အတွဲ(၃) အပိုင်း (၂)
(၁)
ကျားဖြူသခင်ကြီးက ငွေရောင်တောက်ပနေသည့် ချပ်ဝတ်တန်ဆာတစ်ခုကိုဝတ်ဆင်ထားလေသည်။ ထိုအပေါ်မှ အဖြူရောင်ဝက်ဝံသားမွှေးဝတ်ရုံကြီးကို ခြုံလွှမ်းထားသည်။ လက်တစ်ဖက်က ပင့်ကူသံဖြူဖြင့်ပြုလုပ်ထားသည့် ဓါးကြီးကိုကိုင်ဆွဲထားပြီး အခြားလက်တစ်ဖက်ကတော့ ကျားဖြူသခင်မ၏ ခေါင်းပြတ်ကြီးကို ကိုင်ဆောင်လာကာ ညောင်ရွှေကျားဖြူအိမ်တော်အရှေ့တွင်ရပ်လိုက်သည်။
စံအိမ်တော်၏ အရှေ့ဘက်မြေကွက်လပ်တွင် မြောက်များစွာသော လက်အောက်ငယ်သားများက စုဝေးကာရပ်နေကြလေသည်။ ကျားဖြူသခင်ကြီးက လက်ထဲတွင်ကိုင်ဆောင်ထားသည့် ကျားဖြူသခင်မ၏ ဦးခေါင်းကြီးကို ကိုင်မြှောက်ပြလိုက်သည်။
“ဒီမှာတွေ့လား၊ ဘယ်လိုသတ်သတ်မသေနိုင်ပါဘူးဆိုတဲ့ ဆမန်းကောင်ကို အခုဒီလိုဖြစ်သွားပြီမဟုတ်လား”
ဆမန်းကောင်များက ခေါင်းညိတ်လိုက်ကြသည်။
“ဒီဟာက ငါတို့အတွက်အိပ်မက်ဆိုးပဲ၊ တကယ်လို့ ဒီလူသာ ငါတို့စံအိမ်ကြီးကိုရောက်လာပြီဆိုရင် မင်းတို့ဘယ်လိုလုပ်ကြမလဲ”
စံအိမ်အတွင်းရှိ လူများက တစ်ယောက်တစ်ပေါက်ပြောဆိုငြင်းခုန်နေကြလေသည်။ ထိုအခါ အရှေ့နားတွင်ရပ်နေသည့် လူငယ်တစ်ဦးက
“ပြေးရပါမယ်သခင်ကြီး”
“ဘာပြောတယ်ကွ . . .”
“စစ်နည်းဗျူဟာကျမ်းကို ကျွန်တော်ဖတ်ကြည့်တော့ တိုက်လို့နိုင်ရင်တိုက်၊ တိုက်လို့မနိုင်ရင် ပြေးလို့ ရေးထားပါတယ်”
ကျားဖြူသခင်ကြီးက ကျေနပ်စွာရယ်မောလိုက်သည်။
“ဟား၊ ဟား ကောင်းတယ်၊ စစ်နည်းဗျူဟာကျမ်းတွေ ဘာတွေဖတ်ပြီးတော့ မင်းတို့တောင်မှ တော်တော်စာတတ်လာပြီပဲကွ”
ကျားဖြူသခင်က ထိုလူအနီးသို့တိုးလျှောက်သွားသည်။ အနားရောက်ခါမှ ဘာမပြောညာမပြောနှင့် ထိုလူအား ဓါးဖြူအရှည်ကြီးနှင့် ခုတ်ချလိုက်လေသည်။ ထိုလူမှာ အံ့ဩနေပြီး ကိုယ်နှစ်ပိုင်းပြတ်ကျသွားလေသည်။ ကျန်သည့်သူများမှာလည်း အလွန်ထိတ်လန့်သွားပြီး ကျားဖြူသခင်ကြီးကို ငေးကြည့်နေကြသည်။ ကျားဖြူသခင်ကြီးက ထွက်ပြေးမည်ဟုပြောသော လူငယ်၏ ဦးခေါင်းကိုခြေထောက်တစ်ဖက်ဖြင့် နင်းလိုက်ပြီး
“ကျားဖြူစံအိမ်မှာ ကြောက်တတ်တဲ့လူအတွက် နေရာမရှိဘူးကွ”
စံအိမ်အတွင်းလူများမှာ ကြောက်ရွံ့စွာဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။
“သခင်ကြီး ကျုပ်တို့ကိုခွင့်လွှတ်ပါ”
ကျားဖြူသခင်ကြီးက ပင့်ကူသံဖြင့်jkပုလုပ်ထားသည့် ဓါးဖြူကြီးပေါ်တွင် ပေကျံနေသည့် သွေးရည်များကို လျှာနှင့်လျက်လိုက်ပြီး
“မင်းတို့ကောင်တွေမှတ်ထား၊ စစ်ဗျူဟာကျမ်းမှာ ထွက်ပြေးရမတဲ့ဗျူဟာရှိပေမယ့်၊ ငါ့ရဲ့ကျမ်းမှာတော့ ထွက်ပြေးတယ်ဆိုတဲ့ စကားလုံးမပါဘူး၊ မင်းတို့အားလုံး ငါ့အမိန့်ကိုနာခံ၊ ငါခိုင်းတာကိုသေချာလုပ်၊ မဟုတ်ရင်တော့ မင်းတို့အားလုံး သူ့လိုပဲဖြစ်သွားရမယ်ကွ”
ကျားဖြူသခင်ကြီးက ဓါးဖြူကြီးကို ကျောကုန်းတွင်လွယ်လိုက်ကာ ဆက်လှမ်းလျှောက်လာရင်း
“ဒီကောင်ငါတို့ဆီရောက်မလာခင်၊ ငါတို့က ဒီကောင့်ကိုရှာပြီးတော့ အပြတ်ရှင်းရမှာပေါ့ကွာ၊ ဒီကောင့်ကို ငါကိုယ်တိုင်လိုက်ရှာမယ်၊ ပြီးတော့ ရှင်မကိုယ်စား ဒီကောင့်ကို ငါကိုယ်တိုင်လက်စားချေမယ်ကွ”
ထိုစဉ် မြင်းလှည်းကြီးတစ်စီးထိုးစိုက်လာသည်။ မြင်းနက်ခြောက်ကောင်ဆွဲထားသည့် မြင်းလှည်းကြီးမှာ အလွန်ခံ့ညားလှသည်။ ကျားဖြူသခင်ကြီးက ထိုမြင်းလှည်းကြီးပေါ်သို့တက်ကာ ထိုင်လိုက်သည်။ ပြီးနောက် မြင်းများကိုထိန်းချုပ်မောင်းနှင့်သည့် မြင်းဇက်ကျိုးကိုဆွဲလိုက်ပြီး နှင်တံဖြင့် မြင်းတစ်ကောင်၏ တင်ပါးကိုရိုက်ချလိုက်သည်။
ထိုမြင်းမှာ အသံကုန်ဟစ်အော်ပြီးနောက် ထပြေးလေသည်။ မြင်းခြောက်ကောင်ဆွဲထားသည့် မြင်းရထားပျံကြီးက လျှင်မြန်စွာနှင့် ထွက်ခွာသွားတော့သည်။ အိမ်တော်ထိန်းကြီး ဦးခွန်သိုက်နှင့် အခြားဆမန်းစံအိမ်မှ လူများက လဲကျသေဆုံးနေသည့် လူငယ်အနားသို့တိုးကပ်လာခဲ့သည်။
“ဆမန်းကောင်တွေက ဘယ်လိုသတ်သတ်မသေဘူးဆို၊ အခု သူကတော့ သေပြီလား”
စံအိမ်မှလူတစ်ယောက်မေးလိုက်သည့်အခါ ဦးခွန်သိုက်က ခေါင်းညိတ်လိုက်သည်။
“အဲဒါ ပင့်ကူဖြူရဲ့သံနဲ့ လုပ်ထားတဲ့ဓါးကြောင့်ပဲကွ၊ ဒါကြောင့် ကျားဖြူသခင်ကြီးက ဒီလိုဓါးမျိုးကို နှစ်ပေါင်းများစွာကြာအောင် ရှာဖွေနေခဲ့တာပေါ့”
“နေပါအုံး အိမ်တော်ထိန်းရ၊ ဒီဓါးက ဆမန်းကောင်တွေကို သေအောင်သတ်နိုင်တယ်ဆိုတော့ ကျားဖြူသခင်ကြီးက ဘာလို့များ ဒီဓါးကိုလိုချင်ခဲ့တာပါလိမ့်၊ သူလည်း ဆမန်းကောင်ပဲမဟုတ်ဘူးလား”
ဦးခွန်သိုက်က ခေါင်းခါလိုက်ကာ
“ကဲ၊ ဒီလူငယ်ကို နေရာတစ်နေရာရှာပြီးတော့ မြှုပ်လိုက်ကြတော့၊ သခင်ကြီးမှာ အစီအစဉ်တစ်ခုရှိပုံရတယ်”
ဦးခွန်သိုက်ပြောလိုက်သည့်အခါ လူငယ်လေးဦးခန့်ရောက်လာပြီး အလောင်းကောင်ကြီးကိုသယ်ဆောင်သွားကြလေသည်။
(၂)
ညက ပိန်းပိတ်အောင်မှောင်နေလေသည်။ လမိုက်ညဖြစ်သဖြင့် ညအမှောင်က ပတ်ဝန်းကျင်တစ်ခွင်ကို ပိုမိုကြီးစိုးထားသည်။ ကျယ်ပြောလှသည့် လွင်ပြင်ကျယ်ကြီးတစ်ခုအလယ်တွင် တောင်ကြီးတစ်လုံးက ထီးတည်းကြီး တည်ရှိနေလေသည်။ ထိုတောင်ကြီး၏ ထိပ်တွင်တော့ ကျောက်သားများဖြင့်ဆောက်လုပ်ထားသည့် အဆောက်အဦးကြီးတစ်ခုရှိကာ ထိုအဆောက်အဦးကြီးအတွင်းမှ မီးရောင်များထွက်ပေါ်နေလေသည်။
အဆောက်အဦးကြီးအတွင်းတွင် ကျယ်ဝန်းလှသည့် ခန်းမတစ်ခုရှိပြီး ထိုခန်းမအလယ်တည့်တည့်တွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် စားပွဲဝိုင်းကြီးတစ်ခုရှိလေသည်။ ထိုစားပွဲဝိုင်းကြီးတွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသည့် လူကြီးသုံးယောက်က ထိုင်နေကြလေသည်။
“မတွေ့တာတောင်ကြာပေါ့ သခင်ကြီးတို့ရယ်”
ထိုစဉ် ကွင်းပြင်အတွင်းမှ ခွေးအူသံကြီးကိုကြားလိုက်ရသည်။ မကြာခင် ကွင်းပြင်အတွင်းတွင် ခွေးနက်ကြီးတစ်ကောင်က လျှင်မြန်စွာပြေးလာလေသည်။ ခွေးနက်ကြီးမှာ ကြွက်သားများ အပြိုင်းပြိုင်းထအောင် သန်မာနေပြီး ခွေးကြီး၏ လည်ကုတ်တွင်လည်း လည်ဆံမွှေးဖွားဖွားကြီးများရှိသည်။ ခွေးကြီး၏ မျက်လုံးကြီးနှစ်လုံးမှာ မီးလုံးကြီးနှစ်လုံးသဖွယ် နီရဲကာ ဝင်းလက်တောက်ပနေလေသည်။
ထိုခွေးကြီးက ကွင်းပြင်ကြီးကိုဖြတ်ပြေးပြီးသည့်အခါ တောင်ကြီးပေါ်သို့ခုန်တက်လိုက်သည်။ မက်စောက်သည့် တောင်ကမ်းပါးကြီးအတိုင်း ခုန်ဆွခုန်ဆွနှင့် တက်လာခဲ့ရာ မကြာခင် တောင်ထိပ်ရှိ ကျောက်သားအဆောက်အဦးကြီးထံသို့ရောက်ခဲ့သည်။ ဝင်ပေါက်မှ အဆောက်အဦးအတွင်းသို့ဝင်လိုက်ပြီးသည့်နောက် ခွေးနက်ကြီးက သူ့ကိုယ်တွင်စိုနေသည့် နှင်းများကို တစ်ချက်ခါချလိုက်ပြီး မတ်တပ်ရပ်လိုက်သည့်အခါတွင်တော့ လူကြီးတစ်ဦးအဖြစ် ရုတ်ချည်းပြောင်းလဲသွားလေသည်။
ငွေရောင်အဆင်းရှိသည့် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပိုးသားခေါင်းပေါင်းကြီးကိုပေါင်းထားကာ နှုတ်ခမ်းမွှေးကားကားကြီးရှိသည့် လူကြီးတစ်ယောက်ဖြစ်သွားလေသည်။
“ကျုပ်လာတာ နောက်များကျနေပြီလား သခင်ကြီးတို့”
ထိုအခါ စားပွဲဝိုင်းတွင်ထိုင်နေကြသည့် လူကြီးသုံးယောက်က
“နောက်မကျပါဘူး သိန်နီ သခင်ကြီးရာ၊ ဒါနဲ့ မြောက်ပိုင်းမှာရော အခြေအနေကောင်းရဲ့လား”
သိန်နီသခင်ကြီးက ခေါင်းညိတ်လိုက်ပြီး ကျောက်သားစားပွဲခုံကြီးတစ်နေရာတွင် ဝင်ထိုင်လိုက်လေသည်။
“ကျုပ်တို့သိန်နီနယ်ကတော့ ဆန်ရေစပါးဖြစ်ထွန်းပြီးတော့ စီးပွားရေးလည်းကောင်းလှတာကြောင့် အခက်အခဲသိပ်မရှိပါဘူး သခင်ကြီးတို့”
အခြားသခင်ကြီးများက ခေါင်းညိတ်သည်။ စင်စစ်အားဖြင့် ထိုသူများမှာ ဆမန်းအိမ်တော်များ၏ ခေါင်းဆောင်၊ သခင်ကြီးများဖြစ်ကြသည်။ ခုံတွင်ထိုင်နေသူမှာ သောင်သွပ်သခင်ကြီး၊ မိုးကောင်းသခင်ကြီးနှင့် မိုးညှင်းသခင်ကြီးတို့ဖြစ်ကြသည်။ သိန်နီနယ်ရှိ သိန်နီဆမန်းစံအိမ်တော်မှာ ခွေးအတံဆိပ်ဖြစ်သည်။ ထိုနယ်ရှိဆမန်းကောင်များမှာလည်း ခွေးအ အဖြစ်သို့ပြောင်းလဲနိုင်ကြသည်။ ညောင်ရွှေဆမန်းစံအိမ်မှာ ကျားတံဆိပ်ဖြစ်ပြီး ဆမန်းကောင်များမှာ ကျားအဖြစ်ပြောင်းလဲနိုင်သကဲ့သို့ သိန်နီမှာလည်း ခွေးအ တံဆိပ်ဖြစ်ကာ ခွေးအ အဖြစ်ပြောင်းလဲနိုင်သည့် ဆမန်းကောင်များ စုဝေးနေကြခြင်းဖြစ်သည်။
“ဒါနဲ့ ဆမန်းစံအိမ်သခင်ကြီးတွေကို ဒီဆမန်းနန်းဆောင်မှာ ဘာကြောင့်များတွေ့ဆုံဖို့ ချိန်းဆိုလိုက်ရတာလဲ”
သိန်နီသခင်ကြီးက မေးလိုက်ရာ မိုးညှင်းသခင်ကြီးက ခေါင်းခါလျှက်
“ဒါတော့ ကျုပ်လည်းမသိဘူးဗျို့၊ ကျုပ်တို့အားလုံးကို အရေးတကြီးပြောစရာရှိတယ်ဆိုပြီးတော့ ညောင်ရွှေဆမန်းအိမ်တော်သခင် ကျားဖြူသခင်ကြီးက ဖိတ်ကြားလိုက်တာပဲ”
ထိုတော့မှ သခင်ကြီးများက ခေါင်းညိတ်ကြလေသည်။ ထိုစဉ် ကောင်းကင်တစ်ခွင်တွင် ကျယ်လောင်စူးရှသည့် အသံများကိုကြားလိုက်ရသည်။ ထို့နောက် ထောင်သောင်းနှင့်ချီသည့် လင်းဆွဲများက အုပ်စုဖွဲ့ကာ ပျံသန်းလာကြပြီး ထိုဆမန်းနတ်နန်းဆောင်ကြီးအပေါ်တွင် ဝေ့ဝိုက်ကာပျံဝဲနေလေရာ နတ်နန်းဆောင်ကြီးမှာ ခေါင်မိုးမရှိသည်မို့ လင်းဆွဲကောင်များကို အတိုင်းသားမြင်နေရသည်။
မိုးကောင်း သခင်ကြီးမှာ သူ့အရှေ့ရှိ ရေနွေးကြမ်းခွက်ကို လက်ဖြင့်အုပ်လိုက်ပြီးနောက်
“လင်းဆွဲတွေလာပြန်ပြီဟေ့၊ တော်ကြာ ငါတို့သောက်နေတဲ့အထဲကို လင်းဆွဲက ချေးပါချနေအုံးမယ်”
ထိုလင်းဆွဲများမှာ အုပ်ဖွဲ့ပျံသန်းပြီးနောက် ဆမန်းနတ်နန်းဆောင်ကြီးအတွင်းသို့ စုပြုံကာဆင်းလိုက်လေသည်။ ထို့နောက် လင်းဆွဲများမှာ တစ်ကောင်နှင့်တစ်ကောင် ကုပ်ဖက်တက်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မိန်းကလေးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။
“ဘာလဲ ရှင်တို့က လင်းဆွဲတွေကိုကြောက်လို့လား”
မိုးကောင်းသခင်ကြီးက မျက်နှာကိုရှုံ့မဲ့လိုက်ပြီး
“ကြွက်တွေလောက်ဖမ်းပြီးစားတဲ့ လင်းဆွဲတွေကို ကြောက်စရာလား၊ ငါက လင်းဆွဲတွေမြင်ရင် ရွံတတ်လို့ကွ”
မိုးကောင်းသခင်ကြီးက ပြောဆိုလိုက်သည့်အခါ ထိုမိန်းကလေးမျက်နှာမှာ တင်းမာသွားလေသည်။ မိုးကောင်းသခင်ကြီးနှင့် ထိုမိန်းကလေးမှာ ဆက်ဆံရေးတင်းမာနေသည်ကိုတွေ့လိုက်ရသဖြင့် သောင်သွပ်သခင်ကြီးက မတ်တပ်ထရပ်လိုက်ကာ
“လင်းဆွဲတစ်ထောင် သခင်မ ရောက်လာပြီလား၊ ကြိုဆိုပါတယ်”
လင်းဆွဲတစ်ထောင်သခင်မက မျက်နှာထားတင်းတင်းနှင့်
“မောင်မင်းကသာ ကြိုဆိုတာပါ၊ မောင်မင်းရဲ့အကိုက ကျုပ်ကိုကြိုဆိုချင်ပုံမရဘူး၊ သူက ဒီလိုလင်းဆွဲအကောင်သေးသေးလေးတွေကိုတောင်မှ သိပ်ကြောက်နေတဲ့ပုံပဲ”
မိုးကောင်းသခင်ကြီးက ထိုင်နေရာမှာ မတ်တပ်ထရပ်လိုက်ပြီး ကျောက်စားပွဲခုံကြီးကို လက်သီးဖြင့်ထုနှက်လိုက်သည်။
“မင်းတော်တော်အတင့်ရဲနေပါလား လင်းဆွဲမ”
“ဟား၊ ဟား ရှင်ကြောက်ရင်ကြောက်တယ်လို့ဝန်ခံလိုက်စမ်းပါ၊ ဒီမှာ ကျုပ်က မိုးမိတ်၊ မိုးနဲ၊ မိုးပြဲသုံးနယ်ကို အစားရတဲ့ မိုးဗြဲဆမန်းအိမ်တော်က လင်းဆွဲတစ်သောင်းသခင်ကြီးရဲ့ကိုယ်စားလာခဲ့တာပဲ၊ ရှင်တို့ ကျုပ်ကို မလေးမစားမလုပ်နဲ့”
မိုးညှင်းသခင်ကြီးက မိုးကောင်းသခင်ကြီးကိုဝင်ဆွဲသော်လည်း မိုးကောင်းသခင်ကြီးက တွန်းထုတ်လိုက်ပြီးနောက် ကိုယ်လုံးကြီးက ရှည်လျားသွားကာ နက်မှောင်နေသည့် အကြေးခွံကြီးများ ဖုံးအုပ်ထားသည့် မြွေနဂါးကြီးတစ်ကောင်ဖြစ်သွားလေသည်။ မြေနဂါးကြီးက အမောက်ကြီးကိုထောင်လိုက်ကာ ပါးပျဉ်းကြီးကိုခွက်လိုက်သည်။ ပါးစပ်ကိုဖြဲလိုက်ပြီး အာခံတွင်းမှ အလင်းရောင်များက ထွက်လာလေသည်။
“အားလုံး တော်ကြစမ်း . . .”
အသံကျယ်ကြီးကို ကြားလိုက်ရသဖြင့် သခင်ကြီးများအားလုံးလှည့်ကြည့်လိုက်ရာ ကျားဖြူသခင်ကြီးက ဆမန်းနတ်နန်းဆောင်အတွင်းသို့ တစ်လှမ်းချင်းဝင်ရောက်လာလေသည်။
“ခင်ဗျားတို့က တွေ့လိုက်တာနဲ့ အချင်းချင်းရန်ဖြစ်ဖို့ပဲသိကြတယ်”
ကျားဖြူသခင်ကြီးက သူ့လက်ထဲမှ ကျားဖြူသခင်မ၏ ဦးခေါင်းပြတ်ကြီးကို ကျောက်စားပွဲကြီးအပေါ်သို့ ပစ်တင်လိုက်လေသည်။ ဆမန်းသခင်ကြီးများအားလုံးမှာ ထိုခေါင်းပြတ်ကြီးကို ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည။
“ဒါ . . . ဒါ ညောင်ရွှေက ကျားဖြူသခင်မ မဟုတ်လား”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်ပြီးနောက် စားပွဲခုံတွင်ဝင်ထိုင်လေသည်။ ကျန်သည့် သခင်ကြီးများက
“ကျားဖြူသခင်မကို ဘယ်သူက သတ်သွားတာလဲ၊ ဘာလို့သူက ပြန်လည်မရှင်သန်တော့တာလဲ”
“ကျုပ်လည်း ဒီအကြောင်းကိုပြောချင်လို့ အားလုံးကိုစုစည်းလိုက်ရတာပဲ”
ကျားဖြူသခင်ကြီးက ထိုသို့ပြောလိုက်သော်လည်း လင်းဆွဲတစ်ထောင်သခင်မနှင့် မိုးကောင်းသခင် မြွေနဂါးကြီးမှာ တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်လျှက်ရှိသည်။ ကျားဖြူသခင်ကြီးက ထိုနှစ်ယောက်ကိုတစ်ချက်ကြည့်ရင်း
“ခင်ဗျားတို့ အေးအေးဆေးဆေးထိုင်လိုက်ကြစမ်းပါ”
ကျားဖြူသခင်ကြီးပြောသော်လည်း ထိုနှစ်ယောက်က တိုက်ခိုက်ရန်သာ တကဲကဲပြင်ဆင်နေလေရာ ကျားဖြူသခင်ကြီးမှာ အလွန်ဒေါသထွက်သွားမိသည်။
“ခင်ဗျားတို့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ထိုင်ကြမလား၊ ဒါမှမဟုတ် ကျုပ်က ဝင်ပြီးဖြေရှင်းပေးရမလား”
လင်းဆွဲတစ်ထောင်သခင်မက ကျားဖြူသခင်ကြီးကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်က စိန်ခေါ်သည့်အကြည့်မျိုးဖြစ်သည်။ ကျားဖြူသခင်ကြီးမှာ ဝှစ်ခနဲပျောက်ကွယ်သွားပြီး လင်းဆွဲတစ်ထောင်သခင်မ၏ အနောက်သို့ ရောက်သွားလေသည်။ ထို့နောက် လင်းဆွဲတစ်ထောင်သခင်မ၏ ကျောကို ပင့်ကူသံဖြူဓါးကြီးနှင့် ထောက်ထားလိုက်လေရာ အားလုံးက အံ့ဩမှင်တက်သွားလေသည်။
“မင်းခေါင်းမမာနဲ့ နန်းမွန်၊ ဆမန်းကျင့်စဉ် ကိုးဆင့်အထိ ကျင့်ကြံထားတဲ့ငါ့ကို နင်က နိုင်မယ်လို့များထင်နေလို့လား”
လင်းဆွဲတစ်ထောင်သခင်မက ကြောက်လန့်သွားပြီး သူ့အရှေ့ရှိထိုင်ခုံတွင် အသာဝင်ထိုင်လိုက်သည်။ ကျားဖြူသခင်ကြီးက မြွေနဂါးကြီးကိုတစ်ချက်ကြည့်လိုက်ရာ မြွေနဂါးကြီးမှာ လူအဖြစ်ပြန်လည်ပြောင်းလဲသွားပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ကျားဖြူသခင်ကြီးက အားလုံးကိုတစ်ချက်ဝေ့ကြည့်ပြီး
“အုန်းဘောင် သခင်ကြီးမလာပါလားဟေ့”
ထိုအခါ သိန်နီသခင်ကြီးက
“သူနေမကောင်းဖြစ်နေတယ်လို့ပြောတာပဲ”
ထိုအခါ ကျားဖြူသခင်ကြီးက အလွန်ရယ်ရသည့် ဟာသပျက်လုံးတစ်ခုကိုကြားလိုက်ရသလို ရယ်မောလိုကလေသည်။
“ဆမန်းကောင်ကများ ဖျားရတယ်လို့ကွာ၊ ကဲပါ၊ ငါတို့လူရှိသလောက်ပဲ ပြောကြတာပေါ့”
ကျားဖြူသခင်ကြီးက ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး
“အခု ငါတို့ဆမန်းအိမ်တော်တွေအားလုံးကို ဒုက္ခ ပေးမဲ့ အရာတစ်ခုရှိတယ်၊ အဲဒီအရာကို မင်းတို့တွေအားလုံး သတိထားနိုင်လို့ အခုလိုစုစည်းလိုက်ရတာပဲ”
“အဲဒီအရာက ဘာလဲ”
ကျားဖြူသခင်ကြီးက လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး
“လူတစ်ယောက်၊ ဒါပေမယ့် တစ်ယောက်တည်းလည်းဖြစ်ချင်မှဖြစ်မယ်”
“လူကိုများ ကြောက်စရာလားဗျာ”
မိုးညှင်းသခင်ကြီးက ကြားဖြတ်ပြောလိုက်သည့်အခါ ကျားဖြူသခင်ကြီးက စားပွဲပေါ်မှ ခေါင်းပြတ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ဆမန်းအဆင့် ခုနှစ်ဆင့်ကို ကျင့်ထားတဲ့ ကျားဖြူသခင်မတောင်မှ ဒီလိုဖြစ်သွားအောင်လုပ်တဲ့လူကို ငါတို့မကြောက်ဘဲနေလို့ရမလား”
“ဒါဆို အဲဒီလူက ကျားဖြူသခင်မကို ခေါင်းပြတ်အောင်လုပ်ခဲ့တာပေါ့”
“မှန်တယ်၊ ဆမန်းကောင်တွေက မသေနိုင်ဘူးဆိုပေမယ့် အဲဒီလူရဲ့ဓါးနဲ့ ခုတ်ဖြတ်ခံလိုက်ရရင် အခုလိုမျိုးဖြစ်သွားနိုင်တယ်”
လင်းဆွဲတစ်ထောင်သခင်မက ဒေါသထွက်သွားပြီး
“အဲဒီလူကဘယ်သူလဲ၊ ဘယ်နေရာမှာနေသလဲ”
ကျားဖြူသခင်ကြီးက သက်ပြင်းချလိုက်ပြီး
“ငါသာ အဲဒီလူရဲ့နေရာကိုသိရင် ဒီမှာရောက်နေပါ့မလား၊ ငါတောင်နေရာမသိလို့ မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာပေါ့”
“ဒါဆို ကျားဖြူသခင်ကြီးက ဘာဆက်ဖြစ်ချင်တာလဲ”
“ဆမန်းကောင်တွေအားလုံး နှစ်ပေါင်းထောင်ချီအတွင်းမှာ ပထမဆုံးအကြိမ် ဒုက္ခ ကြုံတွေ့နေပြီဖြစ်တယ်၊ ဒီတော့ ဒီလူကိုငါတို့ရှာကြမယ်၊ ဒီလူက ဆမန်းကောင်တွေကို အနရာယ် မပေးနိုင်ခင် ဒီကောင့်ကိုငါတို့အပြတ်ရှင်းမှရမယ်”
စားပွဲဝိုင်းတွင်ထိုင်နေကြသည့် ဆမန်းစံအိမ်များမှ သခင်ကြီးများက ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပြီ၊ ဒါဆို ကျုပ်တ်ို့နယ်တွေမှာ ဒီကောင့်ရဲ့သတင်းကိုစုံစမ်းပေးပါ့မယ်”
လင်းဆွဲတစ်ထောင်သခင်မက မတ်တပ်ရပ်လိုက်ပြီး
“စုံစမ်းဖို့ဆိုရင်တော့ ကျွန်မတာဝန်သာထားလိုက်စမ်းပါ၊ ဒီမြွေတွေ၊ ခွေးတွေကို အားကိုးမနေပါနဲ့”
လင်းဆွဲတစ်ထောင်သခင်မက ပုတ်ခတ်ပြောဆိုလိုက်သဖြင့် ကျန်သည့်ဆမန်းသခင်ကြီးများမှာ မျက်နှာပျက်သွားကြသည်။ လင်းဆွဲသခင်မက စားပွဲပေါ်ရှိ ကျားဖြူသခင်မ၏ ခေါင်းပြတ်ကြီးကို လက်ဝါးဖြင့်အုပ်ကာ ကိုင်ထည့်လိုက်သည်။ ထို့နောက်
“အမြင်ဓါတ်တွေပေးပါ၊ မင်းမြင်ခဲ့ရတဲ့ အမြင်ဓါတ်တွေပေးပါ”
လင်းဆွဲတစ်ထောင်သခင်မက ရေရွတ်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်လေသည်။ ထိုအခါ ကျားဖြူသခင်မ နောက်ဆုံးအကြိမ်မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို သူ့မျက်လုံးထဲတွင် မြင်တွေ့နေရသည်။
“လူတစ်ယောက်၊ ခေါင်းတုံးနဲ့ မျက်လုံးတစ်ဖက်ကန်းနေတယ်၊ လျှာလည်းမပါပြန်ဘူး၊ သူ့လက်ထဲမှာတော့ ဓါးတစ်လက်ကိုင်ထားတယ်၊ အဲဒီဓါးက အရမ်းလင်းတယ်”
“အဲဒါဘာဓါးလဲ”
ကျားဖြူသခင်ကြီးက စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။ လင်းဆွဲတစ်ထောင်သခင်မက ခေါင်းကိုခါပြရင်း
“မသိဘူး၊ သေသေချာချာမမြင်ရဘူး၊ နောက်ဆုံးသူစကားတစ်ခွန်းအော်လိုက်တယ်”
“ဘာစကားလဲ”
“အရိပ်မဲ့ဓါးခုနစ်ချက်တဲ့”
ကျားဖြူသခင်ကြီးက ခေါင်းကိုတဆတ်ဆတ်ညိတ်နေလေသည်။
“အရိပ်မဲ့ဓါးဆိုပါလား”
ထိုအခါ ကျန်သည့် ဆမန်းစံအိမ်သခင်ကြီးများက မတ်တပ်ထရပ်လိုက်ကာ
“ဒါနဲ့စကားမစပ် ခင်ဗျားရဲ့ရှင်မ ဆုံးပါးသွားတဲ့အပေါ်မှာ ကျုပ်တို့စိတ်မကောင်းဖြစ်မိပါတယ်=
ထိုအခါ ကျားဖြူသခင်ကြီးက ရယ်မောလိုက်ကာ
“ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ကွ၊ ငါက ဒီအခြေအနေကို ပိုတောင်ကြိုက်သေးတာ”
သခင်ကြီးများအားလုံး ကျားဖြူသခင်ကြီးကို နားမလည်စွာဖြင့် ကြည့်လိုက်ကြသည်။ ကျားဖြူသခင်ကြီးက ခေါင်းပြတ်ကြီးကို ကောက်ယူလိုက်ကာ နမ်းရှုပ်လိုက်ရင်း
“မိန်းမတွေဆိုတာ ပါးစပ်ပိတ်နေတဲ့အချိန်မှာ အလှဆုံးပဲဆိုတဲ့ စကားရှိတယ်မဟုတ်လား၊ ငါ့ရှင်မ အခုလိုဖြစ်သွားတာလည်း ခပ်ကောင်းကောင်းပဲကွ၊ နို့မို့ဆို နားငြီးအောင် စကားတွေပြောတော့မှာမဟုတ်လား . . . ဟား၊ ဟား”
ထိုစဉ် လင်းဆွဲတစ်ထောင်သခင်မမှာ လင်းဆွဲများဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်သို့ပျံတက်သွားသည်။ အခြားဆမန်းစံအိမ်မှ သခင်ကြီးများမှာလည်း မိမိနည်းဖြင့်မိမိ ပြန်သွားကြလေသည်။ နောက်ဆုံး ကျောက်စားပွဲဝိုင်းကြီးပေါ်တွင် ကျားဖြူသခင်ကြီးသာ ကျန်နေခဲ့လေသည်။ ကျားဖြူသခင်ကြီးက ကျားဖြူသခင်မ၏ မျက်နှာကိုအသေအချာကြည့်လိုက်ကာ
“ရှင်မရေ၊ မင်းပါးစပ်ပိတ်နေတာ တော်တော်လှတာပဲကွ၊ ဟား၊ ဟား”
ဟု အသံနက်ကြီးနှင့် ရယ်မောလိုက်တော့သည်။
(၃)
ထောင်နှင့်ချီသည့် လင်းဆွဲအုပ်စုကြီးက ပျံသန်းလာပြီးနောက် တောင်ကြီးတစ်တောင်အနီးသို့ ဆင်းသက်လိုက်လေသည်။ ထိုတောင်ကြီး၏ကမ်းပါးယံတွင် ကြီးမားလှသည့် လှိုဏ်ဂူကြီးတစ်ခုရှိပြီး ထိုလှိုဏ်ဂူအဝတွင်တော့ စံအိမ်ကြီးတစ်အိမ်ရှိသည်။ ထိုစံအိမ်ကြီးမှာ မိုးဗြဲ ဆမန်းစံအိမ်ကြီးပင်ဖြစ်သည်။ စံအိမ်တော်ကြီးအရှေ့တွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် လင်းဆွဲရုပ်ကြီးတစ်ရုပ်ထွင်းထုထားလေသည်။
လင်းဆွဲတစ်ထောင်သခင်မက ကျောက်ဂူကြီးအတွင်းသို့ ပျံသန်းလာသည့်အခါ လင်းဆွဲကြီးများက ကျောက်ဂူအတွင်းပြည့်နှက်နေသည်။ ကျောက်ဂူခန်းမကြီးတစ်ခုအရောက်တွင် လင်းဆွဲတစ်ထောင်သခင်မက ရပ်တန့်လိုက်ပြီး လူအဖြစ်ပြောင်းလဲလိုက်ကာ မြေပေါ်တွင်ရပ်လိုက်သည်။
“ဘာထူးခြားလဲ နန်းမွန်”
လင်းဆွဲကြီးတစ်ကောင်က ကျောက်ဂူမျက်နှာကျက်တွင် ဇောက်ထိုးကြီးဆွဲကာ တွဲလောင်းနေလျှက် လင်းဆွဲတစ်ထောင်သခင်မကို မေးမြန်းလိုက်ရာ သခင်မက မြေပေါ်သို့ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး
“ကျားဖြူသခင်မကို လူတစ်ယောက်က သတ်သွားပါတယ်၊ အဲဒီလူမှာ ထူးဆန်းတဲ့လက်နက်တစ်ခုရှိပြီးတော့ အဲဒီလက်နက်နဲ့တိုက်ခိုက်လိုက်ရင် ဆမန်းကောင်တွေက အသက်ပြန်မရှင်နိုင်ဘဲ ကျောက်ရုပ်ကြီးသဖွယ် သေဆုံးသွားပါတယ် သခင်ကြီး”
လင်းဆွဲတစ်ထောင်သခင်မပြောလိုက်သည့်အခါ ထိုလင်းဆွဲကြီးက အသံအကျယ်ကြီးနှင့်ရယ်မေလိုက်လေရာ ကျောက်ဂူကြီးအတွင်း ရယ်သံကြီးက ပဲ့တင်ထပ်သွားလေသည်။ လင်းဆွဲကြီးက ခန်းမကြီးအတွင်းလှည့်ပတ်ပျံသန်းနေရင်းမှ လင်းဆွဲတစ်ထောင်သခင်မ၏ အရှေ့တွင် ဆင်းသက်လိုက်လေသည်။
“လူတစ်ယောက်က ဆမန်းကောင်ကို သတ်လိုက်တယ်တဲ့လား၊ မင်းငါ့ကို နောက်ပြောင်နေတာတော့မဟုတ်ပါဘူးနော် ရှင်မ”
“သုံးနယ်ပိုင်ရှင်၊ လင်းဆွဲတစ်သောင်းသခင်ကြီးကို ကျွန်မက နောက်ပြောင်ဝံ့ပါ့မလားရှင်”
“ဒါဆိုရင်တကယ်ပေါ့၊ ဒါနဲ့ ဘယ်လိုလူကများ ကျားဖြူသခင်မကို သတ်ဖြတ်နိုင်ခဲ့ပါလိမ့်”
“ဒါကြောင့် ကျားဖြူသခင်ကြီးက အတော်စိတ်ဆိုးနေပါတယ်၊ ပြီးတော့ အဲဒီလူကိုလည်း ရှာဖွေခိုင်းပါတယ်”
“မင်းသူ့ရုပ်ကိုမြင်ခဲ့ပြီလား”
လင်းဆွဲတစ်ထောင်သခင်မက ခေါင်းညိတ်လိုက်သည့်အခါ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ သူ့လက်ဝါးကိုဖြန့်လိုက်ပြီး လင်းဆွဲတစ်ထောင်သခင်မ၏ ငယ်ထိပ်ကိုလက်နှင့်အုပ်လိုက်လေသည်။
“မင်းဆီက အမြင်ဓါတ်တွေကို ငါ့ကိုပေးပါ”
လင်းဆွဲတစ်ထောင်သခင်မ မြင်တွေ့ခဲ့ရသည့် ပုံရိပ်များကို လင်းဆွဲတစ်သောင်း သခင်ကြီးက ပြန်လည်မြင်တွေ့နေရသည်။ ပြီးတော့မှ လက်ကိုလွှတ်လိုက်သည်။
“ဆမန်းစံအိမ်တော်တွေကို ရန်ပြုတယ်ဆိုတာ ငါတို့ရဲ့ဘုံရန်သူပဲ နန်းမွန်၊ ဒီတော့ မင်းအစွမ်းရှိသလောက် ဒီလူကိုရှာဖွေပေးလိုက်ပါ၊ မင်းမှာ တောင်ပံတွေရှိပြီး၊ နားတွေလည်းရှိတာမို့လို့ မင်းကို ကျားဖြူသခင်ကြီးက အားကိုးတာဖြစ်မယ်”
“စိတ်ချပါသခင်ကြီး”
တောင်မြင့်တောင်ကြီးမှာ နာမည်အတိုင်းပင် မြင့်မားလှသည်။ ငခမ်းတို့လည်း တောင်ပေါ်ကိုတက်လာခဲ့ကြရာ တောင်ထိပ်မရောက်ခင်မှာပင် မိုးချုပ်သွားသဖြင့် တောင်ကမ်းပါးယံတစ်နေရာတွင် အနားယူလိုက်ကြရသည်။
တောင်ပေါ်တွင် လေကတဝူးဝူးနှင့်တိုက်ခတ်နေသဖြင့် သစ်တောအုပ်အတွင်း ဝင်ရောက်လိုက်ကြသည်။ ချမ်းအေးသည့် ရာသီဥတုကို အံတုရန်အတွက် မီးပုံတစ်ပုံကိုဖိုထားသော်လည်း အေးမြသည့်လေများက ခပ်ပြင်းပြင်းတိုက်ခတ်နေသဖြင့် ထင်သလောက်မနွေးပေ။
“ငခမ်း၊ မင်းလုပ်ရမယ့်အလုပ်ကို မင်းသိတယ်မဟုတ်လား”
မုန်တိုင်းက ငခမ်းကိုမေးလိုက်ရာ ငခမ်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျောကုန်းတွင်လွယ်ထားသည့် သူ့ညာဘက်လက်ကိုဖြုတ်လိုက်ကာ အဝတ်စများကိုဖွင့်ကြည့်လိုက်သည်။ လက်မောင်းအရင်းပြတ်ထွက်နေသည့် လက်မှာ မနေ့တစ်နေ့မှ ပြတ်ထားသကဲ့သို့ပင် လတ်ဆတ်နေလေသည်။ ငခမ်းက လက်မောင်းကိုအသေအချာစိုက်ကြည့်လိုက်သည့်အချိန်တွင် လက်ပြတ်ကြီးထံမှ အသံကြားရသည်။
“ငခမ်း . . . မင်းငါ့ကိုလိုအပ်တယ်”
ငခမ်းက မသိချင်ယောင်ဆောင်နေလိုက်သည်။
“မင်းငါ့ကိုစွန့်လွှတ်လိုက်ရင် မင်းက ဘာမှမဟုတ်တဲ့ကောင်ဖြစ်သွားမယ် ငခမ်း”
ငခမ်းက ဆက်ပြီးနားမထောင်တော့ဘဲ လက်ပြတ်ကြီးကိုပြန်လည်ထုတ်ပိုးလိုက်သည်။ ပျံလွှားနှင့် မုန်တိုင်းမှာ ခေါင်ရည်တစ်ယောက်တစ်လှည့်သောက်နေကြသဖြင့် ငခမ်းအား သတိထားမိပုံမရသော်လည်း သစ်ပင်တစ်ပင်ကို မှီလျှက် ငခမ်းကိုစောင့်ကြည့်နေသည့် စည်သူကတော့ တစ်ခုခုကို သိထားသကဲ့သို့ဖြစ်နေသည်။ ငခမ်းက ထိုလက်ပြတ်ကြီးကို ကျောတွင်ပြန်လွယ်လိုက်သည့်အခါ သူ့နားထဲ စကားသံတစ်ခုကိုကြားရသည်။
“ငခမ်း . . . ဒီအရာက မင်းနဲ့မအပ်စပ်ဘူးငခမ်း၊ ဒီအရာကို ဖက်တွယ်ထားရင် မင်းဘ၀တစ်လျှောက် အဆိုးတွေချည်း ဆက်ပြီးကြုံတွေ့နေမှာပဲ”
အသံကတော့ စည်သူ၏အသံဖြစ်သည်။ လျှာပြတ်နေသည့်စည်သူမှာ ငခမ်းအား မနောအာရုံအပြောဖြင့ လှမ်းပြီးဆက်သွယ်ခြင်းဖြစ်မည်။ ငခမ်းက စည်သူကိုတစ်ချက်လှည့ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက် နားထဲတွင် အသံသေးသေးကလေးကို ကြားလာရပြန်သည်။
“သူပြောတာ နားယောင်မနေနဲ့ငခမ်း၊ ငါပြောတာကိုယုံစမ်းပါ၊ သူက မင်းကိုမကောင်းတဲ့လမ်းကိုပို့နေတာ၊ သူက မင်းကိုလည်း သူ့လိုအရှုံးသမားဖြစ်စေချင်နေတာ”
ကျောကုန်းတွင်လွယ်ထားသည့် လက်တွင် စွဲကပ်နေသည့် နတ်ဆိုး၏ပါးစပ် အသေးလေးက ငခမ်းအား စွဲဆောင်နေခြင်းဖြစ်သည်။
“တော်ပါတော့ မင်းဘာမှဆက်မပြောနဲ့တော့ အသေးလေး”
“ဟား၊ ဟား မင်းနဲ့ငါနဲ့က စိတ်ချင်းနည်းနည်းဆက်သွယ်မိပြီးသားပါ ငခမ်းရာ၊ မင်းစိတ်ထဲ ဘာတွေဖြစ်နေသလဲဆိုတာကို ငါခံစားမိနေပါတယ်၊ မင်းငါ့ကို မစွန့်လွှတ်နိုင်ဘူးမဟုတ်လား”
“ငါနဲ့အတူတူ ကျန်တဲ့အစိတ်အပိုင်းအားလုံးကို လိုက်ရှာကြမယ်၊ ပြီးရင် ငါတို့အတူတူ လောကကြီးကိုအုပ်စိုးကြမယ်ငခမ်း”
ငခမ်းတစ်ယောက် ဘာမှမပြောတော့ဘဲ နားကိုလက်နှင့်ပိတ်လိုက်လေသည်။
“ဟား၊ ဟား မင်းမှာလက်တစ်ဖက်ထဲရှိတာပါကွ၊ မင်းရဲ့နောက်ထပ်နားတစ်ဖက်ကို မင်းဘယ်လိုပိတ်မှာလဲ”
“တော်ပါတော့၊ ခင်ဗျားတော်ပါတော့”
ငခမ်းက ခပ်ကျယ်ကျယ်အော်လိုက်သဖြင့် မုန်တိုင်းနှင့် ပျံလွှားက ငခမ်းအား အထူးအဆန်းဖြင့်ကြည့်လိုက်ကြသည်။
ထိုစဉ် မုန်တိုင်းမှာ ငြိမ်သက်သွားလေသည်။ ပါးစပ်ကိုလက်ညှိုးနှင့်ပိတ်ပြီးနောက် အသံတိုးတိုးကလေးဖြင့်
“ခင်ဗျားတို့ကြားလား”
ငခမ်းတို့လည်း အသံကိုနားစွင့်လိုက်သည်၊ ထိုအခါ တောအုပ်အတွင်းမှ လင်းဆွဲများက အုပ်စုဖွဲ့ကာ အသံပေးလျှက် ပျံသန်းသွားကြလေသည်။ မုန်တိုင်းက ချက်ချင်းပင် လေးကိုကောက်ကိုင်လိုက်ကာ မြားတစ်ချောင်းဖြင့် လင်းဆွဲကိုပစ်ခတ်လိုက်လေရာ သူတို့ခေါင်းပေါ်မှဖြတ်ပျံသွားသည့် လင်းဆွဲများအနက်မှ လင်းဆွဲတစ်ကောင်က မြားချက်စိုက်လျှက် ပြုတ်ကျလာလေသည်။
“လင်းဆွဲပါကွ မုန်တိုင်းရ”
“အေးလေ၊ လင်းဆွဲဆိုတော့ စားရတာပေါ့ကွာ”
မုန်တိုင်းက မြားတံတန်းလန်းနှင့် လင်းဆွဲကို ကောက်ယူလိုက်ပြီး မီးပုံပေါ်သို့တင်လိုက်ကာ ကင်နေလေသည်။ ထို့နောက် မုန်တိုင်းက ငခမ်းကိုတစ်ချက်ကြည့်ရင်း
“မင်းအရှေ့မှာ လင်းဆွဲတစ်ကောင်ကို စားသောက်ရတဲ့အတွက် မင်းကိုတောင်းပန်ပါတယ် ငခမ်းရာ”
လင်းဆွဲမှာ လင်းနို့ထက်အကောင်ကြီးသည့်အပြင် အသားလည်းဆူလေရာ အချို့မှာဖမ်းယူစားသောက်ကြလေသည်။ သို့သော် မုန်တိုင်းက လင်းဆွဲကို ကင်နေသော်လည်း လင်းဆွဲကာ ဘာမှမဖြစ်ပေ၊ အမွှေးအမျှင်တစ်ပင်ကိုပင် မီးကမစွဲပေ။ မုန်တိုင်းလည်း လင်းဆွဲကိုအသေအချာကြည့်ရင်း အံ့ဩနေမိသည်။
“ဘယ်လိုကောင်ပါလိမ့်”
မုန်တိုင်းက စိတ်မရှည်တော့ဘဲ ထိုလင်းဆွဲကို မီးပုံအတွင်းသို့ပစ်ထည့်လိုက်လေရာ လင်းဆွဲမှာ မီးပုံထဲတွင် တောင်ပံတဖြတဖြတ်ခတ်ကာ လူးလွန့်နေသေးသည်။ ခဏကြာတော့မှ လင်းဆွဲမှာ ငြိမ်သက်သွားလေရာ မုန်တိုင်းက ဓါးတစ်လက်ဖြင့် လင်းဆွဲ၏ အမွှေးအတောင်များကို ခြစ်ချလိုက်ကာ ကလီစာများကိုထုတ်လိုက်လေသည်။
“မင်းမို့လို့ လင်းဆွဲစားတယ် မုန်တိုင်းရာ”
ပျံလွှားကပြောလိုက်သည့်အခါ မုန်တိုင်းက
“အောင်မယ်၊ လင်းဆွဲအသားသိပ်ကောင်းတာဗျ၊ ခင်ဗျားမစားဖူးလို့ စားများစားကြည့်ပြီးရင် တခြားအသားမတောင်းတော့ဘဲ လင်းဆွဲသားပဲ တောင်းနေမှာမြင်ယောင်သေးတယ်”
မုန်တိုင်းက ပြောပြောဆိုဆိုနှင့် လင်းဆွဲ၏ ပေါင်သားကိုဖြတ်ထုတ်လိုက်ပြီး ပျံလွှားကိုလှမ်းပေးသည်။ ပျံလွှားလည်း မစားချင်သဖြင့် ခေါင်းခါနေရသည်။
“စားစမ်းပါဗျ၊ စားဖူးတယ်ရှိအောင် တစ်ကိုက်လောက်တော့ စားစမ်းပါ”
မုန်တိုင်းက သူကိုယ်တိုင်လည်း လင်းဆွဲအသားကိုဖဲ့ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် ပျံလွှားကိုလည်း မရမကကျွေးရာ ပျံလွှားလည်းနောက်ဆုံးမငြင်းသာတော့ပဲ စားလိုက်ရတော့သည်။
“ကောင်းရဲ့လား”
မုန်တိုင်းက အားရဝမ်းသာမေးသည်။ ပျံလွှားက တစ်ချက်နှစ်ချက်ကိုက်ဝါးနေရင်း ခေါင်းညိတ်ပြသည်။
“မဆိုးပါဘူး၊ စားလို့တော့ကောင်းသားပဲ”
“ဟား၊ ဟား ခင်ဗျားလည်း နောက်ဆို လင်းဆွဲမှ လင်းဆွဲဖြစ်နေအုံးမယ် ပျံလွှား”
မုန်တိုင်းက ရယ်မောလိုက်ပြီး လင်းဆွဲအသားကိုစားလေသည်။ ထိုစဉ် လင်းဆွဲအုပ်ကြီးပျံသန်းလာသည့်အသံများကိုကြားလိုက်ရသည်။ မုန်တိုင်းက ဝမ်းသာအားရနှင့်
“စားရကံကြုံတာပဲဟေ့၊ လင်းဆွဲအသားတော့ တ၀ကြီး စားရတော့မယ်နဲ့တူတယ်”
မုန်တိုင်းက လေးနှင့်မြှားကိုကောက်ကိုင်လိုက်သည့်အခါ အကောင်ရေထောင်ချီရှိသည့် လင်းဆွဲများက အုပ်စုဖွဲ့ကာပျံသန်းလျှက် သူတို့အပေါ်တွင် အလုံးလိုက်အထွေးလိုက်ကြီး ပျံဝဲနေလေသည်။ မုန်တိုင်းလည်း ထိုအဖြစ်ကိုအံ့ဩပြီးကြည့်နေစဉ်မှာပင် လင်းဆွဲများက မီးပုံနံဘေးတွင် ဆင်းသက်လိုက်ကြသည်။ လင်းဆွဲတစ်ကောင်ပြီးတစ်ကောင် စုဝေးလိုက်ကြသည့်အခါ မကြာခင် မိန်းကလေးတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။
“လင်းဆွဲက မိန်းကလေးဖြစ်သွားတယ်လား”
မုန်တိုင်းတို့ အံ့ဩပြီးကြည့်နေမိသည်။ ထိုမိန်းကလေးက မဲ့ပြုံးပြုံးလိုက်ပြီး
“နောက်ဆုံးတော့ မင်းကိုငါတွေ့ပြီ”
ငခမ်းက မတ်တပ်ထရပ်လိုက်ပြီး
“ခင်ဗျားက ဘယ်သူတုန်း”
“ငါက လင်းဆွဲတစ်ထောင် သခင်မပဲ”
ငခမ်းက ပြုံးလိုက်ပြီးနောက်
“အရင်ကတော့ ဟုတ်ရင်ဟုတ်မယ်၊ အခုတော့ ခင်ဗျားက လင်းဆွဲကိုးရာ့ကိုးဆယ်ကိုးကောင် သခင်မဖြစ်သွားပြီ”
လင်းဆွဲတစ်ထောင်သခင်မက ထူးဆန်းသွားပြီး
“မင်းဘာပြောတာလဲ”
“ခင်ဗျားလင်းဆွဲတစ်ကောင်ကို ဟိုကောင်တွေစားလိုက်ပြီလေဗျာ”
မုန်တိုင်းနှင့် ပျံလွှားတို့မှာ လင်းဆွဲအသားများကို ဝါးနေရင်း လင်းဆွဲတစ်ထောင်သခင်မကိုကြည့်လိုက်ကြသည်။ မုန်တိုင်းက သူ့လက်ထဲမှ လင်းဆွဲကောင်ကို မီးပုံထဲသို့ပစ်ထည့်လိုက်သေးသည်။ လင်းဆွဲတစ်ထောင်သခင်မက အလွန်ဒေါသထွက်သွားပြီး စူးရှသည့်အသံနှင့် ဟစ်အော်လိုက်လေသည်။
“ရှင်တို့အားလုံးသေရမယ်၊ ရှင်တို့ ကျုပ်အကြောင်းသိစေရမယ်”
နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် လင်းဆွဲတစ်ထောင်သခင်မတွင် ဆက်လက်ဖတ်ရှုပါ။