(ဖြစ်ရပ်မှန်)
အချိန်ကား ၂၀၀၈ ခုနှစ် နွေရာသီအချိန်။
ကိုအောင်ကိုတို့ သူငယ်ချင်းတစ်စု မြ၀တီမြို့မှထွက်လာတော့ နေ့လည်ပိုင်းဖြစ်နေပြီ၊ ကိုအောင်ကိုမှာ ပဲခူးသားဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ မြ၀တီမြို့သို့တက်ကာ ဆိုင်ကယ်များကိုသယ်ယူကာ ပြန်လည်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ကြသည်။ သူငယ်ချင်းငါးယောက် ဆိုင်ကယ်တစ်ယောက်တစ်စီးစီဖြင့် မြ၀တီမြို့သို့တက်ခဲ့ပြီး ဆိုင်ကယ်အသစ်များကိုဝယ်ယူကာ မိမိတို့ဆိုင်ကယ်ဖြင့်ပင် နိုင်သလောက်သယ်ယူကာ ပဲခူးမြို့တွင် ပြန်လည်ရောင်းချခြင်းဖြစ်သည်။ ထိုခေတ်က ဆူဇူကီး ရီဗို၊ ရီဗိုအေများ ခေတ်စားသည့်ကာလဖြစ်ရာ မြ၀တီတွင်ဝယ်ယူပြီး ပဲခူးမှာပြန်လည်ရောင်းချရသည်မှာ အလွန်တွက်ခြေကိုက်လှသဖြင့် လူအတော်များများထိုကဲ့သို့ စွန့်စားကာ ကူးသန်းကြလေသည်။
ဆိုင်ကယ်သယ်ရသည်ဆိုသည်မှာလည်း သိပ်တော့မလွယ်လှ၊ မိမိဆိုင်ကယ်၏ ခံနိုင်မည့်ဝန်နှင့်ချိန်ကာ ဆိုင်ကယ်များကို ထပ်မံသယ်ဆောင်ရသည်။ အလေးချိန်မှာလည်း အတော်များရာ သတိထားမောင်းရသည်။ ထို့အပြင် လမ်းခရီးအခြေအနေကိုလည်း ကြည့်ရသေးသည်။ အတားအဆီး၊ ဂိတ်ကြေးများကလည်းရှိသေးသည်ဖြစ်ရာ ဆိုင်ကယ်သယ်သည့်လုပ်ငန်းမှာ တော်တော်စွန့်စားနိုင်သူများသာ လုပ်ကိုင်ကြခြင်းဖြစ်သည်။
မြ၀တီမြို့မှအထွက်တွင် ငါးဦးစလုံး ဆိုင်ကယ်ကိုယ်စီဖြင့် စီတန်းကာသယ်ဆောင်လာကြသော်လည်း လမ်းခရီးတွင် ကားကျော်တက်ခြင်းများ၊ ရှောင်ရှားရခြင်းများရှိသည့်အတွက် မကြာခင်မှာပင် သူငယ်ချင်းငါးယောက်မှာ အစီးကျဲသွားတော့သည်။ ထိုထက်ပိုဆိုးသည်က ဒုံကပိတံတားအနီးအရောက်တွင် ကိုအောင်ကိုဆိုင်ကယ်က ဘီးပေါက်သွားတော့သည်။ ကိုအောင်ကိုလည်း စိတ်ညစ်ညစ်နှင့် ဆဲဆိုလိုက်ပြီး ဆိုင်ကယ်ဘီးဖာရန် လိုက်ရှာရတော့သည်။ ကံကောင်းချင်တော့ တံတားအလွန်တွင် ဆိုင်ကယ်ဘီးဖာသည့် ဆိုင်ကလေးတစ်ခုတွေ့ရာ ထိုနေရာတွင်ပင် ဘီးဖာနေရသည်နှင့် အချိန်လင့်သွားတော့သည်။
(၂)
ညနက်လာပြီဖြစ်သဖြင့် လမ်းကအတော်ရှင်းသွားသည်။ ဟိုင်းဝေးကားကြီးများနှင့် ကုန်တင်ကားကြီးများမှာ အရှိန်ပြင်းစွာမောင်းနှင်ကြသည့်အတွက် ကိုအောင်ကိုတစ်ယောက် သတိကြီးစွာထားပြီးမောင်းနှင်လာရသည်။ အချို့နေရာများတွင် လမ်းမီးတိုင်များမရှိဘဲ၊ အချို့နေရာများတွင်တော့ တောအုပ်များကိုဖြတ်သန်းလာရသဖြင့် ကိုအောင်ကိုတစ်ယောက် မကြောက်တတ်သော်လည်း အနည်းငယ်တော့ စိတ်ခြောက်ချားနေမိသည်။
စစ်တောင်းတံတားကို ဖြတ်သန်းလာမိသည့်အချိန်တွင်တော့ ညတစ်နာရီကျော်နေပြီဖြစ်သည်။ စစ်တောင်းတံတားကျော်လျှင် ပဲခူးတိုင်းအတွင်းရောက်ပြီမို့ စိတ်အေးမိသွားသည်။ ပဲခူးမြို့သို့ရောက်ရန် သိပ်ပြီးခရီးမလိုတော့ပေ၊ သို့နှင့် ဆက်လက်မောင်းနှင်လာရာ ဝေါမြို့အဝင် အဗြားကွေ့ဟုခေါ်သည့် လမ်းကွေ့တစ်ခုသို့ရောက်လာခဲ့သည်။ ထိုအနီးတွင်အဗြားရွာရှိပြီး လမ်းကွေ့မှာလည်း ထောင့်မှန်ချိုးအကွေ့ကြီးဖြစ်သည်။
ထိုအချိန်ကိုအောင်ကိုမှာ ထူးဆန်းသည့်ခံစားမှုတစ်ခု ခံစားလိုက်ရသည်။ လမ်းဘေးကိုကြည့်သည့်အခါတွင်လည်း တစ်လမ်းလုံးတွင် သူ့ဆိုင်ကယ်တစ်စီးသာရှိနေသည်။ လမ်းမီးမရှိသဖြင့်လည်း မှောင်မည်းနေပြီး လမိုက်ညဖြစ်သဖြင့် လရောင်ကလည်းမလင်းသောကြောင့် ဆိုင်ကယ်ရှေ့မီးရောင်ကလေးကိုသာ အားထားပြီးမောင်းနှင်နေရသည်။
ရုတ်တရက် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သွားသလိုခံစားရပြီး ပိုမိုမှောင်မိုက်သွားသည်ဟုလည်း ယူဆမိသည်။ ထိုသို့မောင်းလာစဉ် လမ်းကွေ့ရောက်သည့်အခါ ကားလမ်းမပေါ်တွင် ခွေးတစ်ကောင်ကျောပေးထိုင်နေသည်ကိုမြင်တွေ့ရသည်။
“တောက်၊ ဒီခွေးကတော့ ကားကြိတ်မိရင်နာတော့မယ်၊ မှတ်လောက်သားလောက်ဖြစ်အောင် ကန်ထည့်ခဲ့အုံးမှ”
ကိုအောင်ကိုတို့လို ဆိုင်ကယ်စီးသူများအဖို့ ထိုကဲ့သို့ ခွေးများကားလမ်းပေါ်တက်လာသည်ကိုမြင်သည့်အခါ ဆိုင်ကယ်မောင်းရင်းဖြင့်ပင် ခြေထောက်နှင့်ကန်ခဲ့လေ့ရှိသည်။ ထိုသို့လုပ်ထားသည့်အခါ ခွေးများကလည်း ကားလမ်းပေါ်တက်လျှင် အသားနာမည်ဟု မှတ်သွားပြီး သိပ်မတက်ဝံ့တော့ပေ၊ ကားလမ်းပေါ်တွင် ပြေးလွှားနေသည့်ခွေးများကြောင့် ယာဉ်မတော်တဆမှုလည်း မဖြစ်နိုင်တော့စေရန်အတွက်ဖြစ်သည်။ ကိုအောင်ကိုက လမ်းကွေ့ကြီးမို့ အရှိန်ကိုလျှော့လိုက်ပြီး ခွေးအနားကိုမောင်းနှင်လာခဲ့သည်။
ခွေးမှာ တစ်ကိုယ်လုံးအဖြူရောင်ရှိပြီး အနက်ရောင်အကွင်းအကွင်းများပါသည့် ခွေးတစ်မျိုးဖြစ်သည်။ ထိုကဲ့သို့ ခွေးမျိုးကို ကိုအောင်ကိုတစ်ယောက် မမြင်ဖူးပေ၊ ခွေးကလေးမှာ အဝေးကကြည့်သည့်အခါ သေးငယ်သော်လည်း အနီးသို့ရောက်လေလေ တဖြည်းဖြည်းကြီးလာလေလေဖြစ်ရာ ကိုအောင်ကိုပင် ခေါင်းနားပန်းများကြီးသွားရလေသည်။ လက်တစ်ကမ်;ခန့်ရောက်သည့်အခါ ခွေးမှာ လူကြီးခါးစောင်းနီးနီးရှိသည့် ခွေးကြီးတစ်ကောင်ဖြစ်သွားလေရာ ကိုအောင်ကိုတစ်ယောက် အံ့ဩသွားရသည်။
ခွေးအား ခြေထောက်နှင့်ကန်မည့်အစီအစဉ်ကိုဖျက်လိုက်ရပြီး ဟွန်းတီးမောင်းထုတ်လိုက်သည့်အခါ ခွေးကြီးက ကိုအောင်ကိုဘက်ကိုလှည့်ကြည့်သည်၊ ခွေးမျက်လုံးက မီးများတောက်လောင်သကဲ့သို့ တလက်လက်တောက်ပနေပြီး ထိုအနီးတွင်လင်းထိန်သွားသည်။ ကိုအောင်ကိုလည်း သာမန်ခွေးတစ်ကောင်မဟုတ်မှန်းသိလိုက်သည်မို့ ကြောက်လန့်ကာ ဆိုင်ကယ်ကိုအမြန်မောင်းလာမိသည်။ ခွေးကြီးက သူ့အနားမှဖြတ်သွားသည့်အခါ မာန်ဖီလိုက်သေးသည်။ ခပ်လှမ်းလှမ်းရောက်မှ ကိုအောင်ကိုက ခွေးကြီးကိုလှည့်ကြည့်ရာ ခွေးကြီးမှာ လမ်းမပေါ်တွင်ပင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။
(၃)
“အဲဒါ မင်းတွေ့ခဲ့တာ သရဲနေမှာကွ”
မနက်မိုးလင်းသည့်အခါ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ညက အဖြစ်ကိုပြောမိသည်။ ညက တစ်ညလုံးဆိုင်ကယ်မောင်းလာရသဖြင့် ခါးတွေညောင်းကိုက်နေလေသည်။ သူငယ်ချင်းများ ဝေစုခွဲပြီးသောအခါ အချို့မှာပြန်သွားကြသော်လည်း သူတို့သူငယ်ချင်းများထဲတွင် အသက်အကြီးဆုံးဖြစ်သည့် ကိုထွေးက ကျန်နေခဲ့လေသည်။
“အဲဒီ ဝေါမြို့က အဗြားကွေ့ကို တိုက်ငါးလုံးကွေ့လို့လဲ ခေါ်တယ်ကွ”
“ဗျာ၊ တိုက်ငါးလုံးကွေ့တဲ့လား”
“အေးဟုတ်တယ်ကွ၊ ငါလည်;အစက မသိခဲ့ဘူး၊ ဆိုင်ကယ်သယ်ရင်းနဲ့ ဝေါမြို့မှာ ခဏနားရင်း အဘကြီးတစ်ယောက်က ပြောခဲ့တာပဲကွ၊ ငါ့တုန်းကလည်း အခြောက်ခံရသေးတယ်”
“ဘယ်လိုအခြောက်ခံရတာလဲဗျ”
“ငါ့တုန်းက ဆိုင်ကယ်သယ်ရင်းနဲ့ အဲဒီနားရောက်တော့ တစ်လောကလုံးမှောင်မဲသွားသလိုပဲကွ၊ ပြီးတော့ လမ်းဘေးနားမှာလည်း မိန်းကလေးတစ်ယောက်နဲ့ ကလေးတစ်ယောက် လက်တွဲပြီးလမ်းလျှောက်နေတာကို ငါ့ဆိုင်ကယ်မီးရောင်ထဲမှာ မြင်ရတယ်၊ ဒီအချိန်မှာပဲ ငါ့ဆိုင်ကယ်ရှေ့မီးက မှိတ်ခတ်၊ မှိတ်ခတ်ဖြစ်နေတာကွ၊ ငါလည်းအစကတော့ မီးလုံးပျက်ချင်လို့ဖြစ်တယ်ထင်နေတာ၊ အနားရောက်တဲ့အခါမှာ အဲဒီသားအမိက ငါ့ဘက်ကိုလှည့်ကြည့်တယ်ကွ၊ တစ်ယောက်မှ မျက်နှာမှာ ဘာမှမပါဘဲ ဖြူဖြူကြီးတွေကွ၊ ငါလည်းကြောက်ကြောက်နဲ့ ဆိုင်ကယ်လီဗာကိုဆွဲပြီးအရှိန်တင်လိုက်တာပေါ့ကွာ၊ အရှေ့ကျတော့ ဘရိတ်ညှစ်လို့မရတော့ဘူးကွ၊ ဆိုင်ကယ်အရှိန်ကလည်း ငါမတင်ဘဲနဲ့ သူ့အလိုလိုတက်လာတာ၊ ငါဖြင့်ဘာလုပ်ရမှန်းကိုမသိဘူး၊ ကံကောင်းချင်တော့ အဲဒီလမ်းကွေ့ကျော်ပြီးတော့ အိမ်ဆောက်ဖို့လား လမ်းပြင်ဖို့လားပဲ လမ်းဘေးမှာသဲပုံကြီးပုံထားတာကွ၊ ငါလည်းဘုရားစာရသလောက်ရွတ်တော့ ဆိုင်ကယ်အရှိန်က နည်းနည်းကျသွားတယ်၊ အဲဒီသဲပုံကြီးကို ငါလည်းဝင်တိုက်ထည့်လိုက်တာ ကံကောင်းလို့ ဆိုင်ကယ်က သဲနစ်ပြီး ဘေးစောင်းလဲသွားလို့ပေါ့ကွာ”
“ဪ၊ ကျုပ်မှတ်မိပြီ၊ အဲဒီတုန်းက ကိုထွေးဆိုင်ကယ်တွေနာသွားလို့ ဈေးကျပြီးသိပ်မမြတ်ဘူးဖြစ်သွားတဲ့အခေါက်မဟုတ်လား”
ကိုထွေးက ခေါင်းညိတ်ပြီး လက်ဖက်ရည်တစ်ကျိုက်ကိုမော့သောက်လိုက်သည်။
“သဲပုံကြီးထဲ ဆိုင်ကယ်လဲပြီးတော့ ငါလည်း ကယ်ကြပါအုံးလို့ အော်တာပေါ့ကွာ၊ အနီးအပါးက အိမ်တွေကလည်း မနက်အစောဆိုတော့ နိုးလာကြတာပေါ့၊ ငါလည်း ဆက်မသွားရဲတော့ဘဲအဲဒီနားက လက်ဖက်ရည်ဆိုင်မှာထိုင်နေရတယ်၊ ဒီတော့မှ ဆိုင်ရှင်က ပြောပြတာကါ”
“အဲဒီလမ်းကွေ့မှာ တစ်ခါက ရန်ကုန်ကိုပြန်လာတဲ့ အိမ်ကားတစ်စီးက လမ်းချော်ပြီး ကားမှောက်သွားတယ်တဲ့ကွ၊ ကားမှောက်ပြီးတော့ အခန့်မသင့်တော့ ကားကမီးလောင်တယ်တဲ့ကွာ၊ အဲဒီတော့ ကားမောင်းတဲ့လူအပြင် ကားပေါ်ပါတဲ့ မိသားစုငါးယောက်စလုံး မီးလောင်ပြီးသေတာကွ၊ ကားမောင်းတဲ့လူဆို မီးတွေစွဲပြီးတော့ ကားလမ်းမပေါ်မှ သွေးရူးသွေးတန်းနဲ့ပြေးနေတာတဲ့ကွာ၊ သေသွားတော့ အသားတွေက ကားလမ်းနဲ့ကပ်နေတာဆိုပဲကွာ၊ အလောင်းကြီးကိုဆွဲခွာတော့ အသားတွေကပ်ကျန်နေခဲ့သတဲ့”
ကိုထွေးပြောတာကိုနားထောင်ပြီး ကိုအောင်ကိုပင် ကြက်သီးများထသွားလေသည်။
“အဲဒါနဲ့ ရွာခံတွေက သူတို့ကိုမြှုပ်ပေးလိုက်တော့တာပေါ့ကွာ၊ မြှုပ်လည်းမြှုပ်ပြီးရော အဲဒီနေရာမှာ သရဲအရမ်းခြောက်တာတဲ့ဟေ့၊ ဖြတ်သမျှလူတိုင်း၊ ကားတိုင်းကို ခြောက်နေတော့တာ၊ လူတွေဆို ညနေစောင်းတာနဲ့ အဲဒီနားကိုမသွားရဲကြဘူး၊ တချို့ကားတွေဆိုရင်လည်း သရဲခြောက်ခံရပြီး ဘီးပေါက်တာနဲ့ ကားမှောက်တာနဲ့ဆုံလို့ပေါ့၊ နောက်တော့မှ အနားကလူတစ်ယောက်ကို အိမ်မက်ပေးတယ်တဲ့ကွ”
“ဘယ်လိုအိပ်မက်ပေးတာလဲ”
“သူတို့ကို အဲဒီလမ်းကွေ့နားမှာပဲ အုတ်ဂူသွင်းပြီးတော့ မြှုပ်ပေးဆိုပြီးပြောတယ်ဆိုပဲ၊ ဒါနဲ့ပဲ အုတ်ဂူငါးလုံးလုပ်ပြီး ဂူသွင်းပေးလိုက်ရတော့တယ်၊ အဲဒီဂူငါးလုံးကို လူတွေက တိုက်ငါးလုံးဆိုပြီးခေါ်ကြတာတဲ့ကွာ၊ အဲဒီလမ်းကွေ့ကိုလည်း တိုက်ငါးလုံးကွေ့လို့ ခေါ်ကြသတဲ့”
“ထူးဆန်းပါပေ့ဗျာ”
“အဲဒီနောက်ပိုင်းတော့ အရင်ကလောက် အခြောက်အလှန့်မခံရပေမယ့် တစ်ခါတစ်ခါတော့ သရဲခြောက်တတ်တယ်ဆိုပဲကွ”
“ဟုတ်မယ်ဗျ၊ ကျုပ်ကိုခြောက်ခဲ့တာလည်း အဲဒီသရဲပဲထင်တယ်”
ကိုအောင်ကိုတစ်ယောက် ထိုကတည်းက နောက်ပိုင်းဘယ်တော့မှ ဆိုင်ကယ်မသယ်တော့ပေ၊
ပဲခူးမြို့က လိပ်ပြာကန်
(၁)
ကိုအောင်ကိုက ပဲခူးသား၊ ပဲခူးမှာမွေးပြီး ပဲခူးမှာကြီးပြင်းသူဖြစ်သည်။ ထိုအဖြစ်က ကိုအောင်ကို ငယ်စဉ်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ကိုအောင်ကို ခုနစ်တန်းကျောင်းသားဘ၀အရွယ်က အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။
ပဲခူးမြို့တွင်းတွင် လိပ်ပြာကန်ဟူသည့် ရေကန်ကြီးတစ်ခုရှိသည်။ နွေရာသီ သင်္က်ြပွဲတော်ကျင်းပသည့်အခါ ထိုလိပ်ပြာကန်ကြီးနံဘေးတွင် ရေကစားမဏ္ဍပ်ထိုးပြီး ကန်ထဲမှရေဖြင့် ပက်ကြသည်။ ကိုအောင်ကိုလည်းထိုစဉ်က ရေဆော့ကစားပြီး လိပ်ပြာကန်ကြီးထဲတွင်ရေကူးကြသည်။ နွေရာသီအချိန်ဖြစ်သဖြင့် လိပ်ပြာကန်ရေက အနည်းငယ်ခမ်းနေပြီး ကိုအောင်ကိုတို့နည်းတူ လူငယ်တစ်ချို့လည်း ရေဆင်းကူးကြလေသည်။
နွေရာသီအပြီး မိုးရာသီရောက်လာခဲ့ပြီဖြစ်သည်။ ကိုအောင်ကိုက ခုနစ်တန်းကျောင်းသားဖြစ်ပြီး ထိုစဉ်က စက်ဘီးကလေးနှင့် ကျောင်;တက်လေ့ရှိသည်။ မိုးတွင်းကြီးမို့ မိုးကကောင်းလှသည်။ ဖြစ်ချင်တော့ ထိုရက်က ကျောင်းပိတ်ရက်ဖြစ်ပြီး ကိုအောင်ကိုကတော့ ကျူရှင်မှအိမ်သို့ပြန်လာခဲ့ရာ လိပ်ပြာကန်နံဘေးမှ စက်ဘီးကိုနင်းလာခဲ့သည်။
ထိုစဉ်က လိပ်ပြာကန်ကို လက်တန်းများမကာရံရသေးပေ၊ ကန်အတွင်းဆင်းနိုင်ရန်အတွက်လည်း အုတ်လှေကားထစ်ကလေးများရှိသည်။ မိုးကသည်းထန်စွာရွာနေသဖြင့် လမ်းမပေါ်တွင်ရော၊ လိပ်ပြာကန်အနီးတွင်ပါ လူရှင်းနေလေသည်။ ကိုအောင်ကို စက်ဘီးနင်းလာရင်း ခြေထောက်တွင်ဗွက်များပေလာခဲ့သည်။ လိပ်ပြာကန်ကြီးအနားမှ ဖြတ်သွားသည့်အခါ ခြေထောက်တွင်ပေနေသည့် ဗွက်ရေများကို ကန်ရေဖြင့် ဆေးကြောချင်စိတ်များ တဖွားဖွားဖြစ်လာခဲ့သည်။ သင်္ကြန်အချိန်တုန်းက ရေကူးနေကျမို့ ကန်ဘေးတွင် စက်ဘီးရပ်လိုက်ပြီး ကန်ပေါင်ပေါ်တက်လာခဲ့သည်။
(၂)
မိုးတွင်းမို့ ကန်ရေက ပြည့်လျှံနေလေသည်။ ကိုအောင်ကိုလည်း လှေကားထစ်ကလေးအတိုင်းဆင်;သက်လာပြီး ကန်ရေပြင်နှင့် ခြေထောက်နှင့်ထိလိုက်သည့်အချိန်တွင် သူ့အားတစ်စုံတစ်ယောက်က တွန်းချလိုက်သလိုခံစားရပြီး ကန်အောက်ထဲသို့ နစ်မြုပ်သွားလေသည်။ သူ့ခြေထောက်ကိုလည်း ရေထဲရောက်သည့်အခါ တစ်စုံတစ်ခုက ဆွဲခေါ်သွားသလိုခံစားမိသည်။
ကန်မှာအနက်ကြီးဖြစ်ပြီး ကိုအောင်ကိုမှာရေတွင်အချိန်အတော်ကြာ နစ်နေမိသည်။ ရေများက ပါးစပ်နှင့် နှာခေါင်းပေါက်များမှ တိုးဝင်လာသဖြင့် ရေတွေမွန်းကြပ်လာခဲ့သည်။ သေပြီဆိုသည့် အတွေးက သူ့ခေါင်းထဲသို့ဝင်လာခဲ့သည်။ ထိုအခါ ငယ်ငယ်က သူများပြောပြဖူးသည့်အဖြစ်တစ်ခုကို သတိရသွားသည်။
ထိုအဖြစ်မှာ သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသဖြင့် အသက်ဘေးမှလွတ်မြောက်သွားသူတစ်ယောက်အကြောင်းဖြစ်သည့်အတွက် အခုသေရမည့်အချိန်တွင် ကိုအောင်ကိုက သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲမှရွတ်ဖတ်နေလိုက်သည်။ တစ်ခေါက်ပင်မပြည့်လိုက်သေးပေ၊ သူ့ခြေထောက်အောက်တွင် မာကြောသည့် ကြမ်းပြင်တစ်ခုကိုစမ်းသပ်မိသည်။ ကိုအောင်ကိုလည်း ထိုကြမ်းပြင်ကို ခြေစုံကန်လိုက်ပြီးနောက် ကန်အားဖြင့်ရေပေါ်သို့ ပြန်တက်လိုက်သည်။ ရေပေါ်သို့မရောကခင်မှာပင် သူ့အားလူတစ်ယောက်က ဆွဲတင်လေသည်။ ကြမ်းတမ်းသည့် လက်အထိအတွေ့ကို ခံစားလိုက်ရပြီး ရေအောက်မှတစ်ဟုန်ထိုး ထိုးတက်သွားကာ မကြာခင်တွင်ရေမျက်နှာပြင်ပေါ်သို့ရောက်သွားသည်။
သူရောက်နေသည့် နေရာက ရေကန်အလယ်ကြီးဖြစ်နေသည်။ ထိုလူက သူ့အားဆွဲခေါ်သွားပြီး သူခြေထောက်ဆင်းဆေးခဲ့သည့် အုတ်လှေကားထစ်ကလေးများဆီသို့ ပြန်ပို့ပေးလိုက်သည်။ ကိုအောင်ကိုလည်း မွန်းကြပ်နေပြီး အဆုတ်ထဲရေများဝင်သွားသဖြင့် ချောင်းဆိုးလိုက်တိုင်း ရေတွေပြန်အန်ထွက်နေမိသည်။
သူ့အားကယ်တင်ခဲ့သူကို ကြည့်လိုက်ရာ ပုဆိုးခါးတောင်းကျိုက်သာပါပြီး ကိုယ်လုံးတုံးကျွတ်နှင့်လူဖြစ်သည်။ ဗလတောင့်တောင့်နှင့် လူကြီးတစ်ဦးဖြစ်ပြီး သူ့အား မမှိတ်မသုန်စိုက်ကြည့်နေလေသည်။
“ကျေး . . ကျေးဇူးတင်ပါတယ်”
“အေးငါ့ညီ၊ နောက်ဆိုရင် ဘယ်တော့မှလိပ်ပြာကန်ထဲ ခြေဆင်းမဆေးနဲ့၊ လိပ်ပြာကန်အနားကိုလည်း မလာနဲ့၊ သွားတော့ . . .”
ထိုလူ၏ စကားပြောသည့်အသံက အသံပြတ်ကြီးဖြစ်ပြီး ကိုအောင်ကိုနားထောင်ရင်း အတော်ကြောက်လန့်သွားသည်။ ထို့အတွက် စက်ဘီးပေါ်သို့ပြန်တက်ပြီးနောက် စက်ဘီးကိုအားစိုက်နင်းလိုက်သည်။ ထိုအချိန်အထိ ကန်နံဘေးနှင့် လမ်းတစ်လျှောက်တွင် လူကရှင်းနေဆဲဖြစ်သည်။ ခပ်လှမ်းလှမ်းရောက်သည့်အခါ အနောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ထိုလူကြီးကိုမတွေ့ရတော့ပေ၊ ကိုအောင်ကိုက ဟိုဟိုဒီဒီရှာကြည့်သော်လည်း ကန်ပတ်လည်တွင် လူအရိပ်အယောင်ပင် မမြင်ရ၊ မိုးက ကြီးနေဆဲပင်ဖြစ်သည်။
ကိုအောင်ကိုအဖို့ ထိုကတည်းက ရေကိုကြောက်လန့်သွားမိသည်။ လူကြီးများကို ပြန်ပြောပြသည့်အခါ သူ့အားကယ်တင်ခဲ့သူမှာ လူမဟုတ်ဘဲ ပရလောကသားတစ်ဦးဖြစ်မည်ဟု ထင်ကြေးပေးကြသည်။ သမ္ဗုဒ္ဓေဂါထာအစွမ်းကြောင့် သေကံမရောက် သက်မပျောက်ခဲ့သည်လားတော့ ကိုအောင်ကိုမတွေးတတ်ခဲ့ပေ။
ပြီးပါပြီ၊
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်