သတိ . . ရှေ့တွင် (စဆုံး)
ဖြစ်ရပ်မှန်တစ်ခုကို အပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားပါသည်။ (၁) အချိန်ကာလအားဖြင့် ၁၉၉၇ ခုနှစ်ခန့်ဖြစ်သည်။ ကိုခင်မောင်အေးတစ်ယောက် ညစာထမင်းကို မိသားစုနှင့် အတူတူစားလိုက်သည်။ ထမင်းစားပြီးသည့်အခါ ည(၇) နာရီထိုးတော့မည်ဖြစ်သည်။ ကလေးများရော၊ ဇနီးသည်ပါ ထမင်းကိုအမြန်စားပြီး တီဗွီအရှေ့တွင် ပြေးထိုင်လိုက်ကြသည်။ ထိုစဉ်က ခေတ်စားသည့် အိုးရှင်းဂျပန်ဇာတ်လမ်းတွဲ လာတော့မည်ဖြစ်သည်။ ကိုခင်မောင်အေးလည်း ဧည့်ခန်းရှိ ဆက်တီခုံတွင်ထိုင်လိုက်စဉ် တစ်အိမ်ကျော်မှ ကောင်လေးက သူတို့ခြံရှေ့တွင် ရပ်လိုက်သည်ကိုတွေ့ရသည်။ “ကိုခင်မောင်အေး၊ ဖုန်းလာတယ်၊ အရေးကြီးတယ်တဲ့” ထိုအိမ်တွင် ဖုန်းတစ်လုံးရှိရာ ဖုန်းလာလျှင် ထိုကောင်လေးက အိမ်တိုင်ယာရောက် လိုက်လံခေါ်ဆောင်ပေးခြင်းဖြစ်သည်။ ကိုခင်မောင်အေး အိမ်မှထွက်ကာ ဖုန်းရှိသည့်အိမ်သို့ အမြန်ပြေးလာလိုက်သည်။ “ဟယ်လို” “လူလေး၊ မောင်အေးလား” အသံက သူ့ဒေါ်လေးအသံဖြစ်နေသည်။ “ဟုတ်ပါတယ်ဒေါ်လေး” “မင်းအမေ ခုနကပဲ ချော်လဲလို့ ဆေးရုံတင်လိုက်ရတယ်ကွဲ့၊ ဆရာဝန်ကတော့ ခေါင်းထိသွားတယ်လို့ပြောတယ်၊…