(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားတင်ဆက်ထားပါသည်)
ဇာတ်လမ်း – မြတ်သခင်
အဂ္ဂဇော်ပြန်လည်ရေးသား တင်ဆက်သည်။
(၁)
ကျုပ်နာမည်ချစ်ဦးဗျ၊ ကျုပ်တို့ရွာက မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသမှာရှိတဲ့ ရွာကလေးတစ်ရွာပေါ့ဗျာ၊ ရွာငယ်ကလေးပါဗျာ၊ သိပ်ပြီးကြီးကြီးမားမားမဟုတ်ပါဘူး၊ ရွာကလူတွေကတော့ ထုံးစံအတိုင်း ရွာအနီးက ယာတောတွေထဲမှာ သီးနှံတွေစိုက်ပျိုးပြီး စားသောက်နေထိုင်ကြတာပေါ့ဗျာ။
ဒါပေမယ့် ရွာနားက ယာတောတွေထဲမှာ ကျုပ်တို့ယာတောက အကျယ်ဆုံးပဲဗျ၊ ဘာလို့လဲဆိုတာကို ပြောပြမယ်၊ အဲဒီယာတောနေရာက အရင်တုန်းက တောအုပ်ကြီးတဲ့ဗျ၊ ဘုရားပျက်ကြီးတစ်ဆူလည်းရှိပြီးတော့ သရဲအရမ်းခြောက်တယ်ဆိုပဲ၊ ပြီးတော့ အဲဒီတောအုပ်ကြီးရဲ့ အလယ်လောက်မှာ ရှေးခေတ်ကတည်းက တူးဖော်ဆည်ဖို့ထားတဲ့ ရေကန်ကြီးတစ်ကန်လည်းရှိသေးတယ်၊ အဲဒီကန်ကြီးကလည်း လူစားတယ်လို့ဆိုတယ်ဗျ။
ကျုပ်တို့အဘိုးနာမည်က ဘိုးပုလဲလို့ခေါ်တယ်၊ ငယ်ငယ်က မောင်ပုလဲပေါ့ဗျာ၊ ကြီးလာတော့ ဘိုးပုလဲဖြစ်သွားတာပေါ့၊ ဒါနဲ့ ဘိုးပုလဲက ယာတောတွေချဲ့ရင်း အဲဒီတောအုပ်ကို ယာအဖြစ်ချဲ့ဖို့ သူကြီးဆီမှာ ခွင့်တောင်းတာပေါ့၊ သူကြီးကတော့ မတားပါဘူး၊ ခင်ဗျားတို့ ယာလုပ်ရဲရင် ချဲ့ပေါ့ဗျာလို့ပဲ ပြောတယ်တဲ့၊ ဒါနဲ့ ဘိုးပုလဲက သူ့မိန်းမတွေ၊ သားသမီးတွေနဲ့အတူတူ အဲဒီတောကြီးကို ရှင်းကြတာပေါ့ဗျာ၊
ရှင်းတဲ့အခါမှာ ဘာဖြစ်သလဲဆိုရင် ယာတောမြေနေရာကနေ အုတ်တွေထွက်လာတာ မနည်းဘူးဗျ၊ အုတ်ရိုးတွေ၊ အုတ်သားတွေက တော်တော်ခိုင်ခိုင်ခန့်ခန့်ဆိုပဲ၊ အုတ်တွေကလည်း ဒီဖက်ခေတ်အုတ်ချပ်တွေမဟုတ်ဘူးဗျ၊ ရှေးခေတ်က အုပ်ချပ်တွေလို သိပ်မထူဘဲ အပြားကြီးကြီးနဲ့ အုပ်ချပ်ကြီးတွေ၊ ယာတောနေရာလုပ်မှာဆိုတော့ အုတ်ရိုးရှိရင် ဘယ်စိုက်လို့ပျိုးလို့ ကောင်းမှာတုန်းဗျာ၊ ဒါနဲ့ အုတ်ရိုးတွေအကုန်လုံးကို တူးဆွထုတ်ပြီးတော့ ဘုရားပျက်အနားမှာ ပုံထားလိုက်တာပေါ့။
အဲဒီဘုရားပျက်ကလည်း နှယ်နှယ်ရရမဟုတ်ဘူးတဲ့ဗျ၊ ဟိုးပျူခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ဘုရားတစ်ဆူလို့သိရတယ်၊ ဘုရားနားက ရေကန်ကလည်း အဲဒီခေတ်ကတည်းက တူးဖော်ထားခဲ့တာလို့ပြောတယ်၊ ရေကန်ပေါင်ကြီးကိုလည်း အုတ်နဲ့စီခဲ့ပုံရတယ်၊ ရေကန်နားမှာလည်း အုတ်ရိုးတွေ တွေ့ရလို့ဗျ။
ဘုရားပျက်ဆိုပေမယ့် အုတ်ကုန်းကြီးတစ်ခုပါပဲဗျာ၊ ဒါနဲ့ အဘိုးပုလဲတို့ ယာခင်းထဲမှာ အုတ်တွေဖော်ပြီး ကလေးတွေ၊ မိန်းမတွေက အုတ်တွေကို ကိုယ်နိုင်သလောက်သယ်ပြီး ဘုရားပျက်ကုန်းမှာ သွားထားကြတာပေါ့ဗျာ၊ တောကြီးက ရှင်းပြီးပြီဆိုတော့ သစ်ပင်ကြီးကြီးမားမားတွေပဲ ကျန်ခဲ့ပြီး ရှင်းလင်းနေပြီပေါ့၊ အဲဒီမှာ ဘာဖြစ်သလဲဆိုရင် အုတ်တွေပုံနေတုန်း မြေကြီးအောက်ကနေ လူတွေစူးစူးဝါးဝါးနဲ့ အော်ဟစ်နေကြတဲ့အသံတွေကို အတိုင်းသားကြားရတယ်တဲ့ဗျာ၊ အသံကိုသေသေချာချာနားထောင်လိုက်ရင် အဲဒီအုတ်ပုံထဲကနေလာနေတာဗျ၊ လူတစ်ယောက်အော်တဲ့အသံမဟုတ်ဘဲ လူတွေရာနဲ့ချီပြီးတော့ အော်ဟစ်နေတဲ့အသံပေါ့ဗျာ။
ဒါနဲ့ အုတ်ပုံကြတဲ့ ကလေးတွေနဲ့ မိန်းမတွေထွက်ပြေးကြတာပေါ့ဗျာ၊ အော်သံက ဘယ်လောက်ကျယ်သလဲဆိုရင် အုတ်တူးနေကြတဲ့ အဘိုးတို့တောင်မှ အသံတွေကြားပြီးတော့ ဘာများဖြစ်သလဲဆိုပြီးတော့ ပြေးလာကြတာတဲ့၊ အဘိုးတို့ရောက်တော့မှ အသံတွေတိတ်သွားတယ်ဆိုပဲ။
အဲဒီနေ့ညမှာပဲ အဘိုးကို အိပ်မက်ပေးတယ်ဗျ။ လူတွေအများကြီးက သူ့ကိုဝိုင်းပြီး ဒေါနဲ့မောနဲ့ကြည့်နေကြတာ၊ အဲဒီအထဲက လူကြီးတစ်ယောက်ကတော့ အဘိုးကိုလက်ညှိုးထိုးပြီးပြောတယ်တဲ့ဗျ။
“မင်းတို့ ငါတို့နေရာကနေ အခုထွက်သွားကြ၊ မဟုတ်ရင် မင်းကိုငါသတ်မယ်”
အဘိုးကလည်း တောင်းပန်တာပေါ့ဗျာ။
“ကျုပ်တို့တောင်သူတွေက ယာအသစ်ဖော်ပြီးမှ မစိုက်ပျိုးရင် စားရမဲ့ သောက်ရမဲ့ဖြစ်ကုန်မှာမို့လို့ အဲဒီနေရာမှာ လုပ်ကိုင်စားသောက်ဖို့ ခွင့်ပြုပေးပါ”
ဒါပေမယ့် အဲဒီလူကြီးက မကျေနပ်ဘူးတဲ့ဗျ၊
“မင်းတို့လုပ်ချင်တာလုပ်၊ ဒါပေမယ့် အဲဒီနေရာကနေ မထွက်သွားရင်တော့ မင်းကိုငါသတ်ရလိမ့်မယ်”
အဘိုးလန့်နိုးလာတော့ တစ်ကိုယ်လုံးတုန်နေအောင် ကြောက်နေတာတဲ့ဗျာ၊ အိမ်သားတွေကြောက်မှာစိုးလို့ အဲဒီအကြောင်းကို ဘယ်သူမှကို မပြောပြဘူးတဲ့ဗျ၊ ပြောပြလိုက်ရင် အိမ်ကလူတွေကို ယာခင်းဘယ်ဖော်ရဲတော့မှာလဲ၊ မဟုတ်ဘူးလား၊ အဘိုးက အဲဒီအိပ်မက်အကြောင်းကို သူသေခါနီးမှ ပြောပြခဲ့တာဗျ။
(၂)
ယာတောကြီးခင်းပြီးတော့ အဘိုးက ယာတဲကလေးတစ်ခုကို တည်လိုက်တယ်၊ ယာတဲဆိုပေမယ့် အိမ်ကလေးတစ်လုံးလို ခိုင်ခိုင်ခန့်ခန့်တည်လိုက်တာပါ၊ သူတို့ယာတဲရဲ့အနောက်မှာတော့ ရေကန်ကြီးရှိတာပေါ့ဗျာ၊ အဲဒီရေကန်ကြီးထဲမှာ ကြာညိုတွေပွင့်နေကြလို့ ရွာကလူတွေကတော့ ကြာညိုကန်လို့ခေါ်တယ်၊ ရေကန်ကြီးက နွေခေါင်ခေါင်တောင် ရေမခန်းဘူးဗျို့။ နောက်တော့ အဘိုးနဲ့အဘွားနဲ့က ရွာထဲမှာမနေတော့ဘဲ ယာတဲမှာနေကြတယ်၊ ခုတ်ပြီးသားအပင်တွေကြားမှာ သရက်ပင်၊ ပိန္နဲပင်၊ မရမ်းပင်တို့လို သီးပင်စားပင်တွေစိုက်တယ်။ အဘွားကတော့ ယာတဲကလေးအနောက်မှာ ဘူးစင်တွေ၊ ဖရုံစင်တွေ ဆောက်တယ်၊ ပြီးတော့ ဘောင်လေးတွေဖော်ပြီး ချဉ်ပေါင်၊ ခရမ်းပင်တွေ စိုက်တာပေါ့ဗျာ။ ကျန်နေတဲ့ယာခင်းအကျယ်ကြီးမှာတော့ သူ့သားသမီးတွေက ပဲတွေ၊ နှမ်းတွေစိုက်ကြတယ်၊ ဒီလိုနဲ့ အဲဒီယာတောကြီးထဲမှာ တစ်မိသားစုလုံး လုပ်ကိုင်စားသောက်နေတာပေါ့ဗျာ။
အဘိုးက မပြောပေမယ့် အဘွားက သူတို့နားမှာ သရဲတွေရှိတယ်ဆိုတာကို သိတယ်တဲ့ဗျ၊ တစ်ရက်တော့ သူယာတဲမှာ ထမင်းဟင်းချက်နေတုန်း ၀၀ဖိုင့်ဖိုင့် အသားမည်းမည်းနဲ့လူကြီးတစ်ယောက်က သူ့ကိုအိမ်အကွယ်ကနေ ချောင်းနေတယ်တဲ့ဗျ၊ အဘွားလည်းသူ့ကိုမြင်တော့ ရွာသားတစ်ယောက်လာကြည့်နေတယ်လို့ပဲ ထင်တာတဲ့၊ သေချာကြည့်လိုက်ရင် အိမ်ထရံအကွယ်ကို ဝင်ပြီးပျောက်သွားရောတဲ့၊ နောက်တစ်ခါ ဘူးစင်အောက်မှာ ပေါ်လာလိုက်၊ ခရမ်းပင်တွေကြားမှာ ငုတ်တုတ်ထိုင်လိုက်နဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတော့မှ သရဲမှန်းသိတာတဲ့ဗျ၊ အဘိုးနဲ့အဘွားက ဂျပန်ခေတ်လို စစ်ကိုမှီလိုက်တဲ့လူတွေဆိုတော့ လုံး၀ကိုမကြောက်တတ်ဘူးဗျ၊ မကြောက်တတ်လို့လဲ ဒီလောက်သရဲခြောက်တယ်ဆိုတဲ့ ဘုရားပျက်ကုန်းနားက ယာခင်းထဲမှာ လင်မယားနှစ်ယောက်တည်း သွားနေရဲတာပေါ့ဗျာ။
အဘွားနဲ့အဘိုးက ယာခင်းမှာနေပြီး ကျန်တဲ့သားသမီးတွေ၊ ကျုပ်တို့လို တူတွေ၊ တူမတွေကတော့ ရွာထဲကနေ ထမင်းဟင်းတွေချက်သွားပြီးတော့ ယာခင်းထဲသွားကြ၊ စိုက်ကြပျိုးကြပေါ့ဗျာ၊ ကျုပ်တို့ကလေးတုန်းကဆိုရင် အဲဒီယာခင်းက သိပ်ပြီးပျော်စရာကောင်းတာဗျ၊ နောက်ပိုင်း သီးပင်စားပင်တွေက ကြီးပြီး အရိပ်ရနေတော့ နေလို့သိပ်ကောင်းတာပေါ့ဗျာ။
ကျုပ်တို့လူပျိုပေါက်ရောက်တော့ ငါးရှာဖားရှာ ဝါသနာပါလာတာပေါ့ဗျာ၊ အဲဒီတော့ ကြာညိုကန်ကြီးကို မျက်စောင်းထိုးကြတာပေါ့၊ ကြာညိုကန်ကြီးထဲမှာ ငါးကြီးတွေရှိတယ်ဗျ၊ ကန်ရေပြင်အောက်က ကြာဖက်တွေထဲမှာ ပုန်းနေတတ်တာ၊ နောက်ပြီးတော့ နွေဆိုရင် နှုန်းတွေကြားထဲမှာ ပုန်းနေတတ်တာဗျ၊ ဒီတော့ တစ်နှစ်ပြီးတစ်နှစ် သူတို့က အသားတွေတိုးပြီး ကြီးနေတာပေါ့။
အဘိုးနဲ့အဘွားက ငါးဖမ်းတာတော့ ဝါသနာမပါဘူးဗျ၊ ရွာကလူတွေကလည်း အဲဒီကန်အနားကို သိပ်မလာရဲဘူး၊ ဘာလို့လဲဆိုတော့ ကြာညိုကန်က လူစားတယ်ဆိုပြီး နာမည်ကြီးတာကိုး၊ သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါလောက် လူတွေကျကျပြီးသေတတ်တယ်တဲ့၊ အရင်တုန်းက တောကြီးအဖြစ်နဲ့ရှိနေတုန်းကလည်း တောလယ်ထွက်တဲ့လူတို့၊ နွားကျောင်းသားလေးတို့ ကျပြီးသေတတ်လို့ မလာရဲကြတာ။
ဒီတော့ ငါးဖမ်းဝါသနာပါတဲ့ ကျုပ်တို့နဲ့တော့ အံကိုက်ပဲဖြစ်နေတာပေါ့ဗျာ၊ တစ်ရက်တော့ ဆောင်းလယ်ကြီးပေါ့ဗျာ၊ ကျုပ်နဲ့ ရွာထဲက သူငယ်ချင်းသုံးယောက်လောက် ကန်ပေါင်မှာ ငါးလာမျှားကြတာပေါ့ဗျာ၊ ငါးကလည်းရတယ်ဗျ၊ တစ်မနက်ထဲတွင် တစ်တောင်လောက်ရှိတဲ့ငါးကြီး သုံးကောင်လောက်ရတာ၊ ကျုပ်တို့ဖြင့် ကန်ပေါင်ပေါ်မှာပဲ မီးမွှေးပြီး စားသောက်လိုက်ကြတာ ဗိုက်ကားရောဗျို့၊ ကျုပ်အဘိုးလေးတော်တဲ့ အဘိုးပုလဲတို့ကိုလည်း ကျုပ်တို့မျှားလို့ရတဲ့ ငါးတွေသွားပေးတာပေါ့။
“အောင်မယ်၊ မင်းတို့က ဘယ်ဆိုးလို့လဲကွ၊ အဲဒီကန်ကြီးက ငါးပေါတာလဲပါမှာပါ၊ ညဘက်လသာရင် ငါးကြီးတွေထွက်တတ်တယ်ကွ၊ ငါးပွက်တာ ဝုန်းခနဲ၊ ဝုန်းခနဲပဲ”
ဘိုးပုလဲပြောတော့ ကျုပ်တို့လည်း အကြိုက်တွေ့သွားကြတာပေါ့ဗျာ၊ ဒါနဲ့ ညဘက်ငါးဖမ်းဖို့ စိတ်ကူးလိုက်တယ်၊ ကန်ပေါင်ကြီးအပေါ်မှာ ဝါးလုံးတွေနဲ့ တဲကလေးတစ်လုံးထိုးလိုက်တာပေါ့ဗျာ၊ တဲခေါင်မိုးကိုလည်း ထန်းလက်နဲ့လုပ်လိုက်တော့ ကျုပ်တို့နေဖို့အဆင်ပြေသွားရော၊ ကျုပ်တို့စိတ်ကူးတာက တဲမှာနေပြီး ညလုံးပေါက်ငါးဖမ်းကြမယ်လို့ပေါ့ဗျာ။
တဲလုပ်ပြီးတော့ သူငယ်ချင်းငါးယောက်သား တဲမှာနေကြတယ်၊ လပြည့်ရောက်တော့မှဆိုတော့ လရောင်ကလည်း တော်တော်ထိန်တယ်ဗျ၊ ကျုပ်မှတ်မိသလောက်ဆို နတ်တော်လပြည့်တော့မှာ ထင်ပါရဲ့ဗျာ၊ ကောင်းကင်ကြီးတစ်ခုလုံးမှာ တိမ်မျှင်တွေပဲရှိပြီးတော့ ကြယ်တွေဆိုစုံနေတာပဲဗျ၊ ကျုပ်တို့လည်း တဲပေါ်ထိုင်နေပြီးတော့ လူငယ်တွေပီပီ သောက်ကြစားကြနဲ့ပေါ့ဗျာ၊ ငါးမျှားတံတွေကိုတော့ ကန်ပေါင်မှာ ထိုးစိုက်ချထားကြတာ။
“အသောက်ကြီးပဲဆိုတော့ မမိုက်ဘူးကွာ၊ အမြည်းလေးပါမှကောင်းမှကွ”
“အောင်မာ၊ ဒီမှာမြေပဲလှော်ရှိတယ်လေကွာ၊ ပဲခြမ်းသုပ်လဲ ပါနေတာပဲ”
“မဟုတ်ဘူးကွ၊ အသားလေးငါးလေးရှိရင် ပိုကောင်းမှာ၊ ငါးကြီးတစ်ကောင်လောက်ရလို့ကတော့ အရှင်လတ်လတ်မီးဖုတ်ပြီးတော့ အရက်နဲ့မြည်းလိုက်ရရင် သိပ်ကောင်းမှာကွ”
ကျုပ်တို့ပြောနေတုန်းရှိသေးတယ်၊ ရေကန်ထဲမှာ ဗွမ်းခနဲတစ်ချက်ထပွက်သွားတာဗျ၊ နောက်တော့ ကြည့်နေရင်း တဗွမ်းဗွမ်းနဲ့ပွက်တော့တာပဲ၊ ကျုပ်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။
“ငါးကြီးမိတာထင်တယ်ကွ၊ ဒီငါးရုန်းနေလို့ ရေတွေပွက်နေတာနေမှာ”
ကျုပ်တို့အကုန်လုံး တဲအိမ်ကလေးထဲကနေ ပြေးထွက်လာခဲ့ကြတယ်ဗျ၊ ရေကန်စပ်မှာထောင်ထားတဲ့ ငါးမျှားတံတွေအကုန်လဲနေတယ်ဗျ၊ ငါးမျှားတံတစ်ခုကတော့ မြေပေါ်မှာ ခုန်ပေါက်နေတယ်၊ ကျုပ်သူငယ်ချင်းတစ်ယောက်ကတော့ ငါးမျှားတံကိုပြေးဆွဲတယ်။
“အကောင်ကြီးပဲကွ၊ ရုန်းအားတော်တော်ကောင်းတာပဲ”
ကျုပ်တို့လည်း ငါးမျှားကြိုးကို ဝိုင်းဆွဲပြီး တင်ကြတာပေါ့ဗျာ၊ ငါးကြီးပေါ်လာဖို့အတော်ကိုဆွဲတင်ရတယ်၊ နောက်တော့ ရေစပ်မှာ ငါးကြီးပါလာတာဗျ၊ တဗြန်းဗြန်းနဲ့လည်း လှုပ်နေသေးတာ၊ အသေးလေးဆိုတဲ့ ကျုပ်သူငယ်ချင်းတစ်ယောက်က လက်ကောက်ဝတ်လောက်ရှိမယ့် ထင်းချောင်းကောက်ပြီး ရေထဲဆင်းသွားတယ်၊ ရေထဲမှ လှုပ်ယမ်းနေတဲ့ ငါးခေါင်းကို ထုဖို့ပေါ့ဗျာ။
အသေးလေးက ငါးခေါင်းကို လေးငါးချက်ထုပြီးတော့ ဆွဲတင်လိုက်တော့ ငါးကြီးမဟုတ်ဘဲနဲ့ လူလက်ကြီးဖြစ်နေတာဗျ၊ လရောင်အောက်မှာ အတိုင်းသားကြီးမြင်နေရတာ၊ လူလက်ဆိုပေမယ့် လက်ကြီးက အရှည်ကြီးဗျ၊ လက်ဝါးကြီးပဲ ဆွဲမိတာ၊ လက်ကောက်ဝတ်က ရေထဲမှာပဲ လူကြီးခါးလောက်အထိ အရှည်ကြီးပေါ်နေတာ။
“ဟေ့ကောင်၊ ဟို . . ဟိုမှာ၊ ရေကန်အလယ်မှာ”
ကျုပ်သူငယ်ချင်းလက်ညှီုးထိုးပြလိုက်တော့မှ ကျုပ်တို့ကြည့်fမိတာဗျ၊ ရေကန်အလယ်မှာ လူခေါင်းကြီးတစ်ခုပေါ်လာတာ၊ ခေါင်းကြီးက အကြီးကြီးပဲဗျ၊ မျက်လုံးကြီးတွေဆိုရင် လင်းကွင်းကြီးတွေလောက်ရှိတယ်၊ ခေါင်းတစ်ဝက်လောက်ပဲ ပေါ်နေတာတောင် တော်တော်ကိုကြီးတာ၊ ဒါနဲ့ အသေးလေးလည်း ကုန်းပေါ်ကိုပြေးတက်ပြီး ကျုပ်တို့တွေအကုန်လုံး တဲအိမ်ထဲကိုဝင်ပြေးကြတာပေါ့ဗျာ၊ တဲအိမ်ပေါ်ရောက်တော့ အားလုံးကြောက်ကြောက်နဲ့ဝပ်နေကြတာ၊ ဒီကောင်ကြီးက ရေထဲကနေတက်လာတာဗျ၊ အရပ်ဆိုအမြင့်ကြီးပဲ၊ ခြေတံလက်တံတွေက ထန်းပင်လုံးကြီးလိုပဲ ပျော့ပျော့ကြီးနဲ့ ရှည်မြောမြောကြီး၊ ကျုပ်တို့ကြောက်လို့ ခေါင်းတောင်မဖော်ရဲဘူးဗျ၊ နောက်တော့ မကြာပါဘူး ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားတယ်၊ ကျုပ်တို့အထင် ဒီကောင်ကြီးထွက်သွားလောက်ပြီလို့ထင်တာဗျ၊
အားလုံးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ တဲအိမ်ကြီးက သိမ့်ခနဲတစ်ချက်တုန်သွားတာဗျ၊ အားလုံးအံ့ဩနေတုန်း တဲအိမ်ကြီးက ဝုန်းခနဲလေပေါ်မြောက်တက်သွားတာ။ ကျုပ်တို့လည်း တဲထဲမှာ ခလောက်ဆန်လိုပဲ လူးလိမ့်နေကြတာပေါ့ဗျာ၊ နောက်တော့ တဲက ဝုန်းခနဲမြေပြင်နဲ့ထိပြီး ပြိုကျသွားတာနဲ့ ကျုပ်တို့လည်း အော်ပြီး တဲထဲက ပြေးထွက်ကြတာပေါ့ဗျာ၊ ဒီကောင်ကြီးက တဲကို လက်နဲ့လှန်ပြီး လှဲလိုက်တာဗျ၊ တဲက ဇောက်ထိုးကြီးဖြစ်ပြီး ပက်လက်လန်ကျနေတာပေါ့။
အဲဒီနောက်ပိုင်းကစပြီး အဲဒီရေကန်ကြီးထဲမှာ ကျုပ်တို့ငါးမမျှားရဲတော့တာပါပဲဗျာ။ အဲဒီရေကန်ကြီးကလည်း တော်တော်ဆိုးဆိုးပဲဗျ၊ တစ်ခါကဆိုရင် တစ်နှစ်ကျော်ကျော်လောက်ရှိမယ့် ကျုပ်တူမကို ယာတဲအရှေ့နားမှာ ပုခက်နဲ့ထည့်ပြီး သိပ်ထားတာပေါ့ဗျာ၊ အဲဒါ ကျုပ်တူမက ပုခက်ထဲကဆင်းပြီးတော့ လမ်းမလျှောက်တတ် လျှောက်တတ်နဲ့ အဲဒီရေကန်ကြီးဆီကို တန်းပြေးတာဗျို့၊ကျုပ်လည်း မြင်ပြီးတော့ သူ့အနောက်ပြေးလိုက်ရတာ၊ ကလေးက ပြေးတာလုံးနေတာပဲဗျာ၊ လမ်းတောင် သိပ်မလျှောက်တတ်သေးဘူးဗျ၊ ကျုပ်အပြေးမြန်လို့သာ သူ့ကိုကန်အစပ်နားမှာ ဆွဲထားလိုက်နိုင်တာ၊ ကျုပ်ဆွဲလိုက်တာနဲ့ ကလေးက လန့်ပြီးငိုတာပဲဗျာ၊ နောက်တော့မှ သူ့မိဘတွေကမေးကြည့်fတော့ သူ့အမေက ရေကန်ထဲကနေ လှမ်းခေါ်လို့ ပြေးထွက်သွားတယ်ဆိုပဲဗျ၊ အဲဒီကတည်းက ကလေးတွေကို ယာတောထဲ မခေါ်ရဲကြတော့တာပဲ။
(၃)
သီးနှံတွေ ပေါ်ပြီဆိုရင်တော့ ယာခင်းစောင့်ရတာပေါ့ဗျာ၊ မစောင့်လို့လည်းမရဘူးဗျ၊ သရဲခြောက်မှန်းသိနေတာတောင်မှ ယာခင်းကို သူခိုးကဝင်ခိုးတတ်တာ၊ အဲဒီတုန်းက ဘိုးပုလဲက နေမကောင်းဖြစ်နေတော့ ရွာကိုပြန်ပို့ထားရတယ်၊ ဒီတော့ ယာတဲထဲမှာ ကျုပ်တစ်ယောက်တည်းပေါ့ဗျာ၊ ကျုပ်က အသက်သုံးဆယ်လောက်ဖြစ်နေပြီဆိုတော့ လူကြီးဖြစ်နေပြီပေါ့၊ အိမ်ထောင်တော့ မကျသေးပါဘူးဗျာ၊ ညနေစောင်းတာနဲ့ ယာတောထဲဆင်းကြတဲ့ အမျိုးတွေအကုန်လုံး ပြန်သွားကြတော့ ယာတောအိမ်ကလေးထဲမှာ ကျုပ်တစ်ယောက်တည်း ကျန်နေခဲ့တာပေါ့၊ ညနေဘက်တော့ ကျုပ်နဲ့အဖော်စောင့်ပေးမယ်fh ကျုပ်ဦးကြီးတစ်ယောက် လာမယ်တဲ့ဗျ။ ကျုပ်လည်း တစ်ယောက်ထဲဆိုတော့ ပျင်းပျင်းနဲ့ရေဒီယိုကြီးဖွင့်ပြီး သီချင်းနားထောင်နေတာပေါ့ဗျာ။
ရေဒီယိုကို အသံအကျယ်ကြီးဖွင့်ပြီးတော့ ယာတဲအရှေ့ဘက်မှာ ဝါးပက်လက်ကုလားထိုင်ကလေးချပြီး ထိုင်တယ်၊ သောက်စရာလေးသောက်ပြီး ဇိမ်ယူနေတာပေါ့ဗျာ၊ အချိန်က နေဝင်ပြီးသွားတော့ တဖြည်းဖြည်းမှောင်လိုက်လာပြီဗျ၊ ဒီအချိန်မှာပဲ ယာတောသရက်ပင်တွေကြားထဲကနေ မိန်းမတစ်ယောက်ထွက်လာတာဗျ၊ ထဘီရင်လျားကြီးနဲ့ ဆံပင်အရှည်ကြီးကိုလည်း ဖျားလျားချထားသေးတယ်ဗျ၊ ကျုပ်လည်းထူးဆန်းပြီးကြည့်fနေတာပေါ့ဗျာ၊ အဲဒီမိန်းမက ကျုပ်ဆီကိုတည့်တည့်လာနေတာဗျ။
ကျုပ်နဲ့ခြေဆယ်လှမ်းလောက်ရောက်တော့ ကျုပ်ကို မျက်စောင်းကြီးခဲပြီး ကြည့်တာဗျ၊ ကျုပ်လည်း ရန်ငြိုးရန်စမရှိဘဲ ဘာလို့ကြည့်ffနေသလဲဆိုပြီး အံ့ဩနေတုန်းမှာပဲ ကျုပ်အပေါ်ကို လွှားခနဲခုန်တက်တာဗျ။
ပက်လက်ကုလားထိုင်နဲ့ ထိုင်နေတာဆိုတော့ ကျုပ်လည်း ရုတ်တရက်ဆိုတော့ ရှောင်မရဘူးပေါ့ဗျာ၊ သရဲမက ကျုပ်ကိုယ်ကိုဖိထားပြီး သူ့ပါးစပ်ကြီးကိုဖြဲပြီး ကျုပ်ငယ်ထိပ်ကိုကိုက်ထည့်တာဗျ၊ တော်တော်ကိုစူးစူးနဲ့ နာသွားတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့သရဲမကို လက်သီးတွေနဲ့ထိုးတာပေါ့ဗျာ၊ သစ်ရွက်ခြောက်တွေကိုထိုးရသလိုမျိုး တဂျွတ်ဂျွတ်နဲ့ဗျ၊ ကျုပ်အတင်းရုန်းကန်ပြီး ထိုးလွှတ်တော့ သရဲမက ထပြေးတာပဲ၊ ကျုပ်လည်း ထိုင်နေရာကနေထပြီးတော့ တဲနံဘေးက ထင်းပုံထဲကနေ ထင်းတုံးကြီးကောက်ပြီး ပြေးလိုက်ရိုက်တာပေါ့၊ သရဲမက ထွက်ပြေးပြီးတော့ ဘုရားပျက်ကုန်းက အုတ်ပုံတွေနားရောက်တော့ ပျောက်သွားတာဗျ၊ ကျုပ်သုံးလေးပတ်လောက် လိုက်ရှာသေးတယ်၊ လုံး၀ကိုပျောက်ချင်းမလှပျောက်သွားတာပဲ ဗျို့။
ကျုပ်ငယ်ထိပ်မှာလည်း သွေးတွေစီးကျနေတာပဲဗျာ၊ သူ့သွားစူးစူးကြီးတွေနဲ့ ကိုက်သွားတာဆိုတော့ ခေါင်းပေါက်သွားတာပေါ့ဗျာ၊ နောက်တော့ ကျုပ်နဲ့အတူတူအဖော်လာစောင့်မယ့် ဦးကြီးရောက်လာတယ်ဗျ၊ သူက ဆေးတွေဘာတွေထည့်ပြီးတော့ ရယ်နေတယ်ဗျ။
“လူပျိုကြီးရာ သရဲမကထွက်လာပြီး မင်းဆီကိုပြေးလာတာတောင်မှ မင်းက ကြည့်နေသေးတယ်၊ ဘာလဲ သရဲမက မင်းကိုအာဘွားလာပေးမယ်လို့များ ထင်နေတာလားကွ၊ ဟား . .ဟား”
“မဟုတ်ပါဘူးဗျာ၊ ရုတ်တရက်ဆိုတော့ သတိလက်လွတ်ဖြစ်သွားလို့ပါ ဦးကြီးကလည်း”
ထူးဆန်းတာတစ်ခုက သရဲမကိုက်သွားတဲ့နေရာမှာ အနာကြီးတွေဖြစ်ပြီးတော့ ကျန်နေခဲ့တာပဲဗျ၊ အနာက အကွက်လိုက်ကြီးကိုဖြစ်နေတာ၊ အနာပျောက်သွားပေမယ့် အဲဒီနေရာမှာ ဆံပင်ကမပေါက်တော့ဘဲ အကွက်ကြီးအတိုင်း ကျန်နေခဲ့တာ အံ့ပါရဲ့ဗျာ။
နောက်တော့ ဘိုးပုလဲဆုံးသွားတယ်ဗျ၊ ရွာကလူတွေပြောကြတာတော့ ဘုရားပျက်ကုန်းက သရဲတွေက သူ့ကိုမကျေနပ်လို့ သတ်သွားတယ်လို့ဆိုတယ်ဗျ။
အခုထိအဲဒီနေရာမှာ ကျုပ်တို့ယာတောကလေးရှိနေဆဲပါဗျာ၊ ရာသီအလိုက် စိမ်းစိုနေတဲ့သီးနှံတွေကိုမြင်တွေ့ရမယ်၊ နောက်ပြီး အနားမှာ ဘုရားပျက်ကုန်းကြီးနဲ့ ကြာညိုပန်းတွေပွင့်နေတဲ့ ရေကန်ကြီးတစ်ကန်လည်း ရှိပါသေးရဲ့ဗျာ၊ ခေတ်တွေပြောင်းလို့ ဘယ်အရာတွေ ဘယ်လိုပြောင်းသွားပေမယ့် ကျုပ်တို့ယာတောကလေးကတော့ မပြောင်းမလဲဘဲ စိမ်းစိမ်းစိုစိုနဲ့ ရှိနေတုန်းပါပဲဗျာ။
ပြီးပါပြီ။
ဇာတ်လမ်း – မြတ်သခင်