(ဖြစ်ရပ်မှန်တစ်ခုကို အခြေခံလျက် ရေးသားတင်ဆက်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းပါ နာမည်များမှာ အမည်လွှဲများဖြစ်သော်လည်း ပြင်ပလောကနှင့် တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါကြောင်း ပန်ကြားအပ်ပါသည်)
(၁)
ကျွန်မနာမည်က ဒေါ်ညွန့်ဝေလို့ခေါ်ပါတယ်၊ ဒါကတော့ မှတ်ပုံတင်ထဲကနာမည်ပါ၊ တကယ့်နာမည်ကတော့ နန့်စုစံလို့ခေါ်ပါတယ်၊ ကျွန်မက ကရင်လူမျိုးပါဆရာ၊ ဒါပေမယ့် ကျွန်မနဲ့ခင်တဲ့သူတွေကတော့ မနန်းလို့ခေါ်ကြပါတယ်၊ နန့်ဆိုတဲ့စကားကို သူတို့မပီကြဘဲ အလွယ်တကူ မနန်းဆိုပြီး ဖြစ်သွားတာပေါ့ဆရာရယ်။
အခုပြောပြမယ့်အကြောင်းအရာတွေက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ကျွန်မကိုယ်တွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါဆရာ၊ ဒီအကြောင်းတွေက လိမ်တာညာတာတစ်ခွန်းမှမပါဘဲ ကျွန်မတကယ့်ကိုယ်တွေ့ဆိုတာကိုတော့ ဆရာ့ကိုဝန်ခံပါရစေ။
အဖြစ်အပျက်က ၂၀၁၆ခုနှစ် မိုးတွင်းတုန်းက ဖြစ်ခဲ့တာဆရာရေ။ ကျွန်မအကြောင်းကို အရင်ပြောပါရစေ၊ ကျွန်မက ပညာလည်းမတတ်ပါဘူး၊ ငယ်ငယ်က သုံးတန်းအထိပဲ ကျောင်းတက်ခဲ့ဖူးပါတယ်ဆရာ၊ ကျွန်မအပျိုပေါက်အရွယ်လောက်မှာ အိမ်က စီးပွားရေးမပြေလည်တာကြောင့် မြို့ပေါ်တက်ပြီးသူများအိမ်မှာ အလုပ်လိုက်လုပ်ရပါတယ်၊ အလုပ်ကတော့ အိမ်အလုပ်ပေါ့ဆရာ၊ တချို့က အိမ်ဖော်လို့ခေါ်ရင်ခေါ်မှာပေါ့၊ ကျွန်မကတော့ ကျွန်မကိုအိမ်ဖော်လို့ခေါ်ရင် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်ဆရာ၊ ဘာလို့လဲတော့ မပြောတတ်ဘူး၊ အိမ်အကူလို့ခေါ်ရင်တော့ ကျွန်မနည်းနည်းစိတ်ချမ်းသာတယ်ဆရာရေ၊ ဒါကြောင့် ဆရာလည်း ကျွန်မအလုပ်အကိုင်ကို အိမ်အကူလို့ပဲ ရေးပေးပါဆရာ။
ငယ်ငယ်ကတည်းက အိမ်အကူလုပ်လာတာ အခုအသက်ခြောက်ဆယ်နားကပ်တဲ့အထိပါပဲဆရာရယ်၊ တစ်အိမ်ပြီးတစ်အိမ် ပြောင်းပြီးအလုပ်လုပ်ရင်းကနေ ၂၀၁၂ ခုနှစ်ရောက်တော့ နိုင်ငံခြားသားတစ်ယောက်ရဲ့အိမ်မှာ အလုပ်လုပ်ရတယ်၊ သူ့နာမည်က ဗစ်တာလို့ခေါ်တယ်၊ နာမည်အရင်းကတော့ ကျွန်မလည်းမခေါ်တတ်ပါဘူးဆရာ၊ နာမည်က ခပ်ရှည်ရှည်ကြီးပါ၊ ကျွန်မကတော့ ဗစ်တာလို့ပဲခေါ်တာပေါ့၊ သူက နိုင်ငံခြားသား ကုလားဖြူတစ်ယောက်ပါ၊ ဩစတေးလျကလို့တော့ပြောတယ်။ အသက်က လေးဆယ်မပြည့်သေးဘူးဆရာ၊ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ဗိုက်ပူပူကြီးနဲ့ပါဆရာရယ်၊ အရက်ကလည်း သောက်လိုက်တာမပြောပါနဲ့တော့၊ အလုပ်ချိန်ကလွဲရင် တစ်ချိန်လုံးသောက်စားနေတာ၊ ဒါ့အပြင် ကောင်မလေးတွေလည်း ခေါ်လာတတ်တယ်ဆရာ၊ ကောင်မလေးတွေကတော့ မြန်မာမလေးတွေလည်းပါတယ်၊ တစ်ခါတစ်လေတော့ ကရင်မလေး၊ ရှမ်းမလေးတွေလည်း ပါလာတတ်တယ်၊ သူတို့ကလည်း ကြာကြာမနေပါဘူး တစ်ပတ်လောက်နေရင် ပြန်သွားတတ်ကြတယ်၊ ရှင်းရှင်းပြောရရင် မိန်းမလည်းရှုပ်တယ်ပေါ့ဆရာ၊ ဒါပေမယ့် စိတ်ရင်းတော့ကောင်းပါတယ်၊ ကျွန်မကိုလည်း နှိမ်နှိမ်ချချမဆက်ဆံတဲ့အပြင် တစ်ခါမလည်း မရိုမသေမလုပ်ဖူးပါဘူးဆရာ။
သူ့မှာ ငါးနှစ်လောက်အရွယ်ရှိတဲ့ သားကလေးတစ်ယောက်လဲရှိပါတယ်၊ သူ့သားကိုတော့ သူက ဂျူနီယာလို့ခေါ်တယ်၊ သူ့သားနာမည်ကလည်း ဗစ်တာပါပဲတဲ့၊ ကျွန်မကတော့ ဗစ်တာလေးလို့ မြန်မာလိုခေါ်ပါတယ်။ ကျွန်မရဲ့အလုပ်ကတော့ အဲဒီသားအဖနှစ်ယောက်ကို ချက်ပြုတ်ကျွေးရတယ်၊ နောက်ပြီးတော့ သူတို့ရဲ့အဝတ်အစားတွေလျှော်ပေးရတယ်၊ အိမ်သန့်ရှင်းရေးလုပ်ပေးရတယ်၊ ဒီလောက်ပါပဲဆရာ၊ ကျွန်မလုပ်ခဲ့တဲ့ တခြားအိမ်တွေနဲ့စာရင် အများကြီးသက်သာပါတယ်၊ ဒါ့အပြင် ဗစ်တာက ကျွန်မကိုလစာလည်းကောင်းကောင်းပေးပြီးတော့ အိမ်မှာပါတီပွဲတွေဘာတွေ ကျင်းပပြီးရင် ကျွန်မကိုလည်း ဆုကြေးထပ်ပေးတတ်ပါသေးတယ်။ မနက်ဆိုရင် သူတို့သားအဖအတွက် မနက်စာပြင်ပေးရတယ်၊ ပြီးရင် ဗစ်တာက အလုပ်ကိုကားနဲ့သွားတယ်၊ သူ့သားကလေးကိုတော့ မူကြိုကျောင်းကားလာရင် တင်ပေးလိုက်ရုံပါပဲ၊ ပြီးတော့ ညနေမှ ဗစ်တာလေးပြန်လာတယ်၊ သူ့ကိုရေမိုးချိုးပြီး ထမင်းကျွေးရတာပေါ့၊ ဗစ်တာကတော့ တစ်ခါတစ်လေစောပေမယ့် အမြဲလိုလိုအိမ်ပြန်နောက်ကျတတ်တယ်ဆရာရေ၊ ညကိုးနာရီ ဆယ်နာရီလောက်မှ ပြန်လာတတ်တာ၊ ပြန်လာရင်လည်း အရက်မူးလာတာ၊ တစ်ခါတစ်လေ ကောင်မလေးတွေပါလာပြန်ပါရော၊ ဒီတော့ ဗစ်တာလေးက သူ့အဖေထက် ကျွန်မကိုပိုပြီးခင်ပါတယ်၊ ကျွန်မလက်ပေါ်မှာပဲ ကြီးလာတာပေါ့ဆရာရေ၊ ဗစ်တာလေးအမေကတော့ နိုင်ငံခြားမှာတဲ့ဆရာ၊ သူတို့အိမ်ထောင်ကွဲတာ ကြာပြီလို့ပြောတယ်။
ဒီလိုနဲ့ သူတို့သားအဖနဲ့ ကျွန်မနဲ့အိမ်မှာနေကြရင်း တဖြည်းဖြည်းခင်မင်လာတာပေါ့ဆရာ။ ဒီလိုနဲ့ ငါးနှစ်လောက်ကြာတော့ ၂၀၁၇ ခုနှစ် ဝါတွင်းကြီးတစ်ရက် ဗစ်တာက အိမ်ကိုအစောကြီးပြန်လာတယ်ဆရာ။
“ဒေါ်နန်းရေ၊ ကျုပ်တို့တော့ တောင်ကြီးကိုပြောင်းရလိမ့်မယ်”
ဗစ်တာက မြန်မာပြည်မှာနေတာကြာပြီဆိုတော့ မြန်မာစကားတော့ ပြောတတ်ပါတယ်၊ တစ်ခါတစ်လေလည်း ကျွန်မကိုအင်္ဂလိပ်လိုပြောတယ်၊ ကျွန်မကလည်း သူတို့နဲ့နေတာကြာတော့ တစ်ခွန်းနှစ်ခွန်းပြောရင် ဘာပြောတယ်ဆိုတာ နားလည်နေပါပြီ။
“ဝါတွင်းကြီး ဗစ်တာရယ်၊ ဘာဖြစ်လို့ပြောင်းရမှာလဲ”
“ကျုပ်တာဝန်ယူထားတဲ့ ပရောဂျက်က ရှမ်းပြည်တောင်ပိုင်းမှာလေ၊ ပရောဂျက်ကာလကလည်း နှစ်နှစ်လောက်ကြာမယ်ဆိုတော့ ကျုပ်တစ်ယောက်တည်းသွားတာထက်၊ ကျုပ်တို့အကုန်ပြောင်းနေရင် ကောင်းမယ်လို့တွေးမိလို့ပါ”
ကျွန်မစိတ်ထဲတော့ ထင့်ခနဲဖြစ်သွားတာပေါ့ရှင်၊ ဝါတွင်းကြီးမဟုတ်လား၊ မြန်မာအယူအရ ဝါတွင်းကြီး အိမ်မပြောင်းရဘူးဆိုပေမယ့် ကျွန်မဗစ်တာကိုတော့ ဘာမှမပြောခဲ့ပါဘူးဆရာရယ်၊ သူတို့တွေက အယုံအကြည်မရှိဘူးမဟုတ်လား။
ဒါနဲ့ပဲ ကျွန်မတို့တွေ တောင်ကြီးကိုတက်ခဲ့ကြတာပေါ့၊ ဗစ်တာက ကားမောင်းတယ်၊ သူ့ကားကလည်း အကောင်းစား အကြီးကြီးပါ၊ ကျွန်မတို့အဝတ်အစားလောက်ပဲ သယ်ခဲ့တာ၊ ပရိဘောဂတွေက ငှားထားတဲ့အိမ်ကဟာတွေဆိုတော့ ဘာမှမသယ်ကြပါဘူး။ ဒီလိုနဲ့ မိုးတွင်းကြီးပဲ တောင်ကြီးကိုရောက်ခဲ့တာပေါ့၊ တောင်ကြီးဆိုတာကို သူများပြောတာပဲကြားဖူးခဲ့တာ၊ အခုလိုရောက်တော့ တောင်ကြီးအကြီးကြီးပေါ်မှာ တည်ထားတဲ့မြို့ဆိုတာ သိလိုက်ရတယ်၊ လမ်းတစ်လျှောက်မြင်ကွင်းတွေက ကျွန်မတို့မြေပြန့်နဲ့ ဘာမှမတူဘူးပေါ့ဆရာရယ်၊ ဗစ်တာက အိမ်မပြောင်းခင်တစ်ပတ်လောက်ကတည်းက တောင်ကြီးမှာ အိမ်ငှားထားပြီးသားတဲ့ဆရာ၊ အလုပ်လုပ်တာတော့ အကွက်စေ့တယ်၊ ဒါနဲ့ တောင်ကြီးရောက်တာနဲ့ ဗစ်တာငှားထားတဲ့အိမ်ကိုပဲ သွားလိုက်ကြတာပေါ့ဆရာ။
အိမ်ကြီးကတော့ နှစ်ထပ်တိုက်အိမ်ကြီးပါဆရာ၊ ဒါပေမယ့် အိမ်ရဲ့လက်ရာကတော့ နည်းနည်းရှေးကျတယ်၊ အင်္ဂလိပ်ခေတ်ကလို ရှေးကျတာမျိုးမဟုတ်ဘူးဆရာ၊ ကျွန်မတို့ငယ်ငယ် ၁၉၇၀၊ ၈၀ လောက်က ဆောက်ထားတဲ့လက်ရာမျိုးပေါ့၊ နှစ်ထိပ်အိမ်အရှေ့မှာ ခြံကလည်းတော်တော်ကျယ်တယ်ဆရာ၊ အိမ်ရှေ့မှာ သစ်ပင်တွေတောင်ပေါက်နေသေးတယ်၊ နောက်ပြီးပန်းခြံအသေးလေးလဲရှိတယ်၊ အိမ်က တောင်ကုန်းပေါ်က ရပ်ကွက်ကလေးမှာဆောက်ထားတာ၊ ရပ်ကွက်ကလည်း တိတ်ဆိတ်နေတာပဲ။
ခြံရဲ့အရှေ့မှာတော့ ရွှေမြယာ ဆိုပြီး ဆိုင်းဘုတ်တပ်ထားတယ်။ ဒါနဲ့ ကျွန်မတို့လည်း ရွှေမြယာစံအိမ်လို့ခေါ်လိုက်တာပေါ့၊ အိမ်ကိုငှားကတည်းက ပွဲစားတွေက သန့်ရှင်းရေးလုပ်ထားပေးပြီးသားပါ၊ အိမ်ထဲကိုလည်း ပရိဘောဂတွေအသင့်ထည့်ထားပြီးသား၊ နိုင်ငံခြားသားတွေကို အိမ်လုံးချင်းငှားတဲ့သူတွေက ဒီလိုမျိုးပရိဘောဂတွေပါ အသင့်ထည့်ထားတတ်တာလေ ဆရာရဲ့။
(၂)
ဗစ်တာကားရပ်လိုက်တော့ ကျွန်မနဲ့ ဗစ်တာလေး ကားပေါ်ကနေဆင်းလိုက်တယ်၊ အိမ်ရှေ့က ပန်းခြံကလေးကတော့ ပေါင်းမြက်တွေထပြီး ပျက်စီးနေတာပေါ့၊ ထင်းရှူးပင် သုံးပင်ကိုလည်း တန်းစီပြီးစိုက်ထားသေးတယ်၊ ထင်းရှူးပင်က အလှထင်းရှူးပင်လို့ခေါ်တယ်တဲ့ဆရာ၊ အပေါ်ကို အထပ်အထပ်နဲ့တက်သွားတာ ကြည့်လို့လှတယ်ဆရာရေ၊ ကျွန်မနဲ့ဗစ်တာလေး ခြံထဲမှာရှိနေတုန်း ကျွန်မစိတ်ထဲ တစ်မျိုးကြီးခံစားရတယ်ဆရာ၊ ကျွန်မတို့ကို တစ်ယောက်ယောက်က ကြည့်နေသလိုမျိုးကြီး စိတ်ထဲမသိုးမသန့်ဖြစ်လာတာ၊ ကျောမလုံလို့ အနောက်ကို လှည့်လှည့်ကြည့်တာလဲ အခါခါပါပဲ၊ ကျွန်မလည်း အဲဒီတုန်းက ထူးခြားတယ်လို့ မတွေးမိဘူးဆရာ၊ တောင်ကြီးရဲ့ရာသီဥတုက မိုးအုံ့နေတော့ အုံ့မှိုင်းမှိုင်းနဲ့ အေးနေတာမဟုတ်လား၊ ရာသီဥတုကြောင့်လို့ပဲ ကျွန်မလည်းထင်လိုက်တာပေါ့။
ရောက်ရောက်ချင်းပဲ ဗစ်တာက တောင်ကြီးရုံးကလူတွေနဲ့ သွားတွေ့မယ်ဆိုပြီးထွက်သွားတော့တယ်၊ ကျွန်မနဲ့ဗစ်တာလေးပဲ အိမ်ထဲကိုဝင်လာခဲ့တာပေါ့၊ မကြာခင်မိုးချုပ်တော့မယ်ဆိုတော့ ဗစ်တာလေးကို ထမင်းကျွေးဖို့အတွက် ကျွန်မလည်းပြင်ဆင်ရတာပေါ့၊ အိမ်ကြီးထဲမှာ အခန်းတွေတော့များတယ်ဆရာ၊ ရန်ကုန်က အိမ်ကြီးထက်ပိုကျယ်တယ်၊ အိမ်ထဲဝင်လိုက်ရင် ဖိနပ်ချွတ်နေရာရှိတယ်၊ ပြီးရင် ဧည့်ခန်းအကျယ်ကြီးပေါ့ဆရာ၊ ဧည့်ခန်းအနောက်ဘက်မှာတော့ အိမ်ပေါ်တက်တဲ့သစ်သားလှေကားရှိတယ်၊ လှေကားက တစ်ထစ်ချိုးကွေ့လေးလုပ်ထားတယ်ဆရာ၊ အဲဒီလှေကားကိုကျော်လိုက်ရင် အခန်းနှစ်ခန်းရှိတယ်၊ အခန်းတွေက သော့ပိတ်ထားတယ်၊ အဲဒီအခန်းတွေကို ကျော်လိုက်ရင်တော့ ထမင်းစားခန်းသဘောမျိုးအခန်းရှိတယ်၊ ပြီးရင် အနောက်မှာ မီးဖိုခန်းနဲ့ အိမ်သာ၊ ရေချိုးခန်းကိုတွေ့ရတယ်။
အပေါ်ထပ်မှာတော့ အခန်းလေးခန်းရှိတယ်ဆရာ၊ ဝရံတာကလည်း အကျယ်ကြီးပဲ၊ အပေါ်ထပ်က အခန်းနှစ်ခန်းမှာ ဗစ်တာကတစ်ခန်း၊ သူ့သားလေး ကတစ်ခန်းပေါ့၊ တစ်ခုထူးခြားတာက အခန်းတွေရဲ့တံခါးတွေကို သော့နဲ့ပိတ်ထားကြတာပဲ၊ ဘုသော့တွေနဲ့ဆိုတော့ ဖွင့်မရဘူးပေါ့၊ ဒါနဲ့ ကျွန်မလည်း ဗစ်တာပေးတဲ့အခန်းသော့တွေနဲ့ လိုက်ဖွင့်တော့လည်း ဖွင့်လို့မရဘူးဆရာ၊ အောက်ထပ်က နှစ်ခန်းမှာ မီးဖိုချောင်နားက ခြေရင်းခန်းကိုပဲဖွင့်လို့ရတယ်၊ အထဲမှာ ကုတင်နဲ့မွှေ့ယာကိုပြင်ပေးထားတော့ အဲဒီအခန်းက ကျွန်မအတွက်ပေါ့၊ အပေါ်ထပ်မှာလည်း ခေါင်းရင်းဘက်က နှစ်ခန်းပဲဖွင့်လို့ရတယ်၊ ပွဲစားက လူအရေအတွက်ကိုသိလို့များ အခန်းတွေကို ပိတ်ထားတာများလားပေါ့၊ ခေါင်းရင်းဘက်က တစ်ခန်းကတော့ ဗစ်တာအတွက်၊ နောက်တစ်ခန်းကတော့ သူ့သားကလေးအတွက်ပေါ့ဆရာ။
ဗစ်တာကလေးက သူ့အဖေနဲ့မတူဘူးဆရာရေ၊ သူ့အဖေက မြန်မာထမင်းဟင်းကိုမကြိုက်ဘူး၊ သူ့အတွက် အမဲကင်တို့၊ အမဲနံရိုးတို့၊ နောက်ပြီးတော့ အသီးအရွက်သုပ်တို့ လုပ်ပေးရတယ်၊ ဗစ်တာကလေးကတော့ ကျွန်မနဲ့နေတာကြာလို့လားမသိဘူး မြန်မာထမင်းဟင်းပဲကြိုက်တယ်၊ ထမင်းစားရင် ဟင်းအနှစ်ကို ပန်းကန်ပေါ်ဆမ်းပြီးစားတာဆရာ၊ နောက်တစ်ခုကတော့ ငါးပိကြော်တို့၊ ဘာလချောင်ကြော်တို့ သိပ်ကြိုက်တာ။ ငါးပိကြော်မပါရင် ထမင်းမစားဘူးဆရာရေ၊
သူ့အဖေက မနက်စာကို ကွေကာရယ် နို့ရယ်၊ သစ်သီးတွေရယ် စားတတ်ပေမယ့် ဗစ်တာလေးကတော့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်တာ၊ စားရင်လည်း ငရုတ်သီးအလှော်မှုန့်ဖြူးပြီး သံပုရာသီးညှစ်ပြီး မြန်မာစား စားတာဆရာရေ၊ ကျွန်မနဲ့နေလို့ မြန်မာဇာတ်ဖြစ်သွားတယ်ထင်ပါရဲ့ ဟင်း၊ ဟင်း။
ဒါနဲ့ ဗစ်တာလေးကို ထမင်းစားခန်းထဲခေါ်ပြီးတော့ ထမင်းပြင်ပေးရတယ်၊ ကျွန်မတို့အသင့်ပြင်ဆင်လာတဲ့ ထမင်း၊ ဟင်းတွေကိုပဲ ထုတ်ကျွေးရတာပေါ့ဆရာ၊ ဗစ်တာလေးက အဲဒီအချိန်က အသက်ဆယ့်သုံးနှစ်နီးပါးရှိပါပြီ။ ထမင်းစားပြီးတော့ သူ့ကိုအပေါ်ထပ်လိုက်ပို့တယ်၊ မီးလာနေတော့ တစ်အိမ်လုံးလင်းထိန်နေတာပေါ့ဆရာ၊ အပေါ်ထပ်ခေါင်းရင်းဘက် အနောက်ခန်းကို ဗစ်တာကလေးကဝင်သွားတယ်၊ ကျွန်မလည်း အိမ်အောက်ကိုပြန်ဆင်းလာပြီးတော့ သိမ်းဆည်းပြီး ဆေးကြောနေတာပေါ့ဆရာ။
အဲဒီမှာစပြီး ထူးခြားတာပါပဲဆရာရယ်၊ ပန်းကန်တွေဆေးနေတုန်း ဘေစင်ရေပိုက်က ဗလစ် ဗလစ်နဲ့အသံတွေမြည်ပြီးတော့ ရေတွေပိတ်သွားတယ်၊ နောက်တော့ ကျွန်မလည်း ဘေစင်ပိုက်ကို အဖွင့်အပိတ်လုပ်လိုက်တော့ သွေးတွေလို နီရဲနေတဲ့ ရေတွေဆင်းလာတာဆရာရေ၊ ကျွန်မလည်း ကြောက်လိုက်တာမပြောပါနဲ့တော့၊ ရေတွေက နီရဲနေတဲ့အပြင် ခပ်ကျဲကျဲမဟုတ်ဘဲ ပျစ်ချွဲချွဲနဲ့ဆရာ၊ ဒါ့အပြင် ညှီနံ့ကလည်း နံလိုက်တာမပြောပါနဲ့တော့၊ ကျွန်မလက်မှာ သွေးတွေပေကျံကုန်တာနဲ့ ကျွန်မလည်း လန့်ပြီးအနောက်ကိုဆုတ်လိုက်တာပေါ့။
အနောက်ဆုတ်လိုက်တော့ လူတစ်ယောက်နဲ့ကျွန်မကျောကုန်းနဲ့တိုက်မိလိုက်တယ်၊ ကျွန်မလန့်ပြီး လှည့်ကြည့်တော့ ဘာမှမရှိဘူး၊ ကျွန်မအနောက်မှာ ပန်းကန်ထည့်တဲ့ဗီရိုတွေ၊ စားပွဲတွေရှိတယ်ဆိုပေမယ့် ကျွန်မနဲ့တော်တော်လှမ်းပါတယ်ဆရာ၊ တစ်လှမ်းလောက်နောက်ဆုတ်လိုက်လို့ တိုက်မိလောက်တဲ့အနေအထားမဟုတ်ဘူး၊ ပြိးတော့ တိုက်မိတာကလည်း သစ်သားလို မာမာတောင့်တောင့်မဟုတ်ဘဲနဲ့ လူတစ်ယောက်နဲ့တိုက်မိသလိုခံစားချက်ပါ၊ ကျွန်မဖြင့် ကြောက်လိုက်တာဆရာရေ၊ ကျွန်မလည်း အိမ်ရှေ့ကိုပြေးထွက်လိုက်တော့ အိမ်ရှေ့က ကားဟွန်းတီးသံကြားလိုက်ရတယ်၊ ဒါနဲ့ ခြံတံခါးကိုပြေးဖွင့်လိုက်တော့ ဗစ်တာက ကားမောင်းပြီးဝင်လာတယ်။
“ဗစ်တာရေ၊ ငါပန်းကန်ဆေးနေတုန်း၊ ရေပိုက်ထဲကနေ သွေးတွေထွက်လာတယ်”
ဗစ်တာက သရဲဆိုတာယုံတဲ့သူမဟုတ်ပေမယ့် ကျွန်မကလည်း အားကိုးတကြီးနဲ့ သူ့ကိုပြောမိတာပေါ့၊ ကျွန်မလက်တွေကိုထောင်ပြလိုက်ပေမယ့် ဘာသွေးမှမရှိဘဲ ရေတွေသာစိုနေတယ်၊ ဗစ်တာက ကားပေါ်ကဆင်းလိုက်ပြီး မီးဖိုထဲဝင်ကြည့်တယ်၊ ဘေစင်ကနေ ရေတွေကျနေဆဲပဲဆရာ၊ ဒါပေမယ့် ရိုးရိုးသာမန်ရေတွေပဲ၊ ဗစ်တာက သက်ပြင်းချပြီး ကျွန်မကိုကြည့်တယ်။
“လူမနေတာကြာတဲ့အိမ်တွေက ရေပိုက်တွေမှာ သံချေးတွေပိတ်နေတတ်တယ် ဒေါ်နန်း၊ ခင်ဗျားတွေ့တာ သွေးမဟုတ်ဘဲ သံချေးဖြစ်မယ်၊ အခုတော့ ဘာမှမရှိတော့ဘူးမဟုတ်လား”
ကျွန်မမြင်ခဲ့တာကို ကျွန်မသိပါတယ်ဆရာ၊ သွေးမှ သွေးအစစ်ပါ၊ ရေနဲ့မတူဘဲ ပျစ်ချွဲချွဲကြီးပါ၊ အခုဗစ်တာရှေ့မှာကျတော့ ရေကပုံမှန်ပဲ၊ ကျွန်မလည်း ခေါင်းညိတ်ပြီးပန်းကန်ကို အမြန်ပြန်ဆေးနေတာပေါ့၊ ဗစ်တာက အပေါ်ထပ်ကိုတက်သွားတော့တယ်၊ နည်းနည်းလည်း မူးနေပုံရတယ်ဆရာ။
(၃)
ညဆယ်နာရီထိုးတော့ ကျွန်မအိပ်ဖို့ပြင်လိုက်တယ်၊ တစ်အိမ်လုံးက မီးတွေကိုပိတ်လိုက်ပြီး လှေကားနားက မီးလေးတစ်ပွင့်ကိုတော့ ဖွင့်ထားလိုက်တယ်၊ ပြီးတော့ ခြေရင်းခန်းထဲကိုဝင်လာခဲ့ပြီး ကုတင်ဘေးနားမှာထိုင်လိုက်ပြီး ဘုရားဆုတောင်းနေတာပေါ့။
ဒီအချိန်မှာပဲ ကျွန်မခေါင်းရင်းအခန်းက ထိုင်ခုံကိုပွတ်ဆွဲပြီး ရွှေ့နေတဲ့အသံကြားလိုက်ရတယ်၊ ခေါင်းရင်းအခန်းက သော့ခတ်ထားတဲ့အခန်းမဟုတ်လား၊ ကျွန်မက အစပိုင်းက ဗစ်တာများ ခုံတစ်ခုခုလိုလို့ ဒီအခန်းကိုဖွင့်ပြီး လာယူတာလားလို့ထင်လိုက်သေးတယ်၊ ဗစ်တာ့ဆီမှာလည်း သော့ရှိမယ်လို့ထင်တာပေါ့၊ ဒါနဲ့ ကျွန်မအခန်းကနေထွက်ပြီး ခေါင်းရင်းအခန်းကိုကြည့်လိုက်တော့ တံခါးက ပိတ်ထားဆဲပဲ၊ ကျွန်မလည်း အခန်းတံခါးဘုသော့ကိုလှည့်ပေမယ့် မလည်ဘူးဆရာ၊ အထဲကပိတထားတယ်ထင်လို့ အခန်းတံခါးကိုခေါက်လိုက်တယ်။
“ဗစ်တာ၊ ဗစ်တာ ရှင်အထဲမှာလား”
“အေး”
အခန်းထဲကနေ မပီဝိုးတဝါးနဲ့ပြန်ထူးသံကြားလိုက်ရတယ်၊
“ဒါဆိုလည်း တံခါးဖွင့်ပေးပါ၊ ဘာလိုချင်လို့လဲ ဒေါ်နန်းကိုခိုင်းတာမဟုတ်ဘူး”
ကျွန်မတံခါးကိုဆက်ပြီးခေါက်လိုက်တယ်၊ ဒီအချိန်မှာပဲ ဗစ်တာက လှေကားပေါ်ကနေဆင်းလာတယ်။ ထူးဆန်းတဲ့မျက်နှာနဲ့ ကျွန်မကိုကြည့်တယ်။
“ဒေါ်နန်း၊ ဘာဖြစ်လို့လဲ”
ဗစ်တာမျက်နှာကို မြင်တော့ ကျွန်မဖြင့် ဒူးတွေပါတုန်ပြီးတက်သွားတယ်။ ဗစ်တာက ကျွန်မအနားကိုဆင်းလာတယ်။
“ဪ၊ အဲဒီအခန်းက ပိတ်ထားတာ၊ ကျုပ်ဆီမှာလည်း သော့မရှိဘူး၊ ပွဲစားကတော့ပြောတယ်၊ ပိတ်ထားတဲ့အခန်းတွေကို အသုံးမလိုဘဲ မဖွင့်ပါနဲ့တဲ့”
ကျွန်မဘာပြန်ပြောရမှန်းကိုမသိဘူးဆရာ၊ ဒါဆို ခုနက အခန်းထဲမှာဘယ်သူလဲ၊ ကျွန်မက ဗစ်တာလားလို့မေးတော့ ပြန်ထူးတာကဘယ်သူလဲ၊ ကျွန်မလည်း ခေါင်းနားပန်းကြီးသွားပြီး ဗစ်တာကိုလှည့်တောင်မကြည့်တော့ဘဲ ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်လိုက်တယ်ဆရာ၊ ကြောက်ကြောက်နဲ့စောင်ကို ခေါင်းမြှီးခြုံပြီး အိပ်လိုက်တာပေါ့၊ တောင်ကြီးရာသီဥတုက ခပ်အေးအေးနဲ့ နောက်ပြီး ကျွန်မကလည်းတစ်နေကုန် ခရီးပန်းလာတာကြောင့်မို့ မကြာခင်မှာပဲ အိပ်ပျော်သွားတယ်ဆရာ၊ မနက်ခင်းရောက်တော့ ချမ်းလိုက်တာ တအားပဲ၊ ဒါနဲ့ကျွန်မခြုံထားတဲ့စောင်ကိုစမ်းလိုက်တော့ စောင်က ကုတင်ပေါ်မှာရှိမနေဘူးဆရာ၊ ကျွန်မအခန်းမီးဖွင့်လိုက်တော့ စောင်က အခန်းအပြင်ဘက်ထွက်တဲ့တံခါးနားမှာ အပုံလိုက်ကလေးကျနေတယ်၊ ကျွန်မဖြင့် စဉ်းစားလို့တောင်မရဘူး၊ ကျွန်မခေါင်းမြှီးခြုံအိပ်တဲ့စောင်က ဘာလို့ဒီနေရာကို ရောက်နေသလဲပေါ့။
နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီထိုးတော့မယ်ဆရာ၊ ဒါနဲ့ ကျွန်မလည်းအိပ်ရာကနေထလိုက်ရတော့တယ်၊ ဆန်ဆေးပြီး ပေါင်းအိုးနဲ့ထမင်းတစ်အိုးတည်လိုက်တယ်၊ ဗစ်တာက ခုနစ်နာရီလောက်ဆို နိုးတော့မှာလေ၊ ဒါပေမယ့် သူက မနက်စာကိုချေးမများပါဘူး၊ ကွေကာအမှုန့်ထဲကို နို့ထည့်ပြိး အသီးလေးတွေထည့်လိုက်ရင် ပြီးပါပြီ။ ကျွန်မ မီးဖိုချောင်ထဲအလုပ်များနေတုန်း ဗစ်တာက အိပ်မှုန်စုံမွှားနဲ့ဆင်းလာတယ်။ နောက်ပြီးတော့ မီးဖိုထဲက ကျွန်မကို ခါးထောက်ပြီးကြည့်လိုက်တယ်။
“ဒေါ်နန်းညက ဘာတွေလုပ်နေတာလဲဗျာ၊ အိမ်ပေါ်ကိုတက်လိုက်ဆင်းလိုက်နဲ့ နောက်ပြီး ကျုပ်တို့ခြေရင်းခန်းက ဘာတွေကိုသယ်နေတာလဲ”
ကျွန်မမျက်လုံးတွေပြူးပြီး ပါးစပ်ကိုလက်နဲ့ပိတ်ထားမိတယ်ဆရာ၊ နောက်တော့မှ ဗစ်တာနားလည်အောင် ရှင်းပြရတယ်။
“ကျွန်မညက အစောကြီးအိပ်သွားတာပါဆရာ၊ အပေါ်ထပ်ကိုလည်း မတက်ပါဘူး၊ ခြေရင်းခန်းသော့ကလည့်း ကျွန်မဆီမှာ မရှိပါဘူး”
ဗစ်တာက ခါးထောက်ပြီးကျွန်မကိုအသေအချာကြည့်တယ်၊ ကျွန်မ မလိမ်တတ်ဘူးဆိုတာလည်း သူသိတာမို့လို့ သူနည်းနည်းတော့ ထူးဆန်းနေတဲ့ပုံပဲ။ နောက်တော့မှ ခေါင်းညိတ်ပြီးတော့
“ဒါဆို ဟိုကောင်ဂျူနီယာလုပ်တာဖြစ်ရမယ်”
အဲဒီလိုပြောပြီးတော့ ထမင်းစားပွဲမှာထိုင်တယ်၊ ကျွန်မပြင်ပေးတဲ့ မနက်စာစားနေရင်း ဖုန်းကိုကြည့်နေတယ်၊ ရှစ်နာရီကျော်တော့ ဗစ်တာက အိတ်ကလေးဆွဲသွားပြီး ကားမောင်းထွက်သွားတယ်။
ဗစ်တာလေးက ညညဆိုမအိပ်ဘူးဆရာရေ၊ သူက သူ့လက်တော့နဲ့ ဂိမ်းတွေဆော့ဆော့နေတာ၊ မနက်ဆိုရင်လည်း မိုးလင်းအားကြီးမှ ထတယ်၊ ဒါနဲ့ ကျွန်မလည်း သူနိုးလာရင်ကျွေးဖို့ မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲဖြစ်ဖြစ် ထွက်ဝယ်မယ်ဆိုပြီးတော့ အိမ်တံခါးကိုပိတ်ပြီး ရပ်ကွက်ထဲကိုထွက်လာတာပေါ့၊ ရပ်ကွက်ထဲမှာ ဆိုင်ကလေးတွေအများကြီးရှိပါတယ်၊ ဒါပေမယ့် မုန့်ဟင်းခါးဆိုင်ကိုရှာမတွေ့ဘူး၊ ကျွန်မလည်း အဝေးကြီးကိုမသွားဝံ့သေးဘူးလေ၊ နယ်မြေအသစ်ဆိုတော့ လမ်းပျောက်မှာကြောက်နေတာပေါ့၊ ဒါနဲ့ပဲ လမ်းထိပ်နားက ရှမ်းခေါက်ဆွဲဆိုင်ကလေးကိုပဲ လာခဲ့တယ်၊ ဆိုင်ထဲမှာ လူတော့သိပ်မရှိပါဘူး၊ ရှမ်းကြီးတစ်ယောက်ရောင်းနေတာမို့လို့ ရှမ်းခေါက်ဆွဲတစ်ပွဲဝယ်လိုက်တယ်၊ ကျွန်မလည်းဗိုက်ဆာနေတာမို့လို့ တစ်ပွဲလောက်ထိုင်စားလိုက်အုံးမယ်လို့တွေးပြီး ရှမ်းခေါက်ဆွဲမှာစားလိုက်တာပေါ့ဆရာ။
(၄)
ဆိုင်မှာ တခြားခုံလေးတွေရှိပေမယ့် အဒေါ်ကြီးရှေ့က ခုံတန်းမှာပဲထိုင်လိုက်ပါတယ်၊ အဒေါ်ကြီးကတော့ ရှမ်းခေါက်ဆွဲကို ရေနွေးနဲ့ဖျောပြီးတော့ ကျွန်မစားဖို့ အမြန်လုပ်ပေးပါတယ်၊ နောက်တော့ ကျွန်မကိုခေါက်ဆွဲပန်းကန်လှမ်းပေးပြီးတော့ ထူးဆန်းသလိုလိုနဲ့ကြည့်နေတယ်။
“နင့်မျက်နှာကို ငါမမြင်ဖူးဘူး၊ ဘယ်ကလာတာလဲ”
“ဒီလမ်းထဲကပါပဲရှင်”
“ဒီလမ်းထဲက ဘယ်အိမ်ကိုပြောင်းလာတာလဲ”
“ရွှေမြယာလို့ ရေးထားတဲ့အိမ်ကြီးကို ပြောင်းလာတာပါ”
ကျွန်မပြန်ဖြေလိုက်တော့ ရှမ်းခေါက်ဆွဲရောင်းတဲ့အဒေါ်ကြီး တော်တော်လန့်သွားပုံရတယ်။ ကျွန်မလည်း မျက်နှာရိပ်မျက်နှာကဲ ခတ်တတ်တာဆိုတော့ သိလိုက်တာပေါ့၊
“အဒေါ်ကြီး အဲဒီအိမ်ကြီးက ဘာဖြစ်လို့လဲ”
အဒေါ်ကြီးက ခေါင်းပဲခါပြတယ်၊ သူတစ်ခုခုပြောစရာရှိတယ်ဆိုတာ ကျွန်မသိတယ်ဆရာ။
“ပြောပါအဒေါ်ကြီးရယ်၊ ကျွန်မတို့က မနေ့ကမှ ပြောင်းလာတာ၊ အဲဒီအိမ်မှာ ကျွန်မက အိမ်အကူပါ၊ ကျွန်မဆရာက နိုင်ငံခြားသား၊ အန်ဂျီအိုမှလုပ်တာ။ သူတို့သားအဖနှစ်ယောက်ကို ကျွန်မက ထမင်းချက်ကျွေးရတာပါ၊ အဒေါ်ကြီးတစ်ခုခုသိထားတယ်ဆိုရင် ကျွန်မကိုပြောပါ၊ ကျွန်မတို့လည်း ဆောင်ရန် ရှောင်ရန်လေးတွေ သိရတာပေါ့”
ကျွန်မပြောလိုက်တော့ အဒေါ်ကြီးက ကျွန်မအနားကိုတိုးလာတယ်။
“နင်အဲဒီမှာတစ်ညအိပ်တော့ ထူးခြားတာတစ်ခုခုမဖြစ်ဘူးလား”
“သရဲခြောက်တာကိုပြောတာလား”
အဒေါ်ကြီးက ခေါင်းကိုဆတ်ခနဲညိတ်တယ်ဆရာ၊ ပြီးတော့ဆက်ပြောတယ်
“ရွှေမြယာအိမ်ဆိုတာ ဒီရပ်ကွက်ကလူတွေမပြောနဲ့၊ တောင်ကြီးကလူတွေတောင်မှ ဘယ်သူမှ မငှားကြဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအိမ်ကြီးက မကောင်းတဲ့အိမ်ကြီးဟ”
“အရင်က ဘာတွေဖြစ်ခဲ့လို့လဲ”
“အဲဒီအိမ်ကြီးမှာ ဘယ်သူမှကြာကြာမနေရဲဘူး၊ အလွန်ဆုံးနေရင် တစ်လလောက်ပဲ၊ အိမ်ပိုင်ရှင်တောင်မှ မနေရဲလို့ အငှားချထားတာ၊ သရဲအရမ်းခြောက်တယ်”
“ဘာလို့ သရဲခြောက်တာလဲ အမကြီး”
“အဲဒီအိမ်ပိုင်ရှင်က ဦးစိုင်းလုံကျောက်တဲ့၊ အင်ဂျင်နီယာတစ်ဦးပေါ့၊ အိမ်ကြီးကို သူ့စိတ်ကြိုက်ဆောက်ခဲ့တာ၊ ပြောကြတာကတော့ သူကသေပြီးတော့ အဲဒီအိမ်ကြီးမှာ မကျွတ်မလွတ်ဖြစ်ပြီး စွဲနေတယ်တဲ့၊ အဲဒီအိမ်ကြီးအရှေ့မှာအရင်က မြယာပင်ကြီးရှိလို့ ရွှေမြယာလို့နာမည်ပေးခဲ့တာတဲ့”
“အခုတော့ ဘာအပင်မှမရှိတော့ပါလား”
“ငါပြောမယ်၊ နင့်ဆရာကိုနင်ပြောပြီး အဲဒီအိမ်ကနေပြောင်းဖို့လုပ်ပေတော့၊ နင်တို့ဆက်နေရင် သေနိုင်တယ်၊ နင်တို့အရှေ့က နေခဲ့တဲ့လူတွေဆိုလည်း သူတို့သားလေးတစ်ယောက် အဲဒီအိမ်မှာပဲ သရဲသတ်လို့ သေသွားတယ်လေ”
ကျွန်မဖြင့် အဒေါ်ကြီးစကားကိုနားထောင်ပြီး ရှမ်းခေါက်ဆွဲတောင် ဆက်မစားနိုင်တော့ဘူးဆရာရေ။
“ဒါဆို အဲဒီသရဲကို မောင်းမထုတ်ကြဘူးလား”
“နင်ပြောတာနောက်ကျပါသေးတယ်အေ၊ အိမ်ရှင်ကအစ၊ အိမ်ငှားတွေအဆုံး ဘုန်းကြီးတွေပင့်ပြီး ပရိတ်တွေရွတ်၊ နောက်ပြီး အထက်လမ်းဆရာတွေနဲ့ သရဲကိုနှင်လည်း ရက်ပိုင်းလောက်ပဲ နှင်နိုင်တယ်တဲ့၊ ဒါကြောင့် ဒီအိမ်ကြီးက တို့မြို့မှာ ဘုန်းကြီးတွေလည်း လက်လျှော့ပြီး ဆရာတွေအကုန်လုံးလည်း လက်လွှတ်ထားရတဲ့အိမ်ကြီးပေါ့”
ကျွန်မလည်း ဆက်နားမထောင်ချင်တော့တာနဲ့ ရှမ်းခေါက်ဆွဲပါဆယ်ဝယ်ပြီး ပြန်လာခဲ့တော့တယ်၊ အိမ်ကြီးနဲ့ ခြံကြီးကိုကြည့်ပြီး ကျွန်မဖြင့် ကြက်သီးတွေ တဖြန်းဖြန်းထမိတယ်ဆရာရေ၊ ဒီအိမ်ကြီးကို ပြန်ဝင်ဖို့ကိုတောင် တော်တော်လန့်နေမိတာ။
ကိုးနာရီထိုးတော့ ဗစ်တာလေး နိုးလာပါပြီ၊ ကျွန်မဝယ်ထားတဲ့ ရှမ်းခေါက်ဆွဲကို အားရပါးရစားလို့ တော်သေးတာပေါ့၊ ညကအကြောင်းတွေကိုတော့ကျွန်မက ဘာမှမပြောတော့ဘူး၊ ဘယ်သူလုပ်နေတယ်ဆိုတာကို ကျွန်မသိတယ်မဟုတ်လား။
“ဗစ်တာလေး ညတိုင်းဘုရားဆုတောင်းပြီးမှအိပ်နော်”
စားသောက်ပြီးတော့ ဗစ်တာလေးက အိမ်ပေါ်ပြန်တက်သွားတယ်၊ ဂိမ်းသွားဆော့မလို့နေပါရဲ့၊ ကျွန်မလည်း အဝတ်တွေလျှော်နေမိတယ်၊ အိမ်ကြီးထဲမှာ သရဲရှိတယ်ဆိုတာသိပြီးကတည်းက နေလို့မကောင်းတော့ပါဘူးဆရာရယ်၊ သရဲခြောက်တာထက် ကိုယ့်စိတ်က ကိုယ့်ကိုပြန်ခြောက်နေမိတယ်၊
နောက်ရက်ကျတော့ ကျွန်မဈေးသွားတယ်၊ ဗစ်တာလေးအကြိုက် ဝက်သားနှပ်ပေးဖို့ ဝက်သားတွေဝယ်လာခဲ့ပေါ့၊ ကျွန်မလည်း ဈေးကဝယ်လာတဲ့ ဟင်းချက်စရာတွေကို နေရာချနေတုန်း၊ ဈေးဆွဲခြင်းထဲက ဝက်သားထုပ်ကို လူတစ်ယောက်က ဆွဲလိုက်သလိုမျိုး ဝက်သားထုပ်က လေပေါ်ကိုမြောက်တက်သွားပါရောဆရာရေ၊ နောက်တော့ ခပ်လှမ်းလှမ်းက ကြမ်းပြင်ပေါ်ကို ဖုတ်ခနဲပြုတ်ကျပြီးတော့ လူတစ်ယောက်က ခြေထောက်တွေနဲ့ ကန်နေ၊ နင်းနေသလိုမျိုး အိတ်ကု ခုန်ပေါက်နေတော့တာ၊ ကျွန်မဖြင့် ကြောက်ကြောက်နဲ့ငြိမ်ပြီးကြည့်နေမိတာပေါ့၊ တော်တော်ကြာတော့မှ ဝက်သားထုပ်က ငြိမ်သွားတယ်၊ အထဲက ဝက်သားတွေကတော့ စိစိညက်ညက်ကြေနေတာပေါ့ဆရာ။
ကျွန်မလည်းကြောက်တာထက် ဒေါသထွက်သွားမိတယ်။
“အေးဟေ့၊ နင်လုပ်ပေးတော့လည်း ကောင်းတာပဲ၊ ဝက်သားကိုစဉ်းကောလုပ်ပြီး ဝက်သားလုံးချက်ရတာပေါ့”
ကျွန်မပြောလို့ဆုံးတော့ အိတ်ကြီးက မြောက်တက်လာပြီးတော့ တစ်ယောက်ယောက်က ကောက်ပြီးလွှင့်ပစ်လိုက်သလိုမျိုး အိမ်နောက်ဖေးပြတင်းပေါက်ကနေ ဝှီးခနဲလွင့်ထွက်သွားတာပေါ့ဆရာ၊ ကျွန်မလည်း အိမ်နောက်ဖေးတံခါးကနေ ပြေးထွက်လိုက်တော့ အဲဒီဝက်သားထုပ်က သူ့အလိုလိုမြေမှာလျှောတိုက်ပြီး ပါသွားတာ၊ ကျွန်မအနောက်ကပြေးလိုက်တော့ အိမ်ဘေးကနေပတ်ပြီး အိမ်ရှေ့က ပန်းခြံကလေးရဲ့ ချုံပုတ်ထဲကို ဝင်သွားပါရော၊ ကျွန်မလည်း ချုံပုတ်ထဲကိုဆိုတော့ ဆက်မလိုက်ရဲတော့ဘူးပေါ့။
နောက်ပိုင်းတော့ သရဲဆိုတာ မကြောက်တတ်တော့ဘူးဆရာ၊ အဲဒီအိမ်မှာ သရဲခြောက်ခံလိုက်ရတာလည်းမပြောပါနဲ့၊ သရဲက ငါးမိနစ်တစ်ခါလောက် ခြောက်နေတာ၊ နောက်တော့ ကိုယ်လည်းမကြောက်တတ်တော့ဘူး၊ သူ့ဖာသာ လုပ်ချင်တာလုပ်ပါစေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေတော့တာ၊ တစ်ခုသတိထားမိတာက သရဲက ဝက်သားကိုလုံးဝမကြိုက်ဘူး။ ဝက်သားဝယ်လာတဲ့နေ့ဆို သောင်းကျန်းတော့တာပဲ။
ဗစ်တာက အိမ်မှာသိပ်မနေတဲ့သူမို့လို့ သိလား မသိဘူးလားတော့ မပြောတတ်ပါဘူး၊ ဗစ်တာကလေးကတော့ တစ်ခါတစ်လေ သရဲအကြောင်းပြောတယ်၊ သူမေးရင်လည်း ကျွန်မက အေး၊ အဲဒါငါလုပ်တာဆိုပြီး ပြန်ဖြေပါတယ်၊ ဗစ်တာလေးက ကလေးပဲရှိသေးတာဆိုတော့ သူကြောက်သွားမှာစိုးလို့လေ။
တစ်ရက်တော့ ညနေဘက်ကြီး ကျွန်မခြံထဲမှာ အဝတ်ထွက်ရုတ်တယ်၊ ဒီအချိန် ကျွန်မလှမ်းထားတဲ့ လိုက်ကာစကို သရဲကအတင်းဆွဲထားတာပဲ၊ ကျွန်မလည်း စိတ်တိုတိုနဲ့
“ဟဲ့သရဲ၊ နင်ငါ့ကို လိုက်နှောင့်ယှက်မနေနဲ့၊ ပြချင်ရင် အကောင်အထည်ပြ၊ ငါ့ကို ဒီလိုမထိတထိမလုပ်နဲ့”
အဲဒီလိုပြောပြီး အိမ်ထဲကိုဝင်မယ်လုပ်တော့ အိမ်ပေါက်ဝမှာကောင်လေးတစ်ယောက် မတ်တပ်ရပ်နေတယ်၊ အသက်က ဆယ်နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ ကုလားလေးပါ၊ ဆံပင်က ကောက်ကောက်နဲ့ မျက်လုံးက ပြူးပြူးနဲ့၊ သူက ပြပြီး တစ်မိနစ်လောက်ကြာတော့ သူ့အလိုလိုပျောက်သွားတာပေါ့၊ ကျွန်မလည်း သရဲကိုမြင်ဖူးသွားပြီဆိုတော့ အဲဒီသရဲကို ကုလားလို့ နာမည်ပေးလိုက်တယ်။
“ဟဲ့ကုလား၊ အိမ်ရှေ့မီးသွားပိတ်ပေးစမ်း”
တစ်ခါတစ်လေ ကျွန်မက ညဘက်အိမ်ရှေ့ကိုမထွက်ချင်တော့ရင် အဲဒီလိုပြောလိုက်တယ်၊ မီးခလုပ်က ဂျောက်ခနဲမြည်သွားပြီး သူ့အလိုလိုပိတ်သွားတယ်၊ နောက်ပိုင်းတော့ သရဲကုလားလေးနဲ့ ကျွန်မနဲ့ အဖော်ဖြစ်နေခဲ့ပါပြီ။
“ဟဲ့ကုလားရေ၊ ငါ့လက်က ရေတွေစိုနေလို့ ထမင်းပေါင်းအိုးမီးခလုပ်ပိတ်လိုက်စမ်း”
“ကုလားရေ၊ မိုးရွာတော့မယ် အိမ်ပေါ်က ပြတင်းပေါက်တွေ သွားပိတ်ပေးစမ်း”
ကျွန်မခိုင်းသမျှ သရဲကုလားလေးက လုပ်ပေးရှာတယ်၊ ကျွန်မအိပ်ရင်လည်း ကျွန်မကိုလာလာရပ်ကြည့်နေတတ်တယ်။ တစ်ခါတစ်လေ စောင်ကိုဆွဲချတယ်၊
“ငါ့စောင်ကိုမယူနဲ့နော်၊ ငါချမ်းတယ်”
အဲဒီလိုပြောလိုက်ရင်တော့ စောင်ကိုမယူတော့ဘူး၊ ကုလားသရဲလေးက လိမ်မာတဲ့သရဲလေးပါရှင်။
(၅)
ဒီအိမ်ကြီးမှာ ကျွန်မတို့နေခဲ့တာ အကြာဆုံးဖြစ်မယ်၊ အခုဆို သုံးလနီးပါးရှိနေပါပြီ၊ ကုလားလေးက စမူဆာတို့၊ ဗယာကြော်တို့ သိပ်ကြိုက်တာ၊ ကျွန်မကို စားချင်တယ်ဆိုပြီး အိပ်မက်ပေးတယ်၊ ကျွန်မလည်း ဈေးသွားရင် ဆမူစာတို့ ဗယာကြော်တို့ဝယ်ပြီး အိမ်နောက်ဖေးပြတင်းပေါက် သံပန်းကလေးမှာ ကြွပ်ကြွပ်အိတ်နဲ့ချိတ်ထားပေးလိုက်တယ်၊ သတိရလို့ကြည့်လိုက်ရင် ကြွပ်ကြွပ်အိတ်ပဲကျန်တယ်၊ အထဲက ဘာမှမရှိတော့ဘူး၊ ကုလားလေးစားလိုက်တာပေါ့ဆရာရယ်။
နေရင်းနဲ့ သိလာရတာက ဒီအိမ်ကြီးမှာ ကုလားလေးတစ်ကောင်ထဲ ရှိတာမဟုတ်ဘူးဆရာ၊ ကုလားလေးကတော့ မပြောပေမယ့် ကျွန်မစိတ်ထင် သုံးလေးကောင်လောက်ရှိနေသလိုပဲ၊ တစ်ခါတစ်လေ ကုလားလေးလုပ်တယ်ထင်ပြီးပြောဆိုပေမယ့် ဆက်လုပ်နေတာတွေရှိတယ်။ သုံးလေလောက်ကြာတော့ ထူးဆန်းတာတွေစဖြစ်လာပါပြီ၊ ဗစ်တာလေးက အခုတစ်လော အရမ်းထူးဆန်းနေတယ်ဆရာ၊ အိမ်ခန်းထဲကနေ မထွက်တော့တဲ့အပြင် ထမင်းစားမယ်ဆိုရင်လည်း သူ့အခန်းထဲပို့ပေးရတယ်၊ ရေကိုလည်း တစ်ပတ်လောက်မှ တစ်ခါထွက်ချိုးတယ်၊ အိမ်သာက အပေါ်ထပ်မှာတစ်ခုရှိတာဆိုတော့ အိမ်သာတွေဘာတွေရော ထွက်တက်လားမသိပါဘူး၊ တစ်ခုပြောဖို့ကျန်သွားတာက ဗစ်တာလေးက အသက်နည်းနည်းကြီးလာတော့ သူ့အဖေက ကျောင်းမထားတော့ဘူး၊ ဟုမ်းစကူးဆိုလား လုပ်တယ်ပြောတယ်၊ စာတွေသင်ပြီးတော့ စာမေးပွဲဖြေမှသွားဖြေရတာပေါ့၊ အပြင်ဖြေနဲ့တူမှာပေါ့ဆရာ၊ ရန်ကုန်မှာနေတုန်းကတော့ အိမ်ကိုဆရာမတွေလာပြီး အချိန်ပိုင်းသင်တယ်၊ နောက်ပြီး နိုင်ငံခြားကဆရာတွေနဲ့ လိုင်းပေါ်ကနေသင်ကြတယ်၊ ဒါပေမယ့် အခု တောင်ကြီးရောက်ကတည်းက ဗစ်တာလေးက အိမ်ထဲမှာကုပ်နေခဲ့တာ။
ကျွန်မလည်း သူ့အဖေကိုအသိပေးရတာပေါ့၊ နောက်တော့ ဆရာဝန်တွေနဲ့ပြကြည့်တယ်၊ ဗစ်တာလေးက စိတ်ရောဂါဖြစ်နေတာဆိုပဲ၊ သိပ်တော့မဆိုးသေးဘူးဆိုပေမယ့် သေချာကုသမှရမယ်တဲ့။ ဒါနဲ့ပဲ ဗစ်တာလေးကိုကြည့်ဖို့ သူနာပြုတစ်ယောက်ထပ်ငှားရတယ်၊ သူနာပြုနာမည်က မထွေးလို့ခေါ်ပါတယ်၊ သူက ဗုဒဘာသာပါ၊ သူရောက်လာတော့ ကုလားလေးကိုမခြောက်လှန့်ဖို့ပြောရတယ်၊ သူလည်း အားရင် ဘုရားစာတွေ ရွတ်နေတတ်တာမျိုးပါ၊ ထူးဆန်းတာတစ်ခုကတော့ မထွေးရောက်လာပြီးတော့ အခြောက်အလှန့်တွေ သိပ်မတွေ့ရတော့တာပါပဲ။
မထွေးက ညတော့မအိပ်ပါဘူး၊ မနက်ပိုင်းလာပြီး ညနေစောင်းရင်ပြန်သွားတတ်တယ်၊ မထွေးရောက်တော့ ကျွန်မလည်းအဖော်ရတာပေါ့၊ ဒါပေမယ့်လည်း သိပ်မကြာခင် ဗစ်တာကလေး ကံဆိုးခဲ့ပါတယ်။
ကျွန်မတို့ရောက်ပြီး လေးလကျော်တဲ့အခါ ဗစ်တာကလေးက ရေချိုးချင်တယ်ဆိုပြီး ရေချိုးခန်းထဲဝင်သွားတယ်၊ ရေချိုးခန်းထဲမှာ ရေပန်းလည်းရှိတယ်၊ ရေချိုးကန်အသေးလေးလဲရှိတယ်၊ ရေပူရေအေးစက်လည်းရှိတယ်၊ ကျွန်မနဲ့ မထွေးလည်း လူပျိုပေါက်ရေချိုးတာဆိုတော့ သေချာလိုက်မကြည့်ဘူးပေါ့၊ ဒါနဲ့ ရေချိုးရင်း နာရီဝက်လောက်ကြာတဲ့အထိ ဘာသံမှမကြားရဘူး၊ ဗစ်တာလေးက ရေချိုးရင် နာရီဝက်လောက်ကြာတတ်တယ်ဆိုတော့ ကျွန်မတို့လဲ ပုံမှန်ပဲလို့ထင်တာပေါ့၊ တစ်နာရီလောက်ကြာတဲ့အထိမထွက်လာတော့မှ ရေချိုးခန်းကိုအသံပြုပြီး တံခါးခေါက်ကြည့်တော့ အသံမကြားတော့ဘူး၊ ကျွန်မလည်း သော့ယူပြီး ရေချိုးခန်းတံခါးဖွင့်လိုက်တော့ ဗစ်တာလေးက ရေချိုးကန်ထဲမှ မှောက်ခုံကြီးဖြစ်နေတာ၊ ကျွန်မတို့နှစ်ယောက်လန့်သွားပြီးတော့ သွားပြေးထူလိုက်တာ့ ဗစ်တာလေးက အသက်မရှိတော့ပါဘူး။ စိတ်ဖောက်ပြီး သူ့ကိုယ်သူပဲ သတ်သေသွားသလား။ ဒါမှမဟုတ် မတော်တဆဖြစ်ပြီး သေသွားတာလားဆိုတာ ကျွန်မတို့မသိပေမယ့် ဆရာဝန်ကတော့ ရေနစ်ပြီးသေတယ်လို့ ကောက်ချက်ချပါတယ်။
ကျွန်မတို့လည်း ဝမ်းနည်းသလို ဗစ်တာအဖေကလည်း ဝမ်းနည်းတာပေါ့ဆရာ၊ ဒါပေမယ့် ကျွန်မတို့ကိုသိပ်အပြစ်မတင်ပါဘူး၊ သူ့အပြစ်ပါတဲ့၊ တစ်ပတ်လောက်နေတော့ ဗစ်တာအဲဒီအိမ်ကြီးမှာ မနေချင်တော့ဘူး၊ အင်းပေါ့လေ၊ သားသမီးတစ်ယောက်လုံး ဆုံးရှုံးထားတဲ့အိမ်ကြီးမှာ ဘယ်သူကဆက်နေချင်တော့မှာလည်း၊ ကျွန်မကိုလည်း အလုပ်ကထုတ်လိုက်ပြီတဲ့၊ ပိုက်ဆံတွေရှင်းပေးပါတယ်၊ သူလည်း သူ့နိုင်ငံကိုပြန်တော့မယ်တဲ့၊ ဗစ်တာလေးသေဆုံးသွားတဲ့အတွက် ကျွန်မလည်းစိတ်မကောင်းပါဘူး၊ ကျွန်မတို့ရဲ့ ပေါ့ဆမှုကြောင့်လည်းပါတာကိုး၊ နောက်ထပ်ထူးဆန်းတာတစ်ခုက ဗစ်တာလေးသေပြီးကတည်းက ကုလားလေးကိုအဲဒိအိမ်မှာ မတွေ့ရတော့တာပါပဲ။
ကျွန်မလည်း အလုပ်ပြုတ်ပြီဆိုတော့ သောင်ပြင်လွတ်တဲ့ခွေးလိုဖြစ်ပြီပေါ့ရှင်၊ ရောက်နေတာကလည်း တစ်နယ်တစ်ကျေးမှာမဟုတ်လား၊ ကံကောင်းချင်တော့ ရှမ်းခေါက်ဆွဲဆိုင်က အမကြီးကို ကျွန်မအကြောင်းပြောပြတော့ သူက သူ့မိတ်ဆွေတစ်ယောက်က အိမ်အကူရှာနေတယ်လို့ပြောတာနဲ့ အဲဒီကိုသွားလျှောက်လိုက်တာပေါ့၊ ဟိုက ကျွန်မကိုမေးမြန်းပြီးတော့ အလုပ်တန်းခန့်လိုက်တာပေါ့ရှင်၊ ကျွန်မလည်းအလုပ်ရသွားပြီဆိုတော့ ဗစ်တာကိုပြောရတာပေါ့၊ ဗစ်တာက အဲဒီတုန်းက အလုပ်တွေလက်စသတ်နေလို့ မပြန်ဖြစ်သေးပါဘူး၊ ဗစ်တာက လက်ခံပါတယ်၊ သွားသာသွားပါတဲ့၊ ဒီလိုနဲ့ အဲဒီအိမ်ကြီးကနေ ဗစ်တာမထွက်သွားခင် ကျွန်မလည်းထွက်လာခဲ့တာပေါ့ရှင်။ ဗစ်တာကိုကြည့်ရတာ အရမ်းကိုစိတ်ဆင်းရဲနေတဲ့ပုံပါပဲ၊ အလုပ်ကလည်းထွက်လိုက်တယ်လို့ကြားတယ်၊ အိမ်မှာပဲ အောင်းနေပြီး နေ့နေ့ညညအရက်ပဲသောက်နေတာပေါ့၊ ကျွန်မလည်း မသွားချင်သေးပေမယ့် ဟိုဖက်က အလုပ်ခန့်တဲ့အိမ်ကလည်း လူအလျင်လိုနေတာဆိုတာ့ ကျွန်မလည်းထွက်သွားရတာပေါ့ဆရာရေ။
ကျွန်မထွက်သွားပြီး လေးရက်လောက်ကြာတော့ ဗစ်တာသေသွားတော့တာပါပဲ၊ ကျွန်မလည်းမသိပါဘူး၊ ဒီဖက်အိမ်မှာ အလုပ်လုပ်နေတုန်း ရဲတွေက ဖုန်းဆက်တော့မှသိတာ၊ ဗစ်တာက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်တဲ့၊ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ပါဘူး၊ သားစိတ်ကြောင့်လည်းပါမှာပေါ့ရှင်။ ဒါပေမယ့် ကျွန်မစိတ်ထဲ အဲဒီအိမ်ကြီးက သရဲတွေကများ သူတို့သားအဖကို အသက်နှုတ်လိုက်တာလားလို့ တွေးမိပါသေးတယ်။
ကျွန်မဈေးသွားတဲ့အခါ တစ်ခါတစ်လေ အဲဒီစံအိမ်ကြီးအရှေ့ကနေ ဖြတ်သွားတတ်တယ်၊ စံအိမ်ကြီးမှာ နေတဲ့လူမရှိလို့ ပိတ်ထားပုံရပါတယ်။ ကျွန်မစံအိမ်ရှေ့က ဖြတ်တိုင်း ဘာရယ်မဟုတ်ပါဘူး အထဲမှာလူရှိမလားဆိုပြီး လိုက်ကြည့်တတ်တယ်၊ တစ်ခါတော့ ဝရန်တာကလေးမှာ ငုတ်တုတ်ကလေးထိုင်နေတဲ့ ဗစ်တာလေးကို ကျွန်မမျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်ရှင်၊ နေ့ခင်းကြောင်တောင်ကြီးမို့လို့ ကျွန်မအမြင် မမှားနိုင်ပါဘူး၊ ကျွန်မစိတ်ထင်တော့ အဲဒီအိမ်ကြီးမှာ သေဆုံးခဲ့တဲ့ ဗစ်တာတို့သားအဖတွေ သရဲဖြစ်ပြီး စောင့်နေကြတယ်လို့ ထင်ပါတယ်။
အလုပ်အသစ်ဝင်တဲ့အိမ်မှာလည်း လုပ်ရကိုင်ရတာ သက်သာပါတယ်၊ ကျွန်မကိုအိမ်အလုပ်တွေ သိပ်မခိုင်းပါဘူး၊ ကျွန်မလုပ်က အဲဒီအိမ်က လူနာကိုပြုစုရတာပါ၊ လူနာက ကျွန်မတို့နဲ့သက်တူရွယ်တူလောက်ရှိမယ်ထင်ပါတယ်၊ နာမည်က နန်းမြမူတဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ခုတ်လှဲနေတဲ့ သစ်ပင်စည်ကြီးက သူ့အပေါ်ပြုတ်ကျပြီး ခါးအောက်ပိုင်းသေသွားခဲ့တာ၊ အိပ်ရာပေါ်က မထနိုင်ပါဘူးရှင်၊ ကျွန်မလည်း သူ့ကိုပြုစုပေးရုံပါပဲ။
တစ်ရက်စကားစပ်မိတော့မှ နန်းမြမူက အဲဒီအိမ်ကြီးရဲ့ ပိုင်ရှင်ဆိုတာ သိလိုက်ရတယ်၊ နန်းမြမူတို့က ညီမသုံးယောက်ရှိတယ်၊ နန်းမြမူက အကြီးဆုံးပေါ့၊ သူတို့ညီအမတွေက တောင်ကြီးမြို့ထဲ စီးပွားရေးလုပ်ငန်းတွေလုပ်သလို တခြားမြို့တွေမှာလည်း စီးပွားရေးတွေလုပ်ကြတယ်၊ သူဌေးတွေပေါ့ဆရာရေ၊ ဒီတော့မှ ကျွန်မလည်း အိပ်ရာထဲလဲနေတဲ့ နန်းမြမူနဲ့စကားပြောရင်း အဲဒီရွှေမြယာအိမ်ကြီးရဲ့ လှို့ဝှက်ချက်ကို သိခဲ့ရတာပါပဲဆရာရေ။
အဲဒီအိမ်ကြီးကို စိုင်းလုံကျောက်လို့ခေါ်တဲ့ အင်ဂျင်နီယာကြီးက ဆောက်ခဲ့တယ်ဆိုတာ ဆရာလည်းသိမှာပါ၊ အဲဒီစိုင်းလုံကျောက်က အိမ်ကြီးကိုသေချာရေးဆွဲဆောက်လုပ်ခဲ့တာ၊ ဘုရားတရားလည်း သိပ်လုပ်တာပဲတဲ့ဆရာရေ၊ တောင်ကြီးမြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ နောက်ပြီးတော့ တောင်ပေါ်က ဘုရားတွေမှာလည်း အမြဲလှူဒါန်းခဲ့တယ်၊ အိမ်ကြီးအပြီးမသတ်ခင်မှာပဲ ဦးစိုင်းလုံကျောက်က ငှက်ဖျားတက်ရင်းသေသွားတာတဲ့ဆရာရေ၊ သေပြီးတော့ အရပ်အပြောအရ အဲဒီအိမ်ကြီးမှာ စွဲနေတယ်တဲ့၊ အိမ်ကြီးမှာနေတာတော့မဟုတ်ဘဲ အိမ်ရှေ့က မြယာပင်ကြီးမှာ နေတာတဲ့လေ။
အိမ်တောင်မပြီးသေးဘူး သားသမီးတွေက အမွေမှုဖြစ်ပြီးတော့ အိမ်ကိုရောင်းလိုက်ကြတယ်၊ အိမ်က အကွက်အကွင်းကောင်းတာဆိုတော့ တောင်ကြီးမြို့ပေါ်က ပွဲစားကြီးတစ်ယောက်က အိမ်ကိုဝယ်လိုက်ပြီးတော့ ဆက်ဆောက်တယ်တဲ့၊ အိမ်ကြီးပြီးပြီဆိုတော့ ပွဲစားလင်မယားက လာတက်နေတာပေါ့၊ အဲဒီအချိန်မှာပဲ ခြောက်လှန့်မှုမျိုးစုံခံရပြီးတော့ အိမ်ကနေဆင်းပြေးကြရတယ်လို့ပြောတယ်၊ ဒါနဲ့ နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပြီးရောင်းချရာကနေ အခု နန်းမြမူဆိုတဲ့ သူဌေးမကြီးက ဝယ်လိုက်မိတာပဲ၊ နန်းမြမူက အဲဒီတုန်းက တောင်ကြီးမှာအိမ်မရှိဘူး၊ သူတို့က တာချီလိတ်ဘက်ကနေ စီးပွားရေးအဆင်ပြေပြီးတော့ တောင်ကြီးမှာအခြေလာချတာပေါ့၊ နန်းမြမူရယ် သူ့ယောက်ျားရယ်က အိမ်ကြီးကိုတန်တယ်ဆိုပြီး ဝယ်လိုက်တာ၊ ဒါပေမယ့် ထုံးစံအတိုင်း အခြောက်အလှန့်ခံရပါရော၊ ဒါနဲ့ ပရိတ်ရွတ်တယ်၊ ကမ္မဝါညှပ်တယ်ဆိုပေမယ့် မထူးပါဘူး၊ နောက်ဆုံး ရှမ်းဆရာတစ်ယောက်ကိုပြကြည့်တော့ မြယာပင်ကြီးမှာ သရဲကြီးရှိတယ်ပြောပြီး သရဲကို ရှမ်းဆရာက နှင်ပေးတယ်၊ နောက်တော့ မြယာပင်ကိုပါ ခုတ်ရမယ်ဆိုလို့ နေ့တွင်းချင်းပဲ အလုပ်သမားတွေခေါ်ပြီး ခုတ်တော့တာပေါ့။
မြယာပင်ကြီးအခုတ်မှာ နန်းမြမူက အလုပ်သမားတွေအတွက် ရေနွေးကြမ်းနဲ့ ပဲစေ့လှော်တွေ၊ နေကြာစေ့တွေ ထွက်ချပေးတာပေါ့၊ အဲဒီအချိန်မှာပဲ မြယာပင်ကြီးက အလုပ်သမားတွေ လှဲဖို့လုပ်ထားတဲ့ဘက်ကိုမလဲဘဲနဲ့ အမြစ်ကနေလန်ပြီးတော့ နန်းမြမူအပေါ်ကိုလဲကျတာပါပဲ၊ နန်းမြမူလည်း အဲဒီကတည်းက အောက်ပိုင်းသေသွားတော့တာပါပဲ၊ နန်းမြမူယောက်ျားလည်း အလုပ်ကိစ္စနဲ့ နယ်ကိုအသွားမှာ ပြည်သူ့စစ်တွေက လူမှားပြီး သေနတ်နဲ့ပစ်လို့ သေပါရောလား၊ ဒါနဲ့ နန်းမြမူက အခုအိမ်ကြီးကိုဝယ်ပြီး ညီမတွေနဲ့အတူတူနေထိုင်တယ်ဆိုပါတော့။ အဲဒီအိမ်ကြီးကိုတော့ ဒီအတိုင်းပစ်ထားလိုက်တယ်၊ ဒါပေမယ့် ပွဲစားတွေက ဒီအတိုင်းထားတာ နှမြောစရာကြီးဆိုပြီး ရောင်းဖို့ဆိုင်နေကြတာ၊ တောင်ကြီးက ဘယ်သူမှအဲဒီအိမ်ကိုမဝယ်ကြသလို ပွဲစားလောကမှာလည်း အဲဒီရွှေမြယာအိမ်ကြီးက နာမည်ကြီးနေတာပေါ့။
ဒါနဲ့ အိမ်ကိုမရောင်းဘဲ ပွဲစားတွေက အိမ်ငှားခေါ်တင်ကြတယ်၊ အိမ်ငှားတွေလည်း ဘယ်သူမှကြာကြာမနေရဲပါဘူး၊ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ ကုလားတွေပြောင်းလာကြတယ်ပြောတယ်၊ ကုလားတွေက အမျိုးအင်အားတောင့်တောင့်နဲ့ အဲဒီအိမ်ကြီးမှာ ဆယ့်ငါးယောက်လောက်နေကြတာပေါ့၊ ဒါပေမယ့် ကုလားလေးတစ်ယောက် သေပြီးကတည်းက အဲဒီကုလားတွေလည်း မနေဝံ့တော့ဘဲ တခြားကိုပြောင်းပြေးကြသတဲ့ဆရာ၊ ဒါဆို ကျွန်မမြင်ခဲ့တဲ့ ကုလားလေးက အဲဒီအိမ်မှာ သေခဲ့တဲ့ကလေးလေးပေါ့ဆရာရေ။ ကျွန်မအရင်က အဲဒီလိုသရဲခြောက်တာ၊ လူစားလဲတာဆိုတာတွေကို အယုံအကြည်မရှိပေမယ့် အဲဒီတစ်ခေါက်ကိုယ်တွေ့ကြုံပြီးတော့မှ ယုံသွားတာဆရာ။ ကုလားတွေထွက်သွားပြီးကတည်းက အဲဒီအိမ်ကြီးမှာ လူမနေဝံ့တာ ကျွန်မတို့မရောက်ခင်အထိပဲပေါ့ဆရာ။
(၆)
ကျွန်မ ဒေါ်နန်းမြမူကို ပြုစုနေရင်း တစ်နှစ်လောက်ကြာတော့ သူတို့အိမ်မှာ အလှူတစ်ခုလုပ်တယ်ဆရာ၊ ကျွန်မက ဘာသာခြားဆိုပေမယ့်လည်း ဝိုင်းကူလုပ်ပေးရတာပေါ့၊ အဲဒီမှာ အိမ်ကိုကြွတဲ့ ဘုန်းဘုန်းက အသက်တော့ သိပ်မကြီးသေးဘူးဆရာရဲ့၊ ဟိုပုန်းဘက်မှာ နာမည်ကြီးတဲ့ဆရာတော်လို့ပြောကြတာပဲ၊ အဲဒီဘုန်းဘုန်းကိုဆွမ်းကပ်ပြီး စကားပြောတော့ အဲဒီအိမ်ကြီးအကြောင်းကို ပြောမိတော့တာပေါ့၊ ဆရာတော်က မျက်လုံးမှိတ်ပြီးအာရုံခံနေသေးတယ်၊ နောက်တော့ အဲဒီအိမ်ကြီးကို သူသွားကြည့်ချင်တယ်၊ သူလုပ်ပေးမယ်ဆိုတာနဲ့ အလှူအပြီး အိမ်ကလူတွေက ဆရာတော်ကို ကားနဲ့ခေါ်သွားကြတာပေါ့။ ကျွန်မလည်း သိချင်လို့ လိုက်သွားတာပေါ့ဆရာ။
ဆရာတော်က ခြံထဲဝင်ပြီးတော့ အိမ်ရှေ့နားမှာပဲ ထိုင်နေပြီးမျက်လုံးမှိတ်ထားတယ်၊ နောက်တော့ သူတွေ့တဲ့လူပုံစံတွေပြောပြတယ်။
-အိမ်ထဲမှာ ဒကာကြီးနှစ်ယောက်ရှိတယ်၊ တစ်ယောက်က သူ့အဖေ၊ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနဲ့ မြန်မာတွေမဟုတ်ကြဘူးထင်တယ်၊ ကျန်တဲ့တစ်ယောက်ကတော့ သူ့သားတဲ့၊ ပိန်ပိန်ဖြူဖြူ မျက်မှန်ကလေးနဲ့ပါ-
ဆရာတော်က တစ်ခါမှမမြင်ဖူးဘဲနဲ့ ဗစ်တာတို့သားအဖပုံကို တန်းပြီးပြောတာပဲဆရာ၊ နောက်ပြီးတော့ ခြံရှေ့က ချုံတွေဖုံးနေတဲ့ ထင်းရှှုူးပင်သုံးပင်နဲ့ ပန်းခြံကလေးကိုလက်ညှိုးထိုးပြတယ်။
-ဟိုးမှာ ဒကာကြီးတစ်ယောက် ဦးဇင်းကိုရှိခိုးနေတယ်၊ အဝတ်အစားပြောင်ပြောင်လက်လက်နဲ့ နတ်ဖြစ်ပုံရတယ်-
ဆရာတော်က ထသွားပြီး ချုံပုတ်ထဲကို တိုးသွားတာရှင့်၊ အဲဒီအိမ်ကလူတွေလည်း ဆရာတော်နောက်ကိုလိုက်ခဲ့တာပေါ့၊ ချုံပင်တွေအကွယ်၊ ထင်းရှူးသုံးပင်ခြေရင်းနားမှာ သစ်ငုတ်ကြီးတစ်ခုတွေ့တယ်၊ အဲဒီသစ်ငုတ်ကြီးကို ဆရာတော်က လက်ညှိုးထိုးပြတယ်။
-ဒီသစ်ငုတ်မှာ ခုနက ဒကာကြီးနေတယ်၊ သူက ရုက္ခစိုးတစ်ယောက်ပါတဲ့၊ သူက ဒီအိမ်ကြီးကိုဆောက်ခဲ့တာတဲ့-
ဆရာတော်ပြောတော့မှ ပါလာတဲ့လူတွေက အိမ်အကြောင်းအသေးစိတ်ကို ပြောပြလိုက်တယ်၊ ဆရာတော်က နားထောင်ပြီးခေါင်းညိတ်တယ်။
-ဦးဇင်းသိပြီ၊ ဦးစိုင်းလုံကျောက်က သေပြီးတော့ သူပြုထားတဲ့ ကုသိုလ်ကြောင့် ရုက္ခစိုး ဖြစ်သွားတာပဲ၊ ဒီအပင်ကြီးမှာ နေတယ်ထင်ပါတယ်-
ဆရာတော်က သစ်ငုတ်တိုကြီးကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်နဲ့လုပ်နေတယ်။
-သူပြောတာက ဒီအိမ်မှာနေသွားတဲ့သူတွေထဲမှာ ဘုရားတရားလုပ်တဲ့လူမရှိဘူးတဲ့၊ နန်းမြမူက သူနေတဲ့အပင်ကို အောက်လမ်းဆရာကိုပင့်ပြီးတော့ သူ့ကိုမောင်းထုတ်တယ်တဲ့၊ သူနေတဲ့ဘုံကိုလည်း ဖျက်ဆီးတယ်တဲ့၊ ဒါကြောင့် အောက်လမ်းဆရာအလစ်မှာ နန်းမြမူကို ရန်မူလိုက်တာပဲတဲ့-
ဆရာတော်က ဆက်ပြိးနားထောင်နေတယ်။
-နောက်ပြီး ကုလားတွေတုန်းကလည်း အမဲသားတွေတအားစားတယ်၊ နေတာညစ်ပတ်တယ်၊ ကုလားလေးဆိုရင် အိမ်သာမသွားပဲ သူ့သစ်ငုတ်တိုကို သေးနဲ့လာလာပန်းလို့ သူက မှတ်လောက်အောင်လုပ်လိုက်ရတာပါတဲ့-
ဆရာတော်က ရုက္ခစိုးဆိုသူနဲ့ စကားပြောရင်း ရှင်းပြတော့မှ တစ်ခုပြီးတစ်ခု ပေါ်လာတော့တာပါပဲဆရာ။
-ကုလားလေးသေပြီး ကုလားလေးအမေလည်းသေတာ့ သားအမိနှစ်ယောက် ဒီမှာသရဲလာဖြစ်နေတယ်တဲ့၊ အင်္ဂလိပ်တွေကို ငါလုပ်တာမဟုတ်ဘူး၊ အဲဒီကုလားသားအမိကလုပ်ပြီးတော့ လူစားလဲသွားတာတဲ့-
ဒါနဲ့ဆရာတော်က ရုက္ခစိုးကို ဘယ်လိုလုပ်ပေးရမလဲလို့မေးတော့
အိမ်ရှေ့မှာ နန်းဆောက်ပေးပါ၊ ဘုရားတရားမြဲတဲ့လူတွေကိုလိုချင်တယ်၊ ဘုရားသံတရားသံကြားချင်တယ်၊ ညစ်ညစ်ပတ်ပတ်နေတာကိုမကြိုက်ဘူးတဲ့၊ ရုက္ခစိုးက သစ်ပင်မရှိတော့ပေမယ်၊ သစ်ငုတ်တိုရှိရင် နေလို့ရတယ်လို့ပြောတယ်ဆရာ၊ အဲဒါနဲ့ဆရာတော်က လုပ်ပေးမယ်လို့ပြောလိုက်ရတော့တာပေါ့၊ အိမ်မှာရှိတဲ့ မကျွတ်မလွတ်တဲ့ သရဲတွေကိုလည်း ဆရာတော်က ” လုပ်ပေးပါသေးတယ်။
အခုတော့ ဒီအိမ်ကြီးမရှိတော့ပါဘူး၊ အိမ်ကြီးကိုဖျက်ပြီး သုံးထပ်အိမ်ကြီးတစ်လုံးဖြစ်သွားပြီ၊ အိမ်ရှေ့မှာတော့ နတ်ကွန်းကြီးကို အုတ်နဲ့ခိုင်ခိုင်မာမာလုပ်ထားတယ်၊ နန်းမြမူရဲ့ ညီမတွေက အဲဒီအိမ်မှာနေထိုင်ကြတယ်၊ ရုက္ခစိုးကြိုက်တဲ့အတိုင်း ဘုရားတရားလုပ်ပြီး နေထိုင်ကြတော့ ဘာမှမဖြစ်တော့ဘူးဆရာ၊ အံ့ပါရဲ့။ ကျွန်မလည်း အဲဒီအိမ်ကြီးကို ပြန်ရောက်ခဲ့တာပေါ့၊ ဒါပေမယ့် ဘာမှတော့ခြောက်လှန့်တာမရှိပေမယ့် ညနေစောင်းလာပြီဆိုရင် ရယ်ချင်သလိုလို၊ ငိုချင်သလိုလိုကြီးဖြစ်လာတတ်တယ်ဆရာ။
ဒေါ်နန်းမြမူနကတော့ ကျွန်မပြုစုရင်း သုံးနှစ်လောက်ကြာတော့ ဆုံးပါးသွားတယ်၊ အဲဒီအိမ်ကြီးမှာပဲ ဆုံးသွားတာပါ၊ ဒေါ်နန်းမြမူဆုံးသွားတော့ ကျွန်မလည်း ဇာတိကိုပြန်လာခဲ့တယ်၊ မအူပင်မြို့နယ်က ရွာလေးတစ်ရွာမှာပါဆရာ၊ အခုတော့ ရန်ကုန်က တရုတ်သူဌေးအိမ်တစ်အိမ်မှာ ကျွန်မအလုပ်လုပ်နေပါတယ်၊ ဆရာ့စာလေးတွေလည်း လိုင်းပေါ်ကနေဖတ်ဖြစ်ပါတယ်၊ ဆရာက သူများပြောတဲ့ဖြစ်ရပ်မှန်လေးတွေကို ပြန်ရေးတယ်ဆိုလို့ ကျွန်မလာပြောပြတာပါဆရာ၊ ကျွန်မပြောတဲ့အကြောင်းကို ဆရာရေးချင်ရေးပါ၊ ဒါပေမယ့် အဲဒီအိမ်ကြီးအကြောင်းက အဲဒီမြို့ကလူတွေ အတော်သိကြတာမို့လို့ မြို့အမည်၊ အိမ်အမည်နဲ့ လူအမည်တွေ လွှဲရေးပေးပါဆရာ၊ ကျွန်မတောင်းပန်ပါတယ်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်