(ဖြစ်ရပ်မှန်)
(မှတ်ချက်။ ။ မန္တလေးမှ သူရဲဈေးနှင့် ဘာမှမဆိုင်ပါ)
(က)
တောင်ငူခရိုင် အတွင်းတည်ရှိသည့် ကုန်းကြီးကျေးရွာသည် စည်ကားသည့်ရွာကလေးတစ်ရွာဖြစ်သည်။ ရထားလမ်းပေါက်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး စည်ကားလှသည်။ ကုန်းကြီးတွင် ငါးရက်တစ်ဈေးခင်းကြသည်။ ဈေးက သာမန်နေ့များတွင် ဈေးအသေးလေးသာရှိသော်လဲ ငါးရက်တစ်ဈေးကတော့ နီးစပ်ရာ ရွာများမှပါ လာရောက်ရောင်းချကြသဖြင့် အလွန်စည်ကားလှသည်။ မနက် ဝေလီဝေလင်းမှ စတင်ရောင်းချကြပြီး နေ့လည် ၁၀ နာရီလောက်ဆို ဈေးကွဲပြီဖြစ်သည်။
မိဝိုင်းက ကုန်းကြီးရွာ ဇာတိတော့မဟုတ်။ ကုန်းကြီးရွာသား ထွန်းရင်နှင့် အကြောင်းပါပြီး ကုန်းကြီးရွာတွင်နေဖြစ်သည်။ ထွန်းရင်က ပိုးထိ၍ ဆုံးသွားပြီးတော့ သမီးတစ်ယောက်ကျန်ခဲ့သည်။ သမီးလေးက ငါးနှစ်ခန့်ပင်ရှိသေးသည်။ ထွန်းရင် ဆုံးတော့ မိဝိုင်းရွှေတောင်ကြီးပြိုသလိုဖြစ်သည်။ နဂိုကတည်းက လယ်ပိုင်ယာပိုင်မဟုတ်သလို မိဝိုင်းက တောသူတစ်ယောက်မဟုတ်သည့်အတွက် တောအလုပ်များ မလုပ်ကိုင်နိုင်ပေ။ ထို့ကြောင့် မိဝိုင်းအကြွေးတွေ နစ်နေသည်။
ကံကောင်းချင်တော့ ကုန်းကြီးရွာစည်ကားလာပြီး မိဝိုင်းလဲ ဈေးရောင်းလေသည်။ ရွာထဲမှ ဗမာကြက်များ၊ မွေးမြူရေးကြက်များ၊ ဘဲများကို ဝယ်ယူပြီး သတ်ဖြတ်ကာ ကုန်းကြီးဈေးတွင် ပြန်ရောင်းချလေသည်။ ကံအကျိုးပေးသည်လား၊ မိဝိုင်းဈေးရောင်းကောင်းလို့လား မပြောတတ်၊ ကြက်သားရောင်းသည့်အလုပ်မှာ မိဝိုင်းအတွက် အလွန်အလုပ်ဖြစ်လေသည်။ ယခုဆိုလျှင် ကြက်သားရောင်းတာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မိဝိုင်းလဲ အကြွေးတွေ ကျေရုံသာမက သူတို့နေထိုင်သည့် အိမ်ကလေးကိုပါ သွပ်မိုးပျဉ်ကာ နိုင်လေသည်။
ကြက်သားရောင်းသည်က တွက်ခြေတော့ကိုက်သည်။ ညနေပိုင်းတွင် ကြက်ခြံများမှ ကြက်အရှင်များကို ဆိုင်ကယ်နှင့် လာပို့လေသည်။ မိဝိုင်းက ထိုကြက်များကို အိမ်အောက်တွင် တစ်ညလောက် မွေးထားလိုက်သည်။ အစာတော့ မကျွေးပါ။ အဘယ့်ကြောင့်ဆိုသော် အစာကျွေးလိုက်လျှင် အမြစ်များအတွင်း အစာများပြည့်နေတတ်သည်။ မနက် သုံးနာရီလောက်ဆိုရင်တော့ အိပ်ယာထပြီး ကြက်တွေကို သတ်သည်။ ထို့နောက် အမွှေးနှုတ်ပြီး ဆနွင်းလူးပြီးလျှင်တော့ ထိုနေ့အတွက် ကြက်သားရောင်းရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုသို့ကြက်သားရောင်းရခြင်းက ခေါက်ချိုးနီးပါး မြတ်လေသည်။
မိဝိုင်းက အရွယ်ရှိသေးသော်လည်း နောက်အိမ်ထောင်ထပ်ပြုဖို့ မစဉ်းစားတော့ဘဲ သားအမိနှစ်ယောက်သာ ဆက်နေထိုင်ရန်ဆုံးဖြတ်ထားလေသည်။ မုဆိုးမဖြစ်သည်မို့ ရွာက ရွာသားအချို့က ထိကပါးရိကပါး သားပြောမယားပြော ပြောတတ်ကြသည်။ မိဝိုင်းကလဲ ကြက်ခုတ်သည့်ဓါးဖြင့် ပတ်ကြမ်းထားသည်မို့ နောက်ပိုင်းတော့ သိပ်ပြီးမပြောရဲကြ။
(ခ)
“မိဝိုင်းရေ ကြက်ရောက်ပြီ”
ခြံအတွင်းသို့အော်ပြီး ဆိုင်ကယ်တစ်စီးဝင်လာလေသည်။ ထိုဆိုင်ကယ်နောက်တွင် ကြက်များကို ဇောက်ထိုးဆွဲထားသည့် သစ်သားတန်းတစ်ခုပါသည်။ မွေးမြူရေးကြက်ဖြူဖြူကြီးတွေ၊ ဥတုံး နီနီကြီးတွေနှင့် ဗမာကြက် ပိန်သေးသေးလေးများလဲပါသည်။ လာပို့သူကတော့ ဦးချမ်းဖြစ်ပြီး သူကနေ့တိုင်းလာပို့နေကြဖြစ်သည်။
မိဝိုင်းက ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံယူလိုက်ပြီး ဦးချမ်းဆီဆင်းလာခဲ့သည်။ ဦးချမ်းက ကြက်များကို ကြိုးမဖြေတော့ဘဲ အိမ်အောက်သို့ထည့်ကာ ကြက်တောင်းကြီးဖြင့် အုပ်လိုက်သည်။ ကြက်တွေက ဆူညံစွာ အော်ဟစ်နေကြသည်။ မိဝိုင်းကတော့ ဦးချမ်းကို ကျသင့်ငွေ ရှင်းပေးလိုက်သည်။
“မေမေ ဗိုက်ဆာတယ်”
ညနေပိုင်းဖြစ်နေပြီမို့ သမီးလေးက ထမင်းဆာနေပြီဖြစ်သည်။ မိဝိုင်းက နေ့လည်မှ ဈေးရောင်းကပြန်ရောက်ပြီး အိမ်မှုကိစ္စ လျှောက်ဖွပ်တာတွေလုပ်နေရသေးသည်။
“အေးအေး သမီး မေမေကျွေးမယ်နော်”
ထမင်းအိုးကို မိဝိုင်းနှိုက်လိုက်သည်။ ပူပြင်းသော ရာသီဖြစ်ပြီး ထမင်းကို မနက်အစောကတည်းက ချက်ထားခဲ့ခြင်းဖြစ်သဖြင့် ထမင်းတွေက သိုးနေပြီဖြစ်သည်။ မိဝိုင်းထမင်းအိုးတည်ဖို့ပြင်ရသည်။ သမီးလေးက ဗိုက်ဆာသဖြင့် ဗိုက်ကလေးကိုလက်ဖြင့်ဖိကာ ထိုင်ကြည့်နေလေသည်။
“နေ့လည်က ထမင်းမစားဘူးလား”
“အဖွားက ကြက်ဥဟင်းကြီးချက်လို့ သမီးမကြိုက်လို့ မစားတာ”
သမီးလေးက ပြောနေရင်း ပါးလေးကိုဖောင်းကာ နှုတ်ခမ်းကို စူပုတ်ထားလိုက်သည်။
မိဝိုင်းက ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံ ၂၀၀ ထုတ်ပေးလိုက်သည်။
“ကဲသွား မုန့်ဝယ်သွားစားချေ၊ မေမေ ထမင်းချက်ပေးမယ်နော်”
သမီးလေးက ပိုက်ဆံကို လှမ်းယူကာ ပျော်ရွှင်စွာဖြင့် အိမ်ပေါ်မှဆင်းသွားလေသည်။ မိဝိုင်းလဲ သမီးလေးကျောဘက်ကို ကြည့်ရင်း မျက်ရည်တွေ စို့လာလေသည်။
မိဝိုင်းက မနက်အစောကြီး ဈေးသွားသည်မို့ သမီးကိုပါ နှိုးရသည်။ ပြီးတော့ ရွာထိပ်နားက သူ့အဖွားအိမ်မှာ ပို့ထားခဲ့သည်။ ထွန်းရင်၏ မိဘများဖြစ်သည်။ အဖိုးကြီးကတော့ မရှိတော့။ အဖွားနှင့် သူတို့အဒေါ်တွေနေထိုင်သည်။ သမီးလေးက ထိုအိမ်တွင် တစ်မနက်လုံးနေထိုင်ရသည်။ သူ့အဖွားကတော့ သူ့မြေးလေးကို ချစ်ရှာသည်။
နေ့လည် မွန်းလွဲ မိဝိုင်းပြန်လာမှ သမီးလေးကို ထိုအိမ်ကနေပြန်ခေါ်လာသည်။ ညနေပိုင်းတော့ ချက်ပြုတ်ပြီး သားအမိတွေ စားသောက်ကြရသည်။ ညဘက် စောစောအိပ်ပြီး မိဝိုင်းက မနက်စောစော ထရမြဲဖြစ်သည်။
“ကတော့် . . . ကတော့”
ကြက်တွေက ဆူညံနေသည်။ မိဝိုင်းလဲ ကြက်တွေကို ကြည့်လိုက်မိသည်။ သူတို့လဲ ဗိုက်ဆာနေတာဖြစ်မည်။ မိဝိုင်းလဲ ကြက်စာကို ဇလုံတစ်ခုနှင့် နှိုက်လိုက်ကာ မြေကြီးပေါ်ကျဲချပေးလိုက်သည်။ ကြက်တွေက ဝပ်နေရင်းပင် အစာကို အလုအယက်စားသောက်ကြသည်။
ညစာစားသောက်ပြီးတော့ စောစောအိပ်ကြသည်။ မိဝိုင်းက နာရီကို နှိုးစက်ပေးထားရသည်။ ဒီအတိုင်းတော့ မနိုး။ နာရီကို မနက်သုံးနာရီကို ပေးထားလိုက်သည်။ တစ်အိမ်လုံးကို မီးမှိတ်ပြီး အိပ်လိုက်သည်။
(ဂ)
“တီ . .တီ . .တီ”
နှိုးစက်နာရီလေးက ထမြည်လေသည်။ မိဝိုင်းလဲ စက်ရုပ်တစ်ရုပ်လို ငုတ်တုတ်ထိုင်လိုက်သည်။ သမီးလေးကတော့ ခွေခွေကလေးအိပ်နေသည်။ မိဝိုင်းက ထလိုက်ပြီး မီးမွှေးကာ ရေနွေးအိုးတည်လိုက်သည်။ ပြီးတော့ အိမ်အောက်ဆင်းကာ ကြက်တွေကိုဖမ်းလိုက်ပြီး လည်လိမ်သတ်လိုက်သည်။ ထို့နောက် ရေနွေးစိမ်ပြီး အမွှေးတွေနှုတ်လိုက်သည်။ ဆိုးဆေးများနှင့် ဝါထိန်နေသော ဆနွင်းမှုန့်များကို ကြက်များတွင် သုတ်လိမ်းလိုက်သည်။ နေ့စဉ်လုပ်နေကြမို့ နာရီဝက်ပင်မကြာလိုက်။ ပြီးတော့ ဒီနေ့ကလဲ ငါးရက်တစ်ဈေးနေ့မဟုတ်သည်မို့ ကြက်သားများကို လျော့လုပ်ထားတာလဲပါသည်။
ပြီးတော့ အဝတ်အစားလဲကာ သနပ်ခါးလိမ်းလိုက်သည်။ ကြက်တွေကို ကြွပ်ကြွပ်အိတ်အမဲနှင့်ထုတ်ပြီး ဆိုင်ကယ်နောက်တွင် တင်လိုက်သည်။ ပြီးတော့ သမီးလေးကို သွားနှိုးလိုက်သည်။
“သမီး ထ. . .ထ မေမေတို့ ဈေးသွားရအောင်”
သမီးလေးက တုတ်တုတ်မျှမလှုပ်။ မိဝိုင်းက သမီးလေးကို မနည်းနှိုးရသည်။ ခါတိုင်းတော့ ဒီလိုမဟုတ်။ သမီးက နှိုးရလွယ်သည်။ သမီးလေးက အိပ်မှုန်စုန်ဝါးဖြင့် ထလိုက်သော်လည်း ခေါင်းမှာ ပြန်ငိုက်ကျနေလေသည်။ မိဝိုင်းလဲ သမီးကို အပြစ်မမြင်ပါ။ ကလေးသဘာ၀ အိပ်ရေး၀၀အိပ်ချင်သည်မဟုတ်ပါလား။
မိဝိုင်းက အိမ်သော့ခတ်ပြီး ဆိုင်ကယ်ပေါ်တက်လိုက်သည်။ သမီးက ငိုက်နေသဖြင့် ပုဆိုးတစ်ထည်နှင့် တွဲပြီးသူ့ကိုယ်လုံးနှင့် ချည်လိုက်သည်။ ထို့နောက် အဖွားအိမ်သို့မောင်းလာခဲ့သည်။ နံနက်ခင်း ရောင်နီတွေလာနေပြီဖြစ်သည်။ နွေနေ့တစ်နေ့က အစပြုတော့မည်ဖြစ်သည်။
“အမေရေ . . . အမေ”
ယောက္ခမဖြစ်သူ၏ အိမ်က မှောင်ကျနေသည်။ ယခင်နေ့ကဆိုလျှင် နံနက်လေးနာရီဆို ယောက္ခမဖြစ်သူက နိုးပြီဖြစ်သည်။ အခုတော့ အိမ်က အမှောင်ကျနေဆဲ။
“အမေရေ . . . မထကြသေးဘူးလား”
မိဝို်င်းက ဆယ်မိနစ်ခန့် နှိုးနေသော်လည်း ဘာမှပြန်ထူးသံမကြားသဖြင့် စိတ်မရှည်တော့။ ဈေးကို သမီးလေးကိုပါ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ကျောင်းပိတ်ရက်များတွင် သမီးလေးက ဈေးကို လိုက်လေ့ရှိသည်။ ထို့ကြောင့် မိဝိုင်းက ဒီနေ့တော့ ဈေးခေါ်သွားမယ်ဆုံးဖြတ်ပြီးတော့ ဆိုင်ကယ်ကို ကုန်းကြီးဈေးကို မောင်းလာခဲ့သည်။ ကုန်းကြီးဈေးဟုခေါ်သော်လည်း ရွာနှင့်မနီးပေ။ ဆိုင်ကယ်နှင့် ၁၀ မိနစ်လောက်မောင်းရပြီး မီးရထားလမ်းကိုမေးတင်ပြီး ဈေးကိုပြုလုပ်ထားသည်။ ရထားဆိုက်သည့်အချိန်ဆို ဈေးက စည်ကားနေတတ်သည်။
မြေနီတာလမ်းကြီးတစ်လျှောက် ဆိုင်ကယ်ကို မောင်းလာခဲ့သည်။ သမီးလေးက တော့ သူ့ကျောကိုမီပြီး အိပ်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်က မလင်းသေးဘဲ မှောင်မဲနေသည်။ ဈေးရောက်တော့ ဆိုင်ကယ်အပ်သည့်နေရာတွင် ဆိုင်ကယ်အပ်ရန်ကြည့်လိုက်သည်။ သို့သော်လူမရှိ။ ဒါပေမယ့်လဲ ကိစ္စမရှိ။ မိဝိုင်းက ဆိုင်ကယ်ကိုရပ်ခဲ့ပြီး အထုတ်တွေဆွဲလာလိုက်သည်။ သမီးလေးကို ကျောပိုးထားသည်။
ဈေးကိုကြည့်လိုက်တော့ လူတွေစည်ကားနေပြီဖြစ်သည်။ မိဝိုင်းလဲ ထူးဆန်းနေသည်။ ငါးရက်ဈေးမဟုတ်သော်လည်း စောစောစီးစီးလူတွေ စည်ကားနေကြသည်။ မိဝိုင်းလဲ သူ့ဆိုင်ခုံပေါ်တက်လိုက်ပြီး ဗန်းတွေ၊ ဓါးတွေ၊ စဉ်းတီတုံးတွေ ထုတ်လိုက်သည်။ သမီးလေးကိုတော့ ဆိုင်က ကော်ထိုင်ခုံတစ်ခုအပေါ်တင်ပြီးသိပ်လိုက်သည်။ ဈေးတွင် အသားငါးဆိုင်တွေက အပြင်ဆုံးတန်းတွင်ဖြစ်သည်။
လူတွေက စည်ကားနေပြီး မီးခွက်တွေ တစ်လက်လက်နှင့် ဈေးရောင်းနေကြသည်။ မိဝိုင်းလဲ ပတ်ဝန်းကျင်ကို လိုက်မကြည့်တော့ဘဲ ကိုယ်လုပ်နေကြအရာများကိုသာလုပ်နေသည်။ အားသွင်းရသည့် LED မီးတိုင်လေးကိုဖွင့်ပြီး ဆိုင်တွင်းချလိုက်သည်။ ဗန်းအတွင်း ကြက်သားများကို ခင်းနေသည်။ ရေတစ်ပုံးကိုလဲ ခပ်လိုက်ပြီး အသင့်လုပ်ထားလိုက်သည်။
“ဟင် ဘာတွေလဲ”
အခုမှ ဈေးထဲကြည့်မိတော့ ဈေးထဲတွင် လူတွေက တိုးဝှေ့နေသည်။ တခြားဈေးဆိုင်ခန်းတွေကလဲ မီးခွက်တွေ မှိတ်တုတ် မှိတ်တုတ်လေးတွေနှင့် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဈေးသည်တွေက LED မီးလုံးလေးတွေနှင့် ထွန်းကြသည်။ အခုတော့ အားလုံးက မီးခွက်ကလေးတွေ မှိတ်တုတ် မှိတ်တုတ်နှင့်ဖြစ်သည်။
ဈေးဆိုင်ခုံတွေက မီးထွန်းထားပြီး ဗန်းတွေထဲ ဘာတွေထည့်ထားမှန်းမသိ။ မိဝိုင်းဆိုင်က ဈေးထောင့်ကျသဖြင့် သူ့ဘေးတွင် ဆိုင်မရှိ။ မျက်နှာချင်းဆိုင် ဆိုင်တွေကတော့ အကုန်လုံးလိုလိုဖွင့်နေကြသည်။ ဗန်းထဲတွင်လဲ ဖိနပ်စုတ်များ၊ သစ်ရွက်ခြောက်များ၊ သစ်တိုသစ်စများ ထည့်ထားကြသည်။
“ဟင် ဘယ်သူတွေလဲမသိဘူး”
မိဝိုင်းက ပတ်ဝန်းကျင် ဈေးဆိုင်များကို ကြည့်လိုက်သည်။ ဈေးရောင်းသက် သုံးနှစ်ရှိပြီမို့ ဈေးတွင် မသိသည့်သူသိပ်မရှိ။ အခုတော့ ထိုင်ရောင်းနေသူအားလုံးက သူတစ်ခါမှ မမြင်ဖူးသူများဖြစ်သည်။ အဝတ်အစားနွမ်းနွမ်းများကို ဝတ်ဆင်ထားပြီးတော့ မျက်နှာတွေကလဲ မှုန်ကုပ်ကုပ်နှင့်ဖြစ်သည်။
ဈေးဝယ်လာသည့် သူတွေကိုလဲ ကြည့်ပါဦး။ ယောက်ျားတွေ မိန်းမတွေ၊ အဝတ်အစားမပါသည့်သူကမပါ။ အပေါ်ပိုင်းဗလာကျင်းနှင့်သူက ဗလာကျင်းနှင့် အဝတ်အစားပါသူများကလဲ နွမ်းနွမ်းဖတ်ဖတ်နှင့်ဖြစ်နေသည်။ မိဝိုင်းလဲ အံ့သြပြီး မှင်တက်နေမိသည်။
(ဃ)
ထိုစဉ် သူ့ဆိုင်ရှေ့မှာ လူတစ်ယောက်လာရပ်သည်။ သူမမြင်ဖူးသည့်သူဖြစ်သည်။ ကြက်သားတစ်ကောင်လုံးကို ကောက်ယူလိုက်ပြီး မိဝိုင်းက ကြက်သားကိုချိန်ရန် ချိန်ခွင်ကို ငုံ့ပြီးထုတ်နေသည်။ ထိုအခါ ထိုလူသည် ကြက်သားကို အစိမ်းစားလိုက်လေသည်။
“ဟောတော် ခုနက ကြက်သားဘယ်ရောက်သွားလဲ”
မိဝိုင်းက ရေရွတ်လိုက်ပြီးတော့ ထိုလူကိုမော့ကြည့်လိုက်သည်။ ထိုလူက မျက်လုံးကြီးနှစ်လုံးမှာ ချိုင့်ဝင်နေပြီး မျက်စိ ပါမှန်းမပါမှန်းတောင် မမြင်ရ။ ထိုစဉ် နောက်ထပ်လူများက လာပြီးသူ့ဆိုင်ရှေ့ ပြုံပြီးရပ်ကြသည်။ သူတို့လက်တွေက LED မီးရောင်ထဲမှာတောင် မြင်ရတာ မည်းနက်နေသည်။ အချို့က လက်သည်းများ တစ်နှစ်လောက် မညှပ်ထားသလို ရှည်ထွက်နေသည်။ ကြက်သားဗန်းထဲမှ ကြက်သားများကို အလုအယက် ဝိုင်းပြီးဆွဲနေကြသည်။
“ဟေ့လူတွေ ဘာလုပ်တာလဲ”
မိဝိုင်းက ဒေါသထွက်ပြီး ကြက်ခုတ်သည့် ဓါးကြီးကို ကောက်ကိုင်ကာ ထိုလူတွေကို ချိန်ရွယ်လိုက်သည်။ သို့သော် သူကိုင်လိုက်တာ ကြက်ခုတ်သည့် ဓါးကြီးလဲ မဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားသည့် ဆိုင်းဘုတ်တစ်ခုဖြစ်နေသည်။
“ဦးဘမောင် အသက်(၈၀)”
ဆိုင်းဘုတ်တွင် မြေဖြူနှင့်ရေးထားသည်ကို ကြည့်လိုက်မိတော့မှ လူသေ မြေပုံပေါ်တွင် စိုက်သည့် မှတ်တိုင်ဖြစ်နေသည်။ မိဝိုင်းအလွန်သွေးပျက်သွားသည်။ ပတ်ဝန်းကျင်ကိုသေချာလိုက်ကြည့်သည်။ ဈေးဆိုင်ခန်းတွေ ပျောက်ကုန်ပြီး မြေပုံ မို့မို့များနှင့် အုတ်ဂူများဖြစ်သည်။ သမီးလေးကိုလဲ အလန့်တကြားလှည့်ကြည့်လိုက်သည်။ သမီးလေးက အုတ်ဂူတစ်ခုပေါ်တွင် မှီလျှက် အိပ်နေခြင်းဖြစ်သည်။ မိဝိုင်းလဲ ချက်ချင်းထလိုက်ပြီး ထမီကိုသေချာမြဲအောင်ဝတ်လိုက်သည်။ ထို့နောက် သမီးလေးကို ကောက်ချီလိုက်သည်။
နေရာက ဈေးအဖြစ်မှ ချက်ခြင်းပင် သချိုင်းကုန်းတစ်ခုဖြစ်သွားလေသည်။ သို့သော် လူအများကြီးက ရှိနေသေးပြီး အကုန်လုံးက သူ့ကိုစိုက်ကြည့်နေကြသည်။ မှောင်မဲနေသော ပတ်ဝန်းကျင်တွင် မျက်လုံးတွေက နီရဲနေကြသည်။ အချို့လူများက လက်တစ်ဖက်မရှိသည့်လူများ၊ အောက်ပိုင်းမပါသည့်လူများဖြစ်နေသည်။
မိဝိုင်းလဲ ချက်ချင်းထပြေးလိုက်သည်။ ထိုလူများကို တွန်းတိုက်ပြီးပြေးလိုက်သည်။ ထိုလူတွေက ခေါင်းအုံးကြီးတွေကို ဝင်တိုက်ရသလိုဖြစ်နေသည်။ ယောက်ျားတွေကော၊ မိန်းမတွေကော အားလုံးပါသည်။ တွန်းတိုက်ပြေးရင်းက ဆိုင်ကယ်ရပ်ထားသောနေရာကို ရှာလိုက်သည်။ ဆိုင်ကယ်က သချိုင်းဇရပ်နားတွင် ရပ်ထားသည်။
မိဝိုင်းလဲ ဆိုင်ကယ်ဆီပြေးလိုက်သည်။ သမီးကို ချီထားပြီး လက်တစ်ဖက်ဖြင့် ဆိုင်ကယ်သော့ကို ရှာလိုက်သည်။
“ဟင် ငါ့လွယ်အိတ် ဘယ်ရောက်သွားပါလိမ့်”
တွန်းတိုက်ပြေးလွှားရင်း လွယ်အိတ်တစ်နေရာတွင် ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်မည်။ ထိုအချိန်တွင် သချိုင်းဇရပ်ပေါ်တွင် အဒေါ်ကြီးတစ်ယောက်က ထိုင်ပြီးတော့ ဆေးလိပ်သောက်နေသည်။ ဆေးလိပ်မီးရောင်များက မျက်နှာကို လင်းကနဲ လင်းကနဲ ဟပ်နေသည်။
“ကောင်မလေး ဘာရှာနေတာလဲ”
မိဝိုင်းလဲ သေချာကြည့်လိုက်တော့မှ ဒေါ်ခင်လှဖြစ်နေသည်။ မိဝိုင်းတစ်ကိုယ်လုံး တုန်တက်သွားသည်။ ဒေါ်ခင်လှက ဟိုတစ်နေ့ကမှ သေထားသည့် ရွာထဲက အဖွားကြီးဖြစ်သည်။
မိဝိုင်းလဲ ဆိုင်ကယ်ကိုမေ့လိုက်ပြီး သချိုင်းကုန်းထဲမှ ပြေးထွက်လာခဲ့သည်။ ပြေးရင်း အနောက်ကို ကြည့်လိုက်တော့ ထိုသချိုင်းကုန်းထဲတွင် လူတွေစည်ကားနေဆဲဖြစ်သည်။ သမီးလေးကို ချီပြီး အားကုန်ပြေးလိုက်သည်။ ဖိနပ်တွေကလဲ ဘယ်နားမှာ ကျွတ်ကျခဲ့မှန်းလဲမသိတော့။
ပြေးရင်း ပြေးရင်း ရွာထိပ်ယောက္ခမအိမ်ကိုရောက်တော့ သူတို့ခြံရှေ့တွင် ကုန်းအော်လိုက်သည်။
“အမေရေ ကယ်ပါဦး . . . . အမေရဲ့”
ထိုအခါ ထိုအိမ်ကလေးမှာ မီးများလင်းလာပြီး အဖွားကြီးကော၊ အိမ်သားတစ်ချို့ပါ ထလာကြသည်။ မိဝိုင်းက ကလေးလေးချီထားပြီး ထဘီတိုတိုဝတ်ထားသည်။ ခြေထောက်တွင်လဲ မြေနီများဖြင့် ဖုန်တွေတက်နေသည်။
“ဟဲ့ သားအမိတွေ ဘာဖြစ်လာကြတာလဲ”
“သရဲ . . . ဈေး””
မိဝိုင်းအသံတွေ တုန်ယင်နေသည်။ ထိုအခါ အဖွားကြီးက အိမ်ထဲသို့ခေါ်သွားလေသည်။ မိဝိုင်းလဲ အိမ်ထဲရောက်သည်နှင့် အရုပ်ကြိုးပြတ်လဲကျကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။
(င)
“ထူးဆန်းလိုက်တာအေ”
အဖွားကြီးက ပြောဆိုလိုက်သည်။ မိဝိုင်းမှာ ထိုအိမ်တွင်ပင်ရှိသေးသည်။ နေက အတော်မြင့်နေသည်။ မိဝိုင်းခေါင်းတွေ ကိုက်နေပြီး ခြေထောက်တွေ ပေါက်တွေမှာလဲ နာကျင်နေလေသည်။ မိဝိုင်းလဲ ဖြစ်သည့်အကြောင်းတွေ အကုန်ပြောပြလိုက်သည်။
“အေး ဒါပိုထူးဆန်းတယ်၊ ညည်းတို့သားအမိရောက်လာတဲ့အချိန်က ညသန်းခေါင်ကျော် မနက် ၂ နာရီလောက်ပဲရှိသေးတာ”
“ဟင်ဟုတ်လား၊ မိဝိုင်းကတော့ နှိုးစက်မြည်လို့ ထပြီးအလုပ်လုပ်တာပဲ”
“တော်သေးတာပေါ့၊ မသေကောင်း မပျောက်ကောင်း”
သမီးလေးကတော့ ဘာမှမသိရှာ။ ဆော့ကစားနေလေသည်။
“သရဲ တစ္ဆေတွေမှာက ဒီလိုမျိုး အစွမ်းတွေရှိတတ်တယ်။ လူတွေကို အချိန်မှား နေရာမှားဖြစ်အောင်လို့ ပြုလုပ်တတ်ကြတယ်။”
ဟုတ်တော့လဲဟုတ်သည်။ မိဝိုင်းက ဈေးသို့သွားသည့်အတိုင်းသွားခဲ့ပြီး ဈေးမှာပဲ ဆိုင်ဖွင့်ခဲ့တာဖြစ်သည်။ နောက်မှ သချိုင်းကုန်းထဲရောက်နေတာကိုသိလိုက်ရခြင်းဖြစ်သည်။ သရဲတွေကပဲ ဟန်ဆောင်လှည့်ဖျားခဲ့သည်လားဆိုတာတော့ မိဝိုင်းလဲမသိနိုင်။
မိဝိုင်းဆိုင်ကယ်မှာ သချိုင်းကုန်းဇရပ်တွင် ရပ်ထားခြင်းဖြစ်ပြီးတော့ လွယ်အိတ်ကလေးမှာလဲ သချိုင်းကုန်းအတွင်း ကျနေလေသည်။ ရွာမှ ယောက်ျားသားများက သွားယူကြသည်။ နောက်ပိုင်းတော့ မိဝိုင်း နံနက်စောစော ဈေးလဲမသွားရောင်းရဲတော့ ထိုအဖြစ်အပျက်ကို တစ်သက်မေ့နိုင်တော့မည်မဟုတ်။
“ပဲပြုတ်၊ ကောက်ညှင်းပေါင်း”
မိဝိုင်းအသံ စာစာကလေးက နံနက်ခင်းနေရောင်ခြည်နဲ့အတူ ပျံ့လွင့်လာသည်။ ထိုနောက်ပိုင်းတွင် မိဝိုင်း နံနက်ပိုင်း ပဲပြုတ်၊ ကောက်ညှင်းပေါင်း လိုက်လည်ရောင်းတော့သည်။ ရွာထဲလှည့်လည်ရောင်းချခြင်းဖြစ်သည်။ ကြက်သားရောင်းသလောက်တော့ အမြတ်မကြမ်းသော်လည်း စားဖို့သောက်ဖို့ကတော့ မပူပန်ရပေ။
“မိဝိုင်း ရွာထဲရောင်းနေမယ့်အတူတူ ငါးရက်တစ်ဈေး မနက်စောစောလေး သွားရောင်းပါလား”
ရွာထဲက ခင်မင်သည့် အဒေါ်ကြီးတစ်ဦးက အကြံပေးသော်လည်း မိဝိုင်း ပြုံးပြုံးလေးနှင့် ငြင်းလိုက်ရသည်။ မိဝိုင်း မည်သည့်အကြောင်းနှင့်မှ မနက်စောစော ဈေးသွားရောင်းရသည့်အလုပ်ကို လုပ်ကိုင်တော့မည် မဟုတ်သောကြောင့်ဖြစ်သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်