အပိုင်း (၂) ဇာတ်သိမ်း
“ငခမ်း၊ မင်းကိုမတွေ့ရတာတောင် အတော်ကြာပြီနော်၊ မင်းလက်တစ်ဖက်က ဘာဖြစ်သွားတာလဲ”
မုန်တိုင်းကမေးလိုက်သည့်အခါ ငခမ်းက သူတို့ဘေးနားရှိ သဲသောင်ပြင်တွင်ထိုင်ချလိုက်သည်။ ထို့နောက် သူ့ကျောကုန်းတွင်လွယ်ထားသည့် လက်ပြတ်ကြီးကိုပုတ်ပြလိုက်သည်။
“ငါ့လက်က ဒီမှာကွ”
မုန်တိုင်းရော၊ ပျံလွှားပါ ထူးဆန်းသွားသည်။ ငခမ်းကတော့ ခပ်ဝေးဝေးကိုငေးကြည့်နေလေသည်။
“ဘယ်လိုဖြစ်သွားတာလဲကွ”
“ပြောပြရင်တော့ တော်တော်ရှည်ရှည်ဝေးဝေးပြောရမှာကွ”
“ဒါနဲ့ မင်းက ကျိန်စာသင့်နေတဲ့ကောင်မဟုတ်လား၊ ပြတ်သွားတဲ့ခေါင်းကိုတောင်ပြန်ဆက်နိုင်တယ်မဟုတ်လား၊ အခုလက်ကျတော့ ပြန်မဆက်ဘူးလား”
ငခမ်းက ဘာမှမဖြေချင်တော့သဖြင့် ခေါင်းငုံ့ထားလိုက်သည်။
“မဟုတ်ဘူးကွ၊ ဒီလက်မှာ နတ်ဆိုးတစ်ကောင်ရဲ့အစိတ်အပိုင်းတစ်ခုအမြစ်တွယ်နေတယ်၊ အဲဒီအစိတ်အပိုင်းက ဒီကောင့်ကိုထိန်းချုပ်ဖို့ကြိုးစားနေတာပဲ၊ ဒါကြောင့်မို့လို့ လက်ကိုဖြတ်လိုက်တဲ့အခါ လက်အသစ်မဖြစ်တော့ဘဲ၊ နတ်ဆိုးရဲ့အစိတ်အပိုင်းကို စွန့်ပြီးတော့မှ လက်အသစ်ဖြစ်မှာကွ”
ငခမ်းကသက်ပြင်းချလိုက်ပြီး
“ပြီးခဲ့တာတွေ ပြီးပါစေတော့ဗျာ၊ အခုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
စည်သူက တုတ်တစ်ချောင်းကိုကောက်ယူလိုက်ပြီးနောက် မီးပုံဘေးသဲသောင်တွင် ပုံတစ်ခုကိုရေးဆွဲလိုက်သည်။ သူတို့အားလုံး ပုံကိုအသေအချာကြည့်လိုက်သည်။
“မကာရမိစ္ဆာဆိုတာ ပျံချီလေ့လာစူးစမ်းခဲ့တဲ့အကောင်ကြီးပဲကွ၊ ငါတို့အရင်တုန်းက အတူတူဖမ်းခဲ့တဲ့အကောင်ကြီးပေါ့ကွာ၊ ငါတို့စတင်ဖမ်းတုန်းကဆိုရင် ဒီလောက်မကြီးသေးဘူးကွ၊ နွားတစ်ကောင်လောက်ပဲရှိသေးတာ၊ နောက်တော့မှ တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့တာပဲ”
“ဒီကောင်ကြီးရဲ့ အားနည်းချက်က ဘာလဲ”
“အားနည်းချက်ကတော့ ဒီကောင်ကြီးရဲ့နှလုံးသားတည့်တည့်ကို ထိုးဖောက်ခွဲနိုင်မှ၊ ဒီကောင်ကြီးက သေမှာ၊ သူ့ရဲ့အားသာချက်ကတော့ သူ့တစ်ကိုယ်လုံးမှာ အကြေးခွံတွေပြည့်နေတယ်၊ အဲဒီအကြေးခွံတွေက ဓါး၊ လှံ၊ လက်နက်၊ သေနတ်၊ အမြှောက် အကုန်ပြီးစေတယ်ကွ၊ ဘယ်အရာမှ မထိုးဖောက်နိုင်ဘူး”
“ဒါဆို ကျုပ်တို့ဒီကောင်ကြီးကို ဘာမှလုပ်လို့မရဘူးပေါ့”
မုန်တိုင်းအမေးကို စည်သူကခေါင်းခါပြလိုက်သည်။
“ပျံချီရဲ့ လေ့လာချက်တွေအရ ဒီအကောင်ကြီးရဲ့ အားနည်းချက်က တစ်ဆင့်ချင်းပေါ်တာကွ”
“ဘယ်လိုတစ်ဆင့်ချင်းလဲဗျ”
“သူ့မှာ မျက်လုံးရှစ်လုံးရှိတယ်၊ မျက်လုံးနှစ်လုံးက အကြီးဆုံးဆိုပေမယ့် မျက်လုံးတစ်လုံးရဲ့အနားမှာ မျက်လုံးသေးသေးလေး သုံးလုံးစီရှိတယ်၊ အဲဒီမျက်လုံးရှစ်လုံးကို ထိုးဖောက်နိုင်ပြီဆိုရင် သူ့ဦးချိုကို ချိုးလို့ရပြီ”
“ဒါဆို မျက်လုံးမဖောက်ဘဲ ဦးချိုကိုမချိုးနိုင်ဘူးပေါ့”
“မှန်တယ်၊ ဦးချိုနှစ်ဖက်ကို ချိုးလိုက်ပြီးရင် အကြေးခွံတွေကွာကျသွားလိမ့်မယ်၊ အကြေးခွံတွေကွာကျသွားရင် သူ့ကိုယ်မှာ မှိုကိုးချက်ဆိုတာ ပေါ်လာလိမ့်မယ်ကွ”
ပျံလွှားက မျက်မှောင်ကြုတ်ရင်း
“မှိုကိုးချက်ဆိုတာ ဘာလဲ”
“ဒါတော့ငါလည်းမသိဘူး၊ ပျံချီကတော့ မှိုကိုးချက်လို့ရေးထားတာပဲ၊ မှိုကိုးချက်ကိုဖျက်ဆီးပြီးရင်တော့ ဒီအကောင်ကြီးရဲ့နှလုံးသားကို ထိုးခွဲလို့ရပြီ”
“ဒါဆိုဇာတ်သိမ်းပြီပေါ့”
“ဇာတ်မသိမ်းတာတစ်ခုရှိတယ်ကွ၊ ပျံချီရဲ့ကျမ်းအရ မကာရအကောင်ကြီးကို မသတ်ရဘူးလို့ရေးထားတယ်၊ သတ်ရင် ဘေးဆိုးကပ်ဆိုးတွေကျတတ်တယ်တဲ့ကွ”
မုန်တိုင်းက သက်ပြင်းချလိုက်ပြီး
“မသတ်လို့ ကျုပ်တို့ကလွှတ်ပေးလိုက်ရမှာလား၊ ဒီအတိုင်းလွှတ်ထားရင် ဒီကောင်ကြီးက ဧရာ၀တီမြစ်တစ်လျှောက်စုန်ဆန်ပြီး လူတွေကိုစားသောက်နေတော့မှဗျ”
စည်သူက တွေးတောနေလေသည်။
“ငါတို့မှာသတ်ဖို့အပြင် နည်းလမ်းတော့ရှိတယ်ကွ၊ ဒီကောင်ကြီးကို မိစ္ဆာနိုင်အင်းတွေနဲ့ကပ်ပြီးတော့ ငြိမ်သက်သွားအောင်လုပ်လို့ရတယ်၊ ပြီးရင် လှေနဲ့ဆွဲပြီး ပင်လယ်ထဲကိုလွှတ်ပေးလိုက်လို့ရတယ်”
“ဒါဆို အခုကျုပ်တို့ဆီမှာ မိစ္ဆာနိုင်အင်းမှ မရှိတာပဲဗျာ”
စည်သူက သူလွယ်ထားသည့် အိတ်အတွင်းမှ အင်းချပ်အထပ်လိုက်ကြီးကို ထုတ်လိုက်လေသည်။
“အနက်ရောင်ခံတပ်မှာ လူတွေမရှိတော့တဲ့အချိန်၊ ငါသွားပြီးယူထားတာ၊ ငါသွားယူတော့ အတွင်းဝန်မင်းကြီးက သွေးတွေထွက်နေတာကိုတွေ့တာနဲ့ သူ့ကိုငါကယ်တင်ခဲ့ရသေးတယ်”
ငခမ်းက ဒေါသထွက်သွားသည်။
“ဒီလိုလူကိုခင်ဗျားဘာလို့ ကယ်တင်ခဲ့တယ်ဆိုတာ ကျုပ်နားမလည်ဘူး”
“မင်းတို့နားလည်အောင်တော့ ပြောလို့မရပေမယ့် ငါ့မှာ မနောအသိတစ်ခုရထားတယ်၊ ဒီလူကိုကယ်ရမယ်၊ ဒီကိုသွားရမယ်ဆိုတဲ့ လမ်းညွှန်မှုတစ်ခုက ငါ့စိတ်ထဲမှာဖြစ်နေတယ်၊ ဒါက ဘိုးတော်တွေငါ့ကိုလမ်းညွှန်ပေးနေတာဖြစ်ရမယ်၊ လဲကျနေတဲ့ အတွင်းဝန်မင်းကြီးကိုတွေ့တော့လည်း ဒီလူကိုကယ်တင်လိုက်ဆိုပြီး ငါ့စိတ်ထဲမှာ လမ်းညွှန်ချက်တစ်ခုကိုရလိုက်လို့ ကယ်တင်လိုက်တာပဲ”
စည်သူပြောလိုက်တော့ ငခမ်းလည်း မကျေမနပ်မဖြစ်တော့ပေ၊ သို့နှင့် ညည့်သန်းခေါင်အချိန်သို့ကျော်ခဲ့ပြီဖြစ်သည်။ မီးပုံမှ မီးအားလည်းလျော့နည်းလာခဲ့သည်မို့ မုန်တိုင်းက သဲသောင်ပေါ်တွင် တင်နေသည့် သစ်ကိုင်းများကိုထပ်ထိုးလိုက်ပြီး မီးပုံကို ပိုမိုတောက်လောင်စေလိုက်သည်။
ထိုစဉ် မြစ်အတွင်းငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားပြီး သဲသောင်ကြီးတစ်ခုလုံး တဗွမ်းဗွမ်းနှင့် လှုပ်ခါသွားကာ ရေတွေက သဲသောင်ပေါ်သို့တက်လာလေသည်။ သဲသောင်ကြီးမှာ တဖြည်းဖြည်းနှင့် ရေအောက်သို့နစ်မြုပ်သွားလေသည်။ သူတို့အဖွဲ့လည်း တစ်ယောက်နှင့်တစ်ယောက် မြဲမြံစွာကိုင်ဖက်ထားကြသည်။
ရေထဲနစ်သွားသဖြင် သဲမြေများမြောသွားသည့်အခါ သူတို့ခြေထောက်အောက်တွင် အနက်ရောင်တောက်ပနေသည့် အကြေးခွံကြီးများကိုတွေ့လိုက်ရသည်။ အကြေးခွံကြီးတစ်ချပ် တစ်ချပ်မှာ စစ်သည်တော်များကိုင်စွဲသည့် ဒိုင်းဝန်းများသဏ္ဍာန်ကြီးမားပြီး ကြေးပြား၊ သံပြားများကဲ့သို့ ထူထဲလှသည်။
“ငါတို့သဲသောင်ကြီးကို ဟိုအကောင်ကြီး တိုးနေတာကွ”
ထို့နောက်ရေထဲတွင် ငါးအမြီးကြီးတစ်ခုပေါ်လာခဲ့သည်။ ငါးအမြီးကြီးက အတောင်ငါးဆယ်ခန့် ဗြက်ရှိမည်ဖြစ်ပြီး သဲသောင်ပေါ်သို့ အရှိန်ဖြင့်ကျလာလေသည်။
“ရှောင်ကြ၊ ရှားကြဟေ့”
စည်သူအော်လိုက်သည့်အခါ ငါးမြီးကြီးက အရှိန်ဖြင့်ကျလာတော့သည်f။ သူတို့တစ်ဖွဲ့လုံး လျှင်မြန်စွာရှောင်ရှားလိုက်ရသည်။ အားကြီးသည့် အမြီးကြီးဖြင့်ရိုက်မိလျှင် သူတို့အကုန်လုံး ပြားကပ်သွားနိုင်ပေသည်။ အမြီးကြီး ပြန်မြောက်တက်သွားသည့်အခါ စည်သူတို့စီးလာခဲ့သည့် လှေကလေးမှာ အပိုင်းပိုင်းအစစဖြစ်သွားသည်။
(၄)
“ဘာလို့ ဒီအကောင်ကြီးက ညနေကထက် နှစ်ဆလောက်ကြီးသွားတာလဲ”
မုန်တိုင်းက အလွန်အံ့ဩနေလေသည်။
“ဘာလို့လဲဆိုတော့ ဒီကောင်ကြီးက ညနေက လူတွေတစ်၀တပြဲစားထား သောက်ထားတယ်မဟုတ်လားကွ”
“ဒီအတိုင်းဆိုမဖြစ်ဘူးဗျ၊ ဒီပုံအတိုင်းသွားရင် နောက်တစ်ပတ်လောက်ဆို မြစ်တောင်ဆန့်မှာမဟုတ်တော့ဘူး”
ပျံလွှားက စည်သူအနားသို့တိုးကပ်လာပြီး
“ကဲ၊ ဒါဆိုရင်လည်း ဒီကောင်ကြီးရဲ့အားနည်းချက်တွေကိုရှာပြီး၊ ဒီကောင်ကြီးကို ဖမ်းလိုက်ကြတာပေါ့”
သူတို့အကုန်ခေါင်းညိတ်လိုက်သည်။ မုန်တိုင်းက သဲသောင်ပေါ်တွင်စမ်းနေပြီး သူ၏လေးနှင့်မြှားကိုကောက်ယူလိုက်သည်။ ပျံလွှားကလည်း ရေဆန်ဓါးမြန်ကလေးကိုထုတ်လိုက်ကာ ဝှေ့ယမ်းဆော့ကစားနေသည်။ စည်သူကတော့ အရိပ်မဲ့ဓါးကို ကိုင်ဆောင်ထားပြီး ငခမ်းကတော့ လင်းနို့တောင်ပံကြီးထုတ်လိုက်ပြီး ပျံသန်းလိုက်လေသည်။
မြစ်အတွင်းမှ လှုပ်ရှားသံများကြားသဖြင့် လှေဆိပ်ရှိလူများလန့်နိုးသွားကြကာ မီးတုတ်၊ မီးတိုင်များကိုထွန်းညှိလိုက်ကြသည်။ မြစ်ဆိပ်ရှိ ရွာကလေးတွင် နေထိုင်သူများကလည်း ကြောက်လန့်တကြားအော်ဟစ်နေသည်။ ထိုအလင်းရောင်များ၊ ထိုအသံများက မကာရမိစ္ဆာကောင်ကြီးအား ဆွဲဆောင်နေသလိုဖြစ်နေသည်။ မကာရမိစ္ဆာကောင်ကြိးက ရေထဲမှ ခေါင်းထောင်လျှက် မြစ်ဆိပ်ရွာကလေးဆီသို့ကြည့်လိုက်သည်။
မကာရမိစ္ဆာကောင်ကြီး၏ ဦးခေါင်းမှာ ဆိတ်ခေါင်းကြီးဖြစ်ပြီး ချွန်တက်ကော့လန်နေသော ဦးချိုနှစ်ဘက်လည်းပါရှိသည်။ ရှေ့ခြေထောက်များလဲ ပါဝင်ပြီး ရင်ညွန့်လောက်မှစတင်ပြီး ကိုယ်အောက်ပိုင်းတစ်ခုလုံးမှာတော့ ငါးကြင်းတစ်ကောင်၏ ကိုယ်နှင့် အမြီးတစ်ခုရှိလေသည်။
မကာရမိစ္ဆာကောင်ကြီးမှာမြစ်ဆိပ်ရွာကလေးကို တွေ့သွားသည့်အခါ ကျယ်လောင်သည့်အသံကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက်ထိုရွာကလေးဆီသို့အပြေးကူးခတ်သွားလေသည်။
“မြန်မြန်လုပ်ကြဟေ့၊ ဒီကောင်ကြီးက ရွာကိုသွားဖို့လုပ်နေပြီဟ”
စည်သူပြောလိုက်သော်လည်း သူတို့လေးယောက်မှာ မကာရမိစ္ဆာကောင်ကြီး၏ ကျောကုန်းပေါ်ရောက်နေသည့် သဲသောင်ပေါ်မှ ပြုတ်မကျသွားရအောင် မနည်းထိန်းချုပ်ထားရသည်။ မကြာခင်အချိန်တွင် မကာရအကောင်ကြီးမှာ ကုန်းပေါ်သို့ ဝုန်းခဲနဲခုန်တက်လိုက်သဖြင့် သူတို့အားလုံး လွင့်ထွက်သွားကာ ရွာကလေးအနီးတွင် ကျသွားလေသည်။
ရွာကလေးက ငရဲပွက်တစ်မျှ အော်ဟစ်လျက်ဆူညံနေလေသည်။ အချို့လူများက ရွာမှထွက်ပြီး မြစ်ခြေအတိုင်းထွက်ပြေးကြသည်။ ထိုအခါ ပြေးလွှားနေသူများကို မကာရမိစ္ဆာကြီးက ရှည်လျားသည့်လျှာကြီးဖြင့် လှမ်းဆွဲယူလိုက်ပြီးသူ့ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်လေသည်။
ထို့အပြင် မြစ်ဆိပ်မှာ အိမ်သုံးလုံးကိုလည်း အလုံးလိုက်ကိုက်ဝါးလိုက်ပြီးနောက် လူသားများကိုဝါးမြိုလိုက်ပြီး ကျန်သည့်အိမ်ကြီး၏ အစိတ်အပိုင်းများကို ပြန်လည်မှုတ်ထုတ်လိုက်လေရာ ပြေးလွှားနေသည့် လူများအပေါ်သို့ အရှိန်ဖြင့်လွှင့်စင်ထိမှန်ပြီး သေဆုံးကုန်ကြသည်။
“အကုန်ပြေးကြ၊ ဒီဘက်ကိုတက်ပြေးကြ”
ပျံလွှားက လူတွေကိုအော်ဟစ်နေလေသည်။ လူများကလည်း ပျံလွှားရှိရာ မြစ်ကမ်းတစ်နေရာသို့ ပြေးလွှားကြလေသည်။ ထိုအခါ စည်သူက မီးတုတ်ကြီးတစ်ချောင်းကိုယူလိုက်ကာ ဝှေ့ယမ်းလိုက်ပြီး ထွက်ပြေးနေသည့် လူများနှင့် ဆန့်ကျင်ဘက်ဝေးရာဆီသို့ပြေးလွှားလိုက်လေသည်။
“မိစ္ဆာကောင်ကြီး လာခဲ့စမ်း၊ မင်းငါ့ကိုလာကိုက်စမ်း”
စည်သူပြေးလွှားသွားသည့်အနောက်သို့ မကာရမိစ္ဆာကြီးက လိုက်ကြည့်နေသဖြင့် ဆိပ်ကမ်းတွင်ပြေးလွှားနေသူများထံမှ အာရုံလွဲသွားသည်။ သို့သော် ခုနက မိစ္ဆာကောင်ကြီးမှုတ်ထုတ်လိုက်သည့် သစ်တိုသစ်စများထိမှန်ပြီး ဒဏ်ရာရနေသူများကလည်းရှိနေပြန်သည်။ ပျံလွှားက အမြန်ပြေးလိုက်ရင်း ထိုလူများကိုဆွဲကာ လေဟုန်ခွင်းသိုင်းပညာဖြင့် ပြေးလွှားကယ်တင်နေလေသည်။
မုန်တိုင်းလည်း အချိန်ဆွဲမနေတော့ဘဲ မြစ်ဆိပ်ရှိအိမ်ခေါင်မိုးတစ်လုံးပေါ်သို့ လျင်မြန်စွာတွယ်တက်လိုက်သည်။ လေးကြီးကိုအသင့်ပြင်ဆင်လိုက်ပြီး ခါးတွင်ချိတ်ထားသည့် မြားကျည်တောက်မှ မြားတံလေးချောင်းကို ထုတ်ယူလိုက်ကာ ပါးစပ်တွင်ကိုက်ထားလိုက်သည်။ ပါးစပ်မှာ မြားတံတစ်ချောင်းကို ဖြုတ်လိုက်ကာ လေးကြိုးတွင်တင်လျှက် လေးညှို့ကိုဆွဲနေလေသည်။ မုန်တိုင်း မြားဖြင့်ချိန်ရွယ်နေသည်ကို မြင်လိုက်ရသဖြင့် စည်သူက ဆက်မပြေးတော့ဘဲငြိမ်သက်နေလိုက်သည်။ မကာရမိစ္ဆာကြီးက စည်သူရပ်လိုက်သည်နှင့် စည်သူအားထိုးကိုက်ရန်ပြင်ဆင်လိုက်ပြီး ပါးစပ်ကြီးကိုဟလိုက်လေသည်။ သို့သော် မိစ္ဆာကောင်ကြီးက စည်သူကိုမကိုက်ရသေးခင်မှာပင် မုန်တိုင်း၏ မြားတံတစ်ချောင်းက မိစ္ဆာကောင်ကြီး၏ ဘယ်ဖက် မျက်လုံးအသေးကလေးတစ်လုံးကို ဖောက်ဝင်သွားလေသည်။
“ဟွီး . . . ဖွီး”
မိစ္ဆာကောင်ကြီးက အော်ဟစ်နေသည့်အချိန်တွင် ငခမ်းက မိုးပေါ်မှပျံသန်းလာပြီး သစ်လုံးချွန်ကြီးတစ်ခုကို လက်ဖြင့်ကိုင်လာကာ ပိုမိုခိုင်မာစေရန်အတွက် ချိုင်းကြားတွင်ညှပ်ထားလိုက်သည်။ ထို့နောက် မိစ္ဆာကောင်ကြီး၏ မျက်လုံးကြီးကို သစ်လုံးချွန်ကြီးဖြင့် ထထိုးစိုက်ချထည့်လိုက်သည်။
မီးအိမ်ကြီးတစ်ခုပမာ ဝါဖန့်ဖန့်လင်းထိန်နေသည့် မိစ္ဆာကောင်ကြီး၏ ဘယ်ဖက်မျက်လုံးကြီးမှာ ပေါက်ထွက်သွားလေသည်။ မိစ္ဆာကောင်ကြီးက နာကျင်လှသဖြင့် ငခမ်းအား သူ့နှုတ်သီးဖြင့်ရိုက်ထည့်လိုက်ရာ ငခမ်းမှာနှုတ်သီးနှင့်ဖြတ်ရိုက်သည့်အားကြောင့် လွင့်ထွက်သွားလေသည်။ ထိုစဉ်မှာပင် မုန်တိုင်းက နောက်ထပ်မြားတံနှစ်ချောင်းအား မိစ္ဆာကောင်ကြီး၏ မျက်လုံးကြီးအောက်ရှိ မျက်လုံးအသေးကလေးနှစ်လုံးထံသို့ ပစ်သွင်းလိုက်တော့သည်။
မိစ္ဆာကောင်ကြီးမှာ နာကျင်စွာဟစ်အော်လျှက် ရေထဲသို့ပြန်ဆင်းသွားသည်။ မိစ္ဆာကောင်ကြီး၏ ဘက်ဖက်မျက်နှာခြမ်းရှိ မျက်လုံးလေးလုံးမှာ ပေါက်ထွက်သွားပြီဖြစ်သည်။ ရေထဲသို့ဆင်းသွားသည့်အခါ မင်ရည်များကဲ့သို့ နက်မှောင်နေသည့် သွေးများက ရေမျက်နှာပြင်တွင်ပေါ်ထွက်လာလေသည်။ သို့သော်မိစ္ဆာကြီးမှာ ငါးများကဲ့သို့ ပါးဟက်မပါသဖြင့် ရေထဲတွင်ကြာကြာငုပ်မနေနိုင်ပဲ ဦးခေါင်းမှာ ရေမျက်နှာပြင်တွင်ပေါ်ထွက်လာလေသည်။ စစ်ကိုင်းဘက်ကမ်းသို့ ဦးတည်လျှက်ကူးခတ်နေလေသည်။ ညာဖက်ခြမ်းရှိ မျက်လုံးကြီးများမှာ ရေထဲတွင်လင်းလက်နေလေသည်။
“ငခမ်း၊ ဒီကောင်ကြီး ဟိုဖက်ကမ်းကိုရောက်သွားလို့မဖြစ်ဘူး”
ငခမ်းက ပျံသန်းလိုက်ပြီး မုန်တိုင်းကိုပွေ့ချီလိုက်သည်။ လှေဆိပ်မှလူများက ဘေးလွတ်ရာသို့ ရောက်သွားပြီဖြစ်သဖြင့် ပျံလွှားကခုန်ဝင်လာသည်။ ရေထဲတွင်တော့ လှေအပိုင်းအစများနှင့် အိမ်အပိုင်းအစများက ပေါလောမျောနေလေရာ ပျံလွှားက လေဟုန်ခွင်းသိုင်းပညာဖြင့် လျှင်မြန်စွာပြေးသွားပြီး ရေထဲမှ ထိုအပိုင်းအစများကိုနင်းကာ မိစ္ဆာကောင်ကြီး၏ အမြီးပေါ်သို့ခုန်တက်လိုက်သည်။ မိစ္ဆာကောင်ကြီးမှာ ရေပေါ်မှရှပ်တိုက်သွားနေသဖြင့် ပျံလွှားက မိစ္ဆာကောင်ကြီး၏ အမြီးမှတဆင့် ဦးခေါင်းအပေါ်သို့ပြေးတက်လာခဲ့သည်။
ငခမ်းက အတင်းဆွဲချီလိုက်သဖြင့် မုန်တိုင်း မိုးပေါ်သို့ပျံတက်သွားချိန်တွင် မြားကျည်တောက်အတွင်းမှ မြားတံများက ထွက်ကျကုန်သည်။ မုန်တိုင်းက မြားတံများကိုလှမ်းဖမ်းလိုက်သည့်အခါ မြားတံသုံးချောင်းကိုသာ ဖမ်းမိလိုက်သည်။ ငခမ်းက မုန်တိုင်းကိုကြည့်kလိုက်ပြီး
“ခင်ဗျားလုပ်နိုင်ပါ့မလား”
မုန်တိုင်းက အသက်ကို၀၀ရှူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် လေးကြိုးတွင် မြားတံသုံးချောင်းကို တင်းနေအောင်ဆွဲညှို့လိုက်ပြီး မိစ္ဆာကောင်ကြီး၏ မျက်လုံးအသေးလေးများကို သေချာချိန်ရွယ်လိုက်သည်။
“ငခမ်း၊ ငါ့ကို သူနဲ့နီးနေအောင်ကပ်ပေးစမ်းကွာ”
ငခမ်းက အနီးကပ်ပျံသန်းပေးလိုက်သည့်အချိန်တွင် မုန်တိုင်းက မြားသုံးချောင်းအား တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်တော့သည်။ မြားသုံးချောင်းမှာ လေဟုန်ကိုခွင်းလျှက် ပျံသန်းသွားပြီး မိစ္ဆာကောင်ကြီး၏ မျက်လုံးကလေးသုံးလုံးအား တန်းတန်းမတ်မတ်ထိမှန်သွားသည်။
တစ်ချိန်တည်းမှာပင် ပျံလွှားက ရေဆန်ဓါးမြန်နှစ်ချောင်းဖြင့် မိစ္ဆာကောင်ကြီး၏ ကျန်နေသည့်မျက်လုံးကြီးတစ်လုံးကို ပစ်ပေါက်လိုက်လေသည်။ မိစ္ဆာကောင်ကြီး၏ မျက်လုံးအပြင်လွှာမှာ ထူထဲလှသဖြင့် ရေဆန်ဓါးမြန်များစိုက်ဝင်နေသည့်တိုင် မထိခိုက်သေးပေ၊ ထို့ကြောင့် ပျံလွှားက မျက်လုံးဆီသို့ခုန်ဝင်လိုက်ပြီး မျက်လုံးတွင်စိုက်နေသည့် ရေဆန်ဓါးမြန်၏ ဓါးနှောင့်ကို ကန်ချထည့်လိုက်သည်။
ထိုတော့မှ ဓါးမြန်က မျက်လုံးအတွင်းသို့ ထိုးဖောက်ဝင်သွားသည်။ မိစ္ဆာကောင်ကြီးမှာ နာကျင်လွန်းလှသဖြင့် ရေလယ်ခေါင်တွင် ထွန့်ထွန့်လူးအောင် လူးလှိမ့်နေလေရာ ကြီးမားသည့် ဝဲဂယက်ကြီးများဖြစ်ပေါ်သွားလေသည်။ ငခမ်းတို့ပထမအဆင့်တော့ အောင်မြင်ခဲ့ပြီဖြစ်သည်။
မျက်လုံးအစုံလိုက်ကန်းသွားသည့် မိစ္ဆာကောင်ကြီးမှာ ဘာကိုမှမမြင်တော့ဘဲ ခြေဦးတည့်ရာ ကူးခတ်သွားလေရာ မကြာခင်တွင် မြစ်ဆိပ်ရွာကလေးအနီး ကမ်းပေါ်သို့ တင်လာလေသည်။ စည်သူက အလျှင်အမြန်ပြေးလွားလိုက်ပြီး အရိပ်မဲ့ဓါးကို ထုတ်လိုက်သည်။ မိစ္ဆာကောင်ကြီး၏ ဦးချိုကောက်ကောက်ကြီးမှာ လူနှစ်ဖက်စာခန့် ကြီးမားတုတ်ခိုင်လှသည်။ စည်သူက လျှင်မြန်စွာခန်ုဝင်လိုက်ပြီး အရိပ်မဲ့ဓါးချက်ဖြင့် ဦးချိုကြီးတစ်ဖက်ကို ခုတ်ထည့်လိုက်သည်။ ဦးချိုကြီးမှာ ယတိပြတ် ပြတ်ကျသွားပြီး မြေပေါ်သို့ကျသွားလေသည်။ မိစ္ဆာကောင်ကြီးလည်း နာကျင်လှသဖြင့် ဦးခေါင်းကို အမြီးနှင့်ရိုက်ထည့်လိုက်ရာ ဦးချိုတစ်ချောင်းအား ဖြတ်ရန်ကြံရွယ်နေသည့် စည်သူကိုရိုက်မိပြီး စည်သူတစ်ယောက် မိုးပေါ်သို့လွင့်ထွက်သွားလေသည်။
“ကျန်တာကို ကျုပ်ကြည့်ရှင်းလိုက်မယ်”
ငခမ်းက မုန်တိုင်းကို မြေပေါ်သို့ချလိုက်ပြီး မြေပြင်အနီးမှကပ်ကာ ပျံသန်းသွားသည်။ မိစ္ဆာကောင်ကြီးက အမြီးကြီးထောင်ရမ်းပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ရမ်းသမ်းကာ ရိုက်နှက်နေသောကြောင့်ဖြစ်သည်။ ငခမ်းလည်း ကျန်နေသည့် ဦးချိုထိပ်ပိုင်းကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်လိုက်လေသည်။ ထို့နောက်အားကုန်သုံးပြီး ဦးချိုကြီးကို လှန်ချိုးလိုက်တော့သည်။ သို့သော် ငခမ်းမှာ အလွန်အားနည်းနေသဖြင့် လှန်မချိုးနိုင်ပေ။ ထိုစဉ် မိုးပေါ်မှကျလာသည့် စည်သူက အရိပ်မဲ့ဓါးဖြင့် ဦးချိုအရင်းပိုင်းကို ဆွဲခုတ်ထည့်လိုက်တော့မှ ဦးချိုကြီး ပြတ်ကျသွားပြန်သည်။
ထိုအခါ မိစ္ဆာကောင်ကြီးတစ်ကိုယ်လုံး တုန်ယင်လာလေသည်။ စည်သူနှင့် ငခမ်းလည်း မိစ္ဆာကောင်ကြီးကိုယ်ပေါ်မှဆင်းခွာလိုက်ကြသည်။ ထိုအခါ မိစ္ဆာကောင်ကြီး၏ ကိုယ်လုံးကိုဖုံးအုပ်ထားသည့် အကြေးခွံကြီးများမှာ တချွင်ချွင်အသံမြည်လျှက် သူ့အလိုလိုကွာကျကုန်သည်။
(၅)
“မှိုကိုးချက်ဆိုတာကို တွေ့အောင်ရှာကွ”
စည်သူအော်လိုက်သဖြင့် ငခမ်းက ပျံသန်းကာရှာဖွေလိုက်သည်။ အကြေးခွံများကွာသွားသည့်အခါ အောက်တွင် ငါးကြင်းအသားကဲ့သို့ ဖြူဝင်းသည့် အသားများပေါ်လာသည်။ ငခမ်းအသေအချာကြည့်သည့်အခါ ထိုအသားများတွင် အနက်ရောင်အစက်ကလေးများဖြစ်ပေါ်နေသည်ကိုတွေ့လိုက်ရသည်။
“မှိုကိုးချက်ဆိုတာ အနက်ရောင်အစက်ကလေးတွေကို ပြောတာဖြစ်မယ်”
ခေါင်းပိုင်းတွင် အနက်ရောင်အစက်နှစ်စက်ရှိကာ စည်သူက ထိုအစက်အပျောက်ကလေးများကို အရိပ်မဲ့ဓါးဖြင့် ထိုးနှက်လိုက်လေသည်။ မုန်တိုင်းက မြေပေါ်တွင်ကျနေသည့် မြားတံများကို ပြန်ကောက်ရာ မြားတံသုံးချောင်းရသည်။ ထိုမြားတံများဖြင့် မိစ္ဆာကောင်ကြီး၏ ဘယ်ဖက်ခြမ်းတွင်ရှိသည့် အစက်အပျောက်သုံးခုကို ပစ်ခွင်းလိုက်သည်။ တစ်ဖန် ပျံလွှားကလည်း မိစ္ဆာကောင်ကြီး၏ ညာဖက်ခြမ်းတွင်ရှိသည့် အစက်အပျောက်သုံးခုကိုရှင်းလိုက်တော့သည်။
“ငခမ်းရေ၊ ရှစ်ခုတော့တွေ့ပြီ၊ နောက်တစ်ခုက ဘယ်မှာလဲဟ”
မိစ္ဆာကောင်ကြီးက လူးလွန့်နေသဖြင့် စည်သူတို့မှာ မထိခိုက်မိအောင် ရှောင်ရှားနေရသည်။ မိစ္ဆာကောင်ကြီးက ပက်လက်လှန်လိုက်သဖြင့် ကျန်နေသေးသည့်အစက်အပျောက်တစ်ခုကို ငခမ်းမြင်တွေ့လိုက်ရသည်။
“လက်စသတ်တော့ နောက်ဆုံးမှိုချက်က ရင်၀မှာရှိတာပဲ”
ငခမ်းလည်း မိုးပေါ်မှအရှိန်ဖြင့်ထိုးဆင်းလိုက်ကာ ထိုမှိုချက်အား လက်သီးဖြင့်ထိုးချလိုက်လေသည်။ လက်သီးဖြင့်ထိုးချလိုက်သည်နှင့် ငခမ်းတစ်ယောက် အဖြူရောင်အသားစိုင်ပျော့ပျော့များအတွင်းသို့ တိုးဝင်သွားပြီး မကြာခင် မိစ္ဆာကောင်ကြီး၏ ဝမ်းဗိုက်အတွင်းသို့ရောက်သွားလေသည်။ စည်သူနှင့် ပျံလွှားတို့က မိစ္ဆာနိုင်အင်းများကို မိစ္ဆာကောင်ကြီး၏ တစ်ကိုယ်လုံးအနှံ့သို့ လိုက်လံကပ်နေလေရာ မိစ္ဆာကောင်ကြီးမှာ မလှုပ်မရှားနိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။
နှလုံးခုန်သံကြီးကို ဝမ်းဗိုက်အတွင်း ကျယ်လောင်စွာကြားရလေသည်။ ငခမ်းတစ်ယောက် လေပြွန်မှတဆင့် ဆက်လက်တက်လာရာ မကြာခင် နီရဲစွာတာက်ပနေသည့် အလုံ့းကြီးတစ်လုံးကိုတွေ့လိုက်ရသည်။ ထိုအလုံးကြီးမှာလည်း လှုပ်ရှားနေလေသည်။
“ဒါ၊ ဒါက နှလုံးကြီးလား”
ငခမ်းကြည့်နေစဉ်မှာပင် သူ့ကျောကုန်းတွင်လွယ်ပိုးထားသည့် လက်ပြတ်တစ်ဖက်က သူ့အလိုလိုပြုတ်ထွက်သွားသည်။ ထို့နောက် အဝတ်စများ ကွာကျသွားပြီး လက်ဝါးမှပါးစပ်ပြဲကြီးပေါ်လာလေသည်။
“အသေးလေး၊ မင်း၊ မင်းမသေဘူးလား”
“ပုံမှန်လူဆိုရင်တော့ ငါ့အစိတ်အပိုင်းတွေပါ သေဆုံးသွားမှာ၊ ဒါပေမယ့် မင်းက မသေနိုင်တဲ့ကျိန်စာကို မိထားတဲ့လူဆိုတော့ မင်းလက်က မသေဘူးမဟုတ်လား၊ မင်းလက်မသေသရွေ့ ငါကအဲဒီလက်မှာ ကပ်နေနိုင်တယ်ကွ”
အသေးလေးက ပါးစပ်ကြီးကိုပြဲနေအောင်ဟလိုက်ပြီး လေများကိုစုပ်သွင်းနေလေသည်။ ထိုအခါ မိစ္ဆာကောင်ကြီး၏ နှလုံးမှာတုန်ယင်လာပြီးနောက် နှလုံးအတွင်းမှ လူတစ်ရပ်နီးပါးရှိသည့် အနီရောင်အလင်းလုံးကြီးတစ်လုံးမှာ အသေးလေးထံသို့ ပျံသန်းလာလေသည်။
“မလုပ်နဲ့။ အသေးလေး၊ မလုပ်နဲ့”
ငခမ်းက ထိုအလုံးကြီးကိုပြေးဆွဲလိုက်သော်လည်း သူ့လက်နှင့်ဖမ်းဆုပ်ကိုင်မရပေ၊ အနီရောင်မိစ္ဆာအမြုတေစွမ်းအင်လုံးကြီးကို မျက်စိဖြင့်မြင်နေရသော်လည်း တကယ်တမ်းလက်နှင့် ဖမ်းဆုပ်ကိုင်သည့်အခါတွင်တော့ လေကိုဖမ်းဆုပ်ရသကဲ့သို့ဖြစ်နေသည်။
အလင်းလုံးကြီးမှာ အသေးလေးပါးစပ်အနီးသို့ရောက်သည်နှင့် အနီရောင်အလင်းတန်းများမှာ ပါးစပ်အတွင်းသို့တိုးဝင်သွားသည်။ အလင်းလုံးကြီးလည်းတဖြည်းဖြည်းသေးငယ်သွားပြီး နောက်ဆုံးတွင်ပျောက်ကွယ်သွားလေသည်။
“ကောင်းလိုက်တဲ့စွမ်းအင်တွေကွာ”
အသေးလေးက ပြောဆိုပြီး ပါးစပ်ကိုလျှာဖြင့်သပ်နေသေးသည်။
“ငခမ်း၊ မင်းအစွမ်းတွေမလိုချင်ဘူးလားကွ”
ငခမ်းက အသေးလေးကို ကြောင်ပြီးကြည့်နေကာ ခေါင်းခါလိုက်သည်။
“မင်းလက်ကို မင်းကိုယ်မှာပြန်တပ်လိုက်စမ်းပါ၊ ငါတို့နှစ်ယောက်က အတူတူပဲ၊ မင်းကငါမရှိလို့မဖြစ်သလို၊ ငါကလည်းမင်းမရှိလို့မဖြစ်ဘူး”
“မဖြစ်ဘူး၊ ခင်ဗျားကိုပြန်တပ်လို့မဖြစ်ဘူး၊ ရှဲန်ဆိုင်ကိုခင်ဗျားသတ်ခဲ့တာ၊ ခင်ဗျားသာ လူစိတ်ရှိရင် ဒီလိုလုပ်မှာမဟုတ်ဘူး”
“မိစ္ဆာဆိုမှ လူစိတ်ရှိမလားကွ”
ငခမ်းက သူ့လက်တစ်ဖက်ကိုပြန်ကောက်လိုက်ပြီး အဝတ်နှင့်သေချာထုပ်ကာစည်းနှောင်လိုက်သည်။ ထိုစဉ် မကာရမိစ္ဆာကြီးမှာ တဖြည်းဖြည်းလှုပ်ရှားလာလေသည်။ သို့သော်အသက်ဝင်လှုပ်ရှားလာသည်တော့မဟုတ်ဘဲ အသားများတုန်ယင်လာခြင်းဖြစ်သည်။ ငခမ်းက လက်ပြတ်ကြီးကို ကျောကုန်းတွင်ပြန်လွယ်လိုက်ပြီး မကာရမိစ္ဆာကောင်ကြီး၏ နှာခေါင်းပေါက်မှ ပြန်ထွက်ခဲ့သည်။
ပျံလွှားနှင့် စည်သူတို့မှာ အံ့ဩစွာဖြင့် မကာရမိစ္ဆာကောင်ကြီးအပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ သူတို့ကပ်ထားသည့် မိစ္ဆာနိုင်အင်းများမှာ မိစ္ဆာကောင်ကြီး ကိုယ်လုံးပေါ်မှ ကွာကျပြီးနောက် လေတစ်ချက်အဝေ့တွင် လွင့်ပျံသွားလေသည်။
“မိစ္ဆာနိုင်အင်းက မကပ်တော့ဘူးဆိုတာ ဒီအကောင်ကြီး သေသွားလို့ပဲကွ”
စည်သူက ရေရွတ်လိုက်သည်။ ထိုစဉ်ငခမ်းက နှာခေါင်းပေါက်မှ အကျိအချွဲများဖြင့် ပြန်ထွက်လာလေသည်။ ဝမ်းဗိုက်အတွင်းမှ ပြန်ထွက်လာသည့်ငခမ်းကိုကြည့်ပြီး စည်သူတို့သုံးယောက်စလုံး အံ့ဩသွားသည်။
“ငခမ်း၊ မင်း . . မင်းဒီအကောင်ကြီးကို သတ်လိုက်တာလား”
ငခမ်းက ဘာပြောရမှန်းမသိသဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျုပ်လည်း စိတ်မထိန်းနိုင်ဘူးဖြစ်သွားတာနဲ့၊ ဒီကောင်ကြီးရဲ့နှလုံးသားကို ထိုးခွဲလိုက်တာ”
မုန်တိုင်းမှာ အေးအေးလူလူပြောလိုက်သည့် ငခမ်းစကားကိုကြားပြီး ဒေါသထွက်သွားသည်။
“မင်းကွာ၊ ပျံချီက မသတ်ရဘူးလို့ သေသေချာချာပြောထားတာကို မင်းကသတ်လိုက်တယ်လား”
မုန်တိုင်းက ဒေါသထွက်ထွက်နှင့် ငခမ်းအနားသို့တိုးကပ်လာလေသည်။ ပျံလွှားကလည်း ငခမ်းအနီးသို့လျှောက်လာပြိး
“ဒီကောင်ကြီးသေရင် ဘေးဆိုးကပ်ဆိုးကျမယ်လို့ ကြိုပြောထားရဲ့သားနဲ့ငခမ်းရာ”
ထိုအခါ စည်သူက ငခမ်းအရှေ့တွင်ဝင်ရပ်ကာ ဒေါသထွက်နေသည့် မုန်တိုင်းရင်ဘတ်ကိုလက်ဖြင့်တွန်းလိုက်သည်။
“မင်းတို့သူ့ကိုအပြစ်မတင်ကြပါနဲ့”
“ဘာလဲဗျ၊ ခင်ဗျား မနောထဲမှာဒီအကောင်ကြီးကိုသတ်ပြီး ဘေးဆိုးကပ်ဆိုးကျတာကရော ဖြစ်ကိုဖြစ်ရမယ့်အရာလား”
မုန်တိုင်း ကဒေါသထွက်ထွက်နှင့် ပြန်မေးလိုက်သောအခါ စည်သူက ခေါင်းညိတ်လိုက်သည်။
“မင်းကိုငါစနောက်နေတာမဟုတ်ဘူးမုန်တိုင်း၊ ဒါပေမယ့် ဒါကတော့ ကံတရားရဲ့စီစဉ်မှုအတိုင်းပဲ”
မုန်တိုင်းကတစ်ဖက်သို့လှည့်သွားလေသည်။ မကာရမိစ္ဆာကောင်ကြီးမှာ တဖြည်းဖြည်းအသားများပဲ့ကျလာပြီးနောက် အသားများမှာ မြစ်ရေပြင်နှင့်ထိတွေ့သည့်အခါ အရည်ပျော်ကျသွားလေသည်။ မကာရမိစ္ဆာကောင်ကြီး၏ ဦးခေါင်းထိပ်မှာ အပြာရောင်အလုံးကလေးတစ်လုံးက မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။ အပြာရောင်အလုံးကလေးမှာ တောက်ပစွာလင်းလက်နေပြီး မိုးပေါ်သို့ရောက်သွားသည့်အခါ ကြယ်ကလေးတစ်စင်းနှင့်ပင် တူညီနေလေသည်။
“ဒါဘာဖြစ်သွားတာလဲ”
မုန်တိုင်းက အံ့ဩစွာကြည့်ရင်း အတွေ့အကြုံ၊ ဗဟုသုတများသည့် စည်သူအားမေးမြန်းလိုက်သည်။
“ဒီအကောင်ကြီးက ရိုးရိုမိစ္ဆာမဟုတ်ဘူးကွ၊ နတ်မိစ္ဆာကွ၊ ဒါကြောင့်သူသေသွားတော့ သူ့ရဲ့နတ်ဝိညာဉ်အသက်ဓါတ်က မိုးပေါ်ကိုပြန်သွားတာပေါ့ကွာ”
သူတို့ကြည့်နေစဉ်မှာပင် ကြည်လင်နေသည့် ကောင်းကင်ကြီးတွင် တိမ်သားတိမ်လိပ်များက တဖြည်းဖြည်းရစ်ဆိုင်းလာကြသည်။ အရှေ့၊ အနောက်၊ မြောက်၊ တောင် လေးဖက် လေးအရပ်မှာ မိုးသားတိမ်လိပ်ကြီးများက တဖြည်းဖြည်းရွေ့လျားလာလေသည်။
“ကိုင်း၊ ကျုပ်တို့ဘာလုပ်ကြမလဲ”
ငခမ်းက ထိုနေရာမှလှည့်ထွက်သွားသည်။
“ကျုပ် ဒီလက်ကြီးကိုသွားပြန်ထားရအုံးမယ်”
“မင်းဘယ်ကိုသွားမှာလဲ”
“တောင်မြင့်တောင်ကြီးတစ်နေရာပေါ့ဗျာ”
မုန်တိုင်းကပြုံးလိုက်ပြီး
“ဟာ၊ ဒါဆိုအတော်ပဲကွ၊ အခုမြစ်ဆိပ်၊ လှေဆိပ်လည်းမရှိတော့ဘူး၊ ငါ့အကြွေးရှင်တွေလဲ ထွက်ပြေးသွားပြီဆိုတော့ ငါ ကရင်နီပြည်ကိုပြန်တော့မယ်ကွာ၊ တောင်မြင့်တောင်ဆိုတော့ ငါသွားမယ့်လမ်းနဲ့ လမ်းတူနေတယ်၊ ငါမင်းနဲ့ လိုက်ခဲ့မယ်ငခမ်း”
ငခမ်းက ဘာမှမပြောတော့ပေ။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဟု ယူဆရသဖြင့် မုန်တိုင်းက သူ့လက်စွဲတော် လေးနှင့်မြားကိုထုတ်ပိုးလိုက်ပြီး ကျောတွင်လွယ်လိုက်လေသည်။
“စည်သူ၊ ခင်ဗျားရော ဘယ်ကိုသွားရမှာလဲ”
ပျံလွှားကမေးလိုက်သည့်အခါ စည်သူက လက်အုပ်ချီလိုက်ပြီး လက်အုပ်ကိုနဖူးနားတွင်တင်ထားလိုက်ကာ တစ်ခုခုကိုအာရုံခံနေပုံရသည်။ ခဏကြာတော့မှ
“ယိုးဒယားဘက်တက်ရမယ်”
မုန်တိုင်းက ပျော်ရွှင်သွားလေသည်။
“ဒါဆိုအတော်ပဲပေါ့၊ ခင်ဗျားကျုပ်တို့နဲ့လိုက်ခဲ့စည်သူ၊ ကရင်နီပြည်ကနေ ယိုးဒယားဘက်ဖောက်ထွက်ပေါ့ဗျာ”
စည်သူလည်း တွေးဆရင်း ခေါင်းညိတ်လိုက်သည်။ ပျံလွှားကတော့ ရေဆန်ဓါးမြန်ကလေးများကို ပုဝါကလေးတစ်ခုနှင့် ပွတ်သပ်နေရင်း
“ကျုပ်လည်း လိုက်ခဲ့မယ်”
“မင်းလိုက်ခဲ့တော့ ခုနကမင်းကိုင်လာတဲ့ ကလေးကိုဘယ်လိုလုပ်မလဲ”
ပျံလွှားက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး
“လှေဆိပ်ကလူတွေ တစ်ယောက်မှ မရှိတော့ဘူးလေဗျာ၊ ကျုပ်က ဒီကလေးကို ဘယ်မှာလိုက်ပြီးရှာနေရမှာလဲ”
စည်သူက ခေါင်းညိတ်လိုက်ပြီး ပျံလွှားပုခုံးကိုပုတ်လိုက်သည်။
“အေးကွာ၊ ကံစီမံရာပဲပေါ့၊ ပျံချီရဲ့သားကလေးက တစ်အိမ်သားလုံးအသတ်ခံရတာတောင်မှ လွတ်လာတယ်ဆိုတော့ နှယ်နှယ်ရရကောင်လေးတော့မဟုတ်ဘူးကွ၊ ဒီကောင်လေးက လွယ်လွယ်နဲ့သေမယ့် ကောင်လေးမဟုတ်မှန်း ငါပြောရဲတယ်”
“ကဲ၊ ကျုပ်တို့စကားပဲထိုင်ပြောနေတော့မှာလား၊ ဒီအကြောင်းကိုရဲမက်တွေသိပြီး ရောက်လာမှ ကျုပ်တို့ကိုဖမ်းဆီးနေပါအုံးမယ်”
မုန်တိုင်းကပြောလိုက်တော့မှ သူတို့လေးယောက် အတူတူလျှောက်လာခဲ့ကြလေသည်။ ထိုစဉ်ကောင်ကင်မှ မိုးစက်မိုးပေါက်များက ကျဆင်းလာလေသည်။ မိုးစက်မိုးပေါက်များမှာ မကာရမိစ္ဆာကောင်ကြီးနှင့် ထိတွေ့သည့်အခါ မိစ္ဆာကောင်ကြီး၏ အကြေးခွံများ၊ အရိုးများမှာ အရည်ပျော်ကျသွားကာ သဲသောင်ပြင်တွင် မိစ္ဆာကောင်ကြီး၏ အစအနပါ ပျောက်သွားလေသည်။
(၆)
“ဂျိန်း”
“ဝုန်း . . . ဂျိန်း”
မိုးခြိမ်းသံကြီးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အသံပေးနေသလို မိုးကောင်းကင်တစ်ခွင်လုံးလည်း မည်းမှောင်နေလေသည်။ အချိန်က နေမွန်းတည့်ချိန် နေ့ပဟိုရ်နှစ်ချက်တီးအချိန်ဖြစ်သော်လည်း နေအလင်းရောင်မထွက်ရှိဘဲ ညနေခင်းတစ်မျှ မှောင်မိုက်နေသဖြင့် အမရပူရနန်းတော်ကြီးတွင် ဆီမီးတိုင်ကြီးများထွန်းထားကာ အလင်းပေးထားရသည်။
“ကယ်တော်မူကြပါ”
“ကယ်တော်မူကြပါ မင်းကြီး”
မိုးကတစ်ချက်မှ မတိတ်ဘဲ သုံးရက်တိုင်တိုင်ရွာသွန်းသည့်အတွက်ကြောင့် အမရပူရမြို့ကြီးတစ်မြို့လုံး ရေလွှမ်းမိုးသည့်ဒဏ်အကို အလူးအလဲခံရသည်။ မြို့တော်ကြီးတစ်ခုလုံးရှိ နေအိမ်များရေဘေးဒဏ်သင့်ကာ အိမ်ခေါင်မိုးပင်မပေါ်တော့ပေ၊ ရေဘေးကြောင့် လူအများမှာ ကုန်းမြင့်ရာသို့ရွေ့ပြောင်းနေကြသည်။ လူအတော်များများမှာ မြို့ရိုးကြီးပေါ်တွင် တက်နေရသည်။ ဝါးနှစ်ပြန်မကမြင့်သော မြို့ရိုးကြီး၏ သူရဲပြေးလမ်းများကိုပင် ရေများကတိုက်စားနေပြီဖြစ်သည်။ မြို့ရိုးကြိးပေါ်တွင် နားခိုနေကြရသော မြို့သူမြို့သားများမှာ မြို့ရိုးပြိုမယ်ကို ထိတ်လန့်လျှက် တုန်လှုပ်နေကြလေသည်။
“အသေအပျောက်စာရင်းတွေ သိရပြီလား မင်းကြီးများရဲ့”
“မှန်ပါ အသေအပျောက်စာရင်းတင်မက၊ ဆုံးရှုံးမှုတန်ဖိုးကို မတွက်ချက်နိုင်သေးပါ မင်းကြီး”
မင်းတုန်းမင်းကြီး အလွန်စိတ်ညှိုးနွမ်းနေရသည်။ စိတ်လက်မသာမယာနှင့် နန်းဦးစောက်သို့ထွက်မျှော်ကြည့်ရာ ကုန်းမြင့်ပေါ်တွင်တည်ထားသည့် နန်းတော်ကြီးပင်လျှင် ရေများကတိုးလျှက်ရှိပြီး နန်းရင်ပြင်အကုန်လုံးရေနစ်မြုပ်နေသည်။ နန်းဦးစောက်မှကြည့်သည့်အခါ အမရပူရမြို့ကြီးမှာ ဧရာ၀တီမြစ်ပြင်နှင့် တသားတည်းဖြစ်နေတော့သည်။
ကင်းဝန်မင်းကြီးက မင်းတုန်းမင်းကြီးထံသို့အခစားဝင်ရောက်လာလေသည်။
“မိုးကြီး၊ ရေကြီးနေတာကို မင်းကြီးအမိန့်ဖြင့် တားမြစ်သင့်ပါသည်ဘုရား”
“အလို၊ ငါက တားမြစ်လို့ရမယ်တဲ့လား”
“မှန်ပါတယ်၊ ပသေနဒီကောသလမင်းလက်ထက်မှာ ရေကြီးစဉ်က ရေမြေ့အရှင်မင်းကြီးက မိုးနဲ့ရေကိုအမိန့်ပေးပြီး တိတ်စေပါတယ်၊ အခု မင်းကြီးကလည်း ရေမြေ့သနင်း ပြည့်ရှင်မင်းဖြစ်သည့်အတွက် ဒီရေ၊ ဒီမြေကို မင်းကြီးပိုင်စိုးပါတယ်၊ နောက်ပြီး မင်းကြီးက သာသနာပြု မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သည့်အတွက် မင်းမှာသစ္စာ လူမှာကတိဆိုတဲ့အတိုင် သစ္စာစကားဆိုပြီး မိုးကိုရပ်တန့်ရန် ခိုင်းစေသင့်ကြောင်းပါ”
မင်းတုန်းမင်းကြီးက လက်စွဲတော်သန်လျက်ကို စွဲကိုင်လိုက်ပြီး မိုးကောင်းကင်သို့ထိုးချိန်လိုက်သ်ည။
“ငါက သာသနာတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့မင်းတစ်ပါးဖြစ်တယ်၊ အခုလိုမိုးရွာတဲ့အတွက် သာသနိက အဆောက်အဦးတွေနဲ့ ရဟန်းသံဃာတော်တွေအကုန်လုံး ဘေးဒုကတွေ့ကြရတယ်၊ ငါမင်းဖြစ်တဲ့အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့အညီ မင်းလုပ်အုပ်ချုပ်တယ်၊ သာသနာတော်ကို ချီးမြှောက်တယ်၊ လူသူလေးပါးကြီး ကြီးမားတဲ့အလှူကြီးဆယ်မျိုးပေးခဲ့ပြီး၊ တိရစာန်တွေကိုလည်း ဘေးမဲ့ပေးတော်မူခဲ့တယ်၊ ဒီစကားက မှန်တဲ့၀စီ သစ္စာစကားဖြစ်တယ်၊ ဒီလိုမှန်ကန်တဲ့ သစ္စာစကားကြောင့် အခုရွာနေတဲ့မိုးကြီး ချက်ချင်းတိတ်ပါစေ၊ တက်နေတဲ့ဒီရေတွေ ချက်ချင်းကျပါစေသား”
မင်းတုန်းမင်းကြီး သစ္စာဆိုပြီးသည်နှင့် သည်းထန်စွာရွာသွန်းနေသည့်မိုးကြီးမှာ တဖြည်းဖြည်းစဲသွားတော့သည်။ မကြာမီအချိန်တွင် မိုးသားတိမ်လိပ်များ ကင်းစင်သွားကာ ကြည်လင်ပြာလံသည့် ကောင်းကင်ကြီးကို ပြန်လည်မြင်တွေ့လိုက်ရသည်။ မြို့တော်တစ်ခွင် တက်နေသည့်ရေများမှာလည်း တဖြည်းဖြည်းကျဆင်းလာလေသည်။ မူးမတ်များလည်း မင်းတုန်းမင်းကြီးအား ချီးမွမ်းထောမနာပြုကြလေသည်။
ထိုအခါ အိမ်ရှေ့စံကနောင်မင်းသားကြီးက အနားသို့တိုးကပ်လာလေသည်။
“မှန်ပါအကိုတောမင်းကြီး၊ အကိုတော်မင်းရဲ့သစ္စာကြောင့် ရေကြီးတာလျော့ကျသွားတယ်ဆိုပေမယ့်လည်း ပူပန်တွေးတောစရာ အရေးတစ်ခုရှိနေကြောင်းပါ”
“လျှောက်တင်စေ ညီတော်”
“သုံးရက်လောက်မိုးရွာလိုက်တာနဲ့ ရေကြီးပြီးတော့ နန်းဦးစောက်အထိ လှေရောက်နိုင်တာကို ညီတော်အနေနဲ့ မရှုဝံ့ဖြစ်နေပါတယ်မင်းကြီး၊ တကယ်လို့ နယ်ချဲ့တွေသာ မိုးရွာတဲ့အချိန်၊ အခုလိုရေကြီးတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ လာရောက်တိုက်ခိုက်ခဲ့ရင် နန်းဦးစောက်ကို လှေရောက်နိုင်တဲ့အတွက် ကျွန်တော်မျိုးတို့မှာ ကြက်ကလေးငှက်ကလေးဖမ်းသလို လွယ်လွယ်ကူကူ အရေးနိမ့်ကြရပါလိမ့်မယ်”
မင်းတုန်းမင်းကြီးက ကနောင်မင်းသားကြီးတင်လျှောက်သည်ကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားနေပုံရသည်။
“အကိုတော်မင်းကြီး၊ နယ်ချဲ့တွေရဲ့ အားက ရေလမ်းသင်္ဘောတွေဖြစ်ပါတယ်၊ နယ်ချဲ့တွေနဲ့ ဖြစ်ခဲ့တဲ့ ရှေ့ကစစ်ပွဲနှစ်ပွဲကို အသေအချာလေ့လာကြည့်ရင် နယ်ချဲ့တွေဟာ ရေလမ်းခရီးကိုအားသာပြီး သူတို့ရဲ့ သင်္ဘောတွေက အမြှောက်လက်နက်ကို အလွန်အားကိုးပါတယ်၊ ဓနုဖြူတိုက်ပွဲကိုကြည့်မယ်ဆိုရင်လည်း ခံတပ်ကြီးကို မြစ်လယ်ကနေအမြှောက်တွေနဲ့ လက်နက်မိုးရွာသလို သွန်းဖြိုးပြီးတော့မှ တိုက်ခိုက်ခဲ့လို့ ကျွန်တော်မျိုးတို့ ဗမာတွေ အရေးနိမ့်ခဲ့ရတယ်၊ ဒဂုံစစ်ပွဲကိုကြည့်မယ်ဆိုရင်လည်း နယ်ချဲ့တွေက လှိုင်မြစ်တစ်လျှောက် စစ်သင်္ဘောတွေနဲ့ အစုန်အဆန်ဆင်းပြီး ကျွန်တော်မျိုးတို့တည်ဆောက်ထားတဲ့ ခံတပ်တွေကို အရင်ဖျက်ဆီးနိုင်ခဲ့တာ သာဓကတစ်ခုပဲ အကိုတော်၊ အခုလည်း နယ်ချဲ့တွေသာ မိုးကြီးချိန်၊ ရေကြီးချိန်ကိုတွက်ချက်ပြီး စစ်ထိုးလာခဲ့ရင် ကျွန်တော်မျိုးတို့ဘက်က အရေးနိမ့်ဖို့ သေချာသလောက်ပါပဲ အကိုတော်”
“အိုကွာ၊ ငါတို့ကလည်း ငြိမ်ခံနေမလားကွ၊ သူတို့တိုက်ခိုက်တာကို ပြန်ပြီးခုခံရမှာပေါ့၊ သူတို့သင်္ဘောတွေကို ဖျက်ဆီးဖို့ နည်းလမ်းတွေရှိပါတယ်ကွ”
ကနောင်မင်းသားကြီးက ခေါင်းခါလိုက်သည်။
“ကျွန်တော်မျိုးတို့ရဲ့ သင်္ဘောဖျက်တဲ့ မီးဖောင်လွှတ်တဲ့နည်းလမ်းက အလွန်ရှေးကျပြီး အိုဟောင်းနေတဲ့နည်းလမ်းတစ်ခုပါ၊ ဒဂုံတိုက်ပွဲမှာ နယ်ချဲ့တွေက ဒီရေတိုးတံအချိန် ချီတက်လာလို့မီးဖောင်လွှတ်မရတာကို အကိုတော်ထောက်ရှုသင့်ပါတယ်”
“အေးကွယ်၊ ဒါဆိုငါက ဘာလုပ်ရမှာလဲ”
“အမရပူရမြို့က ရှေးဘုရင်တွေ ထီးနန်းစိုက်တဲ့မြို့တစ်မြို့ဆိုပေမယ့် မြို့စီးပြစီး သေးငယ်ပါတယ်၊ မြို့အကွက်အဝင်း ကျဉ်းပါတယ်၊ ဒီတော့အခုလိုတိုးတက်စည်ကားလာတဲ့အခါ မြို့တော်အတွင်းမှ လူဦးရေထူထပ်ပြီး အိမ်ကလေးတွေကျဉ်းလာပါတယ်အကိုတော်၊ ဒါကြောင့်မို့ အကိုတော် မြို့သစ်တစ်ခုတည်ပြီး မင်းနေပြည်တော်ကိုလည်း ရွေ့ပြောင်းသင့်ကြောင်းပါ”
မင်းတုန်းမင်းကြီးက သေချာစဉ်းစားပြီး ခေါင်းညိတ်သည်။
“ဒါတော့ ဟုတ်တယ်ကွဲ့၊ ငါကိုယ်တော်မြတ်လဲ အမရပူရမြို့ကိုသိပ်ပြီး စိတ်တိုင်းမကျလှဘူး၊ ဒါနဲ့ ညီတော်က ဘယ်နေရာကိုများ မြင်ထားသလဲကွဲ့”
“အမရပူရမြို့ကနေ မြောက်အရပ်ကိုတက်သွားရင် မဏ္ဍလတောင်ဆိုတဲ့ တောင်ရှိပါတယ်၊ အဲဒီတောင်ခြေနားမှာ ထီးပေါင်းကားလို့ခေါ်တဲ့ ပြန့်ပြူးတဲ့လွင်ပြင်ကြီးတစ်ခုရှိပါတယ်၊ အဲဒီလွင်ပြင်ကြီးကို ကန်ကြီးကိုးကန်၊ ကုန်းကြီးကိုးကုန်း၊ တောင်ကိုးလုံးနဲ့ ဝန်းရံထားတဲ့အပြင် မြစ်ဆိပ်မြစ်ကမ်းနဲ့လည်း အတန်ငယ်လှမ်းတာကြောင့် နယ်ချဲ့တို့ကိုခုခံတဲ့နေရာမှာလည်း ကောင်းတဲ့အပြင်၊ မြို့စီးပြစီးကိုလည်း ခိုင်ခိုင်မာမာတည်ဆောက်နိုင်ကြောင်း ညီတော်လေ့လာပြီးပါပြီ”
“မသင့်လျော်ကြောင်းပါဘုရား၊ အိမ်ရှေ့စံမင်းသားပြောတာ မသင့်လျော်ကြောင်းပါ”
အမတ်ကြီးများက ကန့်ကွက်ကြသည်။
“မြို့သစ်တည်ဆောက်၊ နန်းသစ်ဆောက်တယ်ဆိုတာ အင်မတန်မှ ငွေကြေးအကုန်အကျများလွန်းလှပါတယ်၊ နောက်ပြီး မြို့သူမြို့သားတို့လည်း အလွန်ပင်ပန်းဆင်းရဲရောက်လှပါတယ်၊ သူတို့နေထိုင်တဲ့နေရာပျောက်ပြီး နေရာသစ်ရောက်တာကို မလိုချင်ကြပါ၊ ဒါကြောင့် မြို့သူမြို့သားတို့ မကျေနပ်လို့ ပုန်ကန်ခဲ့ရင် “ပြည်တင်းရင် မင်းမခံဝံ့” ဆိုတဲ့စကားနဲ့အညီ မင်းကြီးရဲ့ထီးနန်းစည်းစိမ်ကိုပါ ထိပါးလားနိုင်တဲ့အရေးပါ”
ဝန်မင်းကြီးတစ်ပါးက လျှောက်တင်သည်။ မင်းတုန်းမင်းကြီးလည်း အလွန်ဒွိဟဖြစ်နေရသည်။ ကနောင်မင်းသားကြီးက မင်းတုန်းမင်းကြီးအနားသို့တိုးကပ်ပြီး
“အကိုတော်လုပ်ချင်တယ်ဆိုရင် ညီတော်မဖြစ်ဖြစ်အောင် ကြံပေးပါ့မယ်”
“ညီတော်ရဲ့အစွမ်းကို ယုံကြည်ပါတယ်ကွယ်၊ ဒါပေမယ့် . . .”
ကနောင်မင်းသားကြီးက မူးမတ်များဘက်သို့လှည့်လိုက်ပြီး
“နန်းသစ်ဆောက်ဖို့အရေး မသင့်လျော်တဲ့အချက်တွေရှိရင် တင်လျှောက်ကြပါ၊ ကျုပ်က အကိုတော်ရဲ့ကိုယ်စား ဖြေရှင်းပေးမယ်”
“အရင်ဆုံး နန်းသစ်ဆောက်ဖို့အတွက် သစ်လုံး၊ သစ်ကောင်းတွေကို နှစ်နဲ့ချီရှာဖွေရပါမယ်၊ ဒီလိုရှာဖွေဖို့အတွက်လည်း အသပြာများစွာ ကုန်ကျပါမယ်၊ မင်းကြီး ထောက်ချင့်တွေးတောပေးပါ”
“မပူပါနဲ့၊ ကျုပ်တို့ နန်းသစ်ဆောက်တဲ့အခါ ဒီအမရပူရနန်းတော်ကိုဖျက်ပြီးတော့ ဒီနန်းတော်ကသစ်တွေနဲ့ပဲ နန်းသစ်ဆောက်မှာပါ”
ထိုအခါ နောက်အမတ်တစ်ဦးက ထလိုက်ပြီး
“မြို့သူမြို့သားတွေက အခုလက်ရှိနေနေတဲ့နေရာကိုမစွန့်ချင်ကြပါ၊ ဒါက ဒုတိယအချက်ပါ”
“မြို့သူမြို့သားတွေကို ရှေးဘုရင်တွေကို အာဏာကိုအသုံးချပြီး အတင်းအဓမ ပြောင်းရွှေ့ခိုင်းမှာမဟုတ်ပါဘူး၊ ကျုပ်တို့အရင်ဆုံး မြို့သူမြို့သားတွေ ကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေကို ရွေ့မယ်၊ ဒါဆိုရင် သံဃာတော်တွေရဲ့ ဒကာရင်းတွေက လိုက်ပါလာကြလိမ့်မယ်၊ နောက်ပြီး ဈေး၊ ကျောင်း၊ ပွဲရပ်၊ သဘင်၊ မဏ္ဍပ် အကုန်လုံးနဲ့ ရဲမက်အမှုထမ်းတွေကို ရွေ့လိုက်တဲ့အခါ မြို့သူမြို့သားတွေဟာ အခွံပဲရှိတဲ့ မြို့ဟောင်းကြီးမှာ နေချင်ကြမှာမဟုတ်ဘဲ သူ့အလိုလို လိုက်လံရွှေ့ဆောင်မှာဖြစ်ပါတယ်”
ကင်းဝန်မင်းကြီးက
“တင်ပါတယ်ဘုရား၊ မြို့သူမြို့သားတွေ ကြည်ကြည်ဖြူဖြူရွေ့စေဖို့အတွက် ဘုရားကျွန်တော်မျိုးက နိုင်ငံရေးအလှည့်အပြောင်းတစ်ခုတွေးကြံပြီးသားပါ၊ မဏ္ဍလတောင်က အခုအရပ်မှာ အထင်အရှားရှိပါတယ်၊ အရှင်မင်းကြီးက ရှေးဘ၀တုန်းက မြတ်စွာဘုရားထံကနေပြီး ယခုမြို့သစ်ရွေ့မယ့်နေရာမှာ မင်းကောင်းမင်းမြတ်ဖြစ်ပြီး မြို့ကြီးတည်ဆောက်နိုင်မယ်လို့ဗျာဒိတ်တော်ရကြောင်း သတင်းလွှင့်လိုက်ရင် မြို့သူမြို့သားအများစု ကျေနပ်နိုင်ကြောင်းပါ”
အမတ်များထပ်မံကန့်ကွက်စရာမရှိတော့ပေ။ စစ်သူကြီးများကလည်း စစ်ရေးအနေဖြင့် ထိုနေရာက ယခုထက် ပိုပြီးအရေးသာသည်ကတစ်ကြောင်း၊ အိမ်ရှေ့စံကနောင်မင်းသားကြီး၏ လူများက နန်းတွင်းတွင် များပြားနေသည်ကတစ်ကြောင်းမို့ နောက်ဆုံး နန်းသစ်တည်ထောင်ဖို့ အရေးကို အတည်ပြုလိုက်လေတော့သည်။
သို့နှင့် မြန်မာသကရာဇ် ၁၂၁၈ ခုနှစ် တပို့တွဲJလတွင် မင်းတုန်းမင်းကြီးက ထီးပေါင်းကားအရပ်တွင် မင်းနေပြည်တော်ကြီးအသစ်တစ်ခုတည်ရန်အတွက် အမိန့်ချမှတ်လိုက်တော့သည်။ ထိုအချိန်မှစတင်ပြီး အမရပူရနန်းဆောင်များကို ဖျက်သိမ်းကာ တိုင်လုံးများကို ဆင်တပ်နှင့်သယ်ယူစေသည်။ လူအများကိုးကွယ်နေသည့် ရွှေကျင်ကျောင်းတိုက်ကြီးနှင့် အခြားကျောင်းတိုက်များကိုလည်း မဏ္ဍလတောင်ခြေတွင် ရွေ့ပြောင်းစေသည်။
တောင်ကိုးလုံးဝန်းရံနေသည့် မဏ္ဍလတောင်ကိုအစွဲပြုကာ ထိုနေရာကို မန္တလေးဟု ခေါ်ဝေါ်လာကြသည်။ ၁၂၂၀ခုနှစ်တွင် မင်းတုန်းမင်းကြီးက နန်းတော်သစ်ကိုပြောင်းရွေ့သိမ်းပိုက်ခဲ့ပြီး ၁၂၂၁ခုနှစ်တွင် မြို့ရိုးအပါအဝင် မြို့တော်ခုနစ်ဌာနကို အုတ်မြစ်ချခဲ့သည့်အတွက် အုတ်ကျစ်ကျော်အေး မန္တလေးဟု အမည်တွင်ခဲ့လေသည်။ ကနောင်မင်းသားကြီးနှင့် ခေတ်မီအတွေးအမြင်ရှိသည့် မူးမတ်များ၊ အသိပညာရှင်များက စနစ်တကျဖြင့် အကွက်ပေါင်း ၁၄၄ ကွက်ရှိသည့် မြို့သစ်ကြီးကိုတည်ထောင်လိုက်ကြကာ ရတနာပုံနေပြည်တော်ဟု အမည်ကင်ပွန်းတပ်လိုက်ကြလေသည်။
ပြီးပါပြီ။
အတွဲ(၂) ပြီး၏။