အတွဲ (၃) အခန်း (၄)
(၁)
လမုံရွာကြီး ပျက်သုန်းပြီးသည့်အခါ ရွာသူရွာသားတို့မှာ ခြေဦးတည့်ရာပြေးလွှားနေခြင်းမျိုးမဟုတ်ပေ၊ ထိုလမုံရွာကြီး ဘေးဘက်တွင်ရှိနေသည့် မြစ်တစ်စင်းဆီသို့ ဦးတည်ကာ ပြေးလွှားနေခြင်းဖြစ်သည်။ မြစ်ရေက လူကြီးဒူးလောက်ခန့်သာနက်တော့သည်။ ရွာသူရွာသားအပေါင်းတို့က မြစ်အတွင်းပြေးဆင်းကြပြီး လက်ထဲတွင်လည်း ကလေးသူငယ်များကို ချီပိုးထားကြလေသည်။
“လမုံရွာပျက်ရင် နဂါးဖြူရှင်မထွက်မယ်”
“လမုံရွာပျက်ရင် နဂါးဖြူရှင်မထွက်မယ်တဲ့ဟေ့”
ရွာသူရွာသားများမှာ အော်ဟစ်နေကြပြီး မြစ်အတွင်းဆင်းကာ စုဝေးနေကြလေသည်။ သူတို့လက်များကိုလည်း မိုးပေါ်သို့ဆန့်တန်းပြီး မြစ်ညာဖက်သို့ကြည့်နေကာ ထိုကဲ့သို့ဟစ်ကြွေးနေကြခြင်းဖြစ်သည်။
ဆရာတော်နှင့် ဖိုးလုံး၊ ရန်ရှင်းတို့သုံးယောက်မှာ ခရီးဆက်လာရင်း ထိုမြစ်အနီးတွင် ဆောက်လုပ်ထားသည့်မြစ်ကူးသစ်သားတံတားကလေးပေါ်သို့ တက်လာကြလေသည်။ ခဏအကြာတွင် ဦးဇင်းက မောသွားဟန်ဖြင့် သစ်ပင်အောက်တွင်ထိုင်လိုက်လေရာ ဖိုးလုံးတို့လည်း ဦးဇင်းအနီးတွင် ထ်ိုငလိုက်ကြသည်။
“ဦးဇင်းငယ်ငယ်က ဒီဒေသတွေမှာကျင်လည်ခဲ့ပေမယ့် ဒီရွာကြီးကိုလည်း မတွေ့ခဲ့ဖူးသလို၊ ဒီနေရာမှာ မြစ်ကြီးတစ်စင်းရှိနေတာကိုလည်း မတွေ့ခဲ့ရဘူး”
“ဦးဇင်းက ဒီနေရာကနေထွက်ခွာသွားတာကြာပြီဆိုတော့ တိုးတက်သွားတာကို မသိတော့တာဖြစ်မှာပါ”
ဖိုးလုံးက ပြောဆိုလိုက်သည့်အခါ ရန်ရှင်းက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူးဗျ၊ ဒီရွာကြီးက လွန်ခဲ့တဲ့ခုနစ်နှစ်လောက်ကအထိ ဒီလောက်မစည်ကားသေးဘူး၊ ကျုပ်ဒီကိုရောက်လာတော့ အဲဒီကဝေမကြီးက လူတွေကိုစပြီးစုရုံးနေတုန်းပဲရှိသေးတာ၊ ကဝေမကြီးက ကျုပ်ကိုလှည့်စားပြီးတော့ အနိုင်ယူခဲ့တာပဲ”
“မင်းသူ့ကိုရှုံးသွားတော့ သူလည်းဒီဒေသမှာ ပြိုင်ဖက်ကင်းတဲ့လူတစ်ယောက် ဖြစ်သွားတာပေါ့ကွာ၊ ဒီလောက်တောင် လူတွေကိုစုစည်းထားနိုင်တာ နည်းတဲ့အရည်အချင်းတော့မဟုတ်ဘူးကွ”
သို့နှင့် ခဏနားပြီး ထိုနေရာမှဆက်ထွက်လာခဲ့ကြသည်။ ထိုအခါ အရှေ့တွင် တောလမ်းကလေးတစ်ခုကိုဖြတ်သန်းရလေသည်။ ဖိုးလုံးတို့ တောအုပ်အတွင်းဖြတ်သန်းနေစဉ်မှာပင် ရန်ရှင်းက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်သည်။
“လူနံ့ရတယ်၊ ဒီတောထဲမှာ ကျုပ်တို့အပြင် တခြားသူလည်း ရှိနေပြီထင်တယ်”
ရန်ရှင်းက လှံကိုအသေအချာကိုင်ထားကာ ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်အကဲခတ်နေလေသည်။ ထိုစဉ်မှာပင် ဒူးလေးမြားတံတစ်ခုက တောအုပ်အတွင်းမှပျံထွက်လာကာ ဖိုးလုံးတို့ထံ ပျံဝင်လာသဖြင့် ရန်ရှင်းက မြားတံကို လှံရိုးဖြင့်ခတ်ချလိုက်လေသည်။ ထိုအခါ ဘေးနှစ်ဖက်ရှိ တောအုပ်အတွင်းမှ အော်ဟစ်အချက်ပေးသံများကို ကြားလိုက်ရပြီးနောက် လူတစ်ချို့ဓါးလှံများကိုင်စွဲလျှက် ခုန်ထွက်လာကြသည်။
“ရပ်လိုက်ကြစမ်း၊ မင်းတို့ခုခံမယ်မကြံနဲ့နော်”
ဓါးများ၊ လှံများကိုင်စွဲထားသည့်လူများမှာ မုတ်ဆိတ်မွှေးဗရပွနှင့်ဖြစ်ပြီး ဝတ်စားထားသည့် အဝတ်အစားများမှာလည်း စုတ်ပြတ်နေကြသဖြင့် တောပုန်းဓါးပြကြီးများဖြစ်မည်ဟု ဖိုးလုံးကတွေးလိုက်သည်။ ဓါးပြကြီးတစ်ယောက်က အလွန်ကြီးမားသည့် ဓါးမကြီးတစ်ချောင်းကို ကိုင်စွဲထားကာ သူတို့အနီး လျှောက်လာလေသည်။
“မင်းတို့ ကြည့်ရတာ ခရီးသွားတွေဖြစ်မယ့်ပုံပဲ၊ မင်းတို့သယ်ဆောင်လာသမျှ အရာတွေထုတ်လိုက်ကြစမ်း၊ မဟုတ်တာလုပ်ဖို့မတွေးနဲ့”
ရန်ရှင်းက တိုက်ခိုက်ရန်ပြင်ဆင်လိုက်စဉ် ဦးဇင်းက ခေါင်းခါပြသဖြင့် ဖိုးလုံးက ရန်ရှင်းအားထိန်းထားလိုက်သည်။ ရန်ရှင်းက လှံတံကြီးကိုမြေပေါ်သို့ ပစ်ချလိုက်သည်။ ဖိုးလုံးနှင့် ဦးဇင်းလည်း သူတို့လွယ်ထားသည့် လွယ်အိတ်များကို ပစ်ချပေးလိုက်သည်။ ဓါးပြနှစ်ယောက်က လွယ်အိတ်များကို မွှေနှောက်ရှာဖွေပြီး ခေါင်းခါပြလေသည်။
“တော်တော်မွဲတဲ့လူတွေပဲကွာ၊ ခရီးသွားတာတောင်မှ ပိုက်ဆံကြေးတစ်ပြားတောင် မပါကြဘူး”
“ဦးဇင်းတို့မှာ တန်ဖိုးရှိတာ ဘာမှမပါဘူး ဒကာကြီး၊ ဦးဇင်းတို့ကို လွှတ်ပေးပါ”
ဓါးပြကြီးက ဦးဇင်းကို သေချာလှည့်ပတ်ကြည့်ရှုပြီး
“ခင်ဗျားပုံစံကြည့်ရတာတစ်မျိုးပဲ၊ ဒီကလူတွေမှာ ဒီလိုဝတ်စားတဲ့ပုံစံမျိုး မမြင်ဖူးဘူး၊ ခင်ဗျားက ဘယ်သူလဲ”
ဦးဇင်းက မဖြေကြားခင်မှာ ဖိုးလုံးကကြားဝင်ပြီး
“ကျုပ်တို့ဦးဇင်းက ဘုရားရဲ့သားတော်၊ သံဃာလို့ခေါ်တဲ့ အရှင်သူမြတ်ပဲ”
ထိုအခါ ဓါးပြခေါင်းဆောင်ကြီးက ရယ်မောလိုက်သဖြင့် ဓါးပြများကလည်း ဝိုင်းဝန်းရယ်မောလိုက်ကြသည်။
“လာပြန်ပြီလားဘုရားတဲ့၊ ငါတို့ လမုံရွာမှာတောင် ဘုရားဆိုပြီး မိန်းမကြီးတစ်ယောက်ပွင့်နေပြီး တစ်ရွာလုံးကို အုပ်ချုပ်နေသေးတယ်မဟုတ်လား၊ ဟား၊ ဟား”
“ခင်ဗျားတို့ပြောတာ ကဝေမကြီးထင်တယ်၊ အခု အဲဒီမကောင်းဆိုးဝါးမကြီးကို ကျုပ်တို့ရှင်းထုတ်ခဲ့ပြီ၊ လမုံရွာကလူတွေလည်း ကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပြီ”
ဓါးပြကြီးမှာ အလွန်အံ့ဩသွားပုံရသည်။
“ခင်ဗျားတို့ အဲဒီ ဘုရားဆိုတဲ့ ဟာမကြီးကို ရှင်းလိုက်ပြီတဲ့လား၊ ကျုပ်ဖြင့်မယုံနိုင်ဘူး၊ ဟေ့ကောင်တွေ၊ သူတို့သုံးယောက်ကို ဖမ်းခေါ်လာခဲ့စမ်း”
ဓါးပြခေါင်းဆောင်က အမိန့်ပေးလိုက်သဖြင့် ဓါးပြများက ဖိုးလုံးတို့အား ကြိုးကွင်းများဖြင့်လှမ်းပစ်ကာ စွပ်လျှက် ချည်နှောင်ကာ ဖမ်းဆီးသွားကြလေသည်။ ဓါးပြများက လက်ယာဘက်ရှိ တောအုပ်ကြီးအတွင်းသို့ တိုးဝင်သွားကြသည့် အတွက် ဖိုးလုံးတို့လည်း သူတို့ဖမ်းဆီးရာတစ်လျှောက် လိုက်ပါခဲ့ရတော့သည်။ စမ်းချောင်းကလေးတစ်ခုနံဘေးတွင် သစ်လုံးဖြင့်တည်ဆောက်ထားသည့် ခေါင်မိုးချွန်ချွန်နှင့် တဲကလေးများရှိသည်။ ထိုတဲကလေးများကိုကြည့်လိုက်သည့်အခါ တောပုန်းဓါးပြကြီးများ၏ စခန်းဖြစ်မည်မှန်း ဖိုးလုံးကခန့်မှန်းမိလိုက်သည်။
စခန်းအလယ်လောက်တွင် မီးပုံကြီးတစ်ပုံဖိုထားသည်။ ဖိုးလုံးတို့ရောက်သွားသည့်အခါ ဓါးပြတစ်ဦးက ဓါးပြခေါင်းဆောင်ဖြစ်မည်ထင်ရသည့် လူကြီးထံသို့ ပြေးသွားလေသည်။
“ဆရာကြီး လမုံရွာသားတွေ နဂါးဖြူချောင်းဘက်ကို ချီတက်သွားပြီး အခုချောင်းထဲမှာ ရေစိမ်နေကြပြီဆရာကြီး”
ဓါးပြခေါင်းဆောင်က မျက်လုံးပြူးသွားသည်။
“ဟာ၊ ဒါဆို သူတို့ပြောတာမှန်တာပေါ့”
ဓါးပြခေါင်းဆောင်ကြီးက ဖိုးလုံးတို့အနားသို့တိုးကပ်လာပြီး ဖိုးလုံးတို့အားချည်နှောင်ထားသည့် ကြိုးများကိုဖြုတ်ပေးလိုက်လေသည်။ ဖိုးလုံးတို့လည်း နားမလည်နိုင်တော့ပေ။
“ခင်ဗျားတို့ တကယ်ပဲ ကဝေမကြီးကို အနိုင်ယူခဲ့ပြီပေါ့”
“ကျုပ်တို့မလိမ်ပါဘူးလို့ပြောခဲ့တာပဲ၊ ဒါနဲ့ ခင်ဗျားတို့က ကဝေမကြီးသေတာကို ဘယ်လိုလုပ်ပြီးယုံသွားတာလဲ”
“ဒီလိုဗျ၊ ကျုပ်နာမည် လဘိန်း လို့ခေါ်တယ်၊ ကျုပ်က ဒီတောင်တန်းပေါ်က ရွာကလေးတစ်ရွာရဲ့ အကြီးအကဲပေါ့ဗျာ၊ ကျုပ်တို့က နတ်ကိုးကွယ်တယ်၊ ဒါပေမယ့် တစ်ရက်တော့ ကျုပ်တို့ရွာကို အဲဒီကဝေမကြီး ရောက်လာတယ်ဗျ၊ သူနဲ့လိုက်ခဲ့ရင် ချမ်းသာမယ်၊ ကြွယ်၀မယ်၊ အစာရေစာပေါများမယ်ဆိုပြီး ဆွယ်တဲ့အပြင် ကျုပ်တို့ကိုလည်း သူ့ရဲ့အစွမ်းတွေကို ပြသတယ်”
“သူ့ကိုမထောက်ခံတဲ့လူတွေကို သတ်ပစ်တယ်၊ ဒါနဲ့ပဲ တစ်ရွာလုံးက ကြောက်လန့်ပြီး သူနဲ့ပူးပေါင်းလိုက်တာပေါ့၊ ကျုပ်တို့လည်း တောအုပ်အနားရောက်တာနဲ့ သူ့ကိုမယုံတဲ့လူတစ်စု တောထဲကိုထွက်ပြေးလာခဲ့ကြတာ”
လဘိန်းက သူ့ဓါးမကြီးကို ပုခုံးပေါ်ထမ်းလျှက် ဆက်ပြောသည်။
“လမုံရွာဆိုတာ နဂိုတုန်းက မရှိခဲ့ဘူး၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဒီမြစ်ချောင်းတစ်ခုက ပေါ်ပေါက်လာခဲ့တယ်၊ ဒေသခံတွေကတော့ နဂါးဖြူချောင်းလို့ခေါ်တယ်၊ နဂါးဖြူချောင်းဘေးမှာ ကဝေမကြီးက သူ့နောက်လိုက်တွေကို သိမ်းသွင်းပြီးရွာတည်တယ်၊ ဒီတော့ လမုံရွာကလးက လူတွေက ကျုပ်တို့လိုအနီးအပါးရွာတွေက လူတွေပဲ၊ ကိုယ်ပိုင်ရွာတွေကို ပစ်ပယ်ပြီးတော့ ဒီလမုံရွာမှာ လာရောက်နေထိုင်ကြတာပေါ့”
“ကျုပ်တို့ကိုလည်း ကဝေမကြီးက အမြဲတမ်းရှာဖွေနေတယ်၊ ကျုပ်တို့လည်း တောထဲမှာနေပြီးတော့ ဒီလမ်းကလာတဲ့လူတွေကို ဓါးပြတိုက်ရင်း စားသောက်နေထိုင်ရတော့တာပဲ၊ ဒီလမ်းကို ခရီးသွားတွေမလာတာ ကြာလှပြီ၊ များသောအားဖြင့် လမုံရွာက လူတွေပဲ အသုံးပြုကြတာကိုး”
ဖိုးလုံးက မျက်မှောင်ကြုတ်လိုက်ပြီး
“ဒါနဲ့ လူတွေချောင်းထဲကို ဘာလို့ဆင်းသွားကြတာလဲ”
လဘိန်းက ပြုံးလိုက်ရင်း
“သူတို့ကြားထဲမှာ တဘောင်တစ်ခုရှီတယ်၊ အဲဒါကတော့ အဲဒီကဝေမကြီးသေရင် လူတွေအားလုံးက ချောင်းရေထဲကို ဆင်းရသတဲ့၊ ချောင်းရေနဲ့ဆေးကြောပြီး နဂါးဖြူသခင်မကို တောင်းပန်ကြရသတဲ့လေ”
ဖိုးလုံးက ကျိုးကြောင်းဆက်စပ်တွေးခေါ်လိုက်ပြီးနောက် အလွန်ထိတ်လန့်သွားသည်။
“မဖြစ်ဘူးဗျို့၊ ဒီလူတွေအားလုံးတော့ အသေဆိုးနဲ့သေကုန်ကြတော့မှာပဲ၊ ကျုပ်တို့တားဆီးမှရမယ်”
ဖိုးလုံးထအော်လိုက်သဖြင့် အားလုံးက ဖိုးလုံးထံသို့ကြည့်လိုက်ကြသည်။
“ခင်ဗျားဘာတွေပြောနေတာလဲဖိုးလုံး”
“ဒီလိုဗျ၊ ကျုပ်တစ်ခုတွေးမိတာရှိတယ်၊ မင်းကဝေမကြီးကိုသတ်လိုက်တော့ ကဝေမကြီးက ဘာအဖြစ်ပြောင်းလဲသွားသလဲရန်ရှင်း”
ရန်ရှင်းက မဆိုင်းမတွပင်
“အချပ်ပြားကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတာလေဗျာ”
“အေး၊ အဲဒါ သာမန်အချပ်ပြားမဟုတ်ဘူး၊ အဲဒါအကြေးခွံတစ်ခုပဲ၊ အကြေးခွံက အဖြူရောင်၊ နောက်ပြီး ဒီချောင်းနာမည်ကလည်း နဂါးဖြူချောင်းဆိုတော့ ငါ့အထင်နဂါးတစ်ကောင်ကောင်များ ဒီနေရာနဲ့သက်ဆိုင်နေမလားပဲ”
“နဂါးမှန်ရင် ဒီကဝေမကြီးကရော ဘာကြီးလည်းဗျ”
“ဒီကဝေမရဲ့နဖူးမှာပေါက်နေတဲ့မျက်လုံးကြီးက နဂါးမျက်လုံးနဲ့တူတယ်ကွ၊ နောက်ပြီး နတ်တို့ နဂါးတို့ဆိုတာက သူတို့ကိုယုံကြည်ကိုးကွယ်တဲ့သူများလေလေ၊ သူတို့အစွမ်းတွေက ပိုပြီးထက်လေလေမဟုတ်လား”
ဖိုးလုံးအပြောကို ရှန်ရှင်းက နားလည်သွားလေသည်။
“ကျုပ်နားလည်ပြီ၊ ခင်ဗျားပြောပုံအရဆို နဂါးဖြူက သူ့အကြွေးခွံတစ်ခုကိုဖြုတ်ပြီး ကဝေမကြီးအသွင်ဖန်ဆင်းခဲ့တာပေါ့၊ ပြီးတော့ ကဝေမကြီးပုံစံနဲ့ အစွမ်းပြပြီး နဂါးကိုးကွယ်တဲ့သူများအောင်လို့ ဖန်တီးခဲ့တာပေါ့၊ ဟုတ်ပြီ၊ ကျုပ်နားလည်ပြီဖိုးလုံး”
လဘိန်းက သူတို့ပြောနေသည့်စကားများကို မျက်မှောင်ကြုတ်ပြီးကြည့်နေလျှက်
“ဒါဆိုရင် သူတို့က ဘာလို့ချောင်းအတွင်းကို ဆင်းနေကြတာလဲ”
ဖိုးလုံးက လဘိန်းကိုကြည့်လိုက်ပြီး
“ခင်ဗျား သူတို့ရဲ့အတိတ်တဘောင်စကားကို အသေအချာကြားဖူးသလား”
လဘိန်းက ခေါင်းညိတ်လိုက်ပြီး
“မယ်တော်သေဆုံးရင် ရွာသားတွေအကုန်လုံး နဂါးဖြူချောင်းကိုဆင်းရမယ်၊ နဂါးဘုရားက ထွက်ပေါ်လာပြီး လူသားတွေရဲ့အပြစ်တွေကို ဆေးကြောသန့်စင်ပေးလိမ့်မယ်တဲ့”
ဖိုးလုံးက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး
“အပြစ်တွေဆေးကြောမယ်ဆိုတော့ ရေနဲ့ဆေးမယ့်သဘောပဲ၊ ဒီတော့ ကျုပ်အထင် တကယ်လို့ နဂါးဖြူက သူ့အကြေးခွံကိုဖန်ဆင်းထားတဲ့ ကဝေမကြီးအတိုက်ခိုက်ခံရပြီဆိုရင် ဒီရွာသားတွေအကုန်လုံးကို သတ်ပြီးတော့ သူတို့ဆီက အစွမ်းတွေကို စုပ်ယူစားသောက်မယ့်ပုံပဲဗျ”
ရန်ရှင်းလည်း သဘောပေါက်သွားပြီး
“ဒါဆိုကျုပ်တို့မြန်မြန်သွားမှဖြစ်မယ်ဗျ”
လဘိန်းကပြောဆိုလိုက်ကာ တောင်တန်းကြီးပေါ်သို့လက်ညှိုးထိုးပြလိုက်သည်။ မည်းမှောင်နေသည့် တိမ်မဲကြီးများက တောင်တန်းကြီးပေါ်သို့ တဖြည်းဖြည်းအုပ်ဆိုင်းလာလေသည်။
“တောင်ပေါ်မှာ မိုးရွာရင်၊ ဒီလူတွေကို တောင်ကျရေက ဝါးမြိုသွားလိမ့်မယ်”
(၂)
လူသားများကို ကယ်တင်မည့်အတွက် ဦးဇင်းကလည်း ခွင့်ပြုသဖြင့် ဖိုးလုံးနှင့် ရန်ရှင်းတို့နှစ်ယောက် လဘိန်းနှင့်အတူတူ ချောင်းကမ်းနံဘေးသို့ထွက်ခဲ့သည်။ ချောင်းမှာ ရေအနည်းငယ်သာရှိသည်။ ချောင်းရိုးအတွင်းတွင်တော့ လမုံရွာသားများက ရေစိမ်လျှက် ဆုတောင်းနေကြလေသည်။
“ကျုပ်တို့ထင်တာ မှန်တယ်ဗျို့၊ ဒီလူတွေကို နဂါးကြီးက စားသောက်တော့မယ်”
“ကျုပ်တို့ဘာလုပ်မလဲ ဖိုးလုံး”
“မင်းနဲ့ငါနဲ့ ဒီလူတွေ ရေပေါ်ကိုပြန်ပြေးပြီးတက်သွားအောင်လို့ ခြောက်လှန့်ရမယ်ကွ၊ တောင်ပေါ်မှာ မိုးတွေရွာနေပြီဆိုတော့ မကြာခင် ရေလုံးက ဆင်းလာမှာပဲ”
ရန်ရှင်းက ပြုံးလိုက်ပြီး တစ်တောင်ခန့်ရှိသည့် အရွက်ပြားကြီးကြီးနှင့် သစ်ရွက်ကြီးတစ်ရွက်ကို ချိုးဖဲ့ယူလိုက်လေသည်။ ထို့နောက် ထိုသစ်ရွက်ကြီးကို လက်ဖြင့်ဖြဲနေသည်။ ဖိုးလုံးလည်း ရန်ရှင်းလုပ်နေသည်ကို အံ့အားသင့်စွာကြည့်နေရင်း
“မင်းဘာလုပ်နေတာလဲရန်ရှင်း”
“ဒီလူတွေကို ခြောက်ထုတ်ဖို့ ကျားရုပ်လုပ်နေတာလေဗျာ”
ထို့နောက်လှံသွားဖြင့် ကျားရုပ်ပုံကဲ့သို့ဖြစ်နေသည့် သစ်ရွက်ပေါ်တွင် သင်္ကေတတစ်ခုကို ရေးဆွဲလိုက်လေသည်။ ထို့နောက် ရန်ရှင်းက သစ်ရွက်ကိုလက်နှစ်ဖက်နှင့် ဖြောင်းခနဲ လက်ခုပ်တီးသလိုရိုက်လိုက်ပြီး ချောင်းကမ်းနံဘေးသို့ပစ်ချလိုက်သည့်အခါ မြေပေါ်ရောက်သည်နှင့် သစ်ရွက်မှာ ကိုးတောင်ခန့်ရှည်သည့် ကျားကြီးတစ်ကောင်ဖြစ်သွားလေသည်။
“ဝေါင်း . . ဝေါင်း”
ကျားဟိန်းသံကြီးက တောအုပ်အတွင်းမှ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ချောင်းအတွင်းရေစိမ်နေသူများက ကျားကြီးကိုလက်ညှိုးထိုးပြသည်။
“ကျားကြီးဟေ့၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး”
ကျားကြီးက စားမည့်ဝါးမည့်ဟန်ဖြင့် အော်ဟစ်ပြီး ချောင်းရိုးထဲသို့ ခုန်ဆင်းလာလေရာ ချောင်းအတွင်းရှိလမုံရွာသားများမှာ အသက်ဘေးမို့ အလွန်ကြောက်လန့်ကုန်ပြီး တစ်ဖက်ကမ်းသို့ တက်ပြေးကြလေသည်။ သို့သော် တစ်ဖက်ကမ်းတွင်လည်း ကျားကြီးတစ်ကောင်ထပ်ပေါ်လာပြန်သည်။
“ဝေါင်း၊ ဂါး . . .”
ဖိုးလုံးက ရန်ရှင်းအား ကြည့်လိုက်လေရာ ရန်ရှင်းမှာလည်း နောက်ထပ်ပေါ်လာသည့်ကျားကို အံ့ဩကာ ကြည့်နေမိသည်။ ရွာသားများမှာ တစ်ဖက်ကမ်းမှပေါ်လာသည့်ကျားကြီးကြောင့် ချောင်းထဲသို့ပြန်ပြေးဆင်းလာကြသည်။
“ဒီကျားက ကျုပ်ရဲ့ကျားမဟုတ်ဘူး”
ဖိုးလုံးနားလည်လိုက်ပြီဖြစ်သည်။
“ဒါဆို ဟိုနဂါးမ လုပ်ထားတာဖြစ်မယ်”
ရန်ရှင်းက လှံတံကိုဝင့်လိုက်ပြီး ချောင်းရိုးအတွင်းသို့ပြေးဆင်းသွားလေသည်။ ချောင်းရိုးထဲတွင်တော့ ကျားနှစ်ကောင်ထိပ်တိုက်တွေ့ကာ လုံးထွေးနေပြီဖြစ်သည်။ သို့သော် နဂါးဖြူဖန်ဆင်းထားသည့် ကျားမှာ ရန်ရှင်း၏ ဖက်ကျားကို ကိုက်ထည့်လိုက်ရာ ဖက်ကျားကြီးမှာ အော်ဟစ်လူးလိမ့်ရင်း သစ်ရွက်တစ်ရွက်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။
“လှံစက်ြာတဲ့ကွ”
ရန်ရှင်းက အော်ဟစ်လိုက်ပြီး ကျားကြီး၏လည်မြိုကို လှံချက်ပစ်သွင်းလိုက်လေရာ ကျားကြီးကိုထိမှန်သွားပြီး ကျားကြီးမှာ အကြေးခွံတစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ ဖိုးလုံးက ရေရွတ်လိုက်ပြီး
“ကျုပ်တို့ လူတွေကို ဟိုဘက်ကမ်းကိုရောက်အောင် ဘာနဲ့ခြောက်ရမလဲ”
ထိုအခါ လဘိန်းက ပြုံးလိုက်ကာ
“ဒါတော့ ကျုပ်တို့တာဝန်ထားလိုက်စမ်းပါ၊ ဒီလူတွေက ကျုပ်နာမည်ကြားရင် တော်တော်ကြောက်ကြတယ်”
လဘိန်းက ဓါးမကြီးကိုဝင့်လိုက်ပြီး ချောင်းရိုးကမ်းစပ်သို့ခုန်တက်လိုက်သည်။
“ငါ့နာမည် လဘိန်းတဲ့ဟေ့”
ဓါးကြီးဝင့်ကာ ထွက်လာသည့် လဘိန်းကိုကြည့်ပြီး ချောင်းထဲရှိ ရွာသားများမှာ ထိတ်လန့်သွားကြသည်။
“ဓါးပြကြီး လဘိန်းကွ၊ ပြေးကြဟေ့၊ ပြေးနိုင်မှ လွတ်မယ်ကွ”
ရွာသားများမှာ ချောင်းရိုးအပေါ်ကမ်းသို့ ပြေးတက်ကြလေသည်၊ လဘိန်းကလည်း ချောင်းထဲသို့ခုန်ဆင်းပြီး ကူးခတ်သွားနေလေသည်။ လဘိန်းပြောသည့်အတိုင်းပင် ရွာသားများက တောပုန်းဓါးပြကြီး လဘိန်းအား ကြောက်လန့်ကြသည်။
(၃)
“ဂျိန်း . . . ဝုန်း”
တောင်ကြီးပေါ်တွင် မိုးများသည်းထန်စွာရွာသွန်းပြီး တိမ်ညိုများက ဖုံးအုပ်နေကြသည်။ မကြာခင်အချိန်တွင် အလွန်ဆူညံသည့် အသံကြီးများကိုကြားလိုက်ရသည်။ တဝေါဝေါနှင့်စီးဆင်းလာသည့် တောင်ကျချောင်းရေများနှင့်အတူ ချောင်းကမ်းနံဘေးမှ သစ်ပင်ဝါးပင်များကို ရေကတိုက်စားလာပြီး ကျဆင်းလာသဖြင့် ဆူညံနေခြင်းဖြစ်သည်။ မကြာခင် ချောင်းကွေ့ကလေးတွင် ရေခေါင်းဖြူဖြူကြီးများပေါ်လာလေသည်။
“လဘိန်း၊ ပြေးတော့၊ ဒီကိုအမြန်ပြေးကြတော့”
လဘိန်းနှင့် ဓါးပြတစ်ချို့က ကမ်းပေါ်သို့ပြေးတက်ရန်ကြိုးစားလေသည်။ သို့သော် တောင်ကျရေမှာ အလွန်ပြင်းထန် မြန်ဆန်စွာစီးဆင်းလာသည်ဖြစ်ရာ လဘိန်းနှင့် ဓါးပြတစ်ချို့ ရေစီးတွင်မြောပါသွားလေသည်။ လမုံရွာသူရွာသားများလည်း တောင်ကျရေများကျလာသဖြင့် အလွန်ထိတ်လန့်ကုန်ကြကာ ပြေးလွှားကြလေသည်။ တောင်ကျရေမှာ အလွန်ပြင်းထန်ကြီးမားပြီး လမုံရွာဘေးနားတွင် စိုက်ပျိုးထားသည့် စိုက်ခင်းများကိုပင် ဖုံးလွှမ်းသွားရုံမက လမုံရွာကြီးကိုပါတိုက်စားသွားသဖြင့် ရွာအတွင်းရှိအိမ်ကြီးများပြိုလဲကုန်ကြလေသည်။
ဖိုးလုံးနှင့် ကျန်သည့်ဓါးပြများမှာ ကမ်းနံဘေးရှိ တောင်ကုန်းကလေးပေါ်သို့ပြေးတက်ကြသည်။ မကြာခင် ရန်ရှင်းတစ်ယောက် တစ်ကိုယ်လုံးရေများစိုရွှဲလျှက် တောင်ကုန်းကလေးပေါ်သို့တက်လာရာ ဖိုးလုံးကပြေးဆွဲထားလိုက်ရသည်။ ရေများစီးဆင်းနေသည့်အချိန်တွင် အဖြူရောင်နဂါးကြီးတစ်ကောင်က ချောင်းရိုးအတိုင်း ပြေးဆင်းလာလေသည်။
“အဲဒါ နဂါးဖြူပဲ”
အဖြူရောင်နဂါးကြီးမှာ တစ်ကိုယ်လုံးတွင် အဖြူရောင်အကြေးခွံကြီးများရှိပြီး ကျောဘက်နှင့် ဝမ်းဗိုက်ပိုင်းတွင်တော့ ရှည်လျားသည့် အမွှေးအမျှင်ကြီးများရှိသည်။ နဂါးကြီးက အလွန်ဒေါသထွက်နေပြီး ချောင်းအတွင်း တဝုန်းဝုန်းနှင့် ကူးခတ်နေလေသည်။
“ငါ့အစာ . . . ငါ့အစာတွေဘယ်မှာလဲ”
ထိုအခါ ဖိုးလုံးတို့က တောင်ကုန်းကလေးပေါ်မှ ရယ်မောလိုက်ပြီး
“မင်းရဲ့အစာတွေအကုန်ပြေးကုန်ပြီကွ”
နဂါးဖြူကြီး၏ မျက်လုံးမှာ မီးဝင်းဝင်းတောက်သွားပြီးနောက် ဖိုးလုံးတို့ကို ဒေါသဖြင့်ကြည့်လိုက်လေသည်။ ဓါးပြများလည်း ကြောက်ရွံ့ကာ တောအုပ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြသဖြင့် ဖိုးလုံးနှင့် ရန်ရှင်းသာကျန်နေခဲ့သည်။ နဂါးဖြူကြီးမှာ ပါးစပ်ကြီးကိုဖြဲလိုက်ပြီး အစိမ်းရောင်အဆိပ်ငွေ့များနှင့် မှုတ်ထုတ်လေသည်။
ရန်ရှင်းက လှံတံဖြင့် သူတို့နှစ်ယောက်ရပ်နေသည့်နေရာကို ပွတ်ဆွဲကာ စက်ဝိုင်းတစ်ခုကိုရေးသားလိုက်သည်။ ထို့နောက် ထိုစက်ဝိုင်းအတွင်းတွင် သင်္ကေတတစ်ခုရေးနေပြန်သည်။ ဖိုးလုံးကလည်း အရဟံဓါးကိုထုတ်လိုက်ပြီး သူ့မျက်နှာအရှေ့တွင် ကာကွယ်ထားလိုက်သည်။ နဂါးဖြူကြီး မှုတ်ထုတ်လိုက်သည့် အဆိပ်ငွေ့များသည့် ရန်ရှင်းနှင့် ဖိုးလုံးတို့ထံသို့ ပြေးဝင်လာသော်လည်း ဖိုးလုံးတို့နှစ်ယောက်ကိုမထိဘဲ ကွေ့ဝိုက်သွားကာ အနောက်ဘက်ရှိတောအုပ်ကြီးကို ထိမှန်သွားလေသည်။ အဆိပ်များနှင့် ထိတွေ့ပြီးမကြာခင်မှာပင် တောအုပ်အတွင်းရှိ သစ်ပင်များ၏ သစ်ရွက်များက အနီရောင်အဖြစ်သို့ပြောင်းလဲသွားကာ သစ်ရွက်များမှာ မိုးရွာသည့်အလား ကြွေဆင်းလာကြသည်။
“ဦးဇင်း . . ဦးဇင်း . .”
ရန်ရှင်းက ဟစ်အော်နေသည်မို့ ဖိုးလုံးက တားဆီးလိုက်သည်။
“ဦးဇင်းမှာ ဓါတ်လုံးရှိတယ်ဆိုတော့ ဒီအဆိပ်လောက်တော့ ခံနိုင်မှာပါ”
နဂါးဖြူက ဖိုးလုံးတို့ကို တိုက်ခိုက်မရသဖြင့် အလွန်ဒေါသထွက်သွားကာ တောင်ကုန်းပေါ်သို့ ကြီးများသည့်အစွယ်ကြီးများဖြင့် ပေါက်ချလိုက်လေသည်။
“အရဟံ”
ဖိုးလုံးဟစ်အော်လိုက်သည့်အခါ နဂါးကြီးနှင့် အရဟံဓါးနှင့် ထိတွေ့မိပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်သွားကာ နဂါးကြီးမှာ ချောင်းအတွင်းသို့ ပြန်ကျသွားလေသည်။ ထို့နောက် ချောင်းအတွင်းမှ ပြန်ထလာပြီး ခေါင်းမူးသွားပုံရသဖြင့် ခေါင်းကိုခါလိုက်လေသည်။
“နင်တို့က နှစ်ယောက်တည်း၊ ငါ့ကိုနင်တို့ နိုင်မယ်လို့ထင်သလား”
နဂါးကြီးက တစ်ကိုယ်လုံးကို ခါရမ်းလိုက်သည်အခါ အကြေးခွံခုနစ်ခုမှာ လေပေါ်သို့ပျံထွက်လာပြီး ကဝေကြီးခုနစ်ရောက်အဖြစ်ပြောင်းလဲသွားသည်။ ကဝေများမှာ အနက်ရောင်ခြုံထည်များကို ခြုံလွှမ်းထားကြပြီး မိုးပေါ်ပျံနေကြသည်။ ထို့နောက် ဖိုးလုံးတို့အား စက်လက်နက်များဖြင့် ပစ်ခတ်တော့သည်။
ရန်ရှင်းက မိုးပေါ်သို့ခုန်တက်လိုက်ပြီး ကြေးပြားကလေးများကို ပစ်ချလိုက်သည်။ ထိုအခါ ကြေးပြားကလေးသုံးပြားမှာ မြေတွင်ကျသွားပြီးနောက် ကြေးပြားကလေးများအထက်မှ အစိမ်းရောင်အလုံးကလေးများထွက်လာလေသည်။ ကဝေများက ဖိုးလုံးတို့အား မှော်စက်လက်နက်များဖြင့် ပစ်ခတ်သည့်အခါ အစိမ်းရောင်အလုံးကလေးများထံမှ အစိမ်းရောင်ရောင်ခြည်များထွက်ပေါ်လာပြီး ကဝေများကိုပြန်လည်ထိမှန်လေသည်။
“ဟား၊ ဟား အဲဒါကဝေထောင်ချောက်လို့ခေါ်တယ်ကွ”
အစိမ်းရောင်ရောင်ခြည်ထိမှန်သွားသည့် ကဝေများမှာ လေပေါ်တွင်ရပ်တန့်သွားရာ ရန်ရှင်းက လှံတံကိုင်လျှက် ခုန်ဝင်လိုက်ပြီး ကဝေများအား လှံဖြင့်ထိုးခွင်းတော့သည်။ ကဝေများမှာ လှံချက်မိသွားသည့်အခါ အကြေးခွံများအဖြစ်သို့ ပြောင်းလဲသွားသည်။
နဂါးဖြူမှာ မကျေနပ်သေးဘဲ ကိုယ်လုံးကြီးကိုခါရမ်းလိုက်လေရာ သူ့ကိုယ်မှမရောက်မတွက်နိုင်သော အကြေးခွံများကွာထွက်ပြီးနောက် ကဝေပျံကြီးများအဖြစ်ပြောင်းလဲသွားပြန်သည်။ ရာနှင့်ချီသော ကဝေများကြောင့် ကောင်းကင်ကြီးပင် နက်မှောင်သွားသယောင်ရှိနေသည်။ ရန်ရှင်းက ကုန်းကမူကလေးပေါ်သို့ ပြန်ခုန်ဆင်းလိုက်သည်။ ဖိုးလုံးက နဂါးကြီးကိုကြည့်လိုက်ပြီး
“မင်းကိုငါမကြောက်ဘူး နဂါးဖြူ၊ မင်းကိုသနားလို့ ငါအလျှော့ပေးနေတာ၊ မင်းတို့လို့ နဂါးတစ်မျိုးလုံးနဲ့ ငါနဲ့တိုက်ခိုက်ခဲ့ပြီးပြီ”
ထိုအခါ နဂါးဖြူက ရယ်မောလေသည်။
“ဟား၊ ဟား ဖြစ်နိုင်တာကိုလည်း ပြောစမ်းပါရှင်၊ နဂါးတစ်မျိုးလုံးနဲ့ မပြောနဲ့၊ ကျုပ်ကိုပဲအရင် နိုင်အောင်တိုက်စမ်းပါအုံး”
ရန်ရှင်းက လှံကိုဝှေ့ယမ်းရင်း
“အများကြီးပဲ၊ ကျုပ်တို့တော့ မရလောက်ဘူးထင်တယ်”
ဖိုးလုံးက ရန်ရှင်းပုခုံးကိုပုတ်လိုက်ပြီး
“မင်းငါ့ကိုကာကွယ်ထားပေး၊ ငါသူတို့ကို နိုင်အောင်တိုက်မယ်”
ရန်ရှင်းက ဖိုးလုံးစကားကို မယုံနိုင်သေးပေ။
“ခင်ဗျားက ဒီကဝေတွေအားလုံးကို ဘယ်လိုတိုက်မလဲ၊ ကျုပ်လို ကဝေရှင်တောင် နိုင်တာမှမဟုတ်တာ”
“ငါ့ကိုသာ ကာပေးထားစမ်းပါ”
ဖိုးလုံးက မြေပြင်တွင်ထိုင်ချလိုက်ပြီး စိတ်အာရုံကိုစုစည်းထားလိုက်သည်။ သူ့လက်ထဲမှ အရဟံဓါးကို မနေစိတ်အာရုံဖြင့်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ မကြာခင် ကဝေများက အမျိုးစုံသော စက်လက်နက်များဖြင့် ပစ်ခတ်တော့သည်။ ရန်ရှင်းလည်း သူ့လှံကြီးကိုလက်နှစ်ဖက်ဖြင့် ချာချာလည်အောင် ဝှေ့ယမ်းနေလေသည်။ ကဝေများမှ ပစ်ခတ်လိုက်သော လက်နက်များမှာ ရန်ရှင်း၏ လှံစက်ြာနှင့်ထိတွေ့သည့်အခါ တန်ပြန်ကန်ထွက်ကုန်ကြလေသည်။ သို့သော် များပြားလှသည့် ပစ်ချက်များကြောင့် ရန်ရှင်းတစ်ယောက် အသည်းအသန်ကာကွယ်နေရသည်။
“မြန်မြန်လုပ်စမ်းပါ ဖိုးလုံးရာ၊ ခင်ဗျားဘာတွေလုပ်နေတာလဲ”
ဖိုးလုံးက အရဟံဓါးကို မြေကြီးအတွင်းသို့စိုက်ချထည့်လိုက်တော့သည်။
“ဝုန်း”
ဘောဂ၀တီ နဂါးပြည်ကြီးတွင် ကြီးမားသည့်မြေငလျင်ကြီးတစ်ချက်လှုပ်ရှားသွားလေသည်။ ထို့နောက် အရဟံဓါးမှာ အလွန်လျှင်မြန်သည့်အမြန်နှုန်းနှင့် ပျံသန်းလာပြီး နဂါးမင်းကြီးနှင့် ဝိမလဒေဝီကြီးအရှေ့တွင် ရပ်တန့်သွားလေသည်။
“ဒါ . .ဒါ အရဟံဓါးပဲ”
နဂါးမင်းကြီးက ရေရွတ်လိုက်လေသည်။
“ဟုတ်တယ်၊ ကျုပ်က ဖိုးလုံးပဲ”
“အရဟံဓါးသခင် ဘောဂ၀တီပြည်အထိ လာတယ်ဆိုတော့ ဘာများအလိုရှိလို့ပါလိမ့်”
“ကျုပ်တို့ရဲ့ သာသနာပြုခရီးလမ်းမှာ နဂါးဖြူတစ်ကောင် နှောင့်ယှက်ဟန့်တားနေတယ်၊ ကျုပ်ထပ်ပြီးနဂါးတွေ မသတ်ချင်တော့ဘူး၊ ဒီတော့ နဂါးမင်းကြီးတို့ သူ့ကိုတစ်နည်းတစ်ဖုံ စီရင်ပေးပါ”
နဂါးတစ်ထောင်ဒေဝီခေါ် ဝိမလဒေဝီကြီးက မျက်လုံးများကိုမှိတ်လိုက်ပြီး အာရုံခံနေလေသည်။ ခဏကြာသည့်အခါ မျက်လုံးဖွင့်လိုက်ပြီး နဂါးမင်းကြီးဘက်သို့လှည့်လိုက်သည်။
“အဲဒါ သမီးတော် စောလှဖြူပါ”
နဂါးမင်းကြီး အလွန်အံ့ဩသွားသည်။
“သမီးတော်စောလှဖြူက လူ့ပြည်လူ့ရွာသွားပြီး မြို့ရွာတည်ထောင်ပြီး နေထိုင်ကာ၊ လူသားတွေကိုအကျိုးပြုပြီးတော့ နဂါးကျင့်စဉ်တွေကို သွားကျင့်မယ်လို့ ပြောသွားတာမဟုတ်လား၊ အရဟံဓါးသခင်ကို အနှောင့်အယှက်ပေးပါ့မလား”
“ဘာကြောင့်မှန်းတော့ မသိပေမယ့်၊ အခုအာရုံထဲမှာတော့ သူမှသူအစစ်ပါ နဂါးမင်းကြီး”
“ကောင်းပြီလေ၊ ဒီတော့ သမီးတော်ရဲ့အရေးကို နဂါးမယ်တော်ကြီးကပဲ ဝင်ရောက်ပြီးဖြေရှင်းပေးလိုက်ပါ၊ နှစ်ဦးနှစ်ဖက် မထိခိုက်မနစ်နာရအောင် ငြိမ်းချမ်းတဲ့နည်းလမ်းကို အသုံးပြုပြီးဖြေရှင်းပေးပါ”
ဝိမလဒေဝီက အရဟံဓါးဘက်သို့လှည့်လိုက်ပြီး
“ကောင်းပါပြီဓါးသခင်၊ အသင်အရှေ့ကသွားနှင့်ပါ ကျွန်ုပ်အနောက်က လိုက်လာခဲ့ပါ့မယ်”
ထိုအခါ ဖိုးလုံးလည်း အရဟံဓါးကို ပြန်လည်ခေါ်ဆောင်လိုက်လေသည်။
နဂါးဖြူဖန်ဆင်းသည့် ကဝေများနှင့် ရန်ရှင်းမှာ အတော်ပင် တိုက်ပွဲပြင်းထန်နေပြီဖြစ်သည်။ ရန်ရှင်းမှာ ကဝေများ၏ ပစ်ချက်များကို ကြာကြာမခုခံနိုင်တော့ပေ၊ ထိုအခါ အလွန်ကျယ်လောင်သည့် အသံကြီးကိုကြားလိုက်ရသည်။
“သမီးတော်၊ ရပ်တန်းကရပ်လိုက်ပါတော့”
နဂါးဖြူက ဟိုဟိုဒီဒီကြည့်ပြီးနောက်
“ဟင် ထူးဆန်းလိုက်တာ၊ ဒီအသံဟာ ဝိမလမယ်တော်ကြီးရဲ့ အသံပါလား”
နဂါးဖြူလည်းတိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်သည်။ ထိုအခါ ကောင်းကင်ယံမှ အလွန်ကြီးမားသည့် နဂါးကြီးတစ်ကောင်က ပျံသန်းလာကာ ကုန်းကမူကလေးပေါ်သို့ဆင်းသက်လိုက်သည့်အခါ ဝိမလဒေဝီကြီးအဖြစ်ပြောင်းလဲသွားသည်။ ရန်ရှင်းမှာ အံ့ဩလွန်းပြီးပါးစပ်ပင် မစေ့နိုင်ပေ။ ဖိုးလုံးလည်း မျက်လုံးများကိုပြန်လည်ဖွင့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“သမီးတော် စောလှဖြူ၊ တိုက်ခိုက်နေတာကို ရပ်တန့်ပါ၊ သမီး အရဟံဓါးသခင်ကို အနိုင်မယူနိုင်ဘူး”
နဂါးဖြူမှာ အလွန်အံ့ဩသွားလေသည်။ ဝိမလဒေဝီကြီး၏ အပြောကို ချက်ချင်းမယုံကြည်နိုင်သေးပေ။
“ဘယ်လိုပြောလိုက်တာလဲမယ်တော်၊ ဒီလူသားတစ်ယောက်လောက်ကို သမီးက အသာကလေးအနိုင်ယူနိုင်တာပေါ့”
“သမီးတော်စိတ်လျော့စမ်းပါ၊ ဒီလူသားကို သမီးတော်မပြောနဲ့၊ မယ်တော်နဲ့ ခမည်းတော်ကြီးတို့တင်မက၊ နတ်ပြည်က နတ်နဂါးတွေအဆုံး တစ်ယောက်မှ အနိုင်မယူနိုင်ဘူးကွဲ့၊ သမီးအခုချက်ချင်း အရဟံဓါးသခင်ကို ဝန်ချတောင်းပန်စမ်းကွယ်”
“မတောင်းပန်နိုင်ပါဘူး၊ နဂါးမျိုးမှာ လူသားတစ်ယောက်ကို တောင်းပန်တယ်ဆိုတဲ့ ရာဇဝင်မျိုးမရှိဘူး မယ်တော်”
ထို့နောက် နဂါးဖြူက ပြင်းထန်သော အဆိပ်ငွေ့များဖြင့် ထပ်မံမှုတ်လေရာ ဝိမလဒေဝီကြီးက ဘယ်ဖက်လက်ဝါးကိုဖြန့်လိုက်ပြီး အဆိပ်ငွေ့များကို စုပ်ယူလိုက်လေသည်။
“မယ်တော်၊ ဘာလို့ ဒီလူသားဘက်ကနေ ပါနေသလဲတော့သမီးမသိဘူး၊ ဒါပေမယ့် ဒီလူသားကို အနိုင်ယူရမှ သမီးကျေနပ်နိုင်မယ် မယ်တော်”
ဝိမလဒေဝီက ဖိုးလုံးကိုကြည့်လိုက်ပြီး လက်အုပ်ချီလိုက်ကာ ရှိခိုးလိုက်လေသည်။ ထိုမြင်ကွင်းကိုမြင်တွေ့လိုက်ပြီး နဂါးဖြူမှာ အံ့ဩမဆုံးတော့ပေ။ ဝိမလဒေဝီက ဖိုးလုံးအားတောင်းပန်သည်။
“ဓါးသခင်၊ ကျွန်ုပ်ရဲ့သမီးကို အမျက်မထွက်ပါနှင့်၊ ကျွန်ုပ်ကိုယ်တိုင် သမီးတော်အား နှိမ်နင်းပေးပါ့မည်”
ဝိမလဒေဝီကြီးမှာ အလွန်ကြီးမားသည့် နဂါးကြီးအဖြစ်ဖန်ဆင်းလိုက်ကာ ချောင်းအတွင်းသို့ဆင်းလိုက်လေသည်။ နဂါးဖြူမှာ ဒေါသကို ထိန်းမရတော့ဘဲ ဖိုးလုံးတို့အား တိုက်ခိုက်လေရာ ဝိမလဒေဝီကြီးက အရှေ့မှကာဆီးပေးထားသည်။
“သမီးတော်၊ သမီးတော်ဟာ သမီးတော်နဲ့မတူသလိုပဲ၊ သမီးတော်က အရင်က ဒီလိုမျိုးမဟုတ်ပါဘူး”
နဂါးမယ်တော်ကြီးက တွေးလိုက်ပြီး နဂါးဖြူ၏ကိုယ်လုံးကို သူ့ကိုယ်လုံးကြီးဖြင့်ရစ်ပတ်လိုက်လေသည်။ ထို့နောက် နဂါးကြီးနှစ်ကောင်လုံး ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားကြသည်။ ရန်ရှင်းမှာ ပြူးကြောင်စွာဖြင့် ဖိုးလုံးအားကြည့်နေလေသည်။
“ခင်ဗျားဘယ်လိုလူလဲ ဖိုးလုံး၊ ခင်ဗျားက တကယ်ပဲဘာလဲ”
ဖိုးလုံးက ပြုံးလိုက်ပြီး အရဟံဓါးကို လွယ်အိတ်အတွင်းသို့ပြန်ထည့်လိုက်လေသည်။
“ကဲ လာပါ၊ ငါတို့သွားရအောင်”
ရန်ရှင်းနှင့်အတူ တောအုပ်အတွင်းသို့ဝင်ခဲ့ကြလေသည်။ တောအုပ်အတွင်းရှိစခန်းတွင် ဦးဇင်းက တရားမှတ်နေလေသည်၊ ဦးဇင်းအရှေ့တွင်တော့ ဓါးပြများမှာ အဆိပ်သင့်ပြီး သေဆုံးနေကြလေသည်။
“ဪ၊ သေခြင်းတရားဆိုတဲ့ မရဏတရားဟာ ဘုရားဟောတဲ့အတိုင်း အလွန်မြန်ဆန်လှပါလား”
“အရှင်ဘုရား တပည့်တော်တို့ ခရီးဆက်သင့်ပါပြီ”
ဦးဇင်းက မတ်တပ်ရပ်လိုက်ပြီး အရှေ့မှကြွသွားလေသည်။ သူတို့တောအုပ်အတွင်းမှ မထွက်ရသေးခင်မှာပင် ဝိမလဒေဝီကြီးနှင့် အဖြူရောင် အဝတ်အစားများဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်မှာ လူပုံစံဖြင့်သူတို့အရှေ့တွင်ပေါ်ထွက်လာလေသည်။ ထို့နောက် ဦးဇင်းကို ကန်တော့လေသည်။
“တပည့်တော်မ မှားပါပြီဘုရား၊ အရှင်ဘုရားတို့ကို နှောင့်ယှက်စော်ကားသလိုဖြစ်ခဲ့ပါပြီ”
အဖြူရောင်ဝတ်စုံဝတ်ထားသည့် နဂါးဖြူက တောင်းပန်လေသည်။ ဝိမလဒေဝီကြီးကလည်း
“သမီးတော်က လူ့ပြည်လူ့ရွာကိုရောက်တဲ့အခါ မကောင်းတဲ့အယူအဆရှိတဲ့သူတွေနဲ့ ပေါင်းသင်းမိပြီးတော့ ဒီလိုရက်စက်တဲ့အကြံတွေကို အသုံးပြုခဲ့မိတာပါ၊ အရှင်ဘုရားတို့ ခွင့်လွှတ်ပါ”
“ခွင့်လွှတ်ပါတယ် ဒကာမကြီးတို့၊ ဘုရားဟောထားတဲ့အထဲမှာ အသေ၀လာစ ဗာလာနံတဲ့၊ လူမိုက်နဲ့မပေါင်းသင်းအပ်တာ မင်္ဂလာတစ်ပါးပါ၊ အခု ဒကာမလေးက မကောင်းတဲ့အကျင့်ရှိတဲ့သူတွေနဲ့ ပေါင်းသင်းမိပြီးတော့ မကောင်းမှုတွေ ပြုလုပ်ခဲ့မိပြီ၊ ဟောဒီက ဒကာလေးဖိုးလုံးတို့သာ မကယ်တင်ခဲ့ရင် လမုံရွာကြီးတစ်ရွာလုံးက လူသားတွေကို သတ်မိပြီး မကောင်းတဲ့အကုသိုလ်အကျိုးပေးတွေကို ခံစားရတော့မှာဖြစ်တယ်၊ ဒါကြောင့် ဒကာမလေး ပြုခဲ့တဲ့မကောင်းမှုတွေကို သံဝေဂရဆင်ခြင်ပြီးတော့ ရှေ့လျှောက်မကောင်းမှုတွေ မပြုမိအောင် စောင့်ထိန်းရမယ်”
“မှန်ပါ ဘုရား”
ဝိမလဒေဝီကြီးက ဘယ်ဖက်လက်ဝါးကိုဖြန့်လိုက်သည့်အခါ တစ်တောလုံးတွင်သင့်နေသည့် အဆိပ်များကို စုတ်ယူသွားပြီးနောက် သစ်ပင်များမှာ တဖန်ပြန်လည်ကာ စိမ်းစိုလာလေသည်။ အဆိပ်မိသဖြင့် သေဆုံးနေသည့် လူများမှာလည်း ပြန်လည်နိုးထလာကြသည်ကိုကြည့်ကာ ရန်ရှင်းက အံ့ဩနေမိသည်။
“ဒီလူတွေက သေသွားပြီမဟုတ်လား”
“မသေသေးပါဘူး၊ အဆိပ်ရည်ထိပြီး ဘဝင်ကျပြီး သတိလစ်နေတာပါ”
ထို့နောက် ချောင်းရိုးလေးအတွင်းမှ ဓါးပြကြီးများပြန်တက်လာကြသည်။ ဓါးပြခေါင်းဆောင် လဘိန်းက ဓါးမကြီးကို ထမ်းပိုးထားရင်း သူတို့အနားရောက်လာသည်။ ဖိုးလုံးက လဘိန်းပုခုံးကိုပုတ်လိုက်ရင်း
“ကဲ လဘိန်း၊ အခုဆို မကောင်းတဲ့အရာတွေမရှိတော့ဘူး၊ ဒီတော့ မင်းကပဲဦးစီးပြီးတော့ လမုံရွာကြီးကို ပြန်လည်တည်ထောင်ပါ၊ လမုံရွာသားတွေကို ဦးစီးပြီးအုပ်ချုပ်ဆောင်ရွက်ပါ”
“ဟောဒီက နဂါးဖြူကတော့ လွှဲမှားတဲ့အယူဝါဒတွေ ကင်းစင်သွားပြီး မှန်ကန်တဲ့အယူဝါဒကို သိရှိသွားပြီမို့လို့ မင်းတို့ကိုထပ်ပြီး မနှောင့်ယှက်တော့ပါဘူး”
လဘိန်းက ကျေနပ်စွာပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ ထိုအချိန်က အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်နေသည့်အချိန်ဖြစ်သော်လည်း ထိုဒေသမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဝေးလံခေါင်သီသည့် ဒေသဖြစ်သည်မို့ နယ်ချဲ့အုပ်ချုပ်ရေးစနစ် လက်လှမ်းမမီသေးသဖြင့် ရှေးနည်းအတိုင်း သင့်ရာလူက အုပ်ချုပ်ကြစမြဲဖြစ်လေသည်။
လဘိန်းက နဂါးဖြူတို့လုပ်သလို လက်အုပ်ချီလိုက်ပြီး မြေကြီးတွင်ဒူးထောက်လိုက်သည်။
“ဦးဇင်း ကျုပ်တို့ကိုလည်း မှန်ကန်တဲ့အယူဝါဒတွေ သင်ကြားပြသပေးပါ”
ဦးဇင်းက ကျေနပ်စွာဖြင့်ပြုံးလိုက်လေသည်။
သို့နှင့် ဓါးပြခေါင်းဆောင် လဘိန်းနှင့် လူတစ်စုအား ဦးဇင်းက သစ်ပင်တစ်ပင်၏ခြေရင်းတွင်ပင် ကံ၊ ကံ၏အကျိုးနှင့် မွန်မြတ်စွာရှင်သန်ခြင်းလမ်းစဉ်များကို ဟောကြားပေးပြီးနောက် ဓါးပြကြီးများမှာ မှန်ကန်သည့်အယူဝါဒကို သက်ဝင်ယုံကြည်လာပြီးနောက် သရဏဂုံနှင့် ငါးပါးသီလကို ဆောက်တည်လိုက်ကြလေသည်။
ဦးဇင်းနှင့် ဖိုးလုံး၊ ရန်ရှင်းတို့လည်း ထိုတောအုပ်အတွင်းမှဖြတ်ကာ တောလမ်းကလေးအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။ ဝိမလဒေဝီကြီးကလည်း ဖိုးလုံးတို့အား အထူးထူးသော သစ်သီး၀လံများကို လှူဒါန်းလိုက်လေရာ ဖိုးလုံးတို့မှာ အိတ်ကြီးတစ်အိတ်နှင့် သယ်ဆောင်လာကြလေသည်။
“ဒီမြေပြန့်ကိုဖြတ်ပြီးလို့ တောင်ကုန်းကလေးတစ်ခုကို ကျော်ဖြတ်ပြီးရင် ဦးဇင်းရဲ့ မွေးရပ်မြေရွာကလေးကို ရောက်ပြီပေါ့ ဒကာလေး”
ဦးဇင်းနှင့်အတူ ဖိုးလုံးတို့ ဆက်လက်လျှောက်လှမ်းလာကြလေသည်။
တောပုန်းဓါးပြကြီး လဘိန်းမှာ အကွဲကွဲအပြားပြားဖြစ်နေသည့် လမုံရွာသားများကို စုစည်းပြီး လမုံရွာသစ်ကြီးကိုတည်ထောင်လိုက်ကြသည်။ ရွာသားများမှာလည်း လဘိန်းထံမှ မှန်ကန်သည့်အယူဝါဒကို လက်ဆင့်ကမ်းသယ်ဆောင်မိပြီး ကောင်းမွန်စွာကျင့်ကြံနေထိုင်သွားကြတော့သည်။
ပြီးပါပြီ၊