အပိုင်း(၁)
(၁)
အမရပူရဟူသည်မှာ သေခြင်းကင်းသည့်မြို့၊ တစ်နည်းအားဖြင့် ပြောရလျှင် မသေမြို့ဟုခေါ်တွင်ကြသည်။ ကုန်းဘောင်မင်းဆက် နန်းစိုက်သည့်မြို့တော်လည်းဖြစ်သည်။ လပြည့်ရက်နီးပြီမို့ လကထိန်ထိန်သာနေသည်။ သို့သော် မြို့အတွင်းရှိ အစုများ၊ အရပ်များတွင်နေထိုင်fကြသည့် မြို့သူမြို့သားများမှာ တစ်ခုခုကိုတွေးဆလျှက် ကြောက်လန်နေကြလေသည်။
“ဘုရား၊ ဘုရား လင်းနို့ကြီးများ ဒီညလာအုံးမှာလား”
သာမန်အရပ်သူအရပ်သားများမှာ ကြောက်ရွံ့လွန်းလှသဖြင့် ညနေ နေဝင်ကတည်းက နေအိမ်ထဲမှ မထွက်ကြတော့သည့်အတွက် မြို့အတွင်းစည်ကားနေတတ်သည့် လမ်းများမှာ လူသူမရှိဘဲ ခြောက်ကပ်နေပြီး ခွေးလေခွေးလွင့်များသာ လမ်းမများထက်တွင် မင်းမူနေကြသည်။
သာမန်အရပ်သားများပင် ကြောက်လန့်နေခြင်းမဟုတ်သေးပါ။ မြို့တော်fရှိ ဂိတ်တံခါးပေါက်အသီးသီးနှင့် မြို့ရိုးအသီးသီးတွင် တာဝန်ချထားသည့် ရဲမက်စစ်သည်များမှာလည်း လင်းနို့အရေးကိုတွေးကာ ထိတ်လန့်လျှက်ရှိသည်။ နေပြည်တော်ကြီးတစ်ခုလုံးရှိ ရဲမက်စစ်သည်များကို တပ်လှန့်ထားသဖြင့် ရဲမက်များမှာ လက်နက်များအသင့်ကိုင်ဆောင်လျှက် သတိကြီးကြီးထားကာ စောင့်ကြပ်နေကြရသည်။
သာမန်ပြည်သူများ၊ ရဲမက်များထိတ်လန့်ကြောက်ရွံ့နေသည်ထက် မြေနန်းဆောင်အတွင်း မူးမတ်ဗိုလ်ပါခြံရံလျှက် ထိုင်နေသော မင်းကြီးမှာလည်း အလွန်စိုးရိမ်ထိတ်လန့်နေလေသည်။
“ဒီညရော လာမယ်လို့ထင်သလားမောင်မင်းတို့”
“ညတိုင်းလာမယ်လို့တော့ မထင်ပါဘူးအကိုတော်မင်းကြီးဘုရား၊ တကယ်လို့လာခဲ့မယ်ဆိုရင်လည်း ညီတော်အိမ်ရှေ့မင်းက တပ်များကိုအသင့်ပြင်ဆင်ထားကြောင်းပါ”
အိမ်ရှေ့စံကနောင်မင်းသား လျှောက်တင်လိုက်သော်လည်း မင်းတုန်းမင်းကြီးက စိတ်မအေးနိုင်သေးပေ။
“မှန်လှပါအရှင်မင်းကြီး၊ နန်းမြို့ရိုးအတွင်းမှာ အိမ်ရှေ့စံရဲ့ သေနတ်တပ်တွေချထားပါတယ်၊ နန်းမြို့အပြင်မှာလည်း ကင်းဝန်မင်းကြီးရဲ့ နေမျိုးသူရ ဦးဆောင်တဲ့ လေးသည်တော်တပ်၊ အတွင်းဝန်မင်းကြီးရဲ့ ဗလကျော်ထင်နဲ့ ငတောင်ရှည်တို့ ဦးဆောင်တဲ့ သူရဲသူခက်တွေ လက်နက်အသင့်နှင့် စောင့်ကြပ်လျှက်ရှိကြောင်းပါ”
“ဒါဆို နန်းတွင်းမှာရော၊ နန်းတွင်းမှာ လက်နက်ကိုင်ခွင့်မရှိဘူးမဟုတ်လား”
မင်းတုန်းမင်းကြီးက စိုးရိမ်စွာပြောလိုက်လေရာ ညီတော်ကနောင်မင်းသားက သူ့နံဘေးတွင်ချထားသည့် ပြောင်းရှည်သေနတ်ကို ပုတ်ပြလိုက်သည်။
“မပူပါနဲ့ အကိုတော်မင်းကြီးဘုရား၊ ဒီလင်းနို့ နန်းထဲဝင်လာခဲ့ရင် ညီတော်ကိုယ်တိုင် ဟောဒီမာစကပ်သေနတ်နဲ့ ရှင်းလင်းပစ်ခတ်ပါ့မယ်ဘုရား”
“ညီတော်ရဲ့သေနတ်က အကိုတော်ကိုတော့ မပစ်ပါဘူးနော်”
မင်းတုန်းမင်းကြီးက သံသယဖြင့်မေးလိုက်သည့်အခါ ညီတော်အိမ်ရှေ့စံကနောင်မင်းက ပြုံးလျှက်
“ညီတော်က အကိုတော်မင်းကြီးကို ချိန်မယ့်အစား ကိုယ့်ဦးခေါင်းကိုယ်သာ ချိန်မှာပေါ့ဘုရား”
မင်းတုန်းမင်းကြီးက ထိုတော့မှ သဘောကျကာ ပြုံးလိုက်လေသည်။ မကြာမီ အနောက်နန်းဆောင်မှ မိန်းမစိုးများနှင့် မင်းကြီးအပါးတော်မြဲများက အနီးသို့တိုးကပ်လာလေသည်။
“မှန်လှပါ၊ သန်းခေါင်ဗဟိုရ်နီးကပ်လာပြီဖြစ်တဲ့အတွက် မင်းကြီးစက်တော်ခေါ် ပျော်တော်လူးဖို့အချိန်သင့်ကြောင်းပါဘုရား၊ ကောင်းတုံစော်ဘွားဆက်သလာတဲ့ သမီးကညာကလေးကလည်း မင်းကြီးထံသို့အခစားဝင်ရန်အသင့်ဖြစ်နေကြောင်းပါဘုရား”
မင်းတုန်းမင်းကြီးက သူ့အနီးတွင်ထိုင်နေသည့် ကင်းဝန်မင်းကြီး၊ အတွင်းဝန်မင်းကြီးနှင့် အပါးတော်မြဲဗိုလ်မှူးများနှင့် အိမ်ရှေ့စံတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
“ကောင်းပြီမောင်မင်းများ၊ မောင်မင်းတို့ကို ငါကိုယ်တော်စိတ်တိုင်းကျတော်မူတယ်ကွဲ့၊ ကိုယ့်တာဝန်ကို ကျေပွန်စွာရွက်ဆောင်ကြပေတော့၊ ကိုင်း မောင်မင်းတို့ ကိုယ့်တာဝန်ကျရာ ဌာနေအရပ်ရပ်သို့ မြန်းကြပေအုံးတော့”
သို့နှင့် မူးမတ်များမှာ ဘုရင်မင်းမြတ်ကို ရှိခိုးဦးတိုက်ပြီး မြေနန်းဆောင်အတွင်းမှ ပြန်ထွက်လာခဲ့ကြသည်။
(၂)
အချိန်က ညည့်သန်းခေါင်အချိန်ကျတော့မည်ဖြစ်သည်။ နန်းတွင်းရှိ ဗဟိုရ်စည်ကြီးတွင် စည်တော်သားများက ဗဟိုရ်အချိန်ကျရောက်တော့မည်မို့ ဗဟိုရ်တီးရန်အတွက် ပြင်ဆင်နေကြသည်။ စည်တော်မှူးက အချက်ပေးလိုက်သည့်အခါ စည်တော်သားများက စည်တီးရန်ပြင်ဆင်လိုက်ကြသည်။
“ဟို၊ ဟိုမှာဘာကြီးလဲ”
စည်တော်သားက စည်မတီးဘဲ မိုးပေါ်သို့လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါ နန်းမြင့်မျှော်စင်ပေါ်ရှိ အထွဋ်ပေါ်တွင် လင်းနို့ကြီးတစ်ကောင်က ဇောက်ထိုးဆွဲလျှက် ငြိမ်နေလေသည်။
“ဟာ၊ လင်းနို့ကြီးလာပြီဟေ့”
နန်းတွင်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ထိုအခါကြိုတင်စီစဉ်ထားသည့်အတိုင်း ကင်းဝန်မင်းကြီး၏လေးသည်တော်တပ်က နန်းတွင်းသို့ဝင်လာခဲ့သည်။
လင်းနို့ကြီးမှာ ဇောက်ထိုးကြီးငြိမ်သက်နေလေသည်။
“ဟေ့၊ အားလုံးအသင့်ချိန်ပြီး ပစ်ခတ်ကြဟေ့”
လေးသည်တော်များမှာ နန်းမျှော်စင်မှ လင်းနို့ကြီးကို လေးမြားများဖြင့် ပစ်ခတ်လိုက်ကြလေသည်။ လူနှစ်ရာခန့်ရှိသည့် တပ်တစ်တပ်ဖြစ်သည်မို့ မြားတံများက မိုးရွာသကဲ့သို့ ပျံသန်းသွားကာ လင်းနို့ကြီးကိုထိမှန်သွားလေသည်။ လေးသည်တော်နှစ်ရာက မြားတံအများအပြားကို ဆက်တိုက်ပစ်ခတ်နေသည်မို့ လင်းနို့ကြီး၏ ကိုယ်လုံးတွင် မြားတံအများအပြားစိုက်ဝင်နေကြလေသည်။
“ပစ်ထားကွ”
ကင်းဝန်မင်းကြီးက ထိုနေရာသို့ရောက်လာပြီး လက်သီးလက်မောင်းတန်းကာအားပေးသည်။ နောက်ဆုံး လေးသည်တော်များတွင် မြားတံများကုန်ခမ်းသွားလေသည်။ မြားကျည်တောက်တစ်ခုလျှင် မြားအချောင်းသုံးဆယ်ကို ထည့်ထားသည်မို့လေးသည်တော်နှစ်ရာက မနားတမ်းပစ်ခတ်သည့်အတွက် လင်းနို့ကြီးကိုယ်လုံးတွင် မြားအချောင်းပေါင်းထောင်နှင့်ချီကာ စိုက်ဝင်နေကြလေသည်။ လရောင်အောက်တွင် လင်းနို့ကြီးမှာ ဖြူတစ်ကောင်နှင့်ပင်ဆင်တူနေပြီး မြားတံများက တစ်ကိုယ်လုံးတွင် နေရာလပ်မရှိအောင် ထိမှန်နေကြလေသည်။
“စွီး”
လင်းနို့အော်သံ စူးရှရှကြီးက ကျယ်လောင်စွာထွက်ပေါ်လာလေသည်။ လင်းနို့ကြီးကသူ့တောင်ပံကြီးနှစ်ဖက်ကို ဖြန့်ထုတ်လိုက်ပြီး တောင်ပံကိုခါထည့်လိုက်ရာ ကိုယ်တွင်စိုက်ဝင်နေသော မြားတံများမှာ အကုန်ပြုတ်ကျပြီး ပြန်လည်ပျံသန်းလာခဲ့ကာ အောက်တွင်ရှိနေသည့် ရဲမက်များနှင့် လေးသည်တော်များကို မြားတံများစူးကြလေရာ ရဲမက်များက ရှောင်ပုန်းနေကြရလေသည်။
“ဒီလိုကောင်ကြီးကို မြားတံလောက်နဲ့ဘယ်ဖြစ်ပါ့မလဲ၊ ကဲ သေနတ်တပ်သားတွေအသင်ပြင်”
အိမ်ရှေ့မင်း၏ သေနတ်တပ်သားငါးဆယ်က အကွက်ကျကျမတ်တပ်ရပ်လိုက်ကြပြီး သေနတ်များကိုကျည်ဖြည့်လိုက်ကာ လင်းနို့ကြီးအားထိုးချိန်လိုက်သည်။
“တစ်လှည့်ချင်းစီပစ်၊ မနားတမ်းပစ်”
အိမ်ရှေ့မင်းက အမိန့်ပေးလိုက်ရာ ဆယ်ယောက်တစ်တန်းရပ်ထားသည့် သေနတ်သမားများက လင်းနို့ကြီးအား တစ်တန်းစီအစဉ်အလိုက်ပစ်ခတ်ကြသည်။ ပထမဆုံးအတန်းမှာ ပစ်ခတ်ပြီးသွားသောအခါ သေနတ်အားကျည်ဖြင့်ပြီး ထပ်မံပစ်ခတ်ရန်ပြင်ဆင်နေချိန်တွင် အနောက်တန်းများမှာ သေနတ်သမားများက ထပ်မံပစ်ကြလေသည်။ ထိုနည်းဖြင့် သေနတ်များကို အဆတ်မပြတ်ပစ်ခတ်ရာ ကျည်ဆန်များက လင်းနို့ကြီး၏ ကိုယ်လုံးကိုဖောက်ဝင်သွားကြလေသည်။
အတော်ကြာပစ်ပြီးသည့်အခါ နန်းတွင်းတစ်ခုလုံး ယမ်းငွေ့တွေလှိုင်နေတော့သည်။ သေနတ်များလည်းအလွန်ပူပြင်းနေသည်မို့ ဆက်လက်ပစ်ခတ်မရနိုင်တော့ပေ။ ထိုတော့မှ လင်းနို့ကြီးက ယခင်ကအတိုင်း အတောင်ပံကိုဖြန့်လိုက်ပြီး တစ်ချက်အော်ဟစ်လိုက်သည်။ လင်းနို့တောင်ပံကြီးမှာ ဆန်ကာပေါက်သဖွယ်ဖြစ်နေသည်ကို လရောင်အောက်တွင် အတိုင်းသားမြင်နေရသည်။ သူတို့ကြည့်နေဆဲမှာပင် အတောင်ပံမှ ကျည်ဆန်ပေါက်များမှာ သူ့အလိုလိုပြန်ပိတ်သွားကြသည်။ လင်းနို့ကြီးက မျှော်စင်ပေါ်မှဆင်းလာပြီး အောက်မှသေနတ်တပ်သားများကို တောင်ပံကြီးဖြင့် ရိုက်ထည့်လိုက်သည်။ တောင်ပံတစ်ချက်ရိုက်လိုက်လျှင် သေနတ်တပ်သား ဆယ်ယောက်ခန့်လောက် လွင့်ထွက်သွားကြလေသည်။ လင်းနို့ကြီးက ရဲမက်များကို တောင်fပံဖြင့်အဆတ်မပြတ်ရိုက်ခတ်လေရာ နောက်ဆုံးတော့ကင်းဝန်မင်းကြီး၏ တပ်များရော၊ အိမ်ရှေ့စံကနောင်မင်းသားကြီး၏ တပ်များပါ တပ်ပျက်ပြီး နန်းတွင်းမှ ကစဉ့်ကလျားထွက်ပြေးကြလေသည်။
“တောက်”
ကျယ်လောင်သည့်တောက်ခေါက်သံကြီးကြောင့် မင်းကြီးအရှေ့တွင်ခစားနေကြသည့် အိမ်ရှေ့မင်း၊ ကင်းဝန်မင်းကြီးနှင့် အတွင်းဝန်မင်းကြီးတို့မှာ တိတ်ဆိတ်နေကြလေသည်။ မင်းတုန်းမင်းကြီး မင်းဖြစ်ပြီးကတည်းက ထိုမျှလောက်ဒေါသထွက်နေသည်ကို မမြင်တွေ့ဖူးကြပေ။
“မောင်မင်းတို့ကို ငါအားကိုးမိတာ မှားပြီ၊ ငါကိုယ်တော် အတန်တန်မှာထားလျက်နဲ့ ဘာလို့လင်းနို့ကိုမသုတ်သင်နိုင်ရတာလဲ”
ကျန်သည့်ဝန်မင်းနှစ်ပါးမှာ နှုတ်ဆိတ်နေသဖြင့် ကနောင်မင်းသားကြီးကပင်
“ညီတော်fတို့ ပေါ့ဆမိပါတယ်ဘုရား၊ နောက်ပြီးညီတော်တို့အထင်အရ လင်းနို့ကြီးကို သေနတ်နဲ့ပစ်ရင် သုတ်သင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့်၊ အခုတော့ လင်းနို့ကြီးကို အနာတရတောင်မဖြစ်စေပါဘူးဘုရား”
မင်းတုန်းမင်းကြီးက ကနောင်မင်းသားကို မျက်စောင်းထိုးလိုက်ပြီး အတွင်းဝန်မင်းကြီးဘက်သို့လှည့်လိုက်သည်။
“မင်းလှကျော်ခေါင်၊ မင်းပြောတော့ သုံးရက်အတွင်း လင်းနို့ကိုရှင်းလင်းပေးမယ်ဆို၊ ဘယ်မလဲ မင်းရဲ့မိစ္ဆာဖမ်းတဲ့တပ်သားတွေ”
“မှန်ပါအရှင်မင်းကြီး၊ မိစ္ဆာဖမ်းတပ်မှာ ကျွန်တော်မျိုးကိုယ်တိုင် လှို့ဝှက်စွာဖွဲ့စည်းထားခြင်းဖြစ်ပါသောကြောင့် အခြားတပ်များနှင့် ပူးပေါင်းလုပ်ဆောင်မရကြောင်းပါဘုရား၊ အရှင်မင်းကြီး၊ ကျွန်တော်မျိုးနှင့် အခြားထိပ်ပိုင်းဝန်မင်းများသာ ထိုမိစ္ဆာဖမ်းတပ်အကြောင်းကို သိကြတာပါဘုရား”
“မိစ္ဆာဖမ်းတပ်ရှိနေပြီး ဘုရင့်အမိန့်နဲ့ မိစ္ဆာတွေဖမ်းပြီး နေပြည်တော်မှာ မွေးမြူထားတယ်ဆိုတဲ့ သတင်းစကားက ပြည်သူတွေနားထဲပေါက်ကြားသွားရင်ဖြင့် မင်းကြီးရဲ့ အသရေကို ထိခိုက်စေနိုင်တယ်မဟုတ်ပါလားဘုရား”
“ရှိစေတာ့၊ ကဲ မင်းလှကျော်ခေါင်၊ တစ်ရက်တော့ ကုန်သွားခဲ့ပြီနော်၊ မောင်မင်းမှာ အချိန်နှစ်ရက်ကျန်သေးတယ်၊ ပြီးတော့ အဲဒီမိစ္ဆာဖမ်းတဲ့တပ်သားတွေကို ငါ့ရှေ့ကိုအခစားခေါ်လာကြဟဲ့၊ သင်းတို့ကိုငါ အသေအချာ အမိန့်ပေးမယ်”
(၃)
“ငခမ်းရေ၊ ထပါအုံးဟ၊ အစီအစဉ်ကတော့ ငါတို့တွေးထားတဲ့အတိုင်းပဲကွ”
ငခမ်းအလွန်အိပ်ချင်နေလေသည်။ တစ်ညလုံး နန်းမြို့အတွင်း မွှေနှောက်ထားသည်မို့ အိပ်ရေးပျက်ထားသောကြောင့်ဖြစ်သည်။ ထို့အတူ သူက လင်းနို့မိစ္ဆာမို့ နေရောင်ခံနိုင်သည့်တိုင်အောင် နေရောင်ထဲသွားလာလျှင် အလွန်အားအင်ကုန်ခမ်းပြီး နွမ်းနယ်မောပန်းနေတတ်သည်။
“ဝှါး၊ ဘာထူးတာလဲ စည်သူ”
“အတွင်းဝန်မင်းကြီးက ခြေမြန်တော်လွှတ်ပြီး အမိန့်စာပါးလိုက်တယ်၊ စည်သူတပ်ဖွဲ့၊ သားနားစွာဝတ်ဆင်ပြီး ဘုရင့်ထံအခု ခစားရမယ်တဲ့လေ၊ ကဲ ထတော့၊ မျက်နှာလေးဘာလေး သစ်လိုက်အုံး”
ငခမ်းက မျက်နှာသစ်ပြီးတော့ အခန်းအတွင်းသို့လာခဲ့သည်။ စည်သူ၊ ပျံလွှားနှင့် မုန်တိုင်းတို့မှာ အနက်ရောင်အောက်ခံစပေါ်တွင် ကနုတ်ပန်းများကို ရွှေရေးထားသည့် အဝတ်အစားနှင့် လှပနေလေသည်။ အနက်ရောင်ပေါ်တွင် တောက်ပနေသည့် ရွှေရောင်ကနုတ်ပန်းများမှာ အလွန်ကြည့်ကောင်းလှသည်။ ခါးစည်းစ နီနီတစ်ခုကိုဆင်မြန်းထားပြီး ရွှေရောင်ခေါင်းပေါင်းများကို ပေါင်းထားကြလေသည်။
“ငခမ်း၊ အဝတ်အစားမြန်မြန်လဲကွ၊ ငါတို့ကြာနေရင်မကောင်းဘူး”
ငခမ်းလည်း အဝတ်အစားများလဲလိုက်သည်။ ထို့နောက် သူတို့အတူတူမြင်းစီးလျှက် ခြေမြန်တော်အနောက်သို့လိုက်လာခဲ့ကြသည်။
“ငါ့စိတ်တွေလှုပ်ရှားနေတယ်ကွာ”
စည်သူ့ကိုကြည့်ရတာ တကယ်စိတ်လှုပ်ရှားနေပုံရသည်။
“ဘာကို စိတ်လှုပ်ရှားတာလဲ”
“မင်းကွာ၊ ရှင်ဘုရင်နဲ့တွေ့ရတော့မှာမဟုတ်လား”
“အေးလေ၊ အဲဒါဘာဖြစ်သလဲ”
“ဘာဖြစ်ရမှာလဲကွ၊ တစ်ချို့တွေဆိုရင် ရှင်ဘုရင်ဆီမှာ အမှုတော်ထမ်းရင်း အိုမင်းပြီးသေသွားကြပေမယ့် ရှင်ဘုရင်မျက်နှာကို မြင်ဖူးကြတာမဟုတ်ဘူးကွ”
စည်သူက စိတ်လှုပ်ရှားနေသော်လည်း ငခမ်းနှင့် မုန်တိုင်းတို့ကတော့ ဘယ်လိုမှမနေပေ၊ ပျံလွှားကတော့ ထုံးစံအတိုင်း အနေအေးသူမို့ ခပ်အေးအေးသာနေလေသည်။
“ခင်ဗျားပဲစိတ်လှုပ်ရှားနေ၊ ကျုပ်စိတ်လှုပ်ရှားဖို့လဲ ထားပါအုံးဗျ”
ငခမ်းက စည်သူကိုပြောလိုက်သည်။
“ကျုပ်ဆိုညက အဲဒီနန်းတွင်းထဲဝင်ပြီး တိုက်ခိုက်ခဲ့ရတဲ့လူမဟုတ်လား”
သူတို့စကားတပြောပြောနှင့် နန်းမြို့ရိုးအနီးသို့ရောက်လာခဲ့သည်။ ဘုရင့်လူတွေက အကြိုတော်ထောက်သဖြင့် သူတို့နောက်လိုက်ပါရင်း နောက်ဆုံးနန်းတွင်းသို့ရောက်ခဲ့သည်။
“အား၊ ပါး၊ ပါး၊ အိမ်ကြီးတွေက ကြီးလိုက်တာ၊ ခန့်လိုက်တာဗျာ”
မုန်တိုင်းက နန်းဆောင်ကြီးများကိုကြည့်လျှက် အံ့ဩစွာ ရေရွတ်နေလေသည်။ မကြာခင်သူတို့အားလုံး ဥယျာဉ်လေးတစ်ခုအတွင်းသို့ဝင်လာခဲ့သည်။ ဥယျာဉ်အတွင်းရှိ အရိပ်ရသစ်ပင်အောက်တွင် မင်းကြီးနှင့် အတွင်းဝန်မင်းကြီး ထိုင်နေသည်ကိုတွေ့ရသည်။ သူတို့လည်း ခေါင်းများငုံ့ပြီး မြေကြီးနှင့်မျက်နှာထိမတတ် ကုန်းထားကာ ဘုရင့်ရှေ့သို့ဝင်လိုက်ကြသည်။
အတွင်းဝန်မင်းက သူတို့ကိုလက်ညှိုးထိုးလိုက်ပြီး
“ဟောဒါကတော့ မိစ္ဆာဖမ်းအဖွဲ့ခေါင်းဆောင် စည်သူကျော်ထင်ပါဘုရား၊ ဟောဒီဘက်ဘေးကတော့ သူရဘွဲ့ရထားတဲ့ သူရဲငခမ်းပါ၊ ဒီဘက်ကတော့ ရေဆန်ရသေ့ကြီးရဲ့ တပည့်ရင်း ပျံလွှားဖြစ်ပြီးတော့၊ ဟိုဖက်ကတော့ မုဆိုးကျော် မုန်တိုင်းပါဘုရား”
သူတို့ခေါင်းတွေမထောင်ရဲပေ၊ ဘုရင်မင်းကြီးက သူတို့ကိုသေချာကြည့်လိုက်ပြီး
“ငါကိုယ်တော်မြတ်ကို မော်ဖူးကြစမ်း မောင်မင်းများ”
ထိုတော့မှ လက်အုပ်ချီပြီး ခေါင်းကိုမော့လိုက်ကြသည်။ သူတို့အရှေ့တွင် အရပ်ပုပု၊ အသားခပ်လတ်လတ်နှင့် ၀၀ဖိုင့်ဖိုင့်ရှိသည့် လူတစ်ဦးကိုတွေ့လိုက်ကြသည်။
“ဒါက ငါတို့ရဲ့ဘဝရှင် မင်းတုန်းမင်းတရားကြီးပေါ့ကွဲ့”
“မောင်မင်းတို့က မိစ္ဆာဖမ်းတဲ့တပ်တွေဆိုကွ၊ မောင်မင်းတို့ မိစ္ဆာတွေ တော်တော်ဖမ်းမိခဲ့ပြီလား”
“မှန်ပါ၊ ကျွန်တော်မျိုးတို့ အားသွန်ခွန်စိုက်ဖမ်းခဲ့မှုကြောင့် အခုဆိုရင် မိစ္ဆာတိုက်ထဲမှာ မိစ္ဆာတွေပင် ပြည့်လောက်ပါပြီအရှင်မင်းကြီးဘုရား”
“အိမ်း၊ ဒီလင်းနို့ဆိုးကိုရော မောင်မင်းတို့ နှိမ်နင်းနှိုင်လိမ့်မယ်ထင်သလားကွဲ့”
“မှန်ပါမင်းကြီး ဆိုးသွမ်းလွန်းတဲ့ တောဆင်ရိုင်းကြီးများကို ဆင်ထိန်းများက လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမနိုင်သလိုမျိုး ဆိုးရွားတဲ့မိစ္ဆာကြီးတွေဆိုရင်လည်း ကျွန်တော်မျိုးတို့က လိမ္မာအောင်သွန်သင်ဆုံးမပြီး လိုအပ်ပါက သုတ်သင်နိုင်ကြောင်းပါ ဘုရား”
မင်းတုန်းမင်းကြီးက ပြောလေသည်။
“ကောင်းပါပြီ၊ မောင်မင်းတို့ မနှေးအမြန် အဲဒီလင်းနို့ကြီးကို သုတ်သင်ကြကွဲ့၊ အရေးတော်အောင်မြင်ရင် မောင်မင်းတို့ကို ဆုချီးမြှင့်ဖို့ကိုလဲ ငါကိုယ်တော်နှောင့်နှေးမနေပါဘူးကွဲ့၊ မောင်မင်းတို့ကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်မဲ့အပြင် တစ်ဦးကို ရွာလေးရွာစီ အစားရစေမယ်ကွဲ့”
စည်သူတို့ပြုံးလိုက်ပြီး
“မှန်လှပါ အမှုတော်ကို ကျေပွန်အောင်ထမ်းရွက်ပါ့မယ်၊ ယနေ့ညမှာပဲ အဲဒီလင်းနို့သွမ်းကြီးကို သုတ်သင်ရှင်းလင်းလိုက်ပါ့မယ် မင်းကြီးဘုရား”
“ကောင်းပြီကွယ်”
“ဒါနဲ့မင်းကြီးကို လျှောက်တင်စရာတစ်ခုရှိပါသေးတယ်၊ ကျွန်တော်မျိုးတို့ မိစ္ဆာဖမ်းသူတွေက အလုပ်လုပ်တဲ့အခါမှာ လူသိမခံဝံ့တာကြောင့် ဒီအရေးကို အရှင်မင်းကြီးကိုယ်တိုင် နှုတ်ဆိတ်နေရပါမယ်”
“ကောင်းပြီကွယ်၊ အဲဒီလင်းနို့ရဲ့ခေါင်းသာ ငါကိုယ်တော်မြတ်လိုချင်တယ်”
“မှန်လှပါအရှင်မင်းကြီး”
“စာရေးတော်များနာခံစေ၊ ယခုအခစားဝင်လာသည့် သူရဲကောင်းများကို တစ်ဦးကျလျှင် ငွေအသပြာ ငါးရာနှင့် အဝတ်ပုဆိုးများ ချီးမြှင့်လိုက်စေ”
သူတို့နန်းတော်အတွင်းမှ ပြန်ထွက်လာကြသည့်အခါ စာရေးတော်များက ရွှေလင်ပန်းများပေါ်တွင် ငွေငါးရာနှင့် ပိုးထည်ပုဆိုးများ၊ နိုင်ငံခြားဖြစ် ဘရိုကိတ်စများနှင့် အနောက်နိုင်ငံထွက် လီနင်ချည်ပါးကလေးများကို ထုတ်ပေးကြလေသည်။ သူတို့လည်း ဘုရင့်ဆုတော်ငွေများကို ယူလာခဲ့ကြပြီး အနက်ရောင်ခံတပ်ဆီသို့ ပြန်လာခဲ့ကြသည်။
“ဘုရင်မင်းကြီးကိုယ်တိုင် စည်သူတို့အဖွဲ့ကိုခေါ်ပြီးတော့ မိစ္ဆာဖမ်းဖို့စေလွှတ်တယ်တဲ့”
အနက်ရောင်ခံတပ်အတွင်း အစောင့်တပ်သားနှစ်ယောက် စကားပြောဆိုနေသည်ကို ပျံချီက အမှတ်မထင်ကြားသွားလေသည်။
“ဒါတင်ဘယ်ကမလဲ၊ ဒီလင်းနို့ကြီးကို နှိမ်နင်းနိုင်ခဲ့ရင် တစ်ဦးကို ရွာလေးရွာစီ ချီးမြှင့်မယ်တဲ့၊ ငခမ်းတို့ စည်သူတို့တော့ ရွာစားတွေဖြစ်ကြဦးမှာပေါ့ကွာ”
“ဘွဲ့ထူးဂုဏ်ထူးတွေလည်း ပေးတော်မူမယ်တဲ့ဗျ၊ သူကောင်းပြုခံရမှာပေါ့လေ၊ ကျုပ်တို့လည်း သူတို့လိုဖြစ်အောင်လို့ ကြိုးစားကြရမယ်ပေါ့ဗျာ”
ထိုစကားများက နဂိုကတည်းကမှ မနာလိုစိတ်ကြီးမားသည့် ပျံချီအားပိုပြီး ဆိုးရွားစေခဲ့လေသည်။ ပျံချီလည်း အုတ်လှေကားအတိုင်း မျှော်စင်ပေါ်သို့တက်ခဲ့သည်။ မျှော်စင်ပေါ်အတက်လမ်းတွင် လူရှင်းနေသည်မို့ အုတ်နံရံအားလက်သီးဖြင့် ခပ်ပြင်းပြင်းထိုးချလိုက်မိသည်။
“တောက်၊ ဘိန်းစားချင်းအတူတူ ဒီကောင်တွေက တမူးပိုရှုမှာတဲ့လား”
ဘုရင်နှင့်တွေ့ချင်၊ ဘုရင့်ဆီမှာ ချီးမြှောက်မှုလိုချင်သည့် ပျံချီက ဘာမှမဖြစ်ဘဲ စည်သူတို့ကိုသာ ဘုရင်မင်းမြတ်ကတွေ့ဆုံသဖြင့် ပျံချီအလွန်စိတ်ဆိုးနေမိသည်။ မျှော်စင်လှေကားရှိ အပြင်သို့ကြည့်နိုင်သည့် ပြတင်းပေါက်တစ်ခုမှ ကြည့်လိုက်သည့်အခါတွင်တော့ ငခမ်းနှင့် စည်သူတို့မှာ ခံတပ်ထောင့်တစ်ခုတွင် စုရုံးထိုင်နေကြလေသည်။
(၄)
“ကျုပ်တို့ဘာဆက်လုပ်ကြမလဲစည်သူ”
စည်သူက တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီးသူတို့အရှေ့မြေပြင်တွင် အရုပ်ပုံများရေးဆွဲနေလေသည်။ လေးထောင့်ပုံစံ မြို့ရိုးကြီးနှင့် အဝိုင်းပုံစံ နန်းတွင်းပုံကိုရေးဆွဲလိုက်သည်။
“ငါတို့အကြံက ဒီလိုကွာ၊ ငခမ်းကို ငါတို့က နွားအကောင်ငါးဆယ်နဲ့အတူတူ မြို့ပြင်က မြက်ခင်းပြင်ကို ပို့ထားမယ်၊ မင်းက ညသန်းခေါင်ရောက်တဲ့အခါကျတော့ လင်းနို့ယောင်ဆောင်ပြီး မြို့ထဲကိုဝင်ခဲ့ပေါ့၊ နန်းတွင်းကလူတွေကြောက်အောင်လို့ လှည့်ပတ်ပြီး ပျံသန်းရမယ်”
ထို့နောက် စည်သူက ပျံလွှားဘက်သို့လှည့်လိုက်သည်။
“ပျံလွှား၊ မင်းကတော့ ငါနဲ့အတူ မြင်းတွေနဲ့ နန်းတော်အနီးမှာစောင့်နေမယ်၊ ငခမ်းလာရင် ငါတို့မီးရှူးကျည်ဖောက်မယ်၊ ပြီးရင် ငခမ်းကို ငါတို့မြို့အပြင်ကို မျှားခေါ်ထုတ်သွားတဲ့ပုံစံ ဟန်ဆောင်ကြမယ်၊ ငခမ်း၊ မင်းက ငါတို့အနောက်ကို ပျံပြီးလိုက်လာခဲ့”
ထို့နောက် မုန်တိုင်းဘက်သို့လှည့်လိုက်ကာ
“မုန်တိုင်း၊ မင်းကတော့ အရှေ့တံခါးအနီးက မြို့ရိုးပေါ်မှာ နေရာယူထားရမယ်၊ ငါတို့က အရှေ့မြို့ရိုးတံခါးပေါက်က ထွက်သွားရင် ကွင်းပြင်ထဲကိုရောက်သွားလိမ့်မယ်”
ကွင်းပြင်ထဲမှာ နွားတွေနဲ့အတူတူ မြင်းတစ်ကောင်ပေါ်မှာ ကောက်ရိုးနဲ့ ငခမ်းအရုပ်လုပ်ထားမယ်ကွာ၊ ငခမ်းရဲ့ဝတ်နေကျ အကျီကိုဝတ်ပေးထားမယ်၊ ငခမ်းအရုပ်မှာ ငါတို့က ယမ်းတွေ၊ လောင်စာတွေ တပ်ထားမယ်ကွာ၊ ငခမ်းက လင်းနို့အဖြစ်နဲ့ အရုပ်ကိုသုတ်ချီသွားရမယ်၊ အဲဒီအခါကျရင် မုန်တိုင်းက မီးမြားတစ်ချောင်းနဲ့ ငခမ်းအရုပ်ကိုထိအောင်ပစ်ရမယ်၊ လေပေါ်မှာ ယမ်းတွေပေါက်ကွဲပြီးတော့ လောင်စာတွေမီးလောင်မယ်၊ အဲဒီအခါကျရင် လင်းနို့ကြီးလည်း မီးတွေလောင်သွားလိမ့်မယ်”
စည်သူက ငခမ်းဘက်သို့လှည့်လိုက်ပြီး
“ငခမ်း၊ မီးတောက်တွေက မင်းကိုနာကျင်အောင်လုပ်နိုင်မယ်မထင်ဘူးနော်”
ငခမ်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် မင်းကမီးလောင်လက်စနဲ့ ပျံသန်းပြီး ဧရာဝတီမြစ်ထဲကို ထိုးဆင်းသွားရလိမ့်မယ်”
“ဒါတော့ခက်တယ်ဗျ၊ ကျုပ်မှ ရေသိပ်မကူးတတ်တာကို”
“ဒီနည်းလမ်းအပြင် ဒီထက်ကောင်းတဲ့နည်းလမ်းမရှိတော့ဘူးငခမ်း၊ ဒီနည်းလမ်းက မင်းအတွက်ထွက်ပေါက်ပဲ၊ လင်းနို့ကြီးလည်း သေပြီး မြစ်ထဲကျသွားတယ်ဆိုရင် ဘယ်သူမှ လိုက်ရှာနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ငခမ်းလည်း တာဝန်ထမ်းဆောင်နေရင်း သေဆုံးသွားတယ်ဆိုရင် မင်းအတွက်လွတ်လပ်သွားပြီငခမ်း”
ငခမ်းက စည်သူမျက်နှာကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“ငါအသေအချာပြောမယ်ငခမ်း၊ မင်းမြစ်ထဲက တက်လာပြီးတာနဲ့ ဒီမြို့ကနေ အမြန်ဆုံးထွက်သွားတော့၊ နောက်နောင် ဘယ်တော့မှ လင်းနို့ပုံစံကို ထပ်မပြနဲ့တော့၊ ငါမင်းကို တစ်ကြိမ်ပဲ ကယ်ပေးနိုင်မယ်ငခမ်း၊ မင်းသာလင်းနို့ပုံစံ ထပ်ပြမယ်ဆိုရင် ငါတို့အားလုံး သေကြရလိမ့်မယ်၊ မင်းနားလည်ပြီလား”
“ကျုပ်နားလည်ပါပြီစည်သူ၊ ကျုပ်အတွက်စီစဉ်ပေးတဲ့ ခင်ဗျားကိုရော၊ ပျံလွှားနဲ့ မုန်တိုင်းတို့ကိုပါ ကျုပ်ကျေးဇူးတင်ပါတယ်၊ ကျုပ်လွတ်လပ်သွားရင် ကျုပ်မွေးရပ်ဇာတိကိုပြန်ရလိမ့်မယ်၊ ကျုပ်ချစ်တဲ့သူကို ကျုပ်သွားခေါ်ရအုံးမယ်”
“မင်းဖာသာမင်းလုပ်ချင်တာသာလုပ်စမ်းကွာ၊ အခုတော့ ငါတို့အစီအစဉ်အတိုင်းလုပ်ကြမယ်၊ ဟုတ်ပြီလား”
သူတို့အားလုံးခေါင်းညိတ်လိုက်ပြီး တစ်ယောက်လက်များကိုတစ်ယောက်ဆွဲလိုက်ကြလေသည်။ ထိုအချိန်တွင် အနောက်ဘက်မှ လက်ခုပ်တီးသံကိုကြားလိုက်ရသည်။ သူတို့လှည့်ကြည့်လိုက်ရာ ပျံချီဖြစ်နေသည်။ ပျံချီက သူတို့ဆီသို့လမ်းလျှောက်လာနေသည်။
“ဘုရင်ကိုယ်တိုင် ယုံကြည်ရလောက်တဲ့ မိစ္ဆာဖမ်းတဲ့သူတွေပါလား၊ ဒါနဲ့ မင်းတို့ဘုရင်မင်းမြတ်ကို ဘယ်လိုလိမ်မလဲဆိုတာကို ငါစောင့်ကြည့်နေပါတယ်”
စည်သူတို့ထိတ်လန့်သွားသည်။ သို့သော် သူတို့စကားပြောသည့်နေရာအနီးတွင် ခုနက လူမရှိသည်မို့ ပျံချီမကြားနိုင်လောက်ပေ။
“ဘာလဲပျံချီရ၊ မင်းကအဲဒီလင်းနို့ကြီးကို ဖမ်းနိုင်မယ်ထင်လို့လားကွ၊ မင်းအဆင့်မင်းသိစမ်းပါကွာ”
ပျံချီ အလွန်စိတ်တိုသွားကာ မျက်နှာကြီးနီရဲသွားသလို နဖူးကြောကြီးများလည်း ထောင်သွားလေသည်။ စည်သူကပင်ဆက်လက်၍
“မင်းအဆင့်က ရောက်လာတဲ့တပ်သားအသစ်တွေကို လေ့ကျင့်ပေးဖို့ပဲမဟုတ်လား၊ မင်းငါတို့ကို အားကျတယ်ဆိုရင်တော့ ငါတို့လိုကြိုးစားပေါ့ကွာ၊ တစ်နေ့နေ့တော့ မင်းလည်း ရွာစားဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲကွ ဟား ဟား”
စည်သူက ရွဲ့ပြီးလှောင်ပြောင်ကာ ပြောလိုက်သဖြင့် ပျံချီအလွန်စိတ်တိုသွားကာ စည်သူထံသို့ ပြေးဝင်သွားလေသည်။ ထို့နောက် စည်သူအားတိုက်ခိုက်တော့သည်။ ပျံချီ၏ တိုက်ကွက်များက အလွန်ပြင်းထန်လှရာ စည်သူက မတိမ်းရှောင်နိုင်တော့ဘဲ သုံးချီမြောက်တွင် စည်သူ၏ ရင်ဘတ်ကို ကန်ချက်ထိမှန်ကာ စည်သူလွင့်ထွက်သွားသည်။ ထိုအခါ ပျံချီက စည်သူအားသတ်ဖြတ်ရန်အတွက် ပြေးခုန်အုပ်လိုက်လေရာ ပျံလွှားက အရှေ့မှနေ၍ ကာဆီးနေလိုက်သည်။
“ပျံလွှား၊ မင်းဖယ်စမ်း”
“ငါတားရလိမ့်မယ် ပျံချီ”
“အဲဒီကောင်ကို ငါဒီနေ့တော့သတ်ပြမယ်၊ ဒီကောင့်ကိုသတ်ပြီးမှာ ငါ့ကိုယ်ငါအဆုံးစီရင်မယ်၊ ဖယ်စမ်းပါပျံလွှားရာ၊ မင်းဝင်မပါစမ်းပါနဲ့”
“ငါတားရတာ သူ့အတွက်မဟုတ်ဘူးကွ၊ ငါတို့ခံတပ်ကြီးနဲ့ အတွင်းဝန်မင်းကြီးကိုယ်စား ဝင်ရောက်တားမြစ်ရတာ”
ပျံချီက ပျံလွှားဆီသို့ခုန်ဝင်လိုက်သည်။ ပျံချီ၏ တိုက်ကွက်များမှာ အလွန်မြန်ဆန်လှရာ ပျံလွှားပင် မနည်းရှောင်တိမ်းနေရလေသည်။ ခြေထောက်ကို ဝေ့ဝိုက်ကာ ပတ်လည်ဆင့်ကန်ချက်များ၊ ခြေစုံလက်စုံပစ်ကာ ဝင်ရောက်တိုက်ခိုက်ခြင်းများမှာ အလွန်ပြင်းထန်လှသည်။ ပျံလွှားက လျှင်မြန်သဖြင့်သာတော်သေးသည်။ သူတို့တိုက်ခိုက်နေသည့်အသံများကြားပြီး ခံတပ်ပေါ်မှရဲမက်များထွက်လာကာ သူတို့တိုက်ပွဲကိုကြည့်ရှုနေကြလေသည်။
ပျံချီနှင့် ပျံလွှားက အသေအကြေတိုက်ခိုက်နေကြသည့်အချိန် ငခမ်းက စည်သူထံသို့ပြေးသွားလိုက်ပြီး စည်သူအား ဆွဲထူလိုက်လေသည်။
“စည်သူ၊ ခင်ဗျားအဆင်ပြေရဲ့လား”
“ဒီကောင့်ကန်ချက်က ငါ့သေကွင်းသေကွက်ကို ကန်တာပဲကွ၊ ငါလက်နဲ့ကာလိုက်နိုင်လို့သာမသေတာကွ၊ ဒီအတိုင်းကန်မိရင်တော့ နှလုံးကြွေပြီးသေသွားနိုင်တယ်၊ ကျွတ်၊ ကျွတ်”
စည်သူ့ပါးစပ်ထဲမှ သွေးများကျလာလေသည်။ စည်သူက ထိုသွေးများကို တံတွေးထွေးသလို ထွေးထုတ်လိုက်လေသည်။ ခံတပ်မြို့ရိုးပေါ်တွင်လည်း ရဲမက်များနှင့် ပြည့်နှက်နေလေသည်။ ပျံချီတို့ တိုက်ပွဲမှာလည်း တစ်စထက်တစ်စ ပိုပြီးပြင်းထန်လာခဲ့သည်။
“တော်ကြတော့”
အသံတစ်ခုကိုကြားလိုက်ရသည်။ သို့သော် ပျံချီတို့ကတော့ တိုက်ခိုက်နေဆဲဖြစ်သည်။
“တော်ကြတော့လို့ ဆိုနေတယ်လေကွာ”
ပျံလွှားက တိုက်ခိုက်တာကိုရပ်တန့်လိုက်သလို ပျံချီလည်း ရပ်တန့်လိုက်သည်။ ခံတပ်မြို့ရိုးပေါ်တွင်တော့ အတွင်းဝန်မင်းကြီးက မျက်နှာထားတည်တည်ဖြင့် သူတို့ကိုကြည့်နေလေသည်။
“ပျံချီ၊ မင်းဘာလုပ်တာလဲ”
ပျံချီက လက်အုပ်ကောက်ချီလိုက်ပြီး
“ကျွန်တော်မျိုးလုပ်တာမဟုတ်ပါ၊ စည်သူတို့က အရင် ကျွန်တော်မျိုးကို လူအုပ်စုဖွဲ့ကာ အနိုင်ကျင့်ဖို့လုပ်နေတဲ့အတွက် ကျွန်တော်မျိုးပြန်လည်ခုခံရခြင်းပါ”
“တော်စမ်းပျံချီ၊ ပါးစပ်ပိတ်ထားစမ်း”
အတွင်းဝန်မင်းကြီးမှာ အလွန်ဒေါသထွက်နေလေသည်။
“ပျံချီ၊ မင်းအကြောင်းငါမသိဘူးထင်နေသလားကွ၊ မင်းပြောတိုင်း ငါကယုံတယ်လို့များ မင်းမှတ်နေသလားကွ၊ ငါက အတွင်းဝန်မင်းကြီးပါက၊ နန်းတွင်းက များပြားလှတဲ့အတွင်းဝန်မင်းတွေအားလုံးရဲ့အချုပ်ပါကွ၊ မင်းတို့ထက် လူရိပ်လူကဲကြည့်တတ်တယ်ဆိုတာ မင်းမှတ်ထား”
ပျံချီ ဘာမှမပြောရဲတော့ပေ။
“အခုသူတို့လေးယောက်က မင်းကြီးကိုယ်တိုင် အရေးတော်ခိုင်းစေခံထားရတဲ့ လူတွေပဲ၊ သူတို့ကို နှောင့်ယှက်တာဟာ မင်းကြီးရဲ့အရေးတော်ကို တိုက်ရိုက်နှောင့်ယှက်တာနဲ့အတူတူပဲပျံချီ၊ မင်း ဒီခံတပ်ကနေပြီး ခွေးတစ်ကောင်လို မောင်းထုတ်မခံချင်ရင် မင်းငြိမ်ငြိမ်နေလိုက်စမ်း”
ပျံချီငြိမ်ကျသွားလေသည်။ အတွင်းဝန်မင်းကြီးက စည်သူတို့ကိုကြည့်လိုက်ပြီး
“ကဲ စည်သူ၊ ညနေစောင်းတော့မယ်၊ မင်းတို့ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ၊ ဒါနဲ့စည်သူ မင်းငါ့ကိုပေးထားတဲ့ကတိကို မမေ့သေးပါဘူးနော်”
စည်သူခေါင်းညိတ်လိုက်သည်။
“မှန်ပါ၊ သုံးရက်ပြည့်လို့ လင်းနို့ကိုမနှိမ်နင်းနိုင်ရင် ကျွန်တော်မျိုးရဲ့ကတိစကားအတိုင်း ကျွန်တော်မျိုးကို ကွပ်မျက်ပါ ဝန်မင်းကြီး”
“ကောင်းပြီစည်သူ၊ မင်းကတိကို မင်းတည်နိုင်အောင်သာလုပ်ပေတော့”
စည်သူတို့က မြင်းလေးကောင်ယူလိုက်သည်။ ထို့နောက် ငခမ်းအား အဝတ်အစားလဲစေလိုက်ပြီး အဝတ်အပိုတစ်စုံကို လှို့ဝှက်ယူဆောင်သွားစေသည်။ ငခမ်းဗိုက်နှင့်ရင်ဘတ်တွင်တော့ ဝါးဆစ်ဘူးကလေးများကို ချည်နှောင်နေလေသည်။ စည်သူတို့ပြင်ဆင်နေသည်ကို အတွင်းဝန်မင်းကြီးက လာရောက်ကြည့်ရှုနေလေသည်။
“ဝါးဆစ်ဘူးတွေက ဘာတွေလဲစည်သူ”
“မှန်ပါ၊ ဝါးပြောင်းထဲကို ယမ်းမှုန့်များထောင်းလျှက် ထည့်ထားခြင်းဖြစ်ပါတယ်၊ ဟောဟိုက ဝါးဆစ်ဘူးတွေကတော့ ကညင်ဆီနှင့် လောင်စာဆီများကို ထည့်သွင်းထားသည့် ဝါးဆစ်ဘူးများဖြစ်ပါတယ်”
“ယမ်းတွေဘာလုပ်မလို့လဲကွ”
“ကျွန်တော်မျိုးတို့ လင်းနို့ကြီးလာရင် မြို့အပြင်ကိုခေါ်ထုတ်သွားပါမယ်၊ မြို့အပြင်မှာ ငခမ်းက နွားအကောင်ငါးဆယ်နှင့်အတူ လင်းနို့ကြီးကိုစောင့်နေပါမယ်၊ လင်းနို့ကြီးက နွားတွေကိုစားသောက်ဖို့ သုတ်ချီတဲ့အခါ ငခမ်းက လင်းနို့နဲ့ တိုက်ခိုက်ပါ့မယ်၊ ယမ်းတွေကတော့ လိုအပ်လာရင် အသုံးပြုဖို့အတွက်ပါ”
အတွင်းဝန်မင်း၏ အမိန့်ဖြင့် အနီးရှိရွာများမှ နွားအကောင်ငါးဆယ်ကို စုဝေးလိုက်လေသည်။ မြို့အရှေ့တွင် ကျယ်ပြောသည့် မြက်ခင်းကြီးရှိရာ နွားများအတွက် လွှတ်ကျောင်းထားရန်အဆင်ပြေလှသည်။ ငခမ်းလည်း ဝါးဆစ်ဘူးများချည်ပြီးသောအခါ မြင်းတစ်စီးကိုစီးလိုက်သည်။ ထိုအခါ ပျံချီက ငခမ်းအနီးသို့ကပ်လာလေသည်။
“ကံကောင်းပါစေ ငခမ်းရာ”
ထိုသို့ပြောပြီး ငခမ်းအားလက်နှင့်ပုတ်လိုက်လေသည်။ ပျံချီ၏ လက်နှင့်ထိလိုက်သည့်အခါ ငခမ်းအသားတွေနာကျင်သွားပြီး အလွန်ပူလောင်သည့်ဝေဒနာကို ခံစားလိုက်ရသဖြင့် ငခမ်းနာကျင်စွာအော်ဟစ်လိုက်မိသည်။
“အား”
“ဘာဖြစ်တာလည်းငခမ်းရ”
ပျံချီက လက်ဝါးကိုဖြန့်ပြလိုက်သည်၊ လက်ဝါးအတွင်းတွင် ဂျင်းဖြူအပြားကလေးကိုတွေ့လိုက်ရသည်။ ငခမ်းအလွန်ထိတ်လန့်သွားသည်။
“ဘာ၊ ဘာမှမဖြစ်ပါဘူးပံျချီရာ ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ”
ပျံချီက ငခမ်းအနားသို့ကပ်လာသည်။
“မင်းလက်ကိုဖြန့်လိုက်ငခမ်း၊ ဂျင်းဖြူကို လင်းနို့တွေကြောက်တယ်မဟုတ်လားကွ၊ မင်းလိုရမယ်ရဖြစ်အောင်လို့ ဒီဂျင်းဖြူကလေးကို ဆောင်သွားစမ်းပါ”
ငခမ်းက ဘယ်ဖက်လက်ဝါးကိုဖြန့်လိုက်သည့်အခါ ပျံချီက ဂျင်းဖြူအခြောက်အပြားကလေးကို လက်ဝါးအတွင်းထည့်ပေးလိုက်သည်။ ဂျင်းဖြူပြားနှင့်ထိသည့်အခါ ငခမ်းအလွန်နာကျင်ပြီး ပူလောင်နေလေသည်။ သို့သော် ပျံချီမရိပ်မိအောင် အံကိုကြိတ်ပြီး ကြိတ်မှိတ်ခံနေရသည်။ ငခမ်းနဖူးမှ ချွေးများပင် တဒီးဒီးနှင့် စီးကျလာလေသည်။
“ငခမ်း၊ မင်းဘာဖြစ်တာလဲကွ”
“ဘာမှမဖြစ်ပါဘူး၊ ကျုပ်သွားတော့မယ်ပျံချီ”
ငခမ်းက ဂျင်းဖြူပြားကလေးကို လက်နှင့်ဆုပ်ကိုင်လိုက်ပြီး မြင်းကိုမောင်းနှင်ကာ ထွက်လာခဲ့တော့သည်။ ခံတပ်နှင့်အတော်လှန်းလှန်းရောက်တော့မှ လက်ဝါးအတွင်းမှ ဂျင်းဖြူအပြားကို လွှင့်ပစ်လိုက်ရသည်။
နွားများထားသည့် စားကျက်ခင်းအနီးသို့ရောက်သည့်အခါ သစ်ပင်အောက်တွင် မြင်းကိုရပ်နားထားလိုက်သည်။ နွားများအား နွားကျောင်းသားသုံးယောက်က ထိန်းကျောင်းနေလေသည်။
“မင်းတို့သွားလို့ရပြီ နွားကျောင်းသားတွေ၊ ဒါနဲ့ မင်းတို့မှာ တံစဉ်ပါတယ်မဟုတ်လား”
ငခမ်းက တံစဉ်ကိုတောင်းယူလိုက်ပြီး နွားကျောင်းသားများကို ပြန်လွှတ်လိုက်သည်။ ထို့နောက် ဘေးဘီကိုကြည့်လိုက်သည့်အခါ မည်သူမှပင်မရှိတော့ပေ။ ငခမ်းလည်း မြက်ရိုက်ရှည်များကို တံစဉ်နှင့်ရိတ်လိုက်ပြီး သူအသင့်ယူလာသည့် အကျီအတွင်းသို့ထိုးသွင်းလိုက်ကာ လူတစ်ဦးပုံစံဖန်တီးလိုက်လေသည်။ ထို့နောက် ထိုလူရုပ်အား မြက်ပင်များကြားတွင် ဝှက်ထားလိုက်သည်။
“အားလုံးတော့အသင့်ပဲ၊ ညသန်းခေါင်ရောက်ဖို့ စောင့်ရအုံးမယ်ထင်ပါ့”
ငခမ်းက သစ်ပင်ကိုမှီ၍ထိုင်နေလိုက်သည်။
(၅)
လပြည့်ည။
ပုံမှန်အားဖြင့် လပြည့်ညလို ညမျိုးသည် အမရပူရမြို့ကြီးအတွင်းတွင် အလွန်စည်ကားနေတတ်သော်လည်း ယခုတော့ လင်းနို့ရန်ကြောင့် ခြောက်ကပ်နေလေသည်။ မုန်တိုင်းလည်း သူ၏ ကြီးမားလှသည့် လေးကြီးကို ကိုင်လျှက် မြို့ရိုးပေါ်သို့တပ်ခဲ့သည်။ မြို့ရိုးစောင့်ရဲမက်များနှင့်အတူ စကားစမြည်ပြောဆိုနေကြလေသည်။ စည်သူနှင့် ပျံလွှားကတော့ အရှေ့တံခါးပေါက်မှ တံခါးမှူးများနှင့် တိုင်ပင်ဆွေးနွေးနေကြသည်။
“တကယ်လို့ လင်းနို့ကြီးလာခဲ့ရင် ကျုပ်တို့သူ့ကို မြို့ပြင်ကို မျှားခေါ်သွားကြမယ်၊ ကျုပ်တို့ကိုတွေ့တာနဲ့ မြို့တံခါးကိုဖွင့်ပေးဖို့သာ ပြင်ဆင်ထားပါ”
တံခါးမှူးများ၊ တံခါးစောင့်များက ခေါင်းညိတ်လိုက်ကြသည်။ ပျံလွှားတို့လည်း နန်းတွင်းထဲသို့ ချီတက်လာခဲ့ကြသည်။ နန်းတွင်းအရှေ့ပေါက်တွင် ဘုရင့်လူယုံတော်များနှင့် ဆုံတွေ့သည်။
“ဘုရင်မင်းမြတ်ကိုပြောလိုက်ပါ၊ မနက်ဖြန်မိုးသောက်တဲ့အခါမှာ လင်းနို့သွမ်းကြီးရဲ့ ခေါင်းကိုဆက်သမယ်လို့ ကြိုလျှောက်တင်ထားလိုက်ပါ”
လူယုံတော်များက စည်သူနှင့်ပျံလွှားကိုကြည့်လျှက် ပြုံးဖြီးဖြီးလုပ်နေကြသည်။
“ခင်ဗျားတို့က သိပ်သေချာနေပါလားဗျ၊ ဒါပေမယ့် ကျုပ်တို့လည်း ခင်ဗျားတို့ပြောတဲ့အတိုင်း မလျှောက်ရဲပါဘူးဗျာ၊ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်ဆိုတဲ့ စကားရှိတယ်မဟုတ်လားဗျ၊ ဘုရင်မင်းမြတ်စိတ်မထင်ရင် ကျုပ်တို့ခေါင်းတွေ ပြတ်သွားနိုင်တာမို့လို့၊ မနက်မိုးသောက်လို့ လင်းနို့ရဲ့ခေါင်းကိုရတဲ့အခါမှသာ တင်လျှောက်ကြစမ်းပါ”
စည်သူက မျက်နှာကိုရှုံ့မဲ့လိုက်လေသည်။
စည်သူတို့ထွက်သွားပြီးသည်နှင့် ပျံချီလည်း မြင်းတစ်စီးဖြင့်ထွက်လာခဲ့လေသည်။ အမရပူရမြို့ ဆင်ခြေဖုံးအပြင် တဲအိမ်စုကလေးများထံသို့လာခဲ့သည်။ လမ်းမပေါ်တွင်လူသူမရှိတော့သည်မို့ ခရီးတွင်လှသည်။ နောက်တော့ တဲအိမ်စုကလေးတစ်ခုအရှေ့တွင်ရပ်လိုက်သည်။
“ဗျို့အိမ်ရှင်တို့၊ မေးမြန်းစရာရှိလို့ ထွက်ခဲ့ကြစမ်းပါ”
“ဘာမေးမလို့လဲ၊ ငါတို့အပြင်မထွက်ဝံ့ဘူးကွာ၊ တော်ကြာ လင်းနို့သွမ်းကြီးက ငါတို့ကိုသုတ်ချီသွားတော့ ဘယ်နှယ့်လုပ်မလဲ”
“ဒါဖြင့်ရင်လည်း ညောင်ပင်ရိပ်က စားတဲကြီးမှာ စားပွဲထိုးလုပ်တဲ့ ကောင်လေးရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ သိသလား”
“သိတယ်၊ မင်းပြောတာ မောင်လုံးကိုပြောတာထင်တယ်၊ ဒီတဲအိမ်စုအတိုင်းဆက်လျှောက်သွား၊ တဲအိမ်စုအဆုံးကွင်းပြင်စပ်က အိမ်ပဲ”
ပျံချီလည်း ထိုလူလမ်းညွှန်သည့်အတိုင်း မြင်းကိုဆက်စီးလာခဲ့ရာ မကြာမီတဲအိမ်စုကလေးများကုန်ဆုံးသွားလေသည်။ ကွင်းစပ်အနီးတွင် တဲကလေးတစ်လုံးကိုတွေ့လိုက်ရသည်။ မြင်းပေါ်မှဆင်းပြီး မြင်းကိုသစ်ပင်တစ်ခုတွင်ချည်နှောင်ခဲ့ကာ ထိုအိမ်ကလေးအတွင်းသို့ဝင်လိုက်သည်။ အိမ်ကလေးမှာ ခနော်ခနဲ့ကလေးဖြစ်သည်။ ဝါးဖြင့်ပြုလုပ်ထားသည့် အိမ်တံခါးကိုလည်း ပိတ်ထားသည်။
“အိမ်ရှင်တို့၊ ဗျို့ အိမ်ရှင်တို့”
“ဘယ်သူလဲ”
အထဲမှ ကလေးအသံကိုကြားလိုက်ရသည်။
“မောင်လုံးနဲ့တွေ့ချင်လို့၊ ငါက ရဲမက်တစ်ယောက်ပါ”
မကြာမီ အိမ်တံခါးပွင့်လာသည်။ အိမ်ကလေးအတွင်းတွင် မှောင်မဲနေလေသည်။ အိမ်ထဲဝင်လိုက်ရာ အသက်ဆယ်နှစ်ကျော်လောက်ရှိမည့် ကောင်ကလေးရှိပြီး သူ့အနီးတွင်တော့ မိန်းမကြီးတစ်ယောက်က လှဲအိပ်နေလေသည်။
“သားရေ၊ ဘယ်သူလဲကွယ်”
“ရဲမက်လို့တော့ ပြောတာပဲအမေ”
အိမ်မှာ အမှောင်ကျနေသည်။ သို့သော် ပေါက်ပြဲနေသည့် ခေါင်မိုးမှ ကျဆင်းလာသည့်လရောင်များကြောင့် ခပ်ရေးရေးကလေးမြင်နေရသည်။
“ရဲမက်ဆိုတော့ ကျုပ်သားလေး တစ်ခုခုများကျူးလွန်ထားမိသလား၊ ကျူးလွန်ထားတယ်ဆိုရင်လည်း ကျုပ်တောင်းပန်ပါတယ်ရဲမက်ကြီးရယ်၊ သားလေးကို ဘာမှမလုပ်ပါနဲ့”
အမေဖြစ်သူ မိန်းမကြီးက တောင်းဆိုနေလေသည်။
“မလုပ်ပါဘူး၊ ကျုပ်သူ့ဆီကနေ သိချင်တာတစ်ခုရှိလို့လာခဲ့တာ၊ ဒါနဲ့ မင်းတို့အိမ်မှာ ဆီမီးမထွန်းဘူးလား”
“ဆီဝယ်ဖို့ ပိုက်ဆံမရှိလို့ ညညဆိုဒီအတိုင်း အမှောင်ထဲမှာပဲနေရပါတယ်ရဲမက်ကြီးရယ်”
“ဒါနဲ့ ခင်ဗျားတို့က သားအမိနှစ်ယောက်တည်းနေတာလား”
“ကျုပ်က မျက်မမြင်တစ်ယောက်ပါရှင်၊ ကျုပ်အောက်ပိုင်းကလည်း မြင်းစီးသမားတစ်ယောက်ရဲ့ မြင်းနဲ့တိုက်မိလို့ အောက်ပိုင်းသေသွားပါတယ်၊ ကျုပ်သားလေး မောင်လုံးက ကျုပ်ကိုပဲ ရှာဖွေပြီးကျွေးမွေးနေတာပါ၊ သူက မိဘကျေးဇူးဆပ်နေတဲ့ လူကောင်းကလေးပါ”
ပျံချီက မောင်လုံးကိုကြည့်လိုက်သည်။
“ငါမင်းကိုမှတ်မိနေတယ်ကွ၊ ညောင်ပင်ရိပ်ဆိုင်ကို ငါလာတိုင်း မင်းကို မုန့်ဖိုးပဲဖိုး ငါပေးနေကျလေ”
မောင်လုံးက ခေါင်းခါလိုက်ပြီး
“စိတ်မရှိပါနဲ့ရဲမက်ကြီးရာ၊ ကျုပ်လည်း လူတွေများတော့ မမှတ်မိတော့ဘူး”
“ထားလိုက်ပါကွာ၊ ငါသိချင်တာက ညောင်ပင်ရိပ်မှာလူသတ်ပွဲဖြစ်တဲ့နေ့က မင်းရှိနေသလား”
မောင်လုံးထိတ်လန့်သွားပုံရသည်။ တစ်ကိုယ်လုံးတုန်ယင်သွားသည်။
“မ၊ မရှိပါဘူး”
ပျံချီက သိလိုက်ပြီမို့ သူ့ခါးပုံစအတွင်းမှ ငွေတစ်ပြားကိုထုတ်ကာ ကြမ်းပေါ်ပစ်ချလိုက်သည်။
“မင်းတစ်ခွန်းဖြေရင် ငွေတစ်ပြားရမယ်ကွာ၊ ဘယ်နှယ့်လဲ”
မောင်လုံးမှာ သူ့အမေကိုလှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ကဲ၊ ဒါဆိုငါမေးမယ်၊ အဲဒီညက မင်းရှိနေသလား၊ မရှိဘူးလား”
“ကျုပ်အဲဒီဆိုင်မှာရှိနေပါတယ်”
ပျံချီက ငွေတစ်ပြားကို မောင်လုံးအရှေ့သို့ပစ်ပေးလိုက်သည်။
“ဘာတွေထူးဆန်းနေသလဲ”
“အဲဒီညက လူတွေက ဓါးတွေလက်နက်တွေကိုင်လာပြီးတော့ ရောက်လာကြပါတယ်”
ပျံချီက ငွေတစ်ပြားပစ်ပေးလိုက်ပြန်သည်။
“ဘယ်လိုစဖြစ်တာလဲ”
“လူသုံးယောက်ရောက်လာပါတယ်၊ နှစ်ယောက်က သူရဲနက်တွေပါ၊ တစ်ယောက်ကတော့ မိန်းကလေးတစ်ယောက်ပါ”
“သူတို့သူရဲနက်တွေမှန်း မင်းဘယ်လိုလုပ်ပြီးသိတာလဲ”
“သူရဲနက်တွေကို ကျုပ်တို့နေပြည်တော်ကလူတွေအကုန်သိပါတယ်၊ ကျုပ်က ညောင်ပင်ရိပ်မှာလုပ်နေတာဆိုတော့ အမှုထမ်းတွေတော်တော်များများကိုမြင်ဖူးပါတယ်”
ပျံချီက ငွေပြားကလေးများကို ပစ်ပေးလိုက်သည်။
“ကဲ အဲဒီလူရဲ့ပုံစံတွေကို ပြောပြစမ်း”
“တစ်ယောက်က ပိန်ပိန်ကျစ်ကျစ်နဲ့ဗျ၊ လေးနဲ့မြားကျည်တောက်ကိုလွယ်လာတယ်၊ နောက်တစ်ယောက်ကတော့ ဗလတောင့်တောင့်အရပ်မြင့်မြင့်နဲ့၊ နောက်မိန်းကလေးကတော့ အသားဖြူဖြူ ခပ်ပုပုပါပဲ”
“နောက်တော့ဘာဆက်ဖြစ်သလဲ”
“သူတို့တွေတိုက်ခိုက်ကြတယ်ဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ရေတကောင်းတွေတင်တဲ့ စင်အောက်မှာ ဝင်ပုန်းနေလိုက်တာ၊ နောက်ဆုံးတော့ နောက်ဆုံးတော့”
မောင်လုံးတုန်ယင်နေလေသည်။
“ဆက်ပြောစမ်းကွာ”
“နောက်ဆုံးတော့ အဲဒီဗလတောင့်တောင့်နဲ့လူက လင်းနို့ကြီးတစ်ကောင်ဖြစ်သွားပြီးတော့ ဆိုင်ရဲ့ခေါင်မိုးကြီးကို ဖောက်ထွက်သွားတာပါပဲ၊ တစ်ဆိုင်လုံးလည်း လူသေအလောင်းကောင်တွေနဲ့ ပြည့်နေပါတယ်၊ ကျုပ်လည်း လူရှင်းတော့မှ ပြေးထွက်လာခဲ့တာပါ”
ပျံချီက စဉ်းစားနေလိုက်သည်။
“အရပ်ရှည်ရှည်၊ ဗလတောင့်တောင့််နဲ့လူဆိုတော့ ငခမ်းများလား”
ပျံချီကတွေးလိုက်ကာ သူ့ခါးပုံစထဲရှိ ငွေပြားများအကုန်လုံးကို ပုံချပေးလိုက်သည်။
“ဒါနဲ့ အဲဒီလူနာမည်ဘယ်လိုခေါ်သလဲဆိုတာ မင်းသိသလား”
မောင်လုံးက ငွေပြားများကိုကောက်ယူနေရင်း စဉ်းစားနေလေသည်။
“သေချာတော့မသိဘူးဗျ၊ ဒါပေမယ့် ကျုပ်ရေတကောင်းသွားချတော့ သူတို့အချင်းချင်းစကားပြောနေကြတာဗျ၊ သူ့ကို ငခမ်းဆိုလားဘဲ ခေါ်ကြတယ်”
ပျံချီက အလွန်ကျေနပ်စွာပြုံးလိုက်ပြီး လက်ဖြောက်ထတီးလိုက်သည်။
“ဟား၊ ဟား၊ မင်းကိုငါမိပြီကွ”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။