အပိုင်း(၃)
မသဲဖြူက သူ့ဘ၀အကြောင်းများကို ဒိုးလုံးနှင့် အပြူးအား ပြောပြနေခြင်းဖြစ်သည်။
အသုဘတစ်ခုချလေရာ ခုနစ်နှစ်အရွယ်ခန့်ရှိသည့် သဲဖြူကလေးမှာ အခြားကလေးများနှင်hအတူ အသုဘပို့လိုက်လာခဲ့မိသည်။ ကလေးဖြစ်သည့်အတွက် ကြောက်လန့်ရကောင်းမှန်း မသိသေးပေ၊ သဲဖြူတို့ကလေးတစ်သိုက် လိုက်လာရသည့်အကြောင်းအရင်းကလည်း သုဿန်ထိပ်တွင်ပေါက်နေသည့် ဆီးပင်ကြီးကြောင့်ဖြစ်သည်။ ထိုဆီးပင်ကြီးမှာ လူသူအရောက်အပေါက်နည်းသဖြင့် ဆီးသီးများမှာ ဝင်းမှည့်နေသည့်အတွက် ကလေးများက ဆီးသီးများကို ပျော်ရွှင်စွာခူးစားကြလေသည်။
ပြီးတော့မှ မြေချနေသည့်လုပ်ငန်းကိုကြည့်ရှုကြသည်။ ထိုစဉ် သုဿန်ထောင့်တစ်နေရာတွင် လူကြီးတစ်ဦးက မတ်တပ်ရပ်နေသည်ကို သဲဖြူကမြင်တွေ့လိုက်ရသည်။ ထိုလူကြီးက ခါးအောက်ပိုင်းတွင် ပုဆိုးပိုင်းတစ်ခုကို ဒူးအထိဝတ်ဆင်ထားပြီး အပေါ်ပိုင်းမှာ အင်္ကျီချွတ်နှင့်ဖြစ်သည်။ သူ့ကိုယ်တွင်လည်း စာသားများ၊ အင်းများ၊ ရုပ်ပုံများကို ဆေးမင်ကြောင်ထိုးထားသေးသည်။
ဖျာလိပ်နှင့်ပတ်ထားသည့် လူသေကြီးအား မြေမြှုပ်နေသည်ကို ထိုလူကြီးက ငေးကြည့်နေလေသည်။ သဲဖြူလည်း ထိုလူကြီးကိုစိတ်ဝင်စားသဖြင့် ငေးကြည့်နေမိသည်။
“ဘာတွေကြည့်နေတာလဲ သဲဖြူ”
အသက်ဆယ်နှစ်ခန့်ရှိသည့် ဖိုးထောင်က သဲဖြူလက်ကိုပုတ်ကာပြောလိုက်လေရာ၊ မသဲဖြူက ဖိုးထောင်ကိုလှည့်ကြည့်လိုက်ပြီး
“ဟိုးမှာလေ၊ ဟိုလူကြီးကို ထူးဆန်းလို့ကြည့်နေတာ”
သဲဖြူလက်ညှိုးထိုးပြသည့်နေရာသို့ ဖိုးထောင်က ကြည့်လိုက်လေသည်။ သို့သော် ဘာမှမရှိပေ။
“ဘာမှမရှိပါဘူး သဲဖြူရဲ့”
ဟုတ်တော့လည်းဟုတ်သည်။ သဲဖြူပြန်ကြည့်လိုက်သည့်အခါ ထိုလူကြီးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။ အသုဘချပြီးသည့်နောက်တွင် ရွာသားများအားလုံးပြန်သွားကြရာ သဲဖြူလည်းအခြားကလေးများနှင့်အတူ ပြန်လာခဲ့သည်။ အပြန်တွင် သုဿန်အတွင်းသို့ တစ်ချက်လှည့်ကြည့်လိုက်ရာ မြေပုံများကြားတွင် ထိုလူကြီးက ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
သဲဖြူလည်း ကြောက်ကြောက်နှင့်ပြန်လာခဲ့လိုက်သည်။ ထို့နောက် ရွာလမ်းမတွင် ကလေးများဆော့ကစားကြလေသည်။ သဲဖြူမှာလည်း အခြားကလေးများနည်းတူ ခုန်ပေါက်ဆော့ကစားနေသည်။
“ဟဲ့ သဲဖြူ၊ နင့်နားကပ်ကလေးရော”
ကလေးတစ်ယောက်ကပြောသဖြင့် သဲဖြူက ကိုယ့်နားကိုယ်ပြန်ကိုင်လိုက်သည်။ ညာဖက်နားတွင် ဝတ်ဆင်ထားသည့် နားကပ်ကလေးမရှိတော့ပေ။
“ဟယ်၊ ဟုတ်ပါရဲ့၊ ငါ့နားကပ်ကလေး ဘယ်ကျသွားလဲမသိဘူး”
အခြားကလေးများဆော့ကစားနေသည့်အချိန်တွင် သဲဖြူက နားကပ်လိုက်ရှာနေမိသည်။ နားကပ်ကိုထိုအနားတွင်မတွေ့သဖြင့် သဲဖြူတစ်ယောက် သစ်ပင်အောက်တွင်ထိုင်ကာ ငိုနေမိသည်။ သဲဖြူငိုနေသည်ကိုတွေ့သဖြင့် ဖိုးထောင်ကပြေးလာသည်။
“သဲဖြူ ဘာဖြစ်နေတာလဲ”
“ငါ့နားကပ်ကလေးပျောက်သွားလို့ဟ”
“ငွေနားကပ်ကလေးမဟုတ်လား၊ ဟုတ်ပါရဲ့၊ တစ်နေရာရာမှာကျသွားတာထင်တယ်”
အချိန်က ညနေစောင်းနေပြီဖြစ်သည်။ မကြာခင် ကလေးများမှာ အိမ်သို့ပြန်သွားကြလေသည်။
“သဲဖြူ အိမ်ပြန်လေ”
“သဲဖြူမပြန်ရဲဘူး၊ နားကပ်ပျောက်သွားတာသာသိရင် အမေကသဲဖြူကိုရိုက်မှာ”
“ငွေနားကပ်ပါပဲသဲဖြူရာ”
သဲဖြူက ခေါင်းခါလျှက်
“မဟုတ်ဘူး၊ သဲဖြူအမေအကြောင်း သဲဖြူသိတယ်၊ အမေက အဲဒီနားကပ်ကို ဝတ်မသွားပါနဲ့လို့တားနေတာကြာပြီ၊ နားကပ်ပျောက်တာသာသိရင် အမေက ကျောကွဲအောင်ရိုက်တော့မှာ”
သဲဖြူကပြောရင်းငိုနေပြန်သည်။ ဖိုးထောင်လည်း သဲဖြူကိုကြည့်ရင်း သနားနေမိသည်။
“ကဲ မငိုပါနဲ့တော့သဲဖြူရာ၊ ငါနင့်ကိုကူရှာပေးမယ်၊ ဟုတ်ပြီလား”
သဲဖြူကလည်းခေါင်းညိတ်သည်။ ဖိုးထောင်နှင်h သဲဖြူတို့မှာ နားကပ်ကိုထိုနေရာတစ်ဝိုက်တွင် နှံ့စပ်အောင်ရှာဖွေကြသော်လည်း မတွေ့ပေ။ ဖိုးထောင်က တစ်ချက်စဉ်းစားလိုက်ပြီး
“ငါတို့ဒီနေ့ဘယ်ကိုသွားခဲ့သေးလဲ”
“နေ့လည်က သုဿန်ကိုသွားခဲ့သေးတယ်”
ဖိုးထောင်က ခေါင်းညိတ်လိုက်ပြီး
“ဒါဆို ငါတို့သွားခဲ့တဲ့နေရာကို မြန်မြန်သွားပြန်ရှာရအောင်”
သဲဖြူနှင့်ဖိုးထောင်မှာ ရွာလမ်းတစ်လျှောက် ပိုက်စိတ်တိုက်ရှာဖွေခဲ့ကြသည်။ နေအတော်စောင်းနေပြီဖြစ်သည်။ ရွာအပြင်တွင် လွှတ်ကျောင်းထားကြသည့် ကျွဲနွားများကိုပင် ပြန်သိမ်းယူနေကြလေသည်။ သဲဖြူနှင့် ဖိုးထောင်ကတော့ ရွာအပြင်ဘက်သို့ပြေးထွက်သွားရင်း သုဿန်သွားသည့်လမ်းတစ်လျှောက် လိုက်ရှာကြသည်။ မကြာခင် သုဿန်အနီးသို့ရောက်လာခဲ့သည်။
“ငါမှတ်မိပြီ၊ ဆီးပင်ကြီးအောက်မှာ ငါတို့တွေဆီးသီးသွားခူးသေးတယ်မဟုတ်လား”
ဖိုးထောင်က ဆီးပင်ကြီးဆီသို့ပြေးသွားသည်။ သဲဖြူလည်း အနောက်ကပြေးလိုက်လာသည်။ ထိုစဉ် သုဿန်အတွင်း မီးရောင်တစ်ချက်တစ်ချက် ဝင်းလက်သွားသည်ကို သဲဖြူမြင်တွေ့လိုက်ရသည်။ ကလေးပီပီသိချင်စိတ်ဖြင့် သုဿန်အတွင်းသို့ချောင်းကြည့်လိုက်ရာ သုဿန်ဇရပ်ပေါ်တွင် ငုတ်တုတ်ထိုင်နေသည့် ထိုလူကြီးကိုတွေ့လိုက်ရသည်။ ထိုလူကြီး၏ မျက်လုံးများက အစိမ်းရောင်အလင်းများ ဝင်းခနဲလက်ခနဲ တောက်ပနေလေသည်။ ထိုလူကြီးအရှေ့တွင် လူသေကောင်အလောင်းကြီးကိုချထားလေသည်။ ထိုလူကြီးက လူသေကောင်ကြီး၏ ဗိုက်ကိုဖောက်ဖွင့်ပြီး အတွင်းမှ ကလီစာများကို အငမ်းမရစားသောက်နေလေသည်။
သဲဖြူမှာအလွန်ကြောက်လန့်ပြီး ထွက်ပြေးဖို့ပင်သတိမရပေ၊ သူကြည့်နေစဉ် ထိုလူကြီးက မတ်တပ်ရပ်လိုက်သည်။ သဲဖြူအော်ရန်ကြိုးစားလိုက်သော်လည်း သူ့ပါးစပ်မှ အသံမထွက်ပေ။
ထိုလူကြီးက သူ့အားပြုံးကြည့်လိုက်ပြီး ပါးစပ်ကြီးကိုဖြဲလိုက်ကာ အစိမ်းရောင်အငွေ့များကို မှုတ်ထုတ်လိုက်သည်။ အစိမ်းရောင်အငွေ့များမှာ လေတွင်လွင့်ပျံမသွားဘဲ သဲဖြူဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာလေသည်။ ထို့နောက် သဲဖြူ၏ နှာခေါင်းနှင့် ပါးစပ်ပေါက်အတွင်းသို့ ထိုအငွေ့များဝင်သွားကြသည်။ သဲဖြူကြည့်နေရင်း မျက်ခွံများလေးလံလာသည်။ တစ်စုံတစ်ယောက်က သူ့ကိုယ်ပေါ်သို့ တက်ဖိသလိုခံစားနေရသည်။ လက်ဖမိုးမှ သွေးကြောကြီးများမှာ ဖောင်းကြွလာပြီး သွေးအတွင်းသို့ တစ်စုံတစ်ရာက စီးဝင်နေသလိုခံစားနေရသည်။
“သဲဖြူ”
အနောက်မှ ပုခုံးကိုပုတ်လိုက်သဖြင့် သဲဖြူလန့်သွားသည်။ လှည့်ကြည့်လိုက်ရာ ဖိုးထောင်ဖြစ်နေသည်။ ဖိုးထောင်၏ လက်ထဲတွင် ငွေနားကပ်ကလေးတစ်ဖက်ကိုကိုင်ထားသည်။
“ရော့သဲဖြူ၊ ငါထင်ထားတဲ့အတိုင်းပဲ ဆီးပင်အောက်မှာကျနေတာဟ”
သဲဖြူက လှမ်းယူရန်အတွက် ဖိုးထောင်လက်ကိုကြည့်လိုက်သည်။ ထိုအချိန်သူ့မျက်လုံးတွေ ပြာဝေသွားရသည်။ ဖိုးထောင်လက်ကိုကြည့်ရင်း သူ့စိတ်တွေကို ချုပ်ထိန်းမရတော့ပေ၊ နားထဲတွင်လည်း အသံတစ်ခုကိုကြားနေရသည်။
“စားပစ်လိုက် . . . အဲဒီကောင်လေးကို စားပစ်လိုက်”
သဲဖြူက ဖိုးထောင်၏လက်ကောက်ဝတ်ကို ဆွဲဖမ်းယူလိုက်သည်။ ထို့နောက် သူ့ပါးစပ်ကိုဟလိုက်ရာ ပါးစပ်အတွင်းရှိသွားများမှာ ချွန်ထက်နေသည့် အစွယ်ကြီးများဖြစ်သွားသည်။ ဖိုးထောင်လည်း ထိတ်လန့်သွားပြီး ဟစ်အော်လိုက်သည်။
“သဲဖြူ . . . သဲဖြူ”
သို့သော် ဖိုးထောင်နောက်ကျသွားခဲ့ပြီ၊ သဲဖြူက ဖိုးထောင်၏ လည်ပင်းကို အားကုန်ကိုက်ချလိုက်လေသည်။
(၈)
“သဲဖြူ . . . သဲဖြူ”
လှုပ်နှိုးသံကြားသဖြင့် မျက်လုံးဖွင်hကြည့်လိုက်ရာ သူ့အဖေကိုမြင်တွေ့လိုက်ရသည်။ သဲဖြူက သုဿန်အတွင်းတွင်သာ ရှိနေသေးသည်။ ညဘက်ဖြစ်သဖြင့် ရွာသားများက မီးတုတ်များကို ကိုင်ဆောင်ထားကြသည်။
“မထိတ်သာမလန့်သာရှိလိုက်တာ သမီးရယ်၊ ဒါနဲ့ ဖိုးထောင်ကိုတွေ့မိသေးလား”
သဲဖြူက ဘာမှမမှတ်မိသဖြင့် ခေါင်းခါပြလိုက်သည်။
“သူကြီး၊ ဒီကိုလာကြည့်ပါအုံး”
သုဿန်ဇရပ်ပေါ်တွင် ဗိုက်ပွင့်နေသည့်အလောင်းကြီးနှင့်အတူ လူကြီးတစ်ဦးက လဲကျသေဆုံးနေလေသည်။ ရွာသားများက ထိုအရာကိုမြင်တွေ့ကာ ကြောက်လန့်သွားကြသည်။
“တာတာတွေပဲ”
“တာတာဆိုတာ ဘာလဲသူကြီး”
“မကောင်းတဲ့အောက်လမ်းအကျင့်တွေကိုကျင့်ပြီးတော့ လူသားစားတဲ့ လူတွေကိုခေါ်တာပေါ့”
“ထူးဆန်းလိုက်တာ သူကြီးရာ ကျုပ်တို့ဖြင့်တစ်ခါမှမကြားဖူးဘူး”
“ဟောဒီတောင်ကြီးပေါ်မှာ အရင်တုန်းက နေကြတယ်လို့ပြောတယ်၊ တို့အဘိုးလက်ထက်က တာတာတစ်ကောင် ရွာထဲကလူတွေကိုဝင်ဆွဲလို့ ပစ်ခတ်ပြီး အသေဖမ်းလိုက်ရတယ်လို့ဆိုတာပဲ”
သူကြီးက ထိုလူကြီးကိုသေချာကြည့်လိုက်ပြီး
“အခုလည်း လူအရှင်ကိုမစားဘဲ လူသေကိုလာဖော်စားတယ်ထင်တယ်၊ ကဲ၊ ဒီကိစကို ရွာထဲကလူတွေမသိစေနဲ့၊ အလောင်းကိုပြန်မြှုပ်လိုက်၊ ဒီလူကိုလည်း ညတွင်းချင်း မီးရှို့လိုက်ကြကွာ”
သဲဖြူကို အိမ်သို့ပြန်ခေါ်သွားကြသည်။ ရွာသားများမှာသဲဖြူက ထိုလူကြီးလူသားစားနေသည်ကိုတွေ့မြင်ပြီး မေ့လဲသွားသည်ဟုထင်ကြသည်။ ဖိုးထောင်ကိုတော့ ပြန်မတွေ့တော့ပေ။
“ဒါဆိုအဲဒီအချိန်ကတည်းက ခင်ဗျားက လူသားတွေစားနေခဲ့တာလား”
“ငယ်ငယ်တုန်းကတော့ မသိပေမယ့် အသက်ဆယ့်ခြောက်နှစ်လောက်ရောက်တာ့ လူသားတအားစားချင်လာတယ်၊ လူသားစားရတော့မယ့်အချိန်ဆိုရင်လည်း ငါ့စိတ်တွေထိန်းမရတော့ဘူး”
ဒိုးလုံးက စကားပြောနေရင်း သူ့လက်တွင်ချည်ထားသည့်ကြိုးကို ကျောက်အစွန်းနှင့်တိုက်ဖြတ်နေရာ ကြိုးချည်ခံထားရသည့် လက်အရေပြားများပင် ပွန်းပဲ့ကုန်လေသည်။ ချည်ထားသည့်ကြိုးကလည်း လျှော်ကြိုးမို့ တဖြည်းဖြည်းပွတ်တိုက်ဖန်များလာပြီး ဖွာထွက်လာလေသည်။
(၉)
“ရွှီ . . . ရွှီ”
ဖိုးထွားက လေချွန်လိုက်လေသည်။ သို့သော်လည်း သူ့ခွေးကြီးမဲလုံးမှာ ပေါ်မလာပေ၊ ဖိုးထွားနှင့် ကိုမြကြီးတို့ တောထဲတိုးနေကြရင်း တဖြည်းဖြည်းတောနက်ပိုင်းသို့ရောက်လာသည်။ အရှေ့တွင် တောင်ခြေကိုမြင်နေရပြီဖြစ်သည်။
“ဒါနဲ့ ကလေးနှစ်ယောက်က ဒီလောက်ဝေးဝေးအထိ လာနိုင်ပါ့မလား”
ဖိုးထွားကပြောလိုက်ပြီး သစ်ငုတ်တိုတစ်ခုတွင်ထိုင်ချလိုက်သည်။ ထိုစဉ်ကိုမြကြီးက
“ဟုတ်ပါ့၊ ခင်ဗျားခေါ်လို့သာ လိုက်လာရတာပဲ၊ ကဲ . . . ကျုပ်တော့ရေဆာတယ်ဗျာ၊ ရေသွားရှာလိုက်အုံးမယ်”
ကိုမြကြီးက တောထဲသို့တိုးဝင်သွားလေသည်။ ဖိုးထွားလည်း ဒူးလေးကိုကောက်ယူလိုက်ပြီး လေးကိုတင်လိုက်ကာ မြားတံကိုအသင့်ပြင်ထားလိုက်သည်။
ကိုမြကြီးက ဖိုးထွားကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မြေပြင်တွင်ကျနေသည့် သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်ပြီးနောက် ဖိုးထွားဆီသို့ လာခဲ့သည်။ ဖိုးထွားမသိအောင် ခြေသံတိုးတိုးကလေးဖြင့်လာခဲ့ရာ ဖိုးထွားက သတိမူမိပုံမပေါ်ပေ၊ သို့နှင့် လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး ဖိုးထွားခေါင်းကို သစ်ကိုင်းဖြင့်တအားလွှဲရိုက်လိုက်လေသည်။
“ဝှစ် . . .”
သို့သော် ဖိုးထွားက ငုံ့ရှောင်လိုက်သဖြင့် ကိုမြကြီးရိုက်ချက်လွဲသွားသည်။ ထိုအခိုက်မှာပင် ဖိုးထွားက အရှေ့သို့ကျွမ်းထိုးလိုက်ပြီးနောက် ကိုမြကြီးကို ဒူးလေးဖြင့်ထိုးချိန်လိုက်သည်။
“ဟား၊ ဟား ခင်ဗျားအကြံကိုကျုပ်မသိဘူးထင်နေသလား ကိုမြကြီး”
ကိုမြကြီးလည်း လက်ထဲမှ သစ်ကိုင်းကိုပစ်ချလိုက်သည်။
“ခင်ဗျားနဲ့တွေ့ကတည်းက ကျုပ်ခင်ဗျားကို မသင်္ကာဘူးဖြစ်နေတာ၊ ခင်ဗျားက ရွာကအစည်းအဝေးကိုမတက်ဘဲနဲ့ ကလေးနှစ်ယောက်ပျောက်တာကို ကြိုသိနေတယ်၊ နောက်ပြီး ကလေးနှစ်ယောက်ကိုတောင် လိုက်ရှာနေသေးတယ်ဆိုတော့၊ သေချာတာကတော့ ခင်ဗျား ကလေးနှစ်ယောက်ကို တစ်ခုခုလိုက်လိုက်တာဖြစ်မယ်”
“အေး၊ မင်းပြောတာဟုတ်တယ်”
“ဒါဆိုလည်း ပြောစမ်း၊ ခင်ဗျားကလေးနှစ်ယောက်ကို ဘယ်မှာသွားဖွက်ထားသလဲ”
ကိုမြကြီးက နှုတ်ဆိတ်နေလေသည်။
“ခင်ဗျားမပြောချင်ဘူးဆိုလည်းရတယ်၊ ကျုပ်ခင်ဗျားကို နှစ်ခါမမေးဘူးနော်၊ ခင်ဗျားကိုကျုပ်ဒူးလေးနဲ့ပစ်ထည့်လိုက်ရမလား၊ ခင်ဗျားသေမှ ကျုပ်ဖာသာဆက်ရှာမယ်”
ကိုမြကြီးလည်းခေါင်းညိတ်လိုက်ပြီး
“ငါ့ကိုတော့ မပစ်ပါနဲ့ကွာ၊ ကလေးနှစ်ယောက်ရှိတဲ့နေရာကို ငါလမ်းပြပါ့မယ်”
“ဒါဆိုလည်း ကျုပ်အရှေ့ကနေသွားစမ်း”
ကိုမြကြီးက တစ်ဖက်သို့လှည့်တော့မည့်ဟန်ပြုလုပ်ပြီးတော့မှ ဖိုးထွားထံသို့ ပြေးခုန်အုပ်လိုက်သည်။ ဖိုးထွားလည်း ဒူးလေးကိုပစ်လွှတ်လိုက်ရာ ကိုမြကြီး၏ ရင်လတ်ကိုဒူးလေးမြားတံကစိုက်ဝင်သွားသည်။ ကိုမြကြီးက ဖိုးထွားဆီသို့ပြေးလာပြီး ဖိုးထွားကိုလက်သီးနှင့်ထိုးချလိုက်သည်။ အလွန်ပြင်းထန်သည့် လက်သီးချက်ကြောင့် ဖိုးထွားမှာလွင့်ထွက်သွားသည်။ ဖိုးထွားလက်ထဲမှ ဒူးလေးကလည်း လွတ်ကျသွားရာ ကိုမြကြီးက ဒူးလေးကို ပြေးကောက်လိုက်သည်။ ထို့နောက် ဖိုးထွားအရှေ့မှာပင် ဒူးလေးကို ချိုးချလိုက်သည်။
“ခင် . . . ခင်ဗျား၊ ဒူးလေးကိုတောင် ချိုးနိုင်တယ်တဲ့လား”
“ဟား၊ ဟား မင်းဒူးလေးလောက်မပြောနဲ့ ဟောဒီသစ်ပင်လောက်ကိုတောင် အသာကလေးပဲကွ”
ကိုမြကြီးကပြောဆိုရင် သူ့အနီးရှိ သစ်ပင်ငယ်တစ်ပင်ကို လက်တစ်ဖက်ဖြင့်ကိုင်လိုက်ကာ ဆွဲချိုးလိုက်လေသည်။ ထို့နောက် ထိုသစ်ပင် ပင်စည်ဖြင့် ဖိုးထွားမျက်နှာကိုဖြတ်ရိုက်ထည့်လိုက်ရာ ဖိုးထွားမှာလွင့်ထွက်သွားပြီး ငြိမ်သက်သွားတော့သည်။
“သေတော့မသေသေးဘူး၊ အင်းလေ၊ မင်းကိုငါ့စကားအတိုင်း ကလေးနှစ်ယောက်ရှိတဲ့ဆီကို ခေါ်သွားရတာပေါ့”
ကိုမြကြီးက ကျောက်ဂူအတွင်းသို့ဝင်လာပြီး သူ့လက်ထဲမှ ဖိုးထွားကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။
“ကဲ၊ မိန်းမရေ၊ မင်းအတွက်တော့ နောက်တစ်နေ့စာရပြီဟေ့”
ထိုသို့ပြောလိုက်ရာ အိပ်ရာပေါ်တွင် ငိုက်မြည်းနေသည့် မသဲဖြူလည်း ထထိုင်လိုက်ပြီး ပျော်မြူးသွားလေသည်။
“ဟား၊ ဟား အခုတစ်လောက ကံဇာတာတွေတက်နေပါလား၊ စားရချည်သေးရဲ့၊ ကြည့်စမ်းပါအုံး၊ အသားတွေကလည်းများလိုက်တာ”
“မိန်းမ၊ ဒါပေမယ့် ငါ့ရင်ဘတ်မှာ ဒဏ်ရာရလာတယ်၊ မင်းကုပေးစမ်းပါအုံး”
ကိုမြကြီးက ဖိုးထွားကို ကြိုးများနှင့်ချည်နှောင်ပြီး သူ့အင်္ကျီကိုချွတ်ချလိုက်ရာ သူ့ကျောကုန်းတွင်လည်း ဆေးမင်ကြောင်များကိုတွေ့လိုက်ရလေသည်။ အပြူးက အံ့ဩသွားပြီး
“ဒီလူ၊ ဒီလူကြီးကလည်း . . .”
“ဟုတ်တယ်၊ သူက ငါ့ယောက်smး၊ ဒါကြောင့်မို့ သူ့ကိုလည်း ငါ့ဇတ်သွင်းပေးထားတာပေါ့”
မသဲဖြူက ကိုမြကြီးအနားသို့တိုးကပ်သွားသည်။ ထို့နောက် ကိုမြကြီးရင်ဘတ်တွင် စိုက်ဝင်နေသည့် မြားတံကိုသေချာကြည့်လိုက်သည်။ ကိုမြကြီးက ခြေတွေလက်တွေ တုန်ယင်နေလေသည်။ ထို့နောက် မသဲဖြူက ဘာမပြောညာမပြောနှင့် ကိုမြကြီးရင်ဘတ်မှာ ဒူးလေးမြားတံကို အားကုန်စိုက်ချလိုက်သည်။
“အား၊ သဲဖြူ . . . မိန်းမ မင်းဘာလုပ်တာလဲ”
“ရှင့်ဒဏ်ရာက နှလုံးကိုထိသွားပြီ၊ နှလုံးထိသွားရင် ရှင်hကိုကုသပေးလို့ မရတော့ဘူး”
“အား၊ လုပ်စမ်းပါကွာ၊ မင်းကလည်း၊ မင်းလူသားစားချင်တိုင်း၊ ငါရှာပေးခဲ့ရတာမဟုတ်ဘူးလား”
မသဲဖြူက ခေါင်းခါလိုက်ပြီး
“ရှင့်ကိုကျွန်မက အသုံးလိုလို့ယူခဲ့တာပဲမဟုတ်လား၊ ရှင်ရှာပေးခဲ့တဲ့လူတွေ၊ ရှင်ကျွန်မအတွက် သတ်ပေးခဲ့တဲ့လူတွေ မနည်းဘူးလေ၊ အခုတော့ ရှင့်တာဝန်ကျေပြီ”
“မ . . . မလုပ်ပါနဲ့ သဲဖြူရာ၊ ငါမရှိရင် မင်းအတွက်လူသားကို ဘယ်သူရှာပေးမှာလဲကွ”
“မလိုတော့ပါဘူး၊ ရှင်မရှိလဲ ဟောဒီကလူကြီးကို အသုံးချပြီးတော့ ထပ်ရှာခိုင်းရမှာပေါ့၊ ကဲ ရှင်အေးအေးဆေးဆေးနားလိုက်ပါအုံး”
မသဲဖြူက ကိုမြကြီးအပေါ်သို့ခုန်တက်လိုက်သည်။ မသဲဖြူ၏ မျက်လုံးကြီးများမှာ စိမ်းဖန့်ဖန့်ကြီး ထိန်လင်းသွားသည်။ ထို့နောက် မသဲဖြူက ပါးစပ်ကြီးဖြဲလိုက်ရာ အတွင်းမှအစွယ်ဖွေးဖွေးကြီးများက ပေါ်ပေါက်လာပြီး ကိုမြကြီး၏ လည်ပင်းကိုအားကုန်ကိုက်ချလိုက်သည်။
လည်ပင်းပေါက်သွားပြီး သွေးများပန်းထွက်လာလေရာ မသဲဖြူက ထိုသွေးများကို စုပ်သောက်နေသေးသည်။ သွေးများကုန်သွားတော့မှ ပါးစပ်ကြီးကိုဟလိုက်သည်။
“အား . . . ကောင်းလိုက်တာ၊ လူသေကောင်တွေချည်းစားနေရတော့ သွေးမသောက်ရတာတောင်ကြာပြီ”
မသဲဖြူက ကိုမြကြီးရင်ဘတ်မှ ရင်အုပ်ကြွက်သားကြီးများကို ကိုက်ဖြတ်ပြီး ဖဲ့ယူစားသောက်နေလေသည်။ ကိုမြကြီးရင်ဘတ်ကိုဖွင့်လိုက်သည့်ပြီး အတွင်းမှ ဒူးလေးမြားတံကိုဆွဲထုတ်လိုက်ကာ လွင့်ပစ်လိုက်လေသည်။ ထိုမြားတံက ဒိုးလုံး၏ ခြေထောက်အနားသို့ ကျလာလေသည်။ ဒိုးလုံးလည်း လက်မှ လျှော်ကြိုးများကို အတင်းအားသုံးပြီးရုန်းလိုက်ရာ လျှော်ကြိုးပြတ်သွားပြီး လက်နှစ်ဖက်လွတ်လပ်သွားသည်နှင့် ဒူးလေးမြားတံကလေးကို ကောက်ယူလိုက်လေသည်။
“ဟေ့ကောင်၊ ငါ့ကိုလည်းဖြေပေးအုံးလေ”
“အေး၊ ခဏနေအုံးကွ”
အပြူးကိုလည်းကြိုးဖြေပေးချင်သော်လည်း အခွင့်ကမသာပေ၊ မသဲဖြူက ကိုမြကြီးကို စားသောက်ရင်း သူတို့ကိုလည်း လှည့်ကြည့်နေသေးသည်။
မသဲဖြူက အဝအပြဲစားသောက်ပြီးတော့မှ မီးပုံနံဘေးတွင် ပြန်ထိုင်ချသည်။ ဒိုးလုံးက မသဲဖြူကိုကြည့်ရင်း
“ခင်ဗျားတော်တော်ရက်စက်တဲ့လူပဲ၊ ကိုယ့်ယောက်smးကိုယ် ပြန်စားရတယ်လို့”
“ဒီကောင်က အသုံးမဝင်တော့ဘူးလေ၊ ပြီးတော့ သူ့ကိုငါလည်း ချစ်လို့ယူထားတာမှ မဟုတ်တာ”
(၁၀)
“သဲဖြူရေ နင့်အဖေမမာဘူးမဟုတ်လား၊ တောင်သာရွာဘက်မှာ ဆရာကောင်းရှိတယ်ကြားတယ်၊ နင်တို့သွားကုပါလား”
မသဲဖြူအဖေမှာ အတော်နေမကောင်းဖြစ်နေလေသည်။ သို့နှင့် မသဲဖြူက နေမကောင်းသည့်အဖေကြီးကို လှည်းပေါ်တင်ကာ လှည်းမောင်းသမားတစ်ဦးနှင့်အတူ တောင်သာရွာဘက်သို့ထွက်ခဲ့သည်။ ရိုးမတောင်တန်းကြီးကို ကွေ့ပတ်ဖောက်ထားသည့် တောလမ်းကလေးအတိုင်း ခရီးဆက်လာခဲ့ရာ မကြာမီတွင် ဓါးပြတစ်အုပ်က တောအုပ်အတွင်းမှ ခုန်ထွက်လာကြသည်။
“ဟေ့လူတွေ၊ ပါလာတဲ့ပစ္စည်းတွေအကုန်ပေးစမ်း”
စစ်ကြီးဖြစ်နေသည့်အချိန်မို့ တောမီးလောင် တောကြောင်လတ်ခမောင်းခတ်ဆိုသလို သူခိုးဓါးပြများကလည်း ပေါများကျက်စားနေသည့်ကာလဖြစ်သည်။
“ပစ္စည်းတွေကိုယူချင်ယူပါဗျာ၊ လူတွေကိုတော့ချမ်းသာပေးပါ”
“ဟား၊ ဟား ကျုပ်တို့က ပစ္စည်းတွေကိုလဲယူမယ်၊ ဟိုကောင်မလေးကိုလည်း ယူမယ်၊ ဟား၊ ဟား”
ဓါးပြတစ်ယောက်က မသဲဖြူကိုအတင်းဝင်ဆွဲလေသည်။ ထိုအခါ မသဲဖြူအဖေကြီးက မကျန်းမာသည့်ကြားထဲမှပင် ဓါးကိုင်ကာ ခုခံရန်ကြိုးစားသဖြင့် ဓါးပြများက မသဲဖြူအဖေကို သတ်ပစ်လိုက်ကြသည်။ ထိုမျှသာမကသေး လှည်းမောင်းသမားကိုပါသတ်ဖြတ်လိုက်ပြီး မသဲဖြူကို ဓါးပြစခန်းသို့ပျော်ပါးရန်အတွက် ဖမ်းခေါ်သွားကြလေသည်။
“ဆရာကြီး၊ ကျုပ်တို့ပစ္စည်းတစ်ချို့လဲရတယ်၊ နောက်ပြီး ဟောဒိကောင်မလေးလည်းရတယ်”
ဓါးပြခေါင်းဆောင်က ထိုမိန်းကလေးကိုကြည့်လိုက်ကာ ကျေကျေနပ်နပ်ကြီးပြုံးလိုက်လေသည်။ ထိုသူကတော့ အခြားသူမဟုတ်၊ ကိုမြကြီးပင်ဖြစ်သည်။
ကိုမြကြီးက မသဲဖြူအားစော်ကားရန်အတွက် တဲအတွင်းသို့ခေါ်သွားသည်။ မသဲဖြူကလည်းအသာတကြည်လိုက်သည်သွားသည်၊ တဲအတွင်းရောက်သည့်အခါ မသဲဖြူကတစ်ကိုယ်လုံးကိုချွတ်ချလိုက်လေသည်။
“ဟာ . . . မင်း . . . မင်းကိုယ်လုံးမှာ”
“ဟင်း၊ ဟင်း ဘာလဲအခုမှလန့်သွားပြီလား”
“မင်းကဘာကောင်မလဲ”
ကိုမြကြီးက နံရံတွင်ထိုးထားသည့် ဓါးကိုပြေးဖြုတ်လေသည်။ ထိုအခါ မသဲဖြူက ကိုမြကြီးလက်ကိုဖမ်းဆုပ်ကိုင်လိုက်ပြီး လက်ကိုအားဖြင့်ညှစ်ထည့်သည်။ ယောက်ျားသား ကိုမြကြီးပင် မသဲဖြူအားကို မရုန်းကန်နိုင်ပဲ ရှိလေရာ ကိုမြကြီးက အလွန်ထိတ်လန့်နေရလေသည်။
“ရှင်ကျွန်မခိုင်းတာကိုလုပ်မယ်ဆိုရင် ကျွန်မကိုလည်းရမယ်၊ ရှင့်ကိုလည်း ကျွန်မလိုအစွမ်းတွေရအောင်ပေးမယ်”
ကိုမြကြီးက အလွန်ထိတ်လန့်နေသည်။
“တကယ်လို့ မင်းခိုင်းတာမလုပ်ဘူးဆိုရင်ရော”
“ဒါဆိုရင်တော့ ရှင်သေရမယ်”
မသဲဖြူက ဓါးကိုကောက်ပြီး ကိုမြကြီးကိုထိုးချိန်ထားလိုက်လေရာ ကိုမြကြီးမှာထိတ်လန့်သွားရသည်။ ထို့နောက် ကိုမြကြီးက ခေါင်းညိတ်လိုက်ပြီး မသဲဖြူအလစ်တွင်
“ပွကြီး၊ ကျော်စိုး . . . လာခဲ့ကြကွာ”
ဓါးပြနှစ်ယောက်က ကိုမြကြီးခေါ်သဖြင့် ဓါးလွတ်များကိုင်ကာ တဲအတွင်းသို့ဝင်လာလေသည်။ မသဲဖြူက ဆောင့်ကြောင့်ကောက်ထိုင်လိုက်ကာ ပါးစပ်ကိုဖြဲထည့်လိုက်သည်။ မသဲဖြူမျက်လုံးကြီးများက စိမ်းဖန့်သည့်အလင်းရောင်ကြီးများထွက်ပေါ်လာပြီး ပါးစပ်အတွင်းမှာလည်း အစွယ်ရှည်ကြီးများက ပေါ်ပေါက်လာလေသည်။
ပွကြီးဆိုသူက မသဲဖြူအားလှံဖြင့်ဝင်ထိုးလေသည်။ သို့သော် မသဲဖြူက ပွကြီးထိုးသည့်လှံကို လက်ဖြင့်ဖမ်းယူလိုက်ကာ ချိုးထည့်လိုက်လေသည်။ ပွကြီးမှာ အံ့ဩနေစဉ်မှာပင် မသဲဖြူကပွကြီးအပေါ်သို့ခုန်အုပ်ကာ လည်ပင်းကိုကိုက်ချလိုက်သည်။
ပက်လက်လန်နေသည့် ပွကြီးအပေါ်ခုန်အုပ်ပြီး လည်ပင်းကိုကိုက်ဖြတ်နေသည့် မသဲဖြူကို ကျော်စိုးဆိုသူက ဓါးဖြင့်ဝင်ပိုင်းလေသည်။ သို့သော် သူ၏ဓါးချက်မှာ မသဲဖြူ၏ ကျောကုန်းကိုထိသော်လည်း ကျောက်တုံးတစ်တုံးကိုထိမှန်သကဲ့သို့ မာကျောနေလေသည်။ ဓါးသွားများမှာပင် ပဲ့ကြွေကျသွားလေရာ မသဲဖြူက ကျော်စိုးကိုလည်းလှည့်ကြည့်ပြီး ခုန်အုပ်ကာ လည်ပင်းညှစ်သတ်လိုက်လေသည်။
ကိုမြကြီးလည်းအတော်ပင်ထိတ်လန့်နေသည်။ မသဲဖြူက ကိုမြကြီးကိုပါခုန်အုပ်လိုက်သည်။
“မသတ်ပါနဲ့၊ ငါ့ကိုမသတ်ပါနဲ့၊ ငါမင်းခိုင်းတာလုပ်ပါ့မယ်”
မသဲဖြူက သွေးပေနေသည့်ပါးစပ်ကြီးဖြဲကာ ရယ်မောလိုက်လေသည်။
“ဒါ . . . ဒါနဲ့ မင်းကငါ့ကိုဘာခိုင်းမှာလဲ”
“ရှင့်ကို ကျွန်မယောက်ျားလုပ်ခိုင်းမှာ”
ထို့နောက် မသဲဖြူက သေဆုံးသွားသည့်လူနှစ်ယောက်ထံသို့ ခွေးတစ်ကောင်လို လေးဘက်တွားသွားလိုက်ပြီးနောက် ထိုလူနှစ်ယောက်၏ ရင်ကိုခွဲကာ ကလီစာများကိုဖောက်စားနေလေသည်။ ကိုမြကြီးလည်း မသဲဖြူကိုကြည့်ရင်း အလွန်ထိတ်လန့်တုန်လှုပ်နေမိသည်။
မသဲဖြူက ကျန်သည့်အချိန်တွင်တော့ သာမန်မိန်းကလေးတစ်ဦးသဖွယ် သိမ်မွေ့သည်။ ကိုမြကြီးပင် မသဲဖြူကို အတော် စွဲလန်းချစ်ခင်နေမိပြီဖြစ်သည်။ သို့သော် လပြည့်ညလိုညမျိုးတွင်တော့ မသဲဖြူတစ်ယောက် ဓါးပြစခန်းတွင် သောင်းကျန်းလေသည်။ ထိုအခါမျိုးတွင်တော့ သာမန်လူတစ်ဦးနှင့်မတူတော့ဘဲ မကောင်းဆိုးဝါးတစ်ကောင်နှင့် အလားသဏ္ဍာန်တူညီသည်။
ထိုသို့သောအချိန်များတွင် ကိုမြကြီးက မသဲဖြူအတွက် လူသားစီစဉ်ပေးရသည်။ လူသားမရသည့်အခါခမျိုးတွင် ဓါးပြစခန်းမှ ဓါးပြတစ်ယောက်ယောက်ကို ရှာကြံသတ်ဖြတ်ပေးရပြန်သည်။
“ကဲ မိန်းမ၊ မင်းစားလို့၀ပြီလား၊ မင်းလည်းကြည့်လုပ်အုံးကွာ၊ ငါတို့စခန်းမှာ လူနည်းနေပြီ၊ ကြာရင် ဓါးပြတိုက်လို့မရဘဲဖြစ်နေတော့မယ်”
“မပူပါနဲ့ယောက်ျားရယ်၊ ကျွန်မလုပ်ပေးပါ့မယ်”
မသဲဖြူက လူအသည်းတစ်ဖဲ့ဖဲ့လိုက်ပြီး တစ်ခုခုကိုမန်းမှုတ်လိုက်သည်။ ထို့နောက် ကိုမြကြီးအား ထိုအသည်းဖတ်ကိုခွံ့လေသည်။ ကိုမြကြီးမှာ မစားချင်သော်လည်း ကြောက်အားလန့်အားနှင့်မို့ မြို့ချလိုက်ရသည်။ ကိုမြကြီးထိုအသည်းဖတ်ကို မြိုချပြီးသည့်အခါ တစ်မျိုးကြီးဖြစ်သွားသည်ကိုခံစားရသည်။
“ကဲ ယောက်ျား၊ ရှင်ဟိုက သစ်ပင်ကိုဆွဲနှုတ်ကြည့်ပါလား”
“မိန်းမရာ၊ မင်းရူးနေသလား၊ ဟိုသစ်ပင်က ထွာဆိုင်လောက်ရှိတာ”
“လုပ်ကြည့်စမ်းပါယောက်ျားရယ်”
မသဲဖြူပြောသဖြင့် ကိုမြကြီးလည်း မယုံသင်္ကာဖြင့်သစ်ပင်ပင်စည်ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် လက်တွင်အားထည့်ကာ ပင်စည်ကိုဆွဲထည့်လိုက်ရာ သစ်ပင်ကြီးမှာ သူ့ဘက်သို့ယိုင်လာခဲ့သည်။ ကိုမြကြီးသူ့ကိုယ်သူပင်မယုံနိုင်တော့ပေ၊ သို့နှင့် ပင်စည်ကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး ဆွဲလှဲလိုက်ရာ သစ်ပင်ကြီးမှာ အမြစ်ကပါ ကျွတ်ပြီးလန်ထွက်သွားလေသည်။
ထိုအချိန်မှစပြီး ကိုမြကြီး တစ်ကိုယ်တော်ဓါးပြကြီးဖြစ်သွားသည်။ ဓါးပြတိုက်ရာတွင် တစ်ယောက်တည်းတိုက်သည်။ လှည်းများကိုဆွဲလှဲပြီး နွားများကိုပင် ကိုင်ပေါက်နိုင်သည်အထိအားကြီးသည်။ ဓါးပြတိုက်ရာတွင်လည်း ပစ္စည်းကိုယူသည့်အပြင် လူကိုပါသတ်ဖြတ်ကာ မသဲဖြူကိုကျွေးမွေးလေသည်။ သို့နှင့်ဓါးပြကြီးသတင်းမှာ နာမည်ကျော်ကြားလာပြီး ထိုလမ်းကိုဖြတ်ဝံ့သူပင်မရှိတော့ပေ။
တစ်ရက်တွင်တော့ လှည်းသံကြားရသဖြင့် ကိုမြကြီးတောင်ပေါ်မှဆင်းခဲ့သည်။ ပေါင်းမိုးတပ်ထားသည့် လှည်းတစ်စီးသွားလာနေသည်ကိုမြင်သဖြင့် တောင်ပေါ်မှဆင်းခဲ့သည်။
“ဟေ့၊ တစ်ကိုယ်တော်ဓါးပြ ကျားကြီးတဲ့ကွ”
ကိုမြကြီးက လှည်းလမ်းပေါ်တွင်အော်ဟစ်လိုက်သည်။ ထိုအခါ လှည်းပေါင်းမိုးအတွင်းမှ လူများကဆင်းလာကြလေသည်။ ထိုလူများထံတွင် သေနတ်များကိုင်ဆောင်ထားကြသည်။
“ဒိုင်း . . ဒိုင်း”
ကိုမြကြီးကို သေနတ်များဖြင့်အဆက်မပြတ်ပစ်ခတ်လေရာ ကိုမြကြီးမှာ ကိုယ်လွတ်ရုန်းပြေးရတော့သည်။ တစ်ကိုယ်လုံးလည်း သေနတ်ကျည်ဆန်များထိမှန်သဖြင့် ဒဏ်ရာများရနေလေသည်။
“မိန်းမရေ၊ မိန်းမ . . .”
ကိုမြကြီးအသံကြားသဖြင့် မသဲဖြူက ထွက်ကြည့်လိုက်ရာ တစ်ကိုယ်လုံးသေနတ်ဒဏ်ရာများနှင့်ကိုမြကြီးက ပြေးလာလေသည်။
“ငါ့ကို ကုပေးပါအုံးကွာ”
မသဲဖြူက ကိုမြကြီးရင်ဘတ်ပေါ်လက်တင်လိုက်ပြီး တစ်ခုခုရွတ်ဆိုပြန်သည်။ ထိုအခါ မသဲဖြူမျက်လုံးကြီးများမှာ အစိမ်းရောင်အလင်းများ လင်းလက်လာပြီးနောက် ကိုမြကြီးကိုယ်ရှိ ဒဏ်ရာများမှာ တမုဟုတ်ချင်း ပျောက်ကင်းသွားလေသည်။
“ရှင့်ကိုကျုပ်အကုန်ကုပေးနိုင်တယ် ယောက်ျား၊ ဒါပေမယ့် ရှင့်နှလုံးသားကိုတော့ မထိစေနဲ့၊ နှလုံးသားကိုထိရင်တော့ ကျုပ်ကုမရဘူး”
ကိုမြကြီးတို့ ဆက်ပြီးဓါးပြတိုက်မရတော့ပေ၊ လက်နက်ကိုင်များ၊ ပြည်သူ့စစ်များက ဓါးပြများကို လိုက်လံရှင်းလင်းနေသည့်အတွက် ကိုမြကြီးတို့ စားကျက်မရှိတော့ပေ။ ထိုအခါ မသဲဖြူက အကြံထုတ်သည်။
“ကျုပ်ရွာပြန်မယ်”
“ဖြစ်ပါ့မလားမိန်းမ”
“ဖြစ်ပါတယ်၊ ရှင့်မှာလည်း စုမိဆောင်းမိတဲ့ ပစ္စည်းတွေ တော်တော်များနေပြီမဟုတ်လား၊ ဒီတော့ ရွာပြန်နေကြမယ်”
မသဲဖြူ၏ ခေါ်ဆောင်မှုဖြင့် ကိုမြကြီးရွာသို့လိုက်လာခဲ့ရသည်။ ပြောင်းပြာရွာသို့ရောက်သည့်အခါ မသဲဖြူကိုအားလုံးက အံ့ဩနေလေသည်။
“သဲဖြူ၊ နင်မသေဘူးလား”
“မသေပါဘူး၊ ဒီလူက ကိုမြကြီးတဲ့၊ ကျွန်မယောက်ျားပေါ့၊ ကျွန်မကို ဓါးပြတွေလက်ထဲကနေ ကယ်တင်ပေးခဲ့တဲ့သူပေါ့”
ရွာသားများလည်း သံသယမဝင်ကြပေ၊ သို့နှင့် မသဲဖြူလင်မယားမှာ ပြောင်းပြာရွာတွင်ပြန်လည်နေထိုင်ကြလေသည်။ မသဲဖြူတို့ မိဘများပိုင်ဆိုင်သည့်အိမ်တွင် မနေကြတော့ဘဲ ရွာစွန်တွင် ပျဉ်ထောင်အိမ်ဆောက်ကာ သီးသန့်နေထိုင်ကြသည်။ ကိုမြကြီးကတော့ ကုန်ကူးသလိုလို၊ ပွဲစားလုပ်သလိုလိုနှင့် လပြည့်ညမရောက်ခင်တိုင်း ရွာမှထွက်သွားလေ့ရှိသည်။
ရွာစဉ်လှည့်ပြီး မသဲဖြူအတွက် လူသားရှာပေးရသည်။ ကြုံလျှင်ကြုံသလို သတ်ဖြတ်သည်၊ ဓါးပြလည်းတိုက်သေးသည်။ လူသတ်ပြီးပါက လူကိုဖျက်ပြီး တောင်းကြီးတစ်တောင်းတွင်ထည့်ကာ ရွာသို့ပြန်လာခဲ့သည်။ သို့နှင့် ကိုမြကြီးနှင့် မသဲဖြူတို့မှာ ရွာတွင်အခြေကျနေလေသည်။ ကိုမြကြီးကလည်း သူဓါးပြတိုက်ရသည့် ပစ္စည်းများ ရွှေထည်များကို မသဲဖြူကိုဆင်ပေးကာ လင်မယားနှစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းနေကြလေသည်။
ရိုးမတောင်တန်းကြီးအခြေတွင် ရွာပေါင်းနှစ်ဆယ်ကျော်ရှိရာ ကိုမြကြီးတစ်ယောက် ကုန်ကူးသည့်ပုံစံဖြင့် မိန်းမဖြစ်သူ မသဲဖြူအတွက် လိုက်လံရှာဖွေပေးရတော့သည်။
(၁၁)
လပြည့်နားနီးပြီဖြစ်သည်။ ကိုမြကြီးတစ်ယောက် ငှက်ဖျားတက်ပြီး အိပ်ရာထဲကမထနိုင်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ မသဲဖြူက ထိခိုက်ဒဏ်ရာလောက်ကို ကုသပေးနိုင်သော်လည်း ငှက်ဖျားလိုရောဂါမျိုးကိုတော့ မကုသနိုင်ပေးပေ။
လပြည့်နားနီးသည့်အတွက် မသဲဖြူအလွန်ဆာလောင်နေလေသည်။ ထို့အတွက်ကြောင့် မိမိပင် သားကောင်ရှာမည်ဟု ဆုံးဖြတ်လိုက်သည်။
“ဟယ်၊ ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ”
တစ်နှစ်သားအရွယ်ကလေးလေးကို မသဲဖြူက ချီပိုးလိုက်ပြီးချော့မြှူနေလေသည်။
“သူများကလေးချည်း ချစ်မနေနဲ့မသဲဖြူရဲ့၊ နင်လည်း ယောက်ျားရှိတာပဲ၊ နင်ကလေးတစ်ယောက်လောက်တော့ မွေးသင့်ပြီ”
အမှန်တော့ မသဲဖြူက ကလေးကိုချစ်သောကြောင့်မဟုတ်ဘဲ ကလေးအသားစားချင်သောကြောင့်ဖြစ်သည်။ ကိုမြကြီးရှာကြံပေးသည့်အသားများတွင် ကလေးအသားတစ်ခါမှ မပါဖူးပေ၊ ကလေးအားကိုကြည့်ရတာ နူးညံ့ပြီး အလွန်ချိုမြိန်မည်ဟု ယူဆလိုက်သည်။
လပြည့်ညရောက်သည့်အခါ ထိုကလေးမှာ မသဲဖြူလက်ချက်မိသွားတော့သည်။ မသဲဖြူလည်း ကလေးအသားစားမိပြီး အလွန်စွဲလန်းနှစ်သက်သွားလေသည်။
ရွာတွင် ကလေးသေဆုံးမှုများ များပြားလာလေသည်။ သို့နှင့် ရွာသားတစ်ချို့က ဆရာတစ်ယောက်ကိုခေါ်လာကြသည်။ ထိုဆရာက သူ့ပညာဖြင့် စမ်းသပ်ကြည့်ရင်း
“နင်တို့ရွာမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတယ်”
“မကောင်းဆိုးဝါးတဲ့လား”
“သေချာအောင်ပြောရရင် ကလီစာတွေစားတဲ့စုန်းကဝေရဲ့ ဝိညာဉ်ပူးကပ်နေတဲ့သူပဲ”
“ဘုရား၊ ဘုရား၊ ဒါဆို ကလေးတွေပျောက်နေတာ သူနဲ့များဆိုင်မလား”
“ဆိုင်တာပေါ့၊ အများကြီးဆိုင်တာပေါ့”
“ဒါဆိုရင်ဆရာကြီးရယ်၊ ဘယ်သူလုပ်နေသလဲဆိုတာရော မသိဘူးလား”
“ငါသိပြီးပြီ၊ ဒါပေမယ့် ငါပါးစပ်နဲ့မပြောချင်ဘူး၊ ဒီတစ်ခါ လက်ပူးလက်ကြပ်ဖမ်းပြမယ်”
လပြည့်ည။
ရွာသားများမှာ ရွာတွင်ရှိသမျှ ကလေးငယ်အားလုံးကို လက်နက်များဖြင့် စောင့်ကြပ်ရသည်။ သို့သော် သန်းခေါင်ယံအချိန်တွင် အိမ်တစ်အိမ်၏ ခေါင်မိုးပေါ်သို့ မသဲဖြူက ခုန်တက်လိုက်သည်။ ထိုအိမ်ခေါင်မိုးအပေါ်တွင် ပညာစက်ဖြင့် အိပ်မွေ့ချလိုက်သည့်အခါ တစ်အိမ်လုံးမှလူများမှာ အိပ်ပျော်သွားကြသည်။ ကလေးများကို စောင့်နေသည့်လူများပင် ငုတ်တုတ်ကြီးအိပ်ပျော်သွားသည်။
မသဲဖြူက အိမ်ခေါင်မိုးကိုဖောက်ကာ အိမ်အတွင်းခုန်ချလိုက်သည်။ အိမ်ခေါင်မိုးမှာ သက်ငယ်များဖြင့်မိုးထားရာ အလွယ်တကူပင် ပေါက်သွားလေသည်။ အိမ်အတွင်းရောက်သည့်အခါ ပုခက်အတွင်းတွင် ကလေးငယ်က အိပ်ပျော်နေသည်မို့ပုခက်ကိုဆွဲလိုက်ပြီး ကလေးငယ်ကိုထုတ်ယူလိုက်သည်။
“အောင်မယ်လေး . . .”
မသဲဖြူရေရွတ်လိုက်ကာ အနောက်သို့ခုန်လိုက်သည်။ ကလေးငယ်မှာ ကလေးတစ်ယောက်မဟုတ်ဘဲ ကျေက်ဖရုံသီးတစ်လုံးသာဖြစ်သည်။ ထိုအခိုက် အိမ်ကို ရွာသားများက မီးတုတ်များဖြင့် ဝန်းရံလိုက်ကြသည်။ မသဲဖြူလည်း မဟန်မှန်းသိပြီမို့ ခုန်ပြေးရန်ကြိုးစားသည်။ သို့သော် ဆရာက လက်ညှိုးဖြင့်ထိုးလိုက်ပြီး
“ဟေ့မလှုပ်နဲ့”
ထိုသို့ပြောလိုက်သဖြင့် မသဲဖြူလည်း င်ြိမ်သက်သွားရသည်။ ရွာသားများက ဝိုင်းကြည့်တော့မှ မသဲဖြူဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“သူပေါ့ လူသားစားတဲ့၊ လူရဲ့ကလီစာစားတဲ့ စုန်းကဝေပူးကပ်နေတာ သူပဲ”
“မသဲဖြူတဲ့လား . . . ဒါဆိုလူသားစားတာက မသဲဖြူလား”
ရွာသားများမှာ အံ့ဩနေလေသည်။ ထိုအခါ မသဲဖြူက ကြမ်းပြင်ပေါ်သို့ဝုန်းခနဲခုန်ထသည်။ ဆရာမှာအလွန်အံ့အားသင့်သွားသည်။ မသဲဖြူမှာ ဆံပင်ကြီးများလေတွင်လွင့်ပျံနေပြီး ကဝေရုပ်ပေါ်လာလေသည်။ ဆရာမှာလည်း မသဲဖြူကိုလက်ညှိုးထိုးပြီး
“ဆေးစောင့်အပေါင်း၊ သူ့ကိုချုပ်ကြစမ်း”
သို့သော် မသဲဖြူမှာ ဘာမှပင်မဖြစ်ပေ၊ မသဲဖြူက အသံနက်ကြီးဖြင့် ရယ်မောလိုက်သည်။
“ဟား၊ ဟား၊ နင့်ပညာလောက်နဲ့များ၊ ငါ့ကိုနိုင်မယ်ထင်လို့လားဟဲ့၊ ငါ့သက်တမ်းက နှစ်ငါးရာရှိပြီ၊ ငါ့ကိုဘယ်သူမှ မတားဆီးနိုင်ဘူး”
မသဲဖြူမျက်လုံးကြီးများ စိမ်းဖန့်သွားပြီးနောက် အလင်းရောင်များက ပြိုးပြိုးပျက်ပျက်ပေါ်ထွက်လာလေသည်။ မသဲဖြူကိုကြည့်နေသည့် ဆရာ၏မျက်လုံးမှ သွေးမျက်ရည်များစီးကျလာကာ ဆရာဖြစ်သူလည်း ကြမ်းပြင်ပေါ်တွင်လူးလှိမ့်ရင်း အော်ဟစ်နေလေသည်။ မသဲဖြူက အသံနက်ကြီးဖြင့်အော်ဟစ်ရယ်မောလိုက်သည်။
ထိုစဉ် အိမ်ပေါ်သို့ လူတစ်ဦးတက်လာသည်။ ထိုလူ၏ လက်ထဲတွင်လည်း ဓါးရှည်ကြီးကိုကိုင်ထားသည်။ ထိုလူက အော်ဟစ်ရယ်မောနေသည့် မသဲဖြူ၏ လည်ပင်းအား ဓါးဖြင့်ပိုင်းချထည့်လိုက်လေသည်။
“ဟင် . . . မြကြီး”
ကိုမြကြီးခုတ်ပိုင်းလိုက်သဖြင့် မသဲဖြူဦးခေါင်းကြီးက လည်ပင်းမှအတိပြတ်ကာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။ မသဲဖြူကိုယ်လုံးမှာလည်း အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။
“မြကြီး . . . မင်းဘာလုပ်တာလဲ”
“ဒီလိုစုန်းမကို ကျုပ်အရှင်မထားနိုင်ဘူး . . .”
မသဲဖြူအလောင်းကို ရွာသားများက မီးရှို့ရန်စီစဉ်သည်။ သို့သော်လည်း စုန်းမအလောင်းမို့ မီးမစွဲပေ၊ တတ်သိနားလည်သည့်သူများနှင့် ပြောသည့်အခါ မီးမရှို့ဘဲ ရေတွင်ချရန်ပြောဆိုသဖြင့် မသဲဖြူအလောင်းအား အဝတ်များနှင့်ပတ်ကာ ထိုဝတ်စတွင် ကျောက်တုံးများ၊ ခဲများကိုချိတ်ဆွဲလျှက် တောင်ကျချောင်းကလေးအတွင်းသို့ ချထားလိုက်လေတော့သည်။
“ကျုပ်လည်း စုန်းမမှန်းမသိလို့ပါသူကြီးရာ”
မသဲဖြူကို စိတ်နာကြသော်လည်း ကိုမြကြီးကိုတော့ အားလုံးက သနားကြသည်။ ကိုမြကြီးကို ခွင့်လွှတ်ကြလေသည်။ သို့နှင့် မသဲဖြူသေဆုံးသွားပြီး ကိုမြကြီးတစ်ယောက်တည်းကျန်နေခဲ့တော့သည်။ ကိုမြကြီးမှာ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦးအလား အလွန်ပျော်ရွှင်နေမိသည်။
“ကောင်းတယ်၊ ဒီကောင်မ သေတာအေးတာပဲ၊ နို့မို့ဆို သူ့အတွက်နဲ့ ငါလူတွေထပ်သတ်နေရအုံးမယ်”
ကိုမြကြီးမှာ ကုန်မကူးတော့ဘဲ ရိုးရိုးသားသားလယ်ယာလုပ်ကိုင်သည်။ တစ်ပင်လဲမူ တစ်ပင်ထူဆိုသည့်အတိုင်း ကိုမြကြီးက ရွာမှတစ်ခုလပ်မိန်းမတစ်ယောက်ကို ကောက်ယူလိုက်လေသည်။ သို့သော် ကိုမြကြီး၏ ဘ၀မှာ ကြာကြာမပျော်ရွှင်လိုက်ရပေ။
တစ်ည။
ကိုမြကြီးတို့ လင်မယားအိပ်နေရင်း ခြင်ထောင်ကြီးမှာ ဝုန်းခနဲလန်သွားရာကိုမြကြီးက လန့်နိုးသွားသည်။ သူတို့ခြင်ထောင်အပြင်ဘက်တွင် မျက်စိတွင်အစိမ်းရောင်များဝင်းလက်လျှက် ခေါင်းပြတ်ကြီးတစ်ခုက ပျံသန်းနေလေသည်။ ကိုမြကြီးမှာ ထိုခေါင်းပြတ်ကြီးကိုကြည့်ရင်း အလွန်အံ့ဩနေမိသည်။
“ဟင်၊ သဲ . . . မသဲဖြူ”
မသဲဖြူက ပြုံးရယ်လျှက်
“ရှင်တော်တော်ပျော်နေတာပဲကိုမြကြီး၊ နောက်မိန်းမပါ ထပ်ယူထားသေးတာလား”
“မ . .မလုပ်ပါနဲ့ကွာ”
“ရှင့်ကိုမလုပ်ပါဘူး၊ ရှင့်ကိုတော့ ကျွန်မခိုင်းစရာရှိသေးတယ်၊ ကျွန်မလုပ်မှာက သူ့ကို”
မသဲဖြူခေါင်းပြတ်ကြီးက ကိုမြကြီးနောက်မိန်းမထံသို့ ပြေးဝင်လာပြီး နောက်မိန်းမ၏ လည်ပင်းအားကိုက်ဖြတ်လေတော့သည်။ ကိုမြကြီးမှာလည်း အလွန်ကြောက်လန့်ပြီး မသဲဖြူကိုငေးကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်နိုင်တော့ပေ။
ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။