ယခုဖော်ပြမည့်အဖြစ်အပျက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များဖြစ်ပါသည်။
(၁)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် သရက်ကန်ဆိုသည့် ကျေးရွာကလေးတစ်ခုရှိသည်။ ထိုကျေးရွာကလေးမှာ ရှေးမြန်မာမင်းများလက်ထက်ကတည်းက တည်ရှိခဲ့သည့်ကျေးရွာကလေးဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး လူဦးရေအတော်အတန်ထူထပ်သည့် ကျေးရွာကလေးဖြစ်သည်။ ရှေးဟောင်းရွာမို့ ရှေးလက်ရာ အိမ်ကြီးများလဲရှိကြပြီး ယခင်မင်းအဆက်ဆက်ဆောက်လုပ်လှူဒါန်းခဲ့ကြသည့် သာသနိကအဆောက်အအုံများလဲပေါများသည်။ ထိုအထဲမှတစ်ခုမှာ ရွာဦးဘုန်းကြီးကျောင်းဖြစ်သည်။
ရွာဦးဘုန်းကြီးကျောင်းမှာ ရတနာပုံခေတ်ကတည်းက သူကြွယ်တစ်ဦးလှူဒါန်းသွားခဲ့သည့် သစ်သားကျောင်းဆောင်ကြီးဖြစ်ပြီး ရှေးလက်ရာအနုအလှများနှင့် တန်ဆာဆင်ထားသည့် ရှေးကျောင်းတော်ကြီးဖြစ်သည်။ သို့သော်လည်း ထိုရွာဦးဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးမရှိ၊ အခြားဦးဇင်းများ၊ ကိုရင်များလဲမရှိကြဘဲ ဒီအတိုင်းသော့ခတ်ကာ ပစ်ထားကြခြင်းဖြစ်သည်။
စာဖတ်သူအနေနှင့် ယခုလိုကြားရသည့်အတွက် ထူးဆန်းနေမည်မှာအမှန်ပင်ဖြစ်သည်။ ထိုသရက်ကန်ရွာကလေးတွင် ဘုန်းကြီးကျောင်းကြီးရှိသော်လည်း ကျောင်းထိုင်ဘုန်းကြီးမရှိ၊ အခြားသံဃာများမရှိသည်မှာ ဆယ်စုနှစ် သုံးစုခန့်မျှရှိပြီဖြစ်သည်။
တစ်ရက်တော့ သရက်ကန်ရွာကလေးဆီသို့ သံဃာတော်တစ်ပါး ကြွရောက်လာသည်။ ခရီးသွားရဟန်းတော်တစ်ပါးဖြစ်သည်။ ထိုရဟန်းတော်က ရွာအတွင်းဝင်လာသည့်အခါ ရွာသူရွာသားများအကုန်ထူးဆန်းကုန်သည်။ ထိုရဟန်းတော်ကြွမြန်းနေသည့်နောက်သို့ အားလုံးက သိချင်စိတ်နှင့်လိုက်ကြည့်ကြသည်။ ရွာသူကြီး ဦးခဲ အိမ်ရှေ့မှဖြတ်သွားသောအခါ အိမ်ရှေ့တွင်ထိုင်ပြီး ရေနွေးကြမ်းထိုင်သောက်နေသည့် သူကြီးပင်မျက်လုံးပြူးသွားကာ ထိုရဟန်းတော်နောက်သို့ပြေးလိုက်ခဲ့သည်။
“ရပ်တော်မူပါအုံးဘုရား”
သူကြီးဦးခဲအော်လိုက်သဖြင့် ထိုရဟန်းကရပ်တန့်လိုက်ကာ သူကြီးအားပြန်လှည့်ကြည့်သည်။ သူကြီးက ရိုကျိုးစွာဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ်ချီလိုက်ရာ အနောက်ကလိုက်လာသည့်လူများလဲ သူကြီးနည်းတူ ထိုင်ချလိုက်တော့သည်။
“မှန်ပါ၊ အရှင်ဘုရား ဘယ်ကိုကြွမလို့လဲဘုရား”
“ဦးဇင်းက စစ်ကိုင်းချောင်ထဲကလာတာပဲ၊ မြို့သားရွာက ဦးဇင်းရဲ့သူငယ်ချင်းဘုန်းကြီးတစ်ပါးက သူ့ကျောင်းကိုလာခဲ့ဖို့ ဖိတ်ခေါ်တာနဲ့ထွက်လာခဲ့ခြင်းဖြစ်တယ်”
“မြို့သားရွာဆိုတော့ တော်တော်ဝေးသေးတာပဲဘုရား၊ ဒီကနေတစ်ရက်လောက် ဆက်သွားမှဖြစ်မှာ”
“အင်းလေဒကာကြီးရဲ့၊ ဒါကြောင့်လဲ ဒီရွာမှာတစ်ညတာ တည်းခိုနိုင်ဖို့အတွက် ဘုန်းကြီးကျောင်းကိုသွားပြီး ခွင့်ပန်မလို့လေ”
ရွာသားများအကုန်အံ့အားသင့်ကုန်ကြသည်။ သူကြီးက မျက်နှာတော့သိပ်မကောင်းပေ။
“ဒါဖြင့်ရင်လဲ ဦးဇင်းရယ်၊ ဘုန်းကြီးကျောင်းကို မကြွပါနဲ့၊ အရှင်ဘုရားတည်းချင်တယ်ဆိုရင် တပည့်တော်အိမ်မှာပဲတည်းပါဘုရား”
ဦးဇင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့လဲဒကာကြီးရဲ့၊ ဘုန်းကြီးတွေဟာ ဘုန်းကြီးကျောင်းကိုပဲသွားပြီးတည်းခိုရမှာပေါ့၊ ဒကာကြီးအိမ်မှာလဲ မာတုဂါမတွေ၊ မိန်းမပျိုကလေးတွေရှိတယ်ဆိုရင်တော့ ဘုန်းကြီးတည်းခိုလို့ မသင့်တော်ပါဘူး ဒကာကြီးရယ်”
သူကြီးက ခေါင်းကုတ်လိုက်သည်။
“အရှုင်ဘုရားကို လျှောက်တင်ရမှာတော့ ခက်ရှက်ရှက်ပဲဘုရား၊ တပည့်တော်တို့က အရှင်ဘုရားမဖြစ်သင့်တာမဖြစ်ရအောင်လို့ ကြိုတင်တားမြစ်နေရတာပါဘုရား”
“ဟေ ဒကာကြီး၊ မဖြစ်သင့်တာမဖြစ်ရအောင်လို့ဆိုတော့ ဘုန်းကြီးကျောင်းက ဘာများဖြစ်နေလို့လဲ”
သူကြီးလဲမပြောတတ်တော့ပေ၊ ထို့ကြောင့်လက်ရှိအခြေအနေကိုပြသနိုင်ရန်အတွက် ရွာဦးဘုန်းကြီးကျောင်းသို့ ဆရာတော်အားခေါ်သွားတော့သည်။
(၂)
ဘုန်းကြီးကျောင်းဝင်းကြီးမှာ သော့ခတ်ထားပုံရသည်။ ကျောင်းပတ်ပတ်လည်တွင် ရှေးခေတ်လက်ရာ အုတ်တံတိုင်းများနှင့် ကာရံထားသည်။ ကျောင်းအဝင်ဝမုခ်ဦးကိုလဲ အုတ်နှင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ကျောင်းတိုက်နာမည်ကတော့ ပညာရာမ ကျောင်းတိုက်ဖြစ်သည်။
သူကြီးက သော့တွဲတစ်ခုမှ သော့အိုကြီးတစ်ချောင်းနှင့် မုခ်ဦးအဝင်တံခါးကိုဖွင့်လိုက်သည်။ သူကြီးက တံခါးဖွင့်ပြီး မဝင်သေးဘဲ အချိန်ဆွဲနေသဖြင့် ဦးဇင်းက ကျောင်းတိုက်ထဲခြေချလိုက်သည်။ ကျောင်းဝင်းကြီးတစ်ခုလုံး သစ်ရွက်ခြောက်တွေ မြက်ခြောက်တွေနှင့်တောကြီးလိုဖြစ်နေသည်။ အရိပ်ရအပင်ကြီးတွေကလဲ အုတ်မိုးထားလျှက် အေးစိမ့်နေတော့သည်။
“ဒကာကြီးတို့က ကျောင်းတိုက်ကိုသော့ခတ်ထားတယ်ဆိုတော့ ဒီကျောင်းမှာထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးမရှိဘူးလားကွဲ့”
“တင်ပါ့ဘုရား”
သူကြီးက ခပ်ပြတ်ပြတ်ပင်ဖြေလိုက်ပြီးနောက် ရှေးဟောင်းကျောင်းကြီးတစ်ခုသို့ရောက်ခဲ့ကြသည်။ ထို့နောက် ထိုကျောင်းပေါ်တက်သည့် အုတ်လှေကားကြီးအတိုင်းတက်လှမ်းခဲ့ကြပြီးနောက် ကျောင်းတိုက်တံခါးကို သူကြီးက သော့ဖွင့်လိုက်သည်။ ကျောင်းခန်းမကြီးမှာ ကျယ်ဝန်းလှသည်။ သို့သော်မှောင်မဲနေသဖြင့် သူကြီးနှင့်ရွာသားများက တံခါးတွေလိုက်ဖွင့်ကြသည်။ ပြတင်းပေါက်တွေမှာ မဖွင့်တာကြာပြီဖြစ်သဖြင့် အတော်ကိုအားယူပြီးတွန်းဖွင့်ရသည်။
ပြတင်းပေါက်များဖွင့်ပြီးသောအခါ အမျိုးသမီးအချို့က ကျောင်းတိုက်အတွင်းသန့်ရှင်းရေးလုပ်ကြသည်။ ဘုရားစင်ရှေ့တွင် ဦးဇင်းကထိုင်လိုက်ပြီးနောက် စကျင်ကျောက်ဖြင့်ထုလုပ်ထားသည့် ဘုရားရှင်ရုပ်ပွားတော်အား ဦးချကန်တော့လိုက်သည်။
“အင်း၊ ကျောင်းကြီးကလဲအကောင်းကြီးပါလား၊ ဒါကို ကျောင်းထိုင်မည့်ဘုန်းကြီးမရှိဘူးဆိုတော့ တန်တော့ ဒီရွာသူရွာသားတွေက ဘာသာရေးအသိနဲ့ ကုသိုလ်တရား အားနည်းကျလို့နဲ့တူတယ်”
ဦးဇင်းကထိုသို့တွေးနေမိသည်။ သူကြီးက ရွာသားတွေကို အမိန့်ပေးနေသည်။
“ဟဲ့ မွန်းတောင်လွဲတော့မယ်၊ အရှင်ဘုရားကိုနေ့ဆွမ်းကပ်ရမယ်၊ ပြင်ဆင်ကြဟေ့”
နာရီဝက်ပင်မကြာလိုက်ပေ၊ ဘုန်းကြီးငါးပါးခန့်ထိုင်သည့် စားပွဲဝိုင်းကြီးတွင် ဟင်းခွက်ပေါင်းသုံးဆယ်နီးပါးနှင့် ပြည့်လျှံနေသည်ကိုတွေ့ရသဖြင့် ဦးဇင်းအံ့ဩသွားသည်။ သူမှန်းတာမှားပြီဖြစ်ကြောင်းသိလိုက်ရသည်။
နေ့ဆွမ်းစားပြီးတော့မှ သူကြီးက စကားဆိုတော့သည်။
“အရှင်ဘုရား အခုဒီကျောင်းတိုက်ကြီးမှာ ကျောင်းထိုင်ဘုန်းကြီးမရှိဘူးဆိုတာကို အရှင်ဘုရားလဲထူးဆန်းနေမှာပေါ့”
“အေးကွယ်၊ ဘာ့ကြောင့်များ ကျောင်းထိုင်ဘုန်းကြီးမရှိသလဲ”
“အဖြစ်ကတော့ ဒီလိုပါဘုရား၊ ဒီကျောင်းတိုက်ကြီးထဲမှာ အရင်ကဆို ကျောင်းထိုင်ဘုန်းကြီးနဲ့ အခြားသံဃာတော်တွေ၊ ကိုရင်တွေနဲ့ စည်စည်ကားကားရှိခဲ့ပါတယ်ဘုရား၊ ခန့်မှန်းခြေအားဖြင့် လွန်ခဲ့တဲ့ နှစ်သုံးဆယ်၊ တပည့်တော်တို့ လူရွယ်အရွယ်မှာပေါ့ဘုရား”
သူကြီးကဆက်ပြောသည်။
“အဲဒီနေ့က လေပြင်းတွေထန်ပြီးတော့ သစ်ပင်တွေလဲကျကုန်တယ်ဘုရား၊ ဒါနဲ့အဲဒီလိုအဖြစ်ဖြစ်ပြီးတော့ တစ်လလောက်အကြာမှာ ဒီကျောင်းမှာ နှစ်ပေါင်းနှစ်ဆယ်လောက်ထိုင်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ ရုတ်တရက်ကြီး ပျံလွန်တော်မူသွားပါတယ်ဘုရား”
ဆရာတော်က ခေါင်းညိတ်သည်။
“ဒါနဲ့ ဘာရောဂါနဲ့ပျံလွန်တော်မူသွားတာလဲ”
“တပည့်တော်တို့လဲ မသိပါဘူးဘုရား၊ ဦးဇင်းအငယ်လေးတွေပြောတော့မှသိရတာပါ၊ ဆရာတော်က ပျံလွန်တော်မမူခင်တစ်ရက်ကတောင် အကောင်းကြီးရှိနေသေးတာပါဘုရား၊ ဆရာတော်ကို စစ်ဆေးကြည့်တော့လဲ ထူးခြားတဲ့ရောဂါဝေဒနာမျိုး မတွေ့ရပါဘူး”
“အေးလေ၊ မြတ်စွာဘုရားဟောခဲ့တယ်မဟုတ်လား၊ သေဆုံးခြင်းဆိုတာ အလျှင်မြန်ဆုံးပဲလေ၊ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီပင် သေဆုံးနိုင်တယ်မဟုတ်လား”
“အဲဒီဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်း ကျောင်းတိုက်ထဲမှာ ခြောက်လှန့်မှုတွေဖြစ်တယ်တဲ့ဘုရား၊ အဲဒါနဲ့ ကျောင်းတိုက်ထဲက ဦးဇင်းတွေလဲ လူထွက်တဲ့လူကထွက်၊ ကျောင်းပြောင်းတဲ့ လူကလဲ ပြောင်းနဲ့ အကုန်လုံးလိုလိုထွက်ခွာသွားကြသတဲ့”
“ဒါနဲ့တပည့်တော်တို့လဲ နောက်ဆရာတော်တစ်ပါးကို ကျောင်းထိုင်ခိုင်းပြီး ကျောင်းကိုအပ်ထားတာပေါ့ဘုရား၊ ဒါပေမယ့် အဲဒီဆရာတော်လဲ တစ်လလောက်ပဲကြာလိုက်တယ် ပျံလွန်တော်မူသွားပြန်ရော၊ အဲဒါနဲ့ ရွာကလူတွေလဲ ထူးဆန်းကုန်တာပေါ့ဘုရား”
“တိုက်ဆိုင်တာတွေလဲဖြစ်တတ်ပါတယ် ဒကာကြီးရဲ့”
“ဆက်နားထောင်ပါအုံးဘုရား၊ အဲဒီဆရာတော်ပျံတော်မူပြီးတော့ ခင်ဦးက စာပေကျမ်းဂန်တတ်တဲ့ဆရာတော်တစ်ပါးကို တောင်းပန်ပြီးတော့ ကျောင်းကိုအပ်လိုက်ပါတယ်၊ အဲဒီဆရာတော်ကလဲ ပျိုပျိုမြစ်မြစ်ပါပဲဘုရား၊ သူလဲကျောင်းထိုင်ပြီးရော တစ်လလောက်နေတော့ အရင်ဆရာတော်တွေလိုပဲ ပျံလွန်တော်မူသွားကြောင်းပါဘုရား”
ဦးဇင်းလဲ အံ့ဩသွားပြီး
“ဒါဆိုရင် ဒီကျောင်းမှာ နှောင့်ယှက်နေတာ တစ်ခုခုတော့ရှိရမယ်”
“မှန်ပါ့ဘုရား၊ ဒါကြောင့် ဒီကျောင်းကြီးကို အခုခင်ဦးတစ်ဝိုက်က ဆရာတော်တွေ ဘယ်သူမှကျောင်းမထိုင်ရဲကြတာ နှစ်သုံးဆယ်ခန့်ရှိပြီပေါ့ဘုရား၊ သရက်ကန်ကျောင်းဆိုတာနဲ့ကို သံဃာတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာပေါ့ဘုရား၊ တပည့်တော်တို့ရွာမှာ အလှူ၊ မင်္ဂလာ၊ သာရေး၊ နာရေးရှိတယ်ဆိုရင်တောင်မှ တခြားအနီးအပါးရွာက ဆရာတော်တွေပင့်ဖိတ်ပြီးတော့ လုပ်ရကိုင်ရတာဘုရား”
ဆရာတော်က ကျောင်းဆောင်ကြီးကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသည်။ သူကြီးက ဆက်လက်ပြီး
“ဒါ့ကြောင့်ဆရာတော်လဲ အခုကျောင်းတိုက်အကြောင်းသိသွားပြီမို့၊ ညအိပ်မတည်းခိုဘဲနဲ့ တပည့်တော်အိမ်မှာပဲ တည်းခိုပြီး နောက်နေ့တော့ ဆရာတော်ကြွလိုရာ ကြွပါအရှင်ဘုရား”
သူကြီးအပြောကို ဦးဇင်းက ခေါင်းခါလိုက်သည်။
“ရတယ်ဒကာကြီး၊ ဦးဇင်း ဒီကျောင်းတိုက်မှာပဲနေမယ်”
ဦးဇင်းစကားကိုကြားလိုက်ကြတော့ ရွာမှလူများအကုန် အံ့အားသင့်ကုန်ကြသည်။
“အရှင်ဘုရားအတွက်စိတ်ပူလို့ တပည့်တော်တို့က ပြောရခြင်းဖြစ်ပါတယ်”
“ရတယ် ဒကာကြီးတို့မစိုးရိမ်ပါနဲ့၊ ဦးဇင်းအဆင်ပြေပါတယ်”
“ဒါဖြင့်ရင်လဲ ဦးဇင်းသဘောအတိုင်းပါဘုရား၊ ဒါပေမယ့် ဦးဇင်းတစ်ခုခုဖြစ်သွားရင် ဆက်သွယ်ရမည့်နေရာကလေး တပည့်တော်တို့ကိုတော့ပြေပြခဲ့ပါဘုရား”
ဦးဇင်းက သူကြီးကိုပြောပြီးတော့ ကျောင်းထဲဆင်းခဲ့သည်။ ဆွမ်းစားပြီးဖြစ်သဖြင့် အိမ်သာတက်ရန်အလို့ငှာဆင်းခဲ့သည်။ ထိုအခါ ကုဋီကြီးတစ်လုံးကိုတွေ့လိုက်ရသည်။ ဆရာတော်နှင့်အတူ သူကြီးလဲ လိုက်ပါလာခဲ့သည်။ သူကြီးနောက်က လူငယ်တစ်ယောက်က ရေပုံးတစ်ပုံးကိုရေခပ်လာသည်။
ကုဋီမှာသစ်သားဖြင့်အကြမ်းဆောက်လုပ်ထားခြင်းဖြစ်သည်။ ကုဋီအနောက်ဘက်တွင်တော့ သစ်ပင်ကြီးတစ်ပင်ရှိသည်၊ မယ်ဇယ်ပင်ကြီးဖြစ်သည်။ ဆရာတော်က ထူးဆန်းစွာနှင့် ထိုကုဋီအားကြည့်လိုက်သည်။ ထို့နောက် သူကြီးဘက်သို့လှည့်ကာ
“ဒကာကြီး ဒီကုဋီက ရှိတာကြာပြီလား”
“မှန်ပါ၊ လေပြင်းတွေကျတော့ အရင်ကုဋီဟောင်းပေါ်ကို သစ်ပင်ကြီးပိပြီးတော့ ပျက်သွားပါတယ်၊ ဒါနဲ့ ဒီနေရာမှာ ယာယီအဖြစ် ကုဋီတည်ဆောက်ခဲ့ခြင်းပါ”
စာပေကျမ်းဂန်နှံ့စပ်သောဆရာတော်က ခေါင်းတညိတ်ညိတ်နှင့်
“ဒါ့ကြောင့်ဖြစ်ရမယ်ဒကာကြီးရဲ့၊ ကဲ အခုရွာကလူတွေသွားခေါ်လိုက်ပါ၊ ဒီကုဋီကိုဖျက်ပြီးတော့ ကျင်းကြီးကိုလဲမြေကြီးနဲ့ဖို့လိုက်ကြပါ”
ဆရာတော်ပြောသည့်စကားကို ရွာသူကြီးက နားသိပ်မလည်သော်လည်း ဆရာတော်ခိုင်းသည့်အတိုင်း လူငယ်သုံးယောက်ခေါ်ကာ ကုဋီကိုဖျက်စေသည်။ ထို့နောက် ဆရာတော်ညွှန်ပြသည့် ကျောင်းထောင့်တစ်နေရာတွင် ကုဋီအသစ်ကို ယာယီတည်ဆောက်လိုက်သည်။
ညနေစောင်းလာခဲ့ပြီ၊ ရွာသူရွာသားများကျောင်းတိုက်ထဲတွင် မနေဝံ့တော့၊ ထို့ကြောင့် ဆရာတော်အား ဖယောင်းတိုင်များ၊ အိပ်ရာလိပ်များပေးခဲ့ကြပြီးနောက် ကျောင်းတိုက်အတွင်းမှပြန်ထွက်လာခဲ့တော့သည်။ ထိုဆရာတော်ရောက်နေသည့်သတင်းမှာ ရွာအတွင်းပျံ့နှံ့သွားပြီးနောက် ရွာသားများက ဆရာတော်အခြေအနေအား အလွန်သိချင်သဖြင့် စောင့်ကြည့်နေကြသည်။
(၃)
ရွာသားများပြန်သွားတော့မှ ဆရာတော်က ဘုရားဆီမီးပူဇော်လိုက်ပြီးနောက် ဘုရားဝတ်ပြုနေလိုက်သည်။ နေကလုံးလုံးမဝင်သေးသဖြင့် ပတ်ဝန်းကျင်တွင် အလင်းရောင်အနည်းငယ်ကျန်နေသေးသည်။ ထိုစဉ်မှာပင်ကျောင်းတိုက်ပေါ်သို့ ခြေသံပြင်းပြင်းနှင့် လူတစ်ယောက်တက်လာသည်။ ထိုလူ၏ ခြေသံကို ဦးဇင်းကမှန်းဆလိုက်ပြီးနောက် လူမဖြစ်နိုင်ကြောင်းသိလိုက်သည်။ သို့သော် ထိုခြေသံသည်ဆရာတော်၏ အနောက်သို့ရောက်သောအခါတွင် ပျောက်ကွယ်သွားပြီးနောက် ဘုတ်ခနဲထိုင်လိုက်သံကိုကြားလိုက်ရသည်။ ဆရာတော်၏ ကျောကုန်းကြီးတစ်ခုလုံး ကြက်သီးမွှေးညှင်းတွေထနေမိသည်။
ဆရာတော်လဲ အနောက်သို့လှည့်လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး အစိမ်းရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားပြီး မျက်လုံးနီနီပြူးပြူးကြီးများနှင့် နှာခေါင်းလန်လန်ကြီးရှိကာ အလွန်ပြဲကားနေသည့်ပါးစပ်အတွင်းမှ အစွယ်ဖြူဖြူကြီးတွေ တိုးထွက်နေသည့် ဘီလူးကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ထိုဘီလူးကြီးက ဆရာတော်ကို ရှိခိုးနေသည်။
“ဘာအကြောင်းရှိလို့လဲဘီလူးကြီး”
“မှန်ပါဆရာတော်၊ ကျွန်ုပ်ကတော့ ဒီအနောက်ဘက် မယ်ဇယ်ပင်ကြီးမှာ နေထိုင်နေတဲ့ နတ်ဘီလူးတစ်ပါးဖြစ်ပါတယ်၊ ဆရာတော်ကို ကျေးဇူးတင်လို့ လာရောက်ရခြင်းပါ”
“ဆိုစမ်းပါအုံး”
“တပည့်တော် မယ်ဇယ်ပင်ကြီးမှာနေတာ နှစ်ပေါင်းနှစ်ရာလောက်ရှိပါပြီဘုရား၊ မယ်ဇယ်ပင်က နှစ်တစ်ထောင်အထိ သက်တမ်းရှိတဲ့အတွက် ဒီအပင်ကြီးမှာနေလာတာကြာပါပြီဘုရား၊ လေပြင်းတိုက်တော့ ကျောင်းက ကုဋီတွေပျက်ဆီးသွားပါတယ်၊ ဒါနဲ့တပည့်တော်နေထိုင်တဲ့ မယ်ဇယ်ပင်အောက်နားမှာ ကုဋီလာဆောက်ပြီး အသုံးပြုတော့ တပည့်တော်နေထိုင်တဲ့ နန်းမှာ အလွန်ကိုနံစော်ပြီးတော့ ညစ်ပတ်နေခဲ့ပါတယ်ဘုရား”
“တပည့်တော်လဲ အရင်ဆရာတော်တွေကို ပြောဆိုခဲ့ပါသေးတယ်၊ သို့သော်လည်း အဲဒီဆရာတော်တွေက တပည့်တော်ကို ဘုရားစာတွေရွတ်ပြီး နှင်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်”
“အေးကွယ်၊ ဒကာဘီလူးကြီးကလဲ သည်းခံသင့်တာပေါ့”
“တပည့်တော်သည်းခံခဲ့ပါတယ်ဘုရား၊ တပည့်တော်ရဲ့နန်းကို ဧည့်သည်ဘီလူးတွေလာတဲ့အခါမှာ အနံ့တွေက အလွန်နံစော်တာကြောင့်စားမရ၊ သောက်မရဖြစ်ရတဲ့အထိကို ဖြစ်လွန်းလို့ နောက်ပိုင်းတပည့်တော်လဲမကျေနပ်လို့ ဘုန်းကြီးတွေကို သတ်ဖြတ်ခဲ့မိပါတယ်”
ဆရာတော်က ခေါင်းခါသည်။
“ဪ ဝိပါတ်ရှိတော့လည်း ရှောင်လွှဲမရကြဘူးပေါ့လေ”
“အခုတော့ ဆရာတော် ကုဋီဖယ်ပေးလိုက်တဲ့အတွက်ကြောင့် တပည့်တော်ကျေးဇူးတင်ပါတယ်ဘုရား၊ အနံ့အသက်တွေပျောက်သွားပြီး သန့်ရှင်းသွားအောင် နံ့သာရည်တွေ ပက်ဖြန်းပေးပါဘုရား”
“အေးကွယ်”
မနက်ရောက်တော့ ရွာလူကြီးနှင့်ရွာခံတွေပြေးလာကြသည်။ ဆရာတော့်အခြေအနေကိုလာကြည့်ခြင်းဖြစ်သည်။ ဆရာတော်က အေးဆေးစွာတရားရှုမှတ်နေသည်ကို မြင်ရတော့မှ အာရုံဆွမ်းကပ်ဖို့ပြင်ကြသည်။
“ဆရာတော်ဘုရား ညကဘာမှမဖြစ်ဘူးလား”
“ဘာမှမဖြစ်တော့ပါဘူး ဒကာကြီး၊ ဒီအနောက်ဖက်က မယ်ဇယ်ပင်ကြီးမှာ နတ်ဘီလူးတစ်ကောင်နေတယ်၊ အဲဒီနတ်ဘီလူးကြီးရဲ့ အပင်အောက်မှာ ကုဋီကြီးသွားဆောက်ထားတော့ နတ်ဘီလူးမင်းရဲ့ နန်းမှာလဲ နံစော်ညစ်ပတ်နေတဲ့အတွက် နတ်ဘီလူးက မကျေနပ်လို့ လုပ်တာဖြစ်တယ်”
“ဪ ဒါ့ကြောင့်ကိုး၊ ဒါနဲ့ဆရာတော်ဘုရား ကျန်တဲ့ဆရာတော်တွေလဲ ရဟန်းသံဃာတွေပဲဆိုတော့ သူတို့ကို ဘီလူးက ရန်ပြုနိုင်ပါ့မလား”
“ရဟန်းသံဃာတွေဆိုပေမယ့် လူသားတွေမဟုတ်လား၊ လူသားတွေထက်တော့ နတ်ဘီလူးတွေက ပိုပြီးတန်ခိုးရှိကြတယ်၊ နောက်ပြီးတော့ ဒီဆရာတော်တွေရဲ့ ဝဋ်ကြွေးဝိပါတ် ရှိတာလဲ ပါမှာပေါ့လေ”
“ဒါဆိုရင်လဲဆရာတေ်ကို တပည့်တော်တို့ရွာသားတွေအကုန်လုံး ဆွမ်း၊ ကွမ်းနဲ့ လှူဖွယ်တွေအကုန်လုံး တာဝန်ယူပါ့မယ်၊ ဆရာတော်ဘုရားဒီကျောင်းမှာ ကျောင်းထိုင်အဖြစ်နဲ့ သီတင်းသုံးပေးပါဘုရား”
နောက်ဆုံးရွာမှလူများက တောင်းပန်လွန်းသဖြင့် ဆရာတော်လဲ လက်ခံလိုက်ရတော့သည်။ သို့သော်ရွာသားများမှာသိပ်တော့မယုံရဲသေးကြ၊ တစ်ရက်မှသည် တစ်ပတ်၊ တစ်ပတ်မှသည် တစ်လ၊ တစ်လမှသည် တစ်နှစ်ကြာအောင် ဆရာတော်ဘာမှမဖြစ်တော့မှ ထိုအဖြစ်ကိုယုံကြရသည်။
ထိုအချိန်မှစပြီး နောက်ပိုင်းတွင် သရက်ကန်ရွာဘုန်းကြီးကျောင်းသည် ကျောင်းထိုင်၊ ဦးဇင်းနှင့် ကိုရင်လေးများတို့ဖြင့် ယနေ့ထက်တိုင် အေးအေးချမ်းချမ်းတည်ရှိလျှက်ရှိနေပါတော့သည်။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်