အပိုင်း (၄)
“ငါသခင်ကြီးကို အယုံသွင်းရမယ်၊ ပြီးရင် ဒီထဲကနေထွက်ပြေးရမယ်”
နောက်ရက်များတွင် စည်သူအား လေးစားသွားသူမှာ နွားကြီးဖြစ်သည်။ ကြက်ဖနှင့် နွားကြီးမှာ ညီအကိုတော်စပ်သည်ဟုဆိုသည်။ သို့သော် ညီအကိုအရင်းများတော့မဟုတ်ကြပေ။
“ဒီလိုဗျ၊ ကျုပ်တို့ရွာကလေးက အေးအေးချမ်းချမ်းရှိတဲ့ရွာကလေးပါ၊ ဒါပေမယ့် ဒုတိယအင်္ဂလိပ်ဗမာစစ်ပွဲဖြစ်တော့ ကျုပ်တို့ရွာက လူတော်တော်များများစစ်ထဲပါသွားကြတယ်၊ ကျုပ်နဲ့ ကြက်ဖနဲ့က စစ်အတွင်းမှာ တွေ့ကြတာပေါ့ဗျာ၊ ဒီလိုနဲ့ ရန်ကုန်တိုက်ပွဲမှာ ကျုပ်တို့မရှုမလှရှုံးကြတယ်၊ အဲဒီမှာ ကျုပ်တို့တပ်ပျက်သွားတာပဲဗျာ၊ တောကြီးအတွင်းမှာ ပြေးလွှားကြရင်း နောက်ဆုံး ကျုပ်နဲ့ ကြက်ဖနှစ်ယောက်သာ ပြန်နိုင်ခဲ့ကြတယ်၊ ကြက်ဖက လူပေလူတေတစ်ယောက်ပါ၊ ဒါနဲ့ ကျုပ်တို့ရွာကို ကြက်ဖကို ခေါ်သွားတာပေါ့ဗျာ”
“ဒါပေမယ့် ကျုပ်တို့ရွာရောက်တော့ ရွာကမရှိတော့ဘူးဗျ၊ အိမ်တွေ လယ်တွေအကုန်မီးသင့်နေခဲ့တာ၊ ဒါနဲ့အနီးအနားက ရွာတွေကို မေးကြည့်တော့ တောင်ပေါ်ကနေဆင်းလာပြီးတိုက်တဲ့ ဓါးပြတွေလက်ချက်ဆိုတာ သိလိုက်ရတယ်လေ”
“အဲဒီဓါးပြတွေဆိုတာကလည်း စစ်ဖြစ်လို့ စစ်သားစုတဲ့အခါ စစ်ထဲလိုက်ရမှာကြောက်လို့တောထဲတောင်ထဲ ပုန်းအောင်းနေကြတဲ့သူတွေတဲ့ဗျ၊ ဒါနဲ့ပဲ ကျုပ်နဲ့ ကြက်ဖလည်းဓါးပြတွေကို လက်စားခြေဖို့ တောင်ပေါ်တက်ကြပါရော၊ တောင်ပေါ်ရောက်တော့ သစ်လုံးတွေနဲ့ ခပ်ယိုင်ယိုင်ကာထားတဲ့ ဓါးပြစခန်းကိုတွေ့တာပေါ့ဗျာ၊ ဓါးပြတွေက ရွာတစ်ရွာကိုတိုက်ပြီးတော့ ပျော်မြူးပြီးစားသောက်နေကြတဲ့အချိန် ကျုပ်တို့နှစ်ယောက်လည်း ဓါးပြခေါင်းဆောင်လို့ ထင်ရတဲ့သူကို သတ်လိုက်တာပေါ့ဗျာ”
“ဓါးပြခေါင်းဆောင်သေတော့ ဓါးပြတွေက ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်၊ ဒါနဲ့ကျုပ်တို့ကို ဓါးပြခေါင်းဆောင်အဖြစ် တင်တာပေါ့ဗျာ၊ ကျုပ်ကလည်း သိပ်ပြီးတွေးတတ်တဲ့သူမဟုတ်ဘူးဆိုတော့ ကျုပ်ကို ကြက်ဖကိုပဲ ဓါးပြခေါင်းဆောင်အဖြစ်တင်မြှောက်လိုက်တာဗျ၊ ဒီလိုနဲ့ကျုပ်တို့ တစ်နှစ်လောက် ဓါးပြတိုက်ခဲ့တာပေါ့၊ မကြာပါဘူးဗျာ မင်းကြီးရဲ့အမိန့်နဲ့ ကျုပ်တို့ဓါးပြတပ်တွေကို လာဖမ်းတော့ ကျုပ်တို့ဓါးပြတွေလဲ ထွက်ပြေးကုန်ပြီး နောက်ဆုံးကျုပ်တို့နှစ်ယောက်ကို ဖမ်းလာပြီး သေဒဏ်တပ်တာပေါ့ဗျာ”
စည်သူက တစ်ချက်ရယ်မောလိုက်သည်။ လျှာမရှိသဖြင့် သူ့ရယ်မောသံကြီးမှာ ဩဩကြီးဖြစ်နေလေသည်။ နွားကြီးက စည်သူကိုကြည့်လိုက်ပြီး
“ခင်ဗျားမရယ်နဲ့ဗျ၊ ဓါးပြဖြစ်ရတာ စစ်ထဲလိုက်ရတာထက် ပိုကောင်းတယ်ဗျ၊ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အစားတွေချည်းစားရတာကလား”
စည်သူက ကျောက်သင်ပုန်းကလေးကို ယူလိုက်ပြီး စာရေးကာထောင်ပြလိုက်သည်။ နွားကြီးက ကျောက်သင်ပုန်းအနီးသို့ကပ်လိုက်ပြီး စာလုံးများကို အသေအချာပေါင်းဖတ်နေလေသည်။ နွားကြီးမှာ ပညာနည်းသည်မို့ စာလုံးများကို တစ်လုံးချင်းပေါင်းဖတ်နေသည့်တိုင် မှန်အောင်မဖတ်နိုင်ပေ။
“ဘာတဲ့၊ ငါတို့ ဒီကနေအတူတူထွက်ပြေးကြမယ်၊ ဟုတ်လား”
နွားကြီးက ဖတ်ပြီးအံ့ဩသွားလေသည်။
“ဖြစ်နိုင်ပါ့မလား လင်းနို့ရာ၊ ဒီလောက်လုံခြုံကြပ်မတ်နေတဲ့ထောင်ကြီးထဲကနေ ဘယ်လိုပြေးမလဲ၊ ငါတို့ကိုဖမ်းမိရင် သူတို့တွေက သတ်ပစ်မှာကွ”
စည်သူက ခေါင်းခါလိုက်ကာ စာကိုချရေးပြန်သည်။
“ငါ့မှာနည်းလမ်းရှိတယ်၊ မင်း လိုက်မလား မလိုက်ဘူးလား”
နွားကြီးက ဖတ်ပြီးတော့ ခေါင်းညိတ်လိုက်သည်။
“လိုက်ချင်တာပေါ့၊ လွှတ်ပြီပဲထားပါအုံး ကျုပ်က ဘယ်ကိုသွားမလဲ”
စည်သူက ထပ်မံရေးပြသည်။
“မင်းဒီအတွက်မပူနဲ့ လွတ်သွားရင် မင်းငါ့နောက်လိုက်ခဲ့၊ ငါမင်းကို ကောင်းကောင်းပြုစုမယ်”
နွားကြီးကပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျုပ်အကိုတစ်ယောက်ဆုံးသွားတော့၊ နောက်ထပ်အကိုတစ်ယောက် ထပ်ပေါ်လာတယ်ထင်ပါ့၊ ကောင်းပြီလေ၊ ကျုပ်က ဘာတွေညာတွေ နားမလည်ဘူး၊ ကျုပ်လုပ်ရမှာကိုသာပြော”
စည်သူက ပြုံးရင်းခေါင်းညိတ်လိုက်သည်။ နွားကြီးကလည်း စည်သူကိုကြည့်ရင်းခေါင်းညိတ်လိုက်သည်။
“အကိုကြီး၊ ဒီနေ့ကစပြီး မင်းကို အကိုကြီးလို့ခေါ်မယ်နော် လင်းနို့”
စည်သူက ခေါင်းညိတ်ပြလိုက်ပြန်သည်။
(၉)
တစ်ပတ်ခန့်ကြာသောအခါ သူတို့အလှည့်ကျရောက်လာပြန်သည်။ ဒီတစ်ခေါက်တွင်တော့ နွားကြီး၏ အလှည့်ဖြစ်သည်။ စည်သူအနေနှင့် ပွဲမထွက်ရသော်လည်း ပွဲကြည့်စင်တွင် ထိုင်ကာကြည့်ခွင့်ရှိလေသည်။ သူက ဦးသက်ရှည်အနီးတွင်ထိုင်လိုက်သည်။ ထို့နောက် ကျောက်သင်ပုန်းတွင်စာရေးပြလိုက်သည်။
“ကျုပ်မှာအကြံတစ်ခုရှိတယ်”
ဦးသက်ရှည်က ခေါင်းညိတ်ပြသည်။ စည်သူက ထပ်မံရေးသားလိုက်ကာ ဦးသက်ရှည်ကိုပြလိုက်ပြန်သည်။
“ကျုပ်တို့ ဒီကနေထွက်ပြေးကြမယ်”
ဦးသက်ရှည်က စည်သူအနားသို့တိုးကပ်ပြီး
“ဖြစ်ပါ့မလားကွ”
“ဖြစ်ပါတယ်ဗျာ၊ ကျုပ်တော့ ဒီမှာနေပြီး အခုလိုမျိုး လူအချင်းချင်းတိုက်နေရတာကို မတိုက်ချင်ဘူးဗျာ”
စည်သူရေးပြလိုက်တော့ ဦးသက်ရှည်က ထောက်ခံသည်။
“အေးကွာ၊ ငါလည်း မလွှဲသာလို့သာ တိုက်နေရတယ်၊ စိတ်တော့မပါလှဘူးကွာ၊ ဒီလူတွေက ငါတို့ကို တိရစ္ဆာန်တွေလိုပဲ ဆက်ဆံနေကြတာမဟုတ်လား၊ ငါတို့ကိုလူလို့တောင်သတ်မှတ်တာမဟုတ်ဘူး၊ ငါတို့မှာ တစ်ခါလာ သေနိုးသေနိုးနဲ့ တိုက်နေကြရတာမဟုတ်လား”
“ဒါကြောင့် ကျုပ်ပြောတာပေါ့၊ ကျုပ်က စကားမပြောနိုင်လို့ လူမစုနိုင်ပေမယ့် ခင်ဗျားကတော့ လူစုနိုင်တယ်”
ဦးသက်ရှည်က စဉ်းစားနေသည်။
“လူများလို့ တစ်ယောက်ယောက်ကပြောလိုက်မှဖြင့် ငါတို့အစီအစဉ်တွေအကုန်ပေါက်ကြားသွားမယ်နော်”
“ဒီကလူတွေအကုန်လုံးက ထွက်ပြေးချင်တဲ့လူတွေကြီးပဲ၊ ဒါကြောင့် လူအများကြီးသိစရာမလိုဘူးဗျာ၊ ကျုပ်တို့ကြိုးစားလိုက်တာနဲ့ အနောက်ကနေပြီး လိုက်လာမယ့်လူတွေချည်းဘဲဗျ”
ဦးသက်ရှည်က အတော်ကြာအောင်စဉ်းစားနေသည်။
“ကောင်းပြီလေ၊ ငါတို့ဘယ်လိုလုပ်မလဲ”
တစ်ရက်တော့ ခင်ဗျားနဲ့ကျုပ်နဲ့ ထိပ်တိုက်တွေ့ရမှာမဟုတ်လား၊ အဲဒီနေ့ကျရင် လုပ်ကြမယ်၊ ခင်ဗျားက ဒီလိုလုပ်”
စည်သူမှာ ကျောက်သင်ပုန်းကလေးတွင် စာများရေးပြနေလေသည်။ ဦးသက်ရှည်က စာများကိုဖတ်ရင်း ခေါင်းသာညိတ်နေလေသည်။ နောက်တော့ စည်သူက ဦးသက်ရှည်၏ လက်မောင်းအားဆုပ်ကိုင်လိုက်ရာ ဦးသက်ရှည်ကလည်း စည်သူ၏ လက်မောင်းကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ နှစ်ဦးစလုံး တစ်ယောက်နှင့်တစ်ယောက်လေးနက်ယုံကြည်သည့်အကြည့်များကြည့်လှိက်ကြလေသည်။
ယနေ့ကတော့ နွားကြီးပွဲထွက်သည့်နေ့ဖြစ်သည်။ နွားကြီးမှာ ပုရစ်ဟုခေါ်သည့် လူတစ်ယောက်နှင့် တိုက်ခိုက်ရသည်။ ပုရစ်က အခုန်အပျံလျှင်မြန်လှလွန်းသည်။ နွားကြီးမှာ ထိုအတိုင်းဆိုလျှင် အခြေအနေမကောင်းနိုင်ပေ။ သို့သော် တစ်ချီတွင် ပုရစ်အား နွားကြီးက ဖမ်းချုပ်လိုက်နိုင်ပြီး ပုရစ်ကိုမိုးပေါ်မြှောက်တင်လိုက်ကာ သူ့ဒူးခေါင်းဖြင့်အောက်ကခံပြီး ခါးရိုက်ချိုးလိုက်သည်။ တစ်ဖန် ပုရစ်ကို ချုပ်လိုက်ပြီး သစ်လုံးနံရံနှင့် ရိုက်သတ်လိုက်ရာ ဓါးပင်မလိုအပ်ဘဲ ပုရစ်မှာသေဆုံးသွားလေသည်။
“နွားကြီးကွ၊ နွားကြီးကွ”
သူတို့သခင်ကြီးလည်း အလွန်သဘောကျနေပုံရသည်။ ထိုးကြေးများလည်း နိုင်ပုံရလေသည်။ နောက်တစ်ပွဲက ဦးသက်ရှည်၏ ပွဲဖြစ်သဖြင့် ဦးသက်ရှည်ကိုဆွဲခေါ်သွားကြသည်။ မကြာခင် ပြိုင်ပွဲကွင်းအတွင်းတွင် ဦးသက်ရှည်နှင့် ပြောင်ဟု အမည်ရသည့် လူတစ်ယောက် တိုက်ခိုက်ကြလေသည်။ ဦးသက်ရှည်မှာ ကြောင်ဟု အမည်ခံထားသည့်အတိုင်း အလွန်ပေါ့ပါးနေလေသည်။ ပြောင်ကြီး၏ တိုက်ခိုက်မှုကို လှစ်ခနဲ လှစ်ခနဲ ရှောင်လွှားနိုင်လေသည်။ ထို့နောက် ပြောင်ကြီး၏ ဟာကွက်များကိုတိုက်ခိုက်ရာ ပြောင်ကြီးမှာ မကြာခင်မှာပင် မြေပြင်တွင်လဲကျသွားလေသည်။ စည်သူကတော့ ခါးတောင်းကျိုက်ထားသည့် ဦးသက်ရှည်၏ ပေါင်ရှိ ထိုးကွင်းမင်ကြောင်များအတွင်းမှ ကြောင်ရုပ်ပုံကလေးများကိုကြည့်ရင်း သံသယဖြစ်သွားလေသည်။
“ဒီလူကြီးက ကြောင်ဆေးထိုးထားတာနေမှာ၊ ဒါကြောင့်မို့ ဒီလောက်ပေါ့ပါးနေတာပဲ”
ပြောင်ကြီးလဲကျသွားသည့်အခါ ဓါးကောက်တစ်ချောင်းကို ပစ်ပေးလိုက်ပြန်သည်။ ဦးသက်ရှည်က ပြောင်ကြီးကိုသတ်ဖို့ ဝန်လေးနေဟန်တူသည်။
“ခုတ်ပစ်လိုက်၊ ဖြတ်ပစ်လိုက်”
ပရိသတ်များမှာ အားပေးနေသည်မို့ နောက်ဆုံး ဦးသက်ရှည်လည်း လွှဲရှောင်မရတော့သဖြင့် ပြောင်ကြီး၏ လည်ပင်းကိုခုတ်ဖြတ်လိုက်ရသည်။ သူတို့အနောက်တွင် တိုက်ပွဲများရှိနေသေးသဖြင့် ဦးသက်ရှည်အား ပွဲကြည့်စင်အပေါ်သို့ ပြန်ခေါ်လာကြသည်။ သူ့ကိုယ်တွင် သွေးအလိမ်းလိမ်း၊ ဖုံအလိမ်းလိမ်းနှင့်ဖြစ်နေသည်။ သူ့ရုပ်မှာလည်း တုန်လှုပ်နေပုံရသည်။ စည်သူအနားတွင်လာထိုင်ပြီး ခေါင်းငိုက်စိုက်ချလိုက်လေသည်။
“မင်းအကောင်အထည်ဖော်မယ်ဆိုရင်လည်း မြန်မြန်လုပ်ကွာ၊ ငါတော့ လူတွေထပ်ပြီး မသတ်ချင်တော့ဘူး”
စည်သူခေါင်းညိတ်လိုက်သည်။
တိုက်ပွဲပြီးသည့်အခါ သူတို့ကို ပြန်ပြီးဖမ်းချုပ်လိုက်ကြသည်။ သူတို့အခန်းတွင် လူနှစ်ယောက်သာရှိသော်လည်း သူတို့အကျဉ်းတိုက်အတွင်းရှိ အခြားအကျဉ်းခန်းများထဲတွင် လူအများအပြားရှိသည်။ တိုက်ခိုက်ကြသူ စုစုပေါင်း နှစ်ဆယ်ခန့်ရှိမည်ထင်သည်။ စည်သူက အကျဉ်းခန်းထဲမဝင်ခင် ဦးသက်ရှည်ကို ခေါင်းညိတ်ပြလိုက်သည်။
ဦးသက်ရှည်တို့ အကျဉ်းခန်းက စည်သူတို့အကျဉ်းခန်းလောက်တော့ မကောင်းပေ၊ ထို့အပြင် အကျဉ်းသားငါးဦးခန့် ခွဲဝေနေထိုင်ရလေသည်။ ဦးသက်ရှည်တို့ အကျဉ်းခန်းအတွင်းသို့ ပြန်ရောက်သည့်အခါ အပြာရောင်ဝတ်စုံကိုဝတ်ထားသည့် တရုတ်ကြီးတစ်ယောက် ရောက်လာခဲ့သည်။ ထိုတရုတ်ကြီးမှာ သူတို့သခင်ဖြစ်သည်။ အကျဉ်းခန်းထဲပင်မဝင်ဘဲ တံခါးဝအနီးမှ နေ၍ မတ်တပ်ရပ်နေသည်။ မျက်နှာဖုံးဝတ်ထားသော်လည်း သူ့အသားအရည်၊ စကားသံကိုနားထောင်ပြီး တိုင်းတစ်ပါးမှ တရုတ်ကြီးဖြစ်မှန်း သိလိုက်ရသည်။
“ကဲ ငါ့ရဲ့တိရစ္ဆာန်တွေ၊ မင်းတို့ဗိုက်ဆာပြီမဟုတ်လား၊ ငါ့ကိုတောင်းကြစမ်း”
တရုတ်ကြီးမွေးထားသည့်လူများက တိရစ္ဆာန်များသဖွယ် လေးဖက်ထောက်ပြီး အမျိုးစုံအော်ဟစ်ကြသည်။ ထိုတရုတ်ကြီးက အော်ဟစ်နေသူများကိုကြည့်ကာ ရယ်မောနေလေသည်။ နောက်တော့ ဒေါင်းလန်းကြီးတစ်ခုအတွင်းတွင် ထမင်းများ၊ အသားဟင်းများကို ထည့်ထားပြီး ထိုဒေါင်းလန်းကြီးကို မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။
“စားကြစမ်းငါ့ကောင်ကြီးတွေ၊ မင်းတို့ဒီနေ့အရမ်းတော်တယ်၊ ငါတော်တော်မြတ်လိုက်တယ်၊ ကဲ စားကြ၊ သောက်ကြ”
အကျဉ်းသားများမှာ ငတ်နေသည်မို့ မြေပြင်ပေါ်သို့ကျသည့် ထမင်းများနှင့် ဟင်းများကို အလုအယက်ကောက်ယူကာ စားသောက်ကြသည်။ အကျဉ်းခန်းကြမ်းပြင်က သဲတွေလူးနေသည်မို့ ထမင်းများမှာ သဲအလိမ်းလိမ်း ဖုန်အလိမ်းလိမ်းနှင့် ဖြစ်နေသည်။ ထိုလူများစားနေသည်ကို တရုတ်ကြီးက ကြည့်ပြီးရယ်မောနေလေသည်။ သို့သော် မစားသူကတော့ ဦးသက်ရှည်ဖြစ်သည်။ ဦးသက်ရှည်က အကျဉ်းခန်းထောင့်တွင် ထိုင်နေပြီး တရုတ်ကြီးကို မကျေနပ်သည့် မျက်လုံးများဖြင့်ကြည့်နေလေသည်။ တရုတ်ကြီးက ဦးသက်ရှည်ကိုပြန်ကြည့်ပြီး
“ဟိုကောင် မင်းကမစားဘူးလားကွ”
ဦးသက်ရှည်က မတ်တပ်ရပ်လိုက်ပြီး
“ဒီမှာ တရုတ်၊ ငါတို့ကလူတွေကွ၊ မင်းတို့က တိရစ္ဆာန်နာမည်ပေးထားပြီးတော့ ငါတို့ကို တကယ့်တိရစ္ဆာန်တွေလို ဆက်ဆံနေတာလား”
တရုတ်ကြီးက ဒေါသထွက်သွားသည်။
“အောင်မယ်၊ မင်းလို တိရစ္ဆာန်ကောင်ကများ၊ ငါသာမကယ်ရင် မင်းအခုအချိန်ဆို ခေါင်းပြတ်နေပြီသိရဲ့လား”
“ဟေ့ကောင်တရုတ်၊ ငါကမင်းလို သေမှာကြောက်တဲ့ကောင်လို့ ထင်နေတာလားကွ၊ ဒီလို ခွေးလို နွားလို အသက်ရှင်နေရတာထက်စာရင် သေသွားတာက ပိုပြီးဂုဏ်ရှိတယ်ကွ”
တရုတ်ကြီး ဒေါသထွက်သွားပြီး အနောက်ရှိ သူ့လူထံမှ ကြာပွတ်ကိုလှမ်းယူလိုက်သည်။ ထို့နောက် ဦးသက်ရှည်အား ရိုက်နှက်လေသည်။
“မင်းတို့လိုကောင်တွေက အစာဝတော့ သခင်ကိုပြန်ဟပ်ချင်တာပေါ့ ဟုတ်သလား”
ဦးသက်ရှည်က ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ့ခေါင်းထဲသို့ စည်သူ၏ အကြံအစည်များ ဝင်လာလေသည်။
“အချိန်မရောက်သေးဘူး၊ ငါသေသွားလို့လည်း ငါလွတ်သွားတာပဲရှိမယ်၊ ဒီလူတွေအကုန်လွတ်ဖို့ ငါကြိုးပမ်းရမယ်”
ဦးသက်ရှည်က တွေးမိပြီး ငြိမ်နေလိုက်သည်။ တရုတ်ကြီးက ဦးသက်ရှည်ကို ကြာပွတ်ဖြင့် အားရအောင်ရိုက်လေသည်။ ဦးသက်ရှည်၏ အရေပြားများပဲ့ထွက်ပြီး သွေးများစီးကျလာရာ တရုတ်ကြီးအား သူ့နောက်လိုက်တရုတ်က ဆွဲထားလိုက်သည်။
“မလုပ်ပါနဲ့ဆရာ၊ သူက တန်ကြေးရှိတယ်မဟုတ်လား၊ သေသွားရင် သူ့ကိုဝယ်ထားတဲ့ကျုပ်တို့ငွေတွေ ဆုံးသွားမှာပေါ့”
ထိုတော့မှ တရုတ်ကြီးက လက်ထဲကကြာပွတ်ကို ပစ်ချလိုက်သည်။
“မင်းလို ဗမာကောင်တွေကို ငါသတ်လာတာများပြီကွ သိရဲ့လား၊ မင်းကိုငါအခု မသတ်ဘူးဆိုတာလည်း ငါ့ပိုက်ဆံတွေ ဆုံးမှာစိုးလို့ကွ၊ တောက်”
တရုတ်ကြီးက တောက်ခေါက်ပြီး ပြန်ထွက်သွားရန်ပြင်ဆင်သည်။ အကျဉ်းခန်းတံခါးဝအနီးတွင် ကျနေသည့်ထမင်းများကို အကျဉ်းသားများက ကုန်းပြိးကောက်စားနေကြလေသည်။ တရုတ်ကြီးလည်း ထိုလူများ၏ နံကြားကို ခြေထောက်ဖြင့်ကန်ကြောက်လိုက်ပြီး အကျဉ်းခန်းအတွင်းမှ ပြန်ထွက်သွားလိုက်သည်။ ဦးသက်ရှည်ကတော့ ထမင်းကောက်စားနေသည့် သူများကိုကြည့်လိုက်သည်။
“မင်းတို့ကောင်တွေ မနာတတ်ဘူးလား၊ မင်းတို့တွေမှာ ဂုဏ်သိက္ခာဆိုတာ မရှိဘူးလားကွ”
“ဂုဏ်သိက္ခာဆိုတာ ဗိုက်ဝလို့လား ကြောင်ကြီးရဲ့ ဟား၊ ဟား”
အကျဉ်းသားများက ဦးသက်ရှည်အားကြည့်လျှက် ရယ်မောလိုက်ကြသည်။
“အေးပါ၊ မင်းတို့တွေ စားထားကြစမ်းပါ၊ မင်းတို့ဗိုက်ဝဖို့တစ်ခုအတွက်နဲ့ တိုင်းတစ်ပါးသားက စော်ကားနေတာကို မင်းတို့ ငြိမ်ခံနေမှာလားကွ၊ ငါတော့ အဲဒီထမင်းမစားဘူးကွာ”
ထမင်းကောက်စားနေသည့်သူများက တွေဝေသွားလေသည်။
“ငါကတော့ အခုဆုံးဖြတ်လိုက်ပြီ၊ ဒီထဲကနေ ငါထွက်ပြေးမယ်၊ ငါနဲ့လိုက်ချင်တဲ့သူ လိုက်ခဲ့လို့ရတယ်”
“ကျုပ်တို့ထွက်ပြေးရင် သူတို့မိသွားတော့ ကျုပ်တို့ကိုသတ်မှာပေါ့ဗျ”
“ဟေ့ကောင်၊ မင်းယောက်ျားမဟုတ်ဘူးလား၊ သေရင်လည်းဘာဖြစ်သေးလဲကွာ ငါတို့ဒီမှာဆက်နေရင် တစ်နေ့မဟုတ်တစ်နေ့ ငါတို့သေမှာပဲမဟုတ်လား၊ ငါတို့ ခွေးတွေနွားတွေလို မရုန်းနိုင်တဲ့နေ့ကျရင် သေကြမှာပဲမဟုတ်လား၊ သေမယ့်အတူတူတော့ ငါဖြင့် ဒီလိုထမင်းကောက်စားပြီး တိုင်းတပါးသားရဲ့ စော်ကားမော်ကားလုပ်နေတာကို မခံဘူးကွာ၊ နောက်ပြီး ငါတို့သေသွားတော့ရော ငါတို့ဘာဆုံးရှုံးစရာရှိလဲကွ၊ ဒီတရုတ်သာ သူ့ငွေတွေဆုံးမှာမဟုတ်လား”
ထိုအခါ ထမင်းလုံးကောက်စားသူတစ်ယောက်က မတ်တပ်ရပ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
“ဟုတ်တယ်၊ ကျုပ်အစော်ကားမခံနိုင်ဘူး၊ ကြောင်ကြီးကျုပ်ခင်ဗျားနဲ့ ပူးပေါင်းမယ်”
“ကောင်းပြီ၊ ငါ့နာမည် ဦးသက်ရှည်လို့ခေါ်တယ်ကွ၊ မင်းနာမည်ရော ဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည် ငဒုံး”
“ကောင်းပြီလေ၊ ငါနဲ့ပူးပေါင်းမယ့်သူတွေကို ငါနာမည်ပဲခေါ်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့ကလူတွေ၊ တိရစ္ဆာန်မဟုတ်လို့ပဲကွ”
ထိုအခါ ကျန်သည့်လူများလည်း မတ်တပ်ရပ်လိုက်ပြီး ဦးသက်ရှည်အနီးတွင် မတ်တပ်ရပ်လိုက်သည်။
“ဦးသက်ရှည် ကျုပ်တို့လည်းပါမယ်၊ ကျုပ်တို့က တစ်ချိန်က စစ်သားဟောင်းတွေပါ၊ ကျုပ်တို့လည်း ဦးသက်ရှည်နောက်ကို လိုက်ခဲ့မယ်”
ဦးသက်ရှည်က မတ်တပ်ရပ်လိုက်သည်။
“ကောင်းတာပေါ့ကွာ၊ ငါတို့က ယောက်ျားတွေ၊ စစ်သားတွေကွ သေဖို့ကြောက်တဲ့ကောင်တွေမဟုတ်ဘူး၊ ငါတို့ကို ဘယ်သူကမှ ဗိုလ်ကျလို့မရဘူးဟေ့”
ဦးသက်ရှည်က လက်သီးလက်မောင်းတန်းကာ ဟစ်အော်လိုက်သည်။ ထိုအခါ ကျန်လူများကလည်း အော်ဟစ်လိုက်ကြသည်။ အကျဉ်းတိုက်အတွင်း ဦးသက်ရှည်တို့ အော်ဟစ်သည့်အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်၊ အခြားအကျဉ်းခန်းမှလူများလည်း ဦးသက်ရှည်ပြောစကားများကိုကြားပြီး လက်သီးလက်မောင်းများတန်းကာ ကြွေးကျော်ကြလေသည်။ ထိုအခါ အလွန်ကျယ်လောင်လာသဖြင့် ထောင်စောင့်များ အချုပ်ခန်းအတွင်းသို့ ဝင်လာလေသည်။
“ဟေ့ကောင်တွေ၊ တိတ်တိတ်နေကြစမ်း”
တုတ်များကို ကိုင်ကာ ဝင်ရောက်လာကြပြီး အကျဉ်းခန်းတွင်ကာရံထားသည့် တိုင်များကို ရိုက်လိုက်ကြသည်။ ဦးသက်ရှည်တို့က နည်းနည်းမှပင်မကြောက်တော့ပေ။
“ဘာလဲကွ၊ မင်းတို့က ငါတို့ကိုရိုက်မလို့လား၊ ကဲရိုက်ကြကွာ၊ ရိုက်ရင်လဲ တစ်ခါတည်းသေအောင်သာရိုက်”
“သေအောင်ရိုက်၊ လာစမ်း၊ ငါတို့ကိုလဲ တစ်ခါတည်းသေအောင်ရိုက်”
အကျဉ်းသားများက အော်ဟစ်သည့်အခါ ထောင်စောင့်များက တွန့်ဆုတ်သွားကြသည်။ အကျဉ်းတိုက်အတွင်းမှ အကျဉ်းသားများမှာ ငွေရှင်ကြေးရှင်များက ဈေးကြီးပေးကာ ဝယ်ယူထားသူများဖြစ်သည်မို့ ထိခိုက်ဒဏ်ရာရအောင် မလုပ်ဝံ့ကြချေ။ သို့နှင့် ထောင်စောင့်များမှာ အကျဉ်းတိုက်အတွင်းမှပြန်လည်ထွက်ခွာသွားကြသည်။
“ဟား၊ ဟား၊ ဒီကောင်တွေ ငါတို့ကိုမလုပ်ရဲ့ပါဘူးကွာ၊ ဟား၊ ဟား”
အကျဉ်းသားများ ရယ်မောလိုက်ကြသည်။ ထိုရယ်သံများကိုကြားသည့်အခါ စည်သူက နှစ်နှစ်ကာကာပြုံးလိုက်မိသည်။ နွားကြီးက စည်သူ၏အနားသို့ကပ်လာပြီး
“ဘာတွေသဘောကျနေတာလဲအကိုကြီး”
စည်သူက ကျောက်သင်ပုန်းတွင်ကောက်ရေးလိုက်သည်။
“ငါတို့လွတ်ဖို့ရက် နီးလာပြီကွ နွားကြီးရ”
နွားကြီးက တစ်လုံးချင်းပေါင်းဖတ်လိုက်ပြီးသည့်နောက် ရယ်မောလိုက်လေသည်။
(၁၀)
တရုတ်ကြီးထံသို့ ထောင်မှူးက ရောက်လာလေသည်။ ထောင်မှူးူမျက်နှာသိပ်ပြီးမကောင်းပေ။
“ခင်ဗျား ဘာပြောစရာရှိလို့လဲ ထောင်မှူးရဲ့”
“ခင်ဗျားရဲ့လူတစ်ယောက်က ထောင်ထဲမှာဆူနေတယ်ဗျာ၊ အဲဒါ သူ့ကို ကျုပ်တို့အပြစ်ပေးမှရမယ်”
တရုတ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်ကောင်ဆူနေတာလဲ”
“ကြောင်ပါ”
“အဲဒီကောင်က တစ်ထောင့်နှစ်ရာတန်တယ်နော်ထောင်မှူး၊ ခင်ဗျားတစ်ခုခုလုပ်မယ်ဆိုရင် ကျုပ်ကို တစ်ထောင့်နှစ်ရာ ပြန်လျော်ပါ”
ထောင်မှူး တွေဝေသွားလေသည်။
“လျော်လို့တော့မရပါဘူး တရုတ်ကြီး”
“အေး၊ ဒါဆိုရင်လည်း ငါ့လူကိုမထိနဲ့၊ ထောင်ကဆူတယ်ဆိုရင် ထိန်းရမှာ ထောင်မှူးတို့ တာဝန်မဟုတ်ဘူးလား၊ ကျုပ်လူထိလို့ကတော့ ထောင်မှူး အဲဒီငွေတွေ ပြန်လျော်ရမယ်မှတ်နော်”
“တရုတ်ကြီးကတော့ ပြောရတော်တော်ခက်ပါလား၊ ဒီလူကို အချိန်မီ မတားဆီးရင် တခြားထောင်သားတွေနဲ့ပူးပေါင်းပြီးတော့ ထောင်တွင်းမှာ ပုန်ကုန်မယ်ဗျ”
တရုတ်ကြီးက ထောင်မှူးစကားကိုကြားတော့ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ရယ်လိုက်ရတာ ထောင်မှူးရယ်၊ ခင်ဗျားတို့ထောင်က ဒီလောက်ဖောက်ရတာလွယ်သလားဗျ၊ အဲဒါထောင်ဗျ၊ ရပ်ကွက်မဟုတ်ဘူး၊ ဒီလူတွေကို ထိန်းချုပ်ထားဖို့က ခင်ဗျားရဲ့တာဝန်မဟုတ်လားဗျာ”
ထောင်မှူးအကြပ်ရိုက်နေလေသည်။
“ကျုပ်နောက်ဆုံးအကြိမ်ပြောလိုက်မယ်၊ ခင်ဗျားတို့ဖာသာလုပ်ချင်တာလုပ်၊ ကျုပ် လူကိုထိလို့ကတော့ ကျုပ်က ဒီအကြောင်းတွေကို မင်းကြီးကို လျှောက်တင်လိုက်ရင် ခင်ဗျားတို့ ဘာဖြစ်သွားမယ်ထင်သလဲဗျ”
ထောင်မှူးက သက်ပြင်းချပြိး တရုတ်ကြီးစံအိမ်မှ ပြန်လာခဲ့လေသည်။
သုံးရက်ခန့်ကြာသည့်အခါ သခင်ကြီးက စည်သူတို့ထံ အလည်လာလေသည်။ ထိုအခါ စည်သူက ကျောက်သင်ပုန်းတွင် စာရေး၍ ပြလိုက်လေသည်။
“ကျုပ်ကြောင်နဲ့တိုက်ခိုက်ချင်တယ်၊ ကြောင်ကို စိန်ခေါ်ပေးပါ”
သခင်ကြီးက ရယ်မောလိုက်သည်။
“ကြောင်ကိုမင်းကတိုက်ချင်တယ်ဟုတ်လား”
“ဟုတ်ပါတယ်၊ ကြောင်ကို စိန်ခေါ်ပြီး လောင်းကြေးလည်းများများထည့်ပါ”
သခင်ကြီ်းက စဉ်းစားနေပုံရသည်။ ထိုအခါ စည်သူက ထပ်မံရေးသားလိုက်ပြီး
“ဟိုတစ်ခေါက်က ကျုပ်ပြောတဲ့စကားကို သခင်ကြီးနားမထောင်လို့ လောင်းကြေးတွေ မရလိုက်ဘူးမဟုတ်လား”
စည်သူက ပြောလွန်းသဖြင့် နောက်ဆုံး သခင်ကြီးခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ ဒီတစ်ပတ်တိုက်ပွဲကျရင် မင်းနဲ့ ကြောင်နဲ့ တိုက်ရမှာပေါ့ကွာ၊ မင်းသာနိုင်အောင်လုပ်နော် ဟုတ်ပြီလား လင်းနို့”
စည်သူက ခေါင်းညိတ်လိုက်သည်။
ထိုသုံးရက်ခန့်အချိန်သည် သူ့ဘဝတစ်လျှောက် အလွန်ရှည်ကြာသည့်နေ့ရက်များဟု ထင်နေရသည်။ တစ်နေ့လုံးလုံး သိုင်းလေ့ကျင့်လိုက်၊ အိပ်လိုက်၊ စားလိုက်ဖြင့် အားမွေးရင်း အချိန်ကုန်နေရလေသည်။ သို့နှင့် သူတို့မျှော်လင့်နေသည့် နေ့ရက်သို့ရောက်ခဲ့ပြီဖြစ်သည်။ သူတို့အကျဉ်းသားများအားလုံး တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း အေးဆေးစွာလိုက်ပါခဲ့သည်။ သစ်လုံးကွင်းတွင် အားပေးသူများနှင့် စည်ကားနေလေသည်။ သူတို့အတူတူထိုင်လိုက်ကြသည်။
“ဒီနေ့ကတော့ ပွဲကောင်းတစ်ပွဲရှိပါတယ်၊ အဲဒါကတော့ ပေါ့ပါးလွန်းတဲ့ကြောင်နဲ့ တိုက်တိုင်းအောင်တဲ့ လင်းနို့တို့ရဲ့ပွဲပါ၊ ဒီပွဲကို အရင်ဆုံးစတင်ပါ့မယ်”
အားပေးသူများက အော်ဟစ်လိုက်ကြလေသည်။ မကြာမီ စည်သူနှင့် ဦးသက်ရှည်ကို သစ်လုံးအခန်းတွင်းသို့ခေါ်သွားကြသည်။ လောင်းကြေး၊ ထိုးကြေးများပြီးသည့်အခါ သူတို့ကို သစ်လုံးကွင်းကြီးအတွင်းသို့ ထုတ်ခဲ့ကြလေသည်။ ဦးသက်ရှည်က ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြသည့် တိုက်ခိုက်ရေး အကျဉ်းသားများကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်တော့ တိုက်ပွဲစတင်ပါပြီ”
လင်းကွင်းသံတစ်ချက်ကြားလိုက်ရပြီး တိုက်ပွဲစတင်ပြီဖြစ်သည်။
“လုပ်ကွာလင်းနို့၊ မင်းငါ့ကို မှောက်သွားအောင် တိုက်ပေတော့”
သူတို့နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ကြသည်။ ဦးသက်ရှည်မှာ အလွန်ပေါ့ပါးလွန်းသည်။ စည်သူ၏တိုက်ကွက်များ တစ်ကွက်မှ ဦးသက်ရှည်ကိုမထိပေ။ သို့သော် ဦးသက်ရှည်က အလျော့ပေးသည်မို့ လေးချီအမြှောက်တွင် စည်သူ၏ ပတ်ကန်ချက်တစ်ချက်ကို ဦးသက်ရှည်ထိသွားကာ မြေပြင်ပေါ်သို့ မှောက်ကျသွားသည်။
“ဟေး၊ လင်းနို့ကွ”
ထိုအခါ ထောင်မှူးက ဓါးကောက်ကြီးကိုလှမ်းပစ်ပေးလိုက်သည်။ စည်သူက ဓါးကောက်ကြီးကိုဖမ်းယူလိုက်ပြီးနောက် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။
“ဝူး၊ ဝါး၊ ဝါး”
ထို့နောက် ဓါးကောက်ကြီးဖြင့် ဦးသက်ရှည်ကို ခုတ်မည်ဟုရွယ်လိုက်ပြီးနောက် ဦးသက်ရှည်ကိုမခုတ်ဘဲ ပွဲကြည့်စင်ပေါ်သို့လှမ်းပစ်လိုက်တော့သည်။ နွားကြီးက ဓါးကောက်ကြီးကိုဖမ်းယူလိုက်ပြီး သူ့ခြေထောက်တွင် တပ်ထားသည့် ခြေကျင်းကို ခုတ်ဖြတ်ထည့်လိုက်သည်။ ခြေကျင်းပြတ်သွားသည်နှင့် ပွဲကြည့်စင်ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
ပွဲကြည့်သူများလည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်ဖြစ်သွားသည်မို့ အလွန်အံ့သြနေကြလေသည်။ ထိုစဉ် ထောင်စောင့်များက သစ်လုံးတံခါးကိုဖွင့်လိုက်ပြီး လှံများဖြင့် သူတို့ဆီပြေးဝင်လာလေသည်။ ဦးသက်ရှည်နှင့် စည်သူလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး ထောင်စောင့်များနှင့် တိုက်ခိုက်ကြတော့သည်။ ကွင်းအတွင်းသို့ ပြေးဝင်လာသည့် ထောင်စောင့်ခြောက်ယောက်မှာ စည်သူတို့လက်ချက်ကြောင့် ဇီဝိန်ချုပ်သွားလေသည်။ စည်သူတို့က ထောင်စောင့်များထံမှာ ဓါးများဆွဲပြီး ပွဲကြည့်စင်အပေါ်ဘက်သို့ ပြေးတက်ခဲ့သည်။
ပွဲကြည့်စင်အပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ထောင်မှူးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေသည်။ ပွဲကြည့်သူများမှာ ထွက်ပြေးရန်ကြိုးစားကြသည်။ အကျဉ်းသားများမှာ ထောင်စောင့်များနှင့်တိုက်ခိုက်နေလေသည်။ ဦးသက်ရှည်က လှံကိုကိုင်ရင်း ပွဲကြည့်စင်ပေါ်တွင်ပြေးလွှားနေလေသည်။ စည်သူကလည်း ဦးသက်ရှည်အနောက်မှ ပြေးလိုက်သွားသည်။ ပွဲကြည့်သူ ငွေရှင်ကြေးရှင်များမှာ ကစဉ့်ကလျားဖြင့် လှေကားအောက်သို့ဆင်းပြေးကြလေသည်။ ဦးသက်ရှည်က တရုတ်ကြီးရှေ့တွင်ရပ်လိုက်ပြီး တရုတ်ကြီးကို စိုက်ကြည့်လိုက်သည်။
“မ၊ မလုပ်ပါနဲ့ကွာ၊ ငါ့ကိုချမ်းသာပေးပါ၊ မင်းကို ငါငွေတွေပေးပါ့မယ်”
“ကျုပ်ခင်ဗျားဆီကနေ ငွေမလိုချင်ဘူး”
ဦးသက်ရှည်က လှံကိုပြင်ဆင်လိုက်သည့်အခါ တရုတ်ကြီးမှာ ဒူးတွေတဆတ်ဆတ်တုန်ယင်နေလေသည်။ ထိုစဉ် တရုတ်နောက်မှ လူယုံက ဓါးတစ်လက်ဖြင့် ဦးသက်ရှည်ကိုဝင်တိုက်ခိုက်ရာ ဦးသက်ရှည်က ထိုလူ၏ ဓါးချက်ကိုလှံရိုးဖြင့်ပုတ်ထုတ်လိုက်ပြီး ထိုလူ၏ ရင်ဝသို့ လှံသွားဖြင့်ထိုးစိုက်ထည့်လိုက်သည်။
“သား၊ ငါ့သားလေး”
တရုတ်ကြီးမှာ အော်ဟစ်နေလေသည်။ ဦးသက်ရှည်က လှံကို ဝှေ့ယမ်းလိုက်သည့်အခါ တရုတ်ကြီးမှာ သေးများပင်ထွက်ကျလာပြီး ဘောင်းဘီတွေ စိုရွှဲနေလေသည်။
“ငါကြောက်ပါပြီကွာ၊ ငါ့ကိုချမ်းသာပေးပါ”
“ခင်ဗျားလိုလူကို ကျုပ်ကလွှတ်ပေးရမှာတဲ့လား၊ ဒါကျုပ်တို့မြေ၊ ဒါကျုပ်တို့ပြည်ဗျ၊ ခင်ဗျားတို့လို ကျုပ်တို့မြေမှာလာနေပြီး ဒီရေကိုသောက်၊ ဒီမြေကထွက်တဲ့ဆန်ကိုစားပြီး ဒီပြည်ကလူတွေကို စော်ကားတဲ့ကောင်ကို ကျုပ်က အရှင်ထားရမှာလား”
ဦးသက်ရှည်က လှံသွားဖြင့် တရုတ်ကြီး၏ ဒူးခေါင်းကို ထိုးထည့်လိုက်ရာ တရုတ်ကြီးမှာ မှောက်လျှက်လဲကျသွားသည်။ ထို့နောက် လေးဖက်ထောက်ပြီး ပြေးတော့သည်။ တရုတ်ကြီးပြေးသည်မှာ ဝက်ကြီးတစ်ကောင်နှင့်ပင် တူညီနေလေသည်။ ဦးသက်ရှည်က အံကိုကြိတ်လိုက်ပြီး ပြေးလွှားလိုက်ကာ လှံသွားကို တရုတ်ကြီး၏ ဖင်ထဲသို့ အားဖြင့်စိုက်ထည့်လိုက်တော့သည်။
“အား”
လှံသွားမှာ တရုတ်ကြီး၏ ပါးစပ်မှပြန်ထွက်လာလေသည်။ ထို့နောက် သွေးများအန်ကျလာပြန်သည်။ ဦးသက်ရှည်က လှံကိုအားနှင့် ကောက်ပြီးမယူလိုက်ကာ တရုတ်ကြီးအား ကွင်းအတွင်းသို့ ပစ်ချလိုက်လေသည်။ လှံမှာ တရုတ်ကြီးအား တံကျင်ထိုးထားသကဲ့သို့ စအိုမှဝင်ကာ ပါးစပ်မှဖောက်ထွက်နေသည်။ တရုတ်ကြီးမှာ မသေမရှင်ဖြင့်လူးလှိမ့်နေသေးသည်။
ဦးသက်ရှည်က ထောင်မှူးဆီသို့ ပြေးသွားလိုက်သည်။ ထောင်မှူးက မြေပြင်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး
“ခွင့်လွှတ်ပါ၊ ငါ့ကို ခွှင့်လွှတ်ပါကွာ”
ဦးသက်ရှည်က ထောင်မှူး၏ မျက်နှာကို တံတွေးဖြင့်ထွေးလိုက်သည်။
“စိတ်ချ၊ ခင်ဗျားကို ကျုပ်မသတ်ဘူး၊ ခင်ဗျားရဲ့အပြစ်တွေအတွက် ခင်ဗျားပြစ်ဒဏ်သင့်ရအုံးမှာ”
ထောင်စောင့်များက တဖွဲဖွဲရောက်လာကာ သူတို့ကိုဝန်းရံလေသည်။ သူတို့လည်း သစ်လုံးကွင်းကြီးကိုဖောက်ပြီး အပြင်သို့ပြေးထွက်လာခဲ့သည်။ ဦးသက်ရှည်က လှံတစ်ချောင်းကို ကောက်ယူလိုက်သလို စည်သူအားလည်း ဓါးတစ်လက်ပေးလိုက်သည်။
“တစ်ခြားထောင်သားတွေကိုပါလွှတ်ဟေ့”
စည်သူက အခြားအကျဉ်းတိုက်များအတွင်းသို့ဝင်ကာ အကျဉ်းသားများကိုလွှတ်ပေးလိုက်သည်။ မကြာခင် အုတ်ဖြင့်ပြုလုပ်ထားသည့် မြို့ရိုးအတွင်း အကျဉ်းသားများ စုစည်းမိကြလေသည်။ ဦးသက်ရှည်က လှံကိုဝင့်လျှက် မြို့ရိုးအပေါ်သို့ တက်လိုက်သည်။
“တိုက်ကြကွ၊ ငါတို့ဒီအတိုင်းတော့ အသေမခံဘူး၊ အနည်းဆုံးတော့ လွတ်အောင်ကြိုးစားရင်း အတူတူသေကြတာပေါ့”
အကျဉ်းသားများက အော်ဟစ်လိုက်ကြပြီးနောက် ရရာ တုတ်ဓါး လက်နက်များကိုင်ဆောင်ကာ ချီတက်လာကြသည်။ အုတ်မြို့ရိုးအပေါ်တွင် အကျဉ်းထောင်စောင့်များက တန်းစီလျှက် မြားများဖြင့် ပစ်ခတ်ကြသည်။ အရှေ့တန်းမှ အကျဉ်းသားများမှာ မြားသင့်လျှက် လဲပြိုကုန်ကြလေသည်။ ထိုစဉ် နွားကြီးက အနီးရှိ အဆောက်အဦးတစ်ခုမှ သစ်လုံးတိုင်ကြီးကို ဖြုတ်ယူလိုက်လေသည်။ ထို့နောက် ထိုသစ်လုံးတိုင်ကြီးကို လက်တွင်ကိုင်ထားလိုက်သည်။
“ယား”
ကျယ်လောင်သည့်အသံကြီးဖြင့် အော်ဟစ်လိုက်ပြီး သစ်လုံးတိုင်ကြီးနှင့် အုတ်မြို့ရိုးကိုပိတ်ဆို့ထားသည့် သစ်သားတံခါးကြီးဆီသို့ပြေးလေတော့သည်။
“ဟေ့၊ အားလုံးပဲ အဲဒီကောင်ကိုပစ်ကြ”
မြို့ရိုးပေါ်မှ လေးသမားများက နွားကြီးအား မြားဖြင့်ပစ်ခတ်ကြသည်။ နွားကြီးကတော့ အားမလျှော့ဘဲ ဆက်လက်ပြေးလွှားလိုက်ပြီးနောက် သစ်သားတံခါးကြီးကို သစ်လုံးကြီးဖြင့် တိုက်ချထည့်လိုက်သည်။
“ဝုန်း”
သစ်သားတံခါးကြီးတွင် ခတ်ထားသည့် မင်းတုန်းကြီးများ ကျိုးပျက်သွားကာ တံခါးကြီးမှာပွင့်ထွက်သွားလေသည်။
“တက်ကြဟေ့”
ဦးသက်ရှည်က ခေါင်းဆောင်ပြီး အကျဉ်းသားများမှာ ပြေးတက်သွားကြလေသည်။ မြို့ရိုးတံခါးပွင့်သွားပြီမို့ ထောင်စောင့်များလည်း ကြောက်လန့်ပြီးဆင်းပြေးကြတော့သည်။ စည်သူက နွားကြီးထံသို့ လာခဲ့သည်။ နွားကြီးကိုယ်တွင် မြားအမြောက်အများစိုက်ဝင်နေလေသည်။ စည်သူက နွားကြီးလက်ကိုဆွဲလိုက်သည်။
“အကိုကြီး၊ ကျုပ်မရတော့ဘူး၊ ကျုပ်ကိုထားခဲ့ပါတော့ အကိုကြီး”
စည်သူမှာ မျက်ရည်များပင်စီးကျလာလေသည်။ ထိုအချိန် ဦးသက်ရှည်က စည်သူ၏လက်ကိုဆွဲလိုက်သည်။
“မလုပ်နဲ့တော့လင်းနို့၊ ငါတို့သူ့ကိုထားခဲ့သင့်ပြီ”
ထောင်မှူးဦးဆောင်သည့် ထောင်စောင့်များက အင်အားအလုံးအရင်းဖြင့် ပြေးလိုက်လာကြသည်မို့ စည်သူလည်း နွားကြီးကိုနှုတ်ဆက်ကာ ပြေးထွက်လာခဲ့သည်။ နွားကြီးက သူ့တွင်ရှိနေသည့် အားကိုစုဆောင်းလိုက်ပြီး သစ်လုံးကြီးကို ဆွဲကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အနားသို့ကပ်လာသည့် ထောင်စောင့်များကို သစ်လုံးကြီးနှင့် လွှဲရိုက်လေရာ ထောင်စောင့်များထိခိုက်ကုန်ကြသည်။
“ဒိုင်း၊ ဒိုင်း၊ ဒိုင်း”
မကြာခင် သေနတ်သံများဆူညံသွားလေသည်။ စည်သူက လှည့်ကြည့်လိုက်ရာ ယမ်းငွေ့များကြားတွင် နွားကြီးတစ်ယောက် ဒူးထောက်လျှက် ထိုင်ကျသွားလေသည်။
(၁၁)
အုတ်မြို့ရိုးအတွင်းမှ ထွက်လာပြီးသော် ထောင်စောင့်များ၊ ထောင်အမှုထမ်းများနေထိုင်သည့် အိမ်များရှိသည်။ ထိုအိမ်များကို အကျဉ်းသားများက မီးရှို့ကြလေသည်။ သစ်လုံးခံတပ်တံခါးကို အကျဉ်းသားများက ဖျက်ဆီးလိုက်ပြီးနောက် ထွက်ပြေးကြသည်။ အပြင်တွင်တော့ ရေကျုံးတစ်ခုရှိပြီး ကျုံးကူးတံတားလည်းရှိသည်။ အကျဉ်းသားများအနောက်သို့ ထောင်စောင့်များကလည်း အင်အားစုစည်းကာ လိုက်ပါလာကြသည်။ ထောင်မှူးခေါင်းဆောင်သည့် ထောင်စောင့်တပ်များသည် အင်အားငါးရာခန့်ရှိလေသည်။ ရေကျုံးအတွင်းမှ စည်သူထွက်ပြေးပြီးသော် ဦးသက်ရှည်က နေရစ်ခဲ့လေသည်။
“ငါမလိုက်တော့ဘူးလင်းနို့ရာ၊ အနောက်က လိုက်တဲ့တပ်တွေက နီးနေပြီကွ၊ ဒီအတိုင်းဆိုရင် လွတ်မယ်လို့မထင်ဘူး”
စည်သူက ခေါင်းခါသည်။ စည်သူ၏ လက်များကို ဦးသက်ရှည်က ပုတ်ချလိုက်သည်။
“ငါဒီလောက်အသက်ရှည်ရှည်နေခဲ့ပြီးပြီပဲကွာ၊ ငါဘာကိုမှ မမျှော်လင့်တော့ပါဘူး၊ ငါ ဟောဒီကျုံးကူးတံတားနေ ဒီကောင်တွေကို ခံတိုက်ထားမယ်၊ မင်းတို့ပြေးကြတော့”
အနောက်မှလိုက်လာသည့် တပ်များမှာ နီးကပ်လာပြီဖြစ်သဖြင့် ဦးသက်ရှည်က စည်သူကိုတွန်းထုတ်လိုက်ပြီး ကျုံးကူးတံတားပေါ်သို့ လှံကိုဝှေ့ယမ်းလျှက်ပြေးတပ်သွားလိုက်သည်။ ထောင်စောင့်တစ်ချို့က မြင်းများစီးလျှက် ပြေးလိုက်လာရာ ဦးသက်ရှည်က ထိုမြင်းတပ်သားများကို လှံဖြင့်တိုက်ခိုက်နေလေသည်။
“ပြေးတော့လင်းနို့၊ ပြေးတော့”
အကျဉ်းသားများမှာ ခြေဦးတည့်ရာပြေးကြတော့သည်။ ဦးသက်ရှည်က မြင်းတပ်သားတစ်ယောက်ကိုလှံဖြင့် ပိတ်ထိုးလိုက်ပြီး နောက်ထပ်မြင်းတပ်သားတစ်ယောက်အား လှံရိုးဖြင့်ရိုက်ထည့်လိုက်ရာ မြင်းရောလူရော ရေကျုံးထဲသို့ကျသွားလေသည်။ ထို့နောက် လှံကိုဝင့်လျှက်
“လာစမ်း၊ ငါ့ဆီကိုလာကြစမ်းပါ”
ထောင်စောင့်ဆယ်ယောက်ခန့်က ဦးသက်ရှည်ထံသို့ ပြေးဝင်လာကြသည်။ ဦးသက်ရှည်၏ လှံသိုင်းမှာ အလွန်အစွမ်းထက်လှသည်ဖြစ်ရာ ထောင်စောင့်ဆယ်ဦးမှာ မရှုမလှ အသက်ပေးသွားကြရသည်။ ထောင်စောင့်များမှာ ကျုံးကူးတံတားကိုမဖြတ်သန်းရဲတော့ဘဲ ရပ်တန့်နေလေသည်။ စည်သူလည်း လမ်းအတိုင်းဆက်ပြေးလာခဲ့သည်။ သူနှင့်အတူပြေးလာသူ ငါးဆယ်ခန့်ရှိသည်။
ထိုစဉ်ကျယ်လောင်သည့် သေနတ်သံများကို ကြားလိုက်ရသည့်အခါ ဦးသက်ရှည်ကျဆုံးသွားပြီမှန်း စည်သူသိလိုက်ပြီး အံကြိတ်ကာ မျက်ရည်များကျဆင်းလာခဲ့သည်။ သူတို့၏လွတ်လပ်မှုအတွက် ဦးသက်ရှည်အသက်ပေးသွားခဲ့ရပြီဖြစ်သည်။ သူတို့ဆက်ပြေးလာကြရင်း မကြာခင်တွင် မြင်းများက သူတို့ကိုဝိုင်းလိုက်ကြလေသည်။ မြင်းစီးတပ်သားများဖြစ်ပြီး မီးတုတ်များကိုလည်း ကိုင်ဆွဲထားကြသည်။
“ဟေ့၊ ရပ်လိုက်ကြစမ်း၊ ငါတို့က ကင်းဝန်မင်းရဲ့ မြင်းတပ်သားတွေပဲ”
မြင်းတပ်က သူတို့ကို ဝန်းရံလိုက်သဖြင့် သူတို့အားလုံးပိတ်မိသွားကြသည်။
“ရာဇဝတ်သားတွေ၊ မင်းတို့ရဲ့လက်နက်တွေကို ချလိုက်စမ်းဟေ့”
စည်သူတို့ဝန်းရံမိသွားသဖြင့် ဘာလုပ်ရမှန်းမသိတော့ပေ၊ သူနှင့်အတူပြေးလာသည့် အကျဉ်းသားအချို့မှာ လက်နက်များကိုမြေပေါ်သို့ပစ်ချလိုက်လေသည်။ စည်သူလည်း သူ့လက်ကိုသူကြည့်လိုက်မိသည်။ လက်တွင် သွေးတွေစွန်းနေပြီး ကိုင်ထားသည့်ဓါးပင် လက်မှချမရအောင် စေးကပ်နေလေသည်။
“နောက်ဆုံးတော့ဒါပဲလား၊ လူတွေရဲ့အသက်တွေကိုရင်းပြီးတော့ ထွက်ပြေးလာခဲ့ရတာ နောက်ဆုံးတော့ ဒါပဲလား”
စည်သူတွေးနေမိသည်။ ထိုစဉ် သူ့ကိုလှံများဖြင့်ဝိုင်းချိန်လိုက်ကြသည်။
“ငါနောက်ဆုံးအမိန့်ပေးတာပဲ၊ မင်းတို့လက်နက်တွေကို ချထားလိုက်ကြစမ်း”
“စွီး”
ထိုစဉ်ကောင်းကင်တွင် ကျယ်လောင်သည့်အော်သံကြီးတစ်ခုကို ကြားလိုက်ရသည်။ စည်သူလည်း လန့်သွားပြီး ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။ လရောင်မသဲမကွဲအောက်တွင် ပျံသန်းနေသည့်် လင်းနို့ကြီးတစ်ကောင်ကိုမြင်လိုက်ရသည်။
“ငခမ်း၊ ငခမ်းလား”
အပိုင်း (၅) တွင် ဆက်လက်ဖတ်ရှုပါ။