(၁)
ညကတော်တော်နက်နေပြီဖြစ်သည်။ ည ကိုးနာရီပင်ထိုးတော့မည်။ ကိုဝင်းတစ်ယောက် ကားမှတ်တိုင်တွင် တစ်ယောက်တည်း ကားစောင့်နေရသည်။ ခေတ်ကာလကလဲ ၂၀၀၄ ခုနှစ်ခန့်ဖြစ်သောကြောင့်ညကိုးနာရီဆို လူခြေတိတ်ပြီဖြစ်သည်။ တစ်လမ်းလုံးမှောင်မည်းနေရခြင်းမှာ မီးပျက်နေသောကြောင့်ဖြစ်သည်။ လမ်းပေါ်တွင် ကိုယ်ပိုင်ကား တစ်စီးတစ်လေ ဖြတ်သန်းသွားသည်ကလွဲပြီး ကားကျောရှင်းနေသည်။
ကိုဝင်းက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် ပန်းရံခေါင်း၊ အလုပ်သမားခေါင်းဖြစ်သည်။ ယနေ့ငွေထုတ်ရက်ဖြစ်သဖြင့် ပန်းရံသမားများ၊ အလုပ်သမားများက အိမ်မပြန်မီ ဘုံဆိုင်တွင် တစ်ဝိုင်းဖွဲ့ကြတော့သည်။ ကိုဝင်းက စိုက်ထားသည့်ငွေအချို့ပါ ပြန်ရသဖြင့် ငွေရွှင်နေသည်။ သူတို့ဝိုင်းက ဘုံဆိုင်တွင် ညနေငါးနာရီလောက်ကတည်းက ထိုင်လိုက်ကြသည်မှာ ညကိုးနာရီထိုးခါနီးအထိပင်ဖြစ်သည်။ ကိုးနာရီဆိုင်ပိတ်ချိန်ရော်ကတော့မှ ဆိုင်ကမောင်းထုတ်သဖြင့် လူစုကွဲသွားကြတော့သည်။
“ဆရာဝင်းပြန်မနေနဲ့ ကားလဲရှိမှာမဟုတ်တော့ဘူး ကျွန်တော်တို့နဲ့ ဆိုဒ်ထဲလိုက်အိပ်ဗျာ”
“ဟုတ်တယ်ဆရာဝင်း မိုးချုပ်နေပြီ”
ဆိုဒ်ထဲဆိုတာ သူတို့ဆောက်လက်စတိုက်ဖြစ်သည်။ အကြမ်းထည်ပြီးသွားသော်လည်း ပြတင်းပေါက်တံခါးတွေမတပ်ရသေးပေ။ ထိုနေရာတွင် အရက်သမားများ ဖြစ်သလိုအိပ်ကြမည်ဖြစ်သည်။ သို့သော် ကိုဝင်းက ခေါင်းခါလိုက်သည်။
“ဆိုဒ်ထဲအိပ်လို့မဖြစ်ဘူးဟ ငါ့မိန်းမဆီပြန်ရဦးမယ်”
“ဘာလဲ ကိုဝင်းက အိမ်ကမိန်းမကို မခွဲနိုင်ဘူးထင်တယ် ဟား . . ဟား”
“မဟုတ်ပါဘူးကွာ မင်းတို့ကလဲ ဒီနေ့ငွေထုတ်ရက်ဆိုတော့ အိမ်မပြန်ရင် ပြဿနာအကြီးကြီးရှိတယ်ကွ”
“ဒါဆိုလဲ ပြန်ဗျာ”
အတူတူဒယိမ်းဒယိုင်နှင့်လျှောက်လာကြရင်း ဆိုဒ်ထဲရောက်တော့ အလုပ်သမားများက တိုက်ပေါ်သို့တက်သွားကြတော့သည်။ ကိုဝင်းတစ်ယောက်သာ လမ်းမကြီးပေါ်တက်ခဲ့သည်။ လျှောက်လို့တောင် ငါးမိနစ်မကြာသေး ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်ကျသွားလေသည်။
“ဟာ မီးပျက်သွားပြီ”
အချို့အိမ်များမှလူများက ညည်းညူလိုက်ကြတော့သည်။ ကိုဝင်းလဲ လူနေအိမ်များကို ကျော်ဖြတ်ပြီး လမ်းဆက်လျှောက်လာခဲ့ရာ လမ်းထိပ်သို့ပင်ရောက်လာသည်။ လမ်းပေါ်မှ ခွေးလေခွေးလွင့်များက သူ့ကိုထိုးဟောင်လိုက်သည်မှ လွဲ၍ လူရှင်းနေသည်။ လမ်းမကြီးအတိုင်း ဆက်သွားရင်း ဘုန်းကြီးကျောင်းဝင်းနားရောက်လာခဲ့သည်။ ထိုကျောင်းဝင်းနေရာတွင် ကားမှတ်တိုင်ရှိသည်။ နေ့ခင်းက ဈေးဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် စည်ကားခဲ့သည့် ကားမှတ်တိုင်လေးမှာ အခုတော့ လူမပြောနှင့် ခွေးတစ်ကောင်ပင်မရှိတော့။
ကိုဝင်းလဲ သစ်ပင်များအုပ်ဆိုင်းနေသည့် ဘုန်းကြီးကျောင်းနံရံနားတွင်ရပ်လိုက်ပြီး လက်တွင်ပတ်ထားသည့် နာရီလေးကို မှန်းပြီးကြည့်လိုက်တော့သည်။ လူက သောက်ထားသဖြင့် တော်တော်ေ၀ဝါးနေသည်။
“ဟာ ကိုးနာရီတောင်ကျော်ပြီဟ . . . ကိုးနာရီကားတော့ မီဦးမှာပါ”
ထိုသို့ပြောရင်း ဆက်လက်စောင့်နေလိုက်တော့သည်။
(၂)
တစ်ညနေလုံးသောက်ခဲ့သည်မို့ ကားစောင့်ရင်း ဆီးကကျင်လာတော့သည်။ ထိုအခါ ဘုန်းကြီးကျောင်းနံရံဘေး ရေမြောင်းအစပ်သို့ သွားပြီးထိုင်လိုက်တော့သည်။ ကိစ္စပြီးခါနီးတော့ ဘုန်းကြီးကျောင်းနံရံကို ကားမီးရောင်ကျလာလေသည်။ ကိုဝင်းလဲ ကမန်းကတမ်းထလိုက်ရတော့သည်။ ဒိုင်နာကားကြီးတစ်စီးက ကားလမ်းမပေါ်တွင် အမြန်မောင်းနှင်လာလေသည်။ ကိုဝင်းလဲ ပြေးထွက်လိုက်ပြီး ကားလမ်းမတွင် လက်ကိုဝှေ့ယမ်းကာ တားလိုက်တော့သည်။ ထိုကားကြီးက သူ့ကိုကျော်ပြီးတော့မှ ထိုးရပ်သွားသည်။ ထိုအခါ ကိုဝင်းလဲ အမြန်ပြေး၍ ကားပေါ်သို့ပြေးတက်လိုက်တော့သည်။ ကားခြေနင်းပြားပေါ် ခြေထောက်တင်ပြီး သံလက်ရမ်းကိုလှမ်းဆွဲလိုက်သည်နှင့် ကားစပါယ်ယာက မောင်းဟု အသံပေးလိုက်ရာ ကားက မောင်းထွက်သွားတော့သည်။
“အဝိုင်းရောက်လား”
“ရောက်တယ် . . . သုံးဆယ်”
“ဘာကွ များလိုက်တာကွာ မင်းတို့ကလဲ အရင်ကဆို တစ်ဆယ်လားပဲကို”
“ဘယ်ရမလဲဗျ၊ အချိန်ကိုကြည့်ဦး . . ခင်ဗျားမလိုက်ချင် ရှေ့မှတ်တိုင်ကျ ဆင်းနေခဲ့”
ကိုဝင်းမတတ်နိုင်တော့။ အိပ်ကပ်ထဲမှ ဆယ်တန်သုံးရွက်ကိုထုတ်ပြီး စပယ်ယာကိုပေးလိုက်သည်။
“အထဲဝင်စီး . . ခင်ဗျားမူးလို့ ပြုတ်ကျနေတော့မှ ကျုပ်တို့ အမှုပတ်နေမယ်”
အော်ငေါက်လိုက်သည့် စပယ်ယာအသံကြောင့် ကားထဲသို့တိုးဝင်လိုက်သည်။ နောက်ဆုံးကား ဖြစ်သဖြင့် ကားထဲတွင် လူတွေများသည်။ ဒိုင်နာကားမို့မတ်တပ်စီးသူများ အများအပြားရှိသည်။ ကိုဝင်းလဲ ထိုလူများအကြားသို့ တိုးဝင်လိုက်သည်။
“ဟယ်တော် ဖြေးဖြေးတိုးပါဟဲ့”
“တစ်ကိုယ်လုံးလဲ အရက်စော်တွေ နံစော်နေတာပဲ”
ကိုဝင်းတိုးသွားသည့်အခါ ခရီးသည်များက မှတ်ချက်ပေးကြသည်။ ဒိုင်နာကား ရှေ့နားတွင် ဂတ်ဖြည့်သည့် ဂတ်စ်အိုးကြီးရှိသဖြင့် ထိုနေရာကို တိုးသွားပြီးရပ်နေလိုက်တော့သည်။ ကားက အရှိန်ပြင်းပြင်းနှင့် မောင်းနှင်ဆဲဖြစ်သည်။ မူးမူးနှင့် ခေါင်းငိုက်စိုက်ရင်း လက်က ခေါင်းပေါ်ရှိ သံတန်းကိုဆွဲအားပြုရင်း မှေးပြီးလိုက်လာခဲ့လေရာ စပယ်ယာမှာ မှတ်တိုင်တွေတစ်ခုပြီးတစ်ခုမေးနေတော့သည်။ ကိုဝင်းမှာ ကားကို တစ်နာရီကျော်ခန့်စီးရဦးမည်ဖြစ်သည်။
စီးရင်း နှာခေါင်းထဲ ခွေးသေပုတ်လိုလို ကြွက်သေပုတ်လိုလိုအနံ့ကြီးရလာသဖြင့် ကိုဝင်းလဲ ဘေးဘီကိုလိုက်ကြည့်မိလိုက်သည်။ ဂတ်စ်အိုးတွေကြားတွင် ကြွက်ဝင်သေနေသည်လားမပြောတတ်၊ အနံ့ကတော်တော်ပြင်းပြင်းရနေလေသည်။ ထိုအခါ မှတ်တိုင်တစ်ခုတွင် ကားရပ်လိုက်သဖြင့် ကားပေါ်မှ ခရီးသည်များဆင်းသွားကြလေသည်။ ကားလဲ အနည်းငယ်ချောင်သွားတော့သည်။ ကားကိုပြန်မောင်းလိုက်သည့်အခါ နောက်မှတ်တိုင်ပါသူက ကြိုပြီးမတ်တပ်ရပ်လိုက်သဖြင့် ဒိုင်နာကား ဘေးတန်းတွင် နေရာလွတ်သွားရာ ကိုဝင်းက ပြေးပြီး ထိုနေရာတွင် ထိုင်လိုက်တော့သည်။
ထိုအခါ ဘေးနားတွင်ထိုင်နေသည့် ကောင်မလေး၏ လက်ကိုတင်ပါးနှင့်ထိသွားသဖြင့် ကောင်မလေးက လက်ကို ရုတ်သွားလေတော့သည်။ ဟိုဖက်ကိုလဲ အနည်းငယ်တိုးသွားတော့သည်။
(၃)
“ညီမလေး မတော်လို့နော်”
ကိုဝင်းက တောင်းပန်လိုက်ပြီး ထိုကောင်မလေးမျက်နှာကိုကြည့်လိုက်သည်။ ဆံပင်အရှည်နှင့်ဖြစ်ပြီး မျက်နှာကြီးက ဖြူဆွတ်နေသည်။ တရုတ်သရဲကားထဲက သရဲကြီးလိုဖြစ်နေသည်။ ထိုအထိ ကိုဝင်းက သတိမထားမိသေး။
“ဒီကောင်မလေးနှယ် မပြင်တတ်မဆင်တတ်နဲ့ မိတ်ကပ်လိမ်းထားတာ ဖြူဖွေးနေတာပဲ”
ထိုသို့တွေးရင်း ခေါင်းငိုက်စိုက်ကာ စီးလာခဲ့သည်။
ထိုကောင်မလေးလက်ကို သတိထားပြီးကြည့်လိုက်မိသည်။ လက်သည်းတွေက ချွန်ထက်နေပြီး လေးလက်မခန့်ရှည်လျားလှသည်။ လက်ကြီးကလဲ ဖြူဆွတ်ဆွတ်ကြီးပင်ဖြစ်သည်။ ထိုတော့မှ ကြက်သီးများထလာလေသည်။ လူတစ်ယောက်လက်သည်းက ထိုလောက်တော့ရှည်မည်မဟုတ်၊ အခုတော့ လက်သည်းရှည်ရုံမက လက်သည်းတွေက ချွန်ထက်နေလေသည်။ ကိုဝင်းလဲ ထိုကောင်မလေးမျက်နှာကိုကြည့်ဖို့ စိတ်ကူးရပြီးမသိမသာနှင့် ဘေးသို့လှည့်ကြည့်လိုက်သည်။
ကောင်မလေးမျက်နှာကိုသေချာကြည့်တော့မှ မျက်လုံးများက အရာသာပါပြီး မျက်လုံးမပါ။ ဖြူဆွတ်နေသောမျက်နှာက မျက်လုံးနေရာတွင် ချိုင့်ဝင်နေလေ၏။ ကိုဝင်းကြည့်သဖြင့် ထိုကောင်မလေးကလဲ ကိုဝင်းကိုပြန်လှည့်ကြည့်လိုက်တော့ ကိုဝင်းလိပ်ပြာလွင့်မတက်ဖြစ်သွားသည်။ တကယ် မျက်လုံးမပါချေ။ ထိုအချိန်တွင် ကောင်မလေးက ကိုဝင်းက ပြုံးပြလိုက်သေးသည်။ ပါးစပ်ထဲတွင် ပြည့်နှက်နေသည့် သွားများနှင့် အစွယ်ကြီးကိုပါ မြင်တွေ့လိုက်ရတော့၏။ ကိုဝင်းတုန်လှုပ်သွားပြီး မသိချင်ယောင်ဆောင်နေလိုက်ကာ ပြန်ပြီးတော့လှည့်လိုက်တော့သည်။
“ဘုရား . . ဘုရား ငါ့ဘေးက သရဲမဟ”
ကြောက်ကြောက်နှင့် ဘာလုပ်ရမလဲမသိတော့ဘဲ ခေါင်းငုံ့ပြီးထိုင်နေလိုက်သည်။ ကိုယ်တစ်ခြမ်းက ကျက်သီးတွေထပြီး ခေါင်းမွှေးတွေပင် ထောင်နေတော့သည်။ နောက်တော့ အကြံရသွားပြီး အကူအညီရလိုရငြားမျက်နှာခြင်းဆိုင်တွင်ထိုင်နေသည့် အဖိုးကြီးကို အကူအညီတောင်းဖို့ လုပ်လိုက်သည်။ ထိုအခါ သေချာကြည့်တော့မှ အဖိုးကြီးခြေထောက်မှ သွေးတွေစီးကျနေကာ ကားကြမ်းပြင်ပေါ်တွင် အိုင်ထွန်းနေလေသည်။ ကိုဝင်း မဝံ့မရဲနှင့် ဆက်ကြည့်လိုက်တော့ အဖိုးကြီး ဗိုက်ကြီးမှာပွင့်နေပြီး အထဲမှ အူများ ကလီစာများက ထိုဗိုက်အပေါက်မှ လျှံထွက်နေလေသည်။
ကိုဝင်းဆက်မကြည့်ရဲတော့။
“ငါစီးလာတာ သရဲကားကြီးလားမသိဘူး”
ခေါင်းငုံ့နေရာမှ စပယ်ယာကို အသာကလေးလှမ်းကြည့်လိုက်သည်။ စပယ်ယာမှာ ကားနောက်ဖက် သံလက်ကိုင်တမ်းကိုခိုပြီးစီးနေသည်။ လေတိုက်သဖြင့် သူ၏ ညှင်းသိုးသိုးဆံပင်တွေက လေပေါ်လွင့်နေလေသည်။ လမ်းမီးရောင်တစ်ချက်တွင် စပယ်ယာ၏ ဘယ်ဖက်မျက်နှာကိုမြင်လိုက်ရသည်။ ထိုမျက်နှာတစ်ခြမ်းမှာ အသားများကြေမွနေပြီး အလွန်တစ်ရာ စက်ဆုပ်စရာကောင်းနေတော့သည်။
“ဒါ . . ဒါဆိုသေချာပြီ . . . ငါစီးနေတာ သရဲကားကြီး”
ကိုဝင်းဘာဆက်လုပ်ရမလဲမသိတော့။ ထပြေးရမည်လား၊ ပြေးပြန်ဦးတော့ ကားက အရှိန်နှင့်မောင်းနေခြင်းဖြစ်သဖြင့် ကားပေါ်မှပြုတ်ကျပြီး သေသွားနိုင်သည်။
(၄)
“မှတ်တိုင်ပါတယ်”
ထိုစဉ်ကားပေါ်မှ တစ်ယောက်က အော်လိုက်ပြီးနောက် ကားအနောက်ဖက်သို့တိုးသွားလေသည်။ ကိုဝင်းအကြံရသွားသည်။ သူလဲ ထိုသူနှင့်အတူ ကားပေါ်မှဆင်းရန်ကြံလိုက်သည်။ သို့သော် ထိုလူက ကားရပ်တာကိုမစောင့်တော့ဘဲ ကားပေါ်မှဝုန်းကနဲ ခုန်ဆင်းသွားတော့သည်။ ကိုဝင်းတစ်ယောက် ထရမလိုလို . . ထိုင်ရမလိုလိုဖြစ်နေတော့သည်။
ကုန်းကုန်းကြီးဖြစ်နေသည့် ကိုဝင်းကို စပယ်ယာက လှမ်းကြည့်လိုက်သည်။
“အကိုကြီး မှတ်တိုင်ပါတာလား”
ကိုဝင်းဘာပြန်ပြောရမှန်းမသိသဖြင့် ခေါင်းခါပြလိုက်ပြီး ပြန်ထိုင်နေလိုက်တော့သည်။ မျက်စိအစုံကိုမှိတ်ထားလိုက်တော့သည်။ ကားက မောင်းနှင်နေရင်း ကားပေါ်မှခရီးသည်များက ကားမရပ်သော်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားကြလေသည်။
“ရှေ့မှတ်တိုင်က အဝိုင်းပဲဗျို့ . . . အကိုကြီး အဝိုင်းဆင်းမှာလား”
စပယ်ယာက လှမ်းအော်တော့မှ သူလဲ ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် တစ်လှမ်းချင်းကားနောက်ဖက်သို့ လျှောက်လာခဲ့သည်။ ကားပေါ်တွင် သရဲငါးကောင်လောက်သာရှိတော့သည်။ လက်ပြတ်နေသည့်သရဲ၊ အရိုးကျနေသည့်သရဲတို့က သူ့ကိုဝိုင်းကြည့်နေကြသည်။ သူလဲ ကားနောက်ပိုင်းသို့ရောက်လာခဲ့သည်။ ကားမှာအလွန်မြန်ဆန်သည့်အရှိန်ဖြင့် မောင်းနှင်နေသည်မို့ ပတ်ဝန်းကျင်ရှိ အရာများကို တရိပ်ရိပ်သာ မြင်နေရသည်။ တစ်နာရီကျော်မောင်းရသည့် သူတို့အဝိုင်းကားဂိတ်ကို ဆယ့်ငါးမိနစ်လောက်နှင့် ရောက်လာတော့သည်။
“ဆင်းလေ အကိုကြီး”
စပယ်ယာကပြောရင်း သူ့ကိုကြည့်ရင်း ပြုံးပြနေလေသည်။ စပယ်ယာ၏ ဘယ်ဖက် မျက်နှာကြီးမှာ လုံးဝပျက်စီးနေပြီး အသားတွေ အရိုးတွေက ကြေမွနေလေသည်။ ထိုအသားစများကြားမှ လောက်ကောင်ဖြူဖြူဖွေးဖွေးများက တွန့်လိမ်နေသေးသည်။ ကိုဝင်းလဲ မသတီသော်လည်း မအန်ချမိရန်မြိုသိပ်ထားလိုက်ရသည်။
“ကားကိုရပ်ပေးပါလားကွာ”
“ဒီအတိုင်းခုန်ဆင်းလဲ ရပါတယ် အကိုကြီးရဲ့”
“ရပ် . . ရပ်ပေးပါကွာ ငါက ခြေထောက်သိပ် . . သိပ်မကောင်းလို့ပါ”
စပယ်ယာက ခေါင်းညိတ်လိုက်ပြီးနောက် ကားကိုရပ်ခိုင်းလိုက်သည်။ ကားက တိကနဲရပ်သွားတော့သည်။ အဝိုင်းကားမှတ်တိုင်ကိုလွန်ခဲ့ပြီးနောက် သူတို့လမ်းထိပ်သို့ပင်ရောက်နေပြီဖြစ်သည်။ ထိုတော့မှ ကိုဝင်းလဲ ကားပေါ်မှခုန်ချလိုက်တော့သည်။
ထိုစဉ်မှာပင် ကားခေါင်းခန်းတံခါးမှာပွင့်သွားပြီး လူတစ်ယောက်ဆင်းလာလေသည်။ ထိုသူကိုသေချာကြည့်လိုက်တော့ ထိုသူက ဘကြီးပြုံးဖြစ်နေသည်။ ဘကြီးပြုံးကလဲ ကိုဝင်းကိုမြင်လိုက်သည့်အတွက် အံ့သြသွားလေသည်။
“ဟင် ကိုဝင်း . . .”
“ဘ . . ဘကြီးပြုံး”
ထိုသို့ပြောပြီးသည်နှင့် ကိုဝင်းတစ်ယောက် သုတ်ခြေတင်ပြေးတော့သည်။ ရပ်ကွက်ထဲမှ ခွေးများက ကိုဝင်းကိုဝိုင်းဟောင်ကြသည်ကို ဂရုမစိုက်အားတော့၊ အကြောင်းမှာ ဘကြီးပြုံးမှာ လွန်ခဲ့သည့် ငါးရက်လောက်က ဆုံးသွားသူဖြစ်သည်။ ကိုဝင်းပင် အသုဘပို့ လိုက်ပေးခဲ့ရသေးသည်။ ရပ်ကွက်အတွင်း လူခြေတိတ်နေသည်။ လမ်းမီးကလေး တစ်လုံးနှစ်လုံးသာလင်းနေသည်မှအပ မှောင်အတိကျနေသည်။ ကိုဝင်းလဲ အိမ်ကိုရောက်မှန်းမသိရောက်အောင် ပြန်ပြေးလာရတော့သည်။
သူတို့အိမ်ကလေးက မှောင်အတိကျနေလေသည်။ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ကိုဝင်းမိန်းမကော၊ သူ့သမီးလေးကော အိပ်နေပြီထင်သည်။
“မိန်းမရေ . . . သမီးရေ”
ကိုဝင်းက အော်ရင်း ခြံတံခါးကို ဆွဲဖွင့်လိုက်သည်။ သို့သော် ခြံတံခါးက မပွင့်။ ကိုဝင်းတစ်ယောက် ခြံတံခါးကို ဆောင့်ကန်ပြီး အမျိုးစုံထုရိုက်သည်။ ဘယ်လိုဖွင့်ဖွင့် ဖွင့်မရပေ။ ထိုအခါ ကိုဝင်းက ခြံအပြင်ကနေသာ အော်ဟစ်ပြီးခေါ်နေတော့သည်။
“မိန်းမရေ . . . ထပါဦးဟ”
ဆယ်မိနစ်လောက် အသံအကျယ်ကြီးနှင့် အော်နေသည့်တိုင် သူတို့အိမ်ကလေးက တိတ်တိတ်မျှမလှုပ်ပေ။ အိမ်ချင်းအနားကပ်သည်မို့ ဘေးအိမ်များကလဲ ကိုဝင်းအော်သံကို သေချာကြားရမည်ဖြစ်သော်လည်း မည်သူမျှထမကြည့်ကြ။
လမ်းကိုကြည့်လိုက်တော့ အဘပြုံးက တဖြည်းဖြည်းလျှောက်လာရာ သူတို့ခြံနားပင်ရောက်လာခဲ့ပြီ။ ကိုဝင်းကြောက်လန့်သွားပြီး ခြံတံခါးကိုအတင်းထုတော့သည်။
“မင်းထုနေလဲ အလကားပဲ ကိုဝင်းရဲ့”
“အဘပြုံး ကျွန်တော့်ကို မခြောက်ပါနဲ့ ကျွန်တော်ကြောက်လို့ပါ”
“မင်းကိုငါမခြောက်ပါဘူး . . . မင်း အိမ်ကိုမင်းခေါ်နေလဲ အလကားပဲ ကိုဝင်းရဲ့”
“ဘာ .. . ဘာဖြစ်လို့လဲ၊ ကျွန်တော့်အိမ် ကျွန်တော့်မိန်းမ ကျွန်တော့်သမီး ဘာဖြစ်လို့လဲ”
“မင်းကြည့်ရတာ သေပြီးထင်ပါရဲ့ကွာ”
“မဟုတ်တာတွေ အဘရယ်၊ ကျုပ်က အကောင်းကြီးပါ”
“မင်းသေပြီးလို့ သရဲလိုင်းကားကြီး စီးလာတာမဟုတ်လား၊ သရဲလိုင်းကားက သေပြီးသူတွေမှ စီးလို့ရတာကွ”
ကိုဝင်းတစ်ချက်တွေဝေသွားသည်။
“နောက်ပြီး မင်းလဲ သေပြီးသား ငါ့ကိုမြင်ရတယ်မဟုတ်လား”
“ဒါ . . ဒါဆို ကျွန်တော်ဘယ်လိုသေသွားတာလဲ”
အဘပြုံးက ခေါင်းခါလိုက်သည်။
“ဒါတော့ ငါလဲဘယ်သိမလဲ ကိုဝင်းရဲ့”
“မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး ကျွန်တော်သေတာမဖြစ်နိုင်ဘူး”
“လာပါကိုဝင်းရယ် မင်းအိမ်ကိုအော်ခေါ်နေလဲ မင်းအော်တာကို ဘယ်သူမှကြားရမှာမဟုတ်ဘူး”
ထို့နောက် အဘပြုံးက ထွက်သွားတော့သည်။ ကိုဝင်းလဲ အလွန်တုန်လှုပ်နေသလို အလွန်လဲကြောက်လန့်နေသည်။ သို့နှင့် လမ်းဘေးက အုတ်ခဲတစ်လုံးကို ကောက်လိုက်ပြီး သူ့ခေါင်းကိုသူထုလိုက်တော့သည်။ အုတ်ခဲက ခေါင်းကိုထိသော်လည်း ဘယ်လိုမှပင်မနေ။ ကိုဝင်းကြောက်လန့်နေသည့် သေဆုံခြင်းကို နောက်ဆုံးတော့ လက်ခံလိုက်ရပြီဖြစ်သည်။ ထို့နောက် အဘပြုံးနောက် ပြေးလိုက်သွားတော့သည်။ အဘပြုံးက လမ်းဘေးရှိ သစ်ပင်အောက်တွင်ရိုက်ထားသည့် ခုံကလေးတစ်ခုတွင် ထိုင်ရင်း သစ်ပင်ပေါ်တွင်ထိုင်နေပြီး သစ်ကိုင်းပေါ်မှ ခြေထောက်တွဲလောင်းချထားသည့် သူတစ်ဦးနှင့် စကားပြောနေလေသည်။
“မင်းပျင်းနေမယ် လာ ငါတို့စကားပြောရအောင်”
“ဒါနဲ့ အဘပြုံးက ဘာလို့လျှောက်သွားနေတာလဲ”
“ငါက ရက်လည်တာကို စောင့်နေတာကွ၊ ရက်လည်ပြီးရင်တော့ ငါလဲသွားတော့မယ်၊ ညနေက ငါ့သမီးအလတ်မဆီသွားပြီး သူတို့ကိုတစ်ချက်သွားကြည့်တာ၊ ညည့်နက်တော့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး သရဲကားကြီးစီးပြီး ပြန်လာခဲ့တာပဲကွ”
“ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ”
“မင်းလဲ နှုတ်ဆက်ချင်တဲ့သူတွေကို လိုက်နှုတ်ဆက်ပြီး ရက်လည်တာကိုစောင့်နေလိုက်ပေါ့ကွာ”
အဘပြုံးက ပြောလိုက်ပြီးနောက် သစ်ပင်ပေါ်မှလူနှင့် စကားဆက်ပြောနေလေသည်။ ကိုဝင်းကတော့ ခုံတန်းလေးတွင်ထိုင်လျှက် ငေးငိုင်နေတော့သည်။
မနက်မိုးလင်းသည့်အခါ ကိုဝင်းရုပ်အလောင်းကြီးကို ကားဂိတ်နောက်ဖက် ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေး ရေမြောင်းထဲတွင် မှောက်ခုံကြီးတွေ့လိုက်ရတော့သည်။ ကိုဝင်း မည်ကဲ့သို့သေဆုံးသွားသည်ကိုတော့ မည်သူမျှ တပ်အပ်မပြောနိုင်ကြပေ။
မနက်ဝေလီဝေလင်းအချိန် ကိုဝင်းက ကားဂိတ်တွင်စောင့်နေလိုက်သည်။ ထိုအချိန်တွင် ကားလမ်းမပေါ်တွင် ကားများရှင်းနေသည်။ ၄၃ ဒိုင်နာ ကားကြီးက အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာလေသည်။ ကားမောင်းနှင်သည့် ဒရိုင်ဘာမှာ ခေါင်းပြတ်နေပြီး လည်ပင်းသာပါလေသည်။ ကားရပ်လိုက်သည်နှင့် ကိုဝင်းအား စပယ်ယာက မျက်နှာတစ်ခြမ်းပဲ့ကြီးနှင့် ပြုံးပြနေလေသည်။
“ဆူးလေရောက်လား . . .”
“ရောက်တယ် . . တစ်ဆယ်ပဲပေး”
ကိုဝင်းလဲ ထိုကားပေါ်သို့ ခုန်တက်ပြီးလိုက်သွားပါတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်