(ဖြစ်ရပ်မှန်)
(၁)
စိုးမိုးတစ်ယောက် ထိုခရီးသွားဖြစ်ခဲ့နေသည်ကို နောင်တရမဆုံး။ ထိုခရီးမသွားခင်ကတည်းက စိတ်ထဲလေးပြီး ထင့်နေမိသည်။ သို့သော် စိုးမိုးက ခေတ်လူငယ်တစ်ယောက်ဖြစ်သည်မို့ အယူတော့မသည်း။ သို့သော်ခေါင်းမာပြီးသွားလိုက်မိခြင်းကြောင့် ထိုခရီးအတွက် ဆုံးရှုံးမှုတွေ အများကြီးဖြစ်သွားခဲ့သည်။
စိုးမိုးက ရန်ကုန်တွင်နေသည်။ သူက မြန်မာပြည်မွေး တရုတ်ဖြစ်သည်။ မိဘများက ရန်ကုန် လသာတွင် တရုတ်ကုန်စုံဆိုင်ကြီးတစ်ခုဖွင့်ထားသလို အခြားလုပ်ငန်းများတွင်လဲ ရှယ်ယာများရင်းနှီးမြှပ်နှံထားသည်။ စိုးမိုးက အငယ်ဆုံးဖြစ်သည်။ တက္ကသိုလ်တက်ကတည်းက ကားတစ်စီးဖြင့် အပေါင်းအသင်းများဖြင့် ဟေးလားဝါးလားသာ နေလေ့ရှိသည်။
ကျောင်းပြီးတော့ ဘွဲ့ရပြီးသည်အထိ အလုပ်မည်မည်ရရမရှိ။ မိဘလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ဖို့လဲ သိပ်စိတ်မပါ။ မိဘတွေကလဲ စိုးမိုးကို အမြဲတမ်းဆူနေသည်။ ထို့ကြောင့် စိုးမိုးအိမ်မကပ်တော့။ အပေါင်းအသင်းများနှင့်သာ ဟိုဟာလေးလုပ်လိုက် ဒီဟာလေးလုပ်လိုက်နှင့် အချိန်ဖြုန်းနေတတ်သည်။ မိဘများက စိတ်ဆိုးသော်လည်း သားအငယ်ဆုံးမို့ အလိုလိုက်သည်။ အချိန်တန်လို့ စိုးမိုး လက်ဖြန့်လျှင် သူ့အမေက အမြဲထုတ်ပေးနေကြဖြစ်သည်။
အခုတစ်ခါတော့ နယ်က သူငယ်ချင်းတစ်ယောက်၏ မင်္ဂလာဆောင်ဖြစ်သည်။ စိုးမိုးတို့ ကျောင်းတက်တုန်းက ခင်ခဲ့သည့် သူငယ်ချင်းဖြစ်သည်။ စိုးမိုးနှင့်လဲ အလွန်ခင်သဖြင့် မသွား၍လဲ မကောင်း။ သူက အရင်က ရန်ကုန်မှာနေသော်လည်း မင်္ဂလာဆောင်သည့်အခါ နယ်တွင်သွားဆောင်သည်။ စိုးမိုးတို့ သူငယ်ချင်းတစ်စုကလဲ စိုးမိုးကားဖြင့် သွားကြမည်ဖြစ်သည်။ စိုးမိုးနှင့် တွဲဖက် ကျော်မင်း၊ အောင်အောင် နှင့် နွားကြီး တို့လဲ လိုက်မည်ဖြစ်သည်။ စိုးမင်း၏ ဆလွန်းကား လေးဖြင့်သွားကြမည်ဟု စီစဉ်ထားသည်။
(၂)
မင်္ဂလာမဆောင်ခင် တစ်ရက်ကြိုပြီးသွားထားမည်ဖြစ်သည်။ ထိုနေ့က ခရီးထွက်မည့်နေ့။ စိုးမိုးက ခရီးဆောင် လက်ကေ့ထဲကို အဝတ်အစားတွေ၊ ဂျင်းဘောင်းဘီတွေ ထိုးထည့်လိုက်သည်။ အဝတ်အစားတွေက သေချာမခေါက်ထားသဖြင့် ပွယောင်းနေကာ လက်ကေ့က ပြည့်လျှံနေတော့သည်။ မင်္ဂလာဆောင်ပြီးတော့ ထိုမြို့မှာ လေးငါးရက်လောက် နေပြီး လည်ပတ်ရန် စီစဉ်ထားကြသည်မို့ အဝတ်အစားက များများယူရသည်။
စိုးမိုးက လက်ကေ့ကို ဆွဲပြီး တိုက်ခန်းပေါ်မှဆင်းလိုက်သည်။ တိုက်မှာ သုံးလွှာဖြစ်သည်။ လက်ကေ့က လေးလံနေသည်။ စိုးမိုးလဲ လှေကားကနေ ဆင်းလာရာ မြေညီထပ်အရောက် လှေကားဆင်းခါနီးတွင် လက်ကေ့က ကွဲသွားပြီး အဝတ်တွေအားလုံးကို မြေပေါ်ကို ပြန့်ကျဲပြီး ကျသွားလေသည်။
“တောက် . . . သွားတော့လာတော့မယ် ဆိုမှကွာ”
စိုးမိုးက ကြိမ်းမောင်းလိုက်ပြီး ပြန့်ကျဲနေသော အကျီတွေကို လိုက်ကောက်လိုက်သည်။ လက်ကေ့မှာ ဇစ်နေရာက ကွဲသွားပြီး ဖင်ဘက်က ပွင့်သွားသည်မို့ ပစ္စည်းများအကုန်ထွက်ခြင်းဖြစ်သည်။ ထို့နောက် စိုးမိုးက အိမ်ပေါ်ပြန်မတက်တော့ဘဲ ပထမထပ်ရှိ အမေ့ဆီသို့သွားလိုက်သည်။
“အမေ လက်ကေ့အပိုလေး ဘာလေးရှိလား”
စိုးမိုးမေးလိုက်တော့ သူ့အမေက တီဗွီကြည့်နေခြင်းဖြစ်သည်။ သူ့အဖေကတော့ ထိုင်ခုံတွင် စာထိုင်ဖတ်နေသည်။ စိုးမိုးအမေက အခန်းထဲပြေးဝင်သွားသည်။ စိုးမိုးအဖေက စိုးမိုးကို တစ်ချက်မော့ကြည့်လိုက်ပြီး စာပြန်ဖတ်နေသည်။
“ဒါက ဘယ်ကို သဝေထိုးဦးမလို့လဲ”
စိုးမိုးက စပ်ဖြီးဖြီးလုပ်လိုက်ပြီး အဖေ့နားတွင် ဝင်ထိုင်လိုက်သည်။
“သူငယ်ချင်းမင်္ဂလာဆောင်သွားရမှာ မြန်မာပြည်အလယ်ပိုင်းပေါ့”
စိုးမိုးပြောလိုက်တော့ အဖေက သက်ပြင်းချလိုက်သည်။
“သူများမင်္ဂလာဆောင်တွေပဲ သွားမနေနဲ့”
စိုးမိုးက ပါးစပ်ကိုဖြဲလိုက်သည်။ အဖေဆိုလိုသည့်သဘောကို သူသိပြီ။ အဖေနှင့် အမေက မြန်မာကားအကြည့်များလို့လားမသိ။ စိုးမိုး ကို အိမ်ထောင်ချပေးပြီး ခြေငြိမ်အောင်လုပ်မည်။ သူယူတဲ့မိန်းကလေးက သူ့ကိုထိန်းပေးနိုင်မည်ဟု ထင်နေကြသည်။ စိုးမိုးကတော့ မိန်းမယူဖို့အထိ စိတ်မကူးသေး။ သို့သော် အသက် ၃၀ နားကပ်နေပြီ၊ သူ့သူငယ်ချင်းတွေတော်တော်များများက အိမ်ထောင်ကျပြီး ကလေးတွေနဲ့ဖြစ်နေပြီ။
ခဏနေတော့ အမေက လက်ကေ့တစ်ခုဆွဲလာသည်။ လက်ကေ့မှာ သတ္တုသားနှင့်လုပ်ထားသည့် လက်ကေ့မာမာ အကြီးကြီးဖြစ်သည်။ စိုးမိုးစိတ်ပျက်သွားသည်။ သူ့အဝတ်အစားက အဲ့ဒီလောက်မများ၊ သတ္တုနှင့်မို့ လေးလဲလေးပြီး နေရာလဲ ယူသည်။ သို့သော် ရွေးချယ်စရာမရှိတော့။ အမေနားကိုကပ်သွားလိုက်ပြီး လက်ကိုအဖေမမြင်အောင် ကိုယ်လုံးနဲ့ကွယ်ပြီးဖြန့်လိုက်သည်။
အမေက စိုးမိုးကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ငါးထောင်တန် အုပ်ကို သူ့လက်ထဲကို အသာလေးထည့်ပေးလိုက်သည်။ စိုးမိုးလဲ အလွန်ပျော်သွားကာ အမေ့ပါးကိုနမ်းလိုက်သည်။ ထို့နောက် လက်ကေ့ကို ဆွဲပြီးထွက်လာခဲ့သည်။ အိမ်ပေါက်ဝရောက်တော့ အဖေက အိမ်ထဲကလှမ်းအော်သံကိုကြားလိုက်ရသည်။
“ဟေ့ကောင် အကုန်လုံး သုံးမလာခဲ့နဲ့ဦး”
စိုးမိုးက ကားပေါ်မှာ တင်ထားသည့် လက်ကေ့အကွဲမှ အကျီများကို ထုတ်ပြီး လက်ကေ့အကြီးထဲ ပြောင်းထည့်လိုက်သည်။ ထို့နောက် ကျော်မင်းဆီသို့ ကားကိုမောင်းထွက်လိုက်သည်။ ကျော်မင်းအိမ်ရောက်တော့ ကျော်မင်းက အဆင်သင့်ဖြစ်နေပြီ။
“မင်းကွာ နောက်ကျလိုက်တာ ငါကစောင့်နေတာကြာပြီ”
ကျော်မင်းကိုခေါ်ပြီးတော့ သူ့အထုပ်အပိုးတွေကိုတင်ရန်ကြံရသည်။ ကားနောက်ဖုံးက မဆန့်တော့။ မတတ်နိုင်တော့ ကားနောက်ခန်း(လူထိုင်သည့်နေရာ)တွင်သာ ထည့်ပြီး ကျော်မင်းကို ခေါင်းခန်းတွင်တင်လာသည်။
“နွားကြီးကို သွားခေါ်ရအောင်”
နွားကြီးဆိုသည်မှာ အကောင်ကြီးကြီး ဗလတောင့်တောင့်နှင့်မို့ သူငယ်ချင်းများက နွားကြီးလို့ခေါ်ကြသည်။ သူက ဂျင်ဖွင့်ထားပြီး ကာယဗလကိုလဲ ဝါသနာပါသည်မို့ ဗလကတော့ တော်တော်တောင့်သည်။ နွားကြီး ဂျင်မ်ရှေ့ရောက်တော့ နွားကြီးကထွက်လာသည်။
“ငါ့မားသား နေမကောင်းလို့ ငါမလိုက်ဖြစ်တော့ဘူးကွာ”
နွားကြီးမလိုက်တာကို စိုးမိုးတို့က ဘာမှမဖြစ်၊ ဘာလို့လဲဆိုတော့ နွားကြီးလိုက်လျှင် နောက်ခန်းက ပြည့်တော့မည်။ အခုတောင် ကျော်မင်း၏ အဝတ်အစားထုပ်တွေနှင့် ပြည့်လုနီးနီးဖြစ်နေသည်။ သို့သော် နွားကြီးက စက္ကူကတ်ထူ လေးထောင့်ပုံးတစ်ပုံးကိုထည့်ပေးလိုက်သည်။
“ဘာတွေလဲကွ”
စိုးမိုးက မေးလိုက်သည်။
“ဟိုတစ်လောက ငါကယားဘက်က ပြန်လာတော့ ကယန်းဝက်အူချောင်းတွေရယ်၊ နောက်ပြီး စားစရာတွေရယ်၊ တခြားလက်ဆောင်တွေပေါ့ကွာ၊ အညာမှာတော့ ဒါတွေ ဘယ်ရှိပါ့မလဲ”
စိုးမိုးက ခေါင်းညိတ်လိုက်ပြီး ထိုပုံးကို အနောက်ခန်းတွင် တင်လာလိုက်သည်။
နောက်ဆုံးမှတ်တိုင်က အောင်အောင်ဆီဖြစ်သည်။ အောင်အောင်က ဆင်ခြေဖုံးတွင်နေသည်။ ရန်ကုန်အထွက်နှင့် နီးသဖြင့် အောင်အောင်ကို နောက်ဆုံးခေါ်ပြီး သွားမည်ဖြစ်သည်။ သို့သော် အောင်အောင်ကလဲ မလိုက်အား။ အရေးကြီးကိစ္စရှိသဖြင့် သူလဲ မလိုက်ဖြစ်ဘဲ လက်ဖွဲ့ပစ္စည်းသာ ထည့်ပေးလိုက်လေသည်။
(၃)
အခုတော့ ခရီးက သူငယ်ချင်းနှစ်ယောက်သာ သွားဖြစ်တော့သည်။ ကားနောက်ခန်းက ပစ္စည်းတွေနှင့် ပြည့်နှက်နေသည်။ အမြန်လမ်းမရောက်ခင် မီနီမတ်တစ်ခုတွင်ဝင်ပြီး ဈေးဝယ်ကြသည်။ဆတ်သားခြောက်များ၊ ဝက်ပေါက်ခြောက်အလွှာများ၊ အချဉ်ထုပ်များ၊ နေကြာစေ့များ၊ အာလူးကြော်များဝယ်ခဲ့သည်။ ပြီးတော့ အမြန်လမ်းမှတဆင့် မြန်မာပြည်အလယ်ပိုင်းသို့ ခရီးဆက်ခဲ့ကြသည်။ ထိုလမ်းတစ်လျှောက်တွင် ဘာမှ ထူးထူးခြားခြားမဖြစ်သောကြောင့် အသေးစိတ် မဖော်ပြတော့ပါ။
သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်လှည့် မောင်းလာရာ ကိုးနာရီလောက် မောင်းပြီးတော့ မန္တလေးကို ကျော်လာပြီဖြစ်သည်။ ထိုနားမှ တစ်ဆင့် သူငယ်ချင်းနေသည့် မြို့ကလေးသို့ လမ်းခွဲပြီးသွားရမည်ဖြစ်သည်။ မနက်ကိုးနာရီလောက်ကတည်းက ထွက်ခဲ့သည်မို့ ညနေနေဝင်ပြီး မှောင်နေပြီဖြစ်သည်။ သူငယ်ချင်းနှစ်ယောက်မှာ ညစာမစားရသေး။
အမြန်လမ်းမှ ချိုးကွေ့ပြီး မောင်းလာခဲ့ရာ မကြာမီတွင် ခရီးသွားကားများစည်ကားသည့် လမ်းဆုံကလေးတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုလမ်းဆုံရောက်တော့ ၇ နာရီထိုးနေပြီဖြစ်သည်။ မြန်မာထမင်းဆိုင်လေးများအများအပြားရှိပြီး ခေတ်မီကာ သန့်လဲသန့်သည်မို့ စိုးမိုးတို့ ကားရပ်လိုက်သည်။ ထမင်းဆိုင်တွင် ဝင်ထိုင်ပြီး ထမင်းမှာလိုက်သည်။
“ဝက်သားဟင်း ဘာဟင်းရလဲဗျ”
ဆိုင်မှ စားပွဲထိုးကောင်မလေးက စိုးမိုးကို ပြုံးပြလိုက်သည်။
“အကိုတို့ ဒီမှာ ဝက်သား၊ အမဲသား မရပါဘူးရှင့်”
စိုးမိုးက မျက်ခုံးပင့်လိုက်သည်။ စိုးမိုးက ဝက်သားဆို အကောင်လိုက်ပါးစပ်ထဲ မောင်းသွင်းသူဖြစ်သည်။
“ဘာလို့မရတာလဲ”
“ဒီနယ်က တောင်တော်သခင်မ ပိုင်တဲ့နေရာလေ၊ နတ်ကြီးတယ်၊ သားကြီးငါးကြီး မတင်ရ၊ မစားရဘူး”
“သားကြီးငါးကြီးဆိုတော့ ငါးရော မတင်ရဘူးလား”
“မဟုတ်ပါဘူး ဝက်သား၊ အမဲသား ကိုပြောတာပါ”
စိုးမိုးတို့လဲ ဗမာကြက်နှင့် ငါးဟင်းလျှာများကို မှာပြီးစားသောက်လိုက်ကြသည်။ စားသောက်ပြီး အပေါ့အပါးသွားပြီးတော့ ငွေရှင်းရန်လုပ်လိုက်သည်။ ထိုစဉ် ဆိုင်ရှင်ဖြစ်မည်ဟန်တူသော ဦးလေးကြီးတစ်ယောက်က ငွေတွေကိုင်ထားပြီး ငွေလာရှင်းလေသည်။
“ဦးလေး (—) မြို့ကို ဘယ်လိုသွားရလဲ””
“”ဒီလမ်းအတိုင်းတည့်တည့်သွားလို့လဲရတယ်၊ ၄နာရီလောက် ထပ်မောင်းရဦးမယ်၊ ဒါမှမဟုတ် တည့်တည့်သွားပြီး ရှေ့နားမှာ လမ်းခွဲတစ်ခုတွေ့လိမ့်မယ်၊ အဲဒီလမ်းက သွားရင်တော့ ၂နာရီ ကျော်ကျော်လောက်ပဲ ကြာမယ်၊ အဲ့လမ်းကတော့ မြို့ရှောင်လမ်းခေါ်မလားပဲ””
“ဒါဆိုလဲ အချိန်မကုန်တဲ့ လမ်းကနေ သွားကြတာပေါ့”
စိုးမိုးက ကျော်မင်းကိုပြောလိုက်သည်။ ဦးလေးကြီးက ငွေတွေ ပြန်အမ်းပေးနေသည်။
“ဒါနဲ့ အဲ့ဒီလမ်းက တောင်ပေါ်ကနေဖြတ်သွားတဲ့လမ်းနော်၊ နယ်ကြမ်းတယ်၊ အမဲသား၊ ဝက်သားသယ်မရဘူး”
သူတို့လဲ ခေါင်းညိတ်ပြီး ဆက်ထွက်ခဲ့ကြသည်။ မောင်းလာရင်း ကျော်မင်းက ပြောလေသည်။
“အဲဒီလမ်းက ဝက်သားသယ်မရဘူးဆိုတော့ ငါတို့ ဝယ်လာတဲ့ ဝက်ပေါက်ခြောက်အလွှာလေးတွေ ဘယ်လိုလုပ်မလဲ”
“မင်းကလဲကွာ၊ လူတွေက ဒီလိုပဲ လျှောက်ပြောကြတာပါ၊ ဒီခေတ်မှာ ဒါမျိုးယုံစရာလား”
စိုးမိုးက ကျော်မင်းကို ပြောလိုက်သည်။ စိုးမိုးကတော့ ထိုသို့ရှေးကျသည့် အယူအဆများကို လက်လဲလက်မခံ၊ ယုံလဲ မယုံကြည်။
“ဟ မင်းမယုံရင်နေကွာ ၊ ငါတော့ယုံတယ်၊ ဒီတော့ ပြသနာမဖြစ်အောင် တစ်ခါထဲ ရှင်းထားတာကောင်းတယ်”
ကျော်မင်းက သူတို့ဝယ်လာသည့် ပစ္စည်းများထဲတွင် ဝက်သားပါမပါကို စစ်ဆေးနေသည်။ ပြီးတော့ ဝက်ပေါင်ခြောက်ကို အသင့်စားရန်ပြုလုပ်ထားသည့် အိတ်ကလေးကို ထုတ်လိုက်လေသည်။
“ကျော်မင်းရာ ၊မင်းဒီလောက် ကြောက်တတ်မယ်လို့ ငါမထင်ခဲ့ဘူးကွာ ဟား . .ဟား”
စိုးမိုးက ကျော်မင်းကို ငေါ့ပြောလိုက်သည်။ ကျော်မင်းကတော့ ဘာမှပြန်မပြောဘဲ သူ့ကို ဘုကြည့်ကြည့်လိုက်သည်။
“ဒီတိုင်းသယ်သွားလို့ မရတာမဟုတ်လား၊ ဗိုက်ထဲထည့်ပြီးတော့ သယ်သွားကြတာပေါ့ကွာ ဟား . . .ဟား”
ထို့နောက် စိုးမိုးနှင့် ကျော်မင်းတို့သည် ဝက်ပေါက်ခြောက်များကို မြန်မြန်စားလိုက်ကြပြီး အိတ်ခွံကို လွှင့်ပစ်လိုက်ကြသည်။
(၄)
ကားမောင်းလာပြီး နာရီဝက်လောက်ကြာသောအခါ လမ်းခွဲကလေးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုလမ်းခွဲမှာ သူတို့သွားမည့်မြို့သို့ တောင်ကိုဖြတ်ပြီး ဖောက်ထားကာ ခရီးအားဖြင့်လဲ ပိုပြီးနီးလေသည်။ သူတို့လဲ လမ်းခွဲကလေးကို တွေ့လိုက်သည်မို့ ကွေ့ပြီးဝင်လိုက်သည်။ လမ်းကလေးအနီးတွင် အိမ်ကလေးများရှိသော်လည်း တဖြည်းဖြည်းမောင်းလာသောအခါ အိမ်ခြေများမရှိတော့ဘဲ၊ သစ်တောကြီးများသာရှိတော့သည်။
ထိုလမ်းမှာ ကားများလဲ သိပ်အသွားအလာမရှိဘဲ တစ်ခါတစ်ရံ တစ်စီးတစ်လေသာ ဖြတ်သန်းသွားလေသည်။ လမ်းမှာ တဖြည်းဖြည်းနှင့် တောင်တက်လမ်းလေးဖြစ်လာသည်။ လမ်းက ပြေသဖြင့် သိပ်မသိသာပေ။ နံဘေးရှိ သစ်တောကြီးများသည် မှောင်ပိန်းနေပြီး ကားမီးရောင်အောက်တွင် သစ်ပင်ကြီးများက သရဲလက်ကြီးများလို ဖြစ်ပြီး ခြောက်ခြားဖွယ်ကောင်းနေသည်။
စိုးမိုးလဲ ကားမောင်းရင်း အနည်းငယ်ကြောက်လာသည်။ ဘာကိုကြောက်လို့ ကြောက်မှန်းတော့မသိ။ လမ်းက ကားလဲရှင်းသည်၊ လမ်းလဲ ဖြူးသည်မို့ ကားကို အရှိန်မြှင့်တင်ပြီးမောင်းလာကြသည်။ စိုးမိုးက ကားမောင်းနေသော်လည်း တစ်နေ့လုံးကျော်မင်းက အမြန်လမ်းတွင် မောင်းလာရသည်မို့ ကျော်မင်းက အိပ်ငိုက်နေပြီဖြစ်သည်။
ကားမောင်းလာရင်း တစ်နေရာအရောက်တွင် ကျော်မင်းက မျက်လုံးဖွင့်လိုက်ပြီး ထအော်လိုက်သည်။
“စိုးမိုး ရှေ့မှာ ရှေ့မှာ”
“ဒုန်း . . . .”
အလွန်ကျယ်လောင်သည့် ကားတိုက်သံကြီးနှင့်အတူ ကားကလေးကလဲ တုန်ခါသွားသည်။ စိုးမိုးလဲ လန့်သွားပြီး ကားကိုအရှိန်လျော့ကာ ရှေ့နားတွင် လမ်းဘေးကပ်ရပ်လိုက်လေသည်။
“ဘာ . . . ဘာဖြစ်တာလဲ ကျော်မင်းရဲ့”
“ငါ . . ငါလဲ တစ်ရေးနိုးလာတော့ ရှေ့မှာ ကောင်မလေးတစ်ယောက် လမ်းဖြတ်ကူးနေတာ တွေ့လိုက်လို့”
စိုးမိုး ခေါင်းကုတ်လိုက်သည်။
“မင်းကလဲကွာ ကြံကြံဖန်ဖန် ငါသေချာကြည့်မောင်းနေတာ ဘယ်သူမှမရှိပါဘူးကွ”
“ဒါနဲ့ ကားက တစ်ခုခုနဲ့ တိုက်သွားတယ်မလား”
ကျော်မင်းပြောမှ စိုးမိုးလဲ သူ့ကိုယ်သူ သံသယဖြစ်လာသည်။ သူပဲ ကားလမ်းကူးတဲ့ ကောင်မလေးကို မမြင်လိုက်တာလား။ ဒါနဲ့ သေချာအောင် ကားတံခါးကိုဖွင့်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ကျော်မင်းလဲ လိုက်ပြီးဆင်းလိုက်လေသည်။
“တစ်ခုခုနဲ့တိုက်မိတဲ့အသံတော့ ထွက်တယ်ကွ၊ ဒါပေမယ့် ကားက ဘာမှမဖြစ်ဘူး”
စိုးမိုးပြောတာဟုတ်သည်။ ကားမှာ ပွန်းရာတောင်မရှိ။ သူတို့လဲ ကားကိုလှည့်ပတ်ကြည့်ပြီးနောက် ကားထဲသို့ ပြန်ဝင်ထိုင်လိုက်သည်။
“မင်းက အိပ်ချင်မူးတူးနဲ့ မြင်ချင်ရာတွေ မြင်နေတာဖြစ်ပါလိမ့်မယ်”
စိုးမိုးက ခါးပတ်ပတ်ရင်းပြောလိုက်သည်။ ကျော်မင်းကတော့ ဘာမှမပြောပဲ ငူငူကြီးထိုင်နေသည်။ ထို့နောက် ကားကို စက်နှိုးပြီး မောင်းထွက်လိုက်သည်။
နံဘေးမှ သစ်တောကြီးများကို ကြည့်ရင်း ကျော်မင်းလဲ အိပ်ပျော်သွားပြန်သည်။ စိုးမိုးလဲ လမ်းကိုသေချာကြည့်မောင်းနေရသည်။ ထိုသို့မောင်းနေစဉ် အနောက်ခန်းမှ တကျွတ်ကျွတ်နဲ့ ကြွတ်ကြွတ်အိတ်များကို နှိုက်နေသံကိုကြားလိုက်ရသည်။ စိုးမိုးက လမ်းကို အာရုံစိုက်မောင်းနေရသည်မို့ ကျော်မင်း မုန့်ယူစားသည်ဟု ထင်လိုက်သည်။
“ကျော်မင်းရေ ငါ့ကိုလဲ အချဉ်ထုတ်လေး တစ်ထုတ်လောက်ဖောက်ပြီးပေးပါဦး”
ထိုသို့ပြောရင်း အချဉ်ထုတ်က မရသေးသဖြင့် စိုးမိုးလဲ ကျော်မင်းကိုတစ်ချက်ကြည့်လိုက်သည်။ ကျော်မင်းက ခုံတွင်ထိုင်ကာ အိပ်မောကျနေလေသည်။ စိုးမိုးလဲ ထူးဆန်းသွားပြီး နောက်ခန်းသို့ နောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်သည်။
“ဘုရား”
စိုးမိုးက နောက်ခန်းတွင် ဆံပင်ဖားလျားချပြီး ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ စိုးမိုးက အလွန်ထိတ်လန့်သွားသည်။ သူ့စိတ်ထဲအလွန်ကြောက်လန့်သွားသည်။ နောက်ကြည့်မှန်ကို မဝံ့မရဲဖြင့် နောက်တစ်ခါ လှည့်ကြည့်လိုက်သည်။ သို့သော် နောက်ခန်းတွင် ဘယ်သူမှမရှိတော့။
“ဒုက္ခပဲ ထူးတော့ ထူးနေပြီ”
စိုးမိုးလဲ ထူးနေပြီမှန်းတော့သိသည်။ ကားကိုသာ အာရုံမပျက်စေဘဲ မောင်းနှင်လာသည်။ ငါးမိနစ်တောင်မကြာလိုက် အနောက်ခန်းမှ ထုံးစံအတိုင်း ကြွတ်ကြွတ်အိတ်နှိုက်သံတွေ ကြားနေရပြန်သည်။ စိုးမိုးလဲ ကြောက်နေပြီ။ သို့သော် ကားကိုလဲ မရပ်ရဲ။
“တစ်ခါတစ်လေမှာ တယောက်ထဲနဲ့ Xxxxxx တနေကုန် စုန်ချီဆန်ချီ အလုပ်ကြားထဲ”
ဘာလုပ်ရမှန်းမသိတော့ ကြောက်စိတ်ကို ပယ်စေနိုင်ရန်အတွက် သီချင်းတွေသာ အကျယ်ကြီးတယောက်ထဲ အော်ဆိုနေမိသည်။ နောက်ကြည့်မှန်သို့လဲ မကြည့်ရဲ။ ကျော်မင်းကလဲ အဖော်ရသည်။ အိပ်နေတာ တခေါခေါနှင့်။ စိုးမိုးက ကျော်မင်းပါ နိုးစေရန်အတွက် သီချင်းထဲတွင် ကျော်မင်း ထထဟု ထည့်ထည့်ပြီး အော်ဆိုနေသည်။
“အလိုအပ်ဆုံးက ဘဝကို Xxxxxx ကျော်မင်းရေ ထဟ ဟဲ့ကောင်ရ””
သီချင်းဆိုသံက ကားထဲဘယ်လောက်ကျယ်နေမှန်းမသိ ကျော်မင်းက မျက်လုံးဖွင့်လာသည်။
“ဟဲ့ကောင် အသံဆိုးကြီးနဲ့ကွာ ဆူညံနေတာပဲ”
ကျော်မင်းက မျက်လုံးကိုလက်နဲ့ပွတ်လိုက်ပြီး စိုးမိုးကိုကြည့်လိုက်သည်။ စိုးမိုးကလဲ ကျော်မင်းကို ကြည့်ပြီး ကားနောက်ခန်းကို မျက်စပစ်ပြလိုက်သည်။
ကျော်မင်းက အမှတ်မထင် ကားနောက်ခန်းကို လှည့်ပြီးကြည့်လိုက်သည်။
“အောင်. . . မယ် . . . . လေး . . . . ဗျ””
ကျော်မင်းအသံတွေ တုန်ယင်သွားပြီး ချက်ခြင်း ခေါင်းကို အရှေ့ပြန်လှည့်လိုက်သည်။ အနောက်ခန်းတွင် ဆံပင်ဖားလျားနှင့် သရဲမကြီးက ထိုင်နေပြီးတော့ ကျော်မင်းတို့ ပစ္စည်းတွေကို နှိုက်နေသည်။ ကျော်မင်းတို့ ဝယ်လာသည့် ဆတ်သားခြောက်အိတ်ကိုဖောက်ပြီး ဆတ်သားခြောက်အိတ်ကို အငမ်းမရ စားနေသည်။
သူငယ်ချင်းနှစ်ယောက် ဘာလုပ်ရမလဲ မသိတော့။ ကားကို အရှိန်လျော့ပြီးမောင်းနေသည်။ ကျော်မင်းလဲ ငြိမ်နေသည်။ တစ်ခုခုစဉ်းစားနေပုံရသည်။ လမ်းပေါ်တွင်လဲ သူတို့ကားလေးက လွဲပြီး ဘာကားမှမရှိ။ လမ်းဘေးတွင်လဲ သစ်တောကြီးဖြစ်သည်။
ဆတ်သားခြောက်က နည်းနည်းသာပါသည်မို့ သရဲမက မဝ။ ကုန်သွားတော့ အာလူးကြော်ထုတ်ကို ဖောက်လိုက်သည်။ အထုတ်ပေါက်သံကြားတော့ စိုးမိုးက ယောင်ပြီး နောက်ကြည့်မှန်ကနေ ကြည့်လိုက်မိသည်။ သရဲမ လက်တွေက မည်းနက်နေပြီး ပိန်ချုံးနေသည်။ လက်သည်းတွေက ရှည်ရှည် ချွန်ချွန်ကြီးတွေဖြစ်သည်။ အာလူးကြော်တွေကို လက်မဲကြီးနဲ့ နှိုက်ပြီး ပါးစပ်ထဲထည့်က ဝါးနေသည်။ အာလူးကြော်ဝါးသံ တဂျွတ်ဂျွတ်က စိုးမိုးတို့အဖို့ အလွန်ထိတ်လန့်ဖွယ်ကောင်းနေသည်။
(၅)
လမ်းကလဲ တဖြည်းဖြည်း မတ်စောက်လာသည်။ တောင်ပေါ်တက်သည့်နေရာအရောက်တွင် ကားညာဖက်ဘေးကို ဝုန်းကနဲတိုက်သံကိုကြားလိုက်ရသည်။ ကားမှာ တုန်ခါသွားပြီး အနည်းငယ်စောင်းသွားသည်။ ကျော်မင်းလဲ ဘက်ကြည့်မှန်ကို ကြည့်လိုက်သည်။
“ဟေ့ကောင်ရေ သရဲကြီးဟ ကားရဲ့ညာဖက်ကို ကုပ်ပြီးတွယ်ကပ်နေတယ်”
စိုးမိုးလဲထိန်လန့်ပြီးတုန်လှုပ်သွားသည်။ သူတုန်လှုပ်လို့ မဆုံးလိုက်။ ကားဘယ်ဖက်ကိုလဲ ဝုန်းကနဲ တိုက်သံကြားပြီး ကားက တုန်သွားပြန်သည်။ စိုးမိုးလဲ ဘက်ကြည့်မှန်ကို ကြည့်လိုက်ရာ အနက်ရောင် အဝတ်စကြီးတစ်စလို ကားကိုကပ်ထားပြီး ခေါင်းတုံးပြောင်ကြီးနှင့် သရဲကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ သရဲကြီး၏ ကိုယ်ခန္ဓာမှာ လေပေါ်တွင် လွင့်နေလေသည်။
ကားကလဲ ဘယ်ညာ အနည်းငယ် တိမ်းပြီး ယိမ်းနေတော့သည်။ စိုးမိုးလဲ ကားကို အရှိန်လျော့ထားလိုက်ပြီး ထိန်းမောင်းနေရသည်။
ကားနောက်ခန်းက သရဲမက အနံ့တရှုံ့ရှုံ့ခံရင်း နွားကြီးပေးလိုက်သည့် စက္ကူပုံးကို နမ်းရှုံ့နေသည်။ ကျော်မင်းက မျက်လုံးကြီးပြူးသွားပြီး စိုးမိုးကိုလှည့်ကြည့်လိုက်သည်။
“ဟေ့ကောင်ရေ သွားပြီ”
“ဘာလို့လဲကွ”
“အဲဒီထဲမှာ နွားကြီးပေးလိုက်တဲ့ ကယန်းဝက်အူချောင်းတွေ ပါတယ်လေ၊ ငါတို့ မေ့ပြီးသယ်လာမိပြီ”
သူငယ်ချင်းနှစ်ယောက် ဇောချွေးတွေကျနေသည်။ သရဲမက ထိုစက္ကူပုံးကို လက်သည်းကြီးနှင့် ခြစ်ပြီးဖောက်လိုက်သည်။ ထို့နောက် ကယန်းဝက်အူချောင်းကိုမြင်လိုက်တော့ အလွန်ကြောက်မက်ဖွယ်အသံကြီးနှင့် အော်ဟစ်လိုက်လေသည်။ ထိုအသံကြီးမှာ လေချွန်သံလိုအသံလဲပါပြီး အသံနက်ကြီးလဲပါသည်။ ပြောမပြတတ်သည့် အသံကြီးဖြစ်သည်။ ကားထဲရှိ ကျော်မင်းနှင့် စိုးမိုးတို့မှာ နားတွေပါအူကုန်ပြီး ဘာမှမကြားရတော။ နားထဲက လေတွေထွက်နေသည်။
ပြီးနောက် သရဲမသည် ကားရှေ့ခန်းသို့ ထိုင်ခုံများကြားမှ ထွက်လာလေသည်။ ပြီးတော့ စိုးမိုးကိုကြည့်လိုက်သည်။ စိုးမိုးကလဲ ဘေးသို့လှည့်ကြည့်လိုက်ရာ စိုးမိုးနှင့် မျက်နှာခြင်းဆိုင်ဖြစ်သွားသည်။ သရဲမ မျက်နှာမှာ အလွန်ပိန်ကျနေသည့် မိန်းမမျက်နှာဖြစ်ပြီး အရိုးခြောက်ခေါင်းလိုဖြစ်နေသည်။ မျက်တွင်းတွေကလဲ နက်နေပြီး မျက်လုံးတွေကလဲ သေးသေးလေးဖြစ်နေသည်။ စိုးမိုးဘဝတွင် ထိုအချိန်က သူ့ဘဝတစ်လျှောက် အကြောက်ဆုံးအချိန်ဖြစ်သည်။
ထို့နောက် သရဲမသည် သူ၏ ချွန်ထက်နေသော လက်သည်းများရှိသည့် လက်များဖြင့် စိုးမိုး၏ စတီယာရင်ကိုင်ထားသော လက်နှစ်ဖက်ကို အုပ်ပြီးကိုင်လိုက်လေသည်။ စိုးမိုးက ရုန်းကန်သော်လည်း သူ့တစ်ကိုယ်လုံးရှိ အကြောများမှာ သေနေသလိုဖြစ်ပြီး လှုပ်ရှား၍မရတော့။
“စိုးမိုး အရှေ့မှာ လမ်းကွေ့ကြီး”
ကျော်မင်းက အော်ပြောသော်လည်း စိုးမိုးက လှုပ်၍မရတော့။ သရဲမကြီးက စိုးမိုးလက်တွေကို ချုပ်ကိုင်ထားသည်။ ထို့နောက် စိုးမိုးကိုကြည့်ပြီး အလွန်ကြောက်စရာကောင်းသော ရယ်သံကြီးဖြင့် ရယ်မောနေလေသည်။ ကားကတော့ ထိန်းမရတော့ဘဲ လမ်းကွေ့ကို တည့်တည့် ဖြတ်မောင်းသွားသည်။ ကားလမ်းဘေးတွင် ကာထားသော ကွန်ကရစ်တိုင်ကို အရှိန်ပြင်းစွာဝင်တိုက်လိုက်သည်။ ကားက လေအိတ်တွေပွင့်ကုန်သည်။ ကားရှေ့မှန်ကြီးက တစ်စစီကြေကွဲကုန်သည်။ ထို့နောက် ကားက လည်ထွက်သွားကာ လမ်းဘေးချောက်ထဲသို့ မှောက်ပြီး ကျသွားလေတော့သည်။
ကားက မှောက်ပြီး ချောက်ထဲကျနေသည်။ စိုးမိုးက လေအိတ်တွေနှင့် ကားထဲက ပစ္စည်းတွေ ပိနေသည်။ ထိုစဉ် သူ့နံဘေးတွင် လမ်းလျှောက်သံများ တရှပ်ရှပ်ကြားရလေသည်။ သူလဲ မျက်လုံးတွေက ဝါးနေပြီး ဘာမှရေရေရာရာ မမြင်ရ။ ခန္ဓာကိုယ်ကလဲ လှုပ်မရပေ။
“တော်ပြီ၊ နင်တို့ဆက်မလုပ်နဲ့တော့၊ သွားကြတော့”
အညာသံဝဲ၀ဲနှင့် မိန်းမတစ်ယောက်၏ အသံမျိုးကိုကြားလိုက်ရသည်။ ထို့နောက် စိုးမိုးလဲ မေ့မျောသွားပါတော့သည်။
(၅)
စိုးမိုး နိုးလာတော့ သူတို့သွားမည့်မြို့၏ ဆေးရုံတွင်ဖြစ်သည်။ ကံကောင်း၍ လူမှာ ကြီးကြီးမားမားမထိခိုက်။ လက်တောင်မကျိုးပေ။ ပွန်းပဲ့ဒဏ်ရာလောက်သာရသည်။ ကျော်မင်းကတော့ ခေါင်းပေါက်သွားသည်။ ကြီးကြီးမားမားတော့မဟုတ်။ ငါးချက်ခန့်သာ ချုပ်ရသည်။ စိုးမိုးအနားတွင် အဖေနဲ့ အမေက ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“အောင်မယ်လေး သားလေးရယ် မသေကောင်း မပျောက်ကောင်း”
စိုးမိုးအမေက ငိုလေသည်။ စိုးမိုးလဲ စိတ်ထဲတစ်မျိုးကြီးဖြစ်နေသည်။ နားထဲတွင်လဲ ထမင်းဆိုင်က ဦးလေးပြောလိုက်သော စကားများကိုသား ကြားယောင်နေမိသည်။ ထို့နောက် ထိုတောင်ရှိ တောင်တော်သခင်မကို စိတ်ဖြင့် မှန်းပြီး လက်အုပ်ချီကာ တောင်းပန်ကန်တော့လိုက်လေသည်။
နေပြန်ကောင်းသွားတော့ ဆေးရုံက ဆင်းလိုက်သည်။ ထို့နောက် လိုင်းကားဖြင့် ရန်ကုန်ပြန်ခဲ့ကြသည်။ စိုးမိုး ကားကတော့ ရစရာမရှိတော့။ ပြင်၍ မရလောက်အောင်ကို ကားကပျက်စီးသွားသည်။ သို့သော် ထိုကဲ့သို့ ကားက ထိခိုက်သွားသော်လည်း စိုးမိုးတို့ ကြီးကြီးမားမား မထိခိုက်သည်မှာ ထူးဆန်းနေပေသည်။
ရှေးအယူအဆများဆိုပြီး မယုံကြည်ခဲ့မိသည့် သူ့ကိုယ်သူလဲ အပြစ်တင်မိသည်။ အကယ်၍များ ထိုခရီးကိုမသွားဖြစ်ခဲ့လျှင်၊ သွားဖြစ်သော်လည်း ဝက်အူချောင်းများ မယူသွားမိလျှင်၊ ဝက်အူချောင်းများ ယူသွားသော်လည်း ထိုလမ်းမှ မသွားမိခဲ့လျှင် ယခုကဲ့သို့ ဆုံးရှုံးမှုများဖြစ်လာမည်မဟုတ်ဟု ကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ စိုးမိုးမိဘများက ကားတစ်စီးပျက်စီးသွားမှုအတွက် စိုးမိုးကို ဝိုင်းအပြစ်တင်ကြမည်မှာတော့ အမှန်ပင်ဖြစ်ပေသည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်