အတွဲ(၃) အခန်း (၃)
(၁)
ဖိုးလုံးနှင့် ဆရာတော်ဦးသောဘိတတို့လည်း မြေပြန့်လွင်ပြင်ကလေးအတိုင်း ခရီးဆက်လာကြရင်း တောအုပ်ကြီးထဲတွင် တစ်ညတာ ခိုနားလိုက်ကြလေသည်။ ဦးဇင်းက သစ်ပင်ကြီးတစ်ပင်၏ အခြေတွင်ထိုင်ရန် ပြင်ဆင်နေသည်မို့ ဖိုးလုံးက သစ်ပင်ခြေရင်းတွင်ပြန့်ကျဲနေသည့် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများကို လှဲကျင်းပေးလိုက်သည်။ ထို့နောက် အနီးတွင်အဆင်သင့်တွေ့ရသည့် ကျောက်ဖျာကလေးကို မယူရန်ကြိုးစားလိုက်သည့်အခါ လူတစ်ထိုင်ခန့်ရှိမည့် ကျောက်ဖျာကလေးကို မ မယူနိုင်တော့ပေ၊ ဖိုးလုံးက အားစိုက်ပြီး မလိုက်သော်လည်း ကျောက်ဖျာက ကြွမလာပေ။
“ဪ၊ ဟုတ်သားပဲ၊ ငါ့မှာ မဟိဒ္ဓိ ဓါတ်လုံးမှ မရှိတော့တာပဲ၊ ငါဘယ်လိုလုပ်ပြီး ခွန်အားတွေရှိတော့မှာလည်း”
ဖိုးလုံးက တွေးလိုက်ပြီး ကျောက်ဖျာပေါ်တွင်ထိုင်ချလိုက်တော့သည်၊ ဦးဇင်းကတော့ အနေကထိုင်ခင်းပြီး သစ်ပင်အောက်တွင် ထိုင်နေလေသည်။ ခဏကြာသည့်အခါ ဦးဇင်းက သမထဘာ၀နာပွားများနေသဖြင့် ဖိုးလုံးလည်း ကျောက်ဖျာပေါ်တွင် ကျောခင်းလိုက်တော့သည်။ မကတပင့်ကူများနှင့် တွေ့ခဲ့သည့် ရွာကလေးရှိမိန်းကလေးအား သူမကယ်တင်လိုက်နိုင်သည်ကိုလည်း ကြိတ်မနိုင်ခဲမရဖြစ်နေမိသည်။
ဖိုးလုံးလည်း စိတ်ကိုစုစည်းလိုက်ပြီးနောက် ကျောက်ဖျာထက်တွင် မတ်မတ်ထိုင်လိုက်ကာ သမထပွားများရန်အတွက် ပြင်ဆင်လိုက်သည်။ မျက်စိနှစ်လုံးကိုပိတ်လိုက်ပြီး ဝင်လေထွက်လေရှူမှတ်ရင်း မကြာခင် သူ့မနောအာရုံအထဲတွင် အလွန်ကြီးမားသည့် ရေကန်ကြီးတစ်ကန်၏ ပုံရိပ်က ပေါ်ပေါက်လာလေသည်။ ထိုရေကန်ကြီးမှာ အလုံမြို့ရှိ ဆုတောင်းပြည့်ရေကန်ကြီးနှင့် တစ်ထေရာတည်းတူညီနေသည့် ရေကန်ကြီးဖြစ်သည်။ ရေကန်မျက်နှာပြင်မှာ အလွန်ငြိမ်သက်နေပြီး မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေလေသည်။
“မင်းစိတ်ကိုလျော့ထားဖိုးလုံး”
“ကျုပ်မှာဓါတ်လုံးမရှိတော့ဘူးလေ၊ ကျုပ်နောက်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ မကောင်းဆိုးဝါးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာလဲ”
“မင်းဖြစ်လာသမျှအားလုံးဟာ လိုအပ်လို့ဖြစ်လာတာချည်းဘဲဖိုးလုံး၊ ငါတို့စိတ်ထဲက အတိုင်းသာဆို မင်းကိုဒီဓါတ်လုံးမျိုး နောက်တစ်လုံးချက်ချင်းဖန်တီးပေးလို့ရတာပေါ့၊ ဒါပေမယ့် မင်းမှာ ဒီအဖြစ်က လိုအပ်နေတယ်၊ ဒီအဖြစ်မျိုးကို မင်းရှောင်လွှဲလို့မရနိုင်ဘူးဖိုးလုံး”
“ဒါဆိုရင် တကယ်လို့များ ကျုပ်က မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရပြီဆိုရင်၊ ကျုပ်သေသွားမှာလား”
“ဒါကတော့ ကံစီမံရာအတိုင်းပေါ့ကွာ”
သိကြားမင်းကြီး ဖြေသွားသည့်အဖြေကို သူမကြိုက်ပေ၊ သူမေးသည့်မေးခွန်းကို အဖြေမပေးဘဲ ပိုမိုများပြားသည့်မေးခွန်းများသာ ပေးသွားသဖြင့် ဖိုးလုံးစိတ်ရှုပ်သွားလေသည်။
“အရှင်သိကြားမင်း၊ ဖိုးလုံးကို ဘာလို့ နောက်ထပ် မဟိဒိဓါတ်လုံး မချီးမြှင့်တာလဲဆိုတာ သိပါရစေ၊ အရှင်သိကြားမင်းသာ ချီးမြှင့်ပေးချင်တယ်ဆိုရင်ဖြင့် ကျုပ်တို့ရဲ့ နတ်ဆေးပေါင်းဖိုကြီးထဲမှာ ဒီလိုဓါတ်လုံးမျိုးတစ်လုံး အခုချက်ချင်း ဖန်တီးပေးလို့ရပါတယ် အရှင်သိကြားမင်း”
ဝိသကြုံနတ်သားက သိကြားမင်းကြီးကို မေးမြန်းလေသည်။ သိကြားမင်းကြီးက ခေါင်းခါပြရင်း
“မဟုတ်ဘူး ဝိသကြုံ၊ ဖိုးလုံးဟာ ငါတို့ရဲ့လိုအပ်ချက်အရ ကလေးကနေ လူကြီးအဖြစ် ပြောင်းလဲသွားတဲ့လူတစ်ယောက်မဟုတ်လား၊ လူဆိုတော့ လူရဲ့ဓါတ်ခံစိတ်တွေလည်းရှိနေသေးတယ်ဆိုတော့ ရှင်းရှင်းပြောရရင် ဖိုးလုံးက ကလေးစိတ်မကုန်သေးဘူးပေါ့၊ သူ့မှာ ပိုင်းခြားဝေဖန်နိုင်တဲ့အစွမ်းမရှိသေးဘူး”
“ဒါကြောင့်မို့လဲ မာရ်နတ်မင်းက သွေးထိုးရန်တိုက်ပေးတဲ့အတိုင်း သူ့စိတ်ကိုမထိန်းနိုင်ဘဲ လိုက်ပါဆောင်ရွက်ခဲ့သေးတယ်မဟုတ်လား (အတွဲ(၂) တွင် ဖတ်ရှုပါ)၊ ဒါကြောင့်မို့သူ့ကို ထိန်းကျောင်းပဲ့ပြင်ပေးဖို့လူတစ်ဦး ကြိမ်းသေပေါက်လိုအပ်တယ်”
ဝိသကြုံနတ်သားက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဦးဇင်းဦးသောဘိတက ဖိုးလုံးကို ထိန်းကျောင်းနိုင်မယ့်သူများဖြစ်နေမလား”
သိကြားမင်းကြီးက ခေါင်းညိတ်လျှက် ကျေနပ်စွာပြုံးလိုက်လေသည်။
“ဒါပေါ့ကွဲ့၊ နောက်ပြီး သူ့ဓါတ်လုံးကို ဦးဇင်းလေးကို ပေးလိုက်တယ်ဆိုကတည်းက ဖိုးလုံးမှာ ဓါတ်လုံးမရှိဘဲ စွန့်စားရဖို့အတွက် ကံတရားပါလာခဲ့တာပဲ၊ ဒါကြောင့် ဒီတစ်ခါ ငါတို့ဝင်မပါတာပဲ၊ ဒီအခွင့်အရေးမှာ ဖိုးလုံးတစ်ယောက် အသိစိတ်တွေရင့်ကျက်သွားပါစေလို့ပဲ ငါဆုတောင်းပေးပါတယ်”
သိကြားမင်းနှင့် ဝိသကြုံနတ်သားတို့ ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။
(၂)
“ကယ်ကြပါ . . . ကျုပ်ကိုကယ်ကြပါ”
နားထဲအသံတစ်သံကြားသဖြင့် ဖိုးလုံးလည်း သမထပွားနေရာမှ ဖြုတ်လိုက်တော့သည်။ သူ့အာရုံထဲမှ ကြားသည့်အသံလား၊ အပြင်လောကမှအသံလားဆိုတာကို အသေအချာခွဲခြားရန်အတွက် နားစွင့်နေလိုက်သည်။
“ကယ်ပါအုံးဗျာ၊ ကယ်ကြပါ”
အသံက တောနက်အတွင်းမှ လာသည့်အသံဖြစ်သည်။ တစ်စုံတစ်ယောက် အကူအညီလိုအပ်နေသဖြင့် အော်ဟစ်နေသည့်အသံဖြစ်သည်။ တောတန်းကလေးအတွင်း လူတစ်ယောက်မှရှိမနေသော်လည်း ထိုလူက အဘယ့်ကြောင့် အော်ဟစ်နေရသနည်း၊ ဖိုးလုံးလည်း ထသွားရင်ကောင်းမလား၊ ဒီမှာပဲ ဦးဇင်းကို စောင့်ရှောက်ရင်ကောင်းမလားဟု စိတ်ထဲ ဒွိဟဖြစ်နေမိသည်။
“လူဆိုတာ ကယ်ကောင်းပါတယ်လေ”
ဖိုးလုံးမတ်တပ်ထလိုက်ပြီး အရဟံဓါးကိုထုတ်ယူလိုက်သည်။ ထို့နောက် အရဟံဓါးအနီးသို့ နှုတ်ခမ်းကိုကပ်လိုက်ပြီး
“အရဟံဓါးရေ၊ ငါမရှိတဲ့အချိန်မှာ ဒီအဝန်းအဝိုင်းအတွင်းမှနေပြီး ဦးဇင်းကိုမင်းစောင့်ရှောက်စမ်းကွာ”
ဖိုးလုံးက အရဟံဓါးကို ဦးဇင်းအရှေ့ခပ်လှမ်းလှမ်းတွင် ချထားခဲ့လိုက်သည်။ ထို့နောက် အသံကြားရာ တောအုပ်အတွင်းသို့ ပြေးဝင်လာခဲ့သည်။ ညအချိန်ဖြစ်သဖြင့် တောအုပ်ကြီးအတွင်း မှောင်မိုက်နေလေရာ အသံနေရာဆီရောက်ရန်အတွက် အတော်ပြေးလာခဲ့ရသည်။
“ကယ်ကြပါ၊ ကယ်ကြပါ”
အသံက တစ်ဖြည်းဖြည်းကျယ်လာလေရာ သူတဖြည်းဖြည်းနှင့် ထိုနေရာဖြင့် နီးကပ်လာမှန်း ဖိုးလုံးသိလိုက်သည်။ နောက်ဆုံးတော့ ရေမရှိသည့် စမ်းချောင်းကလေးတစ်ခုအတွင်းသို့ ရောက်ခဲ့သည်။ စမ်းချောင်းထဲတွင် ရေမရှိတော့ဘဲ ကျောက်တုံးကလေးများသာရှိနေသည်။
“ကယ်ကြပါ၊ ဟေ့လူ ကျုပ်ကိုကယ်ပါ”
အသံက ကျောက်တုံးကြီးတစ်ခုအောက်မှ ထွက်နေခြင်းဖြစ်သည်။ ဖိုးလုံးလည်း ကျောက်တုံးကြီးကိုကြည့်ရင်းထူးဆန်းနေသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး တစ်ခုခုဖြစ်လျှင် ခုခံနိုင်ရန် အသင့်ပြင်ထားသည်။
“ကျုပ်၊ လူပါဗျ၊ ကျောက်တုံးအောက်ခြေကိုကြည့်လိုက်စမ်းပါ”
ဖိုးလုံးက အသံကြားရာသို့ ကြည့်လိုက်သည့်အခါ ကျောက်တုံးအောက်ခြေတွင် လူခေါင်းတစ်လုံးက အပြင်သို့ထွက်နေသည်။ ထိုလူ၏ ကိုယ်လုံးကိုတော့ နွားတစ်ကောင်အရွယ်အစားခန့် ကြီးမားမှသည့် ကျောက်တုံးကြီးတစ်တုံးနှင့် ပိမိနေလေသည်။
“ခင်ဗျားက ဘာကောင်လဲ၊ ကျောက်တုံးပိသေပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ သရဲလား”
“မဟုတ်ပါဘူးဗျာ၊ ကျုပ်လူပါ၊ လူမှလူအစစ်ပါ”
“မဖြစ်နိုင်ဘူး၊ ခင်ဗျားသာလူအစစ်ဆိုရင် ဒီကျောက်တုံးပိလို့ ခင်ဗျားသေတာကြာပေါ့ဗျ”
“ကျုပ်ပြောတာ နားထောင်စမ်းပါ၊ ဒီကျောက်တုံးကြီးကို စုန်းမကြီးတစ်ယောက်က ကျုပ်ကိုဖိခဲ့တာဗျ၊ ကျောက်တုံးအထဲမှာ လူပုံစံဂလိုင်ပေါက်ရှိတယ်၊ အဲဒီဂလိုင်ပေါက်ထဲကို ကျုပ်ကိုထည့်ပြီးတော့ ခေါင်းကိုအပေါက်ကနေ အပြင်ဘက်ကိုထုတ်ပေးသွားတာပဲ”
ဖိုးလုံးက ဒူးတစ်ဖက်ထောက်ချလိုက်ပြီး လရောင်ဖြင့်ထိုလူမျက်နှာကို အသေအချာကြည့်လိုက်သည်။
“မင်းလိမ်မပြောဘူးလို့တော့ ငါထင်တယ်၊ ဒါပေမယ့် ငါမင်းကိုကယ်ချင်ရင်တောင်မှ ဘယ်လိုကယ်မလဲကွ”
“အခုတော့မဟုတ်သေးဘူးပေါ့ကွာ၊ မင်းဒီနေရာကိုမှတ်သားထားပြီး မင်းနေခဲ့တဲ့ရွာကိုပြန်ပြီး လူတွေပြန်ခေါ်လာကြပေါ့”
“မဖြစ်ဘူးဗျ၊ ကျုပ်တို့က ဒေသခံတွေမဟုတ်ဘူး၊ ကျုပ်တို့က ခရီးသွားတွေ၊ ခရီးသွားတာတောင်မှ ကျုပ်ရယ်၊ ဦးဇင်းရယ် နှစ်ယောက်တည်းပါတာ”
ထိုလူမှာ အတော်စိတ်ပျက်သွားပုံရသည်။
“ခရီးသွားဆိုရင်လဲဗျာ၊ နီးရာ ရွာတစ်ရွာကိုသာ သွားပြေးပြောပြီး ကျုပ်ဆီကိုပြန်လာခဲ့တော့”
ထို့နောက် ထိုလူက တစ်ခုခုကိုတွေးပြီးသက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့ဗျာ၊ ကျုပ်မှာသေကံပါပြီနဲ့တူပါတယ်၊ ခင်ဗျားတို့ရှေ့ဆက်သွားရင်လည်း ဒီနားမှာ လမုံရွာကလွဲလို့ တခြားရွာမှ မရှိတာ”
ဖိုးလုံးက ကယ်တော့ကယ်ချင်သည်။ ကျောက်တုံးကြီးကို မရွှေ့နိုင်၊ အရဟံဓါးနှင့် ပစ်ပေါက်ပြီး ခွဲခြမ်းလိုက်လျှင်တော့ ရနိုင်သော်လည်း အရဟံဓါးကို ဦးဇင်းအနားတွင် အစောင့်ချထားခဲ့ရသဖြင့် သူလည်း ထုတ်မသုံးချင်ပေ။
“ကောင်းပါပြီ၊ ကျုပ်ခင်ဗျားကို ကယ်ပြီပဲထားပါတော့၊ ခင်ဗျားက ကျုပ်တို့ကိုရန်ပြုရင်ဘယ်လိုလုပ်မလဲ”
“ကျုပ်ယောက်ျားပါဗျ၊ ကျုပ်ကိုကယ်လိုက်ရင် ခင်ဗျားတို့ကြိုက်တာခိုင်း၊ ကျုပ်လုပ်မယ်”
ဖိုးလုံးလည်း ကယ်သင့်မကယ်သင့် စဉ်းစားရခက်နေသည်။ ထိုအချိန်တွင်
“ကယ်လိုက်ပါ ဒကာလေးဖိုးလုံး”
ဦးဇင်းအသံကိုကြားလိုက်ရသဖြင့် ဖိုးလုံးက ဘေးဘီသို့လှည့်ကြည့်လိုက်သည်။ သို့သော် ဦးဇင်းကိုမတွေ့ရပေ၊
“ဦးဇင်းက ငါ့ကိုမနောအာရုံထဲကနေ ပြောနေတာများလား”
နောက်ဆုံးတော့ ဖိုးလုံးလည်း ဦးဇင်းပြောသည့်အတိုင်းလုပ်ရန်ဆုံးဖြတ်လိုက်ပြီးနောက် ညာဖက်လက်ကို လေပေါ်သို့ထောင်လိုက်သည်။
“အရဟံ”
လျှပ်စီးအရောင်များက ဝင်းခနဲလက်သွားပြီး ဖိုးလုံးလက်ထဲသို့ အရဟံဓါးကလျှင်မြန်စွာပျံသန်းလာကာ လက်ထဲရောက်လာခဲ့လေသည်။ ထိုလူမှာလည်း ဖိုးလုံးကိုကြည့်ရင်း အံ့ဩသွားသည်။ ဖိုလုံးက အရဟံဓါးကိုလက်နှစ်ဖက်နှင့်ကိုင်ထည့်လိုက်ပြီး ကျောက်တုံးကြီးကို အားစိက်ကာ ခုတ်ချလိုက်သည်။
“ဝုန်း”
ဖိုးလုံးဓါးချက်နှင့်ထိသည့်အခါ ကျောက်တုံးကြီးမှာနှစ်ပိုင်းကွဲထွက်သွားသလို ဖုန်မှုန့် ကျောက်မှုန့်များကလည်း ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားလေသည်။
“လွတ်ပြီဟေ့ . . .”
ကျောက်တုံးကြီးကွဲသွားသည်နှင့် ထိုလူက ကျောက်တုံးအောက်မှ ကျွမ်းထိုးကာ ဖိုးလုံးအရှေ့တွင်ရပ်လိုက်သည်။ ထိုလူက အောက်ပိုင်းက ဘောင်းဘီတိုပေါ်တွင် ခါးတောင်းကျိုက်တင်ထားပြီး ဗမာဘုရင့်တပ်သားများကဲ့သို့ဖြစ်သည်။ အပေါ်ပိုင်းတွင်တော့ သေးငယ်သ်ည့် ရွှေချည်ထိုး လက်ပြတ်အကျီကလေးကို ဝတ်ဆင်ထားပြီး ရင်ဘတ်ကိုကြယ်သီးမတတ်ဘဲ ဖွင့်ဝတ်ထားလေသည်။
“မင်းဘယ်သူလဲ”
“ကျုပ်နာမည် ရန်ရှင်း”
“ငါ့နာမည်ကတော့ ဖိုးလုံးလို့ခေါ်တယ်၊ ဟောဒါက အရဟံဓါး၊ ဒါကြောင့်မို့ ငါ့ကို အရဟံဓါးသခင် ဖိုးလုံးလို့ခေါ်ကြတာပေါ့”
“ကျုပ်ကတော့ ရန်ရှင်း၊ ကျုပ်ရဲ့လက်နက်တွေက မရှိသေးဘူး၊ စုန်းမကြီးသိမ်းထားတာ သွားယူရအုံးမယ်ဗျ”
ဖိုးလုံးက ရန်ရှင်းပုခုံးကိုပုတ်လိုက်သည့်အခါ ရန်ရှင်းက ဖိုးလုံးလက်ကိုဖမ်းဆွဲလိုက်ပြီး ဖိုးလုံးအားကိုင်ပေါက်ချလိုက်လေသည်။ ဖိုးလုံးကလည်း လျှင်မြန်သူမို့ ရန်ရှင်းကိုင်ပေါက်သည်ကို အသာကလေးလှည့်ပြီးရှောင်လိုက်ရလေသည်။ ရန်ရှင်းနှင့် ဖိုးလုံးမှာ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
“ခင်ဗျားက ဘယ်ဆိုးလို့လဲဗျ၊ ကောင်းပြီ၊ ခင်ဗျားကျုပ်ကိုကယ်ခဲ့တဲ့အတွက် ကျုပ်ကျေးဇူးပြန်ဆပ်မယ်၊ခင်ဗျား ကျုပ်ဆီက ဘာတောင်းဆိုချင်သလဲ”
ဖိုးလုံးက လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။
“တစ်ခုပဲ၊ အဲဒါကတော့ ငါတို့နဲ့လိုက်ခဲ့ရမယ်”
ရန်ရှင်းက အနည်းငယ်စဉ်းစားနေပြီး သက်ပြင်းချလိုက်လေသည်။
“ကောင်းပြီလေ၊ ဒါပေမယ့် ခင်ဗျားတို့အနောက်မလိုက်ခင်၊ ကျုပ်စာရင်းတစ်ခုရှင်းစရာရှိတယ်၊ အဲဒါပြီးလို့ မသေဘူးဆိုရင်တော့ ခင်ဗျားတို့အနောက်ကိုလိုက်ခဲ့မယ်”
ဖိုးလုံးလည်းခေါင်းညိတ်လိုက်ပြီး သူတို့အတူတူတောအုပ်ထဲမှပြန်ထွက်လာကြသည်။ လမ်းလျှောက်ရင်း စားပြောလာခဲ့သည်။
“နေပါအုံး၊ ခင်ဗျားက ဘာလုပ်စရာရှိလို့လဲရန်ရှင်း”
“ကျုပ်ကိုလုပ်သွားတဲ့ စုန်းကဝေမကြီးကိုဖမ်းမယ်လေဗျာ၊ သူ့ကိုကျုပ်ဆီမှာ ငါးနှစ်လောက်တော့ ကျွန်ခံခိုင်းအုံးမှာ”
စကားပြောရင်း လမ်းလျှောက်လာပြီး မကြာခင် ဦးဇင်းထိုင်နေသည့်အနီးသို့ရောက်လာခဲ့ကြသည်။ ရန်ရှင်းက မီးပုံကြီးတစ်ပုံကိုဖိလိုက်လေသည်။ ဦးဇင်းက မျက်လွှာဖွင့်လိုက်ပြီး
“ဒကာလေး နာမည်ဘယ်လိုခေါ်သလဲကွဲ့”
“ရန်ရှင်းလို့ခေါ်ပါတယ်ဘုရား”
ရန်ရှင်းက ဦးဇင်းအနားမှာထိုင်ပြီး လက်အုပ်ချီလိုက်သည်။
“ဒါနဲ့ ဒကာလေးက ဘာအလုပ်လုပ်တာလဲကွဲ့”
“မှန်ပါ၊ တပည့်တော်မကွယ်မဝှက်တမ်းလျှောက်တင်ရရင် တပည့်တော်က ကဝေရှင်တစ်ယောက်ပါအရှင်ဘုရား၊ ကဝေရှင်ဆိုတာကတော့ ကဝေတွေကို လိုက်လံဖမ်းဆီးတဲ့သူတစ်ယောက်ပါ၊ တပည့်တော်က အမရပူရ မြို့ဟောင်းမှာနေပါတယ်၊ အဲဒီမှာ ကဝေရှင်တွေတတ်အပ်တဲ့ အတတ်ပညာတွေကိုသင်ယူပြီးတော့ အခု ဒီဒေသမှာသောင်းကျန်းနေတဲ့ ကဝေမကြီးဆီကို လာခဲ့တာပါဘုရား”
“အဲဒီလိုလာခဲ့ရင်း ကဝေမကြီးကို ရှုံးနိမ့်ပြီးတော့ သူဖမ်းချုပ်ထားတာကို ခံခဲ့ရတာပါ”
ဖိုးလုံးက ရန်ရှင်းကိုကြည့်ပြီး
“အခုမင်းဘာလုပ်မလဲ”
“ကဝေမကြီးဆီပြန်သွားပြီးတော့ ငါ့လက်နက်တွေကို သွားပြန်ယူမယ်လေ”
“အဲဒါပြီးရင် မင်းငါ့တို့နဲ့လိုက်ခဲ့မှာလား”
“ယောက်ျားကတိပါကွ၊ စိတ်သာချစမ်းပါ”
ဦးဇင်းက ရန်ရှင်းကိုကြည့်ရင်း
“ဒါနဲ့အဲဒီကဝေမကြီးက ဘယ်မှာနေတာလဲ”
“တင်ပါ့၊ ဒီအရှေ့ကိုဆက်သွားရင် လမုံရွာလို့ခေါ်တဲ့ရွာကြီးကို ရောက်ပါလိမ့်မယ်၊ အဲဒီရွာမှာ ကဝေမကြီးကအုပ်စိုးပြီး မင်းမူနေတာပါဘုရား”
ဦးဇင်းက ခေါင်းသာညိတ်သည်။ ဖိုးလုံးကတော့ အားတက်သွားပြီး ရန်ရှင်းပုခုံးကိုပုတ်လိုက်လေသည်။
“ဒါဆိုရင်တော့ မင်းတစ်ယောက်တည်းသွားစရာမလိုတော့ဘူး”
ရန်ရှင်းအလွန်အံ့ဩသွားသည်။
“ငါတို့ပါ မနက်ဖြန် လမုံရွာကိုလိုက်ခဲ့မယ်”
“ဖြစ်ပါ့မလားဗျ”
“မင်းကလည်းကွာ၊ အရဟံဓါးသခင်ဖိုးလုံးဆိုတဲ့ ငါတစ်ယောက်လုံး ပါပါတယ်ကွ၊ မင်းဘာမှစိတ်မပူနဲ့”
ဖိုးလုံးဝင်ပြောလိုက်တော့မှ ရန်ရှင်းခေါင်းညိတ်သွားသည်။ ဦးဇင်းလည်း နှုတ်ဆိတ်နေသဖြင့် ဖိုးလုံးနှင့်ရန်ရှင်းက ကျောက်ဖျာပေါ်တွင်ထိုင်လိုက်ကြသည်။
“ဒါနဲ့ မင်းတို့မှာ စားစရာလေးဘာလေး မပါဘူးလားကွာ၊ ငါဘာမှမစားရတာ တစ်ပတ်လောက်ရှိတော့မယ်”
ဖိုးလုံးလည်း ခေါင်းကုပ်လိုက်ပြီး
“မင်းမပြောနဲ့ ငါတို့တောင်စားစရာမရှိလို့ ဒီနေ့ ဦးဇင်းဆွမ်းငတ်ပါရောကွာ”
ရန်ရှင်းတစ်ယောက် မျက်နှာကြီးကိုရှုဲ့မဲ့လိုက်ပြီး ကျောက်ဖျာပေါ်တွင် လှဲချလိုက်လေသည်။
“မင်းတို့ဟာကလည်းကွာ၊ ငါ့ဖာသာ ကျောက်တုံးအောက်နေတာကမှ တော်အုံးမယ်”
ဖိုးလုံးလည်း ရန်ရှင်းဘေးတွင် လှဲချလိုက်ကာ အိပ်စက်လိုက်တော့သည်။ တောအုပ်အတွင်း ပုစဉ်းရင်ကွဲကောင်များက အော်ဟစ်နေကြလေသည်။ မနက်ဖြန်နေသာမည်ဆိုသည့် သဘောလည်းဖြစ်ပေသည်။
(၃)
နှာခေါင်းထဲတွင် မွှေးကြိုင်သည့် စားသောက်ဖွယ်ရနံ့များကို ရလိုက်သည်မို့ ဖိုးလုံးလဲ ကုန်းထလိုက်သည်။ သူ့ဘေးတွင်အိပ်နေသည့် ရန်ရှင်းမှာ ငုတ်တုတ်ပင်ထိုင်နေပြီး ဦးဇင်းဆီသို့လှမ်းကြည့်နေလေသည်။ ကောင်းကင်တွင် မနက်ခင်းနေရောင်ခြည်က ထွန်းလင်းနေပြီဖြစ်သည်။ ထိုအခါ ဦးဇင်းအရှေ့တွင် လှပစွာဝတ်ဆင်ထားသည့် မိန်းကလေးသုံးဦးကိုတွေ့လိုက်ရသည်။ ထိုမိန်းကလေးများ၏ လက်ထဲတွင် လင်ဗန်းများ၊ ဆွမ်းအုပ်များဖြင့် ပူပူနွေးနွေး အငွေ့ထောင်းထောင်းထနေသည့် စားသောက်ဖွယ်ရာများကို ကိုင်ဆောင်ထားကြသည်။
“တပည့်တော်တို့က ဒီတောအုပ်မှာနေထိုင်ကြတဲ့ နတ်တွေဖြစ်ပါတယ်ဘုရား၊ နတ်မင်းကြီးတစ်ပါးက အရှင်ဘုရားတို့ရောက်နေတဲ့အကြောင်းကို သတိပေးတဲ့အတွက် တပည့်တော်မတို့ အရှင်ဘုရားကို ဆွမ်းလာလောင်းလှူတာပါ”
ဦးဇင်းက သပိတ်ကိုဖွင့်ပေးလိုက်သည့်အခါ မိန်းကလေးများက သူတို့ကိုင်ထားသည့် စားသောက်ဖွယ်ရာများကို သပိတ်အတွင်းသို့လောင်းထည့်လှူလိုက်ကြလေသည်။ ဖိုးလုံးနှင့် ရန်ရှင်းလဲ ဆာလောင်နေသည်မို့ စားသောက်ဖွယ်ရာများကို သွားရည်ကျရင်း ကြည့်နေမိသည်။ ဦးဇင်းက မိန်းကလေးများကို လက်ကာပြလိုက်သည့်အခါတွင် မိန်းကလေးများက လောင်းလှူနေသည်ကိုရပ်လိုက်ကြပြီး ထိုလင်ဗန်းနှင့် ဆွမ်းအုပ်များကို ဖိုးလုံးတို့ဆီသို့ ယူလာခဲ့သည်။ ဖိုးလုံးတို့ဆီသို့ယူလာပေးရာ ဖိုးလုံးတို့နှစ်ယောက်လည်း အငမ်းမရစားသောက်လိုက်ကြသည်။
ဦးဇင်းက ဆုပေးပြီးသောအခါ ညီအမသုံးဦးဖြစ်မယ်ထင်သည့် နတ်သမီးသုံးပါးမှာ တောအုပ်အတွင်းသို့ဝင်သွားကာ သူတို့မျက်စိရှေ့မှာပင် ပျောက်ကွယ်သွားလေသည်။ ရန်ရှင်းက အလွန်အရသာထူးသည့် အစားအသောက်များကို စားသောက်ပြီးသောအခါ
“ကောင်းလိုက်တာဗျာ၊ ဒါနဲ့ ခင်ဗျားတို့ဦးဇင်းက သိပ်ဘုန်းကြီးတာပဲ”
“မင်းက ကဝေရှင်ဆိုပေမယ့် ဘာသာတရားအကြောင်းတော့ သိသားပဲနော်”
ဖိုးလုံးအမေးကို ရန်ရှင်းကပြုံးလျှက်
“ကျုပ်က အမရပူရမှာနေတော့ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဖြစ်ခဲ့သေးတယ်ဗျ၊ နောက်တော့မှ ကဝေရှင်တွေနဲ့တွေ့ပြီး ကဝေရှင်ဖြစ်သွားတယ်ဆိုပါတော့ဗျာ၊ ဒါကြောင့် ဘုန်းကြီးတွေနဲ့ ပေါင်းတတ် သင်းတတ် ပြောဆိုတတ်ပါတယ်”
မကြာခင် မိုးစင်စင်လင်းလာခဲ့ပြီဖြစ်သည်။ ဦးဇင်းက မတ်တပ်ရပ်လိုက်ပြီး သင်္ကန်းပြင်ဝတ်နေသဖြင့် ဖိုးလုံးတို့လည်း ထွက်ခွာရန်အချိန်တန်ပြီမှန်းသိလိုက်ပြီး ဦးဇင်းနောက် လိုက်လာခဲ့ကြသည်။
သူတို့သွားပြီး တစ်နာရီခန့်သာသာတွင် ရွာကြီးတစ်ရွာသို့ရောက်ခဲ့လေသည်။ ထိုအနီးတစ်ဝိုက်တွင် ရွာစဉ်ကျဲပါးသည်။ ထိုရွာကြီးက ချိုင့်ဝှမ်းတစ်ခုအတွင်းတည်ရှိကာ ပြန့်ပြူးသည့်မြေပြင်တွင် လူနေအိမ်ပေါင်းများစွာကို တွေ့ရသည်။ ထိုအနီးတွင် မြစ်တစ်စင်းလည်းရှိပြီး မြစ်ကမ်းခြေဘေးနားတွင်လည်း စိုက်ခင်းများကို တမျှော်တခေါ်တွေ့ရပြန်သည်။
“အဲဒါ လမုံရွာပဲ၊ ဒီနားမှာ ဒီတစ်ရွာပဲရှိတယ်”
ရန်ရှင်းက ထိုရွာကြီးကိုလက်ညှိုးထိုးပြသည်။ ဦးဇင်းက ရွာကြီးကိုတစ်ချက်ငေးကြည့်နေရင်း
“အရင်က ဒီနားမှာ ရွာကြီးမရှိခဲ့ပါဘူး”
“ဒါတော့မသိဘူးဘုရား၊ အခုတော့ရွာကြီးက စည်ကားနေလိုက်တာ၊ ပြီးတော့ ဒီရွာကြီးကိုလဲ စုန်းကဝေမကြီးတစ်ကောင်က အုပ်ချုပ်နေပါတယ်ဘုရား”
“အေးကွယ်၊ သွားကြစို့”
ရွာအနီးသို့ကပ်လိုက်သည့်အခါ တောရွာများ၏ထုံးစံတိုင်း စည်းရိုးတစ်ခုခိုင်ခိုင်မာမာကာရံထားသလို စည်းရိုး၏အပြင်ဘက်တွင်လည်း ကျားလန်ဟုခေါ်သည့် ဝါးချွန်များ၊ သစ်ချွန်များကို ထိုးစိုက်ထားလေသည်။ ရွာတံခါးကြီးမှာဖွင့်လှစ်ထားသော်လည်း တံခါးဘေးတစ်ဖက်တစ်ချက်တွင် မျှော်စင်နှစ်ခုရှိပြီး ထိုအပေါ်တွင် အစောင့်များက စောင့်ကြပ်နေကြသည်။ ရွာအဝင်လမ်းတစ်ဖက်တစ်ချက်တွင်လဲ လူအရိုးခေါင်းများ၊ အရိုးစုများကို စီတန်းထားလေသည်။
“ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း”
မျှော်စင်ပေါ်မှ လူတစ်ယောက်က အော်ပြောလိုက်သည့်အခါ အခြားလူများထွက်လာပြီး ဒူးလေးကြီးများဖြင့် သူတို့ကိုချိန်ရွယ်ထားလေသည်။
“မင်းတို့ကောင်တွေရပ်လိုက်ကြ၊ မဟုတ်ရင် မင်းတို့ကိုဒူးလေးနဲ့ ပစ်ရလိမ့်မယ်”
ဦးဇင်းက အရှေ့သို့တက်ပြီး
“မဟုတ်ပါဘူး ဒကာကြီးတို့ ဦးဇင်းတို့က ခရီးသွား . . .”
ဦးဇင်းပြောနေစဉ်မှာပင် ရွာသားတစ်ဦးက ဦးဇင်းထံသို့ ဒူးလေးဖြင့်ပစ်လွှတ်လိုက်လေသည်။ ဖိုးလုံး အံ့ဩလျှက်ရှိနေစဉ်မှာပင် ရန်ရှင်းက ခုန်ပေါက်သွားလိုက်ပြီး ထိုဒူးလေးမြားတံကို လက်ဖြင့်လျှင်မြန်စွာဖမ်းယူလိုက်လေသည်။ အလွန်မြန်ဆန်သည့် ရန်ရှင်း၏ လှုပ်ရှားမှုကို ဖိုးလုံးက ငေးမောကြည့်နေမိသည်။
“ခင်ဗျားတို့ လွန်နေပြီနော်”
“ငါတို့က အရှေ့မတိုးနဲ့လို့ ပြောထားတယ်မဟုတ်လား၊ ဟေ့ကောင်တွေ ဒီကောင်တွေကိုပစ်ခတ်ကြဟေ့”
ဒူးလေးမြားတံများဖြင့် ထပ်ပစ်ကြသည်။ ဖိုးလုံးလည်း အရှေ့သို့ခုန်ဝင်ပြီး ဒူးလေးမြားတံတစ်ချောင်းကို ဖမ်းလိုက်စဉ်မှာပင် နောက်ထပ်ဒူးလေးမြားတံတစ်ချောင်းက ဖိုးလုံးလက်မောင်းရင်းကို ထိမှန်သွားသည်။ ကျန်သည့် ဒူးလေးမြားတံများကို ရန်ရှင်းက အကုန်ဖမ်းယူလိုက်သည်။
“ခင်ဗျားတို့နော်၊ ကျုပ်ကိုစိတ်တိုအောင်မလုပ်နဲ့၊ ကျုပ်လုပ်မှ ခင်ဗျားတို့အဆိုးမဆိုနဲ့”
ရန်ရှင်းက အော်ပြောလိုက်သည်။ ထိုအခါ ရွာတံခါးကြီးမှာ ဂျိန်းခနဲပိတ်သွားတော့သည်။ မျှော်စင်ပေါ်မှလူများက ဒူးလေးကိုတင်ပြီး မြားတံအသစ်ထည့်သွင်းနေကြသည်။ ထိုအထဲမှ ခေါင်းဆောင်ဖြစ်လောက်သည့် လူကြီးတစ်ဦးက ရန်ရှင်းအားလက်ညှိုးထိုးကာ
“ဟား၊ ဟား မင်းက ဘာလုပ်ချင်လို့လဲ၊ ဟေ့ကောင်တွေ၊ ဒီကောင်တွေကို ထပ်ပစ်စမ်း”
ရွာသားများက ဒူးလေးများကို ထပ်မံပစ်ခတ်ရန်အတွက် ဖိုးလုံးတို့ကို ထိုးချိန်လိုက်သည်။ ထိုအခါ ရန်ရှင်းမှာ အလွန်ဒေါသထွက်သွားပြီး သူ့လက်ထဲမှ ဒူးလေးမြားတံများကို မျှော်စင်ပေါ်သို့ပစ်ပေါက်ထည့်လိုက်လေသည်။ ရန်ရှင်းပစ်ခတ်လိုက်သည့် ဒူးလေးမြားတံများက မျှော်စင်ပေါ်မှရွာသားများကို ထိမှန်စိုက်ဝင်ကာ ရွာသားများအားလုံး လဲပြိုကုန်ကြသည်။ ခေါင်းဆောင်လူကြီး၏ ညာဖက်မျက်လုံးကိုလည်း ဒူးလေးမြားတံက စိုက်ဝင်သွားလေသည်။
“မင်းတို့လောက်နဲ့ တက်မလာနဲ့၊ သွားစမ်း၊ မင်းတို့သခင်မကြီးကိုပြောလိုက် လှံစက်ြာရန်ရှင်းရောက်လာပြီလို့”
ရွာသားခေါင်းဆောင်မှာ အံ့ဩသွားပြီး မျှော်စင်ပေါ်မှပြေးဆင်းသွားသည်။ ရန်ရှင်းက ခါးထောက်ပြီးရယ်မောနေသည်မို့ ဦးဇင်းက ရန်ရှင်းပုခုံးကိုထိလိုက်သည်။
“လူတွေမသတ်ပါနဲ့ ဒကာလေး”
“ဟာ၊ ဦးဇင်းကလည်း တပည့်တော်က သတ်ချင်လို့သတ်တာမှမဟုတ်တာ၊ သူတို့က တပည့်တော်တို့ကို သတ်ဖို့ကြံလို့ တပည့်တော်လည်း ပြန်သတ်ရတာမဟုတ်လား၊ ဒါက တရားပါတယ်”
ဦးဇင်းက ခေါင်းခါလိုက်သည်။
“သူက သတ်ဖို့ကြံတိုင်း ကိုယ်ကပြန်သတ်မယ်ဆိုရင် ရန်အမုန်းတွေက ဘယ်လိုလုပ်ကုန်စင်သွားမလဲဒကာလေး၊ ရန်ကိုရန်ခြင်း မတုံ့နှင်းမှ ငြိမ်းချမ်းခြင်းအစစ်အမှန်ကို ရှာတွေ့မှာပေါ့”
ရန်ရှင်းက ရယ်မောလိုက်ရင်း
“အိုဗျာ၊ ကျုပ်ဒါတွေမသိဘူး၊ ကျုပ်နာမည်ရန်ရှင်း၊ ရန်ဟူသမျှ ရှင်းမယ့် ရန်ရှင်းဗျ၊ ဟား . . .ဟား”
ရန်ရှင်းရယ်မောလိုက်သဖြင့် ဦးဇင်းက ခေါင်းကိုဖြေးညှင်းစွာခါလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။ ထိုအခိုက် ဖိုးလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။ လက်မောင်းရင်းရှိ ဒူးလေးမြားတံကိုဆွဲထုတ်လိုက်သည့်အခါ မြားတံထိပ်ဖူးက မည်းနက်နေလေသည်။
“မြားတံမှာ အဆိပ်သုတ်ထားတယ်”
ဖိုးလုံး ရေရွတ်လိုက်သည့်အချိန် သူ့မြားချက်ဒဏ်ရာတစ်ဝိုက်တွင် ခရမ်းရောင်သွေးများက ပြန့်နှံ့လာလေသည်။ ဦးဇင်းက ဖိုးလုံးကိုကြည့်လိုက်ပြီး
“ဦးဇင်းတို့သွားရအောင်၊ ဒီအရပ်က ဦးဇင်းတို့ကို မကြိုဆိုဘူးမဟုတ်လား”
ဦးဇင်းက လှည့်ထွက်သွားရန်ပြင်ဆင်လိုက်သည်။ ရန်ရှင်းကတော့ ရွာတံခါးပေါက်တွင် ခါးထောက်ကာ မတ်တပ်ရပ်နေလေသည်။
“ဦးဇင်းတို့သွားကြ၊ ကျုပ်ကတော့ ဒီစုန်းမကြီးနဲ့ ရှင်းစရာရှိသေးတယ်”
ဦးဇင်းက ဖိုးလုံးကိုကြည့်လိုက်သည့်အခါ ဖိုးလုံးက ဦးဇင်းအားလက်အုပ်ချီရန်ပြုလုပ်လိုက်သည်။ သို့သော် ဘယ်ဖက်လက်က မြှောက်မရတော့ပေ။
“ဦးဇင်းအရင်သွားနှင့်ပြီး တပည့်တော်ကိုစောင့်နေပါ၊ တပည့်တော် ရန်ရှင်းကိုပြန်ပြီး ခေါ်လာခဲ့ပါ့မယ်”
ဦးဇင်းက ဘာမှမမိန့်တော့ဘဲ ထွက်သွားလေသည်။ မကြာခင် ရွာတံခါးပွင့်သွားပြီး အတွင်းမှ လူတစ်ရပ်နီးပါးရှိသည့် လေးထောင့်သစ်သားဒိုင်းကာကြီးများ ကိုင်ဆောင်ထားသည့် လူများထွက်လာလေသည်။ ထိုလူများအနောက်တွင် လူသုံးဆယ့်နှစ်ယောက်ထမ်းပိုးသည့် ကြီးမားသည့် ဝေါယာဉ်ကြီးကိုစီးလျှက် ကဝေမကြီးထွက်လာလေသည်။ ကဝေမကြီးမှာ အသက်အရွယ်အလွန်အိုမင်းရွတ်တွနေသော်လည်း ရွှေရောင်အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
စုန်းမကြီးက ရန်ရှင်းကိုကြည့်လိုက်ပြီး
“အောင်မာ၊ ဘယ်သူများလဲလို့ လွန်ခဲ့တဲ့ ခုနစ်နှစ်က ငါ့ကိုရှုံးသွားတဲ့ ရန်ရှင်းပါလား”
ဖိုးလုံးအံ့ဩသွားရသည်။
“ရန်ရှင်း၊ မင်းပြောတော့ ခုနစ်ရက်ဆို”
ရန်ရှင်းက ခေါင်းကုပ်လိုက်ပြီး
“ငါ့စိတ်ထဲတော့ ခုနစ်ရက်လောက်ပဲထင်နေတာကွ၊ ကဲပါ အချိန်က အရေးမကြီးပါဘူး”
ရန်ရှင်းက စုန်းမကြီးကိုလက်ညှိုးထိုးလိုက်ပြီး
“ကဲ စုန်းမကြီး၊ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ခင်ဗျားသိမ်းထားတဲ့ ကျုပ်ပိုင်ဆိုင်မှုတွေကို ပြန်ပေး၊ မပေးရင် ခင်ဗျားကို ကျုပ်အပြတ်ရှင်းရလိမ့်မယ်”
ထိုအခါ စုန်းမကြီးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ဟား၊ ဟား ရန်ရှင်း၊ မင်းအရင်က ရှုံးခဲ့တာကိုတောင် အမှတ်မရှိသေးဘူးလား၊ ဒီတစ်ခါငါလည်း မင်းကိုအသေသတ်တော့မှာကွ”
စုန်းမကြီးက လက်ခုပ်တီးလိုက်သည်နှင့် သူ့နောက်လိုက်များက မြားကျည်တောက်ငါးခုကို မိုးပေါ်သို့ပစ်တင်လိုက်လေသည်။ မြားကျည်တောက်အတွင်းမှ မြားတံများက လေပေါ်တွင်ပြန့်ကျဲသွားသည်။ ထိုအခါ စုန်းမကြီးက လက်ခုပ်တစ်ချက်တီးလိုက်သည့်အခါ မြားတံများမှာ လေပေါ်တွင်ရပ်တန့်သွားကာ မြားတံထိပ်ဖျားများက ရန်ရှင်းကို ချိန်တွယ်ပြီးသားဖြစ်သွားသည်။
“သေပေတော့”
ရန်ရှင်းအား လက်ညှိုးထိုးလိုက်သည့်အခါ မြားတံများမှာ ရန်ရှင်းဆီသို့ အလုံးအရင်းနှင့် ပြေးဝင်လာလေသည်။ ရန်ရှင်းကလည်း သူဝတ်ထားသည့် ပုဆိုးကိုဖြုတ်လိုက်ပြီး ထိုပုဆိုးစတစ်စအား လက်တစ်ဖက်က ကိုင်စွဲလျှက် ပုဆိုးကိုလှည့်လေတော့သည်။ ပုဆိုးမှာ ပန်ကာတစ်ခုကဲ့သို့လည်ပတ်နေပြီး မြားတံများ ပုဆိုးအနီးသို့ရောက်သည့်အခါ ပြင်းထန်သော လေနှင့် မှုတ်ထုတ်ခံရသလိုဖြစ်ပြီး မြားတံများမှာ သူတို့လာသည့် နေရာသို့ပြန်လည်လှည့်သွားကြသည်။ များစွာသော မြားတံများမှာ ဒိုင်းကာကြီးများတွင် စိုက်ဝင်ကုန်ကြသလို အချို့မြားတံများမှာလည်း ရွာသားများကိုထိမှန်ကြသဖြင့် ရွာသားအချို့ လဲပြိုသေဆုံးသွားကြသည်။
စုန်းမကြီးက အလွန်ဒေါသထွက်သွားလေသည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး သူနဖူးကြီးအုပ်ထားသည့် ဆံပင်များကိုလှန်တင်လိုက်လေသည်။ ထို့နောက် သူ့နဖူးရှိ အရေပြားကြီးမှာ နံဘေးသို့ကွဲထွက်သွားပြီး အဝါရောင်မျက်လုံးကြီးတစ်လုံးလည်း ပေါ်လာခဲ့သည်။
ရန်ရှင်းမှာ အံ့ဩသွားပြီး ထိုမျက်လုံးကြီးကိုလက်ညှိုးထိုးလိုက်ကာ
“မျက်လုံး၊ မျက်လုံးကြီး အဲဒါကြီးက ဘာကြီးလဲ”
စုန်းမကြီးက ရယ်မောရင်း
“ဟား၊ ဟား အဲဒါလက်နက်၊ အဲဒါနင့်ကိုငါနိုင်မယ့် လက်နက်ပေါ့ဟဲ့”
မျက်လုံးကြီးအတွင်းမှ ဝါဖန့်ဖန့်အလင်းရောင်ကြီးတစ်ခုထွက်လာခဲ့သည်။ ထိုအလင်းရောင်ကြီးကိုရန်ရှင်းက ကြည့်နေရင်း မျက်လုံးများပြူးကြောင်ကာ ငြိမ်သက်သွားတော့သည်။ ဖိုးလုံးလည်း သိလိုက်ပြီမို့ မျက်လုံးကိုမှိတ်ချလိုက်သည်။ ထိုစဉ် စုန်းမကြီးက ဓါးကောက်ကြီးနှစ်လက်ကို ထုတ်လိုက်ပြီး ဓါးနှစ်လက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်လိုက်ကာ မိုးပေါ်သို့ပစ်တင်လိုက်လေသည်။
“အဲဒါ နင့်ခေါင်းကိုဖြတ်မယ့်၊ ဓါးစက်ြာလက်နက်ဟဲ့”
ဓါးကြီးနှစ်လက်က လေပေါ်ရောက်သည့်အခါတွင် စက်ြာကြီးတစ်ခုသဖွယ် လည်ပတ်သွားလေသည်။ ထို့နောက် စုန်းမကြီးက ဓါးစက်ြာကို ထိန်းချုပ်လိုက်ပြီး ရန်ရှင်းထံသို့ ပစ်လွှတ်လိုက်လေသည်။ ဓါးစက်ြာကြီးမှာ မျက်လုံးကြီးဖြင့် ညှို့ယူခံထားရသည့် ရန်ရှင်း၏ လည်ပင်းတည့်တည့်သို့ ပြေးဝင်လာလေသည်။
“ဂျိန်း”
သို့သော် ရန်ရှင်း၏လည်ပင်းကိုမထိမှန်ခင်မှာပင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးဖြစ်ပေါ်သွားပြီး ဓါးစက်ြာကြီးမှာ လွင့်ထွက်သွားသည်။ စုန်းမကြီးက အံ့ဩစွာဖြင့်ကြည့်လိုက်သည့်အခါ လေပေါ်တွင် ဓါးအဖြူကလေးတစ်လက်က သူ့ချည်းပျံသန်းနေလေသည်။
“ဟာ၊ အဲဒါက ဘာတုန်းဟ”
(၄)
ဖိုးလုံးက လှုပ်ရှားမရသဖြင့် စိတ်အာရုံကိုစုစည်းလိုက်သည်။
“အရဟံဓါးကို ငါ့ရဲ့မနောစိတ်နဲ့ ထိန်းချုပ်ကြည့်မယ်”
ဖိုးလုံး၏ စိတ်အာရုံက အရဟံဓါးဆီသို့သာ ညွှတ်ထားလိုက်သည်။ ထိုအခါ ဖိုးလုံးလွယ်အိတ်ထဲမှ အရဟံဓါးကို စိတ်ကထိန်းချုပ်လိုက်နိုင်သည်။ ဖိုးလုံးမှာမျက်လုံးမှိတ်ထားသည့်အခါ အရဟံဓါးမှာ ဖိုးလုံး၏ မျက်လုံးတစ်လုံးကဲ့သို့ ဖြစ်သွားပြီး အနီးပတ်ဝန်းကျင်ကိုပါ မြင်တွေ့နေရသည်။
“မှောင်မဲနေပါလား၊ ဪ၊ လက်စသတ်တော့ ဓါးက လွယ်အိတ်ထဲမှာကိုး”
ဖိုးလုံးလည်း ဓါးကိုခုန်ထွက်ရန်အမိန့်ပေးလိုက်သည့်အခါ လွယ်အိတ်ထဲမှတိုးထွက်လာပြီး မိုးပေါ်သို့ခုန်တက်သွားသည်။ စုန်းမကြီးလုပ်နေသမျှကို အပေါ်စီးမှအတိုင်းသားမြင်နေရသည်။ စုန်းမကြီးက ဓါးကောက်ကြီးနှစ်လက်ကိုထုတ်ပြီး ဓါးချင်းထပ်လိုက်ကာ စက်ြာကြီးတစ်ခုအဖြစ်နှင့် ရန်ရှင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။
“မဖြစ်ဘူး၊ အရဟံဓါး ဝင်ခံလိုက်စမ်း”
ဖိုးလုံးက ဓါးကိုထိန်းချုပ်လိုက်ပြီး ဓါးစက်ြာကြီးအား ဝင်ခံလိုက်ရာ ဓါးချင်းထိတွေ့သွားသဖြင့် ကြီးမားသည့်ပေါက်ကွဲသံကြီးဖြစ်ပေါ်သွားပြီး ဓါးစက်ြာကြီးမှာလည်း လွင့်ထွက်သွားလေသည်။
စုန်းမကြီးက လွင့်ထွက်သွားသည့် ဓါးစက်ြကြီးကို လက်ညှိုးနှင့်ထိုးပြီး ပြန်လည်ဖမ်းယူလိုက်သည်။ ထို့နောက်တစ်ဖန် ရန်ရှင်းထံသို့ ပစ်လွှတ်လိုက်ပြန်သည်။
“အရဟံ”
ဖိုးလုံးက တီးတိုးရေရွတ်လိုက်သည့်အခါ အရဟံဓါးတွင် လျှပ်ပန်းလျှပ်နွယ်များ စီးဆင်းထွက်ပေါ်လာခဲ့သည်။ စုန်းမကြီး၏ ဓါးစက်ြာကြီးနှင့် အရဟံဓါးထိတွေ့သည့်အခါ ဓါးစက်ြာကြီးမှာ အပိုင်းပိုင်းပြတ်ထွက်သွားလေသည်။
“ဟင်၊ မဖြစ်နိုင်ဘူး၊ ဒါဘာကြီးလဲ၊ ဘယ်သူလုပ်နေတာလဲ”
တစ်ဖန် စုန်းမကြီးက လခြမ်းပုံသဏ္ဍာန်ရှိသည့် ဓါးကိုးလက်ကို မိုးပေါ်သို့ပစ်တင်လိုက်သည့်အခါ ဓါးစက်ြာများဖြစ်သွားပြန်သည်။ ဖိုးလုံးအတွက် ပစ်မှတ်အများကြီးဖြစ်လာခဲ့ပြီဖြစ်သည်။ စုန်းမကြီးက ဓါးစက်ြာကိုးလက်ကို ရန်ရှင်းထံသို့ ပစ်လွှတ်လိုက်ပြန်သည်။
ဖိုးလုံးက ထိုဓါးစက်ြာများကို အသေအချာစိုးစိုက်ကြည့်ရင်း
“ပစ်စမ်း”
ဟုအမိန့်ပေးလိုက်သည့်အခါ အရဟံဓါးအတွင်းမှ မိုးကြိုးလက်နက်များက တစ်ပြိုင်နက်တည်းထွက်လာပြီးနောက် ဓါးစက်ြာများကိုထိမှန်လေရာ ဓါးစက်ြာများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လျှက် ပျက်စီးသွားတော့သည်။
ဖိုးလုံးက အချိန်မဆိုင်းတော့ဘဲ စုန်းမကြီးထံသို့ မိုးကြိုးများကိုပစ်လွှတ်လေသည်။ မိုးကြိုးသွားများက ဒိုင်းကာကိုင်ထားသည့်လူများအနီးတွင် ကျရောက်ကာ ရွာသားများမှာ ကစဉ့်ကလျားထွက်ပြေးကြလေသည်။ ကျယ်လောင်လှသည့် မိုးခြိမ်းသံကြီးများနှင့် မိုးကြိုးများက ရွာအတွင်းသို့ကျရောက်ပေါက်ကွဲလေရာ စုန်းမကြီး၏ ဝေါယာဉ်ကိုသယ်ပိုးထားသည့် သူများပါ ထွက်ပြေးကြသည့်အတွက် ဝေါယာဉ်လဲပြိုကျပြီး စုန်းမကြီးလည်း မြေပေါ်သို့ ပြုတ်ကျရတော့သည်။ ထိုအခါ သူ့မျက်လုံးမှ အလင်းတန်းများ ရပ်တန့်သွားသည်မို့ ရန်ရှင်းတစ်ယောက် သတိပြန်လည်လာသည်။ စုန်းမကြီး၏ ဝေါယာဉ်အနောက်တွင် ထောင်ထားသည့် အနီရောင်ရှိသည့် လှံတစ်စင်းမှာလည်း မြေပေါ်သို့ပြုတ်ကျလာလေသည်။
“အဲဒါကျုပ်လှံ”
ဖိုးလုံးက စုန်းမကြီးကို အရဟံဓါးဖြင့် အဆုံးသတ်ပေးရန်ပြင်ဆင်လိုက်သည်။
“ခင်ဗျားအသာနေ၊ ဒီကောင်မကြီးကို ကျုပ်ရှင်းလိုက်မယ်”
ရန်ရှင်းက ရွာအတွင်းသို့ တစ်ဟုန်ထိုးပြေးလွှားလိုက်ပြီး သူ့လှံတံကြီးကို ကောက်ယူလိုက်သည်။ ထို့နောက် လှံကိုကျင်လည်စွာလှည့်လိုက်ရင်း
“ဟောဒါက သတ္တုငါးပါးနဲ့ သွန်းလုပ်ထားတဲ့ ပဉ္စလောဟာ လှံစက်ြာတဲ့ဟေ့”
ထိုသို့ဟစ်အော်လိုက်ပြီး စုန်းမကြီးထံသို့ပြေးဝင်ကာ သူ၏ လှံတံဖြင့် စုန်းမကြီးနဖူးမှ မျက်လုံးကြီးအား ထိုးစိုက်ချလိုက်တော့သည်။ လှံတံမှာ စုန်းမကြီး၏ မျက်လုံးကိုဖောက်ဝင်သွားသလို ဦးခေါင်းကိုလည်း ဖောက်ဝင်သွားပြီး နောက်စေ့မှပြန်ထွက်လာလေသည်။ စုန်းမကြီးမှာ ကျယ်လောင်စွာအော်ဟစ်ရင်း အနက်ရောင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားလေရာ နောက်ဆုံးတွင်တော့ ရန်ရှင်း၏ လှံထိပ်ဖျားတွင် ထမင်းပန်းကန်လောက်အရွယ်ရှိသည့် အကြေးခွံကြီးတစ်ခုသာ ထုတ်ချင်းပေါက်ပြီး ကျန်နေရစ်ခဲ့သည်။
ဖိုးလုံးလည်း မျက်လုံးကိုပြန်ဖွင့်လိုက်သည့်အခါ အရဟံဓါးက မိုးပေါ်မှ ထိုးစိုက်ကျလာခဲ့သည်။ ကျလာသည့် ဓါးကို ဖိုးလုံးက ညာဖက် လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။ ရန်ရှင်းကတော့ အကြေးခွံကြီးကိုကြည့်ရင်း အံ့ဩနေလေသည်။
“ဒါဆို ဒီကဝေမကြီးက လူမဟုတ်ဘူးပေါ့”
ဖိုးလုံးက အနားသို့တိုးကပ်လိုက်ပြီး အကြေးခွံကြီးကို ကိုင်ကြည့်လိုက်သည်။ ထိုစဉ် သူ့စိတ်အာရုံထဲတွင် ကြီးမားသည့် မြွေကြီးတစ်ကောင်ကို အာရုံခံမိလိုက်သည်။ ဖိုးလုံးလန့်သွားကာ အကြေးခွံကြီးကိုပစ်ချလိုက်သည်။ ထို့နောက်
“ကဲ၊ ရန်ရှင်း၊ မင်းလဲရှင်းစရာရှိတာ ရှင်းပြီးပြီမဟုတ်လား”
ရန်ရှင်းက လှံကိုဝှေ့ယမ်းရင်း ခေါင်းညိတ်လိုက်လေသည်။
“ဒါဆို ငါတို့သွားရအောင်”
ဖိုးလုံးကလှည့်ထွက်မည်အပြုတွင် ရန်ရှင်းက ဖိုးလုံး၏ အဆိပ်မိနေသည့်လက်ကိုလှမ်းဆွဲလိုက်သည်။ ဖိုးလုံးလက်မှာ ပြုတ်ထွက်မတတ် နာကျင်လှသည်။
“ခင်ဗျားလက်ကို ဘယ်လိုလုပ်မလဲ”
“အဆိပ်ဆိုတော့ တစ်ချိန်ကျရင် ပြန်ကောင်းသွားမှာပါ”
ထိုအခါ ရန်ရှင်းက ခေါင်းခါလိုက်သည်။
“ခင်ဗျားမိထားတဲ့အဆိပ်ကို လူးအဆိပ်လို့ခေါ်တယ်၊ လူးလို့ခေါ်တဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အစေးကနေထုတ်ယူထားတာပဲ၊ အဲဒီအဆိပ်မိရင် အဆိပ်ကြောင့် အသားစိုင်တွေက ပုပ်ပွပြီး အရည်အဖြစ်ပျော်ကျလိမ့်မယ်၊ နောက်ဆုံးတော့ ခင်ဗျားလက်တင်မက ခင်ဗျားတစ်ကိုယ်လုံးကို ပျံနှံသွားပြီး ခင်ဗျားလူအစစ်ကနေ အရိုးခြောက်အဖြစ်အသွင်ပြောင်းသွားလိမ့်မယ်”
ထိုအခါ လူကြီးတစ်ယောက်မှာ အော်ဟစ်ညည်းညူနေလေသည်။ ထိုလူကြီးမှာ ရန်ရှင်းပြန်ပစ်ခတ်လိုက်သည့် ဒူးလေးမြားတံမျက်လုံးတွင် စိုက်ဝင်ထားသော ရွာသားခေါင်းဆောင်လူကြီးဖြစ်သည်။ သို့သော် အခုတော့ ထိုလူကြီးမှာ တစ်ကိုယ်လုံးဖောယောင်နေကာ ရေပူဖောင်းကြီးတစ်လုံးလိုဖြစ်နေလေသည်။
“အား၊ ကျုပ်၊ ကျုပ် . . .”
ထိုစဉ်မှာပင် ဖောယောင်နေသည့် ကိုယ်လုံးကြီးမှာ ပေါက်ကွဲထွက်သွားပြီးနောက် အတွင်းမှအရည်များက လျှံကြစီးဆင်းလာလေသည်။ ထိုအရည်များမှာ အခြားမဟုတ်ပေ၊ ထိုလူကြီး၏ ကိုယ်လုံးမှ အသားများက အရည်ပျော်ကျသွားခြင်းဖြစ်သည်။ ထိုလူကြီးမှာသေဆုံးသွားပြီး အရေခွံနှင့် အရိုးစုကြီးသာ ကျန်နေခဲ့လေသည်။
ဖိုးလုံးကြည့်ရင်း အံ့ဩနေမိသည်။ ရန်ရှင်းက ဖိုးလုံး၏လက်မောင်းရင်း မြှားတံထိထားသည့်နေရာသို့လက်ညှိုးဖြင့်ထိုးကြည့်သည်။
“ကြည့်စမ်း၊ ခင်ဗျားအသားတွေပျော့နေပြီ၊ မြန်မြန်လာ ကျုပ်နဲ့လိုက်ခဲ့”
ရွာသားများပြေးလွှားနေသည့်ကြားကပင် ရန်ရှင်းက ရွာအတွင်းပြေးသွားနေရင်း တစ်ခုခုကိုရှာဖွေနေပုံရသည်။
“မင်း ဘာရှာနေတာလဲ”
“ကျုပ်ရှာနေတာ လူးပင်ကြီးကိုပဲ လူးပင်ဆိုတာ သက်တမ်းရင့်တဲ့ အပင်ကြီးတစ်မျိုးပဲ၊ နှစ်ပေါင်းထောင်ချီပြီး အသက်ရှင်ပေါက်ရှောက်နိုင်တယ်”
ဖိုးလုံးလည်း တစ်ရွာလုံးကိုဝေ့ကြည့်လိုက်သည့်အခါ ရွာလယ်လောက်တွင် ကြီးမားသည့် သစ်ပင်ကြီးတစ်ပင် အုပ်ဆိုင်းနေသည်ကိုတွေ့ရသည်။
“ရန်ရှင်း၊ မင်းပြောတာ အဲဒါလား”
ရန်ရှင်းက ခေါင်းညိတ်ပြီး ဖိုးလုံးကိုတွဲကာ ပြေးလွားလိုက်သည်။ သစ်ပင်ကြီးက လူကြီးငါးယောက်ဖက်စာမျှ လုံးပတ်ကြီးမားလွန်းလှသည်။ ရန်ရှင်းက သူ့လှံဖြင့် သစ်ပင်ကြီး၏ အမြစ်ကို ထိုးစိုက်လိုက်ပြီးနောက် အမြစ်ကိုဖဲ့ထုတ်လိုက်လေရာ သစ်သားစတစ်ချို့ထွက်လာခဲ့သည်။ ထိုသစ်မြစ်ကို ဖိုးလုံးကိုလှမ်းပေးသည်။
“သူ့ရဲ့အစေးက အဆိပ်ဆိုပေမယ့်၊ သူ့ရဲ့အတွင်းသားကတော့ ဖြေဆေးဗျ၊ ကဲ ခင်ဗျားပါးစပ်ထဲထည့်ပြီး ဝါးလိုက်စမ်း”
ဖိုးလုံးလည်း သစ်မြစ်ကို ဝါးလိုက်လေသည်။ နောက်တော့ ရန်ရှင်းက ဝါးဖတ်ကိုပြန်လည်ထွေးထုတ်ခိုင်းပြီး မြားထိထားသည့် ဒဏ်ရာကို ဖိုးလုံးဝါးထားသည့် ဝါးဖတ်ဖြင့် သိပ်ထည့်ပေးလိုက်သည်။ ဖိုးလုံးမှာ အလွန်နာကျင်သည့် ဝေဒနာကိုခံစားရသဖြင့် အံကိုကြိတ်ထားရသည်။
“ကဲရပြီ၊ သွားစို့”
“နေစမ်းပါအုံးဗျ။ ဒီလောက် ကောင်းကျိုးမပေးတဲ့အပင်ကြီးကို ကျုပ်တို့ရှင်းပစ်လိုက်ရင် မကောင်းဘူးလား”
ရန်ရှင်းကပြောဆိုလိုက်ပြီး လှံနီကြီး၏ ထိပ်ချွန်ဖြင့် သစ်ပင်ကြီးတွင် တစ်ခုခုကိုရေးခြစ်နေလေသည်။ ထိုအရာမှာ တွန့်လိမ်ကောက်ကွေးနေသည့် အမှတ်အသားတစ်ခုဖြစ်သည်။
ထို့နောက် သူတို့အတူတူ ရွာထိပ်သို့ထွက်လာပြီး ရန်ရှင်းက လှံဖျားကိုမြေတွင်
ဆောင့်ချလိုက်သည့်အခါ သစ်ပင်ကြီးမှာ ဝုန်းခနဲမြည်ပြီး လဲပြိုကျသွားလေသည်။
သူတို့ပြန်ထွက်လာကြတော့ ရွာအတွင်းရှိ ရွာသူရွာသားများမှာ ကလေးငယ်များကိုပါ ပိုက်ချီလျှက် ရွာတစ်ဖက်ခြမ်းဆီသို့ထွက်ပြေးနေကြလေသည်။ ဖိုးလုံးလည်းရန်ရှင်းဘက်သို့လှည့်လိုက်ပြီး
“သူတို့ဘယ်ကိုပြေးနေကြတာလဲ”
“သူတို့ခေါင်းဆောင်ကြီး သေသွားပြီလေဗျာ၊ ဒါကြောင့် သူတို့လည်း ဘေးလွတ်မယ်ထင်တဲ့ နေရာကို ပြေးကြတာပေါ့”
ဖိုးလုံးနှင့် ရန်ရှင်းတို့မှာ တစ်ယောက်ပုခုံးကို တစ်ယောက်ဖက်လျက် ရွာကလေးဆီမှ ထွက်ခွာလာခဲ့ကြတော့သည်။
ပြီးပါပြီ။