(ဖြစ်ရပ်မှန်ဆိုသော်လည်း ဇတ်လမ်းဇာတ်ကွက်များထပ်မံဖြည့်စွက်ရေးဖွဲ့ ထားပါသည်)
(၁)
ဆောင်းတွင်းဆိုသော်လည်း ရန်ကုန်ဆောင်းမှာ သိပ်မအေးမြပေ။ သို့သော် စာရေးသူတို့ ရပ်ကွက်က သစ်ရိပ်ဝါးရိပ်ကြီးများရှိပြီး တောင်ကုန်းလည်းဖြစ်နေတော့ မနက်ပိုင်းဆို ချမ်းအေးသည်။ လေကလဲတဖြူးဖြူးတိုက်နေသဖြင့် အိမ်ထဲကထွက်ပြီး အိမ်ရှေ့တွင်ထိုင်နေကာ ဖုန်းပွတ်နေလိုက်သည်။ ဆောင်းတွင်းလေ အေးအေးလေးနှင့် ဇိမ်ကျနေလျှက်ရှိသည်။
“ကတောင်”
မက်ဆင်ဂျာတွင် သူငယ်ချင်းမဟုတ်သူ တစ်ယောက်တက်လာသည်။ သူက စကားပြောချင်လာသဖြင့် ကိုယ်ကလဲ လက်မပြန်ထောင်လိုက်ရသည်။
“ဆရာ ဖုန်းခေါ်လို့ရမလား”
“ရတော့ရတယ်”
ပုံမှန်ဆို မနက်စောစောစီးစီး သူများနှင့် ဖုန်းမပြောတတ်။ မကြာမီ သူကပင် မက်ဆင်ဂျာမှ ဖုန်းခေါ်လာလေသည်။
“ဟုတ်ကဲ့ ဆရာအဂ္ဂလား”
“ဟုတ်ကဲ့”
အသံက ယောက်ျားလေးအသံဖြစ်သော်လည်း အသံချိုချိုနှင့် ရှတတလေးဖြစ်နေသည်။
“ကျွန်တော့်ရဲ့ ထူးဆန်းတဲ့အတွေ့အကြုံကလေးကို ပြောပြချင်လို့ပါ”
“ဟုတ်ကဲ့ ပြောကြည့်ပါ”
ထိုသူက အတော်ကြာသည်အထိ စကားမထွက်လာတော့။ ထိုအခါ ကျွနု်ပ်က လိုင်းမကောင်းဘူးထင်ပြီး ဟယ်လိုဟု သုံးလေးခါ ခေါ်နေမိသည်။
“ဟုတ်၊ ကြားရတယ်ခင်ဗျ၊ ကျွန်တော် ပြောပြသင့် မသင့်စဉ်းစားနေတာ”
တစ်ဖက်မှ အသံကိုကြားလိုက်ရပြီးနောက် ကျွနု်ပ်လဲ စိတ်ကွက်သွားလေသည်။
“မပြောပြသင့်တာတွေဆိုလဲ ပြောမနေပါနဲ့ဗျာ”
“ဆရာက စိတ်ဆိုးသွားတာလား ဟက်ဟက်”
ထို့နောက် တစ်ဖက်က ဖုန်းက တိတ်ဆိတ်သွားပြန်သည်။
“ဒါဆိုလဲ ဆရာရယ် ပြောမပြတော့ပါဘူးဗျာ”
သူက ကျွနု်ပ်၏ သိချင်စိတ်ကို နှိုးဆွနေသည်လား၊ ကျွနု်ပ်ပဲ ဒေါသတွေဖြစ်လာတာလားတော့မပြောတတ်။
“ဒါဆိုဒီလိုလုပ်ဗျာ မပြောပြသင့်တာတွေဆိုရင်လဲ စာနဲ့ရေးပြပေါ့။ ဒါဆိုပြောပြတာ ဘယ်ဟုတ်တော့မလဲ”
“ဟာ ဟုတ်သားပဲ”
တစ်ဖက်မှလူငယ်လဲ ထိုသို့ပြောလိုက်ကာ ဖုန်းချသွားလေသည်။ ထို့နောက် ထိုလူငယ်သည် မက်ဆင်ဂျာမှနေ၍ တတောင်တောင်ဖြင့် တစ်ကြောင်းခြင်းစာရိုက်ပြီးပို့လေသည်။ ကျွနု်ပ်လဲ စိတ်မပါသဖြင့် မကြည့်သေးဘဲထားလိုက်သည်။ ညနေမှ သူပို့ထားသည့် စာများကို အစမှကြည့်မိလိုက်ရာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ဇတ်လမ်းတစ်ပုဒ်အနေဖြင့် ပြန်ပြီး ရေးသားလိုက်ရပါတော့သည်။
(၂)
၂၀၁၈ ခုနှစ်။ ထူးထူးခြားခြား အစိုးရရုံးပိတ်ရက်က သုံးရက်ဆက်တိုက်ဖြစ်နေသည်။ စနေ၊ တနင်္ဂနွေခံနေတော့ ငါးရက်။ ကျော်ထက်တို့ ကုမ္မဏီက အစိုးရရုံးပိတ်ရက်များ၊ ပြန်တမ်းဝင်ရုံးပိတ်ရက်များ ပိတ်သည်မို့ တရုံးလုံး ခရီးသွားရန်ပြင်ဆင်နေသည်။ ခရီးသွားအေဂျင်စီများ၊ လေယဉ်များ၊ ကားလတ်မှတ်များမှာ ကြိုမှာထားမှရသည်။ ကျော်ထက်နှင့် ကောင်းပြည့်တို့က တစ်ရုံးထဲအလုပ်လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို၊ အချစ်ဆုံးသူငယ်ချင်းတွေဆိုလဲ မမှားပေ။ ကျောင်းပြီးကတည်းက ကျော်ထက်က ယခုကုမ္မဏီမှာ အလုပ်ဝင်ဖြစ်သည်။ ကောင်းပြည့်ကလဲ ထိုအချိန်တွင် အလုပ်စဝင်လာပြီး ထိုအချိန်မှ စတင်ခင်မင်လာခဲ့ရာ ယခု ငါးနှစ်ကျော် ခြောက်နှစ်ထဲရောက်ခဲ့ပြီဖြစ်သည်။
ကျော်ထက်ကော ကောင်းပြည့်ပါ ကုမ္မဏီတွင်အလုပ်ကြိုးစားသည်မို့ ယခုဆို ရာထူးတစ်နေရာရရှိခိုင်မာနေပြီဖြစ်သည်။ နှစ်ဦးစလုံးကလဲ လူပျိုလူလွတ်တွေဖြစ်သည်မို့ အလွန်ခင်မင်ကြသည်။ ရုံးပိတ်ရက်တွေဆို နှစ်ယောက်သား ခရီးတွေထွက်တတ်သည်။ ကျော်ထက်က အသားညိုညို၊ မျက်လုံးမျက်ဆန်ကောင်းကောင်းနှင့် ဗလသိပ်မတောင့်သော်လည်း ပိန်ပိန်ပါးပါးထဲကတော့မဟုတ်။ ကောင်းပြည့်ကတော့ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ အမွှေးအမျှင်ထူူထူနှင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေး ရေးရေးထားသည်။ ကျော်ထက်ကော ကောင်းပြည့်ပါ ဂျင်မ်ဆော့သော်လည်း ကောင်းပြည့်က ခန္ဒာကိုယ်ကြီးထွားအောင် ဆော့သည်မို့ ကောင်းပြည့်က ဗလပိုကောင်းသည်။ ပုခုံးနှင့် ရင်ဘတ်တွင် တက်တူးများထိုးထားသဖြင့် များသောအားဖြင့် စွပ်ကျယ်လို အကျီမျိုးတွေဝတ်တတ်သည်။ ထိုသို့ဝတ်ပြီး လမ်းသွားသည့်အခါ မိန်းကလေးများပင်မက ယောက်ျားကလေးများပါ ငေးယူရလောက်အောင်ကို ခန္ဓာကိုယ်အချိုးအစားကျနသည်။
သူများတွေကလဲ ခရီးသွားဖို့ စီစဉ်ထားတော့ ကျော်ထက်တို့ သူငယ်ချင်းနှစ်ယောက်လဲ ခရီးသွားဖို့ စီစဉ်ပြီးသားဖြစ်သည်။ သို့သော် အများသွားသည့် ပုဂံဘုရားဖူး၊ ကမ်းခြေ၊ ကျိုက်ထီးရိုး၊ ရှမ်းပြည်ကဲ့သို့ ခရီးမျိုးမဟုတ်ဘဲ တောတွင်းစွန့်စားသွားရသည့် ခရီးဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း မြို့ကလေးတစ်မြို့မှနေ၍ ထိုအနီးတောင်ပေါ်သို့ လမ်းကြမ်းတက်ရပြီးတော့ ထိုတောင်ပေါ်ရှိတောင်စောင်းလေးတွင် သစ်ပင်များအပေါ်တွင် တည်ဆောက်ထားသော သစ်လုံးအိမ်ကလေးတွင် ညအိပ်ပြီးစခန်းချကြမည့် ခရီးစဉ်ဖြစ်သည်။
ကျော်ထက်ကော ကောင်းပြည့်ပါ ထိုခရီးစဉ်လေးကို သွားချင်ကြသည်။ သာမန်ခရီးများကို ထွက်ဖူးပြီး ယခုတစ်ခေါက်တော့ တောတွင်းစွန့်စားခရီးစဉ်ကလေးမို့ ထူးဆန်းနေသည်က အမှန်ပင်ဖြစ်သည်။ ရုံးမှ ရုံးဆင်းသည်နှင့် ကားဂိတ်ကို ထွက်ခဲ့ကြသည်။ ကားလမ်းက အလွန်ပိတ်နေသည်။ ကားဂိတ်ရောက်တော့ ပိုဆိုးသည်။ ကားဂိတ်တွင် ခရီးသွားမည့်သူတွေနှင့် ပြည့်နှက်ကာ ကားလမ်းများအလွန်ပိတ်ဆို့နေသည်။
မြန်မာပြည်တစ်ဝှမ်း လည်ပတ်စရာဒေသများ ထိုရက်ပိုင်းက လူများအလွန်ပြည့်သိပ်နေကြသည်။ သို့သော် တော်သေးသည်။ ကျော်ထက်တို့ သွားသည့်နေရာလေးကတော့ ခရီးသွားအများကြီးမရှိပေ။ ရှမ်းပြည်တောင်ပိုင်းမြို့ကလေးသို့ ရောက်ခဲ့ကြပြီးတော့ ကားဂိတ်မှဆင်းလိုက်သည်။ နောက်တစ်နေ့မနက်လင်းအားကြီးမှရောက်သည်။ ရောက်သည်နှင့် သူတို့ဘိုကင်ယူထားသည့် ခရီးသွားလုပ်ငန်းသို့ သွားပြီး ဆက်သွယ်ကြသည်။
သူတို့ကို ခဏစောင့်ခိုင်းထားသည်။ ထို့နောက် လူများကို ရေတွက်ကြသည်။ ဒီတစ်ခေါက်တော့ သူတို့သူငယ်ချင်းနှစ်ယောက်ရယ် နိုင်ငံခြားသား ခြောက်ယောက်ရယ်၊ နောက်ထပ်ခရီးသွား နှစ်ယောက်၊ တိုးဂိုက်နှင့် လမ်းပြ နှစ်ယောက် စုစုပေါင်း ဆယ့်သုံးယောက်ဖြစ်သည်။
ထိုမြို့ကလေးမှ ခွေးဘီလူးကားလေးဖြင့် ရွာငယ်လေးတစ်ရွာကို သွားကြသည်။ ထိုရွာငယ်ကလေးမှာ တောင်ခြေရွာလေးဖြစ်သည်။ ထိုတောင်ခြေရွာလေးမှ တောင်ပေါ်သို့ ဆက်တက်ကြရမည်ဖြစ်သည်။ ထိုတောင်ခြေရွာကလေးတွင် စတည်းချသည့် စခန်းလေးတစ်ခုရှိပြီး ထိုနေရာတွင် နေ့လည်စာ ဒေသချက် အစားအစာများနှင့် ဧည့်ခံသည်။ ကျော်ထက်ကော ကောင်းပြည့်ကော ဗိုက်ဆာဆာနှင့် စားကောင်းကြသည်။ ဒေသထွက် သီးနှံများ အသားများနှင့် ချက်ပြုတ်ထားသည်မို လတ်ဆတ်ပြီး စားကောင်းသည်။
စားသောက်ပြီးတော့ ထိုရွာကလေးမှ တဆင့်တောင်ပေါ်သို့တက်ကြသည်။ တောင်မှာ အစပိုင်းက သိပ်မမက်စောက်။ ဝါးတောကြီးများ၊ သစ်တောကြီးများကို ဖြတ်သန်းရင်း တဖြည်းဖြည်းမက်စောက်လာသည်။ နိုင်ငံခြားသားများကတော့ ပျော်ရွှင်နေကြသည်။ သူတို့က မြန်မာနိုင်ငံလို နိုင်ငံကိုလာပြီး ယခုလို တောတောင်သဘာဝနှင့် စွန့်စားမှုခရီးများကို ထွက်ရသည်ကို နှစ်ခြိုက်ကြသည်။ ကျန်သည့် မြန်မာနှစ်ဦးကတော့ စုံတွဲဖြစ်သည်။ ညားခါစ လင်မယားဖြစ်ဟန်တူသည်။ သူတို့လဲ လူငယ်မို့ သွားနိုင်လာနိုင်ကြသည်။ ကျော်ထက်တို့ကတော့ ယေက်ျားလေးတွေဖြစ်နေသည်မို့ တက်နိုင်သည်။
တောအတွင်း ရေအိုင်နှင့် စိမ့်စမ်းလေးများကိုလဲ ဖြတ်သန်းရသည်။ တောင်ကျချောင်းလေးများက မိုးကုန်ပြီဖြစ်သော်လည်း စီးဆင်းနေကြဆဲဖြစ်သည်။ သည်လိုနှင့် တောင်ပေါ်တက်ရင်း ညနေ စောင်းတော့ တောင်ကြောတစ်ဖက်ဆီက သစ်လုံးအိမ်ကလေးဆီသို့ ရောက်သွားကြသည်။
ကြိုရောက်နေသည့် ဒေသခံများက ထမင်းနှင့်ဟင်းများ ချက်ပြုတ်ထားကြသည်။ တောင်ကြောတစ်ဖက်တွင်မို့ နေကျသွားသည်နှင့် မှောင်မဲလာသည်။ ရာသီဥတုကလဲ ချက်ခြင်း အေးပြီး စိမ့်တက်လာသည်။ ကျော်ထက်တို့လဲ အနွေးထည်များ ဝတ်ဆင်လိုက်ကြသည်။
“ဖုန်းလိုင်းလဲ မမိဘူးဟ”
ကောင်းပြည့်က ရေရွတ်လိုက်သည်။ ထိုနေရာမှာ တောနက်အတွင်းဖြစ်သဖြင့် ဖုန်းလိုင်းမမိ။ နိုင်ငံခြားသားများကတော့ ကင်မရာများဖြင့်ရိုက်နေကြသည်။ တောနက်အတွင်း သစ်ပင်ကြီးနှစ်ပင်အပေါ်တွင် သစ်လုံးအိမ်ဆောက်ထားပြီးတော့ ကြောင်လိမ်လှေကားကြီးလဲ ပြုလုပ်ထားသည်။ အိမ်တစ်ခုမှာ ပေ ၃၀ ခန့်မြင့်ပြီးတော့ နောက်အိမ်တစ်လုံးမှာတော့ ပေ ၄၀ ကျော်မြင့်သည်။ ထိုပေါ်မှနေ၍ ကြည့်လျှင် တစ်ဖက်တောင်ကြောကြီးနှင့် တောင်တန်းများကို လှမ်းမြင်ရလေသည်။
သစ်လုံးအိမ်ကြီးမှာ မီးစက်မောင်းပြီး မီးထွန်းထားသဖြင့် လင်းထိန်နေလေသည်။ သစ်လုံးအိမ်အတွင်းဖက်တွင် ပေ ၂၀ ခန့်ကျယ်သည့်ခန်းမတစ်ခုရှိပြီး ထိုနေရာတွင် စုဖွဲ့ကာ စားသောက်ကြမည်ဖြစ်သည်။
“အကိုတို့ အိမ်သာသွားချင်ရင်တော့ ဟိုခပ်လှမ်းလှမ်းမှာ အိမ်သာဆောက်ပေးထားပါတယ်။ ဒီသစ်ပင်နားမှာတော့ အပေါ့အလေးသွားတာ မလုပ်ကြပါနဲ့ခင်ဗျ”
ဒေသခံလေးက ပြောလာသည်။ ကျော်ထက်လဲ အိမ်သာသွားလိုက်သည်။ အိမ်သာက သစ်လုံးများဖြင့်ဆောက်ထားပြီး လုံလုံခြုံခြုံနှင့် အထဲမှာဘိုထိုင်နှင့်ပြုလုပ်ထားသည်။ အိမ်သာအနောက်တွင် စမ်းချောင်းကလေးတစ်ချောင်းရှိသည်။ ဒေသခံလေးက တခြားတည်းခိုသူများကိုလဲ လိုက်လံပြီး သတိပေးပြောကြားနေသည်။
(၃)
ညစာစားသောက်ပြီးတော့ သစ်ပင်ကြီးအောက်တွင် မီးပုံဖွဲ့သည်။ သီချင်းတွေ ဆိုကြ။ အချင်းချင်းမိတ်ဆက်ကြသည်။ ကျော်ထက်နှင့် ကောင်းပြည့်လဲ အလွန်ပျော်နေကြသည်။ သူတို့တစ်ဖွဲ့လုံးလဲ သီချင်းတွေဆိုကြ စားကြ၊ သောက်ကြနှင့်ဖြစ်သည်။ နိုင်ငံခြားသားများကတော့ အရက်နှင့် ဘီယာများသောက်ကြသည်။ ကျော်ထက်တို့ကတော့ ဘီယာပဲသောက်ဖြစ်သည်။ နိုင်ငံခြားသားများထဲတွင် အမျိုးသမီးများလဲပါသည်။
ဂစ်တာတီးလိုက် သီချင်းဆိုလိုက် စကားပြောလိုက်နှင့် ည၁၀ နာရီကျော်ပြီဖြစ်သည်။ သူတို့အားလုံး အိပ်ယာဝင်ရန်ပြင်ဆင်လိုက်သည်။ သစ်လုံးအိမ်ကြီးပေါ်တွင် လူတစ်ယောက်စာ Sleeping bag များပြုလုပ်ထားသည်။ အပြင်မှာအလွန်ချမ်းအေးနေသည်။ အိပ်ရာအတွင်းရောက်တော့မှ နွေးထွေးသွားလေသည်။
“ကောင်းပြည့် လိုက်ခဲ့ဦးကွာ။ မအိပ်ချင် အိမ်သာသွားချင်လို့”
ကျော်ထက်က ခေါ်သဖြင့် ကောင်းပြည့်လဲ လိုက်လာရသည်။ သစ်လုံးအိမ်မှထွက်တော့ လှေကားပေါ်တွင် ဒေသခံလေးတစ်ဦးက သေနတ်တစ်လက်လွယ်ထားကာ မတ်တပ်ရပ်နေသည်။
“သေနတ်က ဘာလုပ်ဖို့လဲ”
“တစ်ခါတစ်လေ သားကောင်တွေ ဘာတွေလာတတ်လို့ပါ”
ထိုစဉ် သူတို့အရှေ့မှ နိုင်ငံခြားသားတစ်ယောက်က ဆင်းသွားလေသည်။ သူ့နာမည်မှာ မတ် ဖြစ်သည်။ မီးပုံပွဲတွင် နှုတ်ဆက်တုန်းက နာမည်သိလိုက်ခြင်းဖြစ်သည်။ ဥရောပတိုက်မှ လာကြသော သူငယ်ချင်းတစ်စုဖြစ်သည်။ မတ်က လှေကားမှ ဆင်းသွားတော့ အနောက်က ကျော်ထက်နှင့် ကောင်းပြည့်တို့လဲ ဓါတ်မီးတစ်လက်ကို ဆွဲကာ လိုက်ခဲ့ကြသည်။
မတ်က လှေကားပေါ်မှ ပြေးဆင်းသွားသည်။ သို့သော် သူက မအောင့်နိုင်တော့ လှေကားအဆင်းမှာပင် သစ်ပင်ကြီး၏ ခြေရင်းကိုသေးဖြင့်ပန်းမိလေသည်။ သူတို့နှစ်ယောက်လဲ မတ်ကို တစ်ချက်ကြည့်လိုက်ပြီး လှေကားမှ ဆင်းလာသည်။ ထို့နောက် မတ် က သေးပေါက်ပြီးသောအခါ အိမ်သာဘက်ကို လမ်းလျှောက်သွားလေသည်။ သူတို့လဲ မတ်နောက်မှ လိုက်လာကြသည်။ ရာသီဥတုက အေးစိမ့်နေသည်။ ဆောင်းတွင်းကြီးဖြစ်သည်မို့ စကားပြောလိုက်တိုင်း အငွေ့တွေ ပါးစပ်ထဲမှထွက်နေသည်။ သူတို့လဲ ချမ်းအေးလွန်းသဖြင့် လက်အိတ်၊ ခြေအိတ်၊ ခေါင်းစွပ်များဝတ်ထားသည်။
မတ်က အိမ်သာသွားရင်း အိမ်သာကိုကျော်လွန်သွားကာ အမှောင်ထဲသို့ ကျသွားလေသည်။ ခြုံတိုးသံများ တရှဲရှဲဖြင့် ကြားလိုက်ရသည်။ သူတို့လဲ အံ့သြနေသည်။ မတ်က ဘာလို့ ခြုံထဲကို ဆင်းသွားတာလဲ။ သူတို့နှစ်ယောက်လဲ ပြေးသွားပြီးတော့ ဓါတ်မီးနှင့် ထိုးကြည့်လိုက်သည်။ အိမ်သာ နောက်တွင် ဆင်ခြေလျှောကလေးတစ်ခုရှိပြီး ထိုအောက်တွင်တော့ တောင်ကျချောင်းကလေးရှိသည်။ မတ်က တောင်ကျချောင်းကလေးထဲသို့ ပြုတ်ကျပြီး မှောက်နေလေသည်။
“လာကြပါဦး . . . . လာကြပါဦး”
သူတို့က အော်ခေါ်လိုက်သော်လည်း သစ်လုံးအိမ်ကလေးက ဘာသံမှ ပြန်မကြား။ သစ်လုံးအိမ်နှင့် အိမ်သာမှာ ပေ၁၀၀ ခန့်သာဝေးသည်။ နောက်တော့ ကျော်ထက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“မတ်က အရက်မူးလွန်ပြီး ခြေချော်ကျသွားတာဖြစ်မယ်ကွ”
“ဟုတ်မယ်၊ လာကွာ ငါတို့ သွားပြီး ဆွဲခေါ်ရအောင်”
သူတို့ပြောပြီး ထိုဆင်ခြေလျှောကလေးအတိုင်း သတိထားပြီးဆင်းလိုက်ကြသည်။ မတ်က စမ်းချောင်းထဲတွင် တုံးလုံးလဲနေဆဲ စမ်းချောင်းထဲတွင် ကျောက်တုံးလေးများရှိပြီး ရေကလည်း နည်းနည်းသာ စီးဆင်းနေသည်။
သူတို့ မတ်ကို ဆွဲလှန်လိုက်ကြသည်။
“ဘုရားရေ”
ကောင်းပြည့် ဘုရားတမိလိုက်သည်။ မတ်က မျက်လုံးကြီးတွေပွင့်နေကာ ပါးစပ်ဟောင်းလောင်းနှင့်ဖြစ်နေသည်။ မျက်လုံးတွေကလဲ မျက်ဆံကိုမမြင်ရဘဲ အဖြူကြီးသာဖြစ်နေသည်။
“ဘာဖြစ်တာလဲဟ”
“တက်နေတာလားမသိ၊ ဒါမှမဟုတ် ဝက်ရူးပြန်တာလား”
“ဘာပဲဖြစ်ဖြစ်ကွာ သူ့ကိုငါကုန်းပိုးခဲ့မယ် မင်းက အရှေ့က မီးပြ”
ကောင်းပြည့်က ပြောလိုက်ကာ ကျော်ထက်ကို ဓါတ်မီးပေးလိုက်သည်။ ကျော်ထက်က ကောင်းပြည့်လောက်တော့ သိပ်ခွန်အားမရှိ။ မတ်ကို ကောင်းပြည့်က ကုန်းပိုးလိုက်သည်။ ကျော်ထက်ကတော့ ဓါတ်မီးဖြင့် ဟိုထိုး သည်ထိုး ထိုးနေသည်။
“ဟေ့ကောင် ကောင်းပြည့် ငါတို့တော့ ဘာဖြစ်နေပြီလဲ”
“ဘာတုန်းကွ မင်းကလဲ”
ကောင်းပြည့်က စိတ်မရှည်သည့် လေသံဖြင့် ပြောလေသည်။
“ငါတို့ဆင်းလာတဲ့ ဆင်ခြေလျှောကလေးကို မတွေ့တော့လို့ဟေ့”
ထိုမှသာ သူတို့လဲ ဘေးဘီကို ကြည့်လိုက်ကြသည်။ ဟုတ်သည်။ ချောင်းဘေးတွင် မြေအမြင့်ကိုမတွေ့ရ။ မြေနိမ့်ကိုသာ တွေ့ရသည်။ သူတို့လဲ လျှောက်ပတ်ပြီးကြည့်နေမိလိုက်သည်။ မိနစ် ၂၀ ခန့်ရောက်တာတောင် သူတို့ဆင်းလာသည့် နေရာကို ပြန်မတွေ့။
“ထူးတော့ ထူးပြီဟ”
ကျော်ထက်က မှတ်ချက်ချလိုက်သည်။ ထိုစဉ် သူတို့နောက်ဖက် ချောင်းကလေးတစ်နေရာမှ ဗုံသံများထွက်ပေါ်လာသည်။
“ဗုံ . . . တုံ . . . ဗုံ . . . . .တုံ”
ဗုံ အသေးလေးများကို တီးခတ်နေသလိုဖြစ်ပြီး ချောင်းရိုးအထက်မှ တဖြည်းဖြည်း သူတို့ဆီကို နီးကပ်လာလေသည်။ သူတို့လဲ အချင်းချင်းကြည့်လိုက်ကြသည်။ ချက်ခြင်းလူက တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထလာပြီး ရင်တွေလဲခုန်လာသည်။
“ဗုံ . . . တုံ . . . .ဗုံ”
ဗုံသံများနှင့်အတူ လူပုကလေးများက ချောင်းထဲမှ အယောက် ၂၀ ခန့်ဆင်းလာကြသည်။ လူပုကလေးများမှာ ကတုံးပြောင်ပြောင်နှင့် လမ်းလျှောက်ပြီးတော့လဲမလာ။ ခုန်ခွ ခုန်ခွဖြင့် ဖားများကဲ့သို့ ခုန်ပေါက်ပြီးလာကြသည်။
ကျော်ထက်ခေါင်းမွှေးများပင်ထောင်ကုန်သည်။ ဘာလုပ်ရမယ်မှန်းမသိတော့။ ထို့ကြောင့် ထွက်ပြေးရန်ဆုံးဖြတ်လိုက်ပြီး ချောင်းရိုးအတိုင်း စုန်ဆင်းပြေးလေသည်။ ကောင်းပြည့်ကလဲ ကြောင်ပြီးကြည့်နေသေးသည်။ အတန်ကြာမှ သတိကပ်ပြီး ကျော်ထက်နောက်သို့ လိုက်ပြေးလေသည်။ မတ်ကိုတော့ ကုန်းပိုးထားဆဲဖြစ်သည်။
“ဝုန်း . . . ဗွမ်း”
ပြေးရင်းလွှားရင်း ကျော်ထက်က အားလွန်ကာ ကျသွားသည်။ အနောက်ကပြေးလာသော ကောင်းပြည့်လဲ ပြုတ်ကျသွားလေသည်။ ထိုနေရာမှာ ငါးပေလောက်နက်သည့် ကမ်းပါးလေးတစ်ခုဖြစ်ပြီးေ အာက်တွင် ရေကန်ငယ်လေးတစ်ခုဖြစ်နေသည်။ သူတို့လဲ ရေကန်ထဲကျပြီး တစ်ကိုယ်လုံး ရေတွေစိုကုန်တော့သည်။ ရေနှင့်တွေ့ပြီးမှ မတ် လဲ သတိပြန်ရလာသည်။
သူတို့နောက်က လိုက်လာသည့် လူပုလေးများလဲ ဘယ်ရောက်သွားကြသည်မသိ။ သို့သော် သူတို့သုံးယောက်ကတော့ ရေတွေ ရွှဲရွှဲစိုလျှက် ကမ်းပါးလေးပေါ် တက်ထိုင်နေကြသည်။
“မတ် မင်းဘာဖြစ်တာလဲ”
ကျော်ထက်ကော ကောင်းပြည့်ပါ အင်္ဂလိပ်စကား အတော်အတန်ပြောတတ်သဖြင့် တော်သေးသည်။ မတ်က တွေဝေလျှက် ငေးကြည့်နေသည်။
“ငါ ဘီယာသောက်တာများပြီး သေးအရမ်းပေါက်ချင်လာတယ်၊ ဒါနဲ့ သေးဆင်းပေါက်တာ၊ မအောင့်နိုင်တော့လို့ အပင်ခြေရင်းမှာပဲ ကိစ္စရှင်းလိုက်ရတယ်။ အဲဒီအခါမှာ ငါ့စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
ပြီးတော့ ငါ့ကိုယ်ငါ ထိန်းမရတော့ဘဲ လမ်းက သူ့ဖာသာသူလျှောက်ပြီး သွားနေတာပဲ”
“ဒါဆိုသေချာပြီ ငါတို့ကိုသရဲခြောက်တာဖြစ်မယ်ကွ”
“မတ်က သေးပေါက်တာကို မကျေနပ်တာဖြစ်မယ်”
“တို့ သစ်လုံးအိမ်ကို လိုက်ရှာမှဖြစ်မယ်”
ပြောမည့်သာပြောရသည်။ သူတို့သုံးယောက်စလုံး ရေတွေစိုရွှဲနေပြီး ဓါတ်မီးကလဲ တစ်ခုသာရှိသည်။ သစ်လုံးအိမ်ကို မပြောနှင့် တောထဲဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင်မသိရတော့။ သို့သော်လဲ ထိုနေရာတွင် ထိုင်နေ၍မဖြစ်။ သူတို့သုံးယောက် မတ်တပ်ရပ်လိုက်သည်။
“အား”
မတ်က ထအော်ရင်း ပြန်ထိုင်ကျသွားသည်။ သူတို့သေချာကြည့်လိုက်တော့မှ မတ်၏ ခြေသလုံးရိုးမှာ သွင်သွင်ကျိုးနေလေသည်။ ဆင်ခြေလျှောပေါ်မှ ပြုတ်ကျရင်း ကျိုးသွားချင်းဖြစ်မည်ထင်သည်။
“ရတယ်၊ ဒီပုံအတိုင်းဆို သူလမ်းလျှောက်နိုင်မှာမဟုတ်ဘူး၊ ငါပဲ ဆက်ထမ်းလိုက်မယ်”
ကောင်းပြည့်က ပြောရင်း မတ်ကို ကုန်းပိုးလိုက်သည်။ နိုင်ငံခြားသား လူထွားထွားကြီးကို ကုန်းပိုးရသည်မှာ သာမန်လူဆို ပိုးနိုင်မည်မဟုတ်၊ ကောင်းပြည့်က ဗလကောင်းသလို၊ ခွန်အားလဲရှိသည်မို့ မတ်ကို အသာလေးပင် ကုန်းပိုးနိုင်သည်။
“တို့ စမ်းချောင်းကလေးအတိုင်း ဆက်လိုက်သွားမယ်၊ ငါတို့ ဆင်းခဲ့တဲ့နေရာကိုတော့ ပြန်တွေ့လောက်တယ်”
ကျော်ထက်ပြောစကားကို သူတို့ ခေါင်းညိတ်လိုက်သည်။ သို့သော် လူပုလေးတွေလိုက်လာသည့်ဖက်သို့ မသွားတော့ဘဲ၊ ချောင်းရိုးအတိုင်း စုန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ ဓါတ်မီးတထိုးထိုးဖြင့် တောနက်ထဲ စမ်းတဝါးဝါးသွားနေရသည်။ ဆောင်းရာသီ၏ အအေးဓါတ်က ရေစိုနေသော သူတို့ကို ပိုချမ်းအေးစေသည်။ မတ်၏ ခြေကျိုးသည့် ဒဏ်ရာကြီးမှာ သွေးခြေတွေဥကာ ရောင်ရမ်းလာပြီး သွေးထုပ်ကြီးဖြစ်နေသည်။ အရေပြားမပေါက်သဖြင့် သွေးတွေကတော့ မပန်းထွက်သေးသော်လည်း အချိန်ကြာလာရင် ဒဏ်ရာမှာပိုပိုဆိုးလာတော့မည်။
ခန့်မှန်းခြေ ၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးတော့ သူတို့ရှေ့ ကိုက် ၅၀ လောက်အကွာသို့ သရဲကြီးတစ်ကောင် လွှားကနဲ ပြုတ်ကျလာလေသည်။ သရဲကြီးမှာ ဆံပင်တွေက ခါးလောက်အထိရှည်နေပြီး တကိုယ်လုံးအမဲရောင်ကြီးသာမြင်ရသည်။ ကျော်ထက်တို့ အားလုံး မှင်တက်နေကြသည်။ ကျော်ထက်က ဓါတ်မီးနှင့်ထိုးလိုက်သည့်အခါ သရဲကြီး၏ ခြေလက်များမှာ လူအသားကဲ့သို့မဟုတ်ပဲ၊ ပင့်ကူမျှင်များ၊ ကြပ်ခိုးများကဲ့သို့ ပွပွကြီးနှင့် အမျှင်များဖွဲ့စည်းထားခြင်းဖြစ်သည်။ သရဲကြီး၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ လူနဲ့တူကာ အောက်ပိုင်းကတော့ မျောက်ကဲ့သို့ ပုပုလေးဖြစ်သဖြင့် သရဲကြီးက လေးဖက်ထောက်ပြီး သွားရသည်။
ကျော်ထက်လဲ အံ့သြကာ ဓါတ်မီးဖြင့် သရဲကြီး၏ တစ်ကိုယ်လုံးကို ထိုးကြည့်နေသည်။ သရဲကြီး၏ မျက်နှာကို ထိုးလိုက်သောအခါ သရဲကြီးက ဓါတ်မီးရောင်ကို လက်ဖြင့်ကာလိုက်သည်။ သူ့လက်များတွင် တထွာခန့်ရှိသည့် လက်သည်းရှည်ကြီးများက မီးရောင်အောက်တွင် ဖြူဖြူဖွေးဖွေးမြင်ရလေသည်။ ထို့နောက် သရဲကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းသော အသံနက်ကြီးဖြင့် အော်ဟစ်ကာ သူတို့ဆီကို ပြေးလာလေသည်။
“ပြေးဟေ့ ပြေးဟ”
ကျော်ထက်လဲ အော်ကာ လှည့်ပြေးလေသည်။ သူတို့လဲ ချောင်းရိုးလာလမ်းအတိုင်း ပြန်လှည့်ပြေးကြပြီးနောက် ထိုအတိုင်းပြေးနေရမှာ ခရီးမတွင်ဖြစ်နေသည်။ ချောင်းထဲတွင် ရေစပ်စပ်နှင့် ကျောက်တုံးများလဲရှိသည်မို့ ပြေးသာပြေးနေရသည်။ ချော်မလဲအောင် မနည်းဂရုစိုက်နေရသည်။ ထိုသို့ပြေးရင်း ချောင်းဘေးတစ်နေရာတွင် မြက်များရှင်းနေပြီး လူသွားလမ်းရေးရေးလေးကို မြင်နေရသည်။
“ကျော်ထက် အဲဒီလမ်းကလေး အတိုင်းလိုက်သွားရအောင်”
ကောင်းပြည့်မှာ စကားပင်မပီတော့ အလွန်မောဟိုက်နေသည်။ ကျော်ထက်လဲ ထိုလမ်းလေးအတိုင်းပြေးတက်လာခဲ့သည်။ သူ့နောက်က ကောင်းပြည့်ကလဲ အမြန်ပြေးပြီး မီအောင်လိုက်နေရသည်။ လူသွားလမ်းကလေးက မှောင်မဲနေပြီး ဘေးတစ်ဖက်တစ်ချက်တွင်လဲ မိုးထိလုမတတ်မြင့်မားနေသည့် သစ်ပင်ကြီးတွေသာရှိသည်။ ကောင်းကင်ကိုပဲ သဲသဲကွဲကွဲမမြင်ရ။ သူတို့ ဆယ့်ငါးမိနစ်ခန့်ပြေးပြီးတော့ ကောင်းပြည့်က ရပ်လိုက်လေသည်။ ကျော်ထက်လဲ ဆက်မပြေးတော့။ သူတို့နောက်တွင်လဲ သရဲကြီးမရှိတော့။
(၄)
ကောင်းပြည့်က အလွန်မောဟိုက်နေသည်။ မတ်ကိုကုန်းပိုးထားရာမှ နီးစပ်ရာ သစ်ငုတ်တိုတစ်ခုပေါ်တွင် ချလိုက်သည်။ သစ်ငုတ်တိုက အပင်ကြီးတစ်ပင်ဖြစ်မည်ထင်သည်။ ငုတ်တိုချည်းပင် တော်တော်ကြီးလေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလဲ ရေတွေလား ချွေးတွေလားမသိအောင်ကို စိုစွတ်နေပြီး ရေတွေက တစက်စက်နှင့် ကျနေလေသည်။ ကျော်ထက်လဲ ပင်ပန်းသော်လည်း ကောင်းပြည့်လောက်တော့ ပင်ပန်းမည်မဟုတ်ပေ။
“အရမ်း . . . အရမ်း မောတာပဲ”
ကောင်းပြည့်ကာ ပြောဆိုကာ နီးစပ်ရာ မြက်ခင်းထဲ လှဲချလိုက်ကာ ပက်လက်လှန်ပြီး အမောဖြေနေသည်။ ကျော်ထက်ကတော့ မတ်တပ်ရပ်နေဆဲ အနီးအနားကို ဓါတ်မီးနှင့်လိုက်ထိုးကြည့်နေသည်။ သူတို့ သစ်ငုတ်တိုကြီးနားတွင် ဝါးရုံကြီးများရှိပြီးတော့ ပိုးကောင်လေးများ အော်မြည်သံမှ အပ ဘာမှမရှိပေ။
“တို့ လူသွားလမ်းလေးပေါ်တော့ ရောက်နေပြီ ဒီမှာပဲ မိုးလင်းတဲ့အထိ စောင့်ကြရင်ကောင်းမယ်”
ကျော်ထက်က ပြောလိုက်သော်လည်း ပက်လက်လှန်ပြီး အသက်ရှူနေသည့် ကောင်းပြည့်က ခေါင်းခါလိုက်သည်။
“မတ် . . . မတ်မှာက ဒဏ်ရာကြီးနဲ့ကွ”
သူပြောမှ မတ်ဒဏ်ရာကို သေချာဓါတ်မီးနဲ့ထိုးကြည့်သည်။ ဒဏ်ရာကြီးက ဖောင်းကားပြီး ညိုမည်းနေပြီဖြစ်သည်။ မတ်၏ ခံစားနေရမှှုများသည် သူ့မျက်နှာတွင် ထင်ဟပ်နေသည်။
“ငါဒီမှာပဲ နေခဲ့လိုက်မယ်၊ မင်းတို့သွားပြီးတော့ အကူအညီသွားရှာကြပါ”
မတ်က အင်္ဂလိပ်လိုပြောလိုက်သည်။ သို့သော် သူ့မျက်နှာတွင်တော့ အားငယ်ခြင်း၊ ထိတ်လန့်ခြင်း အရိပ်အရောင်များကို အထင်းသားမြင်နေရသည်။ မတ်က သူဝန်ထုတ်ဝန်ပိုးဖြစ်နေမှန်းသိ၍ ထိုသို့ပြောသည်လား၊ သူ့ကိုယ်သူ လက်လျှော့လိုက်သဖြင့် ထိုသို့ပြောသည်လား မပြောတတ်။
“မဟုတ်တာပဲ၊ ငါတို့အဖွဲ့ထပ်ကွဲရင် ပိုပြီးဆိုးမယ်၊ ဒီအချိန်မှာ အားလုံးတစ်စုတစ်ဝေးထဲ နေသင့်တယ်”
ကောင်းပြည့်က ပြန်ပြောလိုက်သောအခါ မတ်မျက်နှာတွင် ပျော်ရွှင်မှု အ နည်းငယ်ကို မြင်လိုက်ရသည်။
“ငါတို့က လူသွားလမ်းပေါ် ရောက်နေပြီဆိုတော့ ဒီအတိုင်းဆက်သွားရင် တစ်နေရာတော့ရောက်မှာပဲ”
ကျော်ထက်က ပြောလိုက်သည်ကို သူတို့အားလုံး သဘောတူလိုက်ကြသည်။ သူတို့ ခဏတစ်ဖြုတ်နားလိုက်ကြသည်။ ဝါးရုံတောမို့ လေအေးတွေ တိုက်တာတော့ အနည်းငယ်သက်သာသည်။ ကောင်းပြည့်က သူ့အနွေးထည်အကျီကို ချွတ်လိုက်သည်။ အကျီက သုံးထပ်ဝတ်ထားခြင်းဖြစ်သည်။ အပေါ်ဆုံးက အနွေးထည်အကျီ ထူထူကြီးဝတ်ထားသည်။ အထဲကတော့ ဆွယ်တာထူထူတစ်ထည် ထပ်ဝတ်ထားသည်။ အနွေးထည်အကျီအထူကြီးက ရေတွေစိုရွှဲပြီး လေးလံနေသည်။ အောက်က ဆွယ်တာကြီးကလဲ ရေတွေစုပ်ထားသဖြင့် လေးလံနေသည်။
“ကောင်းပြည့်ရရဲ့လား”
“ရတယ် ရေစိုအကျီကြီးဝတ်ထားတာထက်စာရင်တော့ ဒီလိုက နည်းနည်းအချမ်းသက်သာသေးတယ်”
ကောင်းပြည့်အကြံအတိုင်း ကျော်ထက်လဲ အနွေးထည် အထူကြီးကို ချွတ်လိုက်သည်။ အလွန်တရာ ပေ့ါပါးသွားသလိုခံစားရသည်။ ထို့နောက်သူတို့ မြက်ခင်းပေါ်တွင် ထိုင်နေကြသည်။
“ဖြန်း . . . ဖြန်း . . .ဖြန်း””
ထိုစဉ် ဝါးရုံကြီးမှ ဝါးရုံပင်များကို တစ်စုံတစ်ယောက်က ကိုင်ကိုင်ပြီးလှုပ်နေသလို ဝါးရုံပင်ကြီးက တစ်သိမ့်သိမ့်တုန်နေကာ လှုပ်ယမ်းနေသည်။ သူတို့လဲ ကြောက်ပြီးတစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ နေရသည်။ ဝါးရုံကြီးများမှာ တဖြည်းဖြည်းလှုပ်ယမ်းတာ ကြမ်းလာသည်။ ထို့နောက် ဝါးရုံပင်ကြီးများအောက်ခြေမှ မျက်လုံးနီနီကြီးများက အများအပြားထွက်လာကာ သူတို့ကိုဝိုင်းထားလေသည်။
သူတို့လဲ ကြောက်နေကြသည်။ မျက်လုံးများက တဖြည်းဖြည်း အလုံးတစ်ရာခန့်ဖြစ်လာသည်။ ကျော်ထက်က ဓါတ်မီးဖြင့် ထိုးကြည့်လိုက်သည့်အခါ ထိုမျက်လုံးများက ခေတ္တပျောက်သွားပြီး နောက်တော့ပြန်ပေါ်လာသည်။ အကောင်အထည်မမြင်ရဘဲ မျက်လုံးများနီနီများသာမြင်ရပြီး ဝါးရုံကြီးတွေကလဲ လှုပ်ယမ်းနေသည်။
“ဘာ . . ဘာ”
အလွန်ကျယ်လောင်သော အော်သံကြီးကိုကြားလိုက်ရပြီးနောက် သူတို့နားသို့ မိုးပေါ်မှ ဖုတ်ကနဲ သရဲကြီးကျလာပြန်သည်။ သူတို့ချောင်းရိုးထဲတွင် တွေ့ခဲ့သော သရဲကြီးပင်ဖြစ်သည်။ ထိုသရဲကြီး ကျလာတော့ မျက်လုံးတွေအားလုံး ပျောက်ကွယ်သွားကာ ဝါးရုံပင်ကြီးလဲ ငြိမ်သက်သွားလေသည်။
သူတို့လဲ ထိုသရဲကြီးကိုမြင်လိုက်သည်နှင့် ကောင်းပြည့်က မတ်ကို ကုန်းပိုးကာ ပြေးသည်။ ကျော်ထက်လဲ ရှေ့မှ ဓါတ်မီးဖြင့် ထိုးကာ လူသွားလမ်းကလေးအတိုင်း ဆက်ပြေးလာကြသည်။ မှောင်မှောင်မည်းမည်းထဲ လူသွားလမ်းကလေးကို မပျောက်အောင် သေချာကြည့်ရင်းပြေးလာကြရပြန်သည်။ တစ်နေရာရောက်တော့ လူသွားလမ်းကလေးက လမ်းလေးခုဆုံကလေးဖြစ်သွားသည်။ တောင်ခါးပန်းတစ်နေရာတွင်ဖြစ်ပြီး ထိုနေရာတွင် သစ်ပင်ကြီးများမရှိပဲ မိုးကောင်းကင်ကိုမြင်နေရသည်။ လေကတော့ တဖြူးဖြူးနှင့် တိုက်ခတ်နေပြီး အရိုးထဲစိမ့်အောင် အေးနေသည်။ နှုတ်ခမ်းတွေလဲ တဆတ်ဆတ်နှင့် တုန်နေကြသည်။
“ဘယ်ဖက်သွားရမလဲ မသိဘူး ဒုက္ခပဲ”
“ဝှီး . . . ဖုတ်”
သူတို့ ပြောနေစဉ်တွင် သရဲကြီးက မိုးပေါ်က ကျလာပြန်သည်။ သရဲကြီး မိုးပေါ်က ကျလာပုံမှာ လူသေကြီး၊ ရုပ်အလောင်းကြီးတစ်ခု မြေကြီးပေါ်သို့ ပြုတ်ကျသည့် ပုံစံမျိုးဖြစ်သည်။ သူတို့လဲ မကြာခဏတွေ့နေရသဖြင့် သရဲကြီးကို မကြောက်တော့။ လမ်းကိုသာ ဘယ်လမ်းသွားရမှန်းမသိ ဖြစ်နေသည်။
“ညာဖက်က လမ်းကိုသွားမယ်”
ကျော်ထက်က ပြောလိုက်ပြီး ထိုလမ်းကို ခြေဦးလှည့်လိုက်သည်။
“ဂီး . . . ဂါး”
သရဲကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းသော အသံကြီးဖြင့် အော်လေသည်။ ကျော်ထက်လဲ ခြေလှမ်းတွန့်သွားသည်။
“ဒါဆိုလဲ ဘယ်ဖက်ကလမ်းကို သွားမယ်ကွာ”
ထိုသို့ပြောရင်း ခြေလှမ်းကို ဘယ်ဖက်ကိုလှမ်းလိုက်သည်။ ထိုအခါ သရဲကြီးက ထပ်အော်ပြန်သည်။
“သူက ငါတို့ကို လမ်းရွေးပေးနေတယ်ထင်တာပဲ”
ကောင်းပြည့် ကုန်းပိုးထားသော မတ်က ပြောလိုက်သည်။ သူတို့လဲ စဉ်းစားမိလိုက်သည်။
“သရဲကြီးရေ ငါတို့ကို လူတွေနေတဲ့နေရာရောက်မယ့် လမ်းကို ညွှန်ပေးစမ်းပါကွာ”
ကျော်ထက်က ထိုသို့ပြောလိုက်ပြီးနောက် ထုံးစံအတိုင်း ညာဖက်ကို ခြေလှမ်းလိုက်သည်။ သရဲကြီးက အော်ပြန်သည်။ ဘယ်ဖက်ကို ခြေလှမ်းလိုက်သည်။ သရဲကြီးကလဲ အော်ပြန်သည်။
“ဒါဆို တည့်တည့်သွားရမှာလား”
ကျော်ထက်က ပြောသည့်အခါ သရဲကြီးက ဘာမှမပြော။ ဆံပင်အရှည်ကြီးနှင့် ခေါင်းကို အသာလေးညိတ်ပြလေသည်။
“သရဲကြီး ဒီလမ်းက လူတွေနေတဲ့နေရာကို ရောက်မယ်ဆိုတာ သေချာပါတယ်နော်”
ကျော်ထက် ထပ်ပြောသည့်အခါ သရဲကြီးက ခေါင်းထပ်ညိတ်ပြန်သည်။
သူတို့လဲ မတတ်နိုင်။ ကူရာ ကယ်ရာမဲ့နေပြီမို့ သရဲပြောသည့် လမ်းကိုသာ ရွေးပြီး ရှေ့တည့်တည့်ဆက်လျှောက်ခဲ့သည်။ တောအုပ်က ပိုနက်လာသည်။ သစ်ပင်တွေက တဖန်ပိုပြီး ကြီးမားလာပြန်သည်။ သရဲကြီးကတော့ လမ်းလေးခွဆုံတွင် ကျန်ခဲ့သည်ထင်သည်။ သူတို့လဲ မပြေးတော့ဘဲ ဖြေးဖြေးမှန်မှန်သာ လမ်းလျှောက်ခဲ့သည်။ တောက နက်လာပြီး ဓါတ်မီးအားကလဲ တဖြည်းဖြည်း မှိန်လာလေသည်။ လူသွားလမ်းကလေးမှာ လျှောက်နေရင်း ပျောက်ကွယ်သွားလေသည်။
(၅)
“ကျော်ထက်ရေ ကြည့်လဲ လုပ်ဦးနော်၊ သရဲကြီးက ငါတို့ကို တမင်လမ်းမှားကို မျှားခေါ်လာတာများလား”
ကောင်းပြည့်ပြောလိုက်မှ ကျော်ထက် ခေါင်းမွှေးတွေထောင်သွားသည်။ ဟုတ်ပ။ သရဲကြီးက တမင်သူတို့ကို တောနက်သည့်နေရာထဲ ခေါ်လာပြီး သူတို့ကို အစိမ်းလိုက်ကိုက်စားမည်လား။ ခုနက ထိုသို့မတွေးမိဘဲ သရဲကြီးကိုယုံခဲ့သည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။
ဓါတ်မီးရောင်က သိသိသာသာမှိန်ကျနေပြီ။ ဘေးဘီဝဲယာနှစ်ဖက်လုံးတွင်လဲ အလွန်ထူထပ်သည့် တောအုပ်ကြီးသာ ရှိနေတော့သည်။ ကောင်းပြည့်က မတ်ကို ချလိုက်ကာ အညောင်းဖြေနေသည်။ မကြာမီ သူတို့ရှေ့ အမှောင်ထုထဲမှ သရဲကြီးက တစ်လှမ်းခြင်းလမ်းလျှောက်လာလေသည်။ သရဲကြီးက လက်ကို ရှေ့ချပြီး ကိုယ်ကိုကိုင်းကာ ကွတကွတနှင့် လျှောက်လာလေသည်။
“သရဲကြီး၊ မင်းပြောတော့ လူတွေနေတဲ့နေရာဆို ခုတော့ ဘယ်ရောက်လာတာလဲ”
ကျော်ထက်က သရဲကြီးကို အပြစ်တင်လိုက်သည်။ သရဲကြီးက ဆံပင်တွေလေထဲလွင့်နေသည်။ ပါးစပ်ပြဲပြဲကြီးပေါ်အောင် ပြုံးပြလိုက်သည်။
“ပြုံးမနေနဲ့။ မင်းငါတို့ကို လမ်းညွှန်ပေးမယ်ဆို၊ ခုတောနက်ထဲရောက်လာပြီမလား”
ကောင်းပြည့်က ပြောလိုက်သည်။ ထိုအခါ သရဲကြီးက သစ်တော ညာဖက်သို့ လက်ညှိုးထိုးပြသည်။ လက်တွင်လဲ လက်သည်းက အရှည်ကြီးတွေဖြစ်သည်။
“မသွားဘူး၊ မင်းငါတို့ကို တကယ်ကူညီတာလား”
သရဲကြီးက စိတ်မရှည်သည့်ပုံဖြင့် သူညွှန်ပြသည့်နေရာသို့ ဆင်းသွားသည်။ ထိုနေရာမှာ တောင်ဆင်းကလေးဖြစ်သည်။ ကျော်ထက်နှင့် ကောင်းပြည့်တို့လဲ သရဲနောက်မှ ဆက်လိုက်လာသည်။ သရဲကြီးက ဖြေးဖြေးချင်းသွားနေသော်လည်း၊ အနောက်က လိုက်သည့်သူတို့မှာ အပြေးအလွှားလိုက်နေရသည်။
တောင်ဆင်းကလေးအတိုင်း ဆင်းရင်းဆင်းရင်း မီးရောင် လက်လက်ကလေးများ မြင်လာရသည်။ ထိုမီးရောင်ကလေးများမှာ သူတို့နှင့်မျက်နှာချင်းဆိုင် တောင်ကြောတစ်ခုထိပ်နားမှထွက်ပေါ်နေခြင်းဖြစ်သည်။ သရဲကြီးကလဲ အရှေ့ကသွားနေသည်။ သူတို့လဲ စိတ်အားတက်သွားပြီး ထိုမီးရောင်ကလေးများရှိရာသို့ အပြေးတစ်ပိုင်းဖြင့် သွားနေသည်။ ပြေးရင်းပြေးရင်း မီးရောင်ကလေးများမှာ နီးလာသည်။ အဝါရောင်ရှိသည့် လျှပ်စစ်မီးရောင်ကလေးများဖြစ်ပြီးတော့ ဆလိုက်မီးရောင်များကိုလဲ မြင်နေရသည်။
“ဟာ ဟုတ်ပြီ၊ သေချာတယ် ဒါသစ်လုံးအိမ်ပဲ”
သူတို့လဲ အားတက်သွားပြီး ထိုတောင်ဆင်းကလေးမှ တောင်ကြောကလေးပေါ်သို့ ပြေးတက်သွားလေသည်။ ခြေထောက်တွေမှာ အားတွေဘယ်လိုရောက်လာမှန်းမသိ တောင်ပေါ်ရောက်ချင်ဇောနဲ့ ပြေးတက်နေမိသည်။ ထိုတောင်ကြောကလေးက သစ်ပင်ကြီးများ သိပ်မရှိဘဲ။ သစ်ပင်ငယ်ကလေးများနှင့် ခြုံပုတ်များသာ ပေါ်များသည်။ ပြေးရင်း ပြေးရင်း နီးလာတော့မှာ အလွန်ကြီးမားသည့် သစ်ပင်ကြီးနှစ်ပင်တွင် ဆောက်လုပ်ထားသော သစ်လုံးအိမ်ကလေး ကိုတွေ့လိုက်ရတော့သည်။
ဝမ်းသာအားရဖြင့် အော်သံတွေပေးပြီး တောင်ကြောပေါ် ပြေးတက်လာခဲ့ကြသည်။ မတ်ကလဲ တကြော်ကြော် အော်နေလေသည်။ သူတို့ပျော်လို့မဆုံးတော့။ ဘဝတွင် ဆယ်တန်းစာမေးပွဲ အောင်စဉ်ကတောင် ထိုလောက်မပျော်ဖူးခဲ့။ အခုတော့ အော်ရင်း ထိုတောင်ကိုတက်နေမိသည်။ သစ်လုံးအိမ်မှလူများကလဲ သူတို့ကို ဓါတ်မီးတွေဖြင့် ဝိုင်းထိုးကြသည်။ သစ်လုံးအိမ်အောက်ကို ဆင်းပြီးတော့ ကြိုဆိုကြသည်။ သူတို့လဲ သစ်လုံးအိမ်အောက်ရောက်တော့ မတ်ကို ချလိုက်သည်။ နိုင်ငံခြားသားများက မတ်ကို ဝိုင်းဝန်းပြုစုပေးကြသည်။
ကျော်ထက်နှင့် ကောင်းပြည့်တို့လဲ ခြေထောက်တွေ ခွေကျသွားတော့သည်။ မြေပြင်တွင် ထိုင်ချလိုက်သည်။ နှစ်ယောက်စလုံးက အကျီရေတွေတောင် အတော်စစ်သွားပြီဖြစ်သည်။ သူတို့နှစ်ယောက်တစ်ယောက်နှင့်တစ်ယောက် အားရပါးရ ပွေ့ဖက်လိုက်ကြသည်။ နှစ်ယောက်လုံး မျက်ရည်တွေလဲ ကျနေကြသည်။ ထို့နောက်သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နမ်းရှုံ့လိုက်ကြသည်။ သေကံမရောက် သက်မပျောက်ခဲ့ကြသည့် သူများ၏ အပျော်ကို အခြားလူများက ဝင်ရောက်ခံစားနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ကို အဝေးမှ သရဲကြီးတစ်ကောင်က ကြည့်နေပြီး မကြာမီ ထိုသရဲကြီးက သစ်တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို သူတို့မမြင်လိုက်ကြ။
သူတို့ကို သူများတွေက စောင်တစ်ထည်ခြုံပေးလိုက်ကြသည်။ တောင်ကြောတွင် လေက တဖြူးဖြူးတိုက်နေသည်။ ညက မီးပုံကိုဆက်ပြီးဖိုလိုက်ကာ သူတို့ကိုလဲ သစ်လုံးအိမ်ပေါ်သို့ ခေါ်ဆောင်သွားကြလေသည်။
(၆)
သူတို့ရောက်တော့ မနက် သုံးနာရီ ထိုးခါနီးနေပြီဖြစ်သည်။ အဝတ်အစားတွေလဲပြီးတော့ ဆေးတွေလူးရသည်။ မတ်ဒဏ်ရာကိုတော့ ရှေးဦးသူနာပြုနည်းနှင့် ပြုစုထားပြီး မိုးမလင်းခင် ဒေသခံများက ခေါ်ဆောင်သွားမည်ဖြစ်သည်။ သူတို့ပျောက်သွားတော့ ဒေသခံများက တောနင်းပြီးရှာဖွေကြသေးသည်။ သုံးလေးခေါက်လောက် ရှာပြီးတော့မှ သူတို့ လက်လျှော့လိုက်ကြခြင်းဖြစ်သည်။
နောက်တော့မှ ပြောပြသည်က သူတို့က ထိုတောင်ကြီးကို တစ်ပတ်ပတ်ကာ တစ်ဖက်တောင်ကြောအောက်မှပြန်ပြီး တက်လာကြခြင်းဖြစ်သည်။ ဆေးတွေလူးပြီးတော့ နွေးနွေးထွေးထွေးနေရင်း ကျော်ထက်တစ်ယောက် မှေးခနဲ အိပ်ပျော်သွားလေသည်။
အိပ်မက်ထဲတွင် အကျီအကျပ်ဝတ်ထားပြီး အောက်ကရှမ်းထမီကိုဝတ်ဆင်ထားသည့် အမျိုးသမီးကိုတွေ့ရသည်။ ထိုအမျိုးသမီးသည် ဆံပင်က ကျောလောက်ရှိပြီး ဆံပင်ကို ဖားလျားချထားလေသည်။
“ဟိုအကောင်က တောင်ပိုင်သခင်တွေ မကြိုက်တဲ့အလုပ်ကို ပြုလုပ်ခဲ့တဲ့အတွက် ဒဏ်ခတ်တာ၊ ဒါပေမယ့် နင်တို့က ကူညီချင်တဲ့စိတ်ရှိတဲ့အတွက် နင်တို့ပါနေလို့ ဟိုအကောင်ကို မသတ်တော့တာ၊ နင်တို့နှစ်ယောက်က သူတစ်ပါးကို ကူညီချင်တဲ့စိတ်ရှိတာမို့လို့ နင်တို့ကို ငါပြန်ကူညီပြီး လမ်းပြခဲ့တာပဲ၊ နင်တို့ချည်းဆို တောထဲမှာ သေနေကြမှာပဲ”
ထို့နောက် ထိုအမျိုးသမီးက တံထွေးတစ်ချက်ထွေးလိုက်သည်။
“နင်တို့ ဒီအဖြစ်အပျက်တွေကို ဘယ်သူ့ကိုမှ ပြန်မပြောပြပါနဲ့။ နင်တို့ စိတ်ထဲမှာပဲ ထိန်းသိမ်းထားကြပါ”
ထိုအမျိုးသမီးက ပြောပြီးတော့ နောက်ပြန်လှည့်ပြီးထွက်သွားကာ အမှောင်ထဲဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျော်ထက်လဲ ထိတ်လန့်သွားပြီးတော့ လန့်နိုးသွားလေသည်။ သူနိုးသွားတော့ သူ့ဘေးတွင် ကောင်းပြည့်က ငုတ်တုတ်ထိုင်နေလေသည်။
နေလုံးကြီးက လိမ္မော်ရောင်အလုံးကြီးအဖြစ်နှင့် နှင်းထုများအကြားတွင် ဝိုးတဝါးပေါ်လာလေသည်။ တောင်စွယ်များထက်တွင် နေ၏ ရှေ့ပြေးအလင်းရောင်များက ဝင်းဝင်းလက်လက်နှင့် ထွက်ပေါ်နေပြီဖြစ်သည်။ ကျော်ထက်က ကောင်းပြည့်ပုခုံးကို မှီလျှက် ထိုရှုခင်းကို ရင်သပ်ရှုမောဖွယ် ခံစားလိုက်သည်။
“ကျော်ထက်ရေ ငါ ထူးဆန်းတဲ့အိပ်မက်မက်တယ်သိလား”
ကျော်ထက်က ခေါင်းညိတ်လိုက်သည်။
“ငါသိတယ်၊ ဘယ်သူ့ကိုမှ မပြောပြရဘူးဆိုတဲ့ အိပ်မက်မဟုတ်လား”
ကောင်းပြည့်က ဘာမှပြန်မပြောတော့။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမဟုတ်ပါလော။
(ဇတ်သိမ်း)
သူပို့ထားသည့် မက်ဆေ့များကို ဖတ်ပြီးတော့ ရင်ထဲ တစ်ခုခုခံစားမိသွားသည်။ သူကတော့ လိုင်းပေါ်မရှိတော့ လွန်ခဲ့သည့် မိနစ်သုံးဆယ်လောက်က လိုင်းပေါ်က ဆင်းသွားပြီဖြစ်သည်။ မက်ဆေ့တွေ ရေးပြီးနောက်ဆုံးတွင် စာတစ်ကြောင်းရေးထားခဲ့လေသည်။
“ဆရာ ဘယ်သူ့ကိုမှ မပြောပြနဲ့နော်”
ဟုတ်ကဲ့။ ကျွန်တော်လဲ ဘယ်သူ့ကိုမှ ပြောမပြဖို့ ဆုံးဖြတ်ထားသည်။ ထို့အတွက်ကြောင့် နှုတ်က မပြောတော့ဘဲ လက်ဖြင့် စာရေးသားပြီး စာရေးသားတင်ပြခြင်းလိုက်ခြင်းသာဖြစ်ပါသည်။
(ဖြစ်ရပ်မှန်ကို ပြန်လည်စီကုံးရေးဖွဲ့ခြင်းဖြစ်ပြီး အမည်နာမများနှင့် နေရာဒေသများ အတိအကျဖော်မပြတော့ပါ)
စာဖတ်သူ တစ်ဦးတစ်ယောက်အား အစဉ်လေးစားလျှက်
အဂ္ဂဇော်