ရဲဝင်းတို့ ထမင်းစားပြီးတော့ ထမင်းဝိုင်းမှ ထလိုက်ကြသည်။ ယခင်က နွတ်မှာ စားသောက်ပြီးစီးသည့်အခါ ပန်းကန်ခွက်ယောက်များကို ဆေးကြောရစမြဲဖြစ်သော်လည်း ယခုတော့ နန်းရှိသည်မို့ သက်သာနေသည်။ ရဲဝင်းက အိပ်ခန်းအတွင်းသို့ဝင်လိုက်ရာ နွတ်ကပင်ကီလေးကိုယူဆောင်ပြီး ရဲဝင်းနောက်မှလိုက်ကာ အခန်းထဲဝင်လိုက်ကြသည်။ အိပ်ယာဝင်ခါနီးတွင် နွတ်ကပင်ကီလေးကို သူတို့နှစ်ယောက်၏ အလယ်တွင်ထားအိပ်သည်။
“ဖက် . . ပင်ကီကိုနမ်းလိုက်ပါအုံး”
“လုပ်ပါဖက်ရဲ့”
နွတ်ကပြောလိုက်သဖြင့် ရဲဝင်းက မငြင်းဆန်တော့ဘဲ ပင်ကီလေး၏ ပါးပြင်ကိုနမ်းလိုက်သည်။ ထို့နောက် ရဲဝင်းတစ်ယောက် တစ်နေကုန်ခရီးနှင်လာရသဖြင့် ခရီးပန်းကာ အစောကြီးအိပ်ပျော်သွားတော့သည်။
မနက်ခင်းတစ်ခုက အစပြုခဲ့ပြီဖြစ်သည်၊ ဖွင့်ထားသည့်ပြတင်းပေါက်တံခါးမှ နေရောင်ခြည်များက ရဲဝင်းမျက်နှာသို့ ထိုးကျလာသဖြင့် ရဲဝင်းလည်း အိပ်နေရာမှ လန့်နိုးသွားသည်။ နံဘေးတွင်တော့ နွတ်မရှိတော့၊ နွတ်က အရင်နိုးနှင့်နေပြီဖြစ်မည်။ ရဲဝင်းက အိပ်ခန်းထဲမှထွက်ပြီး ဧည့်ခန်းဆီသို့ကြည့်လိုက်ရာ နွတ်က ဧည့်ခန်းဆိုဖာဆက်တီတွင် ထိုင်လျှက် တက်ဘလက်တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။
“နွတ် ဘာတွေအလုပ်များနေတာလဲ နွတ်ရဲ့”
“ညက ပင်ကီပြောတဲ့ စတော့တွေကို ဝယ်နေတာလေ ဖက်”
“နွတ်ရယ် ကြည့်လည်းလုပ်ပါအုံး၊ ဖက်အထင်တော့ နွတ်က ပင်ကီနဲ့ ပက်သက်ရင် အစွန်းရောက်နေသလိုပဲ”
“ဖက်ကလည်း နွတ်က ကလေးလည်းမရှိဘူး၊ ပင်ကီလေးကလည်း ချစ်စရာကောင်းပါတယ် ဖက်၊ ဖက်တော့ ပင်ကီကို တကယ့်ကလေးလေးတစ်ယောက်လို ချစ်နေမိပြီ”
“ဒါဆိုရင် ကိုယ့်ကိုရော တကယ့်ကလေးလေး မမွေးပေးသေးဘူးလား”
“ဖက်ရယ် နွတ်တို့အဆင်ပြေလာတဲ့အခါ နွတ်ကလေး ယူမှာပါ”
နွတ်က ထိုသို့ပြောလိုက်ပြီး တက်ဘလက်ကို သဲသဲမဲမဲကြည့်နေလေသည်။ ရဲဝင်းက နွတ်မျက်နှာကိုကြည့်ရင်း အချစ်စိတ်များတဖွားဖွားဖြစ်ပေါ်လာကာ နွတ်၏နဖူးပြောင်ပြောင်ကလေးကို ငုံ့နမ်းလိုက်လေသည်။ ထိုစဉ် နန်းက အိမ်ရှေ့ခန်းသို့ထွက်လာသည်။ နန်းနှင့်ရဲဝင်းမှာ အကြည့်ချင်းဆုံသွားကြပြီး ရဲဝင်းတစ်ယောက် သူခိုးလူမိသကဲ့သို့ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ မလုံမလဲဖြစ်နေမိသည်။
“နွတ် မနက်စာအသင့်ဖြစ်ပြီနော်”
နန်းကပြောလိုက်သောအခါ နွတ်က ခေါင်းညိတ်လိုက်သည်။ ရဲဝင်းလည်း ရေချိုးခန်းသို့ဝင်ပြီး မျက်နှာသစ်၊ သွားတိုက်ပြီးသည့်အခါ ထမင်းစားခန်းသို့ထွက်လာခဲ့သည်။ နွတ်ကတော့ ထမင်းစားခန်းဆီသို့ မလာသေးဘဲ အိပ်ခန်းထဲတွင် ဘဏ်စာအုပ်များဖြင့် အလုပ်ရှပ်နေလေသည်။ ရဲဝင်းတစ်ယောက် ထမင်းစားပွဲတွင်ထိုင်လိုက်ရင်း နန်းကိုတစ်ချက်ကြည့်လိုက်သည်။ နန်းက အပေါ်ပိုင်းတွင် ကြိုးတစ်ချောင်းအကျီ မလုံမလဲလေးကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်တော့ ပေါင်လယ်ခန့်သာရှိမည့် ဂျင်းဘောင်းဘီပေါင်တိုလေး ဝတ်ထားသည်။ ပြည့်ပြည့်ဝင်းဝင်းနှင့် လုံးကြီးပေါက်လှ နန်း၏အလှကို ရဲဝင်းက ခိုးကြည့်နေမိသည်။ နန်းက နွတ်တို့လို ပိန်ပိန်ပါးပါးမဟုတ်ဘဲ မြန်မာမိန်းကလေးများကဲ့သို့ လုံးကြီးပေါက်လှဖြစ်ပြီး ကရင်လူမျိုးဖြစ်သဖြင့် အသားအရေက ဝင်းကာ အသားတင်းတင်းလေးတွေဖြစ်နေသည်။ ဆံပင်ကိုလည်း စုသိမ်းကာ ဆံထုံးထုံးထားသောကြောင့် ဖွေးဥနေသည့် နန်း၏လည်ကုတ်ကလေးကို ရဲဝင်းက အမှတ်မထင်ကြည့်နေမိသည်။
နန်းကတော့ လုပ်စရာရှိသည်များကိုလုပ်ပြီးသည့်အခါ ကော်ဖီခွက်တစ်ခွက်ကို ဖော်လိုက်ပြီး ရဲဝင်းဆီလာချပေးလေသည်။ ထမင်းစားပွဲမှာအနည်းငယ်နိမ့်သဖြင့် နန်းက ခါးကိုင်းပြီးချလိုက်ရာ နန်း၏ ပြည့်ဝင်းဖြူတင်းနေသော ရင်သားများကို ရဲဝင်းက အမှတ်မထင်မြင်လိုက်ရသည်။ ရဲဝင်းက ချက်ချင်းပင် သတိဝင်သွားပြီး တစ်ဖက်သို့ လှည့်လိုက်လေသည်။
မကြာမီ နွတ်က ပင်ကီကိုခေါ်ကာ အခန်းအတွင်းမှထွက်လာလေသည်။ ပင်ကီလေးက ခုံတွင်နေရာယူလိုက်ပြီး၊ နွတ်ကလည်းခုံတစ်လုံးတွင် ထိုင်လိုက်သည်။ နန်းက ကော်ဖီခွက်တွေချလိုက်သည်။ ခွက်အလွတ်တွေဖြစ်သည်။ ထို့နောက် မနက်စာစားကြသည်။ ပေါင်မုန့်မီးကင်၊ ဝက်ပေါင်ခြောက်ကင်၊ ကြက်ဥကြော်နှင့်ဖြစ်သည်။ နန်းက ကော်ဖီတစ်အိုး လက်ဖက်ရည်တစ်အိုးဖျော်ထားသည်မို့ ရဲဝင်းက ကော်ဖီမသောက်ဘဲ လက်ဖက်ရည်ကိုသောက်လိုက်သည်။ လက်ဖက်ရည်က နွတ်ဖျော်ပေးနေကျ ထိုင်းလက်ဖက်ရည်ကဲ့သို့ အချိုပေါ့ပေါ့မဟုတ်ဘဲ မြန်မာလက်ဖက်ရည်ပမာ ချိုချိုကျကျဖြစ်သည်။ ရဲဝင်းက လက်ဖက်ရည်ကို အကြိုက်တွေ့သွားသည်။
“လက်ဖက်ရည်က သောက်လို့ကောင်းလိုက်တာ”
ရဲဝင်းက နန်းကို မြန်မာလိုလှမ်းပြောလိုက်လေသည်။ နွတ်က လက်ဖက်ရည်ကို သောက်ကြည့်သည်။
“လက်ဖက်ရည်က ချိုလွန်းတယ်၊ နောက်ပြီး နို့စိမ်းနည်းတယ်ထင်တယ် မစိမ့်ဘူး၊ နွတ်တော့မကြိုက်ဘူး”
“နွတ် လက်ဖက်ရည်မကြိုက်ရင် ကော်ဖီသောက်ပေါ့”
ထိုင်းလက်ဖက်ရည် ပေါ့ပေါ့ဆိမ့်ဆိမ့်ကိုသာ နွတ်က ကြိုက်နှစ်သက်လေသည်။ ရဲဝင်းကတော့ မြန်မာလက်ဖက်ရည် ချိုချိုခါးခါးကို ပိုနှစ်သက်သည်။
“နွတ် ဒီနေ့ဘာလုပ်စရာရှိလဲ”
“မြို့ထဲက ရှယ်ယာကုမ္မဏီကိုသွားရမယ်ဖက်၊ သူတို့က ဒီနေ့လည်မှာ ရှယ်ယာသင်တန်းတစ်ခုဖွင့်ထားလို့ အဲဒီကိုသွားတက်ရမယ်”
သူတို့ ထမင်းစားပြီးတော့ ဧည့်ခန်းကိုထွက်ခဲ့သည်။ နွတ်က ပင်ကီကိုစက်တီစားပွဲပေါ်ချလိုက်သည်။
“ပင်ကီ သမီးအတွက် အကျီဝယ်ပေးမယ်၊ သမီးရွေးပေးနော်”
နွတ်က ပြောပြောဆိုဆိုနှင့် တက်ဘလက်ထဲတွင် အင်္ကျီပုံလေးများကို စုပြီးထားလိုက်သည်။ ထို့နောက် မျက်စိမှိတ်ကာ တက်ဘလက်ကို လက်ဖြင့်ထောက်လိုက်သည်။ လက်ညှိုးက ပန်းဆီရောင် အကျီလေးတစ်ထည်ကို ထောက်မိသွားသည်။
“ပင်ကီကရွေးတတ်လိုက်တာ ဒါလေးကလှတယ် ပင်ကီနဲ့အရမ်းလိုက်မှာ”
နွတ်က ပြောပြီး အကျီကိုမှာယူရန်လုပ်နေသည်။ ရဲဝင်းကတော့ သတင်းစာတစ်စောင်ကိုကိုင်ရင်း နွတ်လုပ်နေသည်များကို စိတ်ပျက်စွာဖြင့် ကြည့်နေမိသည်။
“နွတ်ရာ မင်းကိုလူကြီးတစ်ယောက်လို့ထင်ခဲ့တာ၊ အခုတော့ ကလေးကျနေတာပဲ အရုပ်နဲ့ဆော့နေတာ”
“ဆော့နေတာမဟုတ်ဘူးဖက်ရဲ့၊ ပင်ကီက ဟိုတစ်နေ့က ရှယ်ယာတွေ အောင်ပြီး ငွေဝင်အောင်လုပ်ပေးထားလို့ သူ့ကို ကတိပေးထားတဲ့အတိုင်း အကျီဝယ်ပေးရတာ”
ရဲဝင်းက တက်ဘလက်ကို တစ်ချက်ကြည့်လိုက်သည်။
“ဘုရား . . . ဘုရား၊ အကျီဈေးကလဲ ဘတ် တစ်သောင်းခွဲ၊ နှစ်သောင်း ဆိုပါလား၊ အရုပ်အကျီက အဲ့ဒီလောက်ဈေးကြီးလား”
ရဲဝင်းက ပြောဆိုလိုက်သည်မိုက နွတ်က ရဲဝင်းကို မျက်စောင်းထိုးလိုက်သည်။
“ဒါသာမန်အကျီမဟုတ်ဘူးဖက်ရဲ့၊ လုထာပ် ကလေးတွေအတွက် သီးသန့်ဒီဇိုင်းနဲ့ထုတ်ထားတာ၊ အရုပ်မအကျီမဟုတ်ဘူး”
နွတ်က ပြောဆိုလိုက်ပြီး အွန်လိုင်းရှော့ပင်းတစ်ခုမှ ထိုအကျီလေးကို မှာလိုက်လေသည်။
“ကဲ ဒါဆို ဒီတစ်ခါအောင်ရင်ကော ဘာဝယ်ပေးမယ် ကတိပေးထားလဲ”
“ဒီတစ်ခါတော့ စားသောက်ဆိုင်ကို ခေါ်သွားမယ်ဆိုပြီး ကတိပေးထားတယ်”
“စားသောက်ဆိုင်က အခုခေါ်သွားလည်း ရပါတယ်ကွာ”
“ရိုးရိုး စားသောက်ဆိုင်မဟုတ်ဘူး ဖက်၊ ဟိုတယ်မှာဖွင့်ထားတဲ့ လုထာပ် ကလေးတွေခေါ်လာလို့ရတဲ့ သီးသန့် အဆင့်မြင့်စားသောက်ဆိုင်၊ တစ်ယောက်ကို ဒေါ်လာ ခြောက်ဆယ် ပေးရမှာ”
“အမယ်လေး၊ ဈေးများလိုက်တာကွာ နှစ်ယောက်ဆိုတော့ တစ်ရာ့နှစ်ဆယ် တောင်ကုန်မှာပေါ့”
“တစ်ရာ့နှစ်ဆယ် ဘယ်ဟုတ်မလဲ ဖက်ရဲ့၊ သုံးယောက်ဆိုတော့ တစ်ရာ့ရှစ်ဆယ် ပေါ့”
“ဟင် ဘယ့်နှယ့် သုံးယောက်လဲ”
“ပင်ကီလဲ ပါတယ်လေ ဖက်ရဲ့”
“ဟင် ဒါဆိုအဲဒီဆိုင်က ပင်ကီအတွက်ပါယူတာလား၊ ဒါဆိုရင် မတန်ပါဘူးကွာ၊ ပင်ကီက တကယ်မှ မစားတတ်တာ”
နွတ်က စိတ်မရှည်သည့် ပုံဖြင့် ရဲဝင်းကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဖက်ရယ် နွတ်လုပ်နေတဲ့ကိစ္စတွေကို ဖက်စိတ်မဝင်စားရင်နေပါ၊ ဘာမှ ကဖျက်ယဖျက် ဝင်မပြောပါနဲ့နော်”
ရဲဝင်း စိတ်တိုသွားမိသည်။ ဆက်ပြောလျှင်လည်း နွတ်နှင့်ရန်ဖြစ်ဖို့သာရှိတော့သည်၊ အိမ်တွင်လည်း လူစိမ်းရှိနေသဖြင့် ရန်မဖြစ်ချင်သောကြောင့် ဘာမှဆက်မပြောတော့ဘဲ သတင်းစာကိုသာဖတ်နေသည်။ ထို့နောက် နွတ်ကအခန်းထဲဝင်သွားသည်။ ပင်ကီကိုတော့ အိမ်ရှေ့တွင်သာ တင်ထားခဲ့လေသည်။
နာရီဝက်ခန့်ကြာသည့်အခါ နွတ်ပြန်ထွက်လာသည်။ ရဲဝင်းက စာဖတ်နေဆဲဖြစ်သည်။ နွတ်က အနက်ရောင် အနောက်တိုင်းကုပ်အကျီနှင့် စကပ်အနက်ရောင်ကိုဝတ်ဆင်ထားသည်။ ထို့နောက် ရဲဝင်းအနားတွင် လာထိုင်သည်။ ရဲဝင်းက နွတ်ကို မသိချင်ယောင်ဆောင်ပြီး စာဖတ်နေလိုက်သည်။
“နှုတ်ခမ်းကြီးကလည်း စူနေလိုက်တာ ဖက်ရဲ့”
နွတ်က ရဲဝင်းစိတ်ဆိုးနေမှန်းသိသဖြင့် ထိုသို့ချွဲနွဲ့ကာပြောဆိုလိုက်ပြီး ရဲဝင်းကိုဖက်လိုက်လေသည်။
“ဖက် စိတ်ဆိုးနေတာကလည်း တအားရယ်ချင်စရာကောင်းတာပဲ”
နွတ်ကပြောပြီး ရဲဝင်း၏ နဖူးကိုနမ်းလိုက်သည်။
“ကဲဒီနေ့တော့ သားအဖတွေ အိမ်မှာကောင်းကောင်းနေခဲ့ကြ”
ထို့နောက် နွတ်က အိမ်ထဲမှထွက်သွားလေသည်။ ရဲဝင်းလည်း နွတ်ထွက်သွားသည်နှင့် သတင်းစာကိုချလိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းအတွင်း တီဗွီဖွင့်လိုက်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။ ပင်ကီကိုတော့ အိမ်ရှေ့တွင်ပင်ထားခဲ့လေသည်။
(င)
ခဏကြာသည့်အခါ အိမ်နောက်ဖက်မှ အော်သံကြားရသည်။ ရဲဝင်းလည်း ရုတ်တရက် ကောက်ထိုင်လိုက်သည်။ အော်သံက မိန်းကလေးတစ်ယောက်၏ အော်သံဖြစ်ပြီး ကြောက်လန့်တကြားနှင့် စူးစူးဝါးဝါး အော်ဟစ်နေခြင်းဖြစ်ရာ ရဲဝင်းမှာ အော်သံကြားရာသို့ အမြန်ပြေးထွက်လာခဲ့သည်။ အော်သံက အိမ်နောက်ဘက် ရေချိုးခန်းထဲမှလာခြင်းဖြစ်သည်။ ရဲဝင်းလည်း နန်းများဖြစ်နေမလားဟု စိတ်ပူသွားကာ ရေချိုးခန်းတံခါးကို အားကုန်ဆွဲဖွင့်လိုက်သည်။ တံခါးမှာ အတွင်းမှ ချက်မချထားသဖြင့် ရဲဝင်းဆွဲလိုက်သည်နှင့် ပွင့်သွားလေသည်။
“အို”
ရေချိုးခန်းအတွင်းတွင်တော့ နန်းကရေချိုးနေသည်။ သဘက်ကလေးတစ်ထည်ဖြင့် သူမကိုယ်လုံးကို မလုံမလဲ ဖုံးအုပ်ထားလေရာ ရဲဝင်းက အမှတ်မထင်ကြည့်လိုက်မိသည်။ ဝင်းဝါသောအသားအရေက ရဲဝင်း၏ အသိစိတ်များကို တစ်မျိုးတစ်မည်ဖြစ်သွားစေသည်။
“ကြွက် . . . ကြွက်ရှိတယ် ကိုရဲ”
“ဟုတ်လား နန်းထွက်လာခဲ့ ငါဝင်ကြည့်မယ်”
ထိုသို့ပြောရင်း ရဲဝင်းက ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးခန်းမျက်နှာကြက်တွေအသေအချာမပြုပြင်ရသေးသဖြင့် ပေါက်ပြဲနေသည်။ ထိုရေချိုးခန်းကို ရဲဝင်းတို့ကမသုံးပေ၊ ရဲဝင်းတို့က သူတို့အိပ်ခန်းတွင် တွဲလျှက်ပါရှိသည့် ရေချိုးခန်းကိုသာ အသုံးပြုသည်။ ရဲဝင်းက ရေချိုးခန်းအတွင်း အသေအချာရှာဖွေကြည့်သော်လည်း ကြွက်ကိုတော့မတွေ့တော့။
“ကြွက်မရှိတော့ပါဘူး နန်းရဲ့”
ရဲဝင်းက ထိုသို့ပြောလိုက်ပြီး နန်းဘက်သို့လှည့်လိုက်စဉ် နန်းက ဘာမပြောညာမပြောနှင့် ရဲဝင်းကို ဆွဲဖက်လိုက်သည်။ နန်းနှင့် အသားချင်းထိသွားသဖြင့် ရဲဝင်းတစ်ကိုယ်လုံး ပူထူသွားသည်။ နန်းက ရဲဝင်း၏ ရင်ဘတ်ကို ပွတ်သပ်နေသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ အချင်းချင်းပူးကပ်ပြီး ထိတွေ့နေပြီမို့ ရဲဝင်းစိတ်တွေ မထိန်းနိုင်တော့ပေ၊ တဏှာရာဂစိတ်များက ရဲဝင်း၏ ကျိုးကြောင်းစဉ်းစားနိုင်သည့်စိတ်များကို ဖုံးလွှမ်းသွားလေသည်။ နန်းက ရဲဝင်းနှုတ်ခမ်းများကို စုပ်နမ်းလိုက်ပြီးနောက် ရဲဝင်းကို ဆွဲခေါ်သွားပြီး အိမ်အလယ်ရှိ သူမအခန်းထဲသို့ ရဲဝင်းအား ဆွဲခေါ်ပြီးဝင်သွားလေသည်။ ရဲဝင်းကို ကုတင်ပေါ်တွန်းလှဲလိုက်ပြီး နန်းက ရဲဝင်းအပေါ်သို့ တက်လိုက်လေရာ ရဲဝင်းကလည်း နမ်းကိုပွေ့ဖက်ထားလိုက်လေသည်။
“တင်းတောင် . . . . တင်းတောင်”
ရုတ်တရက် လူခေါ်ခေါင်းလောင်းသံက မြည်လာလေသည်။ ရဲဝင်းက ထိုတော့မှ အသိစိတ်ပြန်ကပ်သည်။
“ငါဘာတွေလုပ်နေမိပါလိမ့်၊ ငါ . . . ငါ ဒီလိုလုပ်လို့မဖြစ်ဘူး”
ရဲဝင်းက ထသွားရန်ပြင်ဆင်လိုက်သည်။ သို့သော် နန်းက သူ့ကိုထမသွားရန်အတွက် အတင်း ဖိထားလေသည်။
“တင်းတောင် . . . တင်းတောင်”
လူခေါ်ခေါင်းလောင်းလေးက ဧည့်ခန်းထဲတွင် လေးငါးခါခန့် အဆက်မပြတ်မြည်နေသဖြင့် ရဲဝင်းလည်း နန်းကိုတွန်းပြီး ကုတင်ပေါ်မှ ထလိုက်သည်။ နန်းက ထသွားသည့် ရဲဝင်း၏ နောက်ကျောကို ဖက်လိုက်လေသည်။
“နန်း ငါတို့ မဖြစ်ပါဘူးဟာ”
“နန်းချစ်တယ်၊ နန်း အကို့ကိုမြင်ကတည်းက ချစ်မိသွားတာ”
ရဲဝင်းက ဘာမှမပြောတော့ဘဲ သူ့အားဖက်ထားသည့် နန်း၏လက်ချောင်းများကို အားနှင့်ဆွဲခွာလိုက်ကာ နန်းလက်များကို ဖယ်ထုတ်ပစ်လိုက်သည်။ ရဲဝင်းစိတ်အတွင်းအလွန်စိုးထိတ်နေသည်။ အပြင်သွားသည့် နွတ်များပြန်လာလေသလားဟု တွေးထင်ပြီး အိမ်ရှေ့သို့ အမြန်ပြေးထွက်ခဲ့သည်။ ရေစိုနေသော နန်း၏လက်များဖြင့် ပွေ့ဖက်ခံထားရသဖြင့် ရဲဝင်းအဝတ်အစားများမှာ ရေအနည်းငယ်စိုနေသည်။
အိမ်တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ မည်သူမှမရှိပေ။ ရဲဝင်းက သေချာစေရန်အတွက် ခြံထဲသို့ဆင်းပြီး လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း လူမတွေ့ရ။ ရဲဝင်းကခေါင်းကို ကုတ်လိုက်ပြီးတော့ အိမ်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ပင်ကီက ဧည့်ခန်းအဝင်၀ကြမ်းပြင်ပေါ်တွင် လဲကျနေသဖြင့် ရဲဝင်းက ထူးဆန်းသွားပြီး ပင်ကီကို ကောက်ယူလိုက်သည်။
“ပင်ကီ မင်းလုပ်လိုက်တာလား”
ရဲဝင်းက ထိုသို့ပြောပြီး ပင်ကီကို ယူကာ အခန်းထဲသို့ဝင်ရန်လာခဲ့သည်။ အခန်းရှေ့တွင်တော့ နန်းက ဝတ်လစ်စားလစ်ဖြင့် ရဲဝင်းကို စောင့်နေလေသည်။
“အကို နန်းကို မချစ်ချင်ဘူးလား၊ နန်းကတော့ အကို့ကို မြင်မြင်ချင်းကတည်းက ချစ်မိနေပြီ”
ရဲဝင်း ရင်တွေခုန်နေသည်။ သို့သော် အချစ်ကြောင့်တော့မဟုတ် စိတ်လှုပ်ရှားလွန်းသောကြောင့်ဖြစ်မည်။ ရဲဝင်း ရှေ့တိုးရခက်နေသည်။ နန်း၏ အလှအပများက ရဲဝင်းမျက်လုံးများကို ဖမ်းစားထားသည်။ ယောက်ျားတစ်ယောက်၏ အသွေးအသားတွေက ရဲဝင်းကို နှိုးဆော်နေသည်။ သို့သော် ရဲဝင်း၏ ကိုယ်ကျင့်တရားက ရဲဝင်းကို တားမြစ်လိုက်လေသည်။
“တော်စမ်း နန်း၊ ငါက အိမ်ထောင်သည်၊ နောက်ပြီး မင်းအခုလိုဆက်လုပ်နေရင် မင်းကို ငါအလုပ်ထုတ်မယ်”
ရဲဝင်းက ပြောဆိုပြီး အခန်းဆီသို့လမ်းလျှောက်သွားသည်။ အခန်းရှေ့တွင်ရပ်နေသည့် နန်းကို တွန်းထုတ်လိုက်သည်။ ထို့နောက်အခန်းထဲသို့ဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်လေသည်။ အတွင်းမှလည်း ချက်ချထားလိုက်သည်။ ရဲဝင်းက သူ့လက်ထဲတွင် ပင်ကီကို ကိုင်ထားသည်။ ပင်ကီကို စားပွဲကလေးပေါ်တင်လိုက်ပြီး အိပ်ယာထက်တွင် လှဲချလိုက်သည်။
သူ့ရင်တွေခုန်နေပြီး စိတ်တွေအလွန်စိုးရိမ်နေသည်။ ဖြစ်နိုင်လျှင် နန်းကို မျက်နှာချင်းမဆိုင်ချင်တော့။ ထို့ကြောင့် အပြင်သို့မထွက်တော့၊ နေ့လည်စာလည်း ထွက်မစားတော့ပေ။ အိပ်ယာထက်လှဲနေရင်း အိပ်ပျော်သွားသည်။
“ဖက်ရေ တံခါးဖွင့်ပါအုံး . . ဒုန်း . .ဒုန်း”
တံခါးကို နွတ်က ထုနေသံကြားမှ သူလန့်နိုးသွားသည်။ ကမန်းကတမ်း တံခါးဆီပြေးသွားပြီးနောက် အခန်းတံခါးကိုဖွင့်လိုက်သည်။ အခန်းအတွင်းမှ တိုင်ကပ်နာရီကိုကြည့်လိုက်သည့်အခါ ညနေလေး နာရီကျော်နေပြီဖြစ်သည်။
“ဖက်ကလည်း အိမ်ထဲအိပ်တာပဲ ဘာလို့တံခါးပိတ်ထားတာလဲ”
“ဟို . . ဟို”
ရဲဝင်းကပြောစရာ စကားမရှိတော့။ နွတ်က အဝတ်အစားတွေလဲနေသည်။
“နွတ် သင်တန်းတက်တာ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ် နွတ်စိတ်ပူနေရာ တစ်ခုပဲရှိတယ်”
“ဟုတ်လားနွတ်ရဲ့ ဘာလဲ”
“နွတ်ဝယ်ထားတဲ့ ရှယ်ယာက ဈေးတွေကျတော့မယ်လို့ ပြောနေကြတယ်၊ နွတ်ကလည်း ပင်ကီပြောတဲ့အတိုင်း ရှယ်ယာအများကြီးကိုင်ထားလိုက်တာ”
“အို . . . ဘာမှ စိတ်မပူပါနဲ့ နွတ်ရယ်၊ ပင်ကီပြောတာဆို အမှန်ဖြစ်မှာပါ”
နွတ်ကို စိတ်သက်သာအောင် ပြောလိုက်ခြင်းဖြစ်သော်လည်း အခုတော့ ရဲဝင်းက ပင်ကီကို နည်းနည်းယုံချင်လာသည်။ နေ့လည်က ကိစ္စကိုလည်း ပင်ကီသာ မဟန့်မတားရင် သူနှင့်နန်းနှင့် တော်တော်ခရီးရောက်နေပြီး နွတ်သာသိရင် ပြဿနာတွေ တက်နေလောက်ပြီဖြစ်သည်။ ရဲဝင်းက အခန်းထဲမှ ထွက်ရန် မဝံ့မရဲဖြစ်နေသည်။ နွတ်က အိမ်နောက်ဖေးကို ထွက်သွားသည်။ ရဲဝင်းက အိမ်ရှေ့သို့ထွက်ခဲ့သည်။
“ဖက် နေ့လည်စာလည်း ထွက်မစားဘူးဆို၊ နန်းပြောတာ”
“ဟုတ်တယ် ဖက်နေ့လည်က ဗိုက်မဆာလို့”
နွတ်က တက်ဘလက်တစ်လုံးဖြင့် အလုပ်များနေပြန်သည်။ ရဲဝင်းက ဘာလုပ်ရမှန်းမသိ၊ ဖုန်းကိုဖွင့်လိုက်ပြီး ဂိမ်းတစ်ခုကိုဆော့နေလိုက်သည်။ အချိန်က ကုန်မှန်းမသိကုန်သွားသည်။
“တင်းတောင် . . . တင်းတောင်”
လူခေါ်ခေါင်းလောင်းကလေးက မြည်သွားသည့်အခါ ရဲဝင်းက အိမ်တံခါးဖက်ကိုထခဲ့သည်။ နွတ်မနက်ကမှာထားသည့် အကျီလေး ရောက်လာခြင်းဖြစ်သည်။ ရဲဝင်းက အကျီလေးကို ယူလိုက်သည်။
“နွတ် ညစာအဆင်သင့်ဖြစ်နေပြီ”
နန်းက အရှေ့ခန်းသို့ထွက်လာပြီးပြောသည်။ နွတ်ကထသွားသည်။ ရဲဝင်းက ကုပ်ချောင်းကုပ်ချောင်းနှင့် အနောက်ကလိုက်သွားသည်။
“နွတ်အရင်သွားနှင့် ပင်ကီကို ဖက်ယူခဲ့မယ်”
ရဲဝင်းကပြောလိုက်ပြီး ပင်ကီကိုယူခဲ့သည်။ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ နန်းကိုတော့ ရဲဝင်းက မကြည့်ရဲတော့။ မျက်နှာလွှဲနေလိုက်သည်။
ထမင်းဝိုင်းမှာ ကြက်သားမြန်မာချက်နှင့် အခြားဟင်းများဖြစ်သည်။ နွတ်ကတော့ သိပ်မကြိုက်၊ ကုလားမဆလာကို နွတ်က မကြိုက်သဖြင့် ကြက်သားသိပ်မစား။ ရဲဝင်းကတော့ ကြက်သားဟင်း၊ ငပိကြော်နှင့် ထမင်းစားကောင်းနေသည်။ နွတ်က ရဲဝင်းကိုတစ်ချက်ကြည့်လိုက်သည်။
ထမင်းစားပြီးတော့ အခန်းထဲဝင်ခဲ့သည်။ နွတ်က ကုတင်ပေါ်တွင် တက်ဘလက်တစ်လုံးနှင့် အလုပ်ရှုပ်နေပြန်သည်။
“နွတ်ကို ကြည့်ရတာ အခုတစ်လော အလုပ်များနေသလိုပဲနော်”
“များတာပေါ့ ဖက်ရဲ့၊ စတော့ရှယ်ယာဆိုတာက စီးပွားရေးသတင်းတွေလဲကြည့်ရ စုံစမ်းရသေးတာ”
ရဲဝင်းက အလုပ်မရှိသဖြင့် ညနေက ရောက်လာသည့် ပင်ကီအကျီလေးကိုဖွင့်ကြည့်လိုက်သည်။ အကျီလေးက ပန်းဆီရောင် ဂါဝန်လေးဖြစ်ပြီး ကျောက်ကလေးများဖြင့် အလှဆင်ထားသည်။ ဇာကလေးများ ဖဲပြားကလေးများကလဲ အတွန့်အတွန့်နှင့် ချစ်ဖို့ကောင်းနေသည်။
ထို့နောက်ရဲဝင်းက ပင်ကီကို အကျီချွတ်လိုက်ပြီးသည်။ ပင်ကီ ကျောကုန်းတွင် ရွှေဆေးများ၊ ငွေဆေးများဖြင့် အင်းများရေးဆွဲထားလေသည်။
“နွတ် ဒါတွေက ဘာတွေရေးထားတာလဲ”
“အင်းစာတွေပေါ့ ပင်ကီကို အသက်သွင်းထားတာလေ”
ရဲဝင်းက ပင်ကီကို အကျီဝတ်ပေးလိုက်သည်။ အကျီလေးက ပင်ကီနဲ့ကွက်တိဖြစ်နေသည်။ ပင်ကီလက်ကလေးတွေ အသားလေးတွေက အဆင့်မြင့် ဆီလီကွန်ဖြင့် ပြုလုပ်ထားသဖြင့် တကယ့်လူလက်ပမာ ပျော့ပျော့ကလေးဖြစ်သည်။
“နွတ် ဒီမှာကြည့်စမ်း ပင်ကီနဲ့လိုက်တယ်နော်”
“ဟုတ်ပ ဖက်ရယ် ကွက်တိပဲ”
ပင်ကီကို အိပ်ယာအလယ်တွင်ချလိုက်သည်။ ထို့နောက် ရဲဝင်းက ပင်ကီနဖူးကို နမ်းလိုက်သည်။ ပြီးတော့ ရဲဝင်းလဲ ပျင်းပျင်းနှင့် ဖုန်းကိုဖွင့်ပြီး ဖေ့ဘုတ်ပေါ်တက်ကြည့်လိုက်သည်။ ထိုစဉ် သူ့ထံကို အီးမေးလ်တစ်စောင် ဝင်လာလေသည်။
ပို့လာသူက အမည်မဲ့၀၀၈၉ ဟု ရေးထားသည်။ မေးလ်တွင် စာမပါ။ ဗွီဒီယိုဖိုင်တစ်ခုသာ ပါလေသည်။ ရဲဝင်းလည်း ထိုဗွီဒီယိုဖိုင်ကို ဖွင့်ကြည့်လိုက်သည်။
“ဟာ”
ဗွီဒီယိုဖိုင်မှာ နန်းအခန်းထဲသို့ ရဲဝင်းနှင့် ကိုယ်လုံးတီးဖြစ်နေသော နန်းက ဖက်ရင်းဝင်လာကြသည်။ နန်းက ရဲဝင်းကိုလှဲချလိုက်ပြီး ရဲဝင်းအပေါ်သို့ နန်းက လှဲအိပ်လိုက်သည် အထိပါသည်။ နောက်ပိုင်းတော့ ဆက်မပါလာတော့။ ရဲဝင်းတစ်ယောက် ရင်တွေအရမ်းထိတ်သွားသည်။ ထိုမေးလ်ကို ချက်ချင်းဖျက်လိုက်သည်။
မကြာခင် နောက်ထပ်မေးလ်တစ်စောင် ထပ်ဝင်လာပြန်သည်။ ပို့သည့်သူက အတူတူပဲဖြစ်သည်။ မေးလ်က မြန်မာလိုတွေရေးထားသည်။
“ဒီဗွီဒီယိုကို နွတ်ကို မတွေ့စေချင်ဘူးဆိုရင်တော့ ဘတ် ငါးသိန်းပေးရမယ်၊ ဒါဆိုရင်၊ နန်းထွက်သွားပေးမယ်”
ရဲဝင်း အလွန်တုန်လှုပ်သွားသည်။ သူ့ကို နန်းက ငွေညှစ်နေပြီမဟုတ်ပါလား။ ရဲဝင်းက နွတ်ဒီဗွီဒီယိုကို တွေ့သွားမည်ကိုလည်း စိုးရိမ်မိသည်။ ထိုဗွီဒီယိုကြောင့် သူတို့လင်မယား အိမ်ထောင်ရေးတွင် အဖုအထစ်တွေများစွာဖြစ်နိုင်သည်။ ဗွီဒီယိုက နောက်ပိုင်းအခန်းများမပါသော်လည်း သူနှင့်အဝတ်အစားမဲ့နေသည့် နန်းတို့ ပလူးပလဲလုပ်နေသည်များကို နွတ်တွေ့လျှင်စိတ်ထိခိုက်မှာ အမှန်ပင်ဖြစ်သည်။ သို့နှင့် ရဲဝင်းက စာပြန်လိုက်သည်။
“လောလောဆယ်တော့ အဲဒီလောက်မရှိဘူး၊ တစ်ပတ်လောက်စောင့်ပေးပါ”
မကြာမီ ဟိုဖက်က စာပြန်လာလေသည်။
“တစ်ပတ်မရဘူး၊ ငါးရက်ပဲရမယ်၊ ငွေကိုလည်း ခေါင်းခွဲပြီးမလိုချင်ဘူးနော်၊ ငါးရက်ပြည့်လို့ ဘတ်ငါးသိန်း မပေးနိုင်တာနဲ့ နွတ် ဒီဗွီဒီယိုကို ကြည့်ပြီးပြီလို့သာ မှတ်လိုက်တော့”
ရဲဝင်းဖုန်းပိတ်လိုက်သည်။ နွတ်ကတော့ ဖုန်းကိုကြည့်နေဆဲဖြစ်သည်။ ရဲဝင်းက မေးလ်တွေကိုဖျက်လိုက်ပြီး ဖုန်းကိုဘေးနားတွင်ထားလိုက်သည်။ ထို့နောက်ရင်ဘတ်ပေါ်လက်တင်ပြီး စဉ်းစားနေလိုက်သည်။ ထိုမျှ များပြားသည့် ငွေများ သူ့ထံတွင်မရှိ၊ ရဲဝင်းက ယခင်ကတည်းက ငွေကြေးများကို နွတ်နှင့်အတူတူစာရင်းလုပ်ပြီး စုဆောင်း ထားသည်မို့ နွတ်မသိသည့်ငွေတွေမရှိ။
“မတတ်နိုင်ဘူး၊ ဆိုင်မှာငွေလိုတယ်ဆိုပြီးတော့ နွတ်ဆီက ငွေလှည့်မှပဲထင်တယ်”
ရဲဝင်းထိုညက ကောင်းကောင်းအိပ်မပျော်၊ တွေးရင်းတွေးရင်းညည့်နက်သွားလေသည်။ မနက်အစောပိုင်းရောက်မှ အိပ်ပျော်လေသည်။ နွတ်ကလည်း မနက်ရောက်တော့ ရဲဝင်းအိပ်ပျော်နေသည်ကို မနှိုးပေ။
ရဲဝင်းနားထဲ ဆူညံဆူညံအသံတွေကြားနေရသည်။ ရဲဝင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ နံရံမှာကပ်ထားသော နာရီက ဆယ်နာရီကိုပြနေသည်။ ရဲဝင်းတစ်ယောက် အိပ်ယာပေါ်မှထလိုက်သည်။ အိမ်ရှေ့ဧည့်ခန်းတွင် ဆူညံနေသဖြင့် ဧည့်ခန်းဆီသို့ထွက်လာခဲ့လေသည်။
နွတ်က ဧည့်ခန်းတွင် အော်ဟစ်နေပြီး ကခုန်နေလေသည်။ နွတ် ကခုန်နေသည်ကို ကြည့်ရသည်မှာ ကလေးလေးတစ်ယောက်လိုပင် ဖြစ်နေသည်။ ရဲဝင်းက အိပ်ချင်မူးတူးဖြင့် နွတ်ကိုကြည့်လိုက်သည်။
“ဖက် . . ဖက်အရမ်းဝမ်းသာစရာကောင်းတာပဲ”
“ဘာဖြစ်လို့လဲ နွတ်ရဲ့”
“နွတ်ကိုင်ထားတဲ့ ရှယ်ယာဈေးတွေ ဒီနေ့ တအားထိုးတက်သွားတယ် ဖက်”
“ဟုတ်လား ဝမ်းသာစရာပေါ့”
ရဲဝင်း ပျော်ရွှင်သွားမိသည်။ နွတ်က ကခုန်နေရင်း ပင်ကီလေးကို ကိုင်ပြီး မိုးပေါ်မြောက်တင်လိုက်၊ ပြန်ဖမ်းလိုက်နှင့် ပျော်မြူးနေသည်။
“အဲဒါ အမေ့သမီး ပင်ကီလေးကြောင့်၊ အမေ့သမီးပင်ကီလေးနဲ့ စားသောက်ဆိုင်သွားကြမယ်”
နွတ်က ပျော်မြူးနေလေသည်။
မနက်စာ စားတော့ နွတ်က အိမ်ရှေ့ခန်းတွင် ထိုင်နေခဲ့သည်။ ရဲဝင်းက ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်သည်။ နန်းက ရဲဝင်းကို ခေါက်ဆွဲတစ်ပွဲလာချပေးသည်။ ထို့နောက် ရဲဝင်းမျက်နှာကိုစိုက်ကြည့်ကာ အလွန်နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ပြုံးပြနေလေသည်။
“တောက်”
ရဲဝင်းက ခံပြင်းသွားကာ စားပွဲကို လက်နှင့်ထုလိုက်လေသည်။ နန်းကတော့ ပြုံးပြီးရဲဝင်းကို ကြည့်နေပြန်သည်။ ရဲဝင်းက ခေါက်ဆွဲကို ကုန်းစားလိုက်သည်။ နန်း၏ အကြည့်တွေကို သူမခံနိုင်။ သူ့ကို လူတုံးကြီးတစ်ယောက်လို၊ လူညံ့ကြီးတစ်ယောက်လို သနားသလိုကြည့်နေသည်ဟု ထင်နေမိသည်။ နန်း၏ အပြုံးတွေမှာလဲ အောင်နိုင်သူတစ်ဦး၏ အပြုံးများလိုဖြစ်နေသည်ကို သူဒေါသထွက်နေမိသည်။ ခေါက်ဆွဲကို တစ်ဝက်ပဲစားပြီး ထမင်းစားစားပွဲမှ ထထွက်ခဲ့သည်။
“ကိုရဲ နန်းလက်ရာက စားမကောင်းဘူးလားဟင် . . ခိခိ”
နန်းက ရဲဝင်းလှည့်အထွက်တွင် ရဲဝင်းကို ခနဲ့လိုက်သေးသည်။ ပြီးတော့ ရယ်မောလိုက်သေးသည်။ ရဲဝင်းက ဘာမှမပြောတော့ဘဲ အိမ်ရှေ့ထွက်ခဲ့သည်။
“အကျီအသစ်လဲ ရပြီဆိုတော့ ညနေကျတော့ ပင်ကီနဲ့အတူတူ စားသောက်ဆိုင်သွားရအောင်၊ နွတ်ဘိုကင် ယူထားလိုက်ပြီ”
ရဲဝင်းက ခေါင်းညိတ်ပြီး နွတ်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ့စိတ်ထဲတွင် စိတ်ရှုပ်ခြင်း၊ ဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ညနေရောက်တော့ အဝတ်ကောင်းကောင်းဝတ်ပြီးတော့ အတူတူထွက်ခဲ့သည်။ နွတ်က အနက်ရောင်ဂါဝန်တစ်ထည်နှင့် လှပနေသည်။ ရဲဝင်းကတော့ အနောက်တိုင်းဝတ်စုံတစ်ခုကို နွတ်ဝတ်ခိုင်းသဖြင့် ဝတ်လာရသည်။ ပင်ကီလေးကိုလည်း အလှပြင်ပေးပြီး စားသောက်ဆိုင်သို့ ခေါ်လာခဲ့သည်။
ဟိုတယ်ကြီးက ကြီးမားလှသည်။ ချင်းမိုင်တွင် အကောင်းဆုံးဟိုတယ်များတွင် တစ်ခုအပါအဝင်ဖြစ်လေသည်။ ဟိုတယ်ထဲရှိ အလွန်ခမ်းနားသော စားသောက်ဆိုင်ထဲဝင်ခဲ့သည်။ စားသောက်ဆိုင်က လုထာပ် ကလေးများကို ခွင့်ပြုကြောင်းရေးထားလေသည်။
ကျောက်ပြားများခင်းထားပြီး ဖဲစများဖြင့်အလှဆင်ထားသော ညစာစားပွဲတစ်ခုတွင် ထိုင်လိုက်သည်။ အခန်းမီးက အနည်းငယ် မှိန်ပြနေသည်။ ဖယောင်းတိုင်အလင်းရောင်ဖြင့် စားပွဲက လင်းနေလေသည်။ အခြားစားပွဲများတွင်လဲ စားသောက်သူများ ရှိလေသည်။ လူတွေ တော်တော်များများက လုထာပ် ကလေးတွေခေါ်လာကြသည်။ လုထာပ် ကလေးတွေအတွက် သီးသန့်ထိုင်ခုံလေး လုပ်ထားပြီးတော့ စားပွဲတွင်ထိုင်ခိုင်းလေသည်။
စားပွဲထိုးများက ဟင်းပွဲတစ်ခုပြီးတစ်ခု လာချသည်။ ပင်ကီ အတွက်လဲ ပုံစံတူ ဟင်းပွဲအသေးလေးတွေ ချပေးလေသည်။ အနောက်တိုင်းအစားအစာများဖြစ်သဖြင့် ရဲဝင်းကတော့ သိပ်ခံတွင်းမတွေ့။
“ပင်ကီ ဟာတွေပါ ယူစားလို့ရလား”
ရဲဝင်းက မေးလိုက်သည်။ ပင်ကီရှေ့တွင် ပန်းကန်လေးဖြင့် ဟင်းပွဲတစ်ပွဲချထားလေသည်။
“ဖက်ကလည်း ကြံကြံဖန်ဖန်”
“မဟုတ်ဘူး နွတ်ရဲ့၊ ဖက်က နှမြောလို့ပါ”
သူတို့စားသောက်ပြီးသည်နှင့် ပန်းကန်များကို လာသိမ်းကြသည်။ နောက် အချိုပွဲချပေးသည်။ ပင်ကီက တကယ်မစားသဖြင့် ထိုပန်းကန်တွေအတွက် ရဲဝင်းက နှမြောနေသည်။ အခြားသူများယူလာသည့် လုထာပ် ကလေးများမှာ အကျီများမှာ ပိုပြီး ဈေးကြီးလေသည်။ ရွှေငွေများဖြင့် ပြုလုပ်ထားသည့် လက်ကောက်တွေ၊ လက်စွပ်တွေ၊ တကယ့် ကျောက်သံပတ္တမြားတွေ တပ်ထားသည့် ရွှေထည်ပစ္စည်းတွေ၊ သရဖူတွေ ဝတ်ဆင်ထားသည်။ လုထာပ် က မိန်းမလေးအရုပ်များတင်မဟုတ်ဘဲ ယောက်ျားလေးအရုပ်များလဲရှိသည်။ ယောက်ျားလေးအရုပ်များတွင်တော့ အင်္ဂါစုံအောင် ယောက်ျားတန်ဆာလေးများလည်း ပါသည်ဟုဆိုသည်။
“နွတ် ပျော်လား”
ရဲဝင်းကမေးလိုက်သည်။ နွတ်က နှုတ်ခမ်းနီအနီလေးများကို ဆိုးထားပြီး သွားလေးများပေါ်အောင် ရယ်လိုက်သည်။
“နွတ်လည်း ပျော်တယ်၊ သမီးလေး ပင်ကီလည်း ပျော်တယ်”
“နွတ်ကို ပြောစရာရှိတယ်”
“ဘာလဲ ဖက် ပြောလေ”
“ဖက် ငွေလိုလို့”
နွတ်က မျက်ခုံးလေးပင့်လိုက်သည်။
“ဘာလို့လိုတာလဲ၊ ဘာအတွက်လိုတာလဲ ဖက်”
“မဲဆောက်က ဖုန်းဆိုင်အတွက်ပါနွတ်၊ ဖုန်းဆိုင်မှာ ဖုန်းတစ်မျိုး ကိုယ်စားလှယ်ယူမလို့လေ အဲဒါကုမ္မဏီနဲ့ စာချုပ်ချုပ်ပြီး စပေါ်တင်ရမယ်ဆိုလို့”
“ဘယ်လောက် လိုတာလဲဖက်”
“ငါး . . . ငါးသိန်းပါ”
ရဲဝင်းက ချွေးများပြန်နေသည်။ မိန်းမဆီက ပိုက်ဆံလိမ်တောင်းရသည့်အတွက် စိတ်လဲပူသည်၊ စိုးလဲစိုးရိမ်နေသည်။ နွတ်က တော့ အေးအေးဆေးဆေးပင်။
“ရတယ်ဖက် ၊ဖက်လိုတယ်ဆိုတော့ နွတ်ပေးရမှာပေါ့”
“ကျေးဇူးတင်ပါတယ် နွတ်”
“ဖက်ကလည်း လင်မယားအချင်းချင်းတွေပဲ၊ ကျေးဇူးတင်စရာလား”
အပိုင်း(၄) တွင်ဆက်လက်ဖတ်ရှုပါ။