် စည်သူက သူတို့အိမ်ကြီးဆီသို့ပြန်ရောက်လာခဲ့သည်။ သူတို့ခြံဝိုင်းကို ကြိုးနီတားထားလေသည်။ ခြံစည်းရိုးများက ပြိုပျက်နေပြီး အိမ်ကြီးကတော့ မီးလောင်ထားသဖြင့် ပြာပုံကြီးအဖြစ်သာကျန်နေတော့သည်။ စည်သူက အရိပ်အခြေကြည့်ပြီး ခြံအတွင်းသို့ ဝင်လာခဲ့သည်။
အိမ်တိုင်များ၊ မီးလောင်ထားသော သစ်တိုသစ်စများနှင့် ပြာပုံများက ပြန့်ကျဲနေလေသည်။ စည်သူက ပြာများကို ဆုပ်ကိုင်လိုက်ပြီး ငိုကြွေးနေမိသည်။
“အဲဒါင့ါကြောင့်ပါ၊ အားလုံးက ငါ့အပြစ်တွေပါ”
ထို့နောက် ခိုးဝှက်ကာ သယ်ဆောင်လာသည့် ဓါးကိုလက်နှင့်စမ်းကြည့်လိုက်ပြီး ဒေါသများထွက်လာခဲ့လေသည်။ အံကိုကြိတ်လိုက်ပြီးနောက် ထိုနေရာမှအပြေးထွက်ခွာလာသည်။ သူဦးတည်နေသည့် နေရာကတော့ ပျံချီတို့အိမ်ကိုဖြစ်သည်။
ပျံချီတို့ခြံစည်းရိုးအပေါက်မှနေ၍ အိမ်အတွင်းသို့ ချောင်းကြည့်လိုက်မိသည်။ အိမ်တွင် အစေခံများက မောင်းထောင်းနေကြသည်။ မကြာမီ ပျံချီက အိမ်ရှေ့သို့ထွက်လာလေသည်။ သူ့လက်ထဲတွင်လည်း ကလေးလေးတစ်ဦးကိုချီပွေ့ထားလေသည်။ ထိုကလေးလေးကို ပျံချီက အမျိုးမျိုး ချော့မြူနေလေသည်။
မကြာမီ ပျံချီ၏ မယားမှာ အိမ်ထဲမှထွက်လာပြီး ကလေးကိုလာပွေ့ချီသည်။ သူတို့အတူတူကြည်နူးနေသည်ကိုကြည့်ပြီး စည်သူမျက်ရည်များကျဆင်းလာသည်။
“တောက်၊ ဒီကောင်တွေမိသားစုကိုလည်း ငါတို့မိသားစုကြုံခဲ့ရသလိုမျိုး ပြန်ပြီးခံစားစေရမယ်ဟေ့”
စည်သူက ဓါးကို ဓါးအိမ်အတွင်းမှဆွဲထုတ်လိုက်ပြီးနောက် ခြံစည်းရိုးကို လွှားခနဲခုန်ကျော်လိုက်သည်။ ထို့နောက် မြင်းဇောင်းအနီးသို့ပြေးကပ်သွားပြီး အသာကလေးပုန်းအောင်းနေလိုက်သည်။ ပျံချီက သူ့ကို ကျောပေးလျှက်သားဖြစ်သည်။ စည်သူက ဓါးကိုအသင့်ပြင်လိုက်ပြီး ပျံချီ၏အနီးသို့ တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။
“မကောင်းမှုအကုသိုလ်ဆိုတာ စက်ဝိုင်းတွေလိုပဲ တစ်ပတ်လည်နေတယ်”
စည်သူခေါင်းတွေမူးလာသည်။ သူ့နားထဲတွင် ညက ဦးဇင်းပြောခဲ့သည့် စကားများကို ပြန်ကြားယောင်နေမိသည်။
“ပြုသူအသစ်၊ ဖြစ်သူအဟောင်း”
စည်သူ့ခြေလှမ်းတွေ တဖြည်းဖြည်းနှေးကွေးသွားလေသည်။
“ကိုယ့်ကိုယ်ကိုယ်အောင်နိုင်မှသာ တကယ့်အောင်နိုင်ခြင်းပဲ”
စည်သူက သူ့လက်ထဲက ဓါးကိုပြန်ကြည့်လိုက်သည်။ သူ့လက်တွေတုန်ခါလာသည်။ ဓါးကိုတစ်ချက်ကြည့်လိုက်၊ ကလေးကိုချော့မြူနေသည့် ပျံချီကိုကြည့်လိုက်နှင့် သူ့စိတ်တွေဝေခွဲမရဖြစ်နေသည်။
“ငါ၊ ငါအသစ်တွေ ထပ်လုပ်လို့မဖြစ်တော့ဘူး”
စည်သူက ဓါးကိုပစ်ချလိုက်ကာ ခြံစည်းရိုးအနားသို့ ပြေးထွက်လာခဲ့သည်။ ခြံစည်းရိုးကို လွှားခနဲခုန်ကျော်လိုက်ပြီး အပြင်သို့ပြေးထွက်လိုက်လေသည်။ အတန်ငယ်လှမ်းသွားမှ ပျံချီ၏ အိမ်သို့လှည့်ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
“ငါမရှုံးတော့ဘူး၊ ဒီတစ်ခါ ငါမရှုံးတော့ဘူး၊ ငါအောင်နိုင်ပြီ၊ ငါ့ကိုယ်ငါ အောင်နိုင်ခဲ့ပြီ”
ကျေနပ်ပီတိဖြစ်စွာပြုံးလိုက်ပြီး မြို့ထဲသို့ပြန်ထွက်လာခဲ့လေသည်။ မြို့အထွက် ဂိတ်တံခါးမှ ထွက်လိုက်သည့်အခါ မြို့အပြင်ဇရပ်များရှေ့တွင် သူ့ကိုလူအများက ဝိုင်းလိုက်လေသည်။ လူစုစုပေါင်း အယောက်နှစ်ဆယ်ခန့်ရှိမည်ထင်သည်။ စည်သူလည်း ထိုလူများကိုကြည့်လိုက်လေသည်။ ထိုအခါ အကောင်းစားပိုးပုဆိုးနှင့် အကျီကိုဝတ်ဆင်ထားကာ ရွှေရောင်ခေါင်းပေါင်းကို ပေါင်းထားပြီး နှုတ်ခမ်းမွှေးကားကားကြီးရှိသည့် လူကြီးတစ်ယောက်က သူ့ထံသို့လျှောက်လှမ်းလာလေသည်။
“မင်းကိုငါစောင့်နေတာကြာပြီ”
စည်သူက ထိုလူကြီးကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။ ထိုအခါ ထိုလူကြီးဘေးနားမှ လူတစ်ယောက်က အရှေ့သို့ထွက်လာပြီး စည်သူ၏လည်ပင်းကို ဓါးဖြင့်ထောက်လိုက်သည်။
“ဘုရင်မင်းကြီးရဲ့ သားတော်ကြီး မြင်ကွန်းမင်းသားကြီးကို မင်းဘယ်လိုဆက်ဆံတာလဲကွ”
မြင်ကွန်းမင်းသားကြီးက လက်ကာပြလိုက်သည်။
“မလုပ်နဲ့ ငဖြူသီး၊ သူက ငါ့လူပဲ”
ငဖြူသီးဆိုသူက ဓါးကိုပြန်ချလိုက်သည်။ မင်းသားကြီးက စည်သူ၏အနားသို့လျှောက်လာလေသည်။
“မင်းငါ့ကို မမှတ်မိဘူးလား လင်းနို့”
စည်သူမျက်လုံးများပြူးသွားလေသည်။ ထို့နောက် အံ့သြစွာဖြင့် မင်းသားကို လက်ညှိုးထိုးလိုက်ရာ မင်းသားက သူ့ကိုပြုံးလျှက်ကြည့်နေသည်။
“မင်းငါ့ကိုမမှတ်မိသေးဘူးလားကွ၊ ငါက မင်းကိုဝယ်ခဲ့တဲ့ သခင်ကြီးလေကွာ”
စည်သူက ထိုတော့မှ ရိပ်စားမိလိုက်သည်။
“မင်းမှာ အရည်အချင်းရှိတယ်ဆိုတာ ငါသိပါတယ်ကွာ၊ မင်းဒီလိုမျိုး ဝရမ်းပြေးဘဝနဲ့ နေနေရမယ့်အစား၊ မင်းငါ့ဆီမှာ ခစားပါလားကွ၊ ငါရာထူးတွေ ဆုကြေးတွေ ပေးပါ့မယ်”
စည်သူက ခေါင်းခါလိုက်လေသည်။ မင်းသားမှာ မျက်နှာထားတင်းမာသွားသည်။
“မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ်လင်းနို့၊ တစ်ခုကတော့ မင်းငါ့ဆီမှာ အမှုထမ်းရမယ်၊ နောက်တစ်ခုကတော့ မင်းသေရမယ်၊ မင်းကို ငါက အခကြေးငွေပေးပြီးဝယ်ထားတာဆိုတော့ မင်းရဲ့အသက်ကို ငါပိုင်တယ်”
စည်သူ တံတွေးမြိုချလိုက်မိသည်။
“ငါနောက်ဆုံးတစ်ကြိမ်မေးမယ်နော်၊ မင်းငါ့ဆီမှာ အမှုထမ်းမလား”
စည်သူက အသေအချာဆုံးဖြတ်ပြီးသားဖြစ်သဖြင့် ခေါင်းကိုခါရမ်းလိုက်သည်။ မြင်ကွန်းမင်းသားက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“မင်းအတော်ခေါင်းမာတဲ့ကောင်ပဲကွာ”
“မင်းသား၊ ဒီလိုကောင်ကို ကျုပ်ရှင်းလိုက်ပါ့မယ်”
မြင်ကွန်းမင်းသားက ခေါင်းခါလိုက်ပြီးနောက် ငဖြူသီးလက်အတွင်းမှ ဓါးကိုဆွဲယူလိုက်သည်။
“မလိုပါဘူးငဖြူသီးရာ၊ ငါ့လူတွေကို ငါကိုယ်တိုင်ရှင်းရမှ ကျေနပ်မယ်”
စည်သူက ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ လက်နှစ်ဖက်ကို အနောက်သို့ပစ်လိုက်ကာ လည်ပင်းကိုမော့ထားလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။
“မင်းကိုငါတကယ်သတ်မှာနော်၊ မင်းမကြောက်ဘူးလား”
စည်သူက ခေါင်းကိုပိုမော့ပေးလိုက်သည်။
“ကျုပ်မကြောက်ဘူး၊ တကယ်လို့ ခင်ဗျားကျုပ်ကိုသတ်ခဲ့မယ်ဆိုရင်လည်း ကျုပ်ခင်ဗျားကိုအပြစ်မတင်တော့ဘူး၊ ကျုပ်ရဲ့မိုက်ပြစ်တွေအတွက် ကျုပ်ပြန်ပေးဆပ်ရတယ်လို့ပဲ ခံယူလိုက်ပါ့မယ်”
စည်သူက စိတ်ထဲမှတွေးရင်း မျက်ရည်များကျဆင်းလာလေသည်။ မြင်ကွန်းမင်းသားက စည်သူ၏လည်ပင်းအား ခုတ်ရန်အတွက် ဓါးကိုမြှောက်လိုက်သည်။ သေမည့်သူက သေရဲနေသဖြင့် သတ်မည့်လူကပင် တုန်လှုပ်လာလေသည်။ မြင်းကွန်းမင်းသား ဓါးကိုင်လက်က တဖြည်းဖြည်းတုန်ယင်လာခဲ့သည်။ စည်သူ၏ မျက်နှာကိုကြည့်ရင်း မြင်ကွန်းမင်းသားစိတ်ထဲတွင် ပြောမပြနိုင်သည့် ကြောက်ရွံ့မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
“သေစမ်းကွာ”
မြင်ကွန်းမင်းသားက ဓါးကိုလွှဲပြီးခုတ်ချလိုက်သည်။ စည်သူလည်း မိမိကိုယ်ကို သေပြီဟု ခံယူထားလိုက်သည်။ သို့သော် သူ့ဘက်ဖက်မျက်လုံးတွင် ဆစ်ခနဲဖြစ်သွားလေသည်။ သို့နှင့် စည်သူက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ဘက်ဖက်မျက်လုံးက ဘာမှမမြင်ရတော့ပေ။
“မင်းသွားတော့၊ မင်းရဲ့အကြွေးတွေ ကျေသွားပြီ”
ငဖြူသီးနှင့် သူ့လူများက မကျေမနပ်နိုင်သေးပေ။
“မင်းသား၊ ဒီလူ့ကို . . .”
“မင်းပါးစပ်ပိတ်ထား၊ ဒါငါ့အမိန့်၊ ဟေ့ကောင်လင်းနို့ မင်းသွားတော့၊ မင်းငါ့အရှေ့ကနေထွက်သွားတော့”
စည်သူလည်း မတ်တပ်ရပ်လိုက်ပြီးနောက် ဘက်ဖက်မျက်လုံးကိုလက်တစ်ဖက်ဖြင့်အုပ်ကိုင်ထားလိုက်သည်။ မျက်လုံးအတွင်းမှ အဖြူရောင်အရည်များနှင့် သွေးများက စီးကျနေလေသည်။ စည်သူက မြင်ကွန်းမင်းသားတို့ကို တစ်ချက်လှည့်မကြည့်ဘဲ ကျောခိုင်းထွက်ခွာသွားလေသည်။ စည်သူအတော်လှမ်းလှမ်းရောက်တော့မှ မြင်ကွန်းမင်းသားက ငဖြူသီးကို ဓါးပြန်ပေးလိုက်သည်။
“မင်းသား ဘာလို့သူ့ကိုမသတ်လိုက်တာလဲ”
မြင်ကွန်းမင်းသားက ခေါင်းခါလိုက်သည်။
“သူ့လိုအရည်အချင်းရှိတဲ့သူကို ငါမရလိုက်တာ နာတာပဲကွာ၊ သူသာပါရင် ငါတို့အစီအစဉ်တွေ အောင်မြင်ဖို့သေချာသလောက်ပဲကွ”
“ဒါဆိုကျုပ်သူ့ကိုအတင်းအကြပ်ဖမ်းပြီးခေါ်လာခဲ့မယ်”
ငဖြူသီးပြောသဖြင့် မြင်ကွန်းမင်းသားက ငဖြူသီးကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
“သေရမှာကိုတောင် မကြောက်တဲ့လူက ဘာကိုကြောက်တော့မှာလဲကွာ”
မြင်ကွန်းမင်းသားလည်း သက်ပြင်းချလိုက်ပြီးနောက် မြို့အတွင်းသို့ပြန်ဝင်သွားတော့သည်။ စည်သူလည်း လမ်းဆက်လျှောက်လာရင်း တွေဝေနေမိသည်။
(၁၄)
အစေခံတစ်ယောက်က မြင်းချေးကျုံးရန် မြင်းဇောင်းသို့အသွားတွင် မြေပေါ်ကျနေသည့် ဓါးတစ်ချောင်းကိုတွေ့လိုက်ရသဖြင့် ထိုဓါးကိုကောက်ပြီး ပျံချီဆီသို့ အပြေးလာခဲ့သည်။
“သခင်ကြီး မြင်းဇောင်းအနားမှာ ဓါးတစ်လက်ကျနေပါတယ်”
ပျံချီက ထိုဓါးကိုထူးဆန်းစွာဖြင့်ကြည့်နေလေသည်။ ထို့နောက် ထိတ်လန့်သွားပြီး
“ဘယ်နေရာကနေရခဲ့တာလဲ၊ ငါ့ကိုအဲဒီနေရာကို လိုက်ပြစမ်း”
အစေခံအနောက်မှ ပျံချီက ပြေးလိုက်ခဲ့ရာ မြင်းဇောင်းနံဘေးတွင် ဓါးကျနေသည့် နေရာသို့ရောက်ခဲ့ကြသည်။
“ဒီနေရာမှာပါ သခင်ကြီး”
ပျံချီက မြေပြင်ကို အသေအချာကြည့်လိုက်သည်။ ထိုအခါ ဓါးဦးဖြင့် ရေးခြစ်ထားသည့် စာတန်းတစ်ခုကိုတွေ့လိုက်ရသည်။
“ဒီတစ်ခါတော့ ငါနိုင်ခဲ့ပြီ၊ စည်သူ”
ပျံချီက ထိုစာကိုဖတ်လိုက်ကာ အလွန်ထိတ်လန့်သွားသည်။
“စည်သူ၊ ဒါဆို စည်သူ ဒီကိုရောက်လာခဲ့တယ်ပေါ့”
ပျံချီက ခြံဝိုင်းအတွင်းမှထွက်လိုက်ကာ ဟိုဟိုသည်သည်ကြည့်လိုက်မိသည်။ သို့သော် စည်သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
“ငါဘယ်ကိုသွားရမလဲ၊ ငါဘယ်ကိုသွားရမလဲ”
သို့နှင့် စဉ်းစားရင်း တစ်နေရာကိုတွေးလိုက်မိပြီးနောက် ထိုနေရာသို့အမြန်ပြေးထွက်လာခဲ့သည်။
နေ့ခင်းဘက်ဖြစ်သော်လည်း သုဿန်ကလေးက တိတ်ဆိတ်နေလေသည်။ စည်သူရောက်သွားသည့်အခါ ဦးဇင်းက သပိတ်လွယ်ပြီး ဇရပ်ပေါ်မှဆင်းရန်ပြင်ဆင်နေသည့်အချိန်ဖြစ်သည်။ စည်သူက ဦးဇင်းခြေရင်းတွင် ထိုင်လိုက်ပြီး ဦးဇင်း၏ ခြေဖမိုးကို နဖူးနှင့်ထိကာ ကန်တော့လိုက်လေသည်။ ဦးဇင်းက စည်သူကိုကြည့်ပြီး ညည်းညူလိုက်လေသည်။
“ညတုန်းက မျက်လုံးတစ်ဖက်ရှိသေးတယ်၊ အခုတော့ မျက်လုံးတစ်ဖက်ပါ မရှိတော့ပါလား ဒကာကြီးရဲ့”
စည်သူက ဦးဇင်းနောက်သို့ လိုက်ချင်သည့်အကြောင်းကို လက်ဟန်ခြေဟန်နှင့်ြုပလိုက်သည်။ ဦးဇင်းက ခေါင်းညိတ်ရင်း
“ဦးဇင်းသွားမယ့်ခရီးက အရှည်ကြီးနော်၊ ဒကာကြီး လိုက်နိုင်ပါ့မလား”
စည်သူက ပြုံးလျှက် ခေါင်းကိုခပ်သွက်သွက်ညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း ဒကာကြီးလိုက်ခဲ့ပေတော့”
ဦးဇင်းက သုဿန်အတွင်းမှ ထွက်သွားသောအခါ စည်သူက လက်အုပ်ချီလျှက် ဦးဇင်းအနောက်မှ ကုပ်ချောင်းကုပ်ချောင်းနှင့် လိုက်ပါသွားတော့သည်။ ပူပြင်းလှသည့် လမ်းခရီးကို စွန့်လွှတ်ခဲ့ပြီးနောက် စည်သူတစ်ယောက် အေးမြသည့် တရားဓမ္မနှင့်တွေ့ကြုံခဲ့ရသည်။ ယခုစည်သူ ဆက်လက်လျှောက်လှမ်းရန် ရွေးချယ်လိုက်သည့် လမ်းများမှာလည်း တရားဓမ္မအရိပ်ကြောင့် အေးမြနေအုံးမည်ဖြစ်ပါတော့သည်။
(နောင်သောအခါ မြင်ကွန်းမင်းသားခေါင်းဆောင်သည့် မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းဖြစ်ပွားလေသည်။ ငဖြူသီးမှာ ကနောင်မင်းသားကြီးအား သတ်ဖြတ်သူဟု ယူဆကြလေသည်၊)
စည်သူ၏ အမိုက်ဇာတ်သိမ်း ပြီးပါပြီ။
ဆရာခမ်း အတွဲ(၁) ပြီးပါပြီ၊ အတွဲ (၂) တွင် ဆက်လက်ဖတ်ရှုပါ။