ဘသော်လဲ သုံးရက်ခန့်အကြာတွင် စားစရာ အသားမရှိတော့ပေ။ ကလီစာများပါ ငထွားကို ချက်ကျွေးရသေးသည်။ ငထွားကလဲ နောက်ပိုင်းအစားကျူးလာသည်မို့ လူသားများအကုန်မြန်လာသည်။ မောင်စိန်လဲ ကြံရပြန်သည်။ ဒီတစ်ခေါက် မြို့ကိုဆင်းကြတော့ မောင်စိန်လဲ လိုက်ပါလာသည်။ သူ့ဝေစု ပစ္စည်းများကို ထုခွဲရောင်းချရသည်။ ထို့နောက် မောင်စိန်သည် ဈေးထဲဝင်ကာ ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။
ထို့နောက် ဗမာဆေးဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဝမ်းနှုတ်ဆေးများကို ဝယ်ယူလိုက်လေသည်။ ပြီးတော့ ဓါးပြများနှင့်အတူ ပြန်လာခဲ့ကြသည်။ စခန်းပြန်ရောက်တော့ ထမင်းချက်ဖို့အရေး ပြင်ဆင်ရသည်။ ဘသော်အသားများ အနည်းငယ်သာရှိတော့သည်။ မကြာမီ ဖိုးကျော်က ထမင်းချက်သည့်တဲထဲသို့ ဝင်လာလေသည်။ မောင်စိန်လဲ သူရခဲ့သည့်ငွေများကို ဖိုးကျော်ဆီသို့ပေးလိုက်ရလေသည်။ ဖိုးကျော်က ငွေတွေကိုရေတွက်ရင်း ပြုံးနေလေသည်။
ထိုနေ့မနက်ထမင်းစားပြီးတော့ ဖိုးကျော်ကို မောင်စိန်က လက်ယက်ခေါ်လိုက်လေသည်။ ဖိုးကျော်ကလဲ ထမင်းချက်သည့်တဲထဲသို့ ပြေးလာလေသည်။ မောင်စိန်သည် ဈေးမှ ဝက်သားအနည်းငယ်ဝယ်လာသဖြင့် ဝက်သားဟင်းကို မဆလာနိုင်နိုင်နှင့် ချက်ထားလေသည်။
“ရော့ ဖိုးကျော် မင်းစားဖို့”
မောင်စိန်က ဝက်သားဟင်းတွေ ဖိုးကျော်ကို မြေအိုးအဖုံးထဲ ထည့်ပြီးပေးလိုက်လေသည်။
“ဟာ ဝက်သားဟင်းတွေပါလား၊ နိပ်တာပဲ”
“အေး မင်းနဲ့ငါက ရှေ့လျှောက်လက်တွဲရမှာဆိုတော့ မင်းကိုသီးသန့်ကျွေးတာ တစ်ခြားလူတွေကို မပြောနဲ့နော်”
မောင်စိန်က ဖိုးကျော်ကို တိတ်တဆိတ်မှာရသည်။
ထို့နောက်ဖိုးကျော်က ဝက်သားဟင်းများကို အငမ်းမရစားလေသည်။ သူတို့စခန်းတွင် များသောအားဖြင့် ချဉ်ရည်ဟင်းနှင့် ငါးခြောက်များသာ စားရလေသည်။ အသားဆိုသည်မှာလဲ အမဲလိုက်၍ တောကောင်ကြီးများရမှ စားရလေသည်။ ဖိုးကျော်လဲ ငတ်ငတ်နှင့် ဝက်သားဟင်းများကို ထမင်းအနည်းငယ်နှင့်လူးပြီး ပြောင်စင်အောင်စားလိုက်လေသည်။ မောင်စိန်ကတော့ ဖိုးကျော်အားရပါးရစားသောက်နေသည်ကို ထိုင်ကြည့်ရင်း ပြုံးနေလေသည်။ မောင်စိန်က ဝမ်းနှုတ်ဆေးများ အလွန်အကျွံ့ထည့်ပြီး ကျွေးမှန်းကို ဖိုးကျော်မရိပ်မိချေ။
ညနေရောက်တော့ ဇတ်လမ်းစလာပြီ။ ဖိုးကျော်မှာ အိမ်သာခဏခဏတက်နေရသည်။ တောထဲတွင်မို့ အိမ်သာဟူ၍ သတ်သတ်မှတ်မှတ်မရှိ။ နီးစပ်ရာ တောစပ်တွင် ထိုင်၍ ကိစ္စပြီးရလေသည်။ ဖိုးကျော်မှာ တစ်နာရီအတွင်း ဆယ့်ငါးခါလောက် သွားလိုက်သောအခါ လူက ဖြူဖတ်နေပြီ၊ မျက်နှာမှာသွေးမရှိတော့။ ထိုညတွင်ပင် ဖိုးကျော်သေဆုံးလေသည်။ ဓါးပြများက အလွန်စိတ်မကောင်းဖြစ်ကြသည်။ သူတို့ ဓါးပြအဖွဲ့လဲ တစ်ယောက်ပြီးတစ်ယောက် နည်းအမျိုးမျိုးဖြင့် သေဆုံးနေကြသဖြင့် ဓါးပြများ ကြောက်ရွံ့လာကြသည်။
ဖိုးကျော်ကို တောထဲသယ်သွားပြီး မြေပြန့်သော တစ်နေရာတွင် မြှုပ်နှံပေးလိုက်ကြသည်။ သစ်ကိုင်းများဖြင့် မှတ်တိုင်လေးတစ်ခုရိုက်ပေးလိုက်ကြသည်။ ဖိုးကျော်၏ ပိုင်ဆိုင်သော ဝေစုများကိုတော့ ငထွားက သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ဓါးပြများကို ပြန်ပြီးခွဲဝေပေးလိုက်လေသည်။
နောက်တစ်နေ့ရောက်တော့ မောင်စိန်က တောထဲတစ်ယောက်ထဲဝင်ပြီး ဖိုးကျော်အလောင်းကို သွားတူးကာ တောင်ပို့ခြေရင်းတွင် မြုပ်နှံလိုက်လေသည်။
“အင်း ဒီတစ်ယောက်လဲ အနည်းဆုံးခံလှ သုံးရက်ပေါ့” မောင်စိန်က ညည်းတွားလိုက်လေသည်။
နောက်တစ်နေ့ ထမင်းစားချိန်ရောက်တော့ မောင်စိန်က ထုံးစံအတိုင်း ငထွားတဲထဲဝင်ခဲ့သည်။ ငထွားမျက်နှာမှာ တင်းမာနေသည်။ ခြောက်လုံးပြုးသေနတ်ကိုလဲ အနားတွင် ချထားလေသည်။ မောင်စိန်ကလဲ ကုပ်ကုပ်ကလေးဖြစ်သွားပြီး ဒေါင်းလန်းလေးကို ငထွားရှေ့ချပေးလိုက်လေသည်။
“ဒါ ဖိုးကျော်ရဲ့ အသားလား”
ငထွားကပြောလိုက်လေသည်။ မောင်စိန်မှာ အလွန်တုန်လှုပ်သွားလေသည်။
“ဗိုလ် . . . ဗိုလ်ကြီး ဘယ်လိုပြော. . .”
မောင်စိန်က စကားတွေ မထွက်တော့။ ငထွားက အနားမှ သေနတ်ကိုယူလိုက်ပြီး မောင်စိန်ကို ချိန်လိုက်လေသည်။
“မင်း လူသားတွေချက်နေတယ်လို့ ဘသော်က စာရေးထားတာ ဖိုးကျော်က ငါ့ကိုပြခဲ့ပြီးတာကြာပြီ”
ငထွားကပြောလိုက်သည်။ မောင်စိန်ဒူးတွေတုန်သွားသည်။ သူသေချာပြန်စဉ်းစားကြည့်တော့ ဖိုးကျော်က ထမင်းစားပြီး သူပြန်ထွက်လာမှ ဗိုလ်ကြီးရဲ့တဲထဲဝင်ဖို့လုပ်တာ တခြားလုပ်တာမဟုတ် သူမြင်အောင် တမင်သက်သက်လုပ်ချင်းဖြစ်သည်။ သူ့ဆီက ငွေညှစ်မယ်လို့ ကြိုပြီးကြံစည်ထားသောကြောင့်ဖြစ်သည်။
“ဗိုလ် . . ဗိုလ်ကြီးရယ် ကျွန်တော့်ကို မသတ်ပါနဲ့”
မောင်စိန်ကပြောရင်း လက်အုပ်ချီလိုက်သည်။ ငထွားက သေနတ်ကို ပြန်ချလိုက်သည်။
“မင်းကိုလဲ ငါသတ်ဖို့ စိတ်ကူးမရှိပါဘူး၊ မင်းကိုသတ်လိုက်တော့ ငါ့ကိုဘယ်သူချက်ကျွေးတော့မှာလဲ”
ငထွားကပြောလိုက်ရင်း အသားဟင်းဖတ်ကို ကောက်ဝါးလိုက်သည်။
“ဒါ . . .ဒါ ဆို ဗိုလ်ကြီးက”
“မင်းက ဟင်းချက်ဖို့သာ တာဝန်ယူ၊ အသားရဖို့ ငါတာဝန်ယူတယ်” ငထွားကပြောလိုက်လေသည်။
မောင်စိန်လဲ ဒီတော့မှ သက်ပြင်းချနိုင်လေသည်။
“ဒါပေမယ့် မင်းအရင်ကထက် များများပိုချက်ကွာ၊ ငါစားရတာမဝဘူး” ငထွားကပြောလိုက်သည်။ မောင်စိန်ကလဲ ခေါင်းညိတ်လိုက်လေသည်။
သူတို့ပြောနေသည်ကို တဲနံရံနားတွင် ကပ်ပြီးနားထောင်နေသူတစ်ဦးရှိနေသည်ကိုတော့ သူတို့သတိမထားမိကြပါ။
ဖိုးကျော်၏ အလောင်းမှာ နှစ်ရက်ဖြင့်ပင် ကုန်သွားလေသည်။ ယခုတော့ နံရိုးများ၊ အရိုးများကိုပါ စွပ်ပြုတ်လုပ်ပြီး ချက်ပေးရလေသည်။ ငထွားမှာလဲ တဖြည်းဖြည်း လူနှင့်မတူတော့ပဲ ဘီလူးကြီးနှင့်တူလာလေသည်။ အထူးသဖြင့် လူသားဟင်းများ စားသုံးသည့်အခါ အငမ်းမရစားသောက်တတ်သည်။
“ဗိုလ်ကြီး အသားက ကုန်ပြီ။ နက်ဖြန်စားစရာမရှိတော့ဘူး” မောင်စိန်ကပြောလိုက်သည်။ ငထွားက လက်ဖျံရိုးကြီးကို စုပ်နေလေသည်။
“ရတယ် မပူနဲ့ ငါစီစဉ်ပေးမယ်” ငထွားကပြောဆိုလိုက်ပြီး စားမြဲအတိုင်းဆက်စားနေလေသည်။
နောက်တစ်နေ့မိုးသောက်ပြီ။
ဗိုလ်ကြီးက ဓါးပြတွေအားလုံးကို မြေကွက်လပ်တွင် စုခိုင်းထားလိုက်ကြသည်။ ထို့နောက်
“ညက ငါ့ရဲ့ ရတနာထုပ်ပျောက်သွားတယ် မင်းတို့ထဲက ဘယ်ကောင်ယူသွားလဲကွ”
ငထွားက သေနတ်တကားကားဖြင့်ပြောလိုက်သည်။ ထို့နောက် စီစဉ်ထားသည့်အတိုင်း ဓါးပြများအိပ်သည့် တဲအိမ်အတွင်းဝင်ရှာလေသည်။ ဖိုးစီ ဆိုသော ဓါးပြတစ်ယောက်၏ အဝတ်ထုတ်ထဲတွင် ရတနာထုပ်ကိုတွေ့လေသည်။
“ကျွန် . . ကျွန်တော်မယူပါဘူးဗျာ” ဖိုးစီက ငြင်းလေသည်။
“ဒီမယ် ဖိုးစီ၊ ငါတို့က ဓါးပြတွေ၊ တစ်လှေထဲစီး တစ်ခရီးထဲသွားနေကြတဲ့သူတွေ အချင်းချင်း မင်းဒီလိုမလုပ်သင့်ဘူး၊ မင်းကိုငါခွင့်မလွှတ်ဘူး” ငထွားက ဒေါနှင့်မောနှင့် ပြောလိုက်ပြီး ဖိုးစီ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်လိုက်လေသည်။
“ဒိုင်း” ဖိုးစီခေါင်းမှာပေါက်သွားပြီး ဦးနှောက်များမှာ မြေပေါ်တွင် ပြန့်ကျဲနေလေသည်။ ခန္ဓာကိုယ်က ချက်ခြင်းမသေသေးပဲ လက်လှုပ်ခြေလှုပ်ဖြင့် အကြောဆွဲနေလေသည်။
“ဒီအချိန်က စပြီး ငါသတိပေးလိုက်မယ်၊ တို့အဖွဲ့သားတွေ အချင်းချင်း ခိုးတာဝှက်တာ၊ လုတာယက်တာလုပ်ရင် အဲ့ဒီလူကို ငါသတ်ပစ်မယ်” ငထွားက ပြောဆိုကာ ရတနာထုပ်ကို ကောက်ပြီးနောက် တဲထဲဝင်သွားပါတော့သည်။
ဓါးပြတွေလဲ တစ်ယောက်တစ်ခွန်း တီးတိုးပြောနေကြသည်။ ဖိုးစီ၏ အလောင်းကိုတော့ ဖိုးကျော်မြှုပ်ခဲ့သော နေရာဘေးတွင် မြှုပ်နှံပေးလိုက်ကြပါတော့သည်။
ထိုနေ့နေ့လည်တွင် မောင်စိန်နှင့် ဗိုလ်ကြီးသည် တောထဲအတူဝင်ခဲ့ကြလေသည်။ ပြီးနောက် သူတို့နှစ်ဦးသည် ဖိုးစီအလောင်းကို ပြန်ဖော်လိုက်ကြလေသည်။ ပြီးတော့ မြေကြီးတွေကို ဟန်မပျက် ပြန်ဖုံးခဲ့ကြလေသည်။ အလောင်းကို တောင်ပို့ကြီးဆီသယ်လာလေသည်။ တောင်ပို့အောက်ခြေတွင် အခြားသူများ၏ အရိုးများက ပုံနေလေသည်။ မောင်စိန်က ဖိုးစီအလောင်းကိုချပြီး လှီးဖြတ်ရန်ပြင်လိုက်လေသည်။
“မောင်စိန် ငါမစောင့်နိုင်တော့ဘူးကွာ မီးမွှေးလိုက်စမ်း”
ငထွားက ပြောလိုက်လေသည်။ မောင်စိန်လဲ မီးပုံတစ်ခုကို အမြန်ဖိုပေးလိုက်ရသည်။
“မောင်စိန် မင်းက အသားနွှာပေးကွာ ငါမီးကင်ပြီးစားမယ်”
ငထွားကပြောရင်း ဝါးတစ်လုံးကို ခုတ်ကာ အချောင်းကလေးအဖြစ်ခွဲနေလေသည်။ မောင်စိန်ကလဲ ဖိုးစီ၏ ပေါင်သားများ၊ ခြေသလုံးသားများကို လှီးဖြတ်ပေးလေသည်။ ငထွားက တုတ်ချောင်းများဖြင့်ထိုးကာ မီးပုံတွင် မီးကင်နေသည်။ လူသားနံ့က မွှေးပျံ့နေလေသည်။ ငထွားသည် ကင်ထားသည့် အသားများကို ပူပူလောင်လောင်ကြီးပင် တဖူးဖူးမှုတ်ကာ စားသောက်တော့သည်။ ငထွားစားသည်မှာ မြန်သည်။ မောင်စိန်က လှီးဖြတ်နေရသည်မှာ ကြာနေလေသည်။
“မောင်စိန်ရာ ကြာလိုက်တာ ပေးငါ့ကို အဲ့ဒီလက်ကြီးပေးစမ်း”
ငထွားကပြောလိုက်သည်။ မောင်စိန်က ဖိုးစီ၏ ညာဖက်လက်ကို တံတောင်ဆစ်မှ ဖြတ်လိုက်သည်။ ပြီးနောက် ငထွားကိုပေးလိုက်သည်။ ငထွားက လက်ကြီးကို လက်ချောင်းများမှကိုင်၍ မီးပုံတွင်မီးပြနေသည်။ အသားပါးပါးမဟုတ်သဖြင့် တော်ရုံတန်ရုံနှင့် မကျက်ပေ။ ငထွားမှာ စိတ်မရှည်တော့။ လူလက် မကျက်တကျက်ကြီးကိုပင် ကိုက်စားလေတော့သည်။ မောင်စိန်မှာ အလွန်ကြောက်နေလေသည်။ ငထွားစားဖို့ အလျဉ်မီစေရန် အသားများကို ဖြတ်တောက်လိုက်လေသည်။
စားသောက်ပြီးနောက် စခန်းသို့ပြန်ခဲ့ကြသည်။ ဖိုးစီအလောင်းမှာလဲ အသားနေရာတော်တော်များများကုန် လေသည်။ မောင်စိန်လဲ သက်ပြင်းချလိုက်သည်။ ညနေဘက်ကျတော့ ငထွားကတောထဲကို တစ်ယောက်ထဲ ဝင်သွားတာတွေ့လိုက်သည်။ ဖိုးစီအလောင်းကို သွားဖော်စားခြင်းဖြစ်မည်။ မောင်စိန်က လိုက်မသွားဝံ့တော့။ အသားမလောက်၍ သူ့ကိုပါ ဖမ်းပြီး စားနေလျှင် ဒုက္ခရောက်မည်။
ထိုညက မောင်စိန်တော်တော်နှင့် အိပ်မပျော်၊ ဘယ်နေ့သူ့အလှည့်ရောက်မလဲပဲတွေးနေရသည်။ အိပ်ပျော်ပြန်တော့လဲ အိပ်မက်ဆိုးများမက်လေသည်။ အိပ်မက်ထဲတွင် ငထွားက ဆံပင်ဖားလျားဖြင့် အစွယ်ကြီးများက ထွက်နေသည်။ ထို့နောက် မောင်စိန်ကို အစိမ်းလိုက်ပင် ကိုက်ဖြတ်စားသောက်ပါတော့သည်။
“အောင်မယ်လေး”
မောင်စိန်လန့်နိုးသွားသည်။ အာရုဏ်တောင် တက်တော့မည်။ မောင်စိန်ဆက်မအိပ်ရဲတော့၊ မကြာမီ မနက်မိုးလင်းတော့သည်။ မနက်ရောက်တော့ ငထွားက မောင်စိန်ကိုခေါ်သည်။
“မောင်စိန် လာကွာ တို့တောထဲသွားရအောင်”
“တခြားသူတွေကော မခေါ်တော့ဘူးလား ဗိုလ်ကြီး” မောင်စိန်က မေးလိုက်လေသည်။
“မခေါ်တော့ဘူးကွာ မင်းနဲ့ငါ နှစ်ယောက်ထဲသွားကြမယ်”
“ဟို ဟို ဘာကိစ္စလဲ ဗိုလ်ကြီး”
“အသားရအောင်လုပ်ဖို့ နည်းလမ်းလေး မင်းနဲ့ငါ တိုင်ပင်ချင်လို့”
ငထွားကပြောလိုက်သည်။ မောင်စိန်က တံထွေးမျိုချလိုက်သည်။ သူ့နဖူးတွင်တော့ ချွေးစေးများ ပြန်လာလေသည်။
တောထဲမသွားခင် မောင်စိန်က သူ့ဝေစုထဲမှ လက်ဝတ်လက်စားများကို ဝတ်ဆင်လိုက်သည်။ မြနှင့်ပြုလုပ်ထားသော ရွှေလက်စွပ်တစ်ကွင်းနှင့် ပတ္တမြားနှင့် ရွှေကွပ်ထားသော လက်စွပ်ကို ဝတ်လိုက်သည်။ ခါးပုံစအတွင်းတော့ ပိုက်ဆံငွေစက္ကူများကို ထည့်လိုက်သည်။ ထို့နောက် တောထဲသို့ ငထွားနှင့်အတူလိုက်ပါလာလေသည်။
တောထဲသွားကြတော့ မောင်စိန်က အရှေ့ကနေမသွားရဲ၊ ငထွားကို ရှေ့ကနေသွားခိုင်းပြီး သူက နောက်ကနေ ကုပ်ချောင်းကုပ်ချောင်းဖြင့်လိုက်ခဲ့လေသည်။ ငထွားခါးတွင် ချိတ်ထားသော ခြောက်လုံးပြုးသေနတ်ကလဲ လမ်းသွားတိုင်း လှုပ်နေပြီး သူ့ကို နှုတ်ဆက်သလိုဖြစ်နေသည်။ ထို့နောက် ခါးဘယ်ဖက်တွင် ချိတ်ထားသော ဓါးမြှောင်ကလဲ မောင်စိန်ကို ပြုံးပြနေသလို ခံစားရသည်။ တောထဲသွားရင်း တောင်ကျချောင်းလေးနှင့် ရေတံခွန်နေရာလေးကို ရောက်လာလေသည်။ ထိုနေရာလေးမှာ သူဘသော်ကို သတ်ခဲ့သည့် နေရာဖြစ်သည်။
စမ်းချောင်းနှင့် ရေတံခွန်ရေကျသံတွေက ဆူညံနေသည်။ မောင်စိန်ကလဲ ကြောက်ဒူးတွေတုန်လာလေသည်။ ငထွားက စမ်းချောင်းဘေးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် မောင်စိန်ကို လှည့်ကြည့်လိုက်သည်။ မောင်စိန်ကလဲ ငထွားကို အကဲခတ်လိုက်သည်။ ငထွားသည် ရုတ်တရက် သူ့ခါးက ခြောက်လုံးပြုးကို လက်ကိုလှမ်းလိုက်သည်။ မောင်စိန်လဲ တွေဝေမနေတော့၊ ဘာလုပ်ရမည်ဆိုသည်ကို သူသိလိုက်သည်။ ထို့ကြောင့် ဘေးနားရှိ စမ်းချောင်းလေးထဲကို ခုန်ဆင်းလိုက်သည်။ မောင်စိန်ရေအောက်ကို ဗွမ်းကနဲ ကျသွားလေသည်။
မောင်စိန် ရေအောက်က ပြန်ပေါ်လာတော့ သေနတ်သံ သုံးလေးချက်ကိုကြားလိုက်ရသည်။ ချောင်းကမ်းစပ် အတော်ဝေးဝေးတွင် ငထွားက သေနတ်ကိုင်ပြီးရပ်နေလေသည်။ ချောင်းကလေးက တောင်ကျချောင်းကလေးမို့ ရေစီးသန်လှသည်။ ထို့နောက် မကြာမီတွင် ရေတံခွန်လေးအောက်သို့ မောင်စိန်ပြုတ်ကျသွားလေတော့သည်။ ရေတံခွန်လေးမှာ သိပ်မမြင့်ပါ။ တောင်ကျချောင်းဖြစ်သည့်အတွက် သစ်မြစ်များ၊ ဝါးများနှင့် ချောင်းတစ်လျှောက် မောင်စိန် တိုက်သွားလေသည်။ မောင်စိန်တစ်ကိုယ်လုံး စုတ်ပြတ်နေသည်။ သွေးတွေကလဲ ထွက်နေသည်။ စမ်းချောင်းကလေးက ဆက်လက်စီးဆင်းသွားပြီး အရှိန်နည်းသွားလေသည်။ ထိုနေရာမှာတောစပ် ဖြစ်ပြီး မလှမ်းမကမ်းတွင် ရွာလေးတစ်ရွာကို တွေ့လိုက်ရလေသည်။
မောင်စိန်က လူးလဲထလိုက်ပြီး ရွာဆီသို့ပြေးသွားလေသည်။ အကျီများမှာ စုတ်ပြဲနေသည်။ ရွာရောက်တော့ မောင်စိန်က ခါးပုံစထဲမှ ငွေစက္ကူများဖြင့် အဝတ်အစား ဖိနပ်နှင့် စားစရာများ ဝယ်လိုက်လေသည်။ ငွေစက္ကူများမှာ ရေတွေစိုနေသော်လဲ မပြဲသေးပေ။ မောင်စိန်က ရွာမှ ထမင်းခြောက်များ၊ ပဲလှော်များနှင့် အဝတ်အစားတစ်ချို့ကို ဝယ်ယူလိုက်ပြီး ပုဆိုးတစ်ခုအတွင်းထည့်ကာ ကျောတွင်ချည်လိုက်သည်။ ထို့နောက် ထိုရွာကလေးမှ ပြေးထွက်လာခဲ့လေသည်။
မောင်စိန်ကပြေးရင်း ရွာနှင့်အတော်ဝေးဝေးကို ရောက်နေပြီဖြစ်သည်။ ရွာကိုလှမ်းကြည့်တော့ ရွာနှင့်ခပ်လှမ်းလှမ်းတွေ မြင်းအုပ်တွေ ဒုန်းစိုင်းပြီးပြေးနေသည်ကိုမြင်လိုက်ရသည်။ သေချာပြီ၊ ဓါးပြတွေ သူ့ကိုလိုက်ဖမ်းကြခြင်းဖြစ်မည်။ မောင်စိန်က ဆက်မပြေးတော့ပဲ ဖုန်လမ်းဘေးရှိ ခြုံပုတ်အသေးလေးတစ်ခုထဲသို့ လှဲအိပ်ချလိုက်သည်။ ထိုနေရာတစ်ဝိုက်မှာ ကွင်းပြင်ကြီးဖြစ်သဖြင့် မောင်စိန်ဆက်ပြေးနေပါက သူ့ကို အထင်းသားမြင်ရမည်ဖြစ်သည်။ ထို့ကြောင့်လမ်းဘေးချုံပုတ်လေးတွေထဲတွင် ဝပ်နေလိုက်သည်။
ချုံပုတ်ကလေးတွေမှာ လူကြီးဒူးဆစ် သာသာမြင့်သည်။ သို့သော် အချို့နေရာများတွင်အလွန်ထူထပ်လေသည်။ မကြာခင် မြင်းတွေ ဒုန်းစိုင်းပြီး ရောက်လာကြသည်။ မောင်စိန်ကလဲ ချုံပုတ်များအတွင်း ပြားနေအောင်ဝပ်ထားလိုက်သည်။ ဓါးပြတွေ ကျော်လွန်သွားတာတောင် မထရဲသေးပေ။ ချုံပုတ်များ အကာအကွယ်ယူကာ တွားသွားနေရသည်။ ဓါးပြတွေလဲ ခေါက်တုန့်ခေါက်ပြန် ထိုနေရာကို ရှာနေကြသည်။ မောင်စိန်လဲ ထိုညအဖို့ ထိုချုံပုတ်များအတွင်းတွင် ဝပ်ပြီးဖြတ်သန်းလိုက်ရသည်။
နောက်နေ့တွင် ဓါးပြများ လာမလားလို့ စောင့်ကြည့်သေးသည်၊ သို့ရာတွင် ဓါးပြများမလာတော့။ ထိုတော့မှ မောင်စိန်လဲထပြီးပြေးရတော့သည်။ ထမင်းခြောက်များနှင့် ပဲလှော်များကိုသာ စားပြီးပြေးရလေသည်။ မောင်စိန်က ပျဉ်းမနားရောက်တော့ ရထားစီးပြီး အောက်ပြည်အောက်ရွာသို့ အခြေချရန် အပြီးတိုင် ထွက်ခွာခဲ့ပါတော့သည်။
နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဦးမောင်စိန်မှာလဲ ထားဝယ်မြို့တွင်အခြေခြရင်း ဆုံးပါးသွားခဲ့လေသည်။ ထားဝယ်သူတစ်ယောက်နှင့် အကြောင်းပါပြီး သားသမီး၊ မြေးများရခဲ့လေသည်။ ဦးမောင်စိန်ဆုံးပြီးတော့ ပစ္စည်းတွေကျန်ခဲ့လေသည်။ လူပျိုပေါက်အရွယ် ဦးမောင်စိန်မြေးလေးက သူ့အဖိုး၏ စာအုပ်စင်အား မွှေနှောက်လေသည်။ ထိုသို့မွှေနှောက်ရာမှ ရှေးကျပြီး စာရွက်များဝါထိန်နေသော ဗလာစာအုပ်ကလေးတစ်အုပ်ကို တွေ့လိုက်လေသည်။ ထိုစာအုပ်အတွင်း သူ့အဖိုးဦးမောင်စိန်က သူကြုံတွေ့ခဲ့ရသည့် ဘဝတစ်စိတ်တစ်ပိုင်းကို ခဲတံဖြင့် လက်ရေးကြမ်းကြမ်းဖြင့်ရေးသားထားလေသည်။ စာအုပ်အဖုံးတစ်နေရာတွင်တော့ ခဲတံဖြင့် ရေးသားထားသည့် အလွန်မှိန်နေသော စာတစ်ကြောင်းကို တွေ့ရလေသည်။
“လူသားစား ငထွား”
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်