အပိုင်း (၂) ဇာတ်သိမ်း
(၆)
အသစ်လေ့ကျင့်သင်ကြားပေးထားသည့် မိစ္ဆာဖမ်းတပ်သားများမှာ ပြေးထွက်လာကြပြီး ငခမ်းအားလက်နက်အမျိုးမျိုးနှင့်တိုက်ခိုက်ကြလေသည်။ သို့သော် ထိုလူများမှာငခမ်းအားမယှဉ်သာပေ၊ ငခမ်းမှာ သူ့ထံသို့ဝင်ရောက်တိုက်ခိုက်ကြသည့် တပ်သားများအား ပြန်လည်ခုခံနေရင်း ခံတပ်ကြီးအပေါ်သို့ ပြေးတက်ခဲ့သည်။
“ခံတပ်အတွင်းက ဆေးတံခါးကြီးကို ပိတ်ထားလိုက်ကြစမ်း”
အတွင်းဝန်မင်းကြီးက အမိန့်ပေးသဖြင့် ခံတပ်အတွင်းသို့ဝင်ရောက်သည့် တံခါးကြီးကိုပိတ်လိုက်ကြသည်။ တံခါးကြီးကို မဟော်ဂနီသား နီနီရဲရဲနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုတံခါးတွင်လည်း အင်းကွက်များကိုရေးဆွဲထားသည်။ ငခမ်းက တံခါးကြီးအား လက်ဖြင့်ထိတွေ့လိုက်သည့်အခါ အလွန်ပူလောင်သည့် ဝေဒနာကိုခံစားရသည်။
“အင်းနဲ့စီရင်ထားတဲ့ ဆေးတံခါးကြီးပဲကွငခမ်းရာ၊ မင်းဖောက်မှာနိုင်မှာမဟုတ်ဘူး”
အသေးလေးက ငခမ်းအားပြောဆိုသည်။ ငခမ်းက မျက်နှာကိုတစ်ချက်မဲ့လိုက်ပြီး
“အောင်မာ၊ ဆေးတံခါးရှိရုံနဲ့ ကျုပ်ကိုတားဆီးနိုင်မယ်လို့ ထင်သလား”
ငခမ်းက မိုးပေါ်သို့ခုန်တက်လိုက်ပြီး အလွန်မြင့်မြင့်အထိ ပျံတက်လိုက်သည်။ ထို့နောက်သူ့ညာဖက်လက်တွင် အားအင်များစုဆောင်းလိုက်ပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်သည်။
“နည်းနည်းတော့နာမယ် အသေးလေး”
ထို့နောက် မိုးပေါ်မှ တစ်ဟုန်ထိုးဆင်းချလိုက်သည်။ ဇောက်ထိုးကျလာသည့်အခါ လက်သီးကိုအရှေ့တွင်တွန်းပို့လိုက်ပြီး ခံတပ်၏ အပေါ်ဘက်အုတ်စီထားသည့် ကြမ်းပြင်ကြီးကို အားကုန်ထိုးချလိုက်လေသည်။
“ဝုန်း”
ငလျင်ကြီးတစ်ချက်ပြင်းထန်စွာလှုပ်သွားပြီး ပေါက်ကွဲသံကြီးပေါ်လာသည်။ ထို့နောက် အတွင်းဝန်မင်း၏ ရုံခန်းအပေါ်ရှိ မျက်နှာကျက်ကြီးမှာ ပြိုကွဲထွက်သွားပြီး အတွင်းသို့ငခမ်းကျလာလေသည်။ ငလျင်လှုပ်သွားသည်မို့ အတွင်းရှိလူများမှာ ဖရိုဖရဲဖြစ်ကုန်ကြသည်။ ငခမ်းလက်ချက်ကြောင့် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုလည်း ခံတပ်ကြီးတွင်ဖြစ်ပေါ်သွားလေသည်။ ငခမ်းအတွင်းကိုရောက်လာသည်မို့ အတွင်းဝန်မင်း၏ ကိုယ်ရံတော်များက အထူးစီမံထားသည့် စမဓါးများဖြင့် ငခမ်းအားဝိုင်းထိုးကြလေသည်။
မင်းတန်းအကောင်းစားဓါးတွင် မိစ္ဆာနိုင်သည့် စမအင်းများဖြင့် ရေးထိုးစီရင်ထားသည့် စမဓါးများဖြစ်ကြသည်။ အတွင်းဝန်မင်း၏ လက်ဝဲလက်ယာ ကိုယ်ရံတော်လေးယောက်က ငခမ်း၏ရင်ဘတ်သို့ စမဓါးများကိုထိုးသွင်းလိုက်ကြလေသည်။ ငခမ်းတစ်ကိုယ်လုံးပူလောင်စွာ ခံစားလိုက်ရပြီးနောက် ဒူးထောက်ထိုင်ကျသွားသည်။ အတွင်းဝန်မင်းက ငခမ်းအားကြည့်fကာ ရယ်မောနေလေသည်။
“ပေးစမ်း၊ ငါ့ရဲ့ လက်သုံးတော် သမန်းဓါးကိုပေးစမ်း”
အတွင်းဝန်မင်းကြီး၏ ဓါးကိုင်က အတွင်းဝန်မင်းကြီးအား သမန်းဓါးကိုလှမ်းပေးလိုက်သည်။ ဓါးအိမ်မှာ ငွေဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီးထိုဓါးမှာ သံသေဓါးဖြစ်သည်။ ဓါးရိုးတွင် သမန်းကျားလေးကောင်ပုံစံထွင်းထုထားကာ၊ ဓါးနှောင့်တွင်လည်း ပြာလဲ့နေသည့် နီလာကြီးတစ်လုံးကို မြှုပ်နှံထားသည်။ ဓါးရွက်တွင်လည်း ကနုတ်ပန်းများနှင့် အလှဆင်ထားကာ သမန်းကျားများပုံကိုရေးဆွဲထားခြင်းဖြစ်သည်။ ထိုဓါးတွင် ထူးခြားသည့်အစွမ်းများရှိကာ မကောင်းဆိုးဝါးများ၊ အမှောင့်ပယောဂများနှင့် စုန်းကဝေများကို နိုင်သည်ဟု အယူအဆရှိသည်။
ဓါးအိမ်မှာ ဓါးကိုထုတ်လိုက်သည့်အခါ ဝင်းလက်နေသည့် အလင်းရောင်များကိုတွေ့လိုက်ရသည်။ အတွင်းဝန်မင်းက ငခမ်း၏လည်ပင်းအား ထိုဓါးဦးဖြင့်ထိုးစိုက်လိုက်ရာ ငခမ်းက ညာဖက်လက်ဖြင့် ဓါးကိုဖမ်းဆုပ်ကိုင်ထားသည်။ ဓါးသွားနှင့် လက်နှင့်ထိမိသည်နှင့် ငခမ်းလက်တွင် မီးများစွဲလောင်လာလေသည်။
“ဟား၊ ဟား ငခမ်းရာ၊ မင်းလိုမိစ္ဆာတစ်ကောင်က ငါ့ကိုယှဉ်နိုင်မယ်လို့ ထင်လို့လားကွ”
အတွင်းဝန်မင်းက ကြိမ်းဝါးရင်း လက်နှစ်ဖက်တွင်အားထည့်သွင်းကာ ဓါးကိုဆောင့်ထိုးလေသည်။ အသေးလေးက ပါးစပ်ပွင့်လာပြီးနောက်
“မင်းငါ့ကိုကျေးဇူးပြန်ဆပ်ရမယ်ငခမ်း၊ ငါဒီနေ့အစွမ်းတွေစုပ်ယူထားတာ တော်တော်များနေပြီနော်”
ငခမ်းက အံ့ကြိတ်လျှက်
“ခင်ဗျားလုပ်စရာရှိတာကိုသာလုပ်စမ်း အသေးလေး”
အသေးလေးက သမန်းဓါး၏ ဓါးသွားကို သွားဖြင့်ကိုက်လိုက်သည့်အခါ ဓါးသွားတွင်ဝင်းလက်နေသည့် အလင်းရောင်များမှာ တဖြည်းဖြည်းမှိန်ကျသွားလေသည်။ အတွင်းဝန်မင်းကြီးတစ်ယောက် သူ့ဓါးကိုသူကြည့်ရင်း အလွန်အံ့အားသင့်နေမိသည်။ ရွှေရောင်အလင်းများ အားလုံးကုန်ဆုံးသွားသည့်အခါ ငခမ်းက သမန်းဓါးသွားကို လက်ဖြင့်ဆုပ်ကိုင်လျှက် ချိုးချလိုက်လေသည်။
“ချွမ်း”
ဓါးကျိုးသံကြီးထွက်ပေါ်လာပြီး ဓါးတွင်စီရင်ကာထည့်ထားသည့် သမန်းကျားများ၏ ဝိညာဉ်များမှာ အော်ဟစ်လျှက် ပြေးထွက်သွားကြလေသည်။ အတွင်းဝန်မင်းကြီးလည်း ဓါးကိုလွှတ်လိုက်ပြီးနောက် အနောက်သို့ပက်လက်လန်ကာ လဲကျသွားသည်။ ငခမ်းက အချိန်မဆိုင်းတော့ဘဲ သူ့ကိုစမဓါးများဖြင့် ထိုးထားသည့် လူလေးယောက်အား လက်ဖြင့်ပုတ်ထုတ်လိုက်သည်။ ငခမ်း၏ပုတ်ချက်မှာ အားပါလွန်းသဖြင့် ထိုလူလေးယောက်စလုံး အရိုးများကျိုးကျေသွားကာ ပုံကျသွားလေသည်။ အတွင်းဝန်မင်းကြီး၏ ကိုယ်ရံတော်များကျဆုံးသွားပြီမို့ အတွင်းဝန်မင်းကြီးအနီးတွင် ခစားနေသည့် ကျွန်ယုံများနှင့်အတူ အနက်ရောင်ခံတပ်ကြီးရှိ ရဲမက်စစ်သည်များမှာ ကြောက်လန့်တကြားဖြင့် ခံတပ်ပေါ်မှပြေးဆင်းကုန်ကြသည်။
ငခမ်းကတော့ ပက်လက်လန်နေသည့် အတွင်းဝန်မင်းကြီးထံသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ အတွင်းဝန်မင်းကြီးက ထပြေးရန်အားစိုက်ထုတ်သော်လည်း သူဝတ်ထားသည့် တောင်ရှည်ပုဆိုးအစကိုပြန်တက်နင်းမိပြီး ပြန်လည်လဲကျသွားသည်။ ငခမ်းအနီးသို့ရောက်လာသည့်အခါ အတွင်းဝန်မင်းကြီးမှာ တုန်ယင်နေလေသည်။
“င . . ငခမ်းရာ၊ ငါ့ . . ငါ့ကိုမသတ်ပါနဲ့ကွာ”
ငခမ်းက အတွင်းဝန်မင်းကြီး၏ သျှောင်ထုံးကိုလက်ဖြင့်ဆောင့်ဆွဲလိုက်ကာ အတွင်းဝန်မင်းကြီးကို ကိုင်မြှောက်လိုက်သည်။ အတွင်းဝန်မင်းကြီးကတော့ သူ့ကိုသတ်ပြီအထင်နှင့် မျက်လုံးများကိုမှိတ်ထားလေသည်။ တစ်ကိုယ်လုံးလည်း ကြောက်လန့်လွန်းသဖြင့် တုန်ယင်နေလေသည်။
“သိပ်မကြောက်ပါနဲ့ အတွင်းဝန်မင်းကြီးရဲ့၊ ခင်ဗျားကို ကျုပ်မသတ်ပါဘူး”
“ဒါ. . ဒါဆိုရင် မင်းကဘာကိုလိုချင်တာလဲ”
“ခင်ဗျားရဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်စမ်းပါ”
“ငါက ဘာကိုရပ်ရမှာလဲ”
ငခမ်းက အတွင်းဝန်မင်းကြီးကို အနောက်မှအုတ်နံရံနှင့်ဆောင့်လိုက်လေသည်။
“ခင်ဗျားရဲ့ မိစ္ဆာတွေကိုဖမ်းပြီး အသုံးချဖို့လုပ်နေတဲ့ အစီအစဉ်တွေကို ရပ်တန်းက ရပ်လိုက်ဖို့ပြောနေတာ”
“မဖြစ်ဘူးငခမ်း၊ ငါ့အစီအစဉ်တွေက ငါကောင်းစားဖို့အတွက်ပဲမဟုတ်ဘူး၊ ငါ့တိုင်းပြည်နဲ့ လူမျိုးအတွက် ငါလုပ်နေတာပဲ”
အတွင်းဝန်မင်းက ထိုသို့ပြောနေရင်း လက်တစ်ဖက်က သူဝတ်ထားသည့် သိုရင်းအကျီအတွင်းမှ မိစ္ဆာနိုင်အင်းကွက်ကို နှိုက်ထုတ်နေလေသည်။ နောက်တော့ ငခမ်း၏နဖူးအား ထိုအင်းကွက်ဖြင့်ကပ်လိုက်သည်။ ငခမ်းမှာ နာကျင်သွားသဖြင့် အတွင်းဝန်မင်းကြီးကို လက်ထဲမှလွှင့်ပစ်လိုက်လေရာ အတွင်းဝန်မင်းကြီးမှာ သလွန်တစ်ခုနှင့်ခေါင်းနှင့်တိုက်မိပြီး မေ့မြောသွားလေသည်။ ဦးခေါင်းမှ သွေးများကလည်း ဖြာထွက်စီးဆင်းလာကြသည်။ ငခမ်းက မိစ္ဆာနိုင်အင်းကို ဆွဲဖြုတ်ပြီးနောက် အင်းချပ်ကိုလွှင့်ပစ်လိုက်သည်။ ထို့နောက် သေဆုံးနေသည့် အတွင်းဝန်မင်းကြီးကိုကြည့်လိုက်ပြီး
“ခင်ဗျားက အသိတရားမရှိတဲ့လူတစ်ယောက်ပဲ၊ အင်းလေ ခင်ဗျားသာ အသိတရားရှိရင် ဒီလိုအစီအစဉ်မျိုးကို တွေးမိမှာမဟုတ်ဘူး”
ငခမ်းက ထိုသို့ရေရွတ်လိုက်ပြီးနောက် မိစ္ဆာတိုက်ကြီးဆီသို့ ဆင်းလာခဲ့သည်။ မိစ္ဆာတိုက်ကို ကာရံထားသည့် အင်းများဖြင့်စီရင်ထားသည့် တံခါးကြီးကို ခြေထောက်နှင့်ကန်ကာ ဖွင့်လိုက်သည်။
“ခင်ဗျားကို ရပ်ခိုင်းလို့မရမှတော့၊ ခင်ဗျားရဲ့အစီအစဉ်တွေကို ကျုပ်ကိုယ်တိုင် ရပ်တန့်ပေးရတာပေါ့”
ငခမ်းက မိစ္ဆာတိုက်အဝင်၀တွင် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ညာဖက်လက်ကို အရှေ့သို့ထုတ်လိုက်ပြီးနောက် အသက်၀၀ရှူသွင်းလိုက်သည်။ ညာဖက်လက်ဖဝါးကိုဖွင့်လိုက်သည့်အခါ အသေးလေးက ပေါ်ပေါက်လာလေသည်။
“အသေးလေး၊ ခင်ဗျားလုပ်တော့”
အသေးလေးပါးစပ်ပွင့်လာပြီး ရှည်လျားသည့်လျာကြီးနှင့် အစွယ်ကြီးများထွက်လာသည်။ ထို့နောက်ပါးစပ်ကိုပြဲနေအောင်ဟလိုက်ပြီး မိစ္ဆာတိုက်အတွင်းရှိ မိစ္ဆာများကိုဖမ်းချုပ်ကာ ကပ်ထားသည့် မိစ္ဆာနိုင်အင်းများမှ အစွမ်းများကို စုပ်ယူလိုက်လေသည်။ ရွှေရောင်အလင်းတန်းများက မိစ္ဆာနိုင်အင်းများထံမှ တိုးထွက်လာပြီး အသေးလေး၏ ပါးစပ်အတွင်းသို့တိုးဝင်သွားသည်။ မိစ္ဆာနိုင်အင်းများ မရှိတော့သည်မို့ မိစ္ဆာများအားလုံး အလျှိုလျှိုထွက်လာကြသည်။ သူတို့အားဖမ်းချုပ်ထားသည့် လှောင်အိမ်၊ လှောင်ချိုင့်များ၊ ဘူးများ၊ ပခြုပ်များအတွင်းမှ အသီးသီးတိုးထွက်လာကြကာ မိစ္ဆာတိုက်ကြီးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။ ငခမ်းလည်း အလွန်အားနည်းသွားသလိုဖြစ်သွားကာ ဒူးထောက်လဲကျသွားသည်။ ထို့နောက်ငခမ်းမျက်လုံးကြီးက နီရဲလာပြီး တစ်ဖန်မတ်တပ်ပြန်ရပ်လာသည်။
“လွတ်ပြီ၊ ကျွတ်ပြီဟေ့”
မိစ္ဆာများ၏ အော်သံများက ဆူညံနေလေသည်။ ငခမ်းက မိစ္ဆာများအားလုံးကိုကြည့်လိုက်ရင်း
“ခင်ဗျားတို့အားလုံးလွတ်လပ်သွားပြီ၊ ခင်ဗျားတို့အားလုံးကို လွတ်မြောက်အောင်လုပ်ပေးခဲ့တာ ကျုပ်ပဲ”
ဟ
မိစ္ဆာများက ငခမ်းအား အရိုအသေပေးကြသည်။
“ခင်ဗျားတို့ ကိုယ့်အရပ်ကိုယ့်ဒေကိုမပြန်ခင်မှာ ကျုပ်နဲ့အတူတူလိုက်ခဲ့ကြရမယ်၊ ကျုပ်တို့ရဲ့မိစ္ဆာတွေအစွမ်းကို လူသားတွေသိအောင်ပြကြရမယ်၊ ကျုပ်တို့အတူတူ နေပြည်တော်ကြီးကို ဝင်မွှေပြီးတော့ မိစ္ဆာတွေဆိုတာကို အားလုံးကြောက်လန့်သွားအောင်လို့ ဖျက်ဆီးခြောက်လှန့်ကြမယ်”
မိစ္ဆာများက အသံစုံဟစ်ကာ ငခမ်းအား အားပေးကြသည်။ မိစ္ဆာကြီးတစ်ကောင်က ငခမ်းအနီးသို့တိုးကပ်လာသည်။
“ကျုပ်တို့ကိုဖမ်းဆီးပြီးလိုရာကို အသုံးချဖို့ စီစဉ်ခဲ့တာ အတွင်းဝန်မင်းကြီးဆိုပေမယ့် တကယ်တမ်းတော့ မင်းကြီးရဲ့ စေခိုင်းမှုတွေပဲ၊ ဒါကြောင့်မို့ မင်းကြီးကိုပါသတ်ဖြတ်ပြီးတော့ ဒီမင်းဆက်တစ်ဆက်လုံးကို မြေလှန်သုတ်သင်ပစ်မယ်”
“ဒါနဲ့ ကျုပ်တို့က လူသားစားရမှာလား”
မိစ္ဆာကြီးတစ်ကောင်က မေးသည့်အခါ ငခမ်းကရယ်မောလိုက်ပြီး
“သေချာတာပေါ့ကွာ၊ မင်းတို့စိတ်ကြိုက် လုပ်ချင်တိုင်းလုပ်နိုင်တယ်၊ ဟောဟိုကနေပြည်တော်ကြီးက လူသားတွေဟာ မင်းတို့အတွက် စားစရာပွဲတော်အုပ်ကြီးပဲ”
မိစ္ဆာများက ငခမ်းပြောသည့်စကားကိုကြားသည့်အခါ အလွန်အားရဝမ်းသာသွားကြသည်။ ထို့နောက် ငခမ်းက မိစ္ဆာများကို ဦးဆောင်လျှက် မိစ္ဆာတိုက်ကြီးအတွင်းမှ ထွက်လာခဲ့ကြသည်။
(၇)
“ဝေါ၊ ဝေါ၊ ဝေါ”
ကြီးမားကျယ်လောင်သည့် တော်လဲသံကိုကြားလိုက်ရပြီးသည့်နောက် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားလေသည်။ မိစ္ဆာများအားလုံးမှာ အမရပူရနေပြည်တော်ကြီးဆီသို့ ဦးတည်ကာ ပြေးလွှားသွားကြသည်။ ငခမ်းက ဘူးလယ်အင်းကြီးဘက်ကို လှည့်ကြည့်လိုက်ပြီး ဘူးလယ်အင်းကြီးအား ကာရံကာစိုက်ပျိုးထားသည့် မိစ္ဆာနိုင်အစီအရင်များထည့်သွင်းထားသော သစ်ပင်များကိုခုတ်လှဲပစ်လိုက်သည့်အခါ ဘူးလယ်အင်းကြီးအတွင်းမှ ကြီးမားလှသည့် မကာရအကောင်ကြီးက ခုန်ထွက်ကာ ဧရာ၀တီမြစ်အတွင်းသို့ ခုန်ဝင်သွားလေသည်။
“ဟာ၊ ကြည့်ကြစမ်း၊ ဘာကောင်ကြီးလဲဟေ့”
ကြီးမားလှသည့် မကာရအကောင်ကြီးမှာ မြစ်လယ်တွင်ပေါ်လာခဲ့သည်။ မြစ်အတွင်းတွင်တော့ အထက်အောက်စုန်ဆန်ကာ ကုန်ကူးနေသည့် ရွက်လှေကြီးတစ်စင်းရှိသည်။ မကာရအကောင်ကြီးက ထိုရွက်လှေကြီးကို အမြီးဖြင့်ရိုက်ချလိုက်ရာ ရွက်လှေဝမ်းကွဲသွားပြီး လှေကြီးထက်ပိုင်းကျိုးကျသွားလေသည်။ လှေပေါ်တွင်ပါလာသူများမှာ ငရဲပွက်သည့်အလား အော်ဟစ်နေကြသည်။ မကာရအကောင်ကြီးက လှေကြီးကိုအမြီးပိုင်းမှဆွဲထောင်လိုက်လေရာ လှေပေါ်ပါသူများက လျှောကျလာကြသည်။ ထိုအခါ မကာရအကောင်ကြီးက သူ့ပါးစပ်ပြဲကြီးကိုဖွင့်ထားလေရာ လျောကျလာသူများမှာ မကာရအကောင်ကြီး၏ ခံတွင်းသို့ သက်ဆင်းကြရတော့သည်။
ငခမ်းက ထိုအဖြစ်အား မိုးပေါ်ပျံလျှက် ကြည့်နေပြီး ပြုံးလိုက်သည်။ ထို့နောက် အမရပူရမြို့တော်ကြီးဆီသို့ ပျံသန်းလာခဲ့သည်။ ညနေ နေဝင်ရီတရောအချိန်ဖြစ်ပြီး တပို့တွဲလမို့ အအေးဓါတ်က လွှမ်းမိုးလာသည်။ သို့သော် မိစ္ဆာများမှာ အနက်ရောင်ခံတပ်အဆင်း လမ်းတွင် စုဝေးကာ ရပ်တန့်နေကြသဖြင့် ငခမ်းက ထိုနေရာသို့ ဆင်းသက်လာခဲ့သည်။ မိစ္ဆာများမှာ အရှေ့သို့ဆက်မတိုးဝံ့ကြပေ၊ အရှေ့တွင်တော့ ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရပ်တန့်နေလေသည်။ ငခမ်းက မိုးပေါ်မှပင် ထိုလူအားလက်ညှိုးထိုးလိုက်ပြီး
“ခင်ဗျားတို့ဘယ်သူတွေလဲ၊ ခင်ဗျားတို့ မသေချင်ရင် အရှေ့ကနေလမ်းဖယ်စမ်း”
“ဟား၊ ဟား မင်းတို့မိစ္ဆာကောင်တွေသာ မသေချင်ရင် ဒီကနေထွက်သွားပေတော့”
အသံက ငခမ်းနားအနီးတွင်ကြားနေရသလို ပြတ်သားနေသည်။ ငခမ်းလည်း အလွန်ဒေါသထွက်သွားသည်။
“ကဲ မိစ္ဆာတွေ ဒီလူကိုတိုက်ခိုက်ကြ”
ထိုအခါ ရှန်ဆိုင်က သူ့ခေါင်းမှ ခေါင်းပေါင်းကြီးကိုဖြေချလိုက်ကာ ငခမ်းကိုကြည့်လျှက်
“အကိုကွမ်ခမ်း၊ အကိုကွမ်ခမ်း”
စည်သူက ရှဲန်ဆိုင်ကိုတားလိုက်သည်။
“ဒီအချိန်မှာ သူမင်းကိုမြင်နိုင်အုံးမှာမဟုတ်သေးဘူး၊ သူ့ကိုယ်ထဲမှာ မိစ္ဆာစွမ်းအင်တွေ ပြည့်နေပြီ၊ သူ့စိတ်ကို နတ်ဆိုးက ထိန်းချုပ်ထားပြီ”
စည်သူပြောသဖြင့် ရှဲန်ဆိုင်က ငခမ်းမျက်လုံးများကို လှမ်းကြည့်လိုက်ရာ ညနေမှောင်မှောင်တွင် ငခမ်းမျက်လုံးကြီးများက နီရဲနေသည်။
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
“မင်းနဲ့ငါနဲ့ ကိုယ့်လမ်းကိုယ်သွားနေတယ်ဆိုပေမယ့် လမ်းကြောင်းနှစ်ခုက လာဆုံတယ်လို့ ငါပြောခဲ့ဖူးတယ်မဟုတ်လား၊ အခုရောက်နေတာ အဲဒီလမ်းဆုံနေရာပေါ့ကွာ”
မိစ္ဆာများက တစ်ကောင်မှ အရှေ့သို့မတက်ကြသဖြင့် ငခမ်းက လေပေါ်မှခုန်ဆင်းလာကာ စည်သူအားဝင်ရောက်တိုက်ခိုက်တော့သည်။ စည်သူက ငခမ်း၏တိုက်ချက်များကိုလျှင်မြန်စွာရှောင်ရှားလိုက်သည်။ သို့သော် ငခမ်း၏လျှင်မြန်နှုန်းက စည်သူထက်ပင်ပိုပြီး မြန်ဆန်နေသဖြင့် စည်သူပင်အံ့ဩနေမိသည်။ ငခမ်းက သူ့လက်ဖြင့်စည်သူအား ပုတ်ထည့်လိုက်ရာ စည်သူမှာရှောင်ရှားလိုက်သော်လည်း လက်သည်းအဖျားနှင့်ထိမိပြီး ခပ်ဝေးဝေးသို့လွင့်ထွက်သွားသည်။
“မိစ္ဆာနိုင်အင်းက အစွမ်းတွေကို နတ်ဆိုးက စုပ်ယူပြီးတော့ သူ့အစွမ်းတွေအဖြစ်ပြောင်းလဲပစ်နေတာပဲ”
ငခမ်းက စည်သူထံသို့အတင်းဝင်တိုက်ခိုက်သည်။ စည်သူက ငခမ်း၏တိုက်ခိုက်ချက်များကို အရိပ်မဲ့ဓါးဖြင့်ခုခံနေရင်း ငခမ်းအနီးသို့တိုးကပ်လိုက်ကာ
“ငခမ်း၊ ငါပါကွ၊ စည်သူပါ”
သို့သော် ငခမ်းက ကြားနိုင်စွမ်းမရှိတော့ပေ၊ စည်သူအား သဲကြီးမဲကြီးတိုက်ခိုက်နေလေသည်။ စည်သူက အကြံထုတ်နေရပြီဖြစ်သည်။ နောက်ဆုံးအနေနှင့် ငခမ်းအား အရိပ်မဲ့ဓါးခုနစ်ချက်ဖြင့် တိုက်ခိုက်သုတ်သင်မှရတော့မည်၊ ငခမ်း၏ ကိုယ်တွင်ကပ်စွဲနေသည့် နတ်ဆိုးအစိတ်အပိုင်းကိုရှာဖွေပြီး ဖြတ်ထုတ်မှရမည်။
(၈)
“ငါ၊ ငါဘယ်ရောက်နေတာလဲ”
ငခမ်းတစ်ယောက် နီရဲစွာတောက်ပနေသည့် လောကကြီးတစ်ခုသို့ရောက်နေလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချော်တုံးချော်ခဲနှင့် မီးခဲကြီးများကသာဝန်းရံထားသလို မီးတောက်ကြီးများမှာလည်း မြေပြင်မှထွက်ပေါ်လျှက်ရှိကာ သစ်ပင်ကြီးများကဲ့သို့ ယိမ်းနွဲ့နေလေသည်။
“ငခမ်း၊ လာအုံး”
ခေါ်သံကြားသဖြင့် ငခမ်းက အသံအနောက်သို့လိုက်သွားမိသည်။ မကြာခင်တောင်ကုန်းကလေးတစ်ခုကိုကျော်လိုက်သည့်အခါ အရှေ့တွင် ထူးဆန်းသည့်အဆောက်အဦးကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုအဆောက်အဦးကြီးက တောင်ကြီးတစ်လုံးမျှ မြင့်မားလှပြီး ထောင်သောင်းချီသည့် လှေကားထစ်များလည်းရှိသည်။
“ငခမ်း၊ ငါ့ဆီကိုလာခဲ့”
ခေါ်သံက ထိုအဆောက်အဦးကြီးအပေါ်မှထွက်ပေါ်နေခြင်းဖြစ်သဖြင့် ငခမ်းက လှေကားထစ်များအတိုင်း ပြေးတက်လာခဲ့သည်။ ထောင်သောင်းချီသည့် လှေကားထစ်များကိုအချိန်ကြာမြင့်စွာတက်ရောက်ပြီးတော့မှ နောက်ဆုံးအပေါ်သို့ရောက်လာခဲ့သည်၊ အဆောက်အဦးကြီးအပေါ်တွင်တော့ ပြန့်ပြူးညီညာသည့် ကျောက်သားမျက်နှာပြင်တစ်ခုရှိသည်။ ထိုကျောက်သားမျက်နှာပြင်တွင် လူကြီးတစ်ယောက်က မတ်တပ်ရပ်နေလေသည်။
ငခမ်းက ထိုလူကြီးအနီးသို့ တိုးကပ်လာခဲ့သည်။ထိုလူကြီး၏အရပ်မှာ ငခမ်းအရပ်၏ နှစ်ဆခန့်ရှိသည်။ ထိုလူကြီးက တစ်ကိုယ်လုံးတွင် နက်မှောင်သည့်အကြေးခွံများရှိပြီး ထိုအကြေးခွံများက သံချပ်ကာသဖွယ်ဖုံးအုပ်ထားသည်။ ဦးခေါင်းတွင် လိမ်ကောက်ပြီး အဖျားကော့လန်ချွန်တက်သွားသည့် ဦးချိုကြီးနှစ်ခုရှိကာ နဖူးတွင်တော့ ကြံ့ချိုပုံသဏ္ဍာန် ဦးချိုကြီးတစ်ချောင်းက ငေါထွက်နေလေသည်။ ထိုလူကြီး၏ မျက်လုံးများမှာ မီးတောက်မီးလျှံများကဲ့သို့ နီရဲနေကာ အခိုးအငွေ့များလည်း ထွက်ပေါ်နေလေသည်။
“ခင် . . ခင်ဗျားကဘယ်သူလဲ၊ ကျုပ်ကရော အခုဘယ်ရောက်နေတာလဲ”
“မင်းရောက်နေတာ ကိုးထပ်မြောက်ငရဲပဲ”
“ကျုပ်ကြားဖူးတာကတော့ ငရဲကရှစ်ထပ်ပဲရှိတာပါ”
“မှန်တယ်၊ ငါတို့ကတော့ လူ့ဘုံကိုလည်း ငရဲတစ်ထပ်လို့ မှတ်ယူတဲ့အတွက် ငရဲကိုးထပ်ဖြစ်နေတာပဲ”
“ခင်ဗျားပြောတာကလည်းဗျာ၊ လူ့ဘုံက ငရဲဟုတ်ပါ့မလား”
“မင်းအတွက်တော့မဟုတ်ပေမယ့် သေလောက်တဲ့ရောဂါခံစားနေရတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့တဲ့တဲ့သူတွေ၊ ဘ၀ကိုသေလုမြောပါးဖြတ်သန်းနေရတဲ့သူတွေ၊ သူတို့အတွက်ကတော့ လူ့ပြည်ကလည်း ငရဲကျနေသလိုပဲမဟုတ်လား”
“ထားပါတော့၊ ခင်ဗျားက ဘယ်သူလဲ”
“ငါကတော့နတ်ဆိုးပဲ၊ ငါ့ကိုတော့ လူတွေက နာမည်အမျိုးမျိုးတပ်ကြတယ်၊ အာလစ်ခန်းလို့ခေါ်တဲ့သူရှိသလို၊ ဆာဒမ်လို့လဲခေါ်ကြတယ်၊ ဒါပေမယ့် မပြောင်းလဲတဲ့အမှန်တရားက ငါကနတ်ဆိုး၊ အမှောင်လောကရဲ့အရှင်သခင်”
“ကျုပ်က ဘာလို့ဒီကိုရောက်နေရတာလဲ၊ ကျုပ်သေသွားတာလား”
“မဟုတ်ဘူးငခမ်း၊ မင်းဆီမှာငါ့ပါးစပ်ကြီးရှိတယ်မဟုတ်လား”
ငခမ်းက ထိုတော့မှ အခြေအနေကိုတွေးကာ ရိပ်စားမိလိုက်သည်။
“ဒါဆိုရင် ခင်ဗျားက အခုကျုပ်ကိုအခု ဒီကိုခေါ်တဲ့ရည်ရွယ်ချက်က ဘာလဲ”
“ငါလူ့လောကမှာ လုပ်စရာတွေရှိသေးတယ်ငခမ်း၊ ဒါကြောင့်မို့မင်းကိုဒီကိုခဏခေါ်ထားပြီးတော့ မင်းရဲ့ကိုယ်ကို ငါအသုံးချမယ်”
ငခမ်းထိတ်လန့်သွားသည်။
“မဖြစ်နိုင်ဘူး၊ ခင်ဗျားဒီလိုလုပ်လို့မရဘူး”
“ရပါတယ်ငခမ်းရာ၊ မိစ္ဆာနိုင်အင်းတွေရဲ့ ကောင်းမှုနဲ့၊ ငါ့မှာအစွမ်းတွေပြည့်၀လာခဲ့ပြီ၊ အခုအချိန်ကစပြီး မင်းရဲ့ခနာကိုယ်ကြီးကို ငါကဟောဒီငရဲကနေ ထိန်းချုပ်မယ်”
“မလုပ်နဲ့”
အာလစ်ခန်းမှာ ပြုံးရင်းပျောက်ကွယ်သွားလေသည်။ ငခမ်းက တစ်ယောက်တည်းအော်ဟစ်ကာကျန်နေခဲ့သည်။
စည်သူနှင့်ငခမ်း အကြိတ်အနယ်တိုက်ခိုက်ကြပြီးသည့်အချိန်တွင် စည်သူမှာ အတော်ဒဏ်ရာ ရနေပြီဖြစ်သည်။ ငခမ်းက စည်သူ၏ ရင်ဘတ်အား ဘက်ဖက်လက်ဖဝါးနှင့် ရိုက်ချလိုက်ရာ စည်သူမှာလွင့်ထွက်သွားပြီး အရိပ်မဲ့ဓါးမှာလည်း တစ်နေရာသို့ လွင့်စင်သွားသည်။ ပြီးနောက် ညာဖက်လက်ဖဝါးကိုဖွင့်လိုက်ကာ နတ်ဆိုးပါးစပ်ကြိးကိုထုတ်လိုက်လေသည်။ ပါးစပ်ကြီးက စည်သူအားကြည့်ရင်း စကားပြောသည်။
“မင်းရဲ့ ဝိညာဉ်ကို ငါစားသုံးပစ်မယ်ကွ”
ပါးစပ်ကြီးထံမှ လျှာအရှည်ကြီးထွက်လာလေသည်။ စည်သူမှာ ဓါးမရှိတော့သဖြင့် ကူရာကယ်ရာမဲ့နေပြီဖြစ်သည်။ ထိုအခါ ရှဲန်ဆိုင်က စည်သူ၏အရှေ့တွင် ဝင်ခံလိုက်သည်။ နတ်ဆိုး၏လျှာကြီးက ရှဲန်ဆိုင်အားရစ်ပတ်သွားသည့်အခါ ရှဲန်ဆိုင်တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လောင်လာလေသည်။ ရှဲန်ဆိုင်က ငခမ်းကိုကြည့်ရင်း
“အကိုကွမ်ခမ်း၊ အကိုကွမ်ခမ်း”
ဟုအော်ဟစ်နေလိုက်သည်။
“အကိုကွမ်ခမ်း၊ အကိုကွမ်ခမ်း”
ငခမ်းတစ်ယောက်တည်း ဖြစ်နေချိန် သူ့ကိုခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်သည်။ သူ့အရှေ့တွင် ရှဲန်ဆိုင်က မတ်တပ်ရပ်နေလေသည်။
“ရှဲန်ဆိုင်၊ ရှဲန်ဆိုင်”
ငခမ်းက ရှဲန်ဆိုင်အားပြေးဖက်လိုက်သည်။
“ရှဲန်ဆိုင်၊ မင်းဘယ်လိုလုပ်ပြီးရောက်လာခဲ့တာလဲ”
“အကို၊ တော်ပါတော့၊ အကို့ကြောင့် လူတွေအများကြီး သေဆုံးရတော့မယ်”
ငခမ်းအံ့ဩသွားသည်။
“ရှဲန်ဆိုင် ဘာတွေပြောနေတာလဲ၊ အဲဒါတွေက အကိုလုပ်နေတာမဟုတ်ဘူး၊ နတ်ဆိုးကြီး . . နတ်ဆိုးကြီးက အကို့ကိုချုပ်ကိုင်နေတာ”
“အကို့စိတ်ကို၊ အကိုပြန်ထိန်းပါအကို”
“အကိုဘယ်လိုထိန်းရမလဲ”
“အကိုရှဲန်ဆိုင့်ကို ချစ်တယ်မဟုတ်လား”
ငခမ်းက ရှဲန်ဆိုင်အားပြုံးလျှက်ကြည့်လိုက်သည်။ ထို့နောက်
“သိပ်ချစ်တာပေါ့ရှဲန်ဆိုင်ရယ်”
ထိုစဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားလေသည်။ စည်သူက ချက်ချင်းထလိုက်ပြီး အရိပ်မဲ့ဓါးကို ကောက်လိုက်ကာ ငခမ်း၏ညာဖက်လက်ကိုခုတ်ချလိုက်သည်။
“ဟုတ်ပြီ၊ နတ်ဆိုးရဲ့အစိတ်အပိုင်းက ဒီကောင့်ရဲ့လက်မှာပဲ”
အရိပ်မဲ့ဓါးက နတ်ဆိုးလက်ကိုခုတ်ချပြီးသည့်အချိန်တ်ွ ငခမ်း၏ ညာဖက်လက်မှာ ပုခုံးအရင်းမှစပြီး ပြတ်ကျသွားသည်။ ထိုတော့မှ ငခမ်းမျက်လုံးများမှာ အနီရောင်များပျောက်ကွယ်သွားသည်။ မြေပြင်တွင်ကျနေသည့် လက်ပြတ်ကြီးက ခုန်ပေါက်နေရာမှာ လဲကျသွားသည်။
“သွားပြီ၊ မင်းဟာအရူးပဲ၊ လူသားတွေဟာ အရူးတွေပဲ၊ လူသားတွေရဲ့ အားနည်းချက်က အချစ်ဆိုတဲ့အရာပဲ”
ထို့နောက် လက်ကြီးမှာငြိမ်သက်သွားတော့သည်။ ငခမ်းက မြေပြင်တွင်လဲကျနေသည့် ရှဲန်ဆိုင်အားပွေ့ဖက်လိုက်သည်၊ ရှန်ဆိုင်၏ တစ်ကိုယ်လုံးမှာမီးလောင်နေသော်လည်း မျက်နှာကတော့ အကောင်းအတိုင်းရှိနေသေးသည်။ ငခမ်းက ရှဲန်ဆိုင်ကိုဖက်ပြီး ငိုကြွေးလိုက်သည်။
“ရှဲန်ဆိုင်၊ ရှဲန်ဆိုင်”
စည်သူက ငခမ်းအနားသို့တိုးကပ်လာခဲ့သည်။
“ငခမ်း”
“စည်သူ၊ ခင်ဗျားလား၊ အဲဒါခင်ဗျားလား၊ လုပ်စမ်းပါဗျာ၊ ရှဲန်ဆိုင်ကိုပြန်ပြီးတော့ အသက်ရှင်အောင်လုပ်ပေးစမ်းပါ”
စည်သူက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူးစည်သူ၊ ဒါတွေက ငါလုပ်ခဲ့တာမဟုတ်ဘူး၊ အကုန်လုံးက မင်းလုပ်ခဲ့တာ၊ မင်းက နတ်ဆိုးစကားကိုနားယောင်ပြီးတော့ မကောင်းတဲ့နတ်ဆိုးနဲ့ပေါင်းခဲ့လို့ အကုန်လုံးဒီလိုဖြစ်ရတာကွ”
ငခမ်းက ငိုကြွေးနေမိသည်။
“ကျုပ်၊ ကျုပ်ကိုကယ်ဖို့အတွက် ရှဲန်ဆိုင်က အသက်ရင်းလိုက်ရတာ”
“မင်းအမြင်မှန်ရသင့်ပြီငခမ်း၊ မင်းက လင်းနို့တစ်ကောင်ဖြစ်ခဲ့တာ မင်းရွေးချယ်ခဲ့လို့မဟုတ်ပေမယ့်၊ နတ်ဆိုးနဲ့ပေါင်းသင်းခဲ့တာကတော့ မင်းရဲ့ရွေးချယ်မှုပဲ”
စည်သူက ပြုတ်ကျသွားသည့် ငခမ်း၏လက်ကြီးအား အဝတ်စတစ်စနှင့်ပတ်ကာ သေချာလုံအောင်ထုတ်ပိုးလိုက်သည်။ ထို့နောက် ငခမ်းကိုထိုလက်ကြီးကိုပေးလိုက်သည်။
“တစ်လောကလုံးကို အောင်နိုင်သူက တကယ့်အောင်နိုင်သူမဟုတ်ဘူးငခမ်း၊ ကိုယ့်ကိုယ်ကိုယ်အောင်နိုင်တဲ့သူမှ တကယ့်အောင်နိုင်သူအစစ်ကွ၊ အခု ဒီလက်ကြောင့် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မင်းသိခဲ့ပြီမဟုတ်လား၊ အခု ဒီလက်ကြီးကို မင်းယူလာခဲ့တဲ့နေရာကို ပြန်သွားထားလိုက်စမ်းကွာ”
စည်သူက ငခမ်းအားလက်ကြီးကိုပစ်ချပေးလိုက်သည်။ ငခမ်းလည်းခေါင်းညိတ်လိုက်ပြီးရှဲန်ဆိုင်၏ အလောင်းကိုအသာကလေးချလိုက်ကာ မိစ္ဆာများဘက်သို့လှည့်လိုက်သည်။
“ကဲ မိစ္ဆာတွေ၊ မင်းတို့သွားလိုရာသွားနိုင်ပြီ၊ မင်းတို့ရဲ့မိသားစု၊ မင်းတို့ရဲ့အသိုက်အမြုံကို မင်းတို့ပြန်နိုင်ပြီ၊ မင်းတို့ပြန်ရောက်တဲ့အခါ လူသူမနီးတဲ့တောနက်ကြီးတွေထဲကို သွားရောက်အခြေချပြီးတော့ နောက်တစ်ခါလူတွေနဲ့ ဘယ်တော့မှ မပတ်သက်နဲ့တော့”
ငခမ်းပြောလိုက်သည့်အခါ မိစ္ဆာများက ခေါင်းညိတ်ကြသည်။
“မင်းတို့သာထပ်ပြီးပေါ်လာမယ်ဆိုရင်တော့ အဲဒီအခါကျရင် ငါမင်းတို့ကိုအလွတ်မပေးဘူး”
မိစ္ဆာများမှာ အနောက်သို့လှည့်ထွက်သွားကာ အသီးသီးပြန်သွားကြလေသည်။ ငခမ်းက ရှဲန်ဆိုင်၏ အလောင်းကိုထမ်းလိုက်သည်။ စည်သူက လက်ပြတ်ကြီးကို ကြိုးဖြင့်ချည်ကာ ငခမ်းကျောကုန်းတွင် လွယ်ပေးလိုက်သည်။
“နှုတ်ဆက်ခဲ့ပါတယ်ငခမ်း၊ ဒါက ငါတို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းပဲ”
စည်သူက မြစ်ဆိပ်ဘက်သို့ခြေလှမ်းသွားလိုက်လေသည်။ ငခမ်းက စည်သူအားကြည့်နေရင်း
“ခင်ဗျားဘယ်ကိုသွားမှာလဲ”
“မပြီးသေးတဲ့ အလုပ်တွေလုပ်ရအုံးမယ်၊ လောလောဆယ်တော့ မကာရအကောင်ကြီးကို ရှင်းလင်းရအုံးမယ်”
စည်သူက အရိပ်မဲ့ဓါးကိုထမ်းကာ လှည့်ထွက်သွားလေသည်။
“ရှဲန်ဆိုင်ဆိုတဲ့ကောင်မလေးက ငခမ်းကိုတားဆီးဖို့အတွက်များ ဖြစ်တည်လာတာလား၊ ငါကလည်း ငခမ်းကိုတားဆီးဖို့အတွက် ဒီကိုရောက်လာခဲ့တာလား”
စည်သူက ကံတရား၏ဆန်းကြယ်မှုများကိုတွေးတောနေမိသည်။
“ရှဲန်ဆိုင်ရဲ့လမ်းကတော့ အဆုံးသတ်သွားပေမယ့်၊ ငါ့ရဲ့လမ်းကတော့ အဆုံးမသတ်သေးဘူး၊ အင်းလေ၊ လမ်းမဆုံးသေးတော့လည်း ဆက်လျှောက်ရရုံပေါ့”
စည်သူက မြစ်ဆိပ်လမ်းသို့ ဆင်းလာသည့်အခါ မြစ်ဆိပ်ဘက်မှ လူအများက ကြောက်လန့်တကြားနှင့် ပြေးတက်လာခဲ့ကြသည်။
(၉)
“အကိုတော်မင်းကြီး၊ အတွင်းဝန်မင်းကြီးရဲ့ အနက်ရောင်ခံတပ်ကြီး ပျက်စီးသွားပြီးတော့ မိစ္ဆာကောင်ကြီးတွေ လွတ်ထွက်သွားကြောင်းပါ”
ကနောင်မင်းသားကြီးက ညအချိန်ကြီး အရေးတကြီး နန်းတွင်းသို့ဝင်လာကာ တင်လျှောက်သည်မို့ မင်းတုန်းမင်းကြီး အလွန်ထိတ်လန့်သွားသည်။
“ဘယ်လိုဖြစ်တာပါလိမ့် ညီတော်”
“အသေးစိတ်ကို အထောက်တော်တွေလွှတ်ပြီး စုံစမ်းနေပါတယ်၊ အတွင်းဝန်မင်းကြီးလည်း ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်”
“အေးကွယ်၊ နန်းတွင်းသမားတော်တွေ စေလွှတ်ပြီး မြန်မြန်ပျောက်ကင်းအောင် ကုသစေ”
ကနောင်မင်းသားကြီးက မျက်နှာပျက်နေသည်။
“အကိုတော်မင်းကြီး၊ ဒါထက်အရေးကြီးတာက လွတ်သွားတဲ့ မိစ္ဆာတွေသာ ကျွန်တော်မျိုးတို့ကိုရန်ပြုရင် ညီတော်တို့အကျိုးနည်းနိုင်ပါတယ်”
“အိမ်း၊ ဒါလဲဟုတ်ပေသားပဲ၊ မြို့တော်တစ်ခွင်မှာ သူရဲ၊ သူခက်တွေ ဖြန့်ကျက်ချထားပြီး ရဲမက်တွေအားလုံးကို တပ်လှန့်ထားစေ”
“ဒါကြောင့် ညီတော်ပြောခဲ့တယ်မဟုတ်လား၊ မိစ္ဆာမွေးတယ်ဆိုကဲ့ အရေးက၊ မြွေပွေးခါးပိုက်ထဲ ထည့်ထားတဲ့အရေးလိုပါပဲ အကိုတော်၊ တစ်ချိန်ရောက်လို့ မတော်တဆတစ်ခုခုဖြစ်သွားတာနဲ့ နယ်ချဲ့တွေထက် ညီတော်တို့တွေ ပိုပြီးထိခိုက်နိုင်တယ်အကိုတော်၊ နောက်ပြီးတော့ ဒီမိစ္ဆာတွေသာ အကိုတော်အမိန့်နဲ့ မွေးထားတယ်ဆိုတာ လူတွေသိသွားလို့ကတော့ အကိုတော်ကို ပြည်သူတွေ ဆန့်ကျင်ကြပါလိမ့်မယ်”
မင်းတုန်းမင်းကြီး စဉ်းစားသွားပြီဖြစ်သည်။
“ဒါဆိုရင် ဘယ်လိုလုပ်မယ်လို့ညီတော်စဉ်းစားထားသလဲ”
“မှန်ပါအကိုတော်၊ အတွင်းဝန်မင်းကြီးရဲ့ အစီအစဉ်တွေကို လူမသိခင် အကုန်ဖျက်သိမ်းပြီး အနက်ရောင်ခံတပ်ကြီးကိုလည်း အစအနဖျောက်သင့်ကြောင်းပါ”
“ကောင်းတယ်၊ ညီတော်ကောင်းသလိုသာစီစဉ်ပါ”
“နောက်ထပ် ညီတော်စိုးရိမ်နေတာ တစ်ခုရှိပါတယ်အကိုတော်၊ ဒါကတော့ နေ့လည်က ဖြစ်ပျက်ခဲ့တဲ့ လူဆိုးလူမိုက်တွေ မြိုတံခါးကိုတိုက်ခိုက်တယ်ဆိုတဲ့အရေးဟာ သာမန်အရေးမဖြစ်နိုင်ပါအကိုတော်”
မင်းတုန်းမင်းကြီးက မျက်မှောင်ကြုတ်သွားသည်။
“အကိုတော်fသုံးသပ်တော်မူပါ၊ မင်းနေပြည်တော်ကြီးမှာ အကိုတော်မင်းကြီးလယ်ထွန်မင်္ဂလာဆင်းတဲ့အချိန်၊ မြို့တွင်းကတပ်တွေ ထွက်တဲ့အချိန်ကို သာမန်လူဆိုးလူသွမ်းတွေက သိနိုင်ပါ့မလား”
မင်းတုန်းမင်းကြီးက ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်သည်။
“ဒီလိုအရေးတွေကို သိနေတဲ့သူက နန်းတွင်းကပဲဖြစ်ရမယ်၊ နောက်ပြီးတော့ မင်းနေပြည်တော်မှာ လူစုဝေးနိုင်တဲ့အရည်အချင်းရှိသူဆိုတော့ မင်းညီမင်းသားပဲဖြစ်ရမယ်၊ မင်းညီမင်းသားထဲကမှ မင်းသားငယ်တွေက ဒီလိုအတွေးမျိုးကို ကြံဝံ့ပါ့မလား အကိုတော်မင်းကြီး”
“ဒီအတိုင်းဆိုရင် ညီတော်အိမ်ရှေ့မင်းက တစ်ခုခုကိုရိပ်စားမိထားပုံပဲ၊ ပြောစမ်း၊ ဒီအရေးကိုဘယ်သူကြံတာလဲ”
“မှန်ပါ၊ ဒီအရေးဟာ သာမန်လူမိုက်သူပုန်ထတဲ့အရေးမဟုတ်ဘဲ မင်းစည်းစိမ်ကိုရယူအောင်ကြံစည်တဲ့ ပုန်ကန်မှုတစ်ခုဖြစ်နိုင်ပါတယ်မင်းကြီး၊ ညီတော်တော့ အကိုတော်မင်းကြီးရဲ့သားတော်ကြီး မြင်ကွန်းမင်းသားကြီးကို သိပ်ပြီးမသင်္ကာလှဘူးအကိုတော်”
“မြင်ကွန်းမင်းသားကြီးက လူဆိုးလူသွမ်းတွေကို တိုက်ခိုက်ရှင်းလင်းပေးတယ်မဟုတ်ဘူးလား”
“ညီတော်မှာ သက်သေပြစရာအထောက်အထားမရှိပေမယ့်၊ မြင်ကွန်းမင်းသားကြီးတို့ကို လွှတ်ပေးထားလို့မရတော့ပါဘူးဘုရား”
“ငါ့သားတော်က ငါ့ကိုပြန်လုပ်ကြံဖို့ တွေးဝံ့ပါ့မလားညီတော်ရဲ့၊ ညီတော် သံသယများလွန်းနေပါပြီ”
“သမိုင်းတစ်လျှောက်မှာ အဇာတသတ်သာ အဖကိုသတ်တာမဟုတ်ပါဘူးအကိုတော်ဘုရား၊ ရှေးဗမာမင်းတွေလက်ထက်ကတည်းက သားကအဖေ့ကိုသတ်၊ အဖေကသားကိုပြန်သတ်နဲ့၊ ဦးသူသတ်စတမ်း လူသတ်ပွဲကြီးကျင်းပခဲ့တာ ဘာအတွက်ကြောင့် သတ်ခဲ့ကြတာဖြစ်မလဲအကိုတော်”
မင်းတုန်းမင်းကြီးက တွေဝေကာ စဉ်းစားနေလေသည်။
“မင်းစည်းစိမ်၊ အာဏာကြောင့်ပေါ့”
“ဒီလောက်ဆို အကိုတော်သဘောပေါက်လောက်ပြီထင်ပါတယ်”
“ဒါဖြင့်ရင် ညီတော်ဆီမှာ ဘယ်လိုအစီအစဉ်ရှိသလဲ”
“ညီတော်တို့ မြင်ကွန်းမင်းသားကြီးကို လွှတ်ထားလို့မဖြစ်တော့ပါဘူးဘုရား၊ သူ့စံအိမ်တော်မှာ လူသူလေးပါး စုရုံးနေပြီး၊ တိုးတိုးကြိတ်ကြိတ်နဲ့ကြံစည်နေတယ်လို့ သတင်းရထားပါတယ်၊ ဒါပေမယ့် အထောက်အထားမရှိဘဲနဲ့ စွပ်စွဲရင် အကိုတော်မင်းကြီးရဲ့ တခြားသားတော်မင်းသားတွေပါ အကိုတော်မင်းကြီးကို အမြင်လွဲသွားနိုင်ပါတယ်၊ ဒါကြောင့်မို့လို့ ညီတော်က မြင်ကွန်းမင်းသားစံအိမ်ကို အတွင်းလူတစ်ယောက်ထည့်ပြီး ထောက်လှမ်းခိုင်းဖို့ရည်ရွယ်ထားပါတယ်”
“ကောင်းတယ်ညီတော်၊ အတွင်းလူက ဘယ်သူဖြစ်မလဲ”
“ညီတော်ရဲ့သမီးတော်fတစ်ပါးကို မြင်ကွန်းမင်းသားနဲ့ အကိုတော်မင်းကြီးက လက်ဆက်ဆင်ယင်ပေးတော်မူပါ၊ ဒါဆိုရင် မြင်ကွန်းမင်းသားလည်း မငြင်းဆန်ဝံ့ဘဲ သမီးတော်ကို လက်ခံပေါင်းသင်းယူမှာပါ၊ သမီးတော် မြင်ကွန်းစံအိမ်ကိုရောက်သွားတယ်ဆိုရင်ဖြင့် သူ့ထံကနေပြီး မြင်ကွန်းမင်းသားတို့လှုပ်ရှားဆောင်ရွက်နေတဲ့အကြောင်းတွေကို ထောက်လှမ်းလေ့လာသိရှိနိုင်ပါတယ်မင်းကြီး”
“ကောင်းတယ်၊ ညီတော်ရဲ့အကြံအစည်ကောင်းတယ်၊ မကြာခင် နေ့ကောင်းရက်သာရွေးပြီး သူတို့နှစ်ဦးကို လက်ဆက်ပေးတော်မူမယ်”
ပဟိုရ်စည်ကြီးထံမှ ညည့်နှစ်ပဟိုရ်တီးပြီဖြစ်သည်။ ညနက်နေပြီဖြစ်သဖြင့် နန်းမြို့တစ်ခုလုံးတိတ်ဆိတ်နေလေသည်။ မြို့အပြင်ဘက် တောင်ကုန်းကလေးတစ်ခုပေါ်တွင် ငခမ်းတစ်ယောက် ပင်ပန်းစွာဖြင့် တွင်းတူးနေလေသည်။ မြေကျင်းအနက်ကြီးပြီးသွားသည့်အခါ ရှဲန်ဆိုင်၏အလောင်းကိုထွေးပွေ့လိုက်ပြီး ချစ်သူ၏မျက်နှာကိုနောက်ဆုံးအကြိမ် အသေအချာကြည့်နေမိသည်။
“အကိုတောင်းပန်ပါတယ်ရှဲန်ဆိုင်၊ နောက်ဘ၀ဆိုတာရှိခဲ့ရင်၊ အကိုရှဲန်ဆိုင်နဲ့ ပြန်ပြီးပေါင်းဖက်ပါရစေ”
ထို့နောက် ရှဲန်ဆိုင်၏အလောင်းကို မြေကျင်းကြီးထဲသို့ပစ်ချလိုက်သည်။ ကျင်းတူးထားသည့် မြေသားများအား လက်ဖြင့်တွန်းချလိုက်ကာ အချစ်ဆုံးချစ်သူကို မြေကြီးခဲများနှင့် ဖို့လိုက်လေတော့သည်။ မြှုပ်နှံခြင်းပြီးစီးသွားသည့်အခါ ငခမ်းက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လက်ပြတ်ကြီးထည့်ထားသည့် အထုပ်ကြီးကိုလွယ်လိုက်လေသည်။
“မင်းကိုရခဲ့တဲ့နေရာကို ပြန်သွားထားရမယ်”
ရှည်လျားလှသည့် လူသွားလမ်းကြီးအတိုင်း ငခမ်းတစ်လျှောက် လျှောက်လမ်းလာခဲ့တော့သည်။
ပြီးပါပြီ၊
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် မကာရမိစ္ဆာတွင် ဆက်လက်ဖတ်ရှုပါ။