(ဖြစ်ရပ်မှန်အတိုင်း အမည်၊ နေရာများမပြောင်းလဲဘဲ ရေးသားတင်ဆက်ထားပါသည်)
(၁)
ကိုသန်းဇော်တစ်ယောက် ဆိုင်ကယ်မောင်းရင်း ဟင်္သတာမြို့မှ ပြန်လာခဲ့သည်။ ညည့်လည်းအတော်နက်နေပြီဖြစ်သည်။ ဇလွန်မြို့ကိုဖြတ်သန်းပြီးချိန်တွင် ညကိုးနာရီကျော်ခဲ့ပြီဖြစ်သည်။ ဆောင်းတွင်းမို့ရာသီဥတုက အနည်းငယ်ချမ်;အေးနေသည်။ ကိုသန်းဇော်နေထိုင် ညောင်ကုန်းရွာကလေးသို့ရောက်ရန်အတွက် ဇလွန်မြို့မှတဆင့် ကွန်ကရစ်ခင်းထားသည့် တာလမ်;မကြီးအတိုင်း ရွာစဉ်ကိုဖြတ်ကာမောင်းနှင်ရလေသည်။ ယခုလည်း မိုးအတော်ချုပ်နေပြီမို့ တာလမ်းမကြီးပေါ်တွင် ဆိုင်ကယ်က မရှိသလောက်နည်းနေသည်။ တစ်ခါတစ်ရံမှသာ ဆိုင်ကယ်တစ်စီးတစ်လေ ဖြတ်သန်းသွားသည်ကိုတွေ့ရသည်။
အနီးရှိရွာများမှာ ရွာစဉ်ကျဲလှသည်။ ရွာကလေးများမှာ မီးများလင်းထိန်နေသော်လည်း လူသွားလူလာမရှိတော့ပေ၊ ရွာတစ်ရွာနှင့်တစ်ရွာအကြားတွင် လယ်ကွင်းကြီးများ၊ ကွင်းပြင်ကြီးများရှိသည်။ ကိုသန်းဇော်တစ်ယောက်တည်း တာလမ်းမကြီးအတိုင်း ဆိုင်ကယ်ကိုမှန်မှန်မောင်းနှင်လာခဲ့သည်။
“ဂီး . . . ဂစ်”
ဆိုင်ကယ်မောင်းနေစဉ် မောင်းထောင်ရွာအနီးအရောက်တွင် ဦးခေါင်းထက်နားမှ ငှက်ဆိုးတစ်ကောင်ဖြတ်ပျံသွားကာ တစ်ချက်အော်မြည်လိုက်သေးသည်။ ကိုသန်းဇော်က ငှက်ဆိုးထိုသံကို အယူမရှိသော်လည်း ညဘက်တစ်ယောက်တည်းမောင်းနှင်နေရသဖြင့် စိတ်ချောက်ခြားသည်ကတော့ အမှန်ဖြစ်သည်။
မောင်းထောင်ရွာမှထွက်ပြီး လယ်ကွင်းများကိုဖြတ်ကျော်မောင်းနှင်လိုက်သည့်အခါ မကြာမီ အရှေ့တွင် မိန်းမတစ်ဦးက လမ်းဘေးရပ်ကာ လက်တားနေသည်ကိုတွေ့လိုက်ရသည်။ ရွာနှင့်အလှမ်းဝေးပြီး လယ်ကွင်းဘေးနားတွင်ပေါက်နေသည့် လက်ပံပင်ကြီးအောက်တွင် လက်ပြကာ ဆိုင်ကယ်ကိုတားနေသည့် အမျိုးသမီးကိုကြည့်ကာ ကိုသန်းဇော်စိတ်ထဲ ကြောက်လန့်လာမိသည်။ သို့သော်လည်း အကူအညီလိုသည့် သူများဖြစ်နေမလားဟုတွေးကာ ဆိုင်ကယ်မီးဖြင့်လှမ်းထိုးကြည့်သည့်အခါ သူတို့ရွာက မရီမြင့်ဖြစ်နေသည်။ မရီမြင့်က သူတို့ညောင်ကုန်းရွာမှဖြစ်ပြီး ကိုသန်းဇော်နှင့်လည်း တစ်ရွာတည်းသားချင်းမို့ အချင်းချင်းခင်မင်ကြသည်ဖြစ်ရာ ကိုသန်းဇော်က မရီမြင့်အနီးတွင် ဆိုင်ကယ်ကိုရပ်လိုက်သည်။
“မရီမြင့်ပါလား၊ အချိန်မတော်ကြီး ဘယ်သွားမလို့လဲ”
“သန်းဇော်ရယ်၊ နင့်ကိုတွေ့တာ ဟန်ကျလိုက်တာ၊ ငါအလှူအတွက် ဇလွန်မှာလိုအပ်တာသွားဝယ်ရင်း ဒီမှာကျန်နေခဲ့တာ၊ နင်နဲ့ငါရွာကိုလိုက်ခဲ့လို့ရမလား”
ကိုသန်းဇော်ကလည်း ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့ မရီမြင့်ရ၊ ကဲ တက်တက်”
မရီမြင့်က ဆိုင်ကယ်ပေါ်သို့ တင်ပါးလွှဲထိုင်ကာ ဘေးစောင်းစီးလျှက် လိုက်လာခဲ့သည်။ ကိုသန်းဇော်က မရီမြင့်ပါလာသည်မို့ ဆိုင်ကယ်ကိုအရှိန်သိပ်မတင်တော့ဘဲ ခပ်မှန်မှန်သာမောင်းလာခဲ့သည်။
“ဒါနဲ့မရီမြင့်တို့ အလှူရက်နီးပြီနော်”
ကိုသန်းဇော်က ပျင်းပျင်းရှိသည်နှင့် စကားစလိုက်သည်။
“ဟုတ်တယ်၊ အဲဒါကြောင့် ငါတို့ညီအမတွေ အလုပ်များနေတာသန်းဇော်ရဲ့”
“ဒါနဲ့ ဘာတွေသွားဝယ်လာတာတုန်း၊ လက်ထဲလည်း ဘာအထုပ်အပိုးမှမတွေ့ပါလား”
“အထုပ်အပိုးတွေက ငါ့ညီမနဲ့ပါသွားပြီ၊ ငါပဲ ဒီနေရာမှာ ထော်လာဂျီကြိတ်ခံရပြီး ကျန်နေခဲ့တာ”
မရီမြင့်စကားကိုကြားလိုက်သည့်အခါ ကိုသန်းဇော်တစ်ယောက် ကျောချမ်းသွားမိသည်။
“ဘယ်လို၊ မရီမြင့်ကို ထော်လာဂျီကြိတ်ခံရတယ်တဲ့လား”
“ဟုတ်ပါ့၊ မနက်က မဟာသာရွာကထွက်တဲ့ လိုင်းကောင်(လိုင်းကားအဖြစ်ပြေးဆွဲနေသည့် ထော်လာဂျီ) တစ်စီးနဲ့ ငါတို့ဆိုင်ကယ်နဲ့ချိတ်မိတာ၊ အဲဒီမှာ ငါ့ကိုကြိတ်မိသွားတာပဲ”
“ကျွတ် . . ကျွတ် တော်တော်ဆိုးတာပဲဗျာ၊ အဲဒီလိုင်းကောင်တွေက ဒီအတိုင်းပဲ၊ အခု ကွန်ကရစ်ခင်းပြီးတော့ လမ်းကောင်းသွားပြီဆိုပြီး မဟားတရားမောင်းကြတာ၊ ဒါနဲ့ မရီမြင့်သက်သာရဲ့လား၊ ဘယ်ကိုကြိတ်သွားတာလဲ”
“ဒီကိုလေ . . .”
မရီမြင့်က တစ်နေရာကိုထိုးပြနေသဖြင့် ကိုသန်းဇော်လည်း အနောက်သို့လှည့်ကြည့်မိသည်။ ထိုအခါ မရီမြင့်က သူ့ဦးခေါင်းကို လက်ညှိုးထိုးပြနေပြီး မရီမြင့်၏ ဦးခေါင်းကြီးကလည်း ကားအကြိတ်ခံထားရသည့် ဘောလုံးတစ်လုံးလိုပြားချပ်နေသည်။ ဆိုင်ကယ်မောင်းရင်း လေအတိုးတွင် ပြားချပ်နေသည့်ဦးခေါင်းကြီးက လေထဲလှုပ်ယမ်းနေသေးသည်။
“အောင်မယ်လေး . . . မရီမြင့် . . . ဆင်း . . ကျုပ်ဆိုင်ကယ်ပေါ်က ဆင်းတော့”
ကိုသန်းဇော်အော်ပြောပြီးတော့ လီဗာကိုစွတ်တင်တော့သည်။ မရီမြင့်လည်း အရှေ့နားအရောက်တွင် ဘုတ်ခနဲပြုတ်ကျကျန်နေခဲ့သည်။ ကိုသန်းဇော်ဆိုင်ကယ်မောင်းလာရင်း အပုပ်နံ့က ထောင်းခနဲရလာသဖြင့် ဆိုင်ကယ်ကိုအရှိန်တင်ပြီး ရွာသို့အမြန်မောင်းပြေးလာတော့သည်။
(၂)
“ဟေ့ကောင်အေးချမ်းရေ”
အိမ်ရှေ့ကအော်ခေါ်သံကြားသဖြင့် အေးချမ်းလည်းမျက်နှာအမြန်သစ် ပလုပ်ကျင်းလိုက်ပြီး အိမ်ရှေ့သို့ပြေးထွက်လိုက်သည်။ ထိုအခါ သူ့သူငယ်ချင်း တက်ပုကိုတွေ့ရသည်။
“ဘာလဲကွ တက်ပုရ”
“ညက ကိုသန်းဇော်ကြီး မရီမြင့်နဲ့တွေ့ခဲ့တယ်တဲ့ကွ”
အေးချမ်းမျက်လုံးတွေပြူးသွားသည်။
“ဟာ ဟုတ်ရဲ့လား”
“တကယ်ပါဆိုမှကွာ၊ အခုသူဖျားနေတယ်၊ သူ့အိမ်မှာလည်း လူတွေစုံနေတာပဲ၊ အဲဒါ ငါတို့လည်း သွားကြည့်ရအောင်ဟေ့”
အေးချမ်းလည်း အိမ်ပေါ်မှအမြန်ဆင်းပြီး တက်ပုနှင့်အတူတူ ပြေးလိုက်လာခဲ့သည်။ အေးချမ်းနှင်တက်ပုက လူပျိုတွေဖြစ်ပြီး အသက်နှစ်ဆယ်ခန့်ရှိကြပြီ။ မကြာမီ ကိုသန်းဇော်အိမ်သို့ရောက်လာခဲ့သည်။ အိမ်ပေါ်တွင်လူတွေစည်ကားနေသည်။ အေးချမ်းတို့ရောက်ပြီးမကြာမီတွင် ကိုသန်းဇော်တစ်ယောက် နိုးလာခဲ့သည်။
“အောင်မယ်လေး . . . ခေါင်းပြားကြီး . . . ခေါင်းပြားကြီး”
ကိုသန်းဇော်အား သူ့မိသားစုများက ထိန်းချုပ်ထားရသည်။ ခဏကြာတော့မှ ကိုသန်းဇော်သတိကပ်သွားပြီး အသိပြန်ဝင်လာသည်။ ရွာလူကြီးက အကျိုးအကြောင်းမေးတော့မှ ကိုသန်းဇော်က မနေ့ညက ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များကိုပြန်လည်ပြောပြလိုက်လေသည်။
“အဖြစ်ကတော့ ဒါပါပဲ သူကြီးရယ်၊ ဒါနဲ့ မရီမြင့်က သေပြီလား၊ ဒါမှမဟုတ် သရဲကပဲ မရီမြင့်ပုံစံယောင်ဆောင်ပြီး ခြောက်တာများလား”
သူကြီးက မျက်နှာပျက်သွားပြီး ခေါင်းကိုညိတ်လိုက်သည်။
“အေးကွ၊ မရီမြင့်က မနေ့က နေ့လည်လောက်ကပဲ အဲဒီနားမှာ ထော်လာဂျီကြိတ်ခံရတာ”
“ဗျာ . . .”
ကိုသန်းဇော်မျက်လုံးပြူးသွားသည်။ ညကမရီမြင့်ပြောသည့်စကားတွေက အမှန်တွေဖြစ်နေမှန်းသိလိုက်ပြီ။
“ဘယ်လိုဖြစ်ရတာလဲ သူကြီးရာ၊ ကျုပ်ဟင်္သာတ မသွားခင်ရင်ကတောင်မှ သူတို့ညီအမနဲ့ အလှူအကြောင်းတွေ တိုင်ပင်ခဲ့သေးတာ”
“အေးကွာ၊ မရီမြင့် ကံဆိုးတယ်လို့ပဲပြောရတော့မှာပေါ့”
မရီမြင့်တို့အိမ်က ညောင်ကုန်းရွာအလယ်ပိုင်းလောက်တွင်တည်ရှိသည်။ ညောင်ကုန်းရွာမှာ တံငါလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အသက်မွေးကြသူများပြားသည်။ ယခုနှစ်တွင် မရီမြင့်တို့လယ်မှာ အထွက်တိုးသဖြင်h အလှူပေးရန် စီစဉ်ကြလေသည်။ မရီမြင့်ထံတွင် ညီမတစ်ယောက်ရှိသည်။ ညီအမနှစ်ဦးစလုံးမှာ အပျိုကြီးများဖြစ်ကြပြီး မိအိုဖအိုကြီးကိုလုပ်ကျွေးနေကြခြင်းဖြစ်သည်။ လယ်များကိုတော့သူရင်းငှားများငှားထားပြီး မရီမြင့်တို့က ဦးစီးလုပ်ကိုင်ကြခြင်းဖြစ်သည်။
“မမရေ အလှူရက်နီးလာပြီ၊ ကျွေးဖို့မွေးဖို့အတွက် ကုန်ခြောက်တွေသွားဝယ်ထားရအောင်၊ နီးမှကပ်ဝယ်ရင် ကသီမှာစိုးတယ်”
ညီအမနှစ်ယောက် တိုင်ပင်ပြီး ထိုနေ့နံနက်ပိုင်းတွင် ဇလွန်မြို့သို့ ဆိုင်ကယ်ဖြင့်ထွက်ခဲ့ကြသည်။ ဇလွန်ဈေးကြီးတွင် လိုအပ်သည့် ကုန်စည်များကို စိတ်တိုင်းကျဝယ်ခြမ်းပြီးသည့်အခါ နေမွန်းမတည့်ခင် ညီအမနှစ်ယောက် ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာခဲ့ကြသည်။
ထိုစဉ်က ကွန်ကရစ်လမ်းမှာ တခြမ်းသာခင်းရသေးသည်။ ကျန်သည့်တစ်ခြမ်းမှာ မြေသားလမ်းဖြစ်ပြီး ဗွက်ပေါက်နေသဖြင့် မရီမြင့်ညီမ မရီလွင်က ဆိုင်ကယ်ကို ကွန်ကရစ်လမ်းအလယ်ခေါင်မှ မောင်းနှင်လာခဲ့သည်။
မောင်းထောင်ရွာအနီးသို့အရောက်တွင် မဟာသာရွာနှင့် ဇလွန်မြို့ကို ပြေးဆွဲနေသည့် လိုင်းကောင်ထော်လာဂျီတစ်စီးက မရီမြင့်တို့စီးနေသည့် ဆိုင်ကယ်အနောက်မှ အရှိန်ဖြင့်မောင်းနှင်လာခဲ့သည်။ မရီလွင်လည်း ထော်လာဂျီလာသည့်အတွက် ရှောင်တိမ်းလိုက်သည့်အခါ ထော်လာဂျီမှာ ဆိုင်ကယ်အနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသွားပြီး ဆိုင်ကယ်မှာလည်း မှောက်မလိုဖြစ်သွားသည်။ ထိုအခါ အနောက်မှထိုင်လိုက်လာသည့် မရီမြင့်မှာ ကြောက်အားလန့်အားနှင့် လက်ကိုဆွဲလိုက်ရာ ထော်လာဂျီဘေးတွင်တန်းထားသည့် သံတန်းကိုလက်ဖြင့်ကိုင်မိပြီး ထော်လာဂျီအနောက်သို့ ချိတ်ပါသွားလေသည်။
ထော်လာဂျီမှာလည်း မရီမြင့်တွဲလောင်းကြီးပါလာသည်ကို မသိဘဲ အရှိန်ပြင်းစွာဆက်မောင်းရာ မရီမြင့်လည်း လက်လွတ်ပြီး လဲကျလေသည်။ ထိုအခါ ထော်လာဂျီနောက်ဘီးအောက်သို့ မရီမြင့်ခေါင်းဝင်သွားပြီး မရီမြင့်ခေါင်းကြီးပွင့်ထွက်သွားတော့သည်။ ခရီးသည်များအော်ဟစ်တော့မှ ထော်လာဂျီကရပ်တန့်သွားသည်။ မရီမြင့်ကိုယ်လုံးမှာ တဆတ်ဆတ်လှုပ်ရှားနေသော်လည်း ဦးခေါင်းကြီးများ ပြားကပ်သွားပြီး ကွန်ကရစ်လမ်းတွင်ကပ်နေလေသည်။
မရီမြင့်၏ ဦးနှောက်များ၊ အသားစများမှာ လမ်းတစ်လျှောက်လုံးပြန့်ကျဲနေသည်။ ဖြူဖြူပျော့ပျော့ ဦးနှောက်အဖတ်များ လွင့်စင်ထွက်နေသည်မှာ မြင်မကောင်းပေ။ မရီမြင့်အလောင်းကို မည်သူမှ မသယ်ယူရဲသဖြင့် လက်ရဲဇက်ရဲရှိသည့် လူမိုက်များက သယ်ဆောင်ရသည်ဟုဆိုသည်။ ကွန်ကရစ်လမ်းမှ ဦးနှောက်ဖတ်များနှင့် သွေးများကို အတော်ပင်သန့်ရှင်းယူလိုက်ရသည်။ မရီမြင့်သေဆုံးသည့်အနားတွင် လက်ပံပင်ကြီးတစ်ပင်ရှိရာ အချို့ကတော့ ထိုလက်ပံပင်ကြီးတွင်နေထိုင်သည့် သရဲကြီးက လူစားလဲလိုသဖြင့် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
ထိုပြောဆိုချက်အတိုင်းလည်း မှန်ကန်လွန်းသည်။ မရီမြင့်မှာ ကိုသန်းဇော်ကို ခြောက်လှန့်ပြီးနောက်ပိုင်းတွင် ညအချိန်သွားလာသူများကို ထိုလက်ပံပင်ကြီးအနီးမှခြောက်လှန့်တတ်သည်။ ကားများ၊ ဆိုင်ကယ်များကို တားမြစ်ပြီးတက်စီးတတ်သလို၊ အထူးသဖြင့် ထွေလာဂျီများကို ပိုပြီးခြောက်လှန့်တတ်သည်။
ညောင်ကုန်းရွာမှထွက်သည့် ဈေးထော်လာဂျီမှာ မနက်အစောကြီးမိုးမလင်းခင်ကတည်းက ထွက်ရှိတတ်သည်။ ရွာမှထွက်သည့် ရေထွက်ကုန်များ၊ ငါးများ၊ သီးနှံများကို မိုးမလင်းခင်ကတည်းက ဇလွန်မြို့သို့တက်ပြီး ရောင်းချကြသည်။ ထိုထော်လာဂျီကို ကိုတုတ်ကြီးဆိုသူက မောင်းနှင်သည်။ မရီမြင့်သေပြီး တစ်ပတ်ခန့်အကြာတွင် ကိုတုတ်ကြီးက မနက်အစောကြီး ညောင်ကုန်းမှဈေးသည်များတင်လျက် ဇလွန်သို့မောင်းထွက်လာခဲ့သည်။
ထိုလက်ပံပင်ကြီးနားအရောက်တွင်တော့ မိန်းမတစ်ဦးက ကွန်ကရစ်လမ်းပေါ် ခြေဆင်းပြီးထိုင်နေလေသည်။ ကွန်ကရစ်လမ်းမှာ တစ်ခြမ်းသာခင်းရသေးသည်မို့ ထိုမိန်းမအားရှောင်ဖယ်သွားမရပေ၊ ကိုတုတ်ကြီးက အရူးမတစ်ယောက်ဖြစ်မည်ဟု တွေးလိုက်ကာ ထိုမိန်းမအနီးသို့အရောက်တွင် ထော်လာဂျီကိုရပ်တန့်လိုက်သည်။ ထိုမိန်းမကို အော်ဟစ်ဆဲဆိုရန် ပြင်ဆင်လိုက်ချိန်မှာပင် ထိုမိန်းမက မတ်တပ်ထရပ်သည်။ သို့သော် ထိုမိန်းမဦးခေါင်းမှာ ပြားပြားကြီးဖြစ်နေလေသည်။ မျက်လုံးကြီးတွေက တောင်တစ်လုံးမြောက်တစ်လုံးကြည့်နေပြီး ပါးစပ်ပြဲပြဲကြီးနှင့်ဖြစ်သည်။ ကိုတုတ်ကြီးလည်း မရီမြင့်မှန်းသိလိုက်သဖြင့် ထွေလာဂျီကို အမြန်မောင်းထွက်လိုက်တော့သည်။ ခေါင်းပြားကြီးနှင့် မရီမြင့်မှာ ကွန်ကရစ်လမ်းနံဘေးတွင် မတ်တပ်ရပ်ကာ ကျန်နေခဲ့လေသည်။
(၃)
“သားရေ၊ ဘဏ်ငွေလွှဲရောက်တယ်တဲ့ အဖေ့ကိုဇလွန်လိုက်ပို့စမ်းပါ”
အဖေဖြစ်သူပြောသဖြင့် အေးချမ်းလည်းခေါင်းညိတ်လိုက်ရသည်။ အေးချမ်းအဖေက မျက်လုံးအားနည်းသဖြင့် ဟိုနားဒီနားလောက်သာ ဆိုင်ကယ်မောင်းနှင်နိုင်ပြီး ဇလွန်မြို့ကဲ့သို့ ခရီးအတန်ငယ်လှမ်းလျှင်တော့ သားဖြစ်သူအေးချမ်းကို လိုက်ပို့ခိုင်;စမြဲဖြစ်သည်မို့ အေးချမ်းလည်းဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး သားအဖနှစ်ယောက် ညောင်ကုန်းရွာမှ ထွက်လာခဲ့ကြသည်။
အေးချမ်းတို့သားအဖရွာကထွက်လာတော့ အချိန်က နေမွန်းတည့်နေပြီဖြစ်သည်။ ဘဏ်တွင် တန်းစီ၊ ငွေထုတ်ပြီးချိန်တွင်တော့ ညနေသုံးနာရီထိုးတော့မည်။ ငွေထုတ်ပြီးသည့်အခါ ပေးစရာရှိသည့်အကြွေးများကို လိုက်လံပေးဆပ်ပြီး၊ အိမ်အတွက်လိုအပ်သည့် ကုန်စည်များကိုဝယ်ယူပြီးချိန်တွင်တော့ ညနေစောင်းခဲ့ပြီ၊ သားအဖနှစ်ယောက် ဇလွန်တွင်ညနေစာစားလိုက်ပြီး ရွာသို့ပြန်လာချိန်တွင် ညနေ ခြောက်နာရီထိုးတော့မည်။
နေဝင်စောသည်မို့ ပတ်ဝန်းကျင်က အတော်မှောင်နေပြီဖြစ်သည်။ ကွန်ကရစ်လမ်းကြီးတွင် သွားလာနေကြသည့် ဆိုင်ကယ်များကတော့ ခပ်ကျဲကျဲရှိသေးသည်။ လမ်းတစ်လျှောက်ရွာကလေးများမှာလည်း စည်ကားလှုပ်ရှားနေဆဲဖြစ်သည်။
အေးချမ်းဆိုင်ကယ်မောင်းနေရင်း ရင်ထဲထိတ်လန့်နေခဲ့သည်။ ရှေ့တွင် မောင်းထောင်ရွာသို့ရောက်တော့မည်။ မောင်းထောင်ရွာအလွန်တွင် မရီမြင့်ရှိနေသည်ကို တွေးမိသဖြင့် စိတ်ထဲကြောက်လန့်နေမိသည်။
ညနေ ခြောက်နာရီခွဲခါနီးတွင် မောင်းထောင်ရွာကိုကျော်ခဲ့ပြီး မရီမြင့်နေသည့် လက်ပံပင်ကြီးကိုလှမ်းမြင်နေရပြီဖြစ်သည်။ အေးချမ်းတစ်ယောက် ကြက်သီးများထလာပြီး ကျောတွေချမ်းလာခဲ့သည်။ လက်ပံပင်ကြီးနားရောက်သည့်အခါ လမ်းတွင်လူမရှိပေ၊ ဖြတ်သွားဖြတ်လာဆိုင်ကယ်လည်းမရှိဘဲ လမ်းဘေးနှစ်ဖက်စလုံး လယ်ကွင်းပြင်ကြီးများသာရှိသည်။
အေးချမ်းက ကြောက်ကြောက်လန့်လန့်ဖြင့် လက်ပံပင်ကြီးအောက်မှ အမြန်ဖြတ်မောင်းလိုက်သည့်အခါ သူတို့ဆိုင်ကယ်အပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျလာသလို ခံစားလိုက်ရပြီး ဆိုင်ကယ်မှာငြိမ့်ခနဲဖြစ်သွားသည်။ တစ်လမ်းလုံးမောင်းလာခဲ့သည့် ဆိုင်ကယ်မှာလည်း အနည်းငယ်ပိုလေးသွားသည်ဟုခံစားရသည်။ လီဗာကို ပုံမှန်ထက်တင်နေသော်လည်း ဆိုင်ကယ်မှာသိပ်မမြန်တော့ပေ။
အေးချမ်းတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများထပြီး ခေါင်းမွှေးများပါထောင်လာသည်။ သားအဖနှစ်ယောက်စလုံး လူသေပုပ်နံ့ကြီးကို ထောင်းခနဲရလိုက်သည်။ အေးချမ်းအဖေလည်း ရသမျှ ဘုရားစာရွတ်သလို အေးချမ်းလည်း သူငယ်ငယ်ကတည်းက ရွတ်ဆိုလေ့ရှိသည့် ဇလွန်ပြည်တော်ပြန်ဘုရားဂါထာကို ရွတ်ဆိုလာခဲ့သည်။
အတော်လှမ်းလှမ်းရောက်သည့်အခါ ဆိုင်ကယ်ကိုတစ်စုံတစ်ယောက်က တွန်းလိုက်သလိုဖြစ်သွားပြီးဆိုင်ကယ်မှာ ယိမ်းခါသွားသည်။ လီဗာကလည်း နင်းနေသဖြင့် ဆိုင်ကယ်မှာအရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးရှိ ရေမြောင်းကြီးအတွင်းသို့ ပြုတ်ကျသွားတော့သည်။
ရေမြောင်းမှာ လယ်ကွင်းနှင့် လမ်းအကြားရှိသည့်ရေမြောင်းဖြစ်ပြီး ခြောက်ပေခန့်နက်သည်။ ရေမရှိဘဲခြောက်သွေ့သည့်ကာလဖြစ်သည်မို့ အေးချမ်းတို့သားအဖ ခြောက်ထဲကျပြီး ဆိုင်ကယ်လည်းအတော်ထိခိုက်သွားသလို သူတို့သားအဖနှစ်ယောက်လည်း ပွန်းပဲ့ဒဏ်ရာများရရှိသွားလေသည်။ သားအဖနှစ်ယောက် ဘာမှမပြောဖြစ်တော့ဘဲ ဆိုင်ကယ်ကိုအမြန်တွင်းတင်ပြီး မောင်းထွက်လာခဲ့ရသည်။
ထိုနောက်ပိုင်းတွင် မရီမြင့်က အလွန်ခြောက်လှန့်လာခဲ့သဖြင့် ကျေးရွာလူကြီးများတိုင်ပင်ကြကာ ထိုအနီးတွင် ပရိတ်ရွတ်ပွဲကျင်းပသည်။ ပရိတ်ရွတ်ဖတ်ပြီး အမျှဝေလေသည်။ ထို့အတူ ထိုလယ်ကွင်းပိုင်ရှင်အား ခွင့်တောင်းပြီး ထိုလက်ပံပင်ကြီးကိုပါ ခုတ်လှဲလိုက်ကြသည်။ မရီမြင့်တစ်ယောက် သူ့အတွက်ပြုလုပ်ပေးသည့် ကုသိုလ်ကောင်းမှုများ ရရှိသဖြင့် ကျွတ်လွတ်သွားသည်လားတော့မပြောတတ်ပေ၊ ထိုနောက်ပိုင်းမှစပြီး ထိုနေရာတွင် အခြောက်အလှန့်တစ်စုံတစ်ရာ မရှိတော့သည်မှာ ယနေ့တိုင်ဖြစ်လေသည်။
ပြီးပါပြီ။
(ကိုယ်တွေ့ အတွေ့အကြုံဝေမျှပေးသူအား အထူးကျေးဇူးတင်လျက်)