အပိုင်း (၅) ဇာတ်သိမ်း
ပြိုင်ပွဲကွင်းကြီးအတွင်း သူတို့ဆယ်ယောက် တန်းစီကာရပ်နေရလေသည်။ အင်္ကျီအစိမ်းရောင်ကို ဝတ်ဆင်ထားသည့် ဆေးဆရာကြီးက မတ်တပ်ရပ်ကာ ပြိုင်ပွဲအကြောင်းကို ရှင်းပြနေလေသည်။
“ဒီပြိုင်ပွဲကတော့ အမြဲတမ်းကျင်းပလာခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်၊ နတ်ဆေးဆရာတွေထဲမှာ ခွဲစိတ်ကုသမှုကျွမ်းကျင်တဲ့သူတွေက သူတို့ရဲ့ဖန်တီးမှုတွေကို ထုတ်ဖော်ပြသတဲ့ပွဲဆိုရင်လည်းဟုတ်တယ်၊ အခုအချိန်ကစပြီး သူတို့ဖန်တီးထားတဲ့ မိစ္ဆာကောင်ကြီးတွေကို ပြသဖို့အချိန်ကျပါပြီ”
ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်အနီးသို့ရောက်လာသည်။ ရှဲန်ဆိုင်က ဘာမှနားမလည်နိုင်ဘဲကြည့်နေလိုက်သည်။
“ဘာတွေဖြစ်မှာလည်း ပေါ်ပေါ်ကြီး”
“မင်းတို့ နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး အဖွဲ့ငါးဖွဲ့ အချင်းချင်းတိုက်ရမယ်၊ နောက်ဆုံးတစ်ဖွဲ့ပဲကျန်မယ်၊ အဲဒီတစ်ဖွဲ့က နှစ်ယောက်က အချင်းချင်းပြန်တိုက်ရမယ်၊ နောက်ဆုံးကျန်ခဲ့တဲ့လူဟာ အနိုင်ပဲ”
“ဒါဆိုရင် ပေါ်ပေါ်ကြီးက သမီးကို ဒီမှာတိုက်ခိုက်ခိုင်းဖို့အတွက် ဖန်တီးခဲ့တာပေါ့၊ သမီးအသက်ကို ကယ်တင်ချင်လို့ ကယ်တင်ခဲ့တာမဟုတ်ဘူးပေါ့”
ရှဲန်ဆိုင်အလွန်ဝမ်းနည်းသွားသည်။ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်၏ ပုခုံးကိုဖက်လိုက်ပြီး
“ငါတို့ဟာ မိသားစုတွေပဲရှဲန်ဆိုင်၊ မိသားစုတွေဆိုတာ တစ်ယောက်အခက်အခဲကိုတစ်ယောက် ကူညီကြတယ်မဟုတ်လား၊ မင်းကလည်း အသက်ရှင်ရမယ်၊ ငါကလည်း ငါ့ရဲ့ဖန်တီးမှုကို အောင်မြင်အောင် ဖန်တီးခဲ့မယ်၊ ဒီလိုလုပ်လိုက်တော့ ငါတို့နှစ်ယောက်စလုံး အကျိုးအမြတ်ရှိတာပဲမဟုတ်ဘူးလား”
ရှဲန်ဆိုင်မျက်ရည်တွေကျဆင်းလာသည်။ သူ့မျက်ရည်များက ပါးပြင်မှစီးကျပြီး မြေပြင်ပေါ်သို့ကျသွားသည့်အခါ ရှဲခနဲတောက်လောင်ပြီး အဆိပ်အခိုးအငွေ့များအဖြစ်ပြောင်းလဲသွားသည်။
“အိမ်မှာ ခိုင်းဖို့မွေးထားတဲ့ နွားကို မိသားစုလို့ သတ်မှတ်သလား ပေါ်ပေါ်ကြီး”
ပေါ်ပေါ်ကြီးမျက်နှာပျက်သွားသည်။ ရှဲန်ဆိုင်က ဆက်လက်ပြီး
“အခုကိစ္စမှာလည်း ပေါ်ပေါ်ကြီးက သမီးကိုကယ်တင်ချင်လို့လုပ်ခဲ့တာမဟုတ်ဘဲ တမင်သက်သက်မွေးမြူပြီး ခိုင်းနွားတစ်ကောင်လို ကိုယ်ခိုင်းချင်တာခိုင်းလို့ရအောင် လုပ်ခဲ့တာပဲမဟုတ်လား”
ပေါ်ပေါ်ကြီးဒေါသထွက်သွားပုံရပြီး ရှဲန်ဆိုင်အနီးသို့တိုးကပ်လာသည်။
“အခုအချိန်မှာ ငါမင်းနဲ့ဘာမှမငြင်းချင်ဘူးသမီး၊ မင်းကိုငါပြန်အသက်သွင်းခဲ့တယ်၊ မင်းကိုငါအစွမ်းတွေပေးခဲ့တယ်၊ ဒီတော့ ငါ့ကျေးဇူးတွေ မင်းအပေါ်မှာရှိတယ်သမီး၊ ဒီအတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်”
ပေါ်ပေါ်ကြီးက တစ်ဖက်မှ ပြိုင်ပွဲဝင်များကိုလက်ညှိုးထိုးလိုက်ပြီး
“မင်းသူတို့ကိုတိုက်ခိုက်ရမယ်၊ သူတို့အားလုံးကို အနိုင်ယူပေးရမယ်၊ ဒီတစ်ကြိမ်တော့ ငါအနိုင်ရပြီး ဗိုလ်စွဲချင်တယ်သမီး”
“ဒါတွေလုပ်ပေးရင် ပေါ်ပေါ်ကြီးအပေါ်တင်နေတဲ့ ကျွန်မရဲ့ကျေးဇူးတရားတွေ ကျေသွားမှာလား”
ပေါ်ပေါ်ကြီးက ခေါင်းညိတ်လိုက်ပြီး ရှဲန်ဆိုင်၏လက်ကို ကိုင်စွဲလိုက်သည်။
“ဒီတစ်ခါပဲ ကူညီစမ်းပါသမီးရာ၊ သမီးသာ ပြိုင်ပွဲမှာအနိုင်ရသွားရင် သမီးလုပ်ချင်တာလုပ်၊ သွားချင်တဲ့နေရာကိုသာသွားတော့၊ သမီးကို ပေါ်ပေါ်ကြီးလွှတ်ပေးမယ်၊ ဟုတ်ပြီလား”
ရှဲန်ဆိုင်ခေါင်းညိတ်လိုက်သည်။ ပြိုင်ပွဲကွင်းအတွင်းတွင်တော့ ပြိုင်ပွဲဝင်များနှင့် ပရိသတ်များအား ဒိုင်လူကြီးတစ်ယောက်က မိတ်ဆက်ပေးနေလေသည်။
“ဒီလူကတော့ မိုင်းသောက်က မောက်မောက်ကြီးရဲ့ သစ်ပင်လူသားဖြစ်ပါတယ်”
မောက်မောက်ကြီးအနီးတွင် ရပ်နေသည့်သူက သူ့အနက်ရောင်ခြုံထည်ကြီးကို ဆွဲချွတ်လိုက်လေသည်။ ထိုလူ၏ တစ်ကိုယ်လုံးကို သစ်ပင်အခေါက်များက ဖုံးလွှမ်းထားသည်။ ယောက်ျားတစ်ဦးနှင့်တူသော်လည်း သူ၏ကြွက်သားများမှာ သစ်သားများဖြစ်သည့်အပြင် ဦးခေါင်းပေါ်တွင်လည်း သစ်ရွက်များက ဆံပင်များသဖွယ်ဖုံးလွှမ်းထားလေသည်။ သစ်ပင်လူသားကိုတွေ့လိုက်ရသည့်အခါ ပရိသတ်အားလုံးက ချီးကျူးထောမနာပြုကြသည်။
“အသက်မဲ့သစ်ပင်ကိုတောင် အသက်သွင်းနိုင်တယ်တဲ့လား၊ အံ့သြဖို့ကောင်းလိုက်တာ”
“မောက်မောက်ကြီးက သုံးကြိမ်ဆက်တိုက် နိုင်ခဲ့ပြီးပြီ၊ ဒီတစ်ကြိမ်လည်း သူနိုင်မှာပဲဟေ့”
ပရိသတ်က အမျိုးမျိုးထင်ကြေးပေးနေကြလေသည်။ ဖီးဖူးဆိုသည့်သူကတော့ လူမိန်းမကိုယ်လုံးနှင့် အောက်ပိုင်းက မြွေခန္ဓာကိုယ်ကြီးရှိသည့် မိစ္ဆာကောင်ကြီးတစ်ကောင်နှင့် မိတ်ဆက်ပေးလေသည်။ ထိုမိစ္ဆာကြီးတွင် လက်လေးဖက်ရှိကာ လက်တစ်ဘက်တွင်တော့ ကြီးမားလှသည့် လေးကြီးတစ်လက်ကိုကိုင်ဆောင်ထားသည်။ လေးကြီးမှာလည်း မြေကြီးနှစ်ကောင် ရစ်ပတ်နေသည့်သဏ္ဍာန်ပြုလုပ်ထားခြင်းဖြစ်သည်။ နောက်လက်တစ်ဖက်ကတော့ မြှားတံများကို ကိုင်ဆောင်ထားသည်။ မြားတံများမှာလည်း မြွေကြီးတစ်ကောင် ပါးစပ်ဟနေသည့် ပုံစံဖြစ်သည်။ ကျန်သည့်လက်နှစ်ဖက်တွင်တော့ အသွားကောက်ကောက်နှင့် လှံရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။ ဖီးထူးက ပရိသတ်များကိုတစ်ချက် ဂါရဝပြုလိုက်ပြီး။
“ဒီအကောင်ကြီးကတော့ အနောက်တိုင်းက ဒဏ္ဍာရီလာ ဂေါ်ဂွန်းဆိုတဲ့ မိစ္ဆာကောင်ကြီးကို စိတ်ကူးပြီးတော့ ဖန်တီးထားတာဖြစ်ပါတယ်၊ သူ့နာမည်ကိုလည်း ဂေါ်ဂွန်းလို့ ပေးထားပါတယ်”
ပရိသတ်များက ထိုဂေါ်ဂွန်းကြီးကို အားပေးကြသည်။ နောက်ဆုံးတော့ ပေါ်ပေါ်ကြီးအလှည့်ရောက်လာသည်။ ချောမောလှပသည့် မိန်းကလေးကို ပရိသတ်များက ဝိုင်းကြည့်ကြသည်။ ပေါ်ပေါ်ကြီးက လက်နှစ်ဖက်ကိုမြှောက်တင်လိုက်ပြီး
“ဒါကတော့ ကျုပ်ဖန်တီးထားတဲ့ သေမင်းရဲ့သတို့သမီးဆိုတဲ့ မိစ္ဆာကောင်ကြီးပဲဖြစ်ပါတယ်”
အလွန်လှပသည့် မိန်းကလေးကိုမြင်လိုက်ရသဖြင့် ပရိသတ်များ အံ့သြသွားလေသည်။ အချို့လည်း လှောင်ပြောင်ကျီစယ်ကြသည်။
“ပေါ်ပေါ်ကြီး ခင်ဗျားရဲ့မယားအသစ်ကိုခေါ်လာခဲ့တာလားဗျို့”
“သူများတွေစားဖို့ လုပ်လာပေးတာလား”
“ခင်ဗျားလည်း ဒီတစ်ကြိမ် ရှုံးမှာပဲ”
ထိုအခါ ပေါ်ပေါ်ကြီးက ဒေါသထွက်နေလေသည်။ ရှဲန်ဆိုင်က သူ့ခေါင်းပေါ်မှ ခေါင်းပေါင်းစကြီးကို ဝုန်းခနဲမြှောက်တင်လိုက်ပြီး ဘဝဲလက်တံကြီးများကို ဖြန့်ကျက်လိုက်သည့််အခါမှ ကြည့်နေသူများအားလုံး အံ့အားသင့်သွားကြလေသည်။ မကြာခင် မည်သူနှင့် မည်သူ တွဲဖက်ရမည်ဆိုသည်ကို ဒိုင်လုပ်သူက မဲနှိုက်ကာ ဆုံးဖြတ်ပေးလေသည်။
“သေမင်းရဲ့သတို့သမီးနဲ့ သစ်ပင်လူသားက တစ်ဖွဲ့”
အားလုံးက အော်ဟစ်အားပေးလိုက်ကြသည်။ ပေါ်ပေါ်ကြီးနှင့် မောက်မောက်ကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ဘုကြည့်ကြည့်လိုက်ကြလေသည်။ ပြိုင်ပွဲမစတင်ခင်တွင် မောက်မောက်ကြီးက သူ၏ သစ်ပင်လူသားကြီးကို မှာကြားနေလေသည်။
“သူက ငါတို့ရဲ့ရန်သူဖြစ်မှာအမှန်ပဲ၊ ငါ့အကိုကြီးနဲ့ငါနဲ့ နောက်ဆုံးအဆင့်မှာ အမြဲရင်ဆိုင်ခဲ့ရတာ သုံးကြိမ်ရှိခဲ့ပြီ၊ သုံးကြိမ်လုံးငါပဲအနိုင်ရခဲ့တယ်၊ မင်းလုပ်ရမှာက သူနဲ့အတူတူတိုက်ခိုက်ရင်းနဲ့ သူ့ရဲ့ဟာကွက်ကို လေ့လာဖို့ပဲ”
သစ်ပင်လူသားက ခေါင်းညိတ်လိုက်လေသည်။ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်အနီးသို့တိုးကပ်သွားကာ ဘာမှမပြောတော့ဘဲ ရှန်ဆိုင်၏ပုခုံးကိုသာ ဆုပ်ကိုင်လိုက်လေသည်။
“သမီးနိုင်မှဖြစ်မယ်”
“ဒူ”
အလွန်ကြီးမားလှသည့် ကြေးမောင်းကြီးတစ်ခုကို ထုလိုက်သည့်အခါ ပြိုင်ပွဲစတင်ရန်အတွက် အားလုံးပြင်ဆင်လိုက်ကြသည်။
(၉)
နှစ်ယောက်တစ်ဖွဲ့နှုံးဖြင့် အဖွဲ့ငါးဖွဲ့မှာ သဲကွင်းကြီးအတွင်း တစ်ဖွဲနှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်လိုက်ကြသည်။ သစ်ပင်လူသားက ရှဲန်ဆိုင်အနီးသို့ တိုးကပ်လာလေသည်။
“ငါတို့ဘယ်လိုတိုက်ကြမလဲ”
သစ်ပင်လူသားကရှဲန်ဆိုင်အား မေးမြန်းသည်။
“ကျန်တဲ့အဖွဲ့လေးဖွဲ့စလုံး ဘာလုပ်သလဲဆိုတာကြည့်ပြီး လှုပ်ရှားရမှာပေါ့”
“ဒူ”
နောက်ထပ်မောင်းသံကိုထပ်မံကြားလိုက်ရသည်နှင့် ပြိုင်ပွဲဝင်များအားလုံး ကွင်းအလယ်သို့ပြေးဝင်သွားကြလေသည်။ ပြိုင်ပွဲဝင်များမှာ လက်နက်အမျိုးစုံကို ကိုင်ဆောင်ထားကြပြီး တစ်ဦးနှင့်တစ်ဦး အသေအကြေတိုက်ခိုက်ကြလေသည်။ ရှဲန်ဆိုင်က မတိုက်ခိုက်သေးဘဲ ကွင်းအလယ်တွင် ရပ်နေလေရာ အခြားပြိုင်ပွဲဝင်များက ရှဲန်ဆိုင်အား တိုက်ခိုက်သည့်အခါ သစ်ပင်လူသားကြီးက ရှဲန်ဆိုင်အား ကာကွယ်ပေးနေရလေသည်။
“မင်းရူးနေလား၊ ဒီကွင်းအလယ်မှာ မင်းက မတ်တပ်ရပ်နေတာလား”
ရှဲန်ဆိုင်က လက်နှစ်ဖက်ကို ခန္ဓာကိုယ်နံဘေးသို့ ဆန့်တန်းလိုက်ရင်း အသက်၀၀ရှုနေသည်။
“ရှင် တတ်နိုင်သလောက် ကျွန်မကို ကာကွယ်ပေးထား”
ရှဲန်ဆိုင်က မျက်စိများကိုမှိတ်လိုက်ပြီး အသက်ကိုရှူသွင်းနေလေသည်။ သစ်ပင်လူသားကြီးလည်း နားမလည်တော့ဘဲ ရှဲန်ဆိုင်အားတိုက်ခိုက်ရန်ပြေးလာသည့်သူများအား ပြန်လည်တိုက်ခိုက်နေရတော့သည်။ ရှဲန်ဆိုင်ကိုလည်း ကာကွယ်ပေးနေရသည်။ ပြိုင်ပွဲကွင်းအလယ်တွင် ပြိုင်ပွဲဝင်များအားလုံး စုမိသွားတော့မှ ရှဲန်ဆိုင်က မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ကို ပြဲနေအောင်ဟလိုက်ပြီး ရှူသွင်းထားသည့်လေများကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်တော့သည်။
သစ်ပင်လူသားက ရှဲန်ဆိုင်၏လုပ်ရပ်ကိုကြည့်နေလေသည်။ မကြာခင်မှာပင် ပြိုင်ပွဲကွင်းအတွင်း တိုက်ခိုက်နေသည့် ပြိုင်ပွဲဝင်များမှာ အသီးသီးလဲကျကုန်ကာ မြေပြင်တွင် ဆန့်ငင် ဆန့်ငင်ဖြစ်နေကြသည်။ သူတို့နှင့်ပြိုင်ဖက် ဂေါ်ဂွန်းကြီးနှင့် သစ်ပင်လူသားကြီးသာ ဘာမှမဖြစ်ဘဲကျန်နေခဲ့လေသည်။ အလားတူ ပြိုင်ပွဲကွင်းနှင့် နီးကပ်သည့်နေရာတွင်ရှိသော ပွဲကြည့်စင်ပေါ်မှလူများသည်လည်း မေ့မျောကာ အရုပ်ကြိုးပြတ် လဲကျသွားသည်။ ထိုအခါ အစိမ်းရောင်ဆေးဆရာကြီးက မတ်တပ်ထရပ်လိုက်သည်။
“အဲဒါ အဆိပ်လေတွေ ရှူထုတ်လိုက်တာပဲဟေ့၊ မေ့မြောသွားတဲ့လူတွေကို အဆိပ်ပြေဆေးတွေအမြန်တိုက်စမ်း”
ပြိုင်ပွဲကွင်းအတွင်း လဲကျနေသည့် ပြိုင်ပွဲဝင်များ၏ သခင်များက မကျေနပ်ကြပေ။ သို့သော် ပြိုင်ပွဲစည်းကမ်းအရ ကိုယ့်လူကိုယ် ပြန်ပြီးကုသခွင့်မရှိပေ။ မကြာခင်မှာပင် ပြိုင်ပွဲဝင်ခုနှစ်ယောက်စလုံး သေဆုံးသွားကြလေသည်။ ထိုအခါ ပြိုင်ပွဲဝင်သည့် ဆေးဆရာများမှာ ဆူပူကုန်ကြသည်။
“ဒါစည်းကမ်းကို ချိုးဖောက်တာပဲ ဂိုဏ်းအုပ်ကြီး”
အစိမ်းရောင်ဝတ်ထားသည့် ဂိုဏ်းအုပ်ကြီးက ပေါ်ပေါ်ကြီးကိုလက်ညှိုးထိုးလိုက်သည်။
“ပေါ်ပေါ်ကြီး၊ မင်းနတ်ဆေးဆရာကျင့်ဝတ်ကို ဖောက်ဖျက်တယ်”
ပေါ်ပေါ်ကြီးက အေးအေးလူလူပင်
“ကျုပ်က ဘာကိုဖောက်ဖျက်လို့လဲ”
“နတ်ဆေးဆရာတစ်ယောက်ရဲ့ ဖန်တီးမှုကို တခြားနတ်ဆေးဆရာက ကူညီပေးခွင့်မရှိဘူးလေ၊ ဒီကောင်မလေးက အရောင်အနံ့မရှိတဲ့ လေသာအဆိပ်ပြင်းကို အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်၊ အဆိပ်တွေထဲမှာ ဘာနဲ့မှမထိဘဲ လေထဲကနေအဆိပ်ခတ်နိုင်တယ်ဆိုတာ အခက်ဆုံးအရာပဲ၊ နေက်ပြီး ဒီအဆိပ်က အဆိပ်မယ်ကလွဲလို့ တခြားလူတွေ မသုံးနိုင်ဘူးမဟုတ်လား၊ ဒီတော့ မင်းက မင်းရဲ့အမ အဆိပ်မယ်ရဲ့ အကူအညီကို ယူခဲ့တယ်ဆိုတာ ထင်ရှားတယ်”
ပေါ်ပေါ်ကြီးက ရယ်မောလိုက်သည်။
“ရယ်ရတယ်ဗျာ၊ ခင်ဗျားတို့က သိပ်ရယ်ရတဲ့သူတွေပဲ၊ အဆိပ်မယ်က ဆယ်ပြည့်ပွဲမှာမလာလို့ ခင်ဗျားတို့ပဲ သူ့ကိုနတ်ဆေးဆရာအသင်းကနေ ထုတ်ပယ်ခဲ့တယ်မဟုတ်လား၊ ခင်ဗျားတို့ထုတ်ပယ်လိုက်တော့ သူက ဘယ်မှာ နတ်ဆေးဆရာဟုတ်တော့လို့လဲဗျ၊ နောက်ပြီး ကျင့်ဝတ်အရ နတ်ဆေးဆရာတစ်ယောက်က အခြားတစ်ယောက်ကို မကူညီရဘူးဆိုပေမယ့်၊ နတ်ဆေးဆရာမဟုတ်တော့တဲ့သူက ကူညီလို့ရတယ်မဟုတ်လား”
ပေါ်ပေါ်ကြီးက ပြန်လည်မေးမြန်းလိုက်သဖြင့် ဂိုဏ်းအုပ်ကြီးတွေဝေသွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး
“မင်းပြောတာဟုတ်ပါတယ်၊ ကဲ ပြိုင်ပွဲကို ဆက်ကျင်းပမယ်”
ရှဲန်ဆိုင်က တစ်ချက်တည်းနှင့် ပြိုင်ပွဲဝင်ခုနှစ်ဦးကို သုတ်သင်လိုက်ပြီဖြစ်ပြီး အခုတော့ ပြိုင်ပွဲကွင်းကြီးအတွင်း ရှဲန်ဆိုင်နှင့် သစ်ပင်လူသားကတစ်ဖွဲ့၊ ဂေါ်ဂွန်းကြီးက တစ်ဖွဲ့နှင့် နှစ်ဖွဲ့သာကျန်ခဲ့တော့သည်။ ဂေါ်ဂွန်းမှာ မြွေမျိုးဖြစ်သဖြင့် နဂိုကတည်းက အဆိပ်ပြီးသည့်အတွက် အဆိပ်မသင့်ခြင်းဖြစ်ကာ၊ သစ်ပင်လူသားမှာ သစ်ပင်ကြီးဖြစ်သည့်အတွက် အဆိပ်မမိခဲ့ပေ။ ထို့ကြောင့် သူတို့နှစ်ဦးသာ အသက်ရှင်ကျန်နေရခြင်းဖြစ်သည်။
ဂေါ်ဂွန်းကြီးမှာ ရှဲန်ဆိုင်အားလှံဖြင့် ဝင်ရောက်တိုက်ခိုက်တော့သည်။ ရှဲန်ဆိုင်ကလည်း ဘဝဲလက်တံများဖြင့် ဂေါ်ဂွန်းကြီးကို ပြန်လည်ခုခံနေရသည်။
“မြွေကိုဘယ်လိုသတ်ရသလဲဆိုတာ ငါသိတယ်”
သစ်ပင်လူသားကြီးက ဂေါ်ဂွန်းကြီးထံသို့ပြေးဝင်သွားလေသည်။ ဂေါ်ဂွန်းက လေးနှင့်မြားကိုအသုံးပြုပြီး သစ်ပင်လူသားအားပစ်ခတ်သော်လည်း သစ်ပင်လူသားက တိမ်းရှောင်နိုင်လိုက်သည်။ ထို့နောက် သစ်ပင်လူသားကြီးက ဂေါ်ဂွန်း၏ အမြီးကိုအဖျားမှဆွဲကိုင်လိုက်ပြီး ခပ်နာနာလှုပ်ရမ်းကာ မြေပြင်နှင့်တိုက်ထည့်လိုက်သည်။ ဂေါ်ဂွန်းကြီး၏ အောက်ပိုင်းမြွေကိုယ်ကြီးမှ ကျောရိုးများသည့် တဖြုတ်ဖြုတ်နှင့် အဆစ်ပြုတ်ထွက်သွားပြီး ဂေါ်ဂွန်းကြီးမှာ ခွေကျသွားလေသည်။
ရှဲန်ဆိုင်လည်း အချိန်ဆွဲမနေတော့ဘဲ ဂေါ်ဂွန်းကြီးဆီသို့ ပြေးဝင်လိုက်ပြီး ဂေါ်ဂွန်ကြီး၏ ပါးစပ်အား ဘဝဲလက်တံနှစ်ခုဖြင့် ဆွဲဖွင့်လိုက်ကာ သူ့ပါးစပ်ကို ဂေါ်ဂွန်းပါးစပ်နှင့်တေ့ကာ တံတွေးထွေးထည့်ချလိုက်သည်။ ဂေါ်ဂွန်းကြီးမှာ တစ်ကိုယ်လုံးတုန်ယင်လာပြီးနောက် ငြိမ်ကျသွားလေသည်။ ဖီးဖူးမှာ အလွန်အံ့သြနေမိသည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ဂေါ်ဂွန်းက အဆိပ်ပြီးတယ်မဟုတ်လား”
ရှဲန်ဆိုင်က ဘာမှမပြောဘဲ အသံတိတ်နေလိုက်သည်။ သူ့ခေါင်းထဲတွင်တော့ အဆိပ်ဘွားဘွားပြောခဲ့သည့် စကားလုံးတစ်ချို့ကို ပြန်လည်ကြားယောင်နေမိသည်။
“အပင်အဆိပ်နဲ့ တိရစ္ဆာန်အဆိပ်ဆိုတာ မီးနဲ့ရေလိုပဲသမီး၊ အဆိပ်ရှိတဲ့ တိရစ္ဆာန်ကို အပင်အဆိပ်များများကျွေးလိုက်ရင် အဲဒီတိရစ္ဆာန်သေသွားတယ်၊ ဒီလိုပဲ အဆိပ်ရှိတဲ့အပင်ကိုလည်း တိရစ္ဆာန်အဆိပ်များများကျွေးရင် အဲဒီအပင် သေတာပဲ”
နောက်ဆုံးတော့ ပြိုင်ပွဲကွင်းအတွင်း မတ်တပ်ရပ်နေသူနှစ်ဦးသာကျန်ခဲ့တော့သည်။ တစ်ဦးကတော့ မောက်မောက်ကြီး၏ သစ်ပင်လူသားဖြစ်ပြီး၊ နောက်တစ်ဦးကတော့ ပေါ်ပေါ်ကြီး၏ ရှဲန်ဆိုင်ဖြစ်သည်။ သစ်ပင်လူသားက ရှဲန်ဆိုင်အားကြည့်လိုက်ပြီး
“နောက်ဆုံးတော့ မင်းနဲ့ငါနဲ့တွေ့ကြပြီပေါ့”
သစ်ပင်လူသားက အချိန်မဆွဲတော့ဘဲ ရှဲန်ဆိုင်ဆီသို့အပြေးခုန်ဝင်လာသည်။ ရှဲန်ဆိုင်လည်း သူ့ဘဝဲလက်တံများဖြင့် ရစ်ပတ်ကာကွယ်လိုက်သည်။ သို့သော် သစ်ပင်လူသားက ဘဝဲလက်တံများကို အားဖြင့်ဆောင့်ဆွဲရာ ရှဲန်ဆိုင်၏ ဘဝဲလက်တံများမှာ အရှည်ကြီးဆွဲဆန့်သွားပြီး အလွန်နာကျင်လှသည်။ ဆွဲဆန့်ခံရသည့် ဘဝဲလက်တံမှာလည်း မလှုပ်ရှားနိုင်တော့ဘဲ တွဲလောင်းကြီး ကျဆင်းနေသည်။ သစ်ပင်လူသားကြီးက ရယ်မောလိုက်ပြီး
“ငါသိသားပဲ၊ အဲဒီလက်တံတွေမရှိရင် မင်းကဘာမှမဟုတ်ပါဘူးကွာ”
သစ်ပင်လူသားတိုက်ခိုက်သမျှကို ရှဲန်ဆိုင်က ဘဝဲလက်တံများနှင့် ကာဆီးနေရသည်။ သို့သော်လည်း သစ်ပင်လူသားကြီးက သူ့ဘဝဲလက်တံများကိုဆွဲဆန့်ကာ ဖျက်ဆီးပစ်သဖြင့် ရှဲန်ဆိုင်အရေးနိမ့်နေသည်။ ဒီအတိုင်းဆက်သွားလျှင် ရှဲန်ဆိုင် နိုင်ဖို့မသေချာတော့ပေ၊ ဘဝဲလက်တံခြောက်ခုအနက် နှစ်ခုသာ လှုပ်ရှားနိုင်တော့သည်။
သစ်ပင်လူသားက သူ့ဆီသို့ခုန်ဝင်လာပြန်သည်။ ရှဲန်ဆိုင်က ကျန်သည့် ဘဝဲလက်တံနှစ်ခုနှင့် သစ်ပင်လူသား၏ လက်နှစ်ဖက်ကိုဆွဲပတ်လိုက်ပြီး သူ့ကိုယ်မှအဝတ်အစားများကိုချွတ်ချလိုက်သည်။ သစ်ပင်လူသားကြီးရော ပွဲကြည်နေသည့် ပရိသတ်ပါ အံ့အားသင့်နေသည့်အချိန်တွင် ရှဲန်ဆိုင်က သစ်ပင်လူသားကြီးကို ပြေးကာပွေ့ဖက်လိုက်လေသည်။
သစ်ပင်လူသားကြီးမှာ ဘာလုပ်ရမှန်းမသိတော့ပေ၊ သူ့ကိုယ်နှင့် ရှဲန်ဆိုင်၏ ကိုယ်လုံးက ပူးကပ်နေသည်။ မကြာခင်မှာပင် သစ်ပင်လူသားကြီး ခွေယိုင်ကျသွားသည်။ သစ်ပင်လူသားကြီး၏ ဦးခေါင်းပေါ်မှသစ်ရွက်များကတဖြည်းဖြည်း ဝါထိန်လာပြီးနောက် တဖြုတ်ဖြုတ်နှင့် ကြွေကျနေလေသည်။
“မင်း၊ မင်းဘာလုပ်တာလဲ”
“မှတ်ထား၊ ကျွန်မရဲ့ကိုယ်ခန္ဓာက အဆိပ်ပဲ”
ရှဲန်ဆိုင်က သူ၏ မွေးညှင်းပေါက်များမှတဆင့် အဆိပ်ချွေးများထုတ်လိုက်ကာ သစ်ပင်လူသားကြီးထံသို့ တိရစ္ဆာန်ငါးမျိုး၏ အဆိပ်များကိုထည့်ပေးလိုက်ခြင်းဖြစ်သည်။ သစ်ပင်လူသားကြီးမှာ ပျော့ခွေကျသွားပြီးနောက် တစ်ကိုယ်လုံးခြောက်ခမ်းလာကာ မကြာမီတွင် သစ်ခြောက်တုံးကြီးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဟေး၊ ငါနိုင်ပြီကွ”
ပေါ်ပေါ်ကြီးမှာ ပျော်ရွှင်စွာဖြင့် ကွင်းအတွင်းသို့ ပြေးဝင်လာလေသည်။ မောက်မောက်ကြီးကတော့ မျက်နှာသိပ်မကောင်းပေ။
“ဟေး၊ ငါနိုင်ပြီဟေ့၊ ငါ့ရဲ့ရှုံးကြွေးကို ငါပြန်ဆပ်နိုင်ခဲ့ပြီကွ”
ပေါ်ပေါ်ကြီးမှာပျော်ရွှင်နေရင်း ဂိုဏ်းအုပ်ကြီးအား လက်ညှိုးထိုးလိုက်သည်။
“ပေးစမ်း၊ အဲဒီခွဲစိတ်မှုအတတ်ပညာဆေးကျမ်းကြီး ကျုပ်ကိုပေးစမ်း”
ဂိုဏ်းအုပ်ကြီးက အလွန်အိုဟောင်းနေသည့် ဆေးကျမ်းကြီးတစ်ခုကို ပေါ်ပေါ်ကြီးထံသို့ပေးလိုက်သည်။ ထိုဆေးကျမ်းမှာ စိုင်းဟွထိုးဖျက်ဆီးခဲ့သည်ဟု နာမည်ကြီးသည့် ခွဲစိတ်ဆေးကျမ်းကြီးဖြစ်သည်။ အမှန်တကယ်အားဖြင့် ထိုဆေးကျမ်းအားမဖျက်ဆီးဘဲ ဂိုဏ်းသားများအား လှို့ဝှက်လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုပြိုင်ပွဲတွင် အနိုင်ရရှိသူက ထိုကျမ်းကြီးကို သုံးရက်တိတိလေ့လာခွင့်ရသည်။ ပေါ်ပေါ်ကြီးက ထိုကျမ်းစာအုပ်ကြီးကို ပိုက်ထားလေသည်။
ထိုစဉ် ဓါးစက်ကြီးကို လူတစ်ချို့က တွန်းထုတ်လာသည်။ ဒလိမ့်တုံးကြီးသဖွယ် အတုံးကြီးနှစ်တုံးပါပြီး ထိုအတုံးတွင် အလွန်ထက်မြက်လှသည့် ဓါးသွားများကိုတပ်ဆင်ထားသည်။ လူမပြောနှင့် အဝတ်စတစ်ခုဝင်သွားလျှင်ပင် အပိုင်းပိုင်းအစစဖြစ်သွားနိုင်ပေသည်။ ဂိုဏ်းအုပ်ကြီးက ပေါ်ပေါ်ကြီးကိုကြည့်လိုက်ပြီး
“ကဲ၊ မင်းလိုချင်တာရပြီဆိုတော့ မင်းရဲ့ဖန်တီးမှုကို ဖျက်ဆီးဖို့အချိန်တန်ပြီ”
ရှဲန်ဆိုင်က အံ့သြနေသော်လည်း ပေါ်ပေါ်ကြီးကတော့ ကြိုသိနေသည့်အလား မအံ့သြတော့ပေ။
“ဖျက်ဆီးမယ်ဆိုတာ တကယ်ပေါ့”
ရှဲန်ဆိုင်ရေရွတ်နေမိသည်။ ပေါ်ပေါ်ကြီးက သူ့အနားရောက်လာလေသည်။
“ပေါ်ပေါ်ကြီး ဖျက်ဆီးမယ်ဆိုတာ ဘာကိုပြောတာလဲ”
ပေါ်ပေါ်ကြီး၏ ပြုံးရွှင်သောမျက်နှာကြီးမှာ ကောက်ကျစ်စဉ်းလဲသည့် မျက်နှာကြီးအဖြစ်ပြောင်းလဲသွားသည်။
“တို့ နတ်ဆေးဆရာတွေရဲ့ စည်းမျဉ်းအရ နိုင်နိုင်ရှုံးရှုံး ကိုယ်ဖန်တီးထားတဲ့ မိစ္ဆာကောင်ကို ပြိုင်ပွဲပြီးသွားရင် ဖျက်ဆီးရတယ်၊ မကောင်းတဲ့သူတွေလက်ထဲကို ဒီဖန်တီးမှုတွေ ကျရောက်သွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ပဲ”
ထိုစဉ် ဓါးစက်ကြီးက လည်ပတ်လာလေသည်။ လူတစ်ချို့က သေဆုံးနေသည့် ပြိုင်ပွဲဝင်များအား ဆွဲမယူကြပြီး ဓါးစက်ကြီးအတွင်းသို့ပစ်ထည့်လိုက်သည်။ ဓါးစက်ကြီးမှာ ရေအားဖြင့် လည်ပတ်နေခြင်းဖြစ်ကာ ထိုပြိုင်ပွဲဝင်အား အပိုင်းပိုင်းအစစဖြစ်ပြီး စိစိညက်ညက်ကြေသွားအောင် ဖျက်ဆီးပစ်လိုက်တော့သည်။
“မသွားဘူး၊ အဲဒီအထဲကိုမဝင်ဘူး၊ ပေါ်ပေါ်ကြီး သမီးကိုလွှတ်ပေးမယ်ဆို”
ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်အားကြည့်ကာ ရယ်မောလိုက်လေသည်။
“အေးလေ၊ လွှတ်ပေးမယ်ဆိုတာ အဲဒီဓါးစက်ထဲကို လွှတ်ပေးမယ်လို့ပြောတာ”
ထို့နောက် ပေါ်ပေါ်ကြီးက မန္တန်တစ်ခုရွတ်ဖတ်လိုက်ရာ ရှဲန်ဆိုင်၏ လည်ပင်းတွင်ဆွဲထားသည့် တံဆိပ်ပြားကလေးမှာ အလင်းရောင်များထွက်လာသည်။ ထို့နောက် ရှဲန်ဆိုင်က သူ့ကိုယ်လုံးကို သူထိန်းချုပ်၍မရတော့ဘဲ ဓါးစက်ကြီးဆီသို့ တစ်လှမ်းချင်းသွားနေမိသည်။ ထိုတံဆိပ်ပြားကလေးမှာ ရှဲန်ဆိုင်အား ထိန်းချုပ်နေပုံရသည်။
“မင်းကိုငါဖန်တီးခဲ့တာပါကွ၊ မှတ်ထား၊ ငါဖန်တီးထားတဲ့လူကို ငါက ကြိုက်သလိုစေခိုင်းနိင်တယ်ကွ”
ပေါ်ပေါ်ကြီး၏ မျက်နှာကိုကြည့်ရင်း ရှဲန်ဆိုင်တစ်ယောက် အလွန်ခံပြင်းနေမိသည်။
(၁၀)
ထိုစဉ် ကွင်းအတွင်းသို့ နန်းလုံက ခုန်ဆင်းလာသည်။ သေဆုံးနေသည့် ဂေါ်ဂွန်းကြီးလက်ထဲမှာ လေးနှင့် မြားကိုယူလိုက်ကာ မြားကို လေးကြိုးတွင်အသင့်တင်ပြီး ပေါ်ပေါ်ကြီးဆီသို့ ထိုးချိန်လိုက်လေသည်။ နတ်ဆေးဆရာများ အံ့အားသင့်သွားကြသလို ပေါ်ပေါ်ကြီးလည်း လန့်သွားလေသည်။
“သမီး နန်းလုံ မင်းဘာလုပ်တာလဲ”
“ရှဲန်ဆိုင်ကို လွှတ်ပေးလိုက်ပါ ပေါ်ပေါ်ကြီး”
“ငါစည်းမျဉ်းကို ချိုးဖောက်လို့မရဘူးသမီး၊ ဒါက သူ့ရဲ့ကံကြမ္မာပဲ၊ သမီးလက်ထဲက လေးကြီးကိုချထားလိုက်စမ်းပါ”
နန်းလုံမျက်ရည်တွေကျလာသည်။
“မချနိုင်ဘူး၊ ရှင်ရွတ်နေတာကိုရပ်လိုက်ပါ”
ပေါ်ပေါ်ကြီးက ရွတ်ဖတ်နေသည်ကိုရပ်လိုက်သဖြင့် ရှဲန်ဆိုင်ခြေလှမ်းများတုံ့ဆိုင်းသွားလေသည်။ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်၏အရှှေ့ုတွင်ရပ်လိုက်ကာ ဝတ်လစ်စားလစ်ဖြစ်နေသော ရှဲန်ဆိုင်၏ ကိုယ်လုံးကိုပွတ်သပ်နေလေသည်။ နန်းလုံကလည်း ပေါ်ပေါ်ကြီးကို မြားဖြင့်ထိုးချိန်ထားသည်။
“သမီးနန်းလုံ၊ သမီးပစ်ရမှာပေါ်ပေါ်ကြီးကို ပစ်ရမှာမဟုတ်ဘူး၊ ရှဲန်ဆိုင်ကိုပစ်ရမှာ၊ သမီးကိုအဖေကတိပေးထားတယ်မဟုတ်လား၊ ညီလာခံပြီးတဲ့အခါ မိန်းကလေးကိုယ်လုံးတပ်ပေးမယ်ဆိုတာလေ”
နန်းလုံမျက်လုံးများ ပြူးကျယ်သွားသည်။ ပေါ်ပေါ်ကြီးက ဆက်လက်ပြီး
“သမီးနန်းလုံ သူ့ရဲ့ခေါင်းကို ထုတ်ချင်းပေါက်သွားအောင် ပစ်လိုက်စမ်းပါ၊ သူသေသွားရင် သူ့ရဲ့ခန္ဓာကိုယ်ဟာ သမီးအတွက်ပဲဖြစ်ရမယ်”
ချောမောလှပသည့် ရှဲန်ဆိုင်၏ကိုယ်လုံးကလေးကို နန်းလုံ လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အခု သူ့ကိုယ်လုံးက ယောက်ျားကိုယ်လုံးကြီးဖြစ်နေသည်။ နန်းလုံစိတ်ထဲ လွန်ဆွဲနေမိသည်။ လေးကို ကိုင်စွဲထားသည့်လက်များမှာလည်း တုန်ယင်လာလေသည်။
“သမီးနန်းလုံ တွေဝေမနေနဲ့ ပစ်လိုက်စမ်းပါ၊ သမီးက အဖေ့ရဲ့သမီးပါ၊ သူကတော့ အဖေဒီပြိုင်ပွဲမှာ ပြိုင်ဖို့ဖန်တီးထားတဲ့ မိစ္ဆာတစ်ကောင်ထက်မပိုဘူး၊ အဖေက သမီးကို သူ့ထက်ပိုပြီး တန်ဖိုးထားပါတယ်”
နန်းလုံက ရှဲန်ဆိုင်အား လေးဖြင့်ထိုးချိန်လိုက်သည်။ ထို့နောက် မြားတံကိုလေးကြိုးပေါ်တွင်တင်ကာ ညှို့နေအောင်ဆွဲလိုက်လေသည်။ ရှဲန်ဆိုင်တစ်ယောက်မလှုပ်ရှားနိုင်သဖြင့် မျက်လုံးအဝိုင်းသားနှင့် နန်းလုံကိုကြည့်နေလေသည်။ ရှဲန်ဆိုင်၏ မျက်လုံးများတွင် မျက်ရည်များဝဲနေပြီး အရောင်လက်နေလေသည်။ နောက်ဆုံးတော့ နန်းလုံတစ်ယောက် စိတ်ကိုဒုံးဒုံးချလိုက်ပြီး လေတစ်ချက်ကိုမှုတ်ထုတ်လိုက်ကာ မြားတံကိုလေးညှို့မှလွှတ်လိုက်တော့သည်။
မြားတံက လေကိုခွင်းလျက် ရှဲန်ဆိုင်ဆီသို့တန်းတန်းမတ်မတ်ပျံသန်းလာလေသည်။ သို့သော် ရှဲန်ဆိုင်၏ အသားကိုမထိဘဲ လည်ပင်းတွင်ချည်နှောင်ထားသည့် ဝါးအပြားကလေး၏ ချည်ကြိုးကိုဖြတ်မှန်သွားကာ ကြိုးပြတ်သွားလေသည်။ နန်းလုံလည်း လက်ထဲမှလေးကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး ပေါ်ပေါ်ကြီးထံသို့ တစ်ဟုန်ထိုးပြေးဝင်လိုက်သည်။ ထို့နောက် ပေါ်ပေါ်ကြီးကို လက်နှစ်ဖက်ဖြင့်ဖမ်းချုပ်ပြီး နှစ်ဦးသားဓါးစက်ကြီးအတွင်းသို့ ခုန်ဝင်လိုက်လေသည်။ မခုန်ဝင်ခင် နန်းလုံက ရှဲန်ဆိုင်အားကြည့်လျှက် အသံကျယ်ကြီးနှင့် အော်ပြောလိုက်လေသည်။
“ရှဲန်ဆိုင်၊ ပြေးတော့ . . .”
ရှဲန်ဆိုင်က ကြောင်ပြီးကြည့်နေစဉ်မှာပင် ဓါးစက်ထဲဝင်သွားသည့် ပေါ်ပေါ်ကြီးနှင့် နန်းလုံတို့မှာ ဓါးစက်တစ်ဖက်မှနေ၍ အသားစိုင်များအဖြစ် အပိုင်းပိုင်းပြတ်လျှက် ထွက်လာကြသည်။
“နန်းလုံ၊ အမနန်းလုံ”
ရှဲန်ဆိုင်အော်ဟစ်လိုက်မိသည်။
တစ်ဒင်္ဂအတွင်း ဖြစ်ပျက်ခဲ့သည်မို့ ဂိုဏ်းအုပ်ကြီးမှာ အံ့သြနေလေသည်။ နောက်တော့မှ ကိုယ့်နဖူးကိုယ်လက်နှင့်ပြန်ရိုက်ပြီး
“ဟာ၊ သွားပြီး ခွဲစိတ်မှုအတတ်ပညာဆေးကျမ်းကြီးပါ ဓါးစက်ထဲပါသွားပြီ”
နတ်ဆေးဆရာအချို့က ဓါးစက်ကြီးကိုရပ်တန့်လိုက်သော်လည်း ဆေးကျမ်းကြီးမှာ ပေါ်ပေါ်ကြီးနှင့်အတူ အပိုင်းပိုင်းအစစဖြစ်သွားခဲ့ချေပြီ။ ဂိုဏ်းအုပ်ကြီးက ရှဲန်ဆိုင်ကိုလက်ညှိုးထိုးပြီး
“ဖမ်းကြ၊ သူ့ကိုဖမ်းကြ၊ လုပ်ကြံသူတွေလွှတ်ပြီးတော့ သူ့ကိုအပြတ်ရှင်းကြ”
ရှဲန်ဆိုင်လည်း သတိရသွားပြီး ပြိုင်ပွဲကျင်းပသည့် ရွက်ဖျင်တဲကြီးအတွင်းမှပြေးထွက်ခဲ့သည်။ သူတို့လာခဲ့သည့်လမ်းအတိုင်းပြေးထွက်လာရင်း မကြာခင် ဝင်ပေါက်ကြီးဆီသို့ရောက်လာခဲ့သည်။ ဝင်ပေါက်တွင် နတ်ဆေးဆရာအချို့က လက်နက်များဖြင့်သူ့အားစောင့်နေရာ ရှဲန်ဆိုင်က ပါးစပ်ထဲမှ လေတစ်ချို့နှင့်မှုတ်ထုတ်လိုက်တော့သည်။ အစိမ်းရောင်အခိုးအငွေ့များက ထိုလူများထံသို့ပျံသန်းဝင်ရောက်သွားပြီး ထိုလူများအကုန်လုံး ခွေကျသွားသည်။ ရှန်ဆိုင်က မီးတုတ်တစ်ခုကို ကောက်ယူလိုက်ပြီး တံခါးကြီးမှထွက်ခဲ့သည်။
သစ်ခြောက်ပင်ကြီးမှာ နှစ်ခြမ်းကွဲပြီး ရှဲန်ဆိုင်ပြေးထွက်လာလေသည်။ ကြောင်ပြီးကြည့်နေသည့် နွားကျောင်းသားကလေးအား လက်သည်းဖြင့်ကုပ်ဖဲ့လိုက်ရာ နွားကျောင်းသားကလေးလည်း လဲကျသွားပြန်သည်။ နောက်တော့ လက်ထဲတွင်ကိုင်ထားသည့် မီးတုတ်ကြီးကို သစ်ခြောက်ပင်ကြီးဆီသို့ ပစ်တင်လိုက်သည်။ မီးတုတ်မှ ကညင်ဆီများကြောင့်တစ်ကြောင်း၊ သစ်ခြောက်ပင်ကြီးက ခြောက်သွေ့နေတာကြောင့်တစ်ကြောင်း မီးများမှာ အဟုန်ပြင်းပြင်းတောက်လောင်နေတော့သည်။ ရှဲန်ဆိုင်လည်း ခြေဦးတည့်ရာဆီသို့ ပြေးထွက်လာခဲ့မိသည်။
“ငါဘယ်ကိုသွားရမလဲ၊ ငါဘယ်ကို သွားရလဲ”
နတ်ဆေးဆရာများလွတ်လိုက်သည့် လူသတ်သမားများရန်မှ ကင်းဝေးအောင် မည်သို့ရှောင်ပုန်းရမည်ကို ရှဲန်ဆိုင်စဉ်းစားနေမိသည်။ ထိုစဉ် အကြံတစ်ခုက ရှဲန်ဆိုင်၏ခေါင်းထဲ ဝင်းခနဲလက်ခနဲပေါ်လာလေသည်။
“ဟုတ်သားပဲ၊ အဆိပ်ဘွားဘွားကို နတ်ဆေးဆရာအသင်းကနေ ထုတ်ပယ်ပြီး လူသတ်သမားတွေနဲ့ ရှင်းခိုင်းလိုက်တယ်ဆိုပေမယ့် လူသတ်သမားတွေက အဆိပ်ဘွားဘွားကို မရှင်းနိုင်ခဲ့ဘူးမဟုတ်လား”
ရှဲန်ဆိုင်က သူ့ခြေလှမ်းများကို မိုင်းပွန်ဘက်သို့ ဦးတည်လိုက်တော့သည်။
သုံးရက်ခန့်ကြာတော့မှ မိုင်းပွန်သို့ရောက်ခဲ့သည်။ ညီလာခံမှ အဝင်အထွက်လမ်းဖြစ်သည့် သစ်ခြောက်ပင်ကြီးကို ဖျက်ဆီးခဲ့သဖြင့် နတ်ဆေးဆရာများဝင်ထွက်ရန် အနည်းငယ်အခက်အခဲဖြစ်နေပုံရသည်။ အဆိပ်ဘွားဘွားနေသည့် တောင်ကုန်းကလေးကိုတက်လိုက်သည့်အခါ အဆိပ်ရှိသည့်အကောင်မျိုးစုံကိုတွေ့ရသည်။ သို့သော် ထိုအကောင်များက သူ့ကိုရန်မပြုဘဲ သူနှင့်ဝေးရာသို့ထွက်ပြေးသွားကြသည်။ ခြံတံခါးဝတွင်ရပ်လိုက်ပြီး အိမ်ထဲသို့အော်ခေါ်လိုက်သည်။
“အဆိပ်ဘွားဘွား ကျွန်မပါ”
အဆိပ်ဘွားဘွားဆီရောက်တော့မှ ရှဲန်ဆိုင်စိတ်ကိုဒုံးဒုံးချလိုက်တော့သည်။ ရှဲန်ဆိုင်တစ်ယောက် ခြံစည်းရိုးအနားမှာပင် ခွေလဲကျသွားလေသည်။
သူသတိရလာတော့ အဆိပ်ဘွားဘွားက သူ့အနားတွင်ထိုင်နေသည်။
“မင်းဒီမှာ လုံခြုံပါပြီကလေးမ”
ရှဲန်ဆိုင်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ရှင်းပြဖို့ကြိုးစားသော်လည်း အဆိပ်ဘွားဘွားက လက်ကာပြလိုက်သည်။
“ငါဘာမှမသိချင်တော့ဘူး၊ ငါလည်းနတ်ဆေးဆရာမဟုတ်တော့ဘူးမဟုတ်လား”
“ဒါနဲ့ ကျွန်မနောက်ကို နတ်ဆေးဆရာတွေလွှတ်လိုက်တဲ့ လူသတ်သမားတွေ လိုက်လာကြလိမ့်မယ်”
“မပူပါနဲ့ဆိုအေ၊ ငါနဲ့နေရင် ညည်းဆီကိုဒီကောင်တွေ ရောက်လာဖို့မပြောနဲ့၊ ဒီတောင်ကုန်းကလေးပေါ်ကို ခြေချနိုင်မှာတောင်မဟုတ်ဘူး”
အဆိပ်ဘွားဘွားက ရေနွေးတစ်ခွက်ကိုငှဲ့လိုက်ပြီး သူ့လက်ထဲမှ မြွေမင်းသားကိုထုတ်လိုက်ကာ အဆိပ်ရည်တစ်စက်ချလိုက်သည်။ ထို့နောက် ရှဲန်ဆိုင်အား ထိုခွက်ကိုလှမ်းပေးသည်။
“သောက်လိုက်၊ မင်းနေလို့ကောင်းသွားလိမ့်မယ်”
ရှဲန်ဆိုင်လည်း အဆိပ်ခွက်ကိုသောက်ချလိုက်သည်။ ပူပြင်းရှတသည့်အရသာကိုရရှိပြီး အနည်းငယ်နေထိုင်ရသက်သာသွားသည်။
“ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ဒီလူသတ်သမားတွေက သူတို့ကိုသတ်ခိုင်းတဲ့လူကို မသတ်ရမချင်း သုံးနှစ်သုံးမိုး လှည့်ပြီးချောင်းနေတတ်တယ်၊ ဒီတော့ ဒီသုံးနှစ်အတွင်း ဒီတောင်က မခွာတာအကောင်းဆုံးပဲ သမီး”
ရှဲန်ဆိုင်လည်း ခေါင်းညိတ်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
(၁၁)
အမရပူရနေပြည်တော်သို့ ပျံချီရောက်ရှိလာခဲံပြီဖြစ်သည်။ မြင်ကွန်းမင်းသားကြီးနေအိမ်သို့ မြင်းလှည်းကိုမောင်းနှင်လိုက်ပြီး ငခမ်းအားထုတ်ယူကာ မြင်ကွန်းမင်းသားအရှေ့တွင် ချထားပေးလိုက်သည်။
“ဒီကောင်က လင်းနို့လား”
ပျံချီက သရုပ်မှန်ပေါ်သည့် အင်းဖြင့် ငခမ်းအားကပ်လိုက်ရာ ငခမ်းမှာ လင်းနို့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားလေရာ မြင်ကွန်းမင်းသားနှင့် သူ့နောက်လိုက်နောက်ပါများပါ အံ့သြမဆုံးဖြစ်ရသည်။
“ဒီကောင်ကြီးရဲ့အစွမ်းနဲ့သာဆိုရင် ငါအောင်မြင်မှာကွ”
မြင်ကွန်းမင်းသားက ငခမ်းကိုထူလိုက်သည်။
“မင်းငါနဲ့ပူးပေါင်းမလား၊ မင်းငါ့ကိုလုပ်ပေးစရာတစ်ခုရှိတယ်”
ငခမ်းနဖူးမှ သရုပ်မှန်ပေါ်သည့်အင်းကိုဖြုတ်လိုက်သဖြင့် ငခမ်းက လူပုံစံပြန်ဖြစ်သွားလေသည်။
“မင်းကိုငါနဲ့ပူးပေါင်းမလားလို့ မေးနေတယ်လေကွာ”
ငခမ်းက မတုန်မလှုပ်သည့်မျက်နှာဖြင့်
“ခင်ဗျားပြောတာ ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူး၊ ခင်ဗျားမကျေနပ်ရင် ကျုပ်ကိုကြိုက်တာလုပ်”
ထိုအခါ ပျံချီက ဂျင်းဖြူအပြားဖြင့် ငခမ်းမျက်နှာကိုကပ်လေသည်။ ငခမ်းကလည်း နာကျင်စွာဖြင့်အော်ဟစ်နေရသည်။ အတန်ကြာနှိပ်စက်ပြီးတော့မှ ပျံချီက
“ဟေ့ကောင်ငခမ်း၊ မင်းငါတို့နဲ့မပူးပေါင်းဘူးဆိုရင် မင်းဒီထက်နာမယ်မှတ်”
ငခမ်းက အသံနက်ကြီးဖြင့်ရယ်မောလိုက်သည်။
“လုပ်စမ်းပါ ပျံချီရ၊ မင်းငါ့ကို သတ်ချင်ရင်လည်းသတ်လိုက်စမ်းပါ၊ ငါကလည်း သေဖို့အသင့်ပါပဲ”
မြင်ကွန်းမင်းသားကြီးမှာ အတော်စိတ်ပျက်နေပုံရသည်။
“ဟေ့ကောင်၊ မင်းလင်းနို့ကလည်း ဘာကောင်လည်းကွာ၊ သူ့ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပဲ”
“မပူပါနဲ့ မင်းသားကြီးရာ၊ ဒီကောင့်ကိုများများနှိပ်စက်ရင် ဒီကောင်နေနိုင်မှာမဟုတ်ပါဘူးဗျာ”
ပျံချီက ငခမ်းအားထပ်ပြီးနှိပ်စက်ပြန်သည်။ ငခမ်းက နှိပ်စက်ပြီးသည့်အခါ ထပ်ပြီးရယ်မောပြန်သည်။
“လုပ်စမ်းပါပျံချီရာ၊ ငါ့မှာ ရှဲန်ဆိုင်ကိုဆုံးရှုံးပြီးကတည်းက ဘာမှထပ်ပြီးဆုံးရှုံးစရာမရှိတော့ဘူးကွ၊ မင်းနှိပ်စက်လို့ သေသွားမယ်ဆိုရင်လည်း ငါကျေကျေနပ်နပ်ကြီး သေပေးမှာပါ”
နောက်ဆုံးတော့ နှိပ်စက်နေသည့် ပျံချီသာ မောပန်းလာခဲ့သည်။ မြင်ကွန်းမင်းသားကြီးက ပျံချီကိုခေါ်လိုက်သည်။
“မင်းအကောင်က ဒီအတိုင်းဆို တို့နှိပ်စက်တာနဲ့ပဲ သေသွားမှာ၊ တခြားနည်းလမ်းမရှိတော့ဘူးလား”
ပျံချီလည်း စဉ်းစားလိုက်ပြီး
“ဒီကောင် သွေးပူနေတုန်းမို့ ငြင်းနေတာဖြစ်မယ်၊ ဒီကောင့်ကို မိစ္ဆာနိုင်အင်း များများကပ်ပြီး မြေတိုက်ထဲမှာ ဖမ်းချုပ်ထားဗျာ၊ သူသွေးအေးသွားတဲ့အခါ တစ်ခါထပ်ပြီး ကမ်းလှမ်းကြည့်တာပေါ့”
“အေး၊ မင်းပြောတာကောင်းတယ်၊ ဒါဆို ငါ့အိမ်ထဲမှာထည့်ထားမလား”
ပျံချီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ငခမ်းအား မြင်ကွန်းမင်းသားကြီး၏ စံအိမ်တော်အောက်တွင် လှို့ဝှက်တည်ဆောက်ထားသည့် မြေတိုက်ခန်းအတွင်းသို့ ရွှေ့ပြောင်းထားလိုက်ကာ ခြေနှင့်လက်များကို သံကြိုးခတ်လျှက် တစ်ကိုယ်လုံးကိုလည်း မိစ္ဆာနိုင်အင်းများကို ကပ်ထားလိုက်လေသည်။
“မင်းရဲ့အင်းတွေက စိတ်ချရပါ့မလားကွ”
“စိတ်ချရပါတယ်မင်းသားကြီး၊ ဒီအင်းတွေက ဘိုးဘိုးအောင်ကိုယ်တိုင်စီရင်နည်းပေးခဲ့တဲ့အင်းတွေပါ၊ ဒီကောင်သိပ်ကြာကြာမခံနိုင်ပါဘူး၊ အလွန်ဆုံးခံလှ သုံးလပေါ့ဗျာ”
ပျံချီနှင့် မြင်ကွန်းမင်းသားကြီးတို့ ရယ်မောလိုက်ကာ မြေတိုက်အတွင်းမှ အတူတူထွက်ခွာသွားကြသည်။ ငခမ်းတစ်ယောက်သာ မြေတိုက်အမှောင်ထဲတွင် ကျန်နေခဲ့လေသည်။ ငခမ်းမျက်လုံးမှ မျက်ရည်တွေက စီးကျလျှက်ရှိသည်။
“ရှဲန်ဆိုင်၊ ရှဲန်ဆိုင်”
မိစ္ဆာနိုင်အင်းများကြောင့် ငခမ်းတစ်ကိုယ်လုံးနာကျင်နေသည့်ကြားက ရှဲန်ဆိုင်၏နာမည်ကို တိုးတိုးကလေး ညည်းညူနေသေးသည်။
့ပြီးပါပြီ။