အပိုင်း (၂) ဇာတ်သိမ်း
ဆရာတော်က စည်သူအားမှာကြားပြီးသည့်အခါ တွင်းနက်ကြီးအတွင်းသို့ ခုန်ဆင်းသွားလေသည်။ တွင်းကြီးမှာ အလွန်နက်ရှိုင်းပြီး အောက်ခြေသို့ပင်လှမ်းမမြင်ရနိုင်ပေ၊ တွင်းကြီးတစ်ခုလုံးမှာ ကျောက်သားဖြင့်အတိပြီးနေသည်။ ဆရာတော်ခုန်ဆင်းသွားသည်နှင့် စည်သူက ထိုတွင်းကြီးအား ကျောက်ဖျာကြီးနှင့်ပြန်ပိတ်ထားလိုက်သည်။
ကျောက်ဖျာအနားတွင်မှာပင်ထိုင်နေကာ ဆရာတော်ကိုစောင့်ရှောက်နေရသည်။ ထိုသို့စောင့်ရှောက်နေရင်း မိမိ၏ ခွန်အားများကိုလည်း စမ်းသပ်ချင်သေးသည်။ အနီးရှိသစ်ပင်ကြီးတစ်ပင်အား ပင်စည်မှကိုင်ဆောင်ပြီး ထိုသစ်ပင်ကြီးကို ဆွဲနှုတ်လိုက်သည့်အခါ သက်တမ်းရင့်သစ်ပင်ကြီးမှာ အမြစ်မှကျွတ်ထွက်သွားပြီး သူ့လက်ထဲတွင်ပါလာလေသည်။
“တော်တော်စွမ်းတဲ့ဆေးပဲ”
တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့ကလည်း စည်သူ၏ ဝစီပိတ်ကျင့်စဉ် ကိုးလပြည့်မြောက်သည့်နေ့ဖြစ်နေပြန်သည်။ စည်သူတစ်ယောက် ကျင့်စဉ်တွင်ညွှန်ကြားထားသည့်အတိုင်း ပုတီးစိပ်နေလိုက်သည်။ ညနေစောင်းသည်အထိ ဘာမှထူးထူးခြားခြားဖြစ်မလာသေးပေ၊ စည်သူကလည်း သူ့ကျင့်စဉ်တစ်လျှောက် အသံမထွက်အောင်ထိန်းကျောင်းလာခဲ့ရာ အခုဆိုကိုးလတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ယနေ့ညကျော်လွန်ပြီး နောက်တစ်နေ့နံနက် နေထွက်သည့်အခါ သူ့ကျင့်စဉ်အောင်မြင်တော့မည်ဖြစ်သည်။
(၅)
မကြာခင်နေဝင်သွားတော့သည်။ နေဝင်ဆည်းဆာအချိန်တွင် တောင်ထိပ်ပေါ်တွင် အနီရောင်အလင်းတန်းများက ထွက်ပေါ်လာသည်။ ထို့နောက် တောကြီးတစ်တောလုံးရှိ သစ်ပင်များမှာ လှုပ်ရမ်းလာခဲ့ပြီး သစ်ပင်တစ်ပင်နှင့်တစ်ပင် တဖြောင်းဖြောင်းနှင့် ရိုက်ခတ်နေတော့သည်။ စည်သူလည်း ထူးဆန်းလွန်းသဖြင့် ထိုအဖြစ်ကိုကြည့်နေမိသည်။ စိတ်ထဲလည်း အနည်းငယ်ကြောက်လန့်နေမိသည်။ မြေတွင်ပေါက်နေသည့် သစ်ပင်ကြီးများမှာ နွယ်ပင်များကဲ့သို့ တစ်ပင်ကိုတစ်ပင်ရစ်ပတ်နေကြသလို တစ်ပင်နှင့်တစ်ပင်လည်း ပင်စည်ချင်းရိုက်ခတ်နေကြလေသည်။
“ဒါအဖျက်ပဲ၊ ဆရာတော်ပြောခဲ့တဲ့ အဖျက်လာတာနေမှာ”
စည်သူက စိတ်ကိုလျော့လိုက်ပြီး လှုပ်ရမ်းနေသည့် သစ်ပင်များကို ငေးကြည့်နေလိုက်သည်။ မကြာခင် သစ်ပင်များမှာ ပြန်လည်ငြိမ်သက်သွားပြီး နဂိုအတိုင်းဖြစ်နေလေသည်။
“အနှောင့်အယှက်တစ်ခုကိုတော့ အောင်မြင်ခဲ့ပြီ”
စည်သူစိတ်ထဲမှပြောဆိုလိုက်သည်။ ကျောက်ဖျာကြီးကို တစ်စုံတစ်ယောက်က ရန်ပြုမည်ကို စိုးရိမ်သဖြင့် ကျောက်ဖျာကြီးအပေါ်တွင် တက်ထိုင်နေလိုက်ပြီး သမထကျင့်စဉ်တစ်ခုကို ကျင့်ကြံနေလိုက်သည်။ နှာသီးဖျားတွင် အာရုံကိုစုထားပြီးနောက် ဝင်လေထွက်လေကို မှတ်သားနေလိုက်သည်။ သို့သော် မကြာခင်မှာပင် တောင်ထွဋ်ပေါ်မှ ကျောက်တုံးကလေးများက တဝေါဝေါနှင့်လိမ့်ကျလာလေသည်။ စည်သူက မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ တစ်ဖက်ခြမ်းရှိ တောင်ထွဋ်ကြီးပေါ်မှ ဆီးသီးလုံးခန့်ရှိသည့် ကျောက်တုံးကလေးများမှာ ထောင်သောင်းချီလျှက် လိမ့်ဆင်းကျလာလေသည်။ စည်သူက အတတ်နိုင်ဆုံး စိတ်ကိုချုပ်တည်းထားလိုက်သည်။ မကြာမီ ကျောက်တုံးကလေးများမှာ ပိုကြီးလာပြီး လက်သီးဆုပ်အရွယ်ခန့်ဖြစ်လာသည်။ နောက်တော့ အုန်းသီးလုံးအရွယ်ခန့်ဖြစ်လာပြန်သည်။ ထိုမှတဆင့် ကျောက်တုံးများမှာ တဖြည်းဖြည်းကြီးလာကာ စည်သူထံသို့ လိမ့်လာလေသည်။
“မင်းတို့ ကြိုက်သလိုခြောက်လှန့်ကြဟေ့၊ ငါကတော့ ဒီနေရာကနေ တစ်လှမ်းမှရွေ့မှာမဟုတ်ဘူးကွ”
စည်သူစိတ်ထဲမှ ရေရွတ်လိုက်သည့်အချိန်မှာပင် တောင်ထွဋ်ကြီးပေါ်တွင် ကျယ်လောင်သည့်အသံကြီးတစ်ခုကိုကြားလိုက်ရသည်။ အိမ်ကြီးတမျှကြီးမားသော ကျောက်တုံးကြီးက တောင်ထွဋ်ပေါ်တွင် တင်နေလေသည်။ ထို့နောက် ထိုကျောက်တုံးကြီးက စည်သူထိုင်နေရာအရပ်သို့ လိမ့်ဆင်းလာခဲ့သည်။
“ဝုန်း၊ ဝုန်း၊ ဒုန်း”
ကျောက်တုံးလိမ့်ဆင်းလာသည့်အတွက် မြေပြင်သည်ငလျင်လှုပ်သကဲ့သို့တုန်လှုပ်နေခဲ့သည်။ ကျောက်တုံးကြီးက အနားမှသစ်ပင်ကြီးများအား တက်ကြိတ်သွားပြီး သစ်ပင်ကြီးများမှာ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်သည်။ စည်သူတစ်ယောက် ထိုကျောက်တုံးကြီး သူ့ပေါ်ပိလိုက်လျှင် အရိုးတစ်ခြားအသားတခြားဖြစ်သွားမည်ဟု တွေးလိုက်ပြီး ကျောက်စိတ်ဝင်လာခဲ့လေသည်။ သို့သော် သူ့ကြောက်စိတ်ကို အသာကလေးထိန်းချုပ်လိုက်နိုင်သည်။
“ငါသေချင်သေပါစေတော့၊ ဆရာတော်ခိုင်းထားတဲ့အတိုင်း ငါဒိနေရာကနေ ဘယ်မှသွားလို့မဖြစ်ဘူး”
စည်သူက မျက်လုံးမှိတ်ထားလိုက်သည်။ ကျောက်တုံးကြီးမှာ တောင်ကမူတစ်ခုနှင့်တိုက်မိပြိး စည်သူ၏ ခေါင်းပေါ်တည့်တည့်သို့ပြုတ်ကျလာခဲ့သည်။ စည်သူက မျက်လုံးမှိတ်ထားရင်း ဝေဒနာကိုစစ်ဆေးကြည့်သည်။ သူ့ကိုယ်သူ ကျောက်တုံးပိပြီး သေသွားပြီလားဟုတွေးမိသည်။ ခဏကြာတော့မှ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကျောက်တုံးကြီးလည်းမရှိ၊ ကျောက်တုံးကြီးကျလာသဖြင့် ကြေမွပျက်စီးသွားသည့် သစ်ပင်ကြီးများမှာလည်း အကောင်းပကတိဖြစ်နေကြသည်။
နေဝင်သွားပြီး မကြာမီ ကောင်းကင်ကြီးတစ်ခုလုံးကို အမှောင်ထုကဖုံးအုပ်သွားသည်။ ထိုစဉ် ကျောက်ဖျာကြီးမှာ တုန်လှုပ်လာပြီး ဘေးတိုက်ရွေ့လျားသွားကာ တွင်းနက်ကြီးမှာ ပွင့်သွားလေသည်။
“ညည့်ဦးယံရောက်ပြီထင်တယ်”
စည်သူက သူ့လက်ထဲမှ ဆေးလုံးကလေးကို တွင်းနက်ကြီးအထဲသို့ ပစ်ချပေးလိုက်သည်။ ဆေးလုံးကလေးကျဆင်းသွားပြီးနောက် တွင်းနက်ကြီးအတွင်းမှ မီးတောက်မီးလျှံများက တိုးထွက်လာလေသည်။
“ဆရာတော် ဘာမှမဖြစ်လောက်ပါဘူးနော်”
ထိုသို့တွေးလိုက်ပြီး ကျောက်ဖျာကြီးအား ပြန်လည်မတင်လျှက် တွင်းနက်ကြီးပေါ်တွင်အုပ်ထားလိုက်သည်။ စည်သူ၏ ကျန်သည့်ဆေးလုံးနှစ်လုံးကို ဖက်ရွက်နှင့်ထုပ်လိုက်ကာ လက်တစ်ဖက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
“လိုက်ဟေ့၊ လိုက်ဟ၊ ဖမ်းဟ”
မီးတုတ်အလင်းရောင်များက တောအတွင်းထိန်ထိန်လင်းနေသည်။ မကြာခင် ရဲမက်များက ဓါးလှံလက်နက်များ ဆွဲကိုင်ထားကြကာ တောအုပ်အတွင်းမှ ပြေးထွက်လာကြသည်။ စည်သူလည်း ရဲမက်များကိုကြည့်လိုက်ပြီးနောက် ကြောက်လန့်သွားသည်။
“ငါ့ကို ဝရမ်းပြေးမှန်းသိသွားလို့ လာဖမ်းကြတာများလား”
စည်သူက ရဲမက်များလာသဖြင့် ထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။ သို့သော် ရဲမက်များ၏ ဝတ်ပုံစားပုံကိုကြည့်လိုက်မိလေသည်။
“ဟင်၊ ခေါင်းမှာလည်း ပေါင်းထုတ်တွေနဲ့ပါလား၊ ဓါးတွေလှံတွေကြည့်ရတာလည်း ကုန်းဘောင်ခေတ်ပုံမဟုတ်ဘူး၊ ဝတ်ပုံစားပုံကလည်း တစ်မျိုးပဲ၊ ကြည့်ရတာ ဒီရဲမက်တွေက တကယ့်ရဲမက်တွေ မဟုတ်ဘူးထင်တယ်”
စင်စစ်အားဖြင့်လည်း ရဲမက်များဝတ်ဆင်ထားသည့် အဝတ်အစားများမှာ စည်သူခန့်မှန်းသလို ကုန်းဘောင်ခေတ်အဝတ်အစားများမဟုတ်ဘဲ ထိုထက်ရှေးကျသည့် ခေတ်က အဝတ်အစားများဖြစ်မည်ထင်သည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်က ရဲမက်များမှာ မောက်တိုများ၊ မောက်ရုများကို ဝတ်ဆင်လေ့ရှိသော်လည်း ထိုရဲမက်များမှာတော့ ခေါင်းကိုပေါင်းပြီးပတ်ထုတ်ထားသည့် ပေါင်းထုပ်ကြီးများကိုဝတ်ဆင်ထားသည့်အပြင် လက်တွင်လည်း ကောက်ကွေးနေပြီး အဖျားလိမ်ကောက်သွားသည့်ဓါးကြီးများကို ကိုင်ထားကြရာ သာမန်ရဲမက်များမဟုတ်ကြောင်းသိလိုက်ရသဖြင့် စည်သူက ကျောက်ဖျာတွင် ပြန်လည်ထိုင်လိုက်သည်။ ရဲမက်များက သူ့ကိုဝန်းရံလိုက်သည်။
“ထိုးကြပါတော့လား၊ သတ်ကြပါတော့လား”
ရဲမက်များက ညာသံပေးလျှက် လက်နက်များကို တဝင့်ဝင့်နှင့်လုပ်နေကြသည်။ သူတို့ကိုင်ထားသည့် လက်နက်ကြီးများမှာ အရောင်တစ်ဝင်းဝင်းနှင့် လင်းလက်နေကြသည်။ စည်သူကတော့ ရဲမက်များကိုကြည့်လျှက် မတုန်မလှုပ်နေလိုက်သည်။ ရဲမက်များမှာ တကယ်တမ်းတော့ စည်သူအား မထိုးခုတ်ရဲကြဘဲ ဓါးရေးသာပြနေလေသည်။ သို့နှင့်သန်းခေါင်ယံအချိန်သို့ရောက်တော့မှ ရဲမက်များမှာ မီးခိုးလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။
ရဲမက်များပျောက်ကွယ်သွားပြီး မကြာမီတွင် ကျောက်ဖျာကြီးပွင့်လာပြန်သည်။ စည်သူက ဆေးလုံးကလေးတစ်လုံးကို တွင်းနက်ကြီးထဲသို့ ပစ်ထည့်လိုက်ပြန်သည်။ ထိုအခါ ရေလုံးများ၊ လှိုင်းခတ်သံများကိုကြားရသည်။ တွင်းကြီးတစ်ခုလုံးလည်းရေများပြည့်လျှံတက်သွားကာ ရေတွင်းကြီးဖြစ်နေတော့သည်။ စည်သူလည်း တွင်းနက်ကြီးကို ကျောက်ဖျာကြီးနှင့်ပြန်ပိတ်ထားလိုက်သည်။
ထို့နောက် တုန်ရီလေးလံသော ခြေလှမ်းလျှောက်သံများကိုကြားရသည်။ တောအုပ်ကြီးအတွင်းမှ ကြီးမားသည့် ဘီလူးကြီးငါးကောင်ထွက်လာလေသည်။ ဘီလူးကြီးများမှာ လူသုံးရပ်စာလောက်မြင့်မားကြပြီး ဗိုက်ကြီးများမှာလည်း ရာဝင်အိုးကြီးကဲ့သို့ ပူတင်းကာ စူထွက်နေလေသည်။ ဘီလူးကြီးများ၏ လက်ထဲတွင်တော့ လက်နက်ငါးမျိုးကို တစ်ယောက်စီကိုင်ဆောင်ထားကြလေသည်။ တင်းပုတ်၊ ဓါးမ၊ ပေါက်ဆိန်၊ ချွန်းသီးနှင့် တူကြီး စသည့်လက်နက်များကို အသိးသီးကိုင်ဆောင်ထားကာ စည်သူထံသို့တစ်လှမ်းချင်းလာခဲ့သည်။ ဦးခေါင်းကြီးများမှာ ကတုံးပြောင်များဖြစ်ပြီး နားရွက်ချွန်ချွန်များလည်းရှိသလို ပါးစပ်အတွင်းမှ အစွယ်ကြီးများမှာ အပြင်သို့တစ်ထွာခန့် ထွက်နေလေသည်။
“မင်းကိုငါတို့သတ်မယ်၊ မင်းသွားတော့”
ဘီလူးကြီးများက အော်ဟစ်သော်လည်း စည်သူက တုတ်တုတ်မျှမလုပ်ဘဲ ထိုင်နေသည်။ ဘီလူးကြီးတစ်ကောင်က ဓါးမကြီးကိုမြှောက်တင်လိုက်ပြီး စည်သူအား အုပ်မိုးကာ ခုတ်ထည်hလိုက်သည်။ ဓါးမကြီးက စည်သူကိုယ်အားဖြတ်ထွက်သွားပြီး ကျောက်ဖျာကြီးနှင့်ထိတွေ့သွားသည်။ နောက်ထပ်ဘီလူးကြီးတစ်ကောင်က စည်သူအား တင်းပုတ်ကြီးနှင့် အားကုန်လွှဲကာထုချလိုက်ပြန်သည်။ ပထမတစ်ကောင်နည်းတူ သူတို့လက်နက်များက စည်သူအားထိမှန်သော်လည်း စည်သူ့ထံတွင် ဒဏ်ရာတစ်စုံတစ်ရာမဖြစ်ပေ။ ထိုနည်းဖြင့် ဘီလူးကြီးငါးကောင်မှာ အမျိုးမျိုးခြောက်လှန့်ရင်း မနက်မိုးသောက်ချိန်ကျရောက်လာသည်။ ဘီလူးကြီးများမှာ သူ့အလိုလိုမှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။ ကျောက်ဖျာချပ်ကြီးက ပွင့်မလာသေးပေ၊ ထိုစဉ် အလွန်ချောမောလှပသည့် မိန်းမပျိုခုနစ်ယောက်က တောအုပ်ထဲမှထွက်လာပြန်သည်။ ထိုမိန်းကလေးများတွင် အဝတ်အစားမပါရှိဘဲ မိမွေးတိုင်း ဖမွေးတိုင်းဖြစ်နေသည်။ တစ်ဆယ့်ခြောက်နှစ်အရွယ် လှပချောမောသည့် မိန်းမပျိုကလေးများဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပုရိသများငေးမောမှင်တက်သွားရလောက်အောင်ချောမောလှသည်။ စည်သူမှ သူ့တစ်သက်တာ မြင်တွေ့ဖူးသမျှမိန်းကလေးများထဲတွင် ထိုမိန်းကလေးငါးယောက်က အလှဆုံးဟုပင်ထင်မိသည်။
“ပျင်းနေပြီလား မောင်ကြီးရဲ့နှမလေးတို့နဲ့လာပြီး ပျော်ပါးပါအုံး”
မိန်းကလေး ခုနစ်ယောက်က ကျောက်ဖျာအောက်မှနေပြီး အမျိုးမျိုးဖြားယောင်းကြသည်။ ထိုမိန်းကလေးများသည်လည်း အဖျက်ကောင်များဖြစ်မှန်း စည်သူသိထားပြီးဖြစ်သည်မို့ စိတ်ကိုမနည်းချုပ်ထိမ်းထားရသည်။ စည်သူငြိမ်နေသည့်အခါ ထိုမိန်းကလေးများက ကျောက်ဖျာအပေါ်သို့တက်လာပြီး စည်သူအား ထိတွေ့ကာ ပွတ်သပ်ကြသည်။ မိန်းမတို့၏ မာယာဖြင့် ဖြားယောင်းသွေးဆောင်ကြသည်။
“အာရုံများရင် စိတ်ထွေပြားမယ်”
ဆရာတော်ဆုံးမဖူးသည့် စကားကိုသတိရသွားပြီး စည်သူက မျက်စိကိုမှိတ်ချလိုက်သည်။ အမြင်ကို အမြင်လို့မှတ်၊ အကြားကို အသံလို့ပဲ၊ အထိအတွေ့ကို အထိအတွေ့လို့ပဲ မှတ်ယူပြီး စိတ်ကိုစုစည်းထားသည်။ သို့သော် ထိုမိန်းကလေးများ၏ အထိအတွေ့မှာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး အော်ညစ်ညည်းညူချင်လာသည်။ စည်သူက အတန်ကြာအောင် ထိန်းထားပြီးသောအခါ မိန်းကလေးများက သူ့အား ကလိဝိုင်းထိုးကြသည်။ တစ်ကိုယ်လုံးယားယံပြီး လှုပ်ရှားချင်လာသည်။ ရယ်မောချင်လာသည်။ ထိုစိတ်ကိုစည်သူက မနည်းထိန်းထားရလေသည်။ မကြာမီ လမ်းလျှောက်သံကိုကြားရသည်။
“ဟဲ့၊ သမီးတွေ၊ တော်ကြစမ်း”
ထိုသို့ပြောလိုက်မှ စည်သူအနားတွင်ရှိနေသည့် မိန်းကလေးများက ပျောက်ချင်းမလှပျောက်ကွယ်သွားသည်။ စည်သူက မျက်လုံးဖွင့်မကြည့်ဘဲ မှိတ်လျက်သာနေသည်။
“မင်းလက်ထဲက ဆေးလုံးကိုတွင်းထဲကိုပစ်မချနဲ့၊ အဲဒါဆေးလုံးက ဂမုန်းတစ်ထောင်၊ ပန်းတစ်ထောင်နဲ့ ပြုလုပ်ထားတဲ့ ဆေးလုံးပဲ၊ အဲဒီဆေးကို စားတဲ့သူဟာ မြေလျှိုးနိုင်မယ်၊ မိုးပျံနိုင်မယ်၊ နောက်ပြီးတော့ ဖြစ်ချင်တာတွေအကုန် ဖြစ်လာနိုင်အောင် ဖန်ဆင်းနိုင်စွမ်းရှိတယ်။
အသံကတော့ မိန်းမကြီးတစ်ယောက်အသံဖြစ်သည်။
“အဲဒီဆေးလုံးက ရခဲတယ်ကွဲ့၊ မင်းအစွမ်းတွေလိုချင်တယ်ဆိုရင် အဲဒီဆေးလုံးကို မြန်မြန်သောက်ချလိုက်စမ်း”
စည်သူ့စိတ်တွေ ဘယ်လိုဖြစ်သွားမှန်းမသိတော့၊ မျက်လုံးကိုဖွင့်လိုက်ပြီး လက်ဖဝါးအတွင်းမှ ဆေးလုံးကလေးကိုကြည့်နေမိသည်။ ဆေးလုံးကလေးမှာ အနက်ရောင်ပြောင်လက်နေပြီး ရွှေရောင်အစက်အပျောက်များက လင်းလက်နေလေသည်။
“သောက်လိုက်စမ်းပါ၊ သူများကိုကူညီနေလို့ အကျိုးမထူးဘူးနော်၊ လူဆိုတာ ကိုယ့်ဖို့ကိုယ်ပဲကြည့်ရတယ်၊ မင်း အဲဒီဆေးလုံးကိုသောက်လိုက်ပြီးရင် မင်းဟာ ဒီလောကမှာ စွမ်းအားအရှိဆုံးလူဖြစ်သွားပြီ”
ထိုမိန်းမကြီးစကားက စည်သူနားထဲသို့တိုးဝင်လာခဲ့သည်။ စည်သူလည်း စွမ်းအားရှင်တစ်ယောက်ဖြစ်ချင်သည်။ လောကကြီးတွင် အတုမရှိသည့် စွမ်းအားများကိုရချင်လာလေသည်။ ထို့ကြောင့် ဆေးလုံးကလေးကို ပါးစပ်အတွင်းထည့်ရန်အတွက် ပြင်ဆင်လိုက်သည်။ ဆေးလုံကို ပါးစပ်နားသို့ နီးကပ်လာသည်နှင့် ထိုမိန်းမကြီးက အားရဝမ်းသာနှင့် ပြုံးပျော်နေလေသည်။
ထိုစဉ် ကျောက်ဖျာကြီးမှာ ဘေးတိုက်ရွေ့လျားလာပြန်သည်။ ထိုအချိန်က မိုးသောက်ယံဖြစ်ပြီး နောက်ဆုံးဆေးလုံးထည့်ရမည့်အချိန်လည်းဖြစ်သည်။
“မင်းဘာကိုစဉ်းစားနေတာလဲ၊ ဒီလူက မင်းကိုအသုံးချပြီးတော့ တွင်းထဲမှာ ဆေးလုံးတွေခိုးစားနေတာကွ၊ မင်းကိုတော့ အစွမ်းတွေရအောင်မပေးဘဲ အောက်ခြေသိမ်းအလုပ်တွေလုပ်ပြီး ခိုင်းစားထားပြီးတော့၊ သူကျတော့ တွင်းထဲမှာ အစွမ်းရှိတဲ့ဆေးတွေ စားနေတာကွ”
စည်သူစိတ်ထဲခံပြင်းလာသည်။ သို့နှင့်ဆေးလုံးကို ပါးစပ်ထဲထည့်ရန်အတွက် ပါးစပ်ကိုဟလိုက်သည်။ ဆေးလုံးပါးစပ်နားရောက်သည့်အခါမှ ဆေးလုံးအားမစားဘဲ တွင်းနက်ကြီးထဲသို့ ပစ်ထည့်လိုက်သည်။ တွင်းနက်ကြီးထဲမှ ရောင်စုံမီးတောက်မီးလှံsHများကို မြင်လိုက်ရလေသည်။ ထိုမိန်းမကြီးကတော့ စည်သူကိုမကျေနပ်ဘဲ မြည်တွန်တေက်တီးနေတော့သည်။
“ဝုန်း”
နေထွက်လာသည့်အချိန်တွင် ကျောက်ဖျာကြီးမှာပွင့်ထွက်သွားတော့သည်။ ကျောက်ဖျာအတွင်းမှ ဆရာတော်က ပျံသန်းလျှက်ထွက်လာလေသည်။
“အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ”
ဆရာတော်က ရေရွတ်လိုက်သည်။ ထို့နောက်ဆရာတော်က မိုးပေါ်သို့ပျံတက်ကာ ပျောက်ကွယ်သွားလေသည်။ စည်သူလည်း နေထွက်လာသည်ကိုမြင်တော့မှ သူ့ကျင့်စဉ်အောင်မြင်သွားမှန်းသိပြီး အောင်ပြီဟု စိတ်ထဲမှ သုံးကြိမ်ကြွေးကြော်လိုက်လေသည်။ သို့သော်လည်း တောင်ကြီးတစ်ခွင်လုံးကို သူ့အသံကြီးက ပျံ့နှံ့သွားလေသည်။
“အောင်ပြီဟေ့၊ မနောနဲ့ပြောတဲ့ပညာရပ်ကို ငါတတ်မြောက်ခဲ့ပြီကွ”
(၆)
စည်သူလည်း အိပ်ပျော်ချင်လာပြီး တစ်ကိုယ်လုံးပျော့ခွေကျသွားသည်။ အိပ်ရာက နိုးသည့်အခါ ထူးထူးဆန်းဆန်းတစ်ကိုယ်လုံးအားပြည့်နေသည်။ ကျောက်ဖျာကြီးကတော့ သူ့အလိုလိုပိတ်သွားလေပြီ၊ စည်သူက ကျောက်ဖျာကြီးကို တွန်းရွေ့သည့်အခါ မတွန်းနိုင်တော့ပေ၊ သူစားထားသည့် ဆေးလုံးလည်း အာနိသင်ကုန်ဆုံးသွားပြီဖြစ်သည်။ ဆရာတော်မရှိတော့သဖြင့် တောင်ပေါ်မှာ ဆက်မနေချင်တော့ပေ၊ သို့နှင့် ဆရာတော်ကျန်ခဲ့သည့် အရာများကို သိမ်းဆည်းသည့်အခါ ဆရာတော်အုံးသည့် ခေါင်းအုံးအတွင်းမှ ခပ်မာမာအရာကလေးကိုစမ်းမိသဖြင့် ထုတ်ယူလိုက်ရာ ပုရပိုက်ကလေးတစ်ခုဖြစ်နေသည်။ ပုရပိုက်ကလေးကို ကြေးဖြင့်စီရင်ထားခြင်းဖြစ်သည်။ ပုရပိုက်တွင်ရေးသားထားသည့် စာများကိုတော့ စည်သူမဖတ်တတ်ပေ၊ စကားဝှက်တစ်မျိုးဖြင်h ရေးသားထားခြင်းဖြစ်မည်။
စည်သူလည်း တောင်ပေါ်မှဆင်းလာပြီး ဘယ်သွားရမှန်းမသိသဖြင့် တောင်ခြေရွာကလေးတွင်သာ တစ်ရက်နှစ်ရက်ခန့် နားခိုနေမိသည်။ တစ်ညတွင် အိပ်မက်ထဲ ဆရာတော်ပေါ်လာခဲ့သည်။
“ကြေးပုရပိုက်ကလေးကိုယူသွားပြီးတော့ လွယ်လုံတောင်ကြီးကို ခရီးဆက်ပါ၊ တောင်ပေါ်က ရသေ့ကြီးက ဒီစာတွေကိုဖတ်တတ်တယ်၊ သူ့ဆီမှာ ပညာသင်ယူပါ”
“ဆရာတော်၊ ကျုပ်ဘာဆက်လုပ်ရမလဲ”
“မင်းရဲ့ ကံစီမံရာအတိုင်းပေါ့ ဒကာကြီး၊ ဒကာကြီးကို တစ်ခုတော့မှာချင်တယ်၊ ဒကာကြီး ထပ်ပြီး လူမသတ်ပါနဲ့တော့”
သို့နှင့် ဆရာတော်လမ်းညွှန်ခဲ့သည့်အတိုင်း ရှမ်းပြည်ဘက်ရှိ လွယ်လုံတောင်ကြီးဆီသို့ခရီးထွက်ခဲ့ရသည်။ ခရီးထွက်သည့်အခါတွင်လည်း လမ်းတစ်လျှောက် မေတ္တာဘဝနာကို စီးဖြန်းသွားသလို သူဖုန်းစားကြီးတစ်ယောက်အသွင်ယူကာ ခရီးဆက်ခဲ့ရသည်။ လမ်းတွင်တွေ့သည့်သူများက သူ့အား ခရီးစရိတ်၊ အစားအသောက်များကို ကူညီကြသဖြင့် သွားလမ်းလာလမ်းသာခဲ့သည်။ သို့နှင့် နောက်ဆုံးလွယ်လုံတောင်ကြီးဆီသို့ရောက်လာခဲ့သည်။ လွယ်လုံတောင်ကြီး၏ အောက်ခြေတွင် လွယ်လုံရွာကလေးတည်ရှိသည်။
ရွာသားများမှာ အလွန်ရိုးသားသူများဖြစ်ကြသည်။ သို့သော် စည်သူက လွယ်လုံတောင်ပေါ်သို့တက်မည်ဟုပြောသည့်အခါ ရွာသားများက တားဆီးကြလေသည်။
“အဲဒီတောင်ပေါ်ကို မတက်ပါနဲ့လားကွယ်၊ တို့ရွာခံတွေတောင်မှ အဲဒီတောင်ပေါ်ကို မတက်ဝံ့ကြဘူး”
“ဘာဖြစ်လို့ပါလဲ”
“အဲဒီတောင်ပေါ်ကိုတက်တဲ့ တောင်တက်လမ်းတစ်ဝက်လောက်မှာ ကျောက်ဘီလူးရုပ်ကြီးနှစ်ရုပ်ရှိတယ်ကွဲ့၊ အဲဒီကျောက်ဘီလူးကြီးတွေက သူတို့နေရာကိုလာတဲ့သူတိုင်းကို အနှောင့်အယှက်ပေးတတ်ကြလွန်းလို့ပါ”
ရွာခံများတားမြစ်သော်လည်း စည်သူက သွားရန်ဆုံးဖြတ်ထားသူမို့ တောင်ပေါ်သို့တက်ခဲ့တော့သည်။ တောင်ကြီးက အလွန်မြင့််မားလှပြီး တောင်တက်လမ်းမှာ ကျောက်သားများအပြည့်နှင့််ဖြစ်သည်။ ကျောက်သားလမ်းအတိုင်းတက်လာခဲ့ရင်း တောင်ပေါ်ရောက်ခါနီးအချိန်တွင် လမ်းဘေးတစ်ဖက်တစ်ချက်တွင် ကျောက်သားဖြင့်ထွင်းထုထားသည့် ကျောက်ဘီလူးကြီးနှစ်ကောင် ထိုင်နေလေသည်။
စည်သူအနားသို့ရောက်သည့်အခါ ကျောက်ဘီလူးကြီးနှစ်ကောင်က ဝုန်းခနဲမတ်တပ်ရပ်ထလိုက်သည်။ စည်သူအားတိုက်ခိုက်ဖို့အတွက် ပြေးဝင်လာသည်ဖြင့် စည်သူလည်းပြန်လည်တိုက်ခိုက်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။
“ရပ်လိုက်ကြစမ်း”
အသံတစ်ခုကြားလိုက်ပြီး ကျောက်ဘီလူးရုပ်ကြီးများမှာ သူ့နေရာတွင် သူပြန်ထိုင်နေကြလေသည်။ တောင်ပေါ်မှ အကျီအနက်ရောင်ကို ရင်ဖွင့်ပြီးဝတ်ထားသည့် ဦးလေးကြီးတစ်ယောက်က ဆင်းလာလေသည်။
“မင်းကိုငါစောင့်နေတာကြာပြီ၊ လာလိုက်ခဲ့”
စည်သူလည်း ကြောင်တောင်တောင်နှင့် ထိုလူကြီးအနောက်သို့လိုက်ခဲ့သည်။ တောင်ပေါ်တွင် လေအလွန်ထန်သည်။ လေကွယ်သည့်တောင်ကမ်းပါးကြီးတစ်နေရာတွင် သစ်သားဖြင့်အိမ်ကလေးတည်ဆောက်ထားလေသည်။ ထိုလူကြီးက စည်သူကိုအိမ်ထဲခေါ်သွားလိုက်ပြီး ဧည့်ခံသည်။
“ကျုပ်က လွယ်လုံတောင်ပေါ်က ရသေ့ကြီးဆီကိုလာခဲ့တာ”
“ငါပဲလေ”
“မဖြစ်နိုင်ဘူး၊ ဆရာတော်ပြောလိုက်တာက ရသေ့ကြီးပါ”
“ဟေ့ကောင်ရ၊ ရသေ့ဆိုတိုင်း ဒေါက်ချာကြီးနဲ့ သင်္ကန်းကြိး တကားကားနဲ့မဟုတ်ဘူးကွ၊ ရသေ့ဆိုတာ ကျင့်စဉ်တစ်ခုခုကိုကျင့်နေတဲ့လူကိုခေါ်တာ၊ သင်္ကန်းနဲ့လူကိုကျတော့ ရှင်ရသေ့ပေါ့၊ လူဝတ်နဲ့လူကျတော့ လူရသေ့ပေါ့ကွာ”
စည်သူလည်း ရှင်းလင်းသွားပြီဖြစ်သည်။
“ကျုပ်လာရတဲ့အကြောင်းကတော့ . . .”
စည်သူက လွယ်အိတ်အတွင်းမှ ကြေးပြားပုရပိုက်ကိုပေးလိုက်လေသည်။ ထိုရသေ့ကြီးက ပုရပိုက်ကိုကြည့်လိုက်ပြီး
“မင်းင့ါကိုကူညီရင် ငါလည်းမင်းကိုကူညီမယ်”
“လုပ်ပြန်ပြီ၊ ခင်ဗျားတို့က ဘာတွေလဲ”
“မင်းလာမယ်ဆိုတာကို ငါကြိုသိပြီးသားပါကွာ၊ မင်းရဲ့ဆရာတော်က ငါ့ကိုဒီနေ့ဒီအချိန်ရောက်မယ်ဆိုပြီးတော့ ပြောထားပြီးသား”
စည်သူအံ့သြသွားမိသည်။
“ရသေ့ကြီးနဲ့ ဆရာတော်နဲ့က အဆက်အသွယ်ရှိတယ်လား”
“ရှင်းရှင်းပြောရရင်တော့ မင်းလို အကုသိုလ်ကောင်ကို ဆရာတော်က ကယ်တင်ခဲ့တာပဲကွ၊ ဒါကလည်း သူနဲ့မင်းနဲ့ ရှေးက ရေစက်ရှိလို့ဖြစ်ပါလိမ့််မယ်ကွာ၊ မင်းဘဝတစ်လျှောက်လုံး လုပ်ခဲ့တဲ့ အကုသိုလ်တွေက များလွန်းလို့ ကြိမ်းသေပေါက် အပါယ်ကျမယ့််ကောင်ကွ”
ရသေ့ကြီးက ရေနွေးတစ်ခွက်ကို ငှဲ့လိုက်ပြီး စည်သူအားလှမ်းပေးလိုက်သည်။
“မင်းက အခု ဂန္ဓာရီခရီးတစ်ခုကို စတင်နေရတာပဲ”
“ဂန္ဓာရီ ခရီးတဲ့လား”
“ခရီးရှည်ကြီးတစ်ခုပေါ့ကွာ။ မင်းလုပ်ပေးရမှာကတော့ ထွက်ရပ်လမ်းကို ကြွမြန်းမဲ့ လူသူတော်ကောင်း၊ ရဟန်းသူတော်ကောင်းတွေ ရှိတယ်ကွ၊ သူတော်ကောင်း ကိုးယောက်တိတိကို မင်းက ကူညီပေးရမှာ၊ အခုဆရာတော်က ထွက်သွားပြီဆိုတော့ မင်းနောက်ထပ်ရှစ်ယောက်ကျန်သေးတာပေါ့”
စည်သူက သက်ပြင်းချလိုက်သည်။
“အဲဒီရှစ်ယောက်က အခုဘယ်မှာလဲ”
“မင်းအရှေ့မှာ ထိုင်နေတဲ့ ငါကတစ်ယောက်အပါအဝင်ပေါ့ကွာ၊ မင်း ကိုးယောက်တိတိကို ကူညီပြီးခဲ့ပြီဆိုရင်တော့ မင်းရဲ့အပြစ်တွေ၊ အကုသိုလ်တွေ သက်သာသွားလိမ့်မယ်၊ ပြီးရင် မင်းကိုဆရာတော်က ပြန်လာခေါ်လိမ့်မယ်”
သို့နှင့် ရှမ်းရသေ့ကြီး ထွက်ရပ်ပေါက်ဖို့အတွက်လည်း ကူညီရပြန်တော့သည်။ ရှမ်းရသေ့ကြီးက ကြေးပြားမှ စာများကိုအနက်အဓိပ္ပါယ်ပြန်ပေးသည့်အခါ ကျင့်စဉ်တစ်ခုဖြစ်နေပြန်သည်။ သို့သော် ကျင့််စဉ်ဆိုသည်ထက် သိုင်းပညာရပ်ပိုဆန်သည်။ လွယ်လုံတောင်ပေါ်တွင် ရှစ်လခန့်အချိန်ကြာမြင့်ပြီးသည့်အခါ ရှမ်းရသေ့ကြီးမှာ မီးထုံကူးပြီး ထွက်ရပ်ပေါက်သွားလေသည်။ (စာရှည်မည်စိုး၍ အသေးစိတ်မရေးတော့ပါ) ထိုအခါ ရသေ့ကြီးထံမှ တုတ်ကောက်တစ်ချောင်းရခဲ့သည်။ စင်စစ်အားဖြင့်် ထိုတုတ်ကောက်မှာ ဓါးတစ်ချောင်းသာဖြစ်သည်။ တစ်လံခန့်အရှည်ရှိပြီး သာမန်ကြည့်လိုက်လျှင် တောင်ဝှေးတစ်ချောင်းလိုလို၊ တုတ်တစ်ချောင်းလိုလို ထင်ရသော်လည်း အတွင်းတွင် ဝင်းလက်နေသည့် ဓါးသွားတစ်ခုကိုတပ်ဆင်ထည့်သွင်းထားသည်။
ထိုဓါးခုတ်ချက်မှာ အလွန်လျှင်မြန်လှသဖြင့် အရိပ်မဲ့ဓါးဟု စည်သူက အမည်ပေးလိုက်တော့သည်။ သူကျင့်ခဲသည့်် ကျင့်စဉ်မှာလည်း အရိပ်မထွက်ဘဲ အလျှင်အမြန်သွားလာနိုင်သည့် ပညာရပ်ဖြစ်သည့်အတွက် ထိုနာမည်နှင့် လိုက်ဖက်ညီလှသည်။
“ဒါဆို အခုဘယ်ကိုသွားမှာလဲ”
“အမရပူရကိုသွားရမယ်၊ တောင်သမန်ဘက်က ဘိုးတော်တစ်ပါး ထွက်ရပ်ပေါက်ဖို့အတွက် သွားပြီးကူညီပေးရမယ်”
ရှဲန်ဆိုင်က မျက်မှောင်ကြုတ်လိုက်ပြီး
“ရှင်ကတော့ ကိစ္စရှိလို့ ဘိုးတော်ကို သွားကူညီတာက ဟုတ်ပါပြီ၊ ဒါနဲ့ ကျွန်မကဘာလို့ ရှင်နဲ့လိုက်ရမှာလဲ”
“ငါပြောထားပြီးသားပဲကွာ၊ မင်းနဲ့ငါနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတယ်ဆိုပေမယ့်် ဒီနေရာမှာတော့ လမ်းကလာတူနေတယ်ကွ”
ညည့််အတော်နက်ခဲ့ပြီမို့ ဇရပ်ပေါ်မှ ခရီးသည်များအိပ်မောကျနေလေသည်။ စည်သူက အရိပ်မဲ့ဓါးကို ပိုက်လိုက်ပြီး ခမောက်ကြီးကိုမျက်နှာပေါ်ဖုံးအုပ်လိုက်ကာ
“ကဲ အိပ်တော့ဟေ့၊ ငါတို့ခရီးက အရှည်ကြီးရှိသေးတယ်”
စည်သူမှာ ထိုသို့ပြောပြီးသည်နှင့်် အိပ်ပျော်သွားလေသည်။ ရှဲန်ဆိုင်လည်း အိပ်စက်လိုက်တော့သည်။
(၇)
“အသုံးကိုမကျဘူး”
မြင်ကွန်းမင်းသားကြီးက ပျံချီအားကြည့်လျှက် ပြောဆိုလိုက်လေသည်။ ပျံချီကတော့ မင်းသားကြီးရှေ့တွင် ခေါင်းငုံ့နေရသည်။
“ဟိုလင်းနို့ကောင်ကို ငါတို့ရတာဘယ်လောက်ကြာနေပြီလဲ၊ မင်းအခုထိ အဲဒီကောင်ကို မဖြောင်းဖျနိုင်သေးဘူးမဟုတ်လား”
“ဒီကောင်က အရင်က ဒီလိုမဟုတ်ပါဘူး၊ အခုတော့ ဘယ်လိုဖြစ်နေသလဲမသိဘူး”
“အဲဒါ မင်းအသုံးမကျလို့ပေါ့ကွာ၊ အခုဆို သုံးနှစ်တောင်ကြာခဲ့ပြီမဟုတ်လား”
မြင်ကွန်းမင်းသားကြီးစကားကြောင့် ပျံချီမှာ အလွန်စိတ်ဆိုးသွားသည်။
“ကျုပ်တစ်ယောက်တည်းမသုံးမကျတာမဟုတ်ဘူး၊ ခင်ဗျားလဲ အသုံးမကျတာပဲ”
မင်းသားကြီးလည်း စိတ်ဆိုးသွားတော့သည်။ ပျံချီကဆက်လက်ပြီး
“အရင်က ကျုပ်သာ ဒီလင်းနို့ကို မင်းတရားကြီးဆီကို ဖမ်းပြီးပို့လိုက်ရင် ဆုတော်လဘ်တော်တွေရပြီးတော့ သုံးနှစ်သုံးမိုးလောက် အေးအေးဆေးဆေးနဲ့နေလို့ရပြီ၊ အခုတော့ ခင်ဗျားပြောတဲ့ အတွင်းဝန်နေရာကိုမက်လိုက်တော့မှ အခုကျုပ်ဒီကနေ ဘယ်မှမထွက်ရဘဲ ကြွက်တစ်ကောင်လို ပုန်းအောင်းနေရတယ်”
မြင်ကွန်းမင်းသားကြီး ဘာမှမပြောနိုင်တော့။
“နောက်ပြီး နေပြည်တော်မှာ ကျုပ်သားမယားတွေရှိလျက်သားနဲ့ မတွေ့မမြင်အောင် အမြဲနေရတယ်၊ အပြင်ကိုခိုးထွက်တဲ့အချိန်တိုင်းလည်း ငါ့ကိုဘယ်သူများတွေ့သွားမလဲဆိုပြီး ကြောက်နေရတယ်၊ ဒါတွေက ခင်ဗျားအသုံးမကျလို့ဖြစ်ရတာ၊ ခင်ဗျားသာ ခင်ဗျားအဖေကို စောစောစီးစီးသတ်လိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”
“ငါကလည်း အချိန်ကောင်းကိုစောင့််နေရလို့ပါကွ၊ ဘုရင်မင်းကြီးကို လုပ်ကြံဖို့ဆိုတာ လွယ်တဲ့အရာမှမဟုတ်တာကွာ၊ ထားလိုက်ပါတော့ကွာ၊ အခုလည်း မြေတိုက်ထဲကိုဆင်းပြီး အဲဒီလင်းနို့ကောင်ကို ဖျောင်းဖျပေးစမ်းပါကွာ”
ပျံချီလည်း သက်ပြင်းချလိုက်ပြီး မြေတိုက်ခန်းအတွင်းသို့ဆင်းလာခဲ့သည်။ ငခမ်းမှာ တစ်ကိုယ်လုံးပိန်ညောင်ကပ်နေပြီး အရိုးပေါ်အရေတင်သာဖြစ်နေလေသည်။ သူ့အနီးတွင်လည်း မိစ္ဆာနိုင်အင်းများက ပြန့်ကျဲနေလေသည်။ ပျံချီက ငခမ်းမျက်နှာကို ခြေထောက်နှင့််ခပ်ပြင်းပြင်းကန်ပြီးတော့ နှိုးလိုက်လေသည်။
“ထစမ်းခွေးကောင်၊ မင်းဒီလိုပျင်းနေလို့ ငါတို့ဘာမှလုပ်မရသေးတာ”
ငခမ်းက တုတ်တုတ်ပင်မလှုပ်ပေ၊ သို့သော် မျက်လုံးများပွင့်လာသည်။
“ငါတို့နဲ့ပူးပေါင်းစမ်းပါ၊ အဲဒီဘုရင်ကိုသတ်ပြီးရင် မင်းလိုချင်တာကို ရမယ်လို့ ငါတို့ပြောထားတယ်မဟုတ်လား”
ငခမ်းက တွေဝေနေသည်။
“ဘုရင်ကိုသတ်ပြီးလို့ ငါကရှဲန်ဆိုင်ကိုတောင်းရင် မင်းတို့က ပေးနိုင်မှာတဲ့လား”
ပျံချီက သက်ပြင်းချလိုက်သည်။
“မင်းအရူးပဲကွာ၊ သေတဲ့လူက သေပြီးပြီ မင်းကဘာကို စိတ်မကောင်းဖြစ်နေတာလဲ၊ သေသောသူ ကြာလျှင်မေ့တဲ့၊ မင်းမေ့လိုက်စမ်းပါကွာ၊ လောကကြီးမှာ မိန်းမတွေပေါပါတယ်ကွ”
“မိန်းမတွေပေါပေမယ့် ရှဲန်ဆိုင်တစ်ယောက်ပဲ ငါ့မှာရှိတာကွ၊ ငါကုန်ကုန်ပြောလိုက်မယ်၊ မင်းတို့ငါ့ကိုကြိုက်တာလုပ်၊ ငါကတော့ ဘာမှမလုပ်ပေးနိုင်ဘူး”
ပျံချီက တစ်ဘက်သို့လှည့်လိုက်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည်။
“ထွီ၊ မင်းလဲ ရှဲန်ဆိုင်ကို သတိရသလို၊ ငါလည်းသတိရပါတယ် ငခမ်းရာ၊ မင်းကောင်မလေးနဲ့ တစ်ညလောက်အတူတူပျော်လိုက်ရမှာကို ငါ့စိတ်ကိုမထိန်းနိုင်ပဲ သတ်မိခဲ့တယ်ကွာ”
ငခမ်းက အားယူပြီးကုန်းထလိုက်သည်။ ပျံချီက ငခမ်းကိုကျောပေးထားသဖြင့်် ငခမ်းကုန်းထလာသည်ကို မမြင်ပေ။
“တော်တော်အရသာရှိမယ့်ကောင်မလေးကွာ၊ နှစ်တွေကြာခဲ့ပြီဆိုပေမယ့် သူ့အလှအပတွေကို ငါ့မျက်လုံးထဲကနေကို မထွက်သေးဘူး၊ ငါဖြင့်် သူနဲ့မပေါင်းလိုက်ရတာ တော်တော်နောင်တရတာပဲကွာ၊ ငါအားတဲ့အချိန်ဆို သူ့ကိုမှန်းမှန်းပြီးတော့ . . .”
ထိုစဉ် ငခမ်းက ပျံချီ၏ ပုခုံးကိုလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ပျံချီတစ်ယောက်အလွန်ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။ တစ်ကိုယ်လုံးအင်းကွက်တွေ ကပ်နေသော်လည်း ငခမ်းက မတ်တပ်ရပ်ထနေလေသည်။
“ငခမ်း၊ မင်း၊ မင်း . . .”
“ပျံချီ၊ မင်းကိုငါသတ်မယ်၊ မင်းရဲ့သွေးတွေကိုဖောက်ပြီး ငါသောက်မယ်ကွ”
ပျံချီက အနောက်ဆုတ်လိုက်ပြီး မိစ္ဆာနိုင်အင်းများနှင့် ပစ်ခတ်လိုက်သည်။။ ငခမ်းကိုအင်းများထိပြီး ငခမ်းက ဒူးထောက်ကျသွားသည်။ ပျံချီက သူ့အိတ်ထဲတွင်ရှိသည့် မိစ္ဆာနိုင်အင်းများအကုန်လုံးကို ငခမ်းကိုယ်ပေါ်သို့ကျဲချလိုက်သည်။ ငခမ်းမှာ နာကျင်စွာအော်ဟစ်ရင်းလဲကျသွားလေသည်။ ပျံချီက မြေတိုက်ခန်းမှ အမြန်ပြန်တက်ခဲ့သည်။ မြေတိုက်ခန်းတံခါးကိုပိတ်လိုက်ပြီး မင်းတုန်းကြီးကို ချလိုက်လေသည်။ ပျံချီရင်တွေ တုန်နေဆဲဖြစ်သည်။
“ဘာဖြစ်တာလဲ၊ မိစ္ဆာနိုင်အင်းက မစွမ်းတော့တာလား၊ မဖြစ်နိုင်ပါဘူး၊ အင်းတွေမစွမ်းရင် မိစ္ဆာတိုက်ထဲက အကောင်တွေအကုန်လုံး လွတ်သွားတာကြာပြီပေါ့”
ပျံချီက သက်ပြင်းတစ်ချက်ချလိုက်ပြီး အိမ်တော်ပေါ်သို့တက်သွားလေသည်။
ပြီးပါပြီ။