“ဟုတ်တယ်ဖက် ကလေးက ဆယ့်လေးပတ်ရှိနေပြီ”
“တကယ်လား နွတ်”
ရဲဝင်း ပျော်ရွှင်သွားပြီး မတ်တပ်ထခုန်လိုက်ရာ လက်ထဲတွင်ကိုင်ထားသည့် ကိုယ်ဝန်စမ်းသပ်သည့် ဆေးစစ်တံ ကော်ပြားလေးမှာ လွတ်ကျသွားလေသည်။ ထို့နောက် နွတ်ကိုဖက်လိုက်သည်။
“ဟေး ကိုယ်လူဖြစ်ပြီကွ”
နွတ်က ပြန်လည်ပြုံးပြလျှက်
“နွတ်တို့ အဆင်ပြေတဲ့အချိန်ကျရင် ကလေးယူမယ်လို့ ဖက်ကိုပြောထားတယ်မဟုတ်လား”
“ပျော်လိုက်တာနွတ်ရယ်၊ ဖက် အရမ်းပျော်တယ်၊ ရင်လည်း အရမ်းခုန်တယ်”
ရဲဝင်းကော နွတ်ပါပျော်မြူးနေလေသည်။
“သမီးလေး ပင်ကီ သမီး မောင်လေးလိုချင်လား ညီမလေးလိုချင်လား”
ရဲဝင်းက ညအိပ်ခါနီး အိပ်ရာထဲတွင်လှဲနေကာ အနီးတွင်ထိုင်နေသည့် ပင်ကီကလေးကို မေးလိုက်သည်။
“ဘာဖြစ်လို့မေးတာလဲ ဖေဖေ”
“မေမေ့ဆီမှာ ကိုယ်ဝန်ရှိနေပြီ ပင်ကီရဲ့”
ပင်ကီမျက်နှာကလေးက ပြုံးရွှင်နေရာမှ အနည်းငယ်တည်ငြိမ်သွားပြီးနောက် မျက်နှာတစ်ချက်မဲ့သွားလေသည်။
“မရဘူး ၊ ပင်ကီမောင်လေးရော၊ ညီမလေးရော ဘာမှမလိုချင်ဘူး၊ ဖေဖေနဲ့မေမေက တခြားသူကိုမချစ်ရဘူး၊ ပင်ကီ့ကိုပဲ ချစ်ရမယ်”
“မဟုတ်ဘူးလေ သမီးရဲ့၊ သမီးကိုလည်းချစ်မယ် ဘေဘီလေးကိုလည်းချစ်မယ်လေ”
“မရဘူး၊ မရဘူး ပင်ကီ့ကိုပဲ ချစ်ရမယ်”
ပင်ကီက စိတ်ဆိုးဆိုးနှင့် ပြောဆိုလိုက်ကာ တစ်ဖက်သို့လှည့်လိုက်ပြီး ရဲဝင်းကိုကျောပေးလျက်ထိုင်နေလေသည်။ လက်ကိုလည်းပိုက်ထားလိုက်သေးသည်။ ရဲဝင်းလည်း ပင်ကီစိတ်ဆိုးသွားမှန်းသိသဖြင့် ပင်ကီပုခုံးကိုပုတ်လိုက်သော်လည်း ပင်ကီက ရဲဝင်းထိလိုက်သည့်အခါ ကုတင်ပေါ်မှဆင်းသွားပြီး အခန်းအပြင်သို့ထွက်သွားလေသည်။
နောက်ရက်များတွင် ပင်ကီကို ကြည့်ရသည်မှာ သိပ်ပျော်ရွှင်ပုံမရတော့ပေ။
“သမီး၊ ဘာတွေဖြစ်နေတာလဲ”
“ဘေဘီလေးရတဲ့အခါ ဖေဖေနဲ့မေမေက ပင်ကီ့ကိုမေ့သွားမယ်မဟုတ်လား၊ ပင်ကီရဲ့ အမေအရင်းလိုမျိုး ဘေဘီလေးကိုပဲ ချစ်တော့မှာမဟုတ်လား”
“မဟုတ်ပါဘူးပင်ကီရာ၊ ပင်ကီက ဖေဖေတို့ရဲ့သမီးပဲ၊ ပင်ကီ့ကိုလည်းချစ်မှာပေါ့”
“ဒါဆို ပင်ကီကိုတကယ်ချစ်တယ်ဆိုရင် ဖေဖေတို့ ဘေဘီလေးကို မောင်းထုတ်လိုက်”
ရဲဝင်းမျက်နှာတစ်ချက်တည်သွားသည်။ ပင်ကီက ကလေးမို့ နားမလည်နိုင်ဟုထင်လိုက်ကာ ရဲဝင်းက ပြုံးလျှက် ပင်ကီ၏ ဦးခေါင်းကိုပွတ်သပ်ပြီး
“အေးပါသမီးရာ၊ ဖေဖေက သမီးကို တမင်စနောက်ကြည့်တာပါ၊ ဘာမှစိတ်ထဲမထားနဲ့နော်”
ရဲဝင်းက စနောက်ပြောဆိုသည်ဟုဆိုတော့မှ ပင်ကီမျက်နှာလေး ပြန်လည်ပြုံးလာလေသည်။ ပင်ကီကိုချော့မော့ပြီး သုံးလေးရက်ကြာသည့်အခါ ပင်ကီက မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီ။
မသိလိုက် မသိဘာသာ ကုန်သွားသည့်အရာမှာ အချိန်ဖြစ်သည်။ နေ့တိုင်း၊ ရက်တိုင်းက လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး ယခုဆိုလျှင် နွတ်က ကိုယ်ဝန် ခြောက်လနီးပါးဖြစ်နေခဲ့ပြီ၊ ဗိုက်ကလည်း ပူဖောင်းနေပြီဖြစ်သည်။ ဒီရက်ပိုင်းအတွင်း နွတ်က အပြင်ကိုသိပ်မသွားတော့ပေ။ သိပ်ပြီး လှုပ်လှုပ်ရှားရှားလည်း မလုပ်တော့ဘဲ ရဲဝင်းကသာ နွတ်ကို ပြုစုနေရသည်။ ကိုယ်ဝန်ဆောင်အားဆေးများ၊ နှို့မှုန့်များနှင့် အားရှိစေမည့် အစားအစာများကို အိမ်အကူအဒေါ်ကြီးက ချက်ပြုတ်ပြင်ဆင်ပေးရလေသည်။ သားဦးမို့ ရဲဝင်းရော နွတ်ပါ အလွန်ရင်ခုန်စိတ်လှုပ်ရှားနေကြသလို စိုးလည်းစိုးရိမ်နေမိသည်။
အိမ်အကူအဒေါ်ကြီးရှိသော်လည်း ရဲဝင်းက အလုပ်သိပ်မရှိသဖြင့် နွတ်ကိုသာ အချိန်ပေးဂရုစိုက် ပြုစုနေရသည်။ နွတ်ကိုယ်ဝန်လွယ်ရတာလည်း လွယ်လွယ်ကူကူမဟုတ်ပေ၊ ကိုယ်ဝန်နုစဉ်အခါက မနက်မနက်ဆိုလျင် နွတ်က လေတွေပျို့ပြီး ထထအန်တတ်သည်။ အစားအသောက်ဆိုလျှင်လည်း စားချင်စိတ်မရှိသဖြင့် အစားအသောက်နည်းသွားသည်။ ယခင်ကတည်းက ပိန်ပိန်ပါးပါးနွတ်မှာ အစားမဝင်သဖြင့် ပိုပြီးပိန်ကပ်လာသည်။ ရဲဝင်းပြောသဖြင့် ကလေးအားရှိအောင်သာ စားသောက်နေရသော်လည်း ဟင်းနံ့များ၊ အနံ့စူးစူးဝါးဝါးများ အနံ့ရသည်နှင့် ပျို့အန်လေတော့သည်။ အနံ့သိပ်မပါသည့် သီးအနှံလောက်ကိုသာ အလေးပေးပြီး နွတ်ကို ကျွေးနေရသည်။ ကိုယ်ဝန်လရင့်လာသည့်အခါ အစားအသောက်သိပ်မပျက်တော့သော်လည်း ခါးနာလာသည်၊ အထိုင်အထ၊ အသွားအလာ လေးလံလာလေသည်။
“ဖက်ရေ လာပါဦး၊ နွတ်ရဲ့ ကျောကုန်းကို လာတွန်းပေးပါဦး”
နွတ်က အော်ခေါ်သဖြင့် ရဲဝင်းက နွတ်ဆီသို့ပြေးသွားလိုက်ပြီး နွတ်ကျောကုန်းကို လက်ဖြင့်အသာလေး တွန်းပေး နှိပ်ပေးနေသည်။
“နေရတာ မကောင်းဘူးဖက်၊ ရင်ထဲမှာ ပျို့ချင်သလိုလို၊ အန်ချင်နေသလိုလို တစ်မျိုးကြီးပဲ”
“အစာမကြေတာနေမှာ၊ ကောင်းသွားမှာပါ နွတ်ရဲ့”
ထိုစဉ် ပင်ကီကပြေးလာပြီး ရဲဝင်းကို လာခေါ်လေသည်။
“ဖေဖေ သမီးနဲ့ လိုက်တမ်းပြေးတမ်းကစားရအောင်”
ရဲဝင်းက ပင်ကီအားကြည့်ပြီး
“မအားသေးဘူး ပင်ကီရာ မေမေ့ကို ပြုစုနေရတယ်”
ရဲဝင်းက တိုးတိုးကလေးရေရွတ်လိုက်သော်လည်း ပင်ကီက ကြားသွားသည်ထင်သည်။ သို့နှင့်ပင်ကီက ကြမ်းပြင်တွင် ထိုင်ချလိုက်ပြီး ခြေနှစ်ဖက်ကို ဆန့်ကာ ခြေကို ဆောင့်နေလေသည်။
“မရဘူး . . . မရဘူး ပင်ကီနဲ့ကစားရမယ်”
“ပြီးရင် ကစားမယ်လေ ပင်ကီရဲ့ စိတ်မကောက်နဲ့နော်”
ရဲဝင်းက လေသံလေးဖြင့် ပြောနေခြင်းဖြစ်သည်။ ပင်ကီက စိတ်ဆိုးသွားပြီး အိမ်ပေါ်ထပ်ကို တဒုန်းဒုန်းဖြင့် တက်သွားလေသည်။
“ဖက် နွတ်ဗိုက်ဆာတယ်”
“ပန်းသစ်တော်သီးစားမလား ဖက်လုပ်ပေးမယ်”
နွတ်က ခေါင်းညိတ်သဖြင့် ရဲဝင်းက ရေခဲသေတ္တာထဲမှ ပန်းသစ်တော်သီးကို ယူပြီး ဓါးနှင့်အစိတ်လေးတွေ ခွာကျွေးရလေသည်။ နွတ်က တစ်လုံးလုံးမစားနိုင်။
“ခေါင်းတွေမူးတယ်ဖက်၊ လူကလည်း နုံးနေတယ်”
“ခဏလောက်အိပ်လိုက်ပါလား နွတ်”
ထို့နောက် နွတ်ကို အိပ်ရာထဲ ခေါ်သွားပြီးတော့သိပ်လိုက်ရသည်။ နွတ်မအိပ်ခင် နွတ်ခြေထောက်ကလေးတွေကို နှိပ်နယ်ပေးရသေးသည်။ နွတ်အိပ်သွားတော့မှ ရဲဝင်းက အိမ်ရှေ့သို့ထွက်လာလိုက်သည်။
“ပင်ကီ ပင်ကီဘယ်ရောက်သွားလဲ”
ရဲဝင်းကခေါ်ရင်း အိမ်ပေါ်တက်သွားသည်။ ပင်ကီက အခန်းတစ်ခန်း၏ ချောင်ကလေးထဲတွင် ဒုးနှစ်ဖက်ထောင်လျှက် ကွေးကွေးကလေးထိုင်နေသည်။
“လာ ပင်ကီ ဆော့ရအောင်”
ပင်ကီက စကားပြန်မပြောဘဲ ခေါင်းခါပြသည်။ ရဲဝင်းက သုံးလေးခါ ခေါ်လိုက်သော်လည်း ခေါင်းချည်းခါပြနေသည်။
“ဖေဖေက ဘေဘီလေးရကတည်းက ပင်ကီ့ကို ဂရုမစိုက်တော့တာ”
“အဲ့ဒီလို မဟုတ်ပါဘူးသမီးရယ် ပင်ကီလေးကို ဖေဖေက အချစ်ဆုံးပါ၊ လာပါ ပဲနို့သွားသောက်ရအောင်”
ပင်ကီလေးက မျက်နှာမကြည်မလင်နှင့် လိုက်လာလေသည်။ ရဲဝင်းက ပဲနို့ဗူးကို ဖောက်ပေးလိုက်သည်။ ပင်ကီက ပဲနို့သောက်ပြီးတော့
“ပင်ကီ ဘေဘီလေးကို မုန်းတယ်”
“မလုပ်ပါနဲ့ ပင်ကီရယ်၊ တော်ပြီ စိတ်မဆိုးနဲ့တော့နော်”
(ည)
အချိန်တွေက တစ်ရက်တစ်ရက်ဖြင့် ကုန်ခဲ့သည်။ နွတ်ဗိုက်က ခုနစ်လကျော်လာခဲ့ပြီ။ နွတ်က သွားရလာရ အဆင်မပြေတော့။ တစ်နေ့တစ်နေ့ အိမ်မှာချည်းနေရတာ နွတ်တစ်ယောက် ပျင်းရိလာသဖြင့် ရဲဝင်းကိုခေါ်လိုက်လေသည်။
“ဘာလုပ်မလို့လဲနွတ်၊ ဖက်ဘာလုပ်ပေးရမလဲ”
“နွတ်အိမ်ပေါ်ထပ်ကိုတက်ချင်တယ်”
“ဗိုက်ကြီးတကားကားနဲ့ ဖြစ်ပါ့မလားနွတ်ရဲ့”
“ဖြစ်ပါတယ်ဖက်၊ နွတ်အိမ်ပေါ်တက်ရင်း မေမေတို့ ဖေဖေတို့ရဲ့ အသုံးအဆောင်တွေ ပြန်ကြည့်ချင်တယ်”
ရဲဝင်းလည်း ခေါင်းညိတ်လိုက်ရသည်။ နွတ်ကိုအခန်းထဲမှ တွဲထုတ်လာပြီး အိမ်ရှေ့သို့တွဲလာရသည်။ နွတ်က အိမ်ရှေ့လှေကားအနီးသို့ပင် မနည်းအားစိုက်ကာ လမ်းလျှောက်နေရလေသည်။
“နားနားနေနေ နေပါလား နွတ်ရဲ့”
“ဒီအပေါ်ထပ်အခန်းတွေက နွတ်ငယ်ငယ်တုန်းက နေခဲ့တဲ့အခန်းတွေလေ၊ နွတ်အခန်းလေးတွေသွားရှင်းရင်း ငယ်ငယ်က ပစ္စည်းလေးတွေ ပြန်မွှေချင်လို့”
နွတ်ကိုတားမရသဖြင့် သူတို့လင်မယားနှစ်ယောက် အိမ်ပေါ်ထပ်သို့တက်လိုက်ကြသည်။ အိမ်ပေါ်ထပ်အခန်းကျယ်တွင် နွတ်က ထိုင်နေပြီး ရဲဝင်းကတော့ သေတ္တာတွေ တစ်လုံးပြီး တစ်လုံးချပေးနေရသည်။ နွတ်က ထိုအထဲမှ ပစ္စည်းများကိုထုတ်ရင်း လွှင့်ပစ်သင့်သည်များကို စုနေလေသည်။
“မေမေကလည်း နွတ်ငယ်ငယ်က ပစ္စည်းတွေအားလုံး စုထားတာပဲနော်၊ အကျီသေးသေးလေးတွေတောင် ရှိနေသေးတယ်”
နွတ်က ရှင်းလင်းရင်းပြောနေသည်။ နွတ်ငယ်ငယ်က ပစ္စည်းများ၊ အရုပ်များ၊ ကျောင်းသုံးပစ္စည်းများ၊ ဓါတ်ပုံများ အားလုံးရှိနေသေးသည်။ ရဲဝင်းက ဓါတ်ပုံအယ်လ်ဘမ်တစ်ခုကို ကောက်ဖွင့်လိုက်ပြီး
“ဟာ၊ ဒီမှာကိုယ်တုံးလုံးလေးနဲ့က ဘယ်သူများလဲ”
နွတ်ငယ်စဉ်က ရိုက်ထားသည့် ဓါတ်ပုံကလေးကို ပြသလိုက်ခြင်းဖြစ်သည်။ နွတ်ကရယ်မောလျှက်ကြည့်နေလေသည်။ ရဲဝင်းက အယ်လ်ဘမ်ကိုလှန်လိုက်ရင်း
“အောင်မယ်၊ ဒီမှာလည်းကြည့်ပါအုံး၊ နွတ်က မသိရင်ယောက်ျားလေးအတိုင်းပဲ”
ငယ်စဉ်က ဆွေမျိုးများနှင့် စုရိုက်ထားသည့်ပုံကိုကြည့်ရင်း ရဲဝင်းကပြောလိုက်လေသည်။ နွတ်က ဓါတ်ပုံအယ်လ်ဘမ်ကို လှမ်းတောင်းလိုက်သည့်အခါ ရဲဝင်းက နွတ်ထံသို့ အယ်လ်ဘမ်ကိုထိုးပေးလိုက်သည်။ ရဲဝင်းက ကျောင်းသုံ့းစာအုပ်တစ်အုပ်ကိုဖွင့်ကြည့်လိုက်ရင်း
“အောင်မယ်၊ အလယ်တန်းတုန်းက စာအုပ်ပါလား၊ မှန်းစမ်း”
စာရွက်များကို လှန်လှောကြည့်နေရင်း စာအုပ်ကြားထဲမှ စာတစ်စောင်ကျလာလေသည်။ စာမှာ အတော်ပင် ဟောင်းနွမ်းနေပြီဖြစ်သည်။ စာအိတ်မှာလည်း ပန်းရောင်ကလေးဖြစ်ပြီး ဖဲပြားပုံများ၊ ပန်းပွင့်ပုံကလေးများ ရေးဆွဲထားသေးသည်။
“ဟာ၊ ဘာစာအိတ်ကလေးလဲ”
ရဲဝင်းက စာအိတ်ကလေးကို ကောက်ကြည့်လိုက်သည်။ နွတ်က
“ဖက်၊ မဖတ်ကြည့်နဲ့၊ အဲဒီစာအိတ်ကို နွတ်ကိုပေးနော်”
ရဲဝင်းက သိချင်စိတ်ဖြင့်
“စာအိတ်ကပန်းရောင်ကလေးဆိုတော့ ရည်းစားစာတွေဘာတွေများဖြစ်နေမလားဘဲ”
နွတ်က ရဲဝင်းလက်အတွင်းမှ စာအိတ်ကိုအတင်းဆွဲယူရန်ပြင်သည်၊ ရဲဝင်းက အမြန်ထလိုက်ပြီးနောက် ခပ်ဝေးဝေးပြတင်းပေါက်ဆီသို့သွားလိုက်ရာ ဗိုက်တစ်လုံးနှင့်နွတ်မှာ ရဲဝင်းအနောက်သို့ မလိုက်သာတော့ပေ။ ရဲဝင်းလည်း ပြတင်းပေါက်အနီးတွင် စာကိုဖွင့်လိုက်ကာ အသံနေအသံထားနှင့် ဖတ်လိုက်သည်။
“စိတ်ထဲကြိတ်ကာ ချစ်နေရပါသော နွတ် အတွက်ဆိုပါလား”
နွတ်မျက်နှာကြီး နီရဲသွားလေသည်။
“ဖက်၊ တော်ပြီဆက်မဖတ်နဲ့”
“နွတ်ရဲ့မျက်လုံးလေးတွေကို ကြည့်လိုက်ရင် မိုးပေါ်ကကြယ်ကလေးတွေကို ကြည့်လိုက်မသလို ရင်ထဲအေးချမ်းသွားတယ်၊ နွတ်ရဲ့ဆံပင်လေးတွေက ပိုးသားလေးတွေ လေထဲလွင့်နေသလိုပဲ၊ နွတ်ရဲ့အပြုံးလေးကို မြင်လိုက်တဲ့အခါ ကိုယ်ရင်တွေခုန်ပြီး အိပ်လို့မရတော့ဘူး၊ ကိုယ့်မျက်လုံးထဲမှာ နွတ်ကိုပဲ မြင်ယောင်နေမိတယ်၊ အမှန်အတိုင်းပြောရရင် နွတ်ကို ကိုယ်ချစ်နေမိတာကြာပါပြီ၊ နွတ်သာ အခွင့်အရေးပေးမယ်ဆိုရင် နွတ်ရဲ့လက်ကလေးတွေကို ဆုပ်ကိုင်ပေးချင်တယ်တဲ့”
ရဲဝင်းက မျက်မှောင်ကြုတ်လိုက်ပြီး
“တော်တော် ပေါကြောင်ကြောင် နိုင်တဲ့ကောင်ပဲ၊ နေစမ်းပါအုံး၊ ဘယ်သူရေးထားတာလဲ”
စာရွက်အောက်ဆုံးတွင် “ဖက်” ဟု ရေးသားထားကာ လက်မှတ်ထိုးထားလေသည်။ ရဲဝင်းလည်း ထိုစာရွက်ကိုကြည့်ရင်း အံ့အားသင့်သွားမိသည်။
“ဖက်ဆိုပါလားနွတ်၊ နွတ်ရဲ့ဘ၀မှာ ဖက်ဘယ်နှယောက်တောင် ရှိနေတာလဲ”
ထိုစဉ် နွတ်က မျက်နှာရှုံ့မဲ့သွားပြီး ဗိုက်ကိုလက်နှင့်ထိန်းကိုင်လိုက်သည်။ ပါးစပ်မှလည်း တအားအားနှင့် အော်နေလေရာ ရဲဝင်းတစ်ယောက် အလွန်ထိတ်လန့်သွားကာ နွတ်ဆီသို့ပြေးလာခဲ့လေသည်။
“နွတ် . . . နွတ် ဘာဖြစ်တာလဲ”
နွတ်က ရယ်ပြုံးလျှက် ရဲဝင်း၏ ခေါင်းကို ဓါတ်ပုံအယ်လ်ဘမ်နှင့် ထုတော့သည်။
“ဖက်က ဘယ်နှယောက်ရှိရမှာလဲ၊ ဒီဖက်ပေါ့”
ရဲဝင်းလည်းပြုံးလိုက်ရင်း
“ဒီစာမှာလည်း ဖက်လို့ရေးထားတယ်မဟုတ်လား”
“အဲဒါက နာမည်အရှေ့စာလုံးတူနေတာပါဖက်ရဲ့၊ အဲဒီကောင်လေး နာမည်ကိုတောင် မမှတ်မိတော့ဘူး၊ သူလည်း ဖက်တော့ ဖက်ပဲ”
သူတို့လင်မယား ရှင်းလင်းမွှေနှောက်ကြရင်း အချိန်တစ်နာရီခန့်ကြာသည့်အခါ
“တော်ပြီ ဖက်၊ နွတ်ပင်ပန်းတယ် အောက်ဆင်းရအောင်”
နွတ်က ပြောဆိုပြီး လှေကားသို့လှမ်းလျှောက်သွားလိုက်သည်။ ရဲဝင်းကလည်း အနောက်မှလိုက်သွားလိုက်သည်။
“အို အမေ့”
လှေကားထိပ်တွင် ဘယ်အချိန်ကတည်းက မှောက်ကျပြီးအိုင်နေမှန်းသိသည့် ရေအိုင်ကလေးတစ်ခုဖြစ်နေလေသည်။ နွတ်က အိမ်တွင်းစီးဖိနပ်ကို ဝတ်ဆင်ထားသဖြင့် ရေကွက်ကိုနင်းမိသည့်အခါ ဖိနပ်မှာ ချောပြီး နွတ်တစ်ယောက် လှေကားမှ ပြုတ်ကျတော့မည့် ဆဲဆဲဖြစ်သွားလေရာ ရဲဝင်းက နွတ်၏လက်ကို အမြန်ဆွဲထားလိုက်ရသည်။ ရဲဝင်းသာ လက်မမြန်လျှင် နွတ်တစ်ယောက်လှေကားမှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားမည်ဖြစ်သည်။
“တော်သေးတာပေါ့ ဖက်ရယ်၊ ဖက်အဆွဲမြန်လို့”
နွတ်က အတော်စိုးရိမ်သွားပြီး ရင်ဘတ်ကိုလက်နှင့်ဖိထားလေသည်။ ရင်တွေခုန်ပြီး နှလုံးတွေတုန်နေသဖြင့် နွတ်ရင်ဘတ်မှာ ဖားဖိုကြီးနှယ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး နဖူးတွင်လည်း ဇောချွေးများက စို့တက်လာလေသည်။ ရဲဝင်းလည်း နွတ်ကိုယ်လုံးကိုထိန်းပေးလျှက် အိမ်အောက်သို့ဆင်းလာခဲ့သည်။ အိမ်ရောက်သည့်အခါ ရဲဝင်းက နွတ်ကို ဆိုဖာတွင်ထိုင်စေပြီး အိမ်အကူအဒေါ်ကြီးကို အော်ခေါ်လိုက်သည်။
“ဒေါ်ဝိ၊ လာစမ်းပါအုံးဗျာ၊ လှေကားထိပ်မှာ ဒီရေတွေက ဘယ်ကနေဘယ်လိုရောက်လာတာလဲ”
“အဒေါ်လည်းမသိဘူးဖက်၊ အဒေါ်မနက်ကတည်းက အလုပ်များနေတာနဲ့ အိမ်အပေါ်ထပ်ကို မတက်ရသေးဘူး”
“အဲဒီရေတွေကြောင့် နွတ်ချော်လဲသွားရင် နွတ်ဗိုက်ထဲက ကလေးလေး ထိခိုက်သွားနိုင်တယ်ဆိုတာ ဒေါ်ဝိသိရဲ့လား”
ရဲဝင်းက ဘာမဆိုင်ညာမဆိုင် ဒေါ်ဝိအပေါ်သို့ ဒေါ်သပုံချနေမိသည်။ ဒေါ်ဝိကတော့ ဘာမှမပြောဘဲ ခေါင်းသာငုံ့ထားသည်။
“ရပြီဒေါ်ဝိ၊ နောက်ဆိုရင် အဲဒီလိုရေတွေဘာတွေ မကျအောင်ဂရုစိုက်ပါ”
ရဲဝင်းပြောလိုက်သည့်အခါ ဒေါ်ဝိ အိမ်အနောက်ဘက်သို့ထွက်သွားလေသည်။ ရဲဝင်းသက်ပြင်းတစ်ချက်ချလိုက်ပြီး နွတ်နံဘေးတွင် ဝင်ထိုင်လိုက်သည့်အခါ ပင်ကီက အိမ်ပေါ်ထပ်မှ သုန်မှုန်သော မျက်နှာထားဖြင့် တစ်လှမ်းခြင်း ဆင်းလာလေသည်။ ရဲဝင်းလည်း ပင်ကီကိုကြည့်ရင်း အလွန်ထိတ်လန့်သွားတော့သည်။ နွတ်က ခုံတွင်ထိုင်နေရင်း အိပ်မောကျသွားလေသည်။
“ပင်ကီ ဒါ သမီးလုပ်တာလား”
ပင်ကီက ဘာမှပြန်မပြောဘဲ မှုန်ကုပ်ကုပ်ဖြင့် သူ့နားလာထိုင်လေသည်။
“ပင်ကီ ဖေဖေအရမ်းစိတ်ဆိုးတယ်၊ သမီးလုပ်တာ မေမေရော ဘေဘီလေးကိုပါ ထိခိုက်သွားနိုင်တယ်ဆိုတာ သမီးသိရဲ့လား၊ နောက်ဒါမျိုးထပ်လုပ်ရင် သမီးကို ဖေဖေမချစ်တော့ဘူး”
နောက်တစ်နေ့ ညအိပ်နေရင်း နွတ်ကအော်ဟစ်ရုန်းကန်နေလေသည်။
“နွတ် ၊ နွတ်ဘာဖြစ်တာလဲ”
ရဲဝင်းက အိပ်ရာမှ အလူးအလဲထိုက်ရင်း နွတ်ကိုဖက်ထားလိုက်သည်။ နွတ်က အိပ်နေရင်းမှ နိုးလာပြီး မျက်လုံးတွေက ပြုးကြောင်နေသည်။
“ပင် . . ပင်ကီကလေ နွတ်ဗိုက်ကို ဓါးနဲ့ထိုးလိုက်တယ်လို့ အိပ်မက်မက်လို့ ဖက်”
ရဲဝင်းက ထိုအိပ်မက်မှာ ပင်ကီတမင်လုပ်ကြောင်းသိလိုက်ပြီဖြစ်သည်။
“ဘာမှ မဖြစ်ပါဘူး နွတ်၊ အိပ်မက်ဆိုတာ ဒီလိုပဲ ပေါက်ကရမက်တတ်တယ်”
“မဟုတ်ဘူးဖက်၊ နွတ်ကြောက်တယ်၊ အိပ်မက်ဆိုပေမယ့် မသိရင် အပြင်မှာ တကယ်ဖြစ်နေသလိုပဲ”
နွတ်ကပြောလိုက်ကာ ကုတင်အလယ်တွင်ရှိနေသော ပင်ကီအရုပ်ကလေးကို ကြည့်လိုက်လေသည်။
“ပင်ကီကို တခြားမှာသွားထားပါလား ဖက်”
“ဘာဖြစ်လို့လဲနွတ်ရာ၊ သူ့ကိုဒီမှာပဲထားနေကျမဟုတ်လား၊ ပင်ကီစိတ်မကောင်းဖြစ်နေပါဦးမယ်”
“လုပ်ပါဖက်ရယ်၊ နွတ်အရမ်းကြောက်လို့ပါ၊ နွတ်ပင်ကီအရုပ်ကိုကြည့်ရင် အရမ်းကြောက်လွန်းလို့ပါ”
ရဲဝင်းလည်း သက်ပြင်းတစ်ချက်ချရင်း ပင်ကီအရုပ်ကလေးကို အိပ်ခန်းအပြင်သို့ယူခဲ့သည်။ ပင်ကီက အနောက်ကနေ လိုက်လာသည်။
“ပင်ကီ သမီးမေမေ့ကို ဒီလိုမလုပ်နဲ့လေ”
“မေမေ့ကို ပင်ကီမုန်းတယ်၊ မေမေက ဘေဘီလေးရလာကတည်းက ပင်ကီကို ဂရုမစိုက်တော့ဘူး၊ ပင်ကီ့ကို မချစ်တော့ဘူး”
ရဲဝင်းက ပင်ကီကိုဖက်လိုက်သည်။
“ဒီလိုမလုပ်ပါနဲ့ ပင်ကီရယ် ဖေဖေရှိတယ်လေ၊ ဖေဖေက ပင်ကီကိုချစ်တယ်လေ”
“ဒါဆိုရင်လည်း ပင်ကီက ဖေဖေနဲ့အတူ အိပ်မယ်”
“မရဘူးပင်ကီ ဒီတစ်ညတော့ အိမ်ရှေ့ခန်းမှာအိပ်နော်”
“မရဘူး ပင်ကီ ဖေဖေနဲ့ပဲအိပ်မယ်၊ ဖေဖေနဲ့ပဲအိပ်မယ်၊ ဖေဖေ ပင်ကီ့ကိုချစ်တယ်ဆိုရင် ပင်ကီနဲ့အတူတူလာအိပ်”
ရဲဝင်းလည်း မတတ်သာတော့သဖြင့် ပင်ကီနှင့်အတူ နှစ်ယောက်ထိုင်ဆိုဖာခုံရှည်ပေါ်တွင် လှဲချပြီးအိပ်လိုက်သည်။ တစ်နာရီခန့်ကြာသည့်အခါ ပင်ကီက အိပ်ပျော်နေပြီမို့ ရဲဝင်းလည်း ဆိုဖာခုံမှ အသာထလိုက်ကာ အိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ နွတ်ကတော့ အိပ်မောကျပြီး ဟောက်နေပြီဖြစ်သည်။ နွတ်ကတစ်ခါမှ မဟောက်ဖူးသော်လည်း ကိုယ်ဝန်လရင့်ကတည်းက အိပ်ရေးတွေပျက်သည်။ အိပ်သည့်အချိန်တွင်လည်း ကလေးတစ်ယောက်ပမာ နှစ်နှစ်ခြိုက်ခြိုက်ဟောက်နေတတ်သည်။
မိုးလင်းပြီ။ ရဲဝင်း အိပ်ခန်းထဲမှထွက်လိုက်တော့ ပင်ကီက ခုံတစ်ခုံပေါ်တွင် နောက်ပြန်ထိုင်နေလေသည်။
“ဖေဖေညာတယ်၊ ညက ပင်ကီနဲ့အတူအိပ်မယ်ဆို”
ရဲဝင်း ပြောစရာမရှိတော့ပေ။ ပင်ကီ၏ ခေါင်းကလေးကိုသာ ပွတ်ပေးလိုက်သည်။ ပင်ကီက မျက်ထောင့်နီကြီးဖြင့် ရဲဝင်းကို ပြန်မော့ကြည့်လိုက်သည်။ ရဲဝင်းက ပဲနို့ဗူးတစ်ဘူး ဖောက်ပေးလိုက်ပြီး ပင်ကီကိုပေးလိုက်သည်။ ပင်ကီက ရဲဝင်းကမ်းပေးသည့် ပဲနို့ဘူးကို လက်ဖြင့် ပုတ်ချလိုက်သည်။ ပဲနို့ဘူးက ထူးဆန်းစွာပင် ရဲဝင်းလက်မှ လွတ်ကျသွားကာ ကြမ်းပြင်ပေါ်သို့ကျသွားပြီး ပဲနို့များ မှောက်ကုန်တော့သည်။ ထိုအချိန်မှာပင် နွတ်က အိပ်ခန်းထဲမှ ထွက်လာလေသည်။
“ဖက် ဘာဖြစ်တာလဲ”
“ဘာ . . ဘာမှ မဟုတ်ပါဘူးနွတ်၊ ပဲနို့ဘူး လွတ်ကျသွားလို့ပါ”
ရဲဝင်းတစ်ဖက်သို့ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ပင်ကီမရှိတော့ပေ။
ထိုနေ့ညနေတွင် နွတ်က လမ်းလျှောက်ချင်သည်ဟု ဆိုလာသဖြင့် ရဲဝင်းနှင့် နွတ်တို့ ခြံထဲဆင်းကာ လမ်းလျှောက်ကြသည်။ အိမ်အကူ ဒေါ်ဝိကို ခြံထဲ သန့်ရှင်းရေးလုပ်ခိုင်းထားသဖြင့် ခြံမှာသန့်ရှင်းနေသည်။ ကိုယ်ဝန်ဆောင်များမှာ ကလေးမွေးဖွားရလွယ်ကူစေရန်အတွက် တစ်နေ့လျှင် နာရီဝက်ခန့် လမ်းလျှောက်ပေးရသည်ဟု ဆရာဝန်ကလည်းဆိုထားသည်မို့ နွတ်နှင့် ညနေတိုင်း လမ်းဆင်းလျှောက်ကြသည်။
“ကလေးက တအားတိုးတာပဲဖက်”
“သားလေးပဲ နွတ်ရယ် ဆော့မှာပေါ့”
“ယောက်ျားလေးတွေများ အရမ်းသန်တာပဲ”
သူတို့ပြောရင်း လမ်းဆက်လျှောက်နေကြသည်။ ထိုစဉ် ရဲဝင်းစီးထားသည့် ဖိနပ်ပြတ်သွားသည်။ အိမ်တွင်းစီး ခြံတွင်းစီး ခြေညှပ်ဖိနပ်မို့ သဲကြိုးက အရင်းမှ ပြတ်ထွက်သွားခြင်းဖြစ်သည်။
“နွတ်ဆက်လျှောက်နှင့်နော်၊ ဖက် ဖိနပ်လဲစီးပြီး ပြန်လာခဲ့မယ်”
ရဲဝင်းက ဖိနပ်အစုတ်ကို လက်ဖြင့်ကိုင်ရင်း အိမ်ဆီသို့ပြန်လျှောက်လာခဲ့သည်။ ရဲဝင်းလမ်းလျှောက်ရင်း ဆယ်လှမ်းခန့်သာလှမ်းရသေးသည်။
“ဖက် . . ဖက်”
နွတ်၏ ကြောက်လန့်တကြား အော်သံကိုကြားလိုက်ရသဖြင့် ရဲဝင်းလည်း အနောက်သို့ လှည့်ကြည့်လိုက်သည်။
“နွတ် မပြေးနဲ့၊ ရပ် . . ရပ်နေ”
အလွန်ကြီးမားပြီး မည်းနက်နေသည့် ခွေးကြီးတစ်ကောင်က နွတ်ဆီသို့ တစ်ဟုန်ထိုးပြေးလာနေသည်။ နွတ်ကခွေးကြောက်တတ်သည်မို့ ပြန်လှည့်ပြေးရန် ပြင်ဆင်နေသည်။ ရဲဝင်းက နွတ်ကို ထွက်မပြေးဖို့ အော်ဟစ်လိုက်ပြီး လက်ထဲမှ ဖိနပ်နှင့် ခွေးအား ပစ်ခတ်လိုက်လေသည်။
“ဂိန် . . အာဝု”
ကံကောင်းချင်တော့ ရဲဝင်းလှမ်းပစ်လိုက်သည့် ရာဘာဖိနပ်မှာ ခွေး၏ နှာနုအား တည့်တည့်ထိမှန်သွားပြီးနောက် ခွေးလည်းရပ်တန့်သွားလေသည်။ ရဲဝင်းအသံကုန်ဟစ်အော်ပြီး နွတ်ဆီသို့ပြေးသွားလိုက်ကာ နွတ်ကိုဖက်ထားလိုက်သည်။ ထို့နောက်ခွေးအား မောင်းထုတ်လိုက်သည့်အခါ ခွေးကြီးမှာ ခြံထောင့်သို့ပြေးသွားပြီးနောက် ချုံပုတ်တစ်ခုထဲသို့ တိုးဝင်ပြီးပျောက်ကွယ်သွားလေသည်။ နွတ်က ကြောက်လွန်းသဖြင့် အသားများပင် တစ်ဆတ်ဆတ်တုန်နေသည်။ ချွေးတွေရော၊ မျက်ရည်များပါ စီးကျနေသည်။
“ဒေါ်ဝိ . . ဒေါ်ဝိ လာပါအုံး”
ရဲဝင်က အော်ခေါ်လိုက်သည့်အခါ အိမ်အကူ အဒေါ်ကြီးက ပြေးထွက်လာလေသည်။ နွတ်ကိုတွဲပြီး အိမ်ထဲပြန်ထည့်ရသည်။
“ဘယ်က ခွေးလဲ မသိဘူးကွာ . . . တောက်”
”ဖက်ပြောပုံအရဆိုရင်တော့ အဲဒီခွေးက ဟိုဖက်ခြံက မွေးထားတဲ့ခွေးပဲ”
ဒေါ်ဝိက ပြောလိုက်လေသည်။ ဟုတ်လည်းဟုတ်သည်။ တစ်ဖက်ခြံတွင် မွေးထားသည့်ခွေးက လွတ်ပြီး ရဲဝင်းတို့ခြံဆီ ပြေးလာကာ နွတ်ထံသို့လာခြင်းဖြစ်သည်။ နောက်မှသေချာကြည့်မိသည့်အခါ ထိုချုံပုတ်အနားရှိ ခြံစည်းရိုးမှာ ခွေးတစ်ကောင်တိုးစာအရွယ် အပေါက်ကြီးဖြစ်နေလေသည်။ ရဲဝင်းလည်း မည်သူ့လက်ချက်မှန်းသိလိုက်သည့်အတွက် တောက်တစ်ချက်ခေါက်လိုက်တော့သည်။
“ပင်ကီ သမီးကို မလုပ်ပါနဲ့လို့ ဖေဖေပြောထားတယ်မလား”
ပင်ကီက ရဲဝင်းကို မျက်စောင်းထိုးလိုက်ကာ အိမ်နောက်ဖေးသို့ ပြေးဝင်သွားလေသည်။
နောက်ရက်များတွင် ခြံထဲသို့မဆင်းဝံ့တော့ဘဲ နွတ်တစ်ယောက် အိမ်ထဲမှာတွင်သာ လမ်းလျှောက်ရလေသည်။ ရဲဝင်းက နွတ်ကို သေချာဂရုစိုက်ပေးရသည်။ ပင်ကီကတော့ ယခုလေးငါးရက်အတွင်း စိတ်ရိုင်းတွေ ဝင်နေသည်။ ပြန်အော်ဟစ်သည်။ ဂျစ်ကန်ကန်လုပ်နေသည်။ ရဲဝင်းကလည်း နွတ်အနားမှ မခွာရဲဘဲ နွတ်ကိုသာ အထူးဂရုစိုက်နေရသည်။ အထူးသဖြင့် ပင်ကီက နွတ်ကို ဒုက္ခတစ်မျိုးပြီးတစ်မျိုးပေးနေသည်ဟု စိတ်ထဲထင်နေလေသည်။
လမ်းလျှောက်ပြီးသည့်အခါ နွတ်က ရေချိုးခန်းအတွင်းသို့ ဝင်သွားလေသည်။ ရဲဝင်းက စိတ်မချ သူပါအတူလိုက်ဝင်မည်လုပ်သော်လည်း နွတ်က အဝင်မခံဖြစ်နေသည်။ ရဲဝင်းက ရေချိုးခန်းအပြင်တွင် ရေများစိုနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အဝတ်ခြောက်တစ်စ ယူပြီး ကြမ်းပြင်တွေကို ခြောက်သွေ့အောင် လိုက်သုတ်နေမိသည်။
“တင်းတောင် . . . . တင်းတောင်”
အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံကိုကြားလိုက်ရသဖြင့် ရဲဝင်းက အိမ်ရှေ့သို့ အမြန်ပြေးထွက်လာခဲ့သည်။ လူခေါ်ခေါင်းလောင်းက သုံးလေးခါ မြည်နေသည်။ ရဲဝင်းက အိမ်ရှေ့ရောက်ပြီး အိမ်တံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ လူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။ ရဲဝင်း ခေါင်းနားပန်းကြီးသွားသည်။ ချက်ချင်းပင် ရေချိုးခန်းရှေ့သို့ အမြန်ပြေးသွားလိုက်သည်။
“ဒုန်း . . .”
“ဖက်ရေ . . . .”
ဧည့်ခန်းထဲအရောက်တွင် လဲပြိုသည့်အသံတစ်သံကိုကြားလိုက်ရသဖြင့် ရဲဝင်းအမြန်ပြေးဝင်ခဲ့လေရာ ရေချိုးခန်းအရှေ့တွင် နွတ်က ဖင်ထိုင်လျှက်သား လဲကျနေသည်ကို တွေ့လိုက်ရသည်။ ရဲဝင်းက နွတ်ကိုပြေးထူလိုက်သည့်အချိန် မီးဖိုချောင်ထဲတွင် ညစာချက်ပြုတ်နေသော အိမ်အကူ ဒေါ်ဝိပါ ပြေးထွက်လာသည်။ ရဲဝင်းက စိုးရိမ်တကြီးနှင့် နွတ်ကို ပွေ့ချီလိုက်သည်။ နွတ်ကိုယ်လုံးတွင် သဘက်အဖြူအကြီးတစ်ထည်ကို ပတ်ထားသည်။ ရေချိုးခန်းအရှေ့တွင် ဆပ်ပြာရည်များဖြင့် ချောနေသဖြင့် ရဲဝင်းပင် ချော်လဲမကျစေရန် မနည်းအားယူပြီးရပ်နေရသည်။
“ဟယ် . . . နွတ် . . . နွတ်”
အိမ်အကူ ဒေါ်ဝိက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ရင်း နွတ်ကိုလက်ညှိုးထိုးပြလိုက်သည်။ ကြမ်းပြင်ပေါ်သို့ သွေးစက်များက တစ်စက်တစ်စက်နှင့် ကျနေသည်။ ရဲဝင်းတစ်ကိုယ်လုံး ပူထူသွားသည်။
“သွေး . . . သွေးတွေ နွတ် . .”
”ဖက်ရေ သားလေး . . .သားလေး. . .”
နွတ်ကပြောဆိုကာ မေ့မြောသွားလေတော့သည်။ ရဲဝင်းလည်း နွတ်ကိုပွေ့ရင်း အိမ်အပြင်ဖက်သို့ပြေးထွက်ပြီး လမ်းပေါ်သို့ ပြေးတက်လိုက်သည်။ အိမ်တွင် ကားရှိသော်လည်း ရဲဝင်းတစ်ယောက် စိတ်ပူပန်နေသဖြင့် ကားမမောင်းနိုင်ပေ၊ လမ်းပေါ်တွင်တွေ့သည့် တက္ကစီတစ်စီးကို ငှားလိုက်ပြီး မြို့တွင်းရှိ အထူးကုဆေးရုံတစ်ရုံသို့ အလျင်အမြန်မောင်းနှင်ခိုင်းလိုက်သည်။
“တောက်၊ ဟိုကလေးမ၊ ငါ့သားတစ်ခုခုဖြစ်လို့ကတော့ မင်းလည်းအသက်ရှင်မယ်မထင်နဲ့”
ရဲဝင်းက ပြောဆိုလိုက်ကာ အံကိုကြိတ်ထားလိုက်လေသည်။
ဇတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။