အပိုင်း(၁)
(၁)
ခြံဝန်းကြီးထဲသို့ဝင်လိုက်သည်နှင့် မို့မို့က မိမိ၏ငယ်ဘ၀ အမှတ်တရများကို မျက်လုံးထဲ တစ်ဖန်ပြန်လည်မြင်ယောင်လာမိသည်။ သားကလေး၏ လက်ကိုဆွဲပြီး အိမ်ထဲသို့ဝင်လိုက်သည်နှင့် ရေနံချေး၀ပြီး မဲနက်နေသည့် အိမ်ကြီးမှာ ယခင်ကအတိုင်းရှိနေသော်လည်း သေချာကြည့်လိုက်ပါက အချိန်၏ တိုက်စားမှုများကြောင့် အိမ်ကြီးမှာ ဆွေးသည့်နေရာကဆွေးပြီး ပေါက်သည့်နေရာက ပေါက်နေပြီဖြစ်သည်။
“အမေ သားဒီအိမ်ကြီးမှာ မနေချင်ဘူး၊ သားကြောက်တယ်”
သားဖြစ်သူက သူ့ကိုမော့ကြည့်ပြီးပြောလိုက်လေသည်။ မို့မို့ကတော့ ဘာမှမပြောတော့ဘဲ သားဖြစ်သူကို ကောက်ချီလိုက်ပြီး အိမ်ထဲသို့ဝင်လိုက်သည်။ အိမ်ရှိဆင်ဝင်တံခါးမှာ ယခင်ကဆိုလျှင်တော့ ပန်းပင်တွေစိုက်ပျိုးထားသည်။ ကစ်စ်မီပန်းများနှင့် ကုလားပန်းလုံးကလေးများ၊ အဖြစ်မြန်သော ပန်းခရမ်းပြာအပင်လေးများက တန်းစီပြီးပေါက်နေလေ့ရှိသော်လည်း ယခုတော့ ဆင်ဝင်တံခါးမှာ မြေကြီးတွေ ကျစ်ခဲပြီး နွမ်းခြောက်သေဆုံးနေသည်ပန်းပင်များနှင့် ပန်းအိုးများသာရှိတော့သည်။
“အမေရေ . . . အမေ”
မို့မို့က အိမ်ထဲဝင်ရင်းခေါ်လိုက်သည်။ အိမ်ကြီးမှာ ဖုန်နံ့တွေတထောင်းထောင်းဖြစ်နေသည်။ မကြာမီ အမေတို့ အိပ်ခန်းအတွင်းမှ အမေကတုန်တုန်ချိချိနှင့်ထွက်လာသည်။
“သမီးရောက်လာပြီလား . . . .ဘယ်နှရက်နေမယ်စိတ်ကူးလဲ”
မျက်နှာတစ်ခုလုံး ပါးရေတွေ တွန့်ပြီး အမဲစက်များ၊ တင်းတိပ်များနှင့်ပြည့်နေသည့် အမေက မို့မို့ကိုကြည့်လျှက် နှစ်နှစ်ကာကာ ပြုံးရင်းမေးလေသည်။
“ဒီမှာပဲ အပြီးနေတော့မှာ အမေရဲ့”
မို့မို့က ထိုသို့ပြောပြီး ချီပိုးထားသည့် သားငယ်ကို ကြမ်းပြင်ပေါ်သို့ချလိုက်သည်။
“သား ဖွားဖွားလေ သားရဲ့”
“ဟင့်အင်း သား . . . သားကြောက်တယ်”
သားငယ်က မို့မို့၏ ထမီစများကို ဆွဲထားလေသည်။ အမေက ဧည့်ခန်းထဲကိုဝင်သွားလေရာ မို့မို့လည်း သားငယ်လက်ကိုဆွဲပြီး ဧည့်ခန်းထဲဝင်လိုက်လေသည်။ ထို့နောက် အမေက ဖုန်တက်နေသော စာအုပ်စင်လေးတွင် တစ်ခုခုကိုရှာဖွေနေသည်။ စာအုပ်စင်မှာလည်း စာအုပ်ဟောင်းများနှင့် ပြည့်လျှံနေပြီး ထိုစာအုပ်များက စီစီရီရီမရှိပဲ စာအုပ်စင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသည်။ နောက်တော့ အမေက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီးနောက် သူဝတ်ထားသည့်ထမီနှင့် စာအုပ်ပေါ်မှ ဖုန်များကိုပွတ်လိုက်သည်။
“သားသားရော့ စာဖတ်လေ”
အမေက သူ့လက်ထဲမှ ဘိုဘိုကာတွန်းစာအုပ်ဟောင်းတစ်အုပ်ကို သားငယ်အား ထုတ်ပေးလိုက်သည်။ ကာတွန်းစာအုပ်မှာ ဟောင်းနွမ်းနေသည်။ သို့သော် မစုတ်ပြဲဘဲ ဖလင်အဖုံးလေးနှင့် သပ်သပ်ရပ်ရပ် ရှိနေဆဲဖြစ်သည်။
“သား. . . . အဖွားဆီက စာအုပ်ယူပြီး ဒီမှာ စာထိုင်ဖတ်နေနော်”
သားက မို့မို့ကို တစ်ချက်မော့ကြည့်လိုက်သည်။ ထို့နောက် ပြောစကားနားထောင်သော သားငယ်က စာအုပ်ကိုယူလိုက်ကာ ဧည့်ခန်းထဲရှိ ဖုန်ထူသော ထိုင်ခုံတစ်ခုတွင် ထိုင်ပြီးဖတ်နေလေသည်။
“သမီး အထုပ်အပိုးတွေကော”
“ပါတယ် အမေ ဘူတာကနေ ကားတစ်စီးငှားလာတယ်၊ ခြံရှေ့မှာပဲ ရှိလိမ့်မယ်ထင်တယ်”
အမေက ပြုံးပြီးပျော်ရွှင်နေသည်။ သားသမီးဖြစ်သူ အိမ်ပြန်ရောက်လာလျှင် မိဘတိုင်းကတော့ ပျော်တတ်ကြသည်မှာ ထုံးစံပင်မဟုတ်ပါလား။ အမေက ခြံပြင်သို့ထွက်သွားရန်ပြင်လိုက်သည်။
“အမေ အသာနေပါ။ သမီးပဲ အထုပ်အပိုးတွေ သယ်လိုက်မယ်”
မို့မို့ ကခြံထဲသို့ ထွက်လိုက်သည်။ မိဘအိမ်ရောက်လာလျှင် မပျော်နိုင်သောအရင်က အတိတ်အကြောင်းအရာများကို တွေးရင်း မို့မို့ မျက်ဝန်းအိမ်မှ မျက်ရည်များက မသိမသာစီးကျလာလေသည်။ မို့မို့လည်း မျက်ရည်စများကို လက်ဖမိုးနှင့်သုတ်ခဲ့ပြီး ခြံရှေ့သို့ထွက်လာခဲ့သည်။ ထိုအခါ သူငှားထားသည့် ကားမှာ မရှိတော့ဘဲ ခြံအပြင်လမ်းမပေါ်တွင် အထုပ်အပိုးများကို ဒီအတိုင်းချထားခဲ့သည်ကိုမြင်လိုက်ရသည်။ ကားခမှာကြိုရှင်းထားပြီးဖြစ်သဖြင့် ကားသမားက ပညာပြသွားခြင်းဖြစ်မည်ဟု မို့မို့ကအောက်မေ့လိုက်ကာ
-ဘယ်လိုလူလဲမသိဘူး-
ထိုသို့ရေရွတ်လျှက် အထုတ်အပိုးများကို ဆွဲယူလိုက်လေသည်။
(၂)
မို့မို့ တ်ို့က မွေးချင်း (၇) ယောက်ရှိသည်။ မို့မို့အဘိုးက အင်္ဂလိပ်ခေတ်က ကိုလိုနီအစိုးရထံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထောက်မင်းတစ်ဦးဖြစ်သည်။ မို့မို့အဖေက လွပ်လပ်ရေးရပြီးသောအခါ အဘိုးမျက်နှာနှင့် နေရာကောင်းရပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီလူကြီးတစ်ဦး ဖြစ်ခဲ့သည်။ မို့မို့တို့ အမေက တစ်ချိန်ကအောက်ပြည်တစ်ကြောတွင် နာမည်ကြီးသည့် ဒိတ်ဒိတ်ကြဲအငြိမ့်မင်းသမီးကြီး တစ်ဦးဖြစ်သည်။ မို့မို့တို့ မိသားစုက အလုပ်အကိုင်ကောင်းသည်မို့ ချောင်လည်ပြီး နေနိုင်စားနိုင်သော သူများဖြစ်သည်။ အဖေကတော့ အလုပ်ကိစ္စနှင့် အမြဲအပြင်သွားနေရသည့်အတွက် အမေကသာ သားသမီးတွေကို ထိန်းကျောင်းလာရသည်။
မို့မို့တို့မြို့ကလေးက တောင်ပေါ်မကျ မြေပြန့်မကသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့မြောက်ဘက်တွင် တောင်ကုန်းကလေးတစ်ခုရှိသည်။ ထိုတောင်ကုန်းကလေးပေါ်တွင် အင်္ဂလိပ်ခေတ်၊ ကိုလိုနီခေတ်ပုံစံ ဒီဇိုင်းဖြင့် တည်ဆောက်ထားသော အိမ်ကြီးများနှင့် ခြံအကျယ်ကြီးများရှိသည်။ ထိုခြံများထဲမှ တစ်ခြံကို မို့မို့အဖေက ဝယ်ယူခဲ့လေသည်။ မို့မို့တို့ ငယ်ငယ်ကတည်းက ထိုခြံတွင်နေထိုင်ရသည်။ ခြံအရှေ့တွင် မောင်ဖေဟု နာမည်ဆိုင်းဘုတ်တတ်ထားသဖြင့် မောင်ဖေခြံဆိုလျှင် ထိုတောင်ကုန်းတစ်ဝိုက် လူသိများလေသည်။ ထိုစဉ်က တောင်ကုန်းပေါ်ရှိရပ်ကွက်ကြီးမှာ အမှုထမ်းကြီးများ၊ သူဌေးကြီးများ နေထိုင်သည့် ဗွီအိုင်ပီရပ်ကွက်၊ သူဌေးလူကုံထံရပ်ကွက် ဖြစ်ခဲ့သည်။
မို့မို့တို့အိမ်ကြီးမှာ ကိုလိုနီလက်ရာ အုတ်ဖြင့်ခံထားပြီး အပေါ်ထပ်ကို သစ်သားများဖြင့် ပြန်ဖွဲ့ထားသည့် တစ်ပင်တိုင်အိမ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုး အရေးပိုင်မင်းများနှင့် အထက်တန်းအရာရှိများနေထိုင်ကြခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးသည့်အခါ ထိုအိမ်များကိုသိမ်းပိုက်လိုက်ပြီး ပြန်လည်လေလံတင်ရောင်းချရာမှ မို့မို့အဖေဖြစ်သူက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိမ်ကြီးမှာ ကြီးမားပြီး နှစ်ထပ်အိမ်ကြီးဖြစ်သည်။ အပေါ်ထပ်ရှစ်ခန်း အောက်ထပ်ရှစ်ခန်းရှိပြီး အိမ်အလယ်တွင် စကျင်ကျောက်သားများဖြင့်အလှဆင်ထားသည့် လှေကားကြီးက ခမ်းခမ်းနားနားတည်ရှိပြန်သည်။
မို့မို့တို့အဖေနာမည်က ဦးမောင်ဖေဖြစ်သည်။ ထိုမြို့ကလေးတွင် အရင်ကတော့ မသိသူမရှိ၊ မြို့မိမြို့ဖတစ်ဦးဖြစ်သည်။ မို့မို့အမေကတော့ တစ်ပင်တိုင် မြင့်မြင့်လေးဟုခေါ် ကြသည်။ အမည်ရင်းကတော့ ရတနာမြင့် ဖြစ်သည်။ အငြိမ့်ကသည့်အခါ မြင့်မြင့်လေးဟူသည့်အမည်ဖြင့် ကပြလေသည်။ သို့သော် တစ်ပင်တိုင် မြင့်မြင့်လေးဟုဆိုလူသိများသည်။ ယခုမြို့ငယ်ကလေးတွင် မြင့်မြင့်လေး နှစ်ယောက်ရှိသဖြင့် ဆေးလိပ်ခုံပိုင်ရှင် မြင့်မြင့်လေးအား ဆေးလိပ်ခုံမြင့်မြင့်လေးဟု ခေါ်ဝေါ်ကြပြီး တစ်ပင်တိုင်အိမ်ကြီးနှင့်နေထိုင်သည့် မြင့်မြင့်လေးကိုတော့ တစ်ပင်တိုင်မြင့်မြင့်လေးဟု ခွဲခြားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
မို့မို့တို့ အိမ်တွင် မောင်နှမ မွေးချင်း ခုနစ်ယောက်ရှိသည်။ ယောက်ျားလေး သုံးယောက် မို့မို့နှင့် ညီမသုံး ယောက်တို့ဖြစ်သည်။ မို့မိုကအထက်တွင် အကိုသုံးယောက်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် တစ်နှစ်၊ နှစ်နှစ်သာခြားသည်။ မို့မို့အောက်တွင်တော့ ညီမသုံးယောက်ရှိသည်။ ညီမအထွေးဆုံးကလေးကတော့ မို့မို့နှင့် အသက် ဆယ်နှစ်လောက်ခြားသည်။ အခုတော့ သူ့အိမ်ထောင်နှင့်သူတို့မို့ သိုက်သိုက်ဝန်းဝန်းနေလာခဲ့သော မို့မို့တို့မောင်နှမတွေ တစ်ယောက်တစ်ကွဲစီနှင့် ဖြစ်ကုန်ပြီး သူတို့ဘ၀လမ်းကို သူတို့ဘာသာ လျှောက်လှမ်းနေကြပြီဖြစ်သည်။
(၃)
မို့မို့က အထုပ်အပိုးတွေ ဆွဲပြီး အိမ်ထဲတွင်နေရာချလိုက်သည်။ အောက်ထပ်ရှိ အခန်းတစ်ခန်းတွင် သူတို့သားအမိအိပ်မည်ဖြစ်သည်။ ထိုအခန်းက သော့ခတ်ထားသည်။ မို့မို့က အမေ့ထံမှ သော့တောင်းယူလိုက်ကာ အခန်းတံခါးကိုဖွင့်လိုက်သည်။ ဖုန်နှင့်ပင့်ကူများ တက်နေသည်မှလွဲ၍ အခန်းတစ်ခန်းလုံးမှာ စနစ်တကျရှိနေသည်၊ အိမ်ထောင်ပရိဘောဂပစ္စည်းများမှာ သူ့နေရာနှင့်သူရှိနေကြသည်။
“ကဲ မွန်းတောင်တည့်တော့မယ် ဗိုက်ဆာကြရောပေါ့”
အမေက ပြောလိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ မို့မို့လည်း သားလေးကိုခေါ်ကာ မီးဖိုချောင်ထဲ လိုက်ဝင်ခဲ့သည်။ မီးဖိုချောင်၏ အမိုးများမှာပေါက်ပြဲနေသည်။ အုတ်ကြွပ်မိုးများ မိုးထားခြင်းဖြစ်ပြီး အုတ်ကြွပ်အချပ်များက ကွဲအက်နေကြသလို အချို့အချပ်များက ကွာကျနေလေသည်။ အမေက ထမင်းအိုးသေးသေးကလေးထဲမှ ထမင်းကိုခူးလိုက်ပြီး မီးဖိုချောင်အတွင်းရှိ စားပွဲတစ်လုံးတွင် ခူးခပ်ကာ ပြင်ဆင်လိုက်သည်။ ဟင်းကတော့ ဂေါ်ရခါးသီးကြော် နှင့် ငါးသေးသေးများကို အိုးကပ်ချက်ထားသည်။ ဂေါ်ရခါးသီးကြော်ဆိုသော်လည်း ဆီကိုမမြင်ရ ရေစပ်စပ်နှင့် ကြော်ထားခြင်းဖြစ်သည်။ သားငယ်က ထမင်းဝိုင်းကိုကြည့်ပြီး နှုတ်ခမ်းကိုစူလိုက်သည်။
“ဟင်၊ . . . ဟင်းလဲမကောင်းဘူး သားမစားချင်ဘူးမေမေ”
သားငယ်ကပြောရင်း ကြွေရေသုတ်ပန်းကန်ပြားနှင့် ထည့်ထားသော ထမင်းဟင်းများကို ကြည့်နေလိုက်သည်။
“သားရယ် နည်းနည်းတော့စားလိုက်ပါ”
မို့မို့ကပြောသဖြင့် သားဖြစ်သူမှာ မစားချင်စားချင်နှင့် ဂေါ်ရခါးသီးဖတ်များကို ကောက်ဝါးနေသည်။
“သားသားဘာစားချင်လဲပြောလေ ဖွားဖွားညနေကျတော့ချက်ကျွေးမယ်”
သားငယ်က ဘာမှမပြောဘဲ ဘွားအေဖြစ်သူကိုသာ ငေးကြည့်နေလေသည်။ မို့မို့လည်း
“အမေ ထမင်းစားခန်းက မသုံးဘူးလား”
မို့မို့ကမေးလိုက်သည့်အခါ အမေက တစ်ချက်ငိုင်ကျသွားသည်။
“ငါတစ်ယောက်ထဲနေတာဆိုတော့လဲ မသုံးဖြစ်တော့ပါဘူး၊ ကိုယ့်ဖာသာကိုယ် ဒီမှာပဲ ထမင်းချက်၊ ဒီမှာပဲ စားလိုက်တော့တယ်”
ဪ၊ စည်းကမ်းအရမ်းတင်းကြပ်တဲ့အမေက အခုတော့ စည်းကမ်းတွေကို ကိုယ်တိုင်ဖောက်ဖျက်နေပါလားဟု မို့မို့တွေးလိုက်မိသည်။ ထမင်းစားရင်း မို့မို့အတွေးများက အတိတ်ဆီသို့ လွင့်မြောသွားလေသည်။
“ဟဲ့ကောင်မလေးတွေ မီးဖိုထဲ မစားသောက်ရဘူးဟဲ့”
မို့မို့ငယ်စဉ်ကဖြစ်သည်။ အမေက အယူသီးသည်။ မီးဖိုထဲ ထမင်းစားတာ၊ ယုတ်စွအဆုံး မုန့်ဟင်းခါးတို့ မုန့်တို့စားတာတောင် မကြိုက်နှစ်သက်ပေ၊ စားသောက်သည်ကို တွေ့သည့်အခါ ခုနစ်သံချီဖြင့် အော်ဟစ်ဆူပူကြိမ်းမောင်းတတ်သည်။ မို့မို့တို့က ကလေးပီပီ မုန့်များ၊ အသီးအနှံများကို ကြုံရာနေရာ၊ တွေ့ရာ နေရာတွင်စားသောက်သည့်အခါ အမေ့အသံကို ကြားရစမြဲပင်။
“အစားအသောက်စားရင် လူလိုစား ထိုင်ပြီးတော့စား၊ မတ်တပ်ကြီးတွေ ရပ်ပြီးတော့ သူတောင်းစားလို့ စားမနေကြနဲ့”
“ပန်းကန်ရှိရင် ပန်းကန်ထဲထည့်စား၊ လက်နဲ့မစားနဲ့ ဇွန်းတန်ရင်ဇွန်း၊ ခက်ရင်းတန်ရင် ခက်ရင်းတပ်ပြီးစားကြ”
ငယ်ငယ်ကတော့ အမေ့ကို နေရာတကာ လိုက်ပြောနေသည်ဟုဆိုကာ မို့မို့မုန်းမိသည်။ သိတတ်လာသည့်အရွယ်ရောက်လာတော့ အမေပြောတာတွေ နားညည်းတတ်လာသည်။ နောက်ပိုင်းလူကြီးဖြစ်ပြီး ကလေးရလာတော့မှ မို့မို့လည်း သားငယ်ကို တဖွဖွပြောနေရသည်။ သားငယ်လုပ်သမျှကို ကောင်းစေချင်သည့်စိတ်ဖြင့် တစ်ခုမကျန် လိုက်လံပြောဆိုရသည့်အခါမှ အမေ့ကို ကိုယ်ချင်းစာနိုင်တော့သည်။ မိမိသားသမီးကို ကောင်းစေချင်လို့ ဂရုဏာနှင့်ပြောမှန်းကို နားလည်မိတော့သည်။
တစ်ချိန်က မောင်နှမများဖြင့် စည်ကားခဲ့သည့် ထမင်းစားခန်းကြီးမှာ အခုတော့ ခြောက်ကပ်နေသည်။ လေးထောင့်ထောင့်မှန်စတုဂံပုံ ကျွန်းပြားကြီးဖြင့်ပြုလုပ်ထားသော ထမင်းစားပွဲကြီးသည် မို့မို့တို့ငယ်စဉ်က ထမင်းစားလျှင် လူစုံနေကြဖြစ်သည်။ မို့မို့တို့ မိသားစုနှင့် အမေ့ဘက်မှ ဆွေမျိုးများ၊ အိမ်အကူများ စုစုပေါင်းလိုက်လျှင် အိမ်တွင် အမြဲတမ်း လူနှစ်ဆယ် ခန့်ရှိသည်။ ထိုလူနှစ်ဆယ်ခန့် ကျယ်ကျယ်ဝန်းဝန်း ထိုင်စားနိုင်အောင် ကြီးမားသည့် ကျွန်းစားပွဲကြီးဖြစ်သည်။ အဖေပြောတာကြားဖူးသည်။ အင်္ဂလိပ်လူမျိုးများသည် ပရိဘောဂများကို တမြတ်တနိုးနှင့် တန်ဖိုးထား သုံးစွဲတတ်ကြသူများဖြစ်လေရာ ထိုကျွန်းခုံကြီးမှာလည်း ယခင်က နေထိုင်သွားသည့် အင်္ဂလိပ်အရာရှိကြီးများ တန်ဖိုးထားအသုံးပြုခဲ့ကြသည့် စားပွဲကြီးတစ်ခုဖြစ်သည်၊ ခုံကြီးနံဘေးတွင် ကျွန်းထိုင်ခုံများဖြင့် စီထားပြီး ဖေဖေက စားပွဲထိပ်ရှိ ထိုင်ခုံတွင်ထိုင်လေ့ရှိသည်။ အဘိုးရှိစဉ်အခါတုန်းက ထိုနေရာတွင်ပင် ထိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မို့မို့တို့က အဘိုးကို သိပ်မမီလိုက်။
အခုတော့ ထမင်းစားခန်းက လူမရှိ၊ ပြတင်းပေါက်တွေကိုပိတ်ထားပြီး လိုက်ကာစတွေချထားသဖြင့် တစ်ခန်းလုံး မှောင်အတိကျနေသည်။ ထမင်းစားခန်းနံရံတွင်တော့ ဗီဒိုကြီးတွေ၊ မှန်တပ်ရှိးကေ့စ်တွေနှင့် အရည်အသွေးမြင့် ကြွေပန်းကန်တွေ၊ တရုတ်ကြွေထည်တွေ၊ အနောက်တိုင်းနိုင်ငံခြားဖြစ် ဖန်ပန်းကန်တွေက အပြည်ထည့်သွင်းသိမ်းဆည်းထားသည်။ အခုတော့ အမေက ထိုပစ္စည်းတွေကို ထုတ်ယူ မသုံးစွဲဘဲ အပေါစား ကြွေရည်သုတ်ပန်းကန်တွေသာ သုံးစွဲနေခြင်းကိုကြည့်ကာ မို့မို့သက်ပြင်းချလိုက်မိသည်။
ထမင်းစားပြီးတော့ အမေက အခန်းထဲဝင်သွားသည်။ တစ်ရေးတစ်မော အိပ်ခြင်းဖြစ်မည်။ မို့မို့ကလည်း သူတို့သားအမိအိပ်မည့် အခန်းလေးကို ရှင်းလိုက်ပြီး ကုတင်ထက်တွင် အိပ်ယာပြင်လိုက်သည်။ ထို့နောက် သားငယ်ကို သိပ်လိုက်သည်။ သားငယ်ရော မို့မို့ပါ အိပ်မောကျသွားသည်။ ညက တစ်ညလုံး ရထားစီးလာရသည်မဟုတ်ပါလား။
(၄)
မို့မို့ အိမ်ထောင်ကျတော့ အသက် ၃၀ ပြည့်ခါနီးနေပြီ။ မို့မို့ ဆယ်တန်းအောင်တော့ ဖေဖေက ရန်ကုန်သွားပြီး တက္ကသိုလ်တက်စေသည်။ ထိုတွင် ကိုကျော်ဇောနှင့်တွေ့ဆုံခဲ့သည်။ ကျောင်းပြီးတော့ မို့မို့ အစိုးရအလုပ်တစ်နေရာတွင် ဖေဖေ့ကောင်းမှုနဲ့ အလုပ်ရသည်။ မို့မို့လည်း အလုပ်တစ်ဖက်နှင့်မို့ ထိုအချိန်မှစ၍ အိမ်မပြန်ဖြစ်တော့၊ ရန်ကုန်တွင်သာ အလုပ်လုပ်ပြီးနေလေသည်။
ကိုကျော်ဇောမိဘတွေက ချမ်းသာသူများဖြစ်သည်၊ ခေတ်မကောင်းသည့်အချိန်တွင် မှောင်ခိုလုပ်ငန်းလုပ်ပြီးချမ်းသာလာသည်။ နောက်ပိုင်းတွင်တော့ ကုမ္မဏီတစ်ခုထောင်ပြီး ကိုကျော်ဇောက ဆက်လက်လုပ်ကိုင်သည်။ သို့သော်လည်း ယခုခေတ်တွင်လည်း မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်သည့် နည်းလမ်းများဖြင့် စီးပွားဆက်ရှာနေသေးသည်။ သည်လိုနှင့် မို့မို့အသက် ၃၀ ပြည့်ခါနီး ကိုကျော်ဇောနှင့် အကြောင်းပါခဲ့သည်။
ပြဿနာက မင်္ဂလာမဆောင်မီ ကတည်းက စလေသည်။ ဖေဖေက ချမ်းသာမှုထက် ဂုဏ်နှင့် ရိုးသားမှုကိုမက်သည်။ ကိုကျော်ဇောတို့အသိုင်းအဝိုင်းကတော့ ငွေသာရှိသည် ဂုဏ်မရှိ။ ရိုးသားမရိုးသားကတော့ တရားဝင်သည့်လုပ်ငန်းများထက် တရားမဝင်သည့်လုပ်ငန်းများကိုလုပ်သည်။ ကိုကျော်ဇောတို့ဆွေမျိုးထဲတွင်တောင် ကိုကျော်ဇောတစ်ယောက်သာ ဘွဲ့ရသည်။ ပညာတန်ဖိုးကိုမသိကြ၊ ငွေရှိလျှင် ရပြီဟုသာ ထင်တတ်သည်။ ထို့ကြောင့် နှစ်ဖက်အသိုင်းအဝိုင်းက စကားအသွားအလာ မတည့်ကြ။ အထူးသဖြင့် ကိုကျော်ဇောနှင့် ဖေဖေက စကားသုံးလေးခွန်းဆို ကတောက်ကဆထဖြစ်စမြဲ။
ကိုကျော်ဇောတို့ မိသားစုက နေထိုင်ရာတွင် စည်းကမ်းလုံး၀မရှိ၊ အစားအသောက်၊ အနေအထိုင်၊ အပြောအဆိုက အစ ဖြစ်သလိုနေထိုင်ပြောဆိုသည်သည်။ ကိုကျော်ဇော် အိမ်ရောက်တော့ စည်းကမ်းတင်းကျပ်ပြီး စာအုပ်ကြီးဆန်သည့် ဖေဖေနှင့် သိပ်အဆင်မပြေလှ။ မို့မို့လည်း ထိုစဉ်က ဖေဖေ့ကို အပြစ်မြင်မိသည်။ ဖေဖေက ကိုကျော်ဇောတို့အသိုင်းအဝိုင်းကို မနှစ်မြို့သဖြင့် တမင်သက်သက် ကိုကျော်ဇောကို နေရာတကာ လိုက်ပြောနေသည်ဟု ထင်သည်။ သို့သော် နောက်ပိုင်းအိမ်ထောင်ကျပြီးမှ ဖေဖေပြောတာ မလွန်မှန်းသိလာရလေသည်။
“မို့ ကိုယ်တို့ အိမ်ထောင်ပြုပြီးရင် ကိုယ်တို့ဖာသာခွဲနေကြရအောင်နော်”
ကိုကျော်ဇောပြောသည်ကို မို့မို့သဘောပေါက်သည်။ ထို့ကြောင့် မို့မို့ခေါင်းညိတ်ခဲ့သည်။ ဖေဖေနှင့် ကိုကျော်ဇော တစ်ဖက်သာ ရွေးချယ်ပါဆိုလျှင် ထိုစဉ်က ငယ်ရွယ်ပြီး အချစ်ရေးကို ဦးစားပေးခဲ့သည်မို့ မို့မို့က ကိုကျော်ဇောဖက်ကိုပိုပြီး အလေးသာပေးခဲ့သည်။
အိမ်ခွဲနေထိုင်ကြပြီးနောက် ကိုကျော်ဇောက မို့မို့မိဘအိမ်ပြန်တာမကြိုက်၊ မို့မို့မိဘတွေ အိမ်သို့လာလျှင်လဲ သူ့အိမ်မှာအကြာကြီးနေတာမကြိုက်၊ ထိုကိစ္စကြောင့်မို့မို့နှင့် ကိုကျော်ဇော ခဏခဏ ရန်ဖြစ်ရလေသည်။ ပိုဆိုးသည်က ဖေဖေက နောက်ပိုင်းသားတွေ သမီးတွေ အကုန်ထွက်သွားပြီးတော့ အရင်လို မချောင်လည်တော့။ စည်းကမ်းကတော့ တစ်သက်လုံးနေလာသည်မို့ စည်းကမ်းကြီးသည်။ ဒါကို ကိုကျော်ဇောက ဖိပြောတတ်သည်။
“အလကား အဆံမရှိ အစားကြီးတဲ့အဖိုးကြီး၊ မင်းတို့မိဘတွေက အထည်ကြီးပျက်တွေ၊ ပိုက်ဆံသာမရှိတယ် ပြီးတော့ ဟိုလူ့ဆရာလုပ် ဒီလူ့ဆရာလုပ်နဲ့”
“ရှင် ဒီလိုမပြောနဲ့၊ အဲဒါကျွန်မ အဖေရှင့်”
“အေး ငါလည်း ကြိုပြောထားမယ်၊ မင်းစောက်မျိုးတွေနဲ့ ပက်သက်ချင်ရင် မင်းအိမ်ပေါ်ကနေဆင်းသွား၊ ငါသူတို့ဆီ သွားလည်းမသွားဘူး၊ သူတို့ ငါ့အိမ်ရိပ်နင်းတာကိုလည်း ငါမကြိုက်ဘူး”
]]ရှင်ဘယ်လိုပြောလိုက်တာလဲ ကိုကျော်ဇော၊ အဲဒါ ကျုပ်မိဘတွေ၊ မောင်နှမတွေနော်-
ကိုကျော်ဇောက မို့မို့ကိုတစ်ချက်ကြည့်ရင်း
]]မင်းကိုတစ်ခါတည်းပြောပြီးသားပဲ မို့မို့၊ မင်းမိဘတွေနဲ့ သိပ်ပြီးပတ်သက်ချင်တယ်ဆိုရင် မင်းငါနဲ့လာမပတ်သက်နဲ့၊ မင်းကြိုက်တဲ့အချိန် ငါ့အိမ်ပေါ်ကနေ ဆင်းသွားလို့ရတယ်၊ ငါမင်းကိုမတားဘူး}}
ကိုကျော်ဇောကို မလွန်ဆန်နိုင်ခင်က မို့မို့က ကြိတ်ပြီး ငိုယိုရသည်။ ယောက်ျားလုပ်စာကို ထိုင်စားနေသည့် မှီခိုမိန်းမသားတစ်ယောက်အတွက် ထိုစကားတွေက အလွန်ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အဖေတို့ကတော့မသိပေ၊ ရန်ကုန်လာလျှင် သူတို့မြေးလေးကိုတွေ့ချင်သဖြင့် အိမ်ရောက်လာတတ်သည်။ ဖေဖေတို့လာလျှင် မို့မို့စိတ်ညစ်ရသည်။ ကိုကျော်ဇောက ရှေ့တွင်တော့မပြော နောက်ကွယ်ရောက်လျှင် မို့မို့ကိုဖိမဲသည်။ အရက်မူးလာလျှင် လက်ပါတတ်သည်။
“ကောင်မ ညည်းအဖေတွေအိမ်လာတာ ညည်းပိုက်ဆံပေးလိုက်တယ်ဆို၊ အိမ်ဖော် မိအေးကပြောတယ်”
“ကျုပ်အဖေကျုပ်ပေးတာဘာဖြစ်လဲ၊ နောက်ပြီး အဲဒီပိုက်ဆံတွေက ရှင့်ပိုက်ဆံတစ်ပြားမှမပါဘူး၊ ရှင်ပေးတဲ့ဈေးဖိုးထဲကနေ ကျွန်မမူးစုပြားစု စုထားတဲ့ပိုက်ဆံတွေ”
“ကောင်မ ဖြန်း . .. ဖြန်း”
”ညည်းဈေးဖိုးက ငါရှာနေတဲ့ ပိုက်ဆံလေ၊ မင်းကိုနောက်ဆုံးအကြိမ်ပြောလိုက်မယ်၊ နောက်ဆို ငါ့ပိုက်ဆံတစ်ပြားတောင်မှ အဲဒီအဘိုးကြီးဆီမရောက်စေနဲ့”
အိမ်ထောင်ကျပြီး သိပ်မကြာခင်ထဲက အဆင်မပြေခဲ့သည့် အိမ်ထောင်ရေးက အခုဆို အိမ်ထောင်သက် ဆယ့်ငါး နှစ်ခန့်ရှိခဲ့ပြီ။ မို့မို့ကသားငယ်လေး ကောင်းကောင်းရှိသည့်အတွက်ကြောင့် မို့မို့သည်းခံနေရတာများသည်။ တစ်ခါတစ်လေ မို့မို့စဉ်းစားမိသည်။ သူသာ အိမ်ထောင်မပြုဘဲနေလိုက်လျှင် ဘ၀တွေ မည်သို့ပြောင်းလဲသွားမလဲဆိုတာကို စဉ်းစားမိသေးသည်။
တစ်ညနေတော့ အိမ်ကိုညီမအငယ်ဆုံးရောက်လာသည်။ ထိုစဉ်က ညီမက အင်ဂျင်နီယာကျောင်းတွင် ဘွဲ့လွန်တက်နေခြင်းဖြစ်သည်။
“မမ ဖေဖေဆုံးပြီတဲ့”
မို့မို့ရင်တွေ စို့လာသည်။
“ဘယ်လိုဆုံးသွားတာလဲ”
“ညက အိပ်တော့အကောင်း၊ မနက်ကလည်းအကောင်း၊ နေ့လည်ကျတော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး စာအုပ်ဖတ်ရင်းနဲ့ အိပ်လိုက်တာ ပြန်မနိုးလာတော့ . . .”
ညီမငယ် အသံက တိမ်ဝင်သွားသည်။ ထိုစဉ်ကိုကျော်ဇောက ရှိနေသည်။ မို့မို့လည်း ရင်တွေနင့်လာသည်။
“အိမ်မှာလာပြီး ငိုမနေကြနဲ့ မင်းအဖေသေတာ၊ သူ့အိမ်မှာသွားငိုကြ၊ ငါ့အိမ်က အသုဘအိမ်မဟုတ်ဘူး”
ကိုကျော်ဇောက အနောက်ကနေ အော်ပြောလိုက်သည်။ ညီမက တစ်ချက်မျက်နှာပျက်သွားသည်။
“ညီမတို့တော့ ဒီညပြန်မယ်၊ အမအိမ်ကိုပြနလိုက်ချင်လိုက် မလိုက်ချင်လည်းနေ”
မို့မို့ အဖြေမပေးရဲ။ သူ့ခေါင်းထဲတွင် ဒေါသမီးတောက်လောင်နေသာ ကိုကျော်ဇောနှင့် သားငယ်လေး ကောင်းကောင်းကို မြင်နေရသည်။ မို့မို့ အဖြေပေးရန်ကြာနေသည်ကို သိလိုက်ပြီး ညီမက ပြန်သွားလေသည်။
မို့မို့ ထိုညက ရင်ထဲနေလို့မကောင်း စောစောအိပ်ခန်းထဲဝင်ပြီး အိပ်နေလိုက်သည်။
“လူပဲကွာ သေချိန်တန်ရင်သေမှာပဲ အဲဒီလောက် ဝမ်းနည်းနေစရာ မလိုပါဘူး”
ကိုကျော်ဇောက အခန်းထဲဝင်ပြီး ပြောလိုက်သည်။ မို့မို့ရင်ထဲအောင့်သွားသည်။
“ငါဆို ငါ့အဖေသေတုံးက သူငယ်ချင်းတွေနဲ့ စုပြီး ပျော်လိုက်ရတာ၊ သူ့အမွေတွေ အကုန်ရတာကိုး . . .ဟား . .ဟား”
ကိုကျော်ဇောက ပြောလိုက်ပြီးနောက် အရက်ခွက်ကို ကုတင်ဘေးရှိ စားပွဲတွင်တင်လိုက်ပြီး ကုတင်ပေါ်တက်အိပ်လိုက်သည်။ ကျော်ဇော အဖေက စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်သည်။ မိန်းမလည်း သိပ်ရှုပ်သည်။ ကျော်ဇောက ငယ်ငယ်ကတည်းက အဖေနှင့်သိပ်မနေဖူး၊ အဖေကိုလည်း နာကျည်းနေသဖြင့် ထိုစကားမျိုးပြောထွက်ခြင်းဖြစ်သည်။
မို့မို့ ထိုညက တစ်ညလုံး ငိုခဲ့ရသည်။
မနက်ရောက်တော့မှ အမေ့ဆီဖုန်းဆက်ရသည်။ ထိုခေတ်က လိုင်းဖုန်းနှင့်ပဲပြောရသည်။ အိမ်တွင် လိုင်းဖုန်းအိုအိုကြီးတစ်လုံးရှိသေး၍ တော်သေးသည်။
“အမေ သမီးမလာဖြစ်တော့ဘူး၊ ကောင်းကောင်းလေး စာမေးပွဲရှိနေလို့”
မို့မို့က ကြုံသလို ကြည့်ကောင်းအောင် ပြောလိုက်သည်။
“အော် အေးပါသမီးရယ်၊ ရပါတယ်။ ငါ့မြေးလေး ပညာရေးက အရေးကြီးတယ်”
အမေ့အသံတွေက တုန်ရီနေသည်။ မို့မို့လဲ ဖုန်းချလိုက်ရသည်။ မို့မို့လည်း စိတ်ထဲရှိသည့်အတိုင်း ပြေးပြန်လိုက်ချင်ပေမယ့် ကိုကျော်ဇောမျက်နှာကိုကြည့်နေရသည်။ ကိုကျော်ဇောကိုလည်း ကြည့်ချင်လွန်းသောကြောင့်၊ ပေါင်းသင်းချင်လွန်းသောကြောင့်မဟုတ်၊ သားကလေးမျက်နှာရှိသေးသည်။ မို့မို့သာ ကိုကျော်ဇောနှင့် အိမ်ထောင်ကွဲသွားလျှင် သားကလေးက စိတ်ထိခိုက်သွားမည်၊ သူဌေးသားဘ၀ကနေ နေ့ချင်းညချင်း ဆင်းရဲသားဖြစ်သွားမည်၊ အစားကောင်း၊ အသောက်ကောင်း၊ အဝတ်အစားကောင်းကောင်းကိုမှ ကြိုက်တတ်သည့် သားဖြစ်သူကို ဆင်းရဲတွင်းထဲကို မို့မို့ဆွဲမခေါ်ရက်ပေ၊ ထို့ကြောင့်လည်း မလွှဲမရှောင်သာသည်မို့ ကိုကျော်ဇောနှင့် ဆက်လက်ပေါင်းသင်းနေရသည်။
သို့နှင့် ဖေဖေ့နာရေးလဲ မရောက်နိုင်ခဲ့။ မို့မို့အချစ်ဆုံး ဖေဖေ့မျက်နှာကိုလည်း နောက်ဆုံးအနေနဲ့ ကြည့်ခွင့်မရခဲ့ပါ။
(၅)
နောက်ပိုင်း ကိုကျော်ဇောနှင့် မို့မို့ ဆက်ဆံရေးက ပိုပြီးဆိုးရွားလာသည်။ နှစ်ဦးသား စကားလည်း သိပ်ပြောမကောင်းတော့။ ဒီ့အပြင် ကိုကျော်ဇောက ညညဆို အိမ်ပြန်နောက်ကျတတ်သည်။ သူများတွေကတော့ ကိုကျော်fဇောတစ်ယောက် ဖောက်ပြန်နေသည်၊ မယားငယ်ထားနေသည်ဟု ပြောကြသည်။ မို့မို့က ဂရုမစိုက်တော့ သားလေး ကောင်းကောင်းကိုသာ ဂရုစိုက်သည်။
နောက်ပိုင်း ကိုကျော်ဇောက မယားငယ်ကို ပေါ်တင်ယူပြသည်။ မို့မို့ကိုတော့ ပိုက်ဆံပုံမှန်ပေးနေကျအတိုင်းပေးနေသည်။ သားလေးနှင့်လည်း တစ်ပတ်ကို တစ်ရက်တောင် မတွေ့ဖြစ်တော့။ ရန်ကုန်မြို့လည်ခေါင်ရှိ မို့မို့တို့ တိုက်အိမ်ကြီးသည် ခြောက်ကပ်နေတတ်သည်။ ကောင်းကောင်းက အခုဆို အသက်ဆယ်နှစ်ကျော်ပြီ။ သူလည်း နားလည်သည့်အရွယ် ရောက်နေပြီ။ အသက်ကြီးလာသည်မို့ သူ့အဖေအကြောင်းတွေသိပြီး အဖေကိုစိတ်နာမည်လား။ မို့မို့ကတော့ ကောင်းကောင်းကို ကိုကျော်ဇောလို ဖြစ်မလာစေရန် တတ်နိုင်သလောက် သွန်သင်သည်။ မိဘကျေးဇူးများကို ပုံပြင်ပြောပြသည်။ ကြီးလာတော့ စာအုပ်တွေ ဖတ်စေသည်။ ကောင်းကောင်းကတော့ မို့မို့စကားကို မြေဝယ်မကျနားထောင်တတ်သည်။
တစ်ရက် မို့မို့အိမ်သို့ ရီရီရောက်လာသည်။ ရီရီနဲ့ မို့မို့က တစ်မြို့တည်း ငယ်သူငယ်ချင်းတွေဖြစ်သည်။ ရီရီက ကျောင်းဆရာမဖြစ်ပြီး ရာထူးတော်တော်မြင့်နေပြီ။
“မင်းတို့ မိသားစုတွေလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေကျ၊ နိုင်ငံခြားထွက်တဲ့လူကထွက်နဲ့”
ရီရီက အချိုရည်ကိုတစ်ကျိုက်မော့သောက်လိုက်သည်။
“ငါ ဒီစကားကို မပြောဘူးနေမလို့ပဲ သူငယ်ချင်း၊ မင်းစိတ်ဆိုးရင်လည်း ငါမတတ်နိင်ဘူး”
မို့မို့က ရီရီကို ကြည့်နေမိသည်။
“မင်းတို့အိမ်မှာ ဘယ်သူမှမရှိတော့ဘူး၊ မင်းအမေကြီးတစ်ယောက်ထည်း နေနေရတယ်၊ အသက်ကလည်း ရှစ်ဆယ် ရောက်တော့မယ်၊ သူ့ကြည့်ရတာလည်း သိပ်မမာဘူးကွာ”
ရီရီ့စကားမဆုံးခင် မို့မို့မျက်ရည်တွေ ကျနေသည်။ ရီရီဘာကိုဆိုလိုမှန်း မို့မို့သိလိုက်သည်။ ရီရီပြန်သွားတော့ မို့မို့က စိတ်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။
ကိုကျော်ဇော အိမ်ကိုပြန်မလာတာ နှစ်ပါတ်ကျော်ပြီဖြစ်သည်။ အသစ်ယူထားသည့် မယားငယ်နှင့် တိုက်ခန်းတစ်ခန်းအတွင် အတူတူနေကြသည်ဟုကြားသည်။ မို့မို့ကတော့ စိတ်ကိုဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ရာ မို့မို့က သူ့လက်ဝတ်လက်စားများနှင့် ကိုကျော်ဇောဆင်ထားသမျှ ပစ္စည်းများအားလုံးကို ထားခဲ့လိုက်သည်။ အဝတ်အစားလောက်သာ ခရီးဆောင်အိတ်ထဲထည့်သယ်သည်။ ထို့နောက် သားငယ် ကောင်းကောင်းကို လက်ဆွဲပြီး ခေါ်ခဲ့သည်။
-မေမေ၊ သားတို့ဘယ်သွားကြမလို့လဲ-
-ဒီထက်ပိုကောင်းတဲ့နေရာကို သွားကြမယ်သား-
-ဒီထက်ပိုကောင်းတယ်ဆိုတာ ဘယ်နေရာလဲဟင်၊ ဟိုတယ်ကြီးလား၊ ကွန်ဒိုတိုက်ခန်းကြိးတွေလား မေမေ-
မို့မို့က ခေါင်းခါပြလိုက်သည်။
-မဟုတ်ဘူးသား၊ တိုက်တာအဆောက်အဦးကြီးတွေ ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်ပဲပြည့်စုံပါတယ်ပဲပြောပြော၊ အကြင်နာတရားခေါင်းပါးတဲ့အရပ်ဟာ ကောင်းမွန်တဲ့အရပ်မဟုတ်ဘူးသားရဲ့၊ အခု အမေသွားမဲ့နေရာကတော့ အကြင်နာတရားတွေပြည့်နှက်နေတဲ့ အရပ်ပေါ့ကွယ်-
ကောင်းကောင်းက မို့မို့ပြောတာကိုနားတော့မလည်၊ သို့သော်လည်း အမေဖြစ်သူလက်ကိုဆွဲပြီး ဆက်လိုက်လာခဲ့သည်။
ကိုကျော်ဇော ကောင်းမှုဖြင့် သားငယ်ကောင်းကောင်းက သူ့အဖွားကိုတောင် သူမမှတ်မိ။ ဖေဖေဆုံးပြီးသွားတာ ခုနစ်နှစ်ရှိတော့မည်။ ထိုနောက်ပိုင်းကတည်းက မို့မို့လည်း မိဘဆီပြန်မရောက်ခဲ့သလို အမေလည်း မို့မို့ဆီမလာတော့။
မို့မို့က စာတစ်စောင်ရေးပြီး ဗီရိုထဲတွင် ထည့်ခဲ့သည်။
“သို့ ကိုကျော်ဇော၊ မို့နဲ့ သားလေး ထွက်သွားပြီ၊ ကိုကျော်ဇောကို နှုတ်ဆက်ခဲ့ပါတယ်”
“ကြယ်တွေစုံတဲ့ည . . . . . . အမေ့အိမ်ကိုလွမ်းတယ်”
ရထားစီးနေရင်း ဘယ်ကမှန်းမသိဖွင့်ထားသည့် ထူးအိမ်သင်သီချင်းလေးကို ကြားနေရသည်။ ရထားကတော့ တရွေ့ရွေ့ခုတ်မောင်းဆဲ။ မို့မို့က ရထားပြတင်းပေါက်ကလေးကို ဖွင့်လိုက်သည်။ ကွင်းပြင်အတွင်းတိုက်ခတ်လာသည့် လေနုအေးကလေးများကို ရှုရှိုက်လိုက်သည်။ မို့မို့၏ စိတ်တွေက နှစ်ပေါင်းများစွာ အကျဉ်းကျနေသော ထောင်သားတစ်ဦး အပြင်သို့စလွတ်လာသလို ခံစားရနေသည်။ ကောင်းကင်ကို ကြည့်လိုက်တော့ ကောင်းကင်တွင် ကြယ်တွေစုံနေသည်။
(၆)
နေ့လည်ခင်းတစ်ရေးအိပ်ပြီး မို့မို့တစ်ရေးနိုးလာတော့ သားငယ်က မရှိတော့။ မို့မို့က ထပြီး အိမ်ရှေ့ထွက်ခဲ့သည်။ အိမ်ရှေ့ဆင်ဝင်တွင် အုတ်ဖြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းလေးရှိသည်။ ထိုနေရာတွင် သားက ထိုင်နေသည်။ အမေက ခြံထဲမှနေ၍ အိမ်ထဲသို့ဝင်လာသည်။
“ကဲငါ့မြေးစားဖို့ ဒေါ်ပုမဆီက မုန့်ဝယ်ခဲ့တယ်”
အမေက ပြောရင်း လက်ထဲတွင် သတင်းစာဖြင့်ထုပ်ထားသော မုန့်ပျားသလက်ကလေးများကို ကိုင်လာလေသည်။ သားငယ်က မမြင်ဖူးသည့်အတွက် လှန်လှောကြည့်နေသည်။
“အမေ ဒေါ်ပုမက ရှိတော့လို့လား”
“ဆုံးတာကြာပေါ့၊ သူ့သမီးအငယ်ဆုံးက မုန့်လုပ်ရောင်းနေတာလေ”
“ဟယ် ဟိုသမီးတို့ ထိန်းခဲ့တဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးလား”
“အေးလေ ခုသူတောင် ကလေးသုံးယောက်ရနေပြီ”
မုန့်ပြားသလက်က မုန့်သားဖြူဖြူပေါ် ပဲပြုတ်လေးတွေနှင့် အပေါ်က ကြက်သွန်မြိတ်နှင့် နံနံပင်လေးများဖြူးထားသည်။ အမေက စားခါနီးကျတော့ နှမ်းထောင်းလေးများဖြူးပေးသည်။
“မေမေ ဒါဘာမုန့်လဲ”
ရန်ကုန်မြို့တွင်တော့ အခုလိုမုန့်များ ရှားပါးသွားပြီဖြစ်သည်။ နိုင်ငံတကာကျောင်းတွင်တက်သည့် သားတော်မောင်က မမြင်ဖူးတာသေချာသည်။ ပီဇာ၊ ဘာဂါ၊ ဒိုးနပ်လို မုန့်များနှင့် လေဖောင်းမုန့်များ နိုင်ငံခြားမုန့်များသာ စားခဲ့ရသည့် သားကတော့ ထိုမုန့်ကို ထူးဆန်းနေမည်ဖြစ်သော်လည်း မို့မို့တို့ ငယ်စဉ်က စားမလောက်ဖြစ်ခဲ့ရသည့် အလွန်နှစ်ခြိုက်ခဲ့ရသော မုန့်ကလေးဖြစ်သည်။
“ပီဇာနဲ့ တူတယ်နော်၊ မြန်မာ ပီဇာပေါ့”
မို့မို့က တွေးနေသဖြင့် သားငယ်က သူ့ဖာသာသူနာမည်ပေးလိုက်ပြီး မုန့်ကို ကိုက်လိုက်သည်။
“စားလို့လည်း သိပ်မကောင်းဘူး”
သားငယ်က ထိုသို့ပြောသော်လည်း နေ့လည်က ထမင်းသိပ်မစားထားသည့်သူမို့ ဗိုက်ဆာဆာနှင့်စားနေသည်။
“သမီးကြိုက်တယ်မလား . . .. စားအုံးလေ”
အမေက ပြောလိုက်ပြီး မုန့်ပျားသလက်ကလေးကို လှမ်းပေးသည်။ မို့မို့က လှမ်းယူလိုက်ပြီးနောက် မုန့်ပျားသလက်ကလေးကို ကိုက်ရင်း ဖေဖေ့ကို သတိရမိလိုက်သည်။ မုန့်ပျားသလက်ကြည့်ပြီး မို့မို့ဖေဖေ့ကို သတိရသွားမိသည်။
“ဖေဖေက သမီးတွေထဲမှာ ဆိုရင် ငါ့ကိုအချစ်ဆုံး”
ထိုအတိုင်း မို့မို့ ကစိတ်ထဲခံယူထားသည်။ တကယ်လည်း ဖြစ်နိုင်ပါသည်။ မို့မို့က သမီးအကြီးဆုံး။ ဖေဖေနှင့် မေမေအိမ်ထောင်ကျပြီးတော့ ဖေဖေက သမီးမိန်းကလေးလိုချင်သည်။ သို့သော် မေမေက သား သုံးယောက် ဆက်တိုက်မွေးချလိုက်သည်။ ဖေဖေက တစ်ယောက်မွှေးခါနီးတိုင်း မိန်းကလေးလားလို့ မျှော်ရတာအမော။ နားလည်တဲ့သူတွေက ယောက်ျားလေးဟု ပြောလျှင်တောင် ဖေဖေက သိပ်မယုံ၊ မိန်းကလေးလို့သာထင်သည်။ သို့သော် သုံးယောက်ခန့်မျှော်ပြီးသော်လည်း နောက်တစ်ဗိုက်မှာ မိန်းကလေးဖြစ်နေသည်။
လက်သည်များ၊ ဆရာဝန်များက မိန်းကလေးဟုပြောသောအခါ အပျော်ဆုံးကတော့ ဖေဖေဖြစ်သည်။ ဖေဖေက တစ်ခုခုဖြစ်မှာစိုး၍ အလွန်ဂရုစိုက်လေသည်။
“ကိုမောင်ရေ . . . တော်ကလဲ တော့်မှာ သားသုံးယောက်ရှိပါသေးတယ်တော့”
မြမြလေး ကပြောလိုက်သည်။
”အေး သားသုံးယောက်ရှိလို့ ဒီသမီးလေးကို ဂရုစိုက်နေရတာပေါ့}}
ဦးမောင်ဖေက ပြောလိုက်သည်။
“သမီးလေးကို မွေးရင်း တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်ကွာ၊ သမီးကို ဒီမှာမမွေးနဲ့ ရန်ကုန်တက်မွေးရအောင်”
“တော်ကလည်း အဖြစ်သည်းနေပြန်ပါပြီ”
သို့သော် ဦးမောင်ဖေက မို့မို့ကို ရန်ကုန်အမျိုးသမီးဆေးရုံတွင် တက်မွေးခဲ့သည်။ မွေးပြီးသည့်နောက်လဲ လက်က မချ၊ တချီချီနှင့်ဖြစ်နေသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ မို့မို့က သူ့အဖေက သူ့ကို အချစ်ဆုံးဆိုပြီး ဂုဏ်ဆာနေခြင်းဖြစ်သည်။
တစ်နေ့တွင် အမေက ဒေါ်ပုမဆီမှ မုန့်ပျားသလက်များ ဈေးကအပြန်ဝယ်လာသည်။ ဒေါ်ပုမ ဆိုင်မှာ အနည်းငယ်လှမ်းသည်။ တောင်ကုန်းကလေးအောက်ကို ဆင်းသွားရပြီးနောက် ကားလမ်းမကြီးဖက်ကို ဆက်သွားရသေးသည်။ အမေက ဈေးဖိုးပိုသည့်ငွေဖြင့် ဝယ်လာသဖြင့် မုန့်ပျားသလက်မှာ သိပ်မလောက်ငှပေ။ အမေက သူများဆီ ငါးပြားဖိုးမှ အကြွေးမတင်၊ အကြွေးမယူတတ်ပေ။
“ညည်းက အကြီးလေ၊ အမကြီးအမိရာတဲ့ အငယ်တွေကို ဦးစားပေးလိုက်ပါ”
မို့မို့က အပျိုပေါက်ဖြစ်နေပြီ၊ သို့သော်လည်း မုန့်စားချင်သည့်စိတ်က အသက်အရွယ်နှင့်ဆိုင်မည်မထင်။ သို့သော်လည်း အမေဖြစ်သူ၏ ဆုံးမမှုကြောင့် မုန့်ပျားသလက်တစ်ခြမ်းသာ စားလိုက်ရသည်။ မုန့်စားချင်သည့်စိတ်တွေက ကုန်မသွား။ သို့နှင့် ဆင်ဝင်ခုံတန်းလေးတွင် ထိုင်နေလိုက်သည်။ ထို့နောက် ကလေးအငယ်များ မုန့်စားနေသည်ကို ငေးပြီးကြည့်နေလိုက်သည်။
ထိုစဉ် ဖေဖေက အိမ်ထဲမှ ထွက်လာသည်။ ဖေဖေ့လက်ထဲတွင် မုန့်ပျားသလက် တစ်ချပ်ကို ကိုင်ထားလေသည်။ ဖေဖေက မို့မို့ကိုလှမ်းပေးလိုက်သည်။
“ဖေဖေ မစားဘူးလား”
ဖေဖေလည်း မုန့်ပျားသလက်ကို အလွန်ကြိုက်သည်။ မေမေဝယ်လာတိုင်း ဖေဖေ့အတွက် တစ်ချပ်၊ နှစ်ချပ် ပိုပိုဝယ်လာလေ့ရှိသည်။ ထိုနေ့က ဈေးဖိုးသိပ်မလောက်သဖြင့် ဖေဖေလဲ တစ်ချပ်ပဲ စားရမည်ထင်သည်။
“ဖေဖေ ထမင်းစားလိုက်တာ ဗိုက်ပြည့်သွားလို့ ဗိုက်အင့်နေပြီ၊ သမီးပဲ စားလိုက်ပါ”
ဖေဖေပေးသည့် မုန့်ပျားသလက်သည် မေမေပေးသည့် မုန့်ပျားသလက်ထက်ပို၍ စားကောင်းနေလေသည်။
ယခုလည်း မုန့်ပျားသလက်ကို မို့မို့ကိုက်စားလိုက်သည်။ လက်ရာက ဒေါ်ပုမလောက်တော့မကောင်း။ မို့မို့စားဖူးသည့် မုန့်ပျားသလက်များထဲတွင် ထိုနေ့က ဖေဖေပေးသည့် မုန့်ပျားသလက်ကလေးက စားလို့အကောင်းဆုံးဖြစ်မည်ထင်သည်။
အမေကတော့ သူ့မြေးစားနေတာကိုကြည့်ပြီး ကလေးတစ်ယောက်လို ပြုံးပျော်နေလေသည်။
ညရောက်ပြီ။ တစ်အိမ်လုံးက မှောင်မဲနေသည်။ ညနေစာကိုတော့ မို့မို့ကချက်လိုက်သည်။ ဆန်တွေက ဟောင်းနေပြီး ပိုးထိုးနေသည်။ ဘယ်လောက်ကြာကြာလှောင်ထားသလဲမသိ။ မို့မို့က မီးခလုပ်ကိုဖွင့်လိုက်သည်။ မီးကမလာ။
“အမေ မီးမလာဘူးလား”
“အမေ မီတာမဆောင်တာကြာပြီ၊ တစ်ယောက်တည်းနေတာဆိုတော့ အပြင်လည်း သိပ်မသွားဖြစ်ဘူး၊ နောက်ပြီးညဆိရင်လည်း ဖယောင်းတိုင်ထွန်းပြီး စောစောအိပ်လိုက်တာပေါ့”
မို့မို့က ခေါင်းကိုခါလိုက်သည်။
နှစ်ထပ်အိမ်အိုကြီးက ညဘက်ရောက်တော့ ကြောက်စရာကောင်းနေသည်။ အမေနှင့် သားငယ်က အိမ်ရှေ့တွင် ထွက်ထိုင်နေသည်။ လေအေးတွေက တိုက်နေသည်။
“သမီးရေ ညည်းသားက အင်္ဂလိပ်လိုသိပ်ပြောတတ်တာပဲ။ သူတို့အဘိုးကြီးရှိရင်တော့ စကားပြောဖော်ရနေမှာ”
အမေက ပြုံးရင်းပြောသည်။ ကောင်းကောင်းက အင်္ဂလိပ်ကျောင်းတက်သည်မို့ အင်္ဂလိပ်လိုညှပ်ညှပ်ပြောသည်။ တစ်ချို့မြန်မာစကားလုံးတွေတောင် မပြောတတ်။ အင်္ဂလိပ်လိုတော့ ကျွမ်းသည်။ သူ့အဘွားပြောသည့် အဘိုးကြီးဆိုသည်မှာ မို့မို့တို့ အဘိုး ဦးဖေကိုပြောချင်းဖြစ်သည်။ မို့မို့တို့အဘိုး အင်္ဂလိပ်ခေတ်ကအရာရှိမို့ အင်္ဂလိပ်လိုအရမ်းပြောသည်။ မို့မို့အဖေကတော့ သိပ်ပြီးအင်္ဂလိပ်လိုမပြော၊ မြန်မာဆန်သူဖြစ်သည်။
“သား အိမ်ထဲဝင် ၊ အိပ်ကြရအောင်”
“မေမေ သားကြောက်တယ်”
“ဘာလို့လဲ သားရဲ့”
“အိမ်ကြီးက သရဲအိမ်ကြီး နဲ့တူတယ်”
မို့မို့တို့ သားအမိရယ်မောလိုက်ကြသည်။ ထို့နောက် အိမ်ထဲဝင်သွားကြသည်။
“အမေ အိမ်တံခါး မပိတ်ဘူးလား”
“အိမ်တံခါးက အဲ့လိုပဲ ဖွင့်ထားဖြစ်တယ်”
“အမေကလည်း သူခိုးသူဝှက်ကြောက်စရာ”
“အမေလေး အဖွားကြီးတစ်ယောက်ထဲနေတာပါ။ လာခိုးရင်လညး လိုချင်တာယူသွားပေါ့။ အဖိုးတန်တာတွေလည်း သိပ်မရှိပါဘူး”
ထို့နောက် အိမ်ထဲဝင်ပြီး ကိုယ့်အခန်းတွင်ကိုယ် အိပ်စက်လိုက်ကြသည်။
(၇)
“တောင် . . . တောင် . . . တောင်”
မို့မို့ ထိုအသံကြားတော့ မျက်တောင်ဖွင့်ကြည့်လိုက်သည်။ နံနက် ခြောက်နာရီထိုးပြီ။ အခန်းထဲတွင်နာရီမရှိ။ သို့သော် ထိုအသံကို ဘ၀တစ်လျှောက်လုံးကြားပြီး အိပ်ရာထခဲ့ရသဖြင့် အလွတ်ရနေပြီ။ ထိုအသံသည် ထိုတောင်ကုန်းလေးအကျော် အောက်ဖက်မှ ခရစ်ယာန်ဘုရားကျောင်းမှာ နံနက်ခြောက်နာရီတွင် ထိုးသည့် ခေါင်းလောင်းသံဖြစ်သည်။
ငယ်ငယ်ကဆို ထိုအသံကြားလျှင် မထချင်သော်fလည်း မေမေက နှိုးသဖြင့် အိမ်သားများအားလုံး ထရသည်။ အိမ်သားများ မည်သူမျှ မနက် ခြောက်နာရီထက်နောက်ကျပြီး မထရ။ အခုလည်း မို့မို့ ကလူးလဲပြီးထလိုက်သည်။ သားငယ်ကတော့ အိပ်နေတုန်း။ မို့မို့က သားငယ်ကို မနှိုးတော့။ သားငယ်က ပုံမှန်ဆို မနက် ရှစ်နာရီလောက်မှ ထသည်။
“ဈေးသွားရမယ်”
မို့မို့က ရေရွတ်လိုက်ပြီး ထလိုက်သည်။ သားငယ်က နိုးလာသည်။ စောစောအိပ်ထားလို့ထင်သည် သားငယ်စောစောနိုးသည်။
“သားဈေးသွားမယ် လိုက်မလား”
သားငယ်က ခေါင်းညိတ်ပြသည်။ သားအမိနှစ်ယောက် ဈေးထွက်ခဲ့သည်။ တစ်အိမ်လုံးက ပင့်ကူမျှင်တွေနှင့် ဖုန်တွေနှင့် ပြည့်နှက်နေသည်။ အမေ့ကိုတော့ မတွေ့။ ဘယ်ထွက်သွားလဲမသိ။
သားအမိနှစ်ယောက် တောင်ကုန်းလေးပေါ်မှ ထွက်ခဲ့သည်။ ကတ္တရာလမ်းဟောင်းလေးမှာ သစ်ရွက်ခြောက်များနှင့် ဖုံးလွှမ်းနေသည်။ ခြံတွေက အကျယ်ကြီးတွေဖြစ်ပြီး သစ်ပင်တွေက အုပ်ဆိုင်းနေသည်။ ဘေးခြံတွေမှာလည်း လူနေပုံမတွေ့ရ။ တောင်ကုန်းလေးတစ်ခုလုံး တိတ်ဆိတ်နေသည်။ တောင်ဆင်းလမ်းကလေးတွင် သူတို့သားအမိနှစ်ယောက်တည်းသာ လျှောက်နေကြသည်။
တောင်ကုန်းကဆင်းလာပြီး ကားလမ်းမဘက်သို့ လျှောက်ခဲ့သည်။ ထိုအခါလမ်းပေါ်တွင် အမှိုက်မီးရှို့နေသည့် သူတစ်ယောက်ရှိသည်။ ထိုသူသည် သူတို့တောင်ကုန်းပေါ်မှဆင်းလာသောအခါ အလွန်အံ့ဩစွာဖြင့် ကြည့်နေလေသည်။
မြို့မဈေး။
မနက် ခြောက်နာရီကျော်က နယ်မြို့ကလေးအတွက်တော့ နေမြင့်နေပြီဖြစ်သည်။ သို့သော် ဈေးနေ့ဖြစ်သဖြင့် ဈေးထဲတွင် ဈေးဝယ်တွေ စည်ကားနေသည်။ သားငယ်ကတော့ အထူးအဆန်းအဖြစ် အကုန်လိုက်ကြည့်နေသည်။ ဈေးထဲတွင်တော့ သူ့ကို ဘယ်သူမှမမှတ်မိ။ မို့မို့ကလည်း ဘယ်သူ့ကိုမှ မသိဘဲဖြစ်နေသည်။
“မို့မို့ . . . မို့မို့လား”
နောက်မှ ခေါ်သံကြားသဖြင့် မို့မို့ လှည့်ကြည့်လိုက်သည်။
“ဟင် . . ကိုအောင်”
မို့မို့ရေရွတ်လိုက်သည်။ ကိုအောင်မှ မို့မို့နှင့် ကျောင်းနေဖက်။ တစ်ချိန်က မို့မို့၏ ငယ်ချစ်ဦးဆိုလည်း မမှားပေ။
အပိုင်း(၂)တွင် ဆက်လက်ဖတ်ရှုပါ။