အပိုင်း (၄)
(၇)
ပေါ်ပေါ်ကြီးတို့သုံးဦးမှာ မိုင်းပွန်မြို့မှနေ၍ ဟိုပုံးရွာကလေးဆီသို့ ခရီးဆက်ကြသည်။ ဟိုပုံးရွာကလေးအား ဖြတ်ကျော်ပြီးသည့်အခါ အနောက်အရပ်ဆီသို့ခရီးဆက်သည်။ ဟိုပုံး၏ အနောက်အရပ်တွင် ဒုံတောင်တီရွာကလေးရှိသည်။ ဒုံတောင်တီရွာကလေးမှာ သေးငယ်သည့် ပအို့ဝ်ရွာကလေးဖြစ်သည်။ ရွာ၏ တစ်ဘက်တွင်တော့ မြင့်မားမတ်စောက်လှသည့်တောင်ကြီးများရှိသည်။ ဒုံတောင်တီဆိုသည်မှာ ပအို့ဝ်အခေါ်ဖြစ်ပြီး ထိုရွာကလေးကို ရှမ်းများက တွမ်တီးရွာဟုခေါ်ကြသည်။ ဒုံတောင်တီရွာကလေးမှာ အင်္ဂလိပ်များ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးသည့်အခါ တောင်တန်းဒေသပေါ်တွင် မြို့သစ်တည်ဆောက်ကာ အစိုးရရုံးစိုက်လေသည်။ ထိုအခါ မြို့အမည်ကို တောင်ကြီးမြို့ဟု အမည်ပေးခဲ့ကြလေသည်။
ဟိုပုံးမှာ ဒုံတောင်တီဆီသို့ လှည်းဖြင့်လာခဲ့ကြသည်။ လှည်းအနောက်တွင်တော့ စွန်ဖြူလေးကို ချည်နှောင်ကာဆွဲလာခဲ့သည်။ ခရီးတစ်လျှောက် မြင့်မားလှသည့်တောင်ကြီးများမရှိဘဲ လွင်ပြင်များ၊ ချိုင့်ဝှမ်းများကို ဖြတ်ကျော်လာခဲ့ကြသည်။ လမ်းတစ်လျှောက် ရွာခြင်းလည်းဆက်နေသလို ခရီးသွားများလည်း များပြားလေသည်။
“ဟိုးအနောက်က မြင်းဖြူကလေးစီးလာတာကတော့ ငါ့အချစ်ဆုံးသူငယ်ချင်းပေါ့ကွာ၊ သူ့နာမည်က ဖီးဖူးတဲ့”
မြင်းကလှည်းအနောက်မှ ဒုန်းစိုင်းစီးနင်းလာလေသည်။ မကြာခင် သူတို့လှည်းအနီးမှဖြတ်သန်းသွားလေသည်။ အသက်ကြီးကြီး အဘိုးကြီးတစ်ယောက် မြည်းကိုစီးနင်းလာခြင်းဖြစ်သည်။ ပေါ်ပေါ်ကြီးနှင့် သူငယ်ချင်းတွေဟုဆိုသော်လည်း သူတို့ကိုတွေ့သည့်အခါ တစ်ခါမှ မသိကျွမ်းဖူးသလို ကြည့်နေလေသည်။ နန်းလုံက
“ဟုတ်ရဲ့လားပေါ်ပေါ်ကြီးရယ်၊ သူကဖြင့် သမီးတို့ကို မသိသလိုကြည့်နေတာမဟုတ်လား”
“ဟား၊ ဟား နတ်ဆေးဆရာတွေရဲ့ ကျင့်ဝတ်မှာ တစ်ယောက်နဲ့တစ်ယောက် မနှုတ်ဆက်ရဘူးဆိုတဲ့ ကျင့်ဝတ်ရှိတယ်”
“ဒါဖြင့်ရင် တစ်သက်လုံးမနှုတ်ဆက်ကြဘူးလား”
“ဒီလိုတော့လည်းမဟုတ်ဘူး၊ လူရှင်းတဲ့နေရာ၊ လူသူမရှိတဲ့နေရာဆိုရင် နှုတ်ဆက်ကြပါတယ်၊ လူကြားထဲဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် မသိသလိုပဲ နေကြတယ်”
ရှဲန်ဆိုင်က မျက်မှောင်ကြုတ်လိုက်ပြီး
“ဘာလို့ အဲဒီလို နေကြတာလဲ ပေါ်ပေါ်ကြီး”
“နတ်ဆေးဆရာဆိုတာ လူသိခံလို့မဖြစ်ဘူးကွ၊ နတ်ဆေးဆရာတွေရဲ့ နောက်ထပ်ကျင့်ဝတ်တစ်ခုက လူသိရှင်ကြား ဆေးကုလို့မရဘူး၊ အရာရာကို ကုသနိုင်တယ်ဆိုရင် တစ်လောကလုံးကလူတွေက ဝိုင်းအုံခဲလာကြမှာပေါ့”
“အဲဒီလိုဖြစ်တော့ရော မကောင်းဘူးလား”
ပေါ်ပေါ်ကြီးက ခေါင်းခါလိုက်ပြီး လှည်းဆွဲနေသည့်မြင်းကို ကြာပွတ်ဖြင့်အသာကလေးရိုက်လိုက်သည်။
“မရဘူးကွ၊ နတ်ဆေးဆရာတွေဆိုတာ လူသိခံလို့မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တို့နတ်ဆေးဆရာတွေရဲ့ ဖခင်ကြီး စိုင်းဟွထိုး ချမှတ်သွားတဲ့ စည်းကမ်းကြောင့်ပဲ”
“ဘာလို့ သူက အဲဒီစည်းကမ်းကို ချမှတ်သွားပါလိမ့်နော်”
ရှဲန်ဆိုင်က တစ်ယောက်တည်းရေရွတ်ရင်း လမ်းဘေးတွင် သွားလာနေကြသည့်လူများကိုကြည့်ရှုနေလိုက်သည်။
“ဘာလို့လဲဆိုတော့ သူကအရမ်းနာမည်ကြီးတဲ့သူမဟုတ်လား၊ သူ့ဘဝနဲ့ရခဲ့တဲ့ သင်ခန်းစာမို့လို့ပေါ့၊ မင်းတို့သိအောင်လို့ သူ့အကြောင်းပြောပြရအုံးမယ်၊ သူက တရုတ်ပြည်တစ်ဝှမ်းနာမည်ကြီးတော့ နောက်ဆုံး ချောင်ချောင်ဆိုတဲ့ နန်းရင်းဝန်ကြီးက သူ့ကိုခေါ်ပြီး ပညာစမ်းတာပေါ့၊ ချောင်ချောင်က နန်းရင်းဝန်ကြီးဆိုပေမယ့် အာဏာအရှိဆုံးသူပဲ၊ ဘုရင်ဆိုတာ သူခိုင်းချင်တိုင်း ခိုင်းလို့ရတဲ့ ရုပ်သေးရုပ်ပဲပေါ့၊ ဒါနဲ့ စိုင်းဟွထိုးက ပညာတွေအကုန်ပြလိုက်တော့ နန်းရင်းဝန်ကြီးက သဘောကျသွားပြီး သူအနှစ်နှစ်အလလခံစားနေရတဲ့ ခေါင်းကိုက်တဲ့ရောဂါကို ကုသခိုင်းတာပေါ့ကွယ်”
“ကုသလို့ပျောက်သွားရော၊ သူက စိုင်းဟွထိုးကို လေးစားသွားသလို၊ ကြောက်လည်းအတော်ကြောက်သွားတယ်၊ ဒီလိုနတ်ဆေးဆရာသာ သူ့ရဲ့ရန်သူတွေကိုကုပေးရင် ဘယ့်နှယ့်လုပ်မလဲပေါ့၊ နောက်ပြီးတော့ ထပ်တွေးတာက သူ့အနားမှာခေါ်ထားရင် သူ့မှာဖြစ်တဲ့ရောဂါတွေကို ကုသပေးရင် သူအသက်ရှည်နိုင်တယ်လို့တွေးပြီး စိုင်းဟွထိုးကို နန်းတွင်းထဲမှာပဲ အကျယ်ချုပ်နဲ့ ဖမ်းချုပ်ထားတာပေါ့၊ ဒါ့အပြင် ဆေးဆရာတို့ရဲ့ဘုရင် တစ်မိုးအောက်တစ်ယောက်ထွန်းတဲ့ နတ်ဆေးသမားတော်ဆိုတဲ့ ဘွဲ့ထူးကိုလည်း ပေးခဲ့တယ်တဲ့”
“နန်းတွင်းထဲမှာ အစားကောင်းတွေစားရတယ်ဆိုပေမယ့်လည်း စိုင်းဟွထိုးက ဘယ်ပျော်ပါ့မလဲ၊ ဒါနဲ့ သုံးနှစ်လောက်အကြာမှာ သူ့မိန်းမနေမကောင်းဖြစ်လို့ ပြန်ပြီးကုသချင်တယ်ဆိုပြီး နန်းရင်းဝန်ကြီးကိုလျှောက်တင်တာပေါ့၊ နန်းရင်းဝန်ကြီးနဲ့လည်း သုံးနှစ်လောက်ခင်ပြီးတာမို့လို့ နန်းရင်းဝန်ကြီးက သူ့ကိုယုံပြီး လွှတ်လိုက်တာပေါ့၊ ဒါနဲ့ပဲ စိုင်းဟွထိုးက ထွက်ပြေးပါရော”
နန်းလုံက သက်ပြင်းချသည်။
“နန်းတွင်းထဲမှာ နေရပြီး သူက ဘာလို့မပျော်တာပါလိမ့်”
“တကယ်တော့ ချောင်ချောင်ဆိုတဲ့လူက အရမ်းရက်စက်ကြမ်းကြုတ်တယ်တဲ့၊ နောက်ပြီးတော့ စိုင်းဟွထိုးထွက်ပြေးမှာစိုးလို့ စိုင်းဟွထိုးကိုထားတဲ့ နန်းဆောင်ရဲ့ လေးဖက်လေးတန်မှာ စစ်သည်တစ်သိန်းစီ အမြဲစောင့်ကြပ်နေသတဲ့ကွယ်၊ ပြီးတော့ သူနဲ့ ဘုရင်ကလွဲလို့ တခြားသူတွေကို ဆေးမကုသပေးရဘူးလို့လဲ ပြောသေးတယ်၊ သမားတော်ဆိုတာ သူများကိုကုသပေးဖို့မဟုတ်လား၊ နန်းတွင်းထဲမှာ အိပ်လိုက်စားလိုက်နဲ့နေရင် ဘယ်လိုလုပ်ပြီး ပညာတွေထက်မြက်တော့မှာလဲ”
“ဟုတ်တော့လည်းဟုတ်တယ်နော်၊ ဒါနဲ့ သူလွတ်သွားလား”
ပေါ်ပေါ်ကြီးက ခေါင်းခါလိုက်သည်။
“ချောင်ချောင်ရဲ့ အာဏာစက်ကကြီးတော့ သူမလွတ်ပါဘူး၊ သူကလည်း နာမည်ကြီးနေတာဆိုတော့ ဘယ်သွားသွား သူ့ကိုလူတွေက သိနေသတဲ့လေ၊ ဒါနဲ့ပဲ ပြန်ပြီးအဖမ်းခံရတာပေါ့၊ ချောင်ချောင်က ဒီတစ်ခါတော့အလွတ်မပေးတော့ပါဘူး၊ စိုင်းဟွထိုးကလည်း ချောင်ချောင်ဆီမှာ မနေချင်ဘူးဆိုတာနဲ့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို ချောင်ချောင်က စိုင်းဟွထိုးကို ခေါင်းဖြတ်ပြီး ကွပ်မျက်စေခဲ့တယ်လေ၊ အနားက ပညာရှိတွေက အတင်းတောင်းပန်ကြပေမယ့် မရပါဘူးကွယ်၊ ဒီလိုနဲ့ပဲ စိုင်းဟွထိုးတစ်ယောက် သေသွားတယ်ဆိုပါတော့”
ရှဲန်ဆိုင်နှင့် နန်းလုံတို့ နှစ်ယောက်စလုံး သက်ပြင်းချလိုက်မိသည်။
“နှမြောစရာကြီးနော်၊ နန်းရင်းဝန်ကြီးက ဘာလို့များသူ့ကိုသတ်ပစ်ပါလိမ့်”
“အာဏာကြောင့်ပေါ့ကွယ်၊ ဒါပေမယ့် စိုင်းဟွထိုးက သူထွက်ပြေးလွတ်မြောက်သွားတဲ့အချိန်မှာ အမြင်မှန်ရခဲ့တယ်၊ ဒါကြောင့်မို့ သူ့တည်ထောင်ထားတဲ့ ဂိုဏ်းကတပည့်တွေကို လူသိအောင်ဆေးမကုရဘူးဆိုပြီးတော့ သစ္စာဆိုခိုင်းတာပဲ၊ စိုင်းဟွထိုးက နာမည်ကြီးဆိုတော့ သူဘယ်သွားသွား လူနာရှင်တွေက အနောက်ကနေ သူတို့ကိုကုသပေးပါဆိုပြီးတော့ အမြဲလိုက်နေတာ၊ ရွာတန်းကြီးလိုဖြစ်နေသတဲ့ကွယ်”
“ဒါကြောင့်လည်း သူအဖမ်းခံရတာပေါ့၊ ဒီလိုလူအုပ်ကြီးနဲ့ဆိုရင် ရှာဖို့လွယ်ကူတယ်မဟုတ်လား”
သူတို့စကားပြောနေရင်း မကြာမီမှာပင် မြင့်မားလှသည့် တောင်ချွန်းကြီးတစ်ခုကိုမြင်ရသည်။ ထိုတောင်အောက်ဘက်ရှိ ကျယ်ပြန့်သည့် ကွင်းပြင်တွင် ဒုံတောင်တီရွာကလေးကို အတိုင်းသားမြင်နေရသည်။ ရွာနံဘေးတွင်လည်း ကျယ်ပြောလှသည့် ရေကန်ကြီးတစ်ခုရှိပြန်သည်။
ရွာကိုသစ်လုံးများဖြင့် ကာရံထားသည်၊ ရွာကလေးမှာ လူသိပ်မရှိဘဲ တိတ်ဆိတ်နေလေသည်။ ရှဲန်ဆိုင်နှင့် နန်းလုံတို့နှစ်ယောက် ရွာကလေးကိုကြည့်ပြီး အံ့သြနေမိကြသည်။
“ညီလာခံရှိတယ်လို့သာပြောတယ်၊ လူလည်းမရှိပါလား၊ သူတို့မရောက်ကြသေးတာလား”
“ငါပြောခဲ့သားပဲ နတ်ဆေးဆရာတွေက လူသိမခံပါဘူးလို့၊ ကဲ လာကြကွဲ့”
ရွာတစ်နေရာတွင် အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်ထိုင်နေလေသည်။ သူတို့လည်း ထိုအဘိုးကြီးရှေ့သို့ရောက်လာခဲ့သည်။ ပေါ်ပေါ်ကြီးက အိတ်အတွင်းမှ ဖိတ်စာဝါးခြမ်းပြားကလေးကို အဘိုးကြီးထံသို့လှမ်းပေးလိုက်ရာ အဘိုးကြီးက ဝါးခြမ်းပြားကိုယူပြီး သူတို့ကိုအသေအချာမော့ကြည့်သည်။
“ဘယ်နှယောက်လဲ”
ပေါ်ပေါ်ကြီးက နန်းလုံကို လက်ညှိုးထိုးပြပြီးနောက်
“ကျုပ်နဲ့သူနဲ့ နှစ်ယောက်ပဲ၊ သူကတော့ ကျုပ်ရဲ့ဆေးပညာဖန်တီးမှုပေါ့”
အဘိုးကြီးက ခေါင်းညိတ်ပြီး အနက်ရောင်ဝါးပြားကလေးနှစ်ခုကိုပေးလိုက်သည်။ ဝါးပြားကလေးမှာ လေးထောင့်ပုံစံရှိပြီး စာသားများလည်းရေးသားထားသေးသည်။
“ရွာနောက်ဘက်က ရေကန်ကြီးဆီကိုသွားပါ”
သူတို့လည်း ရွာမှပြန်ထွက်ပြီး ရေကန်ကြီးဆီသို့လာခဲ့သည်။ ရေကန်ကြီးမှာ အင်းကြီးတစ်ခုအလား အတော်ကြီးမားသည်။ ရေကန်စပ်တွင် ကြီးမားသည့် သစ်ခြောက်ပင်ကြီးတစ်ပင်ရှိကာ နွားကျောင်းသားလေးတစ်ယောက်က သစ်ပင်ခြေရင်းတွင်ထိုင်နေလေသည်။ ထိုအနီးတစ်ဝိုက်တွင် မြက်ရိုင်းများပေါက်နေသည့် မြက်ခင်းပြင်ကြီးရှိကာ ကျွဲများ၊ နွားများက ဟိုတစ်စု ဒီတစ်စု သွားလာနေကြသည်။ ပေါ်ပေါ်ကြီးက နွားကျောင်းသားလေးကို ဝါးတံဆိပ်ပြားလေးနှစ်ခုပြလိုက်ရာ နွားကျောင်းသားလေးက နွားကျောင်းသည့်ကြိမ်လုံးဖြင့် သစ်ပင်ကြီးကိုသုံးချက်ပုတ်လိုက်သည်။ လူကြီးနှစ်ဖက်စာမျှရှိမည့် သစ်ခြောက်ပင်ကြီး၏ ပင်စည်မှာ လှုပ်ယမ်းသွားပြီး သစ်ပင်ကြီးမှာ နှစ်ခြမ်းပွင့်ထွက်သွားလေသည်။ အတွင်းတွင် အလင်းရောင်များကို မြင်တွေ့နေရသည်။ ရှဲန်ဆိုင်နှင့် နန်းလုံလည်း အံ့သြနေမိသည်။
သူတို့ဝင်ရန်ပြင်ဆင်လိုက်သည့်အခါ နွားကျောင်းသားလေးက သူတို့ကိုတားလိုက်သည်။
“တိရစ္ဆာန်တွေ အပြင်မှာဘဲ နေခဲ့ရမယ်”
ပေါ်ပေါ်ကြီးက စွန်ဖြူလေးကိုကြည့်ပြီးနောက်
“ကဲ၊ စွန်ဖြူလေးရေ၊ ဒီစားကျက်မှာ နေခဲ့နော်၊ ခုနစ်ရက်နေရင် ငါတို့ပြန်လာခဲ့မယ်”
စွန်ဖြူလေးက ပေါ်ပေါ်ကြီးပြောသည်ကို နားလည်သည့်အလား စားကျက်ကွင်းအတွင်းသို့ ပြေးထွက်သွားတော့သည်။ သူတို့သုံးယောက်လည်း သစ်ပင်ကြီး၏ ပင်စည်ကိုဝင်ခဲ့သည့်အခါ အတွင်းတွင် ရွာကြီးတစ်ရွာကို မြင်တွေ့လိုက်ရသည်။ ရွာကြီးမှာ စည်ကားနေပြီး ရွာလမ်းမပေါ်တွင် လူအများက တိုးဝှေ့ကာသွားလာနေကြသည်။
“ကဲ သမီးတို့၊ ညီလာခံကနေပြီးတော့ ကြိုဆိုပါတယ်ကွယ်”
ရွာကြီးမှာ အလွန်စည်ကားလှပြီး အဆောက်အဦးများမှာတော့ ရွက်ဖျင်စများဖြင့် ဆောက်လုပ်ထားကြခြင်းဖြစ်သည်။ ရွက်ဖျင်တဲဝိုင်းကြီးများရှိသလို၊ ရွက်ဖျင်တဲအသေးစားကလေးများလည်းရှိသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် လမ်းမကြီးလေးခုရှိသည့်အတွက် သူတို့လည်း လမ်းမကြီးတစ်ခုအတိုင်း ဆက်လျှောက်လာကြသည်။
“ဒါတွေအားလုံးက နတ်ဆေးဆရာတွေချည်းပဲလား”
“ဒါပေါ့ကွယ်၊ နတ်ဆေးဆရာတွေလဲပါသလို သူတို့ရဲ့တပည့်တပန်းတွေလည်း ပါတာပေါ့၊ ဒါပေမယ့် ညီလာခံကိုတော့ တပည့်တစ်ယောက်ကိုပဲ ခေါ်ခွင့်ရှိကြတယ်”
လမ်းမကြီးဘေးတစ်လျှောက် ရွှက်ဖျင်တဲကြီးများအတွင်းတွင် သစ်မြစ်များ၊ ဆေးပင်များ၊ ထူးဆန်းသည့် တိရစ္ဆာန်များနှင့် ဆေးပညာကိရိယာအသုံးအဆောင်များကို လဲလှယ်ရောင်းချနေကြလေသည်။ ရွာလယ်သို့မရောက်မီတွင်ကြီးမားသည့် ရွက်ဖျင်တဲကြီးတစ်လုံးကိုတွေ့လိုက်ရသည်၊ ထိုတဲကြီးအတွင်းသို့ ပေါ်ပေါ်ကြီးက ဝင်သွားသဖြင့် သူတို့လည်းလိုက်ဝင်ခဲ့သည်။
“ဒီတဲကတော့ ညီလာခံကိုလာတဲ့ နတ်ဆေးဆရာတွေ စာရင်းသွင်းတဲ့ တဲပေါ့ကွယ်”
ထိုအခါ ခုနက မြင်းစီးလာသည့် အဘိုးကြီးက ပေါ်ပေါ်ကြီးကို အားရဝမ်းသာပြုံးပြကာ နှုတ်ဆက်လေသည်။
“သူငယ်ချင်း မတွေ့တာကြာပြီနော်”
“အေးကွာ၊ ဖီးဖူးရာ၊ ဒါနဲ့ မင်းကတော့ အရွယ်တင်နေတုန်းပဲ”
ဖီးဖူးဆိုသည့်အဘိုးကြီးက ရှဲန်ဆိုင်တို့နှစ်ယောက်ကိုကြည့်လိုက်သည်။
“မင်းက တပည့်နှစ်ယောက်တောင် ခေါ်လာတာလား”
“မဟုတ်ပါဘူးကွာ၊ ဟိုဘက်က ဗလတောင့်တောင့်နဲ့က ငါ့သမီးကွ နန်းလုံလို့ခေါ်တယ်၊ ဒီဖက်က သတို့သမီးဝတ်စုံနဲ့ကတော့ ငါ့သမီးပဲ၊ သူ့နာမည်က ရှဲန်ဆိုင်တဲ့၊ သူက ဒီတစ်ခေါက်ပွဲမှာ ပြသဖို့ ငါဖန်တီးလာခဲ့တဲ့သူပေါ့ကွာ”
ဖီးဖူးက ရှဲန်ဆိုင်အနီးသို့ တိုးလာကာ ရှဲန်ဆိုင်အား အသေချာကြည့်သည်။
“မင်းရဲ့ ဖန်တီးမှုက ဘာမှလည်းသိပ်ပြီးမထူးခြားသလိုပါလားကွ”
“ဖီးဖူးရာ မင်းတော်တော်ဒုံးဝေးတဲ့ကောင်ပဲ၊ မင်းသူ့လက်ကို ကိုင်ကြည့်ပါလား”
ပေါ်ပေါ်ကြီးပြောသဖြင့် ဖီးဖူးက ရှဲန်ဆိုင်၏ လက်ကိုကိုင်ကြည့်သည်။ ထို့နောက် အလွန်ထိတ်လန့်သွားသည့် မျက်နှာမျိုးဖြစ်သွားပြီး ပေါ်ပေါ်ကြီးကိုလှည့်ကြည့်သည်။
“ဟေ့ကောင်၊ မင်းဟာက ဟုတ်ပါ့မလားကွာ”
“မင်းအံ့သြသွားပြီမဟုတ်လား၊ လာကွာ၊ ငါတို့အတူတူစကားပြောရအောင်”
ပေါ်ပေါ်ကြီးက ဖီးဖူးပုခုံးကိုဖက်ကာ ထွက်သွားရန်ပြင်ဆင်လိုက်သည်။ နောက်တော့ နန်းလုံနှင့် ရှဲန်ဆိုင်ဘက်သို့လှည့်လိုက်ပြီး
“သမီးတို့ ဒီမှာထိုင်နေကြအုံးနော်၊ ပေါ်ပေါ်ကြီး စာရင်းသွင်းပြီးရင် ပြန်လာခဲ့မယ်”
သူတို့လည်း ထိုင်ခုံတန်းတစ်ခုတွင် ထိုင်လိုက်ကြသည်။ ရွက်ဖျင်တဲကြီးအတွင်း နတ်ဆေးဆရာများက အချင်းချင်းစကားပြောနေကြသလို၊ အချို့ကလည်း ငြင်းခုံလျှက်ရှိနေသည်မို့ တဲကြီးတစ်လုံး စကားပြောသံများဖြင့် ဆူညံနေတော့သည်။
နန်းလုံက အသံများကို သည်းမခံနိုင်တော့သဖြင့် မတ်တပ်ထရပ်လိုက်သည်။
“ဘယ်သွားမလို့လဲ”
ရှဲန်ဆိုင်က နန်းလုံကို ကျေနပ်ပုံမရသေးပေ၊ ထို့ကြောင့် ခပ်ပြတ်ပြတ်မေးလိုက်ခြင်းဖြစ်သည်။
“နားငြီးလို့ အပြင်ခဏသွားကြည့်မလို့”
“ပေါ်ပေါ်ကြီးက ငါတို့ကိုဒီမှာပဲ စောင့်ခိုင်းထားတယ်မဟုတ်လား”
ရှဲန်ဆိုင်ပြောသော်လည်း နန်းလုံက ဂရုမစိုက်တော့ဘဲ တဲကြီးအတွင်းမှ ထွက်ခဲ့တော့သည်။
(၈)
လူတွေတိုးဝှေ့နေသည့်် လမ်းအတိုင်း နန်းလုံထွက်လာခဲ့သည်။ နန်းလုံက တစ်သက်လုံး တောထဲတွင်နေလူခဲ့သူမို့ ထိုသို့လူအများစည်ကားနေသည့်အခါ မနေတတ်တောေ့ပ၊ ရွာလမ်းအတိုင်းလျှောက်လာရင်း နောက်ဆုံးရွာလယ်သို့ရောက်ခဲ့သည်။ ရွာလယ်တွင် အလွန်ကြီးများသည့် ရွှက်ဖျင်တဲကြီးတစ်ခုရှိသည်။ ထိုတဲကြီးမှာ ကြီးမားသလို အလွန်မြင့်မားပြီး ရွက်ဖျင်တဲထိပ်ပိုင်းကိုပင် မမြင်ရနိုင်ပေ၊ နန်းလုံလည်း သိချင်စိတ်ကြောင့် ရွက်ဖျင်တဲအတွင်းသို့ ဝင်ရန်ကြိုးစားလိုက်သည်။ ရွက်ဖျင်တဲအဝင်ဝတွင် သစ်လုံးတစ်ခုကို ကန့်လန့်ဖြတ်ပိတ်ထားသော်လည်း နန်းလုံက ခုန်ကျော်ပြီး ဆက်ဝင်လာခဲ့သည်။
“ဝါး၊ တော်တော်ကြီးတာပဲ”
အတွင်းတွင် သဲများဖြင့်ဖြူးထားသည့် ကွင်းကြီးတစ်ခုရှိသည်။ ကွင်းပတ်ပတ်လည်တွင် သစ်လုံးများဖြင့် အထပ်ထပ်တည်ဆောက်ထားသည့် ပွဲကြည့်စင်ကြီးတစ်ခုရှိပြီး လှေကားထစ်များကဲ့သို့ အထစ်လိုက်အထစ်လိုက်နှင့် ဟိုးအမြင့်အထိတည်ရှိနေလေသည်။ တဲကြီးအတွင်းတွင် လူတစ်ယောက်မှမရှိသဖြင့် နန်းလုံအတွက် နားအေးပါးအေးဖြစ်သွားတော့သည်။ သဲကွင်းကြီးအတွင်းသို့ဝင်လာပြီးနောက် ပွဲကြည့်စင်တစ်နေရာတွင် လှဲချလိုက်မိသည်။
“ညီလာခံပြီးလို့ ညနေကျရင် ပွဲစမယ်ဟေ့၊ မင်းတို့ကောင်တွေ သေသေချာချာလုပ်ကြ”
အသံက ပွဲကြည့်စင်အောက်မှ ထွက်လာနေခြင်းဖြစ်သည်။ နန်းလုံလည်း ပွဲကြည့်စင်အောက်ရှိ သစ်သားပြားများ ကြားမှ အောက်သို့ချောင်းကြည့်လိုက်သည့်အခါ အောက်တွင် လူအရိပ်များကိုတွေ့ရသည်။ မီးခွက်တစ်ခုကိုထွန်းထားပြီး လူရိပ်နှစ်ရိပ်မှာ နံရံပေါ်သို့ကျရောက်နေသည်။
“ဓါးတွေကို ထက်နေအောင်သွေးထားကွ”
လူတစ်ယောက်က စကားပြောလေသည်။
“ကျုပ်လည်းသွေးနေတာပါပဲ၊ ဒါနဲ့နေပါအုံး၊ နတ်ဆေးဆရာညီလာခံမှာ ဒီဓါးစက်ကြီးက ဘာလုပ်ဖို့လဲ”
“ဓါးစက်ဆိုမှတော့ကွာ အပိုင်းပိုင်းခုတ်ထစ်ပြီး ဖြတ်ဖို့ပေါ့ကွ”
ထိုလူနှစ်ယောက်စကားပြောနေသည်ကို နန်းလုံကနားထောင်နေရင်း ခဏကြာသည့်အခါ သူ့ပုခုံးကို လူတစ်ယောက်လာပုတ်လေသည်။
“မင်းဘယ်သူလဲ”
“ကျုပ်၊ ကျုပ်လမ်းပျောက်သွားပြီး ဒီထဲကိုရောက်နေတာပါ”
ထိုလူက နန်းလုံကိုသေသေချာချာကြည့်သည်။
“မင်းကလူသစ်ထင်တယ်၊ ဒါကြောင့်မို့လမ်းပျောက်နေတာနေမှာ၊ ထွက်ပေါက်က ဟိုဘက်မှာကွ”
ထိုလူက ထွက်ပေါက်ကိုလက်ညှိုးထိုးပြသည့်အခါ နန်းလုံလည်း ထွက်ပေါက်မှတဆင့်ထွက်လာခဲ့သည်။ ပွဲကြည့်စင်အောက်ရှိ ဓါးစက်များအကြောင်းကို နန်းလုံက ရှဲန်ဆိုင်အားပြောပြရန် အမြန်ပြေးလာခဲ့သည်။ တဲကြီးအတွင်း ဝင်လိုက်သည့်အခါ ရှဲန်ဆိုင်မှာ ထိုင်ခုံတွင် ထိုင်လျက်သွားရှိနေသည်။
“ရှဲန်ဆိုင်၊ နင့်ကိုငါထူးဆန်းတာ တစ်ခုပြောမလို့”
နန်းလုံက ရှဲန်ဆိုင်အနီးသို့ တိုးကပ်လိုက်သည့်အချိန်မှာပင် ပေါ်ပေါ်ကြီးတို့ရောက်လာခဲ့သည်။
“ကဲ၊ ငါ့သမီးတွေ စောင့်ရတာကြာနေပြီလား၊ သွားကြမယ်ဟေ့”
နန်းလုံပြောစရာရှိသည့် စကာများကို မပြောဖြစ်တော့ဘဲ ပေါ်ပေါ်ကြီးအနောက်သို့ လိုက်လာခဲ့တော့သည်။ ပေါ်ပေါ်ကြီးလက်ထဲတွင် အမှတ်အသားများရေးထားသည့် ဝါးခြမ်းကလေးတစ်ခုကိုကိုင်လာခဲ့သည်။ ရွာ၏ လမ်းမကြီးအတိုင်းလျှောက်လာပြီး အနောက်ဘက်သို့သွားလိုက်သည့်အခါ ရွက်ဖျင်တဲအသေးလေးများကို တန်းစီပြီးထိုးထားသည်ကိုတွေ့ရသည်။ ပေါ်ပေါ်ကြီးက နန်းလုံအား ဝါးခြမ်းပြားကလေးပေးလိုက်ပြီး
“သမီးနန်းလုံ၊ ဒီပေါ်က အမှတ်အသားနဲ့ တူတဲ့ရွက်ဖျင်တဲကို ရှာစမ်းဟေ့”
နန်းလုံလည်း ထောင်ချီရှိသည့် ရွက်ဖျင်တဲများအတွင်းပြေးလွှားလိုက်ကာ သူ့လက်ထဲက အမှတ်အသားကိုရှာဖွေနေလေသည်။ ရွက်ဖျင်တဲများ၏ အမိုးဖျင်စပေါ်တွင် အမှတ်အသားများကို ရေးသားထားသည်၊ မကြာခင် သူ့လက်ထဲက အမှတ်အသားနှင့်တူသည့် ရွှက်ဖျင်တဲတစ်လုံးကိုတွေ့လိုက်ရသည်။ ပေါ်ပေါ်ကြီးတို့ကို လှမ်းခေါ်လိုက်ရာ ပေါ်ပေါ်ကြီးတို့က လျှောက်လာပြီး ရွက်ဖျင်တဲအတွင်းသို့ ဝင်သွားလေသည်။
“ငါတို့နားဖို့ နေရာပဲဟေ့၊ ဒီနေရာကို မှတ်ထားကြအုံး၊ တော်ကြာလမ်းပျောက်နေအုံးမယ်”
သူတို့လည်း ပါလာသည့်အထုပ်များကို ပစ်ချလိုက်သည်။ ရွက်ဖျင်တဲကြမ်းပြင်တွင် ဖျာကြမ်းခင်းထားကာ အပေါ်မှ ကော်ဇောတစ်ချပ်ကို ထပ်မံခင်းထားပြန်သည်။ ပေါ်ပေါ်ကြီးက ကော်ဇောပေါ်တွင် ထိုင်ချလိုက်တော့သည်။ နန်းလုံက သူသယ်ဆောင်လာသည့် အထုပ်များကို နေရာချနေရင်း
“ညီလာခံက ဘယ်တော့စမှာလဲ ပေါ်ပေါ်ကြီး”
“ညနေစောင်းတာနဲ့စတော့မှာ၊ ဒါပေမယ့် သမီးတို့ ညီလာခံကိုတက်ခွင့်မရှိဘူး၊ နတ်ဆေးဆရာတွေသာ တက်ခွင့်ရှိတယ်၊ ညသန်းခေါင်ရောက်ရင်တော့ သမီးတို့ ညီလာခံထဲကိုဝင်လို့ရပြီ၊ အဲဒီအချိန်က ဆေးဆရာတွေရဲ့ ဆေးပညာရပ်အသစ်တွေနဲ့ ဖန်တီးမှုအသစ်တွေကို ထုတ်ဖော်ပြသတဲ့အချိန်ပဲ၊ သမီးတို့ အဲဒီအချိန်ကျတော့မှ လိုက်လာခဲ့ပေါ့၊ ရွာလယ်မှာ ညီလာခံကျင်းပမည့် ရွက်ဖျင်တဲကြီးတစ်ခုရှိတယ်”
နန်းလုံကတွေ့ပြီးသော်လည်း ရှဲန်ဆိုင်က မမြင်ဖူးသေးပေ၊ သူတို့လည်း ဆာဆာနှင့် နေ့လည်စာကိုဝယ်စားလိုက်ကြသည်။ ရွက်ဖျင်တဲများအနီးတွင် ချက်ပြုတ်ပြီးသား ထမင်းဟင်းများကို လိုက်လံရောင်းချသည့် လူများရှိလေသည်။ ထမင်းစားနေရင်း ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်ကိုကြည့်လျှက်
“ငါ့အမပေးလိုက်တဲ့ အဆိပ်ဆေးပင်တွေပါတယ်မဟုတ်လားသမီး”
ရှဲန်ဆိုင်ခေါင်းညိတ်လိုက်သည်။
“ပြီးရင် အဲဒီအဆိပ်ဆေးပင်တွေကို အကုန်စားလိုက်တော့သမီး”
ရှဲန်ဆိုင်မျက်လုံးပြူးသွားသည်။
“ဘယ်ဖြစ်မလဲ အဆိပ်ကို ခုနစ်ရက်မစားရင် အဆိပ်ပိုးလောင်းလေး သေသွားမယ်မဟုတ်လား”
“စားမှာသား စားစမ်းပါသမီးရယ်၊ ဒီညီလာခံမှာ အဆိပ်ပင်တွေ ပေါပါတယ်၊ နောက်တော့ ဝယ်စားလို့ရပါတယ်”
ရှဲန်ဆိုင်လည်း ခေါင်းညိတ်လိုက်ပြီး ပလိုင်းကလေးကိုဖွင့်လိုက်ကာ အဆိပ်ပင်များ၊ အဆိပ်ရွက်များကို အကုန်ဝါးစားလိုက်တော့သည်။ ပေါ်ပေါ်ကြီးက ကျေနပ်အားရနေသည့် မျက်လုံးများဖြင့် ရှဲန်ဆိုင်အားကြည့်နေလေသည်။ ထမင်းစားပြီးတော့ ရှဲန်ဆိုင်ကိုခေါ်ပြီး ပေါ်ပေါ်ကြီးက တဲအတွင်းမှ ထွက်သွားရန်ပြင်ဆင်သည်။
“သူ့ကိုဘယ်ကိုခေါ်သွားမလို့လဲ ပေါ်ပေါ်ကြီး”
နန်းလုံက ထမေးသည်။ ပေါ်ပေါ်ကြီးကပြုံးရင်း
“သမီးရှဲန်ဆိုင်ကို ဆေးပညာဖန်တီးမှုအတွက် ပြသရမှာဆိုတော့ သူ့ကိုစာရင်းသွင်းပြီး လုပ်စရာရှိတာလေးတွေ လုပ်ဖို့လိုတယ် သမီးနန်းလုံ၊ ဘာမှမပူပါနဲ့၊ ဟောဒီ ဝါးတံဆိပ်ပြားကလေးကိုယူထား၊ ညသန်းခေါင်ရောက်ရင် ရွာလယ်က ညီလာခံဆီကို သမီးလာခဲ့လိုက်နော်”
ရှဲန်ဆိုင်နှင့် ပေါ်ပေါ်ကြီးတို့နှစ်ဦး ရွက်ဖျင်တဲအတွင်းမှ ထွက်ခွာသွားသည်။ နန်းလုံကတော့ ဝါးတံဆိပ်ပြားကလေးကိုကြည့်ရင်း စိတ်ထဲမကျေမနပ်ဖြစ်လာသည်။
“ငါကျတော့ လိုက်လို့မရဘူး၊ သူ့ကိုကျတော့ခေါ်သွားတယ်၊ သူက ဘာမို့လို့လဲ”
နန်းလုံက ကြမ်းပြင်တွင်အိပ်ချလိုက်သည်။ ထို့နောက် သူ့လက်များကိုသူပြန်ကိုင်ကြည့်သည်။
“ဘာပဲဖြစ်ဖြစ်ပါ၊ ညီလာခံပြီးရင် ပေါ်ပေါ်ကြီးက ငါ့ကိုမိန်းမကိုယ်လုံးလေး တပ်ပေးမယ်လို့ပြောတယ်မဟုတ်လား။ ငါသည်းခံပြီးတော့ စောင့်ရမှာပေါ့”
ခရီးပန်းလာသည်မို့ နန်းလုံလည်း အိပ်ပျော်သွားတော့သည်။
ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်ကို ဦးဆောင်လျှက် ရွက်ဖျင်တဲကလေးများဆီသို့ ဖောက်ထားသည့် လမ်းကလေးအတိုင်းလျှောက်လာခဲ့သည်။ ထိုအခါ သူ့ရှေ့တွင် အနက်ရောင်အဝတ်အစားများဝတ်ထားကာ ခေါင်းတုံးပြောင်ပြောင်နှင့် လူကြီးတစ်ဦးလာရပ်လေသည်။ ထိုလူက ပေါ်ပေါ်ကြီးအား စူးရဲသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ပေါ်ပေါ်ကြီးက ထိုလူကိုကြည့်လိုက်ပြီး ပြုံးနေလေသည်။
“မောက်မောက်ကြီး၊ ငါ့ညီ မတွေ့တာတောင် ကြာပြီနော်”
မောက်မောက်ကြီး၏ အနောက်တွင် ထောင်ထောင်မောင်းမောင်းနှင့်လူကြီးတစ်ယောက်က ဝတ်ရုံနက်ကြီးကိုတစ်ကိုယ်လုံးခြုံကာ မတ်တပ်ရပ်နေလေသည်။
“အကိုကြီး၊ အကိုကြီးကိုကျုပ်ပြောစရာရှိတယ်”
“ဘာလဲကွ၊ မင်းငါ့ကိုစိန်ခေါ်အုံးမလို့လား၊ ဒီတစ်ခါတော့ ငါမင်းကို မရှုံးတော့ပါဘူးကွာ”
မောက်မောက်ကြီးက အရှေ့သို့တိုးကပ်လာသည်။
“အဲဒီကိစ္စတွေအသာထားစမ်းပါဗျာ၊ အခုကိစ္စက ပိုပြီးအရေးကြီးတယ်၊ အကိုကြီးဘာလို့ ဆမန်းကောင်တွေကို သွားပြီးတိုက်ခိုက်ရတာလဲ”
ပေါ်ပေါ်ကြီးက ခေါင်းညိတ်လိုက်ပြီး
“ငါကတိုက်တာမဟုတ်ပါဘူးကွာ၊ ဒီကောင်တွေက ငါ့ကိုအရင်တိုက်တာပါကွ”
“ဒါဖြင့်ရင်လည်း သူတို့ကို တခြားနည်းလမ်းနဲ့မလုပ်ဘဲနဲ့ ဘာလို့ ငွေအပ်တွေသုံးတာလဲ”
“သုံးတော့ဘာဖြစ်လဲကွ”
“ဘာဖြစ်ရမလဲဗျာ၊ အခု ညောင်ရွှေက ဆမန်းကျားဖြူသခင်မက အကိုကြီးကို လိုက်ရှာနေတယ်”
ပေါ်ပေါ်ကြီးက ရယ်မောလိုက်ပြီး
“ဟား၊ ဟား ငါကသူ့ကိုကြောက်စရာလားကွ”
“ကြောက်စရာတော့မဟုတ်ပေမယ့် ဆမန်းကောင်တွေနဲ့သွားမပတ်သက်သင့်ဘူးအကိုကြီး”
ပေါ်ပေါ်ကြီးက မောက်မောက်ကြီးမျက်လုံးများကို အသေအချာကြည့်လိုက်ပြီး
“မင်းကကျတော့ ဆမန်းကောင်နဲ့လက်ထပ်ခဲ့ပြီး ငါ့ကိုကျတော့ မပတ်သက်ပါနဲ့တဲ့လားကွာ၊ မင်းဟာက တော်တော်တရားမျှတာပဲဟေ့”
ပေါ်ပေါ်ကြီးက စကားနာထိုးလိုက်သဖြင့် မောက်မောက်ကြီးမှာ စိတ်ဆိုးသွားပုံရသည်။ ထို့ကြောင့် တစ်ဖက်သို့လှည့်လိုက်ပြီး
“ကျုပ်က အကိုကြီးကို သတိပေးရုံပဲ၊ အခု သတိပေးပြီးပြီဆိုတော့ ကျန်တာ အကိုကြီးလုပ်ချင်သလိုဆက်လုပ်ပါ”
မောက်မောက်ကြီးက သူ့လက်ထဲမှ ငွေအပ်ကလေး လေးချောင်းကို ပေါ်ပေါ်ကြီးဆီသို့ လက်ပြန်ပစ်ပေးလိုက်သည်။ ပေါ်ပေါ်ကြီးက အမှတ်မထင်ထားသည်မို့ အံ့သြနေသည့်အချိန်တွင် ရှဲန်ဆိုင်၏ ဦးခေါင်းမှ ဘဝဲလက်တံများထွက်လာပြီး ငွေအပ်လေးချောင်းကိုဖမ်းယူလိုက်လေသည်။
“ဒီမှာ ငါ့ညီ၊ မင်းကိုငါ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့်၊ ဒီတစ်ကြိမ်တော့ ငါပြန်ပြီးအနိုင်ယူပြမယ်ကွ”
“ဒါဆိုလည်း တွေ့ကြသေးတာပေါ့ အကိုကြီးရာ”
မောက်မောက်ကြီးထွက်သွားပြီး ခဏကြာတော့မှ ပေါ်ပေါ်ကြီးနှင့် ရှဲန်ဆိုင်လည်း ထွက်လာခဲ့ကြသည်။ ရှဲန်ဆိုင်က ပေါ်ပေါ်ကြီးကို စကားပြောချင်သော်လည်း ပေါ်ပေါ်ကြီးမှာ အလွန်စိတ်ဆိုးနေပုံရသဖြင့် တိတ်တိတ်ကလေးလိုက်လာခဲ့တော့သည်။ ရွာရှိလမ်းမကြီးများတွင် လူများရှင်းသွားပြီဖြစ်သည်၊ ရွာလယ်မှ ညီလာခံရွက်ဖျင်တဲကြီးကို အတိုင်းသားမြင်နေရသည်။ ရွက်ဖျက်တဲထဲမဝင်ခင် ပေါ်ပေါ်ကြီးက ရွက်ဖျင်တဲအနောက်သို့ သွားလိုက်ပြီး ရှဲန်ဆိုင်အား ထိုလူများလက်သို့အပ်လိုက်သည်။
“ဒါ ငါ့ရဲ့ဖန်တီးမှုပဲ”
ထိုလူများက ရှဲန်ဆိုင်၏ လည်ပင်းတွင် တံဆိပ်ပြားကလေးတစ်ခုကို ကြိုးဖြင့်ချည်ဆွဲပေးလိုက်သည်။
“သူ့နာမည်ကရော”
ပေါ်ပေါ်ကြီးက စဉ်းစားလိုက်ပြီး
“သေမင်းရဲ့သတို့သမီးလို့ နာမည်ပေးလိုက်ပေါ့ကွာ”
ထိုလူများက စာအုပ်တွင် ရေးမှတ်လိုက်ပြီးနောက် ရှဲန်ဆိုင်လက်ကိုဆွဲလိုက်သည်။ ရှဲန်ဆိုင်က ထိုလူများကိုင်သည့်အခါ ရုန်းကန်လိုက်လေရာ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်အနီးသို့ကပ်လိုက်ပြီး
“သမီးရှဲန်ဆိုင်၊ သူတို့နဲ့လိုက်သွား၊ သူတို့ကသမီးကို ဘာမှမလုပ်ပါဘူး၊ သန်းခေါင်ရောက်ရင် ပေါ်ပေါ်ကြီးနဲ့ ပြန်တွေ့ကြတာပေါ့”
ပေါ်ပေါ်ကြီးပြောသဖြင့် ရှဲန်ဆိုင်ငြိမ်နေရသည်။ ထိုလူသုံးယောက်က ရှဲန်ဆိုင်အား ရွှက်ဖျင်တဲအတွင်းသို့ဆွဲသွင်းလိုက်သည်။ ထို့နောက် သစ်လုံးများကာရံထားသည့် အခန်းငယ်ကလေးအတွင်းသို့ထည့်လိုက်ကာ အခန်းတံခါးကို ပိတ်လိုက်လေသည်။ အခန်းကလေးမှာ အတော်ကျဉ်းသည်၊ ရှဲန်ဆိုင်လည်း အခန်းကြမ်းပြင်တွင် ငုတ်တုတ်ထိုင်လျှက် စောင့်ဆိုင်းနေရသည်။
(၈)
“တောက်”
နန်းလုံက တောက်တစ်ချက်ခေါက်လိုက်ပြီး အိပ်နေရာမှာ ကုန်းထလိုက်သည်။ သူ့ခေါင်းရင်းအနီးတွင် အသံများက ဆူညံနေလေသည်။ သို့နှင့် ရွက်ဖျင်တဲအတွင်းမှထွက်ခဲ့လိုက်သည်။
“နင်တို့ဘာတွေဆူညံနေကြတာလဲ၊ ငါအိပ်လို့မရဘူးဟဲ့”
နန်းလုံတို့ ခေါင်းရင်းဘက် ရွက်ဖျင်တဲအတွင်းမှ အသံတွေထွက်နေခြင်းဖြစ်သည်။ နတ်ဆေးဆရာများ ညီလာခံတက်သွားကြရာ သူတို့နှင့် လိုက်ပါခဲ့သည့် တပည့်တပန်းများမှာ ရွက်ဖျင်တဲများအတွင်း ကျန်နေခဲ့ကြခြင်းဖြစ်သည်။ ယခုလည်း ထိုတပည့်များစုပေါင်းမိပြီး သောက်စားနေကြခြင်းဖြစ်မည်။ နန်းလုံအော်လိုက်သော်လည်း ထိုတဲမှ အသံက တိတ်မသွားသဖြင့် နန်းလုံလည်း ဒေါသထွက်ထွက်နှင့် ရွှက်ဖျင်တဲအမိုးကို ဆွဲပြီး အားနှင့် မထည့်လိုက်ရာ ရွက်ဖျင်တဲကြီးမှာ ပြိုလဲသွားတော့သည်။ ရွက်ဖျင်တဲအတွင်း ထိုင်ကာ ခေါင်ရည်သောက်နေကြသည့် ယောက်ျားလေးဦးတို့မှာ နန်းလုံအား အံ့အားသင့်စွာနှင့် ကြည့်နေလေသည်။
“တောင်းပန်ပါတယ်နောင်ကြီးရာ၊ ကျုပ်တို့နည်းနည်းဆူသွားတယ်”
လူတစ်ယောက်က တောင်းပန်သော်လည်း ကျန်သည့်လူတစ်ယောက်က မတ်တပ်ရပ်ထလိုက်သည်။
“အောင်မာ၊ ဟေ့ကောင်ငမူး၊ သေသေချာချာကြည့်စမ်းပါကွ၊ ဒီရုပ်ကြီးက နောင်ကြီးလား”
ထိုလူက နန်းလုံ၏ မျက်နှာကိုလက်ညှိုးထိုးပြီးပြောချင်းဖြစ်သည်။ ကျန်သူများကလည်း နန်းလုံကိုဝိုင်းကြည့်သည်။
“အောက်က ကိုယ်လုံးက ကျားကျားလျားလျားကြီးနဲ့ အပေါ်က မိန်းမခေါင်းကြီးပါလားကွ၊ ဒီလောက်ဗလတောင့်တဲ့ ကောင်မလေးမျိုးဆိုရင် ဘယ်ယောက်ျားမှ ကြိုက်မှာမဟုတ်ဘူးကွာ၊ ဟား၊ ဟား”
နန်းလုံ အလွန်ဒေါသထွက်နေမိသည်။ နောက်ထပ်လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး နန်းလုံအနီးသို့တိုးကပ်လာကာ နန်းလုံ၏ ပေါင်ကြားထဲသို့ လက်ကိုထိုးသွင်းကာ စမ်းလိုက်လေသည်။
“ဟာ၊ ဟေ့ကောင်တွေ၊ သူက မိန်းကလေးမဟုတ်ဘူးကွ၊ သူ့မှာ ငါတို့လိုဟာကြီးပါတယ်ဟေ့”
ထိုလူက အံ့သြစွာအော်ပြောလိုက်သည့်အခါ ကျန်သည့်သူများက ရယ်မောလိုက်ကြသည်။
“ဒါဆိုရင် မိန်းမလျာကြီးပေါ့ကွာ၊ ကျားကျားလျားလျားကြီးနဲ့ မိန်းမစိတ်ပေါက်နေတာပေါ့၊ ဟား၊ ဟား”
နန်းလုံသည်းခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်ရာ သူ့ပေါင်ကြားကို ဆွဲကိုင်ထားသည့် လူအား ဂျိုင်းမှကိုင်ကာ လက်နှစ်ဖက်ဖြင့် လေပေါ်သို့မြှောက်တင်လိုက်လေသည်။ ထိုလူလည်း ရုတ်တရက်တိုက်ခိုက်ခံရသည်မို့ နန်းလုံလက်ထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်။ နန်းလုံက ဒူးတစ်ဖက်ထောက်လျှက် ထိုင်ချလိုက်ပြီး ထိုလူအားသူ့ဒူးခေါင်းပေါ်သို့ ပစ်ချကာ ခါးကိုလှန်ချိုးလိုက်လေသည်။ ထိုလူက ကျယ်လောင်စွာအော်ဟစ်ပြီးနောက် မြေပေါ်သို့လဲကျသွားသည်။
ကျန်သည့် အမူးသမားနှစ်ဦးမှာ နန်းလုံဆီသို့ပြေးလာကာ လက်သီးနှင့်ထိုးကြသည်။ နန်းလုံက ထိုလူနှစ်ဦး၏ ခေါင်းကို လက်ဖြင့်ဖမ်းချုပ်ကိုင်လိုက်ပြီး သူတို့ခေါင်းနှစ်လုံးကို အချင်းချင်းအားပြင်းပြင်းနှင့် တိုက်ပေးလိုက်ရာ ဆယ်ချက်ခန့်တိုက်ပြီးသော် ထိုလူနှစ်ယောက်၏ ဦးခေါင်းခွံများမှာ တစ်စစီကြေကွဲသွားကြလေသည်။ မြေတွင်ထိုင်နေသည့်် ကျန်သည့်လူမှာ အော်ဟစ်လျှက် ထွက်ပြေးသွားတော့သည်။
“လူသတ်သမား၊ ဒီမှာ လူသတ်သမားဗျို့”
နန်းလုံက ထိုလူနောက်သို့ပြေးမလိုက်တော့ပေ၊ သို့သော်လည်း ပြန်အိပ်ချင်စိတ်မရှိတော့ပေ၊ မြေပြင်တွင်လည်း ခါးကျိုးနေသည့်လူက တွန့်လိမ်နေသလို၊ ကျန်သည့်လူနှစ်ဦးကလည်း ဦးခေါင်းများပြားချပ်လျှက် လဲကျသေဆုံးနေလေသည်။ နန်းလုံလည်း ထိုတော့မှ ထိတ်လန့်သွားပြီး ရွက်ဖျင်တဲများကိုဖြတ်ပြေးလာကာ ညီလာခံကျင်းပသည့် တဲကြီးဆီသို့ ပြေးလာခဲ့တော့သည်။
ရှဲန်ဆိုင်တစ်ယောက်ထိုင်နေရင်း အသံမျိုးစုံကိုကြားနေရသည်။ ညီလာခံသို့ တက်လာသည့် နတ်ဆေးဆရာများမှာ ဆေးပညာအကြောင်းများကို ဆွေးနွေးနေကြသလို ရှေ့ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကိုလည်း ဆွေးနွေးနေကြသည်။ မကြာမီ သန်းခေါင်အချိန်သို့ကျရောက်လာခဲ့သည်။ ညီလာခံကြီးအတွင်းမှ လူများက ဟစ်အော်လျှက် ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြသည်။ ထို့နောက် လူသုံးယောက်က ရှဲန်ဆိုင်အား လာရောက်ခေါ်ဆောင်လေသည်။ သစ်လုံးများဖြင့် ကာရံထားသည့် လျှောက်လမ်းကလေးအတိုင်း လျှောက်လာပြီး ညီလာခံကျင်းပသည့် တဲကြီးအပြင်သို့ ခေါ်ဆောင်သွားသည်။ တဲအပြင်တွင်လည်း အခြားသူများက မတ်တပ်ရပ်နေသည်။ သို့သော် ထိုလူများက အလွန်ထူးဆန်းလှသည်။ ဝက်ဝံကိုယ်လုံးကြီးရှိသည့်သူလည်းပါသည်၊ လူတစ်ပိုင်း မြွေတစ်ပိုင်းအကောင်ကြီးလည်းပါသည်။ ထူးဆန်းသည့်အကောင်ကြီးများ ဆယ်ကောင်ခန့် တန်းစီကာရပ်နေကြသည်။ လူသုံးယောက်က ထိုအကောင်ကြီးများကို စစ်ဆေးနေစဉ် ရှဲန်ဆိုင်၏လက်ကိုတစ်စုံတစ်ယောက်က လာဆွဲသည်။ ရှဲန်ဆိုင်လှည့်ကြည့်လိုက်ရာ နန်းလုံဖြစ်နေသည်။
“နန်းလုံ နင်ဘာလုပ်တာလဲ”
“ငါနင့်ကိုပြောစရာရှိလို့ဟ”
“ပြောလေ”
“သူတို့က အခုနင့်ကို ကွင်းထဲသွင်းကြမယ်၊ ကွင်းထဲမှာ နင်တို့အချင်းချင်း တိုက်ခိုက်ကြရလိမ့်မယ်”
ရှဲန်ဆိုင်က နန်းလုံပြောသမျှကို နားမလည်သလိုနှင့်ကြည့်နေသည်။
“အဲဒီတိုက်ခိုက်တာက အရေးမကြီးဘူး၊ ရှုံးရှုံးနိုင်နိုင် နင့်ကိုကိုသူတို့က သတ်ပစ်မှာပဲ”
ရှဲန်ဆိုင်အံ့သြသွားမိသည်။
“ဘာတွေပြောနေတာလဲနန်းလုံ”
“နတ်ဆေးဆရာတွေရဲ့ ကျင့်ဝတ်အရ သူတို့ဖန်တီးထားတဲ့ဖန်တီးမှုတွေကို ပြသပြီးတာနဲ့ ဖျက်ဆီးပစ်ရတယ်တဲ့၊ သူတို့က ဓါးစက်ကြီးတစ်ခုကို အသင့်ပြင်ဆင်နေပြီ”
“ဟုတ်ရဲ့လား နန်းလုံရယ်”
“ငါ့နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ၊ နင်ယုံတာ မယုံတာတော့ နင့်ကိစ္စ၊ ငါကနင့်ကို ညီမတစ်ယောက်လိုခင်လို့ သတိပေးတာ”
ထိုစဉ် လူသုံးယောက် အနက်တစ်ယောက်က သူတို့အနီးသို့ရောက်လာသည်။ နန်းလုံကိုတွေ့သွားပြီး
“ဟေ့လူ၊ မင်းဘာလာလုပ်တာလဲ”
နန်းလုံလည်း ရှဲန်ဆိုင်၏လက်ကိုလွှတ်ချပြီး အမှောင်အတွင်းသို့ပြေးဝင်သွားတော့သည်။
“ဘူဘော်”
မကြာခင် ကျွဲချွဲမှုတ်သံကြီးကိုကြားလိုက်ရသည်။ လူသုံးယောက်က သူတို့ကိုသေချာစစ်ဆေးပြီးတော့
“ကဲ၊ မင်းတို့အားလုံး ပြိုင်ပွဲကွင်းထဲကို ဝင်သွားရမယ်၊ လိမ်လိမ်မာမာနေကြနော်၊ မင်းတို့သခင်တွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြ”
ရှဲန်ဆိုင်ဘာမှနားမလည်နိုင်ပေ၊ နောက်တော့ သစ်လုံးတံခါးတစ်ခုပွင့်သွားပြီး ဆန်းကျယ်သည့်အကောင်ကြီးများက တန်းစီကာဝင်သွားကြသဖြင့် ရှဲန်ဆိုင်လည်း သူတို့အနောက်မှလိုက်ကာ ဝင်လာရတော့သည်။ အတွင်းတွင် မီးရောင်များထိန်လင်းနေသည်။ ကွင်းကြီးကို သဲများခင်းထားပြီး ပွဲကြည့်စင်များလည်းရှိကာ ထိုပွဲကြည့်စင်များတွင်လည်း လူများပြည့်နှက်နေကြသည်။ သူတို့အထဲရောက်တော့ သူတို့ကို ပရိသတ်များက အားပေးကြလေသည်။
အင်္ကျီအစိမ်းရောင်ဝတ်ထားသည့် ဆေးရာကြီးက မတ်တပ်ရပ်လိုက်သည်။
“အခုအချိန်ကတော့ နတ်ဆေးဆရာတွေထဲကမှ ခွဲစိတ်ပြုပြင်အတတ်ကို တတ်ကျွမ်းတဲ့ဆေးဆရာတွေက သူတို့ဖန်တီးထားတဲ့ မိစ္ဆာကောင်ကြီးတွေရဲ့အစွမ်းကို ပြသဖော်ထုတ်မယ့် အချိန်ပဲဖြစ်ပါတယ်”
တစ်ကွင်းလုံးက သောင်းသောင်းဖျဖျအားပေးကြလေသည်။
အပိုင်း (၅) တွင်ဆက်လက်ဖတ်ရှုပါ။