အပိုင်း (၂)
နန်းလုံက လက်ထဲမှဓါးဖြင့် တောဝက်ကိုလျှင်မြန်စွာဖျက်နေလေသည်။ ငခမ်းက လက်ပိုက်လျှက်ကြည့်နေရင်း
“အဲဒီတောဝက်က ငါချောင်းနေတဲ့အကောင်ကွ”
နန်းလုံက တောဝက်ကို နှစ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် တောဝက်ခေါင်းပိုင်းကိုယူကာ လျှော်ကြိုးများနှင့်တွဲချည်ပြီး ပုခုံးပေါ်တွင်ထမ်းလိုက်သည်။ ကျန်သည့်တောဝက်အောက်ပိုင်းကို ငခမ်းဆီသို့ခြေထောက်နှင့်လှမ်းကန်ပေးလိုက်သည်။
“ရှင်တစ်ဝက်ယူ၊ ကျုပ်က တစ်ဝက်ယူမယ်”
ငခမ်းက တောဝက်ခြေထောက်များမှ ဆွဲကိုင်လိုက်သည်။
“မင်းဒီတောထဲမှာ တစ်ယောက်တည်းနေတာလား”
“ဟုတ်တယ်”
“ငါမယုံဘူး၊ မင်းကိုငါက သေပြီလို့ထင်ခဲ့တာ”
နန်းလုံက လှည့်ထွက်သွားရန်ပြင်ဆင်လိုက်သည်။
“အဲဒီလှိုဏ်ဂူထဲမှာတုန်းက ဖားပုန်းတွေအများကြီးနဲ့ မင်းနဲ့ကျန်ခဲ့တာမဟုတ်လား၊ နောက်ပြီး မင်းနှမကလည်း မင်းကိုဓါးနဲ့ထိုးခဲ့သေးတယ်မဟုတ်လား”
နန်းလုံက ဘာမှမပြောဘဲ ငခမ်းကိုပေပေတေတေနှင့်ကြည့်နေသည်။
“ကျုပ်အသက်ရှင်နေပါတယ်ဆိုတာကို ရှင်ကမယုံဘူးလား၊ ကျုပ်သာ သရဲဆိုရင် ဟောဒီလိုနေရောင်ကြီးထဲမှာ ဘယ်သွားနိုင်မှာလဲ၊ မဟုတ်ဘူးလား”
နန်းလုံက စကားပြောဆိုရသိပ်မကောင်းသဖြင့် ငခမ်းဘာမှမပြောတော့ဘဲ တောဝက်ကိုပုခုံးပေါ်ထမ်းလိုက်သည်။ နန်းလုံက သူနှင့်ဆန့်ကျင်ဘက်အရပ် တောထဲသို့ထွက်ခွာသွားလေသည်။ အတန်ငယ်လျှောက်သွားပြီးတော့မှ သူ့ကိုတစ်ချက်လှည့်ကြည့်သည်။
“ကျုပ်က ဟောဟိုဘက်က လျှိုကြီးထဲက လှိုဏ်ဂူထဲမှာနေတယ်၊ ရှင်လမ်းကြုံရင် ကျုပ်အိမ်ကိုတစ်ရက်လောက် လာလည်ပေါ့”
ငခမ်းကပြုံးပြလိုက်သည့်အခါ နန်းလုံက ထူထပ်လှသည့် ချုံပင်ကြီးများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ညနေစောင်းတော့မည်ဖြစ်သည်။ နေမွန်းလွဲကျော်သွားသည်နှင့် နေက အနောက်ဘက်တောင်ကြီးနှင့် ကွယ်သွားတော့သည်။ သူတို့နေသည့်တောင်ကုန်းကလေးမှာ တောင်ကြီးများဝိုင်းရံထားသည့် အလယ်တွင်ရှိနေသကဲ့သို့ဖြစ်နေသဖြင့် နေကွယ်သွားသည်နှင့် အမှောင်ထုက ဖုံးလွှမ်းလာလေသည်။ ငခမ်းက စမ်းချောင်းကလေးတွင် ခြေလက်များဆေးကြောလိုက်ပြီးနောက် တောင်ကုန်းကလေးပေါ်သို့တက်လာခဲ့သည်။ ထိုစဉ် တောင်ကုန်းကလေးပေါ်မှ သီချင်းသံ သဲ့သဲ့ကိုကြားရသည်။
သီချင်းဆိုနေသည့်အသံမှာ ရှဲန်ဆိုင်၏ အသံဖြစ်သည်။ ငခမ်းက တောင်ကုန်းကလေးပေါ်သို့ ဖြေးညင်းစွာတက်နေရင်း ရှဲန်ဆိုင်၏ သီချင်းသံကိုနားစွင့်နေမိသည်။ ရှဲန်ဆိုင်က တဲအိမ်ကလေးအရှေ့ရှိ မြေကွက်လပ်ကလေးတွင် သူစိုက်ပျိုးထားသည့် ပန်းပင်ကလေးများကို ရေလောင်းနေလေသည်။ ပါးစပ်မှလည်း ရှမ်းရိုးရာသီချင်းတစ်ပုဒ်ကို ဟစ်ကြွေးသီဆိုနေခြင်းဖြစ်သည်။ သီချင်းက အလွမ်းသီချင်းတစ်ပုဒ်ဖြစ်ပြီး ခရီးထွက်နေသည့် ချစ်သူကို တမ်းတသဖြင့် ရေးစပ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ ငခမ်းက ရှဲန်ဆိုင်အနောက်သို့ တိတ်တိတ်ကလေးသွားလိုက်ပြီး ရှဲန်ဆိုင်ခါးကိုအနောက်မှ ပွေ့ဖက်လိုက်သည်။ ရှဲန်ဆိုင်၏ ကိုယ်လုံးကလေးမှာ သိမ့်ခနဲတုန်တက်သွားသည်။
“လန့်လိုက်တာအကိုရယ်”
“ဘယ်သူ့ကိုလွှမ်းလို့ အလွမ်းသီချင်းတွေဆိုနေတာလဲ”
ရှဲန်ဆိုင်က လက်ထဲမှ ရေခွက်ကိုချလိုက်ပြီး ငခမ်းဘက်သို့လှည့်လိုက်သည်။
“ဘယ်သူရှိရမှာလဲ ၊ ဟောဒီက လင်တော်မောင်ကိုလွမ်းလို့ ပေါ့ရှင်”
“အကိုက ခရီးသွားတာမဟုတ်ပါဘူးရှဲန်ဆိုင်ရဲ့၊ အမဲလိုက်ထွက်တာပါ၊ နောက်ပြီးတော့ နေ့တစ်ပိုင်းတောင် မကြာသေးပါဘူး”
ရှဲန်ဆိုင်က ငခမ်းပစ်ချထားသည့် တောဝက်တစ်ပိုင်းကိုကြည့်နေရင်း
“အကို့အတွက်တော့ မကြာဘူးဆိုပေမယ့် ရှဲန်ဆိုင့်အတွက်တော့ နေ့တစ်ပိုင်းလောက်ခွဲနေရတာ အကိုနဲ့နှစ်ပေါင်းများစွာ ခွဲနေရသလို ခံစားရပါတယ်”
“ကဲပါ၊ မဟုတ်တာတွေ ခံစားမနေနဲ့၊ လာပါ ဒီညတော့ ဝက်သားနဲ့ထမင်းစားရအောင်ဟေ့”
ရှဲန်ဆိုင်က တောဝက်ကိုကောက်ယူလိုက်ရင်း
“တောဝက်က တစ်ပိုင်းထဲပါလားအကိုရဲ့၊ ခေါင်းပိုင်းဘယ်ရောက်သွားသလဲ”
ငခမ်းက ခေါင်းကုပ်လိုက်ပြီး
“တောထဲမှာ အမဲလိုက်ရင်း မုဆိုးတစ်ယောက်နဲ့တွေ့ခဲ့တယ်ရှဲန်ဆိုင်၊ သူနဲ့အကိုနဲ့ တောဝက်တစ်ကောင်တည်းကို ပစ်မိပြီးတော့ အညီအမျှခွဲဝေယူလာကြတာ”
ရှဲန်ဆိုင်က ထူးဆန်းနေသည်။
“ဒီလောက်လူသူမနီးတဲ့ တောထဲမှာ နောက်ထပ်လူတစ်ယောက်ရှိနေတာတဲ့လားအကို”
“မဟုတ်ပါဘူးကွာ၊ သူက မုဆိုးလေ၊ မုဆိုးဆိုတာ တောနက်တွေထဲအထိသွားပြီး အမဲလိုက်မှ သားကောင်ရတာမဟုတ်လား၊ တခြားတွေးမနေပါနဲ့ရှဲန်ဆိုင်ရာ”
ရှဲန်ဆိုင်က တောဝက်ကိုဖျက်ပြီး ချက်ပြုတ်နေလေသည်။ ငခမ်းက မီးဖိုချောင်အတွင်းဝင်သွားလိုက်သည့်အခါ
“အကို စပါးကုန်တော့မယ်”
“ဒါဆိုလည်း အကိုမနက်ဖြန်တော့ မိုးနဲဘက်တစ်ခေါက်သွားလိုက်မယ်လေ”
“ရှဲန်ဆိုင် တောဝက်သားတွေ ကြပ်တိုက်ထားမယ်၊ အကို စပါးနဲ့လဲလို့ရတာပေါ့”
(၅)
ထိုညတော့ သူတို့နှစ်ယောက် ထမင်းအတူတူစားကြသည်။ ရှဲန်ဆိုင်က ဝက်သားကို ဟင်းသုံးမယ်လောက်ရအောင်ချက်ပြုတ်ထားသည်။ သူတို့စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များနှင့် ရောကြော်ထားသလို၊ ဝက်ရိုးများကိုလည်း စွပ်ပြုတ်သဖွယ်ပြုလုပ်ထားလေသည်။
“အကိုစားလေ”
ငခမ်းက ဝက်သားဖတ်တစ်ဖတ်ကို တူနှင့်ကောက်ယူလိုက်ပြီး ထမင်းအပေါ်သို့တင်ကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ပါးစပ်ထဲတွင် ဘာအရသာမှ မခံစားမိပေ၊ သို့သော် ရှဲန်ဆိုင်က သူ့ကိုကြည့်နေသဖြင့် အားရပါးရဝါးစားလိုက်သည်။
“ကောင်းလားအကို”
“ကောင်းမှကောင်းရှဲန်ဆိုင်ရာ၊ အကိုတော့ ရှဲန်ဆိုင်ရဲ့လက်ရာကို အရမ်းကြိုက်နေမိပြီ၊ ရှဲန်ဆိုင် အကို့ကိုတစ်သက်လုံး ထမင်းချက်ကျွေးမယ်မဟုတ်လား”
ရှဲန်ဆိုင်မျက်နှာက ခပ်တည်တည်ဖြစ်နေကာ တစ်ခုခုကိုမပျော်ပုံရသည်။
“ဘာဖြစ်လို့လဲ ရှဲန်ဆိုင်”
“ဘာမှမဖြစ်ပါဘူးအကို၊ ဒါနဲ့ စွပ်ပြုတ်ရောသောက်ပါအုံး”
ငခမ်းက သစ်သားဇွန်းဖြင့် စွပ်ပြုတ်များကိုခပ်ကာ အားရပါးရသောက်လိုက်သည်။
“ကောင်းမှကောင်းကွာ”
ရှဲန်ဆိုင်က ငခမ်းအား ရေနွေးတစ်ခွက်ငှဲ့ပေးရာ ငခမ်းက ရေနွေးကိုမော့သောက်ချလိုက်သည်။
“အကိုဘယ်တုန်းက အချဉ်ကြိုက်တတ်သွားတာလဲ”
ငခမ်းအံ့သြနေမိသည်။ ရှဲန်ဆိုင်က ရေနွေးခရားအိုးအတွင်းမှ သံပုရာကွင်းများကိုထုတ်ပြီး ပြလိုက်သည်။ ရှဲန်ဆိုင်၏ မျက်နှာက တင်းမာနေလေသည်။ ငခမ်းလည်းထိတ်လန့်သွားသည်။
“ရေနွေးထဲကို သံပုရာသီးတွေထည့်ထားတာတောင်မှ အကိုက ချဉ်ပုံမရဘူး၊ ဝက်သားဟင်းနဲ့ စွပ်ပြုတ်မှာ ဆားမခတ်ထားတာကိုလည်း အကိုက အရမ်းစားကောင်းနေတယ်ဆိုတော့ ရှဲန်ဆိုင်စဉ်းစားလို့မရဘူး”
ငခမ်းမျက်လုံးတွေပြူးသွားသည်။
“အကိုအခုနောက်ပိုင်း ထူးဆန်းနေတယ်သိလား၊ အရင်က အကိုကွမ်ခမ်းနဲ့မတူတော့ဘူး၊ အကို့အပြုအမူတွေက အမြဲတမ်းထူးဆန်းနေတယ်”
“မဟုတ်ပါဘူးရှဲန်ဆိုင်၊ ရှဲန်ဆိုင်ထင်နေသလိုမဟုတ်ဘူး”
“အကို့မှာ ရောဂါတစ်ခုခုဖြစ်နေတာကို အကိုလှို့ဝှက်ထားတာလား၊ ရှဲန်ဆိုင်စိတ်ဆင်းရဲမှာစိုးလို့ အကိုမပြောတာလား”
ငခမ်းက ခေါင်းညိတ်လိုက်သည်။
“အကို့မှာ ရောဂါတစ်ခုဖြစ်နေတယ်ရှဲန်ဆိုင်၊ အကိုက အရသာခံလို့မရဘူးဖြစ်နေတယ်”
ရှဲန်ဆိုင်က ငခမ်းအား အလွန်သနားသွားသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
“ဒါကြောင့်နေမှာ၊ အကိုက ရှဲန်ဆိုင်ချက်တဲ့ဟင်းတွေကို အမြဲကောင်းတယ်ဆိုပြီး စားသောက်နေတာ၊ တကယ်တော့ အခုလိုတောထဲမှာ မပြည့်မစုံနဲ့ချက်ပြုတ်နေရတာမို့လို့ ရှဲန်ဆိုင်ချက်တဲ့ဟင်းကို ရှဲန်ဆိုင်တောင်မှ မစားနိုင်ဘူး”
“ရှဲန်၊ ရှဲန်ဆိုင် အကို့ကိုစိတ်ဆိုးသွားသလား”
ရှဲန်ဆိုင်က ခေါင်းခါသည်။
“စိတ်မဆိုးပါဘူးအကို၊ ဒါပေမယ့် စိတ်မကောင်းဖြစ်တာ”
ရှဲန်ဆိုင်က ခေါင်းငုံ့သွားသည်။
“အခုလို အတူတူနှစ်ယောက်တည်း အတူတူနေတာကိုတောင်မှ အကိုက ရှဲန်ဆိုင့်ကိုမပွင့်လင်းဘူး၊ အကိုနဲ့ရှဲန်ဆိုင်ဟာ လင်မယားတွေလိုဖြစ်နေကြပါပြီအကိုရယ်၊ တစ်ယောက်ရဲ့အခက်အခဲကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုပြီးတော့ အတူတူဆိုးတူကောင်းဖက် တိုင်ပင်ကြဖို့ကောင်းတယ်မဟုတ်လား”
ငခမ်းက ရှဲန်ဆိုင်၏နံဘေးသို့ ပြေးသွားလိုက်သည်။
“အကိုတောင်းပန်ပါတယ်ရှဲန်ဆိုင်ရာ၊ အကိုက ရှဲန်ဆိုင်စိတ်ညစ်သွားမှာစိုးလို့ပါ”
“ဒီလိုတွေးကတည်းက အကိုမှားတာပဲ၊ အကိုက ရှဲန်ဆိုင်ကို တစ်သက်လုံးလက်တွဲပြီး အတူတူနေသွားဖို့ စိတ်ကူးမရှိဘူးလား၊ ရှဲန်ဆိုင်ကို အခုထိ သူစိမ်းတစ်ယောက်လို့ တွေးထင်နေတုန်းလားအကို”
“အကိုမှားပါတယ်၊ အကိုတောင်းပန်ပါတယ်ရှဲန်ဆိုင်”
ငခမ်းက ရှဲန်ဆိုင်ကိုဖက်ထားလိုက်သည်။ ရှဲန်ဆိုင်က ငခမ်းရင်ထဲတွင် တသိမ့်သိမ့်ငိုကြွေးနေလေသည်။
“ရှဲန်ဆိုင်ကတော့ အကို့ကိုတစ်သက်လုံး သစ္စာရှိရှိနဲ့ပေါင်းဖက်သွားဖို့ ရည်ရွယ်ထားပြီးသား၊ အကိုနဲ့အတူတူ အတူနေကြမယ်၊ အကို့အတွက် သားသမီးတွေ မွေးပေးမယ်၊ သားသမီးတွေကြီးပြင်းလာအောင် စောင့်ရှောက်ရင်း အကိုနဲ့အတူ ပျော်ရွှင်တဲ့မိသားစုကလေးတစ်ခု တည်ဆောက်မယ်ဆိုပြီးတော့ ရှဲန်ဆိုင်ကတွေးထားပြီးသား”
ရှဲန်ဆိုင်ဆီမှ ထိုစကားများထွက်လာသဖြင့် ငခမ်းရင်ထဲ စိုးထိတ်နေရသည်။ သူ့နားထဲတွင် အသေးလေးပြောခဲ့သည့် စကားများကိုပြန်ကြားယောင်နေသည်။ ရှဲန်ဆိုင်တို့လို မိန်းမသားတွေက ချစ်ခြင်းမေတ္တာတစ်ခုတည်းနှင့် မလုံလောက်နိုင်သည်လားမပြောတတ်။
“နောက်တစ်ခုက အကိုဘာလို့ ရှဲန်ဆိုင်ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာလဲ၊ အခုဆိုသုံးလကျော်ခဲ့ပြီအကို၊ တစ်ခါတစ်လေတော့ ရှဲန်ဆိုင်တွေးမိတယ်၊ အကိုက ယောက်ျားမပီသတဲ့လူများလားလို့”
ငခမ်း ဘာပြောရမှန်းမသိတော့။
“မဟုတ်ပါဘူးရှဲန်ဆိုင်ရာ၊ အကိုက ရှဲန်ဆိုင်ကို ခိုးယူပြီးတိတ်တိတ်ပုန်း ပေါင်းသင်းနေတာမျိုး မဖြစ်ချင်လို့ပါ”
“အခုလို တောထဲမှာ နှစ်ယောက်တည်းလာနေတာကရော ခိုးယူတာမဟုတ်ဘူးလားအကို”
“အကိုကတိပေးတယ်၊ တစ်ရက်တော့ အကိုနဲ့ရှဲန်ဆိုင်နဲ့ ရှဲန်ဆိုင်တို့ မိဘတွေရှေ့မှာ၊ လူကြီးသူမတွေရှေ့မှာ ရှဲန်ဆိုင်ကိုတင့်တင့်တယ်တယ်နဲ့တင်တောင်းပြီးတော့ လူသိရှင်ကြား ပေါင်းသင်းနေထိုင်ချင်တယ် ရှဲန်ဆိုင်”
ရှဲန်ဆိုင်က သက်ပြင်းချလိုက်သည်။
“အကို့စိတ်ကိုတော့ ရှဲန်ဆိုင်နားမလည်တော့ဘူးအကို”
“ဒါတွေမတွေးပါနဲ့တော့ရှဲန်ဆိုင်၊ သိပ်မကြာတော့ပါဘူး၊ အကိုရှဲန်ဆိုင်ကို စိတ်ကျေနပ်အောင်ထားနိုင်မှာပါ”
ငခမ်းက ရှဲန်ဆိုင်ကိုပွေ့ထားရင်း
“ဒါနဲ့ အိမ်ရှေ့မှာ ဘာပန်းပင်တွေ စိုက်ထားတာလဲ”
“ဒီတောင်ကုန်းက မြေမကောင်းဘူးလေအကို ဒီတောင်ကုန်းတစ်ဝိုက်မှာ ဆူးပန်းပင်တွေပဲ ပေါက်နိုင်တယ်၊ ဒါနဲ့ပဲ ဆူးပန်းတွေကိုပဲစိုက်ထားလိုက်တာ”
ဆူးပန်းပင်ဆိုသည်မှာ မြေကြမ်းပြီး မြေသြဇာမကောင်းသည့် နေရာမျိုးတွင် ပေါက်တတ်သည့်ပန်းပင်ဖြစ်သည်။ တစ်ပင်လုံးတွင် ချွန်ထက်နေသည့်ဆူးများပေါက်နေပြီး သစ်ရွက်များတွင်လည်း ဆူးကလေးများပါရှိသည်။ ပန်းပွင့်သည့်အခါတွင် အဖြူရောင်၊ အနီရောင် ပန်းပွင့်ဖားဖားကြီးများပွင့်တတ်သလို မွှေးပျံ့သည့်ရနံ့လည်းရှိသည်။
“ဒါနဲ့ ဆူးပန်းတွေက မပွင့်သေးပါလား”
“ဆူးပန်းကလေးတွေဆိုတာ သွေးနဲ့မထိမချင်း မပွင့်ဘူးတဲ့အကို”
ငခမ်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို သွေးလောင်းပေးရမှာပေါ့”
“အဲဒီလိုမဟုတ်ပါဘူးအကိုရယ်၊ ဆူးပန်းပင်မှာရှိတဲ့အစူးနဲ့ တစ်ယောက်ယောက်နဲ့ဆူးမိတဲ့အခါမှ ဆူးပန်းကလေးတွေက ပွင့်တတ်ကြတယ်တဲ့”
“ဒါဆိုရင် ဒီတစ်သက်တော့ ဒီဆူးပန်းလေးတွေ ပွင့်မယ်မထင်တော့ဘူးနော်”
“ဘာလို့လဲအကို”
“တကယ်လို့သာ ရှဲန်ဆိုင်ဆူးပန်းတွေနဲ့ စူးမိတယ်ဆိုရင် အကိုစိတ်မကောင်းဖြစ်လွန်းလို့ ဒီဆူးပန်းပင်တွေအကုန်လုံးကို ရိုက်ပြီးသတ်မိမှာ သိရဲ့လား”
ရှဲန်ဆိုင်က ပြုံးလိုက်လေသည်။
“အပိုတွေပါ အကိုရယ်”
“မပိုပါဘူးရှဲန်ဆိုင်၊ အကိုက ရှဲန်ဆိုင်ကိုအထိခိုက်မခံနိုင်ဘူး၊ ရှဲန်ဆိုင်ရဲ့လက်ကို စူးကလေးတစ်ချောင်းထိုးမိတာလောက်ကိုတောင် အကိုကအထိခိုက်မခံနိုင်ဘူးဆိုတာ ရှဲန်ဆိုင်သိတယ်မဟုတ်လား”
ရှဲန်ဆိုင်နှင့်ငခမ်းတို့ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားလိုက်သည်။ တောင်ကုန်းကလေးတစ်ခုလုံးက အမှောင်ထုထဲတွင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
(၆)
ညရောက်ပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် ပုရစ်အော်သံ၊ ပိုးကောင်ငယ်တို့၏ အော်သံကြောင့်ဆူညံနေလေသည်။ ငခမ်းက အိပ်ပျော်နေသည့်ရှဲန်ဆိုင်ကို စောင်ပိုင်းကလေးတစ်ထည်နှင့် လွှမ်းခြုံပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် အိမ်အပြင်သို့ထွက်ကာ လင်းနို့အဖြစ်ပြောင်းလဲလိုက်ပြီး ပျံသန်းလိုက်တော့သည်။ ငခမ်းတို့စားဖို့ စပါးမရှိတော့ပေ၊ ထို့ကြောင့် ရွာကလေးတစ်ရွာဆီသို့ ဦးတည်လာခဲ့သည်။ အတန်အသင့်ကျယ်ဝန်းပြီးကြီးမားသည့် အိမ်ကြီးတစ်အိမ်ဆီသို့ချဉ်းကပ်လိုက်သည့်အခါ ခွေးများက သူ့ကိုဝိုင်းဟောင်ကြသည်။ အမှောင်ရိပ်ကိုအကာအကွယ်ပြုပြီး ထိုအိမ်ကြီး၏ အောက်ထပ်သို့ဝင်လိုက်သည်။ ပုတ်တောင်းကြီးများဖြင့် စပါးများကိုသိမ်းဆည်းထားသည်ဖြစ်ရာ ငခမ်းက စပါးတစ်ဝက်လောက်ရှိသည့်ပုတ်တောင်းကို သယ်ယူလိုက်သည်။ ထိုအိမ်ကြီး၏ မီးဖိုချောင်အတွင်းသို့ဝင်ရောက်ပြီး ဟင်းချက်စရာများနှင့် ပဲပုပ်၊ ဆား၊ အစရှိသည်များကိုသယ်ဆောင်လိုက်ကာ ပုတ်တောင်းထဲထည့်သို့ အိမ်ကြီးမှ အသာကလေးလစ်ထွက်လာခဲ့သည်။
တောင်ကုန်းကလေးဆီသို့ ပျံသန်းပြီးသောအခါ ပုပ်တောင်းကြီးကို တောထဲရှိသစ်ပင်ကြီးတစ်ပင်၏ ခွဆုံတွင်တင်ထားခဲ့လိုက်သည်။ ထို့နောက် တောင်ကုန်းကလေးပေါ်မှ အိမ်ဆီသို့ ပျံသန်းကာတက်လာခဲ့သည်။ အိပ်ပျော်နေသည့် ရှဲန်ဆိုင်၏ဘေးနားသို့ ဟန်မပျက်ပြန်ပြီးလှဲချလိုက်သည်။
“အကိုသွားတာကြာလိုက်တာ”
“အေးကွာ၊ အကိုလည်း ဗိုက်ကရစ်နာနေတာနဲ့ အိမ်သာသွားရင်း ကြာသွားတာ”
“အိမ်သာကိုရှဲန်ဆိုင်ရောက်ခဲ့ပြီအကို၊ အကိုမရှိဘူး”
ငခမ်းဘာပြောရမှန်းမသိတော့ပေ။
“ဟုတ်၊ ဟုတ်တယ်ရှဲန်ဆိုင်၊ စိတ်ထဲသိပ်ပြီးမလန်းမဆန်းဖြစ်နေတာနဲ့ စမ်းချောင်းကလေးဆီကိုဆင်းသွားပြီး မျက်နှာသွားသစ်တာ”
ရှဲန်ဆိုင်က ဘာမှမပြောဘဲ တိတ်ဆိတ်သွားလေသည်။ ငခမ်းလည်း သက်ပြင်းတစ်ချက် ခိုးချလိုက်ပြီးနောက် မသိမသာလေးပြန်အိပ်နေရသည်။ ရှဲန်ဆိုင်က ငခမ်းကိုကျောပေးထားရာ ငခမ်းက ရှဲန်ဆိုင်ကိုသူ့လက်များဖြင့် ပွေ့ဖက်ထားလိုက်သည်။
မနက်မိုးလင်းပြီဖြစ်သည်။ ငခမ်းက ခမောက်ကြီးနှင့် ခြုံထည်ကြီးကိုအသင့်ပြင်ဆင်နေသည်။ ရှဲန်ဆိုင်ကြပ်တိုက်ပေးထားသည့် အသားများကိုလည်း ယူဆောင်ခဲ့သည်။
“အကို မိုးနဲဘက်သွားလိုက်အုံးမယ်ရှဲန်ဆိုင်၊ အိမ်မှာ စပါးကုန်နေပြီမဟုတ်လား”
ရှဲန်ဆိုင်က အိမ်တွင်လက်ကျန်ရှိနေသည့် စပါးများကို သစ်သားမောင်းထောင်းဆုံကြီးအတွင်းသို့ လောင်းထည့်လိုက်ကာ မောင်းထောင်းလျှက် ခေါင်းညိတ်လိုက်လေသည်။ ရှဲန်ဆိုင်၏ ပုံစံကိုကြည့်ရသည်မှာ တစ်မျိုးကြီးဖြစ်ပြီး ခပ်အေးစက်စက်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ သို့သော်လည်း ငခမ်းက တောင်ကုန်းကလေးပေါ်မှဆင်းခဲ့တော့သည်။
မိုးနဲသို့မသွားဘဲ တောအုပ်အတွင်းသို့ဝင်ခဲ့သည်။ ညက ပုတ်တောင်းကြီးကိုဝှက်ထားသည့်နေရာသို့ သူသွားလိုက်သည်။ သစ်ပင်ခွကြားတွင် တင်ထားသည့် ပုတ်တောင်းကြီးကို မျောက်တွေအုံခဲနေသည်ကိုတွေ့ရသည်။
“ဟေ့မျောက်တွေ၊ သွားစမ်း”
ငခမ်းက ခြောက်လှန့်လိုက်တော့မှ မျောက်များမှာ တစ်ပင်မှတစ်ပင်သို့ခုန်ကူးကာ ပြေးထွက်သွားကြသည်။ ငခမ်းက သစ်ပင်ပေါ်သို့လွှားခနဲခုန်တက်လိုက်ပြီး ပုတ်တောင်းကြီးကိုလှမ်းယူလိုက်သည်။ မျောက်များဖွကျဲထားသဖြင့် အတွင်းမှ ပစ္စည်းများမှာ ဖရိုဖရဲဖြစ်နေသည်။ ပုတ်တောင်းအောက်ခြေက မသိမသာကလေးပေါက်နေပြီး စပါးများက တစ်လုံးစနှစ်လုံးစထွက်နေလေသည်။ ငခမ်းက ပုတ်တောင်းကြီးထမ်းရင်း တစ်စုံတစ်ခုကိုသတိရသွားသည်။
“ဒီတစ်ခါ စပါးတွေရတာများသားပဲ၊ နန်းလုံဆိုတဲ့ကောင်မလေးကို တစ်ဝက်လောက်သွားခွဲပေးလိုက်ရင်ကောင်းမယ်”
ငခမ်းစိတ်ကူးထဲ အကြံရသွားသဖြင့် ပုတ်တောင်းကြီးကိုထမ်းကာ တောအတွင်းဆက်လက်ထွက်လာခဲ့သည်။ မကြာမီ မြင့်မားသည့် တောင်နံရံကြီးကိုတွေ့လိုက်ရသည်။ တောင်နံရံအောက်ခြေတွင် အပင်ကြီးများသိပ်မရှိဘဲ ဝါးရုံများသာရှိသည်။ တောင်နံရံကြီးတွင် ကျောက်ချပ်ကြီးများက အချပ်လိုက်အချပ်လိုက် တည်ရှိနေကြသည်။ ထိုကျောက်ချပ်နှစ်ချပ်ကြားတွင် လူတစ်ကိုယ်ဝင်စာ နေရာကလေးဖြစ်နေလေသည်။ ငခမ်းက ထိုနေရာသို့ကြည့်ုလိုက်ရာ လူသွားလမ်းသဖွယ် ခပ်ရေးရေးကလေးဖြစ်နေသဖြင့် လူအဝင်အထွက်ရှိသည့် ကျောက်ဂူတစ်ခုဖြစ်မည်ဟု ခန့်မှန်းလိုက်ကာ ပြုံးလိုက်လေသည်။ ထို့နောက် ထိုကျောက်အက်ကွဲကြောင်းကြီးအတွင်းသို့ ခန္ဓာကိုယ်ကို ဘေးစောင်းလျှက် တိုးဝင်လိုက်တော့သည်။
လူတစ်ကိုယ်စာ ကျောက်ချပ်ကြားလမ်းကလေးမှ တိုးလာခဲ့ပြီး မကြာမီတွင် ကျောက်ဂူကြီးတစ်ခုဆီသို့ရောက်လာသည်။ ငခမ်းက ကျောက်ဂူအတွင်းသို့ ဝင်လိုက်ရာ သူ့ခြေထောက်နှင့် နွယ်ကြိုးတစ်ကြိုးကိုတိုက်မိသွားသည်။ ထိုစဉ်မှာပင် သစ်လုံးချွန်များတပ်ဆင်ထားသည့် ကပ်တစ်ခုက အပေါ်မှပြုတ်ကျလာပြီး သူ့ရင်ဘတ်ကို သစ်လုံးချွန်များက စိုက်ဝင်သွားလေသည်။ ထို့အတူ ကျောက်ခဲကလေးများလည်း တဝေါဝေါဖြင့် ကျလာသဖြင့် ဂူအတွင်းအသံကျယ်လောင်စွာထွက်ပေါ်လာသည်။
“သေစမ်း၊ ထောင်ချောက်ဆင်ထားတာပဲ”
ငခမ်းက ရေရွတ်လိုက်ပြီး ထိုသစ်လုံးများအား ဆွဲထုတ်ရလေသည်။ သစ်လုံးဖောက်ဝင်သွားသည့်နေရာတွင် ဟောင်းလောင်းပေါက်ကြီးဖြစ်သွားလေသည်။ ထိုအခါ နန်းလုံက လေးနှင့်မြားကိုအသင့်ကိုင်ဆောင်လျှက် သူ့ထံသို့ရောက်လာသည်။
“ရှင်ကိုး”
ထို့နောက် ငခမ်းအား ထူးဆန်းစွာဖြင့်ကြည့်သည်။ ငခမ်းရင်ဘတ်တွင် သစ်လုံးငါးခုလောက်က ဖောက်ဝင်နေလေသည်။
“ရှင်၊ ရှင်ဘာမှမဖြစ်ဘူးလား”
ငခမ်းက သစ်လုံးချွန်များကို တစ်ခုပြီးတစ်ခုဆွဲနှုတ်ရင်း
“မင်းတွေ့တဲ့အတိုင်းပဲလေ”
“ရှင်က လူမှဟုတ်ရဲ့လား”
“ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းနည်းနည်းရှည်တယ်၊ ကဲပါ မင်းရဲ့အိမ်ကို အလည်လာတဲ့ဧည့်သည်ကို မကြိုဆိုဘူးလား”
နန်းလုံက သစ်လုံးများကိုဝိုင်းပြီး ကူဖြုတ်ပေးလိုက်သည်။ ငခမ်းက ဘာမှမဖြစ်သော်လည်း သူဝတ်ထားသည့် အင်္ကျီကတော့ အပေါက်အပြဲများဖြစ်ကုန်ကာ အပိုင်းပိုင်းအစအစ ပြဲထွက်ကုန်သည်။ နန်းလုံက ငခမ်းအား ကျောက်ဖျာကြိးတစ်ခုပေါ်သို့ ခေါ်ဆောင်သွားသည်။ ထိုကျောက်ဖျာပေါ်သို့ ဂူအမိုးမှအလင်းရောင်များ ဖျာကျနေလေသည်။ ကျောက်ဖျာထိပ်ဘက်တွင် ဖျာကြမ်းများခင်းထားပြီး စောင်နှင့် ခေါင်းအုံးများတွေ့သဖြင့် နန်းလုံနေထိုင်သည့်နေရာဖြစ်ကြောင်း ခန့်မှန်းသိလိုက်သည်။
“ရှင်ဘာလာလုပ်တာလဲ”
“မင်းမှာ အိတ်ခွံတို့၊ တောင်းအသေးတို့မရှိဘူးလား၊ ငါစပါးတွေအများကြီးရလာတယ်၊ မင်းကိုနည်းနည်းလာခွဲပေးတာ”
နန်းလုံမျက်နှာမှာ ပျော်ရွှင်သွားသယောင်ရှိသည်။
“အတော်ပဲပေါ့၊ ကျုပ်လည်း စပါးမရှိလို့ ပြောင်းဖူးစေ့တွေ ပြုတ်စားလိုက်၊ ပိန်းဥတွေပြုတ်စားလိုက်နဲ့ ပြုတ်စားနေရတာကြာပြီ”
“ငါ့တောင်းကြီးကို ဂူထဲသွင်းမရလို့ ဂူဝမှာထားခဲ့တယ်”
“ရပါတယ်၊ ဒီနားမှာ သားရဲကောင်တွေမရှိပါဘူး”
နန်းလုံက ဝါးဆစ်ဘူးကလေးတစ်ခုကိုလှမ်းပေးလိုက်ရာ ငခမ်းက ထိုဝါးဆစ်ဘူးကလေးကိုကြည့်လိုက်သည်။ အစိမ်းပုပ်ရောင် အရည်များကို ဝါးဆစ်ပိုင်းအတွင်း တွေ့ရသည်။
“ဘာမှစိတ်မပူနဲ့၊ ဒါ ကျုပ်ဖာသာ ဖောက်ထားတဲ့ခေါင်ရည်ပဲ၊ တောထဲက ဆေးမြစ်တွေထည့်ထားလို့ သောက်ရတာ နည်းနည်းပိုခါးပေမယ့် ကျန်းမာရေးအတွက်ကောင်းတယ်”
ငခမ်းက ဝါးဆစ်ပိုင်းကလေးကို ကိုင်ထားရင်း
“မင်းဘယ်လိုလွတ်လာသလဲဆိုတာ ငါသိချင်တယ် နန်းလုံ”
နန်းလုံက အချိန်အတန်ကြာအောင် ငြိမ်သက်နေလေသည်။ မကြာခင် သူ့မျက်ဝန်းတွင် မျက်ရည်များဖြင့် ပြည့်နှက်လာလေသည်။
“ရှင်တို့ထွက်ပြေးသွားတော့ ကျုပ်ရင်ဝမှာ ဓါးဒဏ်ရာနဲ့ ဂူထဲမှာကျန်ခဲ့တယ်၊ ဖားပုန်းတွေက ကျုပ်ကို ဝိုင်းစားမယ်လို့ ထင်ခဲ့တယ်”
“ဒါပေမယ့် ကျုပ်နိုးထလာတော့ ကျုပ်က တဲအိမ်ကလေးတစ်ခုအတွင်းမှာရောက်နေတယ်”
ထိုသို့အစချီလိုက်ကာ နန်းလုံက သူ့အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေသည်။
(၇)
“မင်းသတိရလာပြီလား”
တုန်တုန်ယင်ယင်နှင့် အသံတစ်ခုကိုကြားလိုက်ရသဖြင့် နန်းလုံထူးဆန်းသွားသည်။ ငုတ်တုတ်ထိုင်ရန်ကြိုးစားလိုက်သော်လည်း ထမရတော့ပေ၊ သူ့တစ်ကိုယ်လုံးအေးစက်သည့် အထိအတွေ့များကိုခံစားနေရသည်။
“ကျုပ်သေပြီလား၊ ကျုပ်ငရဲပြည်ကိုရောက်နေတာလား”
ထိုအခါ သူ့နံဘေးသို့ အဘိုးအိုတစ်ဦး လာရောက်မတ်တပ်ရပ်လေသည်။ အဘိုးအိုမှာ အသက်အရွယ်အလွန်အိုမင်းနေပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ဖြူဆွတ်နေကာ ရင်ဘတ်အလည်လောက်အထိ ဖျားလျားကျနေသည်။ မီးခိုးရောင် အင်္ကျီခပ်နွမ်းနွမ်းတစ်ထည်ကို ဝတ်ဆင်ထားသည်။
“အဘိုးက ဘယ်သူလဲ”
“ငါ့နာမည်ကို မင်းသိစရာမလိုပါဘူးကွာ၊ ဒါပေမယ့် မင်းခေါ်ချင်တယ်ဆိုရင်တော့ ပေါ်ပေါ်ကြီးလို့ ခေါ်လို့ရတယ်”
“ပေါ်ပေါ်ကြီးဆိုတာ ဖေဖေကြီးလို့ ခေါ်တာမဟုတ်ဘူးလား”
ထိုအဘိုးကြီးက ပြုံးလိုက်လေသည်။
“မှန်တယ်လေ၊ အခုမင်းက ငါ့ရဲ့သမီးတစ်ယောက်ဖြစ်သွားပြီ”
နန်းလုံ ဘာကိုမှ နားမလည်နိုင်တော့ပေ၊ သူ့ခေါင်းကိုလှည့်ကြည့်သည့်အခါ လည်ပင်းက အလွန်နာကျင်နေလေသည်။
“သိပ်လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့အုံး၊ မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကောင်းကောင်းပြန်မဆက်သေးဘူး”
နန်းလုံအလွန်အံ့သြသွားသည်။
“ဘာ၊ ဘာကိုပြောတာလဲ ပေါ်ပေါ်ကြီး”
အဘိုးကြီးက နန်းလုံ၏ ကိုယ်လုံးကို ကိုင်တွယ်ကာ စမ်းသပ်နေသော်လည်း နန်းလုံမှာ ထိတွေ့မှုတစ်စုံတစ်ရာကိုမခံစားရပေ၊ မျက်လုံးကိုအောက်သို့ဝေ့ကြည့်လိုက်သည့်အခါ သူ့ကိုယ်လုံးက အဝတ်အစားများမပါဘဲ မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေသည်။ နန်းလုံတစ်ယောက် ရှက်သွားမိသည်။ အဘိုးကြီးက သူ့နံဘေးတွင် ထိုင်ချလိုက်ပြီး
“မင်းကိုငါတွေ့တော့၊ မင်းက အပိုင်းပိုင်းအစစဖြစ်နေပြီ၊ မင်းမှာ ဟောဒီမျက်နှာကလေးနဲ့ ဦးခေါင်းသာ အကောင်းအတိုင်းကျန်တော့တယ်၊ မင်းကို ဖားပုန်းတွေက ဝိုင်းပြီးအမဲဖျက်စားသောက်နေကြတာကွ၊ ဒါနဲ့ ဖားပုန်းတွေကိုမောင်းထုတ်လိုက်ပြီးတော့ မင်းကိုမြေမြှုပ်ပေးမလို့ပဲ၊ ဒါပေမယ့် မင်းရဲ့မျက်နှာကလေးကိုကြည့်ရင်း ငါ့သမီးလေးကို သတိရလာတယ်၊ ဒါနဲ့ပဲ မင်းကိုအသက်သွင်းဖို့ ဖြစ်လာတယ်ဆိုပါတော့ကွာ”
“ကျုပ်ကိုပြန်အသက်သွင်းတယ်၊ ဟုတ်သလား”
“မင်းရဲ့အစိတ်အပိုင်းတွေကို တတ်နိုင်သလောက် ငါပြန်ဆက်ခဲ့တယ်၊ ကျန်တဲ့အစိတ်အပိုင်းတွေ၊ မင်းရဲ့အတွင်းကလီစာတွေကိုတော့ တခြားသူတွေဆီကနေ ငှားရမ်းခဲ့တယ်၊ တစ်ချို့အစိတ်အပိုင်းတွေကတော့ တိရစ္ဆာန်တွေဆီကနေ အသုံးချခဲ့တယ်”
နန်းလုံအခုထိနားမလည်နိုင်သေးပေ။
“တခြားလူတွေဆီကနေ ငှားရမ်းခဲ့တယ်ဆိုတာက ဘာကိုပြောချင်တာလည်း”
အဘိုးကြီးက ပြုံးလိုက်ပြီး
“လူသေတွေဆီကနေ ဖြုတ်ခဲ့တာလို့ပြောတာပေါ့ကွာ”
နန်းလုံထိတ်လန့်နေမိသည်။
“အခု မင်းမှာ မင်းအမေပေးတဲ့အသက်မရှိတော့ဘူး၊ ငါပေးတဲ့အသက်ပဲရှိတော့တယ်၊ ဒီနေ့ကစပြီးတော့ မင်းက ငါ့ရဲ့သမီးဖြစ်သွားပြီ၊ ဒါကြောင့်မို့ မင်းငါ့ကိုပေါ်ပေါ်ကြီးလို့ခေါ်သင့်တယ်”
ထိုအခါ သူ့အနားတွင် လူကြီးတစ်ယောက်လာရပ်သည်။ ထိုလူကြီးမှာ လူ့ပုံစံလမ်းလျှောက်နေသော်လည်း သူ့လည်ပင်းမှစ၍ ခေါင်းပိုင်းကြီးတစ်ခုလုံးမှာ မြင်းခေါင်းကြီးဖြစ်နေလေသည်။ ထိုလူကိုမြင်တော့ နန်းလုံတစ်ယောက်အလွန်ထူးဆန်းကာ ထိတ်လန့်သွားသည်။
“မင်းအံ့သြနေမယ်ဆိုတာ ငါသိပါတယ်၊ ဒါက ငါတစ်ချိန်က အရမ်းချစ်ခဲ့တဲ့ မြင်းလေးတစ်ကောင်ပဲ၊ သူသေသွားတော့ လူတစ်ပိုင်းမြင်းတစ်ပိုင်းဖြစ်အောင် ငါပြောင်းလဲပေးခဲ့တာ”
နန်းလုံ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်တော့ပေ။ အဘိုးကြီးက နန်းလုံမျက်လုံးများကို လက်နှင့်ပိတ်လိုက်ပြီး
“အေးအေးဆေးဆေးအနားယူလိုက်၊ တစ်ပတ်လောက်ကြာရင် အားလုံးကောင်းသွားလိမ့်မယ်”
တစ်ပတ်ခန့်ကြာသည့်အခါ နန်းလုံပြန်လည်နိုးထလာသည်။ လူကိုယ်၊ မြင်းခေါင်းနှင့်လူကြီးက နန်းလုံအား ပွေ့ကာဆွဲထူပေးသည်။ နန်းလုံကျောကုန်းကို လက်ဖြင့်ထိန်းကာ ငုတ်တုတ်ထိုင်ခိုင်းသည်။ အဘိုးကြီးက နန်းလုံဆီသို့ရောက်လာပြီး လက်များကိုအသေအချာကိုင်ကြည့်သည်။
“မင်းလက်တွေကို လှုပ်ကြည့်စမ်းပါအုံး”
နန်းလုံက လက်မောင်းကိုမြှောက်လိုက်သည်။ လက်မောင်းရင်းနှင့် တံတောင်ဆစ်မှ ပြတ်ထွက်မတတ်အလွန်နာကျင်လှသည်။ နန်းလုံသေချာကြည့်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံးတွင် အပ်ချုပ်ရာများနှင့် ပြည့်နှက်နေသည်။
“ဒါ၊ ဒါတွေက ဘာတွေလဲ”
“တစ်စစီဖြစ်နေတဲ့မင်းကို ငါပြန်ချုပ်ပေးထားတာလေကွာ၊ အပ်ချုပ်သမားမဟုတ်တော့ ချုပ်ရိုးတွေကတော့သိပ်ပြီး မသေသပ်ဘူးဟေ့၊ မင်းအစပိုင်းတော့ နာနေမယ်ဆိုပေမယ့် နောက်ပိုင်းကျရင်တော့ နေသားကျသွားမှာပါ”
“ကဲ မင်းကိုမိတ်ဆက်ပေးရအုံးမယ်၊ သူ့နာမည် စွန်ဖြူလေးလို့ခေါ်တယ်ကွ၊ သူ့ရဲ့ခေါင်းထိပ်မှာ စွန်ပုံစံအဖြူရောင်အမှတ်ကလေးပါတာကိုမင်းတွေ့လား”
အဘိုးကြီးက မြင်းကြီးကိုလက်ညှိုးထိုးပြသည်။ မြင်းကြီး၏ ခေါင်းထိပ်နှင့် နှာတံတစ်လျှောက်တွင် စွန်ပုံသဏ္ဍာန် လေးထောင့်မှန်ကူကွက်အဖြူရောင်ကလေးကိုတွေ့ရသည်။
“စွန်ဖြူလေးက မြင်းစိတ်နဲ့လူကိုယ်ကွ၊ သူက သိပ်တော့မတွေးတတ်ဘူး၊ ခိုင်းတာကိုတော့လုပ်တတ်ပါတယ်”
စွန်ဖြူလေး၏ အကူအညီဖြင့် နန်းလုံမတ်တပ်ရပ်လိုက်သည်။ စွန်ဖြူလေးက သူ့ပုခုံးနှစ်ဖက်ကိုထိမ်းထားပေးရာ နန်းလုံက လမ်းအစမ်းလျှောက်ကြည့်သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သေမတတ်နာကျင်နေလေသည်။ ထို့နောက် နန်းလုံက သူ့ညာဖက်လက်ကိုကြည့်လိုက်သည့်အခါ မိန်းကလေးတစ်ယောက်၏ လက်မဟုတ်ဘဲ ယောက်ျားတစ်ယောက်၏ လက်ကြီးဖြစ်နေလေသည်။ နန်းလုံက အံ့သြတစ်ကြီးဖြင့် အဘိုးကြီးကိုကြည့်လိုက်သည်။
“သိပ်မလန့်ပါနဲ့ကွာ၊ ငါလည်း ရတဲ့အစိတ်အပိုင်းနဲ့လုပ်ရတာကွ”
“ပေါ်ပေါ်ကြီးက ဘာလို့ဒီလိုတွေလုပ်နေတာလဲ၊ ဘာလို့ဒီလိုမျိုး ထူးခြားတဲ့အတတ်တွေကို တတ်နေရတာလဲ”
အဘိုးကြီးက တဲအပြင်သို့ထွက်သွားသဖြင့် နန်းလုံကလည်း စွန်ဖြူလေးကို ထိမ်းကိုင်လျှက် အပြင်သို့လိုက်ထွက်လာခဲ့သည်။ တဲကလေးက တောင်ကုန်းကလေးထိပ်တွင်ရှိပြီး မြင့်မားလှသည့် တောင်ကြီးများက ဝန်းရံထားသည်။ အဘိုးကြီးက နှုတ်ခမ်းမွှေးများကိုသပ်နေရင်း ဆေးတံတစ်ချောင်းကို သောက်နေလေသည်။
“ငါတို့က နတ်ဆေးသမားတော်မျိုးရိုးကွ၊ တို့ရဲ့ ဘိုးဘေးအစဉ်အဆက်က ဟိုးတရုတ်ပြည်က နတ်ဆေးသမားတော် စိုင်းဟွထိုးရဲ့ မျိုးဆက်တွေပဲ”
“စိုင်းဟွထိုးအကြောင်းတော့ ကျုပ်တို့ကြားဖူးပါတယ်၊ ရှမ်းပြည်မှာလဲ သူ့ပုံပြင်တွေရှိတယ်မဟုတ်လား”
“စိုင်းဟွထိုးက သူ့တပည့်တွေနဲ့ ဆေးပညာတွေကို ပိုမိုလေ့လာလိုက်စားခဲ့တယ်၊ ဆေးပညာတွေလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့တယ်၊ ဒါပေမယ့် ဟန်မင်းဆက်ပြီးဆုံးသွားတဲ့အခါမှာတော့ သူ့ဆေးပညာတွေကို ဘုရင်တွေက ကြောက်လန့်လာပြီးတော့ သူတို့ဆေးဆရာဂိုဏ်းကို ဖြိုခွင်းတော့တယ်၊ ဒါကြောင့်မို့ စိုင်းဟွထိုးဟာ သူ့တပည့်တွေနဲ့အတူတူ ဇာတ်မြှုပ်ပြီး ပျောက်ကွယ်သွားခဲ့တယ်မဟုတ်လား”
“ပြောရရင် ငါကလည်း သူတို့မျိုးဆက်တွေထဲကတစ်ယောက်ပေါ့၊ ငါတို့ဘိုးစဉ် ဘောင်ဆက် ထိမ်းသိမ်းခဲ့တဲ့ သစ္စာတစ်ခုရှိတယ်၊ အဲဒါကတော့ ဆေးပညာတတ်ပေမယ့် လူတွေကိုမကုရဘူး၊ နောက်ပြီးတော့ လူသူတွေကြားထဲမှာ မနေရဘူးဆိုတဲ့ သစ္စာပဲ၊ ဒါကြောင့်မို့ လူသူမနီးတဲ့ တောတောင်တွေထဲမှာ ငါတို့တွေ နေထိုင်ခဲ့ကြရတာပေါ့”
အဘိုးကြီးက ဆေးတံကို ခေါက်ချပြီး ဆေးစာများကိုထပ်ဖြည့်နေရင်း
“ဒါပေမယ့် ငါတစ်ယောက်တည်းနေတော့ ပျင်းလာတယ်၊ ဒါနဲ့ပဲ ငါတတ်ထားတဲ့ ဆေးပညာတွေနဲ့ တစ်ခုခုကိုဖန်တီးမယ်လို့ စိတ်ကူးရခဲ့တယ်၊ ငါစီးနေကျ မြင်းကလေးသေဆုံးသွားတဲ့ခါ သူ့ကိုလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တပ်ဆင်ပေးခဲ့တယ်၊ နောက်ပြီးတော့ ငါ့မိန်းမသေဆုံးသွားတဲ့အခါ သူ့ကို နွားတစ်ကောင်ဘဝရောက်အောင် ပြောင်းလဲပေးခဲ့တယ်”
“ပေါ်ပေါ်ကြီးက ဘာလို့ ကိုယ့်မိန်းမကိုယ်ကျတော့ လူဖြစ်အောင်မလုပ်တာလဲ”
“အမြင်ကပ်လို့ဟေ့၊ ငါ့မိန်းမက ပါးစပ်ဖွာတယ်၊ အရမ်းလည်းစွာတယ်၊ ငါ့ကိုလည်း တအားနိုင်တယ်၊ ဒါနဲ့ပဲ သူ့ကိုအဆိပ်ခတ်ပြီး သူသေတော့ နွားဖြစ်အောင်လုပ်ပေးလိုက်တာ၊ ဒါမှ ငါ့စိတ်ကြိုက်ပြန်ရိုက်လို့ရမယ်မဟုတ်လား၊ ဟား၊ ဟား”
ထိုအခါ အိမ်နံဘေးမှ နွားကြီးတစ်ကောင်ထွက်လာသည်။ နွားတစ်ကောင်၏ ခန္ဓာကိုယ်ဆိုသော်လည်း ဦးခေါင်းက မိန်းမတစ်ယောက်၏ ဦးခေါင်းဖြစ်သည်။ သို့သော် ထိုဦးခေါင်းတွင် ပါးစပ်မပါပေ။ နန်းလုံက နွားမကြီးကို လက်ညှိုးထိုးလိုက်ရင်း
“ပေါ်ပေါ်ကြီး၊ သူ့မှာ ပါးစပ်မပါပါလား”
အဘိုးကြီးက ပြုံးလျှက်
“မိန်းမတွေက ပါးစပ်မပါတာ အကောင်းဆုံးပဲဟေ့၊ ငါ့ဘဝမှ မိန်းမတစ်ယောက်ယူပြီးကတည်းက တော်တော်မှတ်သွားတာ၊ ငါ့မိန်းမက အပေါက်ဆိုးပြီး အဆဲသန်လို့ ပါးစပ်ဖြုတ်ပေးထားလိုက်တယ်လေကွာ၊ ဟား၊ ဟား”
အဘိုးကြီးကိုကြည့်ရင်း နန်းလုံတစ်ယောက် ရယ်မောချင်သွားသလို ကိုယ့်မိန်းမဖြစ်သူကို နွားအဖြစ်ပြောင်းပေးပြီး ပါးစပ်မတပ်ပေးထားသည့် စိတ်ကိုလည်း ကြောက်ရွံ့သွားမိသည်။
“ဒါနဲ့ ပါးစပ်မပါတော့ ဘာနဲ့စားမလဲပေါ်ပေါ်ကြီးရဲ့”
“ဟား၊ ဟား ဖင်ကနေပြီး ကောက်ရိုးတွေ ထိုးထည့်ပေးတာပေါ့ကွာ”
ပေါ်ပေါ်ကြီးက ရယ်မောနေသော်လည်း နန်းလုံကတော့ အလွန်ထိတ်လန့်နေမိသည်။
တစ်လခန့်ကြာသည့်အခါ နန်းလုံ၏ ချုပ်ရိုးများမှာ အသားများတက်လာခဲ့သည်။ သွားလာလှုပ်ရှားရာတွင် အနည်းငယ်နာကျင်သည်မှာလွဲ၍ ဘာမှသိပ်မဖြစ်တော့ပေ၊ ပိုပြီးထူးဆန်းသည်က နန်းလုံ၏ညာဖက် ယောက်ျားလက်မှာ အလွန်သန်မာနေသည်။ နန်းလုံမှာ ထိုလက်ဖြင့်ပင် ထင်းချောင်းများကို လက်ဝါးစောင်းဖြင့်ရိုက်ပြီး ခွဲနိုင်လေသည်။ သို့သော် နန်းလုံ၏ ရင်ဘတ်အတွင်းတွင် အပြာရောင်အလင်းများကို ဖောက်ထွင်းမြင်နေရသည်။ ညဆိုလျှင် ထိုအပြာရောင်အလင်းများက အသားစိုင်များကိုဖောက်ထွက်ကာ လင်းထိန်နေလေသည်။
“အဲဒါ ဘာကြီးထည့်ထားတာလဲ ပေါ်ပေါ်ကြီး”
“သလင်းကျောက်တစ်ခုပဲ၊ ဆေးပညာအခေါ်အရ အသက်ဆက်ကျောက်လို့ခေါ်တယ်၊ မင်းမှာ နှလုံးမရှိတော့လို့ အဲဒါထည့်ပေးထားတာ၊ သူက နေ့နေ့ညည တစ်ခါတစ်ရံလင်းလက်နေတတ်တယ်”
နောက်ထပ်တစ်လခန့်ကြာသည့်အခါ နန်းလုံမှာ လေးနှင့်မြားကို ပြန်လည်ပစ်ခတ်နိုင်လေသည်။
“ငါ့သမီး အရင်က ဘာလုပ်တာလဲ”
“မုဆိုးပါ ပေါ်ပေါ်ကြီး”
“ကောင်းတာပေါ့ကွာ၊ ငါအားကိုးရပြီဟေ့”
တစ်ရက်တော့ ပေါ်ပေါ်ကြီးက နန်းလုံကို တောင်ကြီးတစ်ခုဆီသို့ခေါ်သွားသည်။ တောင်နံရံကြီးကို ပေါ်ပေါ်ကြီးက သူ့ဆေးတံဖြင့် တဒေါက်ဒေါက်ခေါက်လိုက်သည့်အခါ တောင်နံရံကြီးမှာ လိုက်ကာခန်းဆီးစကြီးတစ်ခုသဖွယ် နံဘေးသို့ပွင့်သွားလေသည်။ အတွင်းသို့ ဝင်လိုက်သည့်အခါ အလွန်အေးစက်နေသည်။
အတွင်းတွင် သလင်းကျောက်စားပွဲကြီးရှိပြီး ထိုစားပွဲကြီးတွင် အကောင်ကြီးတစ်ကောင်က အိပ်မောကျနေလေသည်။
“ဘယ်လိုလဲ ငါ့ရဲ့လက်ရာက လှတယ်မဟုတ်လား”
“အကောင်ကြီးမှာ လူနှင့်တူသော်လည်း လူထက်သုံးဆနီးပါးကြီးမားသည်။ ခြေထောက်မှာ နွား၏ ခြေထောက်ကဲ့သို့ ကြီးမားသည့် ခွာကြီးများပါသည်။ လက်မှာတော့လူလက်ကြီးဖြစ်သည်။ တစ်ကိုယ်လုံးကို တောရိုင်းတိရစ္ဆာန်များ၏ ကောင်းနိုးရာရာအစိတ်အပိုင်းများဖြင့် ဆက်ထားလေသည်။
“ဒါ ဘာကောင်ကြီးလဲ ပေါ်ပေါ်ကြီး”
“မင်းက ငါ့ရဲ့သမီး၊ သူက ငါ့ရဲ့သားပေါ့၊ သူ့ကိုတော့ ငါနာမည်မပေးရသေးဘူး၊ လောလောဆယ်တော့ ဆယ့်ခြောက်ကောင်လို့ နာမည်ပေးထားတယ်”
“ဆယ့်ခြောက်ကောင်ဟုတ်လား”
“တောထဲက အသန်မာဆုံးသော တောရိုင်းကောင် ဆယ့်ခြောက်ကောင်ရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေကို အသုံးပြုမယ်၊ ဒီအကောင်ကြီးပြီးသွားရင် သူဟာ လူသားတွေဖန်တီးခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးနဲ့ ခွန်အားအရှိဆုံးအကောင်ကြီးဖြစ်ရမယ်ကွ”
ထို့နောက် ပေါ်ပေါ်ကြီးက နန်းလုံ၏ ပုခုံးကိုပုတ်လိုက်သည်။
“ဒီအတွက် သမီးကူညီရမယ်၊ သမီးက တောရိုင်းကောင်တွေကို အမဲလိုက်ပြီး သူတို့ဆီက အစိတ်အပိုင်းတွေကို ရှာဖွေပေးရလိမ့်မယ်”
နန်းလုံက စကားစရပ်လိုက်ပြီး ဝါးဆစ်ပိုင်းတစ်ခုအတွင်းသို့ ခေါင်ရည်များထည့်လိုက်ကာ မော့သောက်လိုက်သည်။
“ဒါဆို မင်းအခု သူ့အတွက် အလုပ်လုပ်ပေးနေတာပေါ့”
နန်းလုံက ခေါင်ရည်သောက်ရင်း ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာတွေက ငါ့အတွက်ယုံဖို့မကောင်းဘူးကွာ”
နန်းလုံက မတ်တပ်ရပ်လိုက်ပြီး သူ့ကိုယ်တွင်ဝတ်စားထားသည့် အဝတ်အစားများကိုချွတ်ချလိုက်သည်။ ထိုအခါ ငခမ်းတစ်ယောက်အံ့သြသွားသည်။ နန်းလုံ၏ ညာဖက်လက်က ယောက်ျားလက်ကြီးဖြစ်နေသလို သူ့ကိုယ်လုံးတွင်လည်း အမာရွတ်များကို အတိုင်းသားမြင်ရသည်။ အထူးဆန်းဆုံးကတော့ နန်းလုံ၏ ရင်သားနှစ်ခုအလယ်တည့်တည့်တွင် အပြာရောင်အလင်းတစ်ခုက အသက်ရှုလိုက်တိုင်း လင်းလိုက် မှိန်လိုက်ဖြစ်နေသည်။
“ကျုပ်ရှင့်ကိုမညာဘူး”
ငခမ်းက ထိုတော့မှ ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာကို ငါယုံပါပြီကွာ”
“ရှင်အဲဒီဆေးခေါင်ရည်ကိုသောက်လိုက်ပါ၊ ဒါ ကျုပ်အဖေဖော်စပ်ပေးထားတဲ့ ဆေးခေါင်ရည်မို့လို့ ရှင့်ဒဏ်ရာတွေကို အမြန်ဆုံးသက်သာစေလိမ့်မယ်”
ငခမ်းက ခေါင်ရည်ထည့်ထားသည့် ဝါးဆစ်ပိုင်းကိုချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ငခမ်းနှင့် နန်းလုံတို့မှာ လက်တစ်ကမ်းအကွာတွင် ရှိနေသည်။
“ကျုပ်က ဆေးရည်မလိုပါဘူး၊ မင်းငါ့ဒဏ်ရာတွေကို သေသေချာချာကြည့်နေ”
ထိုအခါ ငခမ်းရင်ဘတ်နှင့် ဝမ်းဗိုက်မှာ ဒဏ်ရာများမှာ သူ့အလိုလိုတဖြည်းဖြည်းချင်းပြန်ပိတ်နေကြသည်။ နန်းလုံမှာ အံ့သြလွန်းသဖြင့် ငခမ်းရင်ဘတ်ရှိ ဒဏ်ရာများကိုလက်နှင့်ပွတ်သပ်ကြည့်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ ကျုပ်အဖေသာတွေ့ရင် ရှင့်ကိုသူစိတ်ဝင်စားသွားလိမ့်မယ်”
(၈)
ရှဲန်ဆိုင်စိတ်ထဲ ညကတည်းက မပျော်ရွှင်နိုင်ဖြစ်နေသည်။ ညသန်းခေါင်အချိန်တွင် အကိုကွမ်ခမ်း အိပ်ရာမှထသွားသဖြင့် ရှဲန်ဆိုင်က နေရာအနှံ့လိုက်ရှာကြည့်သည်။ အိမ်သာသွားသည်ထင်ပြီးလိုက်ရှာသော်လည်းမတွေ့ပေ၊ စမ်းချောင်းကလေးအနားသို့ ဆင်းရှာသော်လည်း မတွေ့ရပေ။
“အကိုဘယ်များသွားနေတာလဲ”
အိပ်ရာထဲအိပ်နေသော်လည်း အိပ်မပျော်ပေ၊ ရှဲန်ဆိုင်အတွေးထဲတွင် အကိုကွမ်ခမ်းအကြောင်းများက ပဟေဠိသဖွယ်ဖြစ်နေလေသည်။ ထိုစဉ်မှာပင် အကိုကွမ်ခမ်းပြန်ရောက်လာသည်။ စမ်းချောင်းကလေးတွင် မျက်နှာသွားသစ်သည်ဟုပြောသော်လည်း အကိုကွမ်ခမ်းလက်များတွင် ရေစိုမနေပေ။
“အကိုတစ်ခုခုတော့ ဖုံးကွယ်ထားတယ်ထင်တယ်”
မနက်အိပ်ရာထတော့ အကိုကွမ်ခမ်းနှင့် မျက်နှာချင်းမဆိုင်မိစေရန် လုပ်စရာရှိသည်များကို လုပ်နေမိသည်။ အကိုကွမ်ခမ်း မိုးနဲသို့ထွက်သွားတော့ သူ့စိတ်ထဲ တစ်မျိုးဖြစ်နေသည်။ သို့နှင့် အပေါ်က စောင်တစ်ထည်ကိုလွှမ်းပတ်ခြုံလိုက်ပြီး အကိုကွမ်ခမ်းအနောက်သို့ တိတ်တိတ်ကလေးလိုက်ပါလာခဲ့သည်။ ထင်ထားသည့်အတိုင်း အကိုကွမ်ခမ်းက လမ်းအတိုင်းမသွားဘဲ တောအုပ်အတွင်းသို့ဝင်သွားသည်။ မြေပျော့ပျော့တွင် အကိုကွမ်ခမ်း၏ ခြေရာများကိုအတိုင်းသားမြင်ရသည်။ ထို့နောက် အကိုကွမ်ခမ်းက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လွှားခနဲတက်သွားပြီး ပုတ်တောင်းကြီးတစ်တောင်းကို ထမ်းလာသည်ကိုမြင်လိုက်ရသဖြင့် သစ်ပင်တစ်ခုနှင့်ပုန်းကွယ်ကာ စောင့်ကြည့်နေလိုက်သည်။
“အကိုကွမ်ခမ်းဘာလုပ်တာလဲ”
သူ့တို့နေသည့် တောင်ကုန်းကလေးပေါ်သို့ ပြန်မလာဘဲ တစ်နေရာသို့ထွက်သွားရာ ရှဲန်ဆိုင်လည်း အနောက်မှလိုက်လာခဲ့သည်။ ပုတ်တောင်းကြီးမှ စပါးစေ့များက လမ်းတစ်လျှောက်ကျခဲ့သဖြင့် ရှဲန်ဆိုင်က အလွယ်တကူ နောက်ယောင်ခံလိုက်လာနိုင်သည်။ အတော်သွားပြီးသည့်အခါ တောင်နံရံကြီးတစ်ခုရှေ့တွင် ပုတ်တောင်းကြီးကျနေသည်ကိုမြင်လိုက်ရသည်။
“အကိုဘယ်သွားတာလဲ”
အနီးပတ်ဝန်းကျင်သို့ကြည့်လိုက်ရာတွင်လည်း အကိုကွမ်ခမ်းကို မတွေ့ရပေ၊ နောက်ဆုံးတော့ ကျောက်အကွဲကြောင်းနှစ်ချပ်ကြားတွင် လူတစ်ကိုယ်ဝင်စာနေရာအပေါက်ကလေးကိုတွေ့လိုက်ရသည်။ အပေါက်အတွင်းသို့ ဝင်ကြည့်လိုက်ရာ အတွင်းမှ စကားပြောသံကိုကြားလိုက်ရသည်။
“စကားသံပါလား၊ နောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့အသံပဲ”
ရှဲန်ဆိုင်တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် အပေါက်ကလေးထဲမှ ဆက်လိုက်လာခဲ့သည်။ မကြာခင် ကျောက်ဂူကြီးတစ်ခုဆီသို့ရောက်လာသည်။ ကျောက်ဂူဝတွင် သစ်လုံးချွန်များပြန့်ကျဲနေသည်ကိုတွေ့ရသည်။ အတွင်းသို့ဆက်ဝင်လိုက်ရာ ကျောက်ဖျာကြီးတစ်ချပ်ပေါ်တွင် မတ်တပ်ရပ်နေသည့် အကိုကွမ်ခမ်းကိုတွေ့လိုက်ရသည်။
ရှဲန်ဆိုင်က ဝမ်းသာအားရနှင့် လမ်းလျှောက်လိုက်သည့်အချိန်တွင် အကိုကွမ်ခမ်းရှေ့တွင် အဝတ်အစားမပါသည့် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ အကိုကွမ်ခမ်းလည်း အောက်က ဘောင်းဘီသာပါပြီး အဝတ်အစားမပါပေ၊ ထိုမျှမကသေး ထိုမိန်းကလေးက အကိုကွမ်ခမ်း၏ ရင်ဘတ်ကိုလက်ဖြင့်ပွတ်သပ်နေကာ နှစ်ဦးသားအကြည့်ချင်းဆုံလျှက် ကြည်နူးနေကြလေသည်။
ရှဲန်ဆိုင် ဒူးတွေခွေကျသွားချင်သလိုဖြစ်သွားသည်။ သို့သော်လည်း အကိုကွမ်ခမ်းသိသွားမည်စိုးသဖြင့် ဂူအတွင်းမှ အမြန်ပြန်ပြေးထွက်ခဲ့သည်။ ရှဲန်ဆိုင်က ဂူအပြင်ရောက်သည့်အခါ ပုတ်တောင်းကြီးနှင့်တိုက်မိကာ ပုတ်တောင်းကြီးလဲကျသွားသည်။ ထို့နောက် တောအုပ်အတွင်းသို့ ဆက်လက်ပြေးထွက်လာခဲ့သည်။ ရှဲန်ဆိုင်၏ ခေါင်းထဲတွင် အတွေးမျိုးစုံတို့က စိုးမိုးနေသည်။
“အကိုဒါကြောင့် နေ့တိုင်းတောအုပ်ထဲကိုသွားပြီး အမဲလိုက်ထွက်နေတာကိုး”
“ဒီမိန်းကလေးကြောင့် ငါ့ကိုများ မကြင်နာတာလား”
ရှဲန်ဆိုင်တစ်ယောက် တောလမ်းကလေးအတိုင်း ပြေးလွှားနေမိသည်။ မကြာခင် သစ်ငုတ်တိုတစ်ခုနှင့်တိုက်မိသွားကာ ချော်လဲကျသွားသည်။ ရ့ှဲန်ဆိုင်က မြေပြင်မှ မထသေးဘဲ ငိုယိုနေမိသည်။
“အကို့အတွက် ရှဲန်ဆိုင်က အနောင်အဖွဲ့တစ်ခုဖြစ်နေတာလားအကို”
“အကို အဲဒီမိန်းကလေးနဲ့ ပျော်နေမယ်ဆိုရင် ရှဲန်ဆိုင်ကျေနပ်ပါပြီအကို၊ အကို့ဘဝမှာ ရှဲန်ဆိုင်ကိုမလိုအပ်တော့ဘူးဆိုရင်လည်း ရှဲန်ဆိုင်ထွက်သွားပေးဖို့အသင့်ပါပဲ”
ရှဲန်ဆိုင်က အားကုန်သုံးပြီး မြေပြင်မှထလိုက်သည်။ ထို့နောက် တောလမ်းကလေးအတိုင်း အကိုကွမ်ခမ်းနှင့် ဝေးရာသို့ ပြေးထွက်လာခဲ့တော့သည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။