အပိုင်း(၃)
ထိုလူငယ်နှင့် ငမိုးတို့က ငခမ်းအားနှစ်ဖက်ညှပ်ကာ တိုက်ခိုက်ကြသည်။ သူတို့၏လက်သီးချက်များကို ငခမ်းက ကာကွယ်ရလေသည်။ သူတို့၏ တိုက်ချက်များမှာ အလွန်ပြင်းထန်လှသည်။ ငခမ်းကာကွယ်နေသည့်ကြားထဲမှ ငမိုး၏ ဝိုက်လက်သီးတစ်ချက်က ငခမ်း၏ ဗိုက်သားကိုထိုးမိသွားပြီး ငခမ်းအနောက်သို့လွင့်ထွက်သွားကာ သစ်ပင်ကြီးတစ်ပင်နှင့် ဆောင့်မိသွားတော့သည်။ ငခမ်း၏ ဗိုက်သားက အတွင်းသို့အတော်ခွက်ဝင်သွားသည်။ ထိုစဉ်မှာပင် လူငယ်က ငခမ်းအားခြေထောက်ဖြင့် ပြေးကန်ဝင်လာသည်။ ငခမ်းလည်း ဘေးသို့လှိမ့်ရှောင်လိုက်ရာ လူငယ်၏ ကန်ချက်မှာ သစ်ပင်ကြီးကိုထိသွားပြီး ထွာဆိုင်ခန့်ရှိသည့် သစ်ပင်ကြီးမှာ ဝုန်းခနဲ ကျိုးကျသွားလေသည်။
ငမိုးက လဲကျကျန်နေခဲ့သည့် သစ်ပင်ကြီး၏ ပင်စည်ကိုကိုင်လိုက်ပြီး ထိုသစ်ငုတ်တိုကိုဆွဲနှုတ်လိုက်လေသည်။ သစ်မြစ်ဆုံကြီးတစ်ခုလုံးမြေပေါ်သို့ ကြွတက်ကာ ပါလာလေသည်။ ထို့နောက် ထိုသစ်မြစ်ဆုံကြီးဖြင့် ငခမ်းအား လွှဲလွှဲပြီးရိုက်လေသည်။ ငခမ်းမှာ သစ်ပင်ရိုက်ချက်ကို ခံရပြီး လွင့်လွင့်ထွက်နေလေသည်။
“တော်ပြီဟေ့ကောင်၊ မင်းငါတို့နှစ်ယောက်ကို နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး”
လူငယ်ကလဲကျနေသည့် ငခမ်းအနီးသို့လာရပ်ကာပြောသည်။ ငခမ်းက လူငယ်၏ မျက်နှာကိုခြေထောက်ဖြင့်လှမ်းကန်လိုက်လေရာ လူငယ်လည်းလွင့်ထွက်သွားပြန်သည်။ ငခမ်းက မြေပေါ်သို့ အမြန်ခုန်ထလိုက်လေသည်။
လူငယ်က သူ့ပါးကိုပွတ်နေရင်း
“မင်းဘာလို့ ငါတို့ကိုရန်လိုနေရတာလဲ”
“မင်းတို့နှစ်ယောက် ဒီကနေထွက်သွားမယ်ဆိုရင် ငါရန်မလုပ်ပါဘူး”
လူငယ်က ညည်းတွားလိုက်သည်။ ငမိုးက သစ်မြစ်ဆုံကြီးကိုလက်တစ်ဖက်နှင့်ကိုင်ထားလေသည်။
“ဒီမှာ ငါပြောမယ်နားထောင်၊ ငါတို့ဒီအတိုင်းတိုက်နေလို့ အဖြေပေါ်မှာမဟုတ်ဘူး၊ ငါတို့နှစ်ယောက်ရော မင်းရောက မသေနိုင်ကြဘူးဆိုတော့ ငါတို့ဆက်တိုက်နေလဲမထူးဘူး၊ မနက်မိုးလင်းသွားရင် အကုန်ပြီးဆုံးသွားမယ်”
လူငယ်က ငခမ်းအနီးသို့တိုးကပ်လာသည်။
“မင်းက ဘာကောင်လဲ၊ မင်းရဲ့တာဝန်ကဘာလဲ”
ငခမ်းဘာပြန်ပြောရမည်မှန်းမသိပေ၊ အဖြေမရှိလျှင် ပြန်မေးမြန်းရသည်ဆိုသည့် စကားအတိုင်း ငခမ်းက ထိုလူငယ်ကိုပြန်မေးလိုက်သည်။
“မင်းကရောဘာကောင်လဲ၊ မင်းဒီကိုဘာအတွက်နဲ့ရောက်နေတာလဲ”
လူငယ်က ခေါင်းညိတ်လိုက်သည်။
“ငါ့နာမည် အိုက်မောင်း၊ ညောင်ရွှေအိမ်တော်ကနေလာတာပဲ၊ ငါအခုလာရတဲ့ တာဝန်ကတော့ အိမ်တော်က သခင်ကြီးတွေရဲ့ အမိန့်အရ ခေါင်းနှစ်လုံးနဲ့ကျားကြီးကို လာပြီးယူဆောင်ရတာပဲ၊ မင်းနားလည်ပြီလား”
ဘတိုးက အံ့ဩသွားပြီး
“ညောင်ရွှေအိမ်တော်ကဆိုတော့ မင်း၊ မင်းတို့က”
အိုက်မောင်းက ဘတိုးစကားကိုကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ငါတို့သခင်ကြီးက မင်းကိုခေါင်းနှစ်လုံးကျားကြီးဖမ်းဖို့ ရွှေတွေပေးပြီးစေခိုင်းခဲ့တဲ့လူပဲ”
“ဒါဆို ငါဖမ်းပေးပြီးပြီလေကွာ၊ ကျားကြီးလဲရနေပြီမဟုတ်လား”
အိုက်မောင်းက ညည်းတွားရင်း
“သခငဲ်ကြီးက ကျားကိုလိုချင်တယ်၊ ဖမ်းပေးတဲ့ခင်ဗျားကိုလည်း ထပ်ပြီးမပေးချင်တော့ဘူး၊ နောက်ပြီးတော့ ဖမ်းပေးတဲ့လူကိုလဲ နှုတ်ပိတ်ထားချင်တယ်၊ ဒီလောက်ဆို ခင်ဗျားသဘောပေါက်ပြီပေါ့”
ဘတိုးအလွန်ဒေါသထွက်သွားသည်။
“မင်းတို့တော်တော်ယုတ်မာတဲ့လူတွေပဲ၊ တန်ရာတန်ကြေးမပေးချင်တာနဲ့ ဒီလိုနည်းနဲ့ ကျားကိုလုပြီးတော့ ငါ့ရဲ့တပည့်တွေအကုန်လုံးကို မင်းတို့သတ်ပစ်ကြတယ်ပေါ့လေ”
အိုက်မောင်းက အသံကွဲကြီးဖြင့်ရယ်မောလိုက်သည်။ သူ့ရယ်သံကြီးက တောတန်းလေးတစ်ခွင်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။
“ဟား၊ ဟား၊ ကျုပ်တို့က မကောင်းဆိုးဝါးတွေလေဗျ၊ မကောင်းဆိုးဝါးက ယုတ်မာတာ ဆန်းသလားဗျာ”
“ဆန်းတယ်ကွ”
ငခမ်းက အော်ပြောလိုက်သဖြင့် အိုက်မောင်းနှင့် ငမိုးတို့ ငခမ်းကိုလှည့်ကြည့်လိုက်သည်။ ငခမ်းက ဆက်လက်ပြီး
“မကောင်းဆိုးဝါးတိုင်း မယုတ်မာကြဘူးကွ၊ ယုတ်မာတယ်ဆိုတာ အောက်တန်းစားမကောင်းဆိုးဝါးတွေရဲ့လုပ်ရပ်ကွ”
အိုက်မောင်းဒေါသထွက်သွားပြီး ငခမ်းအနီးသို့တိုးကပ်လာသည်။
“ဘာဗျ၊ ခင်ဗျားဘာပြောတယ်၊ ကျုပ်ကိုများ အောက်တန်းစားတဲ့လား၊ ပြောစမ်းပါအုံး၊ ခင်ဗျားကရော ဘယ်လောက်အထက်တန်းကျနေလို့လဲ”
“မင်းတို့ပြောတဲ့ သခင်ကြီးတွေရော၊ မင်းတို့ရော အားလုံးက အောက်တန်းစားကောင်တွေပဲကွ”
လူငယ်က ငခမ်းကိုတိုက်ခိုက်ဖို့ပြင်နေစဉ်မှာပင် ငခမ်းက ညာဖက်လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး လူငယ်၏ အရှိုက်သို့အားကုန်ထိုးချထည့်လိုက်သည်။ အိုက်မောင်းမှာ အဝေးသို့လွှင့်ထွက်သွားသည်။ ငမိုးက သူ့လက်ထဲတွင်ကိုင်ထားသည့် သစ်မြစ်ဆုံကြီးနှင့် ငခမ်းကိုလှမ်းပစ်ပေါက်လိုက်သည်။ ငခမ်းက ညာဖက်လက်သီးဖြင့် သူ့ဆီလွှင့်ပျံလာသည့် သစ်မြစ်ဆုံကြီးကို အားကုန်ထိုးချပစ်လိုက်သည်။ သစ်မြစ်ဆုံကြီးမှာ ငခမ်း၏လက်သီးချက်ကြောင့် ဝုန်းခနဲပေါက်ကွဲထွက်သွားကာ သစ်တိုသစ်စများအဖြစ် ပြန့်ကျဲထွက်သွားတော့သည်။ ငခမ်းက မဆိုင်းမတွပင် ငမိုးဆီသို့ ပြေးသွားလိုက်ပြီး ငမိုး၏လည်ပင်းကို ဘယ်ဖက်လက်ဖြင့် ညှစ်လိုက်ကာ မိုးပေါ်သို့မြှောက်တင်လိုက်လေသည်။
ငမိုးမှာခြေထောက်နှင့်မြေကြီးလွတ်သွားပြီး တန်းလန်းကြီးဖြစ်နေသည်။
“မရဘူး၊ မင်းငါတို့ကိုဒီလိုနည်းနဲ့သတ်လို့မရဘူး”
ငခမ်းက ပြုံးလိုက်ပြီး
“ငါက မင်းကိုမသတ်ပါဘူးကွာ၊ မင်းကို စားခိုင်းမှာကွ”
ငမိုးထိတ်လန့်နေသည်။
“ဘယ်သူ့ကိုစားခိုင်းမှာလဲ”
ငခမ်းက သူ့ညာဖက်လက်ဝါးကိုဖြန့်လိုက်သည်။
“အသေးလေးရေ၊ မင်းညစာစားဖို့အချိန်ရောက်ပြီ”
ငခမ်း၏ ညာဖက်လက်ဝါးတွင် ပါးစပ်ကြီးပေါ်လာပြီး လျှာအရှည်ကြီးထွက်လာလေသည်။ သွားများ၊ အစွယ်များမှာလည်း ငေါထွက်နေသည်။ ငခမ်းက သူ့ညာဖက်လက်ဖဝါးကို ငမိုး၏မျက်နှာဆီသို့ တိုးကပ်လိုက်သည်။ အသေးလေးက သူ့ပါးစပ်ကြီးကိုပြဲအောင်ဟလိုက်ပြီး လေကိုစုပ်ယူသကဲ့သို့ စုပ်ယူလေရာ ငမိုး၏ နဖူးအလယ်မှ အနီရောင်အလင်းလုံးကလေး တစ်လုံးထွက်လာပြီး အသေးလေးပါးစပ်အတွင်းသို့ဝင်သွားလေသည်။
ထိုအလင်းလုံးကလေး ထွက်သွားသည်နှင့် ငမိုးမှာငြိမ်ကျသွားတော့သည်။ ငခမ်းက ငမိုးအားမြေပေါ်သို့ပစ်ချလိုက်ရာ ငမိုးက မြေပြင်တွင်လူးလှိမ့်ရင်း အသားအရည်များခြောက်ကပ်ကာ လူခြောက်ရုပ်ကြီးတစ်ရုပ်အဖြစ်သို့ပြောင်းလဲသွားသည်။
(၇)
“ဟေ့ကောင်ရပ်လိုက်”
အော်သံကြားသဖြင့်လှည့်ကြည့်လိုက်ရာ အိုက်မောင်းက ဘတိုးကိုအနောက်မှသိုင်းဖက်ထားပြီး ဘတိုးလည်ပင်းတွင် ဓါးမြှောင်ကလေးကိုထောက်ထားသည်။
“မင်းဘယ်လိုလုပ်လိုက်တာလဲ၊ မင်းအိမ်တော်ရဲ့စည်းကမ်းတွေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်လိုက်တာပဲ၊ သခင်ကြီးသာ သိလို့ကတော့ မင်းကိုအရှင်လတ်လတ်အရေခွံခွာပစ်မှာကွ”
“မင်းကိုဘတိုးကိုလွှတ်လိုက်”
အိုက်မောင်းက ငခမ်းကိုဓါးဖြင့်ချိန်လျှက်
“မင်းငါ့အနောက်ကိုဆက်ပြီးမလိုက်လာနဲ့၊ လိုက်လာရင် သူသေမယ်”
ထိုအခါ ဘတိုးက တစ်ခုခုကိုအော်ဟစ်ပြောဆိုလိုက်သည့်အခါ စမ်းချောင်းစပ်တွင်ရေသောက်ပြီးထိုင်နေသည့် ခေါင်းနှစ်လုံးနှင့်ကျားကြီးမှာ ဟိန်းဟောက်လိုက်ပြီး အိုက်မောင်းကိုအနောက်မှ ကိုက်ထည့်လိုက်သည်။ အိုက်မောင်းလည်း ကျားပါးစပ်အတွင်းတွင် ပါသွားလေသည်။ ကျားကြီးက အိုက်မောင်းကို ခါရမ်းကာ အနီးရှိသစ်ပင်များနှင့် ကိုက်ရိုက်တော့သည်။ မကြာခင် အိုက်မောင်းမှာ ခါးမှပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
“တောက်၊ ဒီကျားကတော့”
ငခမ်းက အိုက်မောင်းထံသို့ပြေးသွားလိုက်ပြီး အိုက်မောင်း၏ ရင်ဘတ်ကိုခြေထောက်ဖြင့်ဖိထားလိုက်သည်။ ထို့နောက်ညာဖက်လက်ကို အိုက်မောင်းမျက်နှာအနီးသို့ကပ်လိုက်ပြီး
“အသေးလေးရေ နောက်တစ်ကောင်ဟေ့”
“မလုပ်နဲ့၊ အား၊ အူး”
အိုက်မောင်း၏ အော်သံကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် ညအမှောင်တွင် ခြောက်ချားဖွယ်ထွက်ပေါ်လာလေသည်။ အိုက်မောင်းနဖူးမှ အတော်အတန်ကြီးမားသည့် အနီရောင်အလင်းလုံးကြီးထွက်လာကာ အသေးလေးက စားသောက်ပစ်လိုက်သည်။
“ကောင်းလိုက်တာကွာ၊ ခုနက ကောင်က ငချွတ်ကလေးပဲကွ၊ ဒီကောင်ကတော့ စွမ်းအားပိုကြီးတယ်”
ဘတိုးမှာ ငခမ်းကို မျက်လုံးအပြူးသားနှင့် ကြည့်နေလေသည်။ ငခမ်းက ဘတိုးအနီးသို့တိုးကပ်သွားလိုက်ပြီး
“ကျုပ်သွားတော့မယ် ကိုဘတိုး၊ ကျုပ်နှုတ်ဆက်ခဲ့ပါတယ်”
“ငါလည်းသွားတော့မယ်”
“ကိုဘတိုးက ဘယ်ကိုသွားမှာလဲ”
“မသိဘူးကွာ၊ ခြေဦးတည့်ရာတစ်နေရာရာပေါ့”
“ဒါဆိုရင် ဒီကျားကြီးကိုရော ဘာလုပ်မလဲ”
“သူ့ကိုလွှတ်ပေးလိုက်တော့မယ်ကွာ၊ ငါ့အတွက်လည်း ဘာမှအသုံးမဝင်တော့ဘူးမဟုတ်လား”
ဘတိုးက ကျားကြီးကိုပွတ်သပ်ရင်း ထိုင်ကာကျန်နေခဲ့သည်။ ငခမ်းလည်း လှည့်ထွက်လာခဲ့သည်။
“နေအုံး၊ ညီလေးခခွေး”
ဘတိုးခေါ်သဖြင့် ငခမ်းက တစ်ဖက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။ ဘတိုးက သူလွယ်ထားသည့် လွယ်အိတ်ကလေးထဲမှ စာရွက်ခေါက်ကလေးတစ်ခုကိုထုတ်လိုက်ကာ ငခမ်းဆီသို့ပစ်ပေးလိုက်သည်။
“မင်းခရီးသွားတဲ့အခါ ဒီစာရွက်ကလေးလိုအပ်လိမ့်မယ်”
ငခမ်းက စာရွက်ခေါက်ကလေးကို ဖမ်းယူလိုက်ပြီး ပြုံးလိုက်သည်။
“အတုကြီးကို ယူသွားစရာလား”
ထိုအခါ ဘတိုးက ခေါင်းခါပြသည်။
“ရဲမက်တွေကိုအရူးတွေလို့ မင်းကထင်နေတာလား။ ဒီစာရွက်စာတမ်းက အစစ်ကွ”
“ကိုဘတိုးပြောတော့ အတုကြီးဆို”
“အဲဒါကတော့ကွာ၊ မင်းက ဒီစာရွက်ကို ငါ့ဆီကနေလိုချင်လာမှာစိုးလို့ တမင်ပြောလိုက်တာပါ၊ ငါက အသုံးမလိုတော့ဘူး၊ မင်းသာ အဲဒီစာရွက်ကိုယူသွားပြီး ကောင်းကောင်းအသုံးချပေတော့”
ငခမ်းက စာရွက်ခေါက်ကလေးကို အကျီကြားထဲသို့ ထိုးထည့်လိုက်ပြီး
“ဒါနဲ့ကျုပ်နာမည် မောင်ခခွေးမဟုတ်ဘူးအကိုဘတိုး၊ ကျုပ်နာမည်က ငခမ်း”
ထိုသို့ပြောပြီး တောတန်းကလေးအတွင်းမှ လျှင်မြန်စွာထွက်ခွာခဲ့တော့သည်။ ကွင်းပြင်ကြီးကိုဖြတ်သန်းပြီးသည့်အခါတွင် ပြန့်ကျဲနေသည့် လူသေအလောင်းများနှင့် သူတို့စီးနင်းလာသည့် မြင်းလှည်းများကိုတွေ့ရသည်။ မုဆိုးတစ်ယောက်မှ အသက်ရှင်ပုံမရပေ၊ မြင်းတစ်ချို့က လဲကျသေဆုံးနေသည်။ ဆင်နှစ်ကောင်ကိုတော့ အရိပ်အယောင်ပင်မတွေ့ရတော့ပေ၊ ငခမ်းက မြင်းလှည်းတစ်စီးတွင် အသက်ရှင်ကျန်နေသည့် မြင်းတစ်ကောင်ကိုဖြုတ်လိုက်ကာ မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ ထို့နောက် လမ်းအတိုင်း မောင်းနှင်စီးနင်းလိုကတော့သည်။
ငခမ်းက ညနက်ကြီးထဲ မြင်းကိုအတင်းဇက်ဖွင့်နှင်နေလေသည်။ သို့သော်မကြာမီ မြင်းမှာခြေခေါက်လဲကျပြီး ငခမ်းမှာလည်း လမ်းဘေးသို့ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားလေသည်။
“မင်းက ညအမှောင်မှာမြင်ရပေမယ့်၊ မြင်းက မမြင်ရဘူးလေကွာ”
အသေးလေးက သူ့ကိုဝင်ပြောသည်။ ငခမ်းက မတ်တပ်ထလိုက်ပြီး မြင်းကိုသွားထူလိုက်သည်။ မြင်းရှေ့ခြေတစ်ဖက် ကျိုးသွားပုံရပြီး မြင်းက ခြေထောက်မထောက်နိုင်တော့ပေ။
“သွားပါပြီကွာ၊ ကဲ၊ မြင်းလေးရေ၊ မင်းကိုငါဘေးမဲ့ပေးလိုက်ပြီကွာ၊ မင်းပဲကံကောင်းတာလား၊ ငါပဲကံဆိုးတာလားကွာ”
ငခမ်းက မြင်းဇက်ကြိုးကိုဖြုတ်ပေးလိုက်တော့ မြင်းက လမ်းဘေးသို့ဆင်းသွားကာ မြက်တောများအနီးတွင် ဝပ်နေလေသည်။
“မင်းမှာတောင်ပံတွေရှိရဲ့သားနဲ့ကွာ”
“ကျုပ်ဘယ်နှခါပြောရမလဲ၊ ကျုပ်အဲဒီပုံစံကို အသုံးမချချင်ဘူးဆိုတာ ခင်ဗျားမသိတာလား အသေးလေး”
“ဒါဆိုလည်း ပူဆွေးမနေနဲ့လေကွာ၊ မင်းစိတ်ထဲ ဘာတွေခံစားနေရတယ်ဆိုတာ ငါပါခံစားမိတယ်နော် ငခမ်း”
ငခမ်းတွေဝေစွာဖြင့် လမ်းဘေးတွင်ထိုင်ချလိုက်သည်။
“ကျုပ်လုပ်မှကိုဖြစ်တော့မှာလား”
“မင်းကိုငါအတင်းအကျပ်မတိုက်တွန်းပါဘူးကွာ၊ မင်းမှာရှိတဲ့အစွမ်းကို အသုံးမချဘဲနေရင် နှမြောစရာကြီးမဟုတ်လား”
ငခမ်းက ခေါင်းခါလိုက်ပြီး တစ်လှမ်းချင်းဆက်လျှောက်သွားနေလေသည်။
“မင်းဒီအတိုင်းသာ လမ်းလျှောက်သွားနေလို့ကတော့ မင်းရွာကိုရောက်တဲ့အခါ ဟိုက ကလေးတစ်ယောက်လောက်ရနေလောက်ပြီကွ၊ ဟား၊ ဟား”
ငခမ်းက ညာဖက်လက်ဖဝါးကို ကျစ်နေအောင်ဆုပ်လိုက်သည့်အခါမှ အသေးလေးအသံပိတ်သွားတော့သည်။
တောတန်းကလေးအတွင်း ဘတိုးနှင့် ခေါင်းနှစ်လုံးကျားကြီးသာကျန်နေခဲ့ကြသည်။ ဘတိုးက သစ်ကိုင်းတစ်ခုကိုချိုးယူလိုက်ပြီး လက်တစ်ဖက်ဖြင့်အားပြုကာ ထောက်နင်းလျှောက်သွားသည်။ ကျားကြီးက သူ့အနောက်သို့လိုက်လာခဲ့ရာ ဘတိုးက ကျားကြီး၏ နဖူးကိုပွတ်သပ်လိုက်သည်။
“မင်းငါ့နောက်ကို လိုက်စရာမလိုတော့ဘူး၊ မင်းသွားလိုရာသွားနိုင်ပြီ”
ထိုသို့ပြောပြီး တုတ်ချောင်းကိုအားပြုကာ ယိုင်နဲ့နဲ့နှင့်ဆက်လျှောက်လာခဲ့သည်။ ကျားကြီးကလည်း အနောက်မှ တိတ်တိတ်ကလေးဆက်ပြီးလိုက်လာပြန်သည်။ အတော်လှမ်းလှမ်းရောက်တော့ ဘတိုးက ကျားကြီးကိုလှည့်ကြည့်လိုက်ရာ ကျားကြီးကဘတိုးကိုကြောက်ရွံ့သွားပြီး ခန္ဓာကိုယ်ကို ဝပ်တွားချလိုက်သည်။
“မင်းကိုသွားတော့လို့ ငါပြောနေတယ်နော်၊ မင်းငါ့နောက်ကို ဆက်မလိုက်လာနဲ့တော့”
ဘတိုးက သူတို့မြင်းလှည်းတန်းဆီသို့ မနည်းအားယူပြိး လှမ်းလျှောက်နေရသည်။ ကျားကြီးကလည်း သူ့အနောက်မှ ထပ်ချပ်မကွာလိုက်လာလေသည်။ လှည်းအနီးသို့ရောက်သောအခါ ပြန့်ကျဲနေသည့် လူသေအလောင်းများကိုတွေ့ရသည်။ ဘတိုးက မျက်ရည်တွေစီးကျလာပြီး သူ့အဖွဲ့ဝင်မုဆိုးများကို သေချာကြည့်ရှုလိုက်သည်။
“ဒါတွေအားလုံးက ငါ့ကြောင့်ပါကွာ၊ ငါသာ ရွှေတွေမက်ပြီး ဒီအလုပ်ကိုလက်မခံခဲ့ရင်၊ ခေါင်းနှစ်လုံးရှိတဲ့ကျားကို ဖမ်းနိုင်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို မမက်မောခဲ့ရင် မင်းတို့အားလုံး ဒီလိုမျိုးသေဆုံးစရာအကြောင်းမရှိပါဘူးကွာ၊ ဒါတွေအားလုံးက ငါ့ကြောင့်ပါ”
ဘတိုးက အတန်ကြာသည်အထိ ထိုင်ပြီးငိုနေလေသည်။ သူ့ပေါင်ရှိ ကျည်ဆန်ထိထားသည့် ဒဏ်ရာမှ သွေးတွေကစီးကျနေသည်။ ခဏကြာတော့ ဘတိုးမတ်တပ်ရပ်လိုက်ပြိး သူစီးနင်းနေကျ လှည်းဆီသို့သွားကာ သေတ္တာကြီးကိုဖွင့်လိုက်သည်။ သေတ္တာအတွင်းမှ အနက်ရောင်ဆေးဖယောင်းတစ်ချို့ကို လက်ညှိုးနှင့်ကော်ယူလိုက်ကာ သေနတ်ဒဏ်ရာကို သိပ်ထည့်လိုက်သည်။
ကျားကြီးကတော့ သေဆုံးနေသည့် ရုပ်အလောင်းများကိုကြည့်လျှက် သွားရည်ကျနေသော်လည်း ဘတိုးဆူပူမှာစိုးသဖြင့် ကြောင်ကလေးတစ်ကောင်ကို ငုတ်တုတ်ကလေးထိုင်နေရှာသည်။ ဘတိုးက ထိုအဖြစ်ကိုတွေ့လိုက်သည့်အခါ
“စားစမ်းကွာ၊ ဒီကအလောင်းတွေကို စိတ်ရှိလက်ရှိသာ အကုန်စားလိုက်စမ်းဖေ့သားကြီး”
ကျားကြီးမှာ ကလေးတစ်ယောက်လိုပျော်ရွှင်စွာဖြင့် အလောင်းကောင်များဆီသို့ပြေးသွားပြီး အားရပါးရစားသောက်နေလေသည်။ ဘတိုးက သူ့ခြေထောက်အနားတွင် သေဆုံးနေသည့် ဓါးပြတစ်ယောက်ကို အသေအချာကြည့်ရှုလိုက်သည်။ ထို့နောက် ဓါးပြ၏ မျက်နှာကိုဖုံးအုပ်ထားသည့် အနက်ရောင်အဝတ်စကို ဖယ်ရှားလိုက်ကာ မီးတိုင်တစ်တိုင်ထွန်းပြီး သေသေချာချာရှာဖွေကြည့်လိုက်သည်။ ထိုလူ၏ လည်ကုပ်တွင် ကျားခေါင်းပုံသဏ္ဍာန်ဆေးမင်ကြောင်ကိုတွေ့လိုက်ရတော့မှ ဘတိုးက လေတစ်ချက်ချွန်လိုက်သည်။
ထို့နောက် မတ်တပ်ရပ်ထလိုက်ပြီး သေဆုံးနေသည့် သူ့အဖွဲ့ဝင်များကို တစ်ချက်ဝေ့ကြည့်လိုက်ကာ
“ငါမင်းတို့ကို ကတိပေးတယ်ကွာ၊ မင်းတို့ကို သတ်ခဲ့တဲ့လူတွေကို ငါ့လက်နဲ့လက်စားပြန်ချေပေးမယ်”
ဘတိုးက လှည်းပေါ်ရှိ ဘူးသီးခြောက်ကလေးကို လှမ်းဆွဲလိုက်ကာ ခေါင်ရည်ကိုမော့သောက်လိုက်သည်။ ထို့နောက် လူသေအလောင်းများကိုစားနေသည့် ကျားကြီးဘက်သို့လှည့်လိုက်ပြီး
“မြန်မြန်စားကွာ၊ မင်းမသွားတာလဲခပ်ကောင်းကောင်းပဲ၊ မင်းစားပြီးရင် ငါတို့လုပ်စရာရှိသေးတယ်ကွ”
(၈)
နံနက်မိုးသောက်ပြီဖြစ်သည်။ နေရောင်ခြည်နုနုက ပတ်ဝန်းကျင်တစ်ခွင်လုံးကိုဖြာကျနေသော်လည်း တောန်းကလေးထဲတွင်တော့ သစ်ရိပ်ဝါးရိပ်ကြောင့် နေရောင်မကျရောက်သေးပေ၊ တောတန်းကလေးအတွင်းသို့ အနက်ရောင်ရှမ်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူအများဝင်လာကြသည်။ စမ်းချောင်းကလေးအနီးရှိ မြေပြင်တွင် တိုက်ပွဲဖြစ်ထားသဖြင့် ရှုပ်ပွနေလေသည်။
အနက်ရောင်တွင် ရွှေချည်များထိုးထားသည့် အကျီနှင့် ချိတ်ထိုင်မသိမ်းအနက်ရောင်ကို ဝတ်ဆင်ထားသည်ကာ မင်းသမီးလေးတစ်ပါးအလား လှပတင့်တယ်လှသည့် မိန်းကလေးတစ်ဦးက အခြွေအရံများနှင့်အတူ တောတန်းကလေးထဲသို့ဝင်ရောက်လာခဲ့သည်။ ထိုင်မသိမ်းပိတ်စကြီးမှာ အတော်ရှည်လျားပြီး ထိုမိန်းကလေးလမ်းသွားတိုင်း အနောက်က တရွတ်တိုက်လျှက် ပါလာခဲ့သည်။
စမ်းချောင်းဘေး မြေပြင်တွင် ကျားခြေရာများကိုတွေ့ရသည်။ ထိုမိန်းကလေးနှင့် ပါလာသည့် လူများက အရိုးကျပြီးခြောက်ကပ်နေသည့် အလောင်းနှစ်ခုကို ထိုမိန်းကလေးအရှေ့တွင် ချပေးလိုက်သည်။ တစ်လောင်းကတော့ ငမိုး၏အလောင်းဖြစ်ပြီး နောက်တစ်လောင်းကတော့ ကိုယ်တစ်ပိုင်းသာပါသည့် အိုက်မောင်း၏ အလောင်းဖြစ်သည်။
ထိုမိန်းကလေးက မြေကြီးပေါ်သို့ထိုင်ချလိုက်ပြီး သေဆုံးနေသည့်အလောင်းကောင်များကို အသေအချာစစ်ဆေးကြည့်ရှုနေလေသည်။
“အိုက်မောင်းတို့ကို ဘယ်သူသတ်သွားတာလဲ”
“အခုထိတော့ ဘယ်သူလုပ်သွားသလဲဆိုတာ၊ ရေရေရာရာ မသိရသေးပါဘူးသခင်မ”
သခင်မဆိုသူက မတ်တပ်ပြန်ရပ်လိုက်သည်။ နေရောင်က တောအုပ်အတွင်းသို့ကျဆင်းလာသဖြင့် အနက်ရောင်ရှမ်းထီးတစ်လက်ကို ရံရွှေတော်တစ်ဦးက ဖွင့်ကာ ဆောင်းပေးလိုက်သည်။ သခင်မလေးက သူ့လူယုံများဘက်သို့လှည့်ကြည့်လိုက်ပြီး
“အလောင်းတွေကို မောက်မောက်ကြီးဆီကိုပို့လိုက်ပြီးတော့ ဘယ်သူလုပ်သွားတာလဲဆိုတာကို စစ်ဆေးခိုင်း၊ ပြီးတော့ ငါတို့ကိုရန်ပြုတဲ့သူရှိနေပြီဆိုတဲ့အကြောင်း အိမ်တော်တွေအားလုံးကို သတင်းပို့လိုက်ပါ”
လူယုံများက ခါးညွတ်ကာ အရိုအသေပေးလိုက်ကြသည်။
“ကောင်းပါပြီသခင်မ”
“တကယ်လို့ မင်းတို့အဲဒီလူကိုတွေ့ပြီဆိုရင် ငါ့ကိုအရင်ဆုံးသတင်းပို့စမ်း၊ ငါ ကိုယ်တိုင်သူ့ကိုဆုံးမမယ်”
သခင်မက ကနွဲ့ကလျလျှောက်လှမ်းလျှက် တောတန်းကလေးအတွင်းမှထွက်ခွာသွားလေသည်။ လမ်းမပေါ်တွင်တော့ မီးလောင်ထားသည့် မြင်းလှည်းအပိုင်းအစများသာကျန်ရှိပြီး လူသေအလောင်းများတစ်လောင်းမှ မရှိတော့ပေ၊ သို့သော် သွေးအိုင်များ၊ လက်နက်များကတော့ ပြန့်ကျဲနေလေသည်။ သခင်မက မြေပြင်သို့ကြည့်လိုက်ရာ ကျားခြေရာများကိုတွေ့ရပြန်သည်။
“ဟိုကျားမသေဘူး၊ နောက်ပြီးတော့ ဘတိုးလည်း သေပုံမရဘူး”
လူယုံများက
“ဒါဆိုကျုပ်တို့ အဲဒီကျားကိုရော၊ ဘတိုးကိုရော လိုက်ရှာပြီး ရှင်းပစ်လိုက်ပါ့မယ်”
သခင်မက ခေါင်းကိုဖြေးညှင်းစွာခါသည်။
“ငါလိုချင်တာကျားပဲ၊ ကျားဆီမှာ မင်းတို့ကြောင့်ရတဲ့ ဒဏ်ရာတစ်ခုတွေ့ရင် မင်းတို့အကုန်လုံးကို သေတာထက်ဆိုးအောင်လုပ်ပစ်မယ်”
မကြာမီ မြင်းနက်ခြောက်ကောင်ဆွဲသည့် မြင်းရထားကြီးတစ်ခုရောက်လာပြီး ထိုအပေါ်သို့ သခင်မက ဖြည်းဖြည်းချင်းတက်လိုက်သည်။ မြင်းရထားထွက်ခါနီးတွင် သခင်မက မြင်းရထားပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်ပြီး
“ဘတိုးကိုလိုက်မရှာနဲ့၊ သူငါ့ဆီလာလိမ့်မယ်”
မြင်းရထားကြီးက လျှင်မြန်စွာနှင့် မောင်းနှင်သွားလေသည်။ မြင်းရထားနောက်ကျောဘက်တစ်နေရာတွင်တော့ ကျားခေါင်းပုံစံသစ်သားဖြင့်ရေးထွင်းထားသည်ကို အတိုင်းသားတွေ့မြင်ရလေသည်။
(၉)
ရှဲန်ဆိုင်တို့အိမ်သို့ လက်ဖွဲ့များ၊ ခန်းဝင်အဆောင်အယောင်များ၊ တဖွဲဖွဲနှင့် ရောက်လာကြသည်။ ရှဲန်ဆိုင်နှင့် လက်ထပ်မည့်သူမှာ မြို့ပိုင်အဆင့်ရှိသည့် လူကြီးတစ်ဦးပင်ဖြစ်သည်။ ထိုလူကြီးမှာ အလွန်ချမ်းသာကြွယ်ဝရာ သူယူမည့် မိန်းကလေးထံသို့ပေးပို့သည့် လက်ဖွဲ့ပစည်းများပင် လှည်းဖြင့်ကိုးစီးတိုက် သယ်ဆောင်ရလေသည်။
“ဟဲ့ ရှဲန်ဆိုင်၊ ဒါကဘယ်ကိုတုန်း”
နန်းရှဲန်ဆိုင်အိမ်အောက်သို့ဆင်းမည်အလုပ်တွင် မိခင်ဖြစ်သူက တားဆီးလိုက်သည်။
“သမီး ရွာထိပ်ကို ခဏသွားမလို့ပါအမေ”
“မနက်ဖြန်ပဲ မင်္ဂလာဆောင်တော့မယ်၊ အခုထိ နင်က လျှောက်သွားချင်နေလို့ရမလား၊ ကဲ အိမ်ထဲပြန်ဝင်စမ်း”
“အမေ၊ သမီး ခဏလေးပဲသွားမှာပါ”
“တိတ်စမ်းရှဲန်ဆိုင်၊ ခဏလေးလဲမရဘူး၊ အကြာကြီးလဲမရဘူး၊ နင်သေသေချာချာမှတ်ထားနော်သမီး၊ နင့်ကြောင့် ငါတို့တွေ အရှက်တကွဲအကျိုးနည်းမဖြစ်ရစေနဲ့၊ နင့်ရဲ့စိတ်ဆန္ဒတစ်ခုအတွက်နဲ့ နင့်မိဘမျက်နှာတွေကို အိုးမဲမသုတ်နဲ့”
ရှဲန်ဆိုင်က မျက်နှာကိုလက်နှင့်အုပ်ရင်း အိမ်ပေါ်သို့ပြေးတက်ခဲ့သည်။ အိမ်တွင် ဆွေမျိုးများက စုရုံးနေကြသည်။ ရှဲဆိုင်အမေက အိမ်ရှိလူများအားလုံးကို အသိပေးလိုက်သည်။
“ဒီနေ့ကစပြီး မင်္ဂလာနေ့မတိုင်ခင်အထိ ရှဲန်ဆိုင်အိမ်ပေါ်ကနေ အိမ်အောက်ကိုလုံးဝမဆင်းရဘူး၊ တွေ့တဲ့လူက သူ့ကိုတားဆီးရမယ်၊ ဟုတ်ပြီလား”
အမေဖြစ်သူ၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသဖြင့် ရှဲန်ဆိုင်ငိုယိုနေမိသည်။ အိမ်ပြတင်းပေါက်မှ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
“အကိုကွမ်ခမ်း၊ အကိုမလာတော့ဘူးပေါ့၊ အကိုရှဲန်ဆိုင်ကို လျစ်လျူရှုလိုက်ပြီလားဟင်”
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်းဆရာခမ်း နှင့် မိစ္ဆာတစ်ကောင်၏နှလုံးသား တွင်ဆက်လက်ဖတ်ရှုပါ။