(ဖြစ်ရပ်မှန်တစ်ခုကိုပြန်လည်ရေးဖွဲ့ပါသည်)
(၁)
အချိန်အားဖြင့် ၁၉၁၀ခုနှစ်ဝန်းကျင်ခန့်ကဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံအား အင်္ဂလိပ်ကိုလိုနီများက အုပ်ချုပ်နေသည့်အချိန်လည်းဖြစ်သည်။ ရန်ကုန်မြို့ကြီးကို အင်္ဂလိပ်များက ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်အောင်တည်ထောင်ရာ ပုစွန်တောင်ရပ်ကွက်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစဉ်က ရန်ကုန်မြို့တွင် ပုစွန်တောင်ရပ်ကွက်မှာ အရှေ့ဘက်အကျဆုံးရပ်ကွက်တစ်ခုဖြစ်သလို တိုးတက်မှုအားနည်းသည့် ရပ်ကွက်တစ်ခုလည်းဖြစ်ပြန်သည်။ ထိုရပ်ကွက်တွင် အဆောက်အဦးကြီးကြီးမားမား သိပ်မရှိသေးဘဲ ပျံကျအလုပ်သမားများ အများအပြားနေထိုင်ကြသည့် ရပ်ကွက်ဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများစုမှာ ရန်ကုန်မြို့လယ်တွင် သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြသည်။ လူနေထူထပ်သည့် ဆင်းရဲသားရပ်ကွက်ကလေးဖြစ်သဖြင့် တဲအိမ်ကလေးများနှင့်သာ နေထိုင်ကြလေသည်။
ရန်ကုန်တွင်မွန်လူမျိုးများ ပေါများသည်ဖြစ်ရာ ပုစွန်တောင်တစ်ဝိုက်တွင်လည်း မွန်လူမျိုးအများအပြားနေထိုင်ကြသည်။ စင်စစ်အားဖြင့် ပုစွန်တောင်ဆိုသည့် အမည်နာမမှာလည်း မွန်အခေါ်အဝေါ်ကို ဗမာအသံဖြင့် အသံဖလှယ်ထားခြင်းဖြစ်သည်။ မွန်အမည်အရ ပုသုန်ဒေးဟုအမည်ရသည်။ ပုသုန်ဆိုသည်မှာ ငါးခုကို ဆိုလိုခြင်းဖြစ်ပြီး ဒေးဆိုသည်မှာကတော့ တောင်ကုန်းကလေးများကိုဆိုလိုခြင်းဖြစ်သည်။ ထိုအရပ်တွင်ရှိသည့် ညောင်ကုန်း၊ ပေတောကုန်း၊ မအူကုန်း၊ မလွှကုန်း၊ ပိနဲကုန်း စသည့် ကုန်းငါးကုန်းရှိရာအရပ်မို့ ခေါ်တွင်ကြခြင်းဖြစ်သည်။ ဗြိတိသျတို့က အောက်မြန်မာပြည်ကို သိမ်းယူလိုက်ပြီး ရန်ကုန်မြို့အဖြစ်တည်ဆောက်သည့်အခါ ပုသုန်ဒေးအဖြစ်ပင် တည်ရှိသေးသည်။ သို့သော် နောက်ပိုင်းဗမာများခေါ်ဝေါ်ကြရင်းသော်လည်းကောင်း၊ အင်္ဂလိပ်တို့က ခေါ်ဝေါ်ကြရင်းသော်လည်းကောင် ပုသုန်ဒေးအမည်မှ ပုစွန်တောင်ဟု ပြောင်းလဲသွားလေတော့သည်။
ကားလမ်းမများနှင့် ဝေးကွာသည့်နေရာတွင် အိမ်ကလေးများစုဖွဲ့ကာ ရွာကလေးများအဖြစ်နေထိုင်ကြလေသည်။ သူ့အစုနှင့်သူ၊ ကိုယ့်အစုနှင့်ကိုယ် ရွာကလေးများတည်လျှက်နေထိုင်ကြသည်။ မွန်တွေက မွန်ရွာတည်သလို၊ ကုလားများကလည်း ကုလားရွာတည်ဆောက်ကြသည်။ ရှမ်းများကလည်း ရှမ်းအစု၊ ဗမာများကလည်း ဗမာအစုနှင့် နေထိုင်ကြလေသည်။
(၂)
ထိုအိမ်စုကလေးများကို ရပ်ကွက်ဟုခေါ်သော်လည်း ရွာသဖွယ်သာရှိနေသေးသည်။ ထိုရွာများအလယ်တွင် ကွင်းကြီးတစ်ခုရှိသည်။ ထိုကွင်းကြီးကို တောင်လုံးပြန်ကွင်းဟုခေါ်ကြသည်။ ယခင်က ကွင်းကြီးထဲတွင် တောင်လုံးပြန်အပင်များပေါက်ရောက်နေသောကြောင့် ထိုနာမည်ကိုအစွဲပြုပြီး တောင်လုံးပြန်ကွင်းဟုခေါ်ကြသည်။ ကွင်းကြီးမှာ ဖုန်;ဆိုးမြေကြမ်းကြီးဖြစ်ပြီး စိုက်ပျိုးပြုပြင်မရပေ၊ ကွင်းအတွင်းလည်း သစ်ပင်ကြီးကြီးမားမား များအစုလိုက်ပေါက်ရောက်နေပြီး အုပ်ဆိုင်းနေလေသည်။
လူအစုအစုနှင့် နေကြသည့်ရွာကလေးများက ထိုကွင်းကြီးကို ပတ်ပတ်လည်တည်ဆောက်ထားကြသည်။
မိုးရာသီတွင်တော့ ထိုကွင်းကြီးအတွင်း မြက်ပင်များ၊ ချုံနွယ်ပင်များပေါက်လာကြပြီး စိမ်းစိုကာ တောတန်းကြီးသဖွယ်ဖြစ်နေတတ်သည်။
“ဟေ့ဖိုးခင်၊ ဒီညငါတို့ ဖားရိုက်ထွက်ရအောင်ဟေ့”
ဖိုးမောင်ဆိုသူက ဖိုးခင်ကို အဖော်ခေါ်လိုက်သည်။ ဖိုးခင်ကလည်း ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမည်မဟုတ်ပေ။
“ဟုတ်လို့လား၊ ဖားကထွက်လို့လားကွ”
“ဒီလိုမိုးလေးဖွဲဖွဲနဲ့ဆို ဖားထွက်ပါတယ်ကွ၊ ညက ဦးဘဆောင်တို့ ဖားထွက်ရိုက်တာ မနည်းဘူးရတယ်ကွ”
“အေးကွာ၊ ဒါဆိုရင်လည်း ဟင်းစားရအောင်၊ ငါတို့ထွက်ရိုက်ကြတာပေါ့”
“အေးအေး၊ အိပ်ရေးဝအောင်အိပ်ထားကွ၊ ညမိုးချုပ်တော့ ငါလာခေါ်မယ်”
ဖိုးခင်မှာ သူ့မရီးဖြစ်သူမိသားစုနှင့် အတူတူနေထိုင်ကြခြင်းဖြစ်သည်။ သူ့မရီးမှာ မွန်မကြီး မိကွန်ထောဖြစ်သည်။ သူ့အကိုကတော့ ဖိုးခဟုခေါ်သည်။ အကိုနှင့်မရီးမှာ အလွန်ချစ်ခင်ကြသော်လည်း နှစ်ဖက်မိဘများက သဘောမတူသည့်အတွက် အိမ်မှထွက်ပြေးခဲ့ကာ ယခုရန်ကုန်မြို့တွင် အခြေချခဲ့ခြင်းဖြစ်သည်။ တောင်စွန်းဖက်များကို ရောင်းချရာမှာ စီးပွားဖြစ်ခဲ့ပြီး အခြေကျခဲ့ရသည်။ သို့သော် ဦးဖိုးခမှာ ရုတ်တရက်သေဆုံးသွားရာ သူ့မိန်းမဖြစ်သူ မိကွန်ထောတွင် သုံးနှစ်အရွယ်သားတစ်ယောက်နှင့် ယခု ဗိုက်တစ်လုံးကျန်ခဲ့သည်။ မရီးဖြစ်သူကိုယ်ဝန်က ရင့်မာလာခဲ့သည်မို့ သူက အိမ်တွင်နေထိုင်ကာ ဖက်ရောင်းသည့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။
ညနေစောင်းသည့်အခါ ဖိုးခင်ရောက်လာလေသည်။ ဖိုးခင်က ဖိုးမောင်ထက် အသက်တစ်နှစ်လောက်ကြီးသော်လည်း သူတို့နှစ်ဦးမှာ အလွန်ချစ်ခင်သည့် သူငယ်ချင်းများဖြစ်ကြသည်။ အတူတူသွားလာ စားသောက်ကြသည်။ ဖိုးခင်ကလည်း ဖိုးမောင်လုပ်ငန်းများကို အကူအညီပေးသည်။ နှစ်ဦးစလုံးမှာ လူပျိုပေါက်များဖြစ်သည့်အတွက် အသတ်အဖြတ်ဝါသနာပါသည်။ လေးခွတစ်လက်ဖြင့် ငှက်လိုက်ပစ်တတ်သည်၊ ရှဉ့်များထောင်ပြီး ဖမ်းစားတတ်သည်၊ ယခုလို မိုးရာသီဆိုလျှင်တော့ ငါးရှာ၊ ဖားရှာ လုပ်တတ်သည်။
ဖိုးခင်က ဝါးဖြင့်ရက်ထားသည့် တောင်းကြီးကို မျက်နှာစာတစ်ဖက်ဖွင့်လာကာ အတွင်းတွင် ဆီမီးခွက်ကိုထည့်ထွန်းထားသည်။ ဖိုးမောင်လည်း ဆီမီးခွက်တစ်တိုင်ကို ကိုင်လာခဲ့သည်။ ဖားရိုက်ရန်အတွက် တစ်လံခန့်ရှိသည့် တုတ်များကို အသီးသီးကိုင်လာကြသည်။
“ဟေ့ကောင်ဖိုးခင်၊ မင်းတို့အိမ်မှာ ဓါးရှိတယ်မဟုတ်လား”
“အေး၊ ငှက်ကြီးတောင်ဓါးရှိတယ်ကွ”
“အဲဒါယူလာခဲ့စမ်းပါကွာ၊ လိုရမယ်ရပေါ့ကွာ”
ဖိုးခင်က အိမ်ထရံတွင်ချိတ်ထားသည့် ငှက်ကြီးတောင်ဓါးကိုဖြုတ်ယူလိုက်ကာ ကျောတွင်လွယ်လာခဲ့သည်။ သူငယ်ချင်းနှစ်ယောက် ပလိုင်းတစ်ယောက်တစ်လုံးလွယ်ကာ အိမ်မှထွက်ခဲ့သည်။
“ဖိုးမောင်၊ ငါတို့ဘယ်မှာသွားရိုက်မှာလဲ”
“တောင်လုံးပြန်ကွင်းထဲသွားမယ်ကွာ”
တောင်လုံးပြန်ကွင်းဟုပြောသဖြင့် ဖိုးခင်က အတော်ထိတ်လန့်သွားသည်။
“မင်းကလဲ တောင်လုံးပြန်ကွင်းမှာ သရဲသဘက်တွေရှိတယ်မဟုတ်လား၊ သွားလို့ဖြစ်ပါ့မလား”
“ရပါတယ်ကွာ၊ ငါတို့ဖားရိုက်တာ ကွင်းအစပ်တင်ရိုက်မှာပါကွ၊ ကွင်းထဲကိုမသွားပါဘူး၊ မင်းမစိုးရိမ်ပါနဲ့”
ဖိုးမောင်ပြောလိုက်သဖြင့် ဖိုးခင်လည်း လိုက်လာခဲ့ရတော့သည်။ တောင်လုံးပြန်ကွင်းဆိုသည်ကလည်း သူတို့နယ်တွင် နှယ်နှယ်ရရကွင်းမဟုတ်ပေ၊ ကွင်းထဲတွင် အခြောက်အလှန့်ကြမ်းသည်၊ မြေကြမ်းသည်ဟုဆိုသည်။ ကွင်းထဲသွားသူများ လူတိုင်းနီးပါး အခြောက်အလှန့်ခံရသဖြင့် အကြောင်းထူးမရှိဘဲ ကွင်းထဲသို့မသွားကြ။
သို့သော် ထိုကွင်းနှင့် ဖိုးခင်တို့မှာလည်း မစိမ်းလှပေ၊ ကွင်းအတွင်းရှိ ငှက်များကိုပစ်ခတ်ဖူးသလို၊ ကွင်းအတွင်းသစ်ပင်ကြီးများထက်တွင်နေထိုင်သည့် ရှဉ့်ကလေးများကိုလည်း ထောင်ဖမ်းဖူးသည်။ သို့သော် အခုကတော့ ညအချိန်လာရသည်မို့ ကြောက်လန့်နေမိခြင်းဖြစ်သည်။
(၃)
မိုးတွေတစ်ပြိုက်ရွာကျလာပြန်ပြီဖြစ်သည်။ ရွာစပ်ရောက်တော့ ရွာမှအိမ်တွေကို ခပ်လှမ်းလှမ်းသာမြင်နေရသည်။ ကွင်းကြီးကတော့ ချုံနွယ်ပိတ်ပေါင်းများဖြင့် တောကြီးသဖွယ်ဟီးထနေလေသည်။ သူငယ်ချင်းနှစ်ယောက် မီးအုပ်ဆောင်းကိုဆွဲပြီး ကွင်းစပ်တွင်လျှောက်သွားနေလိုက်သည်။ မကြာခင် စားဖားတစ်ကောင်က သူတို့အရှေ့တွင်ရောက်လာသဖြင့် တုတ်ဖြင့်ရိုက်ကြသည်။
“တို့တွေ လုမနေဘူးကွာ၊ တစ်ယောက်တစ်ကောင်ဆီယူကြမယ်၊ ဒီတစ်ခါတွေ့တဲ့အကောင်ကိုမင်းယူလိုက်၊ နောက်တွေ့တဲ့အကောင်ကိုငါယူမယ်၊ ဟုတ်ပြီလား”
ဖိုးမောင်ပြောသမျှကို ဖိုးခင်လည်း ခေါင်းညိတ်လိုက်ပြီး ကွင်းအစပ်ရှိ မြက်ပင်များကြားတွင် စားဖားများကိုရှာဖွေနေမိသည်။ သို့နှင့် ညည့်သန်းခေါင်ကျော်သည့်အခါ သူငယ်ချင်းနှစ်ယောက်၏ ပလိုင်းတွေထဲ ဖားတစ်ဝက်လောက်ရနေပြီဖြစ်သည်။
“ဟင်းစားရပြီ ပြန်ကြစို့ကွာ၊ မီးကလည်း ကုန်တော့မယ်”
ဖိုးမောင်က ပြောလိုက်သဖြင့် သူငယ်ချင်းနှစ်ယောက်ပြန်လာခဲ့တော့သည်။ ဆီမီးကလည်း ကုန်ခါနီးပြီမို့ အလင်းအားနည်;နေလေသည်။
ထိုစဉ် ဖိုးမောင်က အသာငြိမ်နေလိုက်ပြီး ဖိုးခင်လက်ကိုကုပ်လိုက်သည်။ မီးရောင်အောက်တွင် လှုပ်လှုပ်ရွရွဖြစ်နေသည့် စားဖားကြီးတစ်ကောင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုစားဖားကြီးမှာ အတော်ကြီးမားပြီး ခွေးပေါက်အရွယ်ခန့်ရှိလေသည်။
“နည်းတံကောင်ကြီးမဟုတ်ဘူးကွာ၊ အသားတွေလည်း ဆူနေတာပဲဟေ့”
“ဒီတစ်ကောင်က ငါ့အလှည့်ကွ”
ဖိုးခင်က ဖားကြီးဆီပြေးသွားပြီးတော့ တုတ်နှင့်အားကုန်ရိုက်ချလိုက်သည်။ သို့သော တုတ်ချက်နှင့် ဖားလွဲသွားပြီး မြေပေါ်သို့တုတ်က ထိမှန်သွားသည်။ ဖားကြီးကလည်း အသက်ဘေးကိုသိလိုက်ပြီမို့ ထိုနေရာမှလှည့်ပြေးတော့သည်။
“ဟေ့ကောင် ဖိုးခင်၊ ပြေးပြီကွ၊ မြန်မြန်ရိုက်”
ဖိုးခင်က နောက်တစ်ချက်ထပ်ရိုက်သော်လည်း ဖားက ခုန်ထွက်သွားသဖြင့် တုတ်ချက်မမိတော့ပေ၊ ဖိုးမောင်ကလည်း လက်ယားနေသဖြင့် ငြိမ်မနေတော့ဘဲ ဖားကြီးကို ပြေးရိုက်သည်။ သို့သော် သူငယ်ချင်းနှစ်ယောက်ရိုက်သည့်တုတ်မှာ အချင်းချင်းရိုက်မိပြီး ဖားကြီးကိုမထိလိုက်ပေ၊ ဖားကြီးက ချုံနွယ်များအကြားသို့ တိုးဝင်သွားလေသည်။
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ၊ မြန်မြန်လိုက်ဟ”
လူတစ်ရပ်နီးပါးရှိသည့် ချုံပင်ကြီးများဆီသို့ ဖိုးခင်နှင့်ဖိုးမောင်နှစ်ယောက် တိုးခဲ့တော့သည်။ လက်ထဲမှ မီးအုပ်ဆောင်းမှာ သယ်ယူရမလွယ်ကူသဖြင့် မသယ်ခဲ့တော့ပေ၊ ချုံပုတ်ထဲရောက်သည့်အခါ နှစ်ဦးသား ဖားကိုရိုက်သော်လည်း ဖားမှာမသေဘဲ လွတ်ထွက်နေလေသည်။ သူတို့လည်း ဖားနောက်လိုက်ရင်း ကွင်းအတွင်းသို့ ရောက်မှန်းမသိ ရောက်သွားကြလေသည်။
သူငယ်ချင်းနှစ်ယောက် ဖားနောက်လိုက်ရင်း ချုံတောများကို ထပ်မံဖြတ်သန်းပြီးသည့်အခါ ကွင်းကြီးအတွင်းရောက်လာခဲ့သည်။ ဖားကြီးက ပြေးလွှားနေပြီးသူတို့အရှေ့ရှိ သစ်ပင်ကြီးတစ်ပင် အောက်ခြေသို့ပြေးဝင်သွားလေသည်။ ထိုသစ်ပင်ကြီးမှာ ညောင်ပင်ကြီးတစ်ပင်ဖြစ်သည်။ ညောင်ပင်ကြီးအောက်သို့ရောက်သည့်အခါ ဖားကြီးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။
ထိုတော့မှ သူတို့လည်းနယ်ကျွံလာပြီဖြစ်မှန်းသိလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေစဉ်အချိန်တွင် ညောင်ပင်ကြီးအပေါ်မှ တဖြန်းဖြန်းနှင့်သစ်ကိုင်းများ လှုပ်လာလေသည်။ ထို့အတူကြီးမားလှသည့် အကောင်ကြီးတစ်ကောင်လည်; သူတို့နှစ်ဦးအရှေ့သို့ခုန်ဆင်းလိုက်လေသည်။ ထိုအကောင်ကြီးမှာ လူသုံးရပ်စာလောက် မြင့်မားပြီး တုတ်တုတ်ခိုင်ခိုင်နှင့်ဖြစ်သည်။ မျက်လုံးကြီးနှစ်လုံးများ မီးလုံးကြီးသဖွယ် လင်းထိန်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မျက်လုံးအလင်းရောင်ကြောင့် ထိန်လင်းနေသည်။ ထိုအကောင်ကြီး၏ ကိုယ်လုံးတွင်တော့ အစိမ်းရောင် ပျစ်ချွဲချွဲအရည်များက စီးကျနေလေသည်။
“ဖိုးမောင်၊ အဲ၊ အဲဒါ သဘက်ကြီးကွ”
သူငယ်ချင်းနှစ်ယောက် ကြောက်လန့်ပြီး ပြန်လှည့်ပြေးကြသည်။ ကွင်းအတိုင်းဖြတ်ပြေးလာရင်း မကြာခင်မှာပင် ညောင်ပင်ကြီးဆီသို့ပြန်ရောက်လာခဲ့သည်။ သူတို့မျက်လုံးကိုပင် သူတို့မယုံနိုင်တော့ပေ၊ ညောင်ပင်ကြီးအောက်တွင် ခုနက ဆင်းလာသည့် သဘက်ကြီးမှာ ငုတ်တုတ်ကြီးထိုင်နေလေသည်။
သူတို့လည်း မယုံသေးဘဲ နောက်တစ်ခေါက်ထပ်ပြေးကြပြန်သည်။ ကွင်းအတိုင်းကို တည့်တည့်မတ်မတ်ပြေးခြင်းဖြစ်သော်လည်; မကြာခင် ညောင်ပင်ကြီးက သူတို့အရှေ့တွင် ဘွားခနဲပေါ်လာလေသည်။ သဘက်ကြီးက သူတို့ကိုကြည့်လိုက်ပြီး သူ့လက်ကြီးနှင့်လှမ်းဆွဲသည်။ ထို့နောက် ဗလုံးဗထွေးအသံကြီးနှင့်
“ဟေ့ကောင်တွေ၊ ငါ့ကိုဖားတွေ ကျွေးကြစမ်း”
ဖိုးမောင်လည်း သဘက်ကြီးက ဖားတောင်းနေပြီမို့ ပလိုင်းထဲမှ ဖားတစ်ကောင်ကို လှမ်းပစ်ကျွေးလိုက်သည်။ ဘဘက်ကြီးက ဖားကိုလေပေါ်မှတင်ဖမ်းလိုက်ပြီး သူ့ပါးစပ်ကြီးထဲသို့ပစ်ထည့်လိုက်သည်။ ဖိုးမောင်က ဖိုးခင်အနီးသို့တိုးကပ်လာသည်။
“ငါတို့ဆီက ဖားတွေစားချင်လို့ဖြစ်မယ်ကွ၊ ငါတို့သူ့ကို ဖားတွေပစ်ကျွေးပြီးတော့ သူစားနေတုန်း ပြေးကြတာပေါ့”
ဖိုးခင်ကလည်း ဖားတစ်ကောင်ပစ်ကျွေးလိုက်ပြန်သည်။ သဘက်ကြီးက ဖားကိုပါးစပ်ထဲသို့ထည့်လိုက်ပြီး တဂျွတ်ဂျွတ်နှင့် အရိုးပါကိုက်ဝါးနေသည်။ သူတို့နှစ်ယောက်လည်း နောက်ဆုတ်၊ နောက်ဆုတ်ဖြင့် ထိုနေရာမှထွက်လာခဲ့သည်။ သဘက်ကြီးက ပါးစပ်ကြီးဖြဲလိုက်ပြီး သူတို့အနောက်သို့ဆက်လိုက်လာပြန်သည်။ ထိုသို့လိုက်လာတိုင်း ဖိုးခင်နှင့် ဖိုးမောင်က သူတို့ပလိုင်းထဲမှ ဖားတစ်ကောင်ဆီ ပစ်ကျွေးလိုက်၊ သဘက်ကြီးက ဖားကိုဝါးစားနေသည့်အချိန်တွင် အနောက်ဆုတ်ပြေးလိုက်နှင့် ညောင်ပင်ကြီးနှင့် အတော်ပင်ဝေးကွာခဲ့ပြီဖြစ်သည်။
“စားအုံးမယ်၊ စားအုံးမယ်”
သဘက်ကြီးက ပါးစပ်ကြီးကိုဖြဲပြီးအော်ဟစ်နေသည်။ သဘက်ကြီး၏ ပါးစပ်မှာ တစ်တောင်ခန့်ရှိပြီး ဖားပါးစပ်ကြီးလို ပြဲပြဲကြီးဖြစ်သည်။ ပါးစပ်အတွင်းမှ ဖွေးဖွေးဆွတ်ဖြူနေသည့် အစွယ်ကြီးများကိုလည်း မြင်တွေ့နေရသည်။
ဖိုးမောင်က ပလိုင်းကိုနှိုက်လိုက်သည်။ သို့သော် ပလိုင်းအောက်ခြေကိုသာစမ်းမိသည်။ ပလိုင်းထဲတွင် ဖားတစ်ကောင်မှ မရှိတော့ပေ၊ ဖိုးခင်လည်း သူ့ပလိုင်းကိုနှိုက်လိုက်ရာ ဖားတစ်ကောင်ပင်မရှိတော့ပေ၊ သူတို့ တစ်ညဦးလုံးရိုက်ထားသည့် ဖားများမှာ သဘက်ကြီးကို ပစ်ကျွေးလိုက်သဖြင့် ကုန်သွားပြီဖြစ်သည်။
“စားအုံးမယ်၊ ငါ့ကိုကျွေးစမ်း”
ဘသက်ကြီးက သူ့ရင်ဘတ်ကြီးကို တဒုန်းဒုန်းပုတ်လေသည်။ ဖိုးခင်က အလွန်ကြောက်လန့်နေသော်လည်း ဖိုးမောင်ကတော့ သိပ်မကြောက်ပေ။
“ဒီမှာတွေ့လား၊ မင်းကိုကျွေးလိုက်လို့ငါတို့ဖားတွေကုန်သွားပြီ”
“မရဘူး၊ စားအုံးမယ်”
ဖိုးမောင်စိတ်ထဲ ဒေါသထွက်လာခဲ့သည်။
“စားချင်ရင် ကိုယ့်ဖာသာကိုယ် ရိုက်စားပါလား၊ ကွင်းထဲမှာ ဒီလောက်ဖားတွေပေါတာကို”
ဖိုးမောင်က ခပ်ဆတ်ဆတ်ပြောလိုက်တော့ သဘက်ကြီးကပိုပြီးစိတ်ဆိုးသွားသည်။ စိတ်ဆိုးသဖြင့် မြေကြီကိုဖနောင့်နှင့် တဒုန်းဒုန်းပေါက်နေလေသည်။
“ဖားမစားရရင်၊ မင်းတို့နှစ်ယောက်ကိုစားမယ်”
(၄)
ဘသက်ကြီးက သူတို့ဆီကိုပြေးလာလေသည်။ ဖိုးခင်အလွန်ကြောက်နေသော်လည်း ဖိုးမောင်က ဖိုးခင်ကျောတွင်လွယ်ထားသည့် ငှက်ကြီးတောင်ဓါးကိုဆွဲဖြုတ်လိုက်သည်။ သဘက်ကြီး အနားသို့ကပ်လာသည့်အခါ ငှက်ကြီးတောင်ဓါးဖြင့် သဘက်ကြီး၏ လက်ကိုခုတ်ထည့်လိုက်သည်။ သဘက်ကြီးက အနောက်သို့ခုန်ဆုတ်သွားသည်။
“ဓါး . . ဓါး၊ အဲဒါငါကြောက်တယ်”
သဘက်ကြီးက ဓါးကိုကြောက်လန့်နေလေသည်။ ဖိုးမောင်ကလည်း အခွင့်အရေးရပြီမို့ သဘက်ကြီးကို ဓါးကြိမ်းကြိမ်းရတော့သည်။
“ဟေ့ကောင် အခုဘဲထွက်သွား မသွားရင် မင်းကိုဓါးနဲ့ခုတ်ပစ်မယ်”
ဖိုးမောင်က ဆဲဆိုရင်း ဓါးကိုဝှေ့ယမ်းနေလေသည်။ သဘက်ကြီးကလည်း ကြောက်သဖြင့် အရှေ့သို့တက်မလာရဲပေ၊ သူတို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ကျောချင်းကပ်ပြီးတော့ ဓါးကိုဝှေ့ယမ်းကာ ကွင်းအတွင်း နောက်ဆုတ်၊ နောက်ဆုတ်နှင့်သွားကြရသည်။ သဘက်ကြီးက လမ်းလျှောက်သည့်အခါ လေးဘက်ထောက်ကာ လျှောက်ပြီး သူတို့ကို ကျားကြီးတစ်ကောင်ကဲ့သို့ လှည့်ပတ်ပြီးချောင်းနေလေသည်။ သူတို့အနီးတွင်ကပ်ပြီးလိုက်ပါလာသော်လည်း ဖိုးမောင်လက်ထဲမှဓါးကိုကြောက်သဖြင့် အရှေ့သို့အတင်းမဝင်ရဲပေ။
သို့သော် မီးမရှိဘာမရှိနှင့်မို့ မှောင်မဲနေသည့် ကွင်းကြီးအတွင်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတော့ပေ၊ သဘက်ကြီးကလည်း လက်မလျော့ဘဲ သူတို့ကိုပတ်ကာ ကျားချောင်းချောင်းနေလေသည်။ လမ်းပျောက်နေမှန်းသိပြီမို့ အကူအညီရလိုရငြားအော်ကြည့်ရတော့သည်။
“ကယ်တော်မူကြပါဗျို့၊ ကျုပ်တို့ကို ကယ်ကြပါ”
အသံကုန်ဟစ်အော်သော်လည်း ဘာမှမထူးပေ၊ သဘက်ကြီးကလည်း လိုက်မြဲလိုက်ဆဲပင်ဖြစ်သည်။ ကွင်းထဲမှာ ပတ်နေရင်းအချိန်တွေကုန်ဆုံးသွားသည်။ မနက်မိုးလင်းတော့မည်ဖြစ်သဖြင့် ကောင်းကင်တွင်အလင်းရောင်များသန်းလာခဲ့သည်။ သူတို့နှစ်ယောက်လည်း အော်ဟစ်နေရင်း အသံတွေကွဲအက်နေပြီဖြစ်သည်။
ဓါးကိုဝှေ့ယမ်းရသည်မှာလည်း လက်တွေညောင်းနေပြီဖြစ်သည်။ သူငယ်ချင်းနှစ်ယောက် ဓါးကိုလက်ဆင့်ကမ်းပြီး တစ်ယောက်တစ်လှည့် ဝှေ့ယမ်းနေရသည်။ ထိုအချိန်တွင် သူတို့အနောက်ဘက်တစ်နေရာတွင် မီးအိမ်ကလေး တလက်လက်ကိုမြင်တွေ့ရသည်။ ဖိုးခင်က ဓါးကိုဝှေ့ယမ်းလိုက်သည့်အခါ လက်မှာချောနေသဖြင့် သူတို့ဓါးမှာ လက်မှချော်ထွက်သွားကာ ခပ်လှမ်းလှမ်းရှိ ချုံပုတ်အတွင်းသို့ကျသွားတော့သည်။ သဘက်ကြီးက စူးရဲသည့်မျက်လုံးကြီးများနှင့်ကြည့်ရင်း သူတို့ဆီကို ပြေးဝင်လာသည်။ သူတို့နှစ်ယောက်လည်း မတိုင်ပင်ထားဘဲ အနောက်သို့လှည့်လိုက်ပြီး မြင်တွေ့နေရသည့် ဆီမီးအလင်းရောင်ကလေးဆီသို့ ခြေကုန်သုတ်ပြီး ပြေးရတော့သည်။
“ကယ်တော်မူကြပါဗျိုး”
“ကယ်ကြပါအုံး”
ပါးစပ်မှလဲ အော်ဟစ်ပြီး ပြေးလိုက်သည့်အခါ မကြာခင် တဲအိမ်စုကလေးတစ်ခုနှင့်နီးလာသည်။ တဲအိမ်အတွင်းမှ လူတွေက ပြေးထွက်လာကြသည်။ ထိုလူများကိုတွေ့သည့်အခါ သဘက်ကြီးက ဆက်မလိုက်တော့ဘဲ ရပ်တန့်လိုက်သည်။ ဖိုးမောင်နှင့် ဖိုးခင်ပြေးနေရင်း ရပ်လိုက်တော့သည်။ သူတို့အတော်မောပန်းနေသည်။ သဘက်ကြီးက သူတို့ကိုကြည့်ပြီး မကျေမနပ်နှင့်တောက်ခေါက်သည်။ ရင်ဘတ်ကြီးကိုထုသည်။ မြေကြီးကိုလည်း ခြေဖြင့်ဆောင့်လေသည်။ ဖိုးမောင်က သဘက်ကြီးနယ်ကျော်ပြီး လိုက်မလာနိုင်မှန်းသိသည်။
“ဟေ့ကောင်ကြီး လာလေကွာ၊ မင်းက ကြောက်နေပြီလားကွ”
သူငယ်ချင်းနှစ်ယောက် သဘက်ကြီးကို ဝိုင်းပြီးဆဲဆိုကြသည်။ နောက်တော့ အိမ်စုကလေးမှ လူတွေရောက်လာသည်။ ထိုလူတွေကြည့်ရသည်မှာ ရှမ်းတွေနှင့်တူသည်။
“လူလေးတို့ဘာဖြစ်လာကြတာလဲ”
ရှမ်းအဘွားကြီးတစ်ဦးက မနက်စောစော ဆွမ်းဟင်းထချက်သည့် အလင်းရောင်ကို သူတို့မြင်လိုက်ကြခြင်းဖြစ်သည်။ ရှမ်းများက သူတို့ကိုကျွေးမွေးလိုက်ကာ သူတို့နေထိုသည့် တဲစုဆီသို့ လိုက်ပို့ပေးသည်။ သူတို့တဲစုနှင့် ရှမ်းစုမှာ ကွင်းဟိုဖက်သည်ဖက်ဖြစ်သည်။ သူတို့သူငယ်ချင်းနှစ်ယောက် ငါးမိုင်ပတ်လည်ခန့်ရှိသည့် ကွင်းကြီးကို တစ်ညလုံးဖြတ်ပြေးနေခဲ့ခြင်းဖြစ်သည်။
(၅)
အိမ်ကိုရောက်သည်နှင့် သူတို့နှစ်ဦးစလုံးဖျားတော့သည်။ ဖိုးမောင်ကလည်း သူ့အိမ်တွင်ဖျားသလို ဖိုးခင်လည်း အဖျားတွေတက်တော့သည်။ ညညရောက်လျှင် ကယောင်ကတမ်းတွေ ထအော်ဟစ်ကြသည်၊ ဆေးဆရာကြီးက အဖျားပျောက်ဆေးများနှင့် ကုသနေသော်လည်း အဖျားက သက်သာမလာပေ။ သို့နှင့် သုံးရက်ခန့်ကြာသည့်အခါ ဖိုးမောင်မှာ ဝက်ရူးပြန်သလိုဖြစ်သွားသည်။ အိမ်ပေါ်မှပြေးဆင်းပြီးရွာထဲတွင် မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ပတ်ပြေးနေလေသည်။
“လာနေပြီ၊ သဘက်ကြီးလာနေပြီ”
ပါးစပ်မှလည်း ထိုသို့ရွတ်ဆိုနေလေသည်။ ဖိုးမောင်အိမ်မှလူများက ဖိုးမောင်ကို ရွာပြင်တွင် ဖမ်းဆီးလိုက်နိုင်သည်။
ဖိုးမောင်ကိုဖမ်းဆီးပြီးသည့်အခါ ဖိုးမောင်မှာ မျက်လုံးကြီးပြူးလျှက် ငြိမ်သက်သွားတော့သည်။
ဖိုးမောင်သေဆုံးသွားသည့် သတင်းက ရွာထဲတွင်ပြန့်နေသည်။ သို့သော် မိကွန်ထောက ဖိုးခင်ကို ထိုအကြောင်းမပြောပြပေ၊ ဖိုးခင်ကလည်း အိပ်နေသည်ကများနေသည်။ အိပ်နေရင်း လန့်ပြီး ထထအော်သည်၊ထို့နောက် ပြန်အိပ်ပျော်သွားပြန်သည်။
ဖိုးခင်လဲတော့ မိကွန်ထောက ပြုစုရတော့သည်။ မိကွန်ထောဗိုက်ကလည်း ရှစ်လဖြစ်နေပြီဖြစ်သဖြင့် သိပ်ပြီးလှုပ်ရှားရအဆင်မပြေတော့၊ ထိုနေ့ညနေတော့ တောကြက်ကလေးကို အကြာကြီးပြုတ်ပြီး ဆန်ထည့်ကာ ကြက်သားဆန်ပြုတ်ချက်လိုက်သည်။ ညနေစောင်းနေပြီဖြစ်သဖြင့် မတ်ကလေးဖြစ်သူကို ဆန်ပြုတ်တိုက်ပြီး ဆေးတိုက်ရတော့မည်။
မိကွန်ထောက ဆန်ပြုတ်ပန်းကန်ကလေးကို ကိုင်ပြီး အိမ်ရှေ့ခန်းကိုထွက်လာခဲ့သည်။ အိပ်ပျော်နေသည့်ဖိုးခင်နံဘေးတွင် ထိုင်လိုက်ပြီး ဖိုးခင်ကိုနှိုးလိုက်သည်။ ဖိုးခင်က ထလာပြီး ဆန်ပြုတ်သုံးလေးဇွန်းစားသည်။ အားမရှိသဖြင့် ဖိုးခင်လက်များတုန်ယင်နေသည်။ ထိုစဉ် ဖိုးခင်က အိမ်ရှေ့အတက် လှေကားကိုကြည့်နေလေသည်။ သူ့မျက်လုံးကလည်း ပြူးကြောင်နေသည်။
“ဖိုးမောင်၊ သူငယ်ချင်း၊ အဲဒီမှာရပ်မနေနဲ့ လာလေကွာ”
မိကွန်ထောပင် ဖိုးခင်စကားကြားပြီး ကြောက်လန့်သွားရသည်။ အိမ်တံခါးဘက်ကိုလှည့်ကြည့်သည့်အခါ မည်သူမှရှိမနေပေ။ ဖိုးခင်ကတော့ ထိုနေရာကိုပင် တွေတွေကြီးကြည့်နေလေသည်။
“ဖိုးမောင်၊ လာပါကွ၊ ထိုင်စမ်းပါအုံး”
“မတ်ကလေးရယ်၊ ဘယ်သူမှမရှိပါဘူးကွယ်”
“ရှိပါတယ် မရီးရဲ့၊ ဟောဟိုမှာ ဖိုးမောင် မတ်တပ်ရပ်နေတယ်၊ ဒီကောင်အိမ်ထဲကိုမဝင်ဘဲ အဲဒီမှာဘာလိုကရပ်နေတာလဲမသိဘူး၊ ဟော . . ဟော ပြေးထွက်သွားပြီဗျ”
ဖိုးခင်က အိပ်ရာထဲမှ ကုန်းထလိုက်ပြီးနောက် အိမ်ရှေ့လှေကားအတိုင်း ပြေးဆင်းသွားလေသည်။ မိကွန်ထောကတော့ ကိုယ်ဝန်နဲ့မို့ ဖိုးခင်ကို မတားဆီးလိုက်နိုင်ပေ။
“လုပ်ကြပါအုံး၊ ဖိုးခင်ထွက်ပြေးသွားလို့”
မိကွန်ထောအသံကြားသဖြင့် အိမ်နီးနားချင်းများက ဖိုးခင်အနောက်သို့ပြေးလိုက်ကြသည်။ ဖိုးခင်ကိုရှာကြရင်း နောက်ဆုံးတော့ ရွာအပြင် တောင်လုံးပြန်ကွင်းအစပ်အနီးရှိ ချုံပုတ်ကြီးထဲတွင် ခွေခွေကလေးသေဆုံးနေသည့် ဖိုးခင်ကိုတွေ့လိုက်ကြရသည်။ ထိုနေရာသည် သူ့သူငယ်ချင်း ဖိုးမောင်သေဆုံးခဲ့သည့် နေရာပင်ဖြစ်နေလေသည်။
ဖိုးခင်၊ ဖိုးမောင်နှင့် တောင်လုံးပြန်ကွင်းကြီးအတွင်းမှ သဘက်ကြီးအကြောင်းမှာ ပုစွန်တောင်မှလူများအတွက် ပြောစမှတ်ဖြစ်ခဲ့ကြသည်။
ယခုတော့ တောင်လုံးပြန်ကွင်းကြီးမရှိတော့ပေ၊ သို့သော် နာမည်ကား တွင်ကျန်နေခဲ့သည်။ ထိုကွင်းကြီးနေရာကို တောင်လုံးပြန်ရပ်ကွက်ဟုခေါ်တွင်ပြီး ခေတ်မီ အိုးအိမ်တိုက်တာ အဆောက်အဦးများနှင့် စည်ကားသည့်ရပ်ကွက်ကြီးတစ်ခုဖြစ်နေခဲ့ပြီဖြစ်ပါသည်။
ပြီးပါပြီ။