“ဖက် ငွေလိုလို့”
နွတ်က မျက်ခုံးလေးပင့်ကာ ရဲဝင်းကို ကြည့်လိုက်သည်။
“ဘာလို့လိုတာလဲ၊ ဘာအတွက်လိုတာလဲ ဖက်”
“မဲဆောက်က ဖုန်းဆိုင်အတွက်ပါနွတ်၊ ဖုန်းဆိုင်မှာ ဖုန်းတစ်မျိုး ကိုယ်စားလှယ်ယူမလို့လေ အဲဒါကုမ္မဏီနဲ့ စာချုပ်ချုပ်ပြီး စပေါ်တင်ရမယ်ဆိုလို့”
“ဘယ်လောက် လိုတာလဲဖက်”
“ငါး . . ငါးသိန်းပါ”
ရဲဝင်းက နွတ်ကိုလိမ်ပြောရသဖြင့် စိတ်မလုံမလဲဖြစ်ကာ ဇောချွေးများပြန်နေသည်။ မိန်းမဆီက ပိုက်ဆံလိမ်တောင်းရသည့်အတွက် စိတ်လည်းပူသည်၊ နွတ်က ဖုန်းဆိုင်နှင့်အဆက်အသွယ်ရှိသဖြင့် ဖုန်းဆိုင်မှ တစ်ယောက်ယောက်ကို ဖုန်းဆက်မေးမည်ကိုလည်း စိုးရိမ်နေမိသည်။ သို့သော် နွတ်က တော့ အေးအေးလူလူပင်။
“ရတယ်ဖက် ၊ဖက်လိုတယ်ဆိုတော့ နွတ်ပေးရမှာပေါ့”
“ကျေးဇူးတင်ပါတယ် နွတ်”
“ဖက်ကလည်း လင်မယားအချင်းချင်း ကျေးဇူးတင်စရာလား”
(စ)
ညစာစားပြီးသည့်အခါ ဟိုတယ်မှ ကားငှားကာ အိမ်သို့ပြန်လာကြသည်။ အိမ်ရောက်သည့်အခါ နွတ်က မီးဖိုချောင်ထဲဝင်လိုက်သည်။ နွတ်နှင့် နန်းတို့နှစ်ဦး တွေ့ဆုံမည်ကို ရဲဝင်းစိုးရိမ်သဖြင့် ရဲဝင်းလည်း နွတ် အနောက်မှ လိုက်ဝင်လာခဲ့သည်။ နွတ်က အစားနည်းသည်မို့ ထမင်းမစားတော့သော်လည်း ရဲဝင်းကဟိုတယ်တွင်ကျွေးသည့် အစားအသောက်များနှင့် မတင်းတိမ်သည့်အတွက် ထမင်းနည်းနည်းထပ်စားမည်ဟုကြံရွယ်လိုက်သည်။ နွတ်က လက်တစ်ဖက်က ဖုန်းကြည့်နေရင်း ထမင်းစားပွဲတွင်ထိုင်နေလေသည်။ နန်းက ရဲဝင်းအတွက် ဟင်းတွေခူးခပ်ပေးပြီး ထမင်းပန်ကန်တွေကို စားပွဲတွင်ချပေးနေသည်။ ထိုသို့ ချပေးနေရင်း ရဲဝင်းကို ကြည့်ကာ မချိပြုံးပြုံးပြလိုက်သည်။ ထို့နောက် နန်းကရဲဝင်းအား လက်လေးချောင်းထောင်ပြလေသည်။ နန်း ဆိုလိုချင်သည့်သဘောမှာတော့ ရဲဝင်းအတွက်အချိန် လေးရက်သာ ကျန်တော့သည်ဟု အသိပေးခြင်းဖြစ်သည်။
ရဲဝင်းက ဒေါသထွက်နေသော်လည်း နွတ်ရှေ့တွင်မို့ စိတ်ကိုထိန်းလိုက်ပြီး နန်းချပေးထားသည့် ထမင်းကို စားလိုက်သည်။ နန်းကထုံးစံအတိုင်း မြန်မာထမင်းဟင်းများချက်ထားခြင်းဖြစ်သည်။
“ဖက် နွတ်ပင်ပန်းနေပြီ အခန်းထဲဝင်တော့မယ်”
နွတ်က ထမင်းစားပွဲမှထလိုက်ကာ နန်းကိုတစ်ချက်ကြည့်လိုက်ပြီး အခန်းထဲသို့ဝင်သွားသည်။ ရဲဝင်းက ထမင်းစားနေရင်း အနေကျပ်လာသည့်အတွက် ကုတ်အကျီကိုချွတ်ပြီး ထမင်းစားသည့် ထိုင်ခုံနောက်မှီတွင် တင်ချိတ်လိုက်သည်။ ရှပ်အကျီအပေါ်ဆုံး ကြယ်သီးကိုဖြုတ်လိုက်ပြီး နက်တိုင်ကိုလဲ ဆွဲချွတ်လိုက်သည်။
“ကိုရဲကတော့ ဟိုတယ်မှာ စားတာ ဗိုက်မ၀လာဘူးထင်တယ်”
နန်းကရဲဝင်းကို ပြီတီတီနှင့်ကြည့်လိုက်ကာ ကုန်သွားသည့်ဟင်းချိုခွက်ကို ဟင်းချိုထပ်ဖြည့်ပေးပြီး စားပွဲပေါ်သို့ ချပေးလိုက်သည်။ ရဲဝင်းက ဟင်းချိုကိုသောက်လိုက်သည်။
“မင်းလိုချင်တဲ့ ငါးသိန်းကို မနက်ဖြန်ငါရအောင်လုပ်ပေးမယ်၊ မင်းသာ ငါတို့အိမ်ကနေ ဘယ်နေ့ထွက်သွားမှာလဲသာပြော”
ရဲဝင်းက နန်းနှင့် အပိုစကားတွေ မပြောချင်တော့ပေ၊ အခြားယောက်ျားများကို မြှူဆွယ်ဖျားယောင်းပြီး ငွေညှစ်ကာ အကျပ်ကိုင်သည့် နန်းကဲ့သို့ ကိုယ်ကျင့်တရားမကောင်းသည့် မိန်းကလေးမျိုးနှင့် ထပ်ပြီးမပတ်သက်ချင်တော့ပေ၊ စကားတောင်အဖက်လုပ်ပြီး မပြောချင်တော့။ သို့သော် နန်းက ထမင်းစားပွဲရှိ နွတ်ထိုင်သွားသည့်ခုံတွင် ဝင်ထိုင်လိုက်သည်။
“အို . . မြန်လှချည်လား ကိုရဲရယ်၊ ရှင်းရှင်းပြောရရင် နန်းက ဒီအိမ်မှာနေရတာပျော်တယ်၊ ဒီအိမ်ကနေ ထွက်မသွားချင်သေးဘူး”
နန်း၏စကားကိုကြားရသောအခါ ရဲဝင်းက ဒေါသမျက်လုံးများဖြင့် နန်းကိုကြည့်လိုက်သည်။
“မင်းပဲ ပိုက်ဆံရရင် ထွက်သွားပေးမယ်ဆို”
“ဟုတ်တယ်လေ၊ ပိုက်ဆံရရင်ထွက်သွားမယ်၊ ဒါပေမယ့် နန်းရဲ့စိတ်ရင်းကတော့ ဒီအိမ်ကနေ မထွက်သွားချင်သေးဘူးဖြစ်နေတယ်လို့ပြောတာ”
မည်သို့ပင်ဆိုစေကာမူ နန်းက ဟင်းချက်ကောင်းသည်မို့ ရဲဝင်းက နန်းချက်သည့် မြန်မာဟင်းများနှင့် ထမင်းစားကောင်းနေသည်။ ဟိုတယ်တွင် အနောက်တိုင်းအစားအစာများ စားသောက်လာသော်လဲ ဗိုက်က မတင်းတိမ်၊ နောက်ပြီး နွတ်ကလည်း ထိုင်းဟင်းလျာများသာ ချက်ပြုတ်တတ်သည်မို့ ရဲဝင်းက သိပ်ခံတွင်းမတွေ့။ ထမင်းတစ်ပန်းကန်ကုန်သွားသဖြင့် နန်းက ရဲဝင်းပန်းကန်ထဲသို့ ထမင်းထပ်ခူးထည့်ပေးနေသည်။
“ဒါနဲ့ နန်း၊ မင်းဒီလိုပဲ လူတွေကို ငွေလိုက်ညှစ်နေတာလား”
“ဒါပေါ့ ကိုရဲရဲ့ ကိုရဲတို့အိမ်နဲ့ဆို အခုငါးအိမ်မြောက်ရှိပြီ”
“မင်းကွာ၊ ရုပ်ကလေးသနားကမားနဲ့ ဘာလို့အောက်တမ်းကျတဲ့အလုပ်တွေ လုပ်တာလဲ၊ မင်းရုပ်ရည်နဲ့ဆို ယောက်ျားတစ်ယောက်လောက်ယူပြီးတော့ အေးအေးဆေးဆေးနေထိုင်စားသောက်လို့ ရပါလျက်နဲ့”
“အောက်တမ်းကျတယ် ဟုတ်လား . . .ဟက် ဟက်”
နန်းက သွားများပေါ်အောင် ရယ်မောလိုက်သည်။ ရဲဝင်းကတော့ ထမင်းကိုဆက်စားနေသည်။
“ငွေလိုလို့ လုပ်တာပဲ ကိုရဲရယ်၊ ဘာတွေအောက်တန်းကျနေလို့လဲ ”
“မင်းကိုငါပြောမယ်၊ ဟိုနေ့ကဆို မင်းနဲ့ငါနဲ့မှားတော့မလို့လေ၊ တကယ်လို့ ဆက်သွားဖြစ်ရင် မင်းကမိန်းကလေးပဲ၊ မင်းနစ်နာသွားမှာပေါ့”
“တကယ်မှားသွားရင်လည်း နန်းက ဂရုမစိုက်ပါဘူး၊ ဒါမျိုးက အသားပဲ့ပါသွားတာမှ မဟုတ်တာ”
“နန်းကွာ၊ မင်းကတော့ ပြောလေကဲလေပါလား”
ရဲဝင်းက ရေရွတ်လိုက်သည်။ သူ့ဘက်က ဆက်ပြီး ပြောစရာမရှိတော့။ ထမင်းကုန်သွားသဖြင့် ဟင်းချိုကိုခပ်သောက်လိုက်ပြီး နန်းကိုစိုက်ကြည့်လိုက်ကာ
“နန်း၊ မင်းငွေလိုတာတစ်ခုထဲနဲ့ ဒီလိုမျိုးလုပ်တာလား”
“ဒါပေါ့ ကိုရဲရဲ့ ငွေကတော့ လူတိုင်းလိုတာဘဲလေ၊ ဒီလောကကြီးမှာ ငွေမလိုတဲ့လူ ဘယ်သူရှိမှာလဲ”
“မဟုတ်ဘူးနန်း၊ မင်းကငွေတစ်ခုထဲနဲ့ မင်းရဲ့ ဂုဏ်သိက္ခာတွေ၊ မင်းရဲ့ ကိုယ်ကျင့်တရားတွေ အားလုံးကို ချနင်းပစ်နေတာ”
နန်းက မချိပြုံးလေး တစ်ချက်ပြုံးလိုက်ကာ ဟင်းခွက်တစ်ခွက်ကို ဇွန်းနှင့် မွှေနေသည်။
“ကိုရဲကို နန်းမေးမယ်နော်၊ ကိုရဲ ထမင်းဘယ်နှရက် ငတ်ဖူးလဲ”
ရဲဝင်းက ဟင်းချိုခပ်သောက်နေရင်း တွေဝေသွားသည်။ ရဲဝင်းငယ်ဘ၀မှာ ချမ်းသာသည်ဟုမဆိုနိုင်၊ အဆင်ပြေသည့်ထဲမပါ။ တစ်ဘ၀လုံးရုန်းကန်လှုပ်ရှား နေရခြင်းဖြစ်သည်။ ငယ်ငယ်က အမေ၊ ညီမတွေနှင့် ရုန်းကန်ရင်း ဘ၀ကို လျှောက်လှမ်းခဲ့ရသော်လည်း ထမင်းတော့ မငတ်ဖူးပေ။ တစ်ခါတစ်ရံ ထမင်းစားချင်စိတ် မရှိသဖြင့်သာ မစားဘဲနေဖူးသည်။ စားစရာ လုံး၀မရှိသည့် ဘ၀တော့ မကြုံဖူးသေး။ ရဲဝင်းမှာ ဟင်းချိုသောက်သည့်ဇွန်းကိုင်ရင်း စကားဆက်မပြောတော့ဘဲ ငယ်ဘ၀အကြောင်းများကို စဉ်းစားနေမိသည်။
“နန်းတို့ ငယ်ငယ်က ကရင်ပြည်က တောင်တန်းပေါ်က ရွာကလေးတစ်ရွာမှာပဲ နေခဲ့တာ၊ နန်းကိုလည်း အဲဒီမှာပဲ မွေးခဲ့တာ၊ စစ်တွေဖြစ်ပြီဆိုရင် နန်းတို့မှာ ပြေးကြလွှားကြရတာ၊ နန်း ရဲ့ အပါး(အဖေ) ကတော့ စစ်သားတွေက ပေါ်တာဆွဲသွားပြီး သတ်ပစ်ခဲ့ကြတယ်။ နန်းတို့ မောင်နှမတွေလဲ တိုက်ပွဲတွေဖြစ်လို့ ပြေးရင်းလွှားရင်း သေတဲ့သူကလဲ သေကုန်တယ်၊ တစ်ခါတော့ နန်းရဲ့ အမိုး(အမေ)နဲ့ မောင်နှမတွေနဲ့ လူတွေကွဲပြီး နန်းတစ်ယောက်တည်း တောထဲမှာ လမ်းပျောက်သွားခဲ့တယ်၊ အဲ့ဒီကတည်းက အမိုးတို့နဲ့ ပြန်မတွေ့တော့တာ အခုထိပဲ”
“ဪ”
ရဲဝင်းက တစ်ခွန်းသာပြန်ပြောနိုင်တော့သည်။ ရဲဝင်းတို့က ဆင်းရဲသော်လည်း မြို့နားနီးသဖြင့် ထိုသို့စစ်ပွဲများကို မတွေ့မကြုံဖူးကြပါ။
“ဒီလိုဖြစ်ပေမယ့် ဘ၀ကို ရေစုန်မျောတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးနန်း”
ရဲဝင်းက ပြောလိုက်သောအခါ နန်းက ခေါင်းညိတ်လိုက်သည်။
“နန်းတစ်ယောက်ထဲ တောထဲမှာပြေးရင်းနဲ့ ထမင်းငတ်တာ ခုနစ်ရက်ကျော်ကြာတယ်၊ နောက်ဆုံးတော့ ရွာလေးတစ်ရွာကိုရောက်သွားခဲ့တယ်၊ နန်းကြုံသလို ဘ၀ကိုရုန်းကန်ရင်း အပျိုဖြစ်တော့ နန်းထိုင်းနိုင်ငံကို အလုပ်ထွက်လုပ်ခဲ့တယ်၊ ကံကလည်း မကောင်းပါဘူး။ အလုပ်ရှာပေးတဲ့လူက နန်းကို ပြည့်တန်ဆာအဖြစ်နဲ့ ရောင်းစားခံခဲ့ရတယ်၊ အဲဒီတုန်းက နန်းအသက်က ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူးထင်တာပဲ”
နန်းက ပြောရင်း မျက်ရည်တွေကျပြီးတော့ မျက်ရည်တွေကို လက်ဖြင့်သုတ်လိုက်ကာ ခေါင်းမော့လိုက်သည်။
“အဲဒါနဲ့ ထမင်းငတ်တာနဲ့ ဘာဆိုင်သလဲနန်း”
“ဒီမယ် ကိုရဲရဲ့ တကယ်တမ်း ငတ်လာပြီဆိုရင်လေ ဂုဏ်သိက္ခာတို့၊ ကိုယ်ကျင့်တရားတို့ကို မတွေးမိတော့ဘူး၊ အဲဒီအရာတွေက ကိုယ့်ကို ထမင်းလာကျွေးတာမှ မဟုတ်တာ”
ရဲဝင်းက ထမင်းစားပြီးသွားပြီဖြစ်သဖြင့် နန်းက ပန်းကန်တွေသိမ်းနေသည်။ ရဲဝင်းက ဘာမှ ဆက်မပြောဖြစ်တော့ပေ။ နန်းကိုလည်း စိတ်ထဲမှ သနားစိတ်ဝင်မိသွားသည်။
“မင်း အခုလိုငွေတွေလိုက်ညှစ်နေပြီးတော့ ရတဲ့ပိုက်ဆံတွေကို ဘာလုပ်ပစ်သလဲ”
“နန်း ပြည်တန်ဆာအလုပ်ကနေ ထွက်ပြေးခဲ့တယ်၊ နန်းကို သူတို့လူမိုက်တွေနဲ့ လိုက်ဖမ်းကြတယ်၊ နောက်တော့ နန်းငွေချေးပြီး လူမိုက်တွေလက်ထဲကနေ ကိုယ့်ကိုကိုယ် ပြန်ဝယ်လိုက်တယ်၊ ပြီးတော့ နန်းအိမ်ဖော်အဖြစ်လုပ်ရင်းနဲ့ ဒီလိုမျိုး ဂွင်တွေဖန်ရတယ်၊ ရတဲ့ငွေတွေကို နန်းယူထားတဲ့ အကြွေးရှင်တွေကို အတိုးတွေနဲ့ ပြန်ဆပ်နေရတာပဲ ကိုရဲ”
“မင်းအကြွေး ဘယ်လောက် ကျန်သေးလို့လဲ”
“ဒီတစ်ခေါက်ဆို ကျေလောက်ပြီ”
“မင်း အကြွေး ကျေသွားရင် ဘာလုပ်မှာလဲ”
“နန်းမှာ အဖေဘယ်သူမှန်းမသိတဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ သူ့ကို မဲဆောက်မှာ သူများနဲ့ ထားခဲ့တယ်၊ နန်းအကြွေးကျေရင် ဒီအလုပ်တွေဆက်မလုပ်ချင်တော့ဘူး၊ သမီးလေးနဲ့အတူတူ မဲဆောက်မှာပဲ ဈေးဖြစ်ဖြစ်ရောင်းစားမယ်လို့ စဉ်းစားထားတယ် ကိုရဲ”
ရဲဝင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဘာမှမပြောတော့ပဲ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။
ရဲဝင်းအခန်းထဲဝင်သွားတော့ နန်းက ပန်းကန်တွေသိမ်းလိုက်သည်။ ဆေးမည့်ပန်းကန်တွေကို ဘေစင်ထဲ ထည့်လိုက်သည်။ ဟင်းပန်းကန်တွေကို သိမ်းပြီးတော့ ပန်းကန်ဆေးရန် ရေပိုက်ခေါင်းကိုဖွင့်လိုက်သည်။
“အား”
နန်း လန့်ပြီးအော်ဟစ်လိုကမိသည်။ ရေပိုက်ခေါင်းအတွင်းမှ ရေများ ထွက်မလာဘဲ စေးထန်းသော သွေးများသာ ပန်းထွက်လာလေသည်။ အလွန်များပြားလှသည့် သွေးများက ပန်းကန်ဆေးသည့် ဘေစင်တစ်ခုလုံးကို ပြည့်လျှံထွက်နေသည်။ နန်းက ကြောက်လန့်ပြီး ဆေးကြောမည့်ပန်းကန်များကို ဘေစင်အတွင်းသို့ ပစ်ချလိုက်သည်။ ထို့နောက် ရေပိုက်ခေါင်းကိုပြန်ပိတ်လိုက်ပြီး သူနေသည့် အခန်းအတွင်းသို့ ကြောက်ကြောက်လန့်လန့်နှင့်ပြေးဝင်လိုက်သည်။
အခန်းတံခါးကို ဂျိန်းခနဲ ပိတ်လိုက်ပြီးနောက် အခန်းတံခါးကို လော့ချလိုက်သည်။ သူ့လက်တွေက တုန်ယင်နေသည်။ ထို့နောက် အိပ်ယာပေါ်သို့ အမြန်ခုန်တက်လိုက်သည်။ စောင်ကို ခေါင်းမြီး ခြုံလိုက်သည်။
သို့သော် သူ့စောင်ကို တစ်ယောက်ယောက်က ဆွဲယူကာ လွှင့်ပစ်လိုက်သလို ခံစားလိုက်ရပြီး စောင်မှာ လွင့်သွားသည်။ နန်းက ထိုအဖြစ်ကို ကြောင်ပြီး ငေးကြည့်နေသည်။ မျက်နှာကျက်ပေါ်မှ ကလေးမလေးတစ်ယောက်က ရုတ်တရက် ခုန်ဆင်းလာပြီး ကုတင်ပေါ်ခုန်တက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ခုန်ပေါက်နေရာ ကုတင်မှာ ခါယမ်းနေတော့သည်။
နန်းလည်း အလွန်ကြောက်လန့်လာပြီမို့ ကုတင်ပေါ်မှ ကုန်းထလိုက်သည်။ အခန်းတံခါးကို လှည့်ဖွင့်ကြည့်သော်လည်း အခန်းတံခါးက ဖွင့်လို့မရပေ။ နန်းက နည်းလမ်းမျိုးစုံ သုံးပြီး တံခါးကိုဖွင့်ကြည့်သည်။ သူ့ကုတင်ပေါ်တွင် ခုန်ပေါက်နေသည့် ကလေးမလေးမှာ ရပ်တန့်သွားပြီး သူ့ကိုစိုက်ကြည့်သည်။ ကလေးမလေးမှာ အသက် ခြောက်နှစ်အရွယ်ခန့်ရှိပြီး သူ့ကိုယ်ရှိ အသားများ အားလုံးက မီးသွေးခဲများကဲ့သို့ မဲနက်နေလေသည်။ အနီရောင် ဂါဝန်လေးတစ်ထည်ကို ဝတ်ထားပြန်သည်။ ကလေးမလေး၏ မျက်လုံးများမှာ ဖြူဆွတ်နေပြီး မျက်ဆန် အနက်မပါဝင်ပေ။
“ကယ်ကြပါအုံး”
နန်းက အသံကုန်ဟစ်ကာ အော်ဟစ်လိုက်သည်။ တံခါးကိုလည်း အမြန် လှည့်ပြီးဖွင့်လိုက်သည်။ ထိုစဉ် ထိုကလေးမလေးက နန်းအပေါ်သို့ ခုန်တက်လေသည်။ နန်း၏ လည်ကုတ်တွင် ခြေထောက်ကို ချိတ်ကာ ထိုင်လိုက်ပြီးနောက် နန်း၏ပါးစပ်ကို ကလေးမလေးက သူ့လက်များဖြင့် ပိတ်ထားလိုက်သည်။
ကလေးလေးပင်ဖြစ်သော်လည်း နန်းမှာ လွတ်အောင်မရုန်းကန်နိုင်ပေ။ ပါးစပ်ကိုပိတ်ထားသဖြင့်လည်း နန်းက မအော်နိုင်ဘဲ ဝူးဝူးဝါးဝါးသာ အသံထွက်သည်။။ နန်းမှာ ရုန်းရင်းကန်ရင်းဖြင့် ပြတင်းပေါက်ဆီသို့ သွားနေသည်။ ကလေးမလေးက သူ့ဂုတ်ပေါ်တွင်ထိုင်နေလျှက် နန်း၏ ဆံပင်တွေဆွဲစောင့်သည်၊ မျက်နှာတွေကို လက်သည်းတွေနှင့် ကုတ်ခြစ်သည်။ နှာခေါင်းတွေလှန်သည်။
နန်းအခန်းက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရှုပ်ပွနေသည်။ နန်းက ပြတင်းပေါက်တံခါးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်တံခါး ပွင့်သွားပြီးသည့်အခါ နန်းတစ်ယောက် ပြတင်းပေါက်ကို ကုတ်ဖက်တက်လိုက်ကာ အိမ်အပြင်သို့ ခုန်ချလိုက်သည်။ အိမ်အောက်ထပ်ပြတင်းပေါက်မို့သာ တော်သေးသည်ဟု ဆိုရမည်။ နန်းအပြင်ကိုရောက်တော့ မြေကြီးပေါ် ရပ်လိုက်သည်။ ထိုစဉ် လက်မဲမဲကြီးများမှာ မြေကြီးအောက်မှ တဖြည်းဖြည်းပေါ်ထွက်လာကာ နန်း၏ခြေထောက်များကို လိုက်ဆွဲလေသည်။ နန်းကလဲ အော်ဟစ်ပြီး ခြံအတွင်းမှ တစ်ချိုးတည်း ထွက်ပြေးသွားတော့သည်။
ရဲဝင်းမှာ ထမင်းစားပြီးသည့်အခါ အခန်းထဲတွင် ရုပ်ရှင်ကား တစ်ကားကြည့်နေသဖြင့် မည်သည့်အသံမှ မကြားလိုက်ရပေ။ နွတ်ကလည်း ပင်ကီကလေးကိုဖက်ရင်း အစောကြီးအိပ်ပျော်နေလေသည်။ ရဲဝင်းတစ်ယောက်လည်း ရုပ်ရှင်ကားကြည့်ရင်း ငိုက်မြည်းလာသဖြင့် ထိုင်ခုံပေါ်တွင်ပင် အိပ်ပျော်သွားလေသည်။
“ဖေဖေ . . . ဖေဖေ”
ခေါ်သံကြားသဖြင့် ရဲဝင်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အလွန်ကျယ်ပြန့်သည့် မျက်ခင်းပြင်ကြီး တစ်ခုထံ ရောက်နေသည်။ ရဲဝင်းက ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သည့်အရာမှမရှိ၊ မျက်စိတစ်ဆုံး ခြေမျက်စိခန့်ရှိသည့် မြက်ရိုင်းအထူကြီးများ ဖုံးလွမ်းထားသည့် မြက်ခင်းပြင် အကျယ်ကြီး ကိုသာမြင်နေရသည်။ မကြာခင် ကောင်မလေးတစ်ယောက်က သူ့ရှေ့ကို လမ်းလျှောက်လာသည်။
ကောင်မလေး၏ အသားအရောင်မှာ ပန်းရောင်ကလေးဖြစ်ပြီး အသက်က ခြောက်နှစ်ဝန်းကျင်ခန့်သာ ရှိဦးမည်ဟု ရဲဝင်းကခန့်မှန်းလိုက်သည်။ ကောင်မလေးမှာ အနီရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။
“ဖေဖေ”
“နင် . .နင်က ပင်ကီလား”
“ဟုတ်တယ်လေ ဖေဖေရဲ့ မမှတ်မိတော့ဘူးလား”
ရဲဝင်းက ထူးဆန်းစွာဖြင့် ပင်ကီကိုကြည့်နေလေသည်။
“သမီးဒီနေ့ အရမ်းပျော်တယ်၊ သမီး ဖေဖေ့ကို ကူညီခဲ့ပြီ”
“ဟင် သမီးက ဘယ်လိုကူညီခဲ့လဲ”
“သမီး နန်းကို အိမ်ကနေမောင်းထုတ်လိုက်ပြီ”
“အို”
ရဲဝင်းက ရေရွတ်လိုက်ပြီး အဝေးကိုငေးကြည့်လိုက်သည်။ ပင်ကီက သူ့ပြသနာကို ဖြေရှင်းပေးလိုက်သည့်အတွက် ဝမ်းသာသော်လည်း ခက်ခဲနေသည့် နန်းကို ပိုက်ဆံမပေးလိုက်ရသဖြင့် ရဲဝင်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။
“ဒါနဲ့ပင်ကီ၊ သမီးက တစ်ချိန်တုန်းက လူတစ်ယောက်လား”
ပင်ကီက ခေါင်းညိတ်ပြသည်။
“ပင်ကီ သေပြီးတော့ လမ်းမပေါ်မှာ လွှင့်မြောနေတယ်၊ တစ်နေ့တော့ ဘုန်းဘုန်းတစ်ပါးက ပင်ကီလို ကလေးတွေကို တန်းစီပြီးခေါ်လာတာတွေ့လို့ ပင်ကီလည်း သူတို့နဲ့ တူတူလိုက်ခဲ့တာ၊ နောက်တော့ ဘုန်းဘုန်းက အရုပ်ကလေးတွေထဲ ပင်ကီတို့ကိုထည့်ပေးပြီးတော့ လူတွေကို မွေးစားဖို့ ပြန်ပေးတာပေါ့”
“ဒါ . . ဒါဆို ပင်ကီက ဘယ်လိုသေခဲ့တာလဲဟင်”
“အား . . .”
ပင်ကီက စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည့်အခါ မြက်ခင်းပြင်မှ မြက်ပင်များမှာ အကုန်လုံးလေပေါ်ပျံဝဲပြီး တက်နေသည်။ မြေကြီးတွေမှာလည်း ငလျင်လှုပ်သလို တုန်ခါနေသည်။ ပင်ကီကရဲဝင်းအရှေ့မှာ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ရဲဝင်းက ပင်ကီကို အော်ပြီးခေါ်နေသည်။ ထို့နောက် ရဲဝင်းအရှေ့တွင် အလင်းရောင်များ ထွက်နေသည့် နေရာတစ်ခုကို ကိုတွေ့လိုက်ရသဖြင့် ရဲဝင်းလည်း ထိုနေရာသို့ ပြေးလာခဲ့သည်။
အလင်းရောင်နားရောက်သည့်အခါ ပတ်ဝန်းကျင်မှ အရာများက ချက်ခြင်းပြောင်းလဲသွားသည်။ ကားလမ်းမကြီးတစ်ခုနှင့် ဈေးဆိုင်တွေ ရှိသည့်ရွာကလေးတစ်ရွာကို မြင်တွေ့ရသည်။ ကားလမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ကားများ မရှိလဲ ရှင်းလင်းနေလေသည်။ ကားလမ်းမနံဘေး တစ်နေရာ အိမ်ရှေ့တစ်ခုတွင် ပင်ကီကလေးက ဂါဝန်အဖြူလေးတစ်ထည်ဝတ်ကာ ရပ်နေလေသည်။ ရဲဝင်းလည်း ပင်ကီကို တွေ့လိုက်သဖြင့် ပင်ကီဆီပြေးသွားလိုက်သည်။
ပင်ကီက လက်ထဲတွင် ရောင်စုံဘောလုံးလေးတစ်လုံးကိုင်ထားပြီး ဆော့ကစားနေလေသည်။ ထိုစဉ် ထိုဘောလုံးလေးက ပင်ကီ၏လက်မှလွတ်ထွက်သွားပြီး ကားလမ်းမပေါ်သို့ လိမ့်ကျသွားသည်။ ပင်ကီလည်း ဘောလုံးကောက်ရန်အတွက် လျှင်မြန်စွာဖြင့် ကားလမ်းမပေါ် ပြေးတက်လိုက်သည်။
“ပင်ကီ မလာနဲ့၊ မလာနဲ့”
ရဲဝင်းက ဟစ်အော်လိုက်ပြီး ပင်ကီဆီသို့ပြေးသွားလိုက်သည်။ ကလားမ်းမကြီးအတိုင်း ကားတစ်စီးက အရှိန်ဖြင့်ကွေ့လာလေသည်။ ရဲဝင်းအော်ဟစ်နေစဉ်မှာပင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကုန်ကားတစ်စီးသည် ပင်ကီဆီသို့ အရှိန်ဖြင့်ပြေးဝင်သွားကာ ပင်ကီအား တိုက်ချလိုက်လေသည်။ ကားတိုက်သည့်အရှိန်ကြောင့် ပင်ကီက လေပေါ်လွှင့်တက်သွားသည်။ မကြာခင်ကားလမ်းတစ်နေရာသို့ ပြုတ်ကျသွားသည်။ ပင်ကီ၏ ဦးခေါင်းအနောက်မှ သွေးများက အိုင်ထွန်းပြီး စီးကျလာသည်။ ပင်ကီမျက်လုံးများက အပြူးသားနှင့် မိုးကောင်းကင်ကို မော့ကြည့်နေလေသည်။ သို့သော် ပင်ကီ၏ လက်ချောင်းကလေးများက တဆတ်ဆတ် လှုပ်နေသည်။ ပင်ကီဆော့နေသော ဘောလုံးကလေးမှာ တလိမ့်လိမ့်နှင့် လိမ့်လာပြီး ရဲဝင်းခြေထောက်အနားသို့ ရောက်လာလေသည်။
မကြာမီ လူများဝိုင်းအုံလာသည်။ အသက် သုံးဆယ်ခန့်အမျိုးသမီးတစ်ဦးက အိမ်တစ်အိမ်အတွင်းမှ ပြေးထွက်လာကာ ပင်ကီကိုဖက်ရင်း ငိုနေသည်။ ထိုအမျိုးသမီးက ပင်ကီ၏ အမေဖြစ်မည်ထင်သည်။ ရုတ်တရက်ကြည့်လိုက်သည့်အခါ ထိုအမျိုးသမီးမှာ ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး အမှတ်တမဲ့ကြည့်လျှင် နွတ်နှင့်ပင်ဆင်တူလေသည်။
စူးရှပူနွေးသည့် အလင်းရောင်များ မှာ မျက်ခွံပေါ်ကို ထိုးကျလာသဖြင့် ရဲဝင်းက မျက်စိဖွင့်ကြည့်လိုက်သည်။ မနက်မိုးလင်းနေပြီဖြစ်သည်။ သူအိပ်နေသည့် ဘေးသို့လှည့်ကြည့်လိုက်သည့်အခါ နွတ်ကိုမတွေ့တော့ပေ။ ရဲဝင်းက အိပ်ယာထဲမှ ထလိုက်သည်။
နွတ်က မီးဖိုချောင်ဝင်နေသည်။ ရဲဝင်းက မီးဖိုအတွင်း ဝင်သွားသည့်အခါ နွတ်က ကော်ဖီဖျော်နေသည်။
“နန်းမရှိတော့ဘူး ဖက်၊ ပြီးတော့ သူ့အခန်းကလည်း ရှုပ်ပွနေတာပဲ၊ ပြတင်းပေါက်က ခုန်ချသွားတာထင်တယ်၊ သူ့အခန်းတံခါးကိုလည်း လော့ချထားလို့၊ နွတ်က မနက်နိုးတော့ သူ့ကိုသွားခေါ်တာ တော်တော်နဲ့ပြန်မကြားလို့ တံခါးကိုသော့အပိုနဲ့ ဖွင့်လိုက်တာ အထဲမှာ ရှုပ်ပွနေတာပဲ”
“ဟုတ်လား နွတ်”
ရဲဝင်းက ပင်ကီပြောပြထားသဖြင့် သိပ်မအံ့ဩတော့။ ထို့နောက် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
“အိမ်ထဲက ဘာပစ္စည်းမှတော့ မပျောက်သွားဘူး”
“အေးနော် ဘာဖြစ်လို့လဲမသိဘူး”
ရဲဝင်းက ပြောလိုက်ရင်း ကော်ဖီကိုခွက်ထဲထည့်ပြီး ဖျော်သောက်လိုက်သည်။ လက်ဖက်ရည်မဟုတ်သဖြင့် သိပ်ပြီးသောက်လို့ခံတွင်းမတွေ့။ နန်းရှိစဉ်က မြန်မာလက်ဖက်ရည်ဖျော်တိုက်သဖြင့် ရဲဝင်းအကြိုက်တွေ့ခဲ့ရသည်ကို ပြန်တွေးနေမိသည်။
“နွတ် ဒီနေ့ဘာလုပ်စရာရှိလဲ”
“ရှယ်ယာတွေ အောင်တဲ့အနေနဲ့ ကုမ္မဏီကနေဂုဏ်ပြုပွဲလေးတစ်ခုရှိတယ်”
“ကောင်းပြီလေ ဖက်အိမ်မှာနေခဲ့မယ်”
မနက်စာ စားသောက်ပြီးတော့ ရဲဝင်းက အိမ်ရှေ့မှာ ထိုင်နေမိသည်။ သိပ်မကြာခင် နွတ်ကအဝတ်အစားလဲကာ ပြင်ဆင်ခြယ်သပြိး ထွက်လာလေသည်။
“နွတ်တို့လည်း ကားတစ်စီးလောက် ဝယ်မှထင်တယ်”
တက္ကစီကိုခေါ်ထားရင်း နွတ်ကပြောဆိုနေုခြင်းဖြစ်သည်။ နွတ်၏ အခြေအနေမှာလည်း ကားတစ်စီး အသာကလေး ဝယ်ယူနိုင်နေပြီဖြစ်သည်။ တက္ကစီနှင့် အသွားအလာလုပ်နေရသည်က ငွေကုန်သည်ထက် ကိုယ်သွားချင်သည့်အချိန်မသွားနိုင်ဖြစ်နေသည်က ပိုဆိုးသည်။
“နွတ်လိုချင်ရင် ဝယ်ပေါ့”
“ဒါပဲဖက် ကားရောက်လာပြီနော်”
နွတ်အိမ်က ထွက်သွားတော့မှ ရဲဝင်းက ထုံးစံအတိုင်း အိမ်ထဲတွင် တစ်ယောက်ထဲ ပျင်းပြီးကျန်ခဲ့လေသည်။ သတင်းစာဖတ်ရသည်ကလည်း ပျင်းဖို့ကောင်းနေသည်။ နောက်တော့ ရဲဝင်းက အိမ်ပေါ်ထက်ကိုတက်ပြီး လျှောက်မွှေရန် စိတ်ကူးမိလိုက်သည်နှင့် အိမ်ပေါ်ထပ်သို့ တစ်လှမ်းချင်းတက်လာခဲ့သည်။ ပင်ကီကိုတော့ ဧည့်ခန်းတွင် ထားခဲ့လိုက်သည်။ အိမ်ပေါ်ရောက်တော့ အိမ်အပေါ်ထပ်မှာ ရဲဝင်းတို့ရောက်ခါစနှင့်မတူဘဲ သန့်ပြန့်နေလေသည်။ နန်းသန့်ရှင်းရေးလုပ်ထားခြင်င်းဖြစ်မည်ထင်သည်။
အိမ်ပေါ်ထပ် အခန်းတစ်ခုထဲတွင် ဘုရားခန်းပြင်ဆင်ထားသည်။ ထိုင်းလက်ရာ ကျောက်ဆင်းတုတစ်ဆူရှိသည်။ ဘုရားခန်းအတွင်း ရွှေရောင်၊ ငွေရောင် ပန်းအတုများကို ထိုးထားပြီး စာအုပ်စင်များလည်း ရှိသည်။
ရဲဝင်းမှာ ဘာသာမဲ့ဖြစ်သည်။ ငယ်စဉ်က မိဘများမှာ ခရစ်ယာန် ဘာသာဝင်ဖြစ်သည်။ သို့သော် ရဲဝင်းက ငယ်ငယ်ကပင် ဘုရားတရားကိုင်းရှိုင်းသူမဟုတ်၊ သူများနိုင်ငံမှာ အလုပ်လုပ်သည့်အခါတွင် ဘုရားကျောင်းလည်းမတက်ဖြစ်သလို ဘုရားနှင့်ဝေးကွာသွားပြီး နောက်ဆုံးတွင် အယုံအကြည်မဲ့သွားသည်။ ယခုလည်း ဘုရားခန်းကို ဟိုကြည့်ဒီကြည့်လုပ်ပြီး တံခါးပြန်ပိတ်လိုက်သည်။
အပေါ်ထပ်တွင် ကျန်သည့် အခန်းနှစ်ခန်းကတော့ အိပ်ခန်းများဖြစ်သည်။ သို့သော် လူမနေသည်မှာ အချိန်ကြာပြီဖြစ်သဖြင့် ဖုန်တွေထုတက်နေသည်။ သို့သော် အခန်းတစ်ခုအတ်ွးတွင်တော့ ရှေးဟောင်းကျွန်းဘီရိုကြီးရှိပြီး ထိုအထဲတွင် ရှေးဟောင်းပစ္စည်းများကို မြင်တွေ့နေရသည်။ ရဲဝင်းကလည်း စိတ်ဝင်စားသွားသည်မို့ ဘီရိုကြီးကို ဖွင့်ကြည့်လိုက်သည်။
ရှေးဟောင်း ကြေးပစ္စည်းများ၊ ငွေထည်များ အစုံရှိသည်။ သစ်သား ပန်းပုအရုပ်ကလေးများ အများအပြားရှိသည်။ ထိုအထဲမှ ဖားစည်နှင့်တူသော ငွေဖြင့်ပြုလုပ်ထားသည့် စည်အသေးစားလေးကို သဘောကျသွားသည်။
“ဖားစည်ပါလား အိမ်ရှေ့ခန်းမှာ အလှထားရမယ်”
ရဲဝင်းက ရေရွတ်လိုက်ပြီး ဖားစည်ကိုယူဆောင်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထိုစဉ် တံခါးပိတ်ထားသော အိပ်ခန်းတစ်ခန်းမှ အခန်းတံခါးမှာ ဝုန်းခနဲပွင့်သွားလေသည်။ ရဲဝင်းတစ်ယောက် အလွန်ထူးဆန်းသွားသည်။
“တံခါးက ငါခုနကကြည့်တော့ သော့ခတ်ထားတာပါ”
ထိုသို့ ရေရွတ်ကာ အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ပွင့်သွားသည့် အခန်းတံခါးကို သေချာပိတ်လိုက်သည်။ ထိုစဉ် အတွင်းရှိ ဘီရိုကြီးဆီမှာ ရှေးဟောင်းပစ္စည်းများ လဲပြိုသံကိုကြားလိုက်ရသည်။
“ငါ ဘီရိုကို သေချာမပိတ်မိခဲ့ဘူးထင်တယ်”
ရဲဝင်းက တွေးလိုက်ပြီး အခန်းထဲပြန်ဝင်လိုက်သည်။ အခန်းမီးကိုဖွင့်လိုက်သည်။ အခန်းမီးလုံးက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသည်။ ဘီရိုထဲမှ ပစ္စည်းတွေမှာ လဲကျနေသည်။ ပစ္စည်းများအထဲတွင် ကြေးပန်းအိုးများ၊ ရေကရားများ၊ ငွေထည်ခွက်ယောက်များ အများအပြားပါသည်။
ရဲဝင်းက အခန်းထဲဝင်လိုက်ပြီး ဘီရိုထဲက ပစ္စည်းများကို ပြန်ထည့်လိုက်သည်။ ထိုစဉ် သူ့ဘေးဘက်တွင် လူရိပ်ကြီးပေါ်လာလေသည်။
“အောင်မယ်လေး”
ရဲဝင်းက အော်ဟစ်ကာ ခုန်ထလိုက်သည်။ ထို့နောက် ထိုလူရိပ်ကို ပြန်ကြည့်လိုက်သည်။ ဘာမှမရှိတော့။ ရဲဝင်း ကျောချမ်းသွားပြီး ပစ္စည်းများကို မြန်မြန်ပြန်ထည့်ကာ အခန်းထဲမှ အပြင်ပြန်ထွက်ခဲ့သည်။ ထိုစဉ် သူ့ရှေ့မှနေ၍ လှေကားပေါ်မှ လူရိပ်တစ်ခုက ပြေးဆင်းသွားပြန်သည်။
ရဲဝင်းအောက်သို့ ပြေးဆင်းခဲ့သည်။
“ပင်ကီလား”
ရဲဝင်းက ပင်ကီကိုမေးလိုက်လေသည်။ အရုပ်ကလေးက ဘာမှမပြောတော့။ အိမ်ခန်းထဲဝင်သည့် လျှောက်လမ်းတွင် လူရိပ်ကိုတွေ့လိုက်ရပြန်သည်။ ရဲဝင်းလည်း ထိုလူရိပ်နောက်သို့ ပြေးပြီး ရှာကြည့်လိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ ပင်ကီရေ”
ရဲဝင်းအော်လိုက်တော့ မီးဖိုခန်းထဲမှ ပင်ကီထွက်လာသည်။ သူအိပ်မက်ထဲတွင် မြင်ခဲ့ရသည့် ပုံစံမျိုးဖြစ်သည်။ သူ့ကိုယ်လုံးက အငွေ့လိုလို အရိပ်လိုလို ဝိုးတိုးဝါးတားလေးဖြစ်သည်။
“ပင်ကီ သမီး”
ရဲဝင်းက ခေါ်လိုက်သည့်အခါ ပင်ကီက သူ့ဆီတစ်လှမ်းခြင်းလျှောက်လာသည်။
“အပေါ်ထပ်ကိုမတက်နဲ့ သရဲကြီးတစ်ကောင်ရှိတယ်”
ပင်ကီပြောလိုက်တော့မှ ရဲဝင်း ကြက်သီးတွေ တဖြန်းဖြန်းထလာသည်။
“ဘယ်က သရဲကြီးလဲ”
“နွတ်တို့အဖိုးရဲ့ ငွေကရားထဲမှာနေတဲ့ သရဲကြီးပဲ၊ သူက အခုလွတ်သွားပြီ၊ ပင်ကီလဲ အဲဒီသရဲကြီးကို အရမ်းကြောက်တယ်”
“မကြောက်ပါနဲ့ သမီး ဖက်ရှိပါတယ်၊ သူ . . . သူ အခုဘယ်ရောက်သွားလဲ”
ပင်ကီက ရဲဝင်းမျက်နှာကို လက်ညှိုးဖြင့်ထိုးလိုက်သည်။
“ဖေဖေ့ နောက်မှာ”
ရဲဝင်းက လှည့်ကြည့်လိုက်သည်။ အနက်ရောင် မီးခိုးများကဲ့သို့ လူရိပ်ကြီးက သူ့နောက်တွင် ရပ်နေသည်။ ထို့နောက် ပါးစပ်ကြီးကို ဖြဲလိုက်ပြီး ရဲဝင်းကို ယိုးဒယားစကား မပီမသနှင့် စကားပြောလေသည်။
“ငါ . . . ငါစားမယ်”
ထိုသို့ပြောလိုက်ကာ ရဲဝင်းဆီသို့ တစ်ဟုန်ထိုးပြေးလာလေသည်။ ရဲဝင်းလည်း ကြောက်ကြောက်ဖြင့် အလွန်လျှင်မြန်စွာဖြင့် မီးဖိုချောင်ဘက်သို့ ဝင်ပြေးလိုက်သည်။ သရဲကြီးက မီးဖိုချောင်ထဲဝင်ပြီး တွေ့သမျှအကုန် လက်ဖြင့် ရိုက်ချနေသည်။ ဓါးများ၊ အိုးခွက်ပန်းကန်များ၊ အရာအားလုံးတို့မှာ သရဲကြီးလက်ဖြင့်ရိုက်သောကြောင့် လေပေါ်လွင့်နေကြသည်။ သရဲကြီးက အသံကုန်ဟစ်ပြီး အော်လိုက်သည်။
“စားမယ် . . . စားမယ်”
သရဲကြီးက ထိုသို့အော်ဟစ်လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံနေလေသည်။ ထို့နောက် ရဲဝင်းဆီသို့ တစ်လှမ်းချင်းလျှောက်လာလေသည်။ ရဲဝင်းမှာ အသက်ရှုရပ်မတတ် ဖြစ်နေမိသည်။ မီးဖိုချောင်အခန်းထောင့်တွင် ရဲဝင်း ပိတ်မိနေသည်။ သူ့အနောက်တွင်တော့ ရေခဲသေတ္တာရှိသည်။ သရဲကြီးက အစွယ်များ ချွန်ထက်လျှက် ရဲဝင်းမျက်နှာနှင့် နီးသထက်နီးလာသည်။ ရဲဝင်းလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။ ရေခဲသေတ္တာထဲတွင် တစ်ခုခုများ ပြန်ပြီးခုခံနိုင်မည့်အရာတစ်ခုခုရှိလိုရှိငြား ရှာလိုက်သည်။
ရေခဲသေတ္တာအပေါ်ထပ်တွင် နွတ်က အမဲသားများထည့်ထားလေသည်။ သရဲကြီးက အသားတွေကို တွေ့သည်နှင့် ရေခဲသေတ္တာရှေ့ရပ်နေသော ရဲဝင်းကို လက်နှင့် ပုတ်ထုတ်လိုက်သည်။ ရဲဝငဲ် လွင့်သွားပြီး ကြမ်းပြင်တွင် ခွေကျသွားသည်။ ထို့နောက် သရဲကြီးက ပါးစပ်ပြဲကြီးနှင့် ရေခဲသေတ္တာထဲရှိ အမဲသားများ၊ ကြက်သားများ၊ ငါး၊ ပုစွန်များကို အငမ်းမရ စားသောက်နေသည်ကို ရဲဝင်းတစ်ယောက် ကြည့်နေရင်း သူ့ခေါင်းတွေ အုံခဲလာသည်။ အိမ်မျက်နှာကျက်နှင့် ကြမ်းပြင်များက ချာချာလည်နေသည်။ ထို့နောက် သူလဲ လဲကျမေ့မျောသွားတော့သည်။
“ဖက်”
နွတ်က ပုခုံးပုတ်နှိုးလိုက်မှ ရဲဝင်းသတိရသည်။ သူက ထမင်းစားပွဲတွင် အိပ်ပျော်နေခြင်းဖြစ်သည်။ ရဲဝင်းလဲ လန့်သွားပြီး မီးဖိုချောင်ကို ဝေ့ပြီးကြည့်လိုက်သည်။ မီးဖိုချောင်မှာ ပစ္စည်းများ သူ့နေရာနဲ့သူဖြစ်နေသည်။ ရဲဝင်းလဲ အံ့ဩနေသည်။ နွတ်က မီးတွေဖွင့်နေသည်။
“ဖက်ရယ် အိပ်ချင်တယ်ဆိုလဲ အခန်းထဲဝင်အိပ်ပေါ့”
ထို့နောက် နွတ်က ရေခဲသေတ္တာကိုဖွင့်လိုက်သည်။
“အမယ်လေး ဖက်ရေ၊ ဘာတွေလုပ်ထားတာလဲ ရေခဲသေတ္တာအပေါ်ထပ်က အသားတွေ တစ်ခုမှ မရှိတော့ပါလား”
“ဟို . . ဟို”
ရဲဝင်းက ဘာမှမပြောနိုင်တော့ဘဲ ကြောင်ကြည့်နေလိုက်သည်။
“ဪ ဒါနဲ့ဖက်ရေ ဖက်လိုတဲ့ ပိုက်ဆံကို နွတ်၊ ဖက်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ပြီနော်”
ရဲဝင်း အူကြောင်ကြောင်နှင့် ထမင်းစားပွဲမှ ထပြီး အခန်းထဲဝင်လိုက်သည်။ အခန်း၀တွင် ပင်ကီက မတ်တပ်ရပ်နေသည်။
“ဘာဖြစ်တာလဲ ပင်ကီ၊ အိပ်မက်လား တကယ်လား”
ရဲဝင်းက ပင်ကီကို လေသံလေးဖြင့် မေးလိုက်သည်။
“တကယ်ဖြစ်နေတာ အဲဒီသရဲကြီးက ဖေဖေနဲ့စကားပြောချင်လို့တဲ့ ညသန်းခေါင်ကျရင် အပေါ်ထပ်ကို တက်ခဲ့ပါအုံးတဲ့”
“အမယ်လေး ငါအရမ်းကြောက်တယ် ပင်ကီ၊ ငါဘယ်လိုလုပ် သွားမလဲ”
“သူက ဖေဖေ့ကို ရန်မပြုပါဘူးတဲ့။ ဖေဖေနဲ့ စကားပြောစရာရှိလို့ဆိုပဲ”
“အော် အေးအေး”
ရဲဝင်းက ကုတင်ပေါ်လှဲချလိုက်သည်။ ဖုန်းကိုယူလိုက်ပြီးတော့ ဖုန်းထဲရှိ ဘဏ်အကောင့်ကိုဖွင့်ကြည့်လိုက်သည်။ နွတ်လွှဲထားသော ငွေများရောက်နေပြီဖြစ်သည်။
“ငါ နန်းကိုပေးရင် ကောင်းမလား၊ မပေးရင်ကောင်းမလား”
ရဲဝင်းက တွေးနေမိသည်။
“အဲ့ဒီအကျင့်မကောင်းတဲ့ မိန်းမကို မပေးနဲ့”
သူ့ဘေးမှ အသံကြားလိုက်ရသဖြင့် ရဲဝင်းလန့်သွားပြီး ကြည့်လိုက်မိသည်။ ပင်ကီက ကုတင်ပေါ်ရောက်နေသည်။
အပိုင်း(၅)တွင် ဆက်လက်ဖတ်ရှုပါ။