ဖြစ်ရပ်မှန်
(၁)
ကိုမင်းသူက ဘွန်ဇိုင်းဝါသနာရှင်ဖြစ်သည်။ နိုင်ငံခြားမှာအလုပ်သွားလုပ်ပြီး စုမိဆောင်းမိဖြစ်သဖြင့် မြန်မာပြည်သို့ပြန်လာခဲ့ရာတွင် ဘွန်ဇိုင်းဆိုသည့် ဝါသနာတစ်ခုက ပါလာသည်။ မြန်မာပြည်တွင် သားသမီးများက စီးပွားရေးလုပ်ငန်းလုပ်ကြပြီး ကိုမင်းသူက စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားသည်မို့ အားလပ်ချိန်များတွင် သူဝါသနာပါရာ ဘွန်ဇိုင်းပညာရပ်ကို တစိုက်မတ်မတ်လေ့လာဖြစ်သည်။ (ဘွန်ဆိုင်းဟုလည်းရေးသလို၊ အချို့က ဘွန်စိုင်းဟုလဲသုံးကြသည်။ ဤနေရာတွင်တော့ အသံထွက်ကိုသာဖလှယ်ပြီး ဘွန်ဇိုင်းဟုသာ ရေးသားမည်ဖြစ်ပါသည်။)
ဘွန်ဇိုင်းဆိုသည်က အများနားလည်အောင်ရှင်းပြရရင် အပင်သေးသေးလေးများလုပ်ခြင်းဖြစ်သည်။ နှစ်ချို့ပင်ကြီးများ နှစ်ရှည်ပင်ကြီးများကို ပန်းအိုးတစ်လုံးအတွင်း ကိုယ်လိုအပ်သလို ပုံဖော်ကာ ပုံစံသေးသေးလေးဖြစ်စေရန် နည်းစနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။ နိုင်ငံခြားတွင်တော့ ထင်းရှူးပင်များနှင့် အခြားလှပသည့် သစ်ပင်များကို ပြုလုပ်လေ့ရှိကြသော်လည်း မြန်မာနိုင်ငံတွင်တော့ သစ်ပင်မျိုးစုံကို ဘွန်ဆိုင်းပြုလုပ်ကြသည်။ ကျောက်ထင်းရှူး၊ ချယ်ရီ၊ ကြံ့စာ၊ ဂင်ကို၊ စက္ကူပန်း၊ စံပါယ်၊ ညောင်၊ ကုက္ကို၊ ဇောင်းလျား၊ ဆီးဖြူ၊ ထနောင်း၊ ပန်းအိ စသည့်အပင်များအပင် အပင်အမျိုးပေါင်း ၇၀ ကျော်ကို ဘွန်ဇိုင်းပြုလုပ်၍ ရပေသည်။ ထိုအထဲမှ အလွယ်ဆုံးအပင်ကတော့ ညောင်ပင်ဖြစ်သည်။
သစ်ပင်များကို သေးသွားအောင် ချုံ့ပြီးထိန်းချုပ်စိုက်ပျိုးနည်းဖြစ်ပါသည်။ သစ်ပင်တစ်ပင်၏ အစာ၊ လေ၊ ရေ၊ ရာသီဥတုနှင့် အပူချိန်၊ ကိုင်း၊ အရွက်များကို လိုသလိုပြုပြင်ပြီး ထိုသစ်ပင်ကို သစ်ပင်ကြီး၏ ပုံစံငယ်ကလေးဖြစ်အောင်လို့ စိုက်ပျိုးသည့်နည်းလမ်းဖြစ်ပါသည်။ ထိုအခါ ဘွန်ဇိုင်းပင်လေးများသည် သစ်ပင်ကြီးတစ်ပင်ကို ပန်းအိုးအတွင်းထည့်ထားသကဲ့သို့ သေးသေးလေးနှင့် အလွန်လှပနေတတ်ပါသည်။ သို့သော် ဘွန်ဇိုင်းပင်မှာ ခုလုပ်ခုဖြစ်သည်မဟုတ်။ သစ်ပင်ဖြစ်သည့်အတွက် နှစ်ကာလများစွာ ပြုစုပျိုးထောင်ရသည်။ အလွန်လှပသော ဘွန်ဇိုင်းတစ်ပင်သည် ဆယ်စုနှစ်များစွာ ပြုပြင်ထိန်းသိမ်းရပါသည်။
မြန်မာပြည်ရှိ ဘွန်ဇိုင်းသမားများ၊ ဘွန်ဇိုင်းလေ့လာသူများ၊ ဝါသနာရှင်များ အကြိုက်ဆုံးအပင်ကိုပြောပါဆိုလျှင် ညောင်ပင်ဖြစ်သည်။ ညောင်ပင်သည် အကြီးလဲမြန်သလို အကြမ်းလဲခံနိုင်ပေသည်။ မြန်မာမျိုးရင်းများဖြစ်သည့် ညောင်ဖြူ၊ ညောင်ကြပ်၊ ညောင်မုတ်ဆိတ်၊ ညောင်ခါး၊ ညောင်စိမ်း၊ ညောင်ဆပ် စသည့် ညောင်ပင်မျိုးတွေကိုအသုံးများသလို အချို့လူများကလဲ နိုင်ငံခြားမှ ညောင်ပင်မျိုးစိတ်များဖြစ်သည့် ထိုင်ဝမ်ညောင်၊ ညောင်ကြား၊ မက္ကဆီကန်ညောင်လို ညောင်ပင်မျိုးတွေလဲ စိုက်ပျိုးတတ်ကြသည်။ သို့သော် ဘွန်ဇိုင်းပညာရပ်တွင် မျိုးက အရေးကြီးသည်မဟုတ်ဘဲ သစ်ပင်ကို ထိန်းသိမ်းပြုပြင်မှုက အရေးအကြီးဆုံးဖြစ်သည်။
ဘွန်ဇိုင်း ညောင်များကို ယခုမှ စစိုက်ခြင်းမဟုတ်ဘဲ၊ အလေ့ကျပေါက်နေသည့်၊ နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်ခံရသည့် ညောင်ပင်ကလေးများကို တူးယူခြင်း၊ ကိုင်းကူးခြင်း လုပ်ပြီးတော့မှ ကိုယ်လိုသလို ပြန်လည်ပုံဖော်ခြင်းသည် ပိုပြီး မြန်ဆန်သောကြောင့် ဘွန်ဇိုင်းအခြေခံစတင်လေ့လာသူများ ညောင်ပင်များနှင့် အခြားဘွန်ဇိုင်းလုပ်နိုင်မည့်အပင်များကို ထွက်ရှာပြီး တူးတတ်ကြသည်။ ထိုသို့ လုပ်ခြင်းကို ဘွန်ဇိုင်းဟန့်တင်း လို့ အများက ခေါ်ကြသည်။ အတိုကောက် ဘွန်ဟန့်သည်ဟု ခေါ်ကြသည်။
အများအားဖြင့် မြန်မာပြည်အလယ်ပိုင်းရှိ လမ်းဘေးကျသောနေရာများနှင့်၊ ကျောက်တောင်ပေါ်များသော ဒေသများ၊ တောင်ခါးပန်းယံတွင် ကုတ်ဖက်တွယ်ကပ်နေသော အပင်များ၊ သဘာဝနည်းဖြင့်လိမ်ကောက်နေသည့် အပင်များကို အဓိကထားတူးယူကြသည်။ မင်းသူက အခုဆို ပညာရှင်အဆင့်နီးပါးဖြစ်နေပြီ။ ၉ နှစ်ကျော်လေ့လာခဲ့သည်မို့ ဘွန်ဇိုင်းပညာရပ်တွင် သူလဲအတော် ကျွမ်းကျင်နေပြီဖြစ်သည်။
နည်းပညာထွန်းကားလာသည့် ခေတ်တွင် ဖေ့ဘုတ်တွင် ဂရုများထောင်ကြသည်။ ထိုအထဲတွင် မင်းသူလဲ ပါဝင်ဆွေးနွေးရင်း ဆရာတစ်ဆူဖြစ်နေကာ သူ့ကို အားလုံးက ကိုမင်းသူဟုသာ ခေါ်ကြသည်။ ခြောက်လတစ်ခါလောက်ဆိုသလို ကိုမင်းသူနှင့် ဂရုထဲမှ ဘွန်ဇိုင်းစတင်လေ့လာသူများ၊ ဝါသနာရှင် များစုပေါင်းကာ ဘွန်ဇိုင်းဟန့် နေကြဖြစ်သည်။ ကားကြီးကြီးတစ်စီး စင်းလုံးငှားပြီး စုသွားကြခြင်းဖြစ်သည်။
(၂)
ပွင့် ကလဲ ဘွန်ဇိုင်းဝါသနာရှင်ဖြစ်သည်။ ပွင့်အမျိုးသားနှင့်အတူ ယခင်က စင်ကာပူတွင် အလုပ်လုပ်ကြသည်။ အိမ်ထောင်ကျပြီးတော့ ပွင့်ကမြန်မာပြည်ပြန်လာပြီး စတိုးဆိုင်လေးတစ်ဆိုင်နှင့် အွန်လိုင်းရှော့ပင်းဖွင့်သည်။ နောက်ပိုင်းအောင်မြင်လာပြီး ဆိုင်ကို သူများနှင့်လွှဲထားသည်မို့ သူဝါသနာပါသည့် ဘွန်ဇိုင်းပညာကို ဂရုထဲတွင် ဝင်လေ့လာသည်။ ပွင့် နာမည်အရင်းက အိပွင့်ဖြူ ဖြစ်သော်လည်း အများက ပွင့်ဟု တစ်လုံးထဲ အဖျားဆွတ်ခေါ်သည်။ ပွင့်က ခန္ဓာကိုယ် ထောင်ထောင်မောင်းမောင်းနှင့် ဝလဲ ဝသည်မို့ ရုပ်ရှင်မင်းသမီးပွင့်နှင့်များ နှိုင်းယှဉ်ခေါ်ကြသလားတော့ မပြောတတ်။
ဒီတစ်ခေါက် ကိုမင်းသူတို့ ဘွန်ဟန့်မည့်အခါတွင် ပွင့်လဲ လိုက်ပါသွားမည်ဖြစ်သည်။ ခရီးက နှစ်ညအိပ်သုံးရက်လောက် ကြာမည်ဖြစ်သည်။ ကိုမင်းသူတို့က မီနီဘတ်လေးတစ်စီးကို ငှားထားသည်။ ဂရုထဲမှ ဝါသနာရှင်များက ငွေစုထည့်ပြီး ခရီးထွက်ကြမည်။ ဘွန်တွေတူးကြမည်။ အိမ်ပြန်ရောက်လျှင် ပြန်စိုက်ပျိုးကြမည်ဟု ဆုံးဖြတ်ထားကြသည်။ အများစုမှာ ယောက်ျားလေးများဖြစ်သော်လည်း မိန်းကလေး သုံးလေးယောက် ပါလေသည်။
အမြန်လမ်းကြီးအတိုင်း မောင်းနှင်လာကြပြီး နေပြည်တော်ကို ကျော်ဖြတ်ခဲ့ကြသည်။ မီနီဘတ်စ်ကလေးက စင်းလုံးငှားသည့် ကားလေးဖြစ်သည်မို့ သန့်ပြန့်သည်။ အတွင်းတွင်လဲ မိုက်နှင့် တီဗွီတစ်ခုပါသည်။ ကိုမင်းသူက တစ်လမ်းလုံး ဘွန်တူးမည့်သူများလိုက်နာရမည့်အချက်များ၊ အပင်မသေအောင် ဘယ်လိုတူးမလဲ။ တူးပုံတူးနည်း နည်းစနစ်များ ကို ရှင်းလင်းပြောပြပေးကာ သူတို့ကလဲ ဝိုင်းဝန်းဆွေးနွေးကြသည်။ ပွင့်ကတော့ စာအုပ်လေးတစ်အုပ်ဖြင့် လိုက်လံမှတ်သားနေသည်။
“ဘွန်တူးတယ်ဆိုတာက တူးချင်တိုင်းတူးလို့မရဘူး၊ သူ့ရာသီဥတုအခြေအနေကိုလဲ ကြည့်ရတယ်။ ပြီးတော့ အမြစ်တည်နေပုံအနေအထားနဲ့ မြေသားသွင်ပြင်၊ တစ်ပင်နဲ့တစ်ပင်မတူဘူး။ အဲဒီတော့ သေချာကြည့်ပြီး ဘယ်နားက တူးရမယ်ဆိုတာကို သေချာဆုံးဖြတ်ပြီးမှာ ဖြေးဖြေးချင်းတူးရမယ်၊ မလောနဲ့။ တူးပြီးလို့မှ အဲဒီအပင်အသက်မရှင်ဘူးဆိုရင် နှမြောစရာကြီး”
ကိုမင်းသူက မိုက်ဖြင့်ပြောပြနေသည်။ မကြာခင်အမြန်လမ်းပေါ်မှ လမ်းချိုးလေးအတိုင်းကွေ့ဝင်လိုက်ပြီး တောင်တစ်လုံး၏ တောင်ခြေသို့ထိုးရပ်လိုက်သည်။ တောင်ကြီးက ကျောက်စိုက်ကျောက်သားများပြားသည့် တောင်ကြီးဖြစ်သည်။
“တို့ မနှစ်က ကြည့်ထားတဲ့အပင်လေးတွေ ကျန်မယ်နဲ့တူတယ်၊ ဒီနေရာက ဘွန်ရှာလို့အကောင်းဆုံးပဲ၊ သေသေချာချာကြည့်ပြီး ရှာကြနော်၊ ညနေ နေမစောင်းခင် ပြန်ကြမယ်”
ကားတံခါးဖွင့်လိုက်သည်နှင့် ကားပေါ်မှ အလုအယက်တိုးဆင်းကြသည်။ တူးဖော်မည့်ပစ္စည်း ပစ္စယတွေ အသီးသီးယူပြီး ဘွန်ဇိုင်းပင်ရှာရန် ထွက်ခဲ့သည်။ ထိုနေရာတွင် အလေ့ကျပေါက်နေသည့်အပင်တော်တော်များသည်။ ပွင့်လဲ သစ်ပင်သေးသေးလေးတွေကိုသေချာပြူးပြဲပြီး ကြည့်နေရသည်။ ဘွန်ဇိုင်း လုပ်လို့ ရမရနှင့် အသက်ရှင်နိုင်မရှင်နိုင်ကို လေ့လာအကဲဖြတ်ရသည်။ ဘွန်ဇိုင်းတူးသည့်အခါ တွေ့သည့်အပင်တိုင်း တူးလို့မဖြစ်။ ဘွန်ဇိုင်းလုပ်သူများက သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားရမည်ဖြစ်သည်။ အချက်အလက်နဲ့ ကိုက်ညီသည့်အပင် တစ်ပင် နှစ်ပင်ကိုသာ တူးယူခွင့်ရှိသည်။ တွေ့သမျှအပင်တူးနေလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးမည်ဖြစ်သည်။
“ကိုကောင်းက ဈေးဦးပေါက်ပြီဟေ့”
အော်သံကြားတော့ ပွင့်လဲပြေးသွားလိုက်သည်။ ကိုကောင်းဆိုသည့်လူလက်ထဲတွင် အပင်သေးသေးလေးတစ်ပင်ကိုင်ထားသည်။ ပင်စည်မှာ ကောက်ကွေးပြီး ကျစ်လစ်နေလေသည်။
“၂နှစ်သားလောက်ရှိပြီထင်တယ်၊ အစာရေစာသိပ်မရဘဲ ရှင်သန်ခဲ့ရတော့ အရွယ်သေးနေတာပေါ့၊ ဘွန်ဇိုင်းလုပ်လို့ ကောင်းတယ်၊ ကိုကောင်းက ရွေးတတ်တယ် လှလဲလှတယ်”
ကိုမင်းသူက ပြောလိုက်သည်မို့ ကိုကောင်းလဲပျော်သွားသည်။
“ကဲ ကျန်တဲ့သူတွေ နေမကုန်ခင်တူးထားကြ၊ ပြန်တဲ့အခါ လက်ဗလာနဲ့ ပြန်နေရမယ်”
ထိုသို့ တွန်းအားပေးလိုက်တော့မှ ပွင့်လဲ ပြေးထွက်ပြီး သစ်ပင်ရှာလိုက်တော့သည်။ လူများမှာ ပြန့်ကျဲကုန်ပြီး သူ့ထက်ငါ ဦးအောင်ရှာနေကြသည်။ ပွင့်က အခုထိမတွေ့သေး။
“ငါသူတို့နားနေလို့မဖြစ်ဘူး တောင်ပေါ်တက်ရှာမယ်”
ပွင့်က ဆုံးဖြတ်လိုက်ပြီး တောင်တက်လူသွားလမ်းလေးအတိုင်း ပြေးတက်လာခဲ့သည်။ လမ်းတစ်လျှောက်ကြည့်သော်လည်း သူစိတ်ကြိုက်သည့်အပင်မျိုးမတွေ့ချေ။ သို့နှင့် တောင်ပေါ်သို့ ရောက်လာသည်။ တောင်ပေါ်တွင် ဘုန်းကြီးကျောင်းနှင့် ဘုရားလေးတစ်ဆူရှိသည်။ ပွင့်လဲ အပင်ကို လှည့်ပတ်ရှာနေရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်နေပြီ။
နောက်ဆုံးတော့ တောင်ကမ်းပါးကြီးတစ်ခုနားရောက်လာသည်။ ပွင့် မျက်လုံးများ အရောင်လက်သွားသည်။ တောင်ကမ်းပါးတွင် ညောင်ပင်လေးတစ်ပင် ကပ်ပေါက်နေသည်။ ညောင်ပင်လေးက ပင်စည်လဲ တုတ်တုတ်နှင့် အကွေ့အကောက်လေးဖြစ်နေသည်။ ဘွန်ဇိုင်းလုပ်လျှင် လှလိုက်မည့်ဖြစ်ခြင်း။
ပွင့်ကပြေးသွားလိုက်သည်။ တောင်ကမ်းပါးတွင်ပေါက်နေသည်မို့ တူးရသိပ်အဆင်မပြေ။ သစ်ပင်က ပွင့်ရပ်နေသည့် တောင်ကြီး၏ အောက်တွင်ရှိနေသည်။ သစ်ပင်အောက်တွင် ပေ ၁၀၀ ကျော်နက်သော ခြောက်ကြီးရှိသည်။ ပွင့်က ထိုအပင်ကို ခက်ခက်ခဲခဲနှင့် တူးနေရသည်။
တူးရင်း အမြစ်လဲ ကျွတ်လောက်ပြီမို့ ပွင့်လဲ သစ်ပင်ကို လှမ်းဆွဲနှုတ်လိုက်သည်။ သို့သော် အားလွန်သွားပြီး ချောက်ကမ်းပါးအတွင်းသို့ ချော်ကျသွားသည်။ လက်တစ်ဖက်က သစ်ပင်ကိုကိုင်ထားသည်မို့ လုံးလုံးတော့ ပြုတ်ကျမသွားပဲ တွဲလောင်းကြီးဖြစ်နေသည်။ နောက်လက်တစ်ဖက်ကလဲ တောင်ကမ်းပါးတွင် ပေါက်နေသည့် ခြုံပင်များကို ကုတ်တွယ်ထားလိုက်သည်။ ခြေထောက်တွေကတော့ တွဲလောင်းကျနေသည်။ ပွင့်သတိထားမိလိုက်တော့မှ နေက တောင်စောင်းတွင် ဝင်နေပြီဖြစ်သည်။
“ပွင့်ရေ . . . . ပွင့်ရေ”
ထိုစဉ် တောင်ပေါ်သို့ လူသုံးလေးယောက် ပြေးတက်လာသည်။ ကံကောင်းချင်တော့ သူတို့ပြန်တော့မည်ဖြစ်သဖြင့် ပွင့်ကိုလိုက်ရှာနေခြင်းဖြစ်သည်။ ပွင့်လဲ အသားကုန် အော်လိုက်သည်။
“ကယ်ကြပါဦးရှင်”
ကိုမင်းသူနှင့် အဖော်နှစ်ယောက်က ပြေးပြီးတော့ ကြည့်လိုက်သည်။ ပွင့်က ကမ်းပါးတွင် တွဲလောင်းကြီးကျနေသည်။ သူတို့လဲ ပွင့်ကိုဆွဲတင်လိုက်ကြသည်။ ပွင့်က အပေါ်ရောက်တော့ ညောင်ပင်ကို ယူမည်လုပ်နေသည်။ ကိုမင်းသူလဲ သက်ပြင်းချလိုက်ပြီး ကမ်းပါးမှ ညောင်ပင်ကို ခဲရာခဲဆစ်တူးပေးလိုက်ရသည်။
“အပင်ကတော့ တော်တော်လှတယ်ပွင့်၊ ဒါပေမယ့် ကံကောင်းလို့ ချောက်ထဲမကျတာ၊ နောက်ဆို အသက်အန္တရာယ်ကို ဂရုစိုက်၊ ငါတို့သာမလာရင် နင်တော့ချောက်ထဲကျနေပြီ”
ကိုမင်းသူက တစ်လမ်းလုံး ပွင့်ကိုဆူလာသည်။ ပွင့်ကတော့ ချောက်ကမ်းပါးမှ ရခဲ့သည့် ညောင်ပင်လေးကို ကြည့်ရင်း ပီတိတွေဖြစ်နေလေသည်။
(၃)
ကားပြန်မောင်းလာတော့ ကားပေါ်မှာ အပင်တွေပါလာသည်။ အားလုံးလိုလိုတစ်ပင်ဆီရသည်။ တစ်ချို့က နှစ်ပင်လောက်ရကြသည်။ ကိုမင်းသူက အပင်တွေကို ယှဉ်ပြီးကြည့်နေသည်။
“ကိုမျိုးတူးလာတဲ့အပင်က ထမင်း၇ရက်မစားရသေးတဲ့ မော်ဒယ်လေးနဲ့တူတယ်၊ မသေအောင်သေချာတော့ ဂရုစိုက်မှရမယ်”
ကိုမင်းသူက ပြောလိုက်သဖြင့် အားလုံးဝိုင်းရယ်မောကြသည်။ အပင်တွေ အားလုံးထဲတွင် ပွင့်ရလာသည့် အပင်ကတော့ အလှဆုံး။
“အပင်တွေ အားလုံးထဲမှာမှ ကျွန်တော်တို့ရဲ့ ဂျူနီယာ အငယ်ဆုံးလေး ပွင့်ရဲ့ အသက်နဲ့ရင်းပြီး တူးလာတဲ့အပင်လေးက အလှဆုံးပါပဲခင်ဗျာ”
အားလုံးက ဝိုင်းရယ်မောလိုက်ကြသော်လည်း ပွင့်က ပြုံးနေမိပြီး ကျေနပ်နေမိသည်။
သီးကုန်းတွင် ကားရပ်လိုက်ပြီးနောက် ခြေလက်တွေ ဆေးကြသည်။ ထို့နောက် တူးလာသည့် သစ်ပင်များအား မသေအောင် ထုတ်ပိုးကြသည်။ ခရီးကတော့ မန္တလေးတက်မည်ဖြစ်သည်။ မန္တလေးမှာ ဘွန်ဇိုင်းအဖွဲ့ဝင်တွေနှင့် တွေ့ဆုံပြီး သူတို့လုပ်ထားသည့် အပင်တွေကို ကြည့်ကြဦးမည်။ နောက်ပြီး ပြင်ဦးလွင်တက်ပြီး အဖွဲ့ဝင်များနှင့်တွေ့ဆုံကြရမည်ဖြစ်သည်။
ခြေလက်ဆေးပြီးနောက် ညစာစားလိုက်ကြသည်။ စားသောက်ရင်း အပင်တူးပုံများ၊ ဟာသအလွဲများကို ပြောဆိုရင်း ပွင့်လဲ ဘွန်ဇိုင်းဂရုထဲမှ လူများနှင့် ပိုမိုရင်းနှီးလာလေသည်။ နာရီဝက်ခန့်ကြာပြီးတော့ ကားကိုဆက်မောင်းထွက်ခဲ့သည်။ အပင်တွေကိုတော့ နောက်ဆုံးခုံရှည်တွင် စုပေါင်းတင်ထားသည်။ အဖွဲ့သားတွေအားလုံးကတော့ မောမောနှင့် အိပ်သူက အိပ်နေပြီဖြစ်သည်။
ပွင့်က ကားမမူးတတ်သဖြင့် ကားနောက်ပိုင်းတွင် ထိုင်သည်။ သူ့နောက်တွင်တော့ တစ်ခုံနှစ်ခုံရှိသေးသည်။ ပွင့်လဲ ဖုန်းကြည့်ရင်း အိပ်ချင်လာသဖြင့် အိပ်လိုက်သည်။ ကားက တဝူးဝူးနှင့် မောင်းနှင်နေဆဲဖြစ်သည်။ ပွင့်လဲ မျက်လုံးမှိတ်လိုက်မည်အလုပ် ကားရှေ့ခန်းမှ ခေါင်းစုတ်ဖွားနှင့် မိန်းမကြီးတစ်ယောက်သည် လျှောက်လမ်းလေးအတိုင်း တဖြည်းဖြည်းလမ်းလျှောက်လာသည်။ ခေါင်းမှာ ဆံပင်တွေက ဖြူသည့်နေရာကဖြူပြီး နက်သည့်နေရာက နက်နေသည်။ ဆံပင်တွေက ဖွာပြီး တွန့်ကြေနေသည်။ ထမီကို ရင်လျားဝတ်ထားပြီး အသက်က ၈၀ ခန့်ရှိသည့် အဖွားကြီးတစ်ယောက်ဖြစ်သည်။
ပွင့်လဲ မျက်လုံးပြူးသွားသည်။ သူတို့ကားက မရပ်ရသေးပေ။ ထိုအဖွားကြီးက ဘယ်လိုလုပ်ပြီး ကားပေါ်တက်လာသည်လဲ။ ပွင့်လဲ တွေးကြောက်နေစဉ် ထိုအဖွားကြီးက သူ့နားရောက်လာသည်။ ထို့နောက် သူ့ကို လက်ညှိုးဖြင့်ထိုးလိုက်ပြီး မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်နေလေသည်။
“ဟဲ့ကောင်မ”
အသံကြီးကလဲ ကွဲတဲတဲ ရှတတ ကြီးဖြစ်သည်။ ထိုသို့ ပြောသည့်အခါ ပွင့်လဲ လန့်သွားပြီး အော်ဟစ်လိုက်မိတော့သည်။
“အား . . . . .”
“ပွင့် . . . ပွင့် ဘာဖြစ်တာလဲ”
သူမျက်လုံးဖွင့်လိုက်တော့ ကားပေါ်ကလူတွေအားလုံးက သူ့နားတွင် ဝိုင်းနေကြသည်။ အချို့ကလဲ အိပ်နေရာမှ နိုးထလာတော့သည်။
“ဘာ . . ဘာမှ မဟုတ်ပါဘူး အိပ်မက်ဆိုးမက်လို့ပါ”
အားလုံးက သက်ပြင်းတွေချလိုက်ပြီးနောက် ကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်ကြသည်။ ပွင့်လဲ ကြောက်ပြီး ချွေးစေးတွေပြန်နေသည်။ ညဘက်လဲဖြစ်ပြီး ကားအဲကွန်းကလဲ အေးသော်လည်း ပွင့်က ချွေးတွေပြန်နေသည်။ သူလဲ ဆက်မအိပ်ရဲတော့ပေ။
သူ့နောက်ခုံကို ကြည့်လိုက်သည်။ ကိုမျိုးက အိပ်ပျော်နေသည်။ ကိုမျိုးနောက်တွင်တော့ အပင်တွေကို အလျားလိုက်တင်ထားသည့် နောက်ဆုံးခုံဖြစ်သည်။ ဘေးဖက်ခြမ်းတွင်လဲ ကားစီးနေသည့် သူများရှိသည်။ ပွင့်ကလဲ အိပ်မပျော်သဖြင့် ဖုန်းကြည့်နေလိုက်သည်။ ဖုန်းအလင်းရောင်က သူ့မျက်နှာကို ဟပ်နေသည်။
ဖုန်းကြည့်ရင်း အမှတ်မထင် ဘေးဖက်ကို ကြည့်မိလိုက်သည်။ ဘေးက မှန်တွင် သူ့ကိုစိုက်ကြည့်နေသည့် မျက်နှာကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
“အောင်မယ်လေး”
ပွင့်က တိုးတိုးလေး အော်လိုက်ပြီးတော့ ဖုန်းလွတ်ကျသွားသည်။ မျက်လုံးတွေကိုလဲ ပိတ်ထားလိုက်သည်။ အချိန်အတော်ကြာတောမှ အရဲစွန့်ပြီး ပြန်ကြည့်လိုက်သည်။ ဘာမှမရှိတော့။ ပွင့်လဲ ကြောက်လန့်ပြီး ကားမှန်ကို ခန်းဆီးဖြင့် ပိတ်လိုက်သည်။ ဖုန်းကိုပြန်ကောက်လိုက်သည်။ ပွင့်ကျောကုန်းထဲ ပြောမပြတတ်အောင် စိမ့်အေးသွားလေသည်။ အချမ်းဓါတ်တွေက ကျောရိုးမှတဆင့် တဖြည်းဖြည်းချမ်းလာလေသည်။ ကြက်သီးတွေလဲ ထောင်ထနေပြီး ပွင့်ခေါင်းပေါ်က ဆံပင်တွေကလဲ ထောင်ထနေသည်ဟုခံစားလိုက်ရသည်။
ထိုသို့ ချမ်းအေးမှုမျိုးကို ဘဝတစ်လျှောက်လုံးမခံစားဖူးပါ။ သူလက်တွေပါတုန်လာသည်။ ခေါင်းကိုငုံ့ထားလိုက်ပြီး မျက်နှာကို ဆံပင်များဖြင့် ဖုံးအုပ်ထားလိုက်သည်။ ထိုစဉ် ကားက တဒုန်းဒုန်းဖြင့် ခုန်လာသည်။ ဘေးယာသို့လဲ အနည်းငယ် လှုပ်ယမ်းနေသည်။
ကိုမင်းသူက ခေါင်းခန်းတွင်ထိုင်နေသည်။ ကားဒရိုင်ဘာနှင့် ဘေးချင်းကပ်ဖြစ်သည်။ ကားက အရှိန်မမှန်တော့သည်မို့ ကားဒရိုင်ဘာကို ကြည့်လိုက်သည်။ ကားဒရိုင်ဘာမှ လူငယ်တစ်ဦးဖြစ်ပြီး အိပ်ချင်သည့်ပုံတော့မပေါ်။ သို့သော် တစ်စုံတစ်ခုကို ကြောက်ရွှံ့နေသည့်ပုံပေါ်နေသည်။
“ဟဲ့ရောင် စိတ်ငြိမ်ငြိမ်ထား။ မင်းဘာဖြစ်နေတာလဲ”
“အကို . . . ဟိုး . . နောက်ဆုံးခုံမှာ ဆံပင်စုတ်ဖွားနဲ့ အဖွားကြီးတစ်ယောက် ထိုင်နေတယ်””
ကိုမင်းသူ လန့်သွားသည်။ ထို့နောက် အနောက်ခန်းသို့ လှည့်ကြည့်လိုက်သည်။ ဘာမှတော့မတွေ့။
“ဘာမှမကြောက်နဲ့ စိတ်ကိုငြိမ်ငြိမ်ထား၊ အဲဒီကို မကြည့်နဲ့။ ကားကိုဂရုစိုက်ပြီးတော့သာမောင်း”
ထိုသို့ပြောလိုက်ပြီးနောက် ကိုမင်းသူုက ကားနောက်ဖက်သို့ ထွက်ခဲ့သည်။ ကားက အတွင်းပိုင်းမှောင်နေသည်။ မီးရောင်မှိန်မှိန်လေးများ ထွန်းထားသဖြင့် မသဲမကွဲတော့မြင်နေရသည်။ သူက လမ်းတစ်လျှောက် လျှောက်ရင်း ကားနောက်ဆုံးက သစ်ပင်တွေဆီကို သွားလိုက်သည်။ ဘာမှတော့မတွေ့။ ဒါနဲ့ ပြန်လှည့်လိုက်သည်။
“ဟီး . . ဟီး . .ဟီး”
ထိုစဉ် သူ့နောက်က ရယ်သံ သဲ့သဲ့ကြားလိုက်ရသည်။ သူ့နောက်တွင် လူတစ်ယောက်မှမရှိ။ ဘေးနားတွင် ထိုင်နေသည့်သူများကိုကြည့်လိုက်သော်လည်း အိပ်မောကျနေကြသည်။ သူ့ကျောလဲ တစ်ကိုယ်လုံး ချမ်းတက်လာပြီး ကြက်သီးတွေထလာသည်။ ဒါနဲ့ ကားရှေ့ခန်းသို့ ဟန်မပျက်လမ်းလျှောက်ခဲ့သည်။ ကားထဲတွင် တစ်ခုခုတော့ထူးနေပြီဖြစ်သည်။
(၄)
ည ၁၁ နာရီထိုးပြီ။ ကိုမင်းသူလဲ မအိပ်ရဲ။ ကားသမားလေး စိတ်ဖောက်သွားမှာကို စိုးရိမ်နေသည်။ ကားဒရိုင်ဘာကလဲ မောင်းနေရင်း နောက်ကိုကြည့်ကာ တော်တော်ကြောက်လန့်နေသဖြင့် ကိုမင်းသူက သတိပေးနေရသည်။ ကံကောင်းချင်တော့ ရှေ့နားတွင် အများသုံးအိမ်သာနှင့် ဈေးဆိုင်တန်းကလေးတစ်ခုကို တွေ့လိုက်ရသည်။
“ဟေ့ အဲဒီမှာ ရပ်လိုက်ကွာ”
ထိုဈေးဆိုင်တန်းကလေးက ညလုံးပေါက်ဖွင့်သည့် ဆိုင်ကလေးဖြစ်မည်။ မီးချောင်းများထွန်းထားပြီး ထိန်လင်းနေလေသည်။
“ကဲ ကားပေါ်ကလူများ အပေါ့အလေး သွားနိုင်ပါသည်ခင်ဗျာ”
ကိုမင်းသူကပင် မိုက်ဖြင့်အော်ပေးလိုက်သည်။ ကားပေါ်က အိပ်နေသူတွေ ထကြသည်။ ထိုစဉ် ကိုမျိုးက ကိုမင်းသူကို အော်ခေါ်လိုက်သည်။
“ကိုမင်းသူ . . . ဒီမှာ ပွင့်ဘာဖြစ်နေလဲ မသိဘူး”
တစ်ကားလုံး ပွင့်ဆီပြေးသွားလိုက်သည်။ ပွင့်က မျက်နှာကို ဆံပင်ဖြင့်အုပ်ကာ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေသည်။
“ပွင့် . . . ဘာဖြစ်တာလဲ”
ကိုမင်းသူက ပြောပြီး ပွင့်အသားကိုထိလိုက်သည်။ ပွင့်အသားတွေက ရေနွေးအိုးကြီးလို ပူလောင်နေလေသည်။
“ငါ့ အသားကိုမထိနဲ့”
အသံကွဲကြီးဖြင့် ပြောလိုက်သဖြင့် အားလုံးလန့်သွားကြသည်။ ကားပေါ်ကမီးချောင်းကိုလဲ ထွန်းလိုက်သည်။
“ဒီကောင်မကို ငါသတ်မယ်၊ ငါ့ဟာငါ အေးအေးဆေးဆေးနေနေတာကို လာနှောင့်ယှက်တယ်၊ ငါ့နေရာကိုလဲ ဖျက်ဆီးတယ်၊ ဒီကောင်မကို ငါသတ်မယ်”
အသံကွဲကြီးဖြင့် အော်ရင်း အသားတွေ တဆတ်ဆတ်တုန်နေသည်။ မျက်လုံးတွေကလဲ အပေါ်ကိုလန်ပြီး မျက်သားဖြူဖြူကြီးကိုမြင်နေရသည်။ အသားဖြူသော ပွင့်၏ အသားတွေက နီရဲနေသည်။
“သ . . . သရဲပူးနေတာထင်တယ်”
သူတို့ကားပေါ် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေသဖြင့်ဆိုင်ခန်းတွင်းမှလူများ၊ လက်ပွေ့ဈေးရောင်းသူများက ဝိုင်းကြည့်လာကြသည်။ နောက်ဆုံးတော့ ကိုမင်းသူကလဲ မတတ်နိုင်တော့။
“ကယ်ကြပါဦးဗျာ. . . . ဒီမှာ သရဲပူးနေတာထင်တယ်”
သူတို့အားလုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ထိုအခါ ဈေးသည်များက တစ်ယောက်တစ်ပေါက်ဖြင့် ပြောဆိုနေကြသည်။
“ဦးသုဆီခေါ်သွား . . . ဦးသုဆီသွား”
သို့နှင့် မုန့်များကိုလက်ပွေ့ရောင်းသည့် ကောင်လေးတစ်ယောက်ကို ကားပေါ်ခေါ်တင်ပြီးတော့ သူလမ်းညွှန်သည့်အတိုင်း ရွာကလေးတစ်ရွာသို့ မောင်းနှင်လိုက်ကြသည်။
အမြန်လမ်းပေါ်မှ လမ်းကလေးတစ်ခုအတွင်းသို့ ချိုးဝင်လိုက်ပြီးနောက် မိနစ်၂၀ ခန့်ကြာသောအခါ ရွာကလေးတစ်ရွာသို့ ရောက်သွားကြသည်။ ရွာကလေးမှာ အမှောင်ထဲတွင် ငြိမ်သက်လျှက်ရှိသည်။ ရွာကလေးကို ဖြတ်မောင်းလာပြီးတော့ ရွာပြင်တွင် ဘုန်းကြီးကျောင်း မုခ်ဦးတစ်ခုရှေ့သို့ကားကိုဆင်းရပ်လိုက်သည်။ ဘုန်းကြီးကျောင်းက တံခါးပိတ်ထားသည်။
သူတို့လဲ ကားပေါ်မှ ပြေးဆင်းသွားကြသည်။ ကျောင်းဝင်းသံပန်းတံခါးကို ထုရိုက်ကြသည်။
“ဆရာတော်ဘုရား တပည့်တော်တို့ကို ကယ်ပါဦးဘုရား”
ဝိုင်းဝန်းအော်ဟစ်ကြသည်။ ဘုန်းကြီးကျောင်းထဲမှ ခွေးတွေကလဲ သူတို့ကို ဝိုင်းဟောင်ကြသည်။ သိပ်မကြာမီ ဦးဇင်းတစ်ပါး ပြေးထွက်လာသည်။
“ဘာဖြစ်လို့တုန်း ဒကာကြီးရဲ့”
“တပည့်တော်တို့က ခရီးသွားတွေပါဘုရား၊ တပည့်တော်တို့ထဲက တစ်ယောက်ကို သရဲပူးလာလို့ပါ။”
ဆရာတော်က ခေါင်းညိတ်လိုက်ပြီး သံပန်းတံခါးကိုဖွင့်ပေးလိုက်သည်။ ကားကလေးမှာလဲ ကျောင်းရှေ့ထိ မောင်းနှင်ဝင်ရောက်လိုက်ပြီး ကားရပ်လိုက်သည်။ ထို့နောက် ပွင့်ကို ဝိုင်းဆွဲထုတ်ကြသည်။ ပွင့်မှာ ယောက်ျားကြီး ငါးယောက်လောက် ဝိုင်းဆွဲတာတောင် သိပ်မနိုင်ပေ။ နောက်ဆုံး မရမက ဆွဲပြီး ကျောင်းပေါ်သို့တင်လိုက်သည်။
ဘုန်းကြီးကျောင်း ဘုရားခန်းရှေ့သို့ ဆွဲခေါ်သွားသည်။ မကြာခင် ဆရာတော်တစ်ပါးက အထဲသို့ဝင်လာသည်။ သူ့နောက်တွင်လဲ ဦးဇင်းတွေကော ကိုရင်တွေကော လိုက်လာကြသည်။
“ဟား . . . ဟား . . . .ဟား”
ဦးဇင်းကိုတွေ့သည်နှင့် ပွင့်က အော်ဟစ်ရယ်မောလိုက်သည်။ ဦးဇင်းက ပွင့်ရှေ့တည့်တည့်တွင် ထိုင်လိုက်သည်။ ပွင့်ကိုတော့ ယောက်ျားများက ဝိုင်းပြီး ချုပ်ထားကြဆဲဖြစ်သည်။
“ကဲ ပြောစရာရှိတာပြော၊ မင်းဘာဖြစ်ချင်တာလဲ”
“ဟား . .ဟား ဒီကောင်မကိုသတ်မယ်၊ ဒီကောင်မကို ဝိညာဉ်နှုတ်မယ်”
အသံဆိုးကြီးနှင့် ရယ်မောက ပြောဆိုနေလေသည်။ ဆရာတော်က ဘာမှမပြောသေးပဲ ကိုမင်းသူကို အကျိုးအကြောင်းမေးနေသည်။ ကိုမင်းသူက ဆရာတော်ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
“ဒီ ဒကာမလေး တူးလာတဲ့အပင်မှာ နေတဲ့သူဖြစ်ရမယ်”
ဆရာတော်က စဉ်းစားလိုက်ပြီး သူ့နဲ့ မနီးမဝေးမှာ မတ်တပ်ရပ်နေသော ဦးဇင်းကို သောက်ရေတစ်ခွက် ယူခိုင်းလိုက်သည်။ ဖန်ခွက်ကလေးဖြင့် သောက်ရေတစ်ခွက် ဆရာတော်ရှေ့ ရောက်လာသည်။
“ဟား . . ဟား ငါ့ကိုတော့ဟိုပညာတွေ ဒီပညာတွေနဲ့ နှင်ထုတ်ဖို့ မကြိုးစားနဲ့နော်၊ ငါက နင်တို့ထက် တတ်ပြီးသား ဟား . . ဟား”
ဆရာတော်က ချောင်းတစ်ချက်ဟန့်လိုက်သည်။
“ဘာပညာမှ မတတ်ဘူး၊ သုံးလဲမသုံးဘူး။ ဒီဒကာမလေးက မသိလို့လုပ်မိတာပဲ သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ”
ပွင့်ကရုန်းကန်လိုက်လေသည်။ သူ့ကိုချုပ်ထားသည့်သူများ အကုန်လဲကျကုန်သည်။
“လုံး၀ ခွင့်မလွှတ်ဘူး။ ဒီကောင်မ သေမှ ငါကျေနပ်မယ်”
ဆရာတော်က သက်ပြင်းချလိုက်သည်။
“လူသတ်တယ်ဆိုတာ အရမ်းကြီးလေးတဲ့ အကုသိုလ်ပဲ ဒကာမရဲ့၊ ဒကာမကြီး ကိုယ့်ကိုကိုယ်ပြန်တွေးကြည့်လိုက်။ အရင်ဘ၀ ဒကာမကြီးလုပ်ခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေကြောင့် အခုတောင် နိမ့်ကျတဲ့အပါယ်ဘုံမှာ ဆင်းရဲစွာနဲ့ နေနေတာမဟုတ်လား၊ သူ့ကိုထပ်သတ်လိုက်ရင် အကုသိုလ်အပြစ်ကျွေးတွေ ပိုကြီးပြီး ဒုက္ခဆင်းရဲတွေများလှတဲ့ အပါယ်လေးဘုံကနေ သံသရာတစ်လျှောက် ရှည်ကြာစွာ ဖြတ်သန်းနေရဦးမှာပေါ့”
ပွင့်က ထိုင်ကျသွားသည်။ ငိုင်ကျသွားသည်။ ထို့နောက် ခေါင်းကို အရှေ့ကို ငုံ့လိုက်သည်။ ဆရာတော်က ဆက်ပြောသည်။
“အကုသိုလ်တွေ များနေတာကို အကုသိုလ်တွေ ထပ်ပြီးမယူချင်ပါနဲ့တော့။ ဒီဒကာမလေးက မသိလို့ လုပ်မိတာပဲ။ ခွင့်လွှတ်ပေးလိုက်ပါ။ ဘုန်းဘုန်းက ကြားထဲကနေ တောင်းပန်ပါတယ်”
ပွင့်က မလှုပ်မယှက်ပဲ ငြိမ်နေလေသည်။ ထို့နောက် အော်ဟစ်ပြီး ငိုယိုနေတော့သည်။
“ကဲ ဒီကလေးမလေးဆီက ထွက်သွားပေးလိုက်ပါ။ ဘုန်းကြီးက ဒကာမကြီးကိုမေတ္တာပို့ပေးမယ်၊ ဒီ မေတ္တာရေချမ်းလေးကို သောက်ပြီးတော့ ဒကာမကြီးသွားလိုရာ သွားလိုက်ပါတော့”
ပွင့်က ငိုနေရာမှ လက်အုပ်ချီလိုက်သည်။
“ထွက်သွားပါ့မယ် အရှင်ဘုရား၊ ဒါပေမယ့် သူတို့ယူလာတဲ့အပင်ကို ယူလာတဲ့တောင်အနားမှာပဲ ပြန်စိုက်ခိုင်းပေးပါဘုရား”
ထိုသို့ပြောလိုက်ပြီးနောက် ဆရာတော်က ရေခွက်ကို ကိုင်မြှောက်ကာ ပါးစပ်ကို ပွစိပွစိနှင့် ရွတ်ဖတ်နေသည်။ ထို့နောက် ထိုရေခွက်ကို ငိုင်နေသည့် ပွင့်ကိုသောက်ခိုင်းလေသည်။ ပွင့်ကို ဘေးမှ လူများက ရေဝိုင်းတိုက်လိုက်ကြတော့ ပွင့်လဲ နောက်ပြန်လဲကျသွားလေတော့သည်။
(၅)
ဆရာတော်ကို ဦးချကန်တော့ကြပြီး ဝတ္ထုငွေများ လှူဒါန်းခဲ့ကြသည်။ ပွင့်ကို ကားပေါ်ကို တွဲတင်ကြပြီး ပွင့်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ ထို့နောက် သူတို့သည် ကားကို နောက်ကြောင်းပြန်ပြီး လှည့်မောင်းခဲ့ကြသည်။
မိုးလင်းပြီ။ သို့သော် ထိုတောင်ကြီးက မနက်ခင်းနေရောင်အောက်တွင် အုံ့ဆိုင်းဆိုင်းကြီးဖြစ်နေသည်။ ကိုမင်းသူနှင့် အဖော်သုံးလေးယောက်လဲ ညောင်ပင်လေးကို ကိုင်ကာ တောင်ပေါ်သို့ပြေးတက်ခဲ့ကြသည်။ တောင်ပေါ်ကျောင်းတိုက်လေးတွင် ဆရာတော်များက တံမြက်လှည်း၊ အမှိုက်မီးရှို့နေကြသည်။
ကိုမင်းသူတို့ကတော့ တောင်ကမ်းပါးရံနားကို လျှောက်လာခဲ့ကြသည်။ ထို့နောက် တောင်ကမ်းပါးရံတစ်ခုအနီးတွင် မြေကြီးသေချာတူးကာ ထိုသစ်ပင်လေးကို ပြန်စိုက်လိုက်ကြသည်။ ကိုမင်းသူကလဲ ပါလာသည့် မြေသြဇာများ၊ အပင်အားဖြည့်ဆေးများကို လောင်းခဲ့လိုက်သည်။ ထို့နောက် ရေသန့်ဘူးဖြင့် ရေတွေလောင်းပေးလိုက်သည်။
ထိုအခိုက်တွင် ချောက်ကမ်းပါးကြီးအောက်မှ လေအေးတစ်ချက်ဝေ့ပြီး တိုက်ခတ်လိုက်လေသည်။ ထိုလေအေးနှင့်အတူ သင်းပျံ့သော စပယ်ရနံ့လိုလို ခရေရနံ့လိုလို ရနံ့လေးတစ်ခုကို ရှူရှိက်မိလိုက်ရတော့သည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်