(၁)
“ကိုကြီး မိုးရွာတော့မယ်နဲ့တူတယ်နော်”
ညီမလေးအပြောကို ခေါင်းညိတ်လိုက်ပြီးနောက် မိုးပေါ်တစ်ချက်မော့ကြည့်လိုက်သည်။ ရန်ကုန်မိုးက အုံ့မှိုင်းနေပြီး မိုးရွာဖို့ရန်အတွက် ဟန်ပြင်နေပြီဖြစ်သည်။ နေ့လည်တောင်ရောက်တော့မည် မနက်စာတောင်မစားရသေးသည့် သူတို့မောင်နှမနှစ်ယောက် ရန်ကုန်မြို့တွင်း ရပ်ကွက်တစ်ခုအတွင်းလှည့်လည်ရောင်းချနေကြရသည်။
“ဖွဲပြာယူကြဦးမလား . . . မြေဆွေးလဲပါတယ်နော်”
အသံစာစာဖြင့်အော်လိုက်ပြီး မောင်နှမနှစ်ယောက် လျှောက်လိုက်ကြတော့သည်။ အကိုဖြစ်သူက ထမ်းပိုးတွင် ဗန်းနှစ်ခုတပ်ထားပြီး အရှေ့ဗန်းတွင်တော့ ဖွဲပြာထုပ်များနှင့် အနောက်ဖက်ဗန်းတွင်တော့ မြေဆွေးထုပ်များကိုတင်ဆောင်ထားသည်။ ညီမဖြစ်သူကတော့ ကြွပ်ကြွပ်အိတ်ကလေးတစ်လုံးကိုင်ထားပြီး ပိုက်ဆံများကို ကျစ်ကျစ်ပါအောင်ကိုင်ထားသည်။ ပိုက်ဆံက ငါးရာလောက်သာရှိသေးသည်။ မနက်အစောကတည်းက မောင်နှမနှစ်ယောက် ဈေးရောင်းထွက်လာကြသည်မို့ မနက်စာ ဘယ်ဆီနေမှန်းမသိသေး။ ဈေးထဲတွင် ထိုင်ရောင်းသော်လည်း ရောင်းအားမကောင်းသဖြင့် ဈေးသိမ်းသည့်အခါ ရပ်ကွက်ထဲ လှည့်ရောင်းကြခြင်းဖြစ်သည်။
“ညီမလေး မြန်မြန်လာကွာ မိုးမရွာခင် များများရောင်းနိုင်မှဖြစ်မယ်”
ထိုသို့ပြောပြီး ရပ်ကွက်အတွင်း ခပ်မြန်မြန်လျှောက်ကာ အော်ဟစ်နေကြတော့သည်။
(၂)
တလိမ့်လိမ့်တက်လာသော တိမ်မည်းများသည် မကြာခင် ဗြုန်းစားကြီးရွာချတော့သည်။ ရပ်ကွက်အတွင်းလမ်းများတွင် လူတွေရှင်းကုန်ကြသည်။ အထပ်မြင့်တိုက်များမို့ လမ်းကြီးက ရှင်းသွားတော့သည်။ မိုးတွေက ပိုပြီးသည်းလာတော့သည်။ သူတို့ရောင်းကုန်က မိုးရေစိုခံသည့်ကုန်မဟုတ်။ ဖွဲပြာနှင့် မြေဆွေးတွေက မိုးမိလျှင် အရည်ပျော်ကုန်တော့မည်မို့ မိုးခိုရန် နေရာတစ်နေရာ ရှာရတော့သည်။
လမ်းအတွင်းပြေးလွှားရင်း အရှေ့တွင် ဆိုင်လေးတစ်ဆိုင်တွေ့လိုက်တော့သည်။ အိမ်ဆိုင်ကလေးဖြစ်သည်။ အထပ်မြင့်တိုက်တစ်ခု၏ မြေညီထပ်တွင် ဖွင့်လှစ်ထားပြီး တိုက်ရှေ့တွင် အမိုးလေးလုပ်ထားကာ ဆိုင်ဖွင့်ထားသည်မို့ မောင်နှမနှစ်ယောက် ထိုဆိုင်ကလေးအတွင်းသို့ ပြေးဝင်လိုက်ကြသည်။ ဆိုင်ရှေ့တွင် နေရာအနည်းငယ်ရှိပြီး မုန့်များ၊ ဆန်များကို ခင်းကျင်းထားသည်။ ထိုအနားတွင် ဆိုင်ရှင် တရုတ်မကြီးက ပက်လက်ကုလားထိုင်တစ်ခုတွင် ထိုင်ပြီး ငိုက်မြည်းနေသည်။ သူတို့နှစ်ယောက်ဝင်လာတော့ သူတို့ကိုထကြည့်လိုက်သည်။
“ဘာယူမလဲ”
“မယူပါဘူးအန်တီရယ်၊ သားတို့မိုးခိုလာတာပါ”
မိုးက သည်းကြီးမည်းကြီးကျနေသည့်အပြင်လေတွေပါ တဝေါဝေါနှင့် တိုက်ခတ်လာပြီး သစ်ပင်သစ်ကိုင်းများမှာလဲ အရှိန်ပြင်းစွာ လှုပ်ယမ်းနေကြသည်။ တရုတ်မကြီးက သူတို့ မောင်နှမကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
“ဈေးရောင်းပါးပါတယ်ဆိုနေမှ ဒီကလေးတွေက တစ်မှောင့်၊ ကလေးတွေကြည့်ရတာလဲ ပေပေစုတ်စုတ်နဲ့ လက်ဆော့ခြေဆော့လုပ်သွားရင် ငါ့ဆိုင်ကကုန်တွေ ပါသွားဦးမယ်”
စိတ်ထဲမှ ထိုသို့တွေးလိုက်ပြီးနောက် ထိုင်နေရာမှ ထလိုက်တော့သည်။
“သွားကြစမ်း၊ ဘယ်က အရှုပ်တွေလဲ၊ ဈေးရောင်းမကောင်းပါဘူးဆိုနေမှ ဝယ်တဲ့သူမလာဘဲ ဘယ်က ပေါက်လွှတ်ပဲစား တွေလာသလဲမသိဘူး သွားကြ”
“အန်တီရယ် . . . မိုးနည်းနည်း စဲသွားရင် ကျွန်တော်တို့သွားမှာပါ၊ ကျွန်တော်တို့ရောင်းတဲ့ ဖွဲပြာတို့ မြေဆွေးတို့ကလဲ ရေစိုခံတာမဟုတ်လို့ပါ”
“မလိုချင်ဘူး၊ သွားကြ။ အခုထွက်သွားကြ”
ညီမငယ်က အကို့မျက်နှာကိုကြည့်လိုက်သည်။ အကိုဖြစ်သူကတော့ မျက်နှာအောက်ချပြီးနောက် ထိုဆိုင်ရှေ့အမိုးလေးမှ ပြေးထွက်ခဲ့တော့သည်။ မိုးကတော်တော်သည်းနေဆဲမို့ ထိုဆိုင်လေးဘေးနားရှိ တိုက်ခန်းတစ်ခုအရှေ့တွင် ရပ်နေလိုက်ကြသည်။ တိုက်ခန်းကဆောက်လုပ်ပြီးစဖြစ်ပြီး လူနေပုံမရသေး။ သူတို့တိုက်ရှေ့တွင် ရပ်နေပြီး မကြာခင်မှာပင် ထိုဆိုင်အတွင်းသို့ သန့်ပြန့်သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ဦးလေးကြီးတစ်ဦးက ဝင်သွားလေသည်။
“ကိုကြီးရယ် ညီမတော့ အဲဒီမိန်းမကြီးကို သိပ်မုန်းတာပဲ”
“ဪ ညီမလေးရယ် သူတို့က သူစိမ်းတွေပဲလေ၊ ကူညီညီ မကူညီညီ တို့နဲ့မဆိုင်ပါဘူး”
“ဘာပဲဖြစ်ဖြစ်ကိုကြီးရာ ညီမတော့ မိုးလေးခိုတာတောင် ပြောလွှတ်တဲ့ အဲဒီမိန်းမကြီးကို မုန်းတယ်”
ညီမလေးက ပြောပြီးတော့ သူတို့မိုးခိုသည့် ဆိုင်ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ ဆိုင်အပြင်ဖက်ကို ပလတ်စတစ်အကြည်စဖြင့် ကာထားရာ လေတိုက်သည့်အခါ ထိုပလတ်စတစ်စမှာ တစ်ချက်လွတ်သွားလေသည်။
“ကိုကြီး ကိုကြီး ဟိုမှာ”
ညီမလေးပြရာကိုကြည့်မိလိုက်တော့ ခုနက ဆိုင်ရှင် တရုတ်မကြီးကို ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် ဦးလေးကြီးက ဓါးနှင့်ထောက်ထားသည်ကိုတွေ့လိုက်ရသည်။
“ညီမလေး ဆိုင်ရှင်အဒေါ်ကြီး ဓါးပြတိုက်ခံရတာထင်တယ်”
“အို ကောင်းလိုက်တာ . . တိုက်ပါစေ”
“ဒီလိုမပြောရဘူးညီမလေးရဲ့ သူတစ်ပါး မကောင်းဖြစ်နေတာကို မပျော်ရဘူးလေ။ အကိုတို့ တစ်ခုခု ကူညီမှဖြစ်မယ်”
“ထားလိုက်ပါ ကိုကြီးရာ သူနဲ့ညီမလေးတို့နဲ့ ဘာဆိုင်လဲ”
(၃)
အကိုဖြစ်သူက လမ်းအတွင်းကို ငေးကြည့်လိုက်သည်။ မိုးသည်းထန်စွာရွာနေသောကြောင့် ဖြတ်သွားဖြတ်လာပင်မရှိ။ ထို့ကြောင့် ဆိုင်းထမ်းပိုးကြီးကို ဖြုတ်လိုက်ပြီး သေချာကိုင်ထားလိုက်သည်။
“ညီမလေး အကို အဲဒီလူကြီးကိုပြေးရိုက်မယ် . . ညီမလေးက ဓါးပြလို့သာ အသံကုန်အော် ဟုတ်ပြီလား”
ထိုသို့ပြောပြီးသည်နှင့် ဆိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားလိုက်ပြီး ထိုဦးလေးကြီး၏ ခေါင်းကို ထမ်းပိုးနှင့် အားကုန်ရိုက်ထည့်လိုက်သည်။ ဦးလေးကြီးက ဆိုင်ပြင်ကိုကျောပေးထားသည်မို့ ပြေးလာသည့် သူ့ကိုမမြင်သဖြင့် အလစ်ခံလိုက်ရတော့သည်။ လက်ထဲက ဓါးပြုတ်ကျသွားပြီး ဆန်ထည့်ထားသည့် ဇလုံထဲကျသွားတော့သည်။
“ဓါးပြ. . . . ဓါးပြ”
ဆိုင်ရှေ့မှ ညီမဖြစ်သူက မိုးရေထဲတွင် အသံကုန်အော်ဟစ်နေလိုက်သည်။ ထိုတော့မှ တရုတ်မကြီးလဲ အသံကုန်အော်လိုက်တော့သည်။
“ဓါးပြတိုက်နေတယ် ကယ်ကြပါဦးရှင့်”
ထိုဦးလေးကြီးက သူ့ကိုပြန်ကြည့်နေသည်။ ထိုအခါ သူက ထမ်းပိုးနှင့်ထပ်ရွယ်လိုက်တော့မှ ဟိုကြည့်သည်ကြည့် ကြည့်ပြီး ဓါးပင်ပြန်မကောက်တော့ဘဲ ထွက်ပြေးသွားတော့သည်။ ရပ်ကွက်မှ လူများ ထွက်လာကြသည်။ တိုက်ပေါ်မှလူများဆင်းလာကြသော်လည်း ဓါးပြတိုက်သူမကို မမီလိုက်ကြတော့။ ထိုအခါ ထမ်းပိုးကိုင်ထားသည့် အကိုဖြစ်သူအား ကြည့်လိုက်ကြလေသည်။
“မင်းတို့ကွာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓါးပြတိုက်ရတယ်လို့”
“သူတို့တိုက်တာမဟုတ်ပါဘူးရှင် . . တိုက်တဲ့လူကပြေးပါပြီ . . ဒီကောင်လေး ထမ်းပိုးနဲ့ဝင်ရိုက်လို့ ဓါးလွတ်ကျပြီး ထွက်ပြေးသွားတာပါ”
တရုတ်မကြီးက ဝင်ပြောတော့မှ ရပ်ကွက်မှလူများက ယုံသွားတော့သည်။
“သားတို့ သားတို့ကို အန်တီကျေးဇူးတင်ပါတယ် သားတို့ဘာလိုချင်လဲပြောပါ”
“မလိုချင်ပါဘူးအန်တီ သားတို့က ဒီအတိုင်းကူညီခဲ့တာပါ”
“မဟုတ်ပါဘူးသားရယ် . . သားတို့ကိုကျေးဇူးတင်လို့ အန်တီလဲ ပြန်ကူညီပါရစေ”
အကိုဖြစ်သူက ညီမလေးကိုကြည့်လိုက်သည်။ ညီမလေးကလဲ မိုးတွေရွဲစိုနေပြီး သူ့ကိုပြန်ကြည့်နေလေသည်။
“သားတို့ကို ကူညီချင်တယ်ဆိုရင် ဖွဲပြာနဲ့ မြေဆွေးနည်းနည်းဝယ်ပါလား”
“အို ဝယ်မှာပေါ့ကွယ် အကုန်လုံးဆို ဘယ်လောက်ကျမလဲ”
အကိုဖြစ်သူက တွက်ချက်ကြည့်လိုက်သည်။
“လေးထောင်လောက်တော့ရှိမယ်”
တရုတ်မကြီးက တစ်သောင်းတန်တစ်ရွက် ထုတ်ပေးလိုက်သည်။
“အန်တီအကုန်ယူလိုက်မယ် ပိုတာ ပြန်မအမ်းပါနဲ့ကွယ် သားလေးတို့ သမီးလေးတို့ မုန့်တွေဝယ်စားကြပေါ့”
ထို့နောက် တရုတ်မကြီးက ဆိုင်အတွင်းရှိ ပေါင်မုန့်ဆယ်ချပ်ခန့်ပါသည့် ပေါင်မုန့်ထုပ်ကြီးလဲ ပေးလိုက်သေးသည်။ ပိုက်ဆံများရတော့ သူတို့မောင်နှမပျော်သွားသည်။ ဈေးရောင်းပြီး ပိုက်ဆံပါလာမှ အိမ်တွင်ကျန်နေသည့်အမေနှင့် နို့စို့သား ညီလေးတို့မှာ ထမင်းဟင်းချက်ပြုတ်ရမည်ဖြစ်တော့သည်။ အလွတ်ဖြစ်သွားသည့် ထမ်းပိုးကြီးကိုထမ်းပြီး ဗန်းနှစ်ဗန်းကို ညီမငယ်ဖြစ်သူက ရွက်ကာ မိုးသည်းသည်းထဲပင် ဆိုင်အတွင်းမှပြေးထွက်သွားကြပါတော့သည်။
တရုတ်မကြီးကတော့ နောက်တစ်ခါလာလျှင်လည်း အားပေးဦးမည်ဟု စိတ်ထဲတွေးထားသော်လည်း သူတို့မောင်နှမနှစ်ယောက်ကို နောက်တစ်ခါ ပြန်မတွေ့တော့ပါ။
ပြီးပါပြီ။
အဂ္ဂဇော်