ဖြစ်ရပ်မှန်တစ်ခုကို အပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားပါသည်။
(၁)
အချိန်ကာလအားဖြင့် ၁၉၉၇ ခုနှစ်ခန့်ဖြစ်သည်။ ကိုခင်မောင်အေးတစ်ယောက် ညစာထမင်းကို မိသားစုနှင့် အတူတူစားလိုက်သည်။ ထမင်းစားပြီးသည့်အခါ ည(၇) နာရီထိုးတော့မည်ဖြစ်သည်။ ကလေးများရော၊ ဇနီးသည်ပါ ထမင်းကိုအမြန်စားပြီး တီဗွီအရှေ့တွင် ပြေးထိုင်လိုက်ကြသည်။ ထိုစဉ်က ခေတ်စားသည့် အိုးရှင်းဂျပန်ဇာတ်လမ်းတွဲ လာတော့မည်ဖြစ်သည်။ ကိုခင်မောင်အေးလည်း ဧည့်ခန်းရှိ ဆက်တီခုံတွင်ထိုင်လိုက်စဉ် တစ်အိမ်ကျော်မှ ကောင်လေးက သူတို့ခြံရှေ့တွင် ရပ်လိုက်သည်ကိုတွေ့ရသည်။
“ကိုခင်မောင်အေး၊ ဖုန်းလာတယ်၊ အရေးကြီးတယ်တဲ့”
ထိုအိမ်တွင် ဖုန်းတစ်လုံးရှိရာ ဖုန်းလာလျှင် ထိုကောင်လေးက အိမ်တိုင်ယာရောက် လိုက်လံခေါ်ဆောင်ပေးခြင်းဖြစ်သည်။ ကိုခင်မောင်အေး အိမ်မှထွက်ကာ ဖုန်းရှိသည့်အိမ်သို့ အမြန်ပြေးလာလိုက်သည်။
“ဟယ်လို”
“လူလေး၊ မောင်အေးလား”
အသံက သူ့ဒေါ်လေးအသံဖြစ်နေသည်။
“ဟုတ်ပါတယ်ဒေါ်လေး”
“မင်းအမေ ခုနကပဲ ချော်လဲလို့ ဆေးရုံတင်လိုက်ရတယ်ကွဲ့၊ ဆရာဝန်ကတော့ ခေါင်းထိသွားတယ်လို့ပြောတယ်၊
မင်းအခုချက်ချင်းလာဖို့ကောင်းတယ်”
ကိုခင်မောင်အေး ရင်ထဲစိုးထိတ်သွားသည်။ သို့သော် ည(၇)နာရီထိုးနေပြီမို့ သူစဉ်းစားနေမိသည်။
“ညမိုးချုပ်နေပြီဒေါ်လေး၊ ကျွန်တော်မနက်မလင်းခင် ဆင်းလာခဲ့ပါ့မယ်”
“မင်းနှယ်ကွယ်၊ ဒေါ်လေးမကောင်းတဲ့စကားမပြောချင်ဘူးကွဲ့၊ မင်းအမေကို မင်းမမီလိုက်မှာစိုးလို့”
ဒေါ်လေး၏ စကားလုံးတွေက ကိုခင်မောင်အေးရင်ဝကို ထိုးနှက်လိုက်သည့် လက်သီးချက်တွေလို အတော်ခံစားရသည်။ ကိုခင်မောင်အေး ဖုန်းကိုချလိုက်ပြီး အိမ်သို့အမြန်ပြေးပြန်ခဲ့သည်။ တီဗွီတွင် အိုးရှင်းဇာတ်ကားလာနေပြီမို့လို့ တစ်အိမ်သားလုံးက တီဗွီကြည့်နေလေသည်။ ကိုခင်မောင်အေးက ဇနီးသည်နံဘေးသို့တိုးကပ်လိုက်ပြီး
“ခုနက အမေချော်လဲလို့ဆေးရုံတင်ထားရတယ်လို့ပြောတယ်”
ဇနီးသည်မျက်လုံများက ဝိုင်းစက်သွားသည်။ နှစ်ကာလများစွာ ပေါင်းသင်းလာသည့် ဇနီးသည်မို့ ဇနီးသည်မျက်နှာက ဘာကိုဆိုလိုမှန်းကိုခင်မောင်အေးနားလည်သည်။
“အခြေအနေဆိုးတယ်တဲ့၊ မနက်ဖြန်တောင်မှ ခံပါ့မလားပဲ”
“ဒါဆိုအကိုသွားရမှာပေါ့”
ကိုခင်မောင်အေးခေါင်းညိတ်လိုက်သည်။ ဇနီးသည်က
“အကို့ကားက ပြင်ဆိုင်အပ်ထားတယ်မဟုတ်လား၊ အကိုဘာနဲ့သွားမလဲ”
ဇနီးသည်မေးတော့မှ သူ့ကားကိုပြင်ဆိုင်အပ်ထားသည်ကို သွားသတိရသည်။ ကားက ဂီယာအုံပျက်နေသဖြင့် မနက်ကမှ ဝပ်ရှေ့တွင်အပ်နှံထားခဲသည်ကို သတိရသွားပြီး ကိုခင်မောင်အေးတစ်ယောက်ငိုင်ကျသွားသည်။ သူ့ခေါင်းထဲတွင်တော့ အမေ့ဆီကို ဘယ်လိုသွားရမလဲဆိုသည့် မွေးခွန်းကို အကြိမ်ကြိမ်အဖြေထုတ်နေမိသည်။
(၂)
ကိုခင်မောင်အေးတို့က ပြင်ဦးလွင်ခေါ် မေမြို့တွင် နေထိုင်ခြင်းဖြစ်သည်။ အမေဖြစ်သူက မန္တလေးတွင် နေထိုင်သည်။ ကိုခင်မောင်အေးက ငယ်ငယ်ကတည်းက မန္တလေးဇာတိဖြစ်သည်။ သို့သော် ဇနီးသည်ဖြစ်သူက ပြင်ဦးလွင်ဇာတိဖြစ်ရာ ဇနီးသည်နှင့် အကြောင်းပါပြီး ပြင်ဦးလွင်တွင်ပင် အခြေချဖြစ်သည်။ ဇနီးသည်ဖြစ်သူက စီးပွားရေးအဆင်ပြေသဖြင့် ကိုခင်မောင်အေးကလည်း ဇနီးသည်ဖက်မှ အလုပ်များကိုကူညီလုပ်ကိုင်ပေးရာ ပြင်ဦးလွင်တွင်ပင် နေထိုင်ဖြစ်တော့သည်။ အမေနှင့် သူ့ညီမ ဒေါ်လေးကတော့ မန္တလေးတွင်ပင်နေထိုင်သည်။ ကိုခင်မောင်အေး၏ အကိုနှင့် ညီမလည်း မန္တလေးတွင်သာဖြစ်သည်။
အစကတော့ လိုင်းကားစီးသွားရန်စိတ်ကူးသေးသည်။ သို့သော် ထိုစဉ်က လိုင်းကားများမှာ ညဘက်သိပ်ထွက်လေ့မရှိပေ။ လမ်းခရီးမှာလည်း ယခုခေတ်လောက် မဖြောင့်ဖြူးသေးပေ။ သို့နှင့် စဉ်းစားရင်း သူ့မိတ်ဆွေ ချက်ကြီးဆိုသူကို သတိရသွားသည်။ ချက်ကြီးထံတွင် ဂျစ်ကားကလေးတစ်စီးရှိသည်။ ကိုခင်မောင်အေးက ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်သဖြင့် ချက်ကြီးထံမှ ကားငှားသွားဖို့ ဆုံးဖြတ်လိုက်ကာ ဘေးလွယ်အိတ်ထဲသို့ ငွေနှင့် အဝတ်အစားတစ်ချို့ထည့်လိုက်ပြီး ချက်ကြီးအိမ်သို့အမြန်ထွက်ခဲ့တော့သည်။
ချက်ကြီးက ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။ သူ့မိဘများက ဆွယ်တာလုပ်ငန်းလုပ်ကိုင်ကြသည်။ ချက်ကြီးကတော့ ဘာအလုပ်မှ သိပ်မလုပ်ပေ၊ အားအားရှိ သောက်လိုက်စားလိုက်၊ မိန်းမလိုက်စားလိုက်၊ လောင်းကစားလုပ်လိုက်နှင့် ပျော်ပျော်နေသူဖြစ်သည်။ ကိုခင်မောင်အေး ဆယ်တန်းရောက်တော့ ပြင်ဦးလွင်တွင် ဘော်ဒါဆောင်လာတက်ရင်း ချက်ကြီးနဲ့ခင်မင်ရင်းနှီးခဲ့သည်။ ယခုထိလည်း ချက်ကြီးနှင့် အားလျှင်အားသလို သွားလာစားသောက်နေကျဖြစ်သည်။
ချက်ကြီးကို အကျိုးအကြောင်းပြောပြတော့ ချက်ကြီးက သဘောတူသည်။ သို့သော် ချက်ကြီးက သူ့ကားကိုအလွန်ချစ်သူဖြစ်သည်။ ထို့ကြောင့် ကိုခင်မောင်အေးကို ကားငှားရန်အတွက် တွန့်ဆုတ်နေပုံရသည်။
“ဒီလိုလုပ်ကွာသူငယ်ချင်း မင်းကိုငါ ကားမောင်းပြီးလိုက်ပို့ပေးမယ်”
ဘယ်လိုသွားရ သွားရ ရောက်ဖို့သာအရေးကြီးသည်မို့ ကိုခင်မောင်အေးက ခေါင်းညိတ်လိုက်သည်။ ချက်ကြီးက သူ့ဂျစ်ကားလေးကို စက်နှိုးလိုက်သည်။ ချက်ကြီးမျက်လုံးများက ရီဝေဝေဖြစ်နေသည်။
“ချက်ကြီး၊ မင်းသောက်ထားတာလား”
“ဘီယာကလေးနှစ်ပုလင်းထဲပါကွာ၊ ဘာမှမဟုတ်ပါဘူး”
“မင်းကတော့ လုပ်တော့မယ်ကွာ”
“ဒီမှာခင်မောင်၊ မင်းငါ့အကြောင်းသိရဲ့သားနဲ့၊ ငါက ဒီလိုခပ်ထွေထွေကလေးမှ ကားမောင်းလို့ကောင်းတာကွ၊ စိတ်ချစမ်းပါကွာ ချက်ကြီးတို့က ဆယ့်လေးနှစ်သားကတည်းက ကားစတီယာရင်ကိုင်လာတာကွ၊ ဘာမှမဖြစ်ပါဘူး”
(၃)
သို့နှင့် ပြင်ဦးလွင်မှ ထွက်လာခဲ့ကြသည်။ ကိုခင်မောင်အေးကတော့ ဘုရားစာတွေ တောက်လျှောက်ရွတ်နေမိသည်။ ချက်ကြီးကားမောင်းသည်ကို ကြောက်လန့်သဖြင့်တော့မဟုတ်၊ မိခင်ကြီး နေမကောင်းဖြစ်နေသည်ဆိုသဖြင့် ဘုရားစာရွတ်ကာ ဆုတောင်းနေမိခြင်းဖြစ်သည်။ ချက်ကြီးကတော့ သူ့စကားအတိုင်းပင် ဘီယာသောက်ပြီးထွေနေသော်လည်း ကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်လာသည်။
သို့သော် မြို့အထွက်နားသို့ရောက်တော့ ချက်ကြီးက ကားကိုလမ်းဘေးသို့ချရပ်လိုက်သည်။ ချက်ကြီးမျက်လုံးတွေက ပုတ်ခတ် ပုတ်ခတ်ဖြစ်နေလေသည်။
“ချက်ကြီး မင်းဘာဖြစ်တာလဲ”
“ငါမရတော့ဘူးကွ၊ လူက တော်တော်ဒေါင်းနေပြီ”
ကိုခင်မောင်အေးက သက်ပြင်းချလိုက်ပြီး
“ဒါဆိုရင် မင်းငါ့ဘက်ကိုလာထိုင်ကွာ၊ ငါမောင်းမယ်”
ချက်ကြီးနှင့် ကိုခင်မောင်အေး နေရာချင်းပြောင်းထိုင်ကြသည်။ ချက်ကြီးက သူ့ဘေးခုံတွင်ထိုင်လိုက်ကာ ကားနောက်ခန်းအတွင်းတစ်ခုခုကိုရှာနေသည်။ ထို့နောက်လက်ကျန်ဝီစကီပုလင်းတစ်လုံးကိုတွေ့သွားကာ ပုလင်းကိုမော့ချလိုက်သည်။
“မနေ့ညက ရှမ်းမလေးတစ်ယောက်နဲ့ အချစ်ပွဲတွေ နွှဲခဲ့သေးတယ်ကွ၊ ဒီနေ့လည်း သောက်လိုက်စားလိုက်နဲ့ ကောင်းကောင်းမအိပ်ရသေးဘူးလေကွာ၊ ငါက ဒီညတော့ အိပ်တော့မယ်လို့ စိတ်ကူးထားတာကွ”
“မင်းအိပ်မယ်ဆိုရင်လည်း အိပ်ကွာ၊ ဟိုရောက်တော့ ငါနှိုးမယ်”
“အိုကေ၊ ဂွတ်နိုက်သူငယ်ချင်း”
ကိုခင်မောင်အေးက ကားကိုသတိထားကာ မောင်းနှင်လာသည်။ မကြာမီ သူ့နံဘေးမှ ချက်ကြီးကတော့ ခေါင်းငိုက်စိုက်ကျရင်း တခေါခေါနှင့် အိပ်မောကျနေတော့သည်။ ချက်ကြီးမှာ ၀၀ဖိုင့်ဖိုင့်နှင့်ဖြစ်ပြီး ဘီယာဗိုက်ကြီးက စူထွက်နေသည်။ တစ်လမ်းလုံးလည်း တခေါခေါနှင့် ဟောက်နေရာ ကိုခင်မောင်အေး နားကြားပြင်းကပ်လာသည်။
ကိုခင်မောင်အေးစိတ်တွေ ထွေပြားနေသဖြင့် ကားကိုမနည်းအာရုံစိုက်ပြီးမောင်းရသည်။ ထိုကြားထဲမှ တစ်ချက်တစ်ချက် အမေ့ဆီစိတ်ရောက်သွားပြန်သည်။ မကြာမီ တောင်ဆင်းလမ်းက အကွေ့အကောက်တွေစတင်လာသည်။
(၄)
ဆယ့်ကိုးမိုင်ကွေ့ဟုဆိုသည့်နေရာသည် လမ်းအတော်ကြမ်းသည့်နေရာဖြစ်သည်။ လမ်းသားလည်းကြမ်းသလို အကွေ့လည်းကြမ်းသည်။ အချို့က အန္တရာယ်ကွေ့ဟု ခေါ်ကြသည်။ ထိုအကွေ့တွင် ခဏခဏ ကားမှောက်၊ ဆိုင်ကယ်တိုက်၊ ကားတစ်စင်းလုံး ချောက်ထဲကျသည့်အဖြစ်များ အများအပြားဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် လမ်းဘေးတွင်ပင် ယဉ်မောင်းများသတိထားမိစေရန် ဆိုင်းဘုတ်များကပ်ထားသလို ယာဉ်တိုက်မှုဘယ်နှမှု၊ သေဆုံးသူဘယ်နှဦး စသည့်ဆိုင်းဘုတ်များကိုပါ တပ်ဆင်ထားလေသည်။
တောင်ဆင်းလမ်းကြီးဖြစ်ကာ တစ်ထစ်ချိုးကွေ့ချရသည့် နေရာတစ်ခုဖြစ်သည်။ ကိုခင်မောင်အေး တောင်ဆင်းရန်အတွက် ကုန်းကိုဆင်းလိုက်သည်။ ဘရိတ်ကိုမှေးရန်အတွက် ခြေတင်လိုက်စဉ်မှာပင် ဘရိတ်ကနင်းမရတော့ပေ၊ ကိုခင်မောင်အေး အလွန်ထိတ်လန့်သွားသည်။ ဘရိတ်က နင်းလို့မရဘဲ မာတောင့်နေလေသည်။ ကိုခင်မောင်အေး တစ်ကိုယ်လုံးအားစိုက်ပြီး နင်းနေသော်လည်း ဘရိတ်က နင်းမရပေ။
“ဟာ၊ သွားပြီ၊ ဘာဖြစ်တာလဲ”
ခေါင်းထဲအတွေးပေါင်းစုံက ဝင်ရောက်လာသည်။ ကားလမ်းမကြီးတွင် သူတို့ကားတစ်စီးသာရှိသည်။ ကုန်းဆင်းကြီးမို့ ကားကအရှိန်တက်လာသည်။ ဘရိတ်နင်းမရသဖြင့် အရှိန်ကိုထိန်းမရတော့ပေ။ ကိုခင်မောင်အေးက ကလပ်ဖြင့် အသာထိန်းရန်စိတ်ကူးလိုက်သည်။ သို့သော် ကလပ်လည်းနင်းမရတော့ပေ၊ လီဗာကိုလွှတ်ပြီးသည့်အခါ လီဗာလည်း နင်းမရတော့။
ဘေးနားသို့ကြည့်လိုက်သည့်အခါ ချက်ကြီးက တခေါခေါနှင့်အိပ်နေသည်။ ဂျစ်ကားမှာ အခြားကားများကဲ့သို့ ခေါင်မိုးမပါသဖြင့် လေက တရကြမ်းတိုက်ခတ်နေသည်။ တောင်ဆင်းကြီးအတိုင်းဆင်းလာပြီး အရှေ့တွင် နက်ရှိုင်းလှသည့် ချောက်ကြီးကိုလှမ်းမြင်နေရပြီဖြစ်သည်။ ကိုခင်မောင်အေးက ကားကိုလမ်းဘေးဆွဲချရန်အကြံရလိုက်ပြီး စတီယာရင်ကိုဆွဲလှည့်လိုက်သော်လည်း စတီယာရင်ကလှည့်မရတော့ပေ။
ကိုခင်မောင်အေး ခေါင်းနားပန်းကြီးလာသည်။ စတီယာရင်မှာ အသေကြီးဖြစ်နေပြီး သူအားကုန်လှည့်သော်လည်း တစ်လက်မပင်မလည်ပေ။ ကိုခင်မောင်အေးဘာမှမလုပ်တတ်တော့ပေ။ သူ့အရှေ့တွင် နက်ရှိုင်းလှသည့် ချောက်ကြီးနှင့် လမ်းကိုကာရံထားသည့် အဖြူအနီဆေးသုတ်ထားသည့် အုတ်တိုင်များက နီးကပ်လာလေသည်။
ထိုစဉ် လမ်းဘေးဝဲယာရှိ တောအုပ်ကြီးက လေတွေတဖြန်းဖြန်းတိုက်လာပြီး တဝေါဝေါနှင့်မြည်လာသည်။ သစ်ပင်အောက်ခြေတွင် အနက်ရောင်လူရိပ်ကြီးများရပ်နေသည်ကို ကားမီးရောင်နှင့် အတိုင်းသားမြင်နေရသည်။ ထိုလူရိပ်ကြီးများက ဇာတ်ပွဲတစ်ခုကို ကြည့်နေကြသည့်အလား လက်ခုပ်လက်ဝါးတီးနေကြပြီး ပါးစပ်မှလဲ အော်ဟစ်နေလေသည်။
“ဟေး၊ ဝေး၊ ဝါး၊ ဟား”
မကောင်းဆိုးဝါး သရဲများက ချောက်ထဲကျတော့မည့် သူတို့ကားအဖြစ်ကိုကြည့်ပြီး ပျော်ရွှင်ဝမ်းမြောက်ကာ အော်ဟစ်နေကြခြင်းဖြစ်မည်။ လူအယောက်တစ်ရာခန့် ဝိုင်းပြီးအော်ဟစ်သည့်အသံမို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိုအသံနက်ကြီးများက ဖုံးလွှမ်းသွားလေသည်။ ကိုခင်မောင်အေးပါးစပ်ကတော့ ဘုရားစာတွေ ရွတ်ဆိုနေဆဲဖြစ်သည်။ နောက်ဆုံး လမ်းဘေးရှိ အုတ်တိုင်များနှင့် တိုက်မိခါနီးအချိန်တွင် ကားက ဘရိတ်နင်းလိုက်သလိုဖြစ်သွားကာ ကျွီခနဲအော်မြည်ပြီး သူ့အလိုလိုထိုးရပ်သွားသည်။
ကိုခင်မောင်အေး အလွန်ထိတ်လန့်နေမိသည်။ အရှေ့သို့ လေးငါးပေထပ်တိုးလိုက်ပါက အုတ်တိုင်များနှင့်တိုက်မိပြီး ချောက်ထဲသို့ကျသွားမည်ဖြစ်သည်။ စတီယာရင်ပေါ်လက်တင်လိုက်ပြီး ဘက်ဂီယာထိုးကာ လီဗာကိုနင်းလိုက်သည်။ ကားမှာ အနောက်သို့အနည်းငယ်ဆုတ်သွားတော့မှ လမ်းကွေ့အတိုင်းကွေ့ချလိုက်သည်။
ထိုအခါ တောအုပ်အတွင်းမှ ကြည့်နေကြသည့် အရိပ်လူကြီးများက အလွန်စိတ်ပျက်သွားသည့် အသံဖြင့် ညည်းညူနေကြလေသည်။ မကျေမချမ်းနှင့် တောက်ခေါက်သံကြီးများကို ကြားရသည်။ ကိုခင်မောင်အေးတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထနေပြီး ထိုနေရာမှ အမြန်မောင်းထွက်ခဲ့တော့သည်။
အမေ့ဆီရောက်တော့ ညဆယ်နာရီထိုးတော့မည်ဖြစ်သည်။ ဆေးရုံပေါ်တွင် အမေက မျက်လုံးအပြူးသားနှင့် ဟိုကြည့်သည်ကြည့် ကြည့်နေလေသည်။
“အမေ၊ သားရောက်ပြီလေအမေ”
အမေက သူ့ကိုငေးစိုက်ကြည့်ရင်း ဘေးနားက ချက်ကြီးကိုပါကြည့်နေလေသည်။
“သားက သူငယ်ချင်းတွေကိုပါ ခေါ်လာတယ်ထင်တယ်”
အိပ်မှုန်စုန်မွှားဖြစ်နေသည့် ချက်ကြီးအားလက်ညှိုးထိုးပြလိုက်ပြီး အမေနှင့်မိတ်ဆက်ပေးလိုက်သည်။
“သူကချက်ကြီးလို့ခေါ်တယ်အမေ၊ သားတို့ဆယ်တန်းတုန်းကတည်းက ဘော်ဒါဆောင်မှာ ခင်ခဲ့တဲ့သူငယ်ချင်းတွေပေါ့၊ အခုသူက သားကိုလိုက်ပို့ပေးတာ”
အမေက ခေါင်းကိုဖြေးညှင်းစွာညိတ်သည်။ ထို့နောက်
“သူ့ဘေးက လူကရော ဘယ်သူလဲသား”
ကိုခင်မောင်အေး အလွန်ထိတ်လန့်သွားသည်။ ချက်ကြီးနံဘေးသို့ကြည့်လိုက်သည့်အခါ ဘယ်သူမှမရှိပေ။
“အမေ၊ အမေအမြင်မှားတာနေမှာပါ၊ သားတို့နှစ်ယောက်ပဲ ပြင်ဦးလွင်ကနေဆင်းလာတာအမေရဲ့ ဘယ်သူမှမပါဘူး”
အမေက သေချာကြည့်လိုက်ပြီး
“ခုနက အင်္ကျီအနက်ဝတ်ထားတဲ့လူတစ်ယောက် သားတို့ဘေးမှာ ရပ်နေတာ အမေမြင်လိုက်တယ်”
ထို့နောက် အမေ့ကို သူတို့အနားယူခိုင်းလိုက်သည်။ အမေက စကားပြောချင်သေးသော်လည်း လေသံက ဗလုံးဗထွေးနှင့်ဖြစ်နေသည်။ သူက ဆေးရုံတွင်စောင့်နေသဖြင့် ချက်ကြီးပါ ဆေးရုံတွင်နေရတော့သည်။ သူက ဆယ့်ကိုးမိုင်ကုန်းဆင်းမှ အဖြစ်အပျက်များကို ချက်ကြီးအား မပြောပြရန်စိတ်ကူးထားသည်။ ချက်ကြီးကလည်း သရဲတစ္ဆေနှင့် ထိုကဲ့သို့ထူးဆန်းသည့်ကိစ္စများကို တကယ်မရှိဟု ယုံကြည်သူတစ်ယောက်ဖြစ်သည်။ ချက်ကြီးကတော့ ခုနက ဖြစ်ရပ်များကို ဘာမှမသိသလို ဆေးရုံတွင်လည်း ခုံတန်းကလေးတစ်ခုပေါ်တွင်တက်ကာ အိပ်မောကျနေလေသည်။
(၅)
ထိုညက အမေက စကားပြောနိုင်သော်လည်း မနက်မိုးမလင်းခင်မှာပင် အမေဆုံးပါးသွားသည်။ ဆရာဝန်က ဦးနှောက်သွေးကြောပေါက်ပြီး သွေးစခဲသွားသည်ဟုဆိုသည်။ အမေဆုံးပြီဖြစ်ကြောင်း ဇနီးသည်ကိုဖုန်းဆက်ပြောလိုက်သည်။ အမေဆုံးပြီမို့ ကိုခင်မောင်အေးတို့ ဈာပနအတွက်စီစဉ်ရမည်ဖြစ်ရာ ကိုခင်မောင်အေး ပြင်ဦးလွင်ကို ပြန်ဖို့မဖြစ်တော့ပေ။
“ချက်ကြီး၊ ငါ ရက်လည်ပြီးတော့မှပဲ ပြင်ဦးလွင်ပြန်ဖြစ်တော့မယ်ကွာ၊ မင်းငါ့ကို ညက ကူညီတဲ့အတွက် ငါကျေးဇူးတင်ပါတယ်၊ မင်းသာမကူညီရင် ငါ့အမေကို ငါမီလိုက်မှာမဟုတ်ဘူးကွ”
ကိုခင်မောင်အေးက အိတ်ထဲမှ ပိုက်ဆံထုတ်ပေးလိုက်သော်လည်း ချက်ကြီးက လုံးဝမယူပေ။
“ရပါတယ်သူငယ်ချင်းရာ၊ ဒါဆို ငါပြန်မှရမယ်ကွ၊ ပြင်ဦးလွင်မှာ လုပ်စရာလေးတွေရှိသေးတယ်”
“ရပါတယ်ကွာ၊ မင်းပြန်ချင်ပြန်တော့ပေါ့”
“အေးပါကွာ၊ ဒါနဲ့ရက်လည်ပြီးရင် မင်းကိုငါလာကြိုရအုံးမလား”
“မကြိုနဲ့တော့ကွာ၊ ငါလိုင်းကားနဲ့ပဲပြန်လိုက်တော့မယ်”
ချက်ကြီးက ဆေးရုံဝင်းအတွင်းရပ်ထားသည့် သူ့ဂျစ်ကားကလေးပေါ်သို့ တက်လိုက်ကာ မောင်းထွက်သွားလေသည်။
အမေ့နာရေးအတွက် အလုပ်တွေများနေသည်။ စိတ်ထဲလည်း အတော်စိတ်မကောင်းဖြစ်နေသည်မို့ ဇနီးသည်ဖုန်းဆက်သည်ကိုတောင် မကိုင်ချင်ပေ။ အမေ့ရက်လည်ပြီးတော့မှ လိုင်းကားဖြင့် ပြင်ဦးလွင်သို့ပြန်ခဲ့သည်။ စုစုပေါင်း ကိုးရက်နီးပါး့ကြာမြင့်ခဲ့သည်။
လိုင်းကားဆိုသော်လည်း ကားကြီးမဟုတ်ပေ၊ မန္တလေးနှင့် ပြင်ဦးလွင်သို့သီးသန့်ပြေးဆွဲနေသည့် ကားလေးလိုင်းဖြစ်သည်။ ကားပေါ်တွင် လူခြောက်ယောက်ခန့်သာပါသည်။ ပြင်ဦးလွင်အတက် ဆယ့်ကိုးမိုင်သို့ရောက်သည့်အခါ ကိုခင်မောင်အေးတစ်ကိုယ်လုံးချမ်းတုန်တက်လာသည်။ မကြာခင် သူယခင်က ကြုံတွေ့ခဲ့ရသည့် ဆယ့်ကိုးမိုင်အကွေ့ကိုလှမ်းမြင်နေရပြီဖြစ်သည်။ ကားဆရာက ဘရိတ်ကိုကြမ်းကြမ်းနင်းလိုက်သဖြင့် ကားက ကျွီခနဲမြည်ကာ တုန်ခါသွားသည်။
ထိုအခါ ကားပေါ်မှခရီးသည်များက ကားဒရိုင်ဘာကို ဝိုင်းပြောကြသည်။
“လမ်းကွေ့ကြီးမှာ ဖြည်းဖြည်းမောင်းစမ်းပါ၊ ဟိုတစ်ပတ်ကပဲ ကားတစ်စီးချောက်ထဲကျပြီးပြီမဟုတ်လား”
ယာဉ်ပေါ်ပါလာသည့် အဒေါ်ကြီးများက ဈေးသည်များဖြစ်ပုံရသည်၊ လိုင်းကား ဒရိုင်ဘာကိုအော်ဟစ်ပြောဆိုနေခြင်းဖြစ်သည်။ ကိုခင်မောင်အေးလည်း အလွန်သိချင်သွားသည်။
“ကားတစ်စီးချောက်ထဲကျတယ်ဆိုတာ ဟုတ်လား”
“အေးလေ၊ ခုနစ်ရက်၊ ရှစ်ရက်လောက်တောင်ရှိတော့မယ်”
“ဟုတ်လား၊ ဘယ်လိုကျသွားတာလဲ”
“ကျသွားတာက ဂျစ်ကားတဲ့၊ ကျတာကလည်း နေ့ခင်းကြောင်တောင်ကြီးဆိုပဲ၊ ကားပေါ်ကလူကိုတောင် အခုထိရှာမတွေ့သေးဘူးဆိုလားပဲ”
ဂျစ်ကားဆိုသဖြင့် ကိုခင်မောင်အေးထိတ်လန့်သွားသည်။ အဒေါ်ကြီးများကို အသေးစိတ်မေးမြန်းသော်လည်း အဒေါ်ကြီးများက ဈေးသည်များဖြစ်သဖြင့် တိတိကျကျရေရေရာရာမသိပေ။ သို့နှင့် ပြင်ဦးလွင်အိမ်သို့ပြန်ရောက်လာသည်။ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်နေသဖြင့် လွယ်အိတ်ကိုချပြီး ပြန်ထွက်ရန်ပြင်ဆင်လိုက်သည်။ ဇနီးသည်က သူ့အား
“ရှင်ဘယ်သွားမလို့လဲ”
“ငါ၊ ငါချက်ကြီးအိမ်ကိုသွားမလို့ဟ”
“ရှင်သွားလည်းမမီတော့ဘူး၊ ရှင့်သူငယ်ချင်းကို တစ်နေ့ကပဲ မြေချတယ်လေ”
ကိုခင်မောင်အေးခြေထောက်တွေ ခွေကျသွားသည်။ အနီးရှိ အိမ်တိုင်ကိုလက်ဖြင့်ဖမ်းဆွဲထားသဖြင့်သာ လဲမကျသွားခြင်းဖြစ်သည်။
“ချက်ကြီးကို မြေချတယ်ဟုတ်သလား”
ဇနီးသည်က သူ့အားကြည့်ရင်း
“ရှင့်အမေနာရေးကြောင့် ရှင်ဂရုမစိုက်အားလို့နေမယ်၊ ချက်ကြီးက ရှင်မန္တလေးပြန်ဆင်းသွားပြီး နောက်တစ်နေ့မနက် မန္တလေးကနေ ပြန်အတက် ဆယ့်ကိုးမိုင်ကွေ့မှာ ကားကဘာဖြစ်လို့ဆိုလဲပဲ နောက်ပြန်လိမ့်ကျပြီး ချောက်ထဲကျသွားတာပဲ၊ ကားလည်းတစ်စစီ၊ လူလည်းတစ်စစီပဲတဲ့ရှင်၊ မြေချဖို့ကိုတောင်မှ အပိုင်းပိုင်းအစစတွေကောက်ပြီး မြေချရတာတဲ့”
ဇနီးသည်ကတော့ အေးအေးလူလူပင်ပြောဆိုနေသည်။ ကိုခင်မောင်ဝင်းကတော့ အနီးရှိ ဆက်တီခုံတွင် ထိုင်ချလိုက်သည်။ မန္တလေးဆင်းရန်အတွက် ချက်ကြီးကားကိုသူခေါ်သွားသည်ဆိုသည်ကို ဇနီးသည်က သိပုံမရပေ။
“ချက်ကြီး၊ အဲဒါငါ့ကြောင့်ပါ၊ ငါသာမင်းကိုမခေါ်သွားရင် မင်းဒီလိုဖြစ်မှာမဟုတ်ဘူး”
ကိုခင်မောင်အေး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ထိုညမှစပြီး ကိုခင်မောင်အေးတစ်ယောက် အပြင်းဖျားလေသည်။ အမေသေသည့်စိတ်၊ သူငယ်ချင်းသေသည့်စိတ်ကြောင့် ပန်းဖျားဖျားသည်ဟု ဆရာဝန်ကယူဆသည်။ တကယ်လည်း ကိုခင်မောင်အေးမှာ ချက်ကြီးသေသွားသည့်အတွက် စိတ်မကောင်းပေ၊ အစာမစား၊ ဆေးမသောက်ဘဲ ပေနေသဖြင့် အဖျားမှာတာရှည်နေသည်။
သုံးရက်ခန့်ကြာသည့်တစ်ညတွင် သူတစ်ရေးနိုးသည်။ တစ်ကိုယ်လုံးက နုံးချိနေလေသည်။ ထိုစဉ် အိမ်ရှေ့မှ ခေါ်သံသဲ့သဲ့ကိုကြားရသည်။
“သူငယ်ချင်း မောင်အေး၊ သူငယ်ချင်း”
အသံကြားလိုက်သည့်အခါ ချက်ကြီးအသံမှန်း တန်းသိလိုက်သည်။ ကိုခင်မောင်အေးလည်း အိပ်ရာမှထကာ အိမ်ရှေ့သို့ထွက်လာသည်။ အိမ်ရှေ့တံခါးနှင့် ခြံတံခါးမှာ သိပ်မလှမ်းပေ၊ ချက်ကြီးက ခြံတံခါးအပြင်တွင်ရပ်နေလေသည်။
“မင်းနဲ့မဆိုင်ပါဘူးသူငယ်ချင်းရာ၊ ငါသေတာ ငါ့ကံကြောင့်ပါ”
“မဟုတ်ဘူးချက်ကြီး၊ မင်းကိုငါခေါ်သွားလို့ဖြစ်ရတာ”
“ငါတစ်ချိန်က မူးမူးနဲ့ အဲဒီဆယ့်ကိုးမိုင်နားမှာ ချောက်ထဲကိုသေးပေါက်ချရင်း စိန်ခေါ်ခဲ့ဖူးတယ်ကွ၊ အဲဒါသူတို့ကမကျေနပ်လို့ငါ့ကိုပြန်လုပ်တာ၊ ငါနဲ့မင်းနဲ့ အဆင်းတုန်းကတည်းက ကားက ချောက်ထဲကျရမှာကွ၊ နောက်တော့ မင်းပါနေလို့ ချောက်ထဲမကျတော့တာတဲ့၊ အခုတော့ ငါအဲဒီချောက်ထဲက အပင်ကြီးတစ်ပင်မှာနေရတယ်၊ ငါ့ကိုလည်း သူတို့က နှိပ်စက်ကြတယ်ကွာ”
ချက်ကြီးကပြောရင်း ငိုယိုနေသည်။
“အခုမင်းကိုငါ လာနှုတ်ဆက်တာသူငယ်ချင်း၊ ငါသွားရတော့မယ်”
ကိုခင်မောင်အေးလည်း အိမ်တံခါးဖွင့်လိုက်ပြီး ချက်ကြီးထံသို့ပြေးသွားလိုက်ရာ ခြံတံခါးရှေ့ရှိ ချက်ကြီးမှာ အခိုးအငွေ့များအဖြစ်ပျောက်ကွယ်သွားလေသည်။
“ချက်ကြီး၊ ချက်ကြီး”
ကိုခင်မောင်အေးက အော်ခေါ်နေမိသည်။ ထိုစဉ် သူ့အော်သံကြားသဖြင့် ဇနီးသည်က ပြေးထွက်လာသည်။
“ညကြီးမိုးချုပ်အကိုရယ်၊ အိမ်အပြင်ကိုဘာထွက်လုပ်တာလဲ၊ ကိုယ်တွေကလည်း ပူချစ်တောက်နေတာပဲ”
သူ့ဇနီးသည်က သူ့ကိုတွဲပြီးပြန်ခေါ်သွားသည်။ ကိုခင်မောင်အေးက အိပ်ရာတွင်ပြန်အိပ်လိုက်ရင်း အိပ်မက်မဟုတ်သည့် သူတကယ်မြင်လိုက်သည့် ချက်ကြီးကိုပြန်တွေးနေမိသည်။
အခုဆိုအဖြစ်အပျက်တွေက အချိန်အတော်ကြာမြင့်ခဲ့ပြီဆိုသော်လည်း ကိုခင်မောင်အေးအဖို့ ဆယ့်ကိုးမိုင်ကွေ့ကိုရောက်တိုင်း ချက်ကြီးကိုသတိရနေမိသည်။ ချက်ကြီးသူ့ကို နှုတ်ဆက်သွားပြီးကတည်းက ထပ်မတွေ့ရတော့သည့်အတွက် ချက်ကြီးများကျွတ်လွတ်သွားပြီလား၊ သို့မဟုတ် ချောက်နက်ကြီးထဲတွင် ဆက်လက်ရှိနေသေးသလားကိုတော့ သူမသိပေ။ အခုတော့ လမ်းလည်းကောင်းသွားပြီ၊ ဆယ့်ကိုးမိုင်ကွေ့တွင်လည်း အုတ်ဘောင်ကြီးဖြင့်ကာရံထားခဲ့ပြီ ထိုနေရာမှကြည့်လျှင် အောက်ဘက်ရှိတောင်တန်းများ လွင်ပြင်များနှင့် ရှုခင်းအလှအပများကို မြင်နေရသည်။
“သူငယ်ချင်းချက်ကြီးရာ၊ ငါဘဝတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကို မင်းအတွက် အမျှပေးဝေပါတယ်ကွာ၊ မင်းသာဓုခေါ်ပြီးတော့ ကောင်းရာမွန်ရာအရပ်ကို ရောက်ရှိပါစေကွာ”
ချောက်ထဲမှ လေအေးများက တိုက်ခတ်လာသည်။ ကိုခင်မောင်အေးလည်း လမ်းနံဘေးတွင်ရပ်ထားသည့် သူ့ကိုယ်ပိုင်ကားကလေးပေါ်သို့တက်ကာ မောင်းထွက်သွားလိုက်သည်။ ထိုစဉ် ချောက်ကမ်းပါးတစ်နေရာရှိ သစ်ပင်အကွယ်လေးမှ သူ့အားငေးကြည့်နေသည့် ချက်ကြီးကို သူမမြင်တွေ့လိုက်ရပေ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်