အတွဲ(၃) စာစဉ် (၃)
(၁)
ကျုပ်နဲ့ဦးဘသာလည်း အဲဒီရသေ့ကြီးဆီကိုထွက်လာခဲ့ကြတာပေါ့ဗျာ၊ ဦးဘသာကတော့ လွယ်အိတ်အစုတ်ကြီးကို စလွယ်သိုင်းလွယ်ထားပြီးတော့ ကျုပ်ကလည်း အဖေ့ရဲ့လက်ဆွဲတော် ငှက်ကြီးတောင်ဓါးကြီး ကိုင်လို့ပေါ့ဗျာ၊ ကျုပ်တို့လည်း ရွာလမ်းအတိုင်းလျှောက်နေရင် ကြာမှာစိုးတာနဲ့ ရိုးချောင်းကလေးကိုဖြတ်ပြီးတာနဲ့ ကွင်းထဲကဖြတ်လာတာပေါ့ဗျာ။
အနောက်ဘက်တောတန်းက နှစ်လမ်းသွားလို့ရတယ်ဗျ၊ တစ်လမ်းကတော့ ရွာကနေထွက်ပြီးတော့ ရွာကနေ နည်းနည်းဝေးသွားမှာ တောတန်းထဲကိုဖြတ်ဝင်တာပေါ့ဗျာ၊ ဒီလမ်းကတော့ ခရီးပိုဝေးတယ်ဆိုပေမယ့် အဲဒီလမ်းက လုံခြုံတယ်ဗျ၊ နောက်တစ်လမ်းကတော့ ရိုးချောင်းကိုဖြတ်ပြီးတာနဲ့ ဖုန်းဆိုးတောကြီးထဲကနေ သွားတာပဲဗျ၊ အဲဒီလိုသွားရင် သရဲအရမ်းကြမ်းတဲ့ လူစားတဲ့ရေတွင်းကြီးအနားကနေဖြတ်သွားရတယ်၊ ပြီးတော့ ဖက်လိပ်ရွာဟောင်းကို ဖြတ်ရသေးတယ်၊ ပြီးတော့မှ အနောက်ဘက်တောတန်းကိုရောက်တောပေါ့ဗျာ။
ဦးဘသာက ဖုန်းဆိုးတောကိုဖြတ်တော့ ကျုပ်ဖြင့်စိတ်ထဲ ထင့်နေသေးတယ်၊ ဘာလို့လဲဆိုတော့ ဖြတ်ရမယ့်နေရာတွေကလည်း တကယ့်နေရာကြမ်းကြီးတွေမဟုတ်လားဗျာ၊ လူစားတဲ့ရေတွင်းရယ်၊ နောက်ပြီးတော့ ဖက်လိပ်ရွာဟောင်းဆိုတာကလည်း ကျောက်ရောဂါတွေဖြစ်ပြီး သေထားတဲ့လူတွေမှ မနည်းတာပဲ။
ဖုန်းဆိုးတောဆိုတာကတော့ ဘာအပင်မှ သိပ်မပေါက်တဲ့ကွင်းပြင်ကြီးဗျ၊ အပင်ကြီးကြီးမားမားဆိုလို့ ဘာမှကိုမရှိတာ၊ ဒါပေမယ့် မိုးတွင်းဆိုတော့ မြက်ရိုင်းတွေရယ်၊ မြေကြီးမှာကပ်ပေါက်တဲ့ ထိကရုံးလို၊ ဆူးပင်တွေပဲရှိတာဗျ၊ ဦးဘသာက အရှေ့ကနေခပ်မြန်မြန်သွားတာဆိုတော့ ကျုပ်ကလည်း သူ့ကိုမီအောင်လိုက်ရတာပေါ့ဗျာ၊ ခြေထောက်တွေဆိုရင်လည်း ဆူးတွေနဲ့ခြစ်လို့ ပြတ်ရှရာတွေတောင်မနည်းဘူးဗျို့၊ ဦးဘသာကတော့ ဇောနဲ့မို့လို့လားမသိဘူး၊ ခါတိုင်းထက်ပိုမြန်တယ်ဗျာ။
“အဲဒီမောင်မဲဇာဆိုတာ ဘာလဲဦးဘသာ”
“အတော်စွမ်းတဲ့ အောက်လမ်းနည်းတစ်ခုပေါ့ကွာ၊ တို့စုန်းအခေါ် ကောက်သင်းကောက်လို့လည်းခေါ်တယ်၊ သေသွားတဲ့ စုန်းတွေရဲ့ အရိုးတွေကိုတူးပြီးတော့ စုန်းတွေမှာကျန်ခဲ့တဲ့ အစွမ်းတွေစုပေါင်းပြီး အစီအရင်လုပ်တာပေါ့ကွာ”
“ဒါဆို အရင်တုန်းက ဖက်လိပ်ရွာမှာ စုန်းတော်တော်များများရှိခဲ့လို့လား”
“ရှိပါသကောကွာ၊ ခုတောင်ရွာထဲမှာ စုန်းဆိုပေမယ့် စုန်းလို့ဝန်မခံဘဲ ပညာတွေလျှိုထားပြီးတော့ သာမန်လူတွေလိုပဲ နေတဲ့သူတွေရှိတာပဲ၊ အဲဒီလိုလူတွေ သေသွားတဲ့အခါကျတော့ သာမန်လူဆိုပြီးတော့ မြှုပ်လိုက်တာပေါ့ကွာ၊ ပုံမှန်အရတော့ စုန်းသေရင် ပညာပျက်သွားတယ်ဆိုပေမယ့် တစ်ချို့အယူအဆကျတော့ စုန်းသေပေမယ့် အရိုးတွေ၊ ခြင်ဆီတွေ၊ သွားတွေထဲမှာ စုန်းရဲ့အစွမ်းတွေ ခိုအောင်းနေတတ်တယ်လို့ ယုံကြည်ကြတယ်ကွ”
“ဦးဘသာအမေ ဒေါ်ပျင်းကြီးရဲ့ အရိုးကိုများ လာပြီးတူးတာလား”
ဦးဘသာက ခေါင်းခါတယ်ဗျ။
“မဟုတ်ဘူးကွ၊ ငါ့အမေသေတုန်းက လောင်မီးကျပြီးသေတာ၊ ဒီတော့ အရိုးတော့ကျန်မှာမဟုတ်ဘူး၊ သူလာရှာတာက တခြားစုန်းတွေဖြစ်မှာ”
ကျုပ်တို့စကားပြောနေရင်း ရေတွင်းပျက်ကြီးနားကို ရောက်ခဲ့တယ်၊ အဲဒီရေတွင်းကြီးကို လှမ်းတွေ့တာနဲ့ ကျုပ်လည်း ကြက်သီးတွေတဖြင်းဖြင်းထလာတာပဲဗျာ၊ ဦးဘသာပါလို့လားတော့မသိပါဘူး၊ ဘာမှကိုမဖြစ်ဘူးဗျ၊ ဒါနဲ့ ကျုပ်တို့ဖက်လိပ်ရွာကိုဖြတ်ခဲ့တယ်၊ ရွာဆိုပေမယ့် အိမ်တိုင်ငုတ်တွေလောက်ပဲကျန်တော့တာပါ၊ ချုံတွေ၊ သစ်ပင်တွေဖုံးပြီး တောကြီးလိုဖြစ်နေပါပြီ၊ ဒါပေမယ့် ရွာကိုဖြတ်လာရင်း မဲမဲအရိပ်ကြီးတွေ လှစ်ခနဲ လှစ်ခနဲသွားနေတာကို မြင်လိုက်ရတယ်ဗျ၊ ကျုပ်လည်း ဦးသဘာအနောက်ပဲ ကပ်လိုက်လာတာပေါ့၊ နောက်တော့ ချုံတွေက ရှဲခနဲ ရှဲခနဲ နဲ့ လူတိုးသလိုဖြစ်ကုန်တယ်၊ သစ်ပင်သစ်ကိုင်းတွေဆိုရင်လည်း တဖြန်းဖြန်းနဲ့ဗျို့၊ ကျုပ်က ကြောက်သာကြောက်သာဗျ ဒီကောင်တွေကို တွေ့ရမလားဆိုပြီးတော့ လိုက်ကြည့်နေတာ၊ ဒါပေမယ့် ပက်ပင်းမတွေ့ဘူးဗျ၊ ဖြတ်ခနဲ ဖြတ်ခနဲပဲတွေ့ကြရတာ။
“ကြောက်မနေပါနဲ့ကွာ၊ ဒီအချိန်က သူတို့အစာရှာထွက်တဲ့အချိန်ပဲ၊ သူတို့ကိုလိုက်ကြည့်ပြီး ကြောက်မနေနဲ့”
ဖက်လိပ်ရွာဟောင်း တောတန်းကိုဖြတ်ပြီးတော့ အနောက်ဘက်တောတန်းအစကိုရောက်တောပေါ့ဗျာ၊ ဒီအချိန်မှာပဲ အနောက်ဘက်တောတန်းက ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်နေတာဗျ။ ကျုပ်တို့အရှေ့ကိုဆက်လျှောက်တော့ အဲဒီချုံပင်တွေထဲကနေပြီးတော့ အရိပ်မည်းကြီးတွေက ဝုန်းခနဲ ဝုန်းခနဲ ထလာပါရော၊ အရိပ်ကြီးတွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်တယ်။
ဦးဘသာက အရိပ်ကြီးတွေအနားမှာရပ်လိုက်တယ်၊ အဲဒီနေရာကလေးက တောတန်းနှစ်ခုအစပ် မြေနေရာပြောင်ပြောင်ကလေးပေါ့ဗျာ၊ ကျုပ်ကိုလည်းတားလိုက်တယ်။
“ဒီကောင်စည်းတားထားတယ်ကွ”
ကျုပ်လည်းငုံ့ကြည့်ပြီး
“ဟုတ်ရဲ့လားဗျာ၊ ကျုပ်တော့ ဘာကိုမှမတွေ့ပါဘူး”
“မြေကြီးကို သေသေချာချာကြည့်အလတ်ကောင်”
ဦးဘသာပြောလို့ ကျုပ်လည်းကုန်းပြီးကြည့်လိုက်တယ်၊ လရောင်ကြောင့် မြေကြီးကို မထင်မရှားလေးမြင်နေရတယ်ဗျ၊ ကျုပ်လည်းကြည့်နေရင်း ထူးဆန်းတာတစ်ခုတွေ့လိုက်ရတယ်၊ အဲဒါကတော့မြေကြီးပေါ်မှာ သဲတစ်ကြောင်း ဖြူးထားတာပဲဗျ။
အဲဒီနေရာက ရှိပြီးသားမြေကြီးက ကျောက်သားဆန်တဲ့မြေကြီးဗျ၊ မြေကြီးက ပြောင်နေပြီးတော့ ကျောက်တုံးလေးတွေပဲရှိတာ၊ အဲဒီမြေအပေါ်မှ သဲဖြူးထားတာက အတိုင်းသားလေးဗျ၊ သေချာကြည့်တော့မှ အတန်းလိုက်ကိုဖြူးထားတာ၊ ကျုပ်လည်း လက်နဲ့မကိုင်ချင်တာနဲ့ တုတ်တစ်ချောင်းကောက်ပြီး အဲဒီသဲစည်းကို ထိုးကြည့်လိုက်တာပေါ့ဗျာ။
“ဝုန်း . . . .”
ကားဘီးပေါက်သလို ဝုန်းခနဲအသံကြီးမြည်ပြီးတော့ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတာပဲဗျာ၊ ချုံကြီးတစ်ခုအပေါ် ပက်လက်လန်ပြီးကျသွားလို့သာ အကျမနာတာဗျ၊ ဦးဘသာက မုဆိုးထိုင်ထိုင်ချလိုက်ပြီးတော့ အဲဒီနားက မြေကြီးကို သူ့လက်ဝါးနဲ့အုပ်တယ်ဗျ။
ပြီးတော့ ဘာတွေရွတ်မှန်းမသိဘူး ရွတ်ပြန်ရောဗျာ၊ ဒီအခါ ရှူးရှူးရှဲရှဲအသံတွေထွက်လာပြီးတော့ မြေငလျင်လှုပ်သလို မြေကြီးက တုန်တုန်သွားတယ်၊ နောက်တော့ ကြည့်နေရင်း အဲဒီသဲမှုန်ကလေးတွေက သူ့အလိုလိုစုလာပြီး မြေကြီးပေါ်မှာရှပ်ပြေးနေတာဗျာ၊ မသိရင် ပုရွက်ဆိတ်တန်းကြီးလိုမျိုးပေါ့၊ ပြီးတော့ ဦးဘသာရဲ့ မြေကြီးကိုထိထားတဲ့လက်ကို ဝင်တိုးတော့တာပဲ၊ ခဏအတွင်းမှာ စည်းပျက်သွားတယ်၊ ဦးဘသာလက်မှာလည်း သဲတွေပုံနေတာပေါ့ဗျာ၊ ဦးဘသာက မတ်တပ်ရပ်လိုက်ပြီးတော့ အဲဒီသဲပုံကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တယ်ဗျ။
“ရပြီ၊ ငါတို့သွားစို့အလတ်ကောင်၊ ဒီကောင်က စည်းတွေဘာတွေချထားပြီဆိုတော့ တစ်ခုခုလုပ်ဖို့ကြံနေတာပဲဖြစ်မယ်”
ကျုပ်လည်း ဦးဘသာအနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ အနောက်ဘက်တောတန်းကလေးထဲရောက်တော့ လွမ်းစေတီနဲ့ တဲကလေးကိုမြင်နေရပြီဗျ၊ ဒီအချိန်မှာပင် သစ်ပင်သစ်ကိုင်းတွေက တဖြောက်ဖြောက်အသံမြည်ပြီးတော့ သစ်ကိုင်းတွေနိမ့်ဆင်းလာတယ်၊ အဲဒီသစ်ကိုင်းတွေပေါ်က မည်းမည်းအကောင်ကြီးတွေဆင်းလာပြီး ကျုပ်တို့ရှေ့မှာ ပိတ်ရပ်တယ်ဗျ၊ အကောင်နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တာပဲ။
ဦးဘသာက ခါးထောက်ပြီးတော့ အဲဒီသရဲကြီးတွေကိုကြည့်ပြီး
“ဟေ့ကောင်တွေ၊ မင်းတို့ဖယ်ရင်ဖယ်၊ မဖယ်ရင် ငါ့အကြောင်းသိမယ်”
ဦးဘသာကြိမ်းလိုက်ပေမယ့် ဒီသရဲကြီးတွေက မဖယ်ပါဘူးဗျာ၊ မထုံတတ်တေးနဲ့ ဆက်ပြီးတော့ ပိတ်ရပ်နေသေးတာ၊ ပြီးတာနဲ့ ဒီကောင်ကြီးတွေက ကျုပ်တို့ဆီကို ခုန်ခုန်ပြီးတော့ ပျံဝင်လာတာပဲဗျာ၊ ဦးဘသာကလည်း အဲဒီအကောင်ကြီးတွေကို လက်ညှိုးနဲ့ပိတ်ပိတ်ထိုးတာဗျ၊ ဦးဘသာလက်ညိုးနဲ့ထိုးခံလိုက်ရတာနဲ့ ဒီအကောင်ကြီးတွေက အနောက်ကိုပေနှစ်ဆယ်လောက်လွင့်ထွက်သွားတာပဲဗျာ၊ အထုပ်ကြီးတစ်ထုပ်လို လွင့်လွင့်သွားပြီးတော့ သစ်ပင်တွေနဲ့ရိုက်၊ သစ်ကိုင်းတွေနဲ့ရိုက်၊ ချုံပုတ်တွေထဲ ပြုတ်ကျနဲ့ပေါ့ဗျာ။
နောက်တော့ ဒီကောင်တွေဆက်ပြီးတက်မလာရဲတော့ဘူးဗျ၊ ဟိုးခပ်ဝေးဝေးက သစ်ပင်တွေနားမှာ ပုန်းပြီးကျုပ်တို့ကို မျက်လုံးအပြူးသားနဲ့ ဝိုင်းကြည့်နေကြတာဗျ၊ သူတို့မျက်လုံးက ကျောက်ဒိုးလောက်အရွယ် ဝိုင်းဝိုင်းကလေးတွေနဲ့၊ ပြီးတော့ မျက်လုံးတွေကလည်း အရောင်တွေထွက်နေတာဆိုတော့ သူတို့ရုပ်တွေကို အတိုင်းသားမြင်နေရတာပေါ့ဗျာ။
ဦးဘသာက ကျုပ်ကိုလက်တို့ပြီးတော့
“လာဟေ့၊ တဲထဲမှာ မီးခွက်အလင်းရောင်တွေ့တယ်၊ ဒီကောင်ဘာတွေကြံစည်နေပြန်ပြီလဲ မသိဘူး”
ကျုပ်တို့လည်း ထန်းလက်မိုးထားတဲ့ တဲကလေးဆီပြေးလာခဲ့တာပေါ့ဗျာ။ တဲကလေးထဲမှာ ရေနံဆီမီးခွက်ထွန်းထားတော့ လင်းနေတာပေါ့ဗျာ၊ တဲကြမ်းပြင်မှာ ဖျာကြီးခင်းပြီးတော့ အဲဒီဖျာကြီးရဲ့ အပေါ်မှာ ရသေ့ကြီးက တက်ထိုင်နေတယ်ဗျ၊ ကျုပ်တို့ကိုမြင်တာနဲ့ အသံနက်ကြီးနဲ့ အော်ပြီးရယ်တော့တာပဲ။
“ဟေ့ကောင်၊ မင်း . . . မင်းဖိုးတူးမဟုတ်လား”
ဦးဘသာက ရသေ့ကြီးကိုကြည့်ပြီးတော့ ပြောတာဗျ၊ ရသေ့ကြီးက ရယ်မောလိုက်ပြီးတော့ ခေါင်းညိတ်ပြတယ်။
“ဖိုးတူး၊ မင်းဒီလိုမလုပ်သင့်ပါဘူးကွာ၊ မင်းလုပ်ရပ်တွေကို ရပ်တန်းကနေရပ်လိုက်စမ်းပါ”
“ဟား၊ ဟား ဒီတစ်ခါတော့ မင်းငါ့ကိုမယှဉ်နိုင်တော့ပါဘူး ဘသာရာ”
ရသေ့ကြီးက အဲဒီလိုပြောပြီးတာနဲ့ သူ့ဘေးနားမှာချထားတဲ့ ဓါးမြှောင်ကို ကောက်ယူလိုက်တယ်ဗျ၊ ပြီးတာနဲ့ ဘာမပြောညာမပြော သူ့ဗိုက်ကြီးကို ထိုးစိုက်ချလိုက်တာပဲဗျာ၊ ကြည့်နေတဲ့ ကျုပ်တို့မှာ ဟာခနဲ၊ ဟင်ခနဲဖြစ်သွားတယ်ဗျ။
ဦးဘသာက တဲပေါ်ကိုလှမ်းတက်ဖို့ ခြေလှမ်းလိုက်တယ်ဆိုရင်ပဲ ဝုန်းခနဲအသံကြီးနဲ့အတူ ဦးဘသာကြီး လွင့်ထွက်သွားပါရောလားဗျာ၊ ကျုပ်လည်း ဦးဘသာကို ပြေးဆွဲထူတာပေါ့။ ဦးဘသာ ခါးနာသွားပုံရတယ်ဗျ၊ ခါးကိုလက်တစ်ဖက်နဲ့ဖိပြီးတော့ အမြန်ထတယ်။
“ဒီ . . . ဒီကောင် တဲကို စည်းချထားတယ်ကွ”
အဲဒီအခါ တဲပေါ်ကနေ ရသေ့ကြီးက အော်ရယ်တယ်ဗျ။
“ဟား၊ ဟား ဘယ်လိုလဲ ဘသာရဲ့၊ ဘုရားတည်ထားတဲ့ အုတ်နီခဲမှုန့်အရသာက ကောင်းရဲ့လားကွ”
“ဒီ . . . ဒီကောင် သိပ်ဥာဏ်များတဲ့အကောင်ပဲကွ၊ ကြည့်စမ်း၊ တဲပတ်ပတ်လည်ကို အုတ်နီခဲမှုန့်တွေဖြူးထားတာ”
ကျုပ်သေချာကြည့်တော့မှ မြေနီနီတွေကို အတန်းလိုက်ကြီးဖြူးထားပြန်တယ်ဗျာ။
“ဒီကောင်က နောက်ဆုံးတို့ရွာကိုလာဖို့ အကြံအစည်လုပ်ထားတာပဲ၊ လွမ်းစေတီနားမှာ စခန်းချတယ်ဆိုတာ လက်စသတ်တော့ ဘုရားတည်ထားတဲ့ အုတ်ကျိုးကိုလိုချင်လို့ကိုးကွ”
ရသေ့ကြီးက သူ့ဗိုက်ကိုသူ ဓါးနဲ့ခွဲလိုက်တယ်ဗျ၊ ဗိုက်ကြီးကွဲသွားတော့ အူတွေဆိုတာ လျှောခနဲထွက်ကျလာပါရော၊ ရသေ့ကြီးက ဦးဘသာကိုကြည့်ရင်း
“ဒါပေါ့ကွ၊ ငါဒီရွာကိုလာလုပ်တယ်ဆိုတာ မင်းကိုလက်စားချေချင်လို့ပဲ ဘသာရေ၊ အခုတော့ မင်းကိုငါလက်စားချေနိုင်ပြီ”
ရသေ့ကြီးက အဲဒီလိုပြောပြီးတော့ ဖျာပေါ်က အဝတ်စကြီးတစ်ခုအပေါ်မှာ ပုံထားတဲ့ အရိုးတွေကိုလက်နဲ့တစ်ဆုပ်ကြီးယူပြီးတော့ ပွင့်နေတဲ့ သူ့ဗိုက်ကြီးထဲကို ထိုးသိပ်ထည့်တာပဲဗျာ။ အူတွေ သွေးတွေဆိုတာက အလိမ်းလိမ်းနဲ့ပေါ့ဗျာ၊ ဗိုက်ပွင့်တာဆိုတော့ တော်ရုံနဲ့မသေဘူးထင်ပါရဲ့၊ ရသေ့ကြီးက အရိုးအပိုင်းအစတွေကို လက်နဲ့ဆုပ်ဆုပ်ပြီးထည့်တာ၊ အရိုးတွေကိုတော့ သေသေချာချာဖြတ်တောက်ထားတဲ့ပုံပဲဗျာ၊ အရိုးတွေအားလုံးက အံစာတုန်းကလေးတွေလောက်ပဲ အရွယ်ရှိတယ်။
သူကောက်ထည့်နေတဲ့အချိန်မှာပဲ ကျုပ်လည်း တဲပေါ်ကိုခုန်တက်လိုက်တာပေါ့ဗျာ၊ ဘုရားမြေက ဦးဘသာကြီးဖြတ်မရပေမယ့် ကျုပ်ကတော့ အလွယ်ပဲဖြတ်လို့ရသွားတယ်ဗျ၊ ရသေ့ကြီးက အံ့ဩသွားပြီးတော့ ကျုပ်ကိုငေးကြည့်နေတာပေါ့။ တဲက အဖြစ်လေးဆောက်ထားတာဆိုတော့ ကျုပ်တက်လိုက်တော့သိမ့်ခနဲ တုန်သွားတာပေါ့ဗျာ၊ ကျုပ်လည်း လက်ထဲက ဓါးကြီးနဲ့ ရသေ့ကြီးကိုခုတ်မယ်ဆိုပြီး ပြေးအလာမှာ တဲခေါင်မိုးကြီးပေါက်ထွက်ပြီးတော့ အကောင်ကြီးတစ်ကောင် ကျလာတာပဲဗျာ။
တစ်ကိုယ်လုံး အမွှေးကြမ်းကြီးတွေနဲ့ လူကြီးတစ်ယောက်ဗျ၊ ကျုပ်ရှေ့ရောက်တော့ ကျုပ်လည်း ကြောက်မနေတော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ အဲဒီအကောင်ကြီးကို ဓါးနဲ့လွှဲခုတ်ထည့်လိုက်တာပေါ့ဗျာ၊ အဲဒီအကောင်ကြီးက ဗြုန်းစားကြီး ကျုပ်ရှေ့ကနေပျောက်သွားပါရော၊ ကျုပ်ရဲ့ဓါးချက်လည်း သူ့ကိုလွဲပြီးတော့ တဲရဲ့ဝါးလုံးတိုင်ကိုထိသွားတာပေါ့၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ကနေ အဲဒီအကောင်ကြီးက ပေါ်လာတယ်ဗျ၊ သူ့လက်ကြီးနှစ်ဖက်နဲ့ ကျုပ်လက်မောင်းတွေကို သိုင်းဖက်လိုက်တယ်၊ ကျုပ်လည်း အားကုန်ရုန်းပေမယ့် ဒီကောင်ကြီးက အားသန်တော့ ရုန်းမရဘူးပေါ့ဗျာ၊ ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း
“ဟေ့၊ အဲဒီကောင်လေးကို ချုပ်ထားစမ်းကွာ”
သရဲကြီးက ကျုပ်ကိုအတင်းချုပ်တာဗျာ၊ ကျုပ်လည်း လက်က လှုပ်မရတော့ ခြေထောက်တွေနဲ့ကန်၊ ဖနောင့်တွေနဲ့လျှောက်ပြီးပေါက်တော့ အားလွန်ပြီးတော့ ဒီကောင်ကြီးရော ကျုပ်ရော အရှေ့ကိုဟပ်ထိုးလဲကျတာပါပဲဗျာ။
ကျုပ်ကျသွားတာက ဖျာစပ်မှာဗျ၊ ကျုပ်မှောက်ခုံကြီးလဲသွားတော့ ဒီအကောင်ကြီးက ကျုပ်ကိုအတင်းတက်ဖိထားတာဗျ၊ ကျုပ်မှာ မလှုပ်နိုင်ဘူးဗျာ၊ လေးကလည်း တော်တော်လေးတာပဲ၊ ဆန်အိတ်ကြီးသုံးလေးအိတ်ပိနေသလိုကြီးဗျ။
ရသေ့ကြီးက ဖျာပေါ်မှာကျန်နေတဲ့ အရိုးတွေကို ခပ်မြန်မြန်ကောက်ပြီးတော့ သူ့ဗိုက်ထဲကိုထည့်တယ်ဗျ၊ ပြီးတော့ သူ့ကိုယ်ပေါ်က သင်္ကန်းစကြီးကို ချွတ်လိုက်ပြီးတော့ သူ့ဗိုက်ကိုသူ သင်္က်န်းစနဲ့ပတ်တယ်၊ အဲဒီတော့မှ ရသေ့ကြီးရဲ့ ရင်ဘတ်တွေမှာ အင်းတွေဆွဲထားတာကိုတွေ့ရတော့တာပဲ။
ရသေ့ကြီးက မတ်တပ်ရပ်လိုက်တယ်ဗျ၊ အူတွေကတော့ အခွေလိုက်ကျကျန်နေခဲ့တာပဲဗျို့၊ ပြီးတော့ သူ့ရင်ဘတ်တွေကို လက်နဲ့ပုတ်ပြီး အင်းတွေကိုနှိုးတယ်ဗျ။
(၃)
“ဂျိန်း . . . ဂျလိန်း”
ခုနက တိမ်သားအနည်းငယ်ပဲရှိပြီး လသာနေတဲ့ကောင်းကင်ကြီးက ချက်ချင်းဆိုသလိုပဲ တိမ်မည်းကြီးတွေအုပ်ဆိုင်းလာတာဗျ။ ပြီးတော့ လျှပ်စီးတွေလက်ပြီး မိုးတွေလည်းခြိမ်းလာတော့တာပဲ၊ ရသေ့ကြီးရဲ့ ကိုယ်ပေါ်က အင်းတွေက ဖြူဖြူကြီးတွေလင်းလာတယ်၊ ပြီးတော့ ရသေ့ကြီးရဲ့ မျက်လုံးတွေကလည်း အဖြူရောင်အလင်းတွေထွက်လာတယ်ဗျ၊ လေတွေဆိုတာလည်း တဝေါဝေါနဲ့တိုက်တာပဲဗျာ၊ တဲကလေးကိုမိုးထားတဲ့ ထန်းလက်တွေဆိုရင် လေတိုက်လို့ အကုန်လွင့်ထွက်ကုန်တာ၊ တစ်ခုထူးဆန်းတာက လေတွေက ဘေးဘက်ကနေ တိုက်နေတာမဟုတ်ဘူးဗျ၊ အပေါ်ကနေလည်း တိုက်နေတာမဟုတ်ဘူး၊ တဲအောက်ကနေ လေတွေတိုးထွက်လာပြီးတော့ မြေကြီးအောက်ကနေ မိုးပေါ်ကိုပြန်တိုက်နေတာမျိုးဗျ။
ရသေ့ကြီးဝတ်ထားတဲ့ သင်းပိုင်ကြီးဆိုရင် လေတွေလှန်လို့ ဗိုက်ကိုတပ်ကပ်နေတယ်၊ ဖင်ကြီးကလည်း ပြောင်လို့ဗျို့၊ နောက်တော့ ရသေ့ကြီးက အသံနက်ကြီးနဲ့အော်ရယ်ပြီးတော့ ဇက်ကျိုးကျပြီး ဒူးထောက်လျှက်သား ငုတ်တုတ်ကြီးထိုင်ကျသွားတယ်။ ခုနက တိုက်နေတဲ့ လေတွေကတော့ရပ်သွားတယ်ဗျ၊ ဒါပေမယ့် မိုးကောင်ကင်ကြီးကတော့ အုံ့မှိုင်းနေဆဲပဲ၊ လျှပ်စီးတွေတဖြန်းဖြန်းလက်နေပြီးတော့ မိုးတွေ တဂျိန်းဂျိန်းနဲ့ ချိန်းနေဆဲ့ပေါ့ဗျာ။ ကျုပ်အပေါ်ဖိထားတဲ့အကောင်ကြီးကလည်း တဲပေါ်ကနေခုန်ချပြီး ထွက်ပြေးဖို့လုပ်တယ်၊ ဒါပေမယ့် တဲအောက်မှာ ဘုရားအုတ်နီမှုန့်နဲ့ စည်းတားထားတာဆိုတော့ ဒီကောင်ကြီးထွက်ပြေးမရဘဲ စည်းဝိုင်းထဲမှာ ပတ်ပြေးနေတာပေါ့ဗျာ။
ဘာတွေဖြစ်ကုန်သလဲတော့ ကျုပ်လည်းနားလည်ပါဘူးဗျာ၊ ဦးဘသာက ကျုပ်ကိုလှမ်းအော်တယ်။
“အလတ်ကောင်၊ ပြေးတော့ . . . ဒီကိုပြေးလာတော့”
ကျုပ်လည်း ဦးဘသာအော်တော့မှ မတ်တပ်ကောက်ထလိုက်တယ်၊ တဲရဲ့ဝါးလုံးတိုင်မှာ စိုက်ဝင်နေတဲ့ အဖေ့ရဲ့ဓါးကိုပြန်ချွတ်ရတယ်ဗျ၊ ဓါးကလည်းအရေးဆို ကပ်နေပြီး ချွတ်မရဘူးဗျ၊ ဒါနဲ့ ဓါးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီးတော့ ဝါးလုံးတိုင်ကို ခြေထောက်နဲ့ကန်ပြီး ချွတ်ရတာပေါ့ဗျာ။
ခြေထောက်နဲ့အားကန်ယူလိုက်တော့မှ ဓါးကိုချွတ်လို့ရတယ်ဗျ။ ကျုပ်လည်း တဲပေါ်ကလှမ်းအဆင်းမှာ ရသေ့ကြီးကိုနောက်ပြန်လှည့်ကြည့်လိုက်တော့ ရသေ့ကြီးက ခေါင်းကြီးပြန်ထောင်လာတယ်ဗျ၊ မျက်လုံးကြီးကလည်း အရောင်တွေလက်လို့ဗျာ။
ကျုပ်လည်း ကြောက်ကြောက်နဲ့တဲပေါ်ကနေ ခုန်ဆင်းလိုက်တယ်ဆိုရင်ပဲ ဝုန်းခနဲအသံကြီးမြည်ပြီးတော့ တဲတစ်ခုလုံးက ပေါက်ကွဲထွက်သွားတာပဲဗျာ၊ မြေပေါ်ကိုရောက်တော့မှ ကျုပ်လည်း ဦးဘသာအနားကိုသွားရပ်လိုက်တော့တာ၊ ဦးဘသာနဲ့ ကျုပ်နဲ့အံ့ဩပြီးတော့ ငေးကြည့်နေတာပေါ့ဗျာ။
တောတန်းထဲက သစ်ပင်တွေဆိုရင် တဖြန်းဖြန်းနဲ့လှုပ်နေတော့တာပဲဗျာ၊ ပြီးတော့ ခုနက ကျုပ်တို့ကိုတိုက်ခိုက်တဲ့ မဲမဲအကောင်သရဲကြီးတွေက တောတန်းအပြင်ဘက်ကို ပြေးကြတာပဲဗျာ၊ လမ်းမှာ သစ်ပင်တွေ၊ သစ်ကိုင်းတွေ၊ ချုံပုတ်တွေနဲ့တိုက်မိပြီးတော့ တရှဲရှဲနဲ့တောင်မြည်ကုန်တာဗျ။
“မကောင်းတော့ဘူးဟေ့၊ မကောင်းတော့ဘူး၊ ဒီတောထဲက သရဲတွေတောင် အသက်လုပြီးပြေးကြတယ်ဆိုတော့ မကောင်းတော့ဘူး”
ဦးဘသာပြောနေတုန်းရှိသေးတယ်ဗျာ ရသေ့ကြီးက ကျုပ်တို့အနားကို ခုန်ပြီးတော့ထွက်လာတာဗျ၊ သူ့တစ်ကိုယ်လုံးက အသားတွေဆိုတာလည်း မီးသွေးခဲကြီးလို မဲနက်နေပြီးတော့ မျက်လုံးကြီးနှစ်လုံးကတော့ ဖြူဖြူကြီးလင်းနေပါရော၊ ကိုယ်မှာရေးဆွဲထားတဲ့ အင်းတွေကလည်း အဲဒီလိုမျိုးအလင်းရောင်ကြီးတွေ လင်းနေသေးတယ်။
“မောင်မဲဇာ . . . အဲဒါ မောင်မဲဇာဖြစ်သွားပြီကွ”
မောင်မဲဇာကြီးက ကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တော့ ရှဲခနဲအသံတွေမြည်ပြီးတော့ သူ့လက်ညှိုးထိပ်ကနေ အမွှေးတိုင်မီး၊ ခြင်ဆေးမီးလို မီးစလေးတွေ အများကြီးထွက်လာတယ်ဗျ။ ဦးဘသာက
“ဟေ့ကောင်ရေ၊ အဲဒါ မီးစက်တွေလွှတ်လိုက်တာကွ၊ ပြေးဟ”
ကျုပ်နဲ့ဦးဘသာလည်း လှည့်ပြေးတော့တာပဲဗျာ၊ မီးစက်တွေက ပျံတာမြန်တယ်၊ ဦးဘသာက အနောက်ကိုလှည့်ပြီးတော့ လက်ဝါးနဲ့တားပြီး ပုတ်ထုတ်လိုက်တော့ အဲဒီမီးပွားကလေးတွေက ကျုပ်တို့ကိုမထိဘဲနဲ့ ဘေးကိုလွင့်ထွက်သွားတယ်ဗျ၊ ဘေးက သစ်ပင်တွေ၊ မြေကြီးတွေကိုထိတာနဲ့ တဝုန်းဝုန်းနဲ့ပေါက်ကွဲတော့တာပဲဗျာ၊ ပေါက်ကွဲတဲ့အသံကတော့ သိပ်မကျယ်ပေမယ့် မီးတောက်ကြီးတွေက ဟုန်းခနဲ ဟုန်းခနဲတောက်ပြီးတော့ အနားမှာရှိတဲ့ချုံပင်တွေ၊ သစ်ပင်တွေကို စွဲလောင်ပါရောဗျာ။
ကျုပ်လည်း ဦးဘသာအနောက်မှာ ရပ်နေလိုက်တယ်၊ ဦးဘသာက မိုးပေါ်ကိုလက်ညှိုးထိုးပြီးတော့ တစ်ခုခုကိုရွတ်လိုက်တာနဲ့ အုံ့မှိုင်းနေတဲ့မိုးတိမ်တောင်တွေကနေ မိုးစက်တွေကျလာတယ်ဗျ၊
“ဟေ့ကောင် ဘသာ၊ ဒီတစ်ခါတော့ မင်းကိုငါနိုင်ပြီ၊ ငါ အနှစ်နှစ်အလလက စုဆောင်းထားခဲ့တဲ့ စုန်းမျိုးတစ်ရာရဲ့ အစွမ်းတွေကို ငါအကုန်ရထားပြီကွ”
“ဟား၊ ဟား၊ ဟား”
ကျုပ်ကလည်း ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးတော့ ဦးဘသာဘေးနားကိုထွက်ခဲ့တာပေါ့ဗျာ၊ မောင်မဲဇာနဲ့ ဦးဘသာက ကျုပ်ကိုနားမလည်သလိုနဲ့ကြည့်နေကြတယ်၊ ကျုပ်က ကျုပ်လက်ထဲက အံစာတုံးအရွယ်လောက်ရှိတဲ့ ဖြူဖြူအတုံးလေးကို ပြလိုက်တယ်ဗျ။
“ကဲ ကြည့်စမ်းပါအုံး မောင်မဲဇာရာ၊ ခင်ဗျားပြောတော့ စုန်းမျိုးတစ်ရာဆိုဗျ”
မောင်မဲဇာက အတော်အံ့ဩသွားတာဗျ၊ နောက်တော့ ကျုပ်ကိုလက်ညှိုးထိုးပြီး
“မင်း . . မင်း အဲဒါကိုဘယ်ကရတာလဲ”
“ဘယ်ကရမလဲဗျ၊ ခင်ဗျားရဲ့သရဲကြီးက ကျုပ်ကိုချုပ်တော့ ကျုပ်လည်း ရုန်းရင်းကန်ရင်းနဲ့ ဖျာအစပ်ကိုကျတယ်မဟုတ်လား၊ အဲဒီမှာ ဖျာစပ်နားမှာ အရိုးတုံးတစ်တုံးတွေ့တာနဲ့ ကျုပ်လည်း အဲဒီအရိုးတုံးကို ပါးစပ်ထဲထည့်ပြီးငုံထားလိုက်တာပဲ”
“မင်း . . . မင်းကိုငါသတ်မယ်”
မောင်မဲဇာလက်ညှိုးထိပ်မှာ အစိမ်းရောင်အလင်းတွေ လင်းသွားတယ်ဗျ၊ ဘာမှတော့မမြင်ရပေမယ့် တစ်ခုခုက ဝှီးခနဲပျံလာတဲ့အသံကြီးကြားရတယ်၊ ဦးဘသာက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်ပြီးတော့ အဲဒီပျံလာတဲ့အရာကို လက်ပြန်ပုတ်ထုတ်တာပဲဗျာ၊ အဲဒီအရာက ကျုပ်တို့ဘေးနားခပ်လှမ်းလှမ်းကိုကျပြီးတော့ ဘုန်းခနဲအသံကြီးနဲ့ ဗျောက်အိုးပေါက်သလို ထကွဲတာပဲဗျာ။ ဦးဘသာက ကျုပ်ကိုလှည့်မကြည့်ဘဲ
“မင်းတော်တယ်အလတ်ကောင်၊ ဒီတစ်ခါတော့ မင်းကိုငါချီးကျူးသွားပြီ၊ မောင်မဲဇာကြီးက စုန်းမျိုးတစ်ရာပြည့်မှရပေမယ့် အခုတော့ တစ်ရာမပြည့်တော့ဘူးကွ၊ ဒီတော့ မောင်မဲဇာအစီအရင် မအောင်ဘူးဆိုပါတော့”
“ဒါဆို အစီအရင်မအောင်ရင် ဘာဖြစ်မလဲ ဦးဘသာ”
“ဒါကတော့ လုပ်တဲ့လူအသိဆုံးဖြစ်မှာပေါ့ကွာ”
မောင်မဲဇာက ကျုပ်တို့ကို လက်ညှိုးတွေအတန်တန်ထိုးတယ်ဗျ၊ ဒါပေမယ့် သူ့လက်ညှိုးထိပ်က ဘာမှထွက်မလာတော့ဘူး၊ သူလည်း သူ့ကိုယ်သူမယုံနိုင်ဘဲနဲ့ကြည့်နေတယ်ဗျ။
“မဖြစ်ဘူး၊ ဒါမဖြစ်နိုင်ဘူး၊ အဲဒါ ဟိုကောင်လေးကြောင့်၊ မင်းကိုငါသတ်မယ်”
မောင်မဲဇာက ကြိမ်းမောင်းနေသေးတယ်ဗျာ၊ ဦးဘသာက ခါးထောက်လိုက်ပြီးတော့
“ဖိုးတူး၊ မင်းကိုငါက သနားလို့ မသတ်လိုက်တာနော်၊ အဲဒီကတည်းက မင်းက ဒီပညာတွေကိုစွန့်လွှတ်ပြီးတော့ အေးအေးဆေးဆေးနေသွားရမှာ”
ဦးဘသာပြောပုံအရဆို သူတို့နှစ်ယောက်က အရင်က တစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲဗျ၊ မောင်မဲဇာက မျက်နှာမဲကြီးနဲ့ ငိုပါရောဗျာ။
“မဟုတ်ဘူးဘသာ၊ မဟုတ်ဘူး၊ မင်းကိုငါအနိုင်ယူပြမယ်၊ မင်းကိုငါကြိမ်းသေပေါက် အနိုင်ယူပြမယ်ကွ”
ဦးဘသာက သက်ပြင်းချလိုက်ပြီးတော့
“ဒီဘ၀မှာတော့ မဖြစ်နိုင်တော့ပါဘူးသူငယ်ချင်းရာ”
အဲဒီအချိန်မှာပဲ မိုးတွေတဂျိန်းဂျိန်းနဲ့ ထစ်ချုန်းလာတယ်ဗျာ၊ မောင်မဲဇာကြီးက ဦးဘသာဆီကို ပြေးလာတယ်ဗျ၊ ဒါပေမယ့် ကျုပ်တို့အနားကိုမရောက်လိုက်ပါဘူးဗျာ၊ မိုးပေါ်ကနေ ကြေးနီရောင် မီးလုံးကြီးက ပြုတ်ကျလာပြီးတော့ မောင်မဲဇာငယ်ထိပ်ကို တည့်တည့်မှန်သွားပြီးတော့ မောင်မဲဇာကြီးက တုံးလုံးကြီးလဲသွားတာပဲ၊ ပြီးတော့မှ ဂျိန်းခနဲအသံကြီးကို ကျုပ်တို့ကြားလိုက်ရတာ၊ မီးလုံးကြီးပျံတာ မြန်လိုက်တာဗျာ၊ နောက်မှ ဦးဘသာက အဲဒါမိုးကြိုးပစ်တာတဲ့၊ ကျုပ်လည်း အဲဒီတစ်ခါပဲ မိုးကြိုးပစ်တာကို အနီးကပ်မြင်ဖူးတာဗျ။
လဲကျသွားတဲ့ မောင်မဲဇာက မြေကြီးနဲ့ထိပြီးတော့ မီးသွေးခဲအခြောက်တွေလို တစ်စစီကွဲသွားတာပဲဗျာ၊ ကျန်တဲ့အပိုင်းအစတွေကတော့ မီးခိုးတွေတအူအူနဲ့ထွက်နေတာပေါ့။ ဦးဘသာက သက်ပြင်းချပြီးတော့ မောင်မဲဇာကြီးကိုကြည့်တယ်။
“ဖိုးတူးတစ်ယောက် အခုတော့ မီးတူးသွားပြီပေါ့ကွာ”
အဲဒီလိုပြောပြီး လှည့်ထွက်သွားတာပဲဗျာ၊ ခုနက တစ်ပေါက်ပေါက်နဲ့ကျနေတဲ့ မိုးရေစက်တွေက တဖြည်းဖြည်းစိပ်လာပြီးတော့ မကြာခင် မိုးရွာချတာပါပဲဗျာ၊ မောင်မဲဇာရဲ့ မီးစက်လက်နက်ထိလို့ မီးလောင်နေတဲ့ သစ်ပင်တွေ၊ ချုံပင်တွေကတော့ မိုးရေတွေနဲ့ထိတွေ့ပြီးတော့ မီးငြိမ်းသွားတာပေါ့ဗျာ။ ကျုပ်လည်း ကြာကြာမနေရဲတာနဲ့ ဦးဘသာအနောက်ကိုလိုက်လာခဲ့တယ်၊ ကျုပ်တို့အလာတုန်းက တွေ့ခဲ့တဲ့သရဲတွေဆိုရင် အခုတော့ ကြက်ပျောက်ငှက်ပျောက်ပဲဗျ။
ရေတွင်းကြီးနားကိုရောက်တော့ ဦးဘသာက လက်ဝါးဖြန့်တယ်ဗျ၊ ကျုပ်လည်း သူဘာကိုတောင်းသလဲဆိုတာ သိပြီးသွားပါ၊ ကျုပ်လက်ထဲက အရိုးပိုင်းကလေးကို ဦးဘသာကြီးဆီကိုလှမ်းပေးလိုက်တယ်၊ ဦးဘသာက အရိုးပိုင်းကလေးကို လှမ်းယူပြီးတော့ ရေတွင်းဟောင်းကြီးထဲကို ပစ်ထည့်လိုက်တော့တာပါပဲဗျာ။
ကျုပ်တို့ရွာကိုလှမ်းကြည့်လိုက်တော့ ရွာမှာလူတွေက ဆူညံဆူညံဖြစ်နေကြတယ်ဗျ၊ ဘာတွေဖြစ်နေမှန်းတော့မသိပေမယ့် မိုးတွေလေတွေကြားထဲမှာ မီးရောင်တွေကိုမြင်နေရတယ်၊ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့ ကျုပ်မျက်နှာကိုသူ့လက်ဝါးနဲ့ အသာလေးသပ်လိုက်တယ်ဆိုရင်ပဲ ကျုပ်ခေါင်းတွေလေးလာပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပါပဲဗျာ။
(၄)
“ဟဲ့အကောင် နင်ကဒီမှာလာအိပ်နေတယ်”
ဖြန်းခနဲအသံနဲ့အတူ ကျုပ်ဇက်ပိုးလည်း ဆစ်ခနဲနာကျင်သွားတာနဲ့ ကျုပ်လည်း လန့်နိုးသွားတယ်၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ အမေ့ကိုတွေ့လိုက်တာပဲ၊ အမေက ကျုပ်ကိုကြည့်ရင်း တော်တော်ဒေါသထွက်နေပုံရတယ်။
“ညက နင်ပျောက်လို့ဆိုပြီး ငါတို့မှာရှာလိုက်ရတာ၊ လတ်စသတ်တော့ နင်က ဒီမှာ နင့်မိန်းမနဲ့လာအိပ်နေတာပဲ”
ကျုပ်ဘေးဘီကိုကြည့်လိုက်တော့ ကျုပ်တို့အိမ်နောက်ဘက်က နွားတင်းကုပ်ထဲရောက်နေတာဗျ၊ အမေက ကျုပ်နားရွက်ကိုဆွဲလိမ်ပြီးထသွားတော့ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့ရတာပေါ့ဗျာ၊ အမေ့လက်ကလည်း တော်တော်သန်တာဗျ၊ ကျုပ်နားကိုဆွဲပြီးလိမ်ထားတာဆိုရင် ကျုပ်ရုန်းတာတောင်မှ ရုန်းမရဘူးဗျာ။
အိမ်ရှေ့မှာရေနွေးထိုင်သောက်နေတဲ့ အဖေက ကျုပ်ကိုအံ့ဩတကြီးနဲ့ကြည့်တယ်ဗျ။
“ဟေ့ကောင်၊ ငါတို့က မင်းညကြီးမင်းကြီး ဘယ်ပျောက်သွားသလဲဆိုပြီး ရှာနေတာကွ”
“ဟို . . ဟိုလေ”
“ဘာမှပြောမနေနဲ့၊ တော့်သားက နွားတင်းကုပ်ထဲမှာ နွားမတွေနဲ့သွားအိပ်နေတာ”
“တယ်၊ ဒီကောင်ကတော့ နာတော့မယ်၊ မင်းကဘာဖြစ်လို့ နွားတင်းကုပ်ထဲသွားအိပ်နေတာတုန်းကွ”
ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူးဗျာ၊ ပြောရင်လည်း သူတို့ယုံမှာမဟုတ်ဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း မချိသွားဖြဲကလေးလုပ်ပြီးတော့
“ဟို . . ဟို အရမ်းအိပ်ချင်လာတာနဲ့၊ အိပ်ပျော်သွားတာပါ”
ကျုပ်ပြောတော့ အဖေက ကျုပ်ကိုထူးဆန်းသလိုကြည့်တယ်၊ အဖေ့အကြည့်က ကျုပ်ကို “ရူးများနေသလား” ဆိုတဲ့အကြည့်နဲ့ကြည့်တာပါ၊ ဒီအချိန်မှာပဲ အမေ့ရဲ့လက်သီးတွေက ကျုပ်ကျောကုန်းကိုကျလာတယ်ဗျ။
“အိပ်ချင်အိမ်ပေါ်တက်အိပ်ပေါ့ဟဲ့၊ နွားတင်းကုပ်နဲ့ အိမ်နဲ့က ဘယ်လောက်ဝေးတာမှတ်လို့၊ ဒီကောင်လေးကတော့ ရူးကြောင်မူးကြောင်နဲ့ . . .”
ကျုပ်လည်း အမေ့လက်သီးချက်တွေကလွတ်အောင်လို့ အိမ်ပေါ်ကိုပြေးတက်ဖို့လုပ်တော့ လှေကားအတက်အဆင်းမှာ အကိုကြီးနဲ့ဆုံတယ်ဗျ၊ အကိုကြီးက ကျုပ်ကိုအံ့အားတကြီးနဲ့ကြည့်ရင်း
“အလတ်ကောင်၊ မင်းညက ဘယ်ထွက်သွားတာလဲကွ”
အမေက ခါးထောက်ရင်း
“ပြောကိုမပြောချင်တော့ပါဘူးအေ၊ နင့်ညီ ငကြောင်က နွားတင်းကုပ်ထဲသွားအိပ်နေတယ်တော်”
အကိုကြီးက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ပြီး ခေါင်းခါတယ်။
“မဟုတ်ပါဘူးအမေရာ၊ ညက ကျုပ်နွားတင်းကုပ်ထဲဝင်ရှာတော့ သူ့ကိုမတွေ့ပါဘူး”
အမေက အကိုကြီးကိုမျက်စောင်းထိုးပြီးတော့
“အောင်မယ်လေး၊ နင်တို့ညီအကိုတွေ အကုန်အတူတူပဲ၊ အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်တော့မှ သေသေချာချာမလုပ်ဘူး၊ ရူးကြောင် မူးကြောင်နဲ့ ဘယ်သူ့ဆီက ဗီဇတွေ ပါလာသလဲ မသိပါဘူးတော်”
အမေက ပြောဆိုရင်း အဖေ့ကိုတစ်ချက်ကြည့်လိုက်တော့ အဖေက အမေ့ကိုမျက်နှာလွှဲလိုက်ပြီး ရေနွေးပူတစ်ခွက်ကို တစ်ဖူးဖူးမှုတ်သောက်နေတာပေါ့ဗျာ။ ဒါနဲ့ပဲ ဒီအမှုက ဒီမှာပဲ အဆုံးသတ်သွားတယ်ပေါ့၊ မဆုံးလို့လည်းမရဘူးလေ၊ အခုတောင် မြှားဦးက အဖေ့ဘက်လှည့်လာပြီမဟုတ်လား။
ကျုပ်တို့လယ်ထဲဆင်းလာတော့ ဦးဘသာကြီးကိုတွေ့တယ်၊ ဦးဘသာက အနွေးထည်ကြီးနဲ့ဗျ၊ လူကလည်း မှိုင်လို့။
“ဦးဘသာကြီး နေမကောင်းဘူးလား”
“အေးကွ၊ ငါဖျားနေတယ်”
“ညက မိုးမိလို့နေမှာပေါ့ဗျာ”
ကျုပ်လည်း ပါးစပ်က လှစ်ခနဲထွက်သွားတယ်၊ ဦးဘသာက ကျုပ်ကိုမျက်ရိပ်မျက်ခြည်ပြတယ်၊ ဘေးနားမှာလည်း အငယ်ကောင်တို့၊ အငယ်မတို့က ရှိတယ်မဟုတ်လားဗျာ၊ ကံကောင်းတာက သူတို့လည်း သူတို့အလုပ်နဲ့သူတို့ဆိုတော့ ကျုပ်တို့ပြောနေတာတွေကို မကြားလိုက်ဘူးဗျ။
ကျုပ်လည်း ဦးဘသာအနားကိုကပ်လိုက်တယ်။
“ဖိုးတူးဆိုတာ ဘယ်သူလဲဦးဘသာ”
ဦးဘသာက နှာတစ်ချက်ချေလိုက်သေးတယ်၊ ပြီးတော့ နှာရည်တွေကို သူ့ပုခုံးပေါ်တင်ထားတဲ့ သဘက်ပိုင်းကြီးနဲ့ ရွှတ်ခနဲဆွဲသုတ်လိုက်တယ်ဗျ၊ ပြီးတော့မှ
“ဖိုးတူးဆိုတာ ငါ့အမေရှိစဉ်တုန်းက ငါတို့အိမ်မှာလာနေတဲ့လူတစ်ယောက်ပေါ့ကွာ၊ ငါ့ထက်သုံးလေးနှစ်လောက် ငယ်မယ်ထင်တယ်”
“သူက အမေ့ဆီမှာ ပညာလာသင်တာကွ၊ ဒါပေမယ့် ပညာတတ်တော့ သိပ်ပြီး ရမ်းကားတာပဲကွာ၊ လူတစ်ယောက်ကို ကြည့်မရဘူးဆိုတာနဲ့ နှိပ်စက်ညှင်းပန်းဖို့ ဝန်မလေးတဲ့သူပေါ့၊ အဲဒီမှာ သူညှင်းထားတဲ့လူကို ငါကသနားလို့ ကုပေးလိုက်တော့ သူနဲ့ငါ ရန်ဖြစ်တာပေါ့ကွာ”
“ဒါနဲ့ ရွာကစုန်းတွေရှေ့မှာ တရားဝင်ပညာပြိုင်တာပေါ့ကွာ၊ ရှုံးတဲ့လူကို သတ်ကြေးဆိုပြီး ပြိုင်တာကွ၊ ဖိုးတူးက သူနိုင်မယ်ထင်ပေမယ့် ငါ့အမေက ငါ့ကိုအစောင့်တွေထည့်ပေးထားတာဆိုတော့ တကယ်လည်းပြိုင်ရော ဖိုးတူးငါ့ကိုရှုံးတာပဲပေါ့ကွာ၊ ရှုံးတဲ့လူကို သတ်ရမယ်ဆိုပေမယ့် ဖိုးတူးကို ငါမသတ်ရက်ပါဘူးကွာ၊ ဒါနဲ့ပဲ ငါ့အမေက သူ့ပညာတွေအကုန်ပြန်နှုတ်လိုက်ပြီး၊ သူ့ကိုလွှတ်ပေးလိုက်တာပေါ့”
“ဪ၊ ဒါကြောင့်ကိုး”
“ဒါကို မကျေနပ်တဲ့ဖိုးတူးက ငါ့ကိုရန်ငြိုးဖွဲ့နေတာပဲ၊ စုန်းပညာတွေ မတတ်တော့ဘူးဆိုတော့ အောက်လမ်းလိုင်းဘက်ကို ကူးသွားတယ်ထင်တာပဲကွာ၊ အောက်လမ်းဆိုတာ ပညာထက် အစီအရင်တွေကို အားကိုးရတာမဟုတ်လား၊ အခုလည်း “စုန်းမျိုးတစ်ရာ မောင်မဲဇာ” အစီအရင်ကိုလုပ်ပြီး သူက စုန်းပြန်ဖြစ်ချင်တဲ့သဘောပဲကွ”
“ကျုပ်နားလည်ပါပြီ ဦးဘသာ၊ ဒါကြောင့် ဒီလူကြီးက ရွာကိုလည်းမကျေနပ်တာကိုးဗျ၊ ကျုပ်တို့ခြေတစ်လှမ်းဦးသွားလို့သာပဲဗျို့၊ နည်းနည်းသာနောက်ကျပြီး အဲဒီဖိုးတူးသာ မောင်မဲဇာအစစ်ဖြစ်သွားရင် ကျုပ်တို့ရွာတော့ မတွေးရဲစရာပဲ”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ၊ ဖျားနေတာဆိုတော့ သူ့ကြည့်ရတာလည်း မလန်းပါဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း ဆေးဆရာကြီးဆီက ဝယ်ထားတဲ့ ဆေးနီမှုန့်ကလေး သူ့ကိုပေးလိုက်တာပေါ့၊ ဦးဘသာကလည်း ကျုပ်ကိုကျေးဇူးတင်တယ်ပေါ့ဗျာ၊ လယ်ထဲဆင်းရင် အခုလိုဆေးနီမှုန့်တွေ၊ သွေးဆေးတွေ ဆောင်သွားရတယ်ဗျ၊ လယ်ထဲတစ်ခုခုထိခိုက်ပြတ်ရှတာဖြစ်ရင် အဲဒီဆေးနီမှုန့်သိပ်ထားရင် သုံးလေးရက်မကြာဘဲပျောက်တယ်ဗျို့။
“ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ ဦးဘသာရာ၊ ကျေးဇူးတင်ချင်ရင် ဆေးဆရာဦးမှတ်ကြီးကို ကျေးဇူးတင်စမ်းပါ”
ဦးဘသာက ပြုံးတယ်ဗျ။
“အေးပေါ့ကွာ၊ မှတ်ကြီးက ဆေးကုမတော်ပေမယ့် ဆေးဖော်တာတော့ ပိုင်တယ်မဟုတ်လားကွ ဟား ဟား”
ကျုပ်တို့ရယ်သံတွေက လယ်ကွင်းတွေထဲ ပျံ့လွင့်သွားတာပေါ့ဗျာ၊ အနောက်တောင်အရပ်က တက်လာတဲ့မိုးသားတိမ်လိပ်တွေကလည်း ရွာဖို့တာစူနေပြီပေါ့ဗျာ။
ပြီးပါပြီ။