အတွဲ(၃) စာစဉ် (၂)
(၁)
အနောက်ဘက်က လွမ်းစေတီကလေးရှိတဲ့ တောတန်းထဲမှာ ရောက်နေတဲ့ရသေ့ကြီး က ရိုးမှရိုးရဲ့လားလို့၊ ဦးဘသာကပြောတော့မှ ကျုပ်လည်းစဉ်းစားမိတယ်ဗျ၊ ရသေ့ကြီးက ရသေ့လို့သာဆိုတယ် ဘာမှကြည်ညိုစရာမရှိဘူး၊ ဖန်ရည်ဆိုးထားတဲ့ သင်္ကန်းဝတ်ထားတာပဲရှိတာမဟုတ်လား၊ ပြီးတော့ ကျုပ်နဲ့ မောင်သိန်းနဲ့ စားစရာတွေသွားလှူပြီးတော့ ထိုင်ကန်တော့တာတောင်မှ ဘာမှမပြောဘူးလေ၊ အမှန်ဆို ဒီရသေ့ကြီးက ကျုပ်တို့ရွာက ဦးဇင်းတွေလို ဆုတွေမပေးတတ်ဘူးဆိုရင်တောင်မှ လူကြီးတွေလိုတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေလောက်တော့ ဆုပေးရမယ်မဟုတ်လား။
နောက်ပြီးတော့ ထူးဆန်းတာက တူရွင်းတစ်လက်နဲ့ တူးဆွနေတာပဲဗျာ၊ ကျုပ်မေးလိုက်တော့လည်း သစ်ပင်စိုက်မလို့လို့ ပြောသေးတယ်မဟုတ်လား၊ ဒီလောက်သစ်ပင်တွေအလေ့ကျပေါက်နေတဲ့တောထဲမှာ သူက ဘာအပင်စိုက်ချင်တာလဲဗျ၊ ကျုပ်လည်းအဲဒီတုန်းက ဒီအတိုင်းပဲခေါင်းညိတ်လိုက်ပေမယ့် သူ့စကားက သေချာစဉ်းစားလေလေ လုံး၀အဓိပါယ်မရှိလေပဲဗျာ။ ကျုပ်လည်း စဉ်းစားရခက်နေတာနဲ့ ကွမ်းထိုင်ဝါးရင်း ကွင်းပြင်ကိုငေးကြည့်နေတဲ့ ဦးဘသာကြီးကိုပဲ မေးလိုက်ရတာပေါ့ဗျာ။
“ဦးဘသာ တစ်ခုခုပြောပါအုံးဗျ၊ ဒါဆို ဒီရသေ့ကြီးက မောင်သိန်းပြောသလို ဆေးတွေဖော်စပ်နေတဲ့ ဆေးဝိဇ္ဇာရသေ့ကြီး မဟုတ်ဘူးလား”
ကျုပ်ပြောတာကိုတောင် ဦးဘသာက ကြားပုံမပေါ်ဘူးဗျ၊ ကွင်းထဲကို တွေတွေကြီးကြည့်နေတာ၊ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ၊ လယ်စောင့်တဲထဲမှာ သူရယ်ကျုပ်ရယ် နှစ်ယောက်မျက်နှာချင်းဆိုင်ပြီး စကားပြောနေတာကို ကျုပ်ကိုမကြည့်တဲ့အပြင် ကျုပ်ပြောနေတာကိုလည်း မကြားဘူးဗျ။ ဒါနဲ့ ကျုပ်လည်း ဦးဘသာကြီး ငုတ်တုတ်ကြီးမေ့နေတာများလားဆိုပြီး သူ့မျက်လုံးအရှေ့ကိုလက်ဝါးနဲ့ ဖြတ်ကြည့်တော့မှ ဦးဘသာက မျက်တောင်တွေခတ်လာတယ်ဗျ။
“ဘာလုပ်တာလဲကွာ”
“ဟာ၊ ဦးဘသာကြီးက လွန်နေပြီနော်၊ ကျုပ်တစ်ယောက်လုံးပြောနေတာ မကြားရအောင် ဦးဘသာကြီး ဘာတွေတွေးနေတာတုန်းဗျ”
“ဪ၊ ဘာမှ မဟုတ်ပါဘူးကွာ၊ ဒီနှစ်တော့ စပါးကိုဘယ်လိုစိုက်မလဲလို့တွေးရင်း အတွေးလွန်သွားတာပါဗျာ”
ကျုပ်လည်းအတော်စိတ်ညစ်သွားတာပေါ့။
“ဦးဘသာရာ၊ ကျုပ်တို့ရသေ့ကြီးအကြောင်းပြောနေရာကနေ ဘယ်လိုလုပ်ပြီးတော့ စပါးခင်းကို စိတ်ရောက်သွားရတာလဲ”
“အိုကွာ၊ အသက်ကြီးပြီကွ၊ အသက်ကြီးတော့ ဒီလိုပဲတွေးချင်ရာတွေ တွေးနေတာပေါ့၊ ဒါနဲ့ မင်းခုနက ဘာပြောတာလဲ”
“တောထဲရောက်နေတဲ့ ရသေ့ကြီးလေဗျာ၊ သူက မရိုးဘူးဆိုတာ ဘာများလဲ၊ ပြီးတော့ ဒီရသေ့ကြီးက မောင်သိန်းပြောသလို ဆေးဝါးတွေဖော်စပ်နေတဲ့ ဆေးဝိဇ္ဇာ ရသေ့ကြီးမဟုတ်ဘူးလား”
ဦးဘသာက ခေါင်းခါလိုက်တယ်။
“သစ်ကောက်ဝါးကောက်သာမြင်ရတယ်တဲ့၊ လူ့အတွင်းစိတ်ကို သိဖို့ခက်တယ်လို့ ဆိုတာပဲမဟုတ်လားအလတ်ကောင်ရာ၊ ငါလည်း သေသေချာချာမသိပါဘူး၊ ထင်တာပြောတာပါ”
“ဘယ်လိုထင်လို့တုန်းဗျ”
“အိုကွာ၊ လူသေပါးက သနပ်ခါးကို ဆေးဖော်မယ်ဆိုပြီး ခြစ်ခိုင်းတဲ့လူက ကောင်းတဲ့လူဖြစ်မလားကွ”
“ဟာဗျာ၊ ဒါပေမယ့် သူက ရသေ့ကြီးနော်၊ ဖန်ရေဆိုးတဲ့သင်္ကန်းကိုလည်းဝတ်ဆင်ထားတာ၊ နေတာတောင်မှ တစ်ပါးတည်း ကျောင်းသင်္ခန်းလေးနဲ့ နေတဲ့သူနော်”
ဦးဘသာက ရယ်တယ်ဗျ။
“ဟား၊ ဟား ဘာသာရေးတွေအကြောင်းတော့ ငါ့ထက်မင်းအဖေက ပိုသိမှာပေါ့ကွာ၊ ရသေ့တွေကောင်းမကောင်းဆိုတာ မင်းအဖေကိုသွားမေးပေါ့ကွာ၊ ကဲ . . . သွားပြီဟေ့”
ဦးဘသာက ကွမ်းအစ်ပိုက်ပြီးတော့ ကျုပ်တို့လယ်စောင့်တဲထဲကနေထွက်သွားတယ်၊ ကျုပ်လည်း တစ်ယောက်တည်း အတွေးနယ်ချဲ့ရင်း ကျန်ခဲ့တာပေါ့ဗျာ။
(၂)
ညနေရောက်တော့ နွားတွေသိမ်းပြီး အိမ်ပြန်လာကြတယ်၊ မိုးကမှန်နေပြီဆိုတော့ စပါးစိုက်တဲ့လယ်သမားတွေက မအားမလပ်ဖြစ်နေကြပြီပေါ့ဗျာ။
အိမ်ရောက်တော့ အဖေက အိမ်ရှေ့ခုံတန်းမှာထိုင်နေတာနဲ့ ကျုပ်လည်း အဖေ့ဘေးနားသွားထိုင်လိုက်တယ်။
“အဖေ၊ ရသေ့တွေက မကောင်းဘူးဆိုဗျ”
အဖေက ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်ရင်း
“မကောင်းဘူးလို့ မင်းကိုဘယ်သူပြောလိုက်တာလဲ”
“ဒါဆိုကောင်းတယ်ပေါ့”
ကျုပ်ပြောတော့လည်း အဖေက စဉ်းစားပြီး ခေါင်းခါပြတော့ ကျုပ်စိတ်ရှုပ်သွားတာပေါ့ဗျာ။
“အဖေ့အဖြေက ဘာလဲဗျ၊ မကောင်းဘူးလားဆိုတော့ ကောင်းတယ်တဲ့၊ ကောင်းသလားဆိုတော့လည်း မကောင်းဘူးတဲ့ အဖေ့အဖြေက ဘာကြီးလဲ”
အဖေက စားပွဲပေါ်မှာချထားတဲ့ မြေပဲဆန်ကြော်ပန်းကန်ထဲက မြေပဲစေ့ တစ်စေ့နှစ်စေ့ကိုဝါးလိုက်တယ်ဗျ။
“လောကမှာ ဘယ်အရာမှ ကောင်းတယ်ဆိုတာချည်း ပုံသေတွက်လို့မရသလို၊ ဘယ်အရာကိုမှလည်း မကောင်းဘူးလို့ ပုံသေတွက်လို့မရဘူးအလတ်ကောင်”
“ရသေ့ဆိုတာမျိုးက ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတဲ့လူတွေကိုခေါ်တာ၊ ရသေ့တို့ ရဟန်းတို့ဆိုတာက တို့ကိုးကွယ်တဲ့ ဘုန်းကြီးသံဃာတွေလိုမဟုတ်ဘူးကွ”
“ဟင်၊ ဒါဆို ရဟန်းနဲ့ သံဃာနဲ့က မတူဘူးလား”
“သေချာပြောရင်တော့မတူဘူး၊ သံဃာဆိုတာ ဘုရားရှင်တည်ထောင်ပေးလိုက်တဲ့ သံဃာအစုအဖွဲ့ပဲ၊ ဘုရားရှင်ရဲ့ တရားတော်တွေအတိုင်း လိုက်နာကျင့်ကြံရသလို၊ ဘုရားရှင်ချမှတ်ထားတဲ့ ဝိနည်းတွေကိုလည်း တလေးတစားလိုက်နာကြရတယ်၊ ရဟန်းဆိုတာကတော့ ရသေ့တွေလိုပဲ ကျင့်စဉ်တစ်ခုခုကျင့်နေတဲ့လူတွေကိုဆိုလိုချင်တာ၊ သူတို့ကျင့်စဉ်အရ တစ်မျိုးမျိုးကျင့်ကြံနေကြပေမယ့် သံဃာတော်တွေလိုမျိုး ဝိနည်းနဲ့အညီနေကြတာမဟုတ်ဘူး”
“ဪ၊ ကျုပ်နည်းနည်း နားလည်သလိုတော့ရှိလာပြီ”
“အေး၊ ရဟန်းတွေဆိုတာ ဘုရားမပွင့်ခင်ကတည်းက ပေါ်ခဲ့ပြီးသား၊ ဘုရားရှင်ပွင့်တော့လည်း အယူဝါဒအမျိုးမျိုးရှိကြတာပဲမဟုတ်လား၊ အဲဒီလူတွေကို ရဟန်းတွေလို့ ခြုံငုံပြီးခေါ်တာ၊ ဒေ၀ဒတ်တို့ဆိုရင် ဘုရားရှင်ကို နှိမ်ချချင်လို့ ရဟန်းကြီးဂေါတမလို့ခေါ်တယ်မဟုတ်လား”
ကျုပ်လည်းအဖေပြောမှ ရှင်းသွားတော့တယ်။
“အဲဒီတော့ ရဟန်းဆိုတာ သာသနာပြင်ပမှာလည်း ရှိနေနိုင်တယ်၊ သံဃာဆိုတာကတော့ သာသနာတော်အတွင်းမှာပဲ ရှိနိုင်တယ်၊ ဒီလိုကွဲတာပေါ့ကွာ၊ ဒါကြောင့်မို့ ဟိုတစ်နှစ်က မြိုင်သာမှာ ဘုရားအလောင်းဇာတ် ခင်းတော့ ပြဿနာတွေတက်ကြတာပေါ့”
“ဘယ်လိုပြဿနာတက်တာလဲဗျ”
“ဒီလိုကွ၊ ဘုရားမဖြစ်ခင် နိမိတ်ကြီးလေးပါးမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုပြီးရှိတယ်မဟုတ်လား၊ အဲဒီတွေကို ဇာတ်ပွဲကတော့ အလွယ်ပဲ ရဟန်းနေရာမှာ ဘုန်းကြီးပုံဝတ်၊ သပိတ်လွယ်၊ ယပ်တောင်ထောင်ပြီးတော့ သရုပ်ဆောင်တယ်လေ၊ ဒါကို မြိုင်သာက ဆရာတော်ကြီးတွေက ကန့်ကွက်တာပေါ့၊ အမှန်ဆိုရင် အဲဒီအချိန်က ဘုရားမပွင့်သေးဘူးဆိုတော့ ရဟန်းနေရာမှာ ရသေ့လိုပုံစံမျိုးထည့်ရမှာ၊ ဒီလိုကပြလိုက်ရင် နှောင်းလူတွေက ဘုရားတောင်မပွင့်သေးဘူး သံဃာတွေ ရှိနေပြီလားလို့ အထင်မှားသွားကြလိမ့်မယ်လို့ ပြောဆိုတာပေါ့၊ ဒါနဲ့ ဇာတ်အဖွဲ့လည်း ဆရာတော်တွေကို ပြန်တောင်းပန်ရတာပေါ့၊ နောက်ကျရင် အဲဒီလိုပုံစံမျိုး မကတော့ပါဘူးပေါ့ကွာ”
“အင်း၊ ဆရာတော်ကြီးတွေပြောတာလည်း ဟုတ်တာပဲ၊ ဒါနဲ့ ရသေ့တွေမကောင်းဘူးဆိုတာကရော”
“အဲဒီလိုတော့ သိမ်းကြုံးမပြောချင်ဘူးကွ၊ ဒါပေမယ့် ရသေ့ဆိုတာ သံဃာအဖြစ်မဝတ်ချင်လို့၊ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဝိနည်းအာပတ်တွေကို မလိုက်နာနိုင်လို့ ရသေ့တို့၊ ဦးသူတော်တို့ဝတ်ပြီး အားထုတ်ကြတာပေါ့၊ တစ်ခါ လောကီပညာတွေလိုက်စားတဲ့ သူတွေဆိုရင်လည်း သံဃာမဝတ်ဘဲနဲ့ ရသေ့ဝတ်ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့လိုက်စားတဲ့လောကီပညာက ဝိနည်းနဲ့မညီဘူးကိုး”
“အကျင့်တစ်ခုခုကိုကျင့်နေတာဖြစ်လို့ အဲဒီအကျင့်၊ ကျင့်စဉ်က ကောင်းတယ်၊ ဆိုးတယ်ဆိုတာအပေါ်မူတည်ပြီး အကောင်းအဆိုးကွဲပြားတာပေါ့ကွာ၊ ငါပြောချင်တာက အဲဒါပဲ၊ ဘာလဲ . . . မင်းက ရသေ့အကြောင်းသိချင်တယ်ဆိုတော့ ရွာပြင်တောတန်းမှာ တရားကျင့်နေတဲ့ ရသေ့ကြီးဆိုတာနဲ့ ပတ်သက်ပြီး သိချင်တာမဟုတ်လား”
အဖေက ကျုပ်စိတ်ကိုကြိုသိသလိုပဲဗျ။ ကျုပ်လည်းခေါင်းညိတ်ပြီး
“ဟုတ်တာပေါ့အဖေရာ၊ ဒီရသေ့ကြီးက မောင်သိန်းကိုပီယဆေးဖော်ပေးမယ်ဆိုပြီးတော့ ပိုးဖြူအလောင်းက သနပ်ခါးခြစ်ခိုင်းလိုက်လို့ မောင်သိန်းသေမလိုဖြစ်တာမဟုတ်လား၊ ဒီတော့ ဒီရသေ့ကြီးက လူကောင်းလား၊ လူဆိုးလားဆိုတာ သိချင်လို့ပါ”
“ဒါကတော့ ဘုရားရှင်ဟောထားတဲ့ ကာလာမသုတ်လိုပေါ့၊ သူများပြောတိုင်းလည်းမယုံနဲ့၊ ကိုယ်ကိုယ်တိုင်တွေ့ကြုံပြီးတော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ချင့်ချိန်ပြီးယုံပေါ့ကွာ၊ လူတစ်ယောက်မကောင်းတာနဲ့ပဲ ဒီလူတွေအကုန်မကောင်းဘူးလို့တော့သိမ်းကြုံးပြီး ပြောလို့မရဘူးပေါ့”
“ကျုပ်နားလည်ပါပြီအဖေ”
“ရသေ့ထဲမှာ ငါးပါးသီလတောင် မစောင့်တဲ့ရသေ့ရှိသလို၊ အမဲလိုက်တဲ့ရသေ့လဲရှိတာပဲ၊ ပြီးတော့ လောကီပညာရပ်ဆည်းပူးနေတဲ့ရသေ့တွေလည်းရှိတတ်တာပဲ၊ ဒါပေမယ့် တကယ်သာသနာပြုနေတဲ့ ရသေ့ကြီး ဦးခန္တီလို သူတော်စင်ရသေ့ကြီးတွေလည်းရှိတာပဲကွ၊ ဒါကြောင့် သိမ်းကြုံးပြောလို့မရဘူးလို့ပြောတာ”
“ဒါပေမယ့် တစ်ခုတော့ပြောချင်တယ်၊ တစ်ခါတစ်လေကျရင် လူတွေက ဖုံးကွယ်တတ်သတဲ့ကွ၊ ပညာမတတ်တဲ့လူက ပညာတတ်ယောင်ယောင်နဲ့ လူပုံအလယ်မှာ ကြွားဝါတတ်တယ်၊ မချမ်းသာတဲ့လူက တကယ်ချမ်းသာသယောင်ယောင် အတုအယောင်တွေ လုပ်ပြတတ်တယ်၊ ပြီးတော့ သူဆိုး၊ သူညံ့တွေကလည်း သူတို့အဖြစ်မှန်ကို လူသိမှာစိုးလို့ သူတော်ကောင်းလိုလို ဟန်ဆောင်တတ်ကြတယ်၊ ဖုံးကွယ်တတ်ကြတယ်ငါ့သား”
“ဒါဆိုအဖေပြောချင်တာက ဒီရသေ့ကြီးက မကောင်းတဲ့လူလို့ဆိုချင်တာလား”
“ဒါကတော့ ခုနက မင်းကိုပြောထားပြီးသားပဲကွာ၊ ကိုယ့်ဖာကိုယ် ချင့်ချိန်ပေါ့ကွ”
ညနေကလည်း အတော်စောင်းပြီ၊ မကြာခင် ထမင်းစားတော့မှာဆိုတော့ ကျုပ်လည်းအဖေနဲ့ပြောနေတဲ့စကားစကိုဖြတ်လိုက်ပြီးတော့ ရေမိုးချိုးဖို့ပြင်ရတာပေါ့ဗျာ၊ ကျုပ်မှာ ရေသာချိုးနေရတယ်၊ အဲဒီရသေ့ကြီးအကြောင်းက ခေါင်းထဲကကို မထွက်ဘူးဗျ။
(၃)
အကောင်းဆုံးကတော့ နောက်တစ်ခေါက်သွားကြည့်ဖို့ပဲဗျ၊ ရသေ့ကြီးမသိအောင် သူဘာလုပ်နေသလဲဆိုတာကို ချောင်းကြည့်ပြီးတော့ ဆုံးဖြတ်ရမယ်၊ အဖေကတော့ သူကလူဆိုးပါလို့ တိုက်ရိုက်တော့မပြောဘူး၊ ဦးဘသာကလည်း လူသေပါးကသနပ်ခါးနဲ့ ဆေးဖော်မယ်ဆိုကတည်းက ကောင်းတဲ့လူဖြစ်ပါ့မလားလို့ ပြောတယ်ဆိုတော့ ကျုပ်လည်းသိချင်တာပေါ့ဗျာ။
နောက်နေ့တော့ ကျုပ်မောင်သိန်းကိုအဖော်သွားစပ်တယ်၊ မောင်သိန်းက သူမလိုက်ရဲတော့ဘူးတဲ့ဗျာ၊ အရင်ကတော့ လူတွေမသိအောင်လို့ တစ်နေ့တစ်ခါ ထမင်းဟင်းသွားသွားပို့နေတဲ့သူက အခုတော့မလိုက်ရဲဘူးတဲ့၊ ရွာကလူတွေကလည်း အဲဒီဖက်ကို မသွားရဲတာအမှန်ပဲဗျ၊ အရင်ကတည်းက အဲဒီအနောက်ဘက်တောတန်းက သုဿန်အဟောင်းကြီးကိုး၊ သရဲဆိုတာလည်း အင်မတန်ခြောက်တာမဟုတ်လား။
အဖော်စပ်မရရင် ကျုပ်တစ်ယောက်တည်းသွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်၊ ဒါနဲ့ လယ်ထဲဆင်းခဲ့တယ်၊ အငယ်ကောင်နဲ့ ကျုပ်ညီမတွေကတော့ စပါးစိုက်ဖို့ ပျိုးခင်းတွေပျိုးနေကြပြီ၊ ကျုပ်လည်း လယ်ထဲမှာ ဟိုလုပ်ဒီလုပ်နဲ့ ဆယ့်ငါးမိနစ်လောက်လုပ်ပြီးတော့ ဓါးမတစ်ချောင်းခါးကြားထိုးပြီး အနောက်ဘက်တောတန်းဘက်ကို ထွက်လာတာပေါ့ဗျာ။
အနောက်ဘက်တောတန်းကို တစ်ယောက်တည်းလာရတာလည်း ခပ်ကြောက်ကြောက်ပဲဗျ၊ တောတန်းရဲ့ တောင်ဘက်နားမှာလူစားတဲ့ရေတွင်းကြီးလည်း ရှိသေးတယ်မဟုတ်လား၊ ပြီးတော့ အဲဒီတောတန်းအစပ်ဆိုတာကလည်း အရင်ရွာဟောင်းရဲ့ သုဿန်မြေကြီး၊ တောတန်းထဲကနေ ဆက်ပြီးသွားရင် အရင်ဖက်လိပ်ရွာဟောင်းကြီးရဲ့ မြေနေရာကြီးဗျ၊ ဖက်လိပ်ရွာက သရဲတွေကြမ်းပုံကို အရင်တုန်းက ကျုပ်ပြောပြခဲ့ဖူးတယ်မဟုတ်လား၊
ကျုပ်လည်း ကြောက်တယ်ဆိုပေမယ့် သိချင်စိတ်က မောင်းနှင်နေတာဆိုတော့ မကြောက်မရွံ့ပေါ့ဗျာ၊ အချိန်ကလည်း နေ့လည်ဆယ်နာရီလောက်ရှိသေးတာ၊ မိုးမအုံ့တော့ နေကလည်း ခြစ်ခြစ်တောက်ပူနေတာကိုး၊ ဒီတော့ နေ့ခင်းကြီးဆိုပြီး ကြောက်စိတ်က တစ်ဝက်လောက် လျော့နေတာလည်းပါတယ်။
မောင်သိန်းနဲ့သွားတဲ့လမ်းက လူသွားလမ်းကလေးရှိတယ်ဗျ၊ တောထဲကို တစ်ခါတစ်လေကျရင် မှိုရှာမျှစ်ရှာတဲ့လူတွေ၊ နောက်ပြီးတော့ ငှက်ပစ်၊ သားကောင်ပစ်တဲ့လူတွေ လာတတ်ကြတော့ လူသွားလမ်းကလေးလိုလိုဖြစ်နေတာပေါ့ဗျာ၊ ကျုပ်က ချောင်းမှာဆိုတော့ အဲဒီလူသွားလမ်းကမဟုတ်ဘဲနဲ့ တောတန်းကလေးကိုပတ်ပြီး အနောက်ဘက်ကနေတိုးခဲ့တာပေါ့ဗျာ။
တောစံပယ်ချုံတွေကို တိုးရင်း မကြာပါဘူး လွမ်းစေတီကလေးအနားကိုရောက်လာပါရောဗျာ၊ အဲဒီအနားမှာ ထန်းလက်တွေမိုးထားတဲ့ တဲကလေးလည်းရှိတယ်မဟုတ်လား၊ ကျုပ်လည်း တဲကလေးထဲမှာ လူရှိသလားဆိုပြီးတော့ ချောင်းတာပေါ့ဗျာ၊ မလုံ့တလုံကာထားတဲ့တဲကလေးကို အသာချောင်းလိုက်တော့ လူတစ်ယောက်မှမရှိဘူးဗျ၊
“ရသေ့ကြီး တစ်နေရာထွက်သွားတာပဲဖြစ်မယ်”
ကျုပ်လည်း ရေရွတ်လိုက်ပြီးတော့ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တယ်ဗျ၊ ပတ်ဝန်းကျင်က မြေပြင်တွေမှာ တွင်းတွေဆိုတာ မွစာကျဲနေတာပဲဗျာ၊ ဒါပေမယ့် တွင်းပက်လက်ကြီးတွေတော့မဟုတ်ဘူးဗျ၊ တူးပြီးတော့ ပြန်ပြန်ဖို့ထားတဲ့ပုံပဲ၊ သေချာပြန်မဖို့ထားတော့ မြေပုံလေးတွေဖြစ်နေတာပေါ့ဗျာ။
တစ်နေရာသွားကြည့်ရင်း တူရွင်းတစ်ခုက မြေမှာတန်းလန်းကြီးစိုက်နေတာကို တွေ့တယ်ဗျ။ ကျုပ်လည်း အဲဒီအနားကို အသာသွားကြည့်တာပေါ့၊ ရသေ့ကြီးပြန်လာမှာလည်း ကြောက်တာနဲ့မတ်တပ်မသွားရဲဘူးဗျာ၊ ချုံပုတ်တွေအကာအကွယ်ယူပြီးတော့ ထိုင်ပြီးတော့ ဘဲသွားသွားရတာပေါ့၊ အဲဒီတူရွင်းနားရောက်တော့ တစ်ပေပတ်လည်လောက် တွင်းကလေးတွေ့တယ်ဗျ၊ အဲဒီတွင်းထဲကိုက မြေစာတွေကို ကျုပ်လည်း လက်နဲ့ဖယ်လိုက်တာပေါ့။
“အောင်မယ်လေး”
ကျုပ်လန့်ပြီးအော်လိုက်မိတယ်ဗျ၊ မြေစာတွေအောက်ကနေ လူအရိုးခေါင်းကြီးထွက်လာတာဗျ။ သွားတွေဆိုရင်ဖွေးနေတာပဲ၊ ကျုပ်လည်း အရိုးခေါင်းကြီးကိုကြည့်ရင်း ကြက်သီးထလာတယ်၊ ဒီနေရာက သုဿန်ဟောင်းကြီးဆိုamတ့ အရင်က မြှုပ်ခဲ့တဲ့ လူတွေရှိမှာပေါ့ဗျာ။
ကျုပ်လည်း ကြောက်ကြောက်နဲ့ထွက်လာခဲ့တယ်၊ ထွက်ပြေးဖို့အလုပ်မှာ သူ့တဲကလေးထဲမှာ ဘာတွေရှိသလဲဆိုတာ သိချင်တာနဲ့ တဲကလေးဆီကိုလာခဲ့တာပေါ့ဗျာ၊ တဲကလေးက ခြေတံရှည်လေးဆောက်ထားတာဗျ၊ တဲကြမ်းခင်းကိုတော့ ဝါးခြမ်းတွေခင်းထားတာပေါ့ဗျာ၊ တဲအပေါ်မှာ ဘာမှထွေထွေထူးထူးမရှိပါဘူး၊ စားအိုးစားခွက်တွေလောက်ပဲရှိတာ၊ တဲအလယ်နားမှာတော့ အိပ်ရာတစ်ခုခင်းထားတယ်ဗျ၊ ဖျာပေါ်မှာ စောင်တစ်ထည်ကိုဖြန့်ခင်းထားတဲ့၊ ချည်သားစောင်အပါးကလေးပေါ့ဗျာ၊ စောင်အောက်မှာတော့ ခိုးလိုးခုလုလေးတွေဖြစ်နေတယ်ဗျ၊ ကျုပ်လည်း ဘာတွေလည်းဆိုတာသိချင်တာနဲ့ တဲပေါ်ကိုအသာတက်လိုက်တာပေါ့ဗျာ။
ကျုပ်တက်လိုက်တော့ တဲက သိမ့်ခနဲဖြစ်သွားတယ်၊ ကျုပ်လည်းခပ်မြန်မြန်သွားပြီးတော့ စောင်ကိုလှန်ကြည့်လိုက်တယ်ဆိုရင်ပဲ အရိုးတွေက ဖျောခနဲစောင်အောက်ကနေထွက်လာတာဗျ။
အရိုးလေးတွေက လက်တစ်ဆစ်လောက်အရွယ်အစားကနေပြီးတော့ ဒူးရိုးလို၊ ခုံညင်းရိုးလို အရိုးတွေကနေ ပေါင်ရိုးတွေအထိပါတယ်ဗျ။ ကျုပ်လည်းအရိုးတွေကို ထူးဆန်းပြီးကြည့်နေလိုက်တယ်၊ ရသေ့ကြီးက ဘာအရိုးတွေများစုနေပါလိမ့်ပေါ့ဗျာ။
“ဖောက် . . . ဖောက်”
ကျုပ်တွေးနေတုန်း ကျောက်တုံးနှစ်လုံးက တဲခေါင်မိုးကိုလာထိတယ်ဗျ၊ ရသေ့ကြီးပြန်လာပြီအထင်နဲ့ ကျုပ်လည်းတဲအောက်ကိုခုန်ဆင်းခဲ့တာပေါ့ဗျာ၊ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူရိပ်လူယောင်တောင် မမြင်ရဘူးဗျ။
ဒါပေမယ့် ဘုရားပျက်အနောက်က ချုံထဲကနေပြီးတော့ ကျောက်တုံးတွေပျံထွက်လာတယ်ဗျ၊ ကျုပ်ဆီတန်းတန်းမတ်မတ်လာတာနဲ့ ကျုပ်လည်း ထိုင်ချလိုက်တာပေါ့ဗျာ၊ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်တုံးကြီးသုံးလုံးက ကျုပ်ခေါင်းပေါ်ကနေ ဝှီးခနဲ ဝှီးခနဲ ဖြတ်ပျံ့သွားပြီး သစ်ပင်တွေကြားကျသွားတယ်ဗျာ၊ ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ၊ အဲဒီကျောက်ခဲကြီးတစ်လုံးလောက်သာ ကျုပ်ခေါင်းကိုထိလိုက်ရင် ကျုပ်သေမှာဗျ။
ကျုပ်လည်းအမြန်ထပြီးကြည့်လိုက်တော့ နောက်ထပ်ကျောက်ခဲတွေပျံလာတယ်ဗျ၊ လူတော့လုံး၀မတွေ့ဘူး၊ ကျုပ်ကတော့ သရဲပေါက်တယ်လို့ပဲထင်တာ၊ ဒါနဲ့ပဲ အမြန်လှည့်ပြေးတာပေါ့ဗျာ၊ ဒါတောင်မှ ကွမ်းသီးလောက်ရှိတဲ့ကျောက်ခဲတွေက နောက်စေ့နားကိုတစ်ချက်၊ ခါးလယ်ကိုတစ်ချက် ဖြတ်မှန်သေးတာ၊ နောက်ဆုံးတောအုပ်အထွက်ရောက်တော့မှ လက်သီးဆုပ်လောက်ရှိတဲ့ကျောက်ခဲကြီးက ကျုပ်ရဲ့ဒူးခေါက်ကွေးကိုမှန်လို့ ထော့ကျိုးကြီးထွက်ပြေးရတာပေါ့ဗျာ။ တောတန်းထဲကထွက်လာပြီးတော့မှ အနောက်ကိုလှည့်ကြည့်မိတယ်ဆိုရင်ပဲ တောတန်းကလေးထဲမှာ လူတွေမနည်းဘူးဗျ၊ ချံ့Kပင်တွေနဲ့ကွယ်နေတာဆိုတော့ ခေါင်းတွေနဲ့ ရင်ညွန့်လောက်အထိပဲမြင်ရတာမဟုတ်လား။
“ဟေ့ကောင်၊ ဘယ်လိုဖြစ်လာတာလဲကွ”
အမောတကောနဲ့ ပြေးလာတဲ့ကျုပ်ကိုတွေ့တော့ ဦးဘသာက ဆီးမေးတယ်ဗျ၊ ကျုပ်လည်း လယ်တဲထဲကိုဝင်ထိုင်လိုက်တာပေါ့ဗျာ၊ ဦးဘသာလည်း နွားတွေကိုချည်ထားပြီး တဲထဲကိုလိုက်ဝင်လာတာပေါ့။ ကျုပ်လည်းမောမောနဲ့ ရေနွေးတောင်မသောက်နိုင်ဘဲ သောက်ရေအိုးစငက ရေကို လေးငါးခွက် ခပ်သောက်လိုက်တာပေါ့ဗျာ။
“ဘာဖြစ်လာတာလဲ အကိုလတ်၊ အမောတကောနဲ့”
ညီမငယ်က မေးတယ်၊ ကျုပ်လည်းပြန်မဖြေအားပါဘူးဗျာ၊ မောနေလို့ အတော်အမောဖြေနေရတယ်။ ဦးဘသာက ကျုပ်အနားရောက်လာပြီးတော့ ကျုပ်ကိုခါးထောက်ပြီးကြည့်တယ်။
“နင်တို့အကိုကြည့်ရတာ၊ နေ့ခင်းကြောင်တောင်၊ သရဲနဲ့တွေ့လာခဲ့တဲ့ပုံပဲ”
ဦးဘသာဘယ်လိုသိသလဲတော့မသိဘူးဗျာ၊ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ဟုတ်၊ ဟုတ်တယ် ဦးဘသာ၊ ကျုပ် . . . ကျုပ်အနောက်ဘက် တောတန်းထဲကိုသွားခဲ့တာ”
ကျုပ်ပြောလိုက်တော့ အငယ်ကောင်ရော၊ အငယ်မတွေရော ကျုပ်အနားမှာစုလာကြတယ်ဗျ။
“နေစမ်းပါအုံး အကိုလတ်က အဲဒီတောတန်းထဲကို ဘာသွားလုပ်တာလဲ”
“ငါ ဟိုနေ့က ရသေ့ကြီးကိုသွားရှာတာဟ”
“အကိုလတ်ကတော့ လုပ်တော့မယ်၊ ဒီလောက်သရဲခြောက်တဲ့နေရာကို တစ်ယောက်တည်းသွားရသလား၊ မသေတာကံကောင်း”
“ငါပြောတာဆုံးအောင်နားထောင်ပါအုံးဟာ”
ကျုပ်လည်း ဦးဘသာဘက်ကိုလှည့်လိုက်ပြီးတော့
“ဦးဘသာ၊ ဦးဘသာထင်တာမှန်တယ်ဗျ၊ ဒီရသေ့ကြီးက မရိုးသားဘူး”
“ဘာတွေမရိုးသားတာလဲကွ”
“သူက တောတန်းထဲမှာ တရားအားထုတ်နေသလိုလို ဘာလိုလိုလုပ်နေတာဗျ၊ တကယ်တမ်းကတော့ တောတန်းထဲမှာ ကျင်းတွေတူးပြီး လူရိုးတွေဖော်နေတာဗျ”
“သေချာလို့လားကွာ”
“သေချာပါတယ်ဗျာ၊ ကျုပ်မောင်သိန်းနဲ့လိုက်သွားတဲ့နေ့တုန်းကလည်း တူရွင်းတစ်ချောင်းနဲ့ ဟိုတူးဒီတူးလုပ်နေတာနဲ့ ကျုပ်ကမေးမိတော့ အပင်စိုက်မလို့တူးနေတာတဲ့လေဗျာ”
“မင်းကွာ၊ တောအုပ်ထဲမှာ အပင်စိုက်မယ်လို့ပြောတာကို မင်းမို့ယုံရသလား”
“မယုံလို့ အခုသွားကြည့်တာပေါ့ဗျ၊ သွားကြည့်တော့ ကျင်းတေတူးလိုက် ပြန်မြှုပ်လိုက်နဲ့လုပ်နေတာဗျ၊ ကျုပ်လည်း သူတူးလက်စကျင်းကြီးကို သွားကြည့်လိုက်တော့ အောက်ကလူရိုးခေါင်းကြီးထွက်လာတယ်ဗျ”
ကျုပ်ပြောတာကို ဦးဘသာက မျက်မှောင်ကြုတ်ပြီး သေသေချာချာနားထောင်တယ်ဗျ။
“ဒါတင်မကသေးဘူး၊ သူ့တဲကလေးထဲမှာလည်း ဖျာပေါ်မှာအရိုးတွေခင်းပြီး စောင်နဲ့အုပ်ထားတာဗျာ၊ အရိုးတွေကတော့ တော်တော်များတယ်၊ ကြီးကြီးတွေရော သေးသေးလေးတွေရော စုံလို့ပဲဗျ”
ဦးဘသာက မုတ်ဆိတ်မွှေး ကျဲကျဲပေါက်နေတဲ့ သူ့ရဲ့မေးစေ့ကိုပွတ်နေတယ်ဗျ။ ကျုပ်လည်း ဆက်ပြောတာပေါ့ဗျာ။
“အဲဒီအချိန်မှာပဲ ချုံပင်တွေကြားကနေ ကျုပ်ကိုခဲတွေနဲ့လှမ်းပေါက်တာဗျ၊ ခဲလုံးကလည်း အကြီးကြီးတွေပဲ၊ ကျုပ်လည်းသေချာကြည့်ပေမယ့် ပေါက်တဲ့သူကိုမတွေ့ရဘူးဗျ၊ အဲဒါနဲ့ ထွက်ပြေးရင်း ဟောဒီဂုတ်နားကိုတစ်ချက်၊ ဟောဒီခါးမှာတစ်ချက်၊ ဒူးခေါက်ကွေးကိုလည်းမှန်တယ်ဗျာ၊ နည်းတဲ့ကျောက်တုံးကြီးမဟုတ်ဘူး”
ကျုပ်လည်းပြောရင်းပြောရင်းနဲ့ ခြေထောက်ကိုပြလိုက်တော့ ကျုပ်မျက်လုံးတောင်ကျုပ်မယုံနိုင်ဘူးဗျာ၊ ကျုပ်ဘယ်ဖက်ခြေထောက် ဒူးအောက်ပိုင်းကစပြီး ခြေထောက်ကြီးက ယောင်ပြီးတော့ ဖောင်းတင်းလာတာဗျ။ သွေးခြေဥသလို ညိုမဲမဲကြီးဖြစ်နေပြီးတော့ ခြေထောက်ကြီးကလည်း မသိရင်ဆင်ခြေထောက်ရောဂါရတဲ့လူလိုမျိုး ဖောင်းကားယောင်ကိုင်းလာတော့တာပဲ။
“အကိုလတ်၊ ဂုတ် . . . ဂုတ်မှာ”
အငယ်မပြောလို့ကျုပ်လည်း ဂုတ်ကိုစမ်းလိုက်တော့ ဂုတ်က ကျောက်တုံးထိတဲ့နေရာမှာ ဘုကြီးတစ်ခုထနေတာဗျ၊ အာလူးဖုကြီးလို ဖောင်းဖောင်းတင်းတင်းကြီး၊ ကျုပ်လဲ ကြောက်သွားပြီးတော့ အင်္ကျီလှန်လိုက်တော့ ခါးမှာလည်း ဖုကြီးတစ်ဖုဗျာ။
“အကိုလတ်တော့ သရဲကိုင်ခံရပြီထင်တယ်”
အငယ်ကောင်ပြောတော့ ကျုပ်လည်း ဦးဘသာကို အားကိုးတကြီးနဲ့မော့ကြည့်လိုက်တယ်ဗျ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“ဟဲ့ အငယ်မ နင်တို့ဆီမှာ ထုံးရှိလား”
ကျုပ်တို့လယ်တဲမှာ ထုံးဘယ်ရှိပါ့မလဲဗျာ၊ ကွမ်းစားတတ်တဲ့လူမှ မရှိတာပဲ၊ ဒါနဲ့ နို့ညှာညီမက ဦးဘသာလယ်တဲကနေ ကွမ်းအစ်ပြေးယူပေးရတယ်၊ ကွမ်းအစ်ရတာနဲ့ ဦးဘသာကြီးက ထုံးတွေကော်ပြီး သူ့လက်ဝါးထဲထည့်တယ်။ ပြီးတော့ ဆေးရွက်ကြီးတွေ ဖဲ့ထဲ့ပြီးတော့ လက်ထဲမှာချေနေတယ်ဗျ၊ တံတွေးတွေလည်း ထွေးထွေးထည့်သေးတာ။ ကျုပ်ခြေထောက်ကြီးက ပိုပိုပြီးကြီးလာတယ်ဗျာ၊ ဂုတ်ကိုဆိုရင်လည်း တစ်ယောက်ယောက်က ဆွဲကိုင်ထားသလိုမျိုး တင်းတင်းကြီးဖြစ်နေတော့တာ။
“ဦးဘသာ၊ ကျုပ် . . ကျုပ်ကိုသရဲကဖမ်းတာလား”
“ဘာမှမဖြစ်ပါဘူးကွာ၊ ပူမနေစမ်းပါနဲ့၊ ခဲမှန်လို့ ညိုမဲစွဲတာပါကွ၊ ပြစမ်း”
ဦးဘသာက ကျုပ်ဂုတ်ကအဖုကြီးကို ခုနက ထုံးနဲ့ဆေးရွက်ကြီးရောထားတာနဲ့ ပွတ်ပေးတယ်ဗျ၊ ထုံးပါလို့လားတော့မသိဘူး ပူလိုက်တာမှဗျာ၊ မသိရင် မီးစနဲ့ထိုးသလိုပဲ၊ တစ်ခါ ခါးက ဖုကြီးကိုလည်း လူးပြန်ရောဗျို့၊ ခါးမှာလည်း ပူစပ်ပူလောင်ကြီးဖြစ်သွားတာ၊ ကျန်တဲ့ထုံးတွေနဲ့ ခြေထောက်ကို လိမ်းပြီးတော့ ဒူးကနေအောက်ကို ပွတ်သပ်ချတယ်ဗျ။ ခြေထောက်တစ်ချောင်းလုံး တဖြင်းဖြင်းနဲ့ မသိရင်ပုရွက်ဆိတ်အကောင်တွေ ဆင်းပြေးသွားသလိုမျိုး ယားကျိကျိကြီးဖြစ်ပြီး ကျန်နေခဲ့တာပဲဗျာ။ ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့
“ကောင်းသွားမှာပါကွာ၊ ကဲ . . . ငါလည်းထမင်းစားတော့မယ်ဟေ့”
ကျုပ်တို့တွေ ထမင်းစုပြီးစားလိုက်ကြတယ်၊ လူငယ်တွေချည်းပဲမို့ ဦးဘသာကိုကြောက်တာဘာညာတော့ သိပ်မရှိပါဘူးဗျာ၊ ဒီလိုနဲ့ ကျုပ်လည်း အလုပ်သိပ်မလုပ်နိုင်ဘူးပေါ့ဗျာ။ ညနေရောက်တော့ ကျုပ်တို့တွေပြန်လာခဲ့တာပေါ့၊ ကျုပ်ခြေထောက်လည်း ညနေမရောက်ခင်မှာပဲ အယောင်ပြန်ကျသွားတယ်ဗျ၊ ဂုတ်နဲ့ ခါးက ဖုတွေဆိုရင်လည်း ဖုတယ်ဆိုရုံကလေးပဲရှိတော့တာ။
အိမ်ပြန်လာတော့ လမ်းမှာ ဦးဘသာက ကျုပ်ကိုလှမ်းခေါ်တယ်ဗျ။
“အလတ်ကောင် သက်သာရဲ့လား”
“သက်သာပါတယ်ဗျာ၊ ခြေထောက်တော်တော်အယောင်ကျသွားပြီ”
ကျုပ်လည်း ခြေထောက်ကိုပြလိုက်တာပေါ့ဗျာ၊ ဦးဘသာက ကျုပ်စီးထားတဲ့ဖိနပ်ကို အသေအချာကြည့်လိုက်ပြီးတော့
“အောင်မာ၊ မင်းဖိနပ်က ကောင်းလှချည်လား၊ ငါ့ကိုပေးစိးပါလား”
ကျုပ်လည်း အံ့ဩသွားတာပေါ့ဗျာ၊ ကျုပ်ဖိနပ်က ဒီလောက်ကောင်းတယ်လည်း မဟုတ်ပါဘူးဗျာ၊ ကားတာယာအဟောင်းတွေကို လှီးပြီးပြန်ချုပ်ထားတဲ့ တာယာဖိနပ်ကြီးပါ၊ ဦးဘသာကတော့ သရက်သားကို ခုတ်ထားပြီး တာယာနဲ့ကွင်းတပ်ထားတဲ့ ခုံဖိနပ်ကြီးပဲစီးတာမဟုတ်လား။
“ဟာဗျာ၊ ဦးဘသာခြေထောက်နဲ့ ကျုပ်ခြေထောက်နဲ့ ဆိုဒ်ချင်းတူမှမတူတာဗျ၊ စီးချင်ရင် ကျုပ်ဝယ်ပေးမယ်”
“မရတော့ဘူး၊ ငါက အခုစီးချင်တာကွ၊ လုပ်စမ်းပါ၊ တာယာဖိနပ်စီးကောင်းရင် ငါလည်းဝယ်စီးချင်လို့၊ ငါ့ကိုတစ်ရက်လောက်ပေးစီး ဟုတ်ပြီလား”
ကျုပ်လည်းခေါင်းကုတ်ပြီးတော့ ဖိနပ်ချွတ်ပေးလိုက်တယ်၊ ဦးဘသာကလည်း သူ့ခုံဖိနပ်ကိုချွတ်ပြီးတော့ ကျုပ်ကိုပေးစီးတာပေါ့ဗျာ၊ သူ့ခုံဖိနပ်က ကျုပ်ခြေထောက်နဲ့ဆိုရင် သေးနေတယ်ဗျ၊ ကျုပ်ဖနောင့်က အနောက်ကို လက်နှစ်လုံးလောက်ထွက်နေပါရော၊ ဦးဘသာကလည်း ခပ်တည်တည်ပဲဗျ၊ ကျုပ်ရဲ့တာယာဖိနပ်ကြီးကို မတော်မတည့်နဲ့ စီးချသွားပါရောလားဗျာ။
(၄)
ညရောက်တော့ တစ်ရွာလုံးခွေးတွေအူချက်ဗျာ၊ ညခုနစ်နာရီလောက်ကနေစပြီးတော့ ဆွဲဆွဲငင်ငင်ကိုအူတာဗျ၊ ရွာလူတွေဆို သိပ်ကြောက်ကြတာပေါ့ဗျာ၊ ပိုးဖြူသေတုန်းက အူတာထက် ပိုပြီးဆိုးဆိုးရွားရွားအူတော့တာပဲ။
အဖေနဲ့ကျုပ်လည်း အခြေအနေစောင့်ကြည့်နေတာပေါ့ဗျာ၊ ဘယ်အိမ်က ဘာများဖြစ်မလဲပေါ့ဗျာ၊ နောက်တော့ ခွေးတွေက အူနေရာကနေပြီး ထိုးဟောင်တော့တာပဲ၊ နာရီဝက်လောက်ကြာတော့မှ အားလုံးတိတ်ဆိတ်သွားတယ်ဗျ။ မကြာပါဘူး၊ ရွာသားတစ်ယောက်က ပြေးလာတယ်။
“သူကြီးရေ ရွာထိပ်မှာ ရသေ့ကြီးတစ်ယောက် ရွာကိုအော်ဆဲနေတယ်ဗျ”
အဖေလည်းအိမ်ပေါ်ကဆင်းရော ကျုပ်လည်း ငှက်ကြီးတောင်ဓါးဆွဲပြီး အနောက်ကနေဆင်းတာပေါ့ဗျာ၊ ရွာထိပ်ကိုပြေးသွားကြတော့ ရွာထိပ်မှာ လူတွေတောင်တော်တော်စုံနေပြီဗျ၊ ရသေ့ကြီးက ကျုပ်တွေ့ခဲ့တဲ့ရသေ့ကြီးပါပဲဗျာ၊ ရွာကိုလက်ညှိုးထိုးပြီးတော့ အမျိုးစုံအောင်ဆဲဆိုနေတော့တာ၊ ဒါနဲ့ အဖေက အရှေ့ကိုတက်သွားပြီးတော့
“ရသေ့ကြီး၊ ကျုပ်တို့ရွာကို ဘာများမကျေနပ်တာရှိလို့ လာပြီးဆဲဆိုနေတာပါလဲ”
ရသေ့ကြီးက ဘာမှမပြောဘဲ ဆဲသာဆဲနေတော့တာ၊
“ရသေ့ကြီး ဒီလိုသာဆက်ဆဲနေမယ်ဆိုရင်တော့ ရပ်ရွာဆူပူမှုနဲ့ ရသေ့ကြီးကိုအရေးယူရမယ်”
အဖေပြောတော့ ရသေ့ကြီးက အဖေ့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတာဗျ၊ ပြီးတော့ အဖေ့ဘေးမှာရပ်နေတဲ့ကျုပ်ကိုကြည့်တယ်၊ သူ့အကြည့်က ဒေါသတွေဖုံးနေပြီးတော့ မျက်လုံးကလည်း ကြောက်စရာကြီးဗျာ။
“မင်းတို့တစ်ရွာလုံး ငါနဲ့တွေ့မယ်ကွ”
အဲဒီလိုအော်ကြိမ်းပြီးတော့ တောတန်းဘက်ကိုလျှောက်သွားတော့တာပါပဲဗျာ။ ရသေ့ကြီးအကြောင်းကို မောင်သိန်းကိစ္စမှာ တစ်ရွာလုံးနီးပါးသိထားကြတာဆိုတော့ ရသေ့ကြီးတစ်ခုခုလုပ်မှာကို စိုးရိမ်ကြတာပေါ့။
“သူကြီး၊ ဒီရသေ့ကြီး ရွာကိုတစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ”
အဖေလည်း ဆုံးဖြတ်ရခက်နေတယ်။
“သူ တစ်ခုခုမလုပ်ခင် သူ့ကိုကျုပ်တို့ သွားနှင်ထုတ်ရအောင်ဗျာ”
“ဒီလိုလည်း လုပ်လို့မရဘူးကွ၊ သူနေတဲ့နေရာက ဘယ်သူမှမပိုင်တဲ့နေရာမဟုတ်လား၊ သူ့ကိုသွားမောင်းထုတ်တာ ဘသာ၀မကျဘူးလေ၊ နောက်ပြီးတော့ သူ့ကိုမောငးထုတ်မှ သူကပိုပြီးစိတ်ဆိုးရင် မကောင်းတာတွေဖြစ်နိုင်တယ်”
အဖေ့စကားကို အားလုံးကထောက်ခံတယ်ဗျ။
“အားလုံး ဒီရက်ပိုင်းထဲ သတိဝီရိယနဲ့ နေကြပေါ့ဗျာ”
အဖေပြောလိုက်ပြီးတော့ တစ်ရွာလုံးကလူတွေက ပြန်သွားကြတာပေါ့ဗျာ၊ ကျုပ်လည်း လိုက်ပြန်လာရင်း ဦးဘသာနဲ့လမ်းမှာတွေ့တယ်၊ ဦးဘသာက ကျုပ်လက်ကိုကုပ်ကိုင်ပြီးတော့
“အလတ်ကောင်ရေ၊ မင်းကိုသူက မကျေနပ်ဘူးကွ”
“ကျုပ်က သူ့ကိုဘာလုပ်လို့လဲဗျ”
“သူ့အစီအရင်တွေ မင်းကိုင်ခဲ့သေးသလား”
ကျုပ်သေသေချာချာပြန်စဉ်းစားတော့မှ ဖျာပေါ်က စောင်ကြီးကိုဆွဲထုတ်လိုက်တဲ့အခါ အရိုးတွေက ၀ရောခနဲကျသွားတာကို မှတ်မိသွားတယ်။ ဒါနဲ့ ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။
“ငါထင်ပါတယ်ကွာ၊ ဒါကြောင့် မင်းကိုသူက သတ်မလို့ သူ့ကောင်တွေ လွှတ်လိုက်တာကွ”
“ဗျာ . . . သူ့ကောင်တွေတဲ့လား”
“သူက အပြင်သွားနေတဲ့အချိန် စည်းတားခဲ့ပုံရတယ်ကွ၊ မင်းက သူ့စည်းကိုဖောက်သွားတာကိုး၊ ဒါကြောင့် ငါလည်းမသင်္ကာတာနဲ့ မင်းဖိနပ်ကိုယူထားလိုက်တာကွ၊ ထင်တဲ့အတိုင်းပဲဟေ့၊ ညနေကပဲ သရဲကြီးငါးကောင် ငါ့အိမ်ရှေ့ကိုရောက်လာပါရော။
ကျုပ်လည်း အဲဒီတော့မှ ကြောက်သွားတာဗျ။
“သရဲကြီးငါးကောင်က မင်းဖိနပ်က ခြေရာအတိုင်းလိုက်လာတာကွ၊ ရသေ့ကြီးဆွဲထားခဲ့တဲ့ စည်းဝိုင်းကိုမင်းဖောက်လိုက်တော့ မင်းအနောက်ကိုခြေရာကြည့်ပြီး လိုက်တာပေါ့ကွာ၊ ဒါနဲ့ ငါလည်း အဲဒီငါးကောင်ကို ဆော်ပလော်တီးပေးလိုက်တော့ အဲဒီကောင်တွေ အော်ဟစ်ပြီး ပြေးကြတာပဲ”
“ဪ၊ ဒါကြောင့် ရသေ့ကြီးက မကျေနပ်တာကိုး”
“သူ့ကောင်တွေအဆော်ခံလိုက်ရတယ်ဆိုတော့ မကျေနပ်ဘူးပေါ့ကွာ၊ ငါထင်တာမမှားဘူးဆိုရင်တော့ ဒီရသေ့ကြီးက သူတော်ကြောင်ကြီးကွ”
“ဖြစ်နိုင်တယ်ဗျ”
“သူလုပ်နေတဲ့အစီအရင်ကလည်း သိပ်အစွမ်းထက်တဲ့အစီအရင်ပဲ”
“ဘာအစီအရင်လဲဗျ၊ လူရိုးအစီအရင်လား”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ။
“စုန်းမျိုးတစ်ရာ မောင်မဲဇာဆိုတဲ့အစီအရင်ပဲကွ”
“ဗျာ . . . စုန်းမျိုးတစ်ရာတဲ့လား”
“အေး၊ အစီအရင်ကတော့ စုန်းလို့ယူဆပြီးတော့ သေသွားခဲ့တဲ့ လူသေအလောင်းတွေရဲ့ အရိုးတွေကို အစီအရင်လုပ်ပြီး ပြန်တူးထုတ်ရတာပဲ၊ စုန်းပေါင်းတစ်ရာတိတိရဲ့အရိုးကို လိုက်ဖော်ရတာပေါ့ကွာ”
“ဒါဆို အဲဒီသေသွားတဲ့လူက စုန်းဆိုတာကို ဘယ်လိုလုပ်ပြီးသိမလဲဗျ”
“ဒါကလည်း ပညာနဲ့ခန့်မှန်းတာပေါ့ကွာ၊ အဲဒီစုန်းဆိုတဲ့လူသေက ဘယ်နားမြှုပ်ထားလဲဆိုတာ ခန့်မှန်းပြီး ဟုတ်မဟုတ်တူးရတာပေါ့”
“ဒါဆို ဘာဆက်ဖြစ်နိုင်သလဲဗျာ”
ဦးဘသာက ကျုပ်ကိုသေသေချာချာကြည့်ပြီး
“မင်းတွေ့ခဲ့တာ အရိုးတွေများသလားကွ”
“များတယ်၊ များတာတော့ တော်တော်များတာ၊ ဖျာတစ်ချပ်ပေါ်မှာအပြည့်ခင်းထားတာ”
“အရိုးကလည်း များနေပြီ၊ နောက်ပြီး သူ့သရဲငါးကောင်ကို ဆော်ထည့်လိုက်တဲ့လူရှိတာကိုတောင်မှ တစ်ရွာလုံးကို စိန်ခေါ်တယ်ဆိုရင် ငါထင်တာတော့ သူ့အစီအရင်ပြီးတော့မယ့်ပုံပဲကွ”
“အစီအရင်ပြီးရင် ဘာဖြစ်မလဲဗျာ”
“အဲဒီစုန်းရိုးတွေကို လူသေတစ်ကောင်ရဲ့ဝမ်းဗိုက်ထဲကိုထည့်ရတယ်၊ သေသွားတဲ့အလောင်းကြီးကို မန်းမှုတ်ပြီးတော့ စုန်းရိုးတွေဆီက ပညာတွေနှိုးရတာပေါ့ကွာ၊ အဲဒီအခါ သေသွားတဲ့အကောင်ကြီးက မောင်မဲဇာကြီးဖြစ်သွားတာပဲ၊ ကိုယ်ပျောက်နိုင်တယ်၊ သစ်ပင်ကြီးတွေကို အမြစ်ကဆွဲနှုတ်နိုင်တယ်၊ ပြီးတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကိုတောင် ဇောက်ထိုးလှန်နိုင်သတဲ့”
“ဒါနဲ့ ပိုးဖြူသေတာနဲ့ ဘာဆိုင်သလဲဗျ”
“ငါ့စိတ်ထင်တော့ သူ့အရိုးတွေက ပြည့်နေလောက်ပြီကွ၊ ဒီတော့ရွာကတစ်ယောက်ယောက်ကို သူကသတ်မှာပဲ၊ အဲဒီလူသေပြီးတော့ မြေချရင် သူကအလောင်းပြန်ဖော်ပြီးတော့ အဲဒီအလောင်းထဲကို အရိုးတွေထည့်ဖို့ကြံထားတာပေါ့ကွာ၊ နောက်ပြီးတော့ တစ်ခုထူးဆန်းတာက လူတွေမှာလည်းအဆိပ်ရှိတယ်ကွ၊ မြွေက လူတစ်ယောက်ကိုပေါက်လိုက်ပြီးရင် တော်ရုံနဲ့ထွက်မပြေးနိုင်ဘူးမဟုတ်လား၊ အခုက မြွေပေါက်တယ်သာပြောတယ်၊ ပေါက်လိုက်တဲ့မြွေကိုလည်း ဖမ်းမမိလိုက်ဘူး၊ မြွေပေါက်ခံရတာတောင်မှ မြွေပွေးပြောလိုက်၊ မြွေဟောက်လိုလိုပြောလိုက်နဲ့၊ သေတာကလည်း မြွေဆိပ်တက်ပြီးသေတာမျိုးမှမဟုတ်တာ”
ကျုပ်လည်း သေချာပြန်စဉ်းစားလိုက်တော့ ဟုတ်တယ်ဗျ၊ ပိုးဖြူသေနေတာကိုတောင် ကျုပ်ကကြည့်ပြီး သူကဘာလို့ ဒီမှာအိပ်နေတာလဲဆိုပြီး ပြန်မေးခဲ့တယ်မဟုတ်လား။
“ဒါဆို ဒီလူကြီး တော်တော်ယုတ်မာတာပဲဗျာ၊ ဒါနဲ့ အဲဒီမောင်မဲဇာက တော်တော်စွမ်းသလား၊ ဦးဘသာရော မနိုင်လောက်ဘူးလား”
“မောင်မဲဇာစွမ်းမစွမ်း၊ ငါနိုင်မနိုင်ကတော့ ငါလည်းမပြောတတ်ဘူးကွာ၊ ဘာလို့လဲဆိုတော့ ငါ့ဘ၀တစ်လျှောက်လုံး မောင်မဲဇာနဲ့မတွေ့ဖူးခဲ့ဘူး၊ နောက်ပြီးတစ်ခုရှိတာက မောင်မဲဇာစွမ်းမစွမ်းထက် မောင်မဲဇာကြီးနိုးထမလာဖို့အရေးကြီးတယ်၊ ပိုးဖြူအလောင်းကို ငါတို့ကမီးရှို့လိုက်တော့ ရသေ့ကြီးဆီမှာ သုံးစရာအလောင်းမရှိဘူးမဟုတ်လား။ ရွာမှာလည်း လောလောလတ်လတ်သေထားတဲ့လူကမရှိဘူးဆိုတော့ သူကြိမ်းသေပေါက် လူထပ်သတ်မှာပဲ”
“အဲဒီတော့ ဘယ်လိုလုပ်မလဲဦးဘသာ”
“ရွာကလူတွေကို တပ်လှန့်ထားလိုက်ကွာ၊ အခုလည်း သူတို့ကို ရသေ့ကြီးက ကြိမ်းသွားတယ်ဆိုတော့ သူတို့တော်တော်ကြောက်နေလောက်ပါပြီ၊ အဓိက ကတော့ ဘယ်သူ့ကိုမှ ထပ်မသေစေချင်ဘူး”
“ဟုတ်ကဲ့ပါ ဦးဘသာ”
“ပြီးတော့ အခုညပဲ ငါသူ့ဆီလိုက်သွားမယ်”
“ဖြစ်ပါ့မလားဦးဘသာရဲ့ ညဆယ်နာရီထိုးတော့မယ်နော်”
“သူ့ထက်ငါတို့ အရင်လက်ဦးထားမှဖြစ်မယ်အလတ်ကောင်”
ကျုပ်လည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး
“ဒါဖြင့် အခုပဲ သွားကြပါစို့ဗျာ”
ဦးဘသာကခေါင်းညိတ်ပြီးတော့
“အေးအေး၊ နေအုံး ငါ့လွယ်အိတ်သွားယူလိုက်အုံးမယ်၊ မင်းဒီကနေ ငါ့ကိုစောင့်နေ”
ဦးဘသာကြီးလှည့်ထွက်သွားတော့ ကျုပ်လည်း ရွာထိပ်နားမှာစောင့်နေလိုက်တာပေါ့ဗျာ၊ မကြာပါဘူး၊ ဦးသာက ခြေလှမ်းကျဲကြီးနဲ့ လွယ်အိတ်တစ်လုံးစလွယ်သိုင်းပြီး ပြန်ထွက်လာတယ်၊ ကျုပ်လည်း သူ့အနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ကျောမှာလည်း အဖေ့လက်စွဲတော် ဓါးကြီးလွယ်လို့ဗျ။
ဆက်ရန်။