အတွဲ(၂) အပိုင်း(၁)
အပိုင်း (၁)
အနက်ရောင်ခံတပ်ကြီးရှိ အလယ်မြေကွက်လပ်ကြီးတွင် ရဲမက်ဗိုလ်ပါများအများအပြား စုဝေးနေကြလေသည်။ အတွင်းဝန်မင်းကြီး မင်းလှကျော်ခေါင်က မြင်းရထားတစ်စီးကိုစီးလျှက် ခံတပ်အတွင်းသို့ဝင်လာခဲ့သည်။ မနက်ခင်းနေရောင်ခြည်အောက်တွင် ရဲမက်များက အင်အားအပြည့်နှင့် စီတန်းလျက်ရှိနေကြသည်။ ခံတပ်အတွင်းသို့ရောက်သော် အတွင်းဝန်မင်းကြီးက မြင်းပေါ်မှဆင်းလိုက်ပြီး ရဲမက်များကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ ခံတပ်အတွင်းသို့ဝင်သွားလေသည်။
“မိစ္ဆာဖမ်း တပ်စုမှူး ပျံချီ၊ အခစားရောက်ကြောင်းပါ ဝန်မင်းကြီး”
အတွင်းဝန်မင်းကြီး ရုံးစိုက်သည့်အခန်းအတွင်းသို့ ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ပျံချီက ဝင်ရောက်လာခဲ့သည်။ အတွင်းဝန်မင်းကြီးက သားနားနေသည့် ပျံချီကိုကြည့်လိုက်ပြီး
“အလိုလေး၊ ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပနေပါလားပျံချီရဲ့”
အတွင်းဝန်မင်းက တမင်ရွဲ့ပြောလိုက်သော်လည်း ပျံချီကတော့ သူ့ဝတ်စုံကိုသူပြန်ငုံ့ကြည့်ရင်း ကျေနပ်နေမိသည်။
“အတွင်းဝန်မင်းကြီး ကျွန်တော်မျိုးကိုခေါ်တယ်ဆို”
“အေးကွယ်၊ ငါမင်းကိုခေါ်တာ အရေးကြီးတယ်ကွဲ့၊ လွန်ခဲ့တဲ့ရက်တွေက မြင်းတပ်ကို လင်းနို့ဆိုးက ဖျက်သွားတယ်မဟုတ်လား၊ အဲဒီသတင်းကို ငါတို့လှို့ဝှက်ထားပေမယ့် လူတွေရဲ့ပါးစပ်ကို ပိတ်မရခဲ့လို့ အခုတော့ နေပြည်တော်တစ်ခွင် ကောလာဟလအဖြစ်နဲ့ ပျံနှံ့နေတယ်ကွဲ့”
အတွင်းဝန်မင်းက သလွန်တွင်ထိုင်လိုက်သည်။
“အခု ဘုရင်မင်းကြီးက ငါ့ကိုပါ မေးခွန်းထုတ်နေပြီလေ၊ ငါကမဟုတ်ပါဘူး၊ ကောလာဟလလို့ ငြင်းနေပေမယ့် ငါ့ကိုမလိုတဲ့ ဝန်မင်းတွေ၊ ဝန်စုမှူးတွေက ဟုတ်မှန်ကြောင်း အတင်းလျှောက်ထားလို့ ဘုရင်မင်းကြီးက အမျက်တော်ရှနေပြီကွဲ့”
“ဒါဆို ကျွန်တော်မျိုးတို့က အဲဒီ လင်းနို့ကို နှိမ်နင်းပေးရမှာပေါ့ ဝန်မင်းကြီး”
အတွင်းဝန်မင်းကြီးက ခေါင်းခါလိုက်သည်။
“မနှိမ်နင်းရဘူး၊ ဘုရင့်အမိန့်တော်အရ အဲဒီလင်းနို့ကို ဘုရင်မင်းကြီးက အရှင်လိုချင်သတဲ့ကွ”
ပျံချီထိတ်လန့်သွားသည်။
“အရှင်ဖမ်းဖို့ သိပ်မခက်ဘူးမဟုတ်လားပျံချီ၊ မင်းပြောတော့ အဲဒီလင်းနို့က ငခမ်းဆိုကွ၊ ငခမ်းသာ အမှန်ဆိုရင် မင်းသူ့ကိုတွေ့အောင်ရှာပြီး ဖြောင်းဖျခဲ့သင့်တယ်ကွ”
ပျံချီစိတ်တွေ ရှုပ်ထွေးနေသည်။
“ဒါနဲ့ ဘုရင်မင်းကြီးက ဘာလို့လင်းနို့ကို အရှင်လိုချင်နေတာလဲ ဝန်မင်းကြီး”
အတွင်းဝန်မင်းကြီးက သက်ပြင်းချသည်။
“အဲဒီလူတွေကြောက်တဲ့လင်းနို့ကို ဖမ်းယူပြီး အမှုတော်ထမ်းစေမယ်တဲ့ကွာ၊ ပြီးတော့ လင်းနို့အရှင်သခင်ဆိုတဲ့ ဘွဲ့ကိုခံယူမလို့တဲ့၊ အရင်ရှေးဘုရင်များက ဆင်ဖြူရရင် ဆင်ဖြူရှင်ဆိုတဲ့ ဘွဲ့ခံသလို၊ အခုမင်းကြီးကလည်း လင်းနို့ရှင်ဆိုတဲ့ ဘွဲ့ခံမလို့နေမှာပေါ့ကွာ”
“ကျွန်တော်မျိုးသဘောပေါက်ပါပြီ”
“ဘုရင်မင်းကြီးက လင်းနို့ဖမ်းဖို့ ကိစ္စအတွက် တော်တော်စိတ်အားထက်သန်နေပုံရတယ်ကွ၊ ရွှေတိုက်တော်ကနေ လိုအပ်သလောက် ဘဏ္ဍာတော်နဲ့ လက်နက်၊ ရိက္ခာတွေ ထုတ်စေတဲ့၊ ဖမ်းဆီးရမိတဲ့သူကိုလည်း ဆုထူး ဘွဲ့ထူးတွေ ပေးမယ်လို့ ကတိပေးလိုက်သေးတယ်”
ပျံချီမျက်လုံးများအရောင်လက်သွားသည်။
“ကျွန်တော် စွမ်းစွမ်းတမံနဲ့ ဖမ်းယူပေးပါ့မယ် အတွင်းဝန်မင်းကြီး”
အတွင်းဝန်မင်းက စိတ်ပျက်စွာနှင့် ပျံချီအားကြည့်လိုက်သည်။.
“မင်းကသာ ဖမ်းမယ်ဆီးမယ်ပြောနေတာ၊ မိစ္ဆာဖမ်းတပ်တွေ အင်အားဘယ်မှာရှိတော့လို့လဲကွ”
ပျံချီက ပြုံးလိုက်ပြီး
“အို၊ အတွင်းဝန်မင်းကြီးကလည်း မင်းကြီးက မိစ္ဆာဖမ်းတပ်တွေကို အားရတော်မူလို့ သူရဲကောင်းတွေ ချီးမြှင့်ထားတယ်မဟုတ်လား၊ သူတို့က ဓါးရေး၊ လှံရေးနဲ့ တိုက်ခိုက်ရေးမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီးတဲ့လက်ရွေးစင်တပ်သားတွေပါ၊ မိစ္ဆာမဖမ်းဖူးသေးပေမယ့် သူတို့နဲ့အလုပ်ဖြစ်ပါတယ်”
အတွင်းဝန်မင်းကြီးက ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ မင်းက ဖမ်းမယ်သာပြောနေတာ၊ ငခမ်းအခုဘယ်ရောက်နေသလဲဆိုတာကိုရော သိရဲ့လား”
“မပူပါနဲ့ အတွင်းဝန်မင်းကြီး၊ လင်းနို့တစ်ကောင်က အချိန်တန်ရင် သူ့ဂူကို ပြန်စမြဲပဲမဟုတ်လား”
“အောင်မယ်၊ မင်းက ကဗျာဆန်နေပြန်ပါပြီ၊ မင်းဆိုလိုတဲ့သဘောက လွိုင်နန်းဖတောင်ဆီကို ပြန်မယ်ဆိုတဲ့သဘောလား”
အတွင်းဝန်မင်းကြီးအမေးကြောင့် ပျံချီက ခေါင်းကိုသွက်သွက်ခါလိုက်သည်။
“ကျွန်တော်ပြောချင်တာက သူ့ဇာတိရွာကို ပြန်မယ်လို့ပြောချင်တာပါ၊ ကျွန်တော်မျိုး စုံစမ်းထားသလောက်ကတော့ ငခမ်းက သူ့ဇာတိရွာမှာ သူချစ်ရတဲ့မိန်းကလေးကျန်နေခဲ့တယ်လို့ သိရပါတယ်၊ သူဒီကနေထွက်သွားပြီးရင် ကြိမ်းသေပေါက် သူ့ရွာကို ပြန်မှာပါပဲ”
အတွင်းဝန်မင်းကြီး အလွန်အားရဝမ်းသာဖြစ်သွားသည်။ ပျံချီက ဆက်လက်ပြီး
“ဒါတင်မကသေးပါဘူး၊ လင်းနို့ကြောက်တဲ့ ဂျင်းဖြူတွေကို ကျွန်တော်မျိုးတို့ရဲ့ ဓါးလှံလက်နက်တွေမှာ တပ်ဆင်သွားပြီး အများအပြားပြင်ဆင်သွားရင် အဲဒီငခမ်း ခံနိုင်မယ်မထင်ပါဘူး အတွင်းဝန်မင်းကြီး”
“အေး၊ ကောင်းပြီ၊ ဒါပေမယ့် ပျံချီ၊ မင်းကိုတစ်ခုမှာလိုက်မယ်၊ ငခမ်းကိုတွေ့ရင် တိုက်ခိုက်ဖို့မကြိုးစားနဲ့၊ သူ့ကိုဖြောင်းဖျပြီး နေပြည်တော်ကို အပါပြန်ခေါ်လာခဲ့ရမယ်”
“စိတ်ချပါအတွင်းဝန်မင်းကြီး”
“အေး၊ ငါမင်းတို့အတွက် မင်းအမိန့်တစ်စောင်ကို မင်းကြီးကိုယ်စားရေးပေးလိုက်မယ်၊ နယ်ခံစော်ဘွားတွေနဲ့ ပူးပေါင်းပြီးတော့ လှုပ်ရှားကြဟေ့၊ နောက်ပြီးတော့ မင်းတို့လိုအပ်တာ မှန်သမျှ ငါ့ကိုတင်ပြကြစမ်း”
“လိုအပ်တာကတော့ ဓါးကောင်း၊ လှံကောင်းနဲ့ မြင်းကောင်းတွေပဲလိုပါတယ် အတွင်းဝန်မင်းကြီး”
“အေးကွယ်၊ ဓါးကောင်းလှံကောင်းအတွက် လက်နက်ဝန်ထံကို စာချွန်ရေးပေးလိုက်မယ်၊ မြင်းကောင်းအတွက်တော့ မြင်းဝန်ထံမှာ တောင်းကွဲ့၊ မင်းတို့လိုတာ မှန်သမျှ ရစေရမယ်”
ပျံချီလည်း အတွင်းဝန်မင်းကြီး ရေးပေးလိုက်သည့် စာချွန်များကိုယူကာ ထွက်ခွာသွားရန်ပြင်ဆင်လိုက်သည်။ ပျံချီထွက်ခါနီးတွင် အတွင်းဝန်မင်းကြီး အသေအချာမှာလိုက်သည်။
“ပျံချီ၊ မင်းလိုချင်တာအားလုံး ငါပေးထားတယ်၊ မင်းငါ့ကို လုပ်ပေးရမှာက တစ်ခုထဲပဲ၊ အဲဒါကတော့ ငခမ်းကို အပါပြန်ခေါ်ခဲ့”
ပျံချီက ခေါင်းညိတ်ပြလိုက်ပြီး ခံတပ်အပြင်သို့ထွက်ခဲ့သည်။ စီတန်းနေကြသည့် လက်ရွေးစင်ရဲမက်များကိုကြည့်လိုက်ပြီး
“ကဲ သူရဲကောင်းတို့၊ ငါတို့အခု ဘုရင့်အရေးတော်တစ်ခုကို ထမ်းရွက်ကြရမယ်၊ မင်းတို့စိတ်ကြိုက် ဓါးလှံလက်နက်တွေကို လက်နက်တိုက်မှာ သွားရောက်ယူငင်ကြရမယ်၊ အကောင်းဆုံး မြင်းတွေကိုတော့ မြင်းဝန်ရဲ့ တော်ဝင်မြင်းတင်းကုပ်ကနေ သွားယူကြမယ်၊ ပြီးရင် ငါတို့အတူတူ ရှမ်းပြည်တက်ပြီး မောက်မယ်နယ်ကိုချီတက်ကြမယ်၊ အဲဒီမှာ လင်းနို့ဆိုးကို လက်ရဖမ်းဆီးကြမယ်”
ပျံချီက သူ့လက်ထဲမှ စာချွန်တော်ကို လေပေါ်မြှောက်တင်လိုက်လေသည်။ ထိုအခါ ရဲမက်များကလည်း အားရဝမ်းသာဖြင့် ဟစ်ကြွေးလိုက်ကြတော့သည်။ ရဲမက်များမှာ မြင်းတင်းကုပ်သို့သွားပြီး တစ်နေ့လျှင် တိုင်နှစ်ရာပြေးနိုင်သည့် သိန္နောမြင်းကောင်းများကို ယူငင်ကြသလို၊ လက်နက်တိုက်မှလည်း ဓါးကောင်း လှံကောင်းများနှင့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်လိုက်ကြပြီး အမရပူရမြို့အတွင်းမှထွက်ခွာလာကြသည်။
မိစ္ဆာဖမ်းသည့် တပ်ဖွဲ့များကို ဖျက်သိမ်းလိုက်ပြီး ပျံချီက မိစ္ဆာဖမ်းတပ်မှူးအဖြစ် ဘွဲ့ခံလိုက်ကာ မိစ္ဆာဖမ်းသူများကို တစ်ဦးတည်းဦးဆောင်လေသည်။ ပျံချီ၏ မိစ္ဆာဖမ်းတပ်သားအသစ်များမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်မို့ မြင်းပေါင်းနှစ်ရာပါသည့် မြင်းတပ်ကြီးတစ်ခုအသွင်ဖြင့် မြောက်ဘက်သို့ချီတက်သွားလေသည်။
ပျံချီကိုယ်တိုင်လည်း ရွှေကျိုင်းအမည်ရ မြင်းဖြူတစ်ကောင်ကို စီးနင်းခဲ့ကာ မိစ္ဆာဖမ်းတပ်ကြီးကို ဦးဆောင်ကာ ချီတက်လာခဲ့လေသည်။
(၂)
ကလောရွာကလေးသည် တောင်တန်းများအကြားတွင် အေးချမ်းစွာတည်ရှိနေသည်။ ကလောရွာကလေးမှာ ရှမ်းပြည်တောင်ပိုင်းနှင့် မြေပြန့်ဒေသကို ချိတ်ဆက်ထားသည့် ကုန်သည်လမ်းကြောင်းပေါ်တွင်တည်ရှိသော်လည်း မဖွံ့ဖြိုးလှပေ၊ မြေပြန့်မှတက်လာသည့် ခရီးသွားများ တစ်ညအိပ်ရပ်နားကြသည့် ရွာကလေးတစ်ရွာသာဖြစ်သည်။ ပလောင်စကားအရ ကလောက်ဟုခေါ်ပြီး အဓိပ္ပါယ်မှာ ဒယ်အိုးပုံသဏ္ဍာန်ရှိသည့် ရွာကလေးဟု အဓိပ္ပါယ်ရသည်။ ရွာပတ်ပတ်လည်အား တောင်စဉ်တောင်တန်းများဖြင့် ဝန်းရံထားသဖြင့် ရွာကလေးမှာ ဒယ်အိုးပုံစံခွက်ခွက်ကလေး တည်ရှိနေသောကြောင့်ဖြစ်သည်။
ငခမ်းက သူ့ကိုလင်းနို့မှန်းမရိပ်မိစေရန်အတွက် ခြေလျင်သာခရီးဆက်ခဲ့သည်။ ကလောသို့ရောက်သည့်အခါ ကုန်သည်လမ်းအတိုင်းမသွားဘဲ လူမသွားသည့်တောအုပ်ကြီးအတွင်းမှ ဖြတ်သန်းကာ အောင်ပန်းသို့ဦးတည်သွားနေမိသည်။ လူသုံးများသည့် လမ်းကသွားပါက သူ့ကိုလူတွေမြင်နိုင်သည်၊ သူမသေဘူးဆိုသည့်အကြောင်းကို ရဲမက်များသိသွားသဖြင့် သူ့အားလိုက်လံဖမ်းဆီးနေမည်ကိုလည်း စိုးရိမ်၍ဖြစ်သည်။
တောအုပ်ကြီးက မှောင်မိုက်လွန်းပြီး တိတ်ဆိတ်နေသော်လည်း ငခမ်းကတော့ ထိုတောကြီးအတွင်း တရွှေ့ရွေ့နှင့် ဆက်လျောက်လာနေသည်။ ရာသီဥတုက အနည်းငယ်အေးချမ်းသော်လည်း ငခမ်းတစ်ယောက် အပေါ်ပိုင်းဗလာကျင်းနှင့်သွားလာနေခြင်းဖြစ်သည်။ ကျိန်စာသင့်သွားကတည်းက ငခမ်းမှာ အေးခြင်း၊ ပူခြင်း စသည့်ခံစားမှုမျိုးကို မခံစားရတော့ပေ။
“အု၊ ဝူး၊ ဝူး”
“မင်းကြားလိုက်သလား”
အသေးလေး၏ အသံတိုးတိုးကလေးထွက်ပေါ်လာခဲ့သည်။ ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ကျုပ်လည်းကြားရပါတယ်၊ တောခွေးတွေအော်တာဖြစ်မှာပါ”
“မဟုတ်ဘူးကွ၊ အခုတောအုပ်ကြီးက တိတ်ဆိတ်လွန်းနေတာ မထူးဆန်းဘူးလား”
“ကျုပ်ဘာမှမကြောက်ပါဘူးဗျာ၊ အခုဆိုကျုပ်ကိုဒုက္ခပေးနိုင်တဲ့လူ မရှိတော့ဘူးမဟုတ်လား”
အသေးလေးက တခစ်ခစ်နှင့် ရယ်မောလိုက်သည်။
“အေးပေါ့ကွာ၊ မင်းကအခုတော့ ဘယ်ကြောက်တတ်မလဲ၊ ဒါနဲ့ ငါတို့သွားနေတဲ့နေရာကို ပျံပြီးသွားလို့မရဘူးလား”
ငခမ်းက လမ်းလျှောက်နေရင်း ရပ်တန့်လိုက်သည်။
“စည်သူဒီလိုဖြစ်ရတာဘယ်သူ့ကြောင့်လဲ၊ ကျုပ်တို့တွေအကုန်လုံး ပြိုကွဲကုန်တာ ဘယ်သူ့ကြောင့်လဲဗျ”
အသေးလေးပါးစပ်ပိတ်နေသည်။ ငခမ်းက
“အဲဒါကျုပ်ကြောင့်ပဲ၊ ကျုပ်သာ ညောင်ပင်ရိပ်က စားတဲမှာ လင်းနို့ပုံစံမပြောင်းလဲခဲ့ဘူးဆိုရင် ဒီအဖြစ်တွေတစ်ခုမှဖြစ်လာစရာမလိုဘူး”
“အဲဒါလည်း မင်းနဲ့မဆိုင်ပါဘူးကွာ၊ မင်းတစ်ယောက်တည်းလုပ်ခဲ့တာမှ မဟုတ်တာ”
“ဘာပဲပြောပြော စည်သူတို့မိသားစုတွေသေရတာ၊ ကျုပ်ရဲ့ အပြစ်မကင်းဘူးလို့ ကျုပ်ယူဆတယ်၊ ဒီတော့ ကျုပ်မလိုအပ်သရွေ့ ဘယ်တော့မှမပျံဘူး”
“ကောင်းပါပြီကွာ၊ မင်းသဘောပါ၊ ငါက ခြေညောင်းတာမှမဟုတ်တာ၊ အချိန်တန်တော့ မင်းပဲခြေညောင်းတာမဟုတ်လား”
“ခွပ်၊ ခွပ်၊ ခွပ်”
“တစ်ခုခုလာနေပြီ”
တောအုပ်အတွင်း မီးရောင်တစ်ခုကိုတွေ့လိုက်ရသဖြင့် ငခမ်းက ချက်ချင်းချုံပုတ်အတွင်းသို့လှဲချလိုက်သည်။ မကြာခင်တွင် မြင်းခွာသံများကြားရပြီး မြင်းတစ်ကောင်ပြေးလာခဲ့သည်။ မြင်းပေါ်တွင် လူတစ်ယောက်ပါလာကာ ထိုသူက မီးရှုးတိုင်တစ်တိုင်ကို ကိုင်ဆောင်ထားသည်။ ထိုလူ၏ ကျောကုန်းတွင် မြားကျည်တောက်နှင့် လေးတစ်လက်ကိုလွယ်လာသဖြင့် ထိုလူမှာ မုဆိုးတစ်ဦးဖြစ်နိုင်သည်ဟု ငခန်းက ခန့်မှန်းလိုက်သည်။ ထိုလူက မြင်းအနောက်တွင် ကြီးမားသည့် တောတိုးသံကြီးကိုကြားလိုက်ရသည်။ ထိုလူဖြတ်သွားပြီးသည့်နောက် သူတို့အနီးမှ အဝါနှင့်အနက်ရောင် အစင်းကျားရှိသည့် ကျားကြီးတစ်ကောင်က ဖြတ်ပြေးသွားသည်။
“မုဆိုးကို ကျားလိုက်နေတာဖြစ်မယ်၊ ဒီအတိုင်းဆိုရင် ဒီလူလွတ်ပါ့မလား”
ငခမ်းက ကျားသွားသည့်အနောက်သို့ ပြေးလိုက်လာခဲ့သည်။ ကျားမှာအတော်ကြီးမားပြီး ကိုးတောင်ခန့်ပင်ရှိလိမ့်မည်။ ကျားသွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်ငယ်များ၊ ချုံပင်များမှာ လဲပြိုပြီး လမ်းတစ်လမ်းဖြစ်လာခဲ့သည်။ ကျား၏ ပြေးနှုန်းက မြန်ဆန်လွန်းလှသည်မို့ မကြာခင် အရှေ့မှ မုဆိုးကို မီတော့မည်ဖြစ်သည်။
တောအုပ်အတွင်း သစ်ပင်များရှင်းလင်းနေသည့် ကွင်းကလေးတစ်ခုရှိသည်။ ထိုကွင်းကလေးဆီသို့ရောက်သည့်အခါ ကျားက လှမ်းခုန်အုပ်လိုက်ရာ မုဆိုး၏ မြင်းကိုလက်သည်းများဖြင့် ကုပ်ဆွဲမိသွားသည်။ မြင်း၏ တင်ပါးမှ အသားစိုင်ကြီးများမှာအတုံးလိုက်အတစ်လိုက် ပြတ်ထွက်သွားသဖြင့် ကျားလက်သည်း မည်မျှထက်မြက်လှသည်ကို မှန်းဆသိနိုင်သည်။ မြင်းလဲကျသွားရာ မြင်းပေါ်မှလူလည်း အရှေ့သို့ဟပ်ထိုးလဲကျသွားပြီး ဒလိမ့်ခေါက်ကွေး လိမ့်သွားသည်။ ထိုလူက ပြန်ထလိုက်သည့်အခါ ကျားကြီးက ထိုလူအားအသေအချာကြည့်နေလေသည်။
“ဝေါင်း”
ကျားက ခုန်အုပ်ရန်ပြင်ဆင်နေစဉ်မှာပင် ငခမ်းက ကျားအနောက်သို့ပြေးသွားလိုက်ကာ ကျား၏အမြီးကိုဆောင့်ဆွဲထည့်လိုက်သည်။
“ဂီး”
ငခမ်းအားကြောင့် ကျားက အမြှီးနာကျင်သွားပုံရသည်။ ငခမ်းဆီသို့ချက်ချင်းလှည့်လိုက်ပြီး လက်သည်းများနှင့် ပုတ်ထည့်လိုက်သည်။ ငခမ်းက ညာဖက်လက်ဖြင့် ကာကွယ်လိုက်သောအခါ ကျားလက်သည်းများက ငခမ်းအသားကိုမခြစ်မိဘဲ ကျောက်တုံးတစ်တုံးကို ခြစ်မိသွားသလိုသာ ဖြစ်သွားလေသည်။ ကျားကြီးက ငခမ်းအားအသေအချာကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“ဝေါင်း”
ငခမ်းတစ်ယောက် ကျားကြီးကို အံ့သြစွာဖြင့်ကြည့်နေမိသည်။ ကျားကြီး၏ ခေါင်းတွင် ဦးခေါင်းနှစ်ခုပါဝင်နေခြင်းဖြစ်သည်။ ဦးခေါင်းတစ်လုံးရှိ မျက်လုံးကြီးမှာ အစိမ်းရောင်ဖြစ်နေပြီး ဦးခေါင်းတစ်လုံးရှိ မျက်လုံးမှာတော့ အနီရောင်တောက်ပနေလေသည်။
“လုပ်တော့”
ထိုအခါ သစ်ပင်များပေါ်မှ လူအများအော်ဟစ်သံကိုကြားလိုက်ရပြီး မိုးပေါ်မှနေ၍ လှောင်အိမ်ကြီးတစ်ခုပြုတ်ကျလာလေသည်။ မြေပြင်တွင်ရပ်နေသည့် ငခမ်းနှင့် ကျားကြီးအား လှောင်အိမ်ကြီးက အုပ်ဆိုင်းသွားလေသည်။ လှောင်အိမ်မှာ လူကြီးလက်မောင်းလုံးခန့်ရှိသည့် သစ်သားလုံးကြီးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အတော်ကြီးများသည်။
“ဟား၊ ဟား၊ မိပြီကွ”
“မင်းဘယ်ပြေးမလဲ”
သစ်ပင်များပေါ်မှ လူများက ကြိုးများဖြင့်ဆင်းလာပြီး ပျော်ရွှင်စွာရယ်မောနေကြသည်။ ကျားကြီးက ငခမ်းကိုပင် အရေးမစိုက်နိုင်တော့ဘဲ လှောင်အိမ်ကြီးကိုလှည့်ပတ်ကြည့်နေလေသည်။
“မင်းပြေးလို့မလွတ်တော့ပါဘူး၊ ဟင်းကောင်ကြီးရာ”
ယောက်ျားများက လှံများဖြင့် လှောင်အိမ်အနီးသို့ကပ်လာခဲ့သည်။ အရှေ့မှ မြင်းဖြင့်ပြေးသည့် မုဆိုးက လှောင်အိမ်အပေါက်တစ်ခုမှနေ၍ အပြင်သို့လေးဖက်ကုန်းကာ ထွက်ခွာသွားသည်။ ထို့နောက်လှောင်အိမ်အပေါက်များမှတစ်ဆင့် လှံတံများကိုထိုးသွင်းကာ ကျားကြီးကိုတိုက်ခိုက်လေသည်။ လှောင်အိမ်ကြီး၏ အပေါက်များမှာ လူတစ်ဦးဝင်ထွက်နိုင်သော်လည်း ကျားကြီးအနေဖြင့် ထိုအပေါက်မှ ထွက်ရန်မဖြစ်နိုင်ပေ။
“ဂါး၊ ဂရား”
ကျားကြီးမှာ လှံတံများစူးသဖြင့် အော်ဟစ်နေလေသည်။ နောက်တော့ ထိုလှံတံများကို လက်ဖြင့်ပုတ်ထည့်လိုက်ရာ လှံတံများမှာ အပိုင်းပိုင်းကျိုးပြတ်ကုန်သည်။ ကျားကြီးက အနောက်သို့နည်းနည်းဆုတ်လိုက်ပြီး လှောင်အိမ်ကြီးကို ဦးခေါင်းနှင့်တိုက်ထည့်လိုက်ရာ လှောင်အိမ်ရှိသစ်လုံးကြီးများ ပြုတ်ထွက်ကုန်ပြီး လှောင်အိမ်ပျက်စီးသွားလေသည်။
“ဟာ၊ ဟင်းကောင်ကြီး လွတ်သွားပြီဟေ့”
လူများမှာ အကြောက်ကြောက်အလန့်လန့်နှင့် သစ်ပင်များကြားသို့ ပြေးဝင်ကြလေသည်။ ကျားကြီးက လှောင်ချိုင့်အတွင်းမှ တိုးထွက်ပြီး သူ့အနီးတွင် တွေ့သူများကို လက်ဖြင့်ပုတ်လိုက်သည်။ အနီးရှိ လှံကိုင်လူနှစ်ယောက်မှာကျားပုတ်သည့်ဒဏ်ကို ခံလိုက်ရပြီး ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားလေသည်။ ထိုစဉ် သစ်ပင်ပေါ်မှ လူတစ်ယောက်က ခုန်ဆင်းလာလေသည်။
“မကြောက်နဲ့၊ ဒီကောင်ကြီးကို ငါထိန်းမယ်”
ထိုလူက ရှမ်းတစ်ယောက်ဖြစ်ပြီး ကတုံးကိုပြောင်နေအောင်တုံးထားသည်။ ကိုယ်ခန္ဓာတွင်လည်း ကျားသားရေကို ဝတ်ဆင်ထားသည်။ လက်တွင်တော့ သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သစ်သားတုတ်ထိပ်တွင်တော့ အဖြူရောင်ပိတ်စရှည်များကို တပ်ဆင်ထားသည်။
“ဖေ့သားကြီး ဒီကိုကြည့်လိုက်စမ်း”
သူ့ခါးတွင်ပတ်ထားသည့် အိတ်ထဲမှ ဆေးမှုန့်တစ်ချို့ကိုဖြန်းလိုက်သောအခါ ပတ်ဝန်းကျင်တွင် အနံ့တစ်မျိုးက ထွက်ပေါ်လာလေသည်။ ကျားကြီးက ထိုလူအား ကိုက်စားမည့်ဟန်ဖြင့် ဒေါသတကြီး ကြည့်နေလေသည်။ ထိုလူကတော့ တဖြည်းဖြည်း ကျားကြီးအနီးသို့ကပ်သွားသည်။ သူ့လက်ထဲမှ နှစ်လံခန့်ရှိသည့် သစ်သားတုတ်ကိုလည်း ဝှေ့ယမ်းနေလေသည်။ သစ်သားတုတ်ဝှေ့ယမ်းသဖြင့် တုတ်ထိပ်တွင်တပ်ထားသည့် အဖြူရောင်ပိတ်စရှည်များမှာ လေတွင်ဝေ့၀ဲနေသည်။
“ဟောဒီကိုကြည့်၊ ဖေ့သားကြီး၊ ဟောဒီ တုတ်ကိုကြည့်စမ်း”
ကျားကြီး၏ ခေါင်းနှစ်လုံးစလုံး ထိုလူကြီး၏ တုတ်တံကိုလိုက်လံကြည့်ရှုနေကြသည်။ ထိုလူကြီးက တုတ်ကိုလှည့်ရင်းတဖြည်းဖြည်း အနီးသို့တိုးကပ်သွားသည်။
“ဟုတ်ပြီ၊ လိမ္မာတယ် ငါ့ကောင်ကြီးရာ၊ အခုငါ့လက်ဝါးကိုကြည့် ငါ့လက်ဝါးကိုကြည့်”
လှည့်နေသည့်တုတ်ကို ပစ်ချလိုက်ပြီး သူ့လက်ဝါးကိုထိုးပေးသည်။ ကျားကြီးက တွေတွေကြီးနှင့် ထိုလူ၏ လက်ဝါးကိုကြည့်နေလေသည်။ နောက်တော့ သူ့လက်ဝါးက ကျားကြီး မျက်နှာအရှေ့သို့ရောက်သွားပြီး ကျားခေါင်းကြီးကို ပွတ်သပ်ပေးနေလေသည်။ ကျားကြီးမှာ ခုနက စားမည့်ဝါးမည့်ပုံစံဖြင့် ဒေါသထွက်နေသော်လည်း ယခုတော့ သခင်ကိုတွေ့သည့် ကြောင်ကလေးတစ်ကောင်အလား ငြိမ်သက်သွားကာ ထိုလူကြီး၏ အပွတ်အသပ်ကိုခံနေလေသည်။
“ရပြီဟေ့၊ သူ့ကို သံကြိုးနဲ့ချည်နှောင်လိုက်ကြတော့”
ထိုတော့မှ သူ့တပည့်များက သစ်ပင်များကြားမှ ပြန်ထွက်လာကြကာ ကျားကြီးကို သံကြိုးများဖြင့် ချည်နှောင်နေလေသည်။ ထိုလူကြီးက ကျားကြီး၏ ခေါင်းအနားသို့ကပ်လိုက်ပြီး
“မပူပါနဲ့၊ မင်းကိုငါတို့က အန္တာရာယ်မပြုပါဘူး၊ မင်းငါတို့နဲ့လိုက်ရင် ကောင်းကောင်းနေပြီး၊ ကောင်းကောင်းစားရုံပဲကွ”
ကျားကြီးက ထိုလူကြီးပြောသည့်စကားကို နားလည်သည့်အလား သူ့ကိုသံကြိုးခတ်နေသည့် လူများကိုပင် ဘာမှပြန်မလုပ်တော့ဘဲ ခေါင်းငုံ့၍ ဝပ်ဆင်းပေးလိုက်သည်။ ထိုလူကြီးက ငခမ်းဆီသို့လမ်းလျှောက်လာပြီး မြေပြင်တွင်ဖင်ထိုင်လျက်သွား လဲကျနေသည့်ငခမ်းအား လက်ကမ်းပေးလိုက်ရာ ငခမ်းက ထိုလူကြီးလက်ကိုလှမ်းဆွဲကာ ထလိုက်တော့သည်။
“မင်းက ကျားမြှီးကိုတောင် ဆွဲရဲတယ်ဆိုတော့ တော်တော်သတ္တိကောင်းတဲ့သူပဲကွ၊ မင်းနာမည် ဘယ်လိုခေါ်သလဲ”
“ကျုပ်၊ ကျုပ်နာမည် ခခွေး”
ထိုလူကြီးက ငခမ်းနာမည်ကြားသည့်အခါ ရယ်မောလိုက်သည်။
“မောင်ခခွေးတဲ့လား၊ ကောင်းတာပေါ့ကွာ”
ငခမ်းက သူ့နာမည်ကိုပြောလိုက်လျှင် သူ့ကိုသိသွားနိုင်သည်မို့ နာမည်ကိုလွှဲပြောရန်စဉ်းစားရာမှ အကြံမထွက်သည့်အဆုံး ခခွေးဟုသာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒါနဲ့ ခင်ဗျားကရော ဘယ်သူလဲ”
ငခမ်းမေးလိုက်သည့်အခါ ထိုလူကြီးက ရယ်မောလိုက်လေသည်။ ထို့နောက် သူ့လူများဘက်သို့လှည့်လိုက်ပြီး
“ဟေ့ကောင်တွေ၊ ဟောဒီက မောင်ခခွေးက ငါ့နာမည်ကို သိချင်လို့တဲ့၊ မင်းတို့ဖြေပေးလိုက်ကြစမ်းကွာ”
“ကျားမုဆိုး ဘတိုး၊ ကျားမုဆိုး ဘတိုး”
“ဘတိုးတဲ့လား”
ငခမ်းရေရွတ်လိုက်တော့ ဘတိုးဆိုသူက ကျေနပ်စွာပြုံးလိုက်သည်။
“ငါ့နာမည် မောင်တိုးပေါ့ကွာ၊ ကျားဖမ်းတာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီဆိုတော့ ကျားမုဆိုး ဘတိုးဆိုတဲ့ နာမည်ကိုရလာခဲ့တာပဲ၊ ဒီလူတွေကတော့ ငါ့တပည့်တပန်းတွေပေါ့ကွာ”
ကျားကြီးကို ချည်နှောင်ပြီးသွားကြပြီမို့ ကြီးမားသည့် ဘီးတပ်လှည်းကြီးပေါ်သို့ တင်ဆောင်လိုက်ပြီး ဆင်နှစ်ကောင်ဖြင့် ဆွဲရလေသည်။ ကျားကြီးအနီးသို့ ဘတိုးက ကပ်သွားလိုက်ပြီး ကျားပါးကိုသူ့လက်ဖြင့်ပွတ်လိုက်ကာ
“အိပ်တော့ ဖေ့သားကြီး”
ကျားကြီးမှာ မျက်လုံးများမှေးစင်းလျှက် အိပ်ပျော်သွားလေသည်။ ဘတိုးတပည့်များက ကျားကြီးအပေါ်သို့ ကြီးမားလှသည့် ပိတ်စကြီးများဖြင့် လွှမ်းခြုံလိုက်ကာ လှည်းကိုဆွဲလာခဲ့ကြသည်။
“လာစမ်းပါ မောင်ခခွေးရဲ့၊ ငါတို့ကလောရွာကလေးမှာ သွားပြီးစားသောက်ကြရအောင်၊ မင်းရဲ့သတ္တိကိုလဲ ငါဂုဏ်ပြုချင်လို့ပါကွ”
ငခမ်းလည်း ငြင်းမရတော့သည်မို့ ကျားမုဆိုး ဘတိုးအနောက်သို့ လိုက်လာခဲ့တော့သည်။
(၃)
ကလောရွာကလေးက တိတ်ဆိတ်နေဆဲဖြစ်သည်။ ရွာနှင့် အတန်ငယ်ဝေးသည့် တောင်ကုန်းကလေးပေါ်တွင် လှည်းများကိုဝိုင်းကာ စခန်းဖွဲ့ထားကြသည်။ ထိုစခန်းမှာ ဘတိုးတို့၏ စခန်းပင်ဖြစ်သည်။ ကျားဖမ်းသည့်အဖွဲ့ဝင်မုဆိုးများ ပြန်ရောက်လာကြပြီး ကျားထည့်ထားသည့်လှည်းကို သူတို့စခန်းဘေးတွင်ရပ်ထားလိုက်သည်။
“ကဲ လုပ်စရာရှိတာ အရင်လုပ်ကြမယ်ဟေ့”
ကြိးမားသည့် မီးပုံကြီးကိုဖိုလိုက်ပြီး ဘတိုးက မီးပုံနံဘေးတွင် ထိုင်လိုက်လေသည်။ ထိုအခါ ကျန်သည့်အဖွဲ့ဝင်မုဆိုးများကလည်း မီးပုံပတ်ပတ်လည်တွင် ဝိုင်းထိုင်လိုက်ကြသည်။ စုစုပေါင်း အဖွဲ့ဝင် နှစ်ဆယ်ခန့်ရှိသည်။ ဘတိုးက သေတ္တာကြီးတစ်လုံးကိုဖွင့်လိုက်ပြီး အိတ်တစ်လုံးကိုဆွဲထုတ်လိုက်ကာ သူ့အရှေ့မြေပြင်တွင် အိတ်ကိုသွန်ချလိုက်သည်။ အိတ်အတွင်းမှ ရွှေတုံးကလေးများထွက်ကျလာလေသည်။
“ဒါက ငါတို့ရထားတဲ့စရံငွေပဲ၊ အခု ကျားကိုမိပြီဆိုတော့ ဒီစရံငွေတစ်ဝက်ကို ငါတို့ခွဲယူကြမယ်၊ ကျန်တဲ့တစ်ဝက်ကိုရပြီးရင် ငါတို့ထပ်ခွဲမယ်၊ ဟုတ်ပြီလား”
တပည့်များက ခေါင်းညိတ်လိုက်သည့်အခါ ဘတိုးက ရွှေတုံးကလေးများကို ကောက်ယူကာ ရေတွက်နေသည်။ ရွှေတုံးကလေးများမှာ လက်သည်းခွံသာသာ ခန့်ရှိသည်။
“ဟိုကောင်ငမိုးက ကျားကိုမျှားပြီးခေါ်လာတဲ့အတွက် မင်းက ရွှေလေးတုံးယူ”
ရွှေတုံးကလေးများကို ပစ်ပေးလိုက်သည့်အခါ မြင်းစီးပြီး ကျားရှေ့ကနေပြေးခဲ့သည့် မုဆိုးက ရွှေတုံးကလေးများကို ဖမ်းယူလိုက်သည်။
“ကျန်တဲ့သူတွေကတော့ တစ်ယောက်ကို နှစ်တုံးစီပေါ့ကွာ”
ထိုနည်းတူ ရွှေတုံးကလေးများကို ပစ်ပေးရာ မုဆိုးများက ဖမ်းယူကြသည်။
“သေသွားတဲ့နှစ်ယောက်အတွက်တော့ စိတ်မကောင်းစရာပဲကွာ၊ သူတို့တစ်ယောက်ကို ရွှေငါးတုံးပေးမယ်၊ သူတို့မိသားစုတွေဆီကို မင်းတို့ကြ့ုံတဲ့အခါ ပို့ပေးလိုက်ကြ”
ဘတိုးက သူ့ဘေးတွင်ထိုင်နေသည့် လူတစ်ဦးကို ရွှေတုံးကလေးများပေးလိုက်သည်။
“ဒါနဲ့ ကျုပ်တို့ သေသွားတဲ့မုဆိုးနှစ်ယောက်ကို ဘယ်နားမှာ မြှုပ်ပေးကြမလဲ”
မုဆိုးတစ်ယောက်က မေးလိုက်သည့်အခါ ဘတိုးက ပြုံးရယ်လိုက်သည်။
“ဒီအတိုင်းမြှုပ်လိုက်ရင် နှမြောစရာကြီးကွာ၊ ငါတို့သားကြီး နိုးလာရင် ဗိုက်ဆာနေလိမ့်မယ်၊ သူ့ကိုကျွေးလိုက်တော့ အလကားမဖြစ်တော့ဘူးပေါ့ကွာ၊ ကဲ၊ ခေါင်ရည်တွေယူလာကြဟေ့”
ခေါင်ရည်စဉ့်အိုးများကို မုဆိုးများက ယူလာကြသည့်အခါ ဘတိုးတို့တစ်ဖွဲ့လုံးခေါင်ရည်ကို အငမ်းမရသောက်သုံးကြသည်။ မုဆိုးအချို့က အသားများကို မီးပုံနံဘေးတွင် တံစို့ထိုးကာ ကင်လျှက် စားသောက်နေကြလေသည်။
“သောက်ပါကွ၊ မောင်ခခွေးရ”
ဘတိုးက ငခမ်းအား ခေါင်ရည်ထည့်ထားသည့် ဝါးဆစ်ပိုင်းတစ်ခုကိုပေးလိုက်သည့်အခါ ငခမ်းက ခေါင်ရည်ကို အကုန်မော့ချလိုက်သည်။ ဘာအရသာမှန်းမသိသလို၊ ဘာအနံ့မှလည်းမရပေ။
“ကောင်းရဲ့လားကွ”
“ကောင်းပါတယ်”
ထိုအခါ ဘတိုးက မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲမှ ခေါင်ရည်ခွက်ကို မိုးပေါ်မြှောက်လိုက်သည်။
“အားလုံးနားထောင်ကြစမ်း၊ ငါတို့ဂုဏ်ပြုစရာ နောက်တစ်ယောက်ရှိသေးတယ်၊ သူကတော့ ဟောဒီက မောင်ခခွေးပဲ၊ ခေါင်းနှစ်လုံးကျားကိုတောင် အမြှီးဆွဲရဲတဲ့သူဆိုတော့ ငါတို့ဂုဏ်မပြုသင့်ဘူးလား”
“ဂုဏ်ပြုပါတယ်”
“ကဲ၊ ဒီခွက်ကတော့ မင်းရဲ့သတ္တိအတွက် ဂုဏ်ပြုတာပဲ”
ဘတိုးတို့ အကုန်ခေါင်ရည်မော့သောက်လိုက်ရာ ငခမ်းလည်း လိုက်ပြီးမော့လိုက်ရသည်။ ဘတိုးက ငခမ်းအနီးတွင် ထိုင်လိုက်ကာ ငခမ်းပုခုံးကိုဖက်လိုက်သည်။ ငခမ်းလက်မောင်းရှိ ကြွက်သားများကို ဖြစ်ညှစ်လိုက်သေးသည်။
“ညီလေးခခွေး၊ မင်းရဲ့ ဗလကိုရော၊ မင်းရဲ့သတ္တိကိုရော ငါကြိုက်သွားပြီကွာ၊ မင်း ငါတို့အဖွဲ့ထဲကိုဝင်မလား”
ငခမ်းစဉ်းစားနေမိသည်။
“အဖွဲ့ထဲဝင်ရင် ကျုပ်ဘာရမှာလဲ”
“ဟား၊ ဟား မင်းကိုယ်မင်း ကျားမုဆိုးဘတိုး အဖွဲ့ကလို့ပြောလိုက်တာနဲ့ ဟောဒီရှမ်းပြည်တစ်ခွင်လုံးမှာ မင်းကိုအန္တာရယ်ပြုရဲတဲ့သူမရှိဘူးကွ”
ငခမ်းမျက်လုံးများအရောင်လက်သွားသည်။
“ဟုတ်ပါ့မလားဗျာ၊ ဒါဆိုရဲမက်တွေကော ကျုပ်တို့ကိုမဖမ်းရဲဘူးလား”
ဘတိုးက ပြုံးလျှက် ခေါင်ရည်တစ်ခွက်ကိုမော့သောက်လိုက်သည်။
“ညည့်နက်သန်းခေါင်ကြီး တောအုပ်ထဲမှာ သွားနေကတည်းက ငါ့ညီက တစ်ခုခုပဲဆိုတာ ငါသိပြီးသားပါကွ၊ ငါ့ညီက ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခဲ့ပုံရတယ်”
ငခမ်း ခေါင်းသာညိတ်လိုက်သည်။ ဘတိုးက အဖွဲ့ထဲမှ လူတစ်ယောက်ကိုကြည့်လိုက်ပြီး
“ဟိုးမှာတွေ့လား၊ အဲ့ကောင်နာမည်က ငမိုးတဲ့၊ သူက လူကိုးယောက်ကိုသတ်ခဲ့လို့ မိုးမိတ်စော်ဘွားက သေဒဏ်ချထားတဲ့သူကွ၊ အခုငါ့အဖွဲ့ထဲကိုရောက်တော့ သူ့ကိုဘယ်သူက လာဖမ်းရဲသလဲကွ”
“တ၊ တကယ်ဆိုရင်တော့ကျုပ်လည်း အဖွဲ့ထဲဝင်ချင်ပါတယ်”
“ငါလိမ်မပြောပါဘူးကွာ၊ မှတ်ထားကွ၊ ငါတို့တစ်ဖွဲ့လုံးက တစ်သားတည်းပဲဖြစ်နေရမယ်၊ ငါတို့အဖွဲ့က လူတိုင်းရဲ့ဒုက္ခက ငါတို့တွေအားလုံးရဲ့ ဒုက္ခပဲကွ၊ ကဲ ဟေ့ကောင်တွေ၊ ငါတို့အဖွဲ့ရဲ့ ဆောင်ပုဒ်ကို ရွတ်ပြလိုက်စမ်းကွာ”
“မကောင်းရင်အတူတူခံ၊ ကောင်းရင် အတူတူစံကြမယ်ဟေ့”
အဖွဲ့သားများက မူးမူးရူးရုးနှင့် အော်ဟစ်လိုက်ကြလေသည်။ ငခမ်းလည်း အဖွဲ့ထဲဝင်ရန်ဆုံးဖြတ်လိုက်သည်။ အကြောင်းကတော့ သူလိုရာခရီးရောက်ဖို့အတွက် တောလမ်းမှသာ သွား၍မရပေ၊ လမ်းတွင် မြို့များ၊ နယ်များကိုဖြတ်ကျော်ရဦးမည်ဖြစ်ရာ ဘတိုးတို့အဖွဲ့နှင့် လိုက်သွားလျှင် အဆင်ပြေနိုင်သောကြောင့်ဖြစ်သည်။
“ကျုပ်၊ ကျုပ် အဖွဲ့ထဲဝင်မယ် ကိုဘတိုးရာ”
ဘတိုးက ငခမ်းညာဖက်လက်ကိုလှမ်းဆွဲလိုက်သည်။ ထို့နောက် လက်ကိုမိုးပေါ်ထောင်လိုက်လေသည်။
“ကဲ အခုအချိန်ကစပြီး မောင်ခခွေးဟာ ငါတို့အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီဟေ့”
အခြားလူများလည်း အော်ဟစ်အားပေးလိုက်ကြသည်။ သန်းခေါင်ယံအချိန် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် သူတို့အဖွဲ့မှ အော်သံတွေက ဆူညံစွာထွက်ပေါ်လာလေသည်။
(၄)
“မင်းလုပ်တဲ့အလုပ်အပေါ် ငါဘာမှမပြောချင်ပါဘူး ငခမ်းရာ၊ ဒါပေမယ့် အခုဟာက ကောင်းပါ့မလားကွ”
ငခမ်းအိပ်စက်ရန်ပြင်ဆင်နေသည့်အချိန် အသေးလေးက စကားပြောလာခြင်းဖြစ်သည်။
“ငါတို့ တောထဲကနေပဲ သွားလို့မရဘူးလေ၊ လမ်းအတိုင်းသွားရင် သုံးလေးရက်လောက်ဆို မောက်မယ်ကိုရောက်နိုင်တယ်မဟုတ်လား၊ ဒီတော့ သူတို့နဲ့လိုက်သွားတာ အကောင်းဆုံးပဲ”
“ငါကတော့ စိတ်ထဲတစ်မျိုးဖြစ်နေတယ်ကွ၊ ဒါနဲ့ ငါအဲဒီကျားကြီးကို အရမ်းစားချင်တာပဲ”
အသေးလေးက ပြောပြီး လျှာကိုသပ်နေသဖြင့် ငခမ်းထိတ်လန့်သွားသည်။
“ခင်ဗျားမဟုတ်တာမလုပ်နဲ့နော်၊ ခင်ဗျားဒီကောင်ကို စားလို့ကတော့ ဘတိုးနဲ့ ကျုပ်နဲ့သတ်ရပြီပဲ”
“အေးပါကွာ၊ ဒီကျားက မိစ္ဆာကွ၊ သူ့ဆီက မိစ္ဆာစွမ်းအင်တွေ ငါလိုချင်တယ်”
“ခင်ဗျား ငတ်ကြီးမကျနဲ့၊ ကျုပ်ခင်ဗျားကို အဆင်ပြေအောင်လုပ်ပေးမယ်၊ ကျုပ်ပြောတဲ့အတိုင်းသာ ငြိမ်ငြိမ်နေစမ်းပါ”
ငခမ်းတို့က မီးပုံကြီးနံဘေးတွင်သာ ဝိုင်းဖွဲ့ပြီး အိပ်စက်ကြခြင်းဖြစ်သည်။ အိပ်စက်သည်ဟုသာ ပြောသော်လည်း ငခမ်းကတော့ အိပ်မပျော်ဘဲ နိုးကြားနေလေသည်။ မကြာခင် ခေါင်းနှစ်လုံးကျားကြီး နိုးထလာခဲ့သည်။ ကင်းအဖြစ်စောင့်နေသူ တစ်ချို့က နှစ်ပိုင်းပြတ်နေသည့် လူသေအလောင်းကြီးကို ကျားကြီးထည့်ထားသည့် လှည်းပေါ်သို့တင်ပေးလိုက်သည်။ ကျားကြီးက လူသေအလောင်းကြီးကို အငမ်းမရ စားသောက်နေလေသည်။ ငခမ်းလည်း ကျားအနီးသို့ တိုးကပ်သွားသည်။
“မင်းဘာလာရှုပ်တာလဲ”
အစောင့်များက ငခမ်းကိုမေးသည်။
“ကျုပ်၊ အိပ်မပျော်လို့ပါ၊ နောက်ပြီး ဒီကျားကြီးကိုလည်း အနီးကပ်မမြင်ဖူးလို့ပါ”
“သိပ်အနီးမကပ်နဲ့ကွ၊ ကျားက လူနှစ်ယောက်နဲ့မဝလောက်ဘူး၊ မင်းပါ အစာထပ်ဖြစ်သွားမယ်၊ ဟား၊ ဟား”
အစောင့်နှစ်ယောက်က ထွက်ခွာသွားရာ ငခမ်းလည်းကျားကြီးအနီးသို့ ကပ်ခဲ့သည်။ လှည်းပေါ်မှကျားကြီးမှာ လဲလျှောင်းနေရင်း ငခမ်းအား အသေအချာစိုက်ကြည့်နေလေသည်။ ငခမ်းကို စားချင်နေပုံရသည်။ ငခမ်းက မကြောက်ဘဲ အနီးသို့ကပ်သွားလိုက်ကာ ကျားကြီး၏ ဦးခေါင်းကို ညာဘက်လက်နှင့် ပွတ်ပေးရန်ကြံစည်လိုက်သည်။
“မလုပ်နဲ့ငခမ်း၊ သူတို့ကြောက်နေကြတယ်”
အသေးလေးက စကားစပြောလာသည်။
“သူတို့ . . .ကျုပ်မြင်တာတော့ တစ်ကောင်တည်းပါပဲဗျာ”
“သူတို့က နှစ်ကောင်ကွ၊ ခေါင်းနှစ်လုံးဆိုတော့ စိတ်ကနှစ်ခုပေါ့၊ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ထဲဆိုတော့ နှစ်စိတ်တစ်ကိုယ်ပေါ့ကွာ၊ အနီရောင်မျက်လုံးက ကျားမလေးကွ၊ အစိမ်းရောင်မျက်လုံးကတော့ သူ့အကိုကျားထီးတဲ့”
“အောင်မယ်၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးသိတာလဲ”
“မာဂဓ ဘာသာစကားဆိုတာရှိတယ်ကွ၊ အဲဒီ မာဂဓဘာသာစကားဟာ လောကကြီးတစ်ခုလုံး တတ်မြောက်တဲ့စကားပဲ၊ ရှိရှိသမျှ သက်ရှိတွေ၊ တိရစ္ဆာန်တွေအားလုံးလိုလို အဲဒီစကားကိုပြောတတ်တယ်ကွ၊ တိရစ္ဆာန်တွေမှာတောင်မှာ အသံထွက်ပြီးပြောတဲ့ တိရစ္ဆာန်ရှိသလို၊ စိတ်ထဲကနေပြောတတ်တဲ့ တိရစ္ဆာန်ရှိတယ်ကွ”
“ဟုတ်ပါပြီ၊ သူတို့ကဘာပြောလဲ”
“လူသားကိုအရမ်းကြိုက်နေပြီတဲ့၊ သူတို့ထပ်စားချင်တယ်တဲ့”
“ငါလည်း မကူညီနိုင်ဘူးလို့ ပြောလိုက်စမ်းပါ”
ကျားခေါင်းနှစ်ခုက ငြိမ်သက်နေသော်လည်း အသံမထွက်ဘဲ မာဂဓဘာသာစကားနှင့် ပြောဆိုနေပုံရသည်။ ငခမ်းက ထိုဘာသာကို မကြားနိုင်သူမို့ တွေတွေကြီးရပ်ကြည့်နေမိသည်။
“သူတို့ကပြောတယ်၊ မင်းလည်း ဒီမှာမနေနဲ့တဲ့၊ ဆက်နေရင် မင်းကိုပါစားမိမယ်တဲ့”
“အောင်မာ မင်းတို့က ငါ့ကိုများစားချင်တယ်၊ ဟုတ်လာ”
ငခမ်းအနီးသို့ကပ်သွားတော့ ငခမ်းကိုယ်နံ့ကိုနမ်းကြည့်ပြီး ကျားကြီးက ကြောက်ရွံ့သွားသည်။
“သူတို့မှားပါတယ်တဲ့၊ မင်းကိုသူတို့က စားလို့မရဘူးတဲ့ ဘာလို့လဲဆိုတော့ မင်းက သူတို့နဲ့ဇာတ်တူသားတွေဖြစ်နေလို့ပဲတဲ့”
“ကျုပ်က ကျားမှမဟုတ်တာ”
“ကျားမဟုတ်ပေမယ့် မင်းက မိစ္ဆာမဟုတ်လား”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။