အခန်း(၁)
ဦးထွန်းထွန်းဦးမှာ ကျူရှင်ဆရာတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ကျောင်းဆရာလုပ်ရန် ဝါသနာပါခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့။ ထို့နောက်အကိုဖြစ်သူနှင့်အတူ နိုင်ငံခြားသွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ နိုင်ငံခြားရောက်သော်လည်း ဦးထွန်းထွန်းဦးမှာ အားလပ်သည့်အချိန်များတွင် အင်္ဂလိပ်စာကို လေ့လာ၏။ နိုင်ငံခြားတွင် အင်္ဂလိပ်ဘာသာသင်တန်းများတက်သည်။ နိုင်ငံခြားတွင် ၁၀ နှစ်ကျော် အလုပ်လုပ်ပြီးသော အခါ ဦးထွန်းထွန်းဦးတစ်ယောက် အတော်အတန်စုမိဆောင်းမိဖြစ်၍ မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။
ထိုခေတ်က ကျူရှင်များ၊ ဘော်ဒါဆောင်များ ခေတ်ကောင်းသည်။ ဦးထွန်းထွန်းဦးကလဲ သင်ကြားရေးကို ဝါသနာပါလေသည်။ ထို့ကြောင့် ဘော်ဒါဆောင်နှင့် ကျူရှင်ကို တွဲဖွင့်လိုက်သည်။ နာမည်ရ ဆရာ၊ ဆရာမများကို လစာများများပေး၍ ငှားရမ်းသည်။ သူစုဆောင်းထားသော ငွေများအားလုံးကို ဘော်ဒါတွင် မြှုပ်နှံလိုက်လေသည်။ သူကိုယ်တိုင်လဲ အင်္ဂလိပ်စာဆရာအဖြစ်သင်ကြားလေသည်။ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပင် ဦးထွန်းထွန်းဦး၏ ဘော်ဒါဆောင်မှာ နာမည်ကြီးပြီး အောင်မြင်သွားလေသည်။ နယ်မြို့လေးဖြစ်သည်မို့ ထိုနယ်မှ ကျောင်းသားများသာမက အခြားမြို့ကြီးများမှ ကျောင်းသားများပါ လာရောက်အပ်နှံကြသည်။ ဘော်ဒါဆောင်အမည်မှာ ပညာ့အလင်းရောင် ဖြစ်သည်။
ဦးထွန်းထွန်းဦးမှာ ယခုဆို မြို့တွင်း ဆိတ်ငြိမ်ရပ်ကွက်တစ်ခုတွင် ကိုယ်ပိုင်နှစ်ထပ်အိမ်ကလေးနှင့် နေထိုင်လေသည်။ ဘော်ဒါကိုတော့ ကားဖြင့် လိုအပ်သလို သွားရောက်ကြည့်ရှုလေသည်။ ဦးထွန်းထွန်းဦးသည် ဘဝတွင် ရုန်းကန်ရင်း အသက် ၄၀ ကျော်လာခဲ့သည်။ သူ့ထံတွင် ပါရမီဖြည့်ဖက် အိမ်သူသက်ထားမှ လွဲ၍ ကျန်တာအားလုံးပြီးပြည့်စုံနေလေပြီ။ သို့သော် သူသည် လူပျိုကြီးဘဝဖြင့် အရိုးထုတ်တော့မည်ဟု အမြဲပြောလေ့ရှိသည်။ စာသင်ကျောင်းနှင့် ကျောင်းသားများအပေါ်တွင်သာ စိတ်နှစ်ပြီး တစ်သက်လုံး နေထိုင်သွားတော့မည်ဟု မိတ်ဆွေအပေါင်းအသင်းများအား ပြောလေ့ရှိသည်။
ဦးထွန်းထွန်းဦးသည် ဘော်ဒါနှင့် နာမည်ကြီးရုံသာမဟုတ်။ မြို့တွင်လဲ မြို့မိမြို့ဖ အဖြစ်နာမည်ကြီးသည်။ တစ်မြို့လုံးရှိ ဘုရားကျောင်းကန်မှ အစ ဆေးရုံ၊ ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအဆုံး ဦးထွန်းထွန်းဦး မပါသည့်အလှူမရှိပေ။ အလှူရေစက်လက်နှင့်မကွာသူဖြစ်၏။ ကျောင်းမထားနိုင်သူများကိုလဲ စာရင်းပြုစုကာ သူ့ကျောင်းတွင်တက်စေသည်။ ထို့ကြောင့် ထိုမြို့လေးတွင် ဦးထွန်းထွန်းဦးအား လူမသိသူမရှိ၊ သူတော်ကောင်းကြီးအဖြစ် သတ်မှတ်ကြသည်။
ဒုရဲအုပ်ကျော်နိုင်သည် ရာထူးတိုး၍ ထိုနယ်မြို့လေးသို့ ပြောင်းရွှေ့လာလေသည်။ ပြောင်းရွှေ့လာသည်မှာ ၆ လကျော်ပြီဖြစ်သော်ငြားလည်း ထိုမြို့ကလေးတွင် ဒုစရိုက်မှု ကြီးကြီးမားမား မတွေ့ရသေး၊ ရန်ဖြစ်မှု၊ ရိုက်မှုလောက်သာရှိသည်။ တစ်ရက်တွင် အမှုတစ်ခုအတွက် ဒုရဲအုပ်ကျော်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဦးထွန်းထွန်းဦးနှင့် တွေ့ဖို့အကြောင်းဖန်လာလေသည်။ ပန်းအိဖြူဟူသော မိန်းကလေးသည် ပျောက်ဆုံးနေသည်။ သူမသည် ဦးထွန်းထွန်းဦး ကျူရှင်တွင်တက်နေပြီး ပျောက်သွားသည့်နေ့က ဦးထွန်းထွန်းဦး အိမ်သို့လာသွားသည် ဆိုသောကြောင့်ဖြစ်သည်။
သူတို့အဖွဲ့ စခန်းမှ ဟိုင်းလတ်ကားလေးဖြင့်ထွက်လာခဲ့ကြသည်။ မကြာမီ မြို့စွန်နားရှိ အိမ်ကြီးအိမ်ကောင်းများဖြင့် ပြည့်နေသော ရပ်ကွက်တစ်ခုသို့ ရောက်လာကြသည်။ ထိုရပ်ကွက်တွင် အိမ်ခြေကျဲသည်။ ခြံကြီးများသည် ကျယ်ဝန်းပြီး ခြံစည်းရိုးအမြင့်ကြီးများ ကာရံထားသည်။ ဓါးသွားပါသော သံဆူးကြိုးကြီးများလဲ ခြံစည်းရိုးတွင် တပ်ဆင်ထားကြသည်။ ရဲတပ်ဖွဲ့ကားလေးမှ အပ လမ်းပေါ်တွင် လမ်းသွားလမ်းလာများတိတ်ဆိတ်နေသည်။ သွားနေရင်းလမ်းတွင် မိုးသည်းကြီးမဲကြီးရွာချလေသည်။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းရှိသဖြင့် မိုးက ဆက်တိုက်ရွာနေသည်မှာ သုံးရက်လောက်ရှိပြီဖြစ်သည်။
“ဒီမိုးနဲ့တော့ ကွာ” ရဲတပ်သား မြင့်အောင်က ညည်းတွားလိုက်သည်။
“မိုးပဲကွာ သူ့အလုပ်ကွာရွာဖို့ပဲ၊ သူလုပ်စရာရှိတာသူလုပ်တာလေ” ဒုရဲအုပ် ကျော်နိုင်က ပြန်ပြောလိုက်သည်။
“ဆရာကတော့ဗျာ ကားက မိုးမှ မလုံတာ၊ မိုးကလဲ ရွာနေတာ သုံးရက်လောက်ရှိပြီဆိုတော့ အိမ်ကယူနီဖောင်းတွေ မခြောက်ရင် နောက်နေ့စခန်းကို စွပ်ကျယ်နဲ့လာရမလားပဲ”
တပ်သား မြင့်အောင်ပြောလိုက်သော စကားကြောင့် ကားနောက်ခန်းတွင် ပါလာသူများရယ်မောလိုက်ကြသည်။ ဟုတ်တော့လဲ ဟုတ်သည်။ ကားမှာ ရုံးသုံးကားဖြစ်သောကြောင့် အမိုးများမှာ ပေါက်ပြဲနေလေသည်။ နေပူလျှင် အကြောင်းမဟုတ် မိုးရွာလျှင်တော့ ကားနောက်ခန်းမှ လူများအားလုံး မိုးစိုပြီး ကြွက်စုတ်လေးတွေ ဖြစ်နေကြသည်။
ရပ်ကွက်အတွင်း အိမ်ကြီးခြံကြီးများမှာ ပန်းပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးထားခြင်းကြောင့် အေးစိမ့်နေသည်။ မကြာမီ ဦးထွန်းထွန်းဦး အိမ်ရှေ့သို့ရောက်ကြသည်။ အနီရောင် အုတ်တံတိုင်းကြီးခတ်ထားပြီး ခြံအတွင်းကို အပြင်မှ မမြင်နိုင်ပေ။ အိမ်ရှေ့ရောက်သော် ကားဟွန်းတီးလိုက်သော အခါ ဦးထွန်းထွန်းဦးသည် ခြံတံခါးလာဖွင့်ပေးလေသည်။ ရဲတပ်ဖွဲ့ဝင်များလဲ ခြံအတွင်းသို့ ဝင်လိုက်ကြသည်။
နှစ်ထပ်တိုက်ကလေးမှာ တိုက်ပုကလေးဖြစ်သည်။ နှစ်ထပ်တိုက်ပုလေး၏ဘေးတွင် ကားဂိုဒေါင်တစ်ခုရှိသည်။ ခြံတံခါးမှ နှစ်ထပ်တိုက်ပုလေးဆီသို့ ပေ ၆၀ ခန့်ဝေးလေသည်။ ခြံထဲတွင် ပန်းပင်များ၊ ဆေးဖက်ဝင်အပင်များစိုက်ပျိုးထားသည်။ သို့သော် ထိန်းသိမ်းမှုအားနည်းလို့လားမပြောတတ်၊ အပင်များမှာ ခြံနွယ်ပိတ်ပေါင်းများဖြစ်နေကြသည်။ ခြံတံခါးမှ ကွန်ကရစ်လမ်းအတိုင်း အိမ်ထဲသို့ လမ်းလျှောက်လာကြသည်။ ခြံထဲ အချို့နေရာများတွင် ရေအိုင်လေးများဖြစ်နေကြသည်။
ဦးထွန်းထွန်းဦးမှာ အရပ် ၅ပေ၆လက်မခန့်ရှိသည်။ ကိုယ်လုံးမှာပိန်ပိန်ပါးပါး၊ အသားဖြူဖြူဖြစ်သည်။ မျက်လုံးများမှာ ကြည်လင်နေပြီး စူးရှသည့် အကြည့်များရှိသည်။ အသက် ၄၀ ခန့်ဆိုသော်လည်း၊ အမှတ်တမဲ့ကြည့်လျှင် အသက် ၃၀ ဝန်းကျင်လောက်သာ ထင်ရလေသည်။ စကားပြောရာတွင် အလွန်ယဉ်ကျေးပြီး အသံမှာလဲ ကြည်လင်လှပေသည်။
“စိတ်မရှိပါနဲ့ ဦးရယ်၊ ဒီကောင်မလေးက ဦးရဲ့အိမ်ကို လာသွားသေးတယ်ဆိုလို့ ကျွန်တော်တို့က တာဝန်အရလာရတာပါ”
ဒုရဲအုပ်ကျော်နိုင်ကပြောလိုက်သည်။ ဒုရဲအုပ် ကျော်နိုင်က လေးစားသမှုဖြင့် ဦးဟု တပ်ခေါ်လိုက်သော်လဲ သူတို့နှစ်ဦးအသက်မှာ ၈ နှစ်မျှသာ ကွာလိမ့်မည်။
“ရပါတယ်။ ညီလေးတို့ လုပ်စရာရှိတဲ့အတိုင်းလုပ်ပါ”
ဦးထွန်းထွန်းဦးက ပြောရင်း ဧည့်ခန်းအတွင်း ခေါ်ဆောင်သွားလေသည်။
ဦးထွန်းထွန်းဦးက အိမ်နောက်ဖေးတစ်ချက်ဝင်သွားလေသည်။ ဒုရဲအုပ်ကျော်နိုင်လဲ အိမ်ထဲကို ဝေ့ဝိုက်ကြည့်လိုက်သည်။ အိမ်ထဲတွင် အလွန်သန့်ရှင်းသပ်ရပ်နေလေသည်။ တီဗွီကြီးနှင့် စာအုပ်စင်များ၊ ပန်းပုရုပ်များဖြင့် အလှဆင်ထားသည်။ ဆိုဖာဆက်တီကြီးမှာလဲ ကတ္တီပါသားဖြစ်ပြီး ထိုင်ဖုံများနှင့် ကော်ဇောများမှာသားမွှေးအတုများဖြင့် ပြုလုပ်ထားကြသည်။ မကြာမီ ဦးထွန်းထွန်းဦးက ပြန်ထွက်လာလေသည်။
“ညီလေးတို့ သုံးဆောင်ကြပါဦး” ကော်ဖီပန်းကန်များကို လူစေ့ရေတွက်ပြီး ဦးထွန်းထွန်းဦးက လာချပေးသည်။
“ဦးက အိမ်မှာ တစ်ယောက်ထဲနေတာလား” ဒုရဲအုပ် ကျော်နိုင်ကမေးလိုက်လေသည်။
“ဟုတ်တယ် အိမ်မှာ အကိုက တစ်ယောက်ထဲနေတာ၊ အိမ်ဖော်တို့ ခြံစောင့်တွေလဲ မခေါ်တော့ဘူး။ တစ်ယောက်ထဲသမားဆိုတော့ ကျူရှင်မှာ အိပ်ရင်လဲအိပ်ဖြစ်တယ်။ ဒါကြောင့် အိမ်မှာတော့ အမြဲမရှိဘူး” ပြောရင်း မျက်မှန်ဘူးလေးကို ဖွင့်ကာ မျက်မှန်တပ်လိုက်လေသည်။
“ပန်းအိဖြူက ဦးအိမ်ကို ဘာလာလုပ်တာလဲ” ဒုရဲအုပ်ကျော်နိုင်က မေးလိုက်လေသည်။
ဦထွန်းထွန်းဦးက အေးစက်စက်ဖြင့်
“ကျူရှင်က အဖြေလွှာတို့၊ အရေးကြီးတဲ့ စာတို့ဆိုရင် တစ်ယောက်ယောက်ကို လာပို့ခိုင်းတယ်လေ၊ အဲဒီနေ့မတိုင်ခင်က အကိုက နေသိပ်မကောင်းလို့ ကျောင်းမသွားနိုင်ဘူး၊ ကျောင်းမှာလဲ အရေးကြီးတဲ့ စာမေးပွဲတစ်ခုလုပ်ထားလို့ အိဖြူက လာပို့တာ”
“အိဖြူလို့ ခေါ်လိုက်တယ်နော် ပန်းအိဖြူနဲ့ ဦးနဲ့ ရင်းနှီးသလား” ဒုရဲအုပ်ကျော်နိုင်က မေးလိုက်လေသည်။ ဦးထွန်းထွန်းဦးမှာ ခေါင်းကို အသာညိတ်ပြလိုက်လေသည်။
“ဒီကလေးမလေးက ကြိုးစားတယ်။ ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာရတယ်၊ ဒါပေမယ့် ကျတယ်၊ နောက်ဆုံးနေ့က မဖြေလိုက်လို့၊ အဲဒီနေ့က သူ့အမေက ရောဂါအသည်းအသန်ဖြစ်လို့ စာမေးပွဲမဖြေလိုက်ရဘူး။ ဒါကို သူ့သူငယ်ချင်းတစ်ယောက်က အကို့ကို ပြောပြတယ်။ အကိုကလဲ ကောင်မလေးကို တွေ့ကြည့်တယ်။ သူတို့မိသားစုအခြေအနေအရ ကောင်မလေးကို ဆယ်တန်းနောက်တစ်နှစ် ပြန်ဖြေခိုင်းဖို့ မထားနိုင်ဘူး။ ဒါနဲ့ အကိုလဲ ပညာဒါန အဖြစ် ကောင်မလေးကို အကို့ကျူရှင်မှာ ဖရီးထားထားတာ၊” ပြောပြီး ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်လေသည်။
“ဒီကိုလာတဲ့ နေ့ကလဲ သူအဖြေလွှာတွေလာပေးတာ၊ ပြီးတော့ ပြန်သွားတာပဲ။ အဖြေလွှာတွေကို အဲ့နေ့ကတည်းက စစ်နေတာ၊ ကျူရှင် မသွားဖြစ်သေးဘူး” ဦးထွန်းထွန်းဦးက ပြောသည်။
“သူဘယ်နေ့က လာသွားတာလဲ” ဒုရဲအုပ်ကျော်နိုင်ကမေးလိုက်သည်။
“မှတ်မှတ်ရရ မိုးတွေ စရွာတဲ့နေ့ကပေါ့”
ဒုရဲအုပ်နှင့် အဖွဲ့လဲ မေးမြန်းပြီးနောက် အိမ်ထဲမှ ပြန်ထွက်လာကြသည်။ ဦးထွန်းထွန်းဦးမှာ ခြံဝအထိလိုက်ပို့သည်။ အိမ်အပြင်အရောက်
“ဦးက ကားကို ဂိုဒေါင်ထဲ မထည့်ဘဲ၊ အပြင်မှာပဲရပ်ထားတာလား” ဂိုဒေါင်အရှေ့တွင် ရပ်ထားသော အဖြူရောင် ဆလွန်းကားလေးကို ကြည့်ပြီး ဒုရဲအုပ်ကျော်နိုင်ကမေးလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး၊ တစ်ခါတစ်လေလဲ အဲဒီလို ကားကို မသိမ်းတော့ဘဲ အပြင်မှာရပ်ထားလိုက်တယ်” ဦးထွန်းထွန်းဦးကပြောသည်။
ဒုရဲအုပ်လဲ ဘာမှ ထူးခြားသည့် တစ်စုံတစ်ရာ မတွေ့သည်မို့ ပြန်လာခဲ့လိုက်သည်။ ခြံအဝင်၀ သစ်ပင်လေးတစ်ပင်ကို မှီ၍ စက်ဘီးအနီလေးတစ်စီးရပ်ထားသည်ကို တွေ့ရလေသည်။
အခန်း(၂)
ဒုရဲအုပ်သည် လိုင်းခန်းသို့ ပြန်ရောက်သောအခါ ပင်ပန်းသည်ကလဲ တစ်ကြောင်း၊ မိုးမိထားသည်ကလဲ တစ်ကြောင်းကြောင့် အိပ်ယာထဲ ထိုးဝင်လိုက်သည်။ အပေါ်အဝတ်အစားများကို ချွတ်လိုက်ပြီး စွပ်ကျယ်နှင့် ဘောင်းဘီတိုကိုသာ ဝတ်ထားလိုက်သည်။ သူဒီနေ့တွင် အရင်နေ့ကနဲ့ မတူ စိတ်ထဲမသိုးမသန့်ဖြစ်နေလေသည်။ အိပ်ယာပေါ်လှဲချရင်း အကျီအိတ်ထဲက မှတ်စုစာအုပ်ကလေးကို ဖွင့်ကြည့်လိုက်ပြီး အမှုကွင်းဆက်များကိုစဉ်းစားလိုက်သည်။
(၁) ကောင်မလေးသည် ထိုနေ့က ကျူရှင်ဆရာအိမ်သွား
(၂) ကျူရှင်ဆရာ အိမ်ရှေ့အိမ်မှာ အိမ်ဖော်က ကောင်မလေး ထီးဆောင်းပြီး ပြန်ထွက်သွားတာကို မြင်လိုက်
(၃) ဦးထွန်းထွန်းဦး ဧည့်ခန်းထဲ ဆံပင်များတွေ့ရှိ(ဦးထွန်းထွန်းဦး မသိ)
(၄) ခြံထဲက စက်ဘီးလေး
အထက်ပါအတိုင်း ရေးချထားလိုက်ပြီး မျက်လုံးများ မှေးစင်းလာသဖြင့် အိပ်လိုက်တော့သည်။
အိပ်နေရင်း ကျောကုန်းဖက်မှ ချမ်းအေးလာသဖြင့် စောင်ကို ရှာလိုက်သည်။ ပြီးနောက် မျက်စိမဖွင့်ဘဲ စောင်ကို ခြုံလိုက်သည်။ အခန်းအတွင်း မီးလုံး မှိန်မှိန်လေးထွန်းထားသည်။ စောင်ခြုံပြီးသောအခါ စောင်ကို တစ်စုံတစ်ယောက်က ခြေရင်းဖက်မှ ဆွဲယူလိုက်သလို ခံစားလိုက်ရသည်။ ဒါနှင့် ဒေါသထွက်သွားပြီး ကုတင်ခြေရင်းကို ကြည့်လိုက်သည်။
“အမလေးဗျ” ဒုရဲအုပ်ကျော်နိင်လန့်ပြီးအော်သွားသည်။ မလန့်ဘဲနေမလား။ ကုတင်ခြေရင်းတွင် ဝတ်လစ်စားလစ်ဖြင့် မိန်းကလေးတစ်ယောက်က သူ့ကို ရပ်ကြည့်နေသည်။
“မင်း . . . မင်းဘယ်သူလဲ”
“ပန်းအိဖြူ”
“ဟာ . . .” ဒုရဲအုပ်ကျော်နိုင် မေ့လဲတော့မလိုဖြစ်သွားသည်။
“သမီးကို ဆရာကူညီပါ။ ဆရာနေ့လည်က လာတာကို သမီးတွေ့လိုက်တယ်”
“ငါ မင်းကို ဘယ် လို ကူညီရမှာလဲ”
“သမီးကို ဦးထွန်းထွန်းဦးက သတ်တယ်”
“ဘာ . . .”
ဒုရဲအုပ်ကျော်နိုင် အိပ်နေရာမှ ထထိုင်လိုက်သည်။ တစ်ကိုယ်လုံးချွေးစေးများပြန်နေသည်။ စောင်ကတော့ သူ့ခြေရင်းတွင် အပုံလိုက်ကလေးရှိနေသည်။ နာရီကို ကြည့်လိုက်တော့ မနက် ၃ နာရီ။ သူ အိပ်မက်ဆိုး မက်နေတာဖြစ်မည်။
ဒုရဲအုပ်ကျော်နိုင် မနက်ရောက်တော့ စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ ရဲစခန်းရောက်သော် စခန်းမှုးဆီ ဝင်လိုက်လေသည်။
“စခန်းမှုး ကျွန်တော် ရှာဖွေဝရမ်းလိုချင်တယ်” စခန်းမှုးက တစ်ချက်မော့ကြည့်လိုက်သည်။
“ဘယ်သူ့ အိမ်ကို ရှာမလို့လဲ”
“ဦးထွန်းထွန်းဦး အိမ်ကိုပါ” စခန်းမှုးက မျက်မှောင်ကြုတ်လိုက်သည်။
“မင်းတို့တစ်တွေ မနေ့က သွားပြီးပြီဆို”
“ဟုတ်ကဲ့ ဒါပေမယ့် အိမ်ကိုရှာလာတာမဟုတ်လို့ပါ” စခန်းမှုးက ခေါင်းကိုခါလိုက်သည်။
“ဒီအမှုက သာမန်လူပျောက်မှုပဲ၊ နောက်ပြီးတော့ ဦးထွန်းထွန်းဦးဆိုတာ မြို့မိမြို့ဖပဲ၊ ကြီးကြီးကျယ်ကျယ်တွေ မဖြစ်စေချင်ဘူး”
“ဒါဆို ရှာဖွေဝရမ်းမထုတ်ရင်တောင် စခန်းမှုးက ဦးထွန်းထွန်းဦးအိမ်ကို ရှာခွင့်ရအောင် သူ့ကို ခွင့်တောင်းကြည့်ရင်ကော”
စခန်းမှုးက တစ်ချက်စဉ်းစားလိုက်သည်။ အတန်ကြာမှ ခေါင်းကို ဖြေးညှင်းစွာ ညိတ်လိုက်လေသည်။
“ငါသူု့ကို ပြောကြည့်လိုက်မယ်”
အချိန် ၂ ရက်ခန့်ပင်ကြာသွားသည်။ ဒုရဲအုပ်ကျော်နိုင် စခန်းမှုးကို မေးလိုက်တော့ စခန်းမှုးက ခေါင်းခါပြသည်။
“ဒါဆို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ စုံစမ်းရတော့မှာပေါ့” ဒုရဲအုပ်ကျော်နိုင်က ပြောလိုက်သည်။
“မဟုတ်တာတွေမလုပ်နဲ့၊ ရှာဖွေဝရမ်းမပါရင် တရားမဝင်ဘူး၊ တို့ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျအောင်မလုပ်ပါနဲ့”
“စိတ်ချပါ စခန်းမှုးရယ် ဒီအမှုက ဒီ့ထက်ကြီးတယ်ဆိုတာကို ကျွန်တော်သက်သေပြမယ်”
ထိုနေ့ညက ဒုရဲအုပ်ကျော်နိုင် အိပ်မပျော်ပါ။ ဟိုတွေး သည်တွေး စဉ်းစားနေသည်။ ညည့်နက်သောအခါ ခေါင်းကတစ်ချက် မိုက်ကနဲဖြစ်သွားပြီး အိပ်ပျော်သွားလေသည်။
“ဆရာ . . ဆရာ”
ခေါ်သံသဲ့သဲ့ကြားသဖြင့် သူမျက်လုံးဖွင့်ကြည့်လိုက်သည်။
အခန်းထောင့်တွင် ဝတ်လစ်စလစ်နှင့် မိန်းကလေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်။ သူတုန်ယင်လာသည်။ သို့သော် ဟန်မပျက်ထိမ်းထားလိုက်သည်။
“ဒါ ဒါ ဆို ငါအိပ်မက်ဆို းမက်နေတာ မ . . မဟုတ်ဘူးပေါ့” ကောင်မလေးက ခေါင်းညိတ်ပြသည်။
“မင်း . . မင်း ကိုငါ ကူ . . ကူညီဖို့ ကြိုးစားပါတယ် ဒါပေမယ့်”
ကောင်မလေးမှာ မျက်ရည်များတသွင်သွင်ကျလာသည်ကို မြင်ရသည်။ ထို့နောက်
“ဆရာ သမီးကိုကူညီပါ။ ဆရာသမီးကို ကယ်ပါ” ဟုပြောဆိုရင်း ပျောက်ကွယ်သွားလေသည်။
မိုးကတိတ်သွားပြီဖြစ်သည်။ ဒုရဲအုပ်လဲ ဦးထွန်းထွန်းဦးအိမ်ကလေးကို မလှမ်းမကမ်းမှ လှမ်း၍ ကြည့်နေသည်။ ထိုစဉ် ဦးထွန်းထွန်းဦးခြံထဲမှ ဆလွန်းကားလေးတစ်စီး ထွက်သွားသည်ကို မြင်လိုက်ရသည်။ ဦးထွန်းထွန်းဦး ကျူရှင်သွားပြီဖြစ်သည်။ ရဲတပ်သား မြင့်အောင်ကို ပြောလိုက်သည်။
“နောက် တစ်နာရီလောက်ကျရင် ငါ့ကို ဆိုင်ကယ်နဲ့ ဒီမှာလာကြိုလှည့်”
ပြောဆိုပြီးနောက် ဒုရဲအုပ်သည် ဦးထွန်းထွန်းဦးခြံအုတ်နံရံ ကြီးကို ကုတ်ဖက်တက်လိုက်သည်။ အုတ်နံရံမှာ လူနှစ်ရပ်ခန့်မြင့်လေသည်။ အပေါ်တွင် သံချွန်များရှီသော်လည်း ထိုသံချွန်များကို ဒုရဲအုပ်ကျော်နိုင်က အသာလေး ခုန်ကျော်သွားလိုက်သည်။ ခြံထဲတွင် စက်ဘီးလေးမရှိတော့ပေ။
အိမ်ထဲကို အမြန်ဝင်လိုက်သည်။ အိမ်တံခါးမမှာ သော့ခတ်ထားသည်။ သို့သော် အိမ်အပေါ်ထက် ဝရန်တာရှိတံခါးလေးကို ဖွင့်ထားသည်ကို တွေ့ရသည်မို့ ဝရန်တာ ကို ကုတ်တက်လိုက်သည်။ အိမ်ပုလေးဖြစ်သောကြောင့် သိပ်ပြီး ခက်ခက်ခဲခဲမတက်ရပါ။ ကြောင်တစ်ကောင်လို လျှင်မြန်သည့် ဒုရဲအုပ်ကျော်နိုင်၏ အရည်အချင်းကြောင့်လဲ လွယ်ကူရခြင်းဖြစ်သည်။ ထိုဝရန်တာ တံခါးလေးမှ တဆင့် အိမ်အောက်ထပ်သို့ ဆင်းကြည့်လိုက်သည်။ ထို့နောက် ကားဂိုဒေါင်ကို ဝင်ကြည့်လိုက်သည်။ ကားဂိုဒေါင်အတွင်းကားမရှိပါ။ ကားဂိုဒေါင်ကြမ်းပြင်များကို ကော်ဇောကြီးခင်းထားသည်။ ထို့နောက် မီးဖိုချောင်ဖက် ဝင်ခဲ့သည်။ ထိုစဉ် နောက်မှနေ၍
“ခင်ဗျား ဘာလာလုပ်တာလဲ”
အခန်း (၃)
ဦးထွန်းထွန်းဦးနှင့် ပက်ပင်းတိုးလေသည်။
“ခင်ဗျားက မကြိုဆိုပဲရောက်လာတယ်ဆိုပေမယ့် ကျုပ်ကတော့ ကြိုဆိုပါတယ် လာခဲ့”
ဟုပြောပြီး သူ့အား ဧည့်ခန်းအတွင်းသို့ခေါ်သွားလေသည်။ ဒုရဲအုပ်ကျော်နိုင်လဲ အသာလေးအနောက်က လိုက်ခဲ့ရလေသည်။
“ကော်ဖီသောက်ပါဦးဗျာ ပြီးတော့ လာရင်းကိစ္စပြောပေါ့”
ဒုရဲအုပ်လဲ ကော်ဖီကို နှစ်ငုံခန့်သောက်လိုက်သည်။
“ခင်ဗျားကို လူသတ်မှုမှာ သံသယရှိလို့ ကျုပ်အိမ်မှာ သက်သေလာရှာတာပဲ”
“ဟား . . .ဟား”
ဦးထွန်းထွန်းဦးက ဟာသတစ်ပုဒ်လို ပယ်ပယ်နယ်နယ်ရယ်လိုက်လေသည်။
“ကဲ ပြောပါဦး ကိုကိုရဲကြီးရယ် ဘယ်မှာလဲသက်သေ . . ခင်ဗျားပြပြီးရင် ခင်ဗျားကို ကျွန်တော် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမလို့ ဆိုတာလေး ပြပါရစေဦး” ဦးထွန်းထွန်းဦးက ခနဲ့လိုက်သည်။
“ကျုပ် ပန်းအိဖြူနဲ့ တွေ့ပြီးပြီ” ဒုရဲအုပ် ကျော်နိုင်က ပြောလိုက်သည်။ ဦးထွန်းထွန်းဦး မျက်နှာပျက်သွားသည်။ မျက်နှာတွင်လဲ တုန်လှုပ်လာသော ပုံပေါ်လာသည်။ သို့သော် ဟန်မပျက်စေရန် ပြန်ထိမ်းလိုက်သည်။
ထိုစဉ် ဒုရဲအုပ်ကျော်နိင်၏ ခေါင်းတွေ မူးဝေလာလေသည်။
“ခင်ဗျား . . ကော်ဖီထဲ ဘာထည့်ထားတာလဲ””
“”အိပ်ဆေးလေးတွေပါဗျာ””
ထို့နောက် ဒုရဲအုပ် ကျော်နိုင်ဆက်တီပေါ်သို့ လဲကျသွားသည်။ မျက်လုံးထဲတွင် အရာအားလုံးက မှောင်အတိကျနေသည်။
“ဝုန်း”
အေးစက်သော အထိအတွေ့ကြောင့် ဒုရဲအုပ်ကျော်နိုင် နိုးလာခဲ့သည်။ ဦးထွန်းထွန်းဦးက သူ့ကို ရေနှင့်ပက်ပြီး နှိုးလိုက်ခြင်းဖြစ်သည်။ သူ့ကို ခုံတစ်လုံးနှင့် ပူူးပြီး လက်ရော ခြေထောက်ပါ ချည်နှောင်ထားလေသည်။
“ကဲ ရဲသားကြီးရေ ထတော့ အိပ်ရေးဝပြီလား” ဦးထွန်းထွန်းဦးက သူ့ကိုပြောဆိုလိုက်သည်။
သူအိပ်ပျော်သွားသည်မှာ မည်မျှပင်ကြာသည်မသိ။ သူ့ကို ကားဂိုဒေါင်ထဲတွင် ချုပ်နှောင်ထားသည်။ သူ့ခေါင်းတွေ မူးနောက်နေသည်။
“ကဲ ပြောပါဦး ခင်ဗျားကျုပ်ကို ဘယ်လိုလုပ် လူသတ်သမားမှန်းရိပ်မိခဲ့တာလဲ” ဦးထွန်းထွန်းဦးက မေးလိုက်သည်။
“ဟား ဟား သိပ်လွယ်တာပေါ့ဗျာ” ဒုရဲအုပ်ကျော်နိုင်သည် တံထွေးကို မြိုချလိုက်သည်။
“ပထမတစ်ချက်က ပန်းအိဖြူ ဘယ်လိုလာသလဲဆိုတာဗျ၊ ဒီလိုမြို့စွန် ဆိတ်ငြိမ်ရပ်ကွက်ကို ဘယ်လိုလာမလဲ၊ သေချာတာကတော့ လမ်းလျှောက်ပြီးလာမှာမဟုတ်ဘူးဗျ၊ အဲဒီတော့ အနီးစပ်ဆုံး စဉ်းစားလိုက်ရင် စက်ဘီးပေါ့၊ ခင်ဗျားခြံထဲမှာ စက်ဘီးလေးတွေ့တာက ဒီအမှုရဲ့အစကို တွေ့ခဲ့တာပဲ။ အဲ ခင်ဗျားအိမ်ရှေ့က အိမ်က အိမ်ဖော်က ပန်းအိဖြူက ထီးဆောင်းပြီး အိမ်ထဲကပြန်ထွက်သွားတာ တွေ့လိုက်တယ်ဆိုတော့ ကောင်မလေးက သူ့စက်ဘီးကို မေ့ပြီး အိမ်ပြန်သွားတာ မဖြစ်နိင်ဘူး၊ နောက်ပြီး ဒီလိုဆိတ်ငြိမ်ရပ်ကွက်ထဲကနေ လမ်းလျှောက်ပြီး ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒီတော့ အဲဒီ အိမ်ဖော် အမျိုးသမီး မြင်လိုက်တာ ခင်ဗျားပဲ။ ခင်ဗျားက အိမ်ဖော်အမျိုးသမီးမြင်အောင်လို့ ပန်းအိဖြူရဲ့ အဝတ်အစားတွေ ဝတ်ပြီးတော့ အိမ်ထဲကနေ တမင်ထွက်ပြတာ၊ တစ်နေရာရောက်မှ အဝတ်တွေ လဲပြီးပြန်လာတာ ဟုတ်တယ်မဟုတ်လား”
ဦးထွန်းထွန်းဦးက ပြုံးလိုက်သည်။
“ဒါနဲ့ ဟုတ်ပါပြီ ကျုပ်သတ်လိုက်မှန်း ဘယ်လိုသိတုန်း”
“ခင်ဗျား ဧည့်ခန်းဟာ သန့်ရှင်းနေပေမယ့် ဧည့်ခန်း ဆက်တီခုံက သားမွှေးအခင်းတွေနဲ့ ကြမ်းခင်းတွေမှာ ဆံပင်ရှည်တွေ ကပ်နေတယ်။ ခင်ဗျားဟာ အနီးမှုန်နေတယ် မျက်မှန်တပ်ရတယ် ဒါကြောင့်ခင်ဗျားမမြင်တာ၊ မိန်းကလေးတစ်ယောက်က ဆံပင်ကျွတ်တတ်တယ်။ ဒါပေမယ့် ဧည့်ခန်းမှာတွေ့ခဲ့တဲ့ ဆံပင်ကျွတ်တာမျိုးက ကြမ်းပြင်တွေနဲ့ ဆက်တီထိုင်ခုံတွေမှာ ဆံပင်တွေရှိနေတယ်။ ဒါသာမန် ကျွတ်တာ မဖြစ်နိုင်ဘူး၊ တစ်ခုခုရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာဖြစ်မယ်”
ဒုရဲအုပ်ကျော်နိုင်က ဆက်လက်၍
“နောက်ထပ် တစ်ချက်က အခုကျနော် ထိုင်နေတဲ့ကားဂိုဒေါင်ပဲ။ ကားဂိုဒေါင် ကြမ်းပြင်ကို ကော်ဇောတွေခင်းထားတာ ဘယ်သူမှ မလုပ်ဘူး။ အဲဒီတော့ ခင်ဗျားကောင်မလေးကို သတ်လိုက်ပြီး၊ အဝတ်တွေ ချွတ်လိုက်တယ်။ ကားဂိုဒေါင် ကြမ်းပြင်မှာ တူးပြီး ဘိလပ်မြေနဲ့ ပြန်မြှုပ်ပြီး ဖုံးထားတယ်။ ခင်ဗျားဟာ ပန်းရံဆရာတစ်ယောက်မဟုတ်ဘူး ဒါကြောင့်မို့ လက်ရာမသေသပ်ဘူး။ အဲဒါကြောင့် ကော်ဇောနဲ့ အုပ်ထားတယ်။ မိုးကလဲ ဆက်တိုက်ရွာနေတော့ ကြမ်းခင်းက မခြောက်ဘူး။ ဒါကြောင့် မို့ ခင်ဗျားရဲ့ကားကို ဂိုဒေါင်ထဲမှာ မရပ်ဘဲ မိုးရေထဲမှာ ရပ်ထားတာမဟုတ်လား။ အခုတောင် ထိုင်နေရင်းနဲ့ ဘိလပ်မြေ အစိုနံ့ရနေတယ် မဟုတ်လား”
ဦးထွန်းထွန်းဦးက လက်ခုပ်ကို အေးအေးဆေးဆေးတီးလိုက်သည်။ ဒုရဲအုပ်ကျော်နိုင်က ဆက်ပြီးပြောသည ်။
“ပိုပြီး သေချာသွားတာက သေသွားတဲ့ ပန်းအိဖြူက ကျွန်တော့်ဆီရောက်လာပြီး သူ့ကိုခင်ဗျားသတ်ပါတယ်လို့ ပြောခဲ့လို့ပဲ။ သရဲပြောတဲ့ စကားတွေကို တရားရုံးမှာ သက်သေထွက်လို့မရပေမဲ့ ခင်ဗျားလုပ်ခဲ့တဲ့ ပစ္စည်းသက်သေတွေကတော့ အရမ်းခိုင်မာတဲ့ သက်သေတွေပဲ။ ကဲ ဦးထွန်းထွန်းဦး ခင်ဗျား အဖမ်းခံလိုက်ပါ”
“ဟား . .ဟား အရမ်းတော်ပါပေတယ် ရဲကြီးခင်ဗျား၊ ဒါပေမယ့် ခင်ဗျားသေရတော့မယ်။ ခင်ဗျားပါ မကြာခင် ဒီကြမ်းခင်းကြီးရဲ့ အောက်မှာ အမြှုပ်ခံရတော့မယ်။ ဟိုမှာတွေ့လား ကျုပ် မဆလာ(ဘိလပ်မြေ) တောင်ဖျော်ဖို့ လုပ်ထားပြီ””
ပြောရင်း ဂေါ်ပြားကြီးကို ကိုင်ပြီး သူ့ဆီ တစ်လှမ်းချင်း လျှောက်လာလေသည်။ ထိုစဉ် ကားဂိုဒေါင်အတွင်းမှ မီးလုံးများသည် မှိတ်လိုက် လင်းလိုက်ဖြစ်သွားသည်။ ကားဂိုဒေါင်ရှိ ပစ္စည်းအချို့သင် စင်ပေါ်မှ အောက်သို့ ပြုတ်ကျကုန်သည်။
“ဝုန်း . .. ဂလွမ်း”
ဦးထွန်းထွန်းဦးက လမ်းလျှေက်နေရာမှ ရပ်လိုက်ကာ ပြုတ်ကျသည့် ပစ္စည်းများကို ကြည့်လိုက်သည်။ နှုတ်မှလဲ
“ဟာ ဒီကောင်မ သေပြီးတာတောင် ငါ့ကို ဒုက္ခလိုက်ပေးနေတုန်း” ဟု ပြောဆိုကြိမ်းမောင်းလိုက်သည်။
ထိုစဉ် ပန်းအိဖြူမှ ကားဂိုဒေါင်ထောင့် အမှောင်ထဲမှ ထွက်လာသည်။ ဦးထွန်းထွန်းဦးကော ဒုရဲအုပ်ကျော်နိုင်ပါ လန့်သွားသည်။ ဦးထွန်းထွန်းဦးမှာ နောက်ဆုတ်နောက်ဆုတ်ဖြင့်သွားကာ တစ်နေရာအရောက်တွင် ကြမ်းပြင်မှ လက်မဲကြီးနှစ်ဖက်ထွက်လာပြီး ဦးထွန်းထွန်းဦး၏ ခြေထောက်များကို ဆွဲထားလိုက်သည်။
“အား . . ငါ့ကို မသတ်ပါနဲ့”
ဦးထွန်းထွန်းဦးက တုန်လှုပ်သောအသံဖြင့် ပြောဆိုလိုက်သည်။ ထိုစဉ် လက်မဲကြီးများမှာ အတင်းဆွဲသဖြင့် ဦးထွန်းထွန်းဦး ခြေထောက်နှစ်ဖက်လုံး သံမံတလင်းထဲ နစ်ဝင်သွားလေသည်။ ခြေထောက် ခြေသလုံးအထိ တဖြည်းဖြည်း သံမံတလင်းထဲ နစ်ဝင်နေလေသည်။
“ပန်းအိဖြူ သမီး မလုပ်နဲ့ဦး၊ သူ့ကို တရားရုံးတင်ပြီး သူ့မိုက်ပြစ်တွေကို ဖော်ထုတ်ရဦးမယ်” ဒုရဲအုပ်ကျော်စွာက အော်ပြောလိုက်သည်။
ဦးထွန်းထွန်းဦးခြေထောက်များ တဖြည်းဖြည်းနစ်ဝင်နေရာမှ ရပ်တန့်သွားသည်။ ထို့နောက် ပန်းအိဖြူသည် ထိုင်နေရာမှ တဟီးဟီးဖြင့် ငိုယိုလေသည်။ သူမ ငိုသံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တိတ်ဆိတ်နေသာ ပတ်ဝန်းကျင်တွင် အတိုင်းသားကြားရလေသည်။
ထိုစဉ် ကားဂိုဒေါင်တံခါးများနှင့် အိမ်တံခါးများပွင့်သွားသည်။ ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်းသို့ ပြေးလွှားဝင်ရောက်လာကြသည်။ ရဲတပ်သားမြင့်အောင်သည် တပ်ဖွဲ့ဝင်များနှင့်အတူ ပြေးဝင်လာလေသည်။
“ဆရာအိမ်ထဲက ပြန်ထွက်မလာတာ တော်တော်ကြာတာနဲ့ တစ်ခုခုဖြစ်နေပြီမှန်းကျွန်တော်သိလို့ တပ်ဖွဲ့ဝင်တစ်ချို့ကို အကြောင်းကြားပြီး ခြံအပြင်ကနေစောင့်ကြည့်နေတာ၊ ခုငိုသံကြားတော့မှ ကျွန်တော်တို့ အမြန်ပြေးဝင်လာတာ”
ရဲတပ်သားများမှ ဒုရဲအုပ်ကျော်နိုင်အား ကြိုးဖြေပေးလိုက်သည်။ ဦးထွန်းထွန်းဦး ခြေထောက်များနစ်မြုပ်နေသည်ကို အထူးအဆန်းဖြင့် ဝိုင်းကြည့်နေကြသည်။ ခုနက ငိုနေသည့် ပန်းအိဖြူလဲ ပျောက်ခြင်းမလှ ပျောက်သွားလေသည်။
“ကဲ ရဲတပ်သားမြင့်အောင် ဦးကျော်နိုင်ကို ပန်းအိဖြူကို လူသတ်တဲ့အမှုနဲ့ ဖမ်းလိုက်ပါ”
“ကဲ ဦးထွန်းထွန်းဦး ကျွန်တော်က ခင်ဗျား ပန်းအိဖြူကို ဘယ်လိုသတ်တယ်ဆိုတာ ပြောပြပြီးပြီ ခင်ဗျားအခု ပန်းအိဖြူကို ဘာကြောင့်သတ်တယ်ဆိုတော ပြောပြပါတော့”
ဦးထွန်းထွန်းဦး ခေါင်းငိုက်စိုက်ကြသွားသည်။ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
အခန်း (၄)
ပန်းအိဖြူသည် စာတော်သည့် ကျောင်းသူတစ်ယောက်ဖြစ်သည်။ သို့သော် ဆယ်တန်းစာမေးပွဲကျသည်။ အကြောင်းမှာ သူမမိခင်ကြီးသည် ဇိဝဗေဒ ဖြေမည့်နေ့တွင် အစာအိမ်သွေးကြောပေါက်သောကြောင့်ဖြစ်သည်။ သူမ မိခင်ကြီးသည် အစာအိမ်ရောဂါအခံရှိသည်။ သူမဖခင်သည် ငယ်စဉ်ကတည်းကပင် ဆုံးပါးသွားသဖြင့် သူမမိခင်ကြီးသည် မြို့မဈေးတွင် ဈေးရောင်းချပြီး စိးပွားရှာဖွေသည်ဖြစ်ရာ သူမတို့ သည် ဆင်းရဲကျပ်တည်းစွာနေထိုင်ကြရသည်။ နောက်ပိုင်း အမှတ်တွေ ထုတ်ကြည့်ရာမှ သင်္ချာ၊ ဓါတု၊ ရူပဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးဝင်လေသည်။
သူမ ကျောင်းဆက်မနေတော့ပဲ အလုပ်လုပ်ရန် စီစဉ်ထားသော်လည်း တစ်နေ့တွင် ဦးထွန်းထွန်းဦးက သူမတို့အိမ်ရောက်လာသည်။ သူကျောင်းဆက်ထားပေးမည့်အကြောင့် ကျူရှင်ကိုလဲ သူ့ထံတွင် အခမဲ့ တက်နိုင်ကြောင်း သူမမိခင်ကြီးကို လာရောက်ပြောဆိုလေသည်။ ပန်းအိဖြူပျော်သွားသည်။ ဦးထွန်းထွန်းဦးသည် အလွန်သဘောကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း မှတ်ယူလိုက်လေသည်။
ဦးထွန်းထွန်းဦးကလဲ သူမအပေါ် ကြင်နာစောင့်ရှောက်သည်။ သူမအပေါ် ဂရုတစိုက်သင်ကြားပေးသည်။ ကျူရှင်တွင် လပတ်စာမေးပွဲဖြေဆို၍ သူမ အဆင့်ကောင်းများရသည့်အခါတွင် မုန့်ဖိုးများပေးတတ်သည်။ အဝတ်အစားများလဲ အခါအားလျော်စွာ ဆင်တတ်သေးသည်။ ၅လခန့် ကြာသေအခါ သူမတို့ ဆက်ဆံရေးမှာ တဖြည်းဖြည်းအားကောင်းလာသည်။
မထင်မှတ်ပဲ သူမမိခင်ကြီး အစာအိမ်ဖောက်သဖြင့် ဆေးရုံတက်ရပြန်သည်။ သူမတို့တွင် ရှိစုမဲ့စုများကုန်သည်သာမက ငွေကြေးများပင်လိုအပ်နေသည်။ အရေးပေါ်ခွဲစိတ်ရန် ငွေကြေးမလုံမလောက်ဖြစ်နေသည်။ ပန်းအိဖြူသည် ဦးထွန်းထွန်းဦးအားရင်ဖွင့် မိသည်။ ထိုအခါ ဦးထွန်းထွန်းဦးသည် ငွေကြေးကူညီပေးခဲ့သည်။ သို့သော် သူမအား တောင်းဆိုချက်တစ်ခုတောင်းခဲ့သည်။ ထိုတောင်းဆိုချက်မှာ အခြားမဟုတ် သူမ၏ နှလုံးသားကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ပန်းအိဖြူလဲ မိခင်ကြီးကို ကယ်တင်မည့်အရေးမို့ လက်ခံခေါင်းညိတ်ခဲ့လေသည်။
ဦးထွန်းထွန်းဦးသည် အလွန်မြာပွေသည်။ ထိုအကြောင်းကို လူတွေ မသိအောင်လဲ သူက ဖုံးဖုံးဖိဖိနေသည်။ လူတွေက သူ့ကို ဖြောင့်မတ်တည်ကြည်သော သူတော်ကောင်းကြီးသဖွယ် ပြောဆိုနေကြသော်လဲ သူ့ဝါသနာမှာ တဏှာကိစ္စဖြစ်သည်။ သူသည် နိုင်ငံရပ်ခြားတွင်လဲ မိန်းကလေးများစွာနှင့် ဇတ်လမ်းရှုပ်ခဲ့သည်။ ယခုမြို့လေးတွင်လဲ ဇတ်လမ်းရှုပ်ထားတာတွေရှိသည်။ သို့သော် ငွေပေး၍ ဖြစ်စေ၊ အကြောင်းတစ်ခုခုဖြင့်ဖြစ်စေ နှုတ်ပိတ်ထားနိုင်သဖြင့် သတင်းများမထွက်ဘဲရှိလေသည်။ သူသည် အိမ်ထောင်အတည်ပြုဖို့ စိတ်မဝင်စား၊ အသစ်အသစ်များကို တောင့်တနေသောကြောင့်ဖြစ်သည်။
ယခုလဲ ပန်းအိဖြူဆိုသည့် မိန်းကလေး၏ နှလုံးသားကို ရရှိတော့မည်မဟုတ်ပါလား။ ပန်းအိဖြူက လဲ နာမည်အတိုင်း အသားက ဖွေးဆွတ်နေသည်။ ပါးမို့မို့ကလေးများကလဲ အိနေသည်။ ဆံပင်ကျောထောက်လေးနှင့် နက်မှောင်လျက်ရှိသည်။ ကိုယ်လုံးကိုယ်ပေါက်မှာလဲ ဖူးပွင့်သည့်အရွယ်မို့ အလွန်တင့်တယ်နေသည်။ ပန်းအိဖြူကလဲ မိမိအား ဆရာတစ်ယောက်လို ဦးလေးတစ်ယောက်လို ချစ်ခင်ကြင်နာသူဖြစ်နေသည်က တစ်ကြောင်း၊ မိခင်ကြီး အပေါ်ကယ်တင်လိုသည်က တစ်ကြောင်းမို့ ခေါင်းညိတ်လိုက်သည်။
ဦးထွန်းထွန်းဦးက ပန်းအိဖြူကို ကတိပေးသည်။ ပန်းအိဖြူ ဆယ်တန်းအောင်ပြီးနောက်ပိုင်းမှ လက်ထပ်ယူမည်ဟုဆိုသည်။ ပန်းအိဖြူလဲ လက်ခံလိုက်သည်။ လောလောဆယ် မိခင်ကြီး ကျန်းမာရေးကလဲ ရှိသေးသည်။ သို့သော် ဦးထွန်းထွန်းဦးမှာ ပန်းအိဖြူနှင့် မကြာခဏဆိုသလို ခိုးယူပေါင်းသင်းလျက်ရှိသည်။
ပန်းအိဖြူ နောက်ပိုင်းမှ မှားမှန်းသိလေသည်။ ဦးထွန်းထွန်းဦးသည် မိန်းကလေးများ၏ အသွေးအသားကို အလွန်ဆာလောင်နေသော ကျားရဲတစ်ကောင်ဖြစ်မှန်း အသိနောက်ကျလေသည်။ ပန်းအိဖြူအပေါ် ကြမ်းတမ်းစွာဆက်ဆံသည်။ ပန်းအိဖြူအား တစ်ခါတစ်ရံ နှိပ်စက်တတ်သည်။ ပန်းအိဖြူ ထိုနောက်ပိုင်းတွင် မပျော်တော့၊ စာစိတ်မဝင်စားသဖြင့် အဆင့်တွေကျကုန်သည်။ သို့သော်လဲ ဦးထွန်းထွန်းဦးအလိုကျ ပေးဆပ်နေရသေးသည်။
ထိုနေ့က မိုးတွေရွာနေသည်။ ဦးထွန်းထွန်းဦးက ထုံးစံအတိုင်းအခေါ်ခိုင်းသဖြင့် စက်ဘီးလေးကို စီးကာထွက်ခဲ့သည်။ စိတ်ဓါတ်တွေကျနေသလို ဝမ်းနည်းသလိုခံစားနေရသည်။ ဦးထွန်းထွန်းဦးသည် သူမအား ကြင်နာသူတစ်ယောက် ချစ်သူတစ်ယောက်လို ဆက်ဆံသည်မဟုတ်ဘဲ မယားငယ်တစ်ယောက်လို ဆက်ဆံနေသည်ကို သူမမုန်းတီးသည်။
မကြာမီ ဦးထွန်းထွန်းဦး အိမ်ရှေ့သို့ရောက်သည်။ ပန်းအိဖြူတွင် ခြံသော့ရှိသဖြင့် ခြံသော့ကို လက်ဖြင့်နှိုက်၍ ဖွင့်လိုက်သည်။ ထို့နောက် ခြံအတွင်း စက်ဘီးလေးတွန်းဝင်လာပြီး ခြံထဲရှိ သစ်ပင်တစ်ပင်တွင် စက်ဘီးလေးကို ထောင်ထားခဲ့ပြိး အိမ်ထဲဝင်လိုက်သည်။ အိမ်ထဲရောက်သည်နှင့် ဦးထွန်းထွန်းဦးသည် ခရီးရောက်မဆိုက်ပင် ဧည့်ခန်းဆက်တီတွင် သူမအား ဗလကာယ လုပ်လေသည်။ မချစ်သော်လဲ အောင့်ကာနမ်းရသည်မို့ ပန်းအိဖြူသည် အံကိုကြိတ်ရင်း သူပြုသမျှ နုနေရပေသည်။
“ဆရာ သမီး ဒိလိုမလုပ်ချင်တော့ဘူး”
“ဒီလိုမလုပ်တော့ သမီးက ဘယ်လိုလုပ်ချင်လို့လဲ” ဦးထွန်းထွန်းဦးက ပြောလိုက်လေသည်။
“သမီး ရှေ့မျက်နှာ နောက်ထားပြီး အမေ့ကို ဖွင့်ပြောလိုက်တော့မယ်”
“ဘာကွ”
ဦးထွန်းထွန်းဦး မျက်နှာကြီးနီရဲသွားသည်။
“မင်းကိုငါ ပြောထားပြီးသားမဟုတ်လား မင်းဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့မှ ငါတို့ မင်္ဂလာကိစ္စလုပ်ကြမယ်ဆိုတာ” ပန်းအိဖြူက ခေါင်းကို လေးလေးပင်ပင် ညိတ်လိုက်လေသည်။
“အခုလိုကြီးတော့ မနေချင်ဘူးဆရာ၊ ဆရာတကယ်ချစ်ရင် သတ္တိရှိရမယ် မဟုတ်လား ပြီးတော့”
“ပြီးတော့ ဘာဖြစ်လဲ”
“အိဖြူမှာ ကိုယ်ဝန်ရှိနေပြီထင်တယ်”
“ဘာ . . .”
ဦးထွန်းထွန်းဦး ဆိုဖာအပေါ် ထိုင်ကျသွားသည်။
“မင်း . . . မင်း ငါပေးတဲ့ဆေးတွေ မသောက်ဘူးလား”
ပန်းအိဖြူက ဘာမှမပြောတော့ဘဲ သူမအကျီကို ပြင်ဝတ်နေသည်။
“မဖြစ်ဘူး ဒီကိုယ်ဝန်ကို ရှင်းမှဖြစ်မယ်”
ဦးထွန်းထွန်းဦး ခေါင်းတွေပူထူနေသည်။
“ဆရာနဲ့ရတဲ့ ရင်သွေးလေးပဲဆရာ၊ ဆရာလူစိတ်မရှိဘူးလား” ပန်းအိဖြူက မျက်ထောင့်နီကြီးဖြင့် ကြည့်ပြီးပြောသည်။
ဦးထွန်းထွန်းဦးမှာ နှုတ်ဆိတ်နေလေသည်။
“အိဖြူ အိမ်ရောက်ရင် အမေ့ကိုပြောမယ်၊ ဆရာတာဝန်မယူရင်လဲနေပါ။ အိဖြူကတော့ ရဲစခန်းတိုင်ရင်တိုင်မယ်၊ အမျိုးသမီးရေးရာ တိုင်ရင်လဲ တိုင်ရမှာပဲ” ပန်းအိဖြူကပြောဆိုရင်း ထမီကို ပြင်ဝတ်ကာ အပြင်ထွက်ရန်လုပ်သည်။
“အိဖြူ နင်ထိုင်စမ်း နင်မပြန်ရဘူး”
ဦးထွန်းထွန်းဦး ဒေါသအလွန်ကြီးနေသည်။ အသက်ရှုသံများက ရှုးရှုးရှဲရှဲဖြစ်နေသည်။
“အိဖြူကိုယ်နဲ့ အိဖြူပြန်တာ ဘာဖြစ်လဲ” ပန်းအိဖြူပြောရင်း လှည့်ထွက်လိုက်သည်။
ထိုစဉ်သူမနောက်မှ သူမ၏ လည်ပင်းကို လာညှစ်တာကို ခံလိုက်ရသည်။ သူမကြိုးစားရုန်းကန်သည်။ သူမလဲကျသွားသည်။ လဲကျသွားသည့်အခါ ဦးထွန်းထွန်းဦးက သူမအပေါ်တက်ခွလိုက်သည်။ ထို့နောက် သန်မာသောလက်ကြီးများဖြင့် သူမလည်ပင်းကို ညှစ်နေလေသည်။ ပန်းအိဖြူသည် ရင်ဘတ်ထဲအလွန်နာကျင်လာသည်။ အသက်ရှုမဝဖြစ်လာသည်။ မျက်လုံးများ ပြာနှမ်းလာပြီး မကြာခင် လူ့လောက ကြီးနှင့် အဆက်အသွယ်ပြတ်သွားလေတော့သည်။
“ဟာ ငါဘာတွေ လုပ်ခဲ့မိပြီလဲ”
ဦးထွန်းထွန်းဦးသည် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူ၏ဘေးတွင် ပန်းအိဖြူက ဆန့်ဆန့်ကြီးလဲကျနေသည်။ ဦးထွန်းထွန်းဦးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မိုးက သည်းသည်းမည်းမည်းရွာနေဆဲ အိမ်နီးနားတွင် တိတ်ဆိတ်နေသည်။ သို့သော် အိမ်ရှေ့မျက်စောင်းထိုးအိမ် ဝရန်တာတွင် အိမ်ဖော်အမျိုးသမီးတစ်ယောက် ရေတံလျှောက်ထဲရှိ သစ်ရွက်များကို တုတ်ဖြင့်ထိုးချနေသည်။
“ဟုတ်ပြီ အကြံရပြီ”
ဦးထွန်းထွန်းဦးသည် ပန်းအိဖြူ၏ အဝတ်များကို ချွတ်လိုက်လေသည်။ ထို့နောက်သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်သည်။ ဦးထွန်းထွန်းဦးသည် အသားဖြူဖြူ ကိုယ်လုံးမှာ သွယ်သွယ်လျလျနှင့်မို့ မိန်းကလေးနှင့်တူသွားသည်။ သို့သော်ဆံပင်အတုမရှိပေ။ ထို့ကြောင့် ထီးကို ခပ်ငိုက်ငိုက်ဆောင်းပြီး အပြင်ကို ထွက်လိုက်သည်။ ခြံတံခါးကို ခပ်သုတ်သုတ်နှင့် ထွက်သွားပြီး ပိတ်လိုက်သည်။ ထို့နောက် ခြံတံခါးကို သော့ဖြင့် သုံးချက်ခန့်ထုလိုက်သည်။
“ဒုန်း . . . ဒုန်း . . . ဒုန်း”
ထိုသို့ပြုလုပ်ရခြင်းမှာ အိမ်ဖော်အမျိုးသမီး အာရုံစိုက်စေလိုသောကြောင့်ဖြစ်သည်။ သူထင်ထားသည့်အတိုင်းပင် အိမ်ဖော်အမျိုးသမီးက သူ့အားလှမ်းကြည့်လိုက်သည်။ သူလဲ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ လူရှင်းသည့် လမ်းတစ်နေရာအရောက်တွင် ပန်းအိဖြူအဝတ်အစားများကို ချွတ်လိုက်သည်။ ထို့နောက် အနီးရှိ ရေစီးအလွန်သန်သော မြောင်းကြီးအတွင်းသို့ လွှင့်ပစ်လိုက်သည်။ ပန်းအိဖြူအကျီများမှာ သူ့အကျီများအပေါ်မှ ထပ်ဝတ်ထားခြင်းဖြစ်သည်။ ထို့နောက် အခြေအနေကြည့်ပြီး အိမ်သို့ပြန်လာသည်။ အိမ်ဖော်အမျိုးသမီးမှာ အိမ်ထဲဝင်သွားပြီဖြစ်သည်။ သူသည် ခြံတံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။
အိမ်ထဲသို့ရောက်သောအခါ ကိုယ်လုံးတီးအလောင်းကြီးရှိသည်။ သူဒီအလောင်းကြိးကို ဘယ်လိုလုပ်ရမည်နည်း။ ခြံထဲတွင် မြှုပ်ရန် စဉ်းစားလိုက်သည်။ သို့သော် ပတ်ဝန်းကျင်က သူ့ကို မြင်သွားမည်။ သူသည် အလောင်းကို ကားထဲထည့်ပြီး မောင်းထွက်ရန် စီစဉ်လိုက်သည်။ သို့သော် အလောင်းကို ဘယ်နေရာမှာ ပစ်ရမလဲမသိ။ လူတွေ မြင်သွားမှာလဲစိုးသည်။ နောက်တော့ ကားဂိုဒေါင်ဖက်ထွက်ခဲ့သည်။ ကားဂိုဒေါင်၏ ကြမ်းပြင်အချို့မှာ အက်ကွဲနေသည်။ သူသည်အကြံတစ်ခုရသွားသည်။
ငယ်ငယ်က ကြည့်ခဲ့ဖူးသည့် ဝင်းဦးသရုပ်ဆောင်သည့် ဆောင်းအိပ်မက်ဇတ်ကားထဲတွင် လူသေကြီးအားအုတ်ဖြင့်စီပြီး ဘိလပ်မြေလောင်းကာ ခုံကြီးတစ်ခုအသွင်ဖန်တီးခဲ့သည်ကို သတိရသွားသည်။ ထို့ကြောင့် ကားကိုမောင်းထွက်လိုက်ပြီး ဘိလပ်မြေအိတ်များနှင့် သဲအိတ်များကို ဝယ်ယူကာ ကားနောက်ခန်းတွင် ထည့်လာခဲ့သည်။
ဆယ်ပေါင်တူဖြင့် ကားဂိုဒေါင်ကြမ်းပြင်ကို ထုချေလိုက်သည်။ ထို့နောက် ဂေါ်ပြားဖြင့် မြေကြီးများကို တူးထုတ်လိုက်သည်။ ဘိလပ်မြေဖျော်ပြီးနောက် အလောင်းအား ကျင်းထဲချလိုက်ပြီး ဘိလပ်မြေလောင်းလိုက်သည်။ ထို့နောက် သစ်သားတုတ်တစ်ချောင်းဖြင့် ဘိလပ်မြေအား ချောလိုက်သည်။ သို့သော် လက်ရာက မသေသပ်။ တတ်သလောက် မှတ်သလောက် လုပ်နေခြင်းဖြစ်သည်။ ဘိလပ်မြေမှားမှာ ကြည့်ရဆိုးနေသည်။ စတိုခန်းအတွင်းမှ ကော်ဇောအပိုင်းတစ်ခုကိုယူ၍ ခင်းလိုက်မှ ကြည့်ရအဆင်ပြေသွားသည်။ မိုးက ရွာနေသည်မို့ ဘိလပ်မြေများတော်တော်နှင့် မခြောက်သဖြင့်ကားကို ဂိုဒေါင်ရှေ့တွင် ရပ်ထားလိုက်သည်။ ထိုရက်မှစ၍ ကျူရှင်သို့မသွားတော့ဘဲ အိမ်တွင်အောင်းနေလေသည်။
ဦးထွန်းထွန်းဦး၏ ခြေထောက်များကို ခက်ခက်ခဲခဲ ထုတ်ယူရလေသည်။ ဂိုဒေါင်ကြမ်းပြင်ကို ဖောက်ကြည့်ရာ ပန်းအိဖြူ၏ အလောင်းကိုရလေသည်။ ဦးထွန်းထွန်းဦး၏ သတင်းမှာ မြို့ကလေးအတွင်း ပျံ့နှံ့သွားလေသည်။ ဦးထွန်းထွန်းဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချလိုက်သည်။ သူ၏ ကျူရှင်မှာတော့ စီးပွားဖက်များက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ပန်းအိဖြူ၏ မိခင်ကြီးသည် လပိုင်းအကြာတွင် ကွယ်လွန်လေသည်။
ဦးထွန်းထွန်းဦး ထောင်ကျနေသည်မို့ ဦးထွန်းထွန်းဦး၏ ခြံဝင်းထဲမှာ ခြံနွယ်ပိတ်ပေါင်းများထနေသည်။ သို့သော် မိုးရွာသည့်ရက်များတွင် နှစ်ထပ်တိုက်ပုလေးဆီမှ ငိုသံကြီးများ ကြားရတတ်သည်။ တစ်ခါတစ်ရံ လူမရှိဘဲ အိမ်မှမီးများ ပိတ်လိုက်ဖွင့်လိုက်ရှိနေတတ်ပေသည်။
ကြိုးစားပါဦးမည်