အပိုင်း (၁)
(၁)
“မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့လိုလိမ့်မယ်”
မိုင်းပွန်မြို့တံခါးက ပိတ်သွားခဲ့ချေပြီ၊ ဝစီပိတ်သိုင်းသမားကြီးနှင့် ရှဲန်ဆိုင်မှာ လူများသည့် ဇရပ်များတွင်မတည်းခိုဘဲ၊ မြို့အပြင်ဘက် တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းအပျက်ကြီးတစ်ခုတွင် တည်းခိုကြသည်။ ဘုန်းကြီးကျောင်းဆောင်အပျက်ကြီးတွင် ကြီးမားသည့် နှီးဖြင့်ပြုလုပ်ထားသည့် ဘုရားရုပ်ပွားတော်တစ်ဆူရှိသည်။ ထိုရုပ်ပွားတော်ကြီးက နှစ်ကာလကြာရှည်ပြီဖြစ်သဖြင့် ပျက်စီးနေလေသည်။ ဝစီပိတ်သိုင်းသမားက ဘုရားရုပ်ပွားတော်အရှေ့တွင်ထိုင်လိုက်ကာ ခန်းခြောက်နေသည့် ဆီမီးခွက်ကလေးအတွင်းသို့ သူ့သယ်လာသည့် ဆီများကိုလောင်းထည့်လိုက်လေသည်။ ထို့နောက် မီးစာကြိုးကိုစိမ်လိုက်ကာ မီးခတ်နှင့်မီးညှိလိုက်သည့်အခါ တောက်ပသောအလင်းရောင်ထွက်ပေါ်လာခဲ့သည်။
ရှဲန်ဆိုင်ကတော့ တိုင်တစ်လုံးတွင်မှီလျှက် ထိုင်နေလိုက်သည်။ သူ့ဒဏ်ရာမှာ သွေးများထွက်နေလေသည်။ ဝစီပိတ်သိုင်းသမားကြီးက သူ့လွယ်အိတ်အတွင်းမှ ဆေးမှုန့်တစ်ချို့ကိုထုတ်ယူလိုက်ကာ ရှဲန်ဆိုင်၏ ဟက်တက်ကွဲနေသည့် ဒဏ်ရာများကိုပက်ထည့်လိုက်သည်။ အလွန်ပူစပ်ပူလောင်သည့် ဝေဒနာကို ခံစားလိုက်ရသဖြင့် ရှဲန်ဆိုင်ညည်းညူလိုက်မိသည်။
“ငါက သမားတော်တော့မဟုတ်ပေမယ့်၊ မင်းရဲ့ဒဏ်ရာတွေကို ဟောဒီ ဝိဇ္ဖာဆေးမှုန့်နဲ့လူးထားပြီဆိုတော့ မကြာခင်ပြန်ကောင်းသွားမှာပါ”
“ဝိဇ္ဖာဆေးမှုန့်တဲ့လား”
“ငါကတော့ အဲဒီလိုပဲခေါ်တယ်၊ ငါ့ကို ဆရာတော်က ပေးခဲ့တဲ့ဆေးမှုန့်ပေါ့”
သိုင်းသမားကြီးက ရှဲန်ဆိုင်၏ အင်္ကျီကိုချွတ်လိုက်သည်။ ရှဲန်ဆိုင်၏ မိန်းမသားအလှများပေါ်ပေါက်လာသည့်အတွက် ရှဲန်ဆိုင်က ရှက်ရွံ့နေမိသော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် မှိန်းနေလိုက်သည်။ ရှဲန်ဆိုင်၏ ဝမ်းဗိုက်တွင် ရရှိထားသည့် ဒဏ်ရာကြီးကို သိုင်းသမားကြီးက ဆေးမှုန့််များဖြူးလိုက်ကာ လက်ဖြင့်ပွတ်သပ်နေလေသည်။
“မင်းကြောက်နေတယ်မဟုတ်လား”
ရှဲန်ဆိုင်က သိုင်းသမားကြီးကို ကြောက်နေမိသည်မှာ အမှန်ပင်ဖြစ်သည်။ မိန်းမသားတစ်ယောက်နှင့် ယောက်ျားသားတစ်ယောက် ဆိတ်ငြိမ်သည့်နေရာတွင် ရောက်ရှိနေသည့်အတွက်ဖြစ်သည်။ အကယ်၍သာ သိုင်းသမားကြီးက သူ့အပေါ် ကာမအမြတ်ထုတ်မယ်ဆိုလျှင် ရှဲန်ဆိုင်ရုန်းကန် တားဆီးနိုင်မည်မဟုတ်ပေ။ သိုင်းသမားကြီးက ရှဲန်ဆိုင်အားဆေးထည့်ပြီးသောအခါ အင်္ကျီပြန်ဝတ်ပေးထားလိုက်သည်။ ထို့နောက် ရှဲန်ဆိုင်၏မျက်နှာကိုအသေအချာကြည့်လိုက်သည်။
“မင်းက ရုပ်ရည်ရော၊ ခန္ဓာကိုယ်ရော အတော်လှတဲ့မိန်းကလေးပဲ”
ဝစီပိတ်သိုင်းသမားကြီးက စကားသံထွက်နေသော်လည်း နှုတ်ခမ်းများက လုံးဝမလှုပ်ပေ။
“စိုးရိမ်မနေပါနဲ့ကွာ၊ ငါ့အရင်က စိတ်အတိုင်းဆို မင်းကိုငါက အနိုင်ကျင့်ပြီးသွားပြီ၊ ဒါပေမယ့် အခုတော့ ငါဒါတွေမလုပ်တော့ဘူး”
ဝစီပိတ်သိုင်းသမားကြီးက ဘုရားစင်ရှေ့တွင် ထိုင်လိုက်ပြီး လက်ထဲမှတုတ်ကြီးကို သူ့ဘေးနားတွင်ချထားလိုက်သည်။ ထို့နောက် ရှဲန်ဆိုင်ဘက်သို့ စောင်းငဲ့ကြည့်ုလိုက်ပြီး
“တဒင်္ဂသာယာမှုနဲ့ သံသရာတစ်လျှောက်မှာခံရမဲ့အပြစ်တွေကို မလဲချင်တော့လို့ဘဲ”
ရှဲန်ဆိုင်က သိုင်းသမားကြီးပြောသည်ကို သိပ်နားမလည်ပေ၊ သိုင်းသမားကြီးက လက်အုပ်ချီပြီး ဘုရားရှိခိုးနေလေသည်။ ဘုရားရှိခိုးသည့်အခါတွင်တော့ အသံတိတ်နေလေသည်။ ရှဲန်ဆိုင်လည်း ပင်ပန်းနွမ်းနယ်လာသဖြင့် ကျောင်းတိုင်လုံးကြီးကို မှီကာ အိပ်ပျော်သွားလေသည်။
မိုးလင်းပြီဖြစ်သည်။ နေရောင်ခြည်က ဘုန်းကြီးကျောင်းကြီး၏ ပေါက်ပြဲနေသည့် ခေါင်မိုးမှ တိုးဝင်နေလေသည်။ ရှဲန်ဆိုင်၏ မျက်နှာပေါ်သို့ နေပျောက်ထိုးလိုက်သဖြင့် ရှဲန်ဆိုင်မှာ လန့်နိုးသွားလေသည်။ ယောင်ယမ်းပြီး မတ်တပ်ရပ်ကြည့်လိုက်ရာ အသာကလေးဝတ်ထားသည့် သူ့အင်္ကျီမှာ ကျွတ်ကျသွားတော့သည်။ ရှဲန်ဆိုင်လည်း အင်္ကျီကိုအမြန်ဆွဲတင်လိုက်သည့်အခါ သူ့ဝမ်းဗိုက်တွင် ဒဏ်ရာမရှိတော့ပေ၊ ရှဲန်ဆိုင်တစ်ယောက်ထူးဆန်းသွားပြီး သူ့ကျောကုန်းနှင့် ဂုတ်သားမှဒဏ်ရာများကို စမ်းသပ်ကြည့်သော်လည်း ထိုဒဏ်ရာများအားလုံးမှာ ပျောက်ကင်းကာ နာကျင်မှုပင်မခံစားရတော့ပေ။
“ဟား၊ ဟား အလှကလေးပါလားဟေ့”
အသံကြားလိုက်သဖြင့်ရှဲန်ဆိုင်လှည့်ကြည့်လိုက်ရာ ဘုန်းကြီးကျောင်းတံခါးပေါက်တွင် လူနှစ်ဦးမတ်တပ်ရပ်နေလေသည်။ ထိုလူနှစ်ဦးမှာ ယစ်ထုတ်ကြီးများဖြစ်မည်ထင်ရပြီး နှစ်ဦးစလုံးမူးယစ်နေကြသည်။
“စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပဲကွာ၊ ငါတို့ ဒီကောင်မလေးကို မြည်းကြရအောင်ဟေ့”
ထိုလူနှစ်ဦးက ရှဲန်ဆိုင်ဆီသို့ပြေးဝင်လာသည်။ ရှဲန်ဆိုင်က ထိုလူနှစ်ယောက်ကို တိုက်ခိုက်ရန်အတွက်ပြင်ဆင်လိုက်စဉ် သူ့နားထဲအသံတစ်သံကြားရသည်။
“မင်းသူတို့ကိုသတ်နိုင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် လူမသတ်နဲ့”
အသံက သိုင်းသမားကြီး၏ အသံဖြစ်နေလေသည်။ ရှဲန်ဆိုင်လည်း ဒေါသကိုလျှော့လိုက်ပြီး သူ့ထံပြေးလာသည့် လူတစ်ယောက်၏ နှာခေါင်းအတွင်းသို့လက်နှစ်ချောင်းကိုထိုးထည့်လိုက်ကာ နှာခေါင်းကိုလှန်တင်လိုက်သည်။ ထိုလူမှာ နာကျင်စွာအော်ဟစ်လျှက် အနောက်သို့လဲကျသွားသည်။ ကျန်သည့်သူတစ်ဦးက ရှဲန်ဆိုင်အားလက်သီးဖြင့်ပေးထိုးသည်။ ရှဲန်ဆိုင်ကလက်သီးချက်ကိုရှောင်လိုက်ပြီး ထိုလူ၏ ခြေထောက်အဖျားကို ဖနောင့်နှင့်ပေါက်ချထည့်လိုက်သည်။ ထိုလူလှည်း ခြေထောက်နာသွားကာ အနောက်သို့ဆုတ်သွားသည်။
“မင်း၊ မင်းတော့ နာမယ်မှတ်”
နှာခေါင်းအလှန်ခံရသည့်လူက ရှဲန်ဆိုင်အားလက်ညှိုးထိုးလျှက် ပြောဆိုပြီးနောက် ဘုန်းကြီးကျောင်းပေါ်မှပြေးဆင်းသွားသည်။ ခြေထောက်ထိသွားသည့်လူက ထော့ကျိုး ထော့ကျိုးဖြင့် အနောက်မှပြေးလိုက်သွားလေသည်။ ထိုလူနှစ်ယောက်ထွက်သွားတော့မှ သိုင်းသမားကြီးက ထုတ်တန်းပေါ်မှခုန်ဆင်းလာခဲ့သည်။
“ငါတို့သွားရအောင်”
“ညက ကောင်းကောင်းမိတ်မဆက်ဖြစ်လို့တောင်းပန်ပါတယ်၊ ကျွန်မနာမည်က နန်းရှဲန်ဆိုင်ပါ”
သိုင်းသမားကြီးက မျက်ခုံးပင့်ပြိး စဉ်းစားနေလိုက်သည်။
“ဒီနာမည်ကို ငါရင်းနှီးနေသလိုပဲ၊ မင်းနဲ့ငါနဲ့များ ဆုံဖူးကြသလား”
“ဆုံရင်လည်း ဆုံဖူးမှာပါ၊ မောက်မယ်နယ်၊ မိုက်လိုရွာက နန်းရှဲန်ဆိုင်ဆိုရင် တော်တော်များများသိကြပါတယ်”
သိုင်းသမားကြီး မျက်လုံးပြူးသွားသည်။ ထို့နောက်ရယ်မောလိုက်ပြန်သည်။ ရှဲန်ဆိုင်ကတော့ သူ့အပြုအမူကို နားမလည်နိုင်ဘဲ မျက်လုံးအပြူးသားနှင့်ကြည့်နေပြန်သည်။
“ဟား၊ ဟား၊ ဆုံမှ ဆုံတတ်တယ်ကွာ”
“ဒါဆိုရှင်က ကျွန်မကိုသိလို့လား”
“အရင်ကတော့ နာမည်ပဲသိတယ်၊ အခုမှ နာမည်နဲ့လူနဲ့ တွဲသိသွားတာပဲဟေ့”
သိုင်းသမားကြီးက ခမောက်ကြီးကို ကောက်ဆောင်းလိုက်သည်။ လွယ်အိတ်ကိုလည်း ကောက်ယူကာ လွယ်လိုက်ပြန်သည်။
“ဒါနဲ့ ကျွန်မတို့ဘာဆက်လုပ်ကြမှာလဲ”
“မင်းအသက်ကို ငါတစ်ကြိမ်ကယ်ခဲ့တဲ့အတွက် မင်းငါနဲ့တစ်နေရာကိုလိုက်ခဲ့ရမယ်”
“အဲဒါပြီးရင်ရော”
“ပြီးရင် မင်းသွားလိုရာ သွားနိုင်ပြီ”
ရှဲန်ဆိုင်လည်း ခေါင်းညိတ်လိုက်သည့်အခါ သိုင်းသမားကြီးက ဘုန်းကြီးကျောင်းပျက်ကြီးအတွင်းမှ ထွက်ခွာသွားလေသည်။ ရှဲန်ဆိုင်ကလည်း သူ့အနောက်မှ ကုပ်ချောင်း ကုပ်ချောင်းနှင့် လိုက်ပါလာခဲ့သည်။ မိုင်းပွန်မြို့ကိုဖြတ်သန်းသွားပြိးသည့်အခါ တောလမ်းကလေးတစ်ခုကိုဖြတ်သန်းသွားရသည်။ ထိုအခါ တောတန်းအတွင်းမှ လူများကခုန်ထွက်လာကာ သူတို့ကိုဝိုင်းလိုက်ကြသည်။ လူစုစုပေါင်း ဆယ့်နှစ်ဦးခန့်ရှိသည်။
“သူ၊ ကျုပ်တို့ကိုဆော်လိုက်တာ သူပါပဲ”
ဘုန်းကြီးကျောင်းအတွင်း ရမ်းကားခဲ့သည့် လူနှစ်ဦးကိုတွေ့ရသည်။ ထိုလူနှစ်ဦး၏ အလယ်တွင် လူတစ်ယောက်ရပ်နေလေသည်။ ထိုလူက ဗလတောင့်တောင့်နှင့်ဖြစ်ပြီး အပေါ်ပိုင်းဗလာကျင်းလျှက် လက်တွင် ဓါးရှည်တစ်လက်ကိုဆွဲကိုင်ထားသည်။ ရှဲန်ဆိုင်တို့ နှစ်ယောက်ကို အသေအချာကြည့်ရင်း
“ထွီ၊ မင်းတို့ကောင်တွေကွာ၊ မိန်းကလေးတစ်ယောက် တိုက်ခိုက်တာကို ခံရတယ်လို့”
ရှဲန်ဆိုင်က ထိုလူများအား တိုက်ခိုက်ရန်ပြင်ဆင်လိုက်စဉ် သိုင်းသမားကြီးက ရှဲန်ဆိုင်၏လက်ကိုဖမ်းဆွဲလိုက်သည်။
“မင်းမတိုက်ခိုက်နဲ့၊ ငါပဲရှင်းလိုက်မယ်၊ မင်းလုပ်ရင် ဒီကောင်တွေအကုန်သေကုန်မယ်”
လူမိုက်က ရှဲန်ဆိုင်အနီးသို့တိုးကပ်လာသည်။ သိုင်းသမားကြီးက
“ငါတို့ကို ဒုက္ခမပေးပါနဲ့၊ ငါတို့က ခရီးသွားတွေပါ၊ မင်းတို့နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး”
ထိုအခါ ထိုလူကြီးက ရယ်မောတော့သည်။
“ဟား၊ ဟား၊ ခရီးသွားတွေဆိုကတည်းက ကျုပ်တို့နဲ့ရန်ငြိုးရှိတာပေါ့ဗျာ၊ ကျုပ်နာမည် ကျီးကန်း၊ ကျုပ်တို့က ဒီလမ်းကနေသွားတဲ့ ခရီးသွားတွေကို တိုက်နေကျဓါးပြတွေပဲ”
“ကျုပ်တို့မှာ ပိုက်ဆံများများစားစားလဲ မပါခဲ့ပါဘူးဗျာ”
“ပိုက်ဆံမပါရင် ဟိုကောင်မလေးကို ပေးခဲ့”
ကျီးကန်းက ရှဲန်ဆိုင်၏လက်ကိုဆွဲလိုက်လေသည်။ ထိုအချိန်မှာပင် ကျီးကန်းတစ်ယောက် မြေပေါ်သို့ ဝပ်ဆင်းသွားလေသည်။ အတူပါလာသည့် သူ့တပည့်များက အံ့သြနေကြသည်။ သိုင်းသမားကြီးကိုကြည့်လိုက်တော့ သိုင်းသမားကြီးက တုတ်ကိုကိုင်ထားကာ ဝှေ့ယမ်းနေလေသည်။ ဓါးပြများလည်း လက်နက်ကိုယ်စီထုတ်လိုက်ပြီး သိုင်းသမားကြီးထံသို့ ပြေးခုန်ဝင်လာကြသည်။ သိုင်းသမားကြီးက တုတ်ဖြင့်ဓါးပြများကို လျှင်မြန်စွာတိုက်ခိုက်ရာ မကြာမီအချိန်အတွင်း ဓါးပြအကုန်လုံး မြေပေါ်တွင်မှောက်သွားလေသည်။
“ရှင် သူတို့ကို ဘာလို့မသတ်တာလဲ”
“သူတို့အတွက်နဲ့ ငါအကုသိုလ်မယူချင်တော့ဘူး”
“ဒီကောင်တွေက ခရီးသွားတွေကို ဓါးပြတိုက်ပြီးလုယက်နေတဲ့ ဓါးပြတွေရှင့်၊ လူကောင်းတွေမဟုတ်ဘူး၊ ဒီကောင်တွေကိုသတ်လိုက်တော့ ခရီးသွားတွေပိုပြီး အန္တရာယ်ကင်းမသွားဘူးလား”
သိုင်းသမားကြီးက တိုက်ခိုက်စဉ်က မြေပေါ်သို့ကျနေသည့် ခမောက်ကို ကောက်ဆောင်းလိုက်ပြီး
“ဒီမယ်မိန်းကလေး၊ လူတစ်ယောက်က ဓါးပြတိုက်ခံပြီး သေရတဲ့ကံပါရင် သူသေမယ်၊ ကံမပါရင် မသေဘူး၊ ဒီအတွက်နဲ့ ငါက ကြားကဝင်ပြီး အကုသိုလ်အဖြစ်မခံဘူး”
သိုင်းသမားကြီးက လျှောက်လှမ်းသွားသည်မို့ ရှဲန်ဆိုင်လည်း အနောက်မှလိုက်လာခဲ့ရသည်။
(၂)
“ရှင်ဘယ်သွားမလို့လဲ”
“အမရပူရဆင်းမယ်”
“အဲဒီမှာ ဘာလုပ်မှာလဲ”
“ကံစီမံရာအတိုင်းလုပ်ရတာပေါ့ကွာ”
ရှဲန်ဆိုင်နှင့် သိုင်းသမားကြီးတို့က လမ်းဘေးရှိ စားတဲကလေးတစ်ခုတွင် ထိုင်လျှက် စားသောက်နေကြခြင်းဖြစ်သည်။
“ရှင်က ပါးစပ်မလှုပ်ဘဲ စကားပြောတတ်တယ်ဆိုတော့ ဘယ်လိုအတတ်နဲ့ပြောတာလဲ”
“မနောအသိ အတတ်နဲ့ပြောတာပေါ့၊ မနောနဲ့စကားပြောတယ်ဆိုရင် မင်းကိုသိစေချင်တဲ့စကားဆို မင်းတစ်ယောက်ပဲကြားရမယ်၊ ဒါ့အပြင် မင်းငါ့ကိုဘာပြောချင်နေသလဲဆိုတာလည်း ငါကသိနိုင်တယ်”
“ဒါဆို ပါးစပ်ဖွင့်ပြီးဘာလို့စကားမပြောတာလည်း”
သိုင်းသမားကြီးက သူ့လက်ထဲမှတူကိုချလိုက်ကာ ပါးစပ်ကိုဟပြသည်။ ရှဲန်ဆိုင်ပင်အလွန်ထိတ်လန့်သွားမိသည်။ သိုင်းသမားကြီးပါးစပ်တွင် လျှာက တုံးတိကြီးပြတ်နေလေသည်။
“မြင်ပြီလား”
ရှဲန်ဆိုင်က ပါးစပ်ပိတ်ထားလိုက်ပြီး စိတ်ထဲမှ
“ဒါကြောင့် ရှင်က ပါးစပ်က စကားမပြောတတ်တာကိုး”
“မှန်တယ်၊ ကဲ သွားရအောင်”
ရှဲန်ဆိုင် ပါးစပ်မဖွင့်သော်လည်း သူပြောချင်သည့်စကားများကို သိုင်းဆရာကြီးက ကြိုပြီးသိနေလေသည်။ တစ်နေ့လုံးလမ်းလျှောက်ပြီး ညဘက်ရောက်သည့်အခါ ခရီးသွားများတည်းခိုတတ်သည့် ဇရပ်ပေါ်တွင်အနားယူလိုက်သည်။ ပွင့်လင်းရာသီရောက်သဖြင့်ခရီးသွားများ များပြားလှကာ ဇရပ်တစ်ခုလုံးပြည့်နေလေသည်။ ရှဲန်ဆိုင်က ဇရပ်ခါးပန်းကိုမှီကာထိုင်နေရင်း သိုင်းသမားကြီးကိုကြည့်လိုက်သည်။
“ဒါဆို ဒီပညာတွေ ရှင်ဘယ်လိုရခဲ့တာလဲ”
သိုင်းသမားကြီးကလည်း ရှဲန်ဆိုင်ကိုပြန်ကြည့်လိုက်သည်။
“အနှစ်နှစ်အလလကြိုးပမ်းမှုတွေကြောင့်ပေါ့ကွာ”
ဟုစအချီလိုက်ကာ သူ့ဘဝနောက်ကျောင်းများကိုရှဲန်ဆိုင်အား စိတ်ထဲမှ ပြောပြလိုက်တော့သည်။
(၃)
စည်သူတစ်ယောက် ဦးဇင်း၏ အနောက်သို့ လေးလံသောခြေလှမ်းများနှင့်လိုက်ပါလာခဲ့သည်။ မိုးအကုန်ဆောင်းအကူးဆိုသော်လည်း နေကနွေတစ်မျှ ပူလောင်လှသည်။ ဦးဇင်းနှင့် စည်သူတို့နှစ်ယောက် ပူပြင်းလှသည့် လွင်တီးခေါင်ကြီးကို ဖြတ်သန်းပြီးနောက် မကြာခင်တွင် တောင်ကုန်းတစ်ခုအနီးသို့ရောက်လာခဲ့သည်။ တောင်ခြေရှိ ဇရပ်ကလေးတွင် ဦးဇင်းက ထိုင်လိုက်သည့်အခါ စည်သူက ဦးဇင်းထံမှ သပိတ်ကိုယူပြီး သောက်ရေအိုးစင်မှရေကိုခပ်ထည့်လိုက်ကာ ဦးဇင်းအားရေပေးလိုက်လေသည်။
“ဒကာကြီးနဲ့ တွေ့ကတည်းက ဒကာကြီးနဲ့ ဦးဇင်းမှာ ရေစက်ပါလာတယ်လို့တွေးပြိးသားပါ”
စည်သူက စကားမပြောနိုင်သဖြင့် ခေါင်းသာညိတ်ပြရသည်။ သူ့မျက်လုံးရှိ ဒဏ်ရာမှ သွေးများပြည်များက စီးကျနေလေသည်။
“ဦးဇင်းလုပ်မယ့်အလုပ်မှာ ကူညီဖို့လူတစ်ယောက်လိုနေတယ်ကွဲ့၊ အခုဒကာကြီးက ဦးဇင်းအနောက်ကိုလိုက်ခဲ့တယ်ဆိုတော့ ဒကာကြီးက ဦးဇင်းလိုနေတဲ့လူပဲဖြစ်ရမယ်၊ ကံတရားများ ဆန်းကြယ်လိုက်တာနော်”
ထို့နောက် ဦးဇင်းက သူလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စက္ကူဖြင့်ထုတ်ပိုးထားသည့် အထုပ်ကလေးကိုထုတ်ယူလိုက်ပြီး ထိုအထုပ်အတွင်းမှ အနီရောင်ဆေးနီမှုန့်များကို စည်သူ၏မျက်လုံးကို လိမ်းကျံပေးလေသည်။
“ဦးဇင်းရဲ့ လုပ်ငန်းကို ကူညီမယ်ဆိုရင် ဒကာကြီးကိုလည်း ဦးဇင်းက ပြန်ပြီးကူညီမှာပါကွဲ့”
ခဏတာအနားယူပြီးသော် သူတို့နှစ်ဦး တောင်ပေါ်သို့တက်ခဲ့သည်။ တောင်တက်သည့်လမ်းမှာ ခက်ခဲလှသည့်အတွက် ခက်ခက်ခဲခဲတက်ယူရသည်။ သူတို့အတူတူတက်နေကြရင်း
“ဒီအရပ်ကို ထီးပေါင်းကားအရပ်လို့ခေါ်တယ်၊ ဒီတောင်ကတော့ မဏ္ဍလတောင်လို့ ခေါ်ကြတယ်၊ မဏ္ဍလဆိုတဲ့ အနက်အရ တောင်ကိုးလုံး ဝိုင်းရံထားတဲ့ တောင်ပေါ့”
တောင်ထိပ်နားမရောက်တစ်ရောက်တွင် ဆရာတော်က ညီညာကျယ်ပြန့်သည့် လွင်ပြင်ကြီးတစ်ခုကို လက်ညှိုးညွှန်ပြလေသည်။
“တစ်ချိန်ကျရင် ဒီနေရာက အလွန်စည်ကားတဲ့ မြို့ကြီးတစ်မြို့ဖြစ်လာမယ်ကွဲ့”
ဆရာတော် လက်ညှိုးထိုးပြသည့်နေရာသို့ ကြည့်လိုက်သော်လည်း မြေပြင်ကျယ်၊ လွင်ပြင်များနှင့် သစ်ပင်အုပ်များပေါက်နေသည်ကိုသာ တွေ့လိုက်ရသည်။ ရွာကလေးတစ်ရွာ နှစ်ရွာကိုတော့ တောင်ခြေအနီးတွင် တွေ့ရပြန်သည်။ တောင်ထိပ်ရောက်သည့်အခါ တောင်ထိပ်တွင် လူသူကင်းမဲ့နေသည်။ ရှေးဟောင်းစေတီကလေးတစ်ဆူရှိပြီး သဘာဝကျောက်သားအတိုင်းဖြစ်နေသည့် ကျောက်ဖျာကြီးတစ်ခုလည်းရှိသည်။
“ငါတို့ ဒီတောင်ပေါ်မှာနေပြီး ထွက်ရပ်လမ်းကိုမြန်းဖို့အတွက် ပြင်ဆင်ရတော့မယ်ကွဲ့”
ကျောက်ဖျာကြီးနှင့် စေတီကလေးတစ်ဆူကလွဲ၍ တောင်ပေါ်တွင် ဘာမှမရှိပေ၊ စည်သူလည်း ဆရာတော်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေမိသည်။
“အောင်မယ်၊ ဒကာကြီးက ဦးဇင်းဘာလို့ ဒီနေရာကိုရွေးခဲ့သလဲဆိုပြီး တွေးနေတယ်ထင်တယ်”
သူ့ခေါင်းထဲမှ အတွေးများကို ဆရာတော်က သိနေသဖြင့် စည်သူအံ့သြသွားကာ ခေါင်းညိတ်လိုက်သည်။
“ဒီလို ဒကာကြီးရဲ့၊ လောကမှာ ပဌာန်းဆက်ဆိုတာရှိတယ်၊ အဖြစ်အပျက်တစ်ခုဖြစ်ဖို့အတွက် ပဌာန်းဆက်ဆိုတဲ့ကိုယ်နဲ့ ဘဝအဆက်ဆက်မှာ တွေ့ကြုံပေါင်းသင်းခဲ့တဲ့လူတွေက ဒီဘဝအထိ သိကျွမ်းပြီးတော့ ကူညီပေးတတ်ကြတယ်၊ ကောင်းတာကိုလည်းဖြစ်စေသလို ဆိုးတာကိုလည်းဖြစ်စေတတ်တယ်ကွဲ့၊ ဒကာကြီး နားလည်မှာမဟုတ်သေးပါဘူး”
စည်သူက ခေါင်းကုပ်လိုက်သည်။ စည်သူက တစ်သက်လုံးဘာသာတရားနှင့် ကင်းကွာခဲ့သူမို့ ဆရာတော်စကားများကို ဘာမှနားမလည်နိုင်ပေ။
“ဒါဆို ဒကာကြီးကိုမေးမယ်၊ ဦးဇင်းတို့ ဒီတောင်ပေါ်မှာနေထိုင်ဖို့အတွက် ဘာလိုအပ်သလဲ”
စည်သူက စဉ်းစားလိုက်ပြီးနောက် သူ့ခေါင်းပေါ်ကိုလက်နှစ်ဖက်နှင့်မိုးအုပ်လျှက် အိမ်ပုံစံအဖြစ် သရုပ်ဆောင်ပြလိုက်လေသည်။ ဆရာတော်က ကြည့််ရင်း ပြုံးနေလေသည်။
“မှန်တာပေါ့ဒကာကြီးရယ်၊ လူဆိုတာက တိရစ္ဆာန်တွေလို ကြုံရာအိပ်လို့မှမရတာ၊ ဦးဇင်းတို့အတွက် ကျောင်းသင်္ခန်းတစ်ခုခုတော့ လိုနေတာအမှန်ပဲ၊ ဒါပေမယ့် ပူမနေပါနဲ့ဒကာကြီးရယ်၊ သူ့ဖာသာသူဖြစ်သွားပါလိမ့်မယ်”
ဆရာတော်က စေတီကလေးအရှေ့တွင်ထိုင်လျှက် တရားထိုင်နေလေသည်။ စည်သူလည်း နားမလည်တော့သဖြင့် ဆရာတော်အနားတွင်ထိုင်လျှက် တောတောင်ပတ်ဝန်းကျင်ကိုငေးကြည့်နေမိသည်။ မကြာခင် လူသုံးဦးက တောင်ပေါ်သို့တက်လာလေသည်။ ဆရာတော်နှင့် စည်သူအားတွေ့သည့်အခါ ထိုလူသုံးဦးက သူတို့အနီးတွင်ထိုင်ချလိုက်သည်။ ဆရာတော် တရားထိုင်နေသည်ကိုတွေ့သဖြင့် ထိုလူများက စကားတီးတိုးပြောနေကြသည်။
“ဟေ့ ကပ္ပိယကြီး၊ ခင်ဗျားတို့ဘယ်ကနေ ရောက်လာကြတာပါလိမ့်”
စည်သူက သူ့ပါးစပ်ကိုဟပြီးလက်ညှိုးထိုးပြလိုက်တော့မှ ထိုလူများက နားလည်သွားသည်။ မကြာမီ ဆရာတော်က တရားဖြုတ်ပြီး သူတို့ဘက်သို့လှည့်လာသည်။
“ဒကာကြီးတို့က ဘယ်သူတွေလဲကွဲ့”
“တင်ပါ့ဘုရား တပည့်တော်တို့က တောင်ခြေနားက ရွာကလေးကဖြစ်ပါတယ်ဘုရား၊ တပည့်တော်တို့ တောင်ပေါ်ကို သစ်ခုတ်ဖို့လာရင်း တောင်ပေါ်ကနေ စကားသံကြားလို့ တက်လာကြတာပါဘုရား”
ဆရာတော်က ခေါင်းညိတ်လေသည်။
“အေးကွယ်၊ ဦးဇင်းတို့လည်း လုပ်စရာလေးတွေရှိလို့ ဒီတောင်ပေါ်မယ် သီတင်းသုံးဖို့စိတ်ကူးထားတယ်”
ထိုလူသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း
“ဒါဆိုရင်လည်း ဆရာတော်တို့ နေရေးထိုင်ရေးအတွက် ပူပန်မနေပါနဲ့ဘုရား၊ တပည့်တော်တို့ သစ်ခုတ်တဲ့အခါ သစ်အဖျားတွေ၊ သစ်ကိုင်းတွေ ပိုနေပါတယ်ဘုရား၊ ဒီသစ်တွေနဲ့ဆရာတော်တို့ နေုထိုင်ဖို့ ကျောင်းသင်္ခန်းတစ်ခုဆောက်ပြီး လှူခွင့်ပြုပါ”
“အေးကွယ်၊ သာဓု သာဓု သာဓု”
“ဒါဆိုရင် တပည့်တော်တို့ကို ပြန်ခွင့်ပြုပါဘုရား၊ တပည့်တော်တို့လူတွေကို သွားခေါ်လိုက်ပါအုံးမယ်”
ထိုလူများက ပြန်ဆင်းသွားတော့မှ စည်သူတစ်ယောက် အံ့သြနေမိသည်။ ဆရာတော်က ပြုံးလျှက်
“အဲဒါဘာမှမဟုတ်ဘူး၊ ဦးဇင်းခုနကပြောတဲ့ ပဌာန်းဆက်တွေပေါ့ကွယ်”
လူဆယ့်ငါးဦးခန့် တောင်ပေါ်သို့တက်လာပြီးနောက် သစ်များဖြင့် ကျောင်းသင်္ခန်းတစ်ခုကို တက်ညီလက်ညီတည်ဆောက်ကြရာ ညနေမစောင်းခင်မှာပင် ပြီးစီးသွားလေသည်။ ဆရာတော်က ကျောင်းအလှူအတွက် အနုမောဒနာတရားဟောပြီး အလှူခံလိုက်လေသည်။ ကျောင်းသင်္ခန်းလေးမှာ သိပ်မကျယ်ဝန်းသော်လည်း လူနှစ်ယောက်ကောင်းကောင်းနေထိုင်ရန် လုံလောက်လေသည်။ ဆရာတော်က ကျောင်းခေါင်းရင်းဘက်တွင် နေထိုင်ပြီး စည်သူကတော့ တစ်ဆင့်နှိမ့်ထားသည့် ကျောင်းခြေရင်းဘက်တွင် နေထိုင်လေသည်။
နောက်တစ်နေ့ရောက်တော့ ဆရာတော်နှင့်အတူ တောင်ခြေရွာကလေးသို့ ဆွမ်းခံထွက်ခဲ့သည်။ တောင်ခြေရွာကလေးတွင် ဆရာတော်သတင်းက ကြိုရနေပြီမို့ ရွာသားများက သဒ္ဒါကြည်ဖြူစွာပင် လှူဒါန်းကြသည်။ ဆွမ်းစားပြီးသည့်အခါ ဆရာတော်က စည်သူကိုခေါ်လိုက်ပြိးသစ်ပင်တစ်ချို့ကို ပြသသည်။
“ဟောဒါတွေကတော့ ဂမုန်းပင်တွေပဲဒကာကြီး၊ ဟောဒီတောင်ကြီးပေါ်မှာ ဒီလိုမျိုး နတ်ဆေးဂမုန်းတွေ ပေါက်တတ်တယ်၊ ဒကာကြီးက ဦးဇင်းလိုအပ်တဲ့ ဂမုန်းတွေကို လိုက်လံရှာဖွေပေးရမယ်”
ဆရာတော်ပေးလိုက်သည့် ဂမုန်းတစ်ပင်ကိုယူလိုက်ကာ စည်သူတစ်ယောက် တောထဲတိုးခဲ့သည်။ တောအုပ်က နက်ရှိုင်းလှသလို အချို့နေရာများတွင်လည်း ချောက်ကမ်းပါးကြီးများရှိသည်။ ဆေးပင်လိုက်ရှာရင်း တောင်စောင်းတစ်နေရာအရောက်တွင် အလွန်လှပသည့် မိန်းကလေးများကိုတွေ့လိုက်ရသည်။ မိန်းကလေးသုံးဦးရှိပြီးအချင်းချင်းကျီစယ်ကာ စနောက်နေကြသည်။ မိန်းကလေးတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်ကို စနောက်သည့်အနေဖြင့် ထမီစကိုဆွဲလိုက်ရာ ထိုမိန်းကလေးမှာ ထမီပြေပြီး လျောကျသွားလေသည်။ ထိုအခါ အလွန်လှပသည့် မိန်းမသားအင်္ဂါရပ်များထွက်ပေါ်လာခဲ့သည်။ စည်သူမှာ ထိုမိန်းကလေးများကိုကြည့်ရင်း စွဲလန်းသည့်တဏှာရာဂစိတ်က ဖုံးလွှမ်းလာလေသည်။ ထို့ကြောင့် သစ်ပင်နောက်မှထွက်ကာ ထိုမိန်းကလေးများကို မတော်မတရားပြုမည်ဟု တွေးမိလေသည်။
“ဒကာကြီး၊ သူတော်ကောင်းဆိုတာ ကိုယ်၊ နှုတ်၊ စိတ်ကို ချုပ်တည်းသည်းခံရတယ်”
ထိုစဉ် သူ့နားထဲသို့ ဆရာတော်၏ အသံကြားလိုက်ရသည်။
“အင်းလေ၊ ငါဒီဘဝရောက်နေပြီ၊ ဘာတွေကိုထပ်ပြီး ကျူးလွန်ရတော့မှာလည်း”
စည်သူသက်ပြင်းချပြီး လှည့်ထွက်ရန်အလုပ်တွင် မိန်းကလေးသုံးယောက်က စည်သူအားစိုက်ကြည့်နေကြလေသည်။ ထိုအခါ ထိုမိန်းကလေးသုံးယောက်၏ မျက်နှာမှာ လူမျက်နှာမဟုတ်ဘဲ နှာခေါင်းပွပွ လန်လန်၊ ပါးရိုးကြီးများငေါထွက်နေပြီး အစွယ်ကြီးများထိုးထိုးထောင်ထောင်နှင့် ဘီလူးမကြီးများဖြစ်နေကြသည်။
“တော်သေးတယ်၊ ငါသည်းခံလိုက်လို့၊ ငါစောင့်ထိန်းလိုက်လို့၊ မဟုတ်ရင် ငါဘီလူးစာဖြစ်ပြီ”
စည်သူလည်း ကြောက်ကြောက်နှင့် တောအုပ်အတွင်းမှပြေးထွက်ခဲ့သည်။
(၄)
တစ်ရက်တော့ ဆရာတော်စားပြီးသည့် သပိတ်အားဆေးကြောပြီး ကျောင်းပေါ်တက်လာခဲ့စဉ် ဆရာတော်က သူ့အားလှမ်းစကားပြောလေသည်။
“ဒကာကြီး တောင်အောက်ကိုဆင်းပါအုံး”
သပိတ်ဆေးနေသည့် စည်သူနှင့် ဆရာတော်က အတောင်နှစ်ဆယ်ခန့်ဝေးသော်လည်း ဆရာတော်၏ အသံက သူ့နားနားကိုကပ်ပြောသလို ပီသကြည်မြနေလေသည်။ စည်သူလည်း ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
“ဒကာကြီးက ထူးဆန်းတယ်ဆိုပြီးတွေးနေတာမဟုတ်လား”
ဆရာတော်က စည်သူစိတ်ထဲ တွေးနေသည်ကိုပင် သိနေသဖြင့် စည်သူအံ့သြမဆုံးတော့ပေ။ သပိတ်ကလေးကိုင်ပြိး ဆရာတော်အနားထိုင်လိုက်သည့်အခါ ဆရာတော်က နှုတ်ခမ်းမလှုပ်ဘဲ သူ့အားစကားပြောနေလေသည်။
“ပါးစပ်က ထွက်လာတဲ့အသံဟာ လေဆိုတဲ့ ကြားခံကိုဖြတ်သန်းသွားရသလို၊ အခုလို စိတ်ထဲကနေပြောတဲ့အခါမှာ ဒကာကြီးရဲ့စိတ်နဲ့ ဦးဇင်းရဲ့စိတ်ချင်းထိခတ်မှုဖြစ်ပြီး ဦးဇင်းပြောချင်တာကို ဒကာကြီးက ကြားနေရတာပဲ”
စည်သူအလွန်အံ့သြပြီး ဆရာတော်အား ဦးကုန်းချလိုက်သည်။ သူက ဆွံ့အ နေသည့် သူတစ်ယောက်ဖြစ်နေသည်။ ထိုကဲ့သို့ စိတ်နဲ့စကားပြောသည့်် ပညာကိုရရှိခဲ့ပါက သူလူတောထဲ ပြန်တိုးနိုင်ပြီဟုတွေးလိုက်မိသည်။ ဆရာတော်ထံမှ ထိုပညာကိုရအောင်သင်ယူမည်ဟုလည်း ဆုံးဖြတ်ချက်ချလိုက်သည်။
“မပူပါနဲ့ဒကာကြီး၊ ဒကာကြီးကို ဦးဇင်းသင်ကြားပေးမှာပါ”
ဦးဇင်းက ပုရပိုက်အသေးလေးတစ်ခုကို စည်သူထံသို့ လှမ်းပေးလိုက်သည်။
“ဟောဒါကို ဝစီပိတ်ကျင့်စဉ်လို့ခေါ်တယ်၊ စိတ်မနောနဲ့ စကားပြောဖို့အတွက် အသံတွေတိတ်နေဖို့လည်း အရေးကြီးတယ်ဒကာကြီး၊ ဒီကျင့်စဉ်ကိုဖတ်ကြည့်ပြီး ကိုးလတိတိဒကာကြီး ကျင့်ရမယ်၊ ကိုးလတိတိ ပါးစပ်ကနေ ဘာအသံမှထွက်လို့မရဘူး၊ အသံထွက်ရင် ကျင့်စဉ်ပျက်တယ်ကွဲ့”
စည်သူလည်း ပုရပိုက်ကလေးကိုယူပြီးရင်မှာပိုက်ထားသည်။
“တစ်ခုတော့မှာလိုက်မယ်ဒကာကြီး၊ လောကကြီးမှာ ကောင်းတဲ့အရာကိုပဲလုပ်လုပ်။ ဆိုးတဲ့အရာကိုပဲလုပ်လုပ် အဖျက်ဆိုတာရှိတယ်ကွဲ့၊ အဖျက်ဆိုတဲ့အတိုင်း ရအောင်ဖျက်လိမ့်မယ်”
စည်သူက မျက်လုံးကလေး ပေကလပ်ပေကလပ်လုပ်ပြီး ဆရာတော်ပြောသည်ကို နားထောင်နေလိုက်သည်။
“အဖျက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ ဒကာကြီးသိချင်တယ်ထင်တယ်၊ အဖျက်ကိုနိုင်ဖို့က လွယ်ပါတယ်ဒကာကြီးရယ်၊ အဖျက်ကို အဖျက်မှန်းသိရမယ်၊ ပြီးရင် သူတို့မဖျက်နိုင်အောင် ကြိုးစားရမယ်၊ ဒီလောက်ပါပဲ”
စည်သူလည်း ဆရာတော်အား အလွန်ကျေးဇူးတင်သွားသဖြင့် ဦးကုန်းချလိုက်တော့သည်။ ပုရပိုက်မှာရေးထားသည့် ကျင့်စဉ်က ဘာမှမခက်ပါ၊ အဓိကအားဖြင့် ပါးစပ်မှ စကားသံ၊ ရေရွတ်သံ၊ အော်သံ စသည့်အသံတစ်သံမှ မထွက်အောင်စောင့်ထိန်းရခြင်းဖြစ်သည်။ စောင့်ထိန်းနေစဉ်တွင်လည်း ဂါထာတစ်ခုကို ပုတီးစိပ်ရသေးသည်။
စည်သူက ကျင့်စဉ်ကို စတင်ကျင့်ရသည်။ ကျင့်စဉ်က လွယ်ကူမည်ထင်ထားသော်လည်း ခုနစ်ရက်ကြာသည့်အခါ ဆရာတော်အား အသံပြုမိသဖြင့် ကျင့်စဉ်ပျက်သွးလေသည်။ စည်သူက အရှုံးမပေးပေ၊ ကျင့်စဉ်ကို နောက်တစ်ကြိမ်ပြန်စသည်။ အတတ်နိုင်ဆုံးသတိထားပြီးကျင့်ရသည်။ ထိုအတောအတွင်း ဆရာတော်ရှာခိုင်းသည့် ဂမုန်းပင်များကို တောင်အနှံ့ရှာဖွေရသည်။ ဂမုန်းများရှာသည့်အခါတွင်လည်း တွေ့ကရာဂမုန်းကို ခူးရခြင်းမဟုတ်၊ မည်သည့်ဂမုန်းကို မည်သည့်အချိန်၊ မည်သည့်နက္ခတ်တွင် ခူးရမည်ဆိုတော့မှ ထိုအချိန်အတွင်း ရအောင်ရှာကာ ခူးရခြင်းဖြစ်သည်။
ကျင့်စဉ် သုံးလပြည့်သည့်နေ့တွင် ဂမုန်းတစ်ပင်ခူးရသည်။ ထိုဂမုန်းမှာ သစ်ပင်ကြီးများအထက် သစ်ကိုင်းများအပေါ်တွင် ကပ်ပြီးပေါက်သည့် ဂမုန်းတစ်မျိုးဖြစ်သည်။ ကြီးမားလှသည့် သစ်ပင်ကြီးတစ်ပင်၏ အကိုင်းထက်တွင် ထိုဂမုန်းပင်ကို စည်သူတွေ့သွားလေသည်။ သို့နှင့် သစ်ပင်ပေါ်သို့ တက်ခဲ့ပြီး ဂမုန်းအားခွာယူသည့်အချိန် စည်သူ၏ခေါင်းပေါ်သို့ ခါချဉ်ထုပ်ကြီးတစ်ထုပ်က ပြုတ်ကျလာလေသည်။ ခါချဉ်ကောင်များက စည်သူ၏ကိုယ်ပေါ်သို့တက်ကာ စည်သူအားရန်ပြုကြသည်။
“ဒါအဖျက်ပဲ၊ ဒါငါ့ကိုဖျက်နေတာပဲ”
စည်သူတောင့်ခံထားသော်လည်း ခါချဉ်ကောင်များက စည်သူအား ရန်သူအဖြစ်သတ်မှတ်ကာ တစ်ကိုယ်လုံးကို ထိုးဆွကိုက်နေတော့သည်။ စည်သူအတန်တန်တင်းထားသော်လည်း ခါချဉ်ကောင်က ချက်ကောင်းနေရာကို ကိုက်သဖြင့် ယောင်ယမ်းပြီး ညည်းတွားမိလိုက်သည်။ ယခုတစ်ခါလည်း စည်သူကျင့်စဉ်ပျက်သွားပြန်ပြီဖြစ်သည်။ သို့သော် အရှုံးမပေးဘဲ နောက်တစ်ရက်ရောက်သည်နှင့် ကျင့်စဉ်ကိုပြန်လည်စတင်သည်။
သို့နှင့် နှစ်တွေကြာသွားခဲ့ပြီဖြစ်သည်။ စည်သူ၏ ကျင့်စဉ်က အောင်မြင်ခါနီးလေလေ အဖျက်အမျိုးမျိုးပေါ်လာလေဖြစ်ပြီး ကျင့်စဉ်ပျက်သွားရသည်။ ကျင့်စဉ်ကျင့်နေသည်မို့ ဆရာတော်နှင့်သူ သိပ်စကားမပြောဖြစ်ပေ၊ စိတ်ထဲမှသာ ဆက်သွယ်ရလေသည်။ ဆရာတော်က ကျောင်းသင်္ခန်းတွင်သာနေထိုင်ကာ ဂမုန်းပင်များကိုစုဆောင်းနေလေသည်။
တစ်ရက်တော့ ဆရာတော်က သူ့ကိုအကူအညီတောင်းသည်။
“ဦးဇင်းကို ဒကာကြီး နှုတ်ဆက်ရမယ့်အချိန်ရောက်ပြီ၊ ဦးဇင်း ခိုင်းတာကို ဒကာကြီးတစ်သွေမတိမ်း လိုက်နာလုပ်ဆောင်ပါ”
ဦးဇင်းက ဆေးလုံးကလေးတစ်လုံးကိုထုတ်လိုက်ပြီး စည်သူအားတိုက်ကျွေးလိုက်သည်။ စည်သူက ထိုဆေးလုံးကလေးစားပြီးချိန်တွင် တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်လာလေသည်။
“ဒီဆေးက အာယုဗလဆေးပဲ၊ ဒီဆေးကိုစားရင် ဆင်ပြောင်ငါးစီးနဲ့ညီတဲ့ အင်အားကိုရရှိလိမ့်မယ်”
ထို့နောက် ကျောက်ဖျာကြီးဆီသို့သွားလေသည်။ စည်သူကိုကျောက်ဖျာကြီးအား မရွေ့ခိုင်းရာ စည်သူလည်း ကျောက်ဖျာကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး ရွေ့လိုက်သည်။ ကျောက်ဖျာချပ်ကြီးမှာ ဖော့တုံးကြီးကဲ့သို့ ပေါ့ပါးနေလေသည်။ ကျောက်ဖျာကြီးအားဖယ်ပြီးသည့်အခါ အောက်တွင် ကျင်းနက်ကြီးတစ်ခုကိုတွေ့ရသည်။
“ဦးဇင်းက အဲဒီကျင်းနက်ထဲကိုဝင်မယ်၊ ဒကာကြီးက ကျင်းအပြင်ကစောင့်နေပြီး ကျင်းကိုကျောက်ဖျာကြီးနဲ့ ပိတ်ထားပေးပါ၊ ကျောက်ဖျာကြီးက ညည့်ဦးယံမှာတစ်ကြိမ်၊ သန်းခေါင်ယံမှာတစ်ကြိမ်၊ မိုးသောက်ယံမှာတစ်ကြိမ် ပွင့်လိမ့်မယ်၊ ပွင့်သွားတဲ့အချိန်မှာ ဟောဒိဆေးလုံးကလေးတွေကို ပစ်ထည့်ပေးပါ၊ ဒီအချိန်မှာ အနှောင့်အယှက်တွေ၊ အဖျက်တွေအမျိုးမျိုးလာနိုင်တယ်၊ ဒကာကြီးက အဲဒီအနှောင့်အယှက်တွေ ကျောက်ဖျာနားကိုမရောက်လာနိုင်အောင်လို့ တားဆီးကာကွယ်ပေးရလိမ့်မယ်”
စည်သူလည်း ခေါင်းညိတ်လိုက်သည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။