အပိုင်း (၂)
(၅)
ရွာသူကြီးအိမ်မှ မောင်းသံများထွက်ပေါ်လာလေသည်။ ရွာသူရွာသားများမှာ ထိုမောင်းသံကိုနားစွင့်ထောင်နေကြသည်။ မောင်းသံခုနစ်ချက်ထွက်လာသည့်အခါ တစ်ရွာလုံးလှုပ်လှုပ်ရှားရှာဖြစ်သွားကြသည်။
“မကြည်ရေ မောင်းသံက ခုနစ်ချက်တောင်နော်”
“ဟုတ်ပမအေး၊ ငါနားကြားများမှားတာလားလို့”
“မမှားပါဘူးမကြည်၊ ခုနစ်ချက်ဆိုတာ အရေးကြီးလို့ခေါ်တဲ့အသံပဲ၊ ဟဲ့ ကလေးတွေ၊ လမ်းပေါ်ဆော့မနေကြနဲ့ အိမ်ပေါ်တက်ကြစမ်း”
ရွာသူများမှာ လမ်းမပေါ်တွင်ဆော့ကစားနေသည့်ကလေးများကို အိမ်အတွင်းပြန်ဝင်ခိုင်းကြသည်။ ထို့နောက် တစ်အိမ်တစ်ယောက်ကျနှုန်းဖြင့် ရွာသူကြီးအိမ်သို့ အပြေးအလွှားသွားကြလေသည်။ ရွာသူကြီး ဦးမြမှာ သူ့အိမ်အောက်ထပ်တွင် ထိုင်ခုံတစ်လုံးနှင့်ထိုင်နေပြီး သူ့အရှေ့တွင်လည်း မိန်းမနှစ်ယောက်က မျက်ရည်စက်လက်ဖြင့် ထိုင်နေကြလေသည်။
“သူကြီးဘာဖြစ်လို့လဲ”
ဦးမြက ရွာသားများကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ရွာအတွင်းရှိ ရွာသူရွာသားအားလုံးနီးပါး စုံလင်သွားပြီဖြစ်သည်။
“အဟမ်း၊ ရွာသားအားလုံးကို ကျုပ်ဆင့်ခေါ်လိုက်ရတဲ့အကြောင်းကတော့ အခုညနေပဲ ကျွဲကျောင်းထွက်တဲ့ အပြူးနဲ့ ဒိုးလုံးတို့ ပြန်မလာကြဘူးလို့ သူတို့အမေတွေက လာတိုင်ကြတယ်၊ ဒီတော့ ရွာထဲကလူတွေတစ်ယောက်ယောက်များ အပြူးနဲ့ဒိုးလုံးကို တွေ့မိကြသေးလား”
သူကြီးမေးတော့ ရွာသူရွာသားများမှာ တစ်ယောက်တစ်ပေါက်နှင့်ပြောဆိုနေကြသည်။
“နောက်ဆုံးတွေ့တာကတော့ သူတို့မနက်က ကျွဲစီးပြီးရွာထိပ်ကနေထွက်သွားတာကိုပါပဲသူကြီး”
သူကြီးဦးမြက ခေါင်းညိတ်ပြီး
“ဒါဆို ပျောက်နေကြပြီထင်တယ်၊ ကိုင်း၊ ဆယ်အိမ်ခေါင်းနဲ့ ကာလသားခေါင်းတို့က ရွာထဲကလူငယ်တွေကိုစုပြီးတော့ ကွင်းထဲကိုထွက်ရှာကြ”
ထိုအခါ ကာလသားခေါင်းက မတ်တပ်ရပ်လိုက်ပြီး
“ရှာတော့ရှာချင်ပါတယ်သူကြီး၊ ဒါပေမယ့် ညနေမိုးချုပ်တော့မယ်မဟုတ်လား”
ကာလသားခေါင်းပြောသည့်အခါ ဆယ်အိမ်ခေါင်းကလည်း မတ်တပ်ရပ်လိုက်ပြီး
“ဟုတ်ပါတယ်သူကြီး၊ မကြာခင်နေဝင်တော့မှာမို့ အချိန်အတော်လင့်နေပါပြီ၊ ကျုပ်တို့ မနက်ဖြန်မနက်စောစောမှ ထွက်ရှာကြရင်မကောင်းဘူးလား”
သူကြီးဦးမြက ဒေါသထွက်သွားသော်လည်း ဆယ်အိမ်ခေါင်းနှင့် ကာလသားခေါင်းပြောသည်ကလည်း ဟုတ်နေပြန်သဖြင့် ဘာလုပ်ရမှန်းမသိတော့ပေ၊ ယခုလိုကာလကြီးအတွင်း ရွာပြင်သို့ ညနေမပြောနှင့် နေ့ခင်းကြောင်တောင်ကြီးပင် ထွက်ဝံ့သူနည်းပါးသည်။ ထို့ကြောင့် ပျောက်ဆုံးသွားသည့် ကလေးနှစ်ယောက်၏ မိသားစုများကို တစ်ချက်လှည့်ကြည့်လိုက်ပြီး
“မယ်ခင်နဲ့ လှသောင်း၊ အခုရွာရဲ့အခြေအနေကို နင်တို့လည်းသိကြတဲ့အတိုင်းပဲ၊ ရွာမှာ ထူးထူးဆန်းဆန်းဖြစ်ပြီး လူတွေဆက်တိုက်သေနေကြတာဆိုတော့ ရွာသားတွေသွားဝံ့မယ်မထင်ပါဘူး၊ မနက်ဖြန်မနက်မှ ရှာကြတာပေါ့”
ထိုအခါ အပြူး၏အမေ မယ်ခင်က ရင်ဘတ်ကိုစည်တီးပြီး ချုံးပွဲချငိုယိုလေသည်။
“အောင်မယ်လေးတော့၊ မနက်မှရှာမှာဆိုတော့ ကျုပ်သားလေးအလောင်းကိုတောင် ပြန်တွေ့ပါ့မလားဘဲ”
မယ်ခင်ငိုနေတော့ သူ့အဖေဖြစ်သူ ဦးသာ၀ကြီးက ဝင်ဆွဲထူပြီးနောက် သူကြီးကို ဒေါသတကြီးနှင့်ကြည့်လိုက်ကာ
“ငါ့သမီး၊ ငိုမနေနဲ့တော့၊ ရွာကဘယ်သူမှ ရှာမပေးဘူးဆိုရင် ငါ့မြေးအပြူးကို ငါကိုယ်တိုင်ထွက်ရှာမယ်”
သူကြီးကလည်း ဦးသာ၀ကိုတားလိုက်သည်။
“ဦးသာ၀ရာ ခင်ဗျားလည်းအသက်ကြီးနေပြီ၊ မျက်စိကလည်းမှုန်နေပြီမဟုတ်လား၊ ခင်ဗျားတစ်ယောက်ထဲသွားရှာရင် နောက်တစ်ခါသေမယ့် အစိမ်းသေအလောင်းက ခင်ဗျားဖြစ်သွားလိမ့်မယ် နားလည်လား”
ဦးသာ၀က ခါးထောက်ပြီး
“သေလည်းဘာဖြစ်လဲဗျာ၊ လူဆိုတာ ကိုယ့်ထိမှ နာတတ်ကြတယ်ဆိုတာ ကျုပ်ယုံသွားပါပြီ၊ သူကြီးက သူ့မြေးဖြစ်တာမဟုတ်တော့ ဘယ်စိုးရိမ်မှာလဲဗျ”
ရွာသူရွာသားများအားလုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြသည်။ တစ်ယောက်နှင့်တစ်ယောက်ငြင်းခုန်ရင်း ရန်ဖြစ်ကာ စကားများနေကြသည်၊ သူကြီးဦးမြလည်း အကြံအိုက်ကာ ခေါင်းကုတ်နေရလေသည်။ ထိုစဉ် လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး
“အားလုံးတိတ်ကြပါတော့”
ထိုလူက အသံနက်ကြီးဖြင့်အော်လိုက်သဖြင့် ရွာသားအားလုံးတိတ်ဆိတ်သွားတော့သည်။ သူကြီးဦးမြလည်း ထိုလူကိုကြည့်လိုက်ပြီး
“ဖိုးထွား၊ မင်းဘာပြောမလို့လဲ”
ဖိုးထွားဆိုသည့်လူက နာမည်အတိုင်းပင် ထွားထွားကျိုင်းကျိုင်းသန်သန်မာမာကြီးဖြစ်သည်။
“ဘယ်သူမှ သွားမရှာရဲရင်နေပါစေ၊ ကျုပ်တစ်ယောက်တည်းသွားရှာမယ်၊ ဘယ့်နှယ့်ဗျာ၊ လူပျောက်တာ ချက်ချင်းရှာရမှာပေါ့၊ မနက်ထိအောင်စောင့်နေမယ်ဆိုတာ ဖြစ်သင့်သလားဗျာ”
ထိုအခါ ဒေါ်သောင်းလှက ဖိုးထွားဆီသို့ပြေးလာလေသည်။
“ငါ့ကိုကူညီပါအုံးဖိုးထွားကြီးရယ်၊ ငါ့သားကလေးကိုရှာပေးစမ်းပါအုံး၊ သူ့ကိုတွေ့ရင် နင့်ကိုငါ ကျေးဇူးဆပ်ပါ့မယ်”
ဖိုးထွားက လက်ကာပြလိုက်ပြီး
“မလိုပါဘူး ဒေါ်သောင်းလှရယ်၊ ခင်ဗျားတို့မပြေလည်ဘူးဆိုတာလည်း ကျုပ်သိပါတယ်၊ ကျုပ်ကငွေကြေးကြောင့်ကူညီတာမဟုတ်ပါဘူး၊ ကိုယ့်ရွာသားအချင်းချင်းကိုယ်ချင်းစာလို့ ကူညီတာပါ”
ထိုအခါ သူကြီးက ထိုင်နေရာမှထလိုက်ကာ
“မင်းတကယ်လိုက်ရှာမှာလား ဖိုးထွား”
ဖိုးထွားကခေါင်းညိတ်လိုက်လေသည်။ ထိုအခါ သူကြီးက ကျန်သည့်ရွာသားများဘက်သို့လှည့်လိုက်ပြီး
“ဒါဆိုငါတို့ အခုပဲ ပျောက်သွားတဲ့ကလေးနှစ်ယောက်ကို လိုက်ရှာကြမယ်”
ရွာသားများမှာ အလွန်ထိတ်လန့်သွားကြသည်။ သူကြီးဦးမြကဆက်ပြီး
“မလိုက်ချင်တဲ့အိမ်ထောင်စုတွေအနေနဲ့ တစ်အိမ်ထောင်ကို ငွေတမတ်ပေးရမယ်၊ အဲဒီငွေကို လိုက်ရှာတဲ့သူက ရမယ်”
သူကြီးကပြောဆိုရင်း သူဝတ်ထားသည်h အင်္ကျီအိတ်ကိုနှိုက်လိုက်ကာ တမတ်စေ့တစ်စေ့ကိုထုတ်လိုက်ပြီးစားပွဲပေါ်ချလိုက်သည်။
“ငါကတော့ လိုက်မရှာနိုင်ဘူး၊ ဟောဒီမှာ ငွေတစ်မတ်”
ထိုအခါ ရွာသားများကလည်း ညည်းညူလိုက်ကြပြီးနောက် ငွေတစ်မတ်ကိုလာပေးကြလေသည်။ သို့နှင့်တစ်မတ်စေ့အပုံကြီးမှာ စားပွဲပေါ်တွင် အပုံလိုက်ကြီးဖြစ်သွားလေတော့သည်။ နောက်ဆုံးလိုက်ရှာမည့်သူက တစ်ယောက်တည်းသာရှိသည်။ ထိုလူကတော့ ဖိုးထွားပင်ဖြစ်သည်။
“ကိုင်း၊ ဒီတော့ လိုက်ရှာမယ့်သူကို ဒီငွေတွေပေးကြတာပေါ့၊ ဖိုးထွားရေ ဒီငွေတွေကိုမင်းယူလိုက်၊ ကလေးနှစ်ယောက်ကို တွေ့အောင်ပြန်ရှာပေးပါ”
ဖိုးထွားလည်း ခေါင်းညိတ်လိုက်ပြီး
“စိတ်ချပါသူကြီး၊ ကျုပ်အစွမ်းကုန်ကြိုးစားပေးပါ့မယ်”
သူကြီးဦးမြက နှစ်ဦးနှစ်ဖက် မနစ်နာရအောင် ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်။ သို့နှင့် ဖိုးထွားက သူရရန်ရှိသည့်ငွေကြေးများကို သူကြီးအိမ်တွင်အပ်နှံခဲ့ကာ အိမ်သို့ပြန်လာခဲ့သည်။ ဖိုးထွားမှာ မုဆိုးတစ်ဦးဖြစ်သည်၊ မုဆိုးအတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးဖြစ်ပြီး ထိုအနီးတစ်ဝိုက်တောတောင်များအတွင်းတွင် ကျင်လည်ကာ အမဲလိုက်လေ့ရှိသည်။ ယခုလိုအချိန်မျိုးတွင် ရွာပြင်တောအုပ်အတွင်းသို့ သွားဝံ့သူမှာ ကိုမြကြီးနှင့် ဖိုးထွားနှစ်ယောက်မှလွဲပြီး မရှိပေ။
အိမ်ထရံတွင်ချိတ်ထားသည့် ဒူးလေးကြီးကိုဖြုတ်ယူလိုက်သည်။ ထို့နောက် ဒူးလေးမြှားတံများထည့်ထားသည့် မြားကျည်တောက်ကိုယူကာ ခါးတွင်ချိတ်ဆွဲလိုက်သည်။ တစ်တောင်ခန့်ရှိသည့် တောခုတ်ဓါးကြီးကို ကိုင်လိုက်ကာ ကညင်ဆီမီးတုတ်ကြီးကိုလည်း ဆွဲယူလိုက်ကာ အိမ်ပေါ်မှဆင်းလိုက်သည်။
အိမ်အောက်မှ သူ၏ အချစ်တော် ခွေးကြီးမဲလုံးကလည်း အမြီးတနံ့နံ့ဖြင့် ပြေးထွက်လာခဲ့ရာ ဖိုးထွားက လေတစ်ချက်ချွန်လိုက်ပြီး ခွေးကြီးကိုအနောက်မှလိုက်လာခိုင်းလိုက်သည်။ မဲလုံးဆိုသည့်နာမည်အတိုင်း ခွေးကြီးက မဲနက်သည့်အမွှေးအမျှင်များရှိပြီး အလွန်သန်မာသည့် အမဲလိုက်ခွေးကြီးဖြစ်သည်။ တောထဲမသွားခင် ဒေါ်သောင်းလှနှင့် မယ်ခင်တို့အိမ်များဆီသို့သွားရသည်။
“ခင်ဗျားတို့ဆီမှာ အခုပျောက်သွားတဲ့ကလေးတွေ ဝတ်ထားတဲ့ အင်္ကျီတို့၊ ပုဆိုးတို့ရှိသလား၊ မလျှော်ရသေးတာဆို ပိုကောင်းတယ်”
အပြူးနှင့် ဒိုးလုံးတို့အိမ်မှ အဝတ်အစားများကိုတောင်းယူလိုက်ပြီးနောက် ခွေးကြီးမဲလုံးအရှေ့တွင်ပုံကာချလိုက်သည်။
“မဲလုံး၊ ဒီဟာကတစ်ယောက်၊ ဒီဘက်ကဟာကတစ်ယောက်နော်”
မဲလုံးက လူစကားနားလည်သည့်အလား အဝတ်ပုံများကို တရှုံ့ရှုံ့နှင့် နမ်းရှုံ့နေလေသည်။
“အနံ့တွေကို သေသေချာချာမှတ်ထားနော်၊ ပြီးရင် မင်းနဲ့ငါနဲ့သွားကြမယ်”
ဖိုးထွားက လေချွန်သံတစ်ချက်ပြုလိုက်ပြီးနောက် ခွေးကြီးမဲလုံးနှင့်အတူ ရွာပြင်သို့ထွက်ခဲ့ကြလေသည်။ တစ်နေ့လုံးခြစ်ခြစ်တောက် ပူနေသည့်နေလုံးကြီးက အနောက်ဘက်တောင်တန်းကြီးပေါ်သို့ မေးတင်ကာ တဖြည်းဖြည်းကွယ်ပျောက်သွားလေသည်။
(၆)
“ဒါသွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူးသူကြီး”
သူကြီးဦးမြအိမ်တွင် ဆယ်အိမ်ခေါင်းနှင့် ကာလသားခေါင်းများ၊ ရပ်မိရပ်ဖများစုစည်းကာ အစည်းအဝေးပြုလုပ်နေကြခြင်းဖြစ်သည်။ ဆယ်အိမ်ခေါင်းက ဆက်လက်ပြီး
“အရင်ဆုံး ဒေါ်လေးမြယာခင်းထဲသွားရင်း ဓါးခုတ်ခံရပြီးသေတယ်၊ နောက်တော့ ဦးကြီးရွှေ ချောက်ထဲကျပြီးတော့သေတယ်၊ မနေ့ကပဲ ဦးလှမြင့် ရွာအပြင်ကချောင်းထဲမှာ ရေနစ်ပြီးသေတယ်၊ အခုဒီနေ့လည်း ကျွဲကျောင်းသွားတဲ့ကလေးနှစ်ယောက် ပျောက်သွားတယ်ဆိုတော့ ဒီကိစ္စကို ကျုပ်က သွေးရိုးသားရိုးလို့မထင်ဘူး”
“ဒါဆိုဘယ်လိုထင်လို့လဲ”
“သေချာတာကတော့ ရွာကလူတွေ တစ်ခုခုအမှားလုပ်မိပြီးတော့ ရွာခိုက်နေတာပဲဖြစ်မယ်”
ဆယ်အိမ်ခေါင်းစကားကြားသည့်အခါ ရွာခံများကတစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေကြလေသည်။
“ဟုတ်တယ်သူကြီး၊ ရွာခိုက်နေတာပဲဖြစ်ရမယ်”
“ကျုပ်တို့လည်း ဒီလိုပဲထင်နေတာကြာပြီ”
ကျန်လူများက ထောက်ခံပြောဆိုသဖြင့် သူကြီးဦးမြက လက်ကာပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ၊ ရွာခိုက်တယ်ဆိုပါတော့ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ၊ ဟိုတစ်လောကပဲ ရွာကဆရာတော်တွေ ပရိတ်တွေရွတ်ပြီးသွားပြီမဟုတ်လား”
“ဆရာတော်တွေကိုစော်ကားတာတော့မဟုတ်ပေမယ့်၊ သူတို့လောက်နဲ့မရဘူး”
“ခင်ဗျားတို့ဘာလုပ်ချင်သလဲ”
“ကျုပ်တို့ရွာမှာ ဆရာကောင်းကောင်းမရှိဘူးမဟုတ်လား၊ ဒီတော့ မြို့တက်ပြီးတော့ အထက်လမ်းဆရာတစ်ယောက် ကျုပ်တို့လိုက်ရှာမယ်၊ သူနဲ့တိုင်ပင်ပြီးတော့ လောကီနည်းအရ လုပ်သင့်တာလုပ်မှရမယ်”
သူကြီးလည်းခေါင်းညိတ်ပြီး
“ခင်ဗျားတို့ပြောတာကို ကျုပ်လက်ခံပါတယ်၊ ဒီကိစ္စကို မနက်ဖြန်ပဲစပြီးအကောင်အထည်ဖော်မယ်၊ ကျုပ်နဲ့ကာလသားခေါင်းနဲ့ မြို့တက်ပြီးတော့ အထက်လမ်းဆရာတစ်ယောက် သွားပင့်လာခဲ့မယ်”
ထိုစဉ် လူတစ်ယောက်က အသံစုံအော်ဟစ်လျှက် အူယားဖားလျား ပြေးလာလေသည်။
“သူကြီးရေ . . .”
“ဟေ့၊ ဘာဖြစ်တာလဲကွ”
“ကိုတက်ပုမိန်းမကို သရဲပူးနေလို့ဗျ”
“ဟေ . . . .”
သူကြီးလည်း တစ်ချက်ရေရွတ်လိုက်ပြီး အစည်းအဝေးလုပ်နေသည့် လူကြီးများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လာခေါ်သည့်လူငယ်အနောက်သို့ ပြေးလိုက်လာခဲ့သည်။ သူကြီးထွက်သွားသည့်အခါ လူကြီးများလည်းအနောက်မှ ပြေးလိုက်သွားကြလေသည်။
ကိုတက်ပုက အိမ်တွင် အရက်ဆိုင်ဖွင့်ထားလေသည်။ သူကြီးတို့မရောက်ခင်မှာပင် ကိုတက်ပုတို့အိမ်ကို လူများက ဝိုင်းအုံကြည့်နေကြသည်။ သူကြီးနှင့်ရွာလူကြီးများပြေးလာသည့်အခါ အားလုံးက လမ်းဖယ်ပေးလိုက်ကြသည်။ သူကြီးက အိမ်ပေါ်အပြေးတက်သွားလေရာ အိမ်ကြမ်းပြင်တွင်ငုတ်တုတ်ထိုင်နေသည့် ကိုတက်ပုမိန်းမ မဝက်မကိုတွေ့လိုက်ရသည်။
“ဟေ့ကောင်တက်ပု ဘာဖြစ်တာလဲ”
ကိုတက်ပုကိုမေးလိုက်သည့်အခါ ကိုတက်ပုက ခေါင်းကုပ်ရင်း သူ့မိန်းမကိုသာလက်ညှိုးထိုးပြသည်။ မဝက်မက တရှုံ့ရှုံ့နှင့် ငိုကြွေးနေလေသည်။
“ဟဲ့ နင်ဘာဖြစ်တာလဲ”
သူကြီးက မဝက်မအသားကိုထိလိုက်သည့်အခါ မဝက်မအသားမှာ ပူခြစ်နေလေသည်။ ခက်သည်က သူတို့ရွာတွင် အထက်လမ်းကုသောဆရာမရှိပေ၊ ယခင်ကတော့ ယခုလိုအပူးအကပ်ခံရလျှင် လှည်းပြင်ပြီး အခြားရွာရှိ အထက်လမ်းဆရာဆီသို့ သွားတတ်ကြသော်လည်း၊ ယခုလို ရွာခိုက်နေသည့်အချိန်တွင် ရွာပြင်သို့မည်သူမျှ မထွက်ဝံ့ပေ၊ ထို့ကြောင့် သူကြီးဦးမြပင် မဝက်မအနီးသို့ကပ်လိုက်သည်။
“ကျုပ်အနားမကပ်နဲ့၊ သွားကြ၊ သွားကြ”
မဝက်မသံက ယောက်ျားသံကြီးလို ဩဩကြီးဖြစ်နေသည်။ သူကြီးလည်း အနောက်သို့ဆုတ်လိုက်ပြီး
“မင်းဘယ်သူလည်း၊ ဘာလို့ သူများကို ဝင်ပူးနေရတာလဲ”
“ငါစိတ်နာလွန်းလို့ပါ၊ ငါအသည်းနာလွန်းလို့ပါ”
မဝက်မက ငိုကြွေးနေရာမှ လက်သီးတပြင်ပြင်၊ မျက်စောင်းတခဲခဲဖြစ်သွားသည်။
“ဟုတ်ပြီ၊ ဘယ်သူလဲ၊ ဘာကြောင့်အသည်းနာရတာလဲ”
“ငါလှမြင့်ပဲ”
ရွာသားများအားလုံး အံ့ဩသွားကြသည်။
“လှမြင့်၊ ဘယ်ကလှမြင့်လဲ”
သူကြီးမေးလိုက်သည့်အခါ မဝက်မက သူကြီးကိုကြည့်လိုက်ပြီး
“မနေ့က ရေနစ်ပြီးသေသွားတဲ့လှမြင့်ပဲဟေ့”
“ဟုတ်ပြီ၊ ဘာလို့သူ့ကိုဝင်ပူးတာလဲ”
“ငါမကျေနပ်ဘူး၊ တကယ်တော့ ငါရေမနစ်ဘူး၊ ငါ့ကိုသတ်သွားတာ၊ ငါ့ကိုသတ်သွားတာ”
“ဘယ်သူကသတ်သွားလို့လဲ၊ မင်းဘာသာ အရက်မူးပြီးတော့ ရေချောင်းထဲနစ်သေတာမဟုတ်ဘူးလား”
“ဒီမှာသူကြီး၊ ကျုပ်အရက်သောက်တတ်တယ်ဆိုပေမယ့် ဘယ်တော့မှ ဒီလောက်မူးအောင်မသောက်ဘူး၊ ကျုပ်ကိုသတ်သွားတာ၊ ကျုပ်ကိုရေထဲမှာ နှစ်ပြီးသတ်သွားတာ၊ သူကြီးကျုပ်ကို တရားခံဖမ်းပေးပါ”
“ကောင်းပြီ၊ ငါဖမ်းပေးမယ်၊ မင်းကိုဘယ်သူသတ်သွားတာလဲ”
“မြကြီးသတ်သွားတာ၊ မြကြီးငါ့ကိုသတ်သွားတာ”
သူကြီးတို့အားလုံး ထိတ်လန့်သွားကြသည်။
“မြကြီးက ဘယ်လိုသတ်သွားလို့လဲ”
“ငါအရက်ဝယ်ပြီးပြန်လာတော့ အမြည်းစားချင်ရင် ရွာပြင်ချောင်းနားကိုလိုက်ခဲ့၊ သူငါးထောင်ထားတယ်လို့ပြောတာနဲ့ ငါလည်းသူ့ဆီက ငါးယူမယ်ဆိုပြီး လိုက်သွားခဲ့တာ၊ ဟိုရောက်တော့ ငါ့ကိုအလစ်ချောင်းပြီးတော့ သစ်ကိုင်းနဲ့ရိုက်တယ်၊ နောက်တော့ ချောင်းထဲကိုတွန်းချပြီးတော့ ချောင်းစပ်မှာရေနှစ်သတ်တယ်၊ ငါမကျေဘူး၊ ဒင်းကိုငါမကျေနပ်ဘူး”
မဝက်မက ကြမ်းပြင်ကိုလက်သီးဖြင့် တဒုန်းဒုန်းထုလေရာ လက်သီးဆစ်များပင် သွေးများထွက်ကုန်လေသည်။
“တော်ပါပြီ၊ မင်းဘာမှမပူနဲ့၊ ငါမြကြီးကိုဖမ်းပြီးတော့ စစ်ဆေးပေးမယ်၊ ဟုတ်ပြီလား”
“နောက်ပြီး တစ်ခုကျန်သေးတယ်”
“ဘာလဲ . . .”
“ရွာမှလူတွေသေသေနေတာ အဲဒါတခြားမဟုတ်ဘူး မသဲဖြူသတ်စားနေတာ”
ထိုအခါ အိမ်ပေါ်ရှိရွာသားများမှာ ဟာခနဲ၊ ဟင်ခနဲဖြစ်သွားကြသည်။
“မသဲဖြူက သေပြီမဟုတ်လား”
“မသေသေးဘူးရှိသေးတယ်၊ အခုငါတောင်မှ မြကြီးကိုမကျေနပ်လို့ ငါ့ပါးစပ်ထဲက ကူးတို့ခထဲမှာ စွဲကပ်ပြီးလိုက်လာခဲ့တာ၊ ဒီကောင်မြကြီးက အဲဒီမတ်စေ့နဲ့ မနက်က အရက်သောက်ပြီးတော့ အခု မဝက်မက ပိုက်ဆံရေတွက်နေတုန်း သူ့ကိုဝင်ပူးကပ်လို့ရလို့ ပူးကပ်လိုက်တာပဲ၊ ငါ . .. ငါ . . . အား”
ထိုအခါ မဝက်မမှာ တစ်ချက်နှစ်ချက်လူးလွန့်သွားပြီးနောက် ဇက်ကျိုးကျသွားလေသည်။ ကိုတက်ပုနှင့် ရွာသားများလညး မဝက်မကိုပြေးထူကြသည်။ မဝက်မမှာ အိပ်မောကျနေသည့်လူပမာဖြစ်နေလေသည်။
“လှမြင့်ထွက်သွားပြီထင်တယ်ကွ၊ ဟေ့ကောင်တက်ပု၊ သူပြောတာတွေအဟုတ်ပဲလား”
ကိုတက်ပုလည်း ခေါင်းညိတ်ပြီး
“ဟုတ်ပါတယ်သူကြီး၊ ဒီမနက်ပဲ ကိုမြကြီးကျုပ်ဆိုင်ကိုလာပြီးတော့ အရက်တစ်မတ်ဖိုးသောက်သွားပါတယ်၊ ကျုပ်တောင်မှ အဲဒီတစ်မတ်က လူသေပါးစပ်ထဲကရတဲ့ တစ်မတ်လားလို့ မေးလိုက်ပါသေးတယ်”
“ဒါဆိုတကယ်ပဲပေါ့၊ ဟေ့ကောင်တွေ၊ မြကြီးကိုရှာကြစမ်း၊ တွေ့တာနဲ့ ဒီကောင့်ကိုဖမ်းချုပ်ပြီးတော့ ငါ့ဆီကိုခေါ်လာခဲ့”
ကာလသားများမှာ ပြေးဆင်းသွားကြလေသည်။ ထို့နောက်တစ်အိမ်တက်ဆင်းရှာဖွေကြသော်လည်း ကိုမြကြီး၏ အရိပ်အယောင်ကိုပင်မတွေ့ရပေ။
(၇)
ဖိုးထွားတစ်ယောက် တောတန်းကလေးဆီသို့တိုးကပ်လာခဲ့သည်။ တောတန်းအစပ်နားတွင် ကျွဲခြေရာများကိုတွေ့ရသဖြင့် ထိုနေရာတွင် ရပ်တန့်လိုက်သည်။
“ကျွဲတွေကို ဒီနားမှာချည်ထားခဲ့တာဆိုတော့ ဒီကောင်လေးတွေ တောတန်းထဲဝင်သွားတာဖြစ်ရမယ်”
တောတန်းအဝင်၀တွင် ဗွက်များရှိသဖြင့် ထိုဗွက်များပေါ်တွင် ခြေရာများကိုမြင်တွေ့ရသည်။ ဖိုးထွားက ခြေရာများကိုလက်ဖြင့်တိုင်းထွာကြည့်သည်။ ကလေးနှစ်ယောက်၏ ခြေရာများမှာ တောတန်းအစပ်တွင် အတိုင်းသားကျန်နေခဲ့သည်။ ဖိုးထွားကဆက်ကြည့်ရင်း တစ်နေရာအရောက်တွင် လူကြီးခြေရာကိုတွေ့ရသည်။
“ထူးဆန်းတယ်လူကြီးခြေရာပါလား၊ ဒါဆို ကလေးနှစ်ယောက်နဲ့အတူတူ လူကြီးတစ်ယောက်လည်းပါပုံရတယ်”
ဖိုးထွားက တောတန်းကလေးထဲသို့ ဆက်လှမ်းလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင် အမှောင်ဖုံးလွှမ်းနေသည်မို့ ကညင်ဆီမီးတိုင်ကြီးကို ထွန်းညှိလိုက်လေသည်။ ခွေးကြီးမဲလုံးကလည်း အနံ့ခံနေရင်း တောတန်းတစ်နေရာသို့စိုက်ကြည့်နေလေသည်။
“မင်းအနံ့ရနေပြီလား”
ခွေးကြီးမဲလုံးက တောတန်းအတွင်းသို့ပြေးဝင်သွားရာ ဖိုးထွားကအနောက်မှပြေးလိုက်လာခဲ့သည်။ ချုံကြီးတစ်ချုံအောက်အရောက်တွင် မဲလုံးက ချုံအတွင်းသို့တိုးဝင်သွားသဖြင့် ဖိုးထောင်လည်းချုံထဲတိုးရတော့သည်။ မြေပြင်တစ်နေရာတွင် လောက်စာလုံးများကျနေသည်ကိုမြင်တွေ့ရသလို ခပ်လှမ်းလှမ်းတွင်လည်း ကြက်တောင်မွှေးများကိုတွေ့ရသဖြင့် ကောက်ယူလိုက်လေသည်။
“ကြက်တောင်မွှေးက အစိမ်းရောင်ဖောက်ထားတယ်ဆိုတော့ ဒါရစ်ပဲဖြစ်ရမယ်၊ လောက်စာလုံးလည်းတွေ့တယ်ဆိုတော့ ဒီကောင်တွေရစ်လာပစ်တာဖြစ်မယ်”
ဆက်ပြီးသွားရင်း မကြာခင်တွင် ခြေရာများပျောက်သွားလေသည်။ ဖိုးထွားတစ်ယောက် ဘယ်ကိုလိုက်ရမှန်းမသိတော့ပေ၊ မဲလုံးကြီးကလည်း မြေကြီးကိုတရှုံ့ရှုံ့နှင့် နမ်းနေရင်း တောတန်းအတွင်းလှည့်လည်သွားလာနေသည်။
ထိုစဉ် မဲလုံးမှာ ခေါင်းထောင်သွားပြီး တောနက်အတွင်းသို့လှမ်းကြည့်လိုက်လေသည်။
“ဝုတ်၊ ဝုတ်”
သုံးလေးချက်ခန့် ထိုးဟောင်လိုက်သည့်အခါ မဲလုံးအသံတစ်ခုခုကြားလိုက်ပြီမှန်း ဖိုးထွားသိလိုက်သည်။ မဲလုံးခေါင်းကိုလက်နှင့်ပွတ်လိုက်ပြီး ပါးစပ်က တရှူးရှူးနှင့်အသံပေးလိုက်ရာ မဲလုံးမှာဆက်မဟောင်တော့ပေ။
ဖိုးထွားနားထဲတွင် အသံတစ်ချို့ကြားလိုက်ရသည်။ သို့သော် အတော်ဝေးသည့်နေရာမှ လာသည့်အသံဖြစ်သဖြင့် မသဲကွဲသည့်အပြင် တိုးတိုးကလေးသာကြားရသည်။ ဖိုးထွားလည်း မျက်လုံးမှိတ်ချလိုက်ပြီး စိတ်အာရုံကိုနားတွင်စုစည်းလိုက်ကာ အသံကိုနားစိုက်ထောင်သည်။
အသံသဲ့သဲ့တစ်ချက်ကြားရပြန်သည်။ မဲလုံးကလည်း အသံအနောက်ကိုလိုက်ချင်သဖြင့် မြေကြီးကိုခြေထောက်ဖြင့်ယက်ကာ အချက်ပေးနေလေသည်။ သို့နှင့် ဖိုးထွားလည်း လေတစ်ချက်ချွန်လိက်သည့်အခါ မဲလုံးမှာ အသံနောက်သို့ပြေးလိုက်သွားလေသည်။ ဖိုးထွားလည်း မဲလုံးပြေးသည့်နောက်သို့ ပြေးလိုက်သွားရတော့သည်။
ပြေးရင်းပြေးရင်း အလွန်နက်ရှိုင်းသည့် တောအုပ်ကြီးအတွင်းသို့ရောက်လာခဲ့လေသည်။ အရှေ့တွင် တောင်ကြောကြီးသာရှိတော့သည်။ ထိုနေရာတွင် သစ်ကြီးဝါးကြီးများက ထူထပ်စွာပေါက်ရောက်နေလေသည်။
ဖိုးထွားနားထဲအသံကြားရသည်။ အသံက တောတိုးနေသည့်အသံဖြစ်သည်။ ထိုအသံမှာတဖြည်းဖြည်းသူနှင့် နီးကပ်လာလေရာ ဖိုးထွားက လက်ထဲမှ ဓါးကြိးကိုအသင့်ပြင်ကာ ကိုင်ဆောင်ထားလိုက်သည်။ နောက်ဆုံးတောတိုးသံများပိုမိုနီးကပ်လာပြိး လူတစ်ယောက်ထွက်လာလေသည်။
“ဟင်၊ ကိုမြကြီးပါလား”
“ဟာ၊ ဖိုးထွားပါလား”
ကိုမြကြီးနှင်h အမှတ်မထင်တွေ့လိုက်ရသဖြင့် ဖိုးထွားအံ့ဩသွားမိသည်။
“ကိုမြကြီးဒီမှာ ဘာလုပ်နေတာလဲ”
“မင်းကရော ညကြီးမင်းကြီးဘာလုပ်နေတာလဲ ဖိုးထွားရ”
“ကျုပ် . . . ကျုပ်က ရွာကပျောက်သွားတဲ့ကလေးနှစ်ယောက်ကိုလိုက်ရှာနေတာဗျ”
ကိုမြကြီးလည်းခေါင်းညိတ်လိုက်ပြီး
“အေး၊ ငါလည်းဒီအတိုင်းပါပဲကွာ၊ အပြူးနဲ့ ဒိုးလုံးတို့ကိုလိုက်ရှာနေတာ”
“လိုက်ရှာနေတယ်လည်းပြောသေးတယ်ကိုမြကြီးရာ၊ မီးလေးဘာလေးတောင် မပါပါလား”
“အေးကွ၊ ငါလည်းအလျှင်စလိုထွက်လာတာနဲ့ မီးတုတ်မပါခဲ့ဘူးဖြစ်သွားတာ”
“အား . . . . ကယ်ကြပါ”
ထိုစဉ် စူးရှသည့်အော်သံတစ်ခုကို တောင်ကြားထဲမှကြားလိုက်ရလေသည်။ ဖိုးထွားက ထိုနေရာသို့လှည့်ကြည့်လိုက်သည်။
“အော်သံပဲဗျ၊ ကလေးတွေလားမသိဘူး”
ကိုမြကြီးလည်းခေါင်းညိတ်လိုက်ပြီး
“အေး၊ ဟုတ် . . . ဟုတ်မယ်ကွ၊ လာကွာ ငါတို့သွားရှာကြစို့”
ဖိုးထွားကအရှေ့မှ မီးတုတ်ကိုင်ပြီးပြေးလေရာ ကိုမြကြီးက အနောက်မှပြေးလိုက်လာခဲ့သည်။
“ကယ်ကြပါ . . . ကယ်ကြပါ”
(၈)
“ကယ်ကြပါ . . . ကယ်ကြပါ”
အပြူးနှင့် ဒိုးလုံးတို့က ကျောက်ဂူအတွင်းအသံကုန်ဟစ်ကာ အော်ဟစ်နေကြသည်။ မကြာခင် ကျောက်ဂူအပြင်မှ မသဲဖြူက ဝင်လာခဲ့သည်။ မသဲဖြူလက်ထဲတွင်လည်း ဓါးမြှောင်တစ်လက်ကိုင်ထားသေးသည်။
“ဟဲ့ကောင်လေးတွေ လျှောက်အော်မနေနဲ့၊ နင်တို့အော်တာကို ဘယ်သူမှ မကြားနိုင်ဘူးဟဲ့”
မသဲဖြူကပြောဆိုလိုက်ပြီး မီးပုံနံဘေးရှိ ကောက်ရိုးများခင်းထားသည့် အိပ်ရာထက်တွင်အိပ်နေလေသည်။ အပြူးနှင့် ဒိုးလုံးတို့ကတော့ ဆက်ပြီးအော်ဟစ်နေကြသည။
“ကယ်ကြပါ . . . ကယ်ကြပါ”
လေးငါးခါခင်္န်Uအော်ဟစ်ပြီးသည့်အခါ အပြူးတို့လက်လျော့လိုက်ရသည်။ တစ်နေ့လုံးအော်ဟစ်နေရသဖြင့် အသံတွေအက်ကွဲနေသလို ရေလည်းအတော်ဆာနေပြီဖြစ်သည်။ ဒိုးလုံးက မသဲဖြူကိုကြည့်လိုက်ပြီး
“ကျုပ်တို့ရေဆာတယ်၊ ရေတိုက်ဗျာ”
မသဲဖြူက သူတို့ကိုစောင်းကြည်hပြီး
“ဟား၊ ဟား ကောင်လေးတွေ၊ နင်တို့မောသွားကြပြီမဟုတ်လား၊ ဒီအထဲမှာဆို နင်တို့အော်ချင်သလောက်သာအော်ကြစမ်း၊ ဘယ်သူမှ မကြားနိုင်ဘူး”
“ကျုပ်တို့မအော်တော့ပါဘူးဗျာ။ ကျုပ်တို့ကိုရေတိုက်စမ်းပါ”
အပြူးကပြောလိုက်သည့်အခါ မသဲဖြူက ငုတ်တုတ်ထိုင်လိုက်ပြီး ရေအိုးအနီးသို့တိုးကပ်လိုက်သည်။ ထို့နောက် အုန်းမှုတ်ခွက်တစ်ခုဖြင့် ရေခပ်ပြီးနောက် သူတို့အရှေ့တွင်ရေကိုအားရပါးရသောက်ပြလိုက်လေသည်။ အလွန်ရေဆာနေသည့် အပြူးနှင့် ဒိုးလုံးတို့မှာ သူတို့နှုတ်ခမ်းကို လျှာဖြင်hသပ်လိုက်ကြလေသည်။
“တိုက်စမ်းပါဗျ”
“ဟား၊ ဟား၊ နင်တို့က မနက်ဖြန်ဆိုသေတော့မဲ့လူတွေပဲ၊ ငါက ရေတိုက်ရမှာလား”
အပြူးမှာစိတ်ဓါတ်ကျသွားသည်။ ဒိုးလုံးက တစ်ချက်စဉ်းစားလိုက်ပြီး
“ရတယ်လေ၊ ခင်ဗျားရေမတိုက်ရင် ကျုပ်တို့က မကြာခင်သေတော့မှာ၊ ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်ဆိုတာ ခင်ဗျားကြားဖူးတယ်မဟုတ်လား၊ ကျုပ်တို့ရေမသောက်ရတာ တစ်မနက်မကတော့ဘူး”
“ဒါဆိုလည်း သေကြပေါ့”
“ကောင်းတာပေါ့၊ ကျုပ်တို့အခုညသေသွားတော့ မနက်ဆိုရင် တောင်hနေလောက်ပြီ၊ ခင်ဗျားပဲ အသားလတ်တာစားချင်တယ်ဆို၊ သေသွားမှတော့ အသားကလတ်ပါတော့မလား”
ဒိုးလုံးက လျှောက်ပြောသော်လည်း မသဲဖြူမှာ ဒိုးလုံးစကားကို ယုံကြည်သွားပုံရသည်။ သို့နှင့် အုန်းမှုတ်ခွက်နှင့် ရေခပ်လိုက်ပြီး ဒိုးလုံးကိုရေတိုက်သည်။ အလားတူ အပြူးကိုလည်း ရေတိုက်လိုက်သည်။
ဒိုးလုံးက မျက်လုံးကိုဝေ့ကြည့်လိုက်ရာ ကျောက်ဂူနံရံအနီးတွင် ကျောက်စက်မိုးမျှော်တစ်ခုက မိုးပေါ်ကိုချွန်တက်လျှက် ထောင်ထွက်နေသည်ကိုတွေ့လိုက်ရသည်။ သို့နှင့် မသဲဖြူကို စကားစလိုက်သည်။
“ခင်ဗျား၊ ဒီမှာတစ်ယောက်တည်းနေရတာ မပျင်းဘူးလား”
မသဲဖြူက ဆံပင်များကိုလက်ဖြင့်ဖြီးနေရင်း
“ပျင်းတာပေါ့”
“ဒါဆိုလည်း ကျုပ်တို့စကားပြောရအောင်ဗျာ”
“စကားပြောမယ်၊ ဟုတ်လား၊ နင်တို့နဲ့ငါနဲ့ ဘာတွေစကားပြောစရာရှိလို့လဲ”
“ဟိုဗျာ၊ ခင်ဗျားအကြောင်းပြောပြပေါ့ဗျာ၊ ကျုပ်တို့က ကြားမှမကြားဖူးသေးတာ”
“ငါ့အကြောင်းတွေပြောရရင်တော့ အရှည်ကြီးပဲ”
“လုပ်စမ်းပါဗျ၊ ကျုပ်နားထောင်ချင်လို့”
မသဲဖြူက အိပ်ရာပေါ်သို့လှဲချလိုက်ရင်း
“အေးလေ၊ နင်တို့နားထောင်ချင်တယ်ဆိုလည်း ငါပြောပြရသေးတာပေါ့”
မသဲဖြူကို စကားပြောရန်ပြောဆိုပြီး ဒိုးလုံးက တီကောင်ကဲ့သို့ တလိမ့်လိမ်hဖြင့်သွားလိုက်ပြီးနောက် ကျောက်ဂူနံရံကြီးနှင်h မှီပြီးထိုင်လိုက်လေသည်။ သူ၏ကျောကုန်းအနောက်တွင်တော့ ကျောက်စက်မိုးမျှော်တစ်ခုရှိသည်။ သူတို့လက်များကို လက်ပြန်ကြိုးတုတ်ထားသဖြင့် အလွန်ဟန်ကျလှသည်။ ကျောက်စက်မိုးမျှော်ကို ကျောကုန်းဖြင့်ကွယ်ထားလိုက်ပြီး လက်တွင်ချည်ထားသည့်ကြိုးကို ကျောက်စွန်းဖြင့်ပွတ်လေသည်။
“ဂျွှိ . . . ဂျွိ”
တိတ်ဆိတ်နေသည့် ကျောက်ဂူကြီးမို့ ပွတ်တိုက်သံကထွက်ပေါ်နေလေသည်။ ဒိုးလုံးလည်း မသဲဖြူမရိပ်မိစေရန် အာရုံလွှဲထားမှဖြစ်မည်ဟုတွေးလိုက်ပြီး စကားဆက်ပြောလိုက်သည်။
“လုပ်ပါဗျာ၊ ခုနကပဲ ပြောပြမယ်ဆို”
“အေးပါဟဲ့၊ ဘယ်ကစပြီးပြောရမလဲလို့တွေးနေတာ”
“ဒါဆိုလည်း ခင်ဗျားမွေးတဲ့အချိန်က စပြီးပြောပြပေါ့ဗျာ”
“ဟဲ့ ငါမွေးတုန်းကအကြောင်းတွေကို ငါကသိမလားဟဲ့”
“ဒါဆိုရင်လည်း မှတ်မိတဲ့အချိန်ကစပြီးပြောစမ်းပါဗျာ”
“ဒါဆိုရင်တော့ ငါခုနစ်နှစ်လောက်တုန်းကပေါ့ . . .”
အပိုင်း (၃) တွင်ဆက်လက်ဖတ်ရှုပါ။