အတွဲ(၃) အခန်း (၆)
(၁)
မယ်ဖော့တစ်ယောက် သားဖြစ်သူအား ကျွေးမွေးရန်ပြင်ဆင်ထားသည့် ဟင်းလျာပွဲများကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချမိလိုက်သည်။
“ဟင်း၊ သားကသာ ညစာစားမရဘူးလို့ပြောတာ၊ တို့ရသေ့ကြီးနဲ့တော့ကွာပ”
မယ်ဖော့ ထို့နောက်စကောတစ်ချပ်တွင် ဖက်ရွက်ခင်းလိုက်ပြီး သူချက်ပြုတ်ထားသည့် ဟင်းလျာများကို စကောအတွင်းသို့ထည့်လိုက်ကာ အိမ်မှထွက်လာခဲ့သည်။ ရွာ၏မြောက်ဘက်တွင် ရသေ့ကြီးနေထိုင်ရန်အတွက် နန်းဆောင်ကဲ့သို့ ခမ်းနားလှသည့် ဝတ်ကျောင်းကြီးတစ်ခုကို ကျောက်ဖြူတုံးများဖြင့် တည်ဆောက်ပေးထားသည်။ ထိုဝတ်ကျောင်းတစ်ဝိုက်တွင်လည်း အနက်ရောင်ခြုံထည်ကြီးများ ခြုံထားကြကာ ကျွဲခေါင်းရိုး၊ နွားခေါင်းရိုးများကို ခေါင်းပေါ်တွင်ဝတ်ဆင်ထားကြသည့် ရသေ့ကြီး၏ တပည့်များက စောင့်ကြပ်နေကြလေသည်။ ရွာသားများက မိမိတို့အိမ်မှ စားသောက်ဖွယ်ရာများကို လင်ပန်းများ၊ စကောများ၊ ဖက်များနှင့်ထုပ်ပိုးလာကြပြီး ဝတ်ကျောင်းတော်ဆီသို့ ချီတက်လာကြသည်။
ရသေ့ကြီး၏ တပည့်များကို အဆင့်ဆင့်ဖြတ်ကျော်ပြီးသည့်အခါ အဖြူရောင်ကျောက်သား၊ ကျောက်တိုင်များဖြင့် အလှဆင်ထားသည့် ဝတ်ကျောင်းတော်ကြီးအတွင်းသို့ ရောက်လာခဲ့ကြသည်။ ဝတ်ကျောင်းတော်ကြီးအတွင်းတွင် ကြီးမားသည့် ကျောက်ခုံကြီးတစ်ခုရှိပြီး ထိုကျောက်ခုံကြီးပေါ်တွင် သားမွှေးထည်များကိုခင်းကျင်းထားကာ ရသေ့ကြီးက ထိုင်နေလေသည်။ ခေါင်းတုံးပြောင်ပြောင်နှင့် ရသေ့ကြီးတွင် ပြူးကျယ်နေသောမျက်လုံးများနှင့် ချွန်ထွက်တွန့်လိမ်နေသည့် နှာခေါင်း၊ ပြဲပြဲကားကားပါးစပ်ကြီးရှိသည်။ ရသေ့ကြီး၏ အရှေ့တွင်တော့ ကျောက်ဖြူသားဖြင့်ပြုလုပ်ထားသည့် လင်ပန်းပုံစံ ကလပ်ကြီးတစ်ခုရှိကာ ရွာသူရွာသားများက သူတို့ယူလာသည့် စားသောက်ဖွယ်ရာများကို ကလပ်အတွင်းသို့ ထည့်ကာ ပုံလိုက်ကြလေသည်။
ထမင်းဟင်းများမှာ သုံးတောင်ခန့် အဝန်းအဝိုင်းရှိသည့် ကလပ်ကြီးအတွင်းဝယ် ပြည့်လျှံပုံအောလျှက် မောက်တက်နေကြလေသည်။ မယ်ဖော့ကလည်း သူကိုင်ထားသည့် စကောကလေးအတွင်းမှ ဟင်းလျာများကို လင်ပန်းထိပ်သို့လောင်းထည့်လိုက်လေသည်။ ရသေ့ကြီးက မယ်ဖော့ကိုကြည့်ရင်း
“ဒီနေ့တော့ ဟင်းတွေများလှချည်လား မယ်ဖော့၊ မင်းအိမ်မှာ ဧည့်သည်ဆောင်သည်တွေများရောက်နေသလား . . ဟား . . ဟား”
မယ်ဖော့မှာ မျက်နှာတစ်ချက်ပျက်သွားပြီး
“မရောက်ပါဘူးရသေ့ကြီး၊ ဒီနေ့က ကျွန်မရဲ့လင်၊ ရွာစားမင်းကြီးရဲ့ မွေးနေ့အထိမ်းအမှတ်မို့ ဟင်းစုံစုံလင်လင်ချက်ထားတာပါ”
ထိုအခါ ရသေ့ကြီး၏ မျက်နှာမှာ တင်းမာသွားလေသည်။ ရသေ့ကြီးမှာ ယခုရွာစားမင်းအသစ်နှင့် ပူးပေါင်းကာ ရွာစားမင်းအဟောင်းကို လုပ်ကြံခဲ့သူတစ်ယောက်ဖြစ်သည့်အတွက် ထိုအကြောင်းအရာများကို မကြားလိုပေ၊ မယ်ဖော့ကလည်း ထိုအကြောင်းကိုသိသဖြင့် ရသေ့ကြီးစိတ်ခုအောင် တမင်ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် မယ်ဖော့က ရသေ့ကြီးအား ဟန်ဆောင်အပြုံးတုနှင့် နှစ်နှစ်ကာကာပြုံးပြပြီး ဝတ်ကျောင်းဆောင်အတွင်းမှ ထွက်လာခဲ့လေသည်။
“ဟင်းတွေစုံပြီ၊ စားတော့မယ်”
ရသေ့ကြီးက ပြောလိုက်သည့်အခါ သူ့နောက်လိုက်များက ဝတ်ကျောင်းတော်ကြီး၏ တံခါးများကိုပိတ်လိုက်ကြသည်။ ထို့နောက်ရသေ့ကြီးက သူ့ပါးစပ်ကြီးကို ပြဲနေအောင် ဟထုတ်လိုက်လေသည်။ သူ့နောက်လိုက်နှစ်ယောက်က ရသေ့ကြီး၏ တစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်လိုက်ပြီး ကြီးမားလှသည့် ယောက်ချိုဇွန်းကြီးများဖြင့် လင်ပန်းအတွင်းမှ ထမင်းဟင်းများကို ကျုံးယူကာ ရသေ့ကြီးပါးစပ်ထဲသို့ ထည့်ပေးလိုက်ကြသည်။ ယောက်ချိုဇွန်းကြီးပင် လျှာမထိအာမထိဘဲ ဝင်ရောက်သွားနိုင်သည်အထိ ရသေ့ကြီး၏ ပါးစပ်ကြီးမှ ပြဲကားလွန်းလှသည်။ ထမင်းနှင့်အတူ ကြက်သားများ၊ ငါးများမှာ ပါးစပ်အတွင်းသို့ဝင်သွားလေရာ ရသေ့ကြီးက ပါးစပ်ကိုပိတ်လိုက်ပြီး တဂျွမ်းဂျွမ်းနှင့် ငါးချက်ခန့်ဝါးလိုက်ကာ မြိုချလိုက်လေသည်။
“ကောင်းလိုက်တာ၊ ခေါင်ရည်ပေးစမ်း”
ထိုအခါ တစ်ဖက်တွင်ရပ်နေသည့် နောက်လိုက်တစ်ဦးက ဝါးပိုးဝါးကြီးဖြင့် ပြုလုပ်ထားသည့် ဝါးကျည်တောက်ရှည်ရှည်ကြီးဖြင့် ခေါင်ရည်ကိုထည့်လိုက်ပြီး ရသေ့ကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်ချလိုက်ပြန်သည်။
“စားအုံးမယ်၊ နောက်တစ်လုပ်”
ထိုအခါ နောက်လိုက်နှစ်ဦးက ရသေ့ကြီးကို ထမင်းဟင်းများခပ်ကာ ကျွေးမွေးလိုက်ကြသည်။ ထိုစဉ်မှာပင် သမင်ဦးချိုကြီးကိုဆောင်းထားကာ ဓါးလွတ်ကိုင်ထားသည့် တပည့်တစ်ဦးက ရသေ့ကြီးအနားသို့တိုးကပ်လာသည်။
“အရေးကြီးပါတယ် ရသေ့ကြီး”
“ငါထမင်းစားနေတာ မမြင်ဘူးလားကွ”
ရသေ့ကြီးက ထိုတပည့်အား ငေါက်ငမ်းလိုက်သော်လည်း ထိုတပည့်မှာ နောက်မဆုတ်သွားပေ။
“တပည့်ပြောမယ့် စကားက ဆရာရသေ့ ထမင်းစားတာထက် ပိုပြီးအရေးကြီးပါတယ်”
ရသေ့ကြီးက သက်ပြင်းချလိုက်ပြီး လက်ယပ်ကာ ခေါ်လိုက်လေသည်။ ပိန်ပိန်ပါးပါးနှင့်ထိုလူက ရသေ့ကြီးနားအနီးသို့ကပ်လိုက်ပြီးနောက်
“ရွာစားမင်း သေဆုံးသွားပြီ”
ရသေ့ကြီး၏ မျက်လုံးပြူးပြူးကြီးမှာ အပြင်သို့တိုးထွက်လာသည်အထိ ပြူးကျယ်သွားသည်။
“ဟုတ်ရဲ့လား၊ ဘယ်သူသတ်သွားတာလဲ”
“တပည့်အထင်ကတော့ နေ့လည်က ဖမ်းဆီးထားတဲ့ ဂတုံးနဲ့တပည့်နှစ်ယောက် သတ်သွားတယ်ထင်ပါတယ်”
ရသေ့ကြီးမှာ အလွန်ဒေါသထွက်သွားပြီး သူ့အရှေ့တွင် ထမင်းဟင်းများထည့်ထားသည့် ကျောက်လင်ပန်းကြီးကို ခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ ကျောက်လင်ပန်းကြီး ကွဲထွက်သွားပြီး ထမင်းဟင်းများမှာ ဝတ်ကျောင်းတော်ကြမ်းပြင်တွင် ပြန့်ကျဲသွားလေသည်။
“တောက် . . . “
“ဒီသုံးယောက်ကို တပည့်ရှင်းလိုက်ပါ့မယ်”
ထိုအခါ ရသေ့ကြီးက ခေါင်းခါလိုက်သည်။
“မင်းရှင်းစရာမလိုပါဘူး ငဒိုရာ၊ ဒီကောင်တွေကို ရှင်းနိုင်မယ့်လူကို ငါသိထားပြီးသားပါကွ”
ငဒိုက ခါးညွှတ်ကာ အရိုအသေပြုလိုက်ရာ ရသေ့ကြီးက ကျောက်ခုံကြီးပေါ်မှဆင်းကာ ဝတ်ကျောင်းတော်ကြီးအနောက်ဘက်သို့ ဝင်သွားလေတော့သည်။ ရသေ့ကြီး၏ နောက်လိုက်များမှာ အလွန်ထူးဆန်းကာ အံ့ဩနေကြသည်။
“ထူးဆန်းတယ်ကွ၊ ရသေ့ကြီးက သူထမင်းစားသောက်နေတာကို တစ်ခါမှ အပျက်မခံဖူးဘူးမဟုတ်လား”
ထိုအခါ ငဒိုက ထိုလူနှစ်ယောက်ကိုကြည့်လိုက်ပြီး
“ပေကျံနေတာတွေကို သိမ်းလိုက်ကြစမ်း”
ထိုသို့ပြောဆိုလိုက်ပြီး ရသေ့ကြီးအနောက်သို့ လိုက်သွားလေသည်။
(၂)
“ဝုန်း . . . ခလွမ်း . . .”
ရဲမက်တော်ဗလက သူ့ဒဏ်ရာများအား ဆေးထည့်ပေးနေသည့် အစေခံများကို ကန်ကျောက်လိုက်ရာ အစေခံများက လဲပြိုသွားလေသည်။ ထိုအခါ ဆေးဝါးများကိုလည်း လက်ဖြင့်ပုတ်လိုက်သဖြင့် ဆေးဝါးပန်းကန်များ၊ အိုးများမှာ ကွဲကျသွားကုန်သည်။
“မင်းတို့ဆေးတွေက အလကားပဲ၊ မင်းတို့ဆေးတွေသောက်ပြီးရင်လည်း ငါ့ဒီမျက်လုံးက ပြန်မြင်နိုင်မှာမ]ဟုတ်တော့ဘူး”
ဗလက ပေါက်ထွက်သွားသည့် သူ့မျက်လုံးအားစမ်းရင်း ပြောဆိုနေလေသည်။ ဗလရင်ထဲတွင် အလွန်မခံမရပ်နိုင်အောင် ဒေါသသွေးများက ဆူပွက်နေလေသည်။
“ဒီကောင်တွေကို ငါမကျေဘူး၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဒီကောင်တွေကို ပြန်သတ်ရမှ ငါကျေနပ်မယ်”
ဗလက သူ့အိမ်ခန်းအတွင်းရှိ အရာများကို ဖျက်ဆီးနေလေရာ အစေခံမိန်းကလေးသုံးဦးမှာ ကြောက်လန့်ပြီး အခန်းထောင့်တွင်ကပ်နေရလေသည်။ ထိုအခိုက် အခန်းတံခါးပွင့်သွားပြီး ရသေ့ကြီးနှင့် ငဒိုဝင်လာခဲ့သည်။ ရဲမက်တော်ဗလက ရသေ့ကြီးကို အသေအချာကြည့်လိုက်သည်။ ရသေ့ကြီးက ပြုံးလိုက်ပြီး
“မင်းဘယ်လိုခံစားနေရသလဲဆိုတာကို ငါနားလည်ပါတယ်ကွာ”
“မဟုတ်ပါဘူးဗျာ၊ ရသေ့ကြီးနားမလည်နိုင်ပါဘူး၊ ကျုပ်ဒီကောင်တွေကို ကျုပ်ရဲ့တင်းပုတ်နဲ့ မသေမချင်းမထုသတ်ရသရွေ့ ကျုပ်မကျေနပ်ဘူးဗျာ”
“ဟား၊ ဟား ကောင်းတယ်ဗလ၊ ငါအခု ဒီကိုလာခဲ့တယ်ဆိုတာလည်း မင်းကိုလက်နက်တွေပေးဖို့လာခဲ့တာ”
ဗလက ရသေ့ကြီးကိုထူးဆန်းစွာဖြင့်ကြည့်လိုက်ပြီး
“ကျုပ်မှာ တင်းပုတ်ကြီးရှိတာပဲ”
“မဟုတ်ဘူးဗလ၊ တင်းပုတ်ဆိုတာ တင်းပုတ်တစ်ခုပဲ တကယ့်လက်နက်မဟုတ်ဘူး၊ ငါမင်းကိုပေးမယ့်လက်နက်ကမှ တကယ့်အစွမ်းရှိတဲ့လက်နက်၊ နတ်ဘုရားတွေကို ခွန်အားတွေသန်မာလာစေမယ့် လက်နက်ကွ”
ထိုတော့မှ ဗလက ပြုံးလိုက်လေသည်။ ရသေ့ကြီးက ဗလမျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး
“မင်းဒူးထောက်လိုက်ဗလ၊ နတ်ဘုရားတွေဆီက ခွန်အားတွေရယူဖို့အသင့်ပြင်ထားလိုက်တော့”
ဗလက ရသေ့ကြီးအရှေ့တွင် ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကိုနံဘေးသို့ဆန့်တန်းလိုက်သည်။
“အို အသင်နတ်မင်းတို့ ကျွန်ုပ်အား နတ်မင်းတို့၏ခွန်အားများကို ပေးသနားတော်မူပါ၊ နတ်မင်းတို့၏ လက်နက်များကို ချီးမြှင့်မြှောက်စားတော်မူပါ”
ရသေ့ကြီးက ပါးစပ်ကြီးနားရွက်တပ်ချိတ်တော့မည့်အလား ပြုံးလိုက်လေသည်။
“မင်းကို သုံးကြိမ်သုံးခါမေးမယ်ဗလ၊ မင်းရဲ့အသက်နဲ့ ဝိညာဉ်ကို နတ်မင်းတွေဆီကို နှင်းအပ်မလား၊ မင်းကို နတ်မင်းတွေရဲ့ ခွန်အားအစွမ်းတွေ ထည့်ပေးဖို့ကို မင်းကိုယ်တိုင်သဘောတူသလား”
“သဘောတူပါတယ် ရှင်ရသေ့”
ရသေ့ကြီးက သုံးကြိမ်သုံးခါမေးလိုက်ရာ ဗလက သုံးကြိမ်သုံးခါပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါ ရသေ့ကြီးက လက်ညှိုးတစ်ချောင်းကို မိုးပေါ်သို့ထောင်လိုက်သည့်အခါ သူ့လက်အတွင်းမှ အနက်ရောင်မီးခိုးငွေ့များ တိုးထွက်လာပြီး အခန်းတစ်ခုလုံးကို မီးခိုးမြူငွေ့များက ဖုံးလွှမ်းသွားလေသည်။ တစ်ယောက်နှင့်တစ်ယောက် မမြင်တွေ့ရတော့သည်အထိ ဖုံးလွှမ်းသွားတော့မှ ရသေ့ကြီးက ဗလမျက်နှာအနီးသို့ သူ့မျက်နှာကြီးကိုကပ်လိုက်လေသည်။ ထို့နောက် သူ့ပါးစပ်ပြဲပြဲကြီးကိုဖြဲလိုက်ကာ ပါးစပ်အတွင်းမှ အနက်ရောင်အခိုးအငွေ့များထွက်လာကာ ဗလ၏ နှာခေါင်းပေါက်အတွင်းသို့တိုးဝင်သွားသည်။
ဗလမှာ ထိုင်နေရင်း တဆတ်ဆတ်တုန်ယင်လာသည်။ ခြေများလက်များမှာ ကွေးကောက်လာပြီး နာကျင်စွာဖြင့်အော်ဟစ်နေလေသည်။ ထို့နောက် ငြိမ်ကျသွားပြီး ရသေ့ကြီးရှေ့တွင် ဒူးထောက်လျှက်သားနှင့် ခေါင်းငိုက်စိုက်ကျသွားကာ ထိုင်နေလေသည်။ ထိုအခါ ရသေ့ကြီးမှာ ပြုံးရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အခန်းအတွင်းမှ အနက်ရောင်မီးခိုးမြူငွေ့များမှာ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
အခန်းအတွင်းမှ အစေခံမိန်းကလေးသုံးယောက်က အံ့ဩစွာဖြင့်ကြည့်နေလေသည်။ ထိုအခါ ဗလ၏ ခေါင်းမှာ ငေါက်ခနဲကောက်ထောင်သွားလေသည်။ ပေါက်ထွက်သွားသည့် ဗလမျက်လုံးကြီးမှာ လှုပ်ရှားလာပြီးနောက် အလွန်ကြီးမားပြီး ကြက်ဥအရွယ်ခန့်ရှိသည့် မျက်လုံးကြီးတစ်လုံးမှာ ထိုနေရာမှ ပေါက်ထွက်လာလေသည်။
“မင်းအောင်မြင်ပြီဗလ၊ မင်းရဲ့ကိုယ်ထဲမှာ နတ်ဘုရားတွေပေးတဲ့ စွမ်းအားတွေ ကိန်းအောင်းနေခဲ့ပြီ”
ဗလက သွားကြီးဖြီးပြီး ဟက်ဟက်ပက်ပက်ပြုံးလိုက်လေသည်။ ထို့နောက် မတ်တပ်ထရပ်လိုက်သည်။
“ကျုပ် . . ကျုပ်ဗိုက်ဆာတယ်”
ထိုအခါ ရသေ့ကြီးက အစေခံမိန်းကလေးများကိုကြည့်လိုက်ပြီး
“ဒီသုံးယောက်ဆိုရင် မင်းဗိုက်၀မှာပါ၊ ကဲ . . အစားအသောက်က အရေးကြီးတယ်၊ စာဆိုတစ်ခုရှိတယ်မဟုတ်လား၊ ဗိုက်မ၀ပဲနဲ့ လုပ်ငန်းကြီးမလုပ်နိုင်ဘူးဆိုတာလေ”
ဗလက မျက်လုံးကြီးပြူးလျှက် အစေခံမိန်းကလေးများအနားသို့ ပြေးသွားလိုက်သည်။ အစေခံမိန်းကလေးများမှာ အံ့ဩလျှက် ဗလကိုကြည့်နေကြရာ ဗလက မိန်းကလေးတစ်ဦး၏ ဦးခေါင်းကို သူ့လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်ကိုအားစိုက်ပြီး ညှစ်ထည့်လိုက်ရာ ထိုမိန်းကလေး၏ ဦးခေါင်းမှာ ဘူးသီးခြောက်တစ်ခုကို ညှစ်ထည့်လိုက်သလို ခွမ်းခနဲကွဲထွက်သွားပြီး ဦးနှောက်များထွက်လာလေသည်။ ဗလက ထိုဦးနှောက်များကို အငမ်းမရစားသောက်နေစဉ် သူ့လက်ထဲမှ မိန်းကလေးမှာ တစ်ကိုယ်လုံးတုန်ယင်လျှက် အကြောဆွဲနေသေးသည်။ ဦးနှောက်များကို စားသောက်ပြီးသည့်နောက် ထိုမိန်းကလေး၏ လည်ပင်းကို သွားကြီးဖြင့်ကိုက်ချကာ ဆွဲဖြဲလိုက်ရာ အသားတစ်ကြီးပြုတ်ထွက်သွားကာ ဗလ၏ပါးစပ်အတွင်းသို့ပါသွားတော့သည်။
ဗလက ထိုအသားတစ်ကြီးကို ဝါးစားလိုက်သည်ကို မြင်တွေ့ရပြီး ကျန်သည့်မိန်းကလေးနှစ်ယောက်မှာ အခန်းအတွင်းမှထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သို့သော် ငဒိုက အခန်းတံခါးရှေ့တွင် ပိတ်ရပ်နေပြီး ဓါးပေါ်ကိုလက်တင်ထားလေသည်။
ပြေးလွှားလာသည့် မိန်းကလေးများ အနားသို့ရောက်သည့်အခါ ငဒိုက ဓါးကို ဓါးအိမ်အတွင်းမှ ဆွဲထုတ်လိုက်လေသည်။ ကြေးနီရောင်ဝင်းလက်နေသည့် ဓါးရှည်ကြီးတစ်လက် ထွက်ပေါ်လာပြီး ငဒိုက ဓါးကိုဝှေ့ယမ်းလိုက်ရာ မိန်းကလေးတစ်ယောက်မှာ ခါးလယ်မှပြတ်ထွက်သွားပြီး ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားသည်။ ကျန်သည့်မိန်းကလေးတစ်ယောက်အားလည့်း ငဒိုက ပြေးခုန်ဝင်ပြီး ဓါးနှင့်မိုးခုတ်လိုက်ရာ ထိုမိန်းကလေးမှာ ကိုယ်အလယ်တည့်တည့်မှ ပြတ်ထွက်သွားကာ ကိုယ်နှစ်ခြမ်းကွဲသွားပြီး ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။ ထိုအဖြစ်ကိုကြည့်ပြီး ရသေ့ကြီးက ရယ်မောနေလေသည်။
“ဟား . .ဟား စားထားစမ်းဗလ၊ ပြီးရင် သူတို့ရှိတဲ့နေရာကို မင်းကိုပြောပြမယ်”
(၃)
“သားရယ် အမေမင်းအနားမှာ နေပါရစေ”
မယ်ဖော့က ဦးဇင်းအနားသို့ အတင်းတိုးကပ်နေရာ ဦးဇင်းက ရှောင်ဖယ်နေရလေသည်။
“မဖြစ်ဘူးမယ်တော်၊ မယ်တော်က မိန်းမတစ်ယောက်ပဲ၊ ရဟန်းတော်တစ်ပါးနဲ့ မိန်းမနဲ့ဆိုတာ ဘယ်လိုမှမအပ်စပ် မထိတွေ့သင့်ပါဘူးမယ်တော်”
“မဟုတ်တာပဲသားရယ်၊ သားက အမေ့ရဲ့သားပဲ၊ အမေက သားရဲ့အမေပဲလေ”
ဦးဇင်းက ခေါင်းမာနေသဖြင့် ဖိုးလုံးတို့က ဝင်တားလိုက်ရသည်။ နောက်ဆုံးတော့ မယ်ဖော့က လက်လျှော့သွားသည်။ ထို့နောက် အလွန်နူးညံ့လှပြီး သားမွှေးအဖြူအရှည်ကြီးများပါသည့် သားမွှေးထည်ကြီးတစ်ခုကိုယူဆောင်လာလေသည်။
“သားဝတ်ထားတဲ့ အဝတ်အစားတွေကလည်း အပိုင်းပိုင်းအစအစတွေ စပ်ပြီးချုပ်ထားတဲ့ အဝတ်လိုပါပဲလား၊ အဲဒါကြီးကို ချွတ်လိုက်စမ်းပါကွယ်၊ ရော့ . . ဒါက သားရဲ့အဖေ ရွာစားမင်းဝတ်သွားခဲ့တဲ့ သားမွှေးထည်ကြီးပဲ၊ နွေးပြီး အိနေတာပဲကွယ်”
ဦးဇင်းက ငြင်းပြန်သည်။ မယ်ဖော့က သက်ပြင်းချသည်။
“သားတို့ရဲ့ မြင့်မြတ်တဲ့အကျင့်ကလည်း ထူးဆန်းလှပါလားသားရယ်၊ အစားကောင်းတွေလည်းမစားရ၊ အဝတ်ကောင်းတွေလဲ မဝတ်ရတဲ့အကျင့်က ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်မှာလဲသား”
“မဟုတ်ဘူးမယ်တော်၊ တန်ဖိုးကြီးမားပြီး ဘယ်လောက်ကောင်းတဲ့အဆောင်အယောင်တွေ၊ အသုံးအဆောင်တွေ ဆင်မြန်းထားရုံနဲ့မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်မလာနိုင်ဘူးမယ်တော်၊ မြင့်မြတ်တဲ့အကျင့်၊ မြင့်မြတ်တဲ့စောင့်ထိန်းမှုတွေကို ကျင့်ကြံတဲ့လူတစ်ယောက်သာ တကယ်မြင့်မြတ်သူတစ်ယောက်ဖြစ်တယ်”
“ကောင်းမွန်တဲ့ကိုယ်ကျင့်တရား၊ ကောင်းမွန်တဲ့စောင့်ထိန်းမှုမရှိတဲ့လူတစ်ယောက်က ဘယ်လောက်အဖိုးထိုက်တန်ပြီး တန်ဖိုးရှိတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ ဝတ်ဆင်သုံးစွဲနေပါစေ၊ ခွေးတစ်ကောင်ကိုပဲ ယုတ်ညံ့နိမ့်ကျတဲ့သူအဖြစ်ကိုပဲ ရရှိပါလိမ့်မယ် မယ်တော်၊ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား၊ ကောင်းမွန်တဲ့စောင့်ထိန်းမှု ရှိတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ စုတ်ပြတ်ပေတေနေတဲ့ အဝတ်စုတ်ကို ဝတ်ဆင်ထားပေမယ့် ထိုသူကို မြင့်မြတ်တဲ့လူတစ်ယောက်လို့ ခေါ်တွင်နိုင်တယ်မယ်တော်”
“သားပြောတာတွေကို အမေတော့တစ်ခုမှ နားမလည်နိုင်တော့ပါဘူး”
ဖိုးလုံးတို့က မယ်ဖော့အိမ်အောက်တွင် မြေကျင်းတူးကာ တည်ဆောက်ထားသည့် မြေအောက်ခန်းကျယ်ကြီးအတွင်းတွင် နေထိုင်နေကြခြင်းဖြစ်သည်။ မြေအောက်ခန်းမှ အပေါ်သို့ အုတ်လှေကားနှင့်တက်ရပြီး လှေကားအပေါ်တွင်လည်း အံဝှက်တံခါးတစ်ခုရှိသေးသည်။ သူတို့ပြောဆိုနေစဉ်မှာပင် ထိုအံဝှက်တံခါးကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားလေသည်။
သူတို့အားလုံး အံ့ဩနေကြစဉ်မှာပင် အုတ်လှေကားကြီးမှ ရဲမက်တော်ဗလက တစ်ထစ်ချင်း ဆင်းလာလေသည်။ ဗလကိုယ်တွင် သံပြားများဖြင့်ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာကြီးကို ဆင်မြန်းထားလေသည်။ ဦးခေါင်းတွင်တော့ သံခေါင်းစွပ်ကြီးကို ဆောင်းထားလေသည်။
“ဟင် . . . ဗလ . . ဗလ”
မယ်ဖော့က ရေရွတ်လိုက်သည်။ ထိုအခါ မယ်ဖော့အနီးတွင် ထိုင်နေသည့် လူနှစ်ဦးက ဓါးလှံများစွဲကာ လှေကားပေါ်မှဆင်းလာသည့် ဗလအား တိုက်ခိုက်ရန်အတွက် ပြေးလွှားသွားကြသည်။ ဗလက သံတင်းပုတ်ကြီးကို အားဖြင့်လွှဲထည့်လိုက်ရာ ထိုလူနှစ်ဦးစလုံးကို သံတင်းပုတ်နှင့် လွှဲရိုက်မိပြီး ထိုလူနှစ်ဦး၏ အရိုးများမှာ ကွဲကျေလျှက် လွင့်စင်သွားကြလေသည်။
လဲကျသွားသည့် ထိုလူနှစ်ဦးစလုံး ပြန်မထလာနိုင်တော့ပေ၊ ထိုအခါ ရန်ရှင်းက လှံတံကိုကိုင်လိုက်ကာ မတ်တပ်ရပ်လိုက်သည်။
“ဪ၊ လက်စသတ်တော့ ခင်ဗျားကိုး၊ ဘာလဲ ခင်ဗျားမျက်လုံးတစ်ဖက် ဆုံးသွားတာ အားမရသေးဘူးထင်တယ်”
ဗလက ထိုအခါ သံခေါင်းစွပ်ကြီးကို ချွတ်ပြလိုက်လေရာ ကြက်ဥလုံးခန့်ရှိသည့် မျက်လုံးကြီးမှာ သွေးကြောနီနီကြီးများ ထောင်ထလျှက် ရန်ရှင်းကိုကြည့်နေလေသည်။ ရန်ရှင်းတို့လည်း အလွန်အံ့အားသင့်သွားကြသည်။ ဗလက ရန်ရှင်းအား လက်ညှိုးထိုးကာ
“မင်းနဲ့ စာရင်းရှင်းဖို့ လာခဲ့တာပဲ”
ရန်ရှင်းက ရယ်မောလိုက်ပြီးနောက်
“ကြိုက်ပြီလေ”
ရန်ရှင်းက ဗလထံသို့ လျှင်မြန်စွာပြေးဝင်လိုက်ပြီး ဗလ၏ ရင်ဘတ်ကိုလှံဖြင့်ထိုးထည့်လိုက်သည်။ အနီရောင်အဆင်းရှိသည့် လှံစက်ြာကြီးမှာ ဗလဝတ်ဆင်ထားသည့် သံပြားချပ်ဝတ်ကို ဖောက်ထွင်းပြီးနောက် ရင်ဘတ်အတွင်းသို့ စိုက်ဝင်သွားလေသည်။ ရန်ရှင်းက ပြုံးလိုက်ပြီး ဗလကိုကြည့်လိုက်စဉ် ဗလက ရန်ရှင်းအား သံတင်းပုတ်ကြီးဖြင့် လွှဲရိုက်ထည့်လိုက်သဖြင့် ရန်ရှင်းတစ်ယောက် ထိမှန်သွားကာ အနောက်သို့လွင့်ထွက်သွားသည်။
ဗလက ချက်ချင်းပင် သူ့ရင်ဘတ်တွင်စိုက်ဝင်နေသည့် လှံစက်ြာကို ဆွဲနှုတ်လိုက်ပြီး ရန်ရှင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။ လွင့်စင်သွားသည့် ရန်ရှင်းမှာ မြေပေါ်သို့ကျပြီး ပြန်ထရန်အလုပ်တွင် လှံတံက သူ့ဦးခေါင်းထံသို့ အပြေးဝင်လာလေရာ ရန်ရှင်းမှာ ရှောင်ချိန်မရတော့ပေ။
ဖိုးလုံးက ချက်ချင်းခုန်ထလိုက်ပြီးနောက် အရဟံဓါးဖြင့် လှံစက်ြာအား ခုတ်ထည့်လိုက်သော်လည်း အရှိန်ပြင်းသည့် လှံစက်ြာ၏အဖျားကိုသာခုတ်မိသဖြင့် လှံစက်ြာမှာ ရပ်မသွားဘဲ လမ်းကြောင်းအနည်းငယ်သာ ချော်သွားသည်။ မတ်တပ်ရပ်နေသည့် ရန်ရှင်း၏ ညာဖက်ပုခုံးရင်းသို့လှံစက်ြာက စိုက်ဝင်သွားကာ ရန်ရှင်းတစ်ယောက်လှံနှင့်အတူတူ အနောက်သို့တရွတ်တိုက်ပါသွားပြီး ကျောက်သားနံရံတွင် စိုက်ဝင်သွားကာ တန်းလန်းကြီးဖြစ်နေလေသည်။
“ဟား . . ဟား၊ ဘယ်လိုလဲကွ၊ ကိုယ့်လှံတောင် ကိုယ်မရှောင်နိုင်တော့ပါလား”
ရန်ရှင်းက သူ့ပုခုံးရင်းတွင်စိုက်ဝင်နေသည့် လှံတံကို အားဖြင့်ဆွဲနှုတ်လိုက်လေသည်။ လှံချက်ဒဏ်ရာမှ သွေးများစီးကျလာခဲ့သည်။ ရန်ရှင်းက ဗလအားတိုက်ခိုက်ရန်အတွက် အသင့်ပြင်ဆင်လိုက်ချိန်တွင် ဖိုးလုံးက ရန်ရှင်းအရှေ့တွင်ပိတ်ရပ်လိုက်သည်။
“ဒီလူက လူမဟုတ်တော့ဘူးကွ၊ ဒီတော့ ငါဒီကောင့်ကိုရှင်းထားလိုက်မယ်”
“မရဘူးဖိုးလုံး ကျုပ်ဒီကောင့်ကိုသတ်မယ်”
“မင်းမှာက ဒဏ်ရာကြီးနဲ့မဟုတ်လား၊ မင်း ဦးဇင်းတို့ကိုခေါ်ပြီး ဒီကနေထွက်သွားတော့၊ ငါဒီကောင်ကြီးကို ထိန်းထားလိုက်မယ်”
ရန်ရှင်းက တိုက်ခိုက်ချင်သော်လည်း လှံဒဏ်ရာကြောင့် သူ့ညာဖက်လက်မှာ တွဲလောင်းကြီးကျနေလေပြီ၊ ထို့ကြောင့် ဖိုးလုံးပြောသည်ကိုပင် လက်ခံလိုက်ရတော့သည်။ မယ်ဖော့က သားဖြစ်သူ ဦးဇင်းအားလက်ဆွဲကာ မြေအောက်လှိုဏ်ဂူတစ်ခုအတွင်းသို့ ပြေးဝင်သွားလေသည်။
“ဟဲ့ကောင်လေးတွေ၊ ဗလကို နင်တို့မနိုင်လောက်ဘူး မြန်မြန်လာကြ”
မယ်ဖော့ခေါ်သဖြင့် ရန်ရှင်းက အလျှင်အမြန်ပြေးလွှားလိုက်သည်။ မယ်ဖော့က ဖိုးလုံးအားကြည့်ရင်း]
“ဟိုကောင်လေး၊ နင်မလိုက်ဘူးလား နင်သူနဲ့ချရင် သေလိမ့်မယ်နော်”
ဖိုးလုံးက အနောက်သို့ပြန်လှည့်ကြည့်ရင်း
“ရပါတယ်၊ ခင်ဗျားတို့သွားနှင့်၊ ကျုပ်ပါလိုက်မယ်ဆိုရင် အားလုံးလွတ်မှာမဟုတ်ဘူး၊ ကျုပ်ဒီကောင့်ကို ထိန်းထားလိုက်မယ်”
ရန်ရှင်းက ဖိုးလုံးအားတစ်ချက်ကြည့်လိုက်ပြီး
“ခင်ဗျားရရဲ့လား ဖိုးလုံး”
ဖိုးလုံးက ရန်ရှင်းအား သွားများပေါ်အောင်ပြုံးပြလိုက်ပြီး
“ရပါတယ်ကွ၊ ငါ့နာမည်ဖိုးလုံးပါ၊ အရဟံဓါးသခင် ဖိုးလုံးပါ . . .”
ထိုစဉ်မှာပင် ဗလက ဖိုးလုံးရင်၀အား ဆောင့်ကန်ထည့်လိုက်ရာ ဖိုးလုံးမှာလွင့်ထွက်သွားကာ ကျောက်နံရံနှင့်ဆောင့်သွားလေသည်။ ဖိုးလုံးလည်း အမြန်ထလိုက်ပြီး
“ရတယ်၊ ငါဘာမှမဖြစ်ဘူး၊ မင်းတို့သာ သွားတော့”
ရန်ရှင်းက ဖိုးလုံးကိုခေါင်းညိတ်ပြလိုက်ပြီး မယ်ဖော့တို့အနောက်သို့ ပြေးလိုက်သွားလေသည်။ လဲကျသွားသည့် ဖိုးလုံးအနီးသို့ ဗလက အလျှင်အမြန်ပြေးလာသည်။ ဖိုးလုံးလည်း မတ်တပ်ရပ်ရန် အားပြုလိုက်စဉ်မှာ သူ့ခြေထောက်တွေက ထောက်မရတော့ပေ။
“ဟုတ်သားပဲ၊ ငါ့မှာ ဓါတ်လုံးမှမရှိတော့တာ”
သူ့ခြေထောက်နှစ်ချောင်းက ကျိုးနေပြီဖြစ်သဖြင့် ထမရတော့ပေ၊ ဗလက ဖိုးလုံး၏ နံကြားကို ခြေထောက်ဖြင့်သိမ်းကျုံးကာ ကန်ထည့်လိုက်ရာ ဖိုးလုံးမှာ ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားပြီး ကျောက်နံရံနှင့်ဆောင့်မိသွားလေသည်။ သူ့နံရိုးတွေအကုန်လုံး ကျိုးကြေကုန်သည်ကို ဖိုးလုံးခံစားမိသည်။
“မင်းကတော့ သေမှာပဲ၊ ဟိုကောင်လေးတွေ မလွတ်သွားဖို့အရေးကြီးတယ်”
ဗလက ပြောလိုက်ပြီး မြေအောက်လှိုဏ်ဂူပေါက်အတွင်းသို့ ဝင်ရန်ပြုလုပ်စဉ်မှာပင် ကျယ်လောင်သည့် မိုးခြိမ်းသံကြီးကို ကြားလိုက်ရပြီး ဝင်းလက်နေသည့် မိုးကြိုးသွားတစ်ခုက မြေအောက်လှိုဏ်ဂူအဝကို ထိမှန်သွားကာ မြေသားများပြိုကျလာပြီး လှိုဏ်ဂူပေါက်ပိတ်သွားလေသည်။
“ဟား၊ ဟား ခင်ဗျား မြေတူးတာ ဘယ်လောက်ကျွမ်းသလဲဆိုတာ ကြည့်ရတော့မှာပေါ့”
ဖိုးလုံးက ရယ်မောပြီးပြောလိုက်ရာ ဗလမှာ အလွန်ဒေါသထွက်သွားပြီး ဖိုးလုံးအား ကြည့်လိုက်ကာ
“နေအုံး၊ မြေမတူးခင် မင်းကိုအရင်ဆုံး အမှုန့်ချေပေးရမှာပေါ့ကွ”
ဗလက တင်းပုတ်ကြီးကို အားဖြင့်လွှဲမြှောက်လိုက်ပြီး ဖိုးလုံးအား ထုနှက်ချလိုက်သည်။ ဖိုးလုံးကလည်း တင်းပုတ်ချက်ကို မြေတွင်လူးလှိမ့်ကာ ရှောင်ရှားလိုက်ပြီးနောက် ဘယ်ဖက်လက်ဖြင့် တင်းပုတ်အရိုးကို စွဲကိုင်လိုက်လေသည်။ ဗလက တင်းပုတ်ကြီးကို ပြန်ဆွဲယူလိုက်သည့်အခါ ဖိုးလုံးကိုပါ ဆွဲယူလိုက်သလိုဖြစ်သွားတော့သည်။ ဖိုးလုံးက အချိန်ဆွဲမနေတော့ဘဲ မိုးပေါ်မှအကျတွင် အရဟံဓါးဖြင့် ဗလ၏ တင်းပုတ်ကိုင် ညာဖက်လက်ကို လက်မောင်းရင်းမှနေပြီး ထိုးခုတ်ချထည့်လိုက်သည်။
“အား . . .”
ဗလမှာ အသံနက်ကြီးဖြင့်အော်လိုက်ပြီး သူ့ညာဖက်လက်မှာ ပြတ်ကျသွားလေသည်။ ခြေထောက်နှစ်ဖက်ကျိုးနေသည့် ဖိုးလုံးမှာလည်း မြေပေါ်သို့ပြန်ကျသွားသည်။ ဗလလက်မောင်းမှ သွေးများက ပန်းထွက်နေလေသည်။ ဖိုးလုံးက ရယ်မောလိုက်ပြီး
“လုပ်စမ်းပါအုံးဗလရယ် . . . ခင်ဗျားတင်းပုတ်မရှိဘဲ ကျုပ်ကိုရင်ဆိုင်ရဲလို့လား”
ဗလက ဒေါသထွက်ကာ ဘယ်ဖက်လက်ဖြင့် ဖိုးလုံးအား ထုနှက်ရန်ပြင်ဆင်လိုက်သည်။ ဖိုးလုံးလည်း လက်ထဲမှ အရဟံဓါးဖြင့် ဗလလက်မောင်းအားချိန်ရွယ်လျှက် ပစ်ခတ်လိုက်ရာ ဗလ၏ ဘက်ဖက်တံတောင်ဆစ်ကို ထိမှန်သွားပြီး ဗလလက်မှာ ပြတ်ကျသွားလေသည်။
“အား . . . အီး”
“ဟား . . ဟား . . ကဲ ခင်ဗျားဘယ်လိုလုပ်ပြီး တင်းပုတ်ကိုင်မလဲဗလ”
ဖိုးလုံးက ဗလကိုလှောင်ရယ်နေသည့်အခါ ဗလကလည်း အသံနက်ကြီးဖြင့်ရယ်မောလေသည်။
“ဒါကတော့ မင်းငါ့ကို အထင်သေးရာကျသွားပြီကွ၊ ဟား . . ဟား”
ဗလက ရယ်မောနေရင်း ပြတ်ထွက်သွားသည့် သူ့ညာဖက်လက်မောင်းအရင်းမှ အညိုရောင်ကြွက်သားစိုင်ကြီးများ တိုးထွက်လာကာ မြွေကြီးတစ်ကောင်သဖွယ်ဖြစ်သွားပြီး တဖြည်းဖြည်းရှည်ထွက်လာလေသည်။ ထို့နောက် မြေပေါ်ကျနေသည့် တင်းပုတ်ကြီးအား ထိုကြွက်သားမျှင်ကြီးများက ရစ်ပတ်ပြီးသည့်အခါ ဗလမှာ တင်းပုတ်ကြီးကိုလွှဲလိုက်လေသည်။
“ခင် . . ခင်ဗျား၊ ခင်ဗျားက ဘယ်လိုမိစ္ဆာကောင်မျိုးလဲ”
ဗလမှာ ရယ်မောလျှက် တင်းပုတ်ကြီးဖြင့် ဖိုးလုံးအားလွှဲရိုက်ထည့်လိုက်သည်။ ဖိုးလုံးက တင်းပုတ်ရိုက်ချက်ကို လှိမ့်ရှောင်လိုက်သော်လည်း နောက်ထပ်ရိုက်ချက်တစ်ခုက လျှင်မြန်စွာကျလာပြန်သည်။ ဗလက တင်းပုတ်ကြီးအား ကြွက်သားများဖြင့်ကိုင်ကာ အလျှင်အမြန်လွှဲရိုက်ခြင်းဖြစ်သည်။ ထိုအချက်ကို ဖိုးလုံးမရှောင်နိုင်ဘဲ တင်းပုတ်ကြီးက ဖိုးလုံး၏ ကျောပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာလေသည်။
“အား . . . .”
ဖိုးလုံးက အသံအကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေသည်။ တင်းပုတ်ရိုက်ချက်ကြောင့် ဖိုးလုံး၏ ခါးဆစ်ရိုးများမှာ အပိုင်းပိုင်းအစအစကွဲကျေသွားရာ ဖိုးလုံးမှာ ခေါင်းပင် မမော့နိုင်တော့ပေ။ ဗလက ဖိုးလုံး၏ ကိုယ်လုံးအားခြေထောက်ဖြင့်ကန်ပြီး ပက်လက်လှန်လိုက်သည်။ ထို့နောက် ဖိုးလုံး၏ ဦးခေါင်းဆီသို့ တင်းပုတ်ကြီးကိုအားဖြင့်လွှဲရိုက်ချလိုက်လေသည်။ ဖိုးလုံးလည်း မရှောင်တိမ်းနိုင်တော့သဖြင့် မျက်လုံးကိုမှိတ်ထားလိုက်မိသည်။
“ချွင် . . .”
သံနှင့်သံချင်းထိခတ်သည့်အသံကိုကြားလိုက်ရသဖြင့် ဖိုးလုံးမျက်လုံးဖွင့်လိုက်ရာ တင်းပုတ်ကြီးကို ကြေးနီရောင်ဓါးရှည်ကြီးတစ်လက်ဖြင့် ပင့်ပြီးခံထားသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် ရသေ့ကြီးက ဖိုးလုံးအနီးသို့လျှောက်လာကာ ဖိုးလုံးကိုငုံ့ကြည့်သည်။
“ကျွတ် . . . ကျွတ် . . . ဘယ်လောက်များ နာလိုက်မလဲနော်”
ဖိုးလုံးဘာမှမပြောနိုင်တော့ပေ။
“မင်းကို ငါအခွင့်အရေးတစ်ခုပေးမယ်ကောင်လေး၊ မင်းသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းကိုလည်း ဟောဒီက ဗလလိုပဲ နတ်ဘုရားတွေရဲ့ အစွမ်းတွေပေးမယ်၊ မင်းကို အကောင်းအတိုင်းပြန်ဖြစ်စေရမယ်၊ ဘယ်လိုလဲကောင်ကလေး . . . အသေခံမလား . . . ငါနဲ့ပူးပေါင်းမလား”
ဖိုးလုံးက ပါးစပ်ကိုဟစိဟစိလုပ်နေလေရာ သမင်ဦးချိုကြီးဆောင်းထားသည့် ငဒိုမှာ အနားသို့ရောက်လာပြီး
“ဆရာရသေ့၊ ဒီလူက တစ်ခုခုပြောချင်နေပုံရတယ်”
ထိုအခါ ရသေ့ကြီးက ထိုင်ချလိုက်ပြီး ဖိုးလုံးမျက်နှာအနားတွင် သူ့မျက်နှာကိုကပ်လိုက်သည်။ ဖိုးလုံးလည်း ပါးစပ်ဟရန်ပြင်ဆင်နေသဖြင့် ရသေ့ကြီးက သူ့မျက်နှာကို တဖြည်းဖြည်းအနီးသို့တိုးကပ်လာလေသည်။
“ထွီ”
ဖိုးလုံးက တံတွေးဖြင့် ရသေ့ကြီး၏ မျက်နှာကိုထွေးလိုက်ရာ ရသေ့ကြီးမှာ ရှောင်ချိန်မရလိုက်သောကြောင့် တံတွေးများပေကုန်လေသည်။ ရသေ့ကြီးမှာ အလွန်စိတ်ဆိုးသွားပြီး မတ်တပ်ထရပ်လိုက်ကာ ဖိုးလုံးဦးခေါင်းကို ခြေထောက်နှင့်ကန်လိုက်လေသည်။
“ဒီခေါင်းမာတဲ့ကောင်ကို ငရဲပြည်ကို ပို့ပေးလိုက်စမ်း ဗလ”
ဗလမှာ တင်းပုတ်ကြီးကိုလွှဲလိုက်ပြီး ဖိုးလုံးဦးခေါင်းအား ထုနှက်ထည့်လိုက်လေရာ ဖိုးလုံးမှာ ဘာမှမမြင်ရတော့ဘဲ အမှောင်ထုကြီးဖုံးလွှမ်းသွားလေသည်။ သူ့နားထဲတွင်တော့ လမ်းလျှောက်ပြီးထွက်ခွာသွားသည့် အသံများကိုကြားနေရသည်။
(၄)
စတုမဟာရာဇ်နတ်ပြည်တွင် နတ်မင်းကြီးလေးပါးက ရွှေသလွန်များပေါ်တွင် မျက်နှာခြင်းဆိုင်ထိုင်နေကြကာ သူတို့အရှေ့တွင်တော့ မယာရသာယန ဆေးပေါင်းအိုးကြီးကို တည်ထားလေသည်။ ထိုအချိန်တွင် သူတို့နန်းဆောင်ကြီး၏ အရှေ့ဖက်စူးစူးဝင် ရွှေရောင်အဆင်း ဝင်းဝင်းလက်နေသည့် သဏ္ဍာန်တစ်ခုကိုမြင်တွေ့လိုက်ရသဖြင့် နတ်မင်းကြီးလေးပါးစလုံး အံ့ဩသွားကြလေသည်။
“အလို၊ ဟိုမှာဘယ်သူပါလိမ့်၊ ရွှေအဆင်းနဲ့ဝင်းဝင်းလက်နေပါလား”
နတ်မင်းကြီးလေးပါးစလုံး မတ်တပ်ထလိုက်ကာ ထိုအရာအနီးသို့လျှင်မြန်စွာ ပျံသန်းသွားကြသည်။ ဝင်းဝင်းလက်နေသည့်အရာမှာ အလင်းရောင်လုံးကလေးတစ်ခုဖြစ်ပြီး ထိုအထဲတွင် မျက်နှာပုံစံကလေးတစ်ခုပါဝင်နေလေသည်။ နတ်မင်းကြီးလေးပါးမှာ ထိုမျက်နှာကလေးကို စူးစိုက်ကြည့်နေရင်း ဓတရဌနတ်မင်းကြီးက
“နေအုံး၊ ဒီမျက်နှာကို ကျုပ်ရင်းရင်းနှီးနှီးကို မြင်ဖူးနေသလိုပဲ”
“ဟုတ်ပါရဲ့အဆွေတို့၊ ဒီလူဘယ်သူများပါလိမ့်”
ကုဝေရနတ်မင်းကြီးက အသေအချာကြည့်လိုက်ပြီးနောက်
“ဟာ၊ အဆွေတို့ကလည်း အဲဒါဘယ်သူရှိမလဲ၊ ဖိုးလုံးပေါ့”
နတ်မင်းကြီးသုံးပါးစလုံး မျက်ခုံးများတွန့်သွားကြသည်။
“ဖိုးလုံးက ဒီကိုဘာလာလုပ်တာလဲ”
“ကျုပ်အထင်တော့ လူ့သက်တမ်းကုန်ပြီးတော့ နတ်ဘုံနတ်နန်းပေါ်ပြီး နတ်အဖြစ်ရောက်တော့မယ်ထင်တယ်၊ သေငယ်ဇောနဲ့ မေ့မြောနေလို့သာ နတ်အဖြစ်မရသေးတာ”
“ဟာ . . . မဖြစ်ဘူး၊ ကျုပ်တို့ ဒီကောင်ကလေးကို ပြန်လွှတ်မှဖြစ်မယ်”
ထိုအလင်းလုံးကလေးကို သယ်ဆောင်ပြီးသည့်အခါ နတ်မင်းကြီးများက နတ်နန်းဆောင်ကြီးအတွင်းဝင်လာကြလေသည်။ ရသာယန နတ်ဆေးပေါင်းအိုးကြီးမှ ပေါင်းခံရည်များကို ငှဲ့ယူလိုက်ကြပြီး ရွှေဇွန်းကြီးဖြင့်ခံကာ ဖိုးလုံးပါးစပ်ကိုဖြဲပြီး ထိုးထည့်ကြလေသည်။ ဖိုးလုံးမှာ မျက်နှာကလေးမှတဆင့် တဖြည်းဖြည်းခြေလက်များအထိပါ ခပ်ရေးရေးပေါ်ပေါက်နေပြီဖြစ်သည်။
“မြန်မြန်တိုက်၊ များများသာတိုက်ထည့်လိုက်အဆွေတို့၊ ကျုပ်တို့ဘုံမှာ နတ်လာဖြစ်နေမှ ကျုပ်တို့ခက်နေပါအုံးမယ်”
နတ်မင်းကြီးလေးပါးက ဇွန်းများနှင့်ခပ်ခပ်ပြီး ဖိုးလုံးပါးစပ်ထဲသို့ လောင်းလောင်းထည့်လေရာ ဘယ်နှဇွန်းမြောက်သွားမှန်းပင်မသိတော့၊ ဖိုးလုံးမှာ မျက်လုံးများမှိတ်လျှက် တစ်ကိုယ်လုံး ငှက်မွှေးတစ်ချောင်းကဲ့သို့ ပေါ့ပါးလာသလို ခံစားနေရာမှ၊ တဖြည်းဖြည်း လေးလံလာပြီးနောက် အေးစက်လှသည့် ပထဝီမြေကြီးနှင့် ထိတွေ့သွားလေသည်။ ဖိုးလုံးက အိပ်ရာမှလန့်နိုးသလို လန့်နိုးလာပြီးနောက် ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်ရာ မယ်ဖော့တို့၏ မြေတိုက်ခန်းထဲတွင်ပင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
မယ်ဖော့တို့မှာ ရွာအတွင်းရှိ အိမ်ပျက်ကြီးတစ်လုံး၏ အိမ်အောက်မှ တိုးထွက်လာကြသည်။ ညအချိန်ဖြစ်သဖြင့် တစ်ရွာလုံးမှာတိတ်ဆိတ်နေသည်။
“လာသား၊ အမေတို့တွေ လုံခြုံတဲ့တစ်နေရာမှာ သွားပုန်းနေရအောင်”
မယ်ဖော့က ဦးဆောင်ကာ ဦးဇင်းလက်ကိုဆွဲပြေးပြီး အနောက်မှ ရန်ရှင်းက အခြေအနေကြည့်ကာ လိုက်ပါလာခဲ့သည်။ ရွာလယ် လူသတ်သည့် စင်မြင့်ကြီးအနီးသို့ ရောက်သည့်အခါ ရွာအတွင်းရှိခွေးများက ဆွဲဆွဲငင်ငင်အူလိုက်သည်ကို ကြားလိုက်ရသည်။ ထိုအခါ စင်မြင့်ပေါ်မှ အကောင်ကြီးတစ်ကောင်က လွှားခနဲခုန်ချလာလေသည်။ လရောင်အောက်တွင် မြင်တွေ့လိုက်ရတော့မှ ရဲမက်တော်ဗလကြီးမှန်း သိလိုက်ရသည်။ သို့သော် ဗလ၏ လက်နှစ်ဖက်မှာ ကြွက်သားများသာဖြစ်နေပြီး လက်တစ်ဖက်တွင်တော့ တင်းပုတ်ကြီးကို ကိုင်စွဲထားလေသည်။
“ဟား၊ ဟား ခင်ဗျားတို့လုပ်တယ်ဆိုတာ ကျုပ်သိသားပဲ”
ထိုအခါ စင်မြင့်ပေါ်မှ အသံကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ရသေ့ကြီးဖြစ်နေလေသည်။ မယ်ဖော့က ရသေ့ကြီးကိုကြည့်ရင်း
“ဟုတ်တယ်၊ ရှင်နဲ့ရွာစားမင်းနဲ့ပေါင်းပြီး ကျုပ်လင်ကိုသတ်၊ ကျုပ်သားတွေကိုပုန်ကန်မှာစိုးလို့ အကုန်သတ်ခဲ့တာမဟုတ်လား၊ အခုတော့ ကျုပ်သားအငယ်ဆုံး ရွာကိုပြန်ရောက်လာပြီ၊ သူက ရွာသားတွေကိုစည်းရုံးပြီးတော့ ရှင်တို့ကိုတော်လှန်ပြီး ရွာကနေမောင်းထုတ်တော့မှာ”
ရသေ့ကြီးမှာ ဦးဇင်းကိုကြည့်ပြီး အလွန်ထိတ်လန့်သွားလေသည်။
“နင်တို့အကြံအစည်တွေ မအောင်မြင်စေရဘူးမယ်ဖော့၊ ကဲ ဗလရေ၊ ဒီသုံးယောက်ကို မင်းရှင်းလိုက်တော့”
ဗလက မယ်ဖော့ဆီသို့ တင်းပုတ်ကြီးနှင့် လွှဲရိုက်ပြီးထုလိုက်ရာ ရန်ရှင်းက သူ့လှံဖြင့် တင်းပုတ်အားခံထားလိုက်သည်။ ထို့နောက် ဗလ၏ ရင်၀ကိုခြေဖနောင့်နှင့် ပေါက်ထည့်လိုက်ရာ ဗလမှာ ယိမ်းယိုင်သွားပြီး ဒူးတစ်ဖက်ထောက်ကျသွားလေသည်။ ရန်ရှင်းက ချက်ချင်းပင် လှံသွားဖြင့် ဗလ၏ မျက်လုံးနှစ်လုံးကြားတည့်တည့်သို့ ထိုးထည့်လိုက်ပြီး လှံသွားကို ဆွဲမွှေ့လိုက်ရာ ဗလခေါင်းမှာ ပြုတ်ထွက်ပြီး ရန်ရှင်း၏လှံတွင်ထိုးသီပြီးသားဖြစ်လျှက် ပါလာလေသည်။ ရန်ရှင်းက ဗလကိုကြည့်ပြီး တစ်ချက်ရယ်မောလိုက်သည်။
ထိုအခါ ရသေ့ကြီးအနောက်တွင်ရပ်နေသည့် ငဒိုက ဓါးကိုကိုင်လျှက် ခုန်ချရန်ပြင်ဆင်လိုက်စဉ် ရသေ့ကြီးက ငဒိုအား တားမြစ်လိုက်သည်။
“မလိုဘူးငဒို၊ ဒီသုံးယောက်လောက်တော့ ဗလက အသာလေးနိုင်မှာပါ၊ ညည့်နက်ပြီ၊ ငါလည်းအိပ်ချင်နေပြီ ငါတို့ပြန်ကြရအောင်”
ငဒိုက ခေါင်းညိတ်လိုက်ပြီးနောက် ရသေ့ကြီးနှင့်အတူ ဝတ်ကျောင်းဆောင်ကြီးဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
“ဟား၊ ဟား ခင်ဗျားကြီးအခုတော့ သေပြီမဟုတ်လား”
လှံတွင်စိုက်နေသည့် ခေါင်းပြတ်ကြီးကိုကြည့်ကာ ရန်ရှင်းက ရယ်မောလိုက်သည်။ ထိုအခါ ခေါင်းပြတ်ကြီးမှာ လှုပ်ရှားလာပြီး ခေါင်းပြတ်ထားသည့် နေရာမှ ကြွက်သားစိုင်ကြီးများထွက်လာကာ ရန်ရှင်းလက်ပေါ်သို့ အတင်းကုပ်ဖက်တွယ်တက်လေသည်။ ရန်ရှင်းလည်း အမြန်ရုန်းထွက်ပြီး လှံတံကြီးကို ပစ်ချလိုက်ရသည်။
“ခင် . . ခင်ဗျားက ဘာကြီးလဲ”
“ဟား၊ ဟား ငါ့ကိုသတ်ဖြတ်လေလေ ငါကပိုပြီးအားကြီးလာလေလေပဲကွ”
ခေါင်းပြတ်ပြီး ဒူးတစ်ဖက်ထောက်ကာ လဲကျနေသည့် ဗလ၏ လည်ပင်းမှလည်း မျက်လုံးကြီးတစ်လုံးပါသည့် ဦးခေါင်းတစ်ခုက ထွက်လာခဲ့သည်။ ထို့နောက် ရန်ရှင်းအား တင်းပုတ်ကြီးဖြင့် အတင်းဝင်တိုက်ခိုက်ရာ ရန်ရှင်းမှာ အသည်းအသန်ရှောင်ရှားနေရသည်။ ထိုမျှသာမက သူ့လှံတွင်စိုက်ဝင်နေသည့် ဦးခေါင်းကြီးမှ လက်များထွက်လာပြီး လှံကိုကိုင်စွဲလျှက် ရန်ရှင်းအားပြန်လည်တိုက်ခိုက်နေပြန်သည်။ ညာဘက်လက်တစ်ဖက် အသုံးပြုမရသည့် ရန်ရှင်းမှာ တဖြည်းဖြည်း အထိနာလာသည်။ တင်းပုတ်ကြီးကိုရှောင်နိုင်သော်လည်း လှံတံကိုတော့မရှောင်နိုင်ဘဲ လှံသွားက သူ့ပေါင်ရင်းကို ထိုးစိုက်သွားလေသည်။
“အား . . .”
ရန်ရှင်းက နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“ဂျိန်း . . .”
ထိုစဉ် မိုးခြိမ်းသံကြီးနှင့်အတူ လင်းလက်နေသည့် မိုးကြိုးသွားတစ်ခုက မိုးပေါ်သို့ ပျံတက်သွားလေသည်။ မကြာခင် ထိုမိုးကြိုးသွားမှာ မိုးပေါ်မှအရှိန်ပြင်းစွာကျဆင်းလာပြီး ရန်ရှင်း၏ လှံတံကြီးအား အရှိန်ပြင်းစွာနှင့် ထိမှန်သွားလေသည်။
“ဝုန်း . . . “
ပြင်းထန်သည့်ပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားပြီး ရန်ရှင်းပါလွင့်ထွက်သွားလေသည်။ လှံတံတွင် ကိုင်စွဲထားသည့် ခေါင်းပြတ်ကြီးမှာ မီးများလောင်ကျွမ်းနေပြီးနောက် ကြွက်သားစိုင်များမှာလည်း မီးသွေးတုံးများအဖြစ်ပြောင်းလဲသွားလေသည်။ မိုးကြိုး၏ အပူရှိန်ကြောင့် ရန်ရှင်း၏ လှံစက်ြာကြီးမှာ အနီရောင်ရဲရဲတောက်လောင်လျှက်ရှိသည်။
“ဖိုး . . . ဖိုးလုံး”
ဖိုးလုံးက အမှောင်ထုအတွင်းမှထွက်လာလေသည်။ အရဟံဓါးမှာ မိုးကြိုးသွားအသွင်ဖြင့် ပျံသန်းလာပြီး ဖိုးလုံးလက်ထဲသို့ ကျရောက်သွားသည်။ ဗလဦးခေါင်းမှ မျက်လုံးကြီးမှာ အနီရောင်ဝင်းလက်သွားပြီးနောက်
“မင်း . . . မင်းမသေဘူးလား”
“ကျုပ်ကိုလွယ်လွယ်နဲ့သတ်လို့ရမယ်လို့ ခင်ဗျားထင်နေတာလားဗလ”
ဗလက တင်းပုတ်ကြီးကိုလွှဲပြီး ဖိုးလုံးအား ရိုက်ထည့်လိုက်သည်။ ဖိုးလုံးက အရဟံဓါးဖြင့် ပြန်ပြီးခံထည့်လိုက်ရာ တင်းပုတ်ကြီးမှာ ပြန်ကန်ထွက်သွားလေသည်။ ဖိုးလုံးက အရဟံဓါးဖြင့် ဗလ၏ ရင်၀ကိုထိုးစိုက်လိုက်ပြီး မိုးကြိုးလျှပ်စီးစွမ်းအင်များကို ထုတ်လွှတ်လိုက်လေရာ ဗလတစ်ကိုယ်လုံးတုန်ယင်နေလေသည်။
“မင်းသတ်လေ၊ မင်းငါ့ကိုသတ်လိုက်၊ ဟား . . ဟား”
ဖိုးလုံးက အရဟံဓါးကို လက်နှစ်ဖက်ဖြင့်ကိုင်စွဲလိုက်ပြီး ဗလကိုယ်လုံးကို မိုးပေါ်သို့မြှောက်တင်လိုက်သည်။ ထို့နောက် အရဟံဓါး၏ အစွမ်းဖြင့် မိုးပေါ်သို့တစ်ဟုန်ထိုးခုန်တက်သွားသည်။
“သတ်လိုက်စမ်းပါကွာ၊ ငါ့ကိုသတ်လေလေ၊ ငါက ပိုစွမ်းလာလေလေပဲကွ”
ဗလက ပြောဆိုနေလေသည်။ ဖိုးလုံးက မိုးပေါ်အတော်အမြင့်ရောက်သွားမှ တစ်ချက်ပြုံးလိုက်ပြီး
“ခင်ဗျားကိုမသတ်ပါဘူးဗျာ၊ ကျုပ်က အရှင်လတ်လတ်မြေမြှုပ်ပေးမှာ . . .”
အရဟံဓါးကို ဆွဲနှုတ်လိုက်သည့်အခါ ဗလမှာ မိုးပေါ်မှတစ်ဟုန်ထိုးကျဆင်းသွားလေသည်။ ထို့နောက် မြေကြီးနှင့် အရှိန်ပြင်းစွာထိခိုက်မိပြီးနောက် ကားယားကြီးဖြစ်နေလေသည်။
“အရဟံ၊ သိဒိ၊ ဘဂဝါ”
အရဟံဂါထာတော်ကြီးကို ရွတ်ဆိုလိုက်ပြီးနောက် ဖိုးလုံးက မိုးပေါ်မှတစ်ဟုန်ထိုးခုန်ဆင်းလာလေသည်။ မြေပြင်တွင် ပက်လက်ကြီးဖြစ်နေသည့် ဗလအား အရဟံဓါးဖြင့်ထိုးနှက်လိုက်ပြီးနောက် ဖိုးလုံးရော ဗလပါ မြေထုကိုခွဲလျှက် အတွင်းသို့ နစ်ဝင်သွားကြလေသည်။ မယ်ဖော့မှာ အံ့ဩလွန်းပြီး ကြက်သေသေနေရာမှ
“ငါ . . ငါရူးသွားတာလား”
“မရူးပါဘူးမယ်တော်၊ သူက အရဟံဓါးသခင်လို့ခေါ်တယ်”
“သူ . . . သူက သိပ်စွမ်းတာပဲ၊ ငါ့သားမှာ နောက်လိုက်ကောင်းတပည့်ကောင်းတွေရှိပြီဆိုတော့ ဒီရွာကြီးကို အုပ်ချုပ်ဖို့ မခက်ခဲတော့ဘူးပေါ့ ငါ့သား”
ဦးဇင်းမှာခေါင်းခါလျှက် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ဖိုးလုံးနှင့် ဗလမှာ မြေဆီမြေသားများကို ဖြတ်ကျော်ကာ ကျောက်ထုအလွှာများအတွင်းသို့ တစ်လွှာပြီးတစ်လွှာထိုးဖောက်ဝင်ရောက်သွားကြလေသည်။ နောက်ဆုံးတွင်တော့ အလွန်ပူလောင်လှသည့် ချော်ရည်ပူများရှိသည့်အလွှာတွင် နှစ်ရောက်လုံးနစ်မြုပ်သွားကြသည်။
“မလုပ်နဲ့၊ ငါ့ကိုလွှတ်ပေးပါ၊ ငါ့ကိုလွှတ်ပေးပါကွာ”
“ခင်ဗျားကိုကျုပ်ဒီနေရာမှာ လွှတ်ခဲ့မှာပါဗျာ၊ ခင်ဗျားတစ်ယောက်တည်း အေးအေးလူလူနေခဲ့တော့နော်”
ဖိုးလုံးက အရဟံဓါးကိုမိုးပေါ်ထောင်လိုက်ပြီးနောက် ဗလကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအခါ ဗလမှာ ချော်ရည်ထုကြီးထဲတွင် ရုန်းကန်နေသော်လည်း မလွတ်နိုင်ဘဲ တဖြည်းဖြည်းနစ်မြုပ်ကာ ပျောက်ကွယ်သွားလေတော့သည်။
ငလျင်တစ်ချက်တုန်လှုပ်သွားပြီး ဖိုးလုံးက အပေါက်ကြီးအတွင်းမှပြန်တက်လာသည်။ ငလျင်လှုပ်သည့်အရှိန်ကြောင့် မြေသားအပေါက်နှုတ်ခမ်းသားများမှာ ကွဲကျေပြီး အပေါက်အတွင်းသို့ပြုတ်ကျကာ မြေဖို့ပြီးသားဖြစ်သွားတော့သည်။
ဖိုးလုံးက ဦးဇင်းကိုလက်အုပ်ချီလိုက်ပြီး
“မကောင်းတဲ့ မိစ္ဆာကြီးတစ်ကောင်တော့ အဆုံးသတ်သွားပါပြီဘုရား”
ထိုအခါ မယ်ဖော့က ရွာမြောက်ဘက်ရှိ ဝတ်ကျောင်းဆောင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ငါတို့ တိုက်ခိုက်လက်စနဲ့၊ ဒီရွာက မိစ္ဆာကောင်ကြီးကို တစ်ခါတည်းအပြတ်ရှင်းထုတ်ရမယ်”
ဖိုးလုံးက ဆရာတော်အားကြည့်လိုက်ရာ ဆရာတော်က ခေါင်းညိတ်ပြလိုက်သည်။ ရန်ရှင်းကလှံတံကိုကောက်ယူလိုက်ပြီးနောက် ဖိုးလုံးနံဘေးတွင် ရပ်နေလိုက်သည်။
“မင်းမလိုက်နဲ့ရန်ရှင်း၊ ဒီကောင်တွေကို ငါတစ်ယောက်တည်းရှင်းမယ်၊ မင်းသာ ဦးဇင်းတို့ကို စောင့်ရှောက်ထား”
ဖိုးလုံးက ထိုသို့ပြောပြီး ဝတ်ကျောင်းတော်ကြီးဆီသို့ ပြေးလွှားလာခဲ့လေသည်။
ပြီးပါပြီ၊
အရဟံဓါးသခင်နှင့် နတ်ဓါးရှင်ငဒို တွင် ဆက်လက်ဖတ်ရှုပါ။