(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက်ရေးသားတင်ဆက်ထားပါသည်)
(၁)
လမ်းထိပ်ရှိ ခွေးလေခွေးလွင့်များက သူ့ကိုမြင်သည်နှင့် ထိုးပြီးအူလိုက်ကြသည်။ အမှန်ဆိုလျှင် ခွေးများက လူစိမ်းမြင်လျှင် ဟောင်လေ့ရှိသော်လည်း အခုတော့ထူးဆန်းစွာပင် ဆွဲဆွဲငင်ငင်အူလိုက်ကြသည်။
“ဟာ ဒီခွေးတွေတော့၊ ငါလုပ်လိုက်ရ”
ကိုတင့်ငွေက လမ်းမပေါ်မှ အုတ်နီခဲအပိုင်းတစ်ခုကိုကောက်လိုက်ပြီး လမ်းပေါ်တွင်အိပ်နေကာ သူ့ကိုအူနေသည့် ခွေးများကို ကောက်ပေါက်လိုက်တော့မှ ခွေးများက ထွက်ပြေးသွားကာ ခပ်လှမ်းလှမ်းရှိ ဆိုက်ကားဂိတ်ကလေးအောက်သို့ တိုးဝင်သွားကြသည်။ လမ်းမကြီးတစ်ခုလုံးကို အုတ်နီခဲနှင့် တိုက်အိမ်ဖျက်ထားသည့် အင်္ဂတေအခဲ အပိုင်းအစများဖြင့် ခင်းကျင်းထားပြီး လမ်းတစ်ခုလုံးက ခလုပ်ကန်သင်းများနှင့် ပြည့်နှက်နေသလိုဖြစ်နေသည်။ မိုးကတစ်ပြိုက်ရွာထားသဖြင့် လမ်းမပေါ်တွင်လည်း ဗွက်အိုင်တွေက ဟိုတစ်အိုင်၊ သည်တစ်အိုင်ဖြင့် အိုင်ထွန်းနေလေသည်။
ကိုတင့်ငွေတစ်ယောက် ထိုလမ်းကြီးအတိုင်းဆက်လျှောက်လာသည်။ ထိုရပ်ကွက်က မြို့သစ်ရပ်ကွက်ဖြစ်သည်မို့ လူနေကျဲပါးလှသေးသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ခြံအလွတ်ကြီးများသာရှိသည်။ အိမ်ကလေးများကလည်း ဟိုတစ်လုံး၊ ဒီတစ်လုံး ကွက်ကြားကွက်ကြား တည်ရှိနေပြီး ထိုအိမ်ကလေးများမှာလည်း အမှောင်ကျနေလေသည်။ ကိုတင့်ငွေလက်ထဲတွင် အမဲသားဟင်းတစ်ထုပ်၊ ထမင်းတစ်ထုပ်ကို ကိုင်ထားပြီး ပုလင်းအပြည့်နီးပါးရှိနေသည့် အရက်ပုလင်းကိုတော့ ခါးကြားထိုးထားလေသည်။
“တောက်၊ လမ်းကလဲမှောင်လိုက်တာကွာ”
ကောင်းကင်တွင် မိုးရိပ်ဆင်နေသဖြင့် ပတ်ဝန်းကျင်က မှောင်အတိကျနေသည်။ ကိုတင့်ငွေဆက်လျှောက်လာရင်း ဆေးလိပ်သောက်ချင်သလိုဖြစ်လာသည်။ လမ်းအတိုင်းလျှောက်လာရင်း ရေမြောင်းကူးတံတားကလေးတစ်ခုဆီသို့ရောက်လာခဲ့သည်။ တံတားကလေးတွင် အုတ်ပေါင်ကလေးရှိသဖြင့် ထိုအုတ်ပေါင်ကလေးတွင် ခဏထိုင်လိုက်သည်။ လူက ရေချိန်ကိုက်နေပြီဖြစ်သလို လှမ်းချည်းလျှောက်လာရသဖြင့် အတော်မောဟိုက်နေပြီဖြစ်သည်။ ခါးကြားမှ ပုလင်းကိုထုတ်လိုက်ကာ တစ်ငုံခန့်ငုံလိုက်ပြီး ခဏဆက်ထိုင်နေလိုက်သည်။
(၂)
“ကျုပ်တို့ခရီးသွားတုန်း၊ ကျုပ်တို့အိမ်ကလေးကို ခဏစောင့်ပေးပါဗျာ၊ ကိုတင့်ငွေရာ”
ယောက်ဖဖြစ်သူက သူ့ကိုအကူအညီတောင်းသည်။ ကိုတင့်ငွေက မစောင့်ချင်သော်လည်း ညီမဖြစ်သူက အိမ်စောင့်ခအဖြစ် ငွေတစ်ရာပေးမည်ဟုလည်းဆိုသည်။ ကိုတင့်ငွေက အလုပ်ကြမ်းသမားဖြစ်သည်။ ယခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေလျှက်ရှိသည်။ အခုတော့ ညီမဖြစ်သူအိမ်တွင် သုံးရက်လောက် ညအိပ်ပြီး ပိုက်ဆံလည်းရမည်ဆိုတော့ ကိုတင့်ငွေလက်ခံလိုက်သည်။
အချိန်က ၁၉၈၉ ဝန်းကျင်ခန့်အချိန်ဖြစ်သဖြင့် ငွေတစ်ရာဆိုသည်မှာလည်း သိပ်မနည်းသည့်ပမာဏဖြစ်သည်။ ကိုတင့်ငွေညီမက ကံကောင်းသည်။ အစိုးရဝန်ထမ်းတစ်ဦးနှင့် အိမ်ထောင်ကျပြီး ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုတွင် အိမ်အသေးလေးဆောက်ကာ နေထိုင်ကြသည်။ သို့သော် မကြာမီ ညီမဖြစ်သူနေထိုင်သည့် ရပ်ကွက်ကလေး မီးဘေးသင့်လေသည်။ ထိုအခါ မီးဘေးသင့်ပြည်သူများကို ယခုမြို့ကွက်သစ်တွင် ပေလေးဆယ်ခြောက်ဆယ် ကျယ်သည့်အကွက်များပြန်လည်အစားထိုးပေးသည့်အတွက် ညီမဖြစ်သူတို့ ယခုမြို့သစ်သို့ ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။
သို့သော် မြို့သစ်တွင်လူမစည်ကားသေးပေ၊ လမ်းများကလည်း ဗွက်ပေါက်နေသည့်လမ်းများဖြစ်သည်။ ပိုက်ဆံမရှိသူအချို့သာ မြို့သစ်တွင် လာရောက်အခြေချသည်။ အခုလည်း ညီမတို့လင်မယားနှစ်ယောက် မြို့သစ်တွင်လာရောက်နေထိုင်ကြသည်။ သူ့ယောက်ျားဖြစ်သူ၏ ဇာတိနယ်သို့ အလည်ထွက်သွားရာ အကိုဖြစ်သူ ကိုတင့်ငွေကို အိမ်စောင့်ခိုင်းခြင်းဖြစ်သည်။ အိမ်ကလည်း လူစောင့်မရှိလို့မရပေ၊ လူနေကျဲပါးသည့် မြို့ကွက်သစ်တွင် သူခိုးသူဝှက်များ ပေါ်များသည်။ လူမရှိသည့်အိမ်များမှာ မကြာခဏဆိုသလို ဖောက်ထွင်းခံရသည်။ သူခိုးများက နေ့ခင်းအချိန်တွင် မခိုးဝံ့ကြသော်လည်း ညဖက်လူခြေတိတ်သည့်အချိန်တွင်တော့ ဆိုးသွမ်းမင်းမူနေကြလေသည်။
ကိုတင့်ငွေ အုတ်ခုံကလေးတွင်ထိုင်နေရင်း ဘေးဘီကိုကြည့်လိုက်သည်။ ရေမြောင်းကလေးဘေးနားရှိ မြေကွက်လပ်တွင်တော့ အုတ်ဂူကြီးများကိုတွေ့ရသည်။ အုတ်ဂူဆယ်လုံးခန့်ရှိမည်ထင်သည်။ ယခု မြို့ကွက်သစ်နေရာမှာ ယခင်က လူမနေသည့်ကွင်းကြီးများဖြစ်ပြီး ယခုမြင်နေရသည့် အုတ်ဂူကြိးများမှာလည်း တစ်ချိန်ကလူများ အသုံးပြုခဲ့သည့် သချိုင်းဟောင်းကြီးဖြစ်မည်ထင်သည်။
ကိုတင့်ငွေထိုင်ရင်း ပါးစပ်ချဉ်လာသည်။ ထို့ကြောင့် အကျီအိတ်ထဲမှ သောက်လက်စ ဆေးပေါ့လိပ်ကိုထုတ်လိုက်ပြီး မီးခြစ်ဆံဘူးကို ထုတ်လိုက်ရသည်။ မီးခြစ်ဆံဘူးထဲမှ မီးခြစ်ဆံတစ်ဆံကိုထုတ်လိုက်ကာ ဘူးနံဘေးရှိ ယမ်းနှင့်ပွတ်ကာ ခြစ်နေမိသည်။ သုံးလေးချက်ခန့် ပွတ်လိုက်တော့မှ မီးခြစ်ဆံက ဟုမ်းခနဲမီးတောက်လာလေရာ ဆေးလိပ်ကိုမီးခြစ်ဆံနှင့်တို့လိုက်သည်။
ဆေးလိပ်ဖွာလိုက်ပြီး ဆေးလိပ်ငွေ့များကို မိုးပေါ်သို့မှုတ်တင်ပြီးတော့မှ သူ့နံဘေးတွင်လူတစ်ဦးလာထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က အမှောင်ဖုံးနေသဖြင့် ထိုလူကို သဲသဲကွဲကွဲမမြင်ရပေ။
“လန့်လိုက်တာ၊ ငါ့လခွီး၊ မင်းဘယ်သူလဲ”
“ကျုပ်က ဟောဟိုဘက် အကွက်ကပါ”
“အေးကွာ၊ ညကလည်းမှောင်၊ လကလည်းမထွက်၊ လမ်းကလဲခပ်ကြမ်းကြမ်းနဲ့ဆိုတော့ သွားရတာ ခရီးမပေါက်ဘူးဟေ့”
ကိုတင့်ငွေက မတ်တပ်ရပ်ထလိုက်သည်။ ပုလင်းကိုယူလိုက်ကာ ခါးကြားသို့ သေသေချာချာထိုးလိုက်သည်။ ထို့နောက် ထလာစဉ် သူ့ဘေးမှ လူငယ်က သူ့အရှေ့တွင်ပိတ်ရပ်လိုက်သည်။
“ဟေ့ကောင်၊ မင်းဘာလုပ်တာလဲ”
“ကျုပ်ဗိုက်ဆာလို့ ခင်ဗျားလက်ထဲက ကိုင်လာတဲ့အမဲသားဟင်းလေး ကျွေးပါလားဗျာ”
အမဲသားကတော့ ကိုတင့်ငွေအကြိုက်ဆုံးအသားဖြစ်သည်။ ယနေ့လည်း ညီမဖြစ်သူပေးခဲ့သည့် ငွေတစ်ရာနှင့် အမဲသားဟင်းနှစ်ဆယ်ဖိုး ဝယ်စားလိုက်သည်။ တစ်ဝက်ကို ဘုံဆိုင်တွင်မြည်းပြီး ကျန်သည့်တစ်ဝက်ကို အိမ်တွင်အရက်နှင့် အေးအေးဆေးဆေးမြည်းမည်ဟုတွေးကာ သယ်လာခြင်းဖြစ်သည်။ အမဲသားတုံးကြီး လေးငါးတုံးခန့် ကျန်နေသေးသည်။
“ဟေ့ကောင်၊ ကျွေးစရာလားကွ၊ မကျွေးဘူး၊ ငါ့ရှေ့က ဖယ်စမ်းကွာ၊ လာမရှုပ်နဲ့”
ကိုတင့်ငွေက ထိုလူကိုတွန်းထုတ်လိုက်သည်။ သို့သော် လူကိုတွန်းရသည်နှင့်မတူဘဲ ဘိလပ်မြေအိတ်ခွံကိုတွန်းရသလို၊ အဝတ်စကိုတွန်းရသလို ပျော့ပျော့ကြီးဖြစ်သည်။ ထိုလူငယ်က သူတွန်းလိုက်သည့်အခါ လမ်းဘေးသို့ကျဆင်းသွားလေသည်။
ကိုတင့်ငွေဆက်လျှောက်လာခဲ့ရာ ထိုလူငယ်က သူ့အနောက်မှ ကုပ်ချောင်းချောင်းနှင့် လိုက်ပါလာသည်ကိုတွေ့ရသည်။ ကိုတင့်ငွေကတော့ လူမဟုတ်မှန်း သိပ်မရိုပ်မိသေးပေ၊ သရဲဆိုတာလည်း မကြောက်တတ်သည်မို့ ဒီထက်ပိုဆိုးလာလျှင် ထိုးကြိတ်လိုက်မည်ဟု တွေးမိသည်။
(၃)
မကြာခင်မှာပင် ညီမဖြစ်သူ၏ အိမ်ရှေ့သို့ရောက်လာသည်။ ခြံတံခါးကိုဖွင့်လိုက်ပြီး ခြံထဲသို့ဝင်ခဲ့သည့်အခါ ထိုလူငယ်က ခြံဝတွင်ရပ်ကျန်နေခဲ့သည်။ ခြံစည်းရိုးမှာ ဝါးကပ်များဖြင့်ကာရံထားခြင်းဖြစ်ပြီး ခြံအရှေ့တွင်လည်း ဘာအပင်မှမရှိဘဲ အပြောင်ရှင်းနေသည်။ အိမ်အဝင်ဝတွင်ချထားသည့် ရေအိုးထဲမှ ရေများကိုခပ်ယူကာ ခြေထောက်ဆေးလိုက်ပြီး အိမ်ပေါ်သို့တက်ခဲ့လိုက်သည်။
မှောင်မိုက်နေသဖြင့် ဖယောင်းတိုင်တစ်တိုင်ရှာဖွေပြီးထွန်းညှိလိုက်သည်။ အိမ်ထဲမှာ အနည်းငယ်လင်းသွားသည်။ တိုင်ကပ်နာရီမှ ညကိုးနာရီခွဲကို ညွှန်ပြနေလေသည်။ ကိုတင့်ငွေလည်း လက်ထဲမှ ဟင်းထုပ်၊ ထမင်းထုပ်များအား အနီးရှိစားပွဲပေါ်သို့တင်လိုက်ကာ ခါးမှအရက်ပုလင်းကိုလည်း စားပွဲပေါ်ချလိုက်သည်။ ပင်ပန်းလှသဖြင့် အိမ်ရှေ့ခန်းကြမ်းပြင်တွင်လဲချလိုက်ရာ မှေးခနဲအိပ်ပျော်သွားတော့သည်။
“နင်လား ငါ့သားကိုလုပ်တာ”
အဘွားကြီးတစ်ယောက်က သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေသည်။ အဘွားကြီး၏ မျက်တွင်းတွေက နက်မှောင်နေပြီး အတွင်းမှ မျက်လုံးဖြူဖြူ ပြူးပြူးကြီးကိုမြင်နေရသည်။ အဘွားကြီးကိုယ်တွင် အဝတ်အစားမပါဘဲ ခါးအောက်ပိုင်းတွင် ထမီအပိုင်းအစကလေးတစ်ခုကို ပတ်ထားလေသည်။ သူ့အနောက်တွင်တော့ ကောင်လေးတစ်ယောက်မတ်တပ်ရပ်နေလေသည်။ ကိုတင့်ငွေက ထိုကောင်လေးကိုအသေအချာကြည့်လိုက်ကာ
“ဘယ်သူများလဲလို့ မင်းက လမ်းမှာငါ့ကိုဟင်းတောင်းစားတဲ့ ငမဲပဲ”
ထိုကောင်လေးတစ်ကိုယ်လုံးက မီးသွေးခဲလို မဲနက်နေသည်။ မျက်လုံးဖြူဖြူကလေးသာ မှိတ်တုတ်မှိတ်တုတ်နှင့်မြင်ရသည်။ ထိုကောင်လေးက ကိုတင့်ငွေသူ့ကို ငမဲဟုခေါ်လိုက်သည့်အခါ ငိုမဲ့မဲ့ဖြစ်သွားသည်။
“တွေ့လားအမေ၊ ကျွန်တော်fhကို ငမဲတဲ့”
“ဟား၊ ဟား မင်းက မဲလို့ ငမဲလို့ခေါ်တာဘာဖြစ်သလဲကွ”
ကိုတင့်ငွေက နောက်ပြောင်နေဆဲဖြစ်သည်။ ထိုအခါ အဘွားကြီးက လက်ကိုမြှောက်လိုက်သည်။ သူ့လက်ဝါးကြီးမှာ တဖြည်းဖြည်းကြီးမားလာလေရာ ယပ်တောင်ကြီးတစ်ခုနှင့်ပင်တူနေပြန်သည်။ ထို့နောက် အဘွားကြီးက ကိုတင့်ငွေပါးကို အားနှင့်ရိုက်ထည့်လိုက်သည်။
“ဖြန်း”
ကိုတင့်ငွေ တစ်ကိုယ်လုံးထူပူသွားပြီး ဆတ်ခနဲကောက်ထလိုက်သည်။ သူအိပ်ပျော်ကာ အိပ်မက်မက်နေခြင်းဖြစ်သည်။ အိမ်တံခါးကြီးမှာ ဟောင်းလောင်းကြီးပွင့်နေပြီး လေများက တဝေါဝေါနှင့်တိုက်နေသည်။
“ဪ၊ အိပ်မက်ကလည်း ဆိုးလိုက်တာပါလား”
ကိုတင့်ငွေ အိမ်တံခါးကိုပိတ်လိုက်သည့်အချိန် ဗိုက်ကဆာလာသည်။ သို့နှင့် မီးဖိုခန်းတွင်ထိုင်လိုက်သည်။ မီးဖိုခန်းတွင် ထမင်းစားစားပွဲကလေးတစ်ခုချထားလေသည်။ ထမင်းစားပွဲပေါ်သို့ ဖယောင်းတိုင်မီးကိုချလိုက်ပြီး သူဝယ်လာသည့် ထမင်းနှင့်ဟင်းကို ပန်းကန်အတွင်းသို့ခူးထည့်လိုက်သည်။ ထို့နောက်ပုလင်းကို တစ်ငုံမော့သောက်လိုက်သည်။
မီးဖိုခန်းက လုံနေသဖြင့် အိုက်စပ်စပ်ဖြစ်လာသည်။ ထို့ကြောင့် ထမင်းစားပွဲဘေးနားရှိ ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ ထိုတော့မှ လေများက တဝေါဝေါတိုက်ခတ်လာသည်။ မိုးရွာတော့မည်မို့ မိုးသက်လေများက အနည်းငယ်ပြင်းထန်စွာတိုက်ခတ်နေလေသည်။ ခြံဘေးနားတွင်တော့ မြေကွက်လပ်ကြီးဖြစ်ပြီး ခါးလည်လောက်ရှိမည့် မြက်ပင်များက ထူထဲစွာပေါက်ရောက်နေလေသည်။ ကိုတင့်ငွေက အရက်ကိုဖန်ခွက်တစ်လုံးထဲ ငှဲ့ထည့်နေစဉ်မှာပင် သူ့ထမင်းအပေါ်သို့ ပုံထားသည့် အမဲသားတုံးတစ်တုံးမှာ ပျောက်ခြင်းမလှပျောက်သွားလေသည်။
“ဟာ၊ ငါလခွမ်း၊ ခုနက ကြည့်တော့ လေးတုံးရှိပါသေးတယ်၊ အခုသုံးတုံးပဲ ကျန်တော့တာလား”
ပြတင်းပေါက်အပြင်ကိုတစ်ချက်ကြည့်လိုက်သေးသည်။ ဘာမှမရှိပေ၊ သို့နှင့် အမဲသားတုံးတစ်တုံးကိုဖဲ့လိုက်ပြီး ထမင်းထဲမြှုပ်ကာပါးစပ်ထဲသွင်းလိုက်သည်။ ထိုစဉ်မှာပင် လက်ကြီးတစ်ဖက်က ပြတင်းပေါက်အပြင်မှဝင်လာကာ ထမင်းပေါ်သို့ပုံထားသည့် အမဲသားတုံးတစ်တုံးကို ဆွဲယူလေသည်။ ကိုတင့်ငွေက လျှင်မြန်သည်မို့ ထိုလက်ကြီးကို သူ့လက်နှင့်လှမ်းဆွဲလိုက်သည်။
“ဘယ်ခွေးသူတောင်းစား လုပ်တာလဲကွ”
ပြတင်းပေါက်အပြင်တွင် ခုနက တွေ့ခဲ့သည့် မောင်မဲက မတ်တပ်ရပ်နေသည်။ ကိုတင့်ငွေက ပြတင်းပေါက်အပြင်သို့ကြည့်လိုက်ရာ သူနှင့်မျက်နှာချင်းဆိုင်မိသွားသည်။ လက်ကြီးက မောင်မဲ၏ လက်မဲမဲကြီးဖြစ်သည်။ မောင်မဲက သူ့ကိုသွားဖြဲပြသည့်အဖြူ ဖြူဝင်းနေသည့်သွားများအပြင် အစွယ်ကြီးနှစ်ချောင်းကိုလည်း မြင်တွေ့လိုက်ရသည်။
“ဟေ့ကောင်ငမဲ၊ မင်းကိုမကျွေးဘူးကွ”
“မင်းမကျွေးရင် ငါလုစားမယ်”
ငမဲက ပြတင်းပေါက်မှ အတင်းကုန်တက်လာသည်။ ငမဲကိုယ်လုံးတွင် အမွှေးနက်ကြီးများပေါက်နေပြီး တစ်ကိုယ်လုံးကြမ်းရှရှ အထိအတွေ့ကိုခံစားရသည်။ ကိုတင့်ငွေကို ငမဲက ဆောင့်တွန်းလိုက်ရာ ကိုတင့်ငွေမှာ ထိုင်ခုံပေါ်မှပြုတ်ကျပြီး ကြမ်းပြင်တွင်လဲကျသွားသည်။ ငမဲက ထမင်းစားပွဲခုံပေါ်တွင် ဆောင့်ကြောင့်ကြီးထိုင်လျှက် ထမင်းများနှင့် အမဲသားများကို သူ့ပါးစပ်အတွင်းသို့ အငမ်းမရထိုးထည့်နေလေသည်။
“ဟေ့ကောင်၊ အဲဒါ ငါ့ဟင်းတွေကွ”
ကိုတင့်ငွေမတ်တပ်ထလိုက်တော့ ပန်းကန်ထဲတွင် ထမင်းဟင်းများ တစ်စက်မှပင်မရှိတော့ပေ၊ ကိုတင့်ငွေဒေါသထွက်သွားပြီး ငမဲနှင့် နပမ်းထလုံးတော့သည်။ မီးဖိုချောင်အတွင်း ပန်းကန်များပြုတ်ကျသံ၊ ပုလင်းများပြုတ်ကျသံနှင့် ဆူညံနေလေသည်။ နောက်တော့ ငမဲက ပြတင်းပေါက်မှ ပြန်ခုန်ဆင်းပြေးသည်။ ကိုတင့်ငွေလည်း ပြတင်းပေါက်မှခုန်ဆင်းလိုက်သည်။ ပုဆိုးကျွတ်ကျသွားသော်လည်း ဘောင်းဘီကျန်သေးသဖြင့် ငမဲအနောက်သို့ဆက်လိုက်သည်။ ငမဲက လမ်းအတိုင်းပြေးလေရာ ကိုတင့်ငွေမှာ ငမဲအနောက်သို့ဒေါသတကြီးပြေးလိုက်လေသည်။
တံတားကလေးအနားရောက်သည့်အခါ ငမဲကိုမိသွားသည်။ ကိုတင့်ငွေက ခုန်အုပ်လိုက်ပြီး ငမဲအားလှိမ့်ကာ ထိုးတော့သည်။ ထိုအခါ သူ့ကျောကုန်းကို ဗြန်းခနဲလက်ဖြင့်တစ်ချက်ရိုက်ခံလိုက်ရပြီး ကိုတင့်ငွေအတော်နာကျင်သွားသည်။ သူ့ကိုရိုက်သည့်သူအား ထကြည့်ရာ အဘွားကြီးဖြစ်နေလေသည်။
“နင်ငါ့သားကိုလုပ်တယ်ပေါ့၊ နင့်ကိုငါလုပ်မယ်”
အဘွားကြီးဆီသို့ ကိုတင့်ငွေ ခုန်ကာ အုပ်လိုက်သော်လည်း အဘွားကြီးက သူ့လက်ကြီးဖြင့် ကိုတင့်ငွေမျက်နှာကို ဆီးရိုက်ထည့်လိုက်သည်။ ထိုရိုက်ချက်ကိုမိသွားသည့် ကိုတင့်ငွေမှာ ခေါင်းများမူးဝေလာပြီးနောက် မေ့လဲကျသွားတော့သည်။
(၄)
“ဟေ့လူ၊ ထတော့၊ ထတော့ဗျ”
လူအများခေါ်သံကြားသဖြင့် ကိုတင့်ငွေမျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ လူတွေက သူ့ကိုအုံခဲပြီးကြည့်နေသည်။ မနက်မိုးလင်းနေပြီဖြစ်ပြီး ညကတိတ်ဆိတ်နေသည့် လမ်းမကြီးမှာ လမ်းသွားလမ်းလာများ၊ ဈေးသည်များ၊ ဆိုက်ကားများဖြင့် စည်ကားနေပြီဖြစ်သည်။
“ငမဲ၊ ငမဲ ဒီကောင်ဘယ်ရောက်သွားလဲ”
ကိုတင့်ငွေကုန်းထလိုက်တော့ သူက အုတ်ခုံကလေးအနီးတွင်လဲကျနေခြင်းဖြစ်သည်။ သူ့အနားရှိလူများက ရယ်ကျဲကျဲလုပ်နေသည်။
“ခင်ဗျား ငမဲတို့သားအမိနဲ့တွေ့ခဲ့ပြီထင်တယ်”
ကိုတင့်ငွေ ခေါင်းညိတ်လိုက်သည်။
“ငမဲတို့ သားအမိက ဟောဟိုက သစ်ပင်ကြီးမှာနေတယ်လေ”
ထိုလူလက်ညှိုးထိုးရာကိုကြည့်လိုက်သည့်အခါ ကြီးမားလှသည့် မယ်ဇလီပင်ကြီးကိုတွေ့လိုက်ရပြီး မယ်ဇလီပင်အနားတွင်လည်း အုတ်ဂူဟောင်းဆယ်လုံးခန့်က အစီအရီရှိနေကြသည်။
“ငမဲဆိုတဲ့ တစ်ကိုယ်လုံးအမဲနဲ့ကောင်က ညအချိန်မတော် ဒီလမ်းကနေဖြတ်သွားတဲ့သူတွေကို နှောင့်ယှက်နေတဲ့ကောင်ဗျ၊ ခင်ဗျားမသေတာ ကံကောင်းတာပဲဗျာ”
ကိုတင့်ငွေကတော့ ကြောင်စီစီနှင့် မတ်တပ်ရပ်လိုက်ပြီး ညီမဖြစ်သူအိမ်သို့အမြန်ပြန်လာခဲ့သည်။
ညရောက်ပြီ။
ကိုတင့်ငွေ ကားပေါ်မှဆင်းလိုက်တော့ မြို့သစ်ကားဂိတ်တွင် လူတစ်ယောက်မှမရှိတော့ပေ၊ မြို့သစ်အဝင်လမ်းကြီးက လရောင်အောက်တွင်ဖြူးနေလေသည်။ ကိုတင့်ငွေက ဒီညတော့ အရက်အတော်မူးနေသည်။ လက်ထဲတွင်လည်း အမဲသားဟင်းနှင့် ထမင်းထုပ်ကို ကိုင်ထားပြန်သည်။
သူ့ကိုဟောင်သည့် ခွေးများကိုခြောက်လှန့်မောင်းထုတ်လိုက်ပြီး လမ်းဆက်လျှောက်လာခဲ့သည်။ မကြာခင် တံတားကလေးအနားသို့ရောက်လာသည်။ အုတ်ပေါင်ပေါ်တွင် လူရှင်းနေသဖြင့် ကိုတင့်ငွေက ထိုင်ချလိုက်သည်။ ခါးကြားရှိပုလင်းထဲမှ အရက်ကို တစ်ကျိုက်မော့သောက်လိုက်ပြန်သည်။
ထိုအခါ မယ်ဇလီပင်ကြီးမှာ လေမတိုက်ဘဲ ရှဲခနဲတုန်ခါသွားပြီး အပင်ပေါ်မှ ငမဲက ပင့်ကူကြီးတစ်ကောင်ကဲ့သို့ ဇောက်ထိုးကြီးဆင်းလာလေသည်။ ထို့နောက် ကိုတင့်ငွေနံဘေးတွင် ဝင်ထိုင်လိုက်သည်။ ကိုတင့်ငွေက မတ်တပ်ရပ်လိုက်ပြီး ပုဆိုးကိုချွတ်လိုက်ကာ သူ့ပုခုံးတွင် ကွင်းသိုင်းလိုက်သည်။
“ကျုပ်ဗိုက်ဆာတယ်၊ ကျုပ်ကိုအမဲသားဟင်းကျွေးစမ်းပါဗျာ”
ကိုတင့်ငွေက ဘာမှမပြောတော့ဘဲ ငမဲ၏ မျက်နှာအား လက်သီးနှင့်အားကုန်ထိုးချလိုက်သည်။
(ကိုတင့်ငွေနှင့် ငမဲမှာသုံးညတိုင်တိုင် ထိုးနှက်သတ်ပုတ်တတ်ကြသည်၊ သုံးရက်လွန်သောအခါ ညီမဖြစ်သူ ခရီးမှပြန်လာသဖြင့် ကိုတင့်ငွေ မြို့သစ်ကလေးဘက်သို့ ခြေဦးမလှည့်ဖြစ်တော့ပေ၊ သို့သော် တစ်ယောက်စကားတစ်ယောက်နားနှင့် သရဲငမဲနှင့် ထိုးကြိတ်ခဲ့သည့် ကိုတင့်ငွေအကြောင်းကို ထိုမြို့သစ်ကလေးတွင် ပါးစပ်ရာဇဝင်တစ်ခုအဖြစ်ပြောဆိုနေကြသည်။ ယခုတော့ အုတ်ဂူကြီးများရော၊ မယ်ဇလီပင်ကြီးရော မရှိတော့ပေ၊ သို့သော် လမိုက်လကွယ်ညမျိုးတွင် ရေမြောင်းကူးတံတား အုတ်ပေါင်ကလေးပေါ်တွင် ထိုင်နေတတ်သည့် ငမဲကို ရပ်ကွက်မှလူများက မြင်တွေ့နေတတ်ကြသေးသည်)
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်