အပိုင်း (၂) ဇာတ်သိမ်း
ဈေးအတွင်းသို့ ဦးစိုင်းမုန်းက မြင်းလှည်းတစ်စီးစီးနင်းလျှက် ဝင်လာလေသည်။ မြင်းလှည်းဆိုသည်ထက် ရထားဟုဆိုလျှင် ပိုပြိးမှန်ကန်မည်ဖြစ်သည်။ ရထားတစ်စင်းလုံးကို ကနုတ်ပန်းများဖြင့်အလှဆင်ထားသလို ရထားအလယ်တွင်လည်း သားမွှေးကော်ဇောကြီးခင်းထားလေသည်။ ထိုအပေါ်တွင် ဦးစိုင်းမုန်းက ထိုင်လျှက်လိုက်ပါလာပြီး လူနှစ်ယောက်က ကြီးမားသော ထီးဝိုင်းကြီးများဖြင့် သူ့ကိုမိုးပေးနေရလေသည်။
“ကဲ၊ ရောင်းပန်းဝယ်ပန်းသာရင် အခွန်ငွေလေးတွေလဲ ပေးဆက်လို့ရပါပြီဗျာ”
ဦးစိုင်းမုန်းက ရယ်ကျဲကျဲနှင့်ပြောလိုက်သည့်အခါ သူ့တပည့်များက ဈေးသည်များထံသို့ သွားကြလေသည်။ သူ့တပည့်များကလည်း လက်တွင် တုတ်ရှည်များကိုင်ဆောင်ထားကြလေသည်။ ဈေးသည်များအား အခွန်ကောက်သည်နှင့်မတူဘဲ အတင်းဓါးပြတိုက်နေသကဲ့သို့ ရိုက်မည်ပုတ်မည်ဟု ကြိမ်းဝါးကာ ကောက်ခံနေလေသည်။ ဈေးသည်အချို့က ကြောက်လန့်တကြားနှင့် ပေးလိုက်သော်လည်း အချို့ဈေးသည်များက အခွန်အခပေးရန် ငြင်းဆန်ကြလေသည်။
“ဟဲ့အကောင်တွေ၊ ငါတို့မှာဈေးရောင်းပါးလို့ စိတ်ညစ်နေရတဲ့အထဲ နင်တို့က အားအားရှိအခွန်ကောက်နေတာပဲ”
“ဟေ့ အဒေါ်ကြီး ခင်ဗျားအခွန်မပေးချင်ဘူးလား၊ အခွန်မပေးရင် ခင်ဗျားဒီမှာ ဈေးရောင်းလို့မရဘူးနော်”
ဦစိုင်းမုန်းတပည့်တစ်ဦးက ကြိမ်းမောင်းလိုက်ပြီး အခွန်ပေးရန်ငြင်းဆန်သည့် ဈေးသည်အဘွားကြီး၏ ရင်ဘတ်ကိုတွန်းလိုက်ရာ အဘွားကြီးမှာ သူခင်းကျင်းထားသည့် ကုန်စိမ်းများပေါ်သို့ ပက်လက်လန်ပြီး လဲကျသွားလေသည်။ ထိုအခါ အဘွားကြီး၏ မြေးဖြစ်ပုံရသည့် လူပျိုပေါက်ကောင်ကလေးမှာ ဈေးရောင်းနေရာမှထလာပြီး သူ့အဘွားကိုတွန်းလှဲလိုက်သည့်လူ၏ ရင်ဘတ်ကိုပြေးကာ တွန်းထည့်လိုက်ပြန်သည်။ ထိုလူလည်း အတွန်းခံရပြီး လဲကျသွားတော့သည်။ သို့သော် ဈေးလမ်းက ရွံ့ဗွက်များနှင့် ပြည့်နှက်နေသည်မို့ ထိုလူမှာ ရွံ့များပေကျံသွားတော့သည်။
“အောင်မာ၊ ဟေ့ကောင်၊ မင်းသေချင်လို့လား”
ဦးစိုင်းမုန်း၏ တပည့်များက လူပျိုပေါက်ကောင်ကလေးကို တုတ်များဖြင့်ရိုက်နှက်ကြလေသည်။ ကောင်ကလေးမှာ ပြန်လည်ခုခံသော်လည်း ဆယ်ယောက်လောက်က ဝိုင်းဝန်းရိုက်နှက်သဖြင့် မြေတွင်လူးလိမ့်နေအောင် အရိုက်ခံရလေသည်။ ဦးစိုင်းမုန်းက ရထားပေါ်မှဟန်ပါပါဖြင့်ဆင်းလိုက်လေသည်။ တစ်ဈေးလုံးက ထိုအဖြစ်ကိုဝိုင်းကြည့်နေကြသည်။
“ကဲ၊ အားလုံးပဲ ကြည့်ထားကြပါ၊ အခွန်အခကောက်တယ်ဆိုတာ ကျုပ်တစ်ယောက်တည်းရဲ့ဆန္ဒမဟုတ်ပါဘူး၊ စော်ဘွားမင်းတွေရဲ့ဆန္ဒအရ၊ နောက်ပြီး ရေမြေ့သနင်း ပြည့်ရှင်မင်းက ကောက်ခံခိုင်းလို့ ကောက်ရတာပါ၊ ဒါကို ဆန့်ကျင်တယ်ဆိုတာ စော်ဘွားမင်းကိုဆန့်ကျင်တာပဲ၊ နောက်ပြီး ဘုရင်မင်းမြတ်ရဲ့အမိန့်ကိုဆန့်ကျင်တာပဲ၊ ဘုရင်မင်းမြတ်အမိန့်ကို ဆန့်ကျင်တဲ့သူတိုင်းဟာ ပုန်ကန်သူပဲ၊ အခွန်မဆက်တဲ့လူတိုင်းကို ကျုပ်တို့က ပုန်ကန်သူလို့သတ်မှတ်ပြီးတော့ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ရမယ်”
ဝိုင်းကြည့်နေသည့်သူများက ဦးစိုင်းမုန်းပြောသည့်အခါ ကြောက်လန့်သွားကြလေသည်။ ဦးစိုင်းမုန်းက ဈေးသည်အဘွားကြီးကိုကြည့်လိုက်ပြီး
“အခွန်မဆက်ချင်တဲ့ ပုန်ကန်သူကို ငွေ တစ်ရာ ဒဏ်တပ်မယ်”
ထိုအခါ အဘွားကြီးက ကုန်းထလာခဲ့ပြီး ဦးစိုင်းမုန်းခြေရင်းတွင် လေးဘက်ထောက်လိုက်လေသည်။
“ငွေခွန်မှူးရယ်၊ ကျုပ်တို့က ဆင်းရဲတဲ့ဈေးသည်တွေပါ ငွေခွန်မှူးကြီးတောင်းတဲ့ ငွေတစ်ရာကို သုံးနှစ်သုံးမိုးလောက် ကျွန်ခံပြီးရှာတာတောင်မှ ရမယ်မထင်ပါဘူး၊ ကျုပ်တို့ကို သနားပါ”
ဦးစိုင်းမုန်းက ခေါင်းကိုမော့လိုက်ပြီး
“မရဘူး၊ ပြစ်ဒဏ်က ပြစ်ဒဏ်ပဲ၊ ခင်ဗျားတို့ ဒဏ်ကြေးတစ်ရာမဆောင်ချင်ရင် ဟောဒီတုတ်နဲ့ ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံရမယ်”
သူ့တပည့်တစ်ယောက်ကိုင်ထားသည့် ရှားသား တုတ်တံတစ်ချောင်းကို လက်ညှိုးညွှန်ပြလိုက်သည်။ အဘွားကြီးက ထိုတုတ်တံကြီးကို ကြည့်ကာ လန့်သွားလေသည်။
“မလုပ်ပါနဲ့ ငွေခွန်မှူးရယ်၊ ဒီတုတ်တံနဲ့သာ အချက်တစ်ရာအရိုက်ခံရမယ်ဆိုရင် ကျုပ်သေသွားမှာပေါ့”
“ခင်ဗျားသေတာ မသေတာ ကျုပ်နဲ့မဆိုင်ဘူး၊ ကဲ တပည့်တို့ သူ့ကိုအခုချက်ချင်းပဲ ဟိုညောင်ပင်ကြီးအောက်ကို ခေါ်သွားပြီး တုတ်နဲ့နှက်စေဗျား”
တပည့်နှစ်ယောက်က အဘွားကြီးကို တစ်ယောက်တစ်ဖက်ဆီချုပ်ကိုင်လိုက်ပြီး ဆွဲခေါ်သွားလေသည်။ အဘွားကြီးလည်း ငိုယိုအော်ဟစ်ရင်း ထိုလူများအနောက်သို့ ယက်ကန် ယက်ကန်ဖြင့်ပါသွားသည်။ ထိုအခါ ရွံ့ဗွက်ထဲတွင် လဲနေသည့် လူပျိုပေါက်ကောင်ကလေးက တွားသွားလိုက်ပြီး ဦးစိုင်းမုန်း၏ ခြေထောက်ကိုဖမ်းဆွဲလိုက်သည်။
“ကျုပ်ကိုရိုက်ချင်ရိုက်ပါ ကျုပ်အဘွားကိုတော့ သနားပေးပါခင်ဗျာ”
ဦးစိုင်းမုန်းက လူငယ်၏ မျက်နှာကိုခြေထောက်ဖြင့််ကန်လိုက်ပြီး သူ့ခြေထောက်ကိုကိုင်ထားသည့် လူငယ်၏ လက်များကိုလည်း ပုတ်ထုတ်လိုက်လေသည်။ ထို့နောက် သူဝတ်ထားသည့် အဖြူရောင်ရှမ်းဘောင်းဘီကိုကြည့်လိုက်သည်။ ရှမ်းဘောင်းဘီအောက်အနားတွင် ရွံ့ဗွက်များက ပေကျံနေလေသည်။ ဦးစိုင်းမုန်းက ထိုလူငယ်အား ဒေါသမျက်လုံးများဖြင့်ကြည့်လိုက်ပြီး
“ငါ့ဘောင်းဘီကို ဗွက်တွေပေကုန်ပြီကွ၊ ဒီဘောင်းဘီက ဘယ်လောက်တန်သလဲဆိုတာ မင်းတို့သိရဲ့လား၊ မင်းတို့ မြေးအဘွားနှစ်ယောက်ရဲ့အသက်ထက် ငါ့ဘောင်းဘီက အဆပေါင်းများစွာ ပိုပြီးတန်ဖိုးရှိတယ်ကွ၊ ဟေ့ကောင်တွေ၊ ဒီကောင့်ကို မြင်းအနောက်မှာ ကြိုးနဲ့ချည်လိုက်စမ်းဟေ့၊ ပြီးရင် မိုးနဲမြို့သုံးပတ်လောက် မြင်းနဲ့တရွတ်တိုက်စမ်းကွာ”
သူ့တပည့်များက လူငယ်ကိုဖမ်းချုပ်ပြီး မြင်းတစ်စီး၏ အနောက်တွင် ကြိုးဖြင့်ချည်လိုက်လေသည်။ ရှဲန်ဆိုင်လည်း မကြည့်ရက်တော့သဖြင့် ထသွားရန်ကြိုးစားလိုက်ရာ ဝစီပိတ်သိုင်းသမား ကြီးက ရှဲန်ဆိုင်၏လက်ကိုဆွဲထားသည်။
“မင်းမသွားနဲ့အုံး၊ အချိန်မကျသေးဘူး”
ရှဲန်ဆိုင်က မျက်စောင်းထိုးလိုက်ပြီး
“ဒါဆို သူတို့နှစ်ယောက်လုံးသေသွားတော့မှ သွားရမှာလား”
ဝစီပိတ်သိုင်းသမားက ခေါင်းခါလိုက်ပြီးနောက်
“မင်းသွားစရာမလိုပါဘူး၊ ငါသူတို့နှစ်ယောက်ကိုတာဝန်ယူလိုက်မယ်”
မကြာခင် မြင်းရထားကြီးက ဈေးမှထွက်ခွာသွားလေသည်။ ရှဲန်ဆိုင်လည်း ဦးစိုင်းမုန်းသွားသည့်နေရာကိုသိချင်သဖြင့် မြင်းရထားကြီးအနောက်သို့ ခပ်ခွာခွာလိုက်လာခဲ့တော့သည်။
(၆)
အဘွားကြီးအား ရဲမက်တစ်ဦးက တုတ်ဖြင့်ရိုက်ရန်အတွက် တုတ်ကိုလွှဲလိုက်လေသည်။ ထိုအခါ သူ့လက်ထဲက တုတ်မှာ ယတိပြတ် ပြတ်ထွက်သွားပြီး မြေပေါ်သို့ပြုတ်ကျသွားလေသည်။ ရဲမက်နှစ်ဦးက ထူးဆန်းစွာဖြင့်ကြည့်နေစဉ်တွင် သူတောင်းစားကြီးတစ်ယောက်က ခမောက်ကြီးဆောင်းလျှက် သူတို့အနားသို့ရောက်လာလေသည်။
“ငွေအကြွေလေးရှိရင် သနားကြပါ”
ရဲမက်နှစ်ဦးမှာ စိတ်တိုသွားလေသည်။
“ဟာ၊ ဒီသူတောင်းစားကြီးက တစ်မှောင့်”
ထိုလူကြီးကို နောက်ထပ်ရဲမက်တစ်ဦးက တုတ်ဖြင့်ရိုက်ရန်ပြင်လိုက်စဉ်မှာပင် ထိုရဲမက်ကိုင်ထားသည့််တုတ်မှာ နှစ်ခြမ်းကွဲထွက်သွားပြန်သည်။ သူတောင်းစားကြီးက သူ့လက်ထဲရှိ တုတ်တိုကလေးကို ဆုပ်ကိုင်ထားလေသည်။
“ခင်ဗျားလုပ်တာမဟုတ်လား”
သူတောင်းစားကြီးက တုတ်ကလေးကိုမြှောက်တင်လိုက်ပြီး တုတ်အစွန်းတစ်ဖက်ကို ဆွဲလိုက်သည့်အခါ တုတ်တံမှ ဓါးသွားတစ်ခုကပေါ်ထွက်လာလေသည်။ သူတောင်းစားကြီးက ထိုဓါးကိုလေပေါ်တွင် နှစ်ချက်မျှ ဝှေ့ယမ်းပြီးသည့်အခါ ဓါးကိုပြန်သိမ်းလိုက်လေသည်။ ရဲမက်နှစ်ဦးမှာ အံ့သြစွာဖြင့်ကြည့်နေရင်း သူတို့ဆောင်းထားသည့် ခမောက်များမှာ နှစ်ခြမ်းကွဲကျသွားလေသည်။
“ခင်ဗျား၊ ခင်ဗျားဘာလုပ်လိုက်တာလဲ”
ထိုစဉ်မှာပင် သူတို့ဝတ်ထားသည့်် ဘောင်းဘီများမှာလည်း ခါးမှပြတ်ထွက်သွားပြီးနောက် ဘောင်းဘီများကျွတ်ကျသွားတော့သည်။ ထိုအခါ ဈေးအတွင်းရှိလူများက ရဲမက်နှစ်ဦးအားကြည့်ကာ ရယ်မောနေကြလေသည်။ ရဲမက်နှစ်ဦးလည်း ရှက်ရှက်ဖြင့် ပြေးထွက်သွားတော့သည်။ ထိုသူတောင်းစားကြီးမှာ ဝစီပိတ်သိုင်းသမား ကြီးပင်ဖြစ်သည်။ ကြိုးတုတ်ခံထားရသည့် အဘွားအိုအနားသို့သွားလိုက်ပြီး သူ့ဓါးဖြင့် လေးငါးချက်ခန့် ဝှေ့ယမ်းလိုက်သောအခါ အဘွားကြီးကိုယ်လုံးတွင် စည်းနှောင်ထားသည့် ကြိုးများမှာ တစ်စစီပြတ်ထွက်သွားတော့သည်။
နောက်ရဲမက်တစ်ဦးက အခြေအနေမဟန်မှန်းသိသဖြင့် မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ ထိုမြင်း၏ အနောက်တွင်တော့ လူပျိုပေါက်ကောင်ကလေးကို ကြိုးဖြင့်ဆွဲထားခြင်းဖြစ်သည်။ ထိုရဲမက်က မြင်းကိုတအားခြေဖြင့်ကန်ပြီး ဒုန်းစိုင်းမောင်းထွက်သွားလေသည်။ သို့သော်လည်း လူပျိုပေါက်ကောင်ကလေးမှာ မြေတွင်သာကျန်နေခဲ့သည်။ ဝစီပိတ်သိုင်းသမားကြီးက သူ့ဓါးကို တုတ်တံအတွင်းသို့ပြန်ထည့်လိုက်ပြီး ထိုနေရာမှထွက်ခွာလာခဲ့သည်။ ဈေးသူဈေးသားများနှင့် ကြည့်ရှုနေကြသူများကတော့ ဝစီပိတ်သိုင်းသမားကြီးကို လက်ခုပ်လက်ဝါးတီးကာ အားပေးကြသည်။
တဖြည်းဖြည်းမောင်းနှင်သွားသည့် မြင်းရထားအနောက်သို့ရှဲန်ဆိုင်နောက်ယောင်ခံလိုက်သွားလိုက်သည်။ မြင်းရထားက မြို့စားမင်းစံအိမ်အတွင်းသို့ မောင်းဝင်သွားသည်ကိုတွေ့လိုက်ရသည်။ အနားတွင်လည်း လူသူရှုပ်ထွေးနေသည်ဖြစ်ရာ ရှဲန်ဆိုင်လည်း ထိုနေရာကိုမှတ်သားပြီး ထွက်လာခဲ့လိုက်တော့သည်။
(၉)
ညရောက်ပြီ၊ လက မှိန်ပြပြကလေးထွန်းလင်းနေသည်။ ရှဲန်ဆိုင်က မြို့စားမင်းစံအိမ်အနီးသို့ သွားလိုက်ပြီး ခေါင်းမှဘဝဲလက်တံကြီးများကိုထုတ်လိုက်ကာ ခြံစည်းရိုးကိုဖက်တွယ်လိုက်သည်။ ဘဝဲလက်တံကြီးများက အားဖြင့််ဆွဲလိုက်သည့်အခါ ရှဲန်ဆိုင်တစ်ယောက် ခြံစည်းရိုးအတွင်းသို့ တိတ်ဆိတ်စွာရောက်ရှိသွားပြီဖြစ်သည်။ ခြံအတွင်းတွင် မီးတိုင်ကြီးများထွန်းထားလေသည်။ ထို့အတူ အစောင့်အရှောက်များလည်းရှိလေသည်။ စံအိမ်အနီးတွင် အလှစိုက်ပျိုးထားသည့် ပန်းပင်ကလေးများကို အကာအကွယ်ပြုပြီး စံအိမ်အနီးသို့တက်လာခဲ့သည်။ နောက်တော့ စံအိမ်ခေါင်မိုးပေါ်သို့ခုန်တက်သွားပြီး ခေါင်မိုးကိုအသာကလေးဖွင့်လိုက်ကာအောက်သို့ကြည့်နေမိသည်။ သူကြည့်နေသည့််အခန်းက ဧည့်ခန်းမလိုအခန်းဖြစ်မည်ထင်သည်။
အခန်းအတွင်း မီးရောင်များထိန်လင်းနေပြီး ဦးစိုင်းမုန်းနှင့် မြို့စားမင်းတို့ ထိုင်နေကြသည်။ မြို့စားမင်း၏ လူယုံတော်များလည်း ထိုင်နေလေသည်။ သူတို့အလယ်တွင်တော့ ကချေသည်မိန်းကလေးတစ်ယောက်က ငြိမ့်ညောင်းစွာ ကပြနေလေသည်။
“သောက်စမ်းပါ မြို့စားမင်းရဲ့၊ ကျုပ်ဒီတစ်ပါတ်အတွင်း မြို့စားမင်းအတွက် ငွေတွေရှာပေးထားတာပဲ”
မြို့စားမင်းက ခေါင်ရည်ကိုသောက်လိုက်ပြီး
“ဒါနဲ့ ခင်ဗျားတို့မနက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဟာ သိပ်ရုပ်ဆိုးတယ်ဗျာ၊ အခုတစ်မြို့လုံးက အဲဒီအကြောင်းပဲ ပြောနေကြတာ”
ဦးစိုင်းမုန်းက ရယ်မောလိုက်ပြီး
“ပြောစမ်းပါစေဗျာ၊ သူတို့များများပြောလေလေ ကျုပ်တို့အတွက် အကျိုးရှိလေလေပဲဗျ”
မြို့စားမင်းက ဦးစိုင်းမုန်းကို မကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်လေသည်။ ဦးစိုင်းမုန်းက ဆက်လက်ပြီး
“သူတို့ ဒီအကြောင်းကိုပြောကြတော့မှ အခွန်မပေးရင် ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာကို သိလာကြလိမ့်မယ်၊ ဒါဆိုရင် နောက်တစ်ခါ အခွန်ကောက်မယ်ဆိုရင် သူတို့ကြည်ကြည်ဖြူဖြူနဲ့ ပေးကြမယ်မဟုတ်ဘူးလား မြို့စားမင်းရဲ့”
မြို့စားမင်းက နားထောင်လိုက်ပြီး တစ်ချက်ပြုံးလိုက်လေသည်။ ဦးစိုင်းမုန်းက ငွေအိတ်တစ်အိတ်ကိုထုတ်လိုက်ပြီး မြို့စားမင်းကိုပေးလိုက်သည်။
“ဟောဒါက မနက်က ကောက်လို့ရတဲ့ အခွန်ငွေတွေရဲ့တစ်ဝက်ပဲ၊ မြို့စားမင်းကို ကျုပ်က ကျေးဇူးပြုတာ”
ဦးစိုင်းမုန်းဆီမှ ငွေအိတ်ကိုလက်ခံပြီးသော် မြို့စားမင်းက မျက်နှာကြီးဖြီးသွားတော့သည်။
“ကျန်တဲ့တစ်ဝက်ကတော့ ကျုပ်အတွက်ဗျ”
ဦးစိုင်းမုန်းစကားကြားတော့ မြို့စားမင်းက ထူးဆန်းသွားလေသည်။
“နေစမ်းပါအုံး၊ ခင်ဗျားအခွန်ကောက်တာ စော်ဘွားမင်းအတွက်မဟုတ်ဘူးလား”
ဦးစိုင်းမုန်းက ခေါင်းခါလိုက်လေသည်။
“စော်ဘွားမင်းက တစ်လကိုတစ်ကြိမ်အခွန်ကောက်ခိုင်းတယ်၊ ကျုပ်က ဆယ်ရက်တစ်ကြိမ်အခွန်ကောက်တယ်၊ ကျန်တဲ့နှစ်ကြိမ်ကတော့ ကျုပ်အတွက်ပေါ့ဗျာ၊ ဟဲ ဟဲ”
“အံ့ပါရဲ့ဗျာ၊ ခင်ဗျားက တရားမလွန်ဘူးလားဗျ”
“အိုဗျာ၊ ဘာတွေတရားလွန်ရမှာလဲ၊ ကျုပ်ပြောပြမယ်၊ ဒီလူတွေဆိုတာ စော်ဘွားမင်းတွေပိုင်တဲ့ မြေမှာနေတယ်၊ အဲဒီကရေကိုသုံးကြတယ်၊ ဒီမြေမှာစိုက်ပျိုးကြတယ်၊ ရောင်းဝယ်ဖောက်ကားကြတယ် ပြီးတော့ အခွန်ကျတော့ မဆောင်ချင်ကြဘူးဗျ၊ လူတွေက အလကားပဲလိုချင်ကြတာ၊ ဒီအတွက် ကျုပ်တို့က တန်ရာတန်ကြေးအခွန်ပြန်ကောက်တာ၊ ဒါမတရားဘူးတဲ့လား၊ ပြောစမ်းပါအုံး”
မြို့စားမင်းက ခေါင်းညိတ်လိုက်လေသည်။
“ကဲ မြို့စားမင်းလည်း ကျုပ်လက်ဆောင်လေးကိုလက်ခံပေးပါ၊ နောက်တစ်ခါ ကျုပ်ခင်ဗျားတို့မြို့မှာ အခွန်ကောက်ရင် ခင်ဗျားအတွက်လည်း မနည်းစေရပါဘူးဗျ၊ ဟား၊ ဟား”
“ဝုန်း”
ထိုစဉ်ခေါင်မိုးကြီးပွင့်ထွက်သွားကာ မိန်းကလေးတစ်ဦးခုန်ဆင်းလာလေသည်။ ကချေသည်မိန်းကလေးလဲ ကြောက်လန့်တကြားဖြင့်ထွက်ပြေးသွားလေသည်။ ထိုမိန်းကလေးက ခေါင်းပေါင်းကြီးပေါင်းထားပြီး လက်တွင်လည်း ဓါးမြှောင်နှစ်လက်ကိုင်ထားသေးသည်။ ဦးစိုင်းမုန်းက ထိုမိန်းကလေးကို အသေအချာကြည့်လိုက်သည်။
“ဟင်၊ ရှဲန်ဆိုင်ပါလား”
ရှဲန်ဆိုင်က ဦးစိုင်းမုန်းကို ဓါးဖြင်ချိန်လိုက်ပြီး
“ရှင်တော်တော်အံ့အားသင့််သွားသလား၊ ရှင့်ကိုကျွန်မလက်စားချေဖို့ရောက်လာခဲ့ပြီ၊ ကျွန်မရဲ့မိသားစု၊ ကျွန်မရဲ့ဆွေမျိုး၊ ကျွန်မတို့ရွာကလေးအတွက် ရှင့်ကိုသတ်ပြီး လက်စားချေရမယ်”
“မလုပ်ပါနဲ့”
ဦးစိုင်းမုန်းက မတ်တပ်ထလိုက်သည့်အချိန် ရှဲန်ဆိုင်က သူ့လက်ထဲမှ ဓါးမြှောင်ကလေးကို ဦးစိုင်းမုန်းထံသို့ ပစ်သွင်းလိုက်သည်။ ဦးစိုင်းမုန်း၏ ရင်ဝကို ဓါးကလေးက စိုက်ဝင်သွားပြီး ဦးစိုင်းမုန်းလဲကျသွားသည်။
“အစောင့်တွေ၊ အစောင့်တွေ ဘယ်မှာလဲ”
မြို့စားမင်းက အော်ဟစ်လိုက်သည့်အခါ လက်နက်များကိုင်ဆောင်ထားသည့် ရဲမက်များက အခန်းအတွင်းသို့ပြေးဝင်လာလေသည်။
“ဒီကောင်မလေးကိုဖမ်းစမ်း၊ သူ့ကိုဖမ်းချုပ်လိုက်ကြစမ်း”
ရဲမက်တစ်ဦးက ရှဲန်ဆိုင်လက်ကိုဆွဲဖမ်းလိုက်သည်။ ထိုအခါ ရှဲန်ဆိုင်၏ ခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းကြီးပြုတ်ထွက်သွားပြီး အတွင်းမှ ဘဝဲလက်တံကြီးများထွက်လာကာ ထိုရဲမက်၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကိုလှည့်ကာ ချိုးလိုက်တော့သည်။
ရဲမက်သုံးဦးက လှံဖြင့်ဝင်ထိုးလေသည်။ ဘဝဲလက်တံသုံးချောင်းက လှံများကို ဖမ်းကိုင်လိုက်ပြီး အားနှင့်လွှဲလိုက်ရာ ရဲမက်သုံးဦးမှာ လေပေါ်လွင့်တက်သွားပြီး အိမ်နံရံနှင့်ဆောင့်မိကာ မေ့လဲကျသွားသည်။ မြို့စားမင်းက ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ်တုန်ယင်နေလေသည်။
“မကြောက်ပါနဲ့ ကျွန်မရှင့်ကိုသတ်ဖို့လာတာမဟုတ်ပါဘူး၊ ဟောဒီက လူဆိုးကြီးကို သတ်ဖို့လာခဲ့တာပါ”
ရှဲန်ဆိုင်က ဓါးကြီးတန်းလန်းဖြင့် လဲကျနေသည့် ဦးစိုင်းမုန်းကို လက်ညှိုးထိုးပြလိုက်သည်၊ ဦးစိုင်းမုန်းက လှုပ်ရှားလာပြီး ငုတ်တုတ်ထိုင်လိုက်လေသည်။ ရှဲန်ဆိုင်မှာ မျက်လုံးအပြူးသားနှင့် ဦးစိုင်းမုန်းကို ကြည့်နေမိသည်။ ဦးစိုင်းမုန်းက သူ့ရင်ဘတ်တွင် စိုက်ဝင်နေသည့်် ဓါးမြှောင်ကလေးအား ဆွဲနှုတ်လိုက်လေသည်။
“ငါက အစကတော့ နင့်ကို သနားနေတာ၊ အခုတော့ နင်က နင့်လင်မိစ္ဆာကောင်နဲ့ပေါင်းပြီး နင်ပါ မိစ္ဆာဖြစ်နေပြီပေါ့၊ ဟုတ်သလား ရှဲန်ဆိုင်”
ဦးစိုင်းမုန်းက ရှဲန်ဆိုင်ဆီသို့ခုန်ဝင်လာလေသည်။ ရှဲန်ဆိုင်လည်း အနောက်သို့ခုန်ဆုတ်လိုက်ပြီး လက်ထဲမှဓါးဖြင့် ဦးစိုင်းမုန်းကိုခုတ်ချလိုက်သည်။ ဦးစိုင်းမုန်း၏ ပုခုံးကို ဓါးကဖြတ်ထွက်သွားလေသည်။ သို့သော် ဦးစိုင်းမုန်းက နာကျင်ပုံမရသည့်အပြင် သူ့ပုခုံးရှိ ဓါးခုတ်ဒဏ်ရာကြီးမှာလည်း သူ့အလိုလိုပြန်ဆက်သွားလေသည်။
“ရှင်၊ ရှင်က လူမဟုတ်ဘူး”
ဦးစိုင်းမုန်းက ပါးစပ်ကြီးကိုဖြဲပြီး အော်ဟစ်လိုက်သည့်အခါ တမဟုတ်ခြင်း ကျားကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်။ တိုက်ပွဲက ပြင်းထန်တော့မည်မို့ မြို့စားမင်က အနောက်ဖေးခန်းထဲသို့ အမြန်ပြေးဝင်သွားလေသည်။ ဦးစိုင်းမုန်းမှာ ရှဲန်ဆိုင်အား ပြေးခုန်အုပ်လိုက်လေသည်။ ရှဲန်ဆိုင်နှင့် ဦစိုင်းမုန်တို့၏ တိုက်ပွဲက ပြင်းထန်လွန်းလှသည်။
မကြာခင် ရှဲန်ဆိုင်က ဦးစိုင်းမုန်း၏ လက်ကိုဖမ်းဆွဲလိုက်ရာ ရှဲန်ဆိုင်၏ လက်ကောက်ဝတ်မှ မြွေဖြူကလေးက ဦးစိုင်းမုန်း၏ လက်ပေါ်သို့ လျှင်မြန်စွာတိုးဝင်သွားကာ ဦးစိုင်းမုန်း၏ ငယ်ထိပ်ပေါ်သို့တက်ပြီး သူ့အစွယ်များဖြင့်ပေါက်ချလိုက်လေသည်။ ဦးစိုင်းမုန်းက မြွေကိုဖမ်းပြီး လွင့်ပစ်လိုက်သည့်အခါ ရှဲန်ဆိုင်က မြွေဖြူကလေးကို ပြန်ဖမ်းလိုက်သည်။ မြွေဖြူကလေးက ရှဲန်ဆိုင်၏လက်ကို ရစ်ပတ်သွားကာ ပြန်လည်ငြိမ်သက်သွားလေသည်။
“ဘာတွေလဲ ဒါတွေကဘာတွေလဲ”
ဦးစိုင်းမုန်းက လူအဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ ရှဲန်ဆိုင်က ခေါင်းညိတ်လိုက်ပြီး
“အဆိပ်အမျိုးမျိုးရှိတယ်၊ အသွေးကိုပျက်စီးစေတဲ့အဆိပ်၊ အသားကိုပျက်စီးစေတဲ့အဆိပ်၊ နောက်ပြီး အကြောပျက်စီးစေတဲ့အဆိပ်၊ ရိုးတွင်းခြင်ဆီကို ပျက်စီးစေတဲ့အဆိပ်ဆိုပြီး အများကြီးရှိတယ်၊ အခုရှင့်ပါးစပ်ထဲကို ထည့်လိုက်တဲ့အဆိပ်ကတော့ အဲဒီ အဆိပ်ငါးမျိုးကို ပေါင်း်စပ်ထားတဲ့ ပြင်းထန်တဲ့အဆိပ်ပဲ၊ ရှင့်ကိုကိုက်သွားတဲ့မြွေကတော့ နှစ်တစ်ထောင်မြွေဖြူကောင်ပဲ”
ရှဲန်ဆိုင်၏ စကားကိုကြားလိုက်တော့ ဦးစိုင်းမုန်းက ရယ်မောလိုက်လေသည်။
“ဟား၊ ဟား မင်းမှားသွားပြီရှဲန်ဆိုင် ငါ့ကို မင်းဘယ်လိုမှသတ်လို့မရဘူးကွ”
“ရှင်က ဘယ်လိုသတ်သတ်မသေတဲ့ ဆမန်းကောင်တစ်ကောင်ဆိုတာ ကျုပ်သိပြီးသားပါ၊ ဆမန်းကောင်တွေက ဘယ်လိုမှမသေပေမယ့် ထိခိုက်ဒဏ်ရာတော့ ရတတ်ကြတယ်မဟုတ်လား”
ရှဲန်ဆိုင်ပြောဆိုနေသည့်အချိန်မှာပင် ဦးစိုင်းမုန်း၏ အသားအရည်များမှာ ပျော့ပြောင်းလာခဲ့ပြီး အရေပြားမှာ အရည်ပျော်ကျလာခဲ့သည်။ ထို့အတူ အသားကိုပျက်စီးစေတဲ့ အဆိပ်ကြောင့် ဦးစိုင်းမုန်းကိုယ်ရှိ ကြွက်သားများမှာ အရည်အဖြစ်သို့ပြောင်းလဲသွားကာ ပျော်ကျလာပြန်သည်။ တစ်ဖန်ဦးစိုင်းမုန်း၏ ပါးစပ်အတွင်းမှ သွေးများက ဒလဟော အန်ကျလာပြန်သည်။ နောက်ဆုံးတော့ ဦးစိုင်းမုန်းမှာ အရိုးစုကြီးဖြစ်သွားလေသည်၊ အရိုးများအချင်းချင်းဆက်သွယ်ထားသည့် အကြောများမှာ ပြတ်တောက်ကုန်သဖြင့် အရိုးပုံကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။
ရှဲန်ဆိုင်က ထိုအရိုးပုံကြီးကိုကြည့်လိုက်ကာပြုံးလိုက်သည်။ ထို့နောက် အရိုးပုံကြီးအတွင်းမှ အရိုးများကိုကောက်ယူလိုက်ပြီးနောက် စံအိမ်အပြင်ဘက်သို့ခုန်ထွက်လိုက်တော့သည်။ မိုးနဲမြို့အတွင်းရှိ ခွေးများမှာ ရှဲန်ဆိုင်ကိုမြင်တွေ့လိုက်သဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ ရှဲန်ဆိုင်က သူယူလာခဲ့သည့် အရိုးတစ်ချို့ကို ခွေးများကိုပစ်ကျွေးလိုက်ရာ ခွေးများက အရိုးများကိုကောက်ယူပြီး ထွက်ပြေးသွားကြလေသည်။
“ကဲ ဆမန်းကောင်ကြီးရေ၊ တစ်စစီဖြစ်သွားတဲ့ရှင့်ကိုယ်လုံးကို ရှင်ဘယ်လိုပြန်ဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့”
ရှဲန်ဆိုင်က တောင်ကြီးတစ်လုံးပေါ်သို့တက်နေရင်း သူနေထိုင်ခဲ့သည့်ရွာကလေးကိုမှန်းကာ လည်ပြန်မော့ကြည့်လိုက်သည်။
“အမေ၊ အဖေ၊ အမေတို့ခံစားခဲ့ရတာတွေအတွက် ကျွန်မပြန်ပြီးလက်စားချေနိုင်ခဲ့ပြီ၊ အမေတို့ ကျေနပ်ကြပါတော့”
ထိုသို့ရေရွတ်လိုက်ပြီးနောက် ရှဲန်ဆိုင်တစ်ယောက် မိုင်းပွန်မြို့ဆီသို့ ပြန်လာခဲ့လေသည်။
(၁၀)
တောင်ခြေမှ လှမ်းကြည့်လိုက်သည့်အခါ တောင်ကုန်းပေါ်ရှိ အိမ်ကလေးတွင် မီးရောင်ကလေးကို လှမ်းမြင်လိုက်ရသည်။ ရှဲန်ဆိုင်လည်း အဆိပ်ဘွားဘွားထံသို့ အမြန်ပြေးလာခဲ့တော့သည်။ တစ်ခုထူးဆန်းနေသည်က တောင်ပေါ်တက်သည့်အခါ ပုံမှန်မြင်တွေ့နေကျ အဆိပ်ကောင်များကို မမြင်တွေ့ရတော့ပေ၊ ခြံတံခါးမှာလည်းပွင့်နေသည်မို့ ရှဲန်ဆိုင်စိတ်ပူသွားလေသည်။
“အဆိပ်ဘွားဘွား ဘာများဖြစ်တာပါလိမ့်”
ရှဲန်ဆိုင်က အိမ်ကလေးဆီသို့ပြေးလာခဲ့သည်။ အိမ်တံခါးပွင့်နေပြီး အိမ်ထဲတွင် မီးရောင်လင်းနေလေသည်။ ရှဲန်ဆိုင်အိမ်ထဲသို့ပြေးဝင်လိုက်သည့်အခါ အိမ်ခန်းထဲရှိ ထိုင်ခုံတွင် အမျိုးသမီးတစ်ယောက် ထိုင်နေလေသည်။ ထိုအမျိုးသမီးက ဖြူဝင်းသောအသားအရည်ရှိပြီး အနက်ရောင်အင်္ကျီနှင့် ထဘီကို ဝတ်ဆင်ထားသည်။ လှပကျော့ရှင်းသည့် ဆံထုံးကြီးကိုထုံးထားသည့်အတွက် အထက်တန်းလွှာမှ လူတစ်ဦးဖြစ်မည်ဟု ရှဲန်ဆိုင်က ခန့်မှန်းလိုက်သည်။ ထိုအမျိုးသမီးက အေးအေးလူလူပင် ရေနွေးသောက်နေလေသည်။
“အဘွား၊ အဘွားရော”
ထိုအခါ ထိုအမျိုးသမီးက အခန်းတွင်းတစ်နေရာကို မေးငေါ့ပြသည်။ ရှဲန်ဆိုင်က ကြည့်လိုက်ရာ ထိုင်ခုံတွင်ထိုင်နေသော အဆိပ်ဘွားဘွားကိုတွေ့လိုက်ရသဖြင့် အဆိပ်ဘွားဘွားထံသို့ ပြေးသွားလိုက်လေသည်။
“ဘွားဘွား၊ သူက ဘယ်သူလဲ”
အဆိပ်ဘွားဘွား၏ ကိုယ်လုံးကိုထိလိုက်သည့်အခါ တစ်ကိုယ်လုံးအေးစက်နေပြီး အဆိပ်ဘွားဘွား၏ ဦးခေါင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျကာ ထိုင်နေသည့် အမျိုးသမီးခြေထောက်အနားသို့ လိမ့်ဆင်းသွားလေသည်။ ရှဲန်ဆိုင်လည်း အံ့အားသင့်သွားသဖြင့် ထိုအမျိုးသမီးအား စူးစိုက်ကြည့်လိုက်လေသည်။
“ရုပ်ရည်ကလေးကတော့ ချောသားပဲ၊ မင်းနာမည်ကရော ဘယ်လိုခေါ်သလဲ”
“ရှင်အဆိပ်ဘွားဘွားကို ဘာလုပ်လိုက်တာလဲ”
“မင်းမြင်တဲ့အတိုင်းပဲလေ”
ထိုအမျိုးသမီးက အဆိပ်ဘွားဘွားဦးခေါင်းပြတ်ကြီးကို ခြေထောက်တစ်ဖက်တင်ထားလိုက်လေသည်။ ရှဲန်ဆိုင်လည်း ဒေါသထွက်သွားပြီး ဘဝဲလက်တံကြိးများကိုထုတ်လိုက်ကာ ထိုအမျိုးသမီးကို တိုက်ခိုက်လေသည်။ သို့သော် ထိုအမျိုးသမီးက ထိုင်ခုံတွင်ထိုင်နေရင်း လျှင်မြန်စွာပျောက်ကွယ်သွားလေသည်။
“ဟင်၊ ဘယ်ရောက်သွားတာလဲ”
“ငါမင်းရဲ့အနောက်မှာကွ”
ထိုအမျိုးသမီးက ပြောလိုက်ပြီး ရှဲန်ဆိုင်အား လက်နှင့်ပုတ်လိုက်လေသည်။ ရှဲန်ဆိုင်၏ နောက်ကျောတွင် ပူခနဲဖြစ်သွားပြီး ရှဲန်ဆိုင်လွင့်ထွက်သွားသည်။ ထိုအမျိုးသမီး၏လက်တွင် ချွန်ထက်နေသည့် လက်သည်းများရှိလေသည်။ ရှဲန်ဆိုင်က ကျောကုန်းကိုစမ်းသပ်ကြည့်လိုက်သည့်အခါ သူ့ကျောရှိ အသားစိုင်များမှာ ပြတ်ထွက်နေလေသည်။
“မင်းက ဒီလောက်ပဲတတ်တာလားကွ၊ ဒါနဲ့များ ဘာလို့ ငါတို့ဆမန်းတွေကို ရန်ပြုချင်ရတာလဲ”
ရှဲန်ဆိုင်က ဘဝဲလက်တံများဖြင့် လှမ်းရိုက်ထည့်လိုက်သည်။ ထိုအခါ ထိုအမျိုးသမီးက လေ၏အလျှင်ကဲ့သို့ လျှင်မြန်စွာခုန်ရှောင်သွားပြီး ရှဲန်ဆိုင်၏ နံဘေးသို့ရောက်လာသည်။ ရှဲန်ဆိုင်က အမြန်ကာကွယ်လိုက်သော်လည်း ထိုအမျိုးသမီးက ရှဲန်ဆိုင်၏ မျက်နှာကိုသူ့လက်သည်းကြီးများနှင့် ပုတ်ထည့်လိုက်သည်။ ရှဲန်ဆိုင်လွင့်ထွက်သွားပြန်သည်။ သူ့မျက်နှာကိုပြန်စမ်းလိုက်သည့်အခါ မျက်နှာတစ်ခြမ်းက စုတ်ပြတ်သွားပြီး ပါးတွေကလည်း ပေါက်ထွက်ကုန်သည်။
“ရှင်ဘယ်သူလဲ”
“ငါက ကျားဖြူသခင်မပဲ၊ ညောင်ရွှေက ဆမန်းအိမ်တော်ရဲ့ အုပ်ချုပ်သူပေါ့”
“ရှင်နဲ့ ကျုပ်နဲ့ ဘာရန်ငြိုးရှိလို့လဲ”
“မောက်မောက်ကြီးက ပြောတယ်ကွ၊ ဆမန်းကောင်တွေကို ငွေအပ်နဲ့ထိုးပြီးတိုက်ခိုက်နိုင်တာ မင်းပဲရှိတယ်ဆို”
ရှဲန်ဆိုင်ပြန်တွေးလိုက်ပြီး သဘောပေါက်နားလည်သွားပြီဖြစ်သည်။
“ရှင်ရူးနေလား၊ ကျုပ်က ရှင့်လူတွေကို အရင်ရန်စတိုက်ခိုက်ခဲ့တာမဟုတ်ဘူး၊ ရှင့်လူတွေသာ ကျွန်မကိုရန်စတာ”
ကျားဖြူသခင်မက ပြုံးလိုက်လေသည်။
“ဒီနယ်တစ်ဝိုက်မှာ ဆမန်းကောင်တွေကို ရန်ပြုရဲတဲ့သူမရှိဘူးကွ၊ သူတို့က ရန်ပြုလည်း မင်းသည်းခံနေလိုက်ပေါ့”
“ကျု့ပ်က သည်းမခံဘူးဆိုရင်ရော”
“ဒါကြောင့်လည်း မင်းအခု ငါနဲ့တွေ့နေတာပေါ့ကွာ”
ကျားဖြူသခင်မက ရှဲန်ဆိုင်အနီးသိုး လျှင်မြန်စွာတိုးဝင်လာသည်။ ရှဲန်ဆိုင်က ဘဝဲလက်တံများဖြင့် ကာကွယ်လိုက်သည့်အချိန်တွင် ချက်ချင်းပင် ရှဲန်ဆိုင်၏ အနောက်သို့ရောက်သွားကာ ရှဲန်ဆိုင်၏လည်ပင်းကို လက်သည်းဖြင့်ကုတ်လိုက်ပြန်သည်။ ရှဲန်ဆိုင်၏ ဒဏ်ရာများမှ အစိမ်းရောင် အဆိပ်သွေးများ စီးကျလာခဲ့သည်။ ရှဲန်ဆိုင်က ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်လိုက်သော်လည်း သူ့ကိုယ်သူ မသယ်နိုင်တော့ပေ။
“ဟား၊ ဟား၊ မောက်မောက်ကြိးပြောတာ မင်းကလူမဟုတ်ဘူးတဲ့၊ မင်းက လူတစ်ယောက်ရဲ့ ဖန်တီးမှုတစ်ခုပဲဆို၊ မင်းကိုဖန်တီးကတည်းက ဖျက်ဆီးဖို့ရည်ရွယ်ထားပြီးသားပဲတဲ့၊ ကဲ၊ အခုတော့ ငါမင်းကိုဖျက်ဆီးရတော့မယ်”
ကျားဖြူသခင်မက သူ့ညာလက်ကို လေပေါ်သို့မြှောက်တင်လိုက်သည်။ လက်သည်းချွန်ချွန်ကြီးများမှာ တစ်ဖြည်းဖြည်းရှည်ထွက်လာပြီး တစ်တောင်ခန့်အထိ ရှည်လျားသွားသည်။ ကျားဖြူသခင်မက လက်ကိုဝှေ့ယမ်းပြီး ခုနက အိမ်တိုင်ကြီးကို တစ်ချက်ခုတ်ထည့်လိုက်ရာ အိမ်တိုင်ကိုလက်သည်းများက ဖြတ်သန်းသွားပြီးနောက် အိမ်တိုင်ကြီးမှာ သုံးပိုင်းပြတ်ကျသွားလေသည်။ အိမ်မှာလည်း တဖြည်းဖြည်းအိဆင်းသွားသည်။ ထိုလက်သည်းကြီးဖြင့် အဖြတ်ခံရလျှင် ရှဲန်ဆိုင်တစ်ယောက် အပိုင်းပိုင်းပြတ်ထွက်သွားမည်ဖြစ်သည်။
“မင်းကိုငါနှုတ်ဆက်လိုက်ပါတယ်”
ကျားဖြူသခင်မက ရှဲန်ဆိုင်အား လက်သည်းများဖြင့် ကုတ်ချလိုက်တော့သည်။ ထိုစဉ် လျှက်စီးလက်သကဲ့သို့ တစ်ချက်လင်းထိန်သွားပြီး ကျားဖြူသခင်မ၏ လက်သည်းများမှာ အရင်းမှပြတ်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ လက်သည်းလေးချောင်း လုံးမှာ ကြမ်းပြင်ပေါ်ရောက်သည်နှင့် တရှဲရှဲမြည်ကာ ပျောက်ကွယ်သွားတော့သည်။
ကျားဖြူသခင်မရော ရှဲဆိုင်ပါ အိမ်တံခါးဆီသို့ကြည့်လိုက်သည်။ ခမောက်ငိုက်ငိုက်ဆောင်းထားသည့် လူကြီးတစ်ဦးက မတ်တပ်ရပ်နေလေသည်။
“ရှင်ဘယ်သူလဲ၊ ရှင်ဘာလို့ ဝင်ရှုပ်တာလဲ”
ထိုလူကြီးက အိမ်အတွင်းသို့ဝင်လာသည်။ လက်ထဲတွင်လည်း နှစ်တောင်ခန့်ရှိသည့် တုတ်ကြီးကိုပိုက်ထားလေသည်။ ထိုလူကြီးကိုကြည့်လိုက်ပြီးကတည်းက ဝစီပိတ်သိုင်းသမားကြီးမှန်း ရှဲန်ဆိုင်သိလိုက်ရသည်။
“ကျုပ်လည်း ကျုပ်လမ်းကျုပ်သွားတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ လာပြီးဆုံနေတော့ မလွှဲရှောင်သာဘူးပေါ့ဗျာ”
ကျားဖြူသခင်မက အလွန်စိတ်ဆိုးနေလေသည်။
“ရှင့််ကိုထွက်သွားဖို့ နောက်ဆုံးအကြိမ်အခွင့်အရေးပေးလိုက်မယ်၊ ရှင်အခုထွက်သွားရင် ရှင့်ကိုကျွန်မ မသတ်ဘူး”
ထိုလူကြီးက သူ့ခမောက်ကြီးကိုချွတ်လိုက်ပြီး စားပွဲခုံပေါ်သို့ ပစ်တင်လိုက်သည်။
“ကျုပ်ထွက်သွားဖို့တွေးထားတယ်ဆိုရင် ဒီအိမ်ထဲကိုတောင် ဝင်လာခဲ့မှာမဟုတ်ဘူး”
ကျားဖြူသခင်မက အရိပ်ကဲ့သို့ လျှင်မြန်စွာပြေးလွှားလိုက်ပြီး ဝစီပိတ်သိုင်းသမားကြီဘေးသို့ ပြေးဝင်သွားသည်။ ဝစီပိတ်သိုင်းသမားကြီးကလည်း သူ့တုတ်ကြီးကိုလက်ဖြင့်ဆွဲလိုက်သည့်အခါ တုတ်အတွင်းမှ ဝင်းလက်နေသည့် ဓါးတစ်ချောင်းထွက်လာကာ ကျားဖြူသခင်မ၏ လက်သည်းများကိုခုတ်ဖြတ်လိုက်ပြန်သည်။ ကျားဖြူသခင်မက ပြန်လည်ဆုတ်ခွာလိုက်ပြီး လက်နှစ်ဖက်စလုံးတွင် လက်သည်းရှည်ကြီးများကို ဖန်တီးလိုက်သည်။
“ရှင်က ဘယ်ဆိုးလို့လဲ၊ ကျုပ်က ဒီလိုပြိုင်ဖက်ကောင်းကောင်းနဲ့ မတွေ့ရတာကြာပြီ”
ကျားဖြူသခင်မက ဝစီပိတ်သိုင်းသမားကို မတိုက်ခိုက်သေးဘဲ သိုင်းသမားကိုပတ်၍ ပြေးလွှားနေလေသည်။ ဝစီပိတ်သိုင်းသမားက ဓါးကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားသည်။ ထို့နောက် ရှဲန်ဆိုင်အားကြည့်လျှက်
“မင်းပြေးတော့”
ရှဲန်ဆိုင်လည်း ရှိသမျှအားကုန်သုံးကာ အိမ်အပြင်သို့ တရွတ်တရွတ်နှင့် ပြေးထွက်ခဲ့လေသည်။
ဝစီပိတ်သိုင်းသမားက သူ့မျက်လုံးများကိုမှိတ်လိုက်သည်။
“အာရုံတွေများရင် ရှုပ်ထွေးမှုများမယ်၊ အာရုံတွေနည်းရင် ရှုပ်ထွေးမှုနည်းလိမ့်မယ်”
ဝစီပိတ်သိုင်းသမားက ဓါးကိုလက်နှစ်ဖက်နှင့် ကျစ်နေအောင်ဆုပ်ကိုင်ထားကာ ထိုသို့ရေရွတ်နေမိသည်။ ကျားဖြူသခင်မလည်း အချိန်မဆွဲတော့ဘဲ ဝစီပိတ်သိုင်းသမားထံသို့ ညာဖက်မှပြေးဝင်လျှင် လက်သည်းဖြင့်ခုတ်ချသည်။ ဝစီပိတ်သိုင်းသမားကြီးက ကိုယ်ကိုဘယ်ဖက်သို့တိမ်းရှောင်လိုက်သဖြင့် ကျားဖြူသခင်မမှာ လေကိုသာ ခုတ်မိလေသည်။ ဝစီပိတ်သိုင်းသမားကလည်း ချက်ချင်းပင် ကျားဖြူသခင်မ၏ လက်တစ်ဖက်ကို ဓါးဖြင့်ခုတ်ဖြတ်လိုက်သည်။ ကျားဖြူသခင်မက အလျော့မပေးသေးပေ၊ ချက်ချင်းပင် သိုင်းသမားကြီး၏ ဘယ်ဖက်သို့ ခုန်ဝင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ခုတ်လိုက်ပြန်သည်။ သိုင်းသမားကြီးက ကိုယ်ကိုတစ်ပတ်လှည့်ကာ ရှောင်တိမ်းလိုက်ပြီး ကျားဖြူသခင်မ၏ နောက်လက်တစ်ဖက်ကို ခုတ်ဖြတ်လိုက်ပြန်သည်။
ကျားဖြူသခင်၏ လက်နှစ်ဖက်မှာ တံတောင်ဆစ်မှနေ၍ ပြတ်ကျသွားတော့သည်။ ကျားဖြူသခင်မက ရပ်တန့်လိုက်ပြီး သိုင်းသမားကြီးအား အသေအချာကြည့်နေလေသည်။
“ရှင်၊ ရှင်ဘယ်သူလဲ”
“ကျုပ်ကိုလူတွေက ဝစီပိတ်သိုင်းသမားလို့ ခေါ်ကြတယ်”
သိုင်းသမားကြီးက ခြေကိုတစ်လှမ်းဆုတ်လိုက်ပြီး ဓါးကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ကာ သက်ပြင်းတစ်ချက်ကိုရှူထုတ်လိုက်သည်။
“အရိပ်မဲ့ဓါးခုနစ်ချက်ကွ”
ထိုသို့အော်ဟစ်လိုက်ပြီး ကျားဖြူသခင်မဆီပြေးဝင်သွားလေသည်။ အိမ်အတွင်း လျှပ်စီးလက်သကဲ့သို့ အလင်းရောင်များတဝင်းဝင်းနှင့် ထွက်ပေါ်လာပြီးသည့်နောက် အိမ်ကြီးမှာ ဝုန်းခနဲပြိုကျသွားသည်။ ခြံဝတွင်ရောက်နေသည့် ရှဲန်ဆိုင်က အိမ်ကြီးကိုငေးမောကြည့်နေမိသည်။ ထို့နောက် ထိုနေရာမှအမြန်ထွက်လာခဲ့သည်။ တောင်ကုန်းကလေးအတိုင်းဆင်းလာခဲ့သည့်အခါ သစ်ပင်တစ်ပင်၏ ပင်စည်ကိုမှီပြီးရပ်နေသည့်် လူကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။
“ရှင်၊ ရှင်က . . .”
“မင်းငါ့ကို မမှတ်မိတော့ဘူးလား”
ခမောက်ကြီးငိုက်ငိုက်ဆောင်းထားသည့် လူကြီးပင်ဖြစ်သည်။ ထိုလူကြီးက ရှဲန်ဆိုင်အား တွဲကာ အတူတူလျှောက်လာလေသည်။
“ဒါဆို ကျားဖြူသခင်မ ဘာဖြစ်သွားပြီလဲ”
“ဇာတ်သိမ်းသွားပြီ”
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ဆမန်းကောင်တွေကို သတ်လို့မှမရတာ”
“မင်းတောင်မှ ငွေခွန်မှူးဆိုတဲ့ဆမန်းကောင်ကို သတ်ခဲ့တာပဲမဟုတ်လား”
ရှဲန်ဆိုင်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ်အားဖြင့် ရှဲန်ဆိုင်က ဆမန်းကောင်ကို သတ်ဖြတ်ခဲ့ခြင်းမဟုတ်ပေ၊ ဆမန်းကောင်များမှာ အသွေးအသားများ ပြန်လည်အသစ်ဖြစ်ပေါ်နိုင်သည်မို့ သူတို့၏ အရိုးနှင့် အစိတ်အပိုင်းများကို တစ်စစီ၊ တစ်နေရာစီ လုပ်လိုက်သဖြင့် ဆမန်းကောင်များအဖို့ ပြန်လည်ရှင်သန်ရန် မလွယ်ကူတော့ပေ။
“ဒါနဲ့ ရှင်ဘယ်လိုလုပ်ပြီးတော့ သူ့ကိုအနိုင်ယူခဲ့တာလဲ”
“မင်းဒဏ်ရာတွေက ပြင်းထန်တယ်ကွ၊ လာစမ်းပါ၊ ငါတို့သွားရင်း ဆက်ပြောရအောင်”
ရှဲန်ဆိုင်ကို ဝစီပိတ်သိုင်းသမားကြီးက တွဲလျှက် တောင်ကုန်းကလေးပေါ်မှဆင်းလာခဲ့ကြတော့သည်။
(၁၁)
“ငခမ်း၊ ငခမ်း၊ မင်းငါပြောတာကြားလား”
ပိန်းပိတ်အောင်မှောင်မိုက်နေသည့်် အမှောင်ထုကြီးအတွင်းတွင် ငခမ်းတစ်ယောက်လဲကျနေသည်။ အသေးလေးအသံက သူ့နားထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ငခမ်းတစ်ကိုယ်လုံးကို မိစ္ဆာနိုင်အင်းများဖြင့် ကပ်ထားသဖြင့် ငခမ်းမလှုပ်ရှားနိုင်ပေ။ သို့သော် ငခမ်းနှင့် အသေးလေးက စိတ်အတွင်းမှဆက်သွယ်နိုင်သည်။ ငခမ်းက ဘာမှပြန်မဖြေသဖြင့် အသေးလေးက
“ဟေ့ငခမ်း၊ မိစ္ဆာနိုင်အင်း ဆိုတာ သဘာဝအတိုင်းဖြစ်နေတဲ့ မိစ္ဆာကောင်တွေကို နိုင်ဖို့စီရင်ထားတာကွ၊ ငါ့လိုနတ်ဆိုးကိုတော့ ဒီအင်းက မဟန့်တားနိုင်ဘူး”
“အဲဒီတော့ ကျုပ်ကဘာလုပ်ရမှာလဲ”
“မင်းလုပ်စရာမလိုပါဘူးကွာ၊ ငါက မိစ္ဆာနိုင်အင်းကို ယဉ်ပါးသွားအောင်လို့ ကြိုးစားနေခဲ့တာ အခုဆိုရင် သုံးနှစ်လောက်ရှိပြီကွ၊ ငါ့တွက်ကိန်းအရ မကြာခင် ဒီအင်းကို ငါနိုင်တော့မယ်၊ ဒီအင်းကို ငါဖျက်ဆီးနိုင်တော့မယ်ကွ”
“ခင်ဗျားအပိုတွေပြောမနေနဲ့အသေးလေး၊ ခင်ဗျားအင်းကိုနိုင်တော့လည်း ကျုပ်ကဘာလုပ်လို့ရမှာလဲ၊ ကျုပ်မှာဘာမှမရှိတော့ဘူး၊ ကျုပ်ဆီက အရာအားလုံးက ဆုံးရှုံးသွားခဲ့ပြီ”
ငခမ်းစကားကိုကြားပြီး အသေးလေးက သက်ပြင်းချလိုက်သည်။
“မင်းက ငါသိတဲ့ငခမ်းမဟုတ်တော့ဘူးကွ၊ ငါသိတဲ့ငခမ်းက သန်မာတယ်၊ စိတ်ဓါတ်ပြင်းထန်တယ်”
ငခမ်းက သက်ပြင်းချလိုက်ပြန်သည်။
“လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်တာဗျ၊ ကျုပ်မှာ ဘာမှမျှော်လင့်စရာမရှိတော့ဘူး”
“အေးပါကွာ၊ မင်းအလုပ်မင်းလုပ်၊ ငါ့အလုပ် ငါဆက်လုပ်တာပေါ့”
အသေးလေးက ဘာမှမပြောတော့ဘဲ သူ့ပါးစပ်ကိုဖြဲလိုက်လေသည်။ ထို့နောက် မိစ္ဆာနိုင်အင်းမှ အစွမ်းများကို သူ့ပါးစပ်အတွင်းသို့ စုပ်ယူနေလေသည်။
ပြီးပါပြီ၊
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ဝစီပိတ်သိုင်းသမား တွင် ဆက်လက်ဖတ်ရှုပါ။