အပိုင်း(၁)
(က)
မဲဆောက်မြို့က အလွန်စည်ကားလှသည်။ ကားများ၊ လူများ၊ ဆိုင်ကယ်များ၊ တုတ်တုတ်ဟုခေါ်သည့် သုံးဘီးဆိုင်ကယ်များက ပျားပန်းခတ်မျှ ဥဒဟိုသွားလာနေကြသည်။ ရဲဝင်းက မဲဆောက်တွင် ဖုန်းနှင့် ဖုန်;အပိုပစ္စည်းဆိုင်ဖွင့်ထားသည့် မြန်မာတစ်ဦးဖြစ်သည်။ မြန်မာဆိုသောလည်း ဗမာလူမျိုးမဟုတ် ကရင်တစ်ဦးဖြစ်သည်။ ထိုင်းတွင် သွားလာဆက်ဆံနေထိုင်သူများက အများသူငါ ခေါ်ရလွယ်စေရန်အတွက် ယိုးဒယားနာမည်များ ပေးထားကြရာ ရဲဝင်း၏ယိုးဒယားနာမည်က ဖက် ဆူဖရပ်ဖြစ်သည်။ နဖူးစာရွာလယ်သည့်နှယ်ပင်၊ ရဲဝင်းက မြန်မာဆိုသော်လညး သူလက်ထပ်ယူထား သူက ယိုးဒယားသူတစ်ဦး ဖြစ်သည်။ သူ့မိန်းမ အမည်ကတော့ နွတ် ဆွန်ထောဖြစ်သည်။
ပုံမှန်အားဖြင့်တော့ ယိုးဒယားသူတစ်ယောက်က မြန်မာတစ်ယောက်နှင့် အိမ်ထောင်ကျဖို့ခဲယဉ်းသည်။ သို့သော်လည်း အချစ်ဆိုသည့်အရာက ဆန်းကြယ်လှသည်မဟုတ်ပေလော။ ရဲဝင်းက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရရာအလုပ် လာလုပ်သူ၊ အလုပ်လာလုပ်ရင်း နွတ်နဲ့တွေ့ဆုံသည်။ နွတ်က ထိုစဉ်က သူတို့ပိုင်သော စတိုးဆိုင်တွင် ဆိုင်ထိုင်သည်။ ရဲဝင်းကတော့ ထိုဆိုင်ကို ပစ္စည်းအတင်အချလုပ်သူ။ စတိုးဆိုင်အတွက် ဖြန်Uဖြူးသည်hh ကုန်စည်များကို ဂိုထောင်ထဲသို့ အတင်အချလုပ်ရသူတစ်ဦး၊ ရိုင်းရိုင်းပြောလျှင်တော့ ကူလီဖြစ်သည်။ နောက်တော့ နွတ်က ရဲဝင်းကိုချစ်မိပြီး ရဲဝင်းနောက်သို့လိုက်ခဲ့သည်။ နွတ်တွင် မိဘအစုံအလင်မရှိတော့ပေ၊ ရှိသေးသည့် မိခင်ကြီးကလည်; နွတ်နှင့် ရဲဝင်းကိုလုံး၀ သဘောမတူပေ၊ တစ်ဦးတည်းသော သမီးလည်းဖြစ်ပြန်၊ စတိုးဆိုင်တွေပိုင်ပြီးနေနိုင်စားနိုင်သူတစ်ဦးက သာမန်လက်လုပ်လက်စား ကူလီတစ်ယောက်နှင့် ချစ်ကြိုက်ပေါင်းသင်;သည်ကိုလည်း လုံး၀လက်မခံနိုင်ပေ။ နွတ်က တစ်ဦးတည်းသော သမီးဖြစ်သော်လည်း မိဘနှင့် ချစ်သူကို ရွေးချယ်ရသောအခါ ချစ်သူဘက်ကို အလေးသာရွေးချယ်ခဲ့သည်။ သို့နှင့် နွတ်တစ်ယောက် အမွေပြတ်စွန့်လွှတ်ခံရပြီး အိမ်ပေါ်မှနှင်ချခံရပြန်သည်။
ညားခါစအချိန်တွင် ရဲဝင်းက အလုပ်မည်မည်ရရမရှိသဖြင့် လင်မယားနှစ်ယောက် အလွန်ရုန်းကန်ခဲ့ရသည်။ နွတ်ကလည်း တော်ပါပေသည်၊ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလိုပင် ရဲဝင်းနှင့် ဒိုးတူဘောင်ဘက် အလုပ်လုပ်ကာ အတူလှုပ်ရှားရုန်းကန်ခဲ့သည်။ ယခုဆိုလျှင် အိမ်ထောင်သက် ငါးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး သူတို့နှစ်ယောက်၏ကြိုးစားမှုကြောင့် ကိုယ်ပိုင်ဆိုင်ကလေးတစ်ဆိုင် ဖွင့်လာနိုင်ခဲ့သည်။ စီးပွားရေးအခြေအနေမှာလည်း တဖြည်းဖြည်းအဆင်ပြေလာခဲ့သည်။ နွတ်က တစ်ခါတစ်ရံတော့ သူ့အမေကိုတော့ လွမ်းမိသည်။ သို့သော် သူ့အမေက ရဲဝင်းကို ခါးခါးသီးသီးဖြစ်နေသဖြင့် အိမ်သို့မပြန်ရဲ အဆက်အသွယ်မလုပ်ရဲ၊ သတိရတိုင်း ငိုနေရလေသည်။
နွတ်တို့က မဲဆောက်မြို့ ဇာတိမဟုတ်ပေ၊ ငယ်စဉ်ကတည်းက ချင်းမိုင်တွင် နေထိုင်ခြင်းဖြစ်သည်။ ချင်းမိုင်မြို့ရှိ ပန်းပွန် ရပ်ကွက်တွင် နေထိုင်သည်။ ထိုရပ်ကွက်က အိမ်ကြီးအိမ်ကောင်းများရှိသည့် ရပ်ကွက်ဟောင်;ကြီးတစ်ခုဖြစ်သည်။ အိမ်ထောင်မကျခင်က သူမဘကြီးပိုင်ဆိုင်သော ချင်းမိုင်မြို့ထဲရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်သည်။ နွတ်တို့က ဆင်းဆင်းရဲရဲတော့မဟုတ်၊ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သော ရှေးဟောင်းကိုလိုနီလက်ရာ တိုက်ကြီးကို ပိုင်ဆိုင်ထားသည်။ နွတ်အဖေကတော့ အစိုးရအရာရှိတစ်ဦးဖြစ်ပြီး နွတ် ဆယ်နှစ်သမီးအရွယ်ကပင် ကွယ်လွန်ခဲ့သည်။ နွတ်က လူမှန်းသိတတ်စကတည်းက တစ်ချိန်လုံး အမေနှင့်သာ နေထိုင်ခဲ့သည်။
နွတ်နှင့် ရဲဝင်းမှာ ပေါင်းသင်းလာသည်မှာကြာသော်လည်း သားသမီးမယူသေး။ လက်ရှိအလုပ်အကိုင်နှင့် စီးပွားရေးအခြေအနေကြောင့် သားသမီးယူရန် ပူပန်နေခြင်းဖြစ်သည်။ ရဲဝင်းကတော့ သားသမီးလိုချင်သည်။ သို့သော် ကလေးတစ်ယောက်မွေးရသည်မှာ ယခုခေတ်အခြေအနေနှင့် အတော်မလွယ်ကူမှန်; သိသဖြင့် လင်မယားနှစ်ယောက် ကလေးယူရန်အတွက် တွန့်ဆုတ်နေခြင်းဖြစ်သည်။
တစ်နေ့။
နွတ်က ဖုန်းဆိုင်ရှေ့တွင် ထိုင်နေလိုက်သည်။ ဖုန်းဆိုင်အတွင်းတွင် ဝယ်သူများနှင့် စည်ကားနေသည်။ နွတ်က ထိုင်နေရင်း ဟိုဟိုသည်သည်ကြည့်နေလိုက်သည်။ ထိုစဉ် ဖုန်းဆိုင်ထဲသို့ အသက်ကြီးကြီး အဖိုးကြီးတစ်ဦးဝင်လာလေသည်။ နွတ်က ထိုအဖိုးကြီးကို ကြည့်နေလိုက်သည်။
“ဟင် ဘကြီးပါလား”
နွတ်က ပြေးသွားလိုက်သည်။ ဘကြီးက နွတ်ကိုတွေ့တော့ ပြုံးလိုက်သည်။ ထို့နောက် သူ့မျက်နှာက ဝမ်းနည်းသွားပြန်သည်။
“ရှာလိုက်ရတာ နွတ်ရယ်၊ နင်ဘာလို့အဆက်အသွယ်တွေ ဖြတ်ထားတာလဲ”
နွတ်က မျက်နှာကိုအောက်ကို ငုံ့လိုက်သည်။
“မေမေ ဆူမှာစိုးလို့ပါ”
ထိုအခါ နွတ်ဘကြီးက မျက်မှန်ကိုချွတ်လိုက်ပြီး မျက်လုံးများကို လက်ကိုင်ပုဝါတစ်ခုဖြင့် ပွတ်လိုက်သည်။
“နင့်အမေမရှိတော့ဘူး ဆုံးပြီဟဲ့”
နွတ် ခြေထောက်တွေပျော့ခွေသွားသည်။ ခြေထောက်နှစ်ချောင်းဖြင့် ရပ်တန့်ရန်မဖြစ်နိုင်တော့သောကြောင်h အနီးရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်သည်။ မျက်ရည်တွေက ကရားထဲမှ ရေသွန်သလို အလိုလိုစီးကျလာသည်။
“မေမေဆုံးပြီ ဟုတ်လား”
“ဟုတ်တယ် နင်သမီးမိုက်၊ ကိုယ့်အမေကိုယ် ပစ်ထားခဲ့တယ်၊ နည်းနည်းပါးပါး အဆက်အသွယ်လုပ်ပါလား”
ဘကြီးကတော့ နွတ်ကိုဖိဆူသည်။ နွတ်ကတော့ ဘကြီးကိုအပြစ်မယူပေ၊ အားလုံးက နွတ်အမှားတွေချည်း မဟုတ်ပါလား။
“ဘယ် . . . ဘယ်တုန်းက ဆုံးတာလဲ”
“ဆုံးတာ တစ်လလောက်ရှိပြီ . . . နင်တို့ မဲဆောက်ဖက် သွားတယ်လို့ကြားတာနဲ့ နင့်ကိုငါရှာနေတာ ကြာပြီ”
“အို မေမေရယ်”
နွတ်က ရေရွတ်လိုက်ပြီး ငိုနေလေသည်။
“ဘကြီး နွတ်တို့အိမ်လိုက်ခဲ့လေ”
“မလိုက်တော့ဘူး. . . . ငါပြန်မယ် နင်အိမ်ကိုပြန်လာဦး. . . နင့်အမေထားခဲ့တဲ့ပစ္စည်းတွေနင့်ကို လွှဲပြောင်းပေးရမယ်”
ဘကြီးက ပြောဆိုလိုက်ကာ မျက်မှန်ကို ပြန်တပ်လိုက်သည် ထို့နောက် နွတ်ကို သော့တွဲလေးတစ်တွဲပေးခဲ့ပြီး ဆိုင်အပြင်ပြန်ထွက်သွားလေသည်။ နွတ်လည်း ထိုနေရာတွင် ငိုနေလိုက်သည်။ ရဲဝင်းက ဆိုင်နောက်တွင် အလုပ်ရှုပ်နေသည်။ ဆိုင်ရှေ့ထွက်လာသည့်အခါ နွတ်က ငိုနေသည်ကို တွေ့လိုက်ရသည်။
“နွတ် ဘာလို့ငိုနေလဲ”
“နွတ် မေမေဆုံးပြီတဲ့ ဖက် ရဲ့”
“အို . . . ဟုတ်လားနွတ်ရယ်၊ စိတ်မကောင်းစရာပဲ”
“နွတ်လေ အိမ်ပြန်ချင်တယ်”
နွတ်က ငိုနေရင်းပြောနေလေသည်။ ရဲဝင်းတစ်ယောက် နွတ်၏စိတ်ကိုသိလိုက်ပြီမို့ တခြားဘာမှမပြောတော့ဘဲ နွတ်ကိုဖက်လိုက်သည်။
“ပြန်ရမှာပေါ့ နွတ်”
ဆိုင်ကိုတော့ ရဲဝင်းက သူစိတ်ချပြီး မျက်နှာလွှဲထားရသည့် မြန်မာလူမျိုး အလုပ်သမားလေးများနှင့် အပ်ထားခဲ့ပြီး ရဲဝင်းတို့ ညတွင်းချင်း ချင်းမိုင်မြို့သို့ ပြန်ဖို့စီစဉ်ရလေသည်။ ချင်းမိုင်က မဲဆောက်မြို့နှင့် သိပ်ဝေးလှသည်မဟုတ်။ ရဲဝင်းလည်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ခဏနေသည့်အခါ နွတ်ကိုခေါ်ပြီးတော့ အိမ်ကိုပြန်လာခဲ့သည်။ မဲဆောက်မြို့တွင် လင်မယားနှစ်ယောက် တိုက်ခန်းလေးတစ်ခန်းကို ငှားပြီး အတူတူ နေထိုင်ကြခြင်းဖြစ်သည်။ အထုပ်အပိုးများပြင်ဆင်ပြီးသည့်အခါ ကားဂိတ်သို့ထွက်လာကြသည်။ နွတ်ကတော့ တစ်လမ်းလုံး ငိုနေသည်။ အချိန်က ညနေ ငါးနာရီထိုးတော့မည်။
ညနေ ငါးနာရီခွဲတွင်ထွက်မည့် နောက်ဆုံးကားနှင့် ချင်းမိုင်မြို့သို့ သွားကြမည်ဖြစ်သည်။ မဲဆောက်မြို့နှင့် ချင်းမိုင်မြို့က ခုနစ်နာရီခန့်ကြာအောင် ကားစီးရသည်။ ကားပေါ်တက်လိုက်ပြီး ထိုင်ခုံတွင် ယှဉ်တွဲ ထိုင်လိုက်ကြသည်။ နွတ်ကိုဖက်ထားလိုက်သည်။ နွတ်က ကလေးတစ်ယောက်ပမာ ငိုနေရင်း တသိမ့်သိမ့်ရှိုက်နေလေရာ အခြားခရီးသွားများပင် ရဲဝင်းကို ကွက်ကြည့် ကွက်ကြည့်နှင့်ကြည့်နေကြသည်။ သူတို့အထင် မြန်မာတစ်ယောက်က ယိုးဒယားသူတစ်ယောက်ကို ဖက်ထားသည်မှာ ထူးဆန်းနေသည်လားတော့ မပြောတတ်ပေ။
“သိပ်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ နွတ်ရယ်”
“ဖက်ရယ်၊ နွတ်အရမ်းစိတ်မကောင်းဖြစ်တာပဲ၊ ဖက်နဲ့လိုက်ခဲ့ပြီး နွတ်အမေ့ကို အဆက်အသွယ်မလုပ်ခဲ့တာကို နွတ်နောင်တအရဆုံးပဲ”
ရဲဝင်းတစ်ယောက် သူ့အမှားလည်းမကင်းသည်မို့ ဘာမှမပြောတော့ဘဲ အပြင်ကိုငေးကြည့်နေသည်။ ငါးနာရီ ခွဲတော့ ကားကြီးက ကားဝင်းမှ ထွက်ခွာလာသည်။ တဖြည်းဖြည်းနှင့် အဝေးပြေးလမ်းပေါ်ရောက်လာပြီး မြန်ဆန်စွာ မောင်းနှင်နေတော့သည်။ နွတ်က မကြာခင်တွင် ငိုရလွန်းသဖြင့် မောပြီး အိပ်ပျော်သွားလေသည်။ ရဲဝင်းကတော့ အိပ်မပျော်၊ လမ်းဘေးက ရှုခင်းတွေ ကြည့်ပြီး လိုက်လာခဲ့သည်။
လမ်းမှာ တစ်ခေါက်ရပ်နားပြီး ကားဆက်ထွက်လာသည်။ ချင်းမိုင်မြို့ကို ညတစ်နာရီထိုးခါနီး ကားဆိုက်သည်။ ရဲဝင်းက နွတ်ကို နှိုးလိုက်သည်။ တက္ကစီတစ်စီးကိုငှား စီးပြီးတော့ ပန်းပွန် ရပ်ကွက်သို့ စီးနင်းလာခဲ့ကြသည်။ ပန်းပွန်ရပ်ကွက်က ချင်းမိုင်မြို့နှင့် အနည်းငယ်ဝေးပြီး တောင်ကြားထဲတွင်ရှိသည်။ တောင်ခြေတွင် အပန်းဖြေနိုင်သည့် ဧည့်ရိပ်သာများနှင့် သူဌေးအိမ်များရှိသည်။ ပန်းပွန်ရောက်သည့်အခါ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲအတွင်းသို့ အငှားကားက ချိုးဝင်လိုက်သည်။ ထိုရပ်ကွက်ကတော့ အိမ်ဟောင်းတွေများပြီး ခြံတွေမှာလည်း အကျယ်ကြီးများဖြစ်သည်။ သူ့ခြံနှင့်သူ အေးအေးဆေးဆေးနေကြသူများသည်။ လမ်းကလေးတွင် မီးမထွန်းထားသဖြင့် မှောင်မိုက်နေကာ ကျယ်ဝန်းသည့်ခြံကြီးများတွင် စိုက်ပျိုးထားသည့် အပင်ကြီးများကြောင့်လည်း သာမန်ထက်ပိုကာ မှောင်မိုက်နေသည်ဟု ထင်ရသည်။ ညနှစ်နာရီထိုးနေပြီဖြစ်သည်။
(ခ)
နွတ်တို့အိမ်က အပင်ကြီးများဖြင့် အရိပ်ကျနေသည်။ ကားလမ်းမ ကလေးမှ အိမ်ဆီသို့ အနီရောင်အညွှန့်များ တလူလူတက်နေသည့် သပြေပင်များတန်းစီပြီးစိုက်ထားသော လမ်းကလေးအတိုင်းဆက်ဝင်ခဲ့ရလေသည်။
“ကားဆရာ ရပြီရပ်လိုက်တော့”
ရဲဝင်းက ပြောဆိုလိုက်သည့်အခါ အငှား ကားကလေးမှာ ရပ်တန့်သွားသည်။ ရဲဝင်းလည်း ကျသင့်ငွေ ငွေပေးချေပြီး နွတ်ကိုခေါ်လျှက် ကားပေါ်မှဆင်းလိုက်သည်။ ထို့နောက် လမ်းကလေးအတိုင်း ခြံဝင်းဆီသို့လမ်းလျှောက်လာသည်။ ခြံတံခါးကို သံပန်းများဖြင့်ပြုလုပ်ထားပြီး တံခါးကိုလည်း ကြီးမားသည့်သော့ကြီးတစ်လုံးဖြင့် သော့ခတ်ထားသည်။ နွတ်က သူ့ဘကြီးပေးထားခဲ့သည့် သော့တွဲကလေးကို ထုတ်လိုက်ပြီးနောက် ခြံတံခါးကို သော့တစ်ချောင်းနှင့် ဖွင့်လိုက်လေသည်။
ကျယ်ဝန်းလှသည့် ခြံMDကီးအတွင်းတွင် အုန်းပင်၊ ကွမ်းသီးပင်နှင့် အခြားအပင်ကြီးများကို စိုက်ပျိုးထားသည်။ လူမရှိသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သဖြင့် ခြံအတွင်း သစ်ရွက်ခြောက်များက ကြွေကျနေသည်။ သစ်ရွက်ခြောက်များကို တဂျွတ်ဂျွတ်နှင့် နင်းဖြတ်ပြီး အိမ်ရှေ့သို့ ရောက်လာခဲ့ကြသည်။
အိမ်ကြီးက ညဘက်မို့ စိတ်ထဲတွင် ခြောက်ခြားစရာကောင်းနေသည်။ အိမ်အောက်ထပ်မှာ အုတ်ဖြင့်ခံထားပြီး အိမ်အပေါ်ထပ်ကတော့ သစ်သားများဖြင့်ဆောက်ထားခြင်းဖြစ်သည်။ ရှေးထိုင်းရိုးရာ အိမ်ကြီးဖြစ်သဖြင့် အိမ်က ဟောင်းနွမ်းနေသည်။ နွတ်က အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။
ရဲဝင်းကတော့ ထိုအိမ်ထဲသို့ နှစ်ခေါက်သာရောက်ဖူးသည်။ အိမ်တံခါးဖွင့်လိုက်ပြီး အိမ်ထဲဝင်လိုက်သည်နှင့် နံရံတွင် ဓါတ်ပုံများစွာကို ချိတ်ဆွဲထားသည်။ နွတ်က မီးခလုပ်ကို နှိပ်လိုက်သည်။ မီးက မလင်း။
“ဖက်ရေ အိမ်အပေါ်ထပ် လှေကားက တက်တက်ချင်းနေရာမှာ မိန်းခလုပ်တွေရှိတယ်”
နွတ်ပြောလိုက်သည့်အခါ ရဲဝင်းက လှေကားကိုပြေး တက်လိုက်သည်။ အိမ်ကြီးတစ်အိမ်လုံးက အမှောင်ကျနေသဖြင့် ဖုန်းကိုဖွင့်ပြီး ဖုန်းမှ ဖလက်ရှ်မီးဖြင့် လှေကားကိုတက်ရသည်။ အိမ် အပြင်ပန်းမှာ ဟောင်းနွမ်းနေသော်လည်း အိမ်အတွင်းမှာတော့ သစ်လွင်နေသည်။ နံရံများကိုဆေးသုတ်ထားပြီး အိမ်အလှဆင်ပစ္စည်းတွေ ဆင်ထားသည်။ လှေကားလက်ရမ်းမှာလည်း ရှေးခေတ်လက်ရာ သစ်သားကနုတ်ပန်းများဖြင့် ထွင်းထုထားသည်။ ပွတ်လုံးတွေကလဲ ပြောင်လက်နေသည်။ ရဲဝင်းက ထိုအိမ်သို့ရောက်ဖူးသော်လည်း အိမ်အပေါ်ထပ်ကိုတေ့ တစ်ခါမှမရောက်ဖူးပေ။
လှေကားမှတက်လာပြီးတော့ လှေကားထိပ်တွင် မိန်းခလုပ်နှင့် မီးဆင်ထားသော ဘုတ်များကိုတွေ့ရသည်။ ရဲဝင်းက မိန်းခလုပ်တစ်ခုကို တင်လိုက်သည်။ မီးက ချက်ချင်းပွင့်သွားလေသည်။ အိမ်အပေါ်ထပ်တွင် တော့မလင်းသေး။ ဖက်က အိမ်အပေါ်ထက်ရှိ မီးခလုပ်များကိုဖွင့်ဖို့ လုပ်လိုက်သည်။ လှေကားမှဆက်တက်လာပြီး တိုင်တစ်တိုင်တွင် တပ်ထားသော မီးခလုပ်ကိုဖွင့်ရန်လုပ်လိုက်သည်။
“ဝုန်း . . ဂျိမ်း”
ထိုစဉ် ၀ရန်တာ တံခါးကြီးက ပွင့်သွားလေသည်။ လေတွေကလည်း တဝေါဝေါနှင့် တိုက်နေပြီး ထိုတံခါးတွင် တပ်ထားသော ခန်းစီးစများမှာလည်း လေအဝှေ့တွင် တလူလူနှင့် လွင့်နေလေသည်။ သရဲမကြောက်တတ်သည့် ရဲဝင်းပင် ထိုအဖြစ်ကြောင့် ကျောချမ်းသွားရသည်။ ထို့နောက် မီးခလုပ်ကိုဖွင့်လိုက်သည်။ အပေါ်ထပ် ခန်းမတွင် မီးကလင်းသွားလေသည်။ ရဲဝင်းက ၀ရန်တာ တံခါးဆီသို့ လျှောက်ခဲ့ပြီးတော့ ၀ရန်တာ တံခါးကိုပိတ်လိုက်သည်။ ထို့နောက် တံခါးကို ချက်များ ချလိုက်လေသည်။
လှေကားကိုပြန်လာပြီး လှေကားမှ ဆင်းရန်လုပ်လိုက်သည်။ ထိုစဉ် အပေါ်ထပ်တွင် တရှပ်ရှပ်နှင့် လမ်းလျှောက်သံကြားလိုက်ရသည်။ ရဲဝင်းစိတ်ထဲ သံသယဝင်သွားသည်။ အပေါ်ထပ်ကို ချက်ခြင်းပြန်တက်လိုက်ပြီး ကြည့်လိုက်သည်။ အပေါ်ထပ်တွင်တော့ ဘာမှမရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။
ရဲဝင်းက အောက်သို့ပြန်ဆင်းလာခဲ့သည်။ နွတ်က ဧည့်ခန်းရှိ ကြိမ်ဖြင့်ပြုလုပ်ထားသော ဆက်တီထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်နေသည်။
“နွတ် နားလိုက်ပါလား”
ရဲဝင်းက ပြောလိုက်တော့ နွတ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထသွားပြီး အိမ်အောက်ထပ်ရှိ အခန်းတစ်ခန်းကို သော့ဖွင့်လိုက်သည်။
“ဒါက အမေ့အခန်း ဖက်ရဲ့”
နွတ်ကပြောရင်းဝင်သွားလေရာ ရဲဝင်းလည်း အနောက်မှနေပြီး လိုက်ဝင်သွားသည်။ အခန်းမှာ အတော်ကျယ်သည်။ အခန်းအလယ်တွင် ကုတင်တစ်လုံးချထားသည်။ ကုတင်က နှစ်ယောက်အိပ် ကျွန်းကုတင်ကြီးဖြစ်သည်။ အခန်းကြီးအတွင်းတွင်တော့ ခေတ်ဟောင်းအိမ်ထောင်ပရိဘောဂများကိုသာ တွေ့ရသည်။ သို့သော်လည်း ထိန်းသိမ်းမှုကောင်းသောကြောင့် ပရိဘောဂများမှာ ပေါလစ်ရောင် ပြောင်လက်နေလေသည်။
“အရင်က ဖေဖေနဲ့မေမေနဲ့ အတူနေခဲ့တဲ့ အခန်းပေါ့”
နွတ်က ပြောဆိုလိုက်ပြီး ဗီရိုတစ်လုံးကိုဖွင့်လိုက်ကာ အထဲမှ အိပ်ယာခင်းများကိုထုတ်နေသည်။ ထိုအခါ ရဲဝင်းကလည်း နှစ်ယောက်အိပ်ကုတင်ကြီးပေါ်ကို ဖုန်ခါလိုက်သည်။ မွေ့ယာတွေခင်းလိုက်ပြီးတော့ အိပ်ယာခင်းတွေခင်းလိုက်သည်။ အခန်းက အလုံပိတ်နေသည်မို့ ဖုန်တော့သိပ်မရှိ။
ရဲဝင်းက အခန်းကို လိုက်ကြည့်လိုက်သည်။ အခန်းအတွင် ဗီရိုနှစ်လုံးနှင့် စားပွဲရှိသည်။ အံဆွဲတွေအများကြီးပါသည့် ဗီရိုလေးလဲရှိသည်။ ရှေးမှန်တင်ခုံကြီးလဲရှိပြီး မှန်တွေက တံခါးပိတ်သလို အဖွင့်အပိတ်လုပ်လို့ရသည်။
နွတ်က အကျီလဲလိုက်ပြီး ကုတင်ပေါ်တက်လိုက်သည်။ ရဲဝင်းလဲ ခြေလက်တွေကို တစ်ရှူးအစိုနဲ့သုတ်လိုက်ပြီး အိပ်ယာပေါ်တက်လိုက်သည်။ နွတ်က တစ်ဖက်စောင်းပြီး အိပ်နေသည်။ ရဲဝင်းလဲ နွတ်ကို စောင်တစ်ထည်ခြုံပေးကာ နွတ်ကိုကျောပေးလိုက်သည်။
“အောင်မယ်လေး လန့်လိုက်တာ”
အိပ်ရာဘေးစားပွဲခုံပုလေးတွင် အရုပ်မလေးတစ်ရုပ်တင်ထားသည်။ အရုပ်မလေးက ဘိုမရုပ်လေးဖြစ်သည်။ ခြေလက် ဖောင်းဖောင်းကလေးတွေနဲ့ ဆံပင်လေးတွေကလည်း ချစ်စရာလေးဖြစ်သည်။ အရုပ်မလေးက အိပ်ရာဘက်လှည့်ထားသဖြင့် ရဲဝင်းကိုကြည့်နေသလိုဖြစ်နေသည်။
“ဒီအရုပ်က ဘာလုပ်တာလဲ”
ရဲဝင်းက ပြောလိုက်ကာ မျက်စိမှိတ်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် မလုံမခြုံဖြစ်နေသလို ခံစားလိုက်ရသည်။ ထို့နောက် နွတ်ဖက်သို့ လှည့်အိပ်လိုက်သည်။ သူ့ကျောကြီးတစ်ခုလုံး ချမ်းပြီး စိမ့်လာလေသည်။ ရဲဝင်းက အိပ်ရာပေါ်မှထလိုက်သည်။
“မင်းငါ့ကို မကြည့်နဲ့ကွာ”
ရဲဝင်းက ပြောဆိုလိုက်ကာ အရုပ်မလေးကို ဟိုဖက်ကို လှည့်လိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ လုံခြုံသွားသလိုမျိုး ခံစားလိုက်ရသည်။ ထို့နောက် အိပ်လိုက်လေသည်။
အိပ်နေရင်း အခန်းတံခါးက တကျွီကျွီနှင့် ပွင့်သွားလေသည်။ နွတ်က တုတ်တုတ်မျှ မလှုပ်သော်လည်း ရဲဝင်းက အိပ်နေရင်း ကုတင်ခြေရင်းရှိ အခန်းတံခါးကိုကြည့်လိုက်သည်။ အခန်းတံခါးနှင့် ကုတင်မှာ ခြောက် ပေခန့်ကွာဝေးသည်။ အခန်းတံခါးက နည်းနည်းကလေးပွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်။ ရဲဝင်းက စိတ်ပျက်စွာနှင့် ထလိုက်ပြီး အခန်းတံခါးကို ထပိတ်လိုက်သည်။ ဘုသော့ကို နှိပ်ပြီး တံခါးကိုပိတ်လိုက်သည်။
အိပ်ရာပေါ်ပြန်တက်ကာ ဆက်အိပ်လိုက်သည်။ သို့သော် ရဲဝင်းချမ်းအေးလာသလို ခံစားရသဖြင့် h စောင်တစ်ထည်ကို ယူပြီးခြုံလိုက်လေသည်။ ရဲဝင်းက မျက်လုံးအစုံကိုမှိတ်ချလိုက်သည်။ ထိုစဉ် သူ့စောင်ကို တစ်ယောက်ယောက်က ဆွဲလိုက်သလိုဖြစ်ပြီးတော့ စောင်က ကုတင်ခြေရင်းကို အပုံလိုက်ကျသွားသည်။ ရဲဝင်းမှာ ခေါင်းနားပန်းကြီးသွားသည်။
ထို့နောက် အိပ်ယာမှ ထပြီး စောင်ကိုကောက်လိုက်သည်။ အိပ်ယာပေါ်ပြန်တက်ပြီးတော့ စောင်ကိုပြန်ခြုံသည် လက်နှစ်ဖက်ကလည်း စောင်ကို ဆွဲပြီးဆုပ်ကိုင်ထားလိုက်သည်။ ဘာမှတော့ မထူးခြားတော့။ မိနစ် နှစ်ဆယ် ခန့်ကြာသောအခါ ရဲဝင်းငိုက်လာသည်။ အချိန်ကည်း မနက်သုံး နာရီကျော်ပြီးနေပြီဖြစ်သည်။ ရဲဝင်းမှေးကနဲဖြစ်သွားသည်။
ထိုစဉ် ရဲဝင်းစောင်ကို အောက်ခြေမှလာဆွဲပြန်သည်။ ရဲဝင်းလည်း စောင်ကိုပြန်ဆွဲထားလိုက်သည်။ သို့သော် စောင်ကိုဆွဲနေသည့်သူက ရဲဝင်းထက် အားကြီးနေသည်။ စောင်ကြီးမှာ လေပေါ်တွင် မြောက်နေသည်။ နောက်ဆုံးတော့ ရဲဝင်းက စောင်ကိုလက်လွှတ်လိုက်သည်။ စောင်မှာ လေပေါ်မှ ပျံသွားပြီး အခန်းတံခါး၀တွင် ကျသွားသည်။
“တောက်”
ရဲဝင်း အလွန်ဒေါသထွက်သွားသည်။ ရဲဝင်းမှာ ကြောက်တတ်သူမဟုတ်၊ သရဲတို့ဘာတို့ အယုံအကြည်မရှိ။ အခုတော့ သူ့ကို သရဲက စနောက်နေပြီဆိုတာ သူသိလိုက်သည်။ ရဲဝင်း ကအိပ်ယာပေါ်မှ ကုန်းထလိုက်သည်။
“တွေ့ကြသေးတာပေါ့ ငါ့ကို နှောင့်ယှက်တဲ့ကောင်”
ရဲဝင်းက စောင်ဆီသို့ လမ်းလျှောက်သွားသည်။ စောင်က တံခါးရှေ့တွင် ပုံပြီးကျနေသည်။ ရဲဝင်းက စောင်ကိုလှမ်းကောက်လိုက်သည်။ ထိုစဉ် တံခါးမှာ ပွင့်သွားလိုက် ပိတ်သွားလိုက်နှင့်ဖြစ်နေပြန်သည်။ ရဲဝင်းလည်း တံခါးကို ဒေါသထွက်ထွက်နှင့် ဖွင့်ကြည့်လိုက်သည်။
တံခါးပွင့်သွားသည့်အခါ အိမ်အောက်ထပ် လျှောက်လမ်းကလေးတွင် အသက် ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်က အမှောင်ထဲတွင် ရပ်နေသည်။ ယခုအချိန် ယခုနေရာတွင် ရပ်နေသည့်ကလေးမလေးမှာ လူတစ်ဦးလုံး၀မဖြစ်နိုင်ဟု ရဲဝင်းက တွေးမိလိုက်ပြီး ထိုကလေးမလေးဆီသို့ ပြေးသွားလိုက်ပြီး လက်သီးနှင့် ထိုးလိုက်လေသည်။ ကလေးမလေး၏ ဦးခေါင်းကို လက်သီးချက်ကထိသွားပြီး ကလေးမလေးမှာ ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ အမှောင်ထဲတွင် အော်ဟစ်ပြီးပြေးနေသည်။ ရဲဝင်းကလည်း အလျော့မပေးဘဲ အနောက်ကနေလိုက်ပြီး လက်သီးဖြင့်လိုက်ထိုးသည်။
“ငါ့ကိုလုပ်တဲ့ဟာမလေး နင်နာမယ်၊ နင့်ကိုမိလို့ကတော့ အမှုန့်ချေပစ်မယ်”
ရဲဝင်းက ဒေါသထွက်ထွက်နှင့် ပါးစပ်မှ ရေရွတ်ရင်း ကလေးမလေး အနောက်ကလိုက်နေသည်။ ထိုကလေးမလေးက အခန်းတစ်ခုထဲဝင်ပြေးသွားလေသည်။ ရဲဝင်းက တံခါးကို တွန်းဖွင့်ပြီး လိုက်ဝင်သွားသည်။ အခန်းအတွင်းမှာ မှောင်မိုက်နေသည်။ ရဲဝင်းက တံခါးနားရှိ မီးခလုပ်ကို လက်ဖြင့်စမ်းသပ်ပြီးဖွင့်လိုက်သည့်အခါ အခန်းက မီးလင်းထိန်သွားသည်။
“ဟင် ဘယ်ရောက်သွားပါလိမ့်”
ရဲဝင်းက ရေရွတ်လိုက်မိသည်။ အခန်းထဲသို့ ဝင်ပြီး ဘေးဘီကြည့်ကာ လှည့်ပတ်ရှာလိုက်သည်။ ထိုစဉ်အခန်းတံခါးမှာ ဂျိန်းခနဲ ပိတ်သွားလေသည်။ ရဲဝင်းမှာလည်း အခန်းတံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ အခန်းတံခါးဘက်တွင်တော့ ထိုကလေးမလေးက ဓါးတစ်ချောင်းကို ကိုင်ထားပြီးရပ်နေသည်။ ထို့နောက် ရဲဝင်းဆီခုန်အုပ်လိုက်သည်။ ကလေးမလေးပင်ဖြစ်သော်လည်း အင်အားကမသေးလှသဖြင့် ရဲဝင်းမှာ ပက်လက်လန်လဲကျသွားတော့သည်။ ထို့နောက် ထိုကလေးမလေးက ရဲဝင်းလည်ပင်းကို တက်ခွလိုက်သည်။ ရဲဝင်း အသက်ရှုမရတော့။ မျက်လုံးတွေပြာလာလေသည်။
ကလေးမလေးက သွားတွေပေါ်အောင်ပြုံးလိုက်သည်။ သွားတွေအားလုံးက အချွန်ကြီးတွေဖြစ်ပြီး သွားရည်တွေကလည်း တွဲလွဲကျနေသည်။ ထို့နောက် ထိုကလေးမလေးက ရဲဝင်းမျက်နှာအား ဓါးဖြင့် အားကုန်စိုက်ချလိုက်သည်။
“အား”
အပိုင်း(၂)တွင် ဆက်လက်ဖတ်ရှုပါ