အခန်း(၁)
“မင်းတို့ကွာ ငါသေချာမှာထားရက်နဲ့” ဦးဖိုးခင်က ဒေါသဖြင့်ပြောလိုက်သည်။ ပန်းရံဆရာခေါင်းဆောင် က မျက်နှာလေးဇီးရွက်လောက်သာရှိတော့သည်။
“ရပါတယ် ကျွန်တော် . .. ကျွန်တော်ပြန်လျော်ပေးပါ့မယ်” ပန်းရံဆရာကပြောလေသည်။
“လျော်တာ မလျော်တာ ပြသနာမဟုတ်ဘူးကွာ အဓိကက အချိန်ပဲ အခုကျောင်းက ရေစက်ချတော့မယ် ဘယ်မလဲ ကုဋီ” ဦးဖိုးခင်က ပြောလိုက်သည်။
ပန်းရံဆရာကတော့ ဘာမှမပြောတော့။ ဦးဖိုးခင်ကတော့ စိတ်အလွန်တိုလျှက် ဘုန်းကြီးကျောင်းဝန်းထဲမှ ထွက်ခွာသွားလေသည်။
တမာကုန်းရွာကလေးသည် မြစ်သားမြို့နယ်အတွင်းတည်ရှိသည်။ ရွာကလေးမှာ ရွာငယ်ကလေးမကျ ရွာကြီးမကျဖြစ်သည်။ ရွာသူရွာသားများမှာ လယ်ယာကိုင်းကျွန်းဖြင့် အသက်မွေးကြသည်။ ဦးဖိုးခင်က ရွာမှာ လူချမ်းသာတစ်ဦးဖြစ်သည်။ ရပ်မိရပ်ဖလည်းဖြစ်သည်။ ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်လဲဖြစ်သည်။
တမာကုန်းရွာဦး ဘုန်းကြီးကျောင်းသည် ရှေးကျောင်းကြီးဖြစ်သည်။ ကျောင်းမှာ အုတ်ခုံပေါ်တွင် သစ်လုံးများဖြင့်တည်ထားခြင်းဖြစ်သည်။ သို့သော် နှစ်ပရိစေဒ ကြာမြင့်လာသည့်အတွက် ကျောင်းကြီးမှာ ယိုယွင်းပျက်စီးလာလေသည်။ ရွာသားများမှာ ပြုပြင်ရင်း ပြုပြင်ရင်းကနေ ကျောင်းကြီးမှာ တဖြည်းဖြည်း အခြေအနေမဟန်တော့ ပြိုကျတော့မလိုဖြစ်နေပြီ။
“အရှင်ဘုရားမပူပါနဲ့ တပည့်တော် ကျောင်းဆောက်လှုပါမယ်”
ဦးဖိုးခင်က ရွာဦးကျောင်း ဆရာတော်ကို လျှောက်လိုက်သည်။ ရွာဦးကျောင်းဆရာတော်က ရွာမှ ရွာသားပဲဖြစ်သည်။ ငယ်ဖြူဖြစ်သည်။ စာပေကျမ်းဂန်လဲ တတ်သည်။ ရွာသားများက အလွန်လေးစားရလေသည်။
ဦးဖိုးခင်မှာ သားသမီး ၆ ယောက်ရှိသည်။ သားသုံးယောက်မှာ မလေးရှားတွင် အခြေကျနေကြသည်။ သမီးနှစ်ယောက်မှာလဲ တရုတ်နယ်စပ်တွင် စီးပွားရေးအဆင်ပြေနေကြသည်။ မိဘများအတွက် ငွေများပို့ပေးကြသဖြင့် ဦးဖိုးခင်မှာ ငွေတော်တော်ရှိသည်။ ဦးဖိုးခင်တို့ လင်မယားက လယ်ယာများလဲ လုပ်ကိုင်သဖြင့် သားသမီးများပို့သည့် ငွေများကို စုဆောင်းထားကြရာ အတော်အတန်ငွေကြေးစုမိကြလေသည်။
မြို့မှ အင်ဂျင်နီယာတစ်ယောက်ကို ဘုန်းကြီးကျောင်း ပုံစံနှင့် ကုန်ကျစရိတ်ကို တွက်ချက်ခိုင်းရလေသည်။ ကုန်ကျငွေကလည်း မနည်း၊ နှစ်ထပ်တိုက်ကျောင်းဆောင်နှင့် သိမ်ကြီးမှာ သိန်းတစ်ထောင်ခန့် ကုန်ကျမည်ဖြစ်သည်။ ဦးဖိုးခင် ကခေါင်းညိတ်လိုက်သည်။ ကျောင်းအလှူကို လှူဒါန်းရန် ဆုံးဖြတ်လိုက်သည်။
သားသမီးတွေကို ဗီဒီယိုကောဖြင့် ဖုန်းပြောရလေသည်။ သမီးအငယ်ဆုံးမှာ အိမ်တွင်ရှိနေသေး၍ တော်သေးသည်။ သားသမီးတွေကတော့ စိတ်ပူသည်။ သူ့အဖေဆီမှာ ငွေဒီလောက်များများရှိပါ့မလားပေါ့။ ဦးဖိုးခင်ကတော့ စိတ်မပူရန်ပြောသည်။ သူတို့လင်မယား စုဆောင်းထားတာတွေနှင့် သားသမီးတွေပို့သည့် ငွေများစုဆောင်းရသည့်ငွေများမှာ သိန်း ၈၀၀ ကျော်ရှိလေသည်။ ကျန်သည့်သိန်းနှစ်ရာလောက်ကတော့ လယ်ရောင်း မြေရောင်းမည်ဟု ဆုံးဖြတ်ထားသည်။ သားသမီးများကလဲ တတ်နိုင်သလောက် ဝိုင်းထည့်ကြမည်ဟု ပြောသဖြင့် အလှူကိစ္စ စတင်လိုက်တော့သည်။
ဆောက်လုပ်ရေးကို မြို့မှအင်ဂျင်နီယာက ဦးစီးလေသည်။ ကန်ထရိုက်တာများခေါ်ပြီး ဆောက်လုပ်ရန် စီစဉ်သေးသည်။ သို့သော် ကန်ထရိုက်တာများမှာ ပစ္စည်းခိုသဖြင့် ကျောင်းများနှစ်ကြာရှည်မခံဟု ကြားသိရသည့်အတွက် ဦးဖိုးခင်က ကိုယ်တိုင်ဦးစီးပြီးဆောက်မည်ဟု ဆုံးဖြစတ်လိုက်သည်။ ရွာမှ ပန်းရံဆရာခေါင်း ကိုပေစိ က ပန်းရံခေါင်းခန့်လိုက်သည်။ ကိုပေစိကလဲ လူရင်းများရှာပြီး လုပ်ကိုင်လေသည်။
ကိုပေစိက ပန်းရံခေါင်းဆိုသော်လဲ လက်ရာသေသပ်ပြီး အလုပ်အပေါ်ရိုသေသည်။ ယခင်က မြို့မှ ကန်ထရိုက်တာများနှင့်ပူးပေါင်းပြီး အိမ်များ တိုက်တာများ ဆောက်လုပ်ဖူးလေသည်။ ဦးဖိုးခင်ကလဲ ပေစိကို ယုံကြည်သည်။ လေးလာခန့်ကြာသည့်အခါ ကျောင်းကြီးမှာ ပြီးစီးတော့မည်ဖြစ်သည်။
သို့သော် အဖျက်ဝင်လာသည်။ ကျောင်းက နောက်တစ်ပတ်နေလျှင် ရေစက်ချတော့မည်။ ကိုပေစိကလဲ သူ့တပည့် ခင်ညွန့်ကို ကုဋီ(အိမ်သာ)များ ဆောက်လုပ်ခိုင်းလေသည်။ အိမ်သာမှာ လေးလုံးတွဲဖြစ်သည်။ များသောအားဖြင့် ကျောင်းတိုက်ပြီးမှ ကုဋီကိုဆောက်ကြသည်။ အိမ်သာဆောက်သည်မှာ လွယ်ကူသဖြင့် နောက်ဆုံးမှ ဆောက်ကြခြင်းဖြစ်သည်။
(၂)
ခင်ညွန့်ကလဲ သူ့သမီးနေမကောင်းဖြစ်နေ၍ ဆေးရုံတင်သည့်အချိန်တွင် သူ့တပည့်များနှင့် အိမ်သာကို လွတ်ထားမိလိုက်သည်။ သူ့တပည့်များ၏ လုပ်ငန်းပေါ့လျော့မှုကြောင့် အိမ်သာမှာ မျက်နှာလှည့်မှားလေတော့သည်။ ဦးဖိုးခင်ကတောာ့ မကျေနပ်သဖြင့် အိမ်သာကို ပြန်ဖျက်ကြသည်။ ကိုပေစိက ခင်ညွန့်မှားသော်လဲ မျက်နှာငဲ့ပြီး သူပြန်လျော်ပေးရလေသည်။ သို့သော် အချိန်က စကားပြောလေပြီ။ ကျောင်းရေစက်ချရန် အချိန် ၂ရက်သာလိုတော့သည်။ ၂ရက်နှင့် လေးခန်းတွဲအုတ်အိမ်သာကို အပြီးဆောက်ဖို့လုံးဝမဖြစ်နိုင်။
“တောက် ငါဒီလောက် အတန်တန်မှာထားလျက်နဲ့ကွာ”
ဦးဖိုးခင်က မကျေမချမ်းဖြစ်နေသည်။ အလှူကနီးလာပြီ အိမ်သာကြိးကမပြီးသေး။
“ရပါတယ် ဒကာကြီးရယ် စိတ်အေးအေးထားပါ၊၊ နောက် ကုဋီပြီးတော့ တစ်ခါ ကုဋီကို ရေစက်ချတာပေါ့”
ဆရာတော်ဘုရားကတော့ နှစ်သိမ့်ပါသေးသည်။ သို့သော် ဦးဖိုးခင်က လုံးဝမကျေနပ်။
“တပည့်တော်က တစ်ခါထဲပြည့်ပြည့်စုံစုံဖြစ်အောင် လိုအပ်သမျှ အကုန်စီစဉ်ထားပြီးသား၊ အင်းလေ ကောင်းတဲ့ကိစ္စလုပ်ရင် အဖျက်ဝင်တာ သဘာဝပဲလို့ မှတ်ရတော့မှာပဲ” ဦးဖိုးခင်က သက်ပြင်းချလိုက်သည်။
“ဦးဖိုးခင် စိတ်မပူပါနဲ့ ကျုပ်ကိုယ်တိုင်ဦးစီးပြီး လုပ်ပေးပါ့မယ်၊ မသကာ ကြာလှ ငါးရက်ပေါ့” ကိုပေစိကပြောသည်။
“တော်ပါပြီ ကိုပေစိရယ် ခင်ဗျားကိုတစ်ခါယုံ မိလို့ ခုလိုဖြစ်ပြီမဟုတ်လား”
အလှူနေ့ရောက်ပြီ။ အလှူကြီးက ခမ်းနားလှသည်။ မြို့မှ ဆိုင်းခေါ်သွင်းပြီး အလှူမတိုင်ခင်ကတည်းက ဖျော်ဖြေလေသည်။ ဦးဖိုးခင်တို့မိသားစု၏ တစ်ဦးတည်း အလှူကြီးဖြစ်သည်။ ရွာသူရွာသားတွေက အားကျမဆုံး။ ကျောင်းကြီးမှာ နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ပြီး အင်္ဂတေ မြန်မာမှုတွေနှင့် အလှဆင်ထားကာ ရွှေဆေးများသုတ်ထားသဖြင့် ဝင်းလက်နေသည်။ ကျောင်းနံရံများကိုတော့ ပါကေးရိုက်ပြီး နို့နှစ်ရောင်သုတ်ထားသဖြင့် ရွှေရောင်များနှင့် ပနံရနေတော့သည်။ ဘုရားခန်းကြီးမှာလဲ အလွန်ခမ်းနားလှပြီး ရွာဦးကျောင်းမှ ရှေးဟောင်းသစ်သားဘုရားကြီးကလဲ အလွန်သပ္ပါယ်လှသည်။
အလှူဟင်းလဲကြည့်ပါဦး။ ဝက်သားနီချက်ကို ဗြောင်ကျွေးလေသည်။ ဝက် ၄ကောင်ပေါ်ရသည်။ ဗြောင်ကျွေးသည်ဆိုသည်မှာ ဝက်သားများထဲ ဘာမှမရောဘဲ ဗြောင်ကျွေးခြင်းဖြစ်သည်။ ချမ်းသာသူများသာ ထိုသို့လှူနိုင်ကြသည်။ ဝက်သားနီဟင်း၊ ငါးခြောက်ထောင်းကြော်၊ သရက်ချဉ်သုပ်၊ သီးရွက်စုံကြော်နှင့် ချဉ်ရည်ဟင်းတို့က အတွဲအစပ်ညီလှသည်။ ရွာသူရွာသားများ ထိုနေ့က မီးခိုးတိတ်ကြသည်။
ဦးဖိုးခင်က ဆင်စွယ်ရောင် တိုက်ပုံကြီး ဝတ်ထားပြီး အောက်က ကြိုးကြီးချိတ် ပိုးပုဆိုးကို ဝတ်ဆင်ထားသည်။ အသားအလွန်မဲသော ဦးဖိုးခင်နှင့် သိပ်တော့မလိုက်ဖက်။ ဦးဖိုးခင်က အလှူလုပ်ရင်း ကုဋီကြီးဆောက်လုပ်နေသည်ကို သွားသွားကြည့်ရသေးသည်။ ကိုပေစိလဲ အလှူထမင်းမစားနိုင်သေး ကုဋီကြီးပြီးစီးအောင် အင်တိုက်အားတိုက် ဆောက်လုပ်နေကြသည်။
အထူးဧည့်သည်တွေနှင့် ရပ်မိရပ်ဖတွေကိုတော့ ဒန်ပေါက်ကျွေးသည်။ ရေစက်ချအနုမောဒနာ တရားနာကြတော့ ဦးဖိုးခင် စိတ်ကမဖြောင့် ကုဋီကြီး မပြီးသေးသည်ကိုသာ စိတ်ကရောက်နေသည်။ အလှူအပြီးတော့ ရပ်မိရပ်ဖများနှင့် စားကြသောက်ကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ထွေအုပ်များက ဦးဖိုးခင်ကို ချီးကျူးကြသည်။
အလှူပွဲပြီးပြီ။ နေ့လည်မွန်းတည့်နေပြီ။ ရပ်မိရပ်ဖများနှင့်အတူ ဦးဖိုးခင်က ကျောင်းထဲမှ ထထွက်လိုက်သည်။ ဇနီးဖြစ်သူ ဒေါ်ဒေါင်းက ဘယ်ရောက်နေသည်မသိ။ နေက ချစ်ချစ်တောက်ပူနေသည်။ တန်ခူးရေကုန် ကဆုန်ရေခမ်းဆိုသည့် ကဆုန်လလဲဖြစ်သည်။ ဦးဖိုးခင်က ကျောင်းမှ အထွက်နေပူထဲထွက်လိုက်သည်နှင့် ခေါင်းများ ရိပ်တိပ်ရိပ်တိပ်ဖြစ်လာသည်။ ထို့နောက် ပတ်ဝန်းကျင်က ခြာခြာလည်နေသည်။ ဒန်ပေါက်၊ ဆနွင်းမကင်းများနှင့် အချိုအစိမ့်များက အစွမ်းပြခြင်းဖြစ်မည်။ ထို့နောက် ဦးဖိုးခင်သည် ခွေပြီးလဲကျသွားတော့သည်။ အနားမှ လူများက ဦးဖိုးခင်ကို ဝိုင်းပြီးတွဲလိုက်ကြသည်။
“ဦးဖိုးခင် လဲကျသွားပြီဟေ့”
(၃)
ဦးဖိုးခင်ကို တိုက်နယ်ဆေးရုံပို့ကြသည်။ သို့သော် ဦးဖိုးခင်က အသက်မရှိတော့။ အိမ်သားများက ငိုကြွေးကြသည်။ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းဖြစ်သည်။ ဦးဖိုးခင်သတင်းက နေ့ချင်းညချင်း ရွာအတွင်း ပြန့်နှံ့သွားသည်။ ရွာသူရွာသားများက ဦးဖိုးခင်ကို သနားကြသည်။
ကိုပေစိက ခရေပင်ရိပ်အောက်တွင် လှဲနေလိုက်သည်။ ဦးဖိုးခင်လဲကျသွားသည့် သတင်းကို ကြားသည့်အတွက် စိတ်မကောင်းဖြစ်နေလေသည်။ ကုဋီမှာလဲ အုတ်စီပြီးပြီဖြစ်သည်။ အချောကိုင် ပတ်တီးရိုက်ပြီး ဆေးသုတ်ရန်ကျန်သေးသည်။ အုတ်စီစီပြီးခြင်း အချောကိုင်ရန် မလွယ်ကူချေ။ အချိန်ခဏကြာမှသာ အချောကိုင်ရမည်ဖြစ်သည်။ အလျှင်စလိုဆောက်သည်ဆိုသော်လည်း အရေအသွေးကောင်းဖို့လဲလိုသေးသည်။ ကုဋီဆောက်လုပ်နေသော အလုပ်သမားများသည် အခုမှ ထမင်းစားသွားကြလေသည်။ ကိုပေစိကတော့ အလှူထမင်းကို လျှင်မြန်စွာ စားသောက်ပြီးနောက် ခရေပင်ရိပ်ကလေးတွင် ခဏနားနေလိုက်သည်။ ခရေပင်အောက်တွင် အုတ်ဖြင့်ပြုလုပ်ထားသော ခုံတန်းလေးရှိသည်။ ကိုပေစိကလဲလျောင်းလိုက်သည် သူစားထားသည့် ဝက်သားအဆီတုံးများကြောင့် မျက်ခွံများ လေးလံလာသဖြင့် မျက်တောင်စဉ်းပြီး အနားယူနေလိုက်သည်။
“ကတောင် . . . ကတောင်”
ကျောက်စရစ်ခဲလုံးလေးများသည် ကိုပေစိကိုလာထိသည်။ အချို့ခဲလုံးကလေးများကတော့ အုတ်ခုံလေးကို ထိကြသည်။ ကိုပေစိက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကုဋီဘက်မှ လာခြင်းဖြစ်သည်။ ကိုပေစိကတော့ ကလေးငယ်များ လက်သရမ်းလားလို့ ဘေးဘီကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ မည်သူမှမရှိ။ ကိုပေစိက သူ့ဦးထုပ်ကလေးကို မျက်နှာပေါ်တင်ပြီးတော့ ပြန်လှဲချလိုက်သည်။
“ဖောက် .. . ဖောက်””
ကျောက်စရစ်ခဲများ ကျလာပြန်သည်။ ကိုပေစိက ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကိုပေစိက အသံပြုပြီးေ အာ်လိုက်သေးသည်။ သို့သော် လူရိပ်ပင်မတွေ့ရ။ ကိုပေစိကလဲ ပြန်လှဲချလိုက်ပြီး ဦးထုပ်အောက်မှ ချောင်းကြည့်နေလိုက်သည်။ ကုဋီဘေးခြုံပုတ်ထဲမှ ကျောက်စရစ်ခဲလေးများ ပျံဝဲလာလေသည်။ ကိုပေစိလဲ ထလိုက်ပြီး ထိုချုံပုတ်ကို ပြေးလွှားပြီးကြည့ိလိုက်သည်။ မည်သူမျှမရှိ၊ ကိုပေစိကျောချမ်းလာသည်။ ထို့နောက် ထိုနေရာမှနေ၍ အလှူမဏ္ဍာပ်အတွင်းသို့ သုတ်ခြေတင်ပြီး ပြေးလွှားလိုက်တော့သည်။
“ဒကာကြီး ဦးဖိုးခင်က အလှူအတန်းတွေလုပ်ခဲ့တာပဲ၊ သူကောင်းရာမွန်ရာ ရောက်မှာပါ”
ဆရာတော်က ဒေါ်ဒေါင်းကိုပြောလိုက်သည်။ ဒေါ်ဒေါင်းကလဲ မျက်ရည်စက်လက်ဖြင့် ဦးကုန်းချလိုက်သည်။ ဦးဖိုးခင်အတွက် သက်ပျောက်ဆွမ်းကပ်သည့်နေ့ဖြစ်သည်။
ထူးခြားနေသည်က ကိုပေစိတို့ဖြစ်သည်။ ကိုပေစိနှင့် ပန်းရံဆရာနှစ်ယောက်မှာ အိမ်သာကိုတည်ဆောက်နေကြသည်။ အိမ်သာကို ချောပြီးတော့ နောက်တစ်ရက်တွင် ပတ်တီးရိုက်ပြီး ဆေးသုတ်ရန်စီစဉ်ကြသည်။ ထိုသို့ဆေးသုတ်ရန်လုပ်လိုက်စဉ် နံရံပေါ်မှာ ဆေးသားများဖြင့် လက်ရာကြီးတွေပေါ်လာသည်။ လက်ရာကြီးတွေက တဖြည်းဖြည်းမြင့်တက်သွားသည်။ ဆေးမသုတ်ရသေးသော နံရံပေါ်တွင် ဆေးစက်ဖြင့် လက်ရာကြီးတွေ မြင်လိုက်ရသည့်အတွက် သူတို့ပန်းရံသမားတွေ ကြောက်လန့်သွားကြသည်။ အလုပ်ကို ခပ်သုတ်သုတ်လုပ်ကြသည်။
အောက်ခံဆေးသုတ်ပြီးတော့ ကျွန်းဖြင့်ပြုလုပ်ထားသော အိမ်သာတံခါးများကို သင်္ဘောဆေး ကျွန်းရောင်သုတ်ကြရသည်။ ညနေ ၄ နာရီခန့်ရှိပြီဖြစ်သည်။ ပန်းရံသမားများ ကြောက်လန့်နေကြသည်။ ကိုပေစိလဲ ကြောက်သည်။ သို့သော် အရဲကိုးပြီးလုပ်နေရသည်။ ညနေစောင်းတာနဲ့ ပန်းရံသမားများက ပြန်ချင်နေပြီ။ ကိုပေစိက ပန်းရံသမားများကို အရက်ဝယ်တိုက်လိုက်သည်။ ရဲဆေးတင်သည့် သဘောပင်ဖြစ်သည်။
“လုပ်စမ်းပါကွ၊ ဒီအိမ်သာကြီး မြန်မြန်ပြီးမှာ တို့လဲ မြန်မြန်ဝဋ်ကျွတ်မှာ”
ကိုပေစိကပြောလိုက်သည်။ ပန်းရံသမားများလဲ အရက်ကလေး ဝင်ထားသည်ကတစ်ကြောင်း အလုပ်မြန်မြန်လက်စသတ်ချင်သည်ကတစ်ကြောင်းမို့ အလုပ်ကိုခပ်သွက်သွက်လုပ်ကြလေသည်။ ထိုစဉ် အိမ်သာနောက်ဖက် သရက်ပင်ကြီးမှ သရက်ကိုင်းတစ်ကိုင်းသည် လူတစ်ဦးခိုစီးနေသကဲ့သို့ လှုပ်ခတ်နေသည်။ ပန်းရံသမားများလဲ အချင်းချင်းလက်ကုပ်ကြသည်။ လေက လုံးဝမတိုက်ဘဲ အပင်ကြီးကလဲ တုတ်တုတ်မျှမလှုပ်ဘဲ၊ ထိုသစ်ကိုင်းကြီးသာ နိမ့်သွားလိုက်၊ မြင့်သွားလိုက်ဖြင့် ဖြစ်နေသည်။ ညနေက အတော်စောင်းပြီး နေဝင်နေပြီဖြစ်သည်။ ပန်းရံသမားတစ်ယောက်က ကျောက်ခဲတစ်လုံးကို ကောက်ကာ သစ်ကိုင်းကြီးဆီသို့ ပစ်လိုက်လေသည်။
ထိုအခါ သစ်ကိုင်းပေါ်မှ ကျောက်စရစ်ခဲများ မိုးရွာသလိုရွာပြီး ပန်းရံသမားများကိုကော ကိုပေစိကိုပါ ထိလေသည်။ ပန်းရံသမားများရော ကိုပေစိပါ ခြေကုန်ပြေးကြလေသည်။
“ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ မပြောနဲ့နော်ကွ”
“ဘာဖြစ်လို့လဲ ကိုပေစိရဲ့”
“ရွာထဲသတင်းပြန့်သွားတော့ ဘယ်ကောင်းမလဲ မင်းတို့ကောင်တွေ နှုတ်လုံကြ၊ နက်ဖြန်လာခဲ့ဦး”
“ဟာ . . . နက်ဖြန်လာရဦးမယ်”
“တို့မြန်မြန်လုပ်ရင် နေ့တပိုင်းလောက်နဲ့ လက်စသတ်မှာပဲ”
ပန်းရံသမားတွေက မလာချင်လာချင်။ သို့သော် ကိုပေစိကသူတို့ဆရာမို့ မလာ၍မဖြစ်။ ထိုနေ့က ဖိနပ်တောင်မပါဘဲ အိမ်ပြန်ရောက်သွားကြလေသည်။ နောက်နေ့တွင် ကျောင်းသို့လာကြပြီး အိမ်သာကြီးကို အမြန်ပြီးစီးရန် လက်စသတ်ကြတော့သည်။
အိမ်သာကတော့ ပြီးစီးသွားပြီ။ အိမ်သာကို သန့်ရှင်းရေးလုပ်ကြပြီး ရေဆေးကြသည်။ ထို့နောက် အိမ်သာအခန်းများကို ပိတ်လိုက်ကြပြီး အိမ်သာသော့ကို ဆရာတော်ထံကို ပေးကြမည်ဖြစ်သည်။ ကိုပေစိလဲ အခုမှ သက်ပြင်းချနိုင်သည်။ အိမ်သာသုံးခန်းကို တံခါးပိတ်သော့ခတ်လိုက်သည်။ အိမ်သာတံခါးတွင် သံဃာတော်များသာ ဟူသည့်စာကို ဆေးအနီဖြင့်ရေးထားလေသည်။ တစ်ခန်းကတော့ လူပဂ္ဂိုလ်များအတွက် ဟု ရေးသားထားလေသည်။ ကိုပေစိက အိမ်သာပြီးသွားသဖြင့် ကျေနပ်နေသည်။ ကျေနပ်သည်ထက် သရဲခြောက်ခံရသည့် ဘေးက လွတ်ပြီဟု တွေးလိုက်သည်။ ထိုစဉ်ကိုပေစိက အိမ်သာဖွင့်ပွဲလုပ်မည်ဟု တွေးလိုက်သည်။ ကိုပေစိသည် လူပုဂ္ဂိုလ်များအတွက် ထားသော အိမ်သာခန်းတွင်းသို့ ဝင်လိုက်သည်။ အိမ်သာ အပြင်တွင် ပန်းရံသမားနှစ်ယောက်က စောင့်နေလေသည်။ ကိုပေစိက အပေါ့သွားလိုက်သည်။
“ဝေါ ဝရော . .. ဝရော”
ထိုစဉ် တစ်ဖက်အိမ်သာခန်းမှ ရေလောင်းချသံများကို ကြားလိုက်ရသည်။ ကိုပေစိတစ်ကိုယ်လုံး ကြက်သီးများထလာပြီး အိမ်သာခန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ ဆီးများပင် ပုဆိုးတွင်ပေကုန်သည်။ ကိုပေစိပြေးထွက်လာတော့ ပန်းရံသမားများကလဲ တိုင်ပင်စရာမလိုဘဲ လိုက်ပြီးပြေးကြပြီး ကျောင်းအသစ်ကြီးပေါ်သို့ တက်ပြေးကြတော့သည်။
(၄)
နောက်ကြုံရသူမှာ အိမ်သာသုံးမည့် ဆရာတော်ဖြစ်သည်။ ဆရာတော်သည် နေ့လည်နေ့ခင်း အိမ်သာတက်တော့ ဘာမှမထူး၊ ညကျိန်း(အိပ်)ခါနီး အပေါ့အပါးထသွားလေသည်။ ကျောင်းကြီးမှာ ခမ်းနားလှပြီး လျှပ်စစ်မီးတွေကလဲ ထိန်ထိန်လင်းနေသည်။ ဆရာတော်သည် အောက်ထပ်သို့ဆင်းလိုက်ပြီးနောက် နောက်ဖေးတံခါးမှာ အိမ်သာဆီသို့ထွက်ခဲ့သည်။ အိမ်သာနှင့် ကျောင်းကြီးမှာ ပေ ၁၀၀ ခန့်ဝေးလေသည်။ ကျောင်းခြံစည်းရိုးအဆုံးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိမ်သာနောက်ဖက်တွင်တော့ ချောင်းအသေးလေး တစ်ခုရှိသည်။ ယခုအချိန်ဆို ချောင်းလေးမှာ ရေမရှိတော့၊ မိုးကာလတွင်တော့ ချောင်းထဲ ရေများပြည့်လျှံတတ်သည်။ အိမ်သာနောက်ဖက်တွင် သရက်ပင်များ၊ မာလကာပင်များ၊ ခရေပင်များဖြင့် အုပ်ဆိုင်းနေလေသည်။
“ပေစိတို့က အိမ်သာကို မီးမသွယ်ခဲ့သေးဘူးကိုး”
ဆရာတော်က ရေရွတ်လိုက်သည်။ အိမ်သာမှာ မီးမဆင်ရသေးသဖြင့် မှောင်မဲနေလေသည်။ ကိုပေစိတို့ကလဲ အလောတကြီးပြုလုပ်ခဲ့သဖြင့် မီးဆင်ရန် မေ့ခဲ့လေသည်။ ဘာမှတော့မဖြစ်၊ ဆရာတော်က ဖုန်းကိုထုတ်လိုက်သည်။ ထို့နောက် ဖုန်းမီးလေးကို ဖွင့်လိုက်သည်။ လက်တစ်ဖက်ကလဲ အိမ်သာသော့ကို ကိုင်ခဲ့သည်။
ဆရာတော်က အိမ်သာရောက်သောအခါ သံဃာတော်များ အခန်းကို သော့ဖွင့်ပြီး သော့ခလောက်နှင့် သော့တံတွဲလျက်ကို အိမ်သာတံခါးတွင်ပင် ပြန်ချိတ်ထားပြီး အိမ်သာထဲဝင်ထိုင်လိုက်သည်။ ထိုသို့အဝင် သော့ခလောက်မှာ ဆရာတော်သက္ကန်းနှင့်တိုက်မိပြီး အောက်ကျသွားလေသည်။ ကိစ္စတော့မရှိ။ ပြန်ထွက်မှ ကောက်မည်ဟု တွေးကာ ဆရာတော်က အိမ်သာထဲဝင်လာခဲ့လေသည်။ ဆရာတော်မှာ ဖုန်းမီးလေးကို ပိတ်လိုက်ပြီး ဖုန်းကို ခါးကြားပြန်ထိုးပြီး အိမ်သာတွင်ထိုင်လိုက်လေသည်။ အိမ်သာခန်းမှာ မှောင်မဲနေသည်။ ထိုစဉ်သူ့ရှေ့တွင် သော့သံတချွင်ချွင်ကို ကြားလိုက်ရသည်။ ထိုအခါ ဆရာတော်က ဖုန်းမီးလေးကို ပြန်ဖွင့်ပြီးထိုးကြည့်လိုက်သည်။
“မြတ်စွာဘုရား”
ဆရာတော် အိမ်သာတံခါးကို လက်မဲကြီးက ဖောက်ပြီး သော့ခလောက်နှင့်သော့တွဲကို ဆရာတော်အား ကောက်ပေးနေခြင်းဖြစ်သည်။ ဆရာတော်က ထိုလက်မဲကြီးကိုတွေ့တော့ အိန္ဒြေမဆည်နိုင်တော့ အိမ်သာထဲမှ ထပြီး တခါတည်း ဒုန်းစိုင်းပြီး ကျောင်းပေါ်ပြေးတက်လေသည်။ ထို့နောက်ဆရာတော် အိမ်သာမသွားရဲတော့။ ဆရာတော်သည် အိပ်ခန်းထဲမှာ ကြွေရေသုတ် ဂန်ဖလားတစ်လုံးကိုထုတ်ပြီး အသုံးပြုလိုက်လေသည်။
“အင်း ဒီအကြောင်းကို တခြားသူတွေကို ပြန်ပြောလို့မဖြစ်ဘူး၊ ငါ့ကျောင်းသရဲခြောက်တယ်ကြားရင်၊ ဒကာဒကာမတွေ ဒုက္ခဖြစ်ကုန်ကြမယ်” ဆရာတော်က တွေးနေပါတော့သည်။
ဥပုဒ်နေ့။
ရွာထဲမှ လူများက ဆရာတော်ကျောင်းတွင် ဥပုဒ်လာယူကြသည်။ အချို့မှာ အိမ်ပြန်သော်လည်း အများအားဖြင့်ကတော့ ကျောင်းတွင်နေ၍ သီလယူကြသည်။ ဆရာတော်ကလဲ ဥပုဒ်သည် ယောဂီများအား တရားပေးချင်း၊ တရားဟောချင်းများပြုလုပ်ပေးသည်။ ဥပုဒ်သည်များသည် ညနေရောက်မှ ကျောင်းကပြန်ကြလေသည်။
နောက်ထပ် သရဲခြောက်ခံရသူမှာ ဒေါ်နုဖြစ်သည်။ ဒေါ်နုက ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိန်းမဖြစ်သည်။ ဘုန်းကြီးကျောင်းတွင်သီလအမြဲလာယူပြီး ကျောင်းတွင်နေပြီး ညနေမှ အိမ်ပြန်ကြခြင်းဖြစ်သည်။ ထိုနေ့ကတော့ ဥပုဒ်သည်တွေ ညနေစောင်းသဖြင့် ကျောင်းမှပြန်တော့မည်ဖြစ်သည်။ ဒေါ်နုက အိမ်သာသွားချင်လာသည်။ အိမ်အရောက်လဲ အောင့်ထားနိုင်မည်မထင် ဒါကြောင့်မို့ အိမ်သာဆီထွက်ခဲ့သည်။ အိမ်သာ အစွန်ဆုံး လူတက်သည့်အခန်းသို့ တက်လိုက်သည်။ ထို့နောက် ကိစ္စရှင်းရန် ထိုင်လိုက်လေသည်။ ထို့နောက် ကိစ္စပြီးတော့ ရေထည့်ထားသည့် အုတ်ခွက်လေးထဲ ကြည့်လိုက်တော့ ခွက်လဲမရှိ၊ ရေလဲမရှိတော့။
“ဟင် ဘယ်လိုဖြစ်တာလဲ ခုနက ငါဝင်တုန်းကကြည့်လိုက်တော့ ရေတွေအပြည့်ပါ”
ဒေါ်နုက မှတ်ချက်ချလိုက်သည်။ ထိုစဉ်ဒေါ်နု ခေါင်းပေါ်သို့ ရေတွေ တတောက်တောက်ဖြင့်ကျလာသည်။ ဒေါ်နုက မော့ကြည့်လိုက်သောအခါ ရေခွက်ကြီးက မိုးပေါ်ပျံနေသည်။ ရေတွေကလဲ အပြည့်ကြီးဖြစ်သည်။ ဒေါ်နု အလွန်တုန်လှုပ်သွားသည်။ ထိုစဉ် ရေခွက်ကြီးမှာ မှောက်ပြီး ဒေါ်နုတစ်ကိုယ်လုံး ရေတွေစိုကုန်တော့သည်။ ဒေါ်နုလဲ သရဲခြောက်ခံရပြီမှန်း သိလိုက်ပြီမို့ အိမ်သာတံခါးကို ဖွင့်ပြီး ထမီမနိုင်ပုဝါမနိုင်ဖြင့် ပြေးတော့သည်။
“ဟဲ့ ဒကာမကြီးကျောင်းပေါ်ကို ထမီမနိုင် ပုဝါမနိုင်နဲ့ ဘယ်လိုဖြစ်လာတာလဲ မသင့်တော်ပါဘူး”
ဆရာတော်က သူ့ဆီ အမောတကောဖြင့် ပြေးလာသည့် ဒေါ်နုကိုပြောလိုက်သည်။ ဒေါ်နုက အသက်ကို မနည်းရှုနေရသည်။
“ဆ . . ဆရာတော် အိမ်. . . အိမ်သာထဲမှာ သရဲ. . .သရဲခြောက်တယ်”
ဆရာတော်က စဉ်းစားလိုက်သည်။ ပြီးတော့ ခေါင်းခါလိုက်သည်။
“ဒကာမကြီး သွေးလေခြောက်ခြားလို့ ဖြစ်တာဖြစ်မှာပါ ရော့ရော့ ရေမန်းသောက်လိုက်”
ဆရာတော်က ရေမန်းတစ်ခွက်တိုက်လိုက်ပြီး ဒေါ်နကိုပြန်လွတ်လိုက်သည်။ ဒေါ်နုကတော့ အပြေးတစ်ပိုင်းဖြင့် ပြန်သွားလေသည်။
ဆရာတော် စဉ်းစားလိုက်သည်။ ဒီအတိုင်းဆိုလျှင်ခက်ပြီ။ သူတစ်ခုခု လုပ်မှဖြစ်တော့မည်။
“ဆရာတော် တပည့်တော်ဖိုးခင်ပါဘုရား တပည့်တော် ကုဋီမှာစွဲပြီး သရဲဖြစ်နေပါတယ်၊ တပည့်တော်ကို မနှင်ပါနဲ့ဘုရား”
အိပ်မက်ထဲတွင် ဦးဖိုးခင်က ဆရာတော်ထံရောက်လာလေသည်။
“ဒကာကြီးကို ဆရာတော် အမျှအတန်းပေးမယ်လေ”
“ကုဋီကို ရေစက်ချတဲ့နေ့ကကော တပည့်တော်ကိုရက်လည်နေ့ကကော တပည့်တော် အမျှခေါ်လို့မရပါဘုရား”
“ဟေ ဘယ်လိုဖြစ်လို့တုန်းဟ”
“တပည့်တော် သာဓုလို့ ခေါ်ခါနီးရင် ပါးစပ်ကဆို့နေပြီး အသံထွက်လို့လုံးဝမရပါဘုရား”
“အော် . . ဝဋ်ကြွေးတွေပေါ့” ဆရာတော်က ရေရွတ်လိုက်သည်။
“တပည့်တော်ကို မနှင်ထုတ်ပါနဲ့ဘုရား၊ တပည့်တော်လဲ တခြားနေရာမှာ နေလို့မရဘဲ ဒီကုဋီကြီးမှာပဲ နေထိုင်လို့ရလို့ပါ”
“အော် အစွဲအလန်းတွေပါလား၊ ကောင်းပြီလေ ဒါပေမယ့် မင်းအဲဒီအိမ်သာကို အသုံးပြုတဲ့သူတွေကို မခြောက်မလှန့်ရဘူး”
“အဲဒီလိုလဲ မရပါဘုရား၊ တပည့်တော် သရဲဖြစ်ပြီးမှ လူတွေတွေ့ရင် ခြောက်ချင်လှန့်ချင်စိတ်ကို ထိန်းမရလို့ပါဘုရား”
“ဟေ”
ဆရာတော်က လန့်နိုးလာသည်။ တိုင်ကပ်နာရီကိုကြည့်လိုက်တော့ ၃ နာရီထိုးနေပြီ။
(၅)
နောက်တစ်ခါ ခြောက်ခံရသူက ဦးကုသလ။ ဦးကုသလမှာ ဆရာတော်ကျောင်းတွင်ပင် သီတင်းသုံးသည်။ ကျောင်း၏ ဝေယျာဝစ္စများလုပ်ကိုင်ပေးနေသူဖြစ်သည်။ ဆရာတော်ကျောင်းအဟောင်းကြီးတွင်ပင် ဆက်လက်နေထိုင်သည်။ ကျောင်းအဟောင်းကြီးနောက်ဖက်တွင် သစ်သားအိမ်သာကြီးရှိသည်။ သို့သော် တစ်ရက်တွင် ထိုအိမ်သာကြီး ပြိုသွားလေတော့သည်။ ထို့ကြောင့် ဦးကုသလလဲ အိမ်သာအသစ်ကို အသုံးပြုဖို့ဖြစ်လာလေသည်။ ကျောင်းထိုင်ဆရာတော်က ညဖက်ဆိုလျှင် အိမ်သာမသွားတော့။ ဂန်ဖလားကိုပဲ အသုံးပြုလေသည်။ မနက်ဖက် အိမ်သာသွားလျှင်လဲ ကိစ္စမြန်မြန်ပြီးအောင်လုပ်ပြီး အပြေးတစ်ပိုင်းနှင့် ပြေးလွှား တက်နေရလေသည်။ ကျောင်းတွင်နေထိုင်သူများမှာ ကိုရင် ၂ပါး၊ ဦးကုသလနှင့် ဆရာတော်သာဖြစ်သည်။ ကိုရင်တွေကတော့ အိမ်သာအဟောင်းသုံးကြသည်။ ပြီးတော့ ကိုရင်ဖြစ်သူမို့ လွယ်သလို အပေါ့စွန့်ကြသည်။
ညရောက်ပြီ။ နေ့လည်က စားထားသော ပဲဟင်းက အစွမ်းပြလေပြီ။ ဦးကုသလ အိမ်သာတက်ချင်လာလေသည်။ အိမ်သာမှာ ကျောင်းဟောင်းကြီးနဲ့ဆို ပိုဝေးလေသည်။ နွေညမို့ လေမတိုက်။ ဦးကုသလက ဓါတ်မီးလေးယူကာ အိမ်သာသို့ထွက်လာခဲ့သည်။ ခရေပင်တန်းလေးကို ဖြတ်တော့ ခရေပင်တွေက တဖြန်းဖြန်းဖြင့် လှုပ်ခတ်သွားသည်။ ဦးကုသလ တစ်ချက် ဓါတ်မီးဖြင့် ထိုးလိုက်သည်။ ဘာမှမတွေ့ရ။ ထို့နောက် အိမ်သာသို့ ထွက်လာခဲ့လေသည်။
အိမ်သာရောက်တော့ အိမ်သာပတ်ဝန်းကျင်ကို ဓါတ်မီးဖြင့် လှည့်ပတ်ထိုးကြည့်လိုက်သေးသည်။ ဦးကုသလက ကျောချမ်းနေလေသည်။ သို့သော်လဲ ဘုန်းကြီးဖြစ်သည်မို့ ကြောက်စိတ်တို့က ပြန်ငုတ်လျှိုးသွားသည်။ အိမ်သာ အလယ်ခန်းကို သော့ဖွင့်ပြီး တက်လိုက်သည်။ အိမ်သာတက်နေရင်း တစ်ဖက်ခန်းမှ နံရံကို တဘုတ်ဘုတ်နှင့် ပုတ်သံများကြားလိုက်ရသည်။
“ကြောင်တွေ ဘာတွေများဖြစ်နေမလား”
စိတ်သက်သာရာရအောင် ကြံဖန်တွေးရသည်။ အမှန်က အိမ်သာမှ အလွန်လုံပြီး အပေါက်ကြီးကြီးမားများမရှိသဖြင့် ကြောင်လိုအကောင်တွေ ဝင်ရန်မဖြစ်နိုင်မှန်း ဦးကုသလသိသည်။
“တောက်တဲ့နေမှာပါ” တစ်ယောက်ထဲ တွေးလိုက်သည်။ အနည်းငယ် စိတ်သက်သာရာ ရလေသည်။ ဗိုက်ကလဲ တစ်မှောင့် ကိစ္စမှာ မြန်မြန်ပြီးချင်ပါသည်ဆိုမှ၊ မပြီးဘဲ ဗိုက်ထဲရစ်နေလေသည်။
ထိုစဉ်အလွန်ကြမ်းတမ်းသော အရာတစ်ခုက ဦးကုသလ တင်ပါးကို ပွတ်မိလေသည်။ ဦးကုသလလဲ လန့်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့ကနောက် ဓါတ်မီးဖြင့် အိမ်သာခွက်ကို ထိုးကြည့်လိုက်သည်။
“ဟာ . . . အလိုလေး”
ဦးကုသလက ရေရွတ်လိုက်မိသည်။ အိမ်သာခွက်ကြီးထဲမှ အမွှေးများဖုံးနေသော လက်ဖဝါးမဲမဲကြီးသည် တဖြေးဖြေးထွက်လာလေသည်။ လက်ဖဝါးကြီးသည် ထွက်လာရင်း လှုပ်လဲ လှုပ်နေလေသည်။ တဖြည်းဖြည်းနှင့် လက်ကောက်ဝတ်များ၊ လက်မောင်းများပါ ပေါ်လာလေသည်။ ဦးကုသလလဲ အလွန်ကြောက်လန့်သွားပြီးနောက် အိမ်သာထဲမှ အလွန်လျှင်မြန်စွာ ပြေးထွက်လိုက်တော့သည်။
နောက်တစ်ယောက်ကတော့ မောင်ကောင်း ဖြစ်သည်။ ဆရာတော်က အိမ်သာကိုမီးဆင်ရန် ကိုပေစိတို့ကိုပြောသော်လည်း ကိုပေစိတို့က ဝေ့လည်ကြောင်ပတ်လုပ်နေသဖြင့် ရွာထဲမှ မောင်ကောင်းကိုခေါ်လိုက်ရသည်။ မောင်ကောင်းက မီးဆင်ဘာဆင်တော့ရသည်။ သို့သော် သူကအရက်သမား။
“ဟုတ်ကဲ့ ဆရာတော် ကျွန်တော် ညနေလာခဲ့ပါ့မယ်”
မောင်ကောင်းက အရက်သမားကလဲဖြစ်ပြန် ဘာသာတရားလဲမကိုင်းရှိုင်းသဖြင့် ဆရာတော်နှင့်ပင် အပြောအဆိုမတတ်။
“ဖြစ်ပါ့မလား ဒကာလေးရဲ့ မနက်ဖက် လာတပ်လိုက်ပါလား”
“ဆရာတော်ရဲ့ မီးဆင်တယ်ဆိုတာ ညနေဖက်လောက်ဆင်ပြီး မိုးချုပ်တော့ တန်းဖွင့်၊ ဒါမှ ကောင်းတာဗျ”
“ဒါဆိုရင်လဲ ဒကာလေး သဘောပါပဲ”
ဆရာတော်က ပြောဆိုလိုက်ပြီး လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူ့နဖူးက ချွေးစများကို သုတ်ချလိုက်လေသည်။
ကိုပေစိတို့ကလဲ တာဝန်ကျေသည်။ မီးသီးမီးလုံးများနှင့် မီးကြိုးများကို ကျောင်းသို့လာပေးထားလေသည်။ မောင်ကောင်းက ညနေဖက် ရွာထဲရှိ အရက်ဖြူဆိုင်တွင်ဝင်ပြီး အရက်သောက်လိုက်သေးသည်။ မောင်ကောင်းမှာ လျှပ်စစ်နှင့်ပက်သက်ပြီး ကျွမ်းကျင်လေသည်။ သူကလဲ လူတစ်မျိုး၊ အရက်မသောက်လျှင် လက်များတုန်လှုပ်ပြီး အလုပ်မဖြစ်၊ အရက်သောက်မှ အလုပ်လုပ်လို့ကောင်းလေသည်။ ထို့ကြောင့် အရက်ဆိုင်တွင် အရက်ဖြူတစ်လုံးကို ကုန်အောင်သောက်လိုက်သည်။ နောက်တော့ အရက်ဖြူတစ်ပိုင်းကို ပါဆယ်ဝယ်လိုပြီး ရေသန့်ဘူးနှင့် ထည့်ခဲ့လေသည်။
မောင်ကောင်း ကျောင်းကိုရောက်တော့ ညနေ ၅ နာရီကျော်နေပြီဖြစ်သည်။ ဆရာတော်က ကျောင်းပေါ်ကနေ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေလေသည်။ မောင်ကောင်းက ခေါင်းဆောင်းသည့် ဓါတ်မီးလေးကို သူ့ခေါင်းပေါ်တွင် တပ်လိုက်လေသည်။ ထို့နောက် မီးသီးများအား တပ်ဆင်နေသည်။
(၆)
၆ နာရီကျော်ပြီ။ ဆရာတော်ကလဲ ဝတ်တက်ရန် ထလိုက်လေသည်။ မောင်ကောင်းကလဲ ဆရာတော် လှန်းကြည့်နေမှန်းသိသည်။ ဆရာတော် မရှိတော့မှ ရေသန့်ဘူးထဲက အရက်ကို ဖွင့်သောက်လိုက်လေသည်။ မောင်ကောင်းက မီးလုံးများကို အိမ်သာ အခန်းနံရံ တံခါးအပေါ်ဖက်တွင် တပ်ဆင်လိုက်သည်။ ထို့နောက် မီးကြိုးများဖြင့် ချိတ်ဆက်လိုက်သည်။ ရေသန့်ဘူးကိုလဲ ခဏခဏထုတ်သောက်နေသဖြင့် ကုန်သွားလေသည်။ ထို့နောက် ကြိုးများကို ယူလာပြီး ကျောင်းမှ လျှုပ်စစ်ခုံတွင် ချိတ်ဆက်လိုက်သည်။ ထို့နောက် အိမ်သာဆီသို့ ပြန်လာလေသည်။
အိမ်သာ အခန်းများအရှေ့ရှိ မီးခလုပ်များကို ဖွင့်လိုက်သည်။ မီးအရောင်များလင်းထိန်နေသည်။ ထို့နောက်သူက ပြန်ပိတ်ကြည့်သည်။ မောင်ကောင်းက ကျေနပ်စွာဖြင့် တစ်ချက်ပြုံးလိုက်လေသည်။ ထိုစဉ် အစွန်ဆုံးအိမ်သာမှ မီးသီးသည် မှိတ်သွားလေသည်။ မောင်ကောင်းလဲ ထိုအစွန်ဆုံးအိမ်သာ သို့သွားကြည့်လိုက်သည်။ သူက မီးသီးကို မကိုင်ရသေး မီးသီးက ပြန်လင်းသွားလေသည်။ ထိုစဉ် အခြားအိမ်သာများမှ မီးသီးများသည် မှိတ်တုတ် မှိတ်တုတ် ဖြစ်ကုန်ကြသည်။ မောင်ကောင်းက အိမ်သာအခန်းထဲကနေထွက်လိုက်သည်။
အိမ်သာအခန်းအားလုံးရှိ မီးသီးများအားလုံးမှာ မှိတ်လိုက် လင်းလိုက်ဖြစ်နေကြသည်။ မောင်ကောင်း သူ့မျက်စိသူမယုံနိုင်။ အိမ်သာအခန်းရှေ့မီးခလုပ်များကို ပိတ်လိုက်သည်။ သို့သော်လည်း မီးက လင်းလိုက် မှိတ်လိုက်ဖြစ်နေဆဲ။ မောင်ကောင်းက အခန်းများအားလုံးရှိ မီးခလုပ်များကိုပိတ်လိုက်သည်။ မီးက ထိုမှသာ အကုန်ပိတ်ကျသွားပြီး မှောင်မဲသွားလေသည်။
ထို့နောက် အိမ်သာ အခန်းမီးခလုပ်များကို ပြန်ဖွင့်လိုက်သည်။ မီးက ထိန်ထိန်လင်းသွားသည်။ မောင်ကောင်းလဲ ဇောချွေးတွေကို လက်ဖမိုးဖြင့် သုတ်ချလိုက်သည်။ ထို့နောက် ပြန်ရန်အလှည့်တွင် အိမ်သာ ဘေးဖက်မှ မဲမဲကြီးတစ်ကောင်ထွက်လာလေသည်။ တစ်ကိုယ်လုံး မဲနက်ပြီး အမွှေးများဖုံးထားလျက်၊ မျက်လုံးကြီးတွေက အဖြူရောင်ကြီးဖြစ်ပြီး ကြက်ဥအရွယ်ခန့်ရှိသည်။ နှာခေါင်းကြီးကတော့ ပြားပြားကြီးဖြစ်ပြီး ပါးစပ်ကြီးမှာ ဖရဲသီးစိတ်ကြီးအလား အကြီးကြီးဖြစ်သည်။ မောင်ကောင်းတုန်လှုပ်သွားသည်။
သူ့မျက်စိကို သူပြန်ပွတ်ကြည့်သည်။ ထို့နောက် မောင်ကောင်းက အမြန်ပြေးထွက်လိုက်သည်။ ခဏလေးနှင့် ပေငါးဆယ်လောက်ရောက်မှန်းမသိရောက်သွားသည်။ သို့သော် တစ်စုံတစ်ခုက သူ့ဂုတ်ကို ဆွဲထားသလိုခံစားလိုက်ရသည်။ မောင်ကောင်းက စမ်းကြည့်လိုက်ရာတွင် လက်ကြီးတစ်ဖက်က လည်ကုပ်ကိုကိုင်ထားသည်။ သူမဝံံ့မရဲဖြင့် လှည့်ကြည့်လိုက်လေရာ၊ ထိုသရဲကြီးမှာ အိမ်သာနားတွင်သာရှိသေးပြီး လက်ကြီးက ပေငါးဆယ်ခန့်ရှည်ကာ သူ့ဂုတ်ကို ချုပ်ကိုင်ထားလေသည်။
လက်ကြီးကဆွဲသဖြင့် မောင်ကောင်းလဲ နောက်ပြန်ကြီး တရွတ်တိုက်ပါသွားလေသည်။ ထို့နောက် အကောင်ကြီးက သူ့အပေါ်ကို ကုန်းပိုးပြီးတက်လိုက်လေသည်။ ပြီးနောက် မောင်ကောင်းကို နပမ်းလုံးတော့သည်။ မောင်ကောင်းလဲ အားသုံးပြီး အကောင်ကြီးကို အတင်းတွန်းထုတ်တော့သည်။ ပြီးနောက် အကောင်ကြီးကွာကျသွားသည်နှင့် ကျောင်းဝင်းထဲမှ အသားကုန်ပြေးတော့သည်။
မောင်ကောင်း အိမ်သာတွင် သရဲအခြောက်ခံရသည်ဆိုသော သတင်းသည် ရွာအတွင်းပြန့်သွားလေသည်။ ရွာသူရွာသားများကလဲ ဒေါ်နုခြောက်ခံရပုံများကို ပြောဆိုနေကြသည်မို့ သတင်းက ပုံမှန်ထက်ပိုပြီး ချဲ့ကားသွားတော့သည်။ ရွာဦးကျောင်းသို့လဲ တော်ရုံတန်ရုံမသွားကြတော့။ ဥပုဒ်သည်များလဲ ဥပုဒ်စောင့်ပြီးသည်နှင့် တန်းပြီး ပြန်ကြသည်။ ထိုအိမ်သာဖက်သို့ မည်သူမျှ ခြေဦးမလှည့်တော့။
ဆရာတော်နှင့် ဦးကုသလတို့ ခေါင်းချင်းဆိုင်ရလေပြီ၊ နှစ်ယောက်လုံး သရဲအခြောက်ခံရပုံများကို ပြန်ပြောလိုက်ကြသည်။ ထို့နောက် မူလက ပြိုသွားသော အိမ်သာကြီးကို ပြန်ပြီးတည်ဆောက်ရန် အကြံရလိုက်ပြီး အိမ်သာအသစ်တစ်လုံးထပ်ဆောက်လိုက်ကြလေသည်။ လေးခန်းတွဲအိမ်သာကြီးကိုတော့ အများစုမသွားကြတော့သည့်အပြင်၊ ဆရာတော်က ပုဏ္ဏရိပ်ပင်များကို တန်းစီစိုက်ပြီး ကာရံလိုက်တော့သည်။
အချိန်မှာ သုံးနှစ်ခန့်ကြာသွားပြီဖြစ်သည်။ ထိုအိမ်သာကြီးကို မည်သူမျှမသုံးတော့ အသစ်အတိုင်းပင် ဟောင်းနွမ်းနေသည်။ ဆေးသားများမှာလဲ အသစ်အတိုင်းပင်၊ ဖုန်နှင့် ပင့်ကူတို့ပင် အိမ်သာတွင် မတက်ချေ။ ပုဏ္ဏရိပ်ပင်များက ခါးလယ်ခန့် မြင့်နေပြီဖြစ်သည်။ အိမ်သာသို့မသွားကြတော့သဖြင့် အခြောက်မခံကြရသော်လည်း။ အိမ်သာကို လှမ်းကြည့်မိသူများက ပြုးပြ၊ ဖြဲပြ ခံကြရသည်။
(၇)
ထိုနှစ်ကရွာတွင် သုံးရွာပေါင်း တရားပွဲလုပ်လေသည်။ ရွာတွင်လုပ်သည်တော့မဟုတ်။ ရွာပြင် ကွက်လပ်တွင်ကျင်းပခြင်းဖြစ်သည်။ တရားပွဲက ၃ ညဖြစ်သည်။ တရားလာဟောကြသည့် ဓမ္မာစရိယ ဆရာတော်များကို တစ်ရွာတစ်ပါးနှုန်းဖြင့် လက်ခံကြိုဆိုကြသည်။ နောက်ဆုံးညဟောမည့် ဓမ္မာစရိယ ဆရာတော်က တမာကုန်းရွာဦးကျောင်းတွင် နားခိုလေသည်။
မနက်ပိုင်းတွင် ရွာမှ ဒကာ၊ဒကာမများက ဆွမ်းကပ်ကြသည်။ ဓမ္မာစရိယ ဆရာတော်ဘွဲ့က ဦးပညာဝရဖြစ်သည်။ ဆရာတော်က ဆွမ်းစားပြီးတော့ အိမ်သာသွားလိုသည်။
“အရှင်ဘုရား ကျောင်းနောက်က အိမ်သာကိုပဲသွားပါဘုရား၊ ဟိုလေးခန်းတွဲအိမ်သာကို မသွားပါနဲ့ဘုရား” ရွာဦးကျောင်းဆရာတော်က လျှောက်သည်။
“ဘာလို့လဲ အရှင်ဘုရားရဲ့”
ရွာဦးကျောင်းဆရာတော်က ဦးပညာဝရအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။ ဦးပညာဝရက နားထောင်က ခေါင်းတဆတ်ဆတ်ညိတ်နေသည်။
“ဒီကိစ္စဆိုရင်တော့ မပူပါနဲ့ ဦးဇင်း ဖြေရှင်းပေးပါ့မယ်” ဦးပညာဝရက ပြောလိုက်သည်။
“ဘယ်လိုလုပ်မလဲဘုရား”
“အင်း အစွဲအလန်းစိတ်ဆိုတာ သိပ်ပြီးကြောက်ဖို့ကောင်းတယ်၊ ရှေးက ဘုန်းကြီးတစ်ပါးက ပျံလွန်တော်မူတော့ သင်္ကန်းကို စိတ်ဆွဲပြီး သန်းမကြီးဖြစ်တယ်ဆိုတဲ့ သာဓကလဲရှိတယ်မဟုတ်လား”
“တင်ပါ့ ကြားဖူးပါတယ်”
“အဲဒီလို အစွဲအလန်းဖြစ်နေရင် စွဲလန်းနေတဲ့ ပစ္စည်းကို ဖျက်ဆီးပစ်ရတယ်။ ဒါမှ စွဲလန်းနေတဲ့သူရဲ့ စိတ်တွေ ပျောက်သွားနိုင်မယ်မဟုတ်လား”
“ဖျက်လို့ ကောင်းပါ့မလားဘုရား”
“ကောင်းပါတယ်၊ ကျောင်းကိုဖျက်တာမှမဟုတ်တာ၊ နောက်ပြီး ဆရာတော်ကို လှူပြီးသားဆိုတာ့ ဆရာတော်ပိုင်တဲ့ပစ္စည်းဖြစ်သွားပြီလေ၊ ဒီအိမ်သာကြီးကို ဖျက်ဖို့ ရွာသားတွေနဲ့ ပန်းရံဆရာတွေရှိရင် ခေါ်လိုက်ပါ”
ရွာဦးကျောင်းဆရာတော်ကလဲ ခေါင်းညိတ်ကာ သူကြီးကို အခေါ်လွှတ်လိုက်လေသည်။
ဦးပညာဝရကတော့ ထိုအိမ်သာကြီးကို တစ်ပါးတည်းသွားကြည့်လေသည်။ ထိုအိမ်သာကြီးတစ်ဝိုက်သည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နေလေသည်။ နေ့ခင်းဘက်တွင်ပင် အရိပ်များကောင်းပြီး မဲမှောင်နေလေသည်။ ထိုစဉ် သရဲကြီးသည် အိမ်သာခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လျှက်ပေါ်လာပြီး ဆရာတော်ကို အမျိုးမျိုး ခြောက်လှန့်လေသည်။
ဆရာတော်က သရဲကြီးကိုကြည့်ပြီး တစ်လှမ်းချင်း အိမ်သာကြီးဆီလျှောက်သွားလေသည်။ သရဲကြီးက အမျိုးမျိုးခြောက်လှန့်ပြီး အသံတွေပေးလေသည်။ အသံနက်ကြီးဖြင့် အော်သံများ၊ အလွန်ကြောက်စရာ ကောင်းသည့်အသံများဖြင့် အော်ဟစ်လေသည်။ ရွာသားများကော ရွာဦးကျောင်းမှ ဆရာတော်များပါ အဝေးမှ လာရောက်ပြီး ကြည့်ကြလေသည်။ ဦးပညာဝရကတော့ တဖြည်းဖြည်းချင်းလျှောက်ပြီး အိမ်သာရှေ့သို့ပင်ရောက်နေပြီဖြစ်သည်။
သရဲကြီးက အိမ်သာမှ ဆင်းလာကာ ဦးပညာဝရအား လက်မဲကြီးဖြင့် ရိုက်မည်ဟု အားပြုလိုက်လေသည်။
“ကျွတ်. . . ကျွတ်၊ အလွန်သနားစရာကောင်းတဲ့ ပြိတ္တာကြီးပါလား”
ဦးပညာဝရ ကရေရွတ်လိုက်သော် သရဲကြီးက မရိုက်တော့ဘဲ ငြိမ်ကျသွားလေသည်။
“ဒီမယ် ဒကာကြီး ဦးဖိုးခင် ဒကာကြီးဟာ မြင့်မြတ်တဲ့ ကျောင်းကြီးကို ဆောက်လုပ်ထားတဲ့ အလှူရှင်ကြီးဖြစ်တယ်၊ ဒကာကြီးအနေနဲ့ နောက်ဘဝတွေမှာ ကျောင်းဆောက်တဲ့ ကုသိုလ်အကျိုးကို အများကြီးခံစားရဦးမှာဖြစ်တယ်၊ အခုလို အစွဲအလန်းဖြစ်နေတာ ဒကာကြီးရဲ့ အကုသိုလ် ဝဋ်ကြွေးတွေကြောင့်ဖြစ်မယ်”
ဦးပညာဝရကပြောလိုက်သည့်အခါ သရဲကြီးမှာ ငြိမ်ပြီး ထိုင်ကျသွားလေသည်။
“ဒကာကြီးကို ကောင်းရာမွန်ရာရောက်အောင် စီစဉ်ပေးမှာ ဒကာကြီးမကန့်ကွက်ပါနဲ့”
ဦးပညာဝရကပြောပြီးနောက် ရွာသားများကို ခေါ်လိုက်သည်။ ရွာသားများမှာ မလာရဲ လာရဲဖြင့် အနားကပ်လာကြသည်။ သရဲကြီးမှာလဲ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ရွာသားများမှာ ပေါက်ချွန်းများ၊ ပေါက်တူးများ၊ တူများ၊ သံတူရွင်းများဖြင့် လေးခန်းတွဲအိမ်သာကြီးကို ဖျက်ပြစ်လိုက်ကြသည်။ အိမ်သာကြီးမှာ တစ်နာရီခန့်အတွင်း တစ်စစီဖြစ်သွားလေသည်။
“ကဲ ညကျရင် တရားပွဲသိမ်းပြီး ရေစက်ချဖို့ရှိတယ် ဒကာကြီးလာခဲ့ပါ”
ဟု ဆရာတော်က ဖိတ်လိုက်ပြီး ကျောင်းထဲသို့ ပြန်ကြွသွားတော့သည်။ ရွာသားများမှာလဲ မနေရဲသေးဘဲ အမြန်ထွက်ခွာလာကြသည်။
ညဖက်တရားပွဲ။
နောက်ဆုံးညဖြစ်သဖြင့် တရားနာသူများနှင့် အလွန်စည်ကားနေသည်။ တရားပွဲမှာ မီးရောင်တွေ ထိန်ထိန်လင်းနေသည်။ ဆရာတော် ဦးပညာဝရက တရားဟော ပလ္လင်ထက်မှနေ၍ အစွဲအလန်းစိတ်များအကြောင်းကို ဒကာကြီး ဦးဖိုးခင်ဇတ်လမ်းကို အကြောင်းပြု၍ တရားနာသူများအား ဟောကြားလေသည်။ တရားပွဲပြီးတော့ ရေစက်ချ အမျှပေးဝေကြသည်။
“ဒကာကြီး ဦးဖိုးခင်ရေ ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ”
ဟု ဦးပညာဝရက တိုးတိုးလေးပြောကာ အမျှပေးဝေလိုက်ကြပါတော့သည်။
ထိုနေ့ည။
ရွာဦးကျောင်းဆရာတော်ဘုရားမှာ အိပ်စက်နေသည်။ ထိုစဉ် ကျောင်းပေါ်သို့ တစ်စုံတစ်ယောက် တက်လာသံကို ကြားလိုက်ရပြီးနောက် ဆရာတော်ဘုရား၏ အခန်းထဲသို့ဝင်ကာ ကြမ်းပြင်တွင်ထိုင်လိုက်သည်။ ဆရာတော်လဲ မနှိုးရပါဘဲနှင့် နိုးပြီး ထထိုင်လိုက်လေသည်။ ကြမ်းပြင်အောက်တွင် ထိုင်နေသူမှာ ဦးဖိုးခင်ဖြစ်သည်။ ဦးဖိုးခင်သည် အလှူနေ့ကလို အဝတ်အစားသစ်များ ဝတ်ဆင်ထားလေသည်။
“အရှင်ဘုရား တပည့်တော် နောက်ဆုံးအနေနဲ့ အရှင်ဘုရားကိုလာနှုတ်ဆက်တာပါဘုရား”
ဦးဖိုးခင်က ပြောဆိုပြီး ကုန်းကန်တော့သည်။ ဆရာတော်ဘုရားကတော့ ဘာမှမပြောတော့ပဲ။ ငူငူကြီးထိုင်နေလေသည်။ ထို့နောက် ဦးဖိုးခင်သည် ဦးသုံးကြိမ်ချ ကန်တော့ပြီးနောက် ဆရာတော်၏ ရှေ့တွင်ပဲ တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့သည်။ ဆရာတော်လဲ ကုတင်ပေါ်တွင် ငူငူကြီးထိုင်လျှက် အိပ်မက်လိုလို တကယ်လိုလိုဖြစ်နေပါတော့သည်။
လအနည်းငယ်ကြာသော် ရွာသားများကောင်းမှုဖြင့် ထိုနေရာတွင်ပင် အိမ်သာ အသစ်ထပ်ဆောက်ကြပြန်သည်။ အရင်အိမ်သာမှ အိမ်သာကျင်းကြီး ကျန်နေသောကြောင့်ဖြစ်သည်။ ထိုနေရာတစ်ဝိုက်ကိုလဲ ချုံနွယ်များရှင်းလင်းလိုက်လေသည်။ နောက်ထပ်မည်သည့်သရဲ မည်သည့်ခြောက်လှန့်မှုမှ မတွေ့ရတော့ပေ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦး တစ်ယောက်စီတိုင်းအား အစဉ်လေးစားလျှက်။
အဂ္ဂဇော်
(ဖြစ်ရပ်မှန်တစ်ခုအား စီဖွဲ့ပြီး ပြန်ရေးသားပါသည်။)