အတွဲ(၃) အခန်း(၅)
(၁)
မိုးသောက်ချိန်တွင် ဆရာတော်ဦးသောဘိတ၊ ဖိုးလုံးနှင့် ရန်ရှင်းတို့မှာ ခရီးဆက်လက်ထွက်ခွာလာခဲ့ရာ ကျယ်ပြန့်သည့်မြက်ခင်းပြင်ကြီးများကို ဖြတ်ကျော်ပြီးသည့်အချိန်တွင် ရွာကြီးတစ်ရွာကိုမြင်တွေ့လိုက်ရသည်။ ဦးဇင်းက ရွာကိုကြည့်လျှက် ပြုံးပျော်ရွှင်သွားလေသည်။
“ဒကာလေးတို့၊ ဟောဟိုမှာမြင်နေရတာက ဦးဇင်းရဲ့မွေးရပ်မြေ ဟယ်နားရွာပဲ”
သို့ဖြင့် သူတို့သုံးဦးဟယ်နားရွာဆီသို့ ချဉ်းကပ်လာခဲ့ကြသည်။ ဟယ်နားရွာမှာ ရွာဟုဆိုသော်လည်း အိမ်ခြေအလွန်များပြားပြီး မြို့ကြီးတစ်မြို့မျှ စည်ကားလှသည်။ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရွာကြီးကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူပြီး လေးပိုင်းခွဲခြားထားလေသည်။ ရွာအား သစ်လုံးစည်းရိုးကြီး ကာရံထားသော်လည်း လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်သည်။ ဦးဇင်းတို့မှာ ရွာစည်းရိုးကို ဖြတ်ကျော်ခဲ့ပြီးသည့်နောက် ရွာအနောက်ပိုင်းသို့ဦးတည်လာခဲ့သည်။ ရွာကြီးကို ကန့်လန့်ဖြတ်ဖောက်ထားသည့် လမ်းကြီးအတိုင်းလာခဲ့သည်မို့ ရပ်ရွာအခြေအနေများကို အလုံးစုံတွေ့မြင်ရလေသည်။
ကလေးငယ်များက လမ်းဘေးတွင်ဆော့ကစားလျှက်ရှိကြပြီး ရွာလယ်အနီးတွင် ဈေးဆိုင်ခန်းများရှိကြသည်။ ထို့နောက် ရွာသားများက ပြေးလွှားနေသည်ကိုမြင်တွေ့လိုက်ရသည်။ ဖိုးလုံးနှင်hရန်ရှင်းလည်း ထိုအဖြစ်ကို အကဲခတ်လိုက်မိသည်။
“ကလေးတွေကို အိမ်ထဲကိုပြန်ခေါ်သိမ်းလိုက်ကြဟေ့၊ မိစ္ဆာကောင်ကြီးကို စီရင်တော့မယ်တဲ့ကွ”
ရွာသားအချင်းချင်းပြောဆိုနေကြကာ လမ်းပေါ်တွင်ဆော့ကစားနေသည့် ကလေးငယ်များကို ရိုက်နှက်ပြီး အိမ်အတွင်းသို့ထည့်ကြလေသည်။ အချို့အိမ်များမှာ ဖွင့်ထားသည့် ပြတင်းပေါက်များကို ပိတ်လိုက်ကြသည်။ မကြာခင် မောင်းထုသံကြီးကိုကြားလိုက်ရလေသည်။
“ဒူ . . ဒူ”
လူအများအားလုံးက လမ်းမဘေးသို့ ကပ်ပေးလိုက်ကြသည့်အခါတွင် ကြီးမားလှသည့် ခွေးနက်ကြီးနှစ်ကောင်က ဆွဲဆွဲငင်ငင်အူလျှက် လမ်းမကြီးအတိုင်း ဆက်လျှောက်လာလေသည်။ ထိုခွေးနက်ကြီး၏ အနောက်တွင် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူကြီးများက လိုက်လာကြသည်။ သူတို့အနောက်တွင်တော့ မိန်းကလေးတစ်ဦးကို ခြေလက်များကိုတုပ်နှောင်လျှက် ဆွဲခေါ်လာကြသည်ကိုတွေ့ရသည်။ မိန်းကလေးမှာ သွားလာနေရင်း လူးလိမ့်ရုန်းကန်နေသော်လည်း အားခွန်ဗလကောင်းသည့် လူကြီးနှစ်ဦးက ထိုမိန်;ကလေးအား ဘေးနှစ်ဖက်မှနေပြီး ဖမ်းချုပ်ထားသဖြင့် မိန်းကလေးမှာ သိပ်မရုန်းကန်နိုင်ရှာပေ။ ထိုလူကြီးများအနောက်တွင်တော့ ကြီးမားလှသည့် ပုဆိန်ကြီးတစ်လက်ကို ကိုင်စွဲထားသည့် လူကြီးတစ်ဦးကိုတွေ့ရပြန်သည်။ ထိုလူကြီးမှာ ကိုယ်လုံးကိုယ်ထည်ကြီးမားသလို အလွန်ကြီးမားပြီးလေးလံပုံရသည့် ပုဆိန်ကြီးကို ပုခုံးပေါ်တင်ထမ်းလာသည်။ ခေါင်းကိုလည်း အဖြူရောင်ကန်တော့ချွန်ပုံစံ ဦးထုပ်ကြီးဖြင့်စွပ်ထားပြီး မျက်လုံးနေရာကိုသာအပေါက်ဖောက်ထားသည်။
ထိုလူတန်းကြီးဖြတ်သန်းသွားပြီးသည့်အခါ ရွာခံများက လူတန်းကြီးအနောက်သို့လိုက်ပါသွားကြရာ ဖိုးလုံးတို့လည်း အခြေအနေကို အကဲခတ်လို့သည့် သဘောဖြင့်အနောက်မှလိုက်ပါသွားကြသည်။
“မိစ္ဆာကောင်ကြီးကို သုတ်သင်မလို့ပါတဲ့အရှင်ဘုရား”
ဦးဇင်းကတော့ စိတ်မဝင်စားဘဲ မိဘအိမ်သို့ ပြန်ရောက်ရန်ကိုသာ အလောတကြီးဖြစ်နေပုံရသည်။
“ဒကာလေးတို့ကြည့်ချင်ရင်ကြည့်ကြပါ၊ ဒါပြီးရင်တော့ ရွာအနောက်ပိုင်းက မယ်ဖော့အိမ်လို့မေးပြီး လိုက်လာခဲ့ကြကွဲ့ ဟုတ်ပြီလား”
ဖိုးလုံးတို့လည်း မိစ္ဆာကောင်ကြီးကို သုတ်သင်မည့်ပွဲကိုကြည့်ချင်သဖြင့် ဦးဇင်းကိုလွှတ်လိုက်ပြီး လူအုပ်ကြီးအနောက်သို့ လိုက်သွားခဲ့ကြသည်။ လူအုပ်ကြီးက လမ်းလေးခွဆုံရာ သစ်သားစင်မြင့်ကြီးတစ်ခုကို ဝန်းရံကာ ဝိုင်;လိုက်ကြသည်။ အဖြူရောင်ဝတ်ဆင်ထားသည့် လူများမှာတော့ ထိုစင်မြင့်ပေါ်သို့တက်သွားလေသည်။ စင်မြင့်မှာ လူတစ်ရပ်မက မြင့်မားပြီး သစ်လုံးများဖြင့်တည်ဆောက်ထားကာ အပေါ်ကြမ်းပြင်ကို သစ်သားများခင်းထားသည်။ စင်မြင့်မှာ နှစ်ထပ်ဖြစ်ပြီး အပေါ်တစ်ထပ်မှာလည်း အနည်းငယ်မြင့်သည်။
“မဟုတ်ဘူး၊ ကျွန်မက မိစ္ဆာကောင်မဟုတ်ဘူး”
မိန်းကလေးက အကြောက်အကန်အော်နေလေသည်။ ဖိုးလုံးနှင့် ရန်ရှင်းလည်းအချင်းချင်းကြည့်ကာ မျက်စပစ်လိုက်ကြသည်။
“ရွာစားမင်းကြွချီလာပြီ”
ထီးဖြူဝန်းကြီးကို ဆောင်းထားသည့် ရွာစားမင်းဆိုသူမှာ အသက်အတော်ကြီးနေပြီဖြစ်သည့် အဘိုးအိုတစ်ဦးဖြစ်ကာ အရိုးပေါ်အရေတင်သဖွယ် ပိန်ချုံးနေလေသည်။ မျက်တွင်းများမှာ အလွန်ချိုင့်ဝင်နေပြီး ပါးရိုးများမှာလည်း ငေါထွက်နေကာ ပါးနှစ်ဖက်မှာလည်း ချိုင့်ဝင်နေလေသည်။ သွားခေါခေါကြီးမှာ နှုတ်ခမ်းပါးပါးအောက်တွင် မဖုံးနိုင်မဖိနိုင်အောင်တိုးထွက်လျှက်ရှိရာ သူ့ကိုကြည့်ရသည်မှာ လူနှင့်မတူဘဲ အရိုးစုကြီးတစ်ခုလမ်းလျှောက်လာသည်နှင့်ပင်တူနေသည်။
ထိုသူက စင်မြင့်အပေါ်ထပ်ရှိ ထိုင်ခုံတစ်ခုတွင်ထိုင်ချလိုက်သည့်အခါ ကိုယ်ရံတော်များက ဝန်းရံလိုက်လေသည်။
“ရသေ့ကြီးကြွလာပြီဟေ့”
ထို့နောက် ဒုတိယအနေနှင့် စင်ပေါ်တက်လာသူကတော့ အနက်ရောင်ဝတ်ရုံကိုခြုံလွှမ်းထားပြီး ဦးခေါင်းပြောင်ပြောင်နှင့် ကတုံးကြီးတစ်ယောက်ဖြစ်သည်။ ထိုသူကြီးကတော့ ခုနက စင်ပေါ်တက်လာသည့် ရွာစားမင်းနှင့်မတူဘဲ ၀၀ဖိုင့်ဖိုင့်နှင့် မျက်နှာပြဲပြဲကြီးဖြစ်သည်။ မျက်နှာကြီးမှာ လပြည့်ဝန်းကြီးသဖွယ်ပြည့်ဝိုင်းနေပြီး နှာခေါင်းလုံးလုံး မျက်လုံးဝိုင်းဝိုင်းနှင့် ဖောသွပ်သောမျက်နှာရှိသည်။ ထိုလူကြီးက ရွာစားမင်းနံဘေးနားတွင်ရှိသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ အားလုံးစုံပြီဖြစ်သဖြင့် ရွာဆော်က မောင်းကလေးကိုကိုင်ကာ အရှေ့သို့ထွက်လိုက်သည်။
(၂)
“ဒူ . . .”
“အခုအချိန်ကစပြီး မိစ္ဆာကောင်ကြီးကို စီရင်တော့မှာဖြစ်ပါတယ်”
ရွာစော်က အော်လိုက်သည့်အခါ ဖမ်းချုပ်ထားသည့်မိန်းကလေးက အသံကျယ်ကျယ်နှင့်အော်ဟစ်သည်။
“ကျွန်မ မတရားခံရတာပါ၊ ကျွန်မက မိစ္ဆာကောင်မဟုတ်ပါဘူး”
“တိတ်စမ်း၊ ရသေ့ကြီးရဲ့ ယူဆချက်အရရော၊ ရွာစားမင်းရဲ့ ဆုံးဖြတ်ချက်အရပါ မင်းက သေချာပေါက် မိစ္ဆာကောင်ဖြစ်တယ်၊ အခုမင်းကို စီရင်မယ်”
ထိုအခါ လူသန်ကြီးနှစ်ယောက်က မိန်းကလေးကိုဆွဲခေါ်လာကာ လည်ပင်းဖြတ်ရာတွင်အသုံးပြုသည့် စည်းတီတုံးကြီးပေါ်သို့ မိန်းကလေးကိုတင်လိုက်ကာ လက်မောင်းနှစ်ဖက်မှ ဖမ်းချုပ်ထားသည်။ စဉ်းနှီတုံးကြီးမှာ လူအများကိုသတ်ဖြတ်ထားသဖြင့် အလယ်ပင်ချိုင့်နေပြီဖြစ်သည်။ ထိုအခါ ပုဆိန်ကြီးကို ကိုင်စွဲထားသည့် ပါးကွက်သားကြီးမှာ အရှေ့သို့ထွက်လာလေသည်။ အပျိုပေါက်အရွယ်သာရှိသေးသည့် မိန်းကလေးမှာ ကြောက်လန့်လွန်းသဖြင့် တုန်ယင်နေလေသည်။ အားလုံးအဆင်သင့်ဖြစ်သဖြင့် ရွာဆောက်က ရွာစားမင်းကြီးကိုတစ်ချက်မော့ကြည့်လိုက်ရာ ရွာစားမင်းက မတ်တပ်ထရပ်လိုက်သည်။
“မိစ္ဆာကို ကိုးကွယ်တဲ့လူတွေ ကင်းစင်သွားလို့သာ ငါတို့ရွာက စည်ပင်၀ပြောနေတာဖြစ်တယ်၊ အခုလည်း မိစ္ဆာကို ကိုးကွယ်တဲ့လူတစ်ယောက်တွေ့ပြီ၊ အို ရွာသားအပေါင်းတို့ ထိုသူကို အဘယ်သို့ စီရင်ရမည်နည်း”
ရွာစားမင်းက လက်နှစ်ဖက်ကိုမိုးပေါ်သို့မြှောက်လိုက်ပြီး မေးလိုက်ရာ ရွာသားအပေါင်းတို့က လက်သီးလက်မောင်းများတန်းလျှက်
“ခေါင်းဖြတ်ပစ် . . . ခေါင်းဖြတ်ပစ်”
ရွာစားမင်းက ပါးကွက်သားကိုကြည့်ပြီး
“ကဲ ပါးကွက်သားရေ၊ မင်းအလုပ်မင်းလုပ်တော့”
ရန်ရှင်းက အရှေ့သို့ထွက်သွားမည်လုပ်နေသဖြင့် ဖိုးလုံးက ရန်ရှင်းလက်ကိုဆွဲထားလိုက်သည်။
“ခင်ဗျားကျုပ်ကိုမတားနဲ့၊ ဒီမိန်းကလေးက အပြစ်ရှိတယ်ဆိုတာ ဟုတ်ပါ့မလား၊ ဒီမိန်းကလေးက မိစ္ဆာဆိုတာကို ခင်ဗျားယုံသလား”
“ငါသိတယ်ရန်ရှင်း၊ ဒါပေမယ့် ငါတို့က သူများအရပ်ဒေသရောက်နေတာ၊ ဒီမိန်းကလေးကရော တကယ်ပဲ မိစ္ဆာမဟုတ်ဘူးလားဆိုတာကို ငါတို့သိမှ မသိဘဲကွ”
“အိုဗျာ၊ ကျုပ်မှာ မိစ္ဆာဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့အပ်ရှိတယ်၊ တကယ်လို့ အဲဒီအပ်နဲ့ထိုးလို့ မိစ္ဆာမဟုတ်ဘူးဆိုရင် ဘာမှမဖြစ်ပေမယ့် မိစ္ဆာဆိုရင်တော့ အပ်ရဲ့ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး”
“မင်းမဟုတ်တာမလုပ်နဲ့ရန်ရှင်း၊ ငါတို့က အခုမှဒီအရပ်ရောက်တာ၊ နောက်ပြီးဒီနေရာကလည်း ဦးဇင်းရဲ့ဇာတိမွေးရပ်မြေဆိုတော့ ငါတို့ပြသနာရှာလို့မဖြစ်သေးဘူးကွ”
ထိုအခါ ရန်ရှင်းက ဖိုးလုံးလက်ကို တွန်းထုတ်လိုက်လေသည်။
“ခင်ဗျားဘယ်လိုဖြစ်နေတာလဲဖိုးလုံး၊ မိန်းကလေးတစ်ယောက်ရဲ့အသက်ကို ကယ်တင်တာက မဟုတ်တာလုပ်တယ်လို့ ခင်ဗျားက သတ်မှတ်တာလား”
ရန်ရှင်းမေးခွန်းက ဖိုးလုံးကိုဒွိဟဖြစ်စေသည်။ ဖိုးလုံးလည်း ဘာမှမပြောတော့ဘဲ ရန်ရှင်းလက်ကိုလွတ်ပေးလိုက်သည်။
“ဒါဆိုရင်တော့ မင်းတစ်ယောက်ပဲလုပ်မှဖြစ်မယ်ရန်ရှင်း၊ ဘာလို့လဲဆိုတော့ အရဟံဓါးက သာမန်လူတစ်ယောက်ကို တိုက်ခိုက်လို့မရနိုင်ဘူးကွ”
ရန်ရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် ကျောကုန်းတွင်အဝတ်စနှင့်ပတ်ကာ လွယ်ထားသည့်လှံတံကိုဖြုတ်လိုက်လေသည်။ ထို့နောက် သူ့လက်စည်းအတွင်းမှ အပ်ကလေးတစ်စင်းကိုထုတ်လိုက်သည်။ အပ်ကလေးမှာ ငွေရောင်ဝင်းလက်နေလေသည်။
“ရော့”
အပ်ကလေးကို စဉ်းတီတုံးပေါ်တင်ထားသည့် မိန်းကလေးဆီသို့ပစ်လွှတ်လိုက်လေရာ အပ်ကလေးမှာ လျှင်မြန်စွာပျံသန်းပြီး ထိုမိန်းကလေး၏ ဦးခေါင်းတွင် စိုက်ဝင်သွားလေသည်။ သို့သော်လည်း မိန်းကလေးမှာ ဘာမှမဖြစ်ပေ။
“လူဗျ”
သူတို့စကားပြောနေရုံရှိသေးသည်။ ပါးကွက်သားကြီးက ပုဆိန်ကြီးကိုလွှဲလိုက်ပြီး မိုးပေါ်သို့မြှောက်တင်လိုက်သည်။ ထို့နောက် အားဖြင့်ခုတ်ချထည့်လိုက်လေသည်။
“ချွင် . . .”
ပြင်းထန်သည့်အသံကြီးထွက်လာပြီးသည့်နောက် ပါးကွက်သားကြီးကိုင်ထားသည့် ပုဆိန်ကြီးမှာ အသွားများပဲ့ကြွေသွားပြီး လေထဲတွင်ရပ်တန့်နေလေသည်။ ရွာခံများရော ရွာစားမင်းနှင့် ရသေ့ကြီးပါ အလွန်အံ့ဩနေလေသည်။ အနီရောင်လှံတံကြီးကို ကိုင်ထားသည့် ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်က ပါးကွက်သားကြီးအရှေ့တွင်ရပ်နေလေသည်။
“ဒီကောင်က ဘာဝင်ရှုပ်တာလဲ”
မိန်းကလေးအားဖမ်းချုပ်ထားသည့် လူနှစ်ယောက်က သူတို့ခါးတွင်ချိတ်ထားသည့် ဓါးရှည်များကိုဖြုတ်လိုက်ကြပြီး ရန်ရှင်းကိုခုတ်ရန်ရွယ်လိုက်ကြသည်။ သို့သော် သူတို့နောက်ကျသွားပြီဖြစ်သည်၊ ရန်ရှင်း၏ လှံသွားက သူတို့၏ နှလုံးသားကိုလျှင်မြန်စွာထိုးဖောက်ဝင်သွားပြီး ကျောကုန်းမှပြန်လည်ဖောက်ထွက်သွားသည်။ ထိုသူနှစ်ဦးမှာ ရန်ရှင်းကိုကြည့်နေရင်းပင် သွေးများပန်းထွက်ကာ လဲကျသွားလေသည်။
ရန်ရှင်းက ကလေးမလေး၏လက်ကိုလှမ်းဆွဲလိုက်ပြီး ဆွဲထူလိုက်သည်။
“ငါတို့ပြေးကြစို့”
ထို့နောက် ကလေးမလေးကိုဆွဲပွေ့ချီလိုက်ပြီးနောက် စင်ပေါ်မှလွှားခနဲခုန်ချလိုက်သည်။ ရွာစားမင်းက အလွန်ဒေါသထွက်နေပြီး
“ရဲမက်တွေ၊ သူတို့ကိုလိုက်စမ်း၊ မိစ္ဆာမနဲ့ မိစ္ဆာအပေါင်းအပါတွေကို အရှင်မထားနဲ့”
ရန်ရှင်းမှာ ကလေးမနှင့်အတူ လူနေအိမ်လမ်းကြားများထဲသို့ ဝင်ပြေးလေသည်။ လူနေအိမ်များမှာ သစ်လုံးများ ကျောက်တုံးများနှင့် ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားသည့် အိမ်များဖြစ်သည်။ တစ်ဖန် သံနန်းကြိုး၊ သံကွင်းများဖြင့် ပြုလုပ်ထားသည့် သံချပ်ဝတ်အင်္ကsDများကို ဝတ်ဆင်ထားသည့် ရဲမက်များက ရန်ရှင်းအနောက်သို့ အပြေးလိုက်ကြသည်။ ရန်ရှင်းမှာ ကလေးမလေးကို ပွေ့ချီထားရသဖြင့် သိပ်ပြီးခရီးမတွင်လှပေ၊ လူနေအိမ်များအကြား ပြေးလွှားရင်းနောက်ဆုံး သူ့အရှေ့တွင် ကျောက်သားနံရံအမြင့်ကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။ ထိုကျောက်သားနံရံကြီးမှာ ရွာစားမင်း၏ နန်းတော်အားကာရံထားသည့် တံတိုင်းကြီးဖြစ်သည်။ ရန်ရှင်းပြန်လှည့်ထွက်ရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်ကာ သူ့အား ရဲမက်များက ဝန်းရံထားလိုက်သည်။
“မင်း အဲဒီမိစ္ဆာမကို ငါတို့ဆိကိုပေးမယ်ဆိုရင် မင်းကိုအသက်ရှင်ခွင့်ပေးမယ်”
ရဲမက်တစ်ဦးက အော်ဟစ်လိုက်လေသည်။ ရန်ရှင်းက မိန်းကလေးအား မြေပေါ်သို့ချလိုက်ပြီး လှံနီကြီးကို ဝှေ့ယမ်းလိုက်ကာ ပြုံးလိုက်သည်။
“ငါကလည်း မင်းတို့ကိုပြန်ပြောမယ်၊ မင်းတို့အသက်ရှင်ချင်တယ်ဆိုရင် ငါ့အရှေ့ကနေလမ်းဖယ်ကြစမ်း”
ရဲမက်များက ဘာမှမပြောတော့ဘဲ ရဲမက်ငါးယောက်ခန့်မှာ ရန်ရှင်းထံသို့ ပြေးဝင်သွားကြလေသည်။ ရန်ရှင်းကလည်; ရဲမက်တစ်ဦးအား လှံရှည်ကြီးဖြင့် ပစ်ခတ်လိုက်လေရာ ထိုရဲမက်၏ ရင်၀သို့လှံတံထိုးစိုက်ဝင်သွားလေသည်။ ရန်ရှင်းက ထိုရဲမက်ထံသို့ ပြေးဝင်သွားပြီး လှံတံကိုပြန်ဖြုတ်ကာ ကျန်သည့်ရဲမက်များနှင့် တိုက်ခိုက်တော့သည်။ ရန်ရှင်း၏ လှံထိုးချက်များမှာ ကျန်ရဲမက်လေးဦး၏ သေကွင်းသေကွက်များကိုသာထိုးနှက်သဖြင့် ရဲမက်လေးဦးစလုံး အတုံးအရုံးသေဆုံးသွားကြလေသည်။
နောက်ထပ်ရဲမက်များထပ်ရောက်လာကြလေသည်။ ရဲမက်စုစုပေါင်းသုံးဆယ်ခန့် ရန်ရှင်းအားဝန်းရံထားသည်။ ရဲမက်များ၏ မျက်နှာတွင် အလွန်ကြောက်ရွံ့နေသည့် အရိပ်အယောင်များကိုတွေ့ရသည်။
“ဘာလဲကွ၊ မင်းတို့ကြောက်နေပြီလား၊ လာစမ်းပါကွ”
ရန်ရှင်းက လှံကိုထမ်းလျှက်စိန်ခေါ်နေလေသည်။ ထိုအခါ ရဲမက်များရှဲသွားပြီး လူကြီးတစ်ဦးထွက်လာလေသည်။
“ရဲမက်တော်ကြီးလာပြီဟေ့”
ထိုလူကြီးမှာ အရပ်ခုနစ်ပေခန့်ရှိပြီး ထွားထွားကျိုင်းကျိုင်းလူကြီးဖြစ်သည်။ တစ်ကိုယ်လုံးတွင်လည်း လေးလံလှသည့် သံပြားကြီးများဖြင့် ပြုလုပ်ထားသည့် သံချပ်ကာကြီးကိုဝတ်ဆင်ထားသည်။ သူ၏လက်တွင်လည်း ကြီးမားလေးလံလှသည့် သံတင်းပုတ်ကြီးကို ကိုင်စွဲထားလေသည်။
“ဟား၊ ဟား၊ ဒီကောင်ကြီးက အတော်ကြီးပါလားကွ”
ရန်ရှင်းက ပြောဆိုလိုက်သည့်အချိန်တွင် ရဲမက်တော်ကြီးက တင်းပုတ်ကြီးကိုလွှဲလျှက် ရန်ရှင်းထံသို့ ခုန်ဝင်လာလေသည်။ မိုးပေါ်မှခုန်လာပြီးတင်းပုတ်ကြီးနှင့် အုပ်မိုးရိုက်ထည့်လိုက်ရာ ရန်ရှင်းမှာ အနောက်သို့အမြန်ခုန်ရှောင်လိုက်ရသည်။ တင်းပုတ်ထုချက်လွဲသွားပြီး တင်းပုတ်ကြီးမှာ မြေကြီးတွင် တစ်တောင်ခန့်စိုက်ဝင်နေလေရာ ရဲမက်တော်ကြီးက ထိုတင်းပုတ်ကြီးကိုခြေဖြင့်ခတ်လိုက်ပြီး ပုခုံးပေါ်တင်ကာထမ်းလိုက်သည်။
“ခင်ဗျားကြီးက အကောင်ကြီးပေမယ့် မြန်သားပဲဗျ၊ ဒါပေမယ့် ကျုပ်လောက်တော့ မြန်ပါ့မလား”
ထိုစဉ် ရဲမက်တော်ကြီးမှာ တင်းပုတ်ကြီးနှင့် ဝှေ့ယမ်းကာ ရန်ရှင်းကိုတိုက်ခိုက်တော့သည်။ ထိုအခါ ဒူးလေးကိုင်စွဲထားသည့် လူအများသည် မြို့ရိုးကြီးပေါ်သို့ ပြေးတက်လိုက်ကာ ရန်ရှင်းအား ဒူးလေးများဖြင့်ထိုးချိန်လိုက်သည်။
“ဂျိန်း”
မိုးခြိမ်းသံကြီးတစ်ချက်ထွက်ပေါ်လာပြီး မိုးကြိုးမှာ မြို့ရိုးကြီးကိုထိမှန်သွားကာ မြို့ရိုးကြီးတုန်ခါသွားလေသည်။ ထိုအခါ ဒူးလေးကိုင်လူများလည်း အောက်သို့ပြုတ်ကျကုန်တော့သည်။ ဖိုးလုံးလုပ်လိုက်မှန်း ရန်ရှင်းကသိလိုက်သည်။ ရဲမက်တော်ကြီး၏ တင်းပုတ်ကြီးနှင့်ဖြတ်ပြီးရိုက်ထည့်လိုက်သည်ကို ရန်ရှင်းက သူ့လှံတံနှင့် ပြန်ခံလိုက်လေသည်။ အကောင်သေးသော ရန်ရှင်းနှင့် လူကောင်ကြီးမားသော ရဲမက်တော်ကြီးတို့မှာ လက်နက်အချင်းချင်းထပ်လျှက် အစွမ်းကုန်တွန်းကန်နေကြလေသည်။ နောက်ဆုံးတွင် ရန်ရှင်းက လှံရိုးကိုဆောင့်တွန်းလိုက်သည့်အခါ ရဲမက်တော်ကြီး၏ ကြီးမားလှသည့် တင်းပုတ်ကြီး၏ တစ်စစီကွဲကြေသွားလေသည်။ ရဲမက်တော်ကြီးပင်မက အခြားရဲမက်များမှာလည်း အကုန်အံ့ဩသွားကြသည်။ ရန်ရှင်းက အချိန်ဆိုင်းမနေတော့ဘဲ ရဲမက်တော်ကြီး၏ မျက်နှာကို လှံဖြင့်ထိုးထည့်လိုက်သည်။ ရဲမက်တော်ကြီးက လျှင်မြန်စွာဖြင့် ခေါင်းတစ်ခြမ်းလှည့်လိုက်စဉ် ရဲမက်တော်ကြီးဆောင်းထားသည့် သံခေါင်းဆောင်းကြီးမှာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး သံစများကို မျက်နှာကိုစိုက်ဝင်သွားလေသည်။ ကံကောင်းသဖြင့်သာ ရန်ရှင်း၏ လှံချက်မှာ မျက်နှာတည့်တည့်သို့ မထိုးစိုက်မိခြင်းဖြစ်သည်။ ရဲမက်တော်ကြီး၏ ဘယ်ဖက်မျက်လုံးမှာ သံစများစူးဝင်ပြီးပေါက်သွားသလို ရဲမက်တော်ကြီးကလည်း အနောက်သို့ဆုတ်သွားလေသည်။
“မဖြစ်နိုင်ဘူး၊ မင်းငါ့ကိုနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး”
“ရန်ရှင်း . . မင်းတို့ဘာလုပ်ကြတာလဲ”
အသံကြားသဖြင့်ကြည့်လိုက်သည့်အခါ ဦးဇင်းက ရဲမက်များအကြားမှရှေ့ထွက်လာလေသည်။ ဦးဇင်းထွက်လာသဖြင့် ဖိုးလုံးလည်း အနောက်မှလိုက်ပါလာသည်၊ ရန်ရှင်းက အံ့ဩစွာဖြင့် ဦးဇင်းအားကြည့်နေသည်။
“တပည့်တော်၊ ဒီမိန်းကလေးကို ကယ် . . .ကယ်”
အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျောက်တုံးနံရံကြီးအနားတွင် ရပ်နေသည့်မိန်းကလေးမှာ လည်ပင်းပြတ်လျှက် သေဆုံးနေလေသည်။ ရန်ရှင်းသူ့မျက်လုံးကိုပင် သူမယုံနိုင်ပေ၊ ဖိုးလုံးပစ်ခတ်လိုက်သဖြင့် နံရံပေါ်မှ ပြုတ်ကျလာသည့် ရဲမက်တစ်ဦး၏ ဓါးကောက်ရှည်ကြီးက နံရံအောက်တွင်ရပ်နေသည့် မိန်းကလေး၏ လည်ပင်းပေါ်သို့ပြုတ်ကျကာ လည်ပင်းပြတ်ထွက်သွားခြင်းဖြစ်သည်။ ဦးဇင်းက သက်ပြင်းချလိုက်ကာ မျက်လွှာအစုံကိုမှိတ်ထားလေသည်။
“ဒီ . . . ဒီမိန်းကလေးကို သူတို့ခေါင်းဖြတ်သတ်မယ်လုပ်နေလို့ ကျုပ်တို့ဝင်ကယ်တာပါ ဦးဇင်း”
“သတ္တဝါအားလုံးတို့က ကံစီမံရာပဲ ဖြစ်ပျက်နေတာပဲ ရန်ရှင်း၊ မင်းတို့ကယ်ခဲ့ပေမယ့်လည်း ဒီဒကာမလေးက အသက်မရှင်ခဲ့ဘူးမဟုတ်လား၊ ဘာလို့လဲဆိုတော့ ဒီဒကာမလေးမှာ အခုလိုသေရမယ့် ဝဋ်ကြွေးရှိနှင့်ပြီးသားပဲ”
ဦးဇင်းက သေဆုံးသွားသည့်မိန်းကလေးအနီးသို့ကပ်လိုက်ကာ ဥာဏ်ကွန့်မြူးလိုက်သည်။
“ဒီမိန်းကလေးက လွန်ခဲ့တဲ့ဘ၀တွေတုန်းက ကြက်၊ ဘဲတွေကို လည်ပင်းခုတ်ဖြတ်ပိုင်းပြီး အသက်မွေးတဲ့ သားသတ်သမတစ်ဦးပဲ၊ ဒီအကုသိုလ်တွေက သူ့ဘ၀တွေကို အရိပ်လို လိုက်နေခဲ့တာပဲ”
ရန်ရှင်းဘာမှမပြောတော့ဘဲ လှံတံကိုချလိုက်သည်။ ထိုစဉ်မှာပင် ဒူးလေးသမားများမှာ အရှေ့သို့ပြေးဝင်လာလေသည်။ ရွာစားမင်းမှာ ရဲမက်များခြံရံလျှက် ရောက်လာခဲ့သည်။
“မိစ္ဆာကို ကယ်တင်တဲ့သူတွေက မိစ္ဆာတွေပဲဖြစ်မှာပဲ၊ ရဲမက်တွေ ဒီလူသုံးယောက်ကို ဖမ်းချုပ်လိုက်ကြစမ်း”
ရန်ရှင်းနှင့်ဖိုးလုံးက ခုခံရန်ပြင်ဆင်လိုက်သည်။ ထိုအခါ ဦးဇင်းက ဖိုးလုံးတို့ကိုတားလိုက်သည်။
“မခုခံကြနဲ့တော့”
“ဦးဇင်း ဒီလူတွေလောက်ကတော့ တပည့်တော်တို့ တိုက်ခိုက်နိုင်ပါတယ်”
“ရန်ကိုရန်ခြင်း မတုန့်နှင်းနဲ့လို့ တို့မြတ်စွာဘုရားက ဟောကြားခဲ့တာပဲ ဒကာလေးတို့၊ ရန်ပြုတာက အောင်နိုင်ခြင်းမဟုတ်ဘူး၊ ရန်မလိုမှ ရန်ပြိုတယ်ကွဲ့၊ သည်းခံခြင်းသာ အောင်နိုင်ခြင်းပဲ”
“သူတို့က တပည့်တော်တို့ကို ရန်ပြုတော့မှာဘုရား၊ သူတို့ကိုသည်းခံနေလို့ရှိရင် သူတို့က တပည့်တော်တို့ကို သတ်ချင်သတ်မှာ၊ သည်းခံပြီး သေသွားတာက အောင်နိုင်တာပဲလား ဘုရား”
ရန်ရှင်းက ဦးဇင်းစကားကို လက်မခံနိုင်ပေ။
“တို့ဗုဒ္ဓဘာသာတွေဆိုတာ ရတနာသုံးပါးအပြင် ကံကံ၏အကျိုးကို ယုံကြည်ကြရတယ်ဒကာလေး၊ တစ်ဘ၀တည်းကြည့်ရင် သေသွားတယ်ဆိုတာက ရှုံးသွားတယ်လို့ ဆိုနိုင်ပေမယ့် သံသရာလုံးနဲ့စာလိုက်ရင် ဒီသေခြင်းတရားက ဘာမှမဟုတ်ဘူးဒကာလေးရန်ရှင်း၊ အခုပဲ ဒကာလေး လူတွေသတ်ပြီးပြီ၊ ဒကာလေးသတ်လိုက်တဲ့လူတွေကို နိုင်သွားတယ်လို့ ဒကာလေးထင်လိုက်ပေမယ့် သံသရာမှာတော့ ဒကာလေးက အကုသိုလ်စက်ဝန်းတစ်ခုကို ဖန်တီးလိုက်တာပဲ၊ နောက်ဘ၀ပေါင်းများစွာ ဒကာလေးကို သူတို့ကပြန်သတ်လိုက်၊ သူတို့ကို ဒကာလေးက ပြန်သတ်လိုက်နဲ့ အဝန်းအဝိုင်းလည်ပတ်နေတော့မှာ၊ တစ်ခါသေလိုက်တာက ရှုံးတယ်လို့ ထင်ရင်ထင်ရပေမယ့် သံသရာမှာ အကုသိုလ်စက်ဝန်းတွေ ထပ်ပြီးမဖန်တီးလိုက်နိုင်တာက အနိုင်ပိုင်းလိုက်တာပဲပေါ့”
ရန်ရှင်းလည်း ဘာမှမပြောတော့ဘဲ လှံတံကိုမြေပေါ်သို့ပစ်ချလိုက်သည်။ ထိုတော့မှ ရဲမက်များက သူတို့သုံးဦးကို ကြိုးများနှင့်ဖမ်းတုပ်ပြီး ခေါ်ဆောင်သွားကြလေသည်။
(၃)
သူတို့သုံးယောက်ကို မြို့လယ်ရှိ လူသတ်စင်ပေါ်သို့ ဆွဲခေါ်သွားကြလေသည်။ အရှေ့မှ ရွာဆော်က မောင်းထုလျှက် ကြေညာနေသည်။
“မိစ္ဆာမကို အားပေးတဲ့ မိစ္ဆာကောင်တွေကို ဖမ်းလာခဲ့ပြီးပြီ၊ သူတို့ကို နေ့ချင်းပြီးပဲ စီရင်မယ်”
လူအများက စုရုံးလာပြန်သည်။ ဆရာတော်နှင့် ဖိုးလုံးက တည်တည်ငြိမ်ငြိမ်နေနိုင်သလောက် ရန်ရှင်းကတော့ ဂယောင်ချောက်ခြားဖြစ်နေလေသည်။ လူသတ်စင်ပေါ်သို့ ခေါ်ဆောင်ပြီးသည့်အခါ သူတို့သုံးဦးကိုတန်းစီထားလိုက်သည်။ ထို့နောက် ရွာစားမင်းက သူတို့အရှေ့သို့ထွက်လာသည်။
“မိစ္ဆာကိုကူညီတာ မိစ္ဆာပဲပေါ့၊ ကဲ၊ ဒီလူတွေကို စီရင်စေ”
ထိုအခါ အောက်မှလူများကလည်း အော်ဟစ်ကာ အားပေးကြလေသည်။ ဖိုးလုံးက ရွာစားမင်းကိုအသေအချာကြည့်လိုက်ပြီးနောက်
“ဒီလူကြီးကြည့်ရတာ လူနဲ့မတူဘူးကွ၊ မိစ္ဆာကြီးတစ်ကောင်လိုပဲ”
“ဒီလူတင်ဘယ်ကမလဲ၊ ဟိုးမှာ အနက်ရောင်ဝတ်ရုံနဲ့ ရသေ့ကြီးကရော လူနဲ့တူလို့လား”
“အင်း၊ ဒါဆို ဒီမိစ္ဆာတွေက လူတွေကို မဟုတ်တမ်းတရားတွေ အယုံသွင်းပြီးတော့ အုပ်ချုပ်နေတာပဲကွ”
“ခင်ဗျားဒါတွေ စိတ်ပူမနေပါနဲ့ ဖိုးလုံးရာ၊ ကျုပ်တို့အားလုံး မကြာခင်သေရတော့မှာမဟုတ်လား”
ရန်ရှင်းက မျက်လွှာချထားသည့် ဆရာတော်အနီးသို့တိုးကပ်လိုက်သည်။
“သူတို့က တပည့်တော်တို့ရဲ့ ခေါင်းတွေကိုဖြတ်တော့မယ်ဆိုရင်တောင် သည်းခံရမှာပဲလား ဘုရား”
“မှန်တယ်ဒကာရန်ရှင်း၊ ဒကာလေးရဲ့စိတ်ကို ဦးဇင်းနားလည်ပါတယ်၊ သေဆုံးတယ်ဆိုတာကို လူတွေမပြောနဲ့ နတ်တွေ၊ ဗြဟ္မာတွေတောင်မှ ကြောက်လန့်ကြတာထုံးစံပဲ၊ ဒါက တစ်ဘ၀တည်းအနေနဲ့ကြည့်လို့ ကြောက်ဖို့ကောင်းနေတာပါ၊ သံသရာအနေနဲ့ကြည့်ရင် ဒီကသေလွန်ပြီး နောက်ထပ်ဘ၀မှာသွားပြန်မွေးဖွားလိမ့်မယ်၊ အဲဒီမှာလည်း တစ်ခါပြန်ပြီးသေရအုံးမယ်၊ သံသရာမဆုံးသရွေ့ မွေးလာလိုက် သေလိုက်နဲ့ အဖန်တလဲလဲဖြစ်ပျက်နေတာကို ရှုမြင်ကြည့်လိုက်ရင် သေဆုံးခြင်းဆိုတာဟာ ထမင်းစားရေသောက်သလိုပါပဲ ဒကာလေးရန်ရှင်း။ စိတ်ကိုမတုန်မလှုပ်မဖြစ်နဲ့၊ ကိုယ်ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုတွေကိုသာ အာရုံပြုထားကွဲ့”
“တောက်၊ ဘုန်းကြီးတွေ၊ သူတော်ကောင်းတွေနဲ့ ပေါင်းမိတာမှားတာပဲ၊ အခုတော့ သူတို့ကောင်းမှုနဲ့ ငါပါအချောင်ရောသေရတော့မယ်၊ ငါဘာကောင်းမှုပြုဖူးလဲ . . . ငါကောင်းတာတွေ ဘာလုပ်ခဲ့ဖူးလဲ”
ရန်ရှင်းက စဉ်းစားနေသည့်အချိန်တွင် ပါးကွက်သားနှစ်ယောက်က ဦးဇင်းကို ဆွဲခေါ်သွားကြလေသည်။ ထို့နောက် ခေါင်းဖြတ်သည့် စဉ်းတီတုံးပေါ်တွင် တင်လိုက်တော့သည်။ ဆရာတော်က မျက်လုံးအစုံကိုမှိတ်ချပြီး
“ယခုဘ၀တွင် ယခုကဲ့သို့ အဖြစ်မျိုးနှင့် သေဆုံးဖို့ရာကံပါခဲ့ပါက သေပါစေတော့”
ဟုရေရွတ်လိုက်လေသည်။ ထိုအခါ ပါးကွက်သားက ကြီးမားလှသည့်ပုဆိန်ကြီးနှင့် ဦးဇင်းကို လွှဲပြီးခုတ်ချလိုက်လေသည်။
“ချွင်”
ပုဆိန်ကြီးမှာ ဦးဇင်း၏လည်ပင်းကိုခုတ်မိသော်လည်း သံထည်ကြီးတစ်ခုကို ခုတ်ဖြတ်လိုက်မိသလို ဖြစ်သွားကာ မီးပွားများထွက်လာလေသည်။ ဦးဇင်းကတော့ မတုန်မလှုပ်ဘဲရှိနေသည်။ ထိုအခါ ရွာစားမင်းက ပါးကွက်သားကိုကြည့်လိုက်ပြီး ထပ်မံသတ်ခိုင်းလေရာ ပါးကွက်သားမှာလည်း နောက်တစ်ကြိမ်း ပုဆိန်ကိုအားနှင့်လွှဲကာ ခုတ်ထည့်လိုက်သည်။
“ဝုန်း”
အားအလွန်များသဖြင့် ပုဆိန်ရိုးကြီးမှာ ကျိုးထွက်သွားသော်လည်း ဦးဇင်းမှာ ဘာမှပင်မဖြစ်ပေ၊ အောက်မှကြည့်နေသူများအားလုံးမှာ အလွန်အံ့ဩနေပြီဖြစ်သည်။
“သတ်ကြစမ်း၊ ဒီမိစ္ဆာကောင်ကြီးကို သေအောင်သတ်ကြစမ်း”
ထိုအခါ ပါးကွက်သားနှစ်ယောက်က ခါးမှဓါးများကိုချွတ်လိုက်ကြကာ ဦးဇင်းအားဝိုင်းထိုးကြသော်လည်း ဦးဇင်း၏အသားကို လုံး၀မထိခိုက်ပဲ ခုတ်ထစ်သည့် ဓါးများသာ ကျိုးပဲ့ကုန်သည်။ ရွာစားမင်းမှာ ဒေါသထွက်လွန်းသဖြင့် ဆွေ့ဆွေ့ခုန်နေလေသည်။
“သတ်ကြစမ်းပါ၊ မင်းတို့မသတ်ရဲရင် ငါကိုယ်တိုင်သတ်မယ်ကွ”
ရွာစားမင်းက ခါးမှဓါးကိုဖြုတ်လိုက်ပြီး ဦးဇင်းအနီးသို့တိုးကပ်လာလေသည်။ ထို့နောက် ဦးဇင်းအားဓါးဖြင့်လွှဲကာ ခုတ်ချလိုက်သည်။ ရွာစားမင်း၏ ဓါးက ဦးဇင်း၏ ခေါင်းတုံးပေါ်သို့ကျသော်လည်း ဘာမှပင်မဖြစ်သည့်အပြင် ရွာစားမင်းမှာ တဆတ်ဆတ်တုန်ယင်လာလေသည်။
“မိစ္ဆာကောင်ကြီး၊ မင်းဘယ်လိုအစွမ်းတွေအသုံးပြုထားလို့လဲ”
ထိုအခါ ဦးဇင်းက မျက်လုံးဖွင့်လိုက်ပြီး
“ငါက ဘာမိစ္ဆာကောင်မှမဟုတ်ဘူး၊ မြင့်မြတ်တဲ့ဘုရားရဲ့သားတော်ပဲ၊ မြင့်မြတ်တဲ့အကျင့်အကြံကို ကျင့်သုံးနေထိုင်တဲ့ သူတော်စင်တစ်ယောက်ပဲ”
ရွာစားမင်းမှာ ဦးဇင်းကိုကြည့်ရင်း ပိုမိုတုန်ယင်လာကာ ကြောက်ရွံ့လာခဲ့သည်။ အောက်မှလူများကလည်း ဦးဇင်းကိုကြည့်ကာ တွေဝေငေးမောနေလေသည်။
“သူတို့ကို မြေတိုက်ခန်းထဲကို ဖမ်းခေါ်သွားကြစမ်း”
ရွာစားမင်းက အမိန့်ပေးလိုက်သည့်အခါ ဦးဇင်းနှင့် ဖိုးလုံးတို့ကို ရဲမက်များက စွဲခေါ်သွားကြပြီး မြေတိုက်ခန်းအတွင်းသို့ ထည့်ထားလိုက်လေသည်။ ထိုမြေတိုက်ခန်းအတွင်းတွင် ခေါင်းပြတ်သေဆုံးနေသည့် မိန်းကလေးအလောင်းကိုလည်း ထည့်ထားလေသည်။
မကြာခင် မြေတိုက်ခန်းတံခါးမှာပွင့်သွားကာ ရွာစားမင်းက တစ်ယောက်တည်းဆင်းလာလေသည်။ မြေတိုက်ခန်းအတွင်း ဆီမီးခွက်များထွန်းထားသဖြင့် လင်းထိန်နေလေသည်။
ရွာစားမင်းက မိန်းကလေးအလောင်းအနားသို့ရောက်သောအခါ သူဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်ရုံရှည်ကြီးကို ဖယ်ရှားလိုက်လေသည်။ ဖိုးလုံးတို့အားလုံး ရွာစားမင်းကိုကြည့်ရင်း အလွန်အံ့အားသင့်သွားကြသည်။ အကြောင်းမှာ ရွာစားမင်း၏ ဗိုက်တွင် အလွန်ကြီးမားသည့် ပါးစပ်ကြီးတစ်ခုကိုတွေ့ရသောကြောင့်ဖြစ်သည်။ ရွာစားမင်းက မိန်းကလေး၏အလောင်းကို ဆွဲယူလိုက်ပြီး ခြေထောက်မှစကာ ပါးစပ်အတွင်းသို့ ထိုးထည့်ပေးလိုက်ရာ ကြီးမားသည့်ပါးစပ်ကြီးက တဂျွတ်ဂျွတ်နှင့် ဝါးစားတော့သည်။
“ဟား၊ ဟား ဖေ့သားကြီးဗိုက်၀ပြီလားကွ၊ မ၀သေးရင် ဟိုသုံးကောင်ရှိသေးတယ်”
ရွာစားမင်းက သူတို့သုံးယောက်ကိုအသေအချာကြည့်သည်။
“အင်း၊ ဟိုကတုံးက ခုနကဘာမှလုပ်လို့မရဘူး၊ ဒါဆို ဒီဖက်က ကောင်လေးကိုအရင်စားမယ်”
ရန်ရှင်းအရှေ့သို့လျှောက်သွားလိုက်ပြီး ရန်ရှင်း၏ ခြေထောက်ကိုဆွဲယူလိုက်လေသည်။ ရန်ရှင်းတို့ကို မြေတိုက်ခန်းနံရံတွင် သံကြိုးများဖြင့် တွဲလောင်းဆွဲထားသဖြင့် လှုပ်ရှားမရဘဲဖြစ်နေသည်။ ပါးစပ်ကြီးအတွင်းမှ လျှာကြီးထွက်လာကာ ရန်ရှင်း၏ ခြေထောက်များကိုရစ်ပတ်လိုက်လေသည်။ ထိုအချိန် ဖိုးလုံးက သူလှုပ်ရှားမှဖြစ်တော့မည်မှန်းသိလိုက်ပြီး မျက်လုံးအစုံကိုမှိတ်ချလိုက်ကာ အရဟံဓါးကိုဆင့်ခေါ်လိုက်သည်။
အရဟံဓါးမှာ မြေတိုက်ခန်းနံရံတွင်ချိတ်ထားသည့် သူ့လွယ်အိတ်အတွင်းရှိနေလေသည်။ ဖိုးလုံးစိတ်နှင့်ထိန်းချုပ်လိုက်သဖြင့် ဓါးမှာလွယ်အိတ်အတွင်းမှ ပျံထွက်လာကာ ဟပြဲနေသည့် ပါးစပ်ကြီးအတွင်းသို့ တိုးဝင်သွားလေသည်။ ပါးစပ်ကြီးမှာ တစ်ချက်တွန့်သွားသည့်အခါ ရန်ရှင်းက သူ့ခြေထောက်ဖြင့် ရွာစားမင်း၏ ရင်၀ကိုဆောင့်ကန်လိုက်သည့်အခါ ရွာစားမင်းမှာ အနောက်သို့လွင့်ထွက်ကာ ဖင်ထိုင်လျှက်သား လဲကျသွားလေသည်။
“စားစမ်း၊ မင်းဒီလောက်စားချင်နေတယ်မဟုတ်လား၊ စားစမ်း”
အရဟံဓါးမှာ ပါးစပ်ကြီးအတွင်း ဝှေ့ယမ်းနေလေသည်။ ရွာစားမင်း၏ ဗိုက်ကြီးတွင် အလင်းရောင်ကြီးများ ဖြန်းခနဲ ဖြန်းခနဲလင်းလက်သွားပြီးနောက် မကြာခင် ဗိုက်ကြီးက ပိုမိုပူဖောင်းလာခဲ့သည်။ ရွာစားမင်းက အံ့ဩပြီးကြည့်နေစဉ်မှာပင် သူ့ဗိုက်ကြီးမှာ ပေါက်ကွဲထွက်သွားလေသည်။
“ဝုန်း”
အခန်းတစ်ခုလုံးကို အနီရောင်သွေးများ၊ အသားစများနှင့် ဖုံးလွှမ်းသွားပြီး ဖိုးလုံးတို့ကိုပင် ပေကျံသွားလေသည်။ ရွာစားမင်းမှာ တစ်ချက်နှစ်ချက်တွန့်လိုက်ပြီးနောက် ငြိမ်သက်သွားလေသည်။ ရွာစားမင်းသေဆုံးသွားသည့်အခါ သူ့ရုပ်အလောင်းမှာ ချက်ချင်းပုပ်ပွလာပြီးနောက် လောင်ကောင်များတွယ်လာလေသည်။
“ဒီမိစ္ဆာကောင်က ရွာစားမင်းရဲ့ ဝမ်းဗိုက်မှာ ကပ်တွယ်ပြီးနေတာပဲကွ၊ ရွာစားမင်းက သေတာကြာလှပြီပဲ”
ထိုစဉ်အပြင်တွင် တိုက်ခိုက်သံများကိုကြားရသည်။ ထို့နောက် အခန်းအတွင်းသို့ အရပ်ဝတ်နှင့်လူအချို့ပြေးဝင်လာခဲ့သည်။ ထိုလူများထဲတွင် မိန်းမကြီးတစ်ယောက်လည်းပါလေသည်။
“သား . . . အမေ့သား”
မိန်းမကြီးက ဦးဇင်းဆီသို့ပြေးကပ်သွားလိုက်ကာ ဦးဇင်းအားချည်နှောင်ထားသည့် သံကြိုးများကိုဖြုတ်လိုက်လေသည်။
“မယ်တော်ကြီး နေကောင်းရဲ့မဟုတ်လား”
“သားကိုနေ့လည်က လူသတ်စင်မှာတွေ့လိုက်ကတည်းက အမေက ကယ်ချင်နေတာသားရဲ့၊ လာလာသား၊ အမေတို့သွားရအောင်”
ဦးဇင်းက ဖိုးလုံးတို့ကိုပါ ကယ်ထုတ်ခိုင်းလိုက်သဖြင့် ထိုလူများက ဖိုးလုံးနှင့် ရန်ရှင်းကိုပါ ကယ်ထုတ်သွားကြလေသည်။ သူတို့ရောက်နေသည့် နေရာက မြို့စားမင်းစံအိမ်အတွင်းတွင်ဖြစ်သည်။ မကြာခင် ထိုလူများက သူတို့အား စံအိမ်တစ်နေရာရှိ မြေကြီးကိုခင်းထားသည့် ကျောက်ပြားကြီးကိုဖယ်လိုက်ကာ ထိုအောက်ရှိ လှို့ဝှက်လမ်းကြောင်းတစ်ခုမှနေပြီး အပြင်ကိုခေါ်ထုတ်သွားလေသည်။
“ဒါက ဦးဇင်းရဲ့မယ်တော်ပေါ့ ဒကာလေးတို့ မယ်ဖော့လို့ခေါ်တယ်”
ဖိုးလုံးတို့လည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ရောက်နေသည့်နေရာမှာ မြေအောက်တွင်ဖွဲ့စည်းထားသည့် အခန်းတစ်ခုဖြစ်သည်။
“ဒါနဲ့ ခမည်းတော်ကြီးရော မယ်တော်”
ထိုအခါ မယ်ဖော့ဆိုသည့် အဘွားကြီးမှာ ငိုကြွေးလေတော့သည်။
“သားထွက်သွားပြီး သုံးနှစ်လောက်ကြာတဲ့အခါမှာ မင်းအဖေကို ရွာစားမင်းက သတ်ဖြတ်လိုက်တာပဲငါ့သား၊ ပြီးတော့ ရွာစားမင်းက ရွာမှာကိုးကွယ်ဖို့ဆိုပြီး ရသေ့ကြီးတစ်ပါးကိုခေါ်လာခဲ့တယ်၊ ရွာကို မိစ္ဆာဆိုးကြီးတွေက ဖျက်ဆီးဖို့လုပ်နေကြတယ်ဆိုပြီး ပြောပြီးတော့ လူတွေကိုလည်း မိစ္ဆာကိုးကွယ်တယ်လို့ စွပ်စွဲပြီး အမြဲသတ်ဖြတ်နေကြတယ်သား”
မယ်ဖော့က သူ့အနောက်မှ လူတစ်ယောက်ကိုကြည့်လိုက်ပြီး
“ဆလင်း၊ ရှင်တို့က ရွာထဲကိုပတ်ပြီး သတင်းလွှင့်လိုက်ကြ၊ အရင် ရွာစားမင်းရဲ့ သားပြန်လာပြီ၊ သူက စွမ်းအားတွေရှိလို့ နေ့လည်က သေအောင်မသတ်နိုင်တာလို့ သတင်းလွှင့်လိုက်ကြစမ်း”
ဦးဇင်းမှာ နားမလည်နိုင်တော့ပေ။
“မယ်တော်ကြီး၊ မယ်တော်ဘာလုပ်နေတာလဲ”
မယ်ဖော့ကပြုံးလျှက် ဦးဇင်းလက်ကိုဆွဲလိုက်လေသည်။
“ဘာလုပ်ရမလဲသားရဲ့၊ ရွာစားမင်းက သားရဲ့ညီအကိုခြောက်ယောက်စလုံးကို ပုန်ကန်မှာစိုးလို့သတ်ပစ်ခဲ့တာ၊ အခုသား ရွာကိုပြန်ရောက်ပြီဆိုတော့ ဒီရွာကလူတွေကို ပြန်စုစည်းရမယ်၊ ရွာစားမင်းရဲ့လူတွေကို တိုက်ထုတ်ပြီး ရွာကို သားက ပြန်အုပ်စိုးရမယ် ငါ့သား”
“မှားနေပြီမယ်တော်၊ မယ်တော်တို့မှားနေပြီ”
“သားသာ ဦးဆောင်မယ်ဆိုရင် ရွာကလူတွေက နာခံကြမှာပါသားရယ်၊ အခု ဆလင်းတို့က သတင်းလွှင့်ဖို့ထွက်သွားပြီ၊ ဒီသတင်းသာပြန့်သွားရင် ရွာကလူတွေ သားဦးဆောင်တဲ့အနောက်ကို လိုက်လာကြလိမ့်မယ်”
မယ်ဖော့က အားတက်သရောပြောနေလေသည်။ ဦးဇင်းက ခေါင်းခါပြီး သက်ပြင်းသာချနိုင်သည်။
“သားတို့နားလိုက်ကြပါအုံး၊ သတင်းပြန့်တဲ့အချိန်ကို စောင့်လိုက်ပါအုံးမယ်၊ နောက်သုံးရက်လောက်နေမှ အမေတို့ စလှုပ်ရှားကြတာပေါ့”
မယ်ဖော့က အခန်းထဲမှထွက်သွားလေသည်။ ဦးဇင်းလည်း အဝတ်တစ်ခုဖြင့် သူ့ကိုယ်တွင်ပေကျံနေသည့် သွေးများကို သုတ်သင်နေရလေသည်။ ရန်ရှင်းက အရှေ့တက်လာပြီး
“ဦးဇင်းအမေပြောတာမှန်တယ်၊ ဦးဇင်း ဒီမိစ္ဆာကောင်တွေကို ရွာကနှင်ထုတ်ပြီးရင် ဒီရွာမှာ ရွာစားမင်းလုပ်ပြီး အုပ်ချုပ်သင့်တယ်”
ဦးဇင်းက ခေါင်းကိုဖြေးညှင်းစွာခါရမ်းပြီး
“စည်းစိမ်တွေကို မတတ်မက်ခဲ့လို့ သာသနာ့ဘောင်ကို ဝင်ခဲ့ပြီးပြီလေ၊ ဦးဇင်းက ဘာမဟုတ်တဲ့ရွာစားနေရာလောက်အတွက်နဲ့ သာသနာ့ဘောင်ကို မစွန့်နိုင်ဘူး”
“ဒီတော့ ဦးဇင်းဘယ်လိုလုပ်မလဲ”
“မိစ္ဆာတွေကို နှင်ဖို့က ဒကာလေးတို့အလုပ်ပါ၊ ဦးဇင်းကတော့ ဒီရွာသားတွေကို တရားရေအေးတိုက်ကျွေးပြီး အမြင်မှန်ရအောင် သွန်သင်ဆုံးမပေးမယ်”
“တင်ပါ့ဘုရား”
ဖိုးလုံးတို့လည်း ဦးဇင်းကိုကန်တော့လိုက်ကြသည်။ မကြာခင်မှာပင် အမျိုးမျိုးသောအ စားသောက်များကို မယ်ဖော့က ယူလာပေးသည်။ ဖိုးလုံးနှင့် ရန်ရှင်းတို့မှာ စာစာနှင့်စားသောက်ကြသော်လည်း ဦးဇင်းက မစားပေ။
“စားလေသားရဲ့၊ သူတို့ကစားနေပြီ၊ သားက ဘာလို့မစားတာလဲ”
“သားတို့ရဲ့ ဘာသာတရားအရ သားတော်က ရဟန်းသံဃာတစ်ယောက်ဖြစ်နေပြီမယ်တော်၊ ရဟန်းသံဃာတွေ စောင့်ထိန်းအပ်တဲ့တရားထဲမှာ နေ့လွဲညစာ မစားတဲ့တရားလဲပါတယ်၊ သားတော်မစားပါဘူး”
“သားရယ်၊ ဘာလို့အပင်ပန်းခံပြီး ထူးဆန်းတဲ့တရားတွေကျင့်နေတာလဲ၊ သားငယ်ငယ်တုန်းကလိုမျိုး အမေခွံ့ကျွေးရအုံးမလား ငါ့သား”
“မယ်တော်ကို သားတော်ကုန်ကုန်ပြောမယ် မယ်တော်၊ သားတော် ဒီကိုပြန်လာတာဆိုတာ မယ်တော့်ကိုလွမ်းလို့ အောက်မေ့လို့ပြန်လာခဲ့တာသက်သက်မဟုတ်ဘူး၊ ထူးခြားကောင်းမွန်တဲ့ အမြိုက်တရားကို သားတော်သိသလို မယ်တော်တို့ကိုလည်း သိစေချင်တဲ့အတွက် တရားဟောပြီး ကျေးဇူးဆပ်ဖို့ပြန်လာခဲ့တာပဲမယ်တော်”
မယ်ဖော့က နားမလည်နိုင်သော မျက်လုံးများဖြင့် ဦးဇင်းကိုကြည့်နေလေသည်။
“တကယ်လို့ မယ်တော်သာ သားတော်ကိုအနေရခက်အောင်လုပ်မယ်ဆိုရင် သားတော် မယ်တော်တို့နဲ့ ဝေးရာဆီကို ပြန်ထွက်ခွာသွားဖို့ ဝန်မလေးဘူးဆိုတာ မယ်တော်ကို ကြိုပြောထားပါရစေ”
ထိုအခါ မယ်ဖော့မှာ ငိုကြွေးလျှက်သားဖြစ်သူအား ပြေးဖက်လေသည်။ ဦးဇင်းက မယ်ဖော့အားတွန်းလိုက်သဖြင့် မယ်ဖော့က မြေပြင်သို့လဲကျသွားသည်။
“အောင်မယ်လေး သားရဲ့၊ ရက်စက်လှချည်လား၊ ရပါတယ်၊ သားရယ်၊ ဒီတစ်ခါတော့ ငါ့သားကိုအဆုံးရှုံးမခံတော့ဘူး၊ ငါ့သားမကြိုက်ဘူးဆိုရင် အမေမလုပ်တော့ဘူးနော်သား၊ ဒီကနေတော့ ထွက်မသွားပါနဲ့သားရယ်”
မယ်ဖော့က ငိုကြွေးပြီး အပေါ်သို့ပြန်တက်သွားလေသည်။ ဦးဇင်းက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက်
“သမုဒယ . . သမုဒယ၊ ဒုက္ခဖြစ်စေနိုင်တဲ့ သမုဒယတရားပါလား”
ဆရာတော်က ရေရွတ်လိုက်လေသည်။
ပြီးပါပြီ။
အရဟံဓါးသခင် နှင့် ရဲမက်တော်ကိုဗလ တွင် ဆက်လက်ဖတ်ရှုပါ။