အတွဲ(၃) အပိုင်း(၃)
(၁)
“ရှင်တို့အားလုံးကိုသတ်မယ်၊ ရှင်တို့အားလုံးသေရမယ်”
လင်းဆွဲတစ်ထောင်သခင်မက အသံနက်ကြီးဖြင့်အော်ပြောလိုက်ပြီးနောက် အနောက်သို့ခုန်ဆုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုဆန့်တန်းလိုက်လေသည်။ ထိုအခါ သူ့လက်အတွင်းမှ လင်းဆွဲကောင်များကပျံသန်းလာကြကာ ငခမ်းတို့ဆီသို့ပြေးဝင်လာကြသည်။ ထိုလင်းဆွဲများမှာ ပျံသန်းရာတွင်လျှင်မြန်လှသလို ပါးစပ်တွင်လည်း အစွယ်ချွန်ကြီးများက ဝင်းဝင်းလက်လက်ထွက်ပေါ်နေလေကာ ကိုက်ဖြတ်စားသောက်ရန်အတွက် ပျံသန်းလာကြသည်။
ပျံလွှားက သူ့ထံပျံသန်းလာကြသည့် လင်းဆွဲများကို ခြေထောက်ဖြင့်ကန်ကျောက်ထည့်လိုက်သည်။ လင်းဆွဲများမှာ အသံစူးစူးဝါးဝါးအော်ဟစ်ပြီး မြေပြင်ပေါ်သို့ပြုတ်ကျသည်။ မုန်တိုင်းကတော့ မီးပုံထဲမှ မီးစွဲနေသည့် ထင်းချောင်းကြီးတစ်ချောင်းကို ကောက်ယူလိုက်ကာ ထင်းချောင်းဖြင့် လင်းဆွဲများကိုဝှေ့ယမ်းတိုက်ခိုက်ပြန်သည်။ အလင်းရောင်ကိုကြောက်ရွံ့ကြသည့် လင်းဆွဲများမှာ မုန်တိုင်းထံသို့ မကပ်ဝံ့ကြပေ။ စည်သူကမတ်တပ်ရပ်လိုက်ပြီးနောက်
“ပျံလွှား၊ သူတို့ကိုစုပေးစမ်း”
ပျံလွှားက ခေါင်းညိတ်လိုက်ပြီးနောက် လင်းဆွဲများကိုအသံပြုလိုက်ကာ တောအုပ်အတွင်းလှည့်ပတ်ပြေးလေသည်။ မြောက်များလှစွာသော လင်းဆွဲများက ပျံလွှားအနောက်သို့အလုံးအရင်းနှင့်လိုက်သွားကြသည်။ တစ်ဖန်ပျံလွှားကတောအုပ်အတွင်းမှ ပြန်လှည့်လာကာ စည်သူ့ထံသို့ဦးတည်ပြေးလွှားလိုက်လေသည်။ စည်သူအနီးရောက်သည့်အခါ ပျံလွှားက အနောက်ကျွမ်းတစ်ချက်ပစ်လိုက်ကာ သစ်ပင်တစ်ခုအပေါ်သို့ပြေးတက်သွားလေသည်။
အရှိန်မထိန်းနိုင်သည့် လင်းဆွဲအုပ်ကြီးက စည်သူထံသို့တည့်တည့်ပြေးဝင်လာကြသည်။ စည်သူက အရိပ်မဲ့ဓါးအပေါ်လက်တင်လိုက်ပြီး ဓါးကိုဆွဲထုတ်ကာ လေပေါ်တွင်အုပ်မိုးလျှက် တစ်ချက်ခုတ်ချလိုက်သည်။ လင်းလက်သည့်အဖြူရောင် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးနောက် ပျံသန်းလျှက်ရှိသည့် လင်းဆွဲအုပ်ကြီးမှာ မြေပေါ်သို့အထွေးလိုက်ပြုတ်ကျသွားလေသည်။
လင်းဆွဲကောင်များမှာ စည်သူ၏ဓါးချက်ထိမှန်ပြီး နှစ်ခြမ်းကွဲပြတ်ကျကုန်သည်။ လင်းဆွဲတစ်ထောင်သခင်မှာ စည်သူကိုတွေ့မြင်သွားပြီးနောက်
“ဪ၊ လက်စသတ်တော့ ရှင်ပဲကိုး၊ ကျုပ်ထင်နေတာ မမှားဘူးပေါ့”
စည်သူက အရှေ့သို့တိုးကပ်လိုက်ရင်း
“မင်းက ငါ့ကိုသိလို့လား”
“သိရုံတင်ဘယ်ကမလဲ ကျုပ်အခုလာခဲ့တာ ရှင့်ကိုသတ်ဖို့လာခဲ့တာ”
“မင်းအစွမ်းအစရှိရင် စမ်းကြည့်လိုက်ပေါ့ကွာ”
လင်းဆွဲတစ်ထောင်သခင်မက အသံကျယ်ကြီးဖြင့်ရယ်မောလိုက်ပြီး
“ရှင့်ကိုယ်ရှင် သိပ်တော်နေတယ်လို့များထင်နေသလား၊ ရှင်က ဆမန်းကျားတွေကိုသာ သတ်ချင်သတ်လို့ရမယ် ဆမန်းလင်းဆွဲတွေကိုတော့ သတ်လို့ရမှာမဟုတ်ဘူး”
စည်သူက ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။
(၂)
မြင်းလှည်းကြီးက အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေလေသည်။ ကျားဖြူသခင်ကြီး စဝ်ခွန်ဆေနှင့် တပည့်လက်ရုံး ဦးခွန်သိုက်တို့မှာ ထိုမြင်းရထားကြီးပေါ်တွင်လိုက်ပါလာကြသည်။ မြင်းနက်ကြီးခြောက်ကောင်မှာ သာမန်မြင်းများမဟုတ်ဘဲ လူအဖြစ်ပြောင်းလဲနိုင်သည့် ဆမန်းမြင်းကောင်များဖြစ်သည့်အတွက် အခြားမြင်းများကဲ့သို့ ထိန်းကျောင်းမောင်းနှင်နေစရာမလိုဘဲ အရောက်သွားချင်သည့်နေရာကို ပြောကြားယုံဖြင့် သွားလာနိုင်ပေသည်။
ကျားဖြူသခင်ကြီးတို့ မြင်းရထားစီးနင်းနေစဉ်တွင် လင်းဆွဲတစ်ကောင်က မိုးပေါ်မှပျံသန်းလာပြီးမြင်းရထားပေါ်သို့ လာရောက်နားခိုလေသည်။ ကျားဖြူသခင်ကြီးက ထိုလင်းဆွဲကိုဖမ်းဆုပ်ကိုင်လိုက်သည့်အခါ လင်းဆွဲကောင်မှာ အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားပြီး စာရွက်တစ်စောင်အဖြစ်ပြောင်းလဲသွားလေသည်။
ကျားဖြူသခင်ကြီးက ထိုစာကိုဖတ်လိုက်ပြီးနောက် အနီးတွင်ရှိသည့် ဦးခွန်သိုက်ထံသို့ စာကိုလှမ်းပေးလိုက်သည်။ ထို့နောက်စာတွင်ရေးထားသည့် အကြောင်းအရာများကို အသံထွက်ပြီး ဖတ်လိုက်လေသည်။
“သို့ ကျားဖြူသခင်ကြီး၊ ကျားဖြူသခင်မကို သတ်သွားတဲ့လူကို ရှာတွေပြီ၊ ကျုပ်အခုပြောတဲ့နေရာကို အရောက်လာခဲ့ပါ၊ လင်းဆွဲတစ်ထောင်သခင်မ”
စာသားဆုံးသွားသည့်အခါ စာရွက်အောက်ပိုင်းတွင် လင်းဆွဲပုံသဏ္ဍာန် အမှတ်အသားကလေးတစ်ခုကို ရေးသားထားသေးသည်။ ဦးခွန်သိုက်က ထိုစာကိုဖတ်ကြည့်လိုက်ပြီး
“သခင်ကြီး လိုက်သွားမလို့လား”
ကျားဖြူသခင်ကြီးက ဦးခွန်သိုက်အမေးကို ခေါင်းညိတ်ပြပြီးဖြေလိုက်သည်။ ဦးခွန်သိုက်က တစ်ချက်ထိတ်လန့်သွားပြီးနောက်
“သခင်ကြီးမသွားပါနဲ့၊ ကျုပ်ပဲသွားပါရစေ၊ လင်းဆွဲတွေကို ကျုပ်တို့မယုံရဘူးမဟုတ်လား”
“ငါလည်းမယုံပါဘူးခွန်သိုက်ရာ၊ ဒါပေမယ့် ဒီလူကိုသူတို့ရသွားရင် အခြေအနေတွေက ပိုပြီးဆိုးရွားသွားမယ်မဟုတ်လား”
“ဒါပေမယ့်လည်း သခင်ကြီးရယ်၊ ဆမန်းကောင်တွေဆိုတာက အဖြစ်အပျက်တစ်ခုကြောင့်သာ အမျိုးတူနေကြတယ်ဆိုပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့က အာဏာလုပြီး ယှဉ်ပြိုင်နေကြတာမဟုတ်လား၊ နောက်ပြီး မိုးဗြဲလင်းဆွဲစံအိမ်ကလည်း ကောက်ကျစ်ကြတယ်လေ”
“ဆမန်းအိမ်တော် ကိုးခုက ရှမ်းပြည်တလွှားမှာ နယ်ကိုးနယ်သတ်မှတ်ပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတာမဟုတ်လား။ဒါပေမယ့် လင်းဆွဲတစ်သောင်းသခင်ကြီး တက်လာပြီးတဲ့အချိန်မှာ မိုးဗြဲလင်းဆွဲစံအိမ်က မိုးမိတ်နဲ့ မိုးနဲမှာရှိတဲ့ ဆမန်းစံအိမ်တော်တွေကို စစ်ခင်းပြီးတော့ ဆမန်းကောင်တွေကိုသတ်ဖြတ်ပြီး နယ်မြေလုခဲ့တယ်မဟုတ်လား သခင်ကြီး”
ဦးခွန်သိုက်က ကျားဖြူသခင်ကြီးလက်ကိုဆွဲလိုက်ပြီး
“ဒါကြောင့် ဒီတစ်ခါသွားမယ့်ခရီးကို ကျုပ်ကန့်ကွက်ပါရစေ၊ သခင်ကြီး သူတို့နယ်မြေထဲကိုရောက်နေတဲ့အချိန်မှာ သခင်ကြီးကိုသူတို့ အကောက်မကြံဘူးလို့ မပြောနိုင်ဘူးမဟုတ်လား”
“မင်းပြောချင်တဲ့စကားကို ငါနားလည်ပါတယ် ခွန်သိုက်၊ ဒါပေမယ့် ဒီတစ်ခေါက်တော ့ ငါသွားမှဖြစ်လိမ့်မယ်”
ဦးခွန်သိုက်က အလွန်ထိတ်လန့်သွားသည်။
“မိုးဗြဲလင်းဆွဲတွေရဲ့အကြောင်းကို သခင်ကြီးမသိဘဲ မနေပါဘူးနော်၊ အဲဒီလင်းဆွဲတွေက သတ်ရအင်မတန်ခက်တာမဟုတ်လား”
“ငါသိပါတယ်ခွန်သိုက်ရာ၊ ဒါပေမယ့် ဒီကောင်တွေကလည်း သတ်လို့မသေတဲ့အကောင်တွေမဟုတ်ပါဘူးကွ၊ လင်းဆွဲဆမန်းတွေက တို့တွေနဲ့မတူဘူး၊ သူတို့ရဲ့ ခြေတွေလက်တွေ၊ အသားတွေကို လင်းဆွဲတွေနဲ့စုပေါင်းဖွဲ့စည်းထားတာဖြစ်လို့ ကိုယ့်ကိုယ်က လင်းဆွဲကောင်တွေအကုန်သေတော့မှ ဆမန်းကောင်လည်း သူ့အလိုလိုသေသွားတာမဟုတ်လား”
“ဟုတ်ပါတယ်သခင်ကြီး၊ ဒါကြောင့် သခင်ကြီးကိုစိုးရိမ်တာပါ”
“မပူပါနဲ့ကွာ၊ ဒီလူကို မိုးဗြဲလင်းဆွဲတွေရသွားရင် ငါသေတာထက်ကို ပိုပြီးဆိုးရွားသွားနိုင်တယ်ကွ”
ဦးခွန်သိုက်လည်း မတားသာတော့ပေ၊ ကျားဖြူသခင်ကြီးက မတ်တပ်ရပ်လိုက်ပြီး ဆမန်းမြင်းကြီးခြောက်ကောင်ကိုကြည့်လိုက်ကာ
“တောင်မြင့်တောင်ပေါ်ကိုသွားကြမယ်၊ အမြန်ရောက်နီုင်မယ့်လမ်းကနေ သွားကြစမ်း”
မြင်းကြီးခြောက်ကောင်မှာ ချက်ချင်းပင်လမ်းကြောင်းပြောင်းလဲလိုက်ပြီးနောက် အလွန်လျှင်မြန်စွာ ပြေးလွှားသွားကြလေသည်။
(၃)
လင်းဆွဲတစ်ထောင်သခင်မက စည်သူအားစိုက်ကြည့်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကိုမိုးပေါ်သို့မြှောက်တင်လိုက်သည်။ ထိုအခါ လက်အတွင်းမှ အနီရောင်ရဲရဲတောက်နေပြီး မီးတောက်များသဖွယ်ထွန်းလင်းနေသည့် လင်းဆွဲကောင်များက ပျံသန်းကာထွက်လာလေကြသည်။
လင်းဆွဲတစ်ထောင်သခင်မက စည်သူထံသို့ လက်ညှိုးညွှန်ပြလိုက်သည်နှင့် အနီရောင်လင်းဆွဲဆယ်ကောင်က စည်သူထံသို့ပျံသန်းလာကြလေသည်။ လင်းဆွဲတစ်ကောင်ကို စည်သူက အမြန်ခုန်ရှောင်လိုက်လေရာ ထိုလင်းဆွဲက စည်သူကိုမထိဘဲ စည်သူအနောက်မှ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကိုထိမှန်သွားကာ ပေါက်ကွဲသွားသည်။ သစ်ပင် ပင်စည်တွင်အလွန်ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်သွားကာ သစ်အသားများကွာကျကုန်သဖြင့် သစ်ပင်ကြီးမှာ ဝုန်းခနဲလဲသွားတော့သည်။
သစ်ပင်ကြီးလဲကျသည့်အတွက် ပတ်ဝန်းကျင်တစ်ခွင်တွင် ဖုန်မှုန်များနှင့် ဖုံးလွှမ်းသွားလေသည်။ ထိုစဉ် မုန်တိုင်းက လေးနှင့်မြှားကို ကောက်ကိုလိုက်ပြီး လင်းဆွဲတစ်ထာင်သခင်မထံသို့ မြားတံတစ်ချောင်းကိုပစ်လွတ်လိုက်လေသည်။ ထိုမြားတံက လင်းနို့တစ်ထောင်သခင်မ၏ ရင်ဘတ်ကို နက်ရှိုင်းစွာစိုက်ဝင်သွားတော့သည်။
လင်းဆွဲတစ်ထောင်သခင်မက ရင်ဘတ်တွင်စိုက်နေသည့် မြှားတံကို လက်ဖြင့်ကိုင်လိုက်ပြီး အသာလေးဆွဲနှုတ်လိုက်လေရာ မြှားတံကပြန်ထွက်လာပြီးနောက် မြှားတံထိပ်တွင် လင်းဆွဲတစ်ကောင်က စိုက်လျက်သားပါလာလေသည်။ မုန်တိုင်းလည်း ထိုအဖြစ်ကိုအသေအချာကြည့်နေရင်း
“ခင် . . ခင်ဗျားက မသေဘူးလား”
“ဟင်း၊ ဟင်း တခြားဆမန်းကောင်တွေကို သတ်တဲ့နည်းလမ်းမျိုးနဲ့ ကျွန်မကိုသတ်လို့မရဘူး”
လင်းဆွဲတစ်ထောင်သခင်မက မြှားတံအား လက်နှင်ညှစ်ကိုင်လိုက်ရာ မြှားတံမှာ ထက်ပိုင်းကျိုးကျသွားလေသည်။
ပျံလွှားက ဓါးမြန်ကလေးနှစ်ချောင်းကို လင်းဆွဲတစ်ထောင်သခင်မထံသို့ ပစ်လွတ်လိုက်ကာ အတင်းဝင်ရောက်တိုက်ခိုက်တော့သည်။ လင်းဆွဲတစ်ထောင်သခင်မမှာ လက်နက်များထိမှန်သော်လည်း မသေဆုံးဘဲ လင်းဆွဲများသာ တဖုတ်ဖုတ်နှင့်ပြုတ်ကျလေသည်။ နောက်ဆုံးတော့ စည်သူက အရှေ့သို့ခုန်တက်လိုက်သည်။
“အရိပ်မဲ့ဓါး ခုနစ်ချက်တဲ့ကွ”
ပတ်ဝန်းကျင်တစ်ခွင်တွင် လျှပ်စီးလက်သကဲ့သို့ တဖြပ်ဖြပ်နှင့်ဝင်းလက်သွားသည်။ စည်သူ၏ လျှင်မြန်သောခုတ်ချက်များက လင်းဆွဲတစ်ထောင်သခင်မကို ခုတ်ဖြတ်မိလေသည်။ ထိုအခါ လင်းဆွဲတစ်ထောင်သခင်မက တစ်ချက်ပြုံးလိုက်ပြီးနောက် လင်းဆွဲခုနစ်ကောင်သာ အပိုင်းပိုင်းဖြတ်လျှက် သူ့ကိုယ်မှပြုတ်ကျသွားတော့သည်။
“ရှင်တို့အလှည့်ပြီးရင် ကျုပ်အလှည့်”
လင်းဆွဲတစ်ထောင်သခင်မက မိုးပေါ်သို့ခုန်တက်လိုက်သည်နှင့် လင်းဆွဲများအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုလင်းဆွဲများအကြားတွင် မျက်နှာပုံကြီးဖြစ်သွားပြီး ထိုမျက်နှာကြီးရှိ ပါးစပ်ကြီးကိုဟလိုက်သည့်အခါ ပါးစပ်အတွင်းမှ အလင်းတန်းများက ပျံသန်းထွက်လာပြီး မုန်တိုင်းနှင့် ပျံလွှားတို့ကိုထိမှန်ကြလေသည်။ အလင်းတန်းမှာ မုန်တိုင်း၏ ရင်၀သို့ထိမှန်သွားပြီး မုန်တိုင်းမှာ အနောက်သို့လွင့်ထွက်သွားသည်။ ပျံလွှားက အလင်းတန်းများကို ခုန်ရှောင်နေသော်လည်း အလင်းတန်းများက များပြားလွန်းသဖြင့် တစ်ချီတွင် အလင်းတန်းတစ်ခုမှာ ပျံလွှား၏ နောက်ကျောကိုထိမှန်သွားကာ ပျံလွှားတစ်ယောက် သစ်ပင်ကြီးနှင့်တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျ ငြိမ်သက်သွားသည်။
အကောင်ရေများပြားလှသည့် လင်းဆွဲများက စည်သူကိုဝေ့ဝိုက်ကာ ပျံသန်းနေကြသည်။ လင်းဆွဲအုပ်ကြီးအလယ်တွင် စည်သူက မတ်တပ်ရပ်နေလေသည်။ အရိပ်မဲ့ဓါးဖြင့် တိုက်ခိုက်သော်လည်း အကြောင်းမထူးသည်မို့ မတိုက်ခိုက်တော့ဘဲ ငြိမ်နေလိုက်သည်။ လင်းဆွဲများက ပျံသန်းနေရင်း
“ရှင်ဘာမှမကြိုးစားနဲ့တော့၊ ကျားဖြူသခင်မကို ရှင်သုတ်သင်ခဲ့တဲ့အတွက် အခုကျုပ်ကလည်း ရှင့်ကိုပြန်ပြီးသုတ်သင်တော့မယ်”
စည်သူက ဘာမှမပြောတော့ဘဲ မျက်လွှာချပြီးတော့သာ မတ်တပ်ရပ်နေသည်။ ထိုအခါ တိုက်ပွဲချိန်တစ်ချိန်လုံး အေးအေးလူလူငုတ်တုတ်ထိုင်ပြီး ကြည့်နေသည့် ငခမ်းမှာ မတ်တပ်ထရပ်လိုက်သည်။
လင်းနို့တောင်ပံကြီးထုတ်ပြီး လင်းဆွဲအုပ်ကြီးကို တောင်ပံနှင့်တစ်ချက်ရိုက်ခတ်လိုက်ရာ လင်းဆွဲအုပ်မှာ ပျံပျက်သွားပြီး လင်းဆွဲကောင်များအထွေးလိုက် မြေပေါ်သို့ပုံကျသွားသည်။ လင်းဆွဲများက မြေပေါ်တွင်စုပေါင်းကာ လင်းဆွဲတစ်ထောင်သခင်မအဖြစ် ပြောင်းလဲသွားသည်။
“မင်းကဘာကောင်လဲ”
လင်းဆွဲတစ်ထောင်သခင်မက လက်အတွင်းမှ လင်းဆွဲများကိုစေလွှတ်လိုက်ပြန်သည်။ သို့သော် ထိုလင်းဆွဲများမှာ ငခမ်းထံသို့ပျံသန်းလာသော်လည်း ငခမ်းအားမတိုက်ခိုက်ကြဘဲ ဝေ့ဝိုက်ကာပျံသန်းနေသည်ကို လင်းဆွဲတစ်ထောင်သခင်မက အံ့အားသင့်စွာဖြင့် စောင့်ကြည့်နေမိသည်။
“ဘယ်လိုလုပ်ပြီး သူတို့က ရှင့်ကိုမတိုက်ခိုက်တာလဲ”
ငခမ်းက ရယ်မောရင်း
“သူတို့ကတောင်မှ ကိုယ့်အမျိုးအဆွေကိုယ်သိကြသေးတယ်၊ ခင်ဗျားက ဘာမှမသိပါလား”
ငခမ်းက လင်းဆွဲတစ်ထောင်သခင်မထံသို့ခုန်ဝင်လိုက်ပြီး လက်သီးဖြင့်ထိုးချလိုက်သည်။ လင်းဆွဲတစ်ထောင်သခင်မက ငခမ်းလက်သီးချက်များကို လေးငါးချက်ခန့် အထိုးခံရသည်။ လင်းဆွဲများနှင့် ပြန်လည်တိုက်ခိုက်သော်လည်း လင်းဆွဲများက ငခမ်းအားရန်မပြုဘဲရှိနေသည်။
“မင်းကတကယ်ပဲ ဘာကောင်လဲ”
“ခင်ဗျား ကျုပ်တို့ဆီကနေထွက်သွားရင်ထွက်သွား၊ မဟုတ်လို့ကတော့ ကျုပ်ခင်ဗျားကိုအလွတ်မပေးဘူး”
လင်းဆွဲတစ်ထောင်သခင်မကလည်း ထွက်သွားရန်စိတ်ကူးမရှိသည့်ပုံမို့ ငခမ်းက မိုးပေါ်ကိုမော့ကြည့်လျှက် လင်းနို့သံကြီးဖြင့် အော်ဟစ်လိုက်သည့်အခါ ငခမ်း၏ ဦးခေါင်းမှာ နှုတ်သီးကြီးချွန်ထွက်လာပြီး နားရွက်များမှာလည်း ခေါင်းအနောက်သို့စုလျှက် လင်းနို့ခေါင်းကြီးဖြစ်သွားသည်။
ကျောကုန်းမှ အတောင်ပံကြီးနှစ်ခုကလည်း ဖြန့်ကျက်ကာ ထွက်ပေါ်လာသလို တစ်ကိုယ်လုံးကိုလည်း မည်းနက်နေသည့် အမွှေးအတောင်များက ဖုံးလွှမ်းသွားပြန်သည်။ ကြွက်သားအမြှောင်းလိုက်ထနေသည့် ပေါင်ကြီးနှင့် ချွန်ကော့လန်နေသည့် ခြေသည်းကြီးများထွက်လာကြကာ မကြာခင်မှာပင် ငခမ်းတစ်ယောက်မှာ လင်းနို့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
လင်းဆွဲတစ်ထောင်သခင်မက ငခမ်းအား မျက်လုံးပြူးကာစိုက်ကြည့်နေရင်း
“မင်း . . . မင်းပုံစံကြည့်ရတာ၊ နန်းမယ်ခုံက လင်းနို့ရာဇာကြီးနဲ့ ဆင်တူနေပါလား”
“ဟား၊ ဟား ဟုတ်တယ်၊ လင်းနို့ရာဇာဆိုတာ ကျုပ်ပဲ”
ငခမ်းက ခြေသည်းများဖြင့် အတင်းဝင်ရောက်ထိုးကုတ်တော့သည်။ လင်းဆွဲတစ်ထောင်သခင်မမှာ ငခမ်း၏တိုက်ကွက်များကြောင့် တိုက်စစ်မှခံစစ်သို့ပြောင်းလဲလိုက်ကာ ရှောင်တိမ်းနေရတော့သည်။ ငခမ်းမှာလည်း ကမူးရှူးထိုးလိုက်လံတိုက်ခိုက်သည်။
“သွေးစုပ်ထမီအကြောင်း မင်းသိသွားစေရမယ်”
လင်းဆွဲတစ်ထောင်သခင်မက သူ့ထမီကြီးကိုချွတ်ပြီးဖြန့်လိုက်သည့်အခါ ထမီကြီးမှာ လေပေါ်တွင်တလူလူလွင့်နေလေသည်။ ထိုထမီကြီးဖြင့် ငခမ်းအားဖမ်းအုပ်လိုက်သည့်အခါ ထမီစကြီးက အားကောင်းသည့် ညှစ်အားတစ်ခုဖြင့် ငခမ်းအားညှစ်ကာ ရစ်ပတ်လေသည်။
“ဂါး . . . ဂရား”
ထမီစနှင့် အသားထိသည့်အခါ ထမီစကြီးက ငခမ်းကိုယ်လုံးရှိ မွေးညှင်းပေါက်များမှတဆင့် သွေးများကိုစုပ်ယူလေရာငခမ်းမှာ အတော်နာကျင်နေရသည်။ လင်းဆွဲတစ်ထောင်သခင်မက ရယ်မောလိုက်ရင်း
“ဟား၊ ဟား မင်းတို့အစွမ်းလောက်နဲ့ ငါ့ကိုနိုင်မယ်လို့ထင်လို့လားကွ”
ငခမ်းမှာ တဖြည်းဖြည်းအားအင်နည်းလာသည်။ သွေးမရှိလျှင် အသက်မရှင်နိုင်သည်မို့ သွေးစုပ်ခံရသဖြင့် တဖြည်းဖြည်းဖြူဖပ်လာကာ ပိန်ကျလာသည်။ လင်းနို့အသွင်သဏ္ဍာန်မှ လူအဖြစ်သို့ပင် ပြန်လည်ပြောင်းလဲသွားခဲ့သည်။
“မလုပ်နဲ့၊ သူ့ကိုမလုပ်ပါနဲ့”
စည်သူက ဝင်ပြောလေရာ လင်းဆွဲတစ်ထောင်သခင်မမှာ စည်သူကိုကြည့်လိုက်သည်။
“ဒါတွေအားလုံးက ကျုပ်တစ်ယောက်တည်းလုပ်ခဲ့တာ၊ သူတို့နဲ့မဆိုင်ပါဘူး”
“ဟင်း၊ ဟင်း၊ သိပ်ကို သတ္တိရှိတဲ့ သူရဲကောင်းကြီးပါလား၊ ဒါပေမယ့် ရှင်အခုမှတောင်းပန်နေလည်းအလကားပဲ၊ ဆမန်းစံအိမ်တွေကို ရန်ပြုတဲ့လူက သေလမ်းကိုလိုက်ရမှာပဲ”
ထိုအခါ လင်းဆွဲများက ကောင်းကင်တစ်ခွင်တွင်ပျံသန်းလာခဲ့လေသည်။ လင်းဆွဲတစ်ထောင်သခင်မလည်း ထိုလင်းဆွဲများကိုကြည့်လိုက်ရင်း
“ဟင်၊ သခင်ကြီးလိုက်လာတာပါလား”
ထိုအခါ ငခမ်းကိုပတ်ထားသည့် သွေးစုပ်ထမီကြီးကိုပြန်လည်ရုပ်သိမ်းလိုက်ကာ ကိုယ်လုံးတွင်ပြန်ပတ်ထားလိုက်လေသည်။ ငခမ်းမှာလည်း မြေပေါ်သို့ပြန်လည်ကျဆင်းသွားသည်။ လင်းဆွဲတစ်ထောင်သခင်မ၏ အနီးတွင် လင်းဆွဲများက စုဝေးသွားပြိး မကြာခင်လူကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။
“သခင်ကြီးလိုက်လာစရာမလိုပါဘူး၊ ဒီလူကို ကျုပ်တစ်ယောက်တည်းရှင်းနိုင်ပါတယ်”
ထိုအခါ လင်းဆွဲတစ်သောင်း သခင်ကြီး စိုင်းနော်က ခေါင်းခါလိုက်လေသည်။
“ပထမတော့ ငါဒီလူကိုသတ်ခိုင်းမလို့ပဲ၊ အခုတော့ ငါ့စိတ်တွေပြောင်းသွားပြီ နန်းမွန်”
“ဒါဆို ဒီလူကိုဘာလုပ်မလို့လဲ”
“သူ့ကို ငါတို့ဖမ်းခေါ်သွားမယ်၊ ဒီလူက ကျားဖြူသခင်မကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ နောက်ပိုင်း ငါတို့လင်းဆွဲစံအိမ် နယ်ချဲ့တဲ့အခါ သူ့ကိုအသုံးချနိုင်တယ်”
“ဒါပေမယ့်သခင်ကြီး၊ သူက ဆမန်းတစ်ကောင်ကိုသတ်ခဲ့တဲ့လူသားမဟုတ်လား”
“ဆမန်းကောင်တွေကရော အချင်းချင်းမသတ်ဖြတ်ကြလို့လားကွ၊ ဒီမှာနန်းမွန် မင်းကိုငါပြောမယ်၊ ဒီလူကြီးကို မင်းဖမ်းခေါ်သွားလိုက်စမ်း၊ ပြီးတော့ ငါတို့မိုးဗြဲလင်းဆွဲစံအိမ်မှာ ကောင်းကောင်းမွန်မွန်ဧည့်ခံထားလိုက်”
ထိုအခါ စည်သူက
“မင်းတို့ခေါ်တိုင်း ငါကလိုက်စရာလား”
လင်းဆွဲတစ်သောင်းသခင်ကြီး စိုင်းနော်က ခေါင်းခါလိုက်ပြီး
“ခင်ဗျားမလိုက်ရင် ဟိုနှစ်ကောင်သေမယ်”
မြေပြင်တွင်လဲကျနေသည့် ပျံလွှားနှင့် မုန်တိုင်းကိုလက်ညှိုးထိုးပြလိုက်သည်။
“သူတို့က အခုထိ မသေကြသေးဘူး၊ လင်းဆွဲစံအိမ်ရဲ့ အဆိပ်နက်ကိုထိမှန်ပြီးတော့ မေ့မြောနေကြတာ”
“ဒါဆို သူတို့ကိုအသက်ပြန်ရှင်အောင်လုပ်ပေးလိုက်ပါ”
စည်သူပြောသည့်အခါ လင်းဆွဲတစ်သောင်းသခင်ကြီးက ရယ်မောပြီး
“လောကမှာ အယူရှိရင် အပေးဆိုတာလည်းရှိရတယ်ကွ”
“ဒါဆို ကျုပ်က ဘာလုပ်ပေးရမလဲ”
“မင်းသာ ငါတို့ကိုတစ်ခုကူညီပေးရင် မင်းကိုလည်း ငါတို့ပြန်လွှတ်ပေးမယ်၊ ဒီလူနှစ်ယောက်ကိုလည်း မသေစေရဘဲ ကောင်းကောင်းမွန်မွန်ပြန်ထားပေးမယ်”
ထိုအခါ စည်သူက တစ်ဖက်သို့လှည့်လိုက်ပြီး
“ကျုပ်လူမသတ်ဘူး”
“ဟား၊ ဟား ငါကလည်း မင်းကိုလူမသတ်ခိုင်းပါဘူးကွ၊ ဆမန်းကောင်ကိုပဲ သတ်ခိုင်းမှာပါ”
စည်သူက တစ်ချက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ ခေါင်းမညိတ်လည်း မဖြစ်တော့ပေ၊ ပျံလွှားနှင့် မုန်တိုင်းတို့၏အသက်က သူ့လက်ထဲတွင်တည်ရှိနေပြီဖြစ်သည်။ သူသာ မရွေးချယ်လိုက်လျှင် ထိုနှစ်ယောက်သေမည်၊ နောက်ပြီး လင်းဆွဲဆမန်းကောင်များကိုလည်း သူက မတိုက်ခိုက်နိုင်သဖြင့် အချည်းနှီးသာဖြစ်မည်၊ ထို့အတွက် စည်သူက အခြေအနေကြည့်ပြီး လှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
စည်သူခေါင်းညိတ်လိုက်သည့်အခါ မိုးပေါ်မှ လှည်းအိမ်ကြီးတစ်ခုက ဆင်းသက်လာလေသည်။ လင်းဆွဲတစ်ထောင်သခင်မက မုန်တိုင်းနှင့် ပျံလွှားတို့ကို မယူလိုက်ပြီး ထိုလှည်းအိမ်ကြီးပေါ်သို့တင်လိုက်သည်။ လင်းဆွဲတစ်သောင်းသခင်ကြီးက လှည်းအိမ်ကြီးအား လက်ညှိုးထိုးပြပြီး
“ကဲ၊ ကျုပ်တို့ရဲ့သူရဲကောင်းကြီး၊ လှည်းပေါ်ကိုကြွပါ”
စည်သူလည်း လှည်းအိမ်ကြီးပေါ်သို့တက်လိုက်လေသည်။ လင်းဆွဲတစ်ထောင်သခင်မက ငခမ်းကိုကြည့်လိုက်ပြီး
“သူ့ကိုရော ဘယ်လိုလုပ်ရမလဲသခင်ကြီး”
သခင်ကြီးစိုင်းနော်က တစ်ချက်ကြည့်လိုက်ပြီး
“လင်းဆွဲနဲ့ လင်းနို့ဆိုတာ အမျိုးတူပေမယ့် တည့်ကြတာမှမဟုတ်တာ၊ သူ့ကိုဒီအတိုင်းပဲ ထားခဲ့လိုက်ပါ”
ထို့နောက် လင်းဆွဲတစ်သောင်းသခင်ကြီးက မိုးပေါ်ခုန်တက်လိုက်ရာ မြောက်များလှစွာသော လင်းဆွဲများအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် လှည်းအိမ်ကြီးကို လင်းဆွဲအုပ်ကြီးက ကိုက်ချီကာ မတင်လိုက်သည့်အတွက် လှည်းအိမ်ကြီးမှာ လေပေါ်တွင်ပျံဝဲသွားလေသည်။ ထို့နောက် လှည်းကြီးမှာ ကောင်းကင်ထက်တွင် ပျံသန်းသွားတော့သည်။
(၄)
မြင်းနက်ခြောက်ကောင်ဆွဲသည့် မြင်းရထားကြီးမှာ အရှိန်ဖြင့်မောင်းနှင်လာနေရင်း လင်းဆွဲတစ်ကောင်က မြင်းရထားဆီသို့ပြေးဝင်လာလေရာ ကျားဖြူသခင်ကြီးက ထိုလင်းဆွဲကိုလက်နှင့်ဆွဲဖမ်းလိုက်လေသည်။ လင်းဆွဲကောင်မှာ ယခင်ကနည်းတူ စာတစ်စောင်အဖြစ်ပြောင်းလဲသွားသည်။
“မင်းရဲ့လူကို ငါတို့ခေါ်သွားပြီ၊ လိုချင်ရင် မိုးဗြဲကိုလိုက်ခဲ့ပါ”
လင်းနို့တစ်သောင်းသခင်ကြီးထံမှ စာကိုဖတ်ပြီးသည့်အခါ ကျားဖြူသခင်ကြီးက စာရွက်ကိုလက်နှင့်ဆုပ်ကိုင်လိုက်ပြီး လက်သီးအတွင်းလုံးချေလိုက်ရာ စာရွက်မှာ အမှုန်များအဖြစ်ပြောင်းလဲသွားသည်။ ဒေါသထွက်နေသည့် ကျားဖြူသခင်ကြီးကိုမြင်လိုက်ရသည်မို့ ဦးခွန်သိုက်က
“ဘာဖြစ်လို့လဲသခင်ကြီး”
“ငါတို့က အမြန်လာပေမယ့် ဟိုကောင်စိုင်းနော်က ငါတို့ထက်အရင်လက်ဦးသွားပြီ”
“ဘယ်လိုများဖြစ်တာလဲ သခင်ကြီး”
“အရိပ်မဲ့ဓါးသမားကို သူတို့ခေါ်သွားပြီ”
“ဒါ . . ဒါဆိုရင်”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်ကာ
“ဟုတ်တယ်၊ ငါက ဒီလူကိုလိုက်ရှာတယ်ဆိုတာ လက်တုံ့ပြန်ဖို့မဟုတ်ဘူး၊ သူ့ကိုငါတို့ဆီကို ဆွဲခေါ်ချင်တာ၊ အနည်းဆုံးတော့ ဆမန်းကောင်တွေကို သတ်နိုင်တဲ့ သူ့ရဲ့လက်နက်ကို ငါလိုချင်တာ၊ ဒါမှ ငါတို့ဆမန်းအိမ်တော်တွေအချင်းချင်း စစ်ပွဲဖြစ်လာတဲ့အခါမှာ သူ့ကိုအသုံးချနိုင်အောင်လို့”
“ဒါဆို အခု လင်းဆွဲတစ်သောင်းသခင်ကြီး ဖမ်းခေါ်သွားပြီဆိုတော့ . . .”
“သေချာတာပေါ့ကွာ၊ သူလည်း ငါ့အကြံကိုရိပ်စားမိပုံရတယ်၊ သူ့မှာက အတောင်ပံပါတော့ ငါတို့ထက် တစ်လှမ်းဦးသွားတာပေါ့”
“ဒါဆိုရင် ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာနိုင်သလဲသခင်ကြီး”
“ဆမန်းအိမ်တော်တွေကြားမှာ စစ်ပွဲတစ်ခုဖြစ်လိမ့်မယ် ခွန်သိုက်၊ ဒီတစ်ခါ စစ်ပွဲကတော့ မိုးဗြဲစံအိမ်က၊ မိုးမိတ်နဲ့ မိုးနဲက ဆမန်းအိမ်တော်တွေကို တိုက်ခိုက်ပြီး ဆမန်းကောင်တွေကို အကုန်သတ်ပြီး နယ်မြေချဲ့ထွင်ခဲ့သလို၊ ဒိအတိုင်းဆိုရင် မကြာခင် ငါတို့ဘက်ကို သူတို့ဓါးဦးလှည့်လာမှာပေါ့ကွာ”
ဦးခွန်သိုက်အလွန်ထိတ်လန့်သွားသည်။
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲသခင်ကြီး”
“ငါလည်း အခုထိ ဘာလုပ်ရမှန်းမသိသေးဘူးကွ”
မြင်းရထားကြီးက ဆက်လက်မောင်းနှင်လာခဲ့သည်။
“ငခမ်း . . . ထ . . ထ”
ငခမ်းနားထဲတွင် အသံများကြားနေရသည်။ ငခမ်းရောက်နေသည့်နေရာက မီးလောင်ပြင်ကြီးတစ်ခုဖြစ်နေလေသည်။ မြေကြီးများအားလုံးက ပြာမှုန်များ၊ မီးကျီးခဲများနှင့်ဖုံးလွမ်းနေပြီး မီးခိုးငွေ့များတလူလူထွက်နေလေသည်။
“ငါ . . .ငါသေသွားပြီလား”
ငခမ်းက ကုန်းထလိုက်သည်။ သို့သော် အင်အားချိနဲ့နေသဖြင့် မတ်တပ်မရပ်နိုင်ဘဲ လေးဖက်သာကုန်းနိုင်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် မီးခိုးငွေ့များ၊ ပြာပူများမှလွဲပြီး ဘာမှမရှိပေ။
“ငါ . . . ငါသေသွားပြီလား၊ ငါရောက်နေတာ ငရဲလား . . .”
“ဒုတိယမေးခွန်းကတော့မှန်တယ်”
ငခမ်းအနားသို့ လူတစ်ဦးတိုးကပ်လာသည်။ တစ်ကိုယ်လုံး နီမြန်းနေသည့် အသားအရည်များရှိကာ ဦးခေါင်းထက်တွင်လည်း ဦးချိုကြီးနှစ်ချောင်းက ချွန်တက်နေလေသည်။ ထိပ်ဖျားချွန်နေသည့် အမြှီးကြီးတစ်ချောင်းလည်းပါဝင်သည်။ ထိုလူက ငခမ်းအနားသို့ရောက်လာပြီး
“မင်းရောက်နေတာ ငရဲတော့ဟုတ်တယ်၊ ဒါပေမယ့် မင်းကမသေသေးဘူး”
“ခင် . . . ခင်ဗျားကဘယ်သူလဲ”
“ငါ့နာမည်ကို မင်းသိစရာမလိုပါဘူး၊ ဒါပေမယ့် မင်းမှတ်ထားချင်ရင်တော့ ငါက နတ်ဆိုးကြီးရဲ့တမန်တော်ပဲ”
“အာလစ်ခန်းက ခင်ဗျားကိုလွှတ်လိုက်တာလား၊ ကျုပ် . . . ကျုပ်နတ်ဆိုးတွေနဲ့ ထပ်ပြီးမပတ်သက်ချင်တော့ဘူး၊ ကျုပ်လက်ကိုတောင်မှ . . . “
ငခမ်းက သူ့ညာဘက်လက်ကိုကြည့်လိုက်လေရာ ညာဘက်လက်မှာ အကောင်းပကတိအတိုင်းဖြစ်နေသဖြင့် အလွန်အံ့ဩသွားမိသည်။
“ညာဘက်လက်၊ ငါ့ရဲ့လက် . . . .”
ထိုအခါ လက်ဝါးကိုဖြန့်ကြည့်လိုက်ရာ လက်ဝါးတွင် ပါးစပ်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ ထိုပါးစပ်ကြီးက အသံစူးစူးဖြင့်အော်ဟစ်ကာ ရယ်မောလိုက်သည်။
“ဟား၊ ဟား၊ ဟား သိပ်အံ့ဩသွားသလားငခမ်း”
“မဖြစ်နိုင်ဘူး၊ ကျုပ်လက်ကပြတ်ပြီးနေပြီလေ အသေးလေး”
“လုပ်ပါကွ၊ မိတ်ဆွေဟောင်းကြီးနဲ့ ပြန်တွေ့ရတာ မပျော်ဘူးလား၊ ပြီးတော့ မင်းလည်းအကောင်းပကတိဖြစ်သွားတာပဲလေ”
ထိုစဉ် ခုနကတွေ့ခဲ့သည့် နတ်ဆိုး၏ တမန်တော်မှာ သူ့အနားသို့တိုးကပ်လာသည်။ အသေးလေးက ပါးစပ်ကိုဟလိုက်သည်။
“ဝင်ကြ၊ မင်းတို့ကောင်တွေ ငါ့ဆီကိုဝင်ကြ”
ထိုသို့ပြောလိုက်သည့်အခါ နတ်ဆိုးတမန်တော်က ငခမ်းဆီသို့ပြေးလာပြီး ငခမ်း၏ညာဖက်လက်နှင့် သူ၏ရင်ဘတ်ကိုထိလိုက်သည့်အခါ အသေးလေးက နတ်ဆိုးတမန်တော်ကို ပါးစပ်ဖြင့်စုပ်သွင်းလိုက်လေသည်။ နတ်ဆိုးတမန်တော်၏ ကိုယ်မှာ အခိုးအငွေ့များအဖြစ်သို့ပြောင်းလဲသွားပြီး အသေးလေးက အကုန်စုပ်သွင်းယူလိုက်ရာ ငခမ်းမှာ တစ်မျိုးကြီးခံစားလာခဲ့ရသည်။
“ဘယ်လိုလဲငခမ်း၊ မင်းခွန်အားတွေကို ခံစားမိရဲ့လား”
ငခမ်းရင်ပြည့်သလိုလို၊ အန်ချင်သလိုလိုကြီးဖြစ်နေသည်။
“ငါတို့လဲ ဝင်မယ်၊ ငါတို့လဲ ဝင်ကြမယ်”
ထိုစဉ် သူ့အနီးတွင် နတ်ဆိုးတမန်တော်များက အများအပြားပေါ်လာကြသည်။ မျက်စိတစ်ဆုံးမြင်တွေ့နေရသည့် ကွင်းပြင်ကြီးတွင် ခဲခဲလှုပ်မျှဖြစ်နေသည်။ အသေးလေးက
“လာကြစမ်း၊ ငါ့လူတို့၊ မင်းတို့ရဲ့စွမ်းအားတွေကိုငါလိုချင်တယ်၊ မင်းတို့အားလုံးကို ငါဖိတ်ခေါ်တယ်”
ငခမ်းအား နတ်ဆိုးတမန်တော်များက လက်များဖြင့် ဝိုင်းဝန်းဆွဲကြလေရာ ငခမ်းမှာ မနည်းလွတ်အောင်ရုန်းကန်နေရသည်။
“မဟုတ်ဘူး၊ မဝင်နဲ့ ငါမင်းတို့ကိုလက်မခံဘူး၊ ငါ့ဆီကိုမလာကြနဲ့”
“ငါ့ဆီကိုမလာကြနဲ့”
ငခမ်းက ထပြီးအော်ဟစ်လိုက်သည်။ ထိုအခါ သူ့မျက်နှာအနီးတွင် မိန်းကလေးတစ်ယောက်၏ မျက်နှာကိုမြင်တွေ့လိုက်ရသဖြင့် ပိုပြီးထိတ်လန့်သွားကာ ထထိုင်လိုက်သည်။ ငခမ်းကိုယ်ပေါ်တက်အိပ်နေသည့် မိန်းကလေးမှာလည်း ငခမ်းထိုင်လိုက်သဖြင့် အရှိန်လွန်သွားကာ ညောင်စောင်းပေါ်မှပြုတ်ကျသွားသည်။ ငခမ်းက အဝတ်အစားကင်းမဲ့နေသည့် ထိုမိန်းကလေးကို ငေးကြည့်နေမိသည်။
“မင်းဘယ်သူလဲ၊ ငါ . . . ငါဘယ်ကိုရောက်နေတာလဲ”
ထိုမိန်းကလေးက ရှက်ကိုးရှက်ကန်းနှင့်ထလိုက်ပြီးနောက် ညောင်စောင်းအခြေတွင် ကျနေသည့်စောင်တစ်ထည်ကို ဆွဲယူလိုက်ကာ ကိုယ်ပေါ်သို့ချုံလွှမ်းလိုက်လေသည်။ ထို့နောက် ထိုမိန်းကလေးက အလျှင်အမြန်ထွက်ပြေးသွားကာ အခန်းထဲမှထွက်သွားလေသည်။
“ဘယ်သူလဲ၊ ငါရောက်နေတာဘယ်နေရာလဲ”
ငခမ်းလည်း သူ့ညာဘက်လက်ကိုပြန်ကြည့်လိုက်သည်။ လက်မှာအကောင်းအတိုင်းပြန်ဆက်နေလေရာ ငခမ်းအလွန်အံ့ဩသွားမိသည်။ မဝံ့မရဲနှင့် လက်ဝါးကိုဖြန့်ကြည့်လိုက်ရာ လက်ဝါးတွင် မည်သည့်အရာမှ ရှိမနေပေ။
“ဟင်၊ ဘယ်လိုဖြစ်တာလဲ၊ အသေးလေးက ပျောက်သွားတာလား”
ထိုစဉ်အခန်းတံခါးကြီးပွင့်ထွက်သွားပြီး အခန်းထဲသို့ လူကြီးတစ်ယောက်ဝင်လာသည်။ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ပြီး လက်ထဲတွင်ခေါင်းပြတ်ကြီးတစ်ခုကို ကိုင်ထားသေးသည်။ ထိုသူကတော့ အခြားသူမဟုတ်ဘဲ ကျားဖြူသခင်ကြီးပင်ဖြစ်သည်။
“ကျုပ် . . . ကျုပ်ဘယ်ရောက်နေတာလဲ”
“မင်းရောက်နေတာ ညောင်ရွှေဆမန်းစံအိမ်ပဲ”
ထိုတော့မှ ငခမ်းလည်းအရင်အကြောင်းအရာများကို ပြန်စဉ်းစားမိသည်။ စည်သူ၊ ပျံလွှားနှင့် မုန်တိုင်းတို့ကို ပြန်စဉ်းစားမိပြီးတော့မှ
“ဒါနဲ့ ကျုပ်လူတွေရော ဘယ်ရောက်သွားသလဲ”
“သူတို့အကုန်လုံး အဖမ်းခံထားရတယ်”
ငခမ်းလည်း ညောင်စောင်းပေါ်မှခုန်ထပြီး ကျားဖြူသခင်ကြီးဆီပြေးသွားသည်။ ကျားဖြူသခင်ကြီးက အရိပ်တစ်ခုကဲ့သို့ လျှင်မြန်စွာဖြင့်ရှောင်တိမ်းသွားပြီး ခပ်လှမ်းလှမ်းသို့ရောက်သွားလေသည်။
“ခင်ဗျားသူတို့ကိုဖမ်းထားတာလား၊ သူတို့ကိုအမြန်ပြန်လွှတ်ပေးပါ”
“စိတ်လိုက်မာန်ပါ မလုပ်စမ်းပါနဲ့ကွာ၊ ငါက အခုမင်းကိုတောင် ဖမ်းချုပ်ထားလို့လား”
ငခမ်းက ကျားဖြူသခင်ကြီးဘက်သို့လှည့်လိုက်ပြီး
“ဒါဆို သူတို့ကိုဘယ်သူတွေကဖမ်းသွားတာလဲ”
“လင်းဆွဲတစ်ထောင် သခင်မခေါင်းဆောင်တဲ့ မိုးဗြဲဆမန်းစံအိမ်ကလူတွေ ဖမ်းခေါ်သွားကြတာ”
ငခမ်းက ဝတ်လစ်စားလစ်ကြီးဖြစ်နေသည်မို့ အခန်းအတွင်း အဝတ်စတစ်ခုခုရှိလိုရှိငြားရှာဖွေမိသော်လည်း အဝတ်တစ်ပိုင်းပင် မတွေ့ခဲ့ပေ၊ ထို့ကြောင့် ကျားဖြူသခင်ကြီးကိုကြည့်လိုက်ကာ
“ခင်ဗျားကျုပ်ကိုကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ်ကိုကူညီလက်စနဲ့ ခင်ဗျားခြုံထားတဲ့ သားမွေးထည်ကြီး ပေးနိုင်မလား”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်ပြီး သူ့သားမွှေးဝတ်ရုံကြီးကိုလှမ်းပစ်ပေးလိုက်ရာ ငခမ်းက လေပေါ်မှာပင်ဖမ်းယူလိုက်ပြီးနောက် ကိုယ်အောက်ပိုင်းကိုပတ်လိုက်လေသည်။
“ကျုပ်သွားရမယ်၊ ကျုပ်သူတို့ကို သွားကယ်ရမယ်”
ငခမ်းက အခန်းတံခါးကိုဖွင့်လိုက်သည့်အခါ အခန်းတံခါးအပြင်ဘက်တွင် လူအများကြီးက ရပ်ကာစောင့်ကြပ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုလူများက ငခမ်းကို သတ်မည့်ဖြတ်မည့် မျက်လုံးများနှင့်ကြည့်နေကြသဖြင့် ငခမ်းက ကျားဖြူသခင်ကြီးဘက်သို့လှည့်လိုက်ကာ
“ခင်ဗျားပြောတော့ ကျုပ်ကိုမဖမ်းထားဘူးဆို”
“ဟား၊ ဟား ငါ့နောက်လိုက်တွေက ငါ့ကိုစိတ်ပူကြလို့ပါ၊ ကဲပါလေ၊ မင်းလည်းရောက်တုန်းရောက်ခိုက် တစ်ရက်နှစ်ရက်လောက် နေစမ်းပါအုံး၊ ငါမင်းနဲ့ အေးအေးဆေးဆေးစကားပြောချင်လို့ပါ”
ငခမ်းက ခေါင်းခါပြီး
“ကျုပ်ခင်ဗျားနဲ့ဘာမှပြောစရာမရှိဘူး၊ ကျုပ်အခုသွားမှဖြစ်မယ်”
ငခမ်းက ထွက်ခွာသွားရန်ပြင်ဆင်လိုက်ရာ ဦးခွန်သိုက်နှင့် ဆမန်းကောင်များက ငခမ်းလမ်းတွင်ပိတ်ရပ်လိုက်ကြသည်။ ထိုအခါ ကျားဖြူသခင်ကြီးက ဦးခွန်သိုက်ကို လက်ကာပြလိုက်သည်။
“မင်းတို့တွေ သူ့ကိုမနှောင့်ယှက်ကြနဲ့၊ သူ့ကိုပေးသွားလိုက်ကြ”
ဦးခွန်သိုက်တို့က လမ်းဘေးသို့ကပ်ပေးသဖြင့် ငခမ်းလည်း လျှောက်လမ်းအတိုင်း လှမ်းလျှောက်ရန်ပြင်ဆင်လိုက်သည်။
“မင်းအခုသွားတော့ရော သူတို့ကိုနိုင်မှာတဲ့လား”
ကျားဖြူသခင်ကြီးက လှမ်းပြောသဖြင့် ငခမ်းခြေလှမ်းများ တုန့်ဆိုင်းသွားသည်။
“မင်းအခုသွားကယ်တော့ရော လင်းဆွဲတစ်ထောင်သခင်မကို မင်းနိုင်မှာတဲ့လား”
ငခမ်းတွေဝေသွားမိကာ လှမ်းနေသည့်ခြေလှမ်းကိုပြန်ရုတ်သိမ်းပြီးခြေစုံရပ်လိုက်သည်။ လင်းဆွဲတစ်ထောင်သခင်မနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ငခမ်းတစ်ယောက် လင်းဆွဲတစ်ထောင်သခင်မကို အနိုင်မယူနိုင်မှန်း သိသည်။
“ဒီမှာတစ်ရက်နှစ်ရက်လောက် နေပါအုံးကွ၊ သူတို့ကိုနိုင်မယ့်နည်းလမ်းကို ငါမင်းကိုပြောပြမယ်”
ငခမ်းက ကျားဖြူသခင်ကြီးဘက်သို့ ချာခနဲလှည့်လိုက်ပြီး
“ခင်ဗျားတကယ်ပဲ သူတို့ကိုနိုင်မယ့်နည်းလမ်းကိုသိလို့လား”
ကျားဖြူသခင်ကြီးက ခေါင်းသာညိတ်ပြသည်။ ထို့နောက်
“အရင်ဆုံးတော့ ငါကမင်းကိုဧည့်ခံပါရစေ၊ ညောင်ရွှေဆမန်းစံအိမ်ကလူတွေက ဧည့်သည်အပေါ်ကို ဘယ်လောက်ဖော်ရွေတယ်ဆိုတာ မင်းကိုပြသပါရစေ”
ငခမ်းလည်းခေါင်းညိတ်လိုက်သည်။ ကျားဖြူသခင်ကြီးက ရယ်မောလိုက်ကာ ငခမ်း၏ ပုခုံးကို ဆွဲဖက်လိုက်ပြီး
“ငါ့နာမည် စဝ်ခွန်ဆေပဲ၊ မင်းနာမည်ကရော”
“ကျုပ်နာမည် စိုင်းကွမ်ခမ်း၊ ဒါပေမယ့် ကျုပ်တို့တော့ ငခမ်းလို့ပဲ ခေါ်ကြတယ်”
“ငခမ်းတဲ့လား၊ ကောင်းတာပေါ့ကွာ၊ ငခမ်း . . . ငခမ်း”
ကျားဖြူသခင်ကြီးနှင့် ငခမ်းတို့မှာ စံအိမ်ကြီးအတွင်းသို့ အတူတူလှမ်းလျှောက်ဝင်ရောက်သွားကြလေသည်။
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ကျားဖြူစံအိမ်တော် တွင်ဆက်လက်ဖတ်ရှုပါ။